ပညာလာပြိုင်သောကဝေကောင်

တောင်ကို ကင်းစောင့်ဖို့တာဝန်ချပေးလိုက်ကွာ”

“ဟုတ်ကဲ့သူကြီး ကျုပ်စီစဥ်ပေးပါ့မယ်”

“အေးကွာ…ဘယ်ကကျားကရောက်လာသလဲမသိပါဘူး”

“ဒါတော့စိတ်ချပါ သူကြီး…။ကျုပ်လို မုဆိုးလည်းရှိနေတာကိုဗျာ…ဒီည ကျုပ်…မောင်အုန်းတို့ကင်းနဲ့ပေါင်းပြီးနေပါ့မယ်။
အခါသင့်ရင် ဒီတောကောင်ကို ကျုပ်ရှင်းပေးမှာပါ”

မုဆိုးကြီးဦးခို၏စကားကြောင့်ရွာသူကြီးဦးနောင်ချို
ဝမ်းသာသွားလေသည်။

“ဒါပေါ့ဗျာ…မုဆိုးကြီးကို ကျုပ်ကမေ့နေတာဗျ…လုပ်ဗျာ…။
မောင်အုန်းတို့ကလည်း မုဆိုးကြီးကို ကူညီကြပေါ့”

“ဟုတ်ကဲ့သူကြီး”

ထိုသို့ဖြင့်အစည်းအဝေးပွဲသည် ပြီးဆုံးသွားခဲ့တော့သည်။

*******************************

“အမေ…ညက ကျားဟိန်းသံကြောင့်
ကျုပ်တို့ရွာသားတွေတော့အလုပ်များနေကြပြီ”

“အင်း…ဟုတ်မှာပေါ့…ကျားသတ္တဝါရွာထဲဝင်လာမှာ
စိုးရိမ်ကြတာကိုးအေ့”

“ဟုတ်ပါ့အမေရယ်…ဒီညသာ ဒီကျားရွာထဲဝင်ရင်
ခက်ရချည့်ရဲ့တော်”

“ရွာထဲတော့မဝင်ပါဘူးအေ…ဒီကျားက
လူကျားအေ့ လူကျား…ဒင်း ရွာပြင်ကပဲ ဟောင်နိုင်လိမ့်မယ်”

“ဘယ်လိုအမေ…လူကျား ေ”

“အေး…လူကျား…ဒီအရေးကို ပြောဖို့
သူကြီးတို့အုပ်စုကိုသာ အိမ်ကိုခေါ်ပေးပါအေ…”

“သူကြီးတို့အိမ်ကိုခေါ်ပြီးအမေက ဘာလုပ်မလို့တုန်း…
သူတို့က ကျားကိုဖမ်းဖို့ပဲတွေးနေကြတာလေ”

“အိုအေ…မိဝင်း…ညည်း ငါ့သမီးမလုပ်လေနဲ့…
တော်တော် တုံးအတဲ့ကလေးမ”

ဘွားမယ်စိန်က အသံမာမာဖြင့်ဆူလိုက်သောအခါ ဒေါ်ဝင်း မျက်နှာတို့ရှုံ့မဲ့သွားလေသည်။
တဲအိမ်ပေါ်မှဆင်းလာသော နန်းကြိုင်လေးက…

“အမေရယ်…ဘွားပြောတာက ဒီကျားအရေးအတွက်
သူကြီးတို့ကိုခေါ်ခိုင်းတာပါ…သူကြီးတို့ရောက်လာရင်
အမေသိချင်တာတွေသိလာမှာပေါ့”

နန်းကြိုင်၏စကားကြောင့်ဘွားမယ်စိန်ကကျေနပ်အပြုံးဖြင့်…

“ဒါပေါ့အေ…ငါ့မြေးလေးကမှသိသေးတယ်…။
သွား…သွား…အချိန်မရှိဘူး သွားခေါ်ချည်”

“ဟုတ်ကဲ့ပါ အမေရယ်…ကျုပ်သိပါပြီတော်”

သူကြီးဦးနောင်ချိုတို့အားခေါ်ဖို့ရန် ထွက်သွားသော ဒေါ်ဝင်းအားကြည့်ကာ ဘွားမယ်စိန်တို့မြေးအဘွားပြုံးနေမိကြတော့၏။

ဘွားမယ်စိန်တို့မြေးအဘွားနှစ်ယောက်
ကွပ်ပျစ်မှနေရာမရွေ့ကြဘဲ ဒေါ်ဝင်း
ပြန်အလာအားစောင့်နေခဲ့ကြ၏။
ခဏအကြာ၌
ဒေါ်ဝင်းနှင့်အတူ သူကြီးဦးနောင်ချို၊ဦးဘစီ၊မောင်အုန်း၊
မောင်တိုးတို့တွေလည်းရောက်ရှိလာခဲ့ကြတော့သည်။

“ဘွား…ကျုပ်တို့ကို ခေါ်တယ်ဆို”

သူကြီးဦးနောင်ချိုက ကွပ်ပျစ်၌ဝင်ထိုင်ရင်းမေးလိုက်သည်။
သူကြီးဦးနောင်ချိုနှင့်ဦးဘစီတို့သည်က ဘွားမယ်စိန်နံဘေးရှိကွပ်ပျစ်၌ဝင်ထိုင်ကြလေသည်။
ကျန်ရှိသော မောင်အုန်းနှင့်မောင်တိုးတို့သည်ကား
ကွပ်ပျစ်ခင်း၏အောက်ဘက်ဘေး၌ရှိသော
ထန်းလက်ကုလားထိုင်များ၌ဝင်ထိုင်ကြ၏။
ဒေါ်ဝင်းနှင့်နန်းကြိုင်တို့နှစ်ဦးသည်
နံဘေး၌သာမတ်တပ်ရပ်နေကြ၏။

သူကြီးတို့ထိုင်ပြီးသောအခါမှ ဘွားမယ်စိန်က…

“ဒီည မောင်ရင်တို့ဘာများစီစဥ်ထားကြသေးလဲ”

“ကျုပ်ကတော့ မောင်အုန်းတို့ရွာကာလသားတွေ
ကင်းတစ်ကင်းကိုဆယ်ယောက်ကျ စောင့်ခိုင်းထားတယ်ဗျ”

သူကြီးဦးနောင်ချို၏စကားဆုံးသောအခါ
ဘွားမယ်စိန်သည် ခေါင်းတငြိမ့်ငြိမ့်ဖြင့်နေရင်းမှ…

“ဒါဆိုရင်တော့ဘွားကိစ္စကိုပြောမယ်
သေချာနားထောင်ကျကွယ်”

“ဟုတ်ကဲ့ဘွား…ပြောပါ”

ဘွားမယ်စိန်ကစကားအစပျိုးသောအခါ အားလုံးက စိတ်ဝင်စားနေကြလေပြီ။
ဘွားမယ်စိန်ကလည်း…

“တကယ်တော့ ညက မောင်ရင်တို့ကြားနေရတဲ့ ကျားဟိန်းသံတွေပေးတဲ့ကျားက သတ္တဝါကျားမဟုတ်ပေဘူး…။
တကယ်က အဲ့တာက
ကျားမှော်အောင်ထားတဲ့လူတစ်ယောက်ပဲကွဲ့”

“ဗျာ…”

“ဟင်…”

“အလို…”

“ဒါဆို…ဒီလူက ကျုပ်တို့ရွာကို ဘာလို့ရောက်လာတာလဲဗျ”

အားလုံးအံ့သြသင့်ကုန်ကြလေသည်။
သို့သော် မောင်တိုး၏ကြားဖြတ်အမေးကြောင့် ဘွားမယ်စိန်ထံသို့ အကြည့်နေကြမပျက်ကြ​သေး။
သူတို့သည်ဘွားမယ်စိန်ဖြေမည့်စကားအား
သိချင်နေကြပြီဖြစ်၏။

“ဒီကောင်က မှော်အောင်ထားတာမကြာသေးဘူး…။
ဒီနယ်မှာဘွားရှိတာသိတော့ ဒင်းကလာပြီးပညာပြိုင်ချင်တာပေါ့ကွယ်”

“ဟာ…ဒီလူက ဘွားနဲ့ပညာပြိုင်တော့သူဘာရမှာလဲဗျ”

မောင်အုန်းကမေး၏။

“ဘွားနဲ့ပညာပြိုင်လို့သူနိုင်ရင် သူ့ပညာဆင့်တွေက
ဒီထက်မကမြင့်မှာပေါ့ကွယ်…ဘာပဲဖြစ်ဖြစ် ပညာပြိုင်တယ်ဆိုတာ သူသေကိုယ်သေပဲ ပြိုင်ကြတာလေ”

“ဗျာ…ဖြစ်ပါ့မလားဘွားရာ..ကျုပ်တို့ရွာသားတွေစုပြီး
ဒင်းကိုရှင်းပစ်ပါ့မယ်…ဘွားအပင်ပန်းမခံပါနဲ့ဗျာ”

“ဟုတ်တယ်ဘွား…ကိုကြီးအုန်းပြောတာမှန်တယ်ဗျ…။
ဒီအတွက်စိတ်မပူလေနဲ့”

မောင်အုန်းနှင့်မောင်တိုးစကားကြောင့် ဘွားမယ်စိန်ပြုံးနေ၏။
ကျန်လူကြီးများက ဝင်မပြောကြသေး။
ဘွားမယ်စိန်၏စကားကိုသာသူတို့အလေးထားနေကြသည်။

“မောင်ရင်တို့ရဲ့ ဘွားအပေါ်ထားတဲ့စိတ်လေးတွေကို
ဘွားကျေနပ်ပါတယ်ကွယ်။ဒါပေမယ့်လို့ ဒီအရေးက ဘွားကိုယ်တိုင်သွားမှအဆင်ပြေလိမ့်မယ်…။မဟုတ်ရင် ဘွားရဲ့သိက္ခာတွေကျမှာပေါ့…မဟုတ်ပေဘူးလား မောင်နောင်ချိုရဲ့”

ဘွားမယ်စိန်သည် မောင်အုန်းတို့အားကြည့်ကာပြော​နေရင်းမှ
သူကြီးဦးနောင်ချိုအားမေးငေါ့ကာမေးလိုက်လေသည်။

“ကျုပ်ကတော့ဘွားသဘောပါဗျာ…။နို့ ပေမယ့်…ဘွားတစ်ယောက်ထဲတော့စိတ်မချဘူးဗျ”

“ကျုပ်တို့ကတော့လိုက်မှာပဲနော်ဘွား…ဘွား
ဘယ်သွားသွားလိုက်မှာဗျာ”

သူတို့၏စကားအားဘွားမယ်စိန်က လက်ကာပြရင်း…

“နေပါဦးကွယ်…ဘွားပြောပါရစေဦး”

ဘွားမယ်စိန်၏ဟန့်တားသံကြောင့် အားလုံးရပ်တန့်သွားကြသည်။
ဘွားမယ်စိန်က ဆက်ပြီး…

“ဒီလို…ဒီည သန်းခေါင်ကျရင် ရွာအရှေ့က ကွင်းပြင်ဆီကို ဘွားသွားမယ်…တကယ်လို မောင်ရင်တို့နှစ်ယောက်က
လိုက်ချင်ကြတယ်ဆိုလည်း ဘွားကမတားပါဘူး…။
ဒါပေမယ့်လို့ ဘွားတို့ပညာပြိုင်နေတုန်းတော့ ခပ်လှမ်းလှမ်းကနေသာ မောင်ရင်တို့ ရှိနေပေးရမယ်…။ဒါမှ ဘွားက
မောင်ရင်တို့ကိုခေါ်ဖို့ သဘောတူရလိမ့်မယ်”

“စိတ်ချပါဘွား…ကျုပ်တို့က ဘွားရဲ့စကားဆိုရင်
နားထောင်ပြီးသားပါဗျာ”

“အေးကွယ်…အေး…အေး…ဒါဆို
ညသန်းခေါင်ကျော်တာနဲ့ရွာအရှေ့တံခါးကနေ
ထွက်ကြတာပေါ့”

ဘွားမယ်စိန်သည် သူပြောလိုသမျှအားပြော၍ပြီးသွားလေပြီ။

“ကဲ…မောင်ရင်တို့လည်းပြန်ကြတော့
ညသန်းခေါင်နားကပ်မှ ဘွားဆီကိုလာခဲ့ကြ…”

သူကြီးဦးနောင်ချိုတို့အုပ်စု ဘွားမယ်စိန်အိမ်မှပြန်သွားကြတော့သည်။
ထိုအခါမှာသမီးဖြစ်သူ ဒေါ်ဝင်းက…

“အမေ…အမေလည်း အသက်ကြီးပြီတော်…
ဒီကိစ္စတွေမလုပ်ပါနဲ့တော့လား”

“ဘာလို့တုန်းအေ့”

“ကျုပ်အမေ့ကိုစိတ်ပူလို့ပါတော်”

ဒေါ်ဝင်း၏မေတ္တာသံအပြည့်ကြောင့် ဘွားမယ်စိန်၏မျက်နှာပြုံးသွားလေသည်။

“အေးပါသမီးရယ်…အမေအသက်ရှိသ၍ကတော့ ဒုက္ခရောက်သူကယ်မယ်…လူတွေကိုကောင်းကျိုးမပေးတဲ့အရာတွေဖယ်ရှားမယ်…ဒါကိုက အမေ့ရဲ့ အသက်ရှင်ရာပဲလေ…
မဟုတ်ပေဘူးလား မြေးလေး”

“မြေးလည်း ဘွား ဘွားလိုဖြစ်ချင်လိုက်တာ”

“ကဲ…ဒါဆို သမီးမိဝင်း ညည်းကဘုရားကိုဆွမ်းနဲ့သောက်တော်ရေကပ်ထားပေး… ။
တော်နေ တို့မြေးအဘွားတရားထိုင်ဦးမယ်လေ…
မြေးမလေးက ဘွားနဲ့အတူ တရားထိုင်မယ်မဟုတ်လား”

ဘွားမယ်စိန်စကားကြောင့် နန်းကြိုင်သည်မျက်နှာလေးပြုံးရွှင်ရင်း ခေါင်းလေးငြိမ့်ပြသည်။
ဒေါ်ဝင်းကတော့ မြေးအဘွားနှစ်ယောက်အားကြည့်ကာ
ပြုံးမိနေ၏။

ခဏကြာသောအခါ ဒေါ်ဝင်းတစ်ယောက် ဘုရားခန်း၌
သောက်တော်ရေကပ်ဆွမ်းကပ်ပြင်ဆင်ပေးလေသည်။
ထိုအခါ ဘွားမယ်စိန်တို့မြေးအဘွား
တဘက်လေးကိုယ်စီဖြင့်
ဘုရားဝတ်ပြု တရားထိုင်ကြတော့၏။

***************************

ညသည်တဖြေးဖြေးနက်လာခဲ့၏။
ဘွားမယ်စိန်၏အိမ်၌ သူကြီးဦးနောင်ချို၊မောင်အုန်းတို့နှင့်
ရွာရှိကာလသားများရောက်ရှိနေကြလေပြီ။
ဘွားမယ်စိန်နှင့်ကျားမှော်အောင်ထားသော ကဝေကောင်တို့
ပညာပြိုင်ကြမည်ကို တစ်ရွာလုံးကလည်းသိရှိနေပြီဖြစ်သည်။

“ကဲ…သွားကြစို့ကွယ်…အချိန်ကလည်းနီးနေပြီ”

“ကျုပ်ကောလိုက်မယ်ဗျာ…ဘွားခွင့်ပြုပေးပါ”

မုဆိုးကြီးဦးခိုက သူ၏လက်ဆွဲတောဒူးလေးကြီးကို ပုခုံးထက်၌တင်ရင်းပြောလေသည်။
ဘွားမယ်စိန်သည် မုဆိုးကြီးအားကြည့်၏။
ပြီးလေတော့…

“မောင်ရင်လိုက်ခဲ့ရင်တော့ ဘွားရဲ့စကားကို
နားထောင်မှရလိမ့်မယ်…
ဒီပြိုင်ပွဲမှာ မောင်ရင်ဝင်ပါလို့မရဘူး…မောင်အုန်းတို့လိုပဲ
ခပ်လှမ်းလှမ်းက ကြည့်နေပေးနိုင်မှ
မောင်ရင်လိုက်ခဲ့ရလိမ့်မယ်”

“စိတ်ချပါ…ကျုပ်က ဘွားကိုစိုးရိမ်လို့ပါဗျာ…
ဘွားစကားလည်းကျုပ်နားထောင်ပါ့မယ်”

မုဆိုးကြီးဦးခို၏စကားအား ဘွားမယ်စိန်
ခေါင်းငြိမ့်လက်ခံလိုက်သည်။
ပြီးနောက် ဒေါ်ဝင်းတို့အား အိမ်၌သာနေခဲ့စေပြီး
သူကြီးတို့အဖွဲ့နှင့်အတူ ရွာရှေ့တံခါးဆီသို့ထွက်လာခဲ့တော့သည်။
ပြောရပေဦးမည် ။
သူကြီးတို့အုပ်စုထဲ၌ ဘွားမယ်စိန်၏သားအလတ်ကောင်လည်းပါရှိသေး၏။

ထိုသို့ဖြင့် ရွာရှေ့တံခါးဆီသို့ရောက်သောအခါ၌
မောင်အုန်းတို့နှင့်သာ ရွာပြင်ကိုထွက်လာခဲ့​တော့၏။
ရွာသူကြီး ဦးနောင်ချိုတို့သည်က ရွာတံခါး၌သာ မီးတုတ်
များဖြင့်ကျန်ရစ်ခဲ့ကြတော့သည်။
အားလုံးသည်လည်းစိုးရိမ်စိတ်များဖြင့်
ဘွားမယ်စိန်တို့အားရပ်ကြည့်နေခဲ့ကြရသည်။

******************************

ဘွားမယ်စိန်တို့လေးဦးသည် ရွာတံခါးနှင့်
အနည်းငယ်လှမ်းသော
ကွင်းပြင်သို့ရောက်ရှိနေကြလေပြီ။
ထိုနေရာသည် သစ်ပင်ခြုံနွယ်တို့ကင်းပြီး
မြေလွှတ်မြေရိုင်းနေရာတစ်ခုဖြစ်၏။

သစ်ပင်ခြုံနွယ်ကင်းသော်လည်း ထိုနေရာနှင့်
မဝေးသောဆီ၌တောခြေရှိသည်။
ထိုတောခြေသည်က သားကောင်ကြီးများမရှိ။
မှိုရှာမျှစ်ရှာသာရပေသည်။
ဘွားမယ်စိန်တို့ရောက်ရှိသောအခါ ကျားသတ္တဝါနှင့်တူသောအရာအား မတွေ့ကြရသေးပေ။
တခဏမျှရပ်ကာအခြေအနေကိုစောင့်ကြည့်ကြ၏။
ထိုသို့တခဏအတွင်းတောခြေဘက်ဆီမှ
လူတစ်ယောက်တရွေ့ရွေ့
လျှောက်လှမ်းလို့လာနေသည်ကိုတွေ့လိုက်ကြရသည်။
ထိုသူ့အား မီးတုတ်ကိုင်ထားသော မောင်တိုးမှ
မီးတုတ်အား အပေါ်သို့မြှောက်၍သေချာကြည့်၏။
ထိုသူသည် တဖြေးဖြေးနီးကပ်လာသောအခါ
သူ၏အသွင်သည်လည်းပီပြင်၍လာ၏။
လူသည်က အသက်လေးဆယ်အရွယ်ဖြစ်ပြီး
သောင်တစောင်းထုံးကာ အပြာကွက်ပုဆိုးအားခပ်တိုတိုဝတ်ဆင်ထား၏။
သူ၏အပေါ်ပိုင်း၌ အင်္ကျီကမပါ။
အင်္ကျီမပါသောဗလာကျင်းကိုယ်၌ ထိုးကွင်းများကလည်း အများသားပင်။
ထိုသူ၏မျက်နှာသည်က ခပ်တင်းတင်းနိုင်လှပြီး
မျက်မှောင်တို့က ကျုံ့ကာထား၏။
သူ၏နှုတ်ခမ်းမွှေးကားကားကြီးသည်ကလည်း
ဟန်ပါလှသေးသည်။
ထိုသို့သော အသွင်ရှိသောသူသည် ဘွားမယ်စိန်တို့အနီးသို့ရောက်မလာခဲ့ဘဲ ခပ်လှမ်းလှမ်း၌ ရပ်၍…

“ဘယ်လိုလဲဗျ…။ခင်ဗျားကြီးက အဖော်တွေခေါ်လာပြီး
ကျုပ်ကိုအနိုင်ယူချင်တာလား…
ဟားး…ဟားးး..
ဟား….ဟားး….ဟားး…။ကြားထားသမျှနဲ့ကွာပါ့ဗျာ”

ထိုသူသည် ဘွားမယ်စိန်အား စကားနာထိုးချေပြီ။
ဘေးရှိမောင်အုန်းတို့သုံးယောက်သည်ကား
ထိုသူ့အား ဒေါသတကြီးဖြင့် ကြည့်နေကြ၏။
တစ်ခုခုဆိုရင်ဖြင့်
သူတို့လက်ထဲရှိ ဓားများဖြင့်ဝင်ပိုင်းရန်လည်း
အသင့်ဖြစ်နေကြလေသည်။

“ဟဲ့..ကဝေကောင်…။နင်နဲ့ငါသာပြိုင်ရလိမ့်မယ်…။
သူတို့တွေက ပွဲကြည့်သူအနေနဲ့ပဲ ငါခေါ်လာခဲ့တာ…။
ကဲ…မောင်ရင်တို့ဝေးနိုင်သမျှဝေးဝေးနေကြ…
ဒီပွဲကြားကိုယောင်လို့တောင် ဝင်မပါကြနဲ့”

“ဟုတ်ကဲ့…”

မောင်အုန်းတို့သည် ကွင်းပြင်၏ဘေးဘက် ခပ်လှမ်းလှမ်းသ်ို့
သွားနေကြရသည်။
ကျန်ရစ်သော ဘွားမယ်စိန်သည်
သူ၏တောင်ဝှေးက်ိုထောက်လျက်သားအနေအထားဖြင့်တစ်ဖက်လူအားစိုက်ကြည့်နေခဲ့သည်။
ထိုလူသည်ကလည်း ဘွားမယ်စိန်အား ခပ်လှမ်းလှမ်းအကွာမှစိုက်ကြည့်နေခဲ့သည်။
ထိုသို့စိုက်ကြည့်ရင်းမှ ထိုသူသည်သူ၏မျက်နှာအားတွန့်လိမ်လှုပ်ရှားလိုက်ပြီးနောက် ဘွားမယ်စိန်ထံသို့အပြေးတပိုင်းဖြင့်
ဝင်လာတော့သည်။
သူ၏ပြေးချက်နှစ်လှမ်းလောက်အကွာတွင် ရုတ်တရက်….

“ဝေါင်း………”

ကျားတစ်ကောင်အသွင်သို့ပြောင်းသွားခဲ့တော့၏။

“ဟာ…ကိုးတောင်ကျားကြီးပဲ…”

“ဘွား…သတိထား…”

မောင်အုန်းတို့အုပ်စုထံမှအသံများထွက်ပေါ်လာခဲ့လေသည်။

ဘွားမယ်စိန်သည် သူ့ထံသို့ပြေးဝင်လာသောကျားကြီးအား
မာထန်ထန်မျက်နှာပေးဖြင့်ကြည့်ကာ သူ၏တောင်ဝှေးအားမြေပေါ်သို့ဆောင့်ချလိုက်လေသည်။

“ဟာ…ဘွားပျောက်သွားပြီ”

“ဟာ…”

ကျားကောင်သည်အနားသို့ရောက်သောအခါ
ဘွားမယ်စိန်သူ၏နေရာမှပျောက်ကွယ်သွားလေသည်။
ကျားကောင်သည်လည်း အံ့သြ သွားသကဲ့သို့
မောင်အုန်းတို့သည်လည်းအံ့သြနေကြလေသည်။
ထိုစဥ်၌ ကျားကောင်သည် ဘွားမယ်စိန်အားလိုက်ရှာပြန်သည်။
သူ၏ခေါင်းကြီးအား အရှေ့အနောက်ရမ်းကာ
ဘွားမယ်စိန်အားရှာ၏။
ထိုသို့ရှာနေစဥ်မှာပင်…

“ဝေါင်းးးး…….”

နောက်ထက်ကျားကြီးတစ်ကောင်သည် အမှောင်ထဲမှထွက်ပေါ်လာခဲ့၏။
ထိုကျားသည်က ကျားဖြူကြီးဖြစ်၏။
အစောက ကိုးတောင်ကျားဝါကြီးကဲ့သို့အရွယ်အစားဖြစ်နေလေသည်။

“ဝေါင်း…”

“ဝေါင်း…”

ကျားကြီးနှစ်ကောင်သည်
အပြန်အလှန်ဟိန်းသံပေးကာရန်လိုနေကြ၏။
မောင်အုန်းတို့သုံးယောက်သည်
ကျားနှစ်ကောင်​ကြောင့် အသက်ပင်ရဲရဲမရှုရဲလောက်အောင်
ထိတ်လန့်နေမိကြရှာသည်။
သူတို့ကြည့်နေစဥ်မှာပင် ကျားနှစ်ကောင်သည် ပြေးလွှားခုန်အုပ်ကာ သတ်ပုတ်နေကြပြီဖြစ်သည်။
ကျားနှစ်ကောင်ကြောင့် ဖုန်များပင်တသောသောထပြီး
မြင်ကွင်းပင်မရှင်းတော့ပေ။

“ငါတော့ဘာကြောင့်လဲမသိဘူး
ကျားဖြူကြီးပဲနိုင်စေချင်တယ်ကွာ”

“ကျုပ်လည်းအတူတူပဲဗျာ”

မုဆိုးဦးခို၏စကားအားမောင်အုန်းတို့က ထောက်ခံကြသည်။

ထိုသို့ကျားနှစ်ကောင်၏ရန်ပွဲသည်ဆက်လက်ဖြစ်ပေါ်နေဆဲပင်။
မောင်အုန်းတို့ကြည့်နေခိုက်မှာပင် ကျားဝါ၏အလှစ်၌ ကျားဖြူကြီးသည် ကျားဝါ၏လည်ကုပ်အားကိုက်ဆွဲတော့လေသည်။
လည်ကုပ်ကိုကိုက်ဆွဲခံရသောအခါ ကျားဝါသည် ရုန်းကန်၏။
ကျားဖြူသည်က.မလွတ်အောင်ခဲထားပြန်သည်။
ထိုသို့အချိန်ခဏအကြာ၌ ကျားဝါကောင်သည်
မရုန်းကန်နိုင်တော့ပေ….။
အားအင်တို့ဖျော့တော့ကာ
လုံးလုံးပင်ငြိမ်သက်သွားရှာ၏။
ကျားဝါငြိမ်သက်သောအခါမှ
ကျားဖြူသည် ကျားဝါအားမြေသို့ချလိုက်တော့သည်။
ထိုသို့ချပြီး မောင်အုန်းတို့ဘက်ဆီသို့ တစ်ချက်လှည့်ကြည့်ကာ အမှောင်ထဲသို့ပြေးဝင်သွားတော့၏။

ထိုအခါမှမောင်အုန်းတို့သည်လည်း ကျားဝါကြီးရှိရာသို့အ​ပြေးသွားကြည့်ကြတော့သည်။
ကျားဝါကြီးလဲကျရာသို့ရောက်သောအခါ အစောက
ကျားဝါကြီးမရှိတော့ဘဲ သွေးအိုင်ထဲ၌သေဆုံးနေသော
လူကိုသာတွေ့လိုက်ကြတော့လေသည်။

“ဒီလူကတော့သူ့ကံနဲ့သူသွားရှာပြီဟေ့”

“ဟုတ်ပါ့ဗျာ…ကြည့်စမ်းပါဦး
နည်းနည်းနောနောသွေးတွေလား”

“ဟ…ဒါနဲ့ ဘွားကဘယ်ရောက်သွားတာလဲ”

“ကျုပ်အထင်တော့ အစောက ကျားဖြူကြီးက
ဘွားလားမသိဘူး”

မောင်အုန်းတို့သုံးယောက် တစ်ယောက်တစ်ပေါက်ပြောနေကြလေသည်။
ထိုအချိန်၌အမှောင်ထဲမှ တောင်ဝှေးကိုထောက်၍
ဘွားမယ်စိန်ထွက်လာခဲ့လေသည်။

“ဟာ…ဘွား”

“ဘွားရယ်…ဘယ်များရောက်သွားတာလဲ…
ကျုပ်တို့ဖြင့်စိတ်ပူနေတာ”

ဘွားမယ်စိန်သည်ပြုံးကာ…

“ဘွားဘယ်မှမသွားပါဘူးကွယ်…ဘွားရှိပါတယ်”

“ဒီမှာ…ဒီကဝေကောင်တော့ ကိစ္စချောပြီဗျာ…အစောက ဘွားပျောက်သွားပြီးအချိန်ပဲ ကျားဖြူကြီးတစ်ကောင်နဲ့ဒင်းကိုက်သတ်နေကြတာ…နေပါဦးဗျာ…အဲ့ကျားဖြူကြီးက
ဘွားပညာနဲ့များ အသွင်ပြောင်းထားတာလားဗျ…”

မောင်အုန်းသည် ပြောလိုသမျှပြောပြရင်း
တဖန်မေးလိုက်သောအခါ
ဘွားမယ်စိန်ကမဖြေဘဲ ပြုံးနေပြန်သည်။
ထိုအခါ အားလုံးသဘောပေါက်သွားကြလေသည်။
ဘွားမယ်စိန်သည် ကျားကောင်အား ကျားအသွင်ပြောင်း၍
ရှင်းလင်းလိုက်ခြင်းပင်ဖြစ်သည်။

“ကဲ…ရွာထဲဝင်ကြစို့…ပြီးရင်ဒီကောင့်အလောင်းကို
တို့တွေမြုပ်ပေးကြရဦးမယ်”

“သွားကြတာပေါ့ဗျာ…ဘွားရေ…လာဗျို့…ကျုပ်တို့တော့
ဝမ်းသာမဆုံးဘူးဗျာ…။
ရွာကလူတွေလည်းသိချင်နေကြရောပေါ့”

“အေးကွယ်…ပြန်ကြတာပေါ့…”

ဘွားမယ်စိန်တို့ရွာထဲပြန်ဝင်လာကြသောအခါ
မျှော်နေကြသည့် သူများကလည်း
ဝမ်းသာပျော်ရွင်သွားကြလေသည်။
ကဝေကောင်၏အလောင်းအားမောင်အုန်းတို့အဖွဲ့က
မြုပ်နှံပေးကြ၏။
နောက်တစ်နေ့နံနက်၌ ဘွားမယ်စိန်၏ကျားဖြူကြီးအကြောင်းအား ရွာထဲ၌ပြောမဆုံးနိုင်အောင်ဖြစ်ကြတော့လေသည်။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)