တစ်ပွဲစားသရဲ

တောင် နေခဲ့ဖူးတာဆိုပဲ။
အခုလည်း သူ့အဘိုး၊ ဦးရွှေကျုတ်က
ညောင်ဝိုင်းသူကြီးဗျ။ဒီကောင် ဘကျုတ်၊
ကျုပ်တို့ရွာကို တစ်ခါမှ လာဖူးတာ
မဟုတ်ဘူးဗျ

“ဘကျုတ် မင်း ငါတို့ဝိုင်းကို တော်တော်ရှာလိုက်ရသလား”

“အေး …နည်းနည်းတော့ ရှာရတာပေါ့ကွ
ဒါပေမဲ့ မင်းကို ဒီရွာမှာ မသိတဲ့ လူမှ မရှိတာကွာ
မင်းနာမည်က ငါတို့ညောင်ဝိုင်းမှာပါ ပေါက်နေတဲ့ဟာ”

“ဟေ …ဘယ်လိုပေါက်နေလို့တုံးကွ ဘကျုတ်ရ”

“ထနောင်းကုန်းက တာတေက ပယောဂတွေ
သိုက်တွေ နိုင်တယ်လို့ ကျော်ကြားနေတာကွ “

“ဟာ မဟုတ်ပါဘူး ဘကျုတ်ရာ၊ ငါက မင်းသိတဲ့
အတိုင်း လွှတ်စပ်စုတဲ့အကောင်လေကွာ၊ ဒီတော့
ဆရာကြီးတွေက အဖော်လိုလို့ ခေါ်ရင် ငါက
စပ်စုချင်တာနဲ့ လျှောက်လိုက်တာကွ။ ဗဟုသုတတွေတော့
အများကြီး ရတာပေါ့ကွာ။ လူ့လောကမှာ
လူတိုင်း မသိနိုင်တဲ့ အံ့သြစရာတွေ အများကြီး
ရှိနေတာတွေ သိရတာပေါ့ ဘကျုတ်ရာ၊
ငါက ဆရာတော့ မဟုတ်ပါဘူး “

“မင်းကသာ ဆရာ မဟုတ်ဘူး ပြောနေတာ၊
ဒီနားက ရွာတိုင်းမှာတော့ မင်းနာမည်ကို
ကလေးကအစ သိနေတာဗျား”

ကျုပ်က အိမ်ပေါ်တက်ပြီး အမေ့ကို
ဧည့်သည်လာတယ်လို့ပြောရင်း
နဂါးဆေးပေါ့လိပ်နဲ့ ဆေးလိပ်ခွက်ကလေးကို
ယူလာတယ်

“ဘကျုတ် မင်း နဂါးသောက်တယ်မို့လား “

“သောက်တာပေါ့ကွ၊ ငါတို့ရွာဘက်မှာလည်း
နဂါးပဲ အသောက်များတာပါ “

ကျုပ်က နဂါးဆေးပေါ့လိပ်တစ်လိပ်ကို
မီးညှိပြီး ဘကျုတ်ကို တည်တယ်။
အမေက လက်ဖက်ပွဲနဲ့ ရေနွေးကြမ်းအိုး
လာချပေးတယ်

“မင်း ထနောင်းကုန်းလာတာ ဘာကိစ္စရှိလို့တုံးကွ”

“မင်းကို လာခေါ်တာကွ၊ အဲ…အဲ မှားလို့၊
မင်းကို လာပင့်တာကွ “

“လုပ်ပြန်ပြီ၊ ငါက ဆရာမှ မဟုတ်တာ
ငါ့ကို ပင့်ရမလားကွ ဘကျုတ်ရ “

“မသိဘူးလေကွာ၊ စကားတွေဘာတွေ
မှားသွားမှာစိုးလို့ပါကွာ”

“ပြောပါဦး ဘကျုတ်ရ၊ မင်းတို့ရွာမှာ
ဘာတွေ ဖြစ်နေလို့တုံး”

“ငါ့ဘိုး ညောင်ဝိုင်းသူကြီးလည်း တော်တော်ကို
စိတ်ညစ်နေပြီကွ၊ ငါက မင်းအကြောင်းကို
ပြောပြတော့ ငါ့ဘိုးက မင်းဆီကို ချက်ချင်းသွားဖို့
လွှတ်လိုက်လို့ လာတာ “

“မင်းတစ်ယောက်တည်း ညောင်ဝိုင်းကနေ
ကုန်းကြောင်းလာတာလား “

“ဟာ မဟုတ်ဘူးကွ တာတေရ ၊ ငါ လှည်းနဲ့လာတာ
လှည်းနဲ့ လှည်းသမားကို ထနောင်းကုန်းသူကြီးအိမ်မှာ
ထားခဲ့ပြီး မင်းကို လာရှာတာ ၊ မင်းတို့သူကြီးက
ငါ့ဘိုးရဲ့ မိတ်ဆွေလေကွာ “

“သြော် ဒီလိုလား၊ နို့ ပြောပါဦးကွ၊ မင်းတို့ရွာမှာ
ဘာတွေ ဖြစ်လို့တုံး “

ဘကျုတ်က အမေတည်တဲ့ လက်ဖက်ကို
အားရပါးရ စားပြီး ရေနွေးကို တစ်ခွက်ပြီး
တစ်ခွက် သောက်နေရာကနေ ကျုပ်ကို ပြောပြတယ်။

“ဘာဖြစ်တယ်ဆိုတာ မပြောခင် မင်းကို ငါတို့ရွာက
လူတစ်ယောက်ရဲ့အကြောင်းကို အရင်ပြောပြရမယ်ကွ
တာတေရ …ဒါမှ မင်း စဉ်းစားလို့ရမှာ “

“ဟုတ်လား၊ ဘယ်သူတုံးကွ “

“မုဆိုးငစို လို့ခေါ်တဲ့ တစ်ပွဲစား ဘိုးစို”

“ဟေ …တစ်ပွဲစား ဘိုးစို”

“အေး ဟုတ်တယ် ငါတို့ သိတတ်တဲ့ အရွယ်မှာ
မုဆိုးငစိုက အသက်ကြီးနေပြီကွ။ ငါးဆယ်ကျော်
လောက်ရှိပြီ၊ ဒါကြောင့် ငါတို့က သူ့ကို
ဘိုးစိုလို့ ခေါ်ကြတာလေကွာ”

“သြော် …ဘိုးစိုက မုဆိုးအလုပ်ပဲ လုပ်တာလား၊
တခြား အလုပ်တွေ ဘာတွေ မလုပ်ဘူးလား “

“ဘာမှ မလုပ်ဘူးကွ၊ မုဆိုးအလုပ်တစ်ခုပဲ
လုပ်တာ၊ ငါတို့ သိသလောက်တော့ ဘိုးစို
အမဲမရတဲ့နေ့ဆိုတာ တစ်ခါမှ မကြားဖူးဘူး၊
ရလာတဲ့ အမဲကိုလည်း သူ့မိန်းမနဲ့ သမီးက
မြို့မှာ ကိုယ်တိုင်သွားပြီး စျေးကောင်းကောင်းနဲ့
ရောင်းတာကွ၊ ထမင်းဆိုင်တွေကလည်း
ပင်တိုင်ယူကြတယ်။ ငါတို့ရွာမှာ
ဘိုးစိုက လူချမ်းသာစာရင်းမှာ ပါတာကွ။
တောဝက်၊ ဂျီ၊ ဆတ်၊ ယုန်၊ သမင်၊
ဒရယ်၊ ပြတ်တယ်လို့ကို မရှိတာကွ၊
ဘိုးစို အဓိက လိုက်တာကတော့
တောဝက်ပေါ့ကွာ၊ ဘိုးစိုက ငါတို့ရွာမှာ
ဝိုင်းကောင်းကောင်းနဲ့ တိုက်ခံအိမ်နဲ့
နေနိုင်တာကွ။ သူ့မယားနဲ့ သမီးဆိုတာ
ရွှေကိုသီးနေအောင် ဝတ်ကြတာ
တာတေရ”

“မုဆိုးအလုပ်ကို ချမ်းသာအောင် လုပ်နိုင်တဲ့
လူပါလား ဘကျုတ်ရ”

“အေး …အဲဒီလောက် တော်လို့လည်း သူ့
ဒီဘဝကို ရောက်တာပေါ့ကွာ “

“ဟေ …ဘယ်ဘဝတုံးကွ “

“တစ်ပွဲစားကြီး ဘဝလေကွာ “

“ဘယ်လိုကြောင့်တုံးကွ၊ ဘကျုတ်ရ”

“ဒီလို တာတေရေ၊ ဒီလိုဟေ့ “

ဘကျုတ်က ကျုပ်ကို တစ်ပွဲစားကြီး ဘိုးစိုရဲ့
အကြောင်းကို ပြောပြတော့တာပေါ့ဗျာ။
ဘကျုတ်ပြောတဲ့ ဘိုးစိုရဲ့ အကြောင်းကို
ကျုပ် ပြန်ပြောပြပါ့မယ်။

ညောင်ဝိုင်းရွာက ဦးကျားနဲ့ ဒေါ်လုံးဆိုတဲ့
လင်မယား နှစ်ယောက်မှာ ငစိုဆိုတဲ့
သားလေးတစ်ယောက် မွေးတယ်ဗျ။
ကလေးက ငယ်ငယ်လေးကတည်းက
တိရစ္ဆာန်ကလေးတွေကို သတ်ဖြတ်ညှဉ်းဆဲ
သိပ်လုပ်တာဆိုပဲ။ နည်းနည်းလေး
ကြီးလာတော့ ငှက်ပစ်၊ ငါးမျှား နေ့တိုင်း
လုပ်တာတဲ့ဗျ။ သူ့ထက် နည်းနည်းလေး
ကြီးလာတော့ ယုန်ထောင်၊ ကြောင်ထောင်
လုပ်တာဆိုပဲ။ ထူးဆန်းတာက ငစိုမို့
ယုန်ထောင်ရင် မရဘူးဆို တစ်ခါမှ မရှိဘူးတဲ့ဗျ။
ငှက်ပစ်ရင်လည်း လွှတ်လက်တည့်တာတဲ့။

သူ့အဖေ ဦးကျားကလည်း သတ္တဝါလေးတွေကို
မသတ်ဖို့ ပြောဆို ဆုံးမပေမယ့် ဘယ်လိုမှ
မရဘူးတဲ့ဗျို့။ ဒါနဲ့ သူ့အဖေဦးကျားက
ဘာသာတရားကို နားလည်အောင် ဆိုပြီး
ရွာဦးကျောင်းမှာ သင်္ကန်းစည်းပေးလိုက်တာ၊
ကိုရင်ဝတ်ကြီးနဲ့ ငှက်ပစ်လို့ ဘုန်းကြီးက
ချက်ချင်းလူထွက်ခိုင်းတယ်ဆိုပဲ။

သူ့အဖေရဲ့ ယာထဲမှာ အလုပ်လုပ်ခိုင်းပေမယ့်
ငစိုက ယာအလုပ်ကို စိတ်မဝင်စားဘဲ လစ်ရင်
လစ်သလို တောထဲဝင်ပြီး အမဲပဲ လိုက်တာတဲ့ဗျ။
နောက်တော့ တောတွေ တောင်တွေကို နှံ့နေအောင်
သွားတတ်လာပြီး ဘယ်နားမှာ ဘာရှိတယ်
ဆိုတာကို ငစိုက အကုန်သိနေတော့တဲ့ဗျာ

မိဘတွေ ကွယ်လွန်သွားတော့ ငစိုက
မုဆိုးကြီးလုံးလုံး ဖြစ်သွားရောတဲ့ဗျို့
သူ့မိဘရဲ့ ယာတွေကို အပြတ်ရောင်းပစ်လိုက်ပြီး
မုဆိုးပဲ လုပ်တော့တာတဲ့ဗျာ။ နောက်တော့
အိမ်ထောင်ကျ ၊ ကလေးတစ်ယောက်
ရတယ်။ ငစိုကနေ ကိုစု ဖြစ်လာတယ်

ကိုစိုကနေ ဦး ဖြစ်လာတာပေါ့။ မုဆိုးဦးစိုက
လူပြောများတဲ့ ကိစ္စတစ်ခု ရှိတယ်တဲ့ဗျို့။
သားကောင်တွေ ဘာတွေရရင် မပြေးနိုင်အောင်
ဓါးကောက်ကျောကို ဓါးနဲ့ ဖြတ်ထားတာဆိုပဲ။
မသေမရှင်ရတဲ့ သားကောင်ဆိုရင် ရက်ရက်
စက်စက်ကို သတ်တာတဲ့ဗျာ။ တစ်ခါတလေ
ဆိုရင် ယုန်ကို အရှင်လတ်လတ် အရေခွံ
ဆုတ်တာတဲ့။ မုဆိုးသက်တမ်း ကြာလာတာနဲ့
အမျှ ဦးစိုရဲ့မျက်နှာကြီးဟာ နီနီရဲရဲ၊
ကြမ်းကြမ်းတမ်းတမ်းကြီး ဖြစ်လာတာဆိုပဲ။

မုဆိုးဦးစို ပါးစပ်ကလည်း နဂိုကတည်းက
ပြဲရတဲ့အထဲမှာ ပိုပြဲလာတယ်ဗျ။ ပါးစပ်ထဲက
သွားတွေကလည်း ချွန်ထွက်လာပြီး ကျိုးတိုကျဲတဲ
ဖြစ်လာတာဆိုပဲ။ ကိုယ်ပေါ်မှာ ပေါက်နေတဲ့
အမွေအမျှင်တွေကလည်း ကြမ်းကြမ်းကြီးတွေ
ဖြစ်လာတာတဲ့ဗျို့။ ခေါင်က ဆံပင်တွေကလည်း
ရှည်ရှည်ဖားလျားကြီးတွေ ကျလို့တဲ့။
တစ်ရွာတည်းနေတဲ့ လူတွေတောင် ဦးစိုကို
ရုတ်တရက်မြင်ရင် လန့်ဖျတ်သွားကြတာဆိုပဲ

ဦးစိုက လူကြီးသာ ကြမ်းတမ်းလာသလောက်
ချမ်းလည်း ချမ်းသာလာတယ်ဆိုပဲ။ ညောင်ဝိုင်းက
လူတွေကတော့ တောထဲမှာ ဓါးမြတွေ မြှုပ်ထားခဲ့တဲ့
ပစ္စည်းတွေ ဦးစို ရလို့ ချမ်းသာတာလို့ ပြောကြတယ်
ဘယ်သူမှတော့ အတိအကျ သိတာ မဟုတ်ဘူးတဲ့ဗျ။

တဖြည်းဖြည်းနဲ့ ဦးစိုက အသားတွေ၊ ငါးတွေကို
ကျက်အောင်ချက်ထားရင် မစားတော့ဘူးတဲ့ဗျ။
သူ့မိန်းမကို ဟင်းဘယ်လိုချက်တာတုံးဆိုပြီး
ကြိမ်းမောင်းတော့တာပဲတဲ့ဗျာ။ နောက်တော့
သူ့မိန်းမက သူ့အကြိုက်ကို သိသွားပြီး ဟင်းကို
သွေးတွေသံတွေနဲ့ မကျက်တကျက် ချက်ကျွေးရင်
စားတော့တာပဲတဲ့ဗျာ။

တစ်ရက်တော့ ရွာထဲက လူငယ်တစ်ယောက်က
ဦးစိုရဲ့ မိန်းမကို တိုးတိုးလာပြောသတဲ့ဗျ။

“အရီးမယ်ပု၊ ကျုပ် တောထဲထင်သွားခုတ်တာ
ဘိုးစိုကိုတွေ့ခဲ့တယ်၊ ကျုပ် သစ်ကွယ်ပြီး
ချောင်းကြည့်တာဗျ။ ဘိုးစိုက အသားစိမ်းတွေကို
မြိန်ရည်ယှက်ရည် စားနေတာ အရီးရ”

လို့ ပြောတာတဲ့ဗျို့။ ဦးစိုရဲ့မိန်းမကလည်း
ဒီကိစ္စကို ရိပ်မိနေတာတဲ့ဗျ။ သူ့ယောင်္ကျား
အိပ်ပျော်သွားတဲ့အခါ ပါးစပ်က သားစိမ်းနံ့ကြီး
အမြဲထွက်နေတာတဲ့။အိမ်မှာ မိသားစု ဝိုင်းထိုင်ပြီး
စကားပြောတဲ့အခါ …

“ဟဲ့ မယ်ပု ၊ နင်တို့သားအမိ ငါနဲ့ ဝေးဝေးနေကြစမ်း၊
နင်တို့ ငါ့နားကပ်ရင် ငါပူတယ် ။ ပြီးတော့ နင်တို့အနံ့တွေ
ငါ မခံနိုင်ဘူး တစ်မျိုးပဲ”

လို့ ပြောသတဲ့ဗျ။ ဒေါ်မယ်ပုနဲ့ အတူတူလည်း
မအိပ်တော့ဘူးတဲ့။ နောက်တော့ ရွာထဲမှာကို
မနေတော့တာတဲ့ဗျာ။ တောထဲမှာ တဲထိုးပြီး
တစ်ယောက်တည်း နေတယ်တဲ့ဗျ။သူ့မိန်းမဆီကို
သူရတဲ့ အသားတွေ ခုတ်ထစ်ပြီး ဂုန်နီအိတ်နဲ့
ထုပ်ပိုးပြီး လာလာပို့တာတဲ့။ ပြီးရင် တောထဲကိုပဲ
ပြန်တော့တာတဲ့ဗျ။ တစ်ခါတော့ ဦးစိုက  ပြောသတဲ့။

“မနေ့က ငါ ခုတ်ထစ်ထားတဲ့ တောဝက်သားတွေကို
တောထဲက သရဲတစ်ကောင်က လာပြီး ခိုးစားလို့
ငါနဲ့ နပန်းသတ်ရသေးတယ် မယ်ပုရဲ့၊ ဘယ်ရမတုံး
ငစို့အကြောင်း ကောင်းကောင်းသိသွားတာပေါ့၊
သရဲဆိုတာ ငါလက်သီးစာမိပြီး တောထဲကို
တစ်ချိုးတည်း ဝင်ပြေးတော့တာပဲ “

“ကိုစို ရှင်က သရဲနဲ့ နပန်းလုံးရအောင် သရဲကို
မြင်ရလို့လား”

“ဟဲ့ မယ်ပုရဲ့ ၊ ငါ သရဲမြင်ရတာ ကြာပြီဟဲ့၊
မြင်လို့ပဲ နပန်းသတ်လွှတ်လိုက်တာပေါ့ “

ဒေါ်ပုက တော်တော်ကို စိတ်မကောင်းဖြစ်သွားတဲ့ဗျို့
ဒါနဲ့ သူ့ယောင်္ကျား မုဆိုးကြီးကို ပြောသတဲ့။

“ကိုစိုရယ်၊ ရှင် ဒီအလုပ်တွေကို ရပ်လိုက်ပါတော့၊
ကျုပ် ရှင့်ကို ဒီအလုပ်ကို ဆက်မလုပ်ဖို့ ပြောခဲ့တာလည်း
ကြာပါပြီရှင် ၊ ဒီအတိုင်း ဆက်သွားရင် ရှင်
ဒုက္ခအကြီးအကျယ် တွေ့လိမ့်မယ်တေ့ာ် “

ဒေါ်မယ်ပုက ပြောတော့ ဦးစိုက ခေါင်းကြီးငုံ့ပြီး
မျက်ရည်တွေ ကျတယ်တဲ့ဗျ။ ပြီးတော့ ပြောတယ်တဲ့။

“မယ်ပု၊ ငါ့အကြောင်း ငါသိတယ်၊ ငါဒုက္ခတွေ့မယ်
ဆိုတာလည်း ငါကောင်းကောင်းသိတယ်၊ ဒါပေမဲ့
မယ်ပု ညည်းမသိဘူး၊ ငါက လူဖြစ်ကတည်းက
မသတ်ရ မဖြတ်ရရင် နေလို့ ရတာ မဟုတ်ဘူး
အခုထိ ဒီအတိုင်းပဲ၊ ငါ အမဲမပစ်ရရင် နေလို့ကို
မရတာ “

“ဒါဆိုရင်လည်း ကိုစိုရယ် ရှင် ဒီအလုပ်ကို
ခဏဖြစ်ဖြစ် ရပ်လိုက်ပါတော်၊ ကျုပ်တို့မှာ
စည်းစိမ်ဥစ္စာဆိုတာလည်း စားလို့မကုန်တော့ပါဘူး
ကျုပ်တို့မိသားစုလည်း စားလို့မကုန်တော့ပါဘူး၊
ကျုပ်တို့မိသားစု မြန်မာပြည်အနှံ့ ဘုရားတွေ
လျှောက်ဖူးကြရအောင်၊ ကြာချင်သလောက်
ကြာပါ့တော် “

တကယ်တော့ ဒေါ်မယ်ပုက သူ့ယောင်္ကျားများ
စိတ်ပြောင်းသွားမလားဆိုပြီး ကြံကြည့်တာဗျ။

“ဟဲ့ မယ်ပု၊ ငါ ဘယ်ဘုရားမှ သွားမဖူးဘူး
ဘာဖြစ်လို့တုံးဆိုတော့ ငါ ဘုရားတွေ
မမြင်ရတော့တာ ကြာပေါ့ “

” ရှင် …ဘယ်လို ကိုစို”

“ဟုတ်တယ် မယ်ပု ဒီအနီးတစ်ဝိုက်က ဘုရားတွေ၊
စေတီတွေ ငါ တစ်ဆူမှ မမြင်ရတော့တာ ကြာပြီဟဲ့၊
နင်တို့ စိတ်မကောင်းဖြစ်မှာစိုးလို့ ငါ မပြောတာ။
ဘုရားကို မမြင်ရလို့ ကိုင်ကြည့်ရင်ရော
ရသလားဆိုပြီး ငါကိုင်ကြည့်တယ်။ ဘာကိုမှ
မကိုင်မိဘူး၊ လေကိုပဲ ထိတယ်။ ဒီတော့ နင်တို့
ဖူးချင်တဲ့ဘုရားကို သွားဖူးကြပါ၊ ငါတော့
လိုက်လည်း အပိုပါပဲနေမှာ၊ မလိုက်တော့ဘူး”

နင်တို့ ဖူးချင်တဲ့ ဘုရားကို သွားဖူးကြပါ၊
ငါ့တော့ လိုက်လည်း အပိုပဲနေမှာ
မလိုက်တော့ဘူး “

ဒေါ်မယ်ပုဆိုတာ ဒီအကြောင်းကို သိတာနဲ့
ငိုတော့တာပေါ့ဗျာ ။ တဖြည်းဖြည်းနဲ့
ဘိုးစိုက တောကြီးတစ်တောလုံး ဘယ်နေရာမှာ
ဘာကောင်ရှိတယ်ဆိုတာကအစ မျက်စိနဲ့
မြင်နေသလိုကို သိတော့တာဗျ။ဒီတော့
အနီးအနားမှာ ရှိတဲ့ မုဆိုးတွေက
ဘိုးစိုတဲကို လာပြီး ဒီနေ့ ဘယ်မှာ
အမဲလိုက်ရမယ်ဆိုတာ လာပြီး မေးတာတဲ့ဗျ။

ဘိုးစိုကလည်း ဘယ်တောင်ကိုတက်၊
ဘယ်အပင်အောက်မှာ ပုန်းပြီးစောင့်
ဘာအကောင် လာလိမ့်မယ်။ အချိန်
ဘယ်လောက်စီးတယ်ဆိုတာကအစ
ပြောနိုင်တာဗျ။ မုဆိုးတွေကလည်း
သူပြောတဲ့အတိုင်း သွားပစ်ရင် မရဘူးဆိုတာ
တစ်ခါမှ မရှိဘူးတဲ့ဗျ။ အမဲရလာရင်လည်း
ဘိုးစိုအတွက် အသားကောင်းကို ဖက်နဲ့
ထုပ်ပြီး ဦးဦးဖျားဖျား ဝင်ပို့သွားကြတာတဲ့။
ဘိုးစိုကလည်း မုဆိုးတွေပေးတဲ့ သွေးစိမ်းရှင်ရှင်နဲ့
အသားတွေကို အားရပါးရကို အစိမ်းလိုက်
စားတယ်ဆိုပဲ ။

နောက်တော့ မုဆိုးတွေတင် မဟုတ်တော့ဘူးဗျ၊
ရွာထဲက လူတွေကပါ ဘိုးစိုကို
ဗေဒင်မေးသလို မေးကြတာဆိုပဲ။
ဘိုးစိုကလည်း အားလုံးသိနေပဲတဲ့ဗျ။
ဘိုးစိုပြောရင် မမှန်တာ မရှိဘူးဆိုပဲ။

ဘိုးစိုရဲ့ ရုပ်ကြီးကလည်း တစ်နေ့တစ်ခြား
ပြောင်းပြောင်းလာတာ နဂိုရုပ် လုံးဝမရှိတော့
ဘူးတဲ့ဗျာ။ သူ့သားမယားဆီကို လာတဲ့
အခိုက်အတန့်မှာ လူတွေ လာစောင့်ပြီး
မေးကြမြန်းကြတာတဲ့ဗျ။ဘိုးစိုကလည်း
သူ့အနားကို လူတွေ တစ်ယောက်မှ
အကပ်မခံဘူးတဲ့ဗျို့။ ခပ်လှမ်းလှမ်းကပဲ
မေးကြရတာတဲ့ဗျ။ သူ့သားမယားနဲ့လည်း
ဝေးဝေးပဲ နေတာတဲ့ဗျ။

နောက်တော့ ဘိုးစိုက ဘယ်နေ့ မိုးရွာမယ်၊
ဘယ်နေ့ လေပြင်းတိုက်မယ်ကအစ
ကြိုပြောတော့ ယာလုပ်တဲ့သူတွေ
အတွက်လည်း ကြိုပြီး ပြင်လို့  ရကြတာပေါ့ဗျာ။
တချို့ဆိုရင် ဘိုးစို စောင့်ရှောက်ပါဆိုပြီး
အသားစိမ်း တစ်တစ်တောင် မြှောက်ပြီး
ဘိုးစိုကို ပသတဲ့အဆင့်အထိ ရောက်လာတာတဲ့ဗျို့

ဘိုးစိုကလည်း တောထဲမှာ နေပေမယ့်  သူ့ကို
ဘယ်သူတွေ ပသနေတယ်ဆိုတာ သိသတဲ့။
နောက်တော့ ဘိုးနီ သူ့အိမ်ကို ပြန်မလာတော့ဘူးတဲ့ဗျ။

လူတွေက ဘိုးစိုကို မေးချင်စမ်းချင်လို့
ဘိုးစိုနေတဲ့ တောထဲကတဲကို လိုက်တော့လည်း
တဲမှာ ဘိုးစို မရှိဘူးတဲ့ဗျ။ ဘိုးစိုပျောက်သွားပြီး
ဆယ်ရက်လောက် ကြာတော့မှ တစ်ညမှာ
ညောင်ဝိုင်းတစ်ရွာလုံးမှာရှိတဲ့ ခွေးမှန်သမျှ
တစ်ပြိုက်တည်း ထပြီး အူတော့တာတဲ့ဗျို့။

တချို့ခွေးတွေက အသံရှည်ကြီးဆွဲပြီး အူတာတဲ့ဗျ
ဒါနဲ့ ဒေါ်မယ်ပုနဲ့ သူ့သမီး မစုံတို့လည်း အိမ်ရှေ့ဝိုင်းထဲ
ဆင်းကြည့်ကြတယ်ဆိုပဲ။

“ဟဲ့ မယ်ပု၊ ငါ နင်တို့ကို စိတ်မချလို့ လာကြည့်တာ “

လို့ ပြောလိုက်တဲ့ ဘိုးစိုရဲ့ အသံကြီးကို
သားအမိနှစ်ယောက် ကြားလိုက်ကြသတဲ့။

“ဟင် …ကိုစို ရှင် ဘယ်မှာတုံး “

“မယ်ပုရဲ့ ငါ နင့်အနားမှာပဲ၊ ဒါပေမဲ့ နင်တို့ ငါ့ကို
မြင်ရတော့မှာ မဟုတ်ဘူး၊ ငါက လူစစ်စစ်ကနေ
သရဲဘဝကို မသေဘဲ ကူးသွားပြီ။ အေးလေ
ဒါကတော့ ငါ့အကြောင်းပေါ့ မယ်ပုရယ်
ညည်းတို့ သားအမိ ကျန်းကျန်းမာ ရှိရဲ့လားလို့
ငါ လာကြည့်တာပါ။ နင်တို့ဆီကို တစ်ခါလာဖို့
ဆိုတာ မလွယ်တော့ဘူး၊ အထက်က ဆိုင်ရာ
ပုဂ္ဂိုလ်တွေဆီမှာ ခွင့်တောင်းပြီးမှ လာရတာ၊
ဒါပေမဲ့ မပူပါနဲ့၊ နင်တို့သားအမိရော ဟောဒီ
ညောင်ဝိုင်းရွာသားတွေကိုပါ ငါစောင့်ရှောက်
နေပါတယ်။ ကဲ ငါ ကြာကြာနေလို့ မရဘူး
သွားပြီ “

လို့ ပြောပြီး အသံပျောက်သွားတာတဲ့ဗျို့။
နောက်တော့ တစ်လနေမှ တစ်ခါ၊ နှစ်လနေမှ
တစ်ခါပဲ လာတော့တာတဲ့။ သူလာတဲ့ညဆိုရင်
တစ်ရွာလုံးက ခွေးမှန်သမျှ ခွေးအိုကြီးတွေကနေ
စပြီး ခွေးပေါက်စကလေးတွေအထိ တစ်ပြိုင်နက်တည်း
အူတော့တာပဲတဲ့ဗျို့။

“ဟာ ဘိုးစို လာပြီဟေ့ “

ဆိုပြီး ရွာထဲက လူတွေက ဝိုင်းထဲဆင်းပြီး ပြောကြ
ဆိုကြသတဲ့။ တချို့လည်း ဘိုးစိုကို ဘာဖြစ်သွားမှန်း
မသိဘဲ ထိုင်ပြီး ရှိခိုးကြတာတဲ့ဗျို့။ တစ်ခါတလေတော့
ဘိုးစိုက ရွာသားတွေ ကြားအောင် ခြေသံကြီးပေးပြီး
လာတာတဲ့ဗ်။

“ဘုန်း ဘုန်း ဘုန်း ဘုန်း “

ဘိုးစိုရဲ့ ခြေသံကြီးက တဘုန်းဘုန်းနဲ့ မြေတောင်
တုန်မတတ်ပဲတဲ့ဗျ။ ဒါဆိုရင်တော့ ဘိုးစို
ဘယ်နားမှာရှိတယ်ဆိုတာ သိနေကြပြီး ဝိုင်းထဲထွက်
ပြောကြဆိုကြတော့တာပဲတဲ့ဗျာ။

“မယ်ပုနဲ့ မယ်စုံ ငါ နင်တို့ဆီ လာနိုင်တော့မှ
မဟုတ်တော့ဘူး၊ ငါ့ကို အထက်ပုဂ္ဂိုလ်တွေက
တာဝန်တစ်ခုပေးလို့ တစ်ရပ်တစ်ကျေးကို
ငါသွားရမယ်၊ ဘယ်လောက်ကြာမယ်ဆိုတာ
ငါမသိဘူး၊ ငါ ဒီအရပ်ကို ပြန်ရောက်လာရင်တောင်
နင်တို့ ရှိချင်မှ ရှိတော့မှာ၊ ဒီတော့ ငါ နင်တို့ကို
အပြီးနှုတ်ဆက်သွားပြီ”

လို့ ပြောတော့ ဒေါ်မယ်ပုနဲ့ သူ့သမီး မစုံတို့က
ဝမ်းနည်းပြီး ရှိုက်ကြီးတငင် ငိုကြတော့တာပေါ့ဗျာ

“မငိုနဲ့ မငိုကြနဲ့ နင်တို့ ငိုတော့ ငါလည်း စိတ်မကောင်းဘူး
ဖြစ်သမျှအကြောင်းပေါ့လေ။ ကဲ ငါသွားပြီ”

ဆိုပြီး အသံပျောက်သွားတယ်။ အဲဒီညက စပြီး
တစ်လ တစ်ခါ အူတဲ့ခွေးတွေလည်း လုံးဝမအူတော့ဘူးတဲ့ဗျ။
ဘိုးစိုမလာတော့ဘူးဆိုတာကို ညောင်ဝိုင်းတစ်ရွာလုံးက
သိကြတာပေါ့ဗျာ။ အရီးမယ်ပုတို့သားအမိလည်း
ဘိုးစို မလာတော့ဘူးဆိုတာ သိကြတော့
သူတို့ တိုက်နဲ့ဝိုင်းကို ရောင်းပြီး ရွာဦးကျောင်း
ဆရာတော်ကို ကျောင်းတစ်ဆောင်ဆောက်ပြီး
လှူကြတယ်။ ကျောင်းအဝမှာ ညောင်ဝိုင်းရွာသား
မုဆိုးကြီး ဘိုးစို ကောင်းမှုလို့ ကမ္ပည်းထိုးထားသတဲ့။

ကျောင်းပြီးတာနဲ့ ရေစက်ချ အမျှဝေပြီး
ဒေါ်မယ်ပုတို့ သားအမိ ရွာက အပြီးပြောင်းသွား
ကြရောတဲ့ဗျို့။ တချို့က ပြောတော့လည်း
တချို့က ပြောတော့လည်း သားအမိနှစ်ယောက်စလုံး
စစ်ကိုင်းချောင်မှာ သီလရှင် ဝတ်နေတယ်တဲ့။

ဒေါ်မယ်ပုတို့သားအမိကတော့ တကယ်ကို
တရားရလောက်တာပေါ့ဗျာ။ ကြောက်လည်း
အကြီးအကျယ် ကြောက်သွားကြပဲဗျ။
ဘကျုတ်ပြောပြတဲ့ တစ်ပွဲစားကြီး ဘိုးစို
အကြောင်းက ဒါပဲဗျ။ကျုပ်လည်း
ကျုပ်သူငယ်ချင်းပြောတဲ့ ညောင်ဝိုင်းက
မုဆိုးကြီးရဲ့ အဖြစ်အပျက်ကို စိတ်ဝင်တစား
နားထောင်နေမိတာပေါ့ဗျာ။

“နေပါဦး တာတေရ၊ ငါတို့ရွာသားတွေက
မုဆိုးကြီး ဘိုးစိုကို တစ်ပွဲစားကြီးလို့ ခေါ်ကြတာ
ဘာအဓိပ္ပါယ်တုံးကွ၊ ငါလည်း သူတို့ခေါ်လို့သာ
လိုက်ခေါ်တာကွ၊ တစ်ပွဲစားဆိုတာ ဘာအဓိပ္ပါယ်နဲ့
ခေါ်မှန်းကို မသိတာကွ “

“ဘကျုတ်ကလည်း တစ်ပွဲစားဆိုတာ လူကနေ
မသေဘဲ တဖြည်းဖြည်း သရဲဖြစ်သွားတာကို
ခေါ်တာကွ။ လူတစ်ပိုင်း သရဲတစ်ပိုင်းကြီးတွေကို
ခေါ်တာ။ တစ်သက်လုံး ကောင်းမှုကုသိုလ်
ဘာမှမလုပ်ဘဲ ပါဏတိပါတာ ကံတွေ
ထူးထူးခြားခြား ကျူးလွန်တဲ့ ဘိုးစိုတို့လို၊
အင်းသူကြီး ဘိုးစံမဲတို့လို လူတွေဟာ
တစ်ပွဲစားကြီးတွေ ဖြစ်ပြီး အရှင်လတ်လတ်ကနေ
သရဲကြီးတွေ ဖြစ်သွားကြတာကွ ဘကျုတ်ရ”

“ဟေ ဟုတ်လား၊ မင်းပြောတဲ့ အင်းသူကြီး
ဘိုးစံမဲ ဆိုတာလည်း တို့ရွာက ဘိုးစိုတို့လို
ဖြစ်တာပဲလားကွ “

“ဟုတ်ပါ့ဗျာ အင်းကြီးတွေကို လေလံဆွဲပြီး
အင်းသူကြီး လုပ်ကြတဲ့လူတွေဟာ ဒီအလုပ်ကြီးက
အကုသိုလ်ကြီးလွန်းလို့ သုံးနှစ်လောက်ပဲ လုပ်ကြတာကွ
ပြီးရင် တခြားအလုပ်ကို ပြောင်းလုပ်ကြတယ်ဆိုပဲ။
ဘိုးစံမဲကတော့ သူ့ညီမဖဲဝါနဲ့ အတူတူ မင်းပြစ်
မင်းဒဏ် သင့်တော့မှာမို့လို့ ထွက်ပြေးတိမ်းရှောင်
နေကြရတာဆိုတော့ ဒီအင်းကြီးထဲမှာပဲ
ဇာတ်မြှုပ်နေကြရတာကိုးကွ၊ ဒီတော့
သုံးနှစ်မဟုတ်ဘဲ တစ်သက်လုံး ဒီအလုပ်ကိုပဲ
လုပ်ကြရတော့တာပေါ့ “

ဒီမှာတင် အကုသိုလ်တွေက အတိုင်းအဆမရှိ
ကြီးကုန်တော့တာပေါ့ ဘကျုတ်ရာ “

“နေပါဦးကွ တာတေရ၊ မင်းပြောတဲ့ အင်းသူကြီး
ဘိုးစံမဲနဲ့ သူ့ညီမ မဖဲဝါအကြောင်းကလည်း
စိတ်ဝင်စားဖို့ ကောင်းသားကွနော် “

” အေး ဟုတ်တယ်ကွ အစ်ကိုလုပ်တဲ့ ဘိုးစံမဲက
အင်းကြီးထဲမှာ လှေတစ်စီးနဲ့ ပိုက်ဆွဲတဲ့နေရာတွေ
လိုက်ကြည့်တယ်။အကုသိုလ်များလာတော့
ဘယ်နားမှာ ဘာငါးတွေ ရှိတယ် ဆိုတာကို
ဘိုစံမဲက အတတ်သိနေတာကွ။

ဒီတော့လည်း မောင်ညိုတို့က ဘယ်နားမှာ
ပိုက်ချ ၊ ငါးမြင်းအကြီးကြီးတွေ ရှိတယ်
မောင်မဲတို့က ဘယ်နားမှာ ပိုက်ဆဲ
ငါးဒန်တွေ အုပ်လိုက်စုနေတယ်၊
မောင်ဘတို့က ဘယ်မှာ သွားပိုက်ချ၊
ငါးကျည်းတွေ အလုံးလိုက်၊ အုပ်စုဖွဲ့
နေတယ်ဆိုပြီး ပြောတာကွ၊ သူပြောတဲ့
နေရာတွေမှာ ပိုက်သွားချရင်လည်း
သူပြောတဲ့အတိုင်းကို တန်းနေတာတဲ့
ဘကျုတ်ရေ၊ ဒီတော့ ဘိုးစံမဲအင်းမှာ
အလုပ်လုပ်ရတဲ့ လူတွေက သက်သာ
ကြတာပေါ့ကွာ၊ ငါးကို လွယ်လွယ်နဲ့ကို
ဖမ်းလို့ ရနေကြတော့တာပေါ့ “

“အေးနော်၊ အင်းလုပ်ငန်းကလည်း အကုသိုလ်တော့
တော်တော်ကြီးသားကလား တာတေရ”

“ဟာ ကြီးပါပြီလား ဘကျုတ်ရာ၊ ငါးရံ့ကြီးတွေကို
ငါးပိလုပ် ငါးခြောက်ခွဲတယ်ဆိုတာ အရှင်လတ်လတ်
ကြီးတွေကို ခေါင်းဖြတ်၊ မသေမရှင်တွေကို ခွဲကြ
စိတ်ကြ၊ ဆားနယ်ကြရတာကွ၊ ငါးကျည်းခြောက်
လုပ်တာကို မင်း မတွေ့ဘူးလို့ကွ၊ ကြပ်စင်ပေါ်ကို
ငါးကျည်းတွေ အရှင်အတိုင်း တောင်းကြီးတွေနဲ့
လောင်းချပြီး ဖြန့်လိုက်ရတာ၊ ပြီးတော့ အောက်က
မီးနဲ့မြှိုက်တာ။ ငါးတွေက ထွန့်ထွန့်လူးပြီး
သေတာကွ ဘကျုတ်ရ”

“တာတေ မင်းက ဒါတွေကို မြင်ဖူးလို့လား “

“ဟ ငါက ငါတို့ရွာက ကိုဆိတ်ဖွားနဲ့ အောက်ပြည်ကို
ငါးပိဝယ်၊ ငါးခြောက်ဝယ် လိုက်ဖူးတယ်ကွ၊
အင်းကြီးတွေထဲလည်း လိုက်သွားဖူးတယ်
ဒါတွေက ငါတွေ့ခဲ့တာတွေလေကွာ”

“ပြောပါဦးကွ၊ ဘိုးစံမဲတို့ မဖဲဝါတို့အကြောင်းကို”

“အေး အေး၊ ဘိုးစံဖဲက အင်းထဲမှာ ဦးစီးပြီး
ငါးဖမ်းသလို ရလာတဲ့ ငါးတွေကို ငါးပိတန်ရင် ငါးပိ၊
ငါးခြောက်တန်ရင် ငါးခြောက်ခွဲ၊ ပုဇွန်ခြောက်လုပ်၊
ပုဇွန်ဒုန်းခြောက်လှမ်း။ ဒါတွေကို လူအုပ်ချပြီး
နိုင်နင်းအောင် လုပ်တဲ့နေရာမှာ ညီမလုပ်တဲ့
မဖဲဝါက အုပ်စီးရတာပေါ့ကွာ။ နောက်တော့
မင်းတို့ရွာက ဘိုးစိုကြီးလိုပဲကွာ၊ ဘိုးစံမဲကြီးလည်း
ပုံစံကြီး ပြောင်းပြောင်းလာပြီးဘအသားစိမ်း
ငါးစိမ်းတွေ စားတဲ့အဖြစ်ကို ရောက်တော့တာတဲ့ဟေ့။

တစ္ဆေသရဲ ဆိုတာကို ဒီအတိုင်းကို မြင်နေရတာတဲ့
ဘကျုတ်ရ။ သူ့အင်းထဲမှာ ငါးလာခိုးတဲ့ သရဲတော့
သေလုမြောပါးကို ခံရတာတဲ့ဟေ့၊ အတင်းရေထဲဆင်း၊
အတင်းဝင်လုံး၊ နပမ်းသတ် လက်ဝှေ့ထိုးနဲ့ သရဲလည်း
ငယ်သံပါအောင်အော်ပြီး ပြေးရရောတဲ့ဟေ့။

ဘိုးစိုလိုပါပဲကွာ၊ သူလည်း နောက်ဆုံး လူအကောင်

အထည်ကြီးပျောက်ပြီး သူ့ညီမက အသံပဲ
ကြားရတော့တာတဲ့။ နောက်ဆုံးတော့
လုံးဝကို လာလို့မရတော့ဘဲ  အထက်ပုဂ္ဂိုလ်တွေ
စီစဉ်တဲ့အတိုင်း နေရတော့တာပေါ့ကွာ “

“သူ့ညီမ မဖဲဝါကရော “

“ဟ ဘကျုတ်ကလည်း မဖဲဝါကလည်း
အကုသိုလ်တွေ အများကြီး လုပ်ခဲ့တာပဲလေ။
ဒါပေမဲ့ မဖဲဝါကတော့ တစ်ပွဲစား မဖြစ်ဘူးကွ၊
သူက သေပြီးမှ သရဲဖြစ်တာပါ။ မဖဲဝါက
လူ့ဘဝမှာ အကုသိုလ်အလုပ် လုပ်ပေမယ့်
သူ့မှာ မလွှဲသာလို့သာ လုပ်ရတာကွ၊
ကုသိုလ်၊ အကုသိုလ်ကို နားလည်ပုံရတယ်
အကုသိုလ်ကို စိတ်ပါလက်ပါ လုပ်ပုံမရဘူး။
ဒါကြောင့် သရဲဖြစ်တာတောင် သူ့မှာ
ကုသိုလ်အစွမ်းလေးတွေ ရှိနေတယ် ဘကျုတ်ရ”

“ဘိုးစံမဲတို့ မဖဲဝါကို အခုထိ မကျွတ်သေးဘူးလားကွ
တာတေရ”

“ဟာ ဘကျုတ်ကလည်း သူတို့ဘုံဘဝရဲ့
သက်တမ်းနဲ့ လူ့ဘုံရဲ့သက်တမ်းက ကွာတယ်
လေကွာ၊ ခုထိ မကျွတ်ကြသေးဘူး၊ ဘိုးစံမဲကြီးက
ကွင်းပိုင်ကြီးလေကွာ၊ မဖဲဝါက သင်္ချိုင်းအပိုင်စားကွ”

“ကွင်းပိုင်ကြီးဆိုတာ တစ်ပွဲစားကြီး ဘိုးစံမဲလား”

“ဟုတ်ပါ့ဗျာ”

“သြော် …ဒီလောကမှ တို့ရွာက ဘိုးစိုလို
လူမျိုးတွေလည်း ရှိတာကိုး”

“ရှိတာပေါ့ကွာ နို့ နေပါဦး ဘကျုတ်ရဲ့၊ မင်း အခု
ငါ့ဆီကို လာရတဲ့အကြောင်းကိုလည်း ပြောဦးလေကွာ”

“အေး ဟုတ်သားပဲကွာ၊ ဘိုးစိုအကြောင်း ပြောရ၊
ဘိုးစံမဲတို့ မဖဲဝါတို့အကြောင်း ပြောရနဲ့ လာရင်း
ကိစ္စကိုတောင် မပြောမိဘူး ဖြစ်နေတယ်ကွ “

ဘကျုတ်က နဂါးဆေးပေါ့လိပ်ကို နှစ်ဖွာ သုံးဖွာ
ဆက်တိုက်ဖွာလိုက်ပြီးတော့ ပြာခံခွက်ထဲမှာ
ချထားလိုက်တယ်။

“ဒီလို တာတေရေ ၊ တစ်ပွဲစားကြီး ဘိုးစို ငါတို့ရွာကနေ
အပြီးပျောက်သွားတာ ကြာလှပြီကွ ၊ သူ့မိသားစုလည်း
အပြီး ရောင်းချပြီး ပြောင်းသွားတာ ကြာပြီပဲ။
ခုလောက်ဆိုရင် ဖွားသီလရှင် ဝတ်သွားတဲ့ ဒေါ်မယ်ပု
တောင် ရှိသေးရဲ့လား မသိဘူးကွ၊ ဟိုတစ်ညကတော့
ငါတို့ညောင်ဝိုင်းမှာ တစ်ရွာလုံးမှာရှိတဲ့ ခွေးတွေ
ပြိုင်တူ အူလိုက်ကြတာကွ၊ ခွေးအိုကြီးတွေက
စပြီး မွေးကင်းစ အကောင်အထိ တစ်ကောင်မှကို
မကျန်ဘူးဟေ့ “

“ဟာ ဟုတ်လား ၊ ဘိုးစိုရှိတုန်းက အူတဲ့ပုံစံပဲလား”

“ဟုတ်ပါ့ဗျာ၊ အဲဒီအတိုင်းကို အူတာကွ၊
ခွေးတွေအူပြီး ခဏ ကြာတော့ ရွာထဲကို
ဝင်လာတဲ့ ခြေသံကြီးကွ ကြောက်စရာ
ကောင်းလိုက်တာ တာတေရာ၊ ‘ဘုန်း၊ ဘုန်း၊
ဘုန်း၊ ဘုန်း’ဆိုပြီး တစ်လှမ်းချင်း
လှမ်းဝင်လာတာကွ။ကလေးအမေတွေ
ဆိုရင် ကလေးတွေကို နားတွေ လက်နဲ့
အုပျထားကွရတာဆိုပဲ “

“ဒါဆိုရင် ဘိုးစို ပြန်ရောက်လာတာ ဖြစ်မှာပေါ့ကွ”

“အေး ဟုတ်တယ် တာတေ၊ ငါတို့တစ်ရွာလုံး
ကလည်း  ဒီအတိုင်းပဲ ထင်ကြတာ၊ တခြားသူတွေက
သေပြီးမှ သရဲဖြစ်သွားတာမို့လား၊ သူ့မိသားစုကို
မှတ်မိချင်မှ မှတ်မိမှာပေါ့ကွာ၊ ဘိုးစိုကတော့
မသေဘဲ သရဲဘဝကို ကူးသွားတာဆိုတော့
သူ့မိသားစုကို မေ့ပုံမပေါ်ဘူးကွ “

“အင်း …မင်းပြောတာ ဖြစ်နိုင်တယ် ဘကျုတ်၊
အေး ပြောပါဦးကွ၊ နောက်တော့ တစ်ပွဲစား
သရဲကြီးက ဘာလုပ်တုံး”

“သူ့အိမ်ရှေ့ရောက်တော့ ခြေသံပျောက်သွားတယ်ကွ၊
ခွေးတွေကတော့ ရပ်သွားလိုက်၊ ခဏကြာရင်
ထအူလိုက်နဲ့ တစ်ရွာလုံး ဘယ်သူမှ မအိပ်ရဲ
ကြတော့ဘူးပေါ့ကွာ”

“သူအိမ်ကို ပြန်လာတာရှိမယ်ကွ “

ကျုပ်ကလည်း ကျုပ်တွေးနေတာကို
ပြောပြတာပေါ့ဗျာ။

“သူတိုက်ကို အရီးမယ်ပုဆီက ဝယ်ထားလိုက်တဲ့
လူတွေကလည်း ကြောက်ကြတာပေါ့ကွာ
တစ်ပွဲစားသရဲကြီး သူတို့အိမ်ရှေ့မှာ ရပ်နေတာကို
အိမ်ထဲက လူတွေသိတော့ အသားဆတ်ဆတ်
တုန်အောင် ကြောက်ကြတာတဲ့ကွ”

“ဒါတော့ ဟုတ်မှာပေါ့ ဘကျုတ်ရာ၊
လောကမှာ သရဲမကြောက်တဲ့လူဆိုတာ
ရှားသာကလား၊ လူမပြောနဲ့၊ ခွေးတွေ၊
နွားတွေတောင် သရဲကြောက်ကြတာကွ”

“သရဲကြောက်တဲ့အထဲမှာ မင်းတော့
မပါလောက်ဘူး ထင်တယ် တာတေ”

ဘကျုတ်က ကျုပ်ကို ပြုံးဖြဲဖြဲနဲ့ ကြည့်ပြီး
ပြောတာဗျ။

“ဘကျုတ်ရာ ဘယ့်နှယ့် မကြောက်ဘဲ
ရှိပါ့မတုံး၊ ကြောက်လိုက်တာမှ ကြက်သီးတွေ
တဖျန်းဖျန်းထနေတာကွ၊ တစ်ခါတလေများ
ဆံပင်တွေတောင် ထောင်ကုန်တာဟေ့ “

“ဟင် ဟုတ်လား ၊ ဒါနဲ့များ မင်းက ဒီကိစ္စတွေ
လိုက်လုပ်နေရတယ်လို့ “

“ဟား ဟား  ဟား ဒါကတော့ ဝါသနာကွ
ဘကျုတ်ရ ဝါသနာ၊ ဝါသနာ”

“သြော် …အေး၊ ငါ စကားဆက်ရဦးမယ်
တစ်ပွဲစား သရဲကြီးက ငါတို့ရွာထဲကို
အခု ညတိုင်းလာနေတာကွ။ အရုဏ်
တက်ကာနီးမှ ပြန်သွားတာ၊ သူပြန်ထွက်သွားတဲ့
ခြေသံကြီးလည်း ကြားကြရတယ်ကွ။
တစ်ညကတော့ တစ်ပွဲစားကြီးက
အိမ်ရှေ့မှာ ရပ်နေရုံတင် မကတော့ဘဲ …

“မယ်ပု၊ မယ်ပု၊ သမီးမယ်စုံ “

လို့ လှမ်းခေါ်သတဲ့ဟေ့၊ ကျန်တဲ့လူတွေကတော့
မကြားကြဘူးကွ၊ အိမ်ထဲက လူတွေကတော့
အကုန်လုံး ကြားတယ်။ သူတို့လည်း
တို့ရွာသားတွေပဲလေကွာ၊ ဘိုးစိုကို
သူတို့လည်း ကောင်းကောင်းသိတာပေါ့။
သူတို့ပြောတာကတော့ မယ်ပု၊ မယ်ပုလို့
ခေါ်တဲ့အသံက ဘိုးစိုအသံမှ ဘိုးစိုအသံတဲ့ဗျာ”

“အင်း ခက်တော့ ခက်တာပဲ ဘကျုတ်ရဲ့
သူကလည်း သူ့မိသားစုကို သတိရလို့
လာတာမို့လား၊ တခြားကလည်း မဟုတ်ဘူးလေ၊
ကိုယ့်ရွာသားလေ။ တစ်သက်လုံးလည်း
ရွာကလူတွေကို အသားငါး ရှာကျွေးခဲ့တဲ့
လူတစ်ယောက်လေကွာ၊ ပြီးတော့
ကိုယ်မျက်စိအောက်မှာပဲ တစ်ပွဲစားကြီး
ဖြစ်ပြီး သရဲကြီး ဖြစ်သွားတာလည်း
တစ်ရွာလုံးက သိနေကြတာမို့လား “

“ဒါပေမဲ့ တာတေရ၊ ဘိုးစို သရဲက မယ်ပု၊
မယ်ပုလို့ ခေါ်တဲ့ည နောက်တစ်နေ့ မိုးလည်းလင်းရော
ဘိုးစိုအိမ်ကို ဝယ်ပြီး နေတဲ့လူတွေ တစ်ခါတည်း
ပြောင်းပြေးတော့တာပဲဟေ့၊ မင်း စဉ်းစားကြည့်လေကွာ၊
ဒီလူတွေ ပြောတာလည်း မမှားဘူးကွ၊ ပထမ
ရွာထဲဝင်လာပြီး အိမ်ရှေ့မှာ လာရပ်နေတယ်၊
နောက်တော့ သူ့မိန်းမနဲ့ သမီးကို နာမည်ခေါ်တယ်၊
နောက်ဆိုရင် အိမ်ထဲဝင် မလာဘူး ပြောလို့ရမလားတဲ့”

“အေး …သူတို့ပြောတာလည်း ဟုတ်တာပဲကွ
ဘကျုတ်ရ “

“ငါ အခုလာတာ အဲဒီကိစ္စပဲကွ၊ ငါ့ဘိုး ညောင်ဝိုင်း
သူကြီးလည်း ဘာလုပ်လို့ လုပ်ရမှန်း မသိဘူးဟေ့၊
ရွာသားတွေကလည်း ရောက်လာပြီး မျက်နှာငယ်လေးတွေနဲ့
မေးကြလို့ဟေ့၊ ‘သူကြီး ဘာလုပ်မှာတုံး၊ တစ်ခုခုတော့
လုပ်မှဖြစ်မယ် ‘နဲ့ပေါ့ကွာ။ ဒီကြားထဲ တချို့
ရွာသားတွေကလည်း ‘သူကြီးရဲ့ နှစ်လုံးပြူး
သေနတ်နဲ့ ပစ်လွှတ်ပါလားဗျ’လို့ ပြောလိုပြော။
‘ဘုန်းကြီးပင့်ပြီး တစ်ရွာလုံး ပရိတ်ရွတ်ဗျာ’
လို့ ပြောလိုပြောပေါ့ကွာ။

ငါ့ဘိုးက တွေးတာက တစ်ပွဲစားသရဲကြီးဟာ
မသေဘဲ သရဲဖြစ်သွားတာဆိုတော့ ဒီရွာကို
သူ့ရွာလို့ သတ်မှတ်နေတာ၊ ဒီရွာသားတွေကိုလည်း
သူ့ရွာသားတွေလို သိနေတုန်းပဲ။ တစ်ခုခု
သွားလုပ်လိုက်တော့မှ တစ်ပွဲစားသရဲကြီးက
စိတ်ဆိုးသွားရင် ခက်မယ်ဆိုပြီး ဘာမှ
မလုပ်သေးတာကွ “

“အေး မင်းဘိုး သူကြီး ဦးရွှေကျုတ် တွေးတာ
မှန်တယ်ကွ ဘကျုတ်ရ”

“တွေးတာတော့ မှန်တယ်ကွ တာတေရ၊ ဒါပေမဲ့
အခြေအနေတွေက အခု အရမ်းဆိုးသွားပြီ”

“ဟေ…ဘာတွေဖြစ်သွားလို့တုံး”

“ငါ့ဘိုးက ခဏနေကြပါဦး စဉ်းစားပါရစေဦး
ဆိုတာကို တချို့ကလည်း မကျေမနပ် ဖြစ်ကြရောဟေ့
ဒီသူကြီး လုပ်ပုံနဲ့တော့ ငါတို့တစ်ရွာလုံး
ဒုက္ခဖြစ်တော့မယ်ဆိုပြီး ညဘက်ခွေးတွေ
အူသံကြားတာနဲ့ သံပုံးတွေ တီးကြတော့တာဟေ့၊
တစ်ရွာလုံးကို ညံနေတော့တာပဲကွာ
ပြီးတော့ ဘိုးစိုကြီး ဝင်လာတဲ့ လမ်းမှာ
ပရိတ်ရေတွေ ထွက်ဖြန်းကြတယ်”

“ဟာ…ဒီတော့ ဘာဖြစ်တုံး”

“ဘာဖြစ်ရမှာတုံး တာတေရာ၊ တစ်ပွဲစားသရဲကြီးကို
သွားပြီးဆွလိုက်သလို ဖြစ်တော့တာပေါ့ကွာ၊
ပရိတ်ရေဖြန်းနေတဲ့ ကိုကြောင်သိုး ဆိုတဲ့လူကို
ဆောင့်တွန်းပစ်လိုက်တာ နေရာမှာတင် ပွဲချင်းပြီး
သွားပါရောလား “

“ဟေ…ဟုတ်လား၊ ကိုကြောင်သိုး ဆိုတဲ့လူ
သေရောလား “

“သြော်…ပွဲချင်းပြီးပါဆို တာတေရာ၊ ပြီးတော့
ဝိုင်းထဲမှာထွက်ပြီး သံပုံးတီးနေတဲ့ မလုံးဆိုတဲ့
မိန်းမကိုတော့ သွေးတွေနဲ့ ပက်ပစ်ခဲ့တာ
တစ်ကိုယ်လုံးကို ရဲသွားတာဟေ့ “

“ဟာ တစ်ပွဲစားကြီး တအားစိတ်ဆိုးသွားပြီကွ
မင်းတို့ ရွာတော့ မလွယ်ဘူးထင်တယ်။သူ့မိန်းမနဲ့
သမီးကိုလည်း ရှာလို့ မတွေ့၊ ဒီကြားထဲ ရွာက
သူ့ကို သံပုံးတီးထုတ်၊ ပရိတ်ရေတွေဖြန်းဆိုတော့
တအားဒေါသဖြစ်သွားတော့တာပေါ့ကွာ”

“အဲဒါ ငါ့ဘိုး ညောင်ဝိုင်းသူကြီးမင်း ဦးရွှေကျုတ်က
ဟောဒီက ဆရာ ကိုတာတေကို ပင့်ခိုင်းလိုက်လို့
လာပင့်တာပါဗျာ”

“လုပ်ပြန်ပြီ၊ ဒီပင့်တာကြီးက”

အမေနဲ့ အဘကို ပြောပြီး ကျုပ် ဘကျုတ်နဲ့
ညောင်ဝိုင်းကို လိုက်ခဲ့တယ်။ ဘကျုတ်တို့လှည်းကို
မောင်းတာက ညောင်ဝိုင်းက ဆယ်အိမ်ခေါင်း ကိုသန်းတဲ့ဗျ။
လှည်းမောင်းတာ လွှတ်ကျွမ်းတဲ့လူပဲဗျ။

ဒါပေမဲ့ ကျုပ်တို့ ညောင်ဝိုင်းကိုရောက်တော့
မိုးတော်တော်ချုပ်နေပြီ။ သူကြီး ဦးရွှေကျုတ်နဲ့
ကျုပ် စကားပြောတယ်။ပြီးတော့ ကျုပ်နဲ့
ကျုပ်သူငယ်ချင်းဘကျုတ် ထမင်းအတူတူစားတယ်။
ထမင်းစားပြီးတော့ ကျုပ်က မျက်ကွင်းဆေးကွင်းပြီး
တစ်ပွဲစားသရဲကြီး ဘိုးစိုရဲ့ တိုက်ကလေးကို
ထွက်လာခဲ့တယ်။ သူကြီးအမိန့်နဲ့ တိုက်ပိုင်ရှင်တွေက
သော့လာပေးထားတော့ ကျုပ်နဲ့ ဘကျုတ်က
အဆင်သင့်ဖွင့်ဝင်ပြီး အိမ်ပေါ်ထပ်မှာ
နေရာယူထားကြတာပေါ့ဗျာ

“ဝူး ဝူး ဝူး ဝူး ဝူး အီ အီ အီ ဝူး “

ဟော ခွေးတွေ အူပြီဗျို့။ ဘကျုတ်ပြောတဲ့
အတိုင်းပါပဲဗျာ ရွာထဲမှာ ရှိသမျှ ခွေးအို
ခွေမင်း၊ ခွေးအဘိုးကြီး၊ ခွေးအဘွားကြီးတွေက
စပြီး ခွေးလူပျို၊ခွေးအပျို၊ ခွေးအိမ်ထောင်သည်၊
ခွေးပေါက်စနကအစ အသံမျိုးစုံနဲ့ကို နေရာ
အနှံ့က တစ်ပြိုက်နက်ကို အူတော့တာဗျို့။
ဟော ကြားပြီဗျို့။ ခြေသံကြီး ကြားနေရပြီ။

ရွာထဲကို လျှောက်ဝင်လာတာဗျ။ ခုတော့
သံပုံးလည်း မတီးဝံ့တော့ဘူးဗျ။ ပရိတ်ရေလည်း
ထွက်မဖြန်းရဲတော့ဘူး၊ တစ်ရွာလုံး အိမ်တံခါးတွေပိတ်၊
မီးခွက်တွေ မှုတ်ပြီး ငြိမ်နေလိုက်ကြတာဗျာ
လူမနေတဲ့ တစ်စပြင်ကြီးကျနေတာပါပဲဗျာ
လူသဘာဝကိုက ဒီအတိုင်းပဲဗျ။ ရဲပြီဆိုရင်လည်း
လူလောက်ရဲတာ မရှိဘူးဗျ။ ကြောက်ပြီဆိုရင်လည်း
လူလောက်ကြောက်တာ မရှိတော့ဘူးလေ။
ဟော ရောက်လာပြီ၊ ရောက်လာပြီ။
ခြေသံကြီးက အိမ်ရှေ့တည့်တည့်မှာ
ရပ်သွားပြီ။ ကျုပ်က အဆင်သင့် ရှာထားတဲ့
ပြတင်းတံခါးကြားက အပေါက်ကလေးကနေ
ချောင်းကြည့်လိုက်တယ်။

“အောင်မယ်လေးဗျာ “

ကျုပ် လန့်အော်မိတော့မလို့ဗျို့
စိတ်ထဲမှာတော့ အော်လိုက်မိတာပေါ့ဗျာ။
နည်းနည်းနှောနှော အကောင်ကြီးမှ မဟုတ်တာဗျာ
အရပ်ကြီးက တကယ်ကို ထန်းပင်လောက် ရှိတာဗျို့
ခြေထောက်ကြီးတွေက သစ်ပင်ကြီးလောက်ရှိတယ်။
နီရဲနေတဲ့ မျက်လုံးကြီးတွေက ပန်းကန်လုံးအကြီးကြီးတွေ
မှောက်ထားသလား မှတ်ရတယ်။

ပါးစပ်ပြဲကြီးထဲမှာ အစွယ်ကြီးတွေမှ အရှည်ကြီးကို
ထွက်နေတာဗျ။ တစ်ပွဲစား သရဲကြီးက သူ့ဝိုင်းရှေ့မှာ
မားမားကြီး ရပ်ပြီး သူ့အိမ်ကို စိုက်ကြည့်နေတာဗျ။

ဘကျုတ်ကတော့ ဘာမှမမြင်ရဘူးပေါ့ဗျာ
ကျုပ်ကသာ မျက်ကွင်းဆေး ကွင်းထားလို့
မြင်နေရတာ၊ ဘကျုတ်ကတော့ ကျုပ်လက်မောင်းကို
ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။
တစ်ပွဲစား သရဲကြီးက ပါးစပ်ပြဲပြဲကြီးကို
ဟပြီး လျှာနီနီကြီး တွဲလောင်းကျလို့ဗျ။
ဟာ ငိုနေတာဗျ။ ငိုနေတာ။ ရင်ဘတ်ကြီး
လှိုက်လှိုက်ပြီး ရှိုက်ငိုနေတာဗျို့။
ကျုပ်တောင် မျက်ရည်ဝိုင်းလာတယ်။

“မယ်ပု၊ မယ်စုံ နင်တို့ ဘယ်ရောက်သွားကြတာတုံး”

သရဲကြီး ပြောတာကို ကျုပ်ကတော့ ကြားရတယ်
ဘကျုတ်ကတော့ ကြားပုံမပေါ်ဘူးဗျ။ မနက်လင်းအားကြီး
အထိ ဘိုးစိုသရဲကြီးက ငိုနေတုန်းဗျာ။ လူစင်စစ်ကနေ
ဒီလိုပုံစံကြီးကို မသေဘဲ ပြောင်းသွားတာတော့
ကျုပ် အံ့သြလို့ မဆုံးတော့ဘူးဗျာ။

ဟော သွားပြီဗျို့။ သွားပြီ။ တစ်ပွဲစားကြီး
ချာကနဲ လှည့်ပြီး ရွာထဲက ပြန်ထွက်သွားပြီ
ခွေးသံစုံ အူသံကလည်း တစ်ရွာလုံးကို
ညံသွားတာဗျို့။ နောက်တစ်နေ့မှာ
စီစဉ်စရာတွေအားလုံး စီစဉ်ထားလိုက်တယ်။

ညကိုးနာရီမှာ ညောင်ဝိုင်းက နတ်ကတော်
ဒေါ်ကျင်ပုကို ခေါ်ပြီး ညောင်ဝိုင်းသင်္ချိုင်းထဲမှာ
မဖဲဝါကို ပင့်ရတယ်။ စားပွဲသောက်ပွဲနှင့်
ကျွေးမွေးပြီး အကျိုးအကြောင်းအစုံ
ပြောပြရတယ်။ ပရိတ်ရေဖြန်းတဲ့ ကိုကြောင်သိုး
သေတာကအစ သံပုံးတီးတဲ့ မလုံးကို
သွေးတွေနဲ့ ပက်သွားတာပါမကျန်
ကျုပ်က ပြောပြလိုက်တယ်။

“တာတေ ငစိုက တစ်ပွဲစားသရဲ၊ အကုသိုလ်
သိပ်ကြီးတဲ့အကောင်၊ သူ့အတွက် လှူဒါန်းပေးလို့လည်း
အပိုပဲ၊ သူကျွတ်ဖို့ ဆိုတာ အဝေးကြီး လိုသေးတယ်။
သူ့လို တစ်ပွဲစားတွေ ကျတော့ နတ်မင်းကြီးတွေနဲ့ပဲ
ဆိုင်တယ်၊ ငါ နတ်မင်းကြီးကို ခုချက်ချင်း သွားပြီး
လျှောက်ပေးမယ် “

သင်္ချိုင်းက ပြန်လာတာနဲ့ နတ်ကတော်ကြီးကို
အိမ်ပြန်ပို့လိုက်တယ်။ ပြီးတော့ ကျုပ်နဲ့ ဘကျုတ်
ဘိုးစိုတို့တိုက်ကို တံခါးဖွင့်ပြီး ဝင်လိုက်ခဲ့ရောဗျ။
ညသန်းခေါင်လောက်ရောက်တော့
ထုံးစံအတိုင်းပေါ့ဗျာ။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ၊ ဝူး “

ညောင်ဝိုင်းဇာတိစစ်စစ်ဖြစ်တဲ့ ခွေးလောကကြီး
တစ်ခုလုံး အူကြတာဗျို့။

“ဘုန်း ၊ ဘုန်း၊ ဘုန်း၊ ဘုန်း “

တစ်ပွဲစားကြီး လာပြီဗျို့။ ဟော အိမ်ရှေ့ကို
ရောက်ပြီ။ မနေ့က ညကလိုပါပဲဗျာ။ မတ်တတ်ကြီးရပ်ပြီး
ရှိုက်ကြီးတငင် ငိုနေပြန်တာပါပဲဗျာ။ ခဏနေတော့
အငိုရပ်ပြီး ဟိုကြည့် ဒီကြည့် လုပ်နေတယ်ဗျ။

“မယ်ပုနဲ့ မိစုံ၊ ငါသွားရတော့မယ်၊ နတ်မင်းကြီး
ကိုယ်တိုင် ငါ့ကို အမိန့်ပေးနေပြီ၊ နောင်ဆိုရင်
လူတွေနေတဲ့ ရပ်ထဲ ရွာထဲကို ငါ ဝင်ခွင့်မရှိတော့ဘူး၊
နင်တို့ကို လွမ်းလို့တောင်မှ ဒီအိမ်ကို လာကြည့်ခွင့်ရမှာ
မဟုတ်တော့ဘူး မယ်ပုရေ၊ နင် အကြိမ်ကြိမ်
သတိပေးတဲ့ကြားက နင့်စကားကို ငါနားမထောင်
မိလို့ ဒီလိုဘဝမျိုးကို ရောက်ခဲ့ရတယ်ဆိုတာ
ငါသိတယ် မယ်ပု၊ ငါသိတယ် “

တစ်ပွဲစား သရဲကြီး နောင်တရသွားပုံပဲဗျ။
ဒါပေမဲ့ သိပ်နောက်ကျသွားခဲ့ပြီပေါ့ဗျာ။

“ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း ၊ ဘုန်း”

တစ်လှမ်းချင်း လှမ်းပြီး ရွာထဲက ပြန်ထွက်သွားတဲ့
ခြေသံကြီးကို ကျုပ် လိုက်ပြီးနားထောင်နေမိတယ်
တစ်ပွဲစားကြီး ဘိုးစို ဒီရွာထဲကို ဘယ်တော့မှ
လာမှာ မဟုတ်တော့ပါဘူးဗျာ။

နောက်တစ်နေ့မှာ ဘကျုတ်က ကျုပ်ကို
လှည်းနဲ့ ပြန်ပို့ပေးခဲ့တယ်။

ဆရာတာတေရေးသည် ‘ကွင်းပိုင်နှမ မဖဲဝါ’
စာအုပ်မှ စာဖတ်သူကို ကူးယူဝေမျှလိုက်သည်။

Like and Share ပေးကြပါဦးနော်။🤗

ပြီးပါပြီ။

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ