နုတ်ဆက်အိမ်ပြန်ချိန်

တဲ့ ချိုင့်ကြီးတွေကလည်း ရှိသေးတယ်မဟုတ်လား။

နင်းလာရင်းနဲ့ သိပ်မကြာပါဘူးဗျာ၊ လာပို့ရွာနားရောက်တော့ မနှင်းကြည်တို့စက်ဘီးကိုလှမ်းမြင်ရပြီဗျ၊ စိုင်းရာဇာက သူတို့နောက်က ဘယ်သူမှလိုက်မလာဘူးထင်လို့ အေးအေးဆေးဆေးနင်းနေတာပေါ့ဗျာ၊ ကျုပ်တို့လည်း အသံကုန်ဟစ်ပြီးအော်တယ်။

“ခွေးကောင်၊ စက်ဘီးကိုရပ်စမ်း”

ကျုပ်တို့အော်တော့ စိုင်းရာဇာက လှည့်ကြည့်တယ်ဗျ၊ ပြီးတာနဲ့ သူလည်း စက်ဘီးကိုအားစိုက်နင်းတော့တာပဲ၊ ဒီကောင်စီးထားတဲ့စက်ဘီးကလည်း ကောင်းတယ်ဗျ၊ သူကြီးစီးနေတဲ့စက်ဘီးအသစ်ကြီးဆိုတော့ ပြေးတာပေါ့ဗျာ၊ ကျုပ်တို့နင်းနေတဲ့စက်ဘီးကတော့ သံချေးကိုက်နေတဲ့စက်ဘီးကြီးဗျ၊ မောင်ဗမာဘီးဆိုတာ ခိုင်တာတော့ခိုင်ပါရဲ့ စက်ဘီးကသံနဲ့လုပ်ထားလို့ အလေးကြီးပဲ၊ အမြင့်ကလည်းအမြင့်ကြီးဗျ၊ ထိုင်ခုံဆိုရင်လည်း မာမာကြီးဗျာ။ အနောက်က ကယ်ရီယာခုံဆိုရင် သစ်သားပြားတွေတပ်ထားတာမဟုတ်လား။ စက်ဘီးနင်းရင်း စက်ဘီးကလည်း အသံစုံမြည်နေလိုက်သေးတယ်။

စက်ဘီးကိုလည်း အမြန်နင်း၊ လမ်းကလည်း ကြမ်းဆိုတော့ စက်ဘီးကခုန်လိုက်တာမှ ပြောမနေပါနဲ့ဗျာ၊ အရှေ့မှာထိုင်နင်းနေတဲ့ကျုပ်တောင်မှ ဖင်တော်တော်ကြိမ်းနေပြီဗျ။ သစ်သားနဲ့လုပ်ထားတဲ့ ကယ်ရီယာခုံမှာ ထိုင်လိုက်လာတဲ့ ရင်မောင်တစ်ယောက်တော့ ဖင်ရိုးတွေများ ကျိုးကုန်ပြီလားပဲ။

“ကိုရင်မောင် သေချာကိုင်ထား၊ ကျုပ်မိုင်ကုန်တင်မယ်”

ကျုပ်လည်း အားစိုက်ပြီးတော့ ကျုံးနင်းတာပေါ့ဗျာ၊ လမ်းကဆိုးတာဆိုတော့ စက်ဘီးက တခုန်ခုန်နဲ့ပေါ့၊ အနောက်ကထိုင်တဲ့ရင်မောင်က သူမပြုတ်ကျအောင်လို့တောင် မနည်းကိုင်ထားရသေးတာ။

“အ . . အလတ်ကောင်၊ နည်းနည်းလျော့နင်းလို့မရဘူးလားကွာ၊ ငါတော်တော်ဖင်ကြိမ်းနေပြီကွ”

“ဟာဗျာ၊ လျော့နင်းရင် ဟိုကောင်လွတ်သွားမှာပေါ့ဗျ၊ အသာလေး ကြိတ်ခံနေစမ်းပါ ကိုရင်မောင်ရာ၊ ကျုပ်လည်း ပေါင်တွေကြိမ်းနေပြီ”

အားစိုက်နင်းရင်း မကြာခင် စိုင်းရာဇာတို့ကိုမီလာတယ်ဗျ၊ ကျုပ်လည်း ရင်မောင်ကိုကြည့်လိုက်ရင်း

“ကိုရင်မောင်၊ လမ်းဘေးနားကပ်နားမယ်ဗျ၊ ဟိုးရှေ့က မြေမှာစိုက်နေတဲ့ ဝါးလုံးကို အသာစွဲယူလိုက်”

ကျုပ်လည်း လမ်းဘေးမှာစိုက်ထားတဲ့ ဝါးလုံးတိုင်အနားကို ကပ်နင်းတာပေါ့ဗျာ။ အနားလည်းရောက်ရော ရင်မောင်က ဝါးလုံးကို စက်ဘီးပေါ်ကနေလှမ်းဆွဲပြီးယူလိုက်တယ်။

“ဟေ့၊ ဝါးလုံးက ဘာလုပ်ဖို့လဲကွ”

“ခင်ဗျားကလည်း ဝေးလိုက်တာဗျာ၊ ကျုပ်မြန်မြန်နင်းပေးမယ်၊ စိုင်းရာဇာတို့စက်ဘီးနဲ့ ကပ်လိုက်တာနဲ့ သူတို့စက်ဘီး ဘီးထဲကို ခင်ဗျားလက်ထဲက ဝါးလုံးပိုင်းကို ပစ်သာထည့်လိုက်ဗျာ”

ရင်မောင်ကထိတ်လန့်သွားတယ်။

“ဟေ့ကောင်၊ ဝါးလုံးနဲ့ထိုးလိုက်ရင် သူတို့စက်ဘီးမှောက်ကုန်မှာပေါ့”

“စက်ဘီးမှောက်တာဘာဖြစ်သလဲဗျာ၊ ဒဏ်ရာနည်းနည်းပါးပါးရရင် ပြန်ကုလို့ရပါတယ်၊ ဟိုက လင်နောက်ပါသွားရင် ပြန်ကုမရတော့ဘူးနော် ကိုရင်မောင်”

ရင်မောင်လည်း ကျုပ်ပြောလိုက်တာကို နားလည်ပြီးတော့ ခေါင်းညိတ်လိုက်တယ်၊ သူ့လက်ထဲက ဝါးလုံးပိုင်းကို ပစ်ဖို့အသင့်ပြင်ထားလိုက်တယ်ဗျ၊ ကျုပ်လည်း ဆက်နင်းရင်း မကြာခင် စိုင်းရာဇာတို့နဲ့ ကပ်လာတယ်။

“ဟေ့ကောင် စိုင်းရာဇာ၊ မင်းတို့စက်ဘီးကိုအခုချက်ချင်းရပ်”

“မရပ်ဘူးကွ၊ လုံး၀မရပ်ဘူး”

“ခင်ဗျားမရပ်ရင် ကျုပ်တို့ရပ်ပေးမယ်”

မနှင်းကြည်ကတော့ ကြောက်ကြောက်လန့်လန့်နဲ့ စိုင်းရာဇာရဲ့ ခါးကိုဖက်ထားတယ်ဗျ၊ ကျုပ်လည်း ပိုအားစိုက်နင်းပေးလိုက်တော့ စက်ဘီးက စိုင်းရာဇာတို့နဲ့ ဘေးချင်းကပ်လောက်နီးနီးဖြစ်သွားတာပေါ့။ ရင်မောင်က သူ့လက်ထဲက ဝါးလုံးပိုင်းကို မပစ်သေးဘဲ သေသေချာချာချိန်နေသေးတယ်။

“ကိုရင်မောင် . . . ပစ်လေဗျာ၊ ဘာလုပ်နေတာလဲ”

“အေး၊ ငါပစ်ရင် စက်ဘီးမှောက်ပြီး မနှင်းကြည်နာသွားမှာစိုးလို့ကွ”

“ဟာဗျာ၊ ပစ်မှာသာပစ်ထည့်စမ်းပါဗျ”

ရင်မောင်က ဝါးလုံးပိုင်းကိုပစ် ဖို့ပြင်လိုက်တယ်၊ ဒါပေမယ့် စိုင်းရာဇာက လူလည်ဗျ၊ စက်ဘီးကို ရှေ့ဘရိတ်ရော နောက်ဘရိတ်ရော စုံညှစ်ချလိုက်တာ၊ ရွှီးခနဲအသံကြီးနဲ့ လှည်းလမ်းမကြီးပေါ်မှ ဖုန်တွေထသွားတာပေါ့ဗျာ၊ မနှင်းကြည်တို့စက်ဘီးက အနောက်မှာရပ်ပြီးကျန်နေခဲ့တာပေါ့၊ ကျုပ်လည်း သူတို့စက်ဘီးကိုလည်ပြန်လှည့်ကြည့်နေမိတယ်၊ ဒီအချိန်မှာပဲ ရင်မောင်က ကျုပ်ပုခုံးကိုပုတ်ပြီး

“အလတ်ကောင်၊ ရှေ့မှာ၊ ရှေ့မှာ . . .”

ကျုပ်လည်းသတိရပြီး အရှေ့ကိုကြည့်လိုက်တော့ နွားအုပ်ကြီးတစ်အုပ်က တာလမ်းမကြီးကို ကူးဖြတ်နေတယ်ဗျ၊ နွားတွေမှ မနည်းမနောပဲဗျာ၊ အကောင်တစ်ရာလောက်ရှိမယ်ထင်တယ်။

“အလတ်ကောင် ဘရိတ်၊ ဘရိတ် . . .”

ရင်မောင်က အော်ဟစ်နေတယ်၊၊ ကျုပ်လည်း ဘရိတ်နှစ်ဖက်ကို စုံညှစ်ချတာပေါ့ဗျာ။ ဒါပေမယ့် စက်ဘီးက ရပ်မသွားဘူးဗျ။

“ဟာ . . . ဘရိတ် . . ဘရိတ်မမိဘူး”

ဒီနွားအုပ်ထဲကိုသာ ဝင်သွားမိရင်တော့ ကျုပ်တို့ကို နွားတွေဝိုင်းနင်းတာနဲ့ အရိုးတခြား အသားတခြားဖြစ်သွားမှာဗျ၊ ကျုပ်လည်း စက်ဘီးကို လမ်းဘေးအမြန်ဆွဲချလိုက်ရတယ်၊ ခွေးရှေ့၊ နွားနောက်ဆိုသလို နွားတွေရဲ့အနောက်ဘက်အခြမ်းကိုဆွဲချလိုက်တာပေါ့ဗျာ၊ အဲဒီမှာလမ်းဘေးနားက ကမူကြီးနဲ့ စက်ဘီးနဲ့တိုက်မိပြီးတော့ ကျုပ်တို့နှစ်ယောက်လုံး လမ်းဘေးနားက ရေမရှိတဲ့မြောင်းထဲကို ကျွမ်းပစ်ပြီးတော့ ကျသွားတော့တာပေါ့ဗျာ။

“အောင်မယ်လေးဗျ . . .”

(၂)

ရင်မောင်ကတော့ လမ်းဘေးနားမှာပေါက်နေတဲ့ ချုံပင်ကြီးထဲကိုကျတယ်ဗျ၊ ကျုပ်ကတော့ မြောင်းထဲတည့်တည့်ကိုကျတာပဲ၊ ဒါပေမယ့် ကျုပ်ကံမကောင်းပါဘူးဗျာ၊ ခုနက ဖြတ်သွားတဲ့နွားအုပ်ထဲက ဘယ်နွားပါသွားမှန်းမသိတဲ့ နောက်ချေးပုံကြီးက အကြီးကြီးပဲဗျ၊ ကျုပ်လည်း လေပေါ်မှာရှောင်မရတာနဲ့ အဲဒီနောက်ချေးပုံကြီးထဲကို မျက်နှာကြီးအပ်မိပြီး ပြုတ်ကျသွားပါရောဗျာ။

ဇွပ်ဆိုတဲ့အသံကြီးကြားလိုက်ရပြီးတော့ နှာခေါင်းနဲ့ပါးစပ်ထဲကို နောက်ချေးတွေက အထွေးလိုက်ဝင်လာတာပဲဗျာ။ မြေကြီးနဲ့ထိပြီးတာနဲ့ ကျုပ်လည်း အမြန်ကုန်းထရတယ်၊ နောက်ချေးက အစိုတွေဆိုတော့ မျက်နှာတစ်ခုလုံး လူးထားသလိုကို ပေကျံကုန်တာပေါ့ဗျာ။ ကျုပ်လည်း ကမန်းကတမ်းထပြီးတော့ တာလမ်းပေါ်ကိုပြေးတက်လိုက်တာပေါ့၊ ပြုတ်ကျထားပေမယ့် သွေးပူနေတုန်းမို့လို့ နာမှန်းမသိသေးဘူးဗျ၊

ရင်မောင်ကလည်း ချုံထဲကနေထွက်ပြီးတက်လာတယ်၊ သူကျထားတဲ့ချုံက ကပ်စေးနှဲချုံကြီးဆိုတော့ တစ်ကိုယ်လုံးလည်း ကပ်စေးနှဲပင်က ဆူးလုံးလေးတွေဆူးပြီး ထွက်လာတာပေါ့ဗျာ။

ကျုပ်တို့နှစ်ယောက် တာလမ်းပေါ်ရောက်တော့ စိုင်းရာဇာတို့က စက်ဘီးကိုဆက်မနင်းတော့ဘူးဗျ၊ အရှေ့ကိုဆက်နင်းလဲမရတော့ဘူးလေ၊ ကျုပ်တို့နှစ်ယောက်က ပိတ်ရပ်နေတာ၊ ကျုပ်တို့အနောက်မှာလည်း နွားအုပ်ကြီးရှိသေးတယ်မဟုတ်လား။

ဒီတော့ စိုင်းရာဇာက စက်ဘီးကိုပြန်လှည့်ပြီးနင်းပြေးဖို့လုပ်တယ်၊ ဒီအချိန်မှာ စက်ဘီးနဲ့ခပ်လှမ်းလှမ်းတစ်နေရာမှာ လူကြီးတစ်ယောက်က လက်ပိုက်ပြီးရပ်နေတယ်ဗျ။

“ဦး . . . ဦးဘသာ . . .”

ကျုပ်ရော ရင်မောင်ရော အံ့အားသင့်ပြီး အကျယ်ကြီးအော်လိုက်မိတယ်ဗျ၊ အင်္ကျီလက်ရှည်ဝတ်ထားတဲ့ ဦးဘသာက လမ်းလယ်ခေါင်မှာရပ်နေတာဆိုတော့ စိုင်းရာဇာလည်း စက်ဘီးကိုရပ်လိုက်တာပေါ့ဗျာ။ ဦးဘသာက စိုင်းရာဇာကိုလက်ညှိုးထိုးပြီးတော့

“ဟေ့ကောင်၊ မင်းရပ်စမ်း၊ သူများသားပျိုသမီးပျိုကို မင်းဒီလိုလုပ်စရာလားကွ”

စိုင်းရာဇာကလည်း မာန်မချဘူးဗျ၊ စက်ဘီးပေါ်ကနေပြီးတော့ အော်ရယ်တယ်။

“ဟား၊ ဟား ခင်ဗျားကြီးလာရှုပ်ပြန်ပြီလား၊ ကျုပ်အဘအကြောင်း ခင်ဗျားမမှတ်သေးဘူးလား”

စိုင်းရာဇာပြောလိုက်တာနဲ့ ပတ်ဝန်းကျင်က သစ်ပင်တွေကတဖြန်းဖြန်းလှုပ်ရှားသွားတယ်ဗျ၊ ပြီးတာနဲ့ နွေခေါင်ခေါင်ကြီးကို မိုးတွေအုံ့လာပါရောဗျာ၊ နွားအုပ်ကြီးကနွားတွေကလည်း အော်ဟစ်ပြီး ကြောက်အားလန့်အားနဲ့ထွက်ပြေးကြလို့ နွားကျောင်းတဲ့သူတောင်မှ မနည်းလိုက်ထိန်းရတယ်ဗျ၊ ခုနက နေကျဲကျဲတောက်ပူနေတဲ့ မိုးကောင်းကင်ကြီးက အခုတော့ တိမ်မှောင်တိမ်လိပ်တွေဖုံးလွှမ်းသွားပြီးတော့ ညနေစောင်းလိုဖြစ်သွားပါရောဗျာ၊

မိုးမှောင်တွေကျလာပြီးတော့ လေစိမ်းတွေလည်းတိုက်လာတယ်ဗျ၊ လေကတိုက်နေရင်း တဖြည်းဖြည်းနဲ့ကြမ်းလာတယ်၊ ပြီးတော့ အနားကသစ်ပင်တွေလည်း တဖြန်းဖြန်းလှုပ်ခတ်ပြီးတော့ အဲဒီသစ်ပင်တွေကနေ အကောင်မဲမဲကြီးတွေဆင်းလာကြတယ်။

တစ်ပင်ကို လေးငါးဆယ်ကောင်ဆင်းလာကြတာဗျ၊ အဲဒီလမ်းဘေးက နှစ်ချို့ဆေးရိုးပင်ကြီးဆီကဆိုရင် အကောင်တွေဆင်းလာတာ မနည်းမနောပဲဗျ၊ တစ်ပင်ထဲတင် အကောင်ငါးဆယ်လောက်ရှိမှာ၊ မနှင်းကြည်လည်း ကြောက်လန့်ပြီးတော့ စိုင်းရာဇာကိုဆွဲထားတယ်၊၊ ဒီအကောင်ကြီးတွေက ကျုပ်တို့ဆီကိုစားမလို ဝါးမလိုရုပ်ကြီးတွေနဲ့ ပြေးလာကြတာနဲ့ ကျုပ်တို့နှစ်ယောက်လည်း ဦးဘသာအနောက်ကိုပြေးပြီးပုန်းလိုက်ရတာပေါ့ဗျာ။

“ဦးဘသာ ဒီကောင်ဘာလုပ်တာလဲ၊ အနောက်မယ်တော်က ဒီကောင့်ကိုဆက်ပြီးမလုပ်ဖို့တားခဲ့တယ်မဟုတ်လား”

ဦးဘသာက ခေါင်းခါပြီးတော့

“မဟုတ်ဘူးကွ၊ ဒါ ဒီကောင်သက်သက်ညစ်ပတ်တာ”

“ဘယ်လိုညစ်ပတ်တာလဲ”

“အနောက်မယ်တော်က ငါနဲ့ သူ့ရဲ့ဘိုးဘိုးကြီးကို ဆက်ပြီးမတိုက်ခိုက်ကြဖို့ တားခဲ့တယ်မလား၊ သူ့ဘိုးဘ်ိုးကြီးက သူကိုယ်တိုင်မတိုက်ဘဲနဲ့ အပင်တွေမှာနေထိုင်ကြတဲ့ နာနာဘာ၀တွေကိုအမိန့်ပေးပြီး တစ်ဆင့်တိုက်ခိုင်းတာကွ”

“ဒီကောင်လုပ်ရင် ဦးဘသာလည်း ပြန်လုပ်ပေါ့ကွာ”

ဦးဘသာက ခေါင်းခါပြီး

“မဖြစ်ဘူးလေ၊ ငါက ထပ်ပြီးပညာတွေမထုတ်တော့ပါဘူးလို့ အနောက်မယ်တော်ကို ကတိပေးထားတယ်မဟုတ်လား”

ကျုပ်လည်းစိတ်ထဲတော်တော်ခံပြင်းသွားတယ်ဗျ၊ ဒီဘိုးဘိုးကြီးက စိုင်းရာဇာနဲ့ပေါင်းပြီးတော့ ညစ်ပြီမဟုတ်လားဗျာ၊ သူကျတော့ သူကိုယ်တိုင်မလုပ်ဘဲနဲ့ လက်အောက်ငယ်သားတွေကိုခိုင်းပြီးတော့ လုပ်ခိုင်းတယ်မဟုတ်လား၊ ဦးဘသာကျတော့ လက်အောက်ငယ်သားမှမရှိတာပဲဗျာ၊ သူသာ ပညာပြန်သုံးရင် အနောက်မယ်တော်ကို ပေးခဲ့တဲ့ကတိကို ဖောက်ဖျက်သလိုဖြစ်ပြီပေါ့ဗျာ။

ဒီအခါ ရင်မောင်က အရှေ့တက်သွားပြီးတော့

“မပူပါနဲ့၊ ဦးဘသာအသာကလေး နေလိုက်စမ်းပါ၊ ဒီကောင်တွေကို ကျုပ်တားမယ်”

“မလုပ်နဲ့ရင်မောင်၊ မင်းအဆင့်က အစိမ်းသရဲတစ်ကောင် ပူးတာကပ်တာကိုတောင်မှ မနည်းထုတ်ယူနေရတယ်မဟုတ်လား၊ ဒီကောင်တွေက အများကြီးကွ”

ဟုတ်တော့လည်းဟုတ်ပါရဲ့၊ ကျုပ်တို့စကားပြောနေတဲ့အချိန်မှာပဲ အကောင်တစ်ရာလောက်က ကျုပ်တို့ကိုဝိုင်းထားပြီဗျ။ အစွယ်ကြီးတွေဖြဲပြ၊ လက်သီးလက်မောင်းတွေတန်းပြီးတော့ ကျုပ်တို့ကိုစားမယ်ဝါးမယ် တကဲကဲနဲ့ပေါ့ဗျာ။

ကျုပ်လည်းအကြံတစ်ခုရသွားတယ်ဗျ။

“ဒါဆိုလည်း ကျုပ်ချမယ်ဗျာ၊ ဦးဘသာက ကျုပ်ကိုတစ်ခုခုလုပ်ပေးပေါ့ဗျာ၊ အရင်တုန်းက အကုန်နိုင်အင်းတို့ဘာတို့ ရှိတယ်မဟုတ်လား”

ဦးဘသာကြီးက တွေးပြီးတော့ခေါင်းညိတ်တယ်ဗျ။

“အေးလေ၊ ဒီလိုဆိုတော့ ငါကိုယ်တိုင်လုပ်တာ မဟုတ်တော့ဘူးပေါ့၊ ကောင်းတယ်၊ ကောင်းတယ်”

နောက်တော့ ဦးဘသာက ခေါင်းကုပ်တယ်ဗျ။

“အင်းလုပ်ရအောင်လို့ ကွမ်းရွက်လည်းမရှိ၊ ဘာမရှိနဲ့ကွ”

“ဒီတော့ဘယ်လိုလုပ်ကြမလဲဦးဘသာ”

ဦးဘသာက သူ့ခေါင်းမှာပေါင်းထားတဲ့ ခေါင်းပေါင်းသဘက်ကြီးကိုဖြုတ်ပေးတယ်ဗျ။

“ရော့ ငါ့သဘက်ကို မင်းခေါင်းမှာပေါင်းလိုက်စမ်း”

ကျုပ်လည်း လှမ်းယူပြီးတော့ သဘက်ကိုခေါင်းမှာပတ်လိုက်တယ်ဗျ၊ ဒီအချိန်မှာပဲ ကျုပ်ခေါင်းကြီးက လေးလာသလိုလိုခံစားရတာ၊ ဦးဘသာက ကျုပ်နဖူးကိုလက်ညှိုးနဲ့တောက်လိုက်ပြီးတော့

“ရပြီ၊ မင်းကို ငါ့ဆီက ဘီလူးမင်းရဲ့အစောင့်နှစ်ပါးသွင်းပေးလိုက်မယ်”

“ဖြစ်ပါ့မလား၊ ဦးဘသာဘီလူးကို ထုတ်မသုံးရဘူးဆို”

“ဘီလူးမင်းက အမောက်မှာနေတယ်၊ သူ့ကိုစောင့်ရှောက်ဖို့ တပည့်နှစ်ယောက်ရှိတယ်၊ ငါက ဘီလူးမင်းရဲ့အစွမ်းကိုထုတ်သုံးမရပေမယ့် သူ့ရဲ့တပည့်နှစ်ယောက်ကို သုံးလို့ရပါတယ်ကွ”

“ကဲ လက်ဝဲလက်ယာညီနောင်နှစ်ပါးကို ယှဉ်ကာထားလိုက်ပြီဟေ့”

ဦးဘသာက အဲဒီလိုပြောပြီးတော့ လက်ခုပ်တစ်ချက်တီးလိုက်တယ်ဆိုရင်ပဲ ကျုပ်လက်တွေကအလိုလိုလှုပ်ရှားလာတာဗျ၊ ဒီအချိန်မှာ မဲမဲအကောင်ကြီးတွေက ကျုပ်ကိုခုန်တိုက်ပါရောဗျာ၊ ကျုပ်လည်း ကျုပ်စိတ်ကိုကျုပ် ထိန်းမရတော့ဘူးဗျ၊ စိတ်ထဲလည်း တော်တော်ဒေါသထွက်လာတာ၊ ဘီလူးစီးတယ်ဆိုတာ ဒါမျိုးခေါ်မှာပေါ့ဗျာ၊ ကျုပ်ဆီခုန်ဝင်လာတဲ့အကောင်ကြီးကို လက်သီးနဲ့ဖမ်းထိုးထည့်လိုက်တာဗျာ၊ အဲဒီအကောင်ကြီးက လေပေါ်ကိုမြောက်တက်သွားပြီးတော့ လမ်းဘေးမြောင်းထဲကို ပြုတ်ကျသွားပါရော၊ ကျုပ်လည်း အတော်စိတ်ဆိုးနေတယ်။

“လာခဲ့ကြ၊ မင်းတို့လာခဲ့ကြ”

ကျုပ်လည်း ဒီကောင်တွေအုပ်ထဲကိုဝင်ပြီးတော့ ဒီသရဲတွေကို ဒူးတွေ၊ တံတောင်တွေ၊ လက်သီးတွေနဲ့ ပိတ်ပိတ်ဆော်တော့တာပဲဗျာ၊ ဒီကောင်တွေက ကျုပ်ကိုတစ်ချက်မှ ပြန်မဆော်ရဲဘူးဗျ၊ ကျုပ်လုပ်တာကိုပဲ ခံနေရတာ၊ နောက်တော့ ဒီကောင်တွေကြောက်အားလန့်အားနဲ့ အကုန်ထွက်ပြေးကြတယ်၊ သူတို့တက်လာတဲ့သစ်ပင်တွေပေါ်ကို ပြေးတက်ကြတာ မြန်လိုက်တာဗျာ။

“ဟား၊ ဟား လာစမ်းပါကွ၊ ဘယ်ကောင်ထပ်လာမလဲ”

ကျုပ်အသိစိတ်ကရှိသေးတယ်ဆိုပေမယ့် စိတ်တွေကအရမ်းကြွနေတယ်၊ စိတ်နဲ့ကိုယ်နဲ့က တစ်ခါတစ်ခါ ကပ်သလိုလို မကပ်သလိုလိုနဲ့ဗျ။ စိုင်းရာဇာကလည်း မျက်နှာပျက်နေတယ်၊ နောက်တော့ မြေကြီးထဲကနေ အကောင်ကြီးတစ်ကောင်ထွက်လာတယ်ဗျ။

အကောင်ကြီးက တော်တော်ထွားတာဗျ၊ အစွယ်တွေနဲ့ ဦးချိုတွေလည်းပါတယ်၊ ဦးဘသာက ကျုပ်ကိုလှမ်းအော်မလို့ရှိသေးတယ် ကျုပ်လည်း အဲဒီအကောင်ကြီးကိုပြေးပြီး ဝင်ဆော်တော့တာပဲ။

ဒါပေမယ့် ဒီကောင်ကြီးကို ကျုပ်ကြိုက်သလောက်ထိုးတာပဲဗျာ၊ ဒီကောင်ကြီးက ဘယ်လိုမှကိုမနေဘူး၊ ကျုပ်စိတ်ကြိုက်ထိုးပြီးတော့မှ ဒီကောင်ကြီးက ကျုပ်ခေါင်းက သဘက်ကိုဆွဲယူလိုက်တယ်ဗျ၊ ပြီးတော့ သဘက်ကိုလွှင့်ပစ်လိုက်ပြီး ကျုပ်ရင်၀ကို ခြေထောက်နဲ့ကန်ထည့်လိုက်တာပဲဗျာ၊ ကျုပ်လည်း အနောက်ကိုလွင့်ထွက်သွားပြီးတော့ ဦးဘသာအရှေ့ကိုသွားကျတာပေါ့။ ရင်ဘတ်ကလည်း ခံရတာနာလိုက်တာဗျာ၊ ဒီအချိန် ကျုပ်ကိုယ်လည်း လေးလံလာပြီးတော့ တစ်မျိုးကြီးဖြစ်သွားတယ်၊ ကျုပ်စိတ်ထင်တော့ ကျုပ်ကိုယ်ထဲဝင်နေတဲ့ ဘီလူးညီနောင်က ပြန်ထွက်သွားကြတယ်ထင်တာပဲ။

ရင်မောင်က ကျုပ်ကိုပြေးထူတယ်ဗျ၊ ဦးဘသာက အဲဒီအကောင်ကြိးကိုကြည့်ပြီးတော့

“ဒါ မြေဖုတ်ဘီလူးကြီးကွ”

ကျုပ်လည်း ရင်ဘတ်ကိုပွတ်နေရင်း

“မြေဖုတ်ဘီလူးကိုကျတော့ ဒီညီနောင်က မနိုင်ဘူးလားဗျ”

“မလွယ်ဘူးကွ၊ ငါ့ပညာထုတ်မှရမှာ”

ကျုပ်တို့အခက်တွေ့နေမှန်းသိတော့ စိုင်းရာဇာက ဟက်ဟက်ပက်ပက်ရယ်တယ်ဗျ။

“ဟား၊ ဟား လုပ်စမ်းပါအုံးကွ၊ ဘယ့်နှယ့်လဲ”

မြေဖုတ်ဘီလူးကြီးကို ကျုပ်တို့ငေးကြည့်နေတာပေါ့ဗျာ။ စိုင်းရာဇာက ဘီလူးကြီးကိုကြည့်ပြီးတော့

“ကဲ ဘီလူးကြီး၊ မင်းရဲ့တင်းပုတ်အရသာကို ဒီကောင်တွေကိုမြည်းခိုင်းလိုက်စမ်းပါ”

ဘီလူးကြီးက မြေကြီးထဲကို လက်နှိုက်လိုက်တယ်ဗျ၊ ကျစ်လစ်နေတဲ့ လှည်းလမ်းမြေသားက ရေမျက်နှာပြင်လိုဖြစ်ပြီးတော့ ဘီလူးကြီးရဲ့လက်က မြေကြီးထဲနစ်ဝင်သွားတယ်၊ နောက်တော့ မြေကြီးထဲကနေ လက်ကိုပြန်ထုတ်လိုက်တဲ့အခါ ကျောက်သားတင်းပုတ်ကြီးတစ်ခု လက်ထဲပါလာတယ်၊ တင်းပုတ်ကြီးက ငရုတ်ကျည်ပွေ့ကြီးလို အချောင်းကြီးပါဗျာ၊ မြေဖုတ်ဘီလူးကြီးက အဲဒီတင်းပုတ်ကြီးကို တအားလွှဲတယ်ဗျ။ တင်းပုတ်ကြီးက ကျုပ်တို့ခေါင်းပေါ်မှာ ဝှီးခနဲ၊ ဝှီးခနဲမြည်ပြီးတော့ လည်နေတာပေါ့ဗျာ။

ရင်မောင်က ဘုရားစာတွေရွတ်တယ်၊ ပြီးတော့ မြေဖုတ်ဘီလူးကိုလက်ညှိုးထိုးပြီးတော့ အထက်ဘိုးတော်တွေကို ပင့်ဖိတ်တယ်၊ ဒါပေမယ့် ဘာမှမဖြစ်ဘူး။

“မင်းအရက်သွားသောက်တာကိုးကွ၊ ငါးပါးသီလမမြဲတော့ မင်းကို ဘိုးတော်ကြီးတွေက စောင့်ရှောက်ပါ့မလား”

အပြစ်တင်တဲ့အသံကိုကြားလိုက်ရပြီးတော့ ဦးအောင်ရှိန်ကြီးက ကျုပ်တို့အနောက်ကနေထွက်လာတယ်ဗျ၊ လက်ထဲမှာလည်း တောင်ဝှေးကြီးကိုင်ပြီး လွယ်အိတ်တစ်လုံးကိုလည်း လွယ်ထားသေးတယ်ဗျာ။ ရင်မောင်လည်း ဦးအောင်ရှိန်ကိုတွေ့တော့ အားကိုးတကြီးနဲ့ကြည့်ပြီးတော့

“ဆရာကြီး ကယ်ပါအုံး”

ဦးအောင်ရှိန်က လက်ကာပြပြီးတော့

“မပူပါနဲ့ကွာ၊ မြေဖုတ်ဘီလူးလောက်ကတော့ အလွယ်ကလေးပါကွ”

မြေဖုတ်ဘီလူးက တင်းပုတ်ကြီးနဲ့လှမ်းရိုက်လိုက်တယ်ဆိုရင်ပဲ ဦးအောင်ရှိန်က လက်ဝါးကိုဖြန့်ပြီး ဟိတ်ခနဲအော်လိုက်တယ်။

“ဟိတ်၊ ဒီကောင့်ကိုချုပ်ထားလိုက်ကြ”

ဦးအောင်ရှိန်အော်လိုက်တာနဲ့ တင်းပုတ်ကြီးနဲ့လွှဲရိုက်တဲ့ မြေဖုတ်ဘီလူးကြီးရဲ့လက်က လေပေါ်မှာရပ်သွားပါရောဗျာ။ ဘီလူးကြီးက လှုပ်ဖို့ကြိုးစားပေမယ့် မလှုပ်ဘူးဗျ။ ဦးအောင်ရှိန်က မြေဖုတ်ဘီလူးကြီးကို ပြုံးပြီးကြည့်လိုက်တယ်။

“မင်း ကိုယ့်နေရာကိုယ်ပြန်တော့နော်၊ မဟုတ်ရင် မင်းဒီထက်နာမယ်”

မြေဖုတ်ဘီလူးကြီးက ခေါင်းညိတ်တယ်ဗျ၊ ဦးအောင်ရှိန်က ဒီတော့မှ

“ဒီကောင့်ကိုလွှတ်လိုက်စမ်း၊ ပြီးတော့ အိမ်ပြန်ပို့လိုက်ကြ”

မြေဖုတ်ဘီလူးကြီးခမျာ မြေကြီးပေါ်ကိုထိုင်ချပြီးတော့ မြေအောက်ကိုတဖြည်းဖြည်းနဲ့နစ်မြုပ်ပြီး ပျောက်ကွယ်သွားတာပဲ၊ စိုင်းရာဇာက အခုမှဦးအောင်ရှိန်အစွမ်းကို အံ့ဩသွားပုံရတယ်ဗျ။

“ဘိုးဘိုးကြီး၊ သားတော်ကိုကယ်တင်ပါ၊ ဒီဆရာကြီးကို ပညာနည်းနည်းလောက်ပေးလိုက်ပါ”

အဲဒီအခါ စိုင်းရာဇာရဲ့ခေါင်းပေါ်မှာ မီးလုံးကြီးတစ်လုံးပေါ်လာပြီးတော့ အဲဒီမီးလုံးကြီးက လူပုံစံအဖြစ်ပြောင်းသွားတယ်ဗျ၊ ပုံစံကတော့ ကျုပ်တို့ဟိုနေ့က တွေ့တဲ့ပုံစံအတိုင်းပေါ့ဗျာ၊ ဘိုးဘိုးကြီးက မြေကြီးကိုလက်ညှိုးထိုးလိုက်တဲ့အချိန်မှာ လေတွေတဝူးဝူးနဲ့တိုက်လာတယ်ဗျ၊ အရပ်လေးမျက်နှာကနေ လေတွေတဝုန်းဝုန်းနဲ့တိုက်ရင်း နောက်ဆုံးတော့ လေဆင်နှာမောင်းကြီးတစ်ခုဖြစ်သွားတော့တာပဲ။

(၄)

ဘိုးဘိုးကြီးက ကျုပ်တို့ကိုလက်ညှိုးထိုးလိုက်တာနဲ့ အဲဒီလေဆင်နှာမောင်းကြီးက တဖြည်းဖြည်းနဲ့ကျုပ်တို့အနားကို ရွေ့လာတာပေါ့ဗျာ၊ ကျုပ်တို့လည်း ဦးဘသာလက်ကို ကိုင်ထားကြတာ်၊ ဒီအချိန်မှာ ဦးအောင်ရှိန်က လွယ်အိတ်ထဲကနေ ဘုရားဆင်းတုကလေးတစ်ခုနှိုက်ယူလိုက်တယ်ဗျ၊ ပြီးတော့ အဲဒီဘုရားဆင်းတုကို လက်နှစ်ဖက်နဲ့ကိုင်ပြီးတော့ ငယ်ထိပ်မှာတင်ထားလိုက်တယ်။

“ပွင့်တော်မူပြီးသော ကကုသန်ဘုရား၊ ဂေါဏဘုရား၊ ကဿပဘုရားနဲ့ဂေါတမ ဘုရားရှင်တို့ကို အမှူးထားပြီး တပည့်တော် တိုင်တည်ပါ၏ဘုရား”

လေဆင်နှာမောင်းကြီးက တဖြည်းဖြည်းနီးလာပြီဗျ၊ ကျုပ်တို့ဝတ်ထားတဲ့ ပုဆိုးတွေဆိုရင် လေတွေလှန်လို့ လန်တက်ကုန်ပြီ။ အနားက သစ်ပင်က သစ်ရွက်တွေ၊ သစ်ကိုင်းတွေဆိုရင်လည်း လေထဲပါပြီးတော့ ဖုန်တွေဆိုတာလည်း တထောင်းထောင်းနဲ့ပေါ့ဗျာ။ ဦးအောင်ရှိန်က ဆက်ဆိုတယ်ဗျ။

“ကျွန်ုပ်သည် ကျွန်ုပ်တတ်ကျွမ်းသည့် ပညာရပ်များဖြင့် လူနာများကို ငွေကြေးမဖက်ဘဲ စေတနာသန့်သန့်ဖြင့်ကုသပေးခဲ့ပါသည်။ သတ္တဝါ များအား ဂရုဏာထားသည့်အနေဖြင့် နှစ်ပေါင်းနှစ်ဆယ်တိတိ ခြေလေးချောင်းသားကို ရှောင်ကြဉ်ခဲ့ပြီး ကျန်သည့်အသားများကိုလည်း မြင်သား၊ ကြားသား၊ ယုံမှားသံသယဖြစ်သည့်အသားများကို မစားသုံးခဲ့ပါ၊ နှစ်ပေါင်းနှစ်ဆယ်ကျော်တိုင်အောင သူများဥစ္စာပစ္စည်းကို အပ်တိုတစ်ချောင်းမျှ မယူငင်၊ မသုံးစွဲခဲ့ပါ၊ မိမိ၏ သားမယားအပေါ်တွင်လည်း သစ္စာရှိစွာဖြင့် ပေါင်းသင်းဆက်ဆံခဲ့သလို အခြားသူများ၏ သားသမီးများကိုလည်း ဖောက်လွဲပြစ်မှားခဲ့ခြင်းလည်း မရှိခဲ့ပါ၊ အလားတူ ဆရာအဖြစ် ပညာယူသည့်နေ့မှစတင်ပြီး လိမ်လည်မုသားစကားကို မသုံးစွဲခဲ့သလို၊ သေရည်သေရက်မှ အစ မူးယစ်စေနိုင်သည့် အရာများကိုလည်း သုံးစွဲခြင်းမှ ရှောင်ကြဉ်ခဲ့ပါသည်။ အီစကားသည် မှန်သော ၀စီသစ္စာ စကားဖြစ်ပါသည်။ အီ မှန်သော ၀စီသစ္စာစကားကိုဆိုရခြင်းကြောင့် ဘေးရန်အတိကင်းဝေးကာ ဖြစ်လာမည့် ဘေးဆိုးရန်ဆိုးအပေါင်းတို့သည် သွေခွာပျက်စီးပါစေသတည်း”

ဦးအောင်ရှိန် သစ္စာဆိုလိုက်တော့ မြေငလျင်လှုပ်သွားသလိုခံစားရတယ်ဗျ၊ ကျုပ်တို့အနားရောက်နေတဲ့ လေဆင်နှာမောင်းကြီးလည်း ဖျောက်ခနဲပျောက်သွားပြီးတော့ မိုးသားတိမ်လိပ်တွေလည်း အားလုံးကင်းစင်သွားတယ်ဗျ။ ဦးဘသာက ကျုပ်ကိုလက်တို့ပြီးတော့

“အလတ်ကောင်၊ မင်းကိုငါတစ်ခုအကြံပေးမယ်နော်၊ ဒီလိုအထက်ပုဂ္ဂိုလ်တွေဆိုတာ နံစော်ညစ်ပတ်တာကို မနှစ်မြို့ဘူးကွ”

ဦးဘသာပြောတာနဲ့ ကျုပ်လည်း အသိကပ်သွားတယ်၊ ကျုပ်မျက်နှာမှာရော ကိုယ်လုံးမှာပါ နောက်ချေးတွေ ပေနေတယ်မဟုတ်လားဗျ။ ဒါနဲ့ကျုပ်လည်း စိုင်းရာဇာဆီကိုအမြန်ပြေးသွားလိုက်ပြီးတော့ စိုင်းရာဇာကိုခုန်အုပ်လိုက်တာပေါ့ဗျာ။ ရုတ်တရက်မို့ စိုင်းရာဇာလည်း ရှောင်ချိန်မရလိုက်ဘူးဗျ၊ ကျုပ်လည်း ကျုပ်မျက်နှာမှာပေနေတဲ့ နောက်ချေးတွေကို လက်နဲ့သုပ်ပြီးတော့ စိုင်းရာဇာခေါင်းကိုတအားပွတ်တာပဲဗျာ။ စိုင်းရာဇာလည်း ရုန်းကန်ရင်းနဲ့

“အဘရေ . . . အဘ . . .”

စိုင်းရာဇာက သူ့အဘကို အားကိုးတယ်ဆိုပေမယ့် သူ့အဘက ကျုပ်တို့အနားမှာ မရှိတော့ပါဘူးဗျာ၊ ကျုပ်ထင်တာကတော့ ကျုပ်ဆီက နောက်ချေးအနံ့တွေနံ့လို့ ထွက်ပြေးသွားတာပဲဖြစ်မှာဗျ။

ဦးအောင်ရှိန်နဲ့ ဦးဘသာနဲ့ စိုင်းရာဇာအနားကိုလျှောက်လာကြတယ်၊ စိုင်းရာဇာနဲ့ကျုပ်ကတော့ မြေကြီးမှာ လူးလှိမ့်နေတာပေါ့ဗျာ။ ဦးအောင်ရှိန်က ကျုပ်ကိုကြည့်ပြီး

“အလတ်ကောင်၊ တော်တော့၊ လက်လွန်ကုန်မယ်”

ကျုပ်ရပ်လိုက်တော့ စိုင်းရာဇာက ကောက်ထိုင်လိုက်တယ်ဗျ။ ဦးအောင်ရှိန်က စိုင်းရာဇာကို တောင်ဝှေးနဲ့ထိုးပြီးတော့

“မင်းတော်တော်မိုက်တဲ့အကောင်ပဲကွာ၊ ကိုယ့်ဆီမှာ ကောင်းတဲ့ပုဂ္ဂိုလ်ရှိရဲ့သားနဲ့ မကောင်းတာကိုမှ ရွေးလုပ်ရသလားကွ၊ မင်းအဲဒီလိုသာ ကြပ်ကြပ်လုပ်စမ်း၊ မင်းတစ်ချိန်ကျရင် နောင်တရလိမ့်မယ်ကွ”

စိုင်းရာဇာလည်း လက်အုပ်ချီပြီးတော့ ဦးအောင်ရှိန်ကိုကန်တော့တယ်။

“ကျွန်တော်မှားပါတယ်ဆရာကြီး”

“မင်း မကောင်းမှုမလုပ်တော့ဘူးဆိုတာကိုတော့ ငါဝမ်းသာပေမယ့်၊ ငါ့သမီးကို ခိုးပြေးတာကိုတော့ မင်းကိုငါခွင့်မလွှတ်ဘူး၊ အခုပဲမင်းကိုဖမ်းပြီးတော့ ရဲစခန်းအပ်မယ်၊ သွေးဆောင်ဖျားယောင်းမှုနဲ့ မင်းကိုတရားစွဲမယ်”

ကျုပ်လည်း စိုင်းရာဇာကိုချုပ်လိုက်တာပေါ့ဗျာ၊ ရင်မောင်က မနှင်းကြည်အနားကိုတိုးကပ်သွားတယ်ဗျ၊

“ဆရာကြီး၊ လုပ်ပါအုံး”

မနှင်းကြည်က ငူငူငိုင်ငိုင်နဲ့ ကြောင်တောင်တောင်ကြီးဖြစ်နေတာဗျ၊ ဦးအောင်ရှိန်က အနားကိုကပ်သွားပြီးတော့

“တောက်၊ ငါ့သမီးကိုတောင်မှ မင်းကဆေးခပ်တယ်ပေါ့၊ ဟုတ်လား”

ဦးအောင်ရှိန်က သူ့လွယ်အိတ်ထဲက ဆေးမြစ်ကလေးတစ်ခုကိုယူပြီးတော့ မနှင်းကြည်နဖူးကိုထိထားရင်း တစ်ခုခုရွတ်လိုက်တယ်၊ ဒီတော့မှ မနှင်းကြည်က အံ့ဩပြီးလိုက်ကြည့်နေတယ်။

“အဖေ၊ သမီးဘာဖြစ်နေတာလဲ၊ သမီးဘယ်ရောက်နေတာလဲဟင်”

မနှင်းကြည်ကြည့်ရတာ ဘာကိုမှ မသိတဲ့ပုံပဲဗျ။ ဦးအောင်ရှိန်က စိုင်းရာဇာကိုလက်ညှိုးထိုးပြပြီး

“ညည်းပဲ၊ သူနဲ့ချစ်လို့ သူ့နောက်လိုက်သွားတာမဟုတ်လား”

မနှင်းကြည်က ခေါင်းကိုသွက်သွက်ခါလိုက်ပြီး

“မဟုတ်တာတွေအဖေရာ၊ ဆရာစိုင်းနဲ့သမီးနဲ့က ဒီအတိုင်းမေးထူးခေါ်ပြောလောက်ပါပဲ၊ သမီးသူ့ကို မချစ်ပါဘူး”

ဦးအောင်ရှိန်က စိုင်းရာဇာကိုကြည့်ပြီး ခါးထောက်လိုက်တယ်၊ စိုင်းရာဇာလည်း ခေါင်းညိတ်ပြီးတော့

“ကျွန်တော်မှားပါတယ်ဆရာကြီးရာ၊ ကျွန်တော် မနှင်းကြည်ကို ပညာသုံးပြီးဖျားယောင်းခဲ့ပါတယ်၊ ပြီးတော့ သူ့ကိုလည်းဆေးခပ်ပြီးတော့ အသိစိတ်မဝင်အောင်လုပ်ခဲ့ပါတယ်၊ ဒီလိုလုပ်ရတာကလည်း ကျွန်တော်မနှင်းကြည်ကိုချစ်လို့၊ မနှင်းကြည်ကို မြတ်နိုးလို့ပါ”

စိုင်းရာဇာပြောတော့ မနှင်းကြည်က အလွန်အံ့ဩသွားတဲ့ပုံနဲ့ဗျ။

“အို . . . ရှင်တော်တော်မိုက်ရိုင်းပါလား၊ ရှင်က ပညာတွေတတ်ထားပေမယ့် တော်တော်အောက်တန်းကျတဲ့သူပဲ၊ ကျွန်မပြောပြီးသားပဲလေ၊ ရှင်နဲ့က ခင်ရုံပဲခင်တယ်ဆိုပေမယ့် ကျွန်မက ရှင့်ကိုမချစ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ . . . .”

မနှင်းကြည်က စကားပြောလိုက်ပြီးတော့ ခေါင်းငုံ့သွားတယ်ဗျ၊ သူစကားလွန်သွားတာကို သိသွားတဲ့ပုံပဲ၊ ဦးအောင်ရှိန်ကတော့ သူ့သမီးကိုဆက်မေးတယ်။

“ဘာဖြစ်လို့လဲ သမီးရဲ့”

မနှင်းကြည်မျက်နှာကြီး ရဲသွားတယ်ဗျ။ ဘာမှဆက်မပြောတော့ဘဲ ခေါင်းညိတ်တယ်၊ ကျုပ်ကလည်းပြုံးလိုက်တာပေါ့ဗျာ။

“ဘာဖြစ်လို့လဲဆိုတော့ သူ့ဘေးမှာ သူ့ချစ်သူက ရှိနေပြီးသားပဲမဟုတ်လား”

ကျုပ်လည်း စသလိုလို နောက်သလိုလိုနဲ့ ရယ်ပြီးပြောလိုက်တယ်ဗျ၊ မနှင်းကြည်က မငြင်းဘူးဗျာ၊ မနှင်းကြည်ဘေးနားမှာရပ်နေတဲ့ ရင်မောင်က ကြောင်အမ်းအမ်းနဲ့ဆက်ပြီးရပ်နေတယ်၊ ဦးဘသာက ရင်မောင်ကို လက်ညှီုးထိုးပြလိုက်တော့မှ ရင်မောင်လည်း အံ့ဩသွားပြီး သူ့ကိုယ်သူလက်ညှိုးပြန်ထိုးလိုက်သေးတယ်။

“ဒါ . . ဒါဆိုရင် နှင်းကြည်က နှင်းကြည်က ကျုပ်ကိုချစ်တယ်ဆိုတဲ့သဘောလား”

ရင်မောင်က မနှင်းကြည်ကိုကြည့်တော့ မနှင်းကြည်က ဘာမှမပြောဘဲ ဟိုဖက်လှည့်သွားတယ်၊ ဦးဘသာကတော့ သူ့နဖူးသူပြန်ရိုက်ရင်း

“ဪ၊ ကျားကိုက်ပါတယ်ဆိုမှ အပေါက်ကလေးနဲ့လားလို့ မေးနေသလိုဖြစ်နေပြီကွ၊ ဟား၊ ဟား”

ဦးအောင်ရှိန်နဲ့အတူတူ ကျုပ်တို့ ဂန့်ဂေါကိုတက်ခဲ့ကြတယ်၊ အဲဒီနားက ရွာစဉ်တွေက ဦးအောင်ရှိန်တပည့်တွေဆိုတော့ ကျုပ်တို့ကိုလှည်းနဲ့လိုက်ပို့တာပေါ့ဗျာ၊ ကျုပ်လည်း အခုမှပြုံးနိုင်တယ်ဗျ၊ ရင်မောင်ကတော့ မနှင်းကြည်ဘေးနားထိုင်ရင်း ပြုံးနေတာပေါ့ဗျာ၊ မနှင်းကြည်ကတော့ ရင်မောင်တစ်ကိုယ်လုံးမှာ ကပ်နေတဲ့ ကပ်စေးနှဲပင်အစေ့တွေကို ဆွဲဆွဲခွာပေးနေရဲ့။

ကျုပ်လည်း ဘေးနားမှာထိုင်နေတဲ့ ဦးဘသာပေါင်ကိုပုတ်လိုက်ပြီး

“ဒါနဲ့ ဦးဘသာကြီးက တဲထဲမှာကျန်နေခဲ့တာမဟုတ်ဘူးလား၊ ဘယ်လိုလုပ်ပြီး ကျုပ်တို့နောက်ကိုရောက်လာတာလဲ”

ဦးဘသာက သူ့နှုတ်ခမ်းကိုသူ လက်ညှိုးနဲ့ကာပြရင်း

“ရှူး၊ ဒါတွေက ပြောလို့မရဘူးကွ”

ကျုပ်သိလိုက်ပါပြီ၊ ဦးဘသာ ပညာတွေသုံးပြီးတော့ ကျုပ်တို့ဆီရောက်လာတာဗျ၊ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ဗျာ၊ ခုခေတ်လို ကားတွေဆိုင်ကယ်တွေ မရှိတဲ့အချိန်မှာ အမြန်ဆုံးက စက်ဘီးပေါ့ဗျာ၊ ကျုပ်တို့စက်ဘီးနဲ့နင်းတာကိုတောင်မှ အိမ်မှာကျန်နေခဲ့တဲ့ ဦးဘသာက ရုတ်ခြည်းရောက်လာတာဆိုတော့ ထူးဆန်းမနေဘူးလား၊ ကျုပ်စိတ်ထင်တော့ ဒါတစ်ခုခုလုပ်ပြီးရောက်လာတာပဲ၊ စုန်းတွေ ကဝေတွေက ဒီလိုသွားလို့ရတတ်တယ်လို့ ကျုပ်လည်းကြားဖူးတာကိုးဗျ။

နောက်ပြီး ပိုထူးဆန်းတာကလည်း ဦးအောင်ရှိန်ကြီးပဲ၊ သူလည်း ဘယ်ကနေဘယ်လို ပေါ်လာမှန်းကိုမသိဘူး၊ ဒါနဲ့ ကျုပ်လည်း မနေနိုင်တော့ဘဲ ဦးအောင်ရှိန်ကိုမေးကြည့်တာပေါ့ဗျာ။

“မင်းတို့မသိဘူးလား၊ ညက ငါအိမ်မှာမအိပ်ဘူးလေကွာ”

“ဟုတ်လား၊ ကျုပ်တို့သတိမထားမိဘူး”

“ညမိုးချုပ်တော့ ရွာသစ်ရွာမှာ စုန်းပူးတဲ့လူနာရှိတယ်ဆိုလို့ ငါ့ကိုလာပင့်တာနဲ့လိုက်သွားတာလေကွာ၊ ငါတောင်လှည်းပေါ်ကနေပြီး မင်းတို့သုံးယောက်ကိုလှမ်းတွေ့လိုက်သေးတယ်၊ မင်းတို့တွေ အရက်တွေသောက်ပြီး ရေချိန်ကိုက်နေကြတာမဟုတ်လား”

ကျုပ်လည်းခေါင်းကုပ်လိုက်ရတော့တယ်။

“အဲဒါ ရွာသစ်ရွာမှာ မိုးချုပ်သွားလို့ တစ်ညအိပ်ပြီးတော့ မနက်စောစောပြန်အလာမှာ မင်းတို့နဲ့တွေ့တာပဲ၊ ရွာသစ်ရွာကလူတွေက လိုက်ပို့မယ်ပြောတာတောင်မှ ငါ့ဖာသာလမ်းလျှောက်ချင်လို့ဆိုပြီးတော့ လျှောက်လာရင်းကနေ မင်းတို့နဲ့တန်းတိုးတာပဲဟေ့”

ဟုတ်တော့ဟုတ်မယ်ဗျ၊ ကျုပ်တို့အရက်သောက်သွားတဲ့အချိန် ဦးအောင်ရှိန်ကြီးထွက်သွားတာဖြစ်မယ်၊ ဒါကြောင့် ညက ဦးဘသာနဲ့ နှစ်တစ်ထောင်ဘိုးဘိုးကြီးတို့ တိုက်တာတွေကို သူမသိလိုက်တာနေမှာဗျ။

ဒါနဲ့ပဲ ဂန့်ဂေါကိုရောက်ခဲ့ကြတယ်၊ စခန်းမှူးက ဦးအောင်ရှိန်နဲ့သိတာမို့လို့ လိုအပ်တဲ့စာရွက်စာတမ်းတွေလုပ်၊ အမှုဖွင့်ပြီးတော့ စိုင်းရာဇာကိုဖမ်းချုပ်ထားလိုက်တာပေါ့ဗျာ။

(၅)

သုံးရက်လောက်ကြာခဲ့ပြီဗျ၊ ကျုပ်တို့လည်း ပြန်ဖို့နီးခဲ့ပြီမဟုတ်လား၊ ရင်မောင်ကတော့ ကျုပ်နဲ့ညီအကိုရင်းတစ်ယောက်လို ခင်မင်သွားတာဗျ။ ပြန်ခါနီးပြီဆိုတော့ ကျုပ်တို့လည်းပါလာတဲ့ အဝတ်အစားတွေကို ထုပ်ပိုးပြင်ဆင်ရပြီ၊ တစ်လကျော်ဆိုတဲ့အချိန်က ဘာမဟုတ်သလိုပဲဗျာ။

ရင်မောင်က ကျုပ်တို့တဲကလေးဆီလာပြီး မှိုင်မှိုင်နေတတ်တယ်ဗျ၊ ကျုပ်နဲ့ဦးဘသာလည်း ပုဆိုးတွေခေါက်ရင်း

“ကိုရင်မောင်ရာ ခင်ဗျားဖြစ်ချင်တာဖြစ်ခဲ့ပြီပဲ၊ ဘာလို့မျောက်မှိုင်မှိုင်နေသလဲ”

“နှင်းကြည်ဆီကနေ သူ့ရင်တွင်းစကားကိုသိခဲ့ရပေမယ့် ရှေ့ရေးကိုတွေးပြီးစိတ်ပူလို့ပါကွ”

“ဘာတွေစိတ်ပူနေတာလဲဗျ”

“ဪ၊ ငါက မျက်နှာမွဲလေ၊ အလုပ်အကိုင်ကလည်း မယ်မယ်ရရမရှိဘူး၊ ငွေကြေးဆိုတာကလည်း မပြည့်စုံဘူးမဟုတ်လား၊ တကယ်လို့ နှင်းကြည်နဲ့သာ လက်ထပ်ဖြစ်ရင် နှင်းကြည်ကို ငါတင့်တောင်းတင့်တယ်ထားနိုင်ဖို့ မသေချာဘူးကွ”

ဒီတော့မှ ကျုပ်လည်းသက်ပြင်းချမိတယ်။ ဦးဘသာက ကွမ်းဝါးနေရင်း

“ဒါဆို မင်းဘာလုပ်မယ်စိတ်ကူးထားသလဲ ရင်မောင်”

“သူငယ်ချင်းတစ်ယောက်က လိုင်းကားထောင်ထားတယ်၊ သူ့ဆီမှာ ကားဟောင်းတစ်စီးရှီတယ်ပြောတယ်၊ အဲဒီကားဟောင်းဝယ်ပြီး ရွာနဲ့မြို့တွေကြားမှာ လိုင်းပြေးစားရင် အတော်မြတ်တယ်ဆိုပဲဗျာ၊ ဒါပေမယ့် အရင်းအနှီးကလည်း နည်းမှာမဟုတ်ဘူး”

ဦးဘသာကပြုံးလိုက်ပြီးတော့ သူ့လက်ဆွဲအိတ်ကြီးကို ရင်မောင်ရဲ့အရှေ့ကိုပစ်ချပေးလိုက်တယ်။ ရင်မောင်က ကြောင်တောင်တောင်နဲ့ကြည့်နေတာနဲ့ ကျုပ်လည်း အဲဒီအိတ်ကိုပြေးဖွင့်လိုက်တာပေါ့ဗျာ၊ အထဲမှာ ပိုက်ဆံတွေဗျ၊ အစည်းလိုက် အစည်းလိုက်တွေချည်းပဲ။ ကျုပ်နဲ့ရင်မောင်လည်း အံ့ဩသွားတာပေါ့။

“မင်းကိုငါလက်ဖွဲ့တယ်လို့ သဘောထားပေါ့ကွာ၊ ဒီငွေလောက်ဆိုရင် မင်းအဆင်ပြေလောက်မှာပါ”

“ဦး . . . ဦးဘသာ ငွေတွေက အများကြီးနော်”

“အောင်မာ၊ မင်းက ငါ့ကိုခိုးလာတယ်ထင်လို့လားအလတ်ကောင်ရ၊ ဒီငွေတွေက ငါရွာမှာ နွားတွေရောင်းပြီးတော့ ရလာတဲ့ငွေတွေကွ”

ကျုပ်လည်းခေါင်းညိတ်မိတော့တယ်၊ ဦးဘသာ ခရီးမထွက်ခင်က သူ့နွားတွေရောင်းထားတာ နည်းမှမနည်းတာပဲဗျာ။ ရင်မောင်ကတော့ ငွေထုပ်ကြီးကို ပြန်ပေးတယ်။

“ငွေတွေကအများကြီးပဲ ဦးဘသာရာ၊ ကျုပ်မယူပါရစေနဲ့”

“ယူစမ်းပါကွ၊ ငါလည်းအစကတော့ ခရီးသွားရင်း လှူတန်းမလားဆိုပြီး ယူလာခဲ့တာ၊ အခုမင်းနဲ့တွေ့တော့လည်း အလှူတစ်ခုဖြစ်သွားတာပေါ့၊ ဒီငွေတွေကို ငါ့ကိုပြန်ပေးစရာမလိုပါဘူးရင်မောင်ရာ၊ မင်းနဲ့ နှင်းကြည်နဲ့ကို ငါလက်ဖွဲ့တယ်လို့ သဘောထားလိုက်ပေါ့”

“ဟုတ်သားပဲ ကိုရင်မောင်ရာ၊ ခင်ဗျားဒီငွေတွေယူပြီး ခုနက စီးပွားရေးလေးလုပ်စမ်းပါ”

ဒီတော့မှ ရင်မောင်က ငွေထုပ်ကိုလှမ်းယူတယ်ဗျ၊ ရင်မောင်မျက်လုံးထဲ မျက်ရည်စတွေစို့နင့်လာတယ်၊ ပြီးတော့ ဦးဘသာကိုလက်အုပ်ချီပြီးတော့

“အမှန်အတိုင်းပြောရရင်တော့ ကျွန်တော်ဆရာကြီးနဲ့တွေ့ခါစက စုန်းကြီးဆိုပြီးတော့ အထင်သေးအမြင်သေးခဲ့တာ တကယ်ပါ၊ အခုတော့ ကျွန်တော့်ရဲ့အထင်တွေအားလုံး မှားနေတယ်ဆိုတာ ကျွန်တော်သိလိုက်ပါပြီ။ ဆရာကြီးက စုန်းဆိုပေမယ့် အင်မတန်စိတ်ကောင်းရှိပြီး မြင့်မြတ်တဲ့လူတစ်ယောက်ပါဆရာကြီးရာ၊ ဆရာကြီးကျေးဇူးကို ကျွန်တော်မမေ့ပါဘူး”

ဦးဘသာက ခေါင်းညိတ်ရင်း

“တကယ်တော့ လူတစ်ယောက်ကောင်းတယ်ဆိုးတယ်ဆိုတာ သူရဲ့အတွင်းစိတ်နဲ့ပဲဆိုင်တယ်ကွ၊ လူတစ်ယောက် ကောင်းတယ်၊ မကောင်းဘူးဆိုတာကို အထင်အမြင်နဲ့ဆုံးဖြတ်ရင် မှားနိုင်တယ်မဟုတ်လား၊ မင်းရှေ့လျှောက် လူတွေအများကြီးနဲ့ ဆက်ဆံရအုံးမှာပါ ရင်မောင်ရာ၊ တစ်နေ့တော့ ဒါတွေမင်းနားလည်လာပါလိမ့်မယ်”

ရင်မောင်က မျက်ရည်တွေကျနေရင်း ပြုံးလိုက်တယ်ဗျ။

အနောက်မယ်တော်က အချိန်ခုနစ်ရက်ပဲ ပေးထားတာဆိုတော့ ကျုပ်တို့သွားသင့်နေပြီပေါ့ဗျာ၊ ဒီလိုနဲ့ ကျုပ်တို့ပြန်ရမယ့်ရက်ကို ရောက်လာပြီပေါ့ဗျာ၊ တစ်လလောက်နေခဲ့တယ်ဆိုပေမယ့် ကျုပ်အတွက်တော့ အမှတ်တရတွေအများကြီးကျန်ခဲ့တယ်မဟုတ်လား၊၊

ဒေါ်အေးကြည်ကတော့ ကျုပ်တို့အတွက် အဝတ်အထည်တွေ၊ ပိုးထည်တွေ၊ နောက်ပြီးတော့ ဒီဖက်မှာပဲရနိုင်တဲ့ ဒေသထွက်ကုန်တွေကို ထည့်ပေးရှာတယ်၊ ခြင်းကြားကြီးတစ်လုံးနဲ့ကို အပြည့်ပဲဗျာ၊ မသွားခင်မနက် မနက်စာစားတော့ ကျုပ်ဖြင့်စားရင်းမျက်ရည်ပဲဝဲတယ်ဗျာ။ မခင်ကြည်က ဟင်းတွေကို ကျုပ်ပန်းကန်ထဲကို ခပ်ထည့်ပေးတယ်။

“မောင်လေး၊ စားလေ၊ တော်ကြာလမ်းမှာ ဆာနေအုံးမယ်”

ကျုပ်လည်း မခင်ကြည်ထည့်ပေးတဲ့ ကြက်သားဟင်းတုံးကိုစားရင်း

“ကျုပ်တော့ ရွာပြန်ရောက်ရင် မခင်ကြည်ရဲ့လက်ရာတွေကို လွမ်းနေတော့မှာပဲဗျာ”

ကျုပ်ကတော့ ဘာရယ်မဟုတ်ဘူးပြောလိုက်ပေမယ့် မခင်ကြည်မျက်ရည်ကျသွားတယ်ဗျ၊ ကျုပ်ရှေ့မှာမို့လို့ သူ့ပုခုံးပေါ်တင်ထားတဲ့ သဘက်ပိုင်းနဲ့သုတ်လိုက်တယ်၊ ပြီးတော့ ကျုပ်ကိုဟင်းတွေချည်းထည့်ပေးနေလေရဲ့၊ မနှင်းကြည်ကတော့ ဘာမှမပြောပါဘူးဗျာ၊ မျက်ရည်တွေဝဲနေတဲ့ မျက်လုံးဝိုင်းကြီးတွေနဲ့ ကြည့်နေရှာတယ်၊ စားသောက်ပြီးတော့ အထုပ်အပိုးတွေကို လှည်းပေါ်တင်ကြတယ်၊ လာတုန်းက အထုပ်တစ်ယောက်တစ်ထုပ်ပဲပါပေမယ့် ပြန်တော့လည်း လက်ဆောင်တွေထည့်ပေးလိုက်တာဆိုတော့ အထုပ်တွေကိုမနည်းပါဘူးဗျာ၊ ဂန့်ဂေါကနေ နေ့လည်ကားနဲ့ထွက်မှာဆိုတော့လည်း ရွာကခပ်စောစောထွက်မှ ကောင်းမှာမဟုတ်လား။

“သူငယ်ချင်း၊ ငါလိုက်မပို့တော့ဘူးနော်”

ဥိးအောင်ရှိန်ကပြောတယ်ဗျ၊ ဥိးဘသာက ခေါင်းညိတ်ပြီးတော့

“အေးပါကွာ၊ ငါတို့လည်း ကားဂိတ်တန်းဆင်းမှာဆိုတော့ မင်းတို့ကရိကထများပါတယ်”

ဒေါ်အေးကြည်လည်း မျက်ရည်တွေဝဲလို့ဗျ။

“နောက်လည်းလာလယ်ပေါ့အကို၊ အခုက အကိုလာလည်တယ်ဆိုပေမယ့် အလုပ်တွေများတဲ့ရာသီမို့လို့ အေးကြည်ဂရုမစိုက်နိုင်လိုက်ဘူးအကို၊ နောက်တစ်ခါတော့ အေးအေးဆေးဆေးလာလည်အုံးပေါ့”

ဦးဘသာတစ်ချက်တွေဝေသွားပြီးတော့ ခေါင်းညိတ်လိုက်တယ်။

“ဒါပေါ့ အေးကြည်ရာ၊ နောက်ကြုံအုံးမှာပေါ့”

ဦးဘသာက အဲဒီလိုပြောပေမယ့် တကယ်တမ်းတော့ မဖြစ်နိုင်တော့ပါဘူး၊ ဦးဘသာကို အနောက်မယ်တော်က နှင်ထားပြီမဟုတ်လားဗျာ။

ကျုပ်လှည်းပေါ်တက်ထိုင်တော့ ကိုအေးက အထုပ်တွေလှမ်းပေးတယ်ဗျ။

“ငါ့ကိုလည်း သတိရနေပေါ့ကွာ၊ ငါလည်း လျက်ဆားသုပ်တွေ့တိုင်း မင်းကိုသတိရနေတော့မှာကွ”

ကိုအေးကတော့ ယောက်smးသားမို့လို့ ဟန်ဆောင်ကောင်းတယ်၊ ပြုံးပြုံးရွှင်ရွှင်ပါပဲ၊ လှည်းမထွက်ခင် ရင်မောင်လည်းရောက်လာပြီးတော့နှုတ်ဆက်ရှာတယ်။ တကယ်ငိုတာကတော့ ဟိုနှစ်ယောက်ပေါ့ဗျာ။ ဘယ်သူရှိမလဲ မိသက်နဲ့ ဖိုးတွမ်တီးပေါ့။

“ကိုကြီး၊ ကိုကြီးမပြန်နဲ့၊ ဒီမှာပဲနေခဲ့”

နားမလည်သေးတဲ့ဖိုးတွမ်တီးက ကျုပ်ကိုမပြန်ခိုင်းဘူး၊ သူ့အမေမခင်ကြည်က ဖိုးတွမ်တီးကို အတင်းဖမ်းဆွဲထားရတယ်။ ဒါတောင်အရင်နေ့က ကျုပ်ပြန်မယ်ဆိုရင် ဂျီကျပြီးငိုနေလို့ ဦးဘသာကိုပဲ ပြန်လွှတ်မှာဆိုပြီးတော့ သူ့အမေကလိမ်ထားရတာတဲ့ဗျာ။ ဦးဘသာလည်းတက်ပြီးရော လှည်းကထွက်တော့မယ်ဗျ။

ဦးအောင်ရှိန်က လှည်းမောင်းသမားနားကို ကပ်ပြီးတော့ သေသေချာချာပို့ပေးဖို့မှာတယ်၊ ဒါနဲ့ပဲ လှည်းမောင်းတဲ့လူက နွားဖင်ကိုကြိမ်နဲ့တို့လိုက်တော့ လှည်းကရွေ့သွားတာပေါ့ဗျာ။ သူတို့တစ်မိသားစုလုံးက ကျုပ်ကိုလက်ပြတယ်ဗျ၊ ကျုပ်လည်း သူတို့ကိုလက်ပြနေရင်း မျက်ရည်တွေကျလာတော့တာပဲ။

“ကိုကြီး၊ သားလိုက်မယ်၊ သားလည်းလိုက်မယ်”

ဖိုးတွမ်တီးက သူ့အမေလက်ကနေရုန်းထွက်ပြီးတော့ လှည်းနောက်ကိုပြေးလိုက်လာတယ်ဗျ၊ ဖိုးတွမ်တီးနဲ့အတူတူ မိသက်လည်းပြေးလိုက်လာတယ်၊ ကျုပ်လည်း လှည်းပေါ်မတ်တပ်ရပ်လိုက်ပြီး

“ဖိုးတွမ်တီး၊ နေခဲ့ကွ၊ ငါနောက်တော့ လာခဲ့အုံးမယ်ဟုတ်ပြီလား”

ဖိုးတွမ်တီးက ခေါင်းခါပြီးလှည်းနောက်ဆက်လိုက်တယ်ဗျ၊ နောက်ဆုံးတော့ မိသက်က ဖိုးတွမ်တီးကိုဖမ်းပြီးဆွဲထားရင်း ဖိုးတွမ်တီးတစ်ယောက် မြေပေါ်မှာလူးလွန့်ရင်း ကျန်ခဲ့တာပေါ့ဗျာ။

ဖုန်တထောင်းထောင်းထနေတဲ့ လှည်းလမ်းကြီးအတိုင်း လှည်းကမောင်းနှင်လာခဲ့တယ်၊ မနက်ကတည်းက ခပ်အုံ့အုံ့ဖြစ်နေတဲ့ မိုးကောင်ကင်ကြီးက မိုးတွေတဖွဲဖွဲနဲ့ကျလာခဲ့တယ်ဗျ၊ ကျုပ်တို့ကို နှုတ်ဆက်တဲ့မိုးလားတော့မသိပါဘူးဗျာ၊ ကျုပ်လည်းစိတ်ကိုတင်းထားပေမယ့် တကယ်တမ်းခွဲရပြီဆိုတဲ့အသိဝင်လာတော့ မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာပါရော၊ တဖြည်းဖြည်းဝေးသွားတဲ့ မြင်းဇာရွာကလေးကိုကြည့်ပြီးတော့ ကျုပ်နောက်ဆုံးအနေနဲ့လက်ပြလိုက်မိတယ်။

“နှုတ်ဆက်ပါတယ် ရွှေမြင်းဇာ”

ရွာကလေးကတော့ တဖြည်းဖြည်း ဝေးလို့၊ ဝေးလို့ ကျန်ခဲ့တာပေါ့ဗျာ။

ပြီးပါပြီ။
အဂ္ဂဇော်