အိမ်ထောင်

။ ပြီးတော့ ပြန်ထွက်လာပြီး ဖုန်းကို ပြန်ယူတော့ ..

“အဲဒါ ဘာလုပ်တာလဲ”

“ရေချိုးရင်း သီချင်းနားထောင်မလို့”

“ကျွန်မ အပြင်က ဖွင့်ပေးမယ်။ ရေချိုးခန်းထဲ ဖုန်းမယူသွားနဲ့”

“ဟ… မင်း ဘာဖြစ်နေတာတုန်း”

“မသိဘူး… အဲဒါမှ ကျွန်မ စိတ်ရှင်းနိုင်မယ်”

“အေးကွာ … ပြီးရော .. ပြီးရော . .”

ရေချိုးပြီး ထမင်းစား၊ ခဏတစ်ဖြုတ်လောက်နားပြီးတော့ ..

“ငါကွမ်းထွက်ဝယ်လိုက်ဦးမယ်”

“ဘာလို့ တခါတည်းမဝယ်ခဲ့တာလဲ”

“ခါတိုင်းလဲ ဝယ်နေကြပဲလေကွာ”

“ကျွန်မပါ လိုက်ခဲ့မယ်”

“ဘာလိုက်လုပ်မှာလဲ .. “

“ဘာလဲ ရှင်က မခေါ်ချင်ဘူးလား”

“ကဲ .. ကဲ .. အဲဒီလောက်လိုက်ချင်နေလည်း လိုက်ခဲ့ကွာ”

ယောကျ်ားဖြစ်သူ စိတ်ကျဉ်းကြပ်လာတာတာ့ အမှန်ပဲ။ ပြီးတော့ မိန်းမဖြစ်သူ ဘာကြောင့် ဒီလိုမျိုး ပြောင်းလဲသွားတာလဲဆိုတာကိုလည်း နားမလည်။ နောက်တစ်နေ့မနက် .. အလုပ်သွားဖို့လုပ်တော့ ..

“မိန်းမ ဒီအိတ်ထဲက ပိုက်ဆံတွေရော”

“ကျွန်မ သိမ်းထားတယ်”

“ဘာလို့လဲ .. “

“အော် .. အိတ်ကပ်ထဲမှာ မလိုအပ်ဘဲ ပိုက်ဆံတွေရှိနေရင် မကောင်းဘူးလေ”

“ဟိုသုံးဒီသုံးဖို့တော့လိုတယ်လေ”

“ကျွန်မ ငါးထောင် ထည့်ပေးထားတယ်။ အသွားအပြန်ကားခနဲ့ လက်ဖက်ရည်ဖိုး။ ဒီနေ့က စ ပြီး ရှင့် အသုံးစရိတ် တစ်ရက်ကို ငါးထောင်ပဲရတော့မယ်။ အော် .. ပြီးတော့ ရှင့်ရုံးကိုလည်း ပြောထား။ ဒီတစ်ခါလစာထုတ်ရင် ကျွန်မအကောင့်ထဲကို တစ်ခါတည်းလွှဲဖို့ပြောထားလိုက်”

“မင်းဟာက မလွန်လွန်းဘူးလား”

“ရှင် ခြေလှမ်းတွေမပျက်အောင် ကျွန်မ ထိန်းသိမ်းပေးနေတာ”

အလုပ်ချိန်နီးနေတာကြောင့် ယောကျ်ားဖြစ်သူလည်း အခြေအတင်ပြောမနေတော့ဘဲ အလုပ်ကိုသာ ထွက်လာတော့သည်။ စိတ်မကြည်တော့ မျက်နှာက သုန်မှုန်နေသည်။ အလုပ်ထဲရောက်တော့ .. အလုပ်ထဲက အိမ်ထောင်ရှင်ယောကျ်ားလေး တော်တော်များများလည်း ကြည်သာရွှင်ပျမှုမရှိကြ။

ထမင်းစားချိန်ရောက်တော့ …

“အိမ်က မိန်းမကွာ ဘာတွေဖြစ်နေမှန်းမသိဘူး”

“ဘာတွေဖြစ်လို့တုန်း”

“မနေ့က အိမ်ပြန်ရောက်ကတည်းက မယုံသင်္ကာနဲ့ ဟိုစစ်ဒီစစ်နဲ့။ ပြီးတော့ ပိုက်ဆံတွေလည်း သိမ်းပြီး ကားခနဲ့လက်ဖက်ရည်ဖိုးပဲ တိုင်းထွာပြီးပေးလိုက်တယ်”

“ဟာ .. တိုက်ဆိုင်လိုက်တာဗျာ”

“ဟုတ်တယ်ဗျာ .. ကျနော့်မိန်းမလည်း ကျနော့်ကို ဘာတွေ သံသယဝင်နေလဲ မသိဘူး”

အိမ်ထောင်ရှင်ယောက်ျားတွေ သူတို့ အိမ်က မိန်းမတွေနဲ့ ဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကို ကိုယ်စီရင်ဖွင့်ကြသည်။ ပုံစံတူပြဿနာမျိုးတွေ ဖြစ်နေတာတွေကြောင့်လည်း အံ့အားသင့်မိကြသည်။ ဒီလိုနှင့် နှစ်ပတ်လောက်ကြာတော့ ..

“ဒီည .. မန်ယူပွဲရှိတယ်။ အလုပ်ကအပြန် ဘီယာဆိုင်မှာ ဘောပွဲကြည့်ပြီးမှ အိမ်ပြန်ကြမလား”

“ကောင်းသားပဲ.. “

“ဘောလုံးပွဲက ဒီအတိုင်းကြီး ကြည့်လို့ ဘယ်ကောင်းမလဲ.. နည်းနည်းပါးပါးလောင်းရင် ကောင်းမလား”

“ချလေ ..”

လကုန်ဖို့ တစ်ပတ်လောက်သာ လိုတော့သောကြောင့် လကုန်ပေးအကြွေးယူလို့ရတဲ့နေရာက ပိုက်ဆံတွေ ချေးယူကြပြီး ဘောပွဲလည်းလောင်း၊ ဘီယာလည်းသောက်ရင် ဘောပွဲကြည့်ဖြစ်ကြသည်။ မန်ယူက ရှုံးသည်။ လောင်းထားတာတွေလည်းကုန်၊ ကိုယ်အားပေးတဲ့အသင်းလည်း ရှုံးတာကြောင့် ညစ်ညစ်နှင့် အရက်တွေပါ ဆက်သောက်ပြီး အိမ်ပြန်လာခဲ့ကြ၏။ အိမ်ရောက်တော့ မိန်းမဖြစ်သူက အိမ်ရာပင်ဝင်နေပြီ။ သူလည်း အခြေအနေကို ရိပ်စားမိတာကြောင့် ညနေစာတောင်မစားတော့ဘဲ ခြေထောက်လက်ထောက်ဆေးပြီး အိမ်ရာဝင်လေသည်။ မိန်းမဖြစ်သူက သူ့ကို ကျောပေးထားသည်။ သူလည်း အိပ်မရသေးတာနှင့် ဟိုတွေးဒီတွေးလုပ်ရင်း ဘောလုံးပွဲဆီရောက်သွားသည်။

“မန်ယူက ဘာလို့ အိမ်ကွင်းမှာ ကစားပြီးရှုံးရတာလဲ။ ဖာနန်ဒက်ကို ထည့်လိုက်ရင် နိုင်နေတာကို ဘာလို့မထည့်တာလဲ။ ဒီလိုမှန်းသိရင် ငါလည်း ငါးသောင်းလောက် မန်ယူဘက်က မနေပါဘူး”

အစရှိသဖြင့် တွေးနေမိသည်။

မိန်းမဖြစ်သူကလည်း တွေးနေသည်။

“သူဘာလို့ အိမ်ပြန်နောက်ကျတာလဲ။ မယားငယ်နဲ့သွားတွေ့နေတာများလား။ အရင်တုန်းက မူးလာရင် ငါ့ကို ဖက်နေကြပါ။ အခုငါ့နားတောင်ကပ်မလာဘူး။ အခုလည်း သူ့မယားငယ်အကြောင်းများတွေးနေတာလား”

မိန်းမဖြစ်သူကလည်း မနေနိုင်တာနှင့် ခိုးပြီးလှည့်ကြည့်ခိုက်၊ ယောကျ်ားဖြစ်သူကလည်း သူ့အတွေးနှင့်သူ ပြုံးနေချိန်နှင့်တိုက်ဆိုင်သွားတာကြောင့် … တစ်ဖက်သတ်ကောက်ချက်ချလိုက်ပြန်သည်။

“ဟုတ်မှာပါ .. မယားငယ်နဲ့သွားတွေ့တာနေမှာပါ။ အခုလည်း မယားငယ်အကြောင်းတွေးပြီး ပြုံးနေတာပဲ နေမှာ”

သေချာအောင်ဆိုပြီး ထပ်မံခိုးကြည့်ပြန်သည်။ ယောကျ်ားဖြစ်သူက ပြုံးတဲ့အဆင့်ထက်ကိုပင်ကျော်လွန်ပြီး သဘောကျပြီး ရယ်တဲ့အဆင့်ကိုပင်ရောက်နေပြီ။ မိန်းမဖြစ်သူ သည်းမခံနိုင်တော့ဘဲ..

“ရှင်က အိမ်ရောက်တာတောင် မယားငယ်အကြောင်းတွေးပြီး ပြုံးနေနိုင်သေးတယ်ပေါ့”

“မင်းဘာတွေပြောနေတာလဲ.. ဘောပွဲရှုံးလို့ စိတ်ညစ်ရတဲ့ကြားထဲ”

“ရှင် .. မလိမ်နဲ့ ခုနတုန်းက ရှင်တွေးလိုက်ပြုံးလိုက်နဲ့က .. ဘောပွဲရှုံးတဲ့သူက အဲဒီလို ပြုံးမလား”

ယောကျ်ားဖြစ်သူလည်း ခေါင်းကို ကုတ်လိုက်ပြီး စိတ်ရှုပ်သွားဟန်ဖြင့် ..

“ရော့ .. ဟောဒီ ဗွီဒီယိုကိုကြည့်လိုက် ငါ ဘာကြောင့်ပြုံးလဲသိလိမ့်မယ်”

မိန်းမဖြစ်သူက ယောကျ်ားပေးတဲ့ဖုန်းကို ယူလိုက်ပြီး .. ဖွင့်ကြည့်လိုက်ချိန်မှာတော့ … သူပါ လိုက်ပြုံးမိသည်။ ဘာကြောင့်လဲဆိုတော့ …

“ဟယ်ရီမယ်ဂွိုင်းရား ….” ဆိုတဲ့ အသံနဲ့ ဗွီယိုဖိုင်တစ်ခုဖြစ်ပြီး မန်ယူနောက်ခံလူရဲ့ တစ်လွဲတစ်ချော်တွေကိုမြင်တော့ မိန်းမဖြစ်သူပါ လိုက်ပြုံးမိခြင်းဖြစ်သည်။

“ရှင့် မန်ယူနောက်တန်းကလူက ဘောလုံးမှ ကန်တတ်ရဲ့လား”

“မင်းလို ဘောပွဲသိပ်နားမလည်တဲ့သူတောင် ပြုံးမိရင် ငါပြုံးမိတာ ဘာဖြစ်လို့လဲ”

“မသိဘူးလေ .. ရှင့် မယားငယ်အကြောင်းတွေးပြီးများ ပြုံးနေတာလားလို့”

ဒီလိုနှင့် လကုန်ရက်ရောက်တော့ လင်မယားနှစ်ယောက်အကြီးအကျယ်ရန်ဖြစ်ကြသည်။ လစာ ၈၀၀၀၀ လျော့နေတဲ့ ကိစ္စကြောင့်ပင်။ မိန်းမဖြစ်သူက ကွာရှင်းစာချုပ်ကို ယောကျာ်းဖြစ်သူဘက် တိုးပေးလိုက်ပြီး .. ရှိုက်ကြီးတငင်ငိုကာ ..

“ကျွန်မမှာတော့ ရှင့်ကို သစ္စာရှိလိုက်ရတာ။ ရှင်ကတော့ … ရှင်ကတော့ ..

“ငါဘောပွဲလောင်းလို့ပါလို့ မင်းကိုရှင်းပြပြီးပြီလေကွာ”

“မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ ရှင် .. ကျွန်မမသိအောင် မယားငယ်ခိုးထားနေတာပဲ နေမှာ”

“မဟုတ်ပါဘူးဆိုကွာ”

“ရတယ် .. ရှင်တို့ ပျော်ဖို့ ကျွန်မကွာပေးမယ်”

သူတို့ စကားတွေအခြေအနေပြောနေချိန်မှာပဲ .. အိမ်ထဲကို ကောင်မလေးတစ်ယောက်ဝင်လာသည်။

“အစ်ကို .. ကျွန်မမှာ ကိုယ်ဝန်ရှိနေလို့ …အဲဒါ …”

“ရှင် … ရှင် …”

“မင်းက ဘယ်သူတုန်း”

“ကျွန်မက ဟိုဘက်ခြံကပါ”

“ရှင်.. အခုတော့ မငြင်းနိုင်တော့ဘူးမလား ..ဟီး ..ဟီး ..”

ကောင်မလေးခမျာ စကားကို ဆုံးအောင်ပြောခွင့်မရသေး။

“မင်းကိုယ်ဝန်ရတာ ငါနဲ့ ဘာဆိုင်လို့တုန်း”

“ရှင်နဲ့ရလို့ .. ရှင့်ကိုလာပြောတာပေါ့”

“မဟုတ် .. မဟုတ် ..”

“ဟီး .. ဟီး ..”

မိန်းမဖြစ်သူက ငိုပြီး ယောကျာ်းဖြစ်သူရဲ့ ကျောကုန်းကို ထုရိုက်နေသည်။ ကောင်မလေးကလည်း အသံကိုမြှင့်ပြီး ..

“ကျွန်မမှာ ကိုယ်ဝန်ရှိနေလို့ .. ရှင်တို့ လင်မယား တိုးတိုးရန်ဖြစ်ပေးလို့ရမလားလို့ လာပြောတာ။ အခု .. ည ၁နာရီတောင်ထိုးတော့မယ်”

“ဟမ် ..”

“ရှန် ..”

ဒီလိုနှင့် .. နောက်တော့ ယောကျ်ားဖြစ်သူက မိန်းမဖြစ်သူ သံသယတွေဝင်နေတဲ့ အဖြေကိုတွေ့သွားပြီးနောက် .. ဝိုင်ဖိုင်ကိုဖြုတ်လိုက်သည်။ မိန်းမဖြစ်သူလည်း အဲဒီနောက်ပိုင်းမှ ပုံမှန်အတိုင်းပြန်ဖြစ်လာသည်။ အဲဒီအကြောင်းကို အလုပ်ကလူတွေက သိတော့ ..

“အစ်ကို ..ကျနော်တို့ကိုလည်း နည်းလမ်းပြောပြပါဦးဗျာ”

“မင်းတို့ အိမ်က ဝိုင်ဖိုင်ကိုဖြုတ်လိုက်၊ ပိုပြီးသေချာချင်ရင် .. မင်းတို့မိန်းမတွေကို ကီးပတ်ဖုန်းတွေသာပေးကိုင်ထားလိုက်”

“ဘာလို့လဲဗျ..”

“အဲဒီကျက်မပြည့်တဲ့ မိန်းမတွေကလေ လိုင်းပေါ်က “အိမ်ထောင်” ဇာတ်လမ်းကို ကြည့်ပြီး ငါတို့ ယောကျ်ားတွေကို ဒုက္ခပေးနေတာကွ”

ခြူသစ်မောင်