တဲ့ဗျာ.. အပင်က လူရင်စို့လောက်ရှိပြီတဲ့..”
” ဟင်.. ဒီဆရာက ဒါတွေကို ဘယ်လိုသိတုံး ဘုန်းဘုန်းရဲ့..”
” အေး.. အဲဒါကို ဘုန်းကြီးလည်း မေးမြန်တာပေါ့ တာတေရဲ့..”
” မှန်ပါ့ ဘုရား..”
” တစ်ရက်တော့ ဆရာနွံဖက လူနာလာပင့်လို့ ဒီဘက်ကို လိုက်လာတာတဲ့ကွ.. သူ့ ပယောဂကပ်နေတဲ့လူနာကို ပယောဂ
ထုတ်တော့ ၀င်ကပ်နေတဲ့အကောင်က အဲဒီဆရာမနိုင်က သစ်စုန်းစောင့်ဖို့ အလှည့်ကျတဲ့အကောင်တဲ့ဗျာ.. အဲဒီ သစ်စုန်းစောင့်ရမှာစိုးလို့ လာပုန်းခိုနေတာဆိုပဲကွ..”
” အော်.. ဒီ သရဲလား.. သစ်စုန်းကို ဘာလို့ မစောင့်ချင်ရတာတုံး ဘုရား..”
” အေး.. ဆရာနွံဖကလည်း ဒီအကြောင်းမေးတာပေါ့… ဒီတော့ သရဲကပြောတယ်တဲ့.. သစ်စုန်းစောင့်တဲ့ကောင်တွေကို
မဖဲဝါကြီးက တိုက်ရိုက်အုပ်ချုပ်တာဆိုပဲ.. သူတို့က မဖဲဝါကြီးကို အားကြီးကြောက်ရတာတဲ့ကွ.. အဲဒါကြောင့် ဒီကောင် လူမှာလာကပ်ပြီးရှောင်နေရတာဆိုပဲ..”
” အော်.. ဒါကြောင့်ကိုး..”
” အဲဒီ သရဲနာမည်က စံပွင့်တဲ့ကွ.. သရဲစံပွင့်ပြောလို့ ဆရာနွံဖက ဒီအကြောင်းတွေ သိလာတာတဲ့.. အဲဒီသစ်စုန်းကို ဆရာနွံဖက ရအောင်လိုက်မယ်ပြောတယ်.. တာတေရဲ့..”
” ဒီ သစ်စုန်းက ဘာတွေစွမ်းလို့လဲ ဘုရား..”
” ဟာ.. ဒီဆရာပြောပုံအရတော့ တောတော်စွမ်းသားကလား တာတေရ.. အခုဒီအပင်က လူရင်စို့လောက်ရှိတယ်တဲ့..
ပင်စည်က ထွာစိုင်လောက်ရှိပြီဆိုပဲ.. အဲဒါကို တောင်ဝှေးလုပ်ပြီး ဆရာကိုင်ရင် တယ်စွမ်းဆိုပဲကွ.. လာဘ်လာဘလည်း ရွှင်
တယ်တဲ့.. ပြီးတော့ ဘယ်လို ပယောဂမျိုးမဆို သစ်စုန်းဆေးတောင်ဝှေးကို ကြောက်ကြတယ်ဆိုပဲ.. အဲဒါ ရရင် ဆရာနွံဖက
ဘုန်းဘုန်းကို တောင်ဝှေးတစ်ချောင်းလှူမယ်တဲ့.. သူက ကျန်တာယူမှာပေါ့ကွာ.. တို့ရွာထဲမှာ ပယောဂလေးဘာလေးကပ်ရင် ဒီတောင်ဝှေးနဲ့ မောင်းထုတ်သင့် ထုတ်ရမှာပေါ့..”
” အဲဒါ တပည့်တော်က ဘာလုပ်ရမှာလဲ ဘုရား..”
” အေး အေး ပြောမယ်.. ဆရာနွံဖက ပြောတယ်.. အဲဒီသစ်စုန်းပင်ကို လူသာမန်မျက်စိနဲ့ မမြင်ရဘူးတဲ့ကွ..”
” အော်.. တယ်လဲ ထူးဆန်းပါလားဘုရား…”
” ဟုတ်တယ်ကွ.. ဆရာနွံဖတို့မှာ မျက်ကွင်းဆေးဆိုတာ ရှိတယ် တဲ့.. အဲဒါကိုသွေးပြီးကွင်းလိုက်ရင် မြင်ရောတဲ့ကွ..
မြင်တာမှ သစ်စုန်းတင်မကဘူးတဲ့ မောင်ရေ.. နာနာဘာဝတွေပါ မြင်ရတာတဲ့..”
” ဟာ.. ကြောက်စရာပေါ့ ဘုရား..”
” အေး.. အဲဒါကြောင့် သတ္တိရှိတဲ့ လူငယ်တစ်ယောက်ရှာပေးပါ.. စနေသားလည်း ဖြစ်ရမယ်တဲ့ကွ..”
” သြော်. ”
” ဒါကြောင့် ငါက မင်းကိုပြေးမြင်တာ တာတေရ.. ဒါကြောင့် ဘုန်းဘုန်းက ဆရာနွံဖကိုပြောတယ်..
တာတေ့ကို ဘုန်းဘုန်းခေါ်ပြီး အကျိုးအကြောင်းပြောပြမယ်.. သူစိတ်၀င်စားရင်တော့ အဆင်ပြေတာပေါ့လို့..”
” ဒီလိုဆို တပည့်တော်က မျက်ကွင်းဆေးလိမ်းပြီး သစ်စုန်းပင်ကို ရှာရမှာပေါ့..”
” အေးပေါ့ကွ.. တာတေရ..”
” နောက်ကော အဲဒီမျက်ကွင်းဆေးကို ပြန်ဖျက်လို့ ရလို့လား ဘုရား..”
” ဟာ.. ရတာပေါ့ကွ.. နနွင်းဖြူ ၀ ကွင်းထိုးဆေး စီရင်ထားတာရှိတယ်တဲ့.. အဲဒါလိမ်းလိုက်ရင် စောစောက မျက်ကွင်းဆေးက ပျယ်သွားရောတဲ့ကွ..”
” အော်.. ဖျက်ဆေးရှိတာကိုး..”
” ရှိတယ်..ရှိတယ်.. တာတေ.. ဒီအတွက် မစိုးရိမ်နဲ့..”
” အင်း.. တပည့်တော်ကလည်း အဲဒီလိုမျိုး အထူးအဆန်းတွေဆိုရင် သိပ်စိတ်၀င်စားတာ ဘုရား..”
” အေး .. ဘုန်းဘုန်းသိတယ်လေ တာတေရဲ့.. ဘုန်းဘုန်းမယ်တော်ကြီး ဖုတ်၀င်တုန်းကလည်း မင်းပဲ ဆရာကျော်နဲ့ တွဲလုပ်ခဲ့တာကို ဘုန်းဘုန်းသိနေတာပဲ.. ”
” မှန်ပါ့ဘုရား.. ဒါဆိုရင် တပည့်တော်ကို အဲဒီရှမ်းဆရာကြီးနဲ့ တွေ့ပေးပါ ဘုရား..”
” အေး ဟုတ်ပြီ.. ဒါဆိုလာကွာ.. သူ့ကို ဟိုဘက်ဆွမ်းစားကျောင်းမှာ တည်းခိုဖို့ ဘုန်းဘုန်းစီစဉ်ထားတာ.. ဘုန်းကြီးနဲ့ မင်းနဲ့ ဟိုဘက်က ကျောင်းကို သွားရအောင်.. ”
ကျုပ်နဲ့ဆရာတော် ဆွမ်းစားကျောင်းကို ရောက်လာခဲ့ကြတယ်.. ဆွမ်းစားကျောင်းက နှစ်ထပ်ဗျ.. ဆရာတော်က အပေါ်ထပ်ကို
တက်တော့ ကျုပ်လည်း အပေါ်ထပ်ကို လိုက်ခဲ့ရတာပေါ့… အပေါ်ထပ် ဘုရားခန်းမှာ လူကြီးတစ်ယောက် ထိုင်နေတာ
တွေ့တယ်ဗျ… အသားဖြူဖြူ နှုတ်ခမ်းမွှေးကားကားနဲ့ဗျ.. အရပ်ကလည်း ခပ်ရှည်ရှည်ပါပဲ.. ဒီလူကြီးရဲ့ မျက်လုံးတွေက
နက်ပြီးတောက်နေတာဗျ.. ဆရာတော်ကြွလာတာမြင်တော့ ချက်ချင်းထပြီး အရိုအသေပြုတယ်.. ဆရာတော်ကို ဦးချတယ်..
” ကဲ.. ဆရာနွံဖ.. ဒီသူငယ်က ကျုပ်ပြောတဲ့ တာတေဆိုတာပဲ..”
” အော်.. မောင်တာတေကိုး.. ”
” ဟုတ်ပါတယ် ဆရာကြီး.. ကျုပ်တာတေပါ..”
” အေး အေး.. မောင်တာတေအကြောင်းကို ဆရာတော်အမိန့်ရှိထားလို့ ကျုပ်သိထားပြီးပါပြီ.. ကျုပ်နာမည် စိုင်းနွံဖတဲ့..
ဦးနွံဖပေါ့ကွာ.. ကျုပ်က ပယောဂကုတဲ့ဆရာပေါ့.. တခြားဆေးဝါးတွေလည်း ကိုင်ပါတယ်.. အဲ ကျုပ်ဝါသနာကတော့ ထူး
ထူးဆန်းဆန်းတွေကို စိတ်၀င်စားတာပဲကွ.. ဒီလောကမှာ လူတိုင်းမသိနိုင်တဲ့ ထူးဆန်းတဲ့သဘောတရားတွေ ရှိနေတယ်ကွ.. ကြုံကြိုက်တဲ့အခါမျိုးမှာ တွေ့ရမြင်ရတတ်တယ်.. ”
” ကျုပ်လည်း အဲဒီလိုလူမျိုးပဲ ဆရာကြီးရဲ့..”
” ဟားဟားဟား.. ဒါဆို ဟန်ကျတာပေါ့ကွာ.. ကျုပ်တို့ ဆရာတပည့်နှစ်ယောက်တွဲလို့ရတာပေါ့.. နောက်များမှာလည်း မောင်တာတေ ပညာလိုချင်ရင် ကျုပ်ပေးဖို့ ၀န်မလေးပါဘူးကွ..”
” ကျုပ်က ဆရာတော့ မလုပ်ချင်ဘူးဗျာ. ထူးထူးဆန်းဆန်းတွေ စိတ်၀င်စားရုံသက်သက်ပါပဲ..”
” အော်.. ဒီလိုလား.. အင်းပါလေ.. အခု စိတ်မ၀င်စားပေမယ့် တစ်နေ့ စိတ်၀င်စားလာတဲ့အခါ ကျုပ်သင်ပေးပါ့မယ်.. ”
” အေး.. ကောင်းသဗျာ.. ဆရာတပည့်နှစ်ယောက် အခုမှဆုံကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် ခင်ခင်မင်မင်ရှိတာ
ဘဝရေစက်ကြောင့်ပဲဗျ.. လုပ်ရကိုင်ရမယ့်ကိစ္စတွေကို ဆရာနွံဖက မောင်တာတေကို ပြောပေါ့ဗျာ..
ကဲ ကဲ ဘုန်းကြီးသွားမယ်.. ဟိုဘက်ကျောင်းမှာ ဘုန်းကြီးရှိနေတာပဲ.. ကိစ္စရှိရင် တက်သာလာခဲ့ ဟုတ်လား ဒကာကြီးနွံဖ..”
” မှန်ပါ့ဘုရား..”
ဆရာတော် ဟိုဘက်ကျောင်းကြီးကြွသွားတော့မှ ဆရာကြီးက ကျုပ်ကိုပြောတယ်ဗျ..
” အခုလာမယ့် လပြည့်ညမှာ သစ်စုန်းတွေ မြူးလိမ့်မယ်ကွ… နက္ခတ်တွေ အားလုံးစုံနေတာ.. ဒီလိုထူးဆန်းတဲ့ မှော်၀င်၊ သိုက်၀င် အပင်တွေဟာ အသက်၀င်ကြလိမ့်မယ်ကွ..”
” ဆရာ.. သစ်စုန်းဆိုတာ ဘယ်လိုပုံစံရှိလဲဗျ..”
” အဲဒါ ကျုပ်လည်း သေသေချာချာမမြင်ဖူးပါဘူး.. သရဲစံပွင့် ကျုပ်ကိုပြောတာကတော့ အရွက်က ဝုိင်းဝုိင်းကလေးတွေတဲ့ကွ…
ပြီးတော့ အလုံးကထွာစိုင်လောက်ရှိပြီတဲ့.. အမြင့်ကတော့ လူရင်စို့လောက်ရှိနေပြီဆိုပဲ..
အသားကတော့ အင်မတန်မာတယ်တဲ့.. အနှစ်ကို ပြည့်နေတာတဲ့ကွ..
တစ်နှစ်ကိုတစ်ခါ နက္ခတ်စုံတဲ့ညမှာ သစ်စုန်းမြူးတတ်တယ်တဲ့.. အမြစ်က ကျွတ်ထွက်ပြီး သချိုင်းထဲမှာ လူလမ်းလျှောက်
သလိုကို လျှောက်သွားတာတဲ့ကွ.. အဲဒီ သူ့နေရာကို ပြန်၀င်ခါနီးအချိန်မှာ ပြေးဖက်ပြီး သချိုင်းအပြင်ကို ရောက်အောင် ထုတ်ယူနိုင်ရင် သစ်စုန်းရရောတဲ့ တာတေရေ..”
” အော်.. အဲဒီ သစ်စုန်းရရင် ဘာဖြစ်တုံး ဆရာကြီး..”
” ပင်စည်ကို တောင်ဝှေးလုပ်ပြီး ဆရာတွေ ကိုင်ရတာကွ.. အရွက်တွေ အကိုင်း အမြစ်တွေကိုတော့ အခြောက်လှမ်း
အမှုန့်ထောင်းပြီး ဆေးတောင့်လုပ်ရတာပေါ့ကွာ.. ဒီဆေးတောင့်ကလေးကို ရေဖျော်တိုက်ရင် ပယောဂပြေးတာပေါ့…
ဆေးတောင့်ရေကို အိမ်ဘေးပတ်ပြီး ဖျန်းထားရင် ပယောဂမကပ်နိုင်တော့ဘူးပေ့ါကွာ.. ဆေးတောင်ဝှေးကတော့ ပယောဂ
ကို ရွယ်လိုက်တာနဲ့တင် ပယောဂတွေ ဖိန့်ဖိန့်တုံအောင် ကြောက်ကြတယ်.. ”
” ဟာ တော်တော်စွမ်းတဲ့ သစ်စုန်းပဲနော်.. ဆရာကြီး..”
” စွမ်းပါပြီလား တာတေရယ်.. ”
” ဟုတ်ပြီ ကျုပ်လုပ်မယ်ဗျာ.. ”
” အဲဒါကို မြင်ဖို့က မလွယ်ဘူးကွ.. အစွမ်းထက်တဲ့ မျက်ကွင်းဆေးရှိဖို့လိုတယ်.. အဲဒီမျက်ကွင်းဆေးက ကျုပ်မှာရှိပြီးသားပါ..
ပြန်ဖျက်တဲ့ ဆေးလည်း ကျုပ်မှာ အဆင်သင့်ရှိတယ်.. တာတေရဲ့.. ဘာမှ မစိုးရိမ်နဲ့..”
” ဟာ.. မစိုးရီမ်ပါဘူး ဆရာကြီးရယ်.. ဆရာကြီးကို မြင်လိုက်ကတည်းက ကျုပ်ယုံပြီးသားပါ..”
” အေး.. ကောင်းပြီ တာတေ.. ကျုပ်ဘက်အပိုင်းကို စိတ်ချ..
မောင်တာတေသာ သစ်စုန်းပင်ကိုတွေ့ရင် အရအမိယူရဲရမယ်.. ဘာကောင်တွေပဲတွေ့တွေ့.. မကြောက်ရဘူး..
မောင်တာတေကို ဘယ်လိုကောင်မှ မလုပ်ရဲအောင် ကျုပ်ကာကွယ်ထားမယ်.. သစ်စုန်းပင် သချိုင်းမြေကျော်သွားပြီဆိုရင်
တော့ ဒီအပင်ကို လူတိုင်းမြင်ကြရမှာ.. ကျုပ်လည်း ဒီတော့မှ ဒီအပင်ကို မြင်ရမှာ မောင်တာတေရဲ့..”
” ကျုပ်မသိလို့ မေးပါရစေဗျာ.. ”
” မေးလေကွာ.. ”
” ဆရာကြီးလည်း မျက်ကွင်းဆေးလိမ်းထားရင် ဒီအပင်ကိုမြင်ရမှာ မဟုတ်လား.. ဆရာကြီးက ဘာလို့ မလိမ်းတာတုံး..”
” အေး.. မင်းမေးတဲ့မေးခွန်းက မေးသင့်တဲ့မေးခွန်းပဲကွ.. တာတေရ.. အဲဒါကို ဆရာလုပ်တဲ့သူက ကွင်းခွင့်မရှိဘူးကွ..
တခြားတစ်ယောက်ကိုပဲ ကွင်းပေးရတာ.. ကွင်းမယ့်သူကလည်း စနေသားဖြစ်ရမယ်.. ဒါမှရတာ.. ပြီးတော့ မျက်ကွင်းဆေး
ကွင်းထားတဲ့အချိန်မှာ မင်းက သစ်စုန်းကိုတင် မြင်ရမှာမဟုတ်ဘူးလေ.. တခြားနာနာဘာဝတွေကိုပါ မြင်ရမှာကွ..
ဒီတော့ တော်ရုံတန်ရုံ သတ္တိရှိတဲ့ လူကို ကွင်းပေးလို့ မရဘူးကွ.. ရူးသွပ်သွားတတ်တယ်.. ”
” အော်.. နာနာဘာ၀ပုံစံတွေက ဒီလောက် ကြောက်စရာကောင်းလို့လား ဆရာကြီး.. ကျုပ် မဖဲဝါကိုတော့ ခပ်လှမ်းလှမ်းက မြင်ဖူးပါတယ်.. ခပ်ဖြူဖြူ အရပ်ရှည်ရှည်ကြီးပဲဗျို့..”
” အဲဒါ မဖဲဝါ အရိပ်လောက်ပဲ မြင်ရတာကွ.. တာတေရ.. တကယ့်အကောင်အထည်ကို မြင်ရရင် တအားလန့်သွားတတ်တယ်.. ”
” နေပါအုန်း ဆရာကြီးရဲ့ မျက်ကွင်းဆေးကွင်းတဲ့အခါ နာနာဘာဝတွေကို မြင်ရတာတော့ ဟုတ်ပါပြီ.. သူတို့ပြောတဲ့ အသံရော ကြားနိုင်လားဗျ..”
” အေး.. အဲဒါက ဒီလိုရှိတယ်ကွ.. ကျုပ်ဆရာကြီးတွေ ပြောတာကတော့ မျက်ကွင်းဆေးကွင်းတဲ့လူရဲ့ ပါရမီပေါ်မှာမူတည်
တယ်တဲ့.. မျက်ကွင်းဆေးကွင်းတဲ့လူရဲ့ ပါရမီဓာတ်ခံညံ့ရင် ရုပ်ပဲ မြင်ရနိုင်တယ်.. အသံမကြားနိုင်ဘူးကွ.. မင်းကတော့ ကျုပ်
ထင်တယ်လေ.. ဒီဘက်မှာ ပါရမီခံကောင်းမယ့်ပုံပဲကွ.. အဲဒီဆေးကွင်းတဲ့ ညကျမှပဲ သိရမှာပေါ့ကွာ..”
” အော်. ဟုတ်ပါပြီ ဆရာကြီး.. ဆရာကြီးနဲ့တွေ့ရတာ ကျုပ်တော်တော်ကို ဗဟုသုတတိုးသွားပါရဲ့ဗျာ.. ”
” အေး.. အဲဒီတော့ လပြည့်ည နေ၀င်တာနဲ့ တာတေ ဒီကိုရောက်အောင်သာ လာခဲ့ပေတော့.. ကျုပ် အစစအရာရာ ပြင်ဆင်ထားလိုက်မယ်.. ”
” ဟုတ်ကဲ့ပါ ဆရာကြီး စိတ်ချပါ.. ကျုပ်ဆက်ဆက်လာခဲ့ပါ့မယ်.. ”
ကျုပ်လည်း ပုဗ္ဗာရုံဆရာတော်ကို ကန်တော့ပြီး ပြန်လာခဲ့တယ်.. တစ်လမ်းလုံးလည်း ကျုပ်တွေးလာတာပေါ့ဗျာ..
ကျုပ်တစ်ခါမှ မကြားဖူးတဲ့ မျက်ကွင်းဆေးအကြောင်းနဲ့ ကြောက်စရာကောင်းတဲ့ နာနာဘာဝတွေကို တွေ့ရ၊ မြင်ရတဲ့အခါ
ကျုပ်ရော ခံနိုင်ရှည်ရှိပါ့မလား.. ခံနိုင်ရမည်မရှိရင်တော့ ကျုပ်သွက်သွက်လည်အောင် ရူးသွားမှာဗျ.. ဟုတ်မှ ဟုတ်ရဲ့လား..
ငတာတေရေ လို့ ကျုပ်ကိုယ်ကျုပ် ပြန်မေးမိတယ်ဗျ.. အို ဘာပဲဖြစ်ဖြစ်ဗျာ..
ဒီလိုအခွင့်အရေးမျိုးကိုတော့ ကျုပ်လက်လွှတ်မခံနိုင်ဘူးဗျို့.. ဆရာကြီး စိုင်းနွံဖနဲ့ ကျုပ် လိုက်ကိုလိုက်မယ်..
လပြည့်နေ့ညနေ နေ၀င်သွားချိန်မှာ အမေနဲ့ အဘကို ကျုပ်ပုဗ္ဗာရုံကျောင်းသွားဦးမယ်.. ဆရာတော်ခေါ်ထားလို့လို့ပြောပြီး
အိမ်ကနေ ကျုပ်ထွက်လာခဲ့တယ်.. ကျုပ်ဆိုတဲ့ကောင်ကလည်း တစ်သက်လုံး ဒီလိုပဲ သွားနေကြဆိုတော့ အဘနဲ့အမေကလည်း သိပ်မဆန်းတော့ပါဘူးလေ…
ကျုပ် ပုဗ္ဗာရုံကျောင်းရောက်တော့ ဆရာကြီးက ဘုရားခန်းထဲမှာ ဆေးဝါးတွေ စီရင်နေတယ်ဗျ.. ရွတ်ဖတ်တာတွေလည်း
လုပ်နေတယ်.. ကျုပ်လည်း ဘုရားဦးတိုက်လိုက်ပြီး ငြိမ်ငြိမ်ပဲထိုင်နေလိုက်ပါတယ်.. ခဏနေတော့ ခံတွင်းနည်းနည်းချဉ်လာ
လို့ ဆေးလိပ်သောက်ရင်ကောင်းမလားလို့ စဉ်းစားလိုက်တယ်.. ဆရာကြီးက ကြိုက်ချင်မှ ကြိုက်မှာလို့ တွေးမိတာနဲ့ မသောက်ဘဲ နေလိုက်တော့တယ်..
” မောင်တာတေ ဆေးလိပ်သောက်ချင်ရင် သောက်ပါကွ.. ရပါတယ်.. ကျုပ်ကို အနှောင့်အယှက်မဖြစ်ပါဘူး.. ကျုပ်အလုပ်တွေလည်း အားလုံးပြီးပါပြီ.. ”
ကျုပ် ဆရာကြီးကို တော်တော်အံ့သြသွားတယ်ဗျ.. ကျုပ်စိတ်ထဲမှာ ဖြစ်ပေါ်နေတာတွေကို ဆရာကြီး သိနေတာကိုးလို့ တွေးလိုက်မိတယ်..
” အင်း ကျုပ်သိနိုင်စွမ်းရှိပါတယ်.. မောင်တာတေ.. အခု မောင်တာတေက ထမင်းစားလာခဲ့တယ် မို့လား..”
” ဟုတ်ကဲ့ စားလာခဲ့ပါတယ် ဆရာကြီး..”
” အေး.. မင်းထမင်းစားတာ ကြက်သားဟင်းနဲ့လေ.. ကြက်သားဟင်းက ငရုတ်သီးစပ်လွန်းလို့ မင်း ရေနှစ်ခါတောင်
ထသောက်ရသေးတယ်မို့လား.. ပြီးတော့ အဲဒီကြက်သားက မင်းတို့အိမ်တောင်ဘက်ဝုိင်းထဲက အသားမို့လား..
ကြက်က နည်းနည်းရင့်နေလို့ မင်းအမေမှာ နူးအောင် တော်တော်ကို ချက်လိုက်ရတာကွ.. ကြက်ဖဆိုတော့ အသားက မာတာပေါ့ကွာ..”
” ဗျာ.. ဒါတွေကအစ ဆရာကြီး သိနေတယ် ဟုတ်လား.. ”
” အေး သိပါတယ် မောင်တာတေ အခုလိုပြောပြတာ ကျုပ်ဂုဏ်ကို ဖော်ချင်လွန်းလို့ မဟုတ်ပါဘူး..
မင်း ယုံကြည်ပြီး ဆရာတင်မယ့်သူက ဘယ်လိုလူလဲဆိုတာလောက်တော့ သိထားသင့်တယ်ထင်လို့ ပြောပြတာပါ..”
” အော် ဟုတ်ကဲ့ပါ ဆရာကြီးရယ်.. ကျုပ်တစ်သက်မှာတော့ ဆရာကြီးလို ဆရာမျိုး ဒီတစ်ခါပဲ မြင်ဖူးပါသေးတယ်ဗျာ..”
” အေး အေး.. အခု ကျုပ်ရွတ်ဖတ်နေတာတွေ မောင်တာတေတွေ့တယ်မို့လား..”
” ဟုတ်ကဲ့ တွေ့ပါတယ် ဆရာကြီး”
” အေး အဲဒီဆေးတွေ အင်းတွေကို မန္တန်ရွတ်ပြီး နှိုးထားတာကွဲ့.. ဒါမှ အရေးအကြောင်းရှိလာရင် အားလုံးအသက်၀င်နေ
မှာပေါ့.. ဘာမှ မကြောက်နဲ့ မောင်တာတေ.. ကျုပ်နဲ့တွဲမိလို့ မင်းဘာမှ မဖြစ်စေရဘူး သိလား.. ”
” ဟာ.. ကျုပ် ဆရာကြီးကို ယုံပြီးသားပါဗျာ.. ”
” အေး အေး ကောင်းတာပေါ့ကွာ..”
ကျုပ်က ဆေးပေါ့လိပ်ကလေး မီးညှိုပြီးဖွာတယ်ဗျ.. ဆရာကြီးကတော့ ရေနွေးကြမ်းတွေ တစ်ခွက်ပြီး တစ်ခွက်သောက်ပြီး
တွေးနေတယ်.. တော်တော်ကလေး ညဉ့်နက်လို့ ရွာထဲမှာလူခြေတိတ်ပြီဆိုတော့မှ
” ကဲ တာတေရေ.. ကျုပ်တို့ ဆရာတပည့်နှစ်ယောက် ဘုရားရှိခိုးကြစို့..”
” ဟုတ်ကဲ့ ဆရာကြီး..”
ကျုပ်ရော ဆရာကြီးပါ ဘုရားကို ဦးတိုက်ကြတယ်.. ဘုရားရှိခိုး ပြီးတော့ ဆရာကြီးစိုင်းနွံဖက ဘုရားမှာ သစ္စာဆိုတယ်..
” ဘုရားတပည့်တော် နွံဖဟာ ဒီပညာတွေကို တတ်မြောက်တဲ့အချိန်ကစပြီး လူတွေရဲ့ဒုက္ခတွေကို ကယ်တင်ခဲ့တာပါပ
ဲဘုရား.. အခုလည်း ဘုရားတပည့်တော် အလိုရှိတဲ့ ပစ္စည်းကိုရရင် သတ္တဝါတွေကို ကယ်တင်ဖို့ စောင့်ရှောက်ဖို့ပဲ ရည်ရွယ်
တာပါဘုရား.. ဤသစ္စာစကားမှန်ကန်ပါက ဘုရားတပည့်တော်တို့ ဆရာတပည့်နှစ်ယောက် ဒီည ပြုလုပ်မယ့်ကိစ္စက အောင်မြင်ရပါလို၏ ဘုရား.. ”
ကျုပ်ရော ဆရာကြီးပါ ဘုရားကို ဦးသုံးကြိမ်ချလိုက်ကြတယ်..
” ကဲ မောင်တာတေရေ.. သွားစို့.. အချိန်ကျပြီကွဲ့..”
” ဟုတ်ကဲ့.. အသင့်ပါပဲ ဆရာကြီး..”
ကျုပ်နဲ့ ဆရာကြီး ရွာပြင်ကိုထွက်ခဲ့ကြတယ်.. ပြီးတော့ ရွာပြင်ကပတ်ပြီး လျှောက်ခဲ့ကြတယ်..
” ဒီအချိန်သွားမှ ဆရာမနိုင်ကို သန်းခေါင်လောက်ရောက်မှာကွ… ကြိုသွားလို့လဲ မရဘူးလေ.. မဖဲဝါက ကြိုသိနေရင် ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး တာတေရ..”
ကျုပ်နားထဲ မဖဲဝါဆိုတဲ့ အသံကြားလိုက်ရတော့ နည်းနည်းတော့ လန့်သွားတယ်ဗျို့.. ဒါပေမယ့် ဆရာကြီးရဲ့ ပညာစွမ်းကို
ကျုပ်ယုံပါတယ်ဗျာ.. ကျုပ်တို့ ဆရာတပည့် ဘယ်ရွာကိုမှ မ၀င်ဘဲ အပြင်ကချည်းပတ်သွားကြတာ ဆရာမနိုင်ကို ကျုပ်က ဖြတ်
လမ်းသိတော့ အဲဒီလမ်းကနေ ဆရာကြီးကို ခေါ်လာတာ သန်းခေါင်မတိုင်ခင် ဆရာမနိုင်သချိုင်းထဲကို ကျုပ်တို့ ဆရာတပည့်ရောက်လာတာဗျို့..
” ကဲ လာ မောင်တာတေ ဟိုဇရပ်ပေါ်ကို တက်ကြစို့.. ”
ကျုပ်တို့ ဆရာတပည့် ဆရာမနိုင်ရွာသချိုင်းထဲက ဇရပ်ပေါ်ကို တက်လာကြတယ်.. ဇရပ်ပေါ်မှာ ဆရာကြီးက အကျအနထိုင်
လိုက်ပြီးတော့ သူ့လွယ်အိတ်ကြီးထဲက ကျောက်ပျဉ်သေးသေးလေးကိုထုတ်တယ်.. ပြီးတော့ မျက်စဉ်းပုလင်းလောက်ရှိ
တဲ့ ရေပုလင်းကလေးကို ထုတ်တယ်ဗျ.. နောက်တော့ ဆေးတောင့်တစ်တောင့်ကို သွေးတော့တာပဲဗှာ.. ဆေးရည် ညိုညိုကလေးတွေ ထွက်လာတော့မှ..
” ကဲ လာ တာတေ.. မျက်စေ့ကို ကွင်းကြစို့..”
ပြောပြောဆိုဆို ကျုပ်မျက်စေ့နှစ်ဘက်မှာ ဆေးကွင်းပေးတယ်ဗျ.. ခင်ဗျားတို့ ကျုပ်တို့ မျက်စေ့နာတဲ့အခါ မန်ကျည်းခေါက်
သွေးပြီး ကွင်းသလိုပေါ့ဗျာ.. ခဏနေတော့ ဆေးခြောက်သွားတယ်ဗျ..
” လာ ဒီရှေ့တိုး..”
ဆိုလို့ ကျုပ်က ဆရာကြီးရှေ့ကို တိုးလိုက်ရတယ်.. ဆရာကြီးက ကျုပ်အိပ်ထဲကို ဆေးဥတစ်ဥထည့်ပေးတယ်..
” ဒါဟာ နနွင်းဖြူ ၀ကွင်းပိတ် ဆေးကွ.. ဆေးစီရင်ပြီးသား.. မင်းဘာသာမင်းသွေးပြီး မျက်စေ့ကို ကွင်းလိုက်ရင် အောက်က
မျက်ကွင်းဆေး အာနိသင်ပျယ်သွားလိမ့်မယ်.. ဟောဒီမှာ မင်းအိတ်ထဲကို ထည့်ထားမယ်..
ပြီးတော့ အကျီစအိတ်ကို ကျုပ်ချိတ်အပ်နဲ့ ပိတ်လိုက်မယ်.. ထွက်ကျပြီး မပျောက်အောင်ပေါ့ကွာ.. ”
” ဟုတ်ကဲ့ပါ ဆရာကြီး..”
တော်တော့်ကို စေ့စပ်သေချာတဲ့ဆရာကြီးပဲလို့ ကျုပ်စိတ်ထဲက တွေးလိုက်မိတယ်..
” ဒါမျိုးက မသေချာလို့ မရဘူးလေ.. တာတေရဲ့.. ကဲ မင်းဘာမှ မကြောက်နဲ့နော်.. သချိုင်းဘက်ကိုလှည့်ပြီး
ကြည့်လိုက်ပေတော့.. ပြီးရင် မင်းမြင်တာတွေ ကျုပ်ကို ပြောပြပေတော့.. ”
ကျုပ် ခပ်ဖြေးဖြေးပဲ သချိုင်းကုန်းကြီးဘက်ကို လှည့်လိုက်တယ်..
” ဟာ…”
” မကြောက်နဲ့ မောင်တာတေ.. အဲဒါတွေက အပါယ်လေးဘုံသားတွေပါ..
တို့ဘုရားဟောခဲ့တဲ့ အပါယ်လေးဘုံသားတွေပေါ့.. ကဲ မင်းမြင်တာတွေ ဆရာ့ကို ပြောပါဦး…”
” ဆရာကြီး သချိုင်းထဲက အပင်ကြီးတွေပေါ်မှာ အကောင်တွေ အပြည့်ပါပဲလားဗျ.. ”
” အေး.. ဟုတ်ပြီ.. ကြည့်.. ကြည့်.. မကြောက်နဲ့..”
” ဟာ.. ဟိုဘန့်ဘွေးပင်ပေါ်မှာ နှစ်ကောင်ဗျ.. အို.. ကြည့်စမ်းပါအုန်း.. တစ်ကောင်က နားရွက်ကြီး အကြီးကြီးဗျ..
မျက်လုံးကြီးတွေကလည်း လင်ကွင်းလောက်ကို ရှိနေပါလား..”
” အော်.. ဟုတ်ပြီ.. ဒီကောင်တွေ ကျုပ်တို့ကို ကြည့်နေကြသလား..”
” ဟာ.. မကြည့်ဘူးဗျ.. သူတို့ဖာသာနေနေကြတယ်.. ”
” အေး.. ဟုတ်ပြီ.. သချိုင်းထဲ လျှောက်ကြည့်ကွာ.. လသာလိုက်တာမှ ထိန်နေတာပဲ.. အားလုံး မြင်ရပါတယ်.. ”
” ဟာ.. ဆရာကြီး တောင်ဘက်က အုတ်ဂူကြီးပေါ်မှာ ဆံပင်ဖားလျားကြီးနဲ့ မိန်းမတစ်ယောက်ထိုင်နေတယ်ဗှ..
သူ့ရှေ့မှာ ဆံပင်ဖားလျားနဲ့ သရဲမတွေ လေးငါးယောက်က ကြုံကြုံထိုင်နေကြတယ်.. ”
” အော်.. မဖဲဝါလည်း ရောက်နေပြီကိုး.. အေး အဲဒါ မင်းတွေ့ဖူးတယ် ဆိုတဲ့ မဖဲဝါပေါ့ကွာ.. ရှေ့ကဟာတွေက
သူ့တပည့်တပန်းတွေပေါ့.. သူ့ကို ခစားနေကြတာဖြစ်မှာပေါ့.. သူကကော ကျုပ်တို့ကို ကြည့်နေသလားကွ.. ”
” ဟာ ကြည့်တယ်ဗျ.. မျက်လုံးကြီးက နည်းတဲ့ဟာမှ မဟုတ်ပဲဗျာ.. ကျုပ် အရင်တွေ့တုန်းက ဖြူဖြူအရိပ်ကြီးဗျ.. ”
” အေး.. အဲဒီတုံးက သူပြတာ အရိပ်ပဲပြတာလေ.. အခုမင်းမြင်လိုက်ရတာ အကောင်ပေါ့ကွ.. တာတေရ.. အသာနေ..
သူတို့ကို သွားမကြည့်နဲ့.. သစ်ပင်တွေကို လိုက်ကြည့်ကွာ.. ထူးခြားတဲ့ သစ်ပင်များတွေ့သလားလို့… ”
” သစ်ပင်တွေ အကုန်လုံးရောနေတာဗျ.. ”
” ရင်စို့လောက် အရွက်ဝုိင်းဝုိင်းနဲ့ ထွာဆိုင်လောက် အပင်လေကွာ..”
” ဟာ.. အဲဒီလို အပင်တွေက အများကြီး ဆရာကြီးရဲ့.. အော် နေအုန်းဗျ.. မဖဲဝါကြီး စိုက်ကြည့်နေတဲ့ အပင်တစ်ပင်တော့ ရှိတယ်ဗျ.. ”
” အေး.. အေး.. ပြောစမ်း.. ဘယ်နားမှာလဲ..”
” ဆရာကြီး အသာလှမ်းကြည့်လိုက်.. အုတ်ဂူအစိမ်းရောင်တွေ့လား..”
” အေး.. တွေ့တယ်လေ.. ဂူအစိမ်းက တစ်လုံးပဲရှိတာမို့လားကွ..”
” အဲဒီ ဂူအစိမ်းရဲ့ခေါင်းရင်းမှာ ရင်စို့လောက် အပင်တစ်ပင်ရှိတယ်ဗျ.. အရွက်ကလည်း ခပ်ဝုိင်းဝုိင်းပဲ..”
” ဟေ.. အဲဒီအပင်ကို ငါမမြင်ရဘူးကွ.. ဟုတ်ပြီ.. မင်းက ဆေးကွင်းထားလို့ မြင်ရတာနေမှာပေါ့.. ကြည့်ထား.. အဲဒီအပင်ပဲဖြစ်မယ်ကွ.. တာတေရ.. အဲဒါ သစ်စုန်းပဲကွ.. ”
” ဟာ ဆရာကြီး.. အဲဒီအပင်ဘေးမှာ အကောင်ကြီးတစ်ကောင်ရပ်နေတယ်ဗျ.. မျက်လုံးကြီးတွေကလည်း
လင်ကွင်းလောက်ရှိတယ်ဗျ.. လျှာကြီးကလည်း တွဲလောင်းကြီး ကျနေတယ်ဗျို့.. ဟာ လက်ဝါးကြီးတွေလည်း အကြီးကြီးနဲ့ဗျာ.. ”
” ဟာ.. အဲဒါ သရဲစံပွင့်ပေါ့ကွ.. သူ အဲဒီအပင်ကို စောင့်ရမှာ စိုးလို့ လူထဲ၀င်ပုန်းနေတာလေကွာ.. စံပွင့်ပြောလို့
ကျုပ် ဒီအပင်အကြောင်း သိတာကွ.. စံပွင့်က ကျုပ်တို့ကို တားမှာ မဟုတ်ဘူး.. ဒီအပင်မရှိမှ အေးမယ်လို့ တွေးနေတဲ့အကောင်ကွ..”
” ဟာ. ဆရာကြီးရေ.. လေလည်းမတိုက်ဘဲနဲ့ အဲဒီအပင်က လှုတ်ယမ်းနေတယ်ဗျို့.. တစ်ဘက်တည်းကို ယိမ်းတာမဟုတ်
ဘဲ ဘက်ပေါင်းစုံကို ယိမ်းနေတာဗျို့.. ဟော ဟော.. မဖဲဝါကြီးနဲ့ သူ့တပည့်တွေ အဲဒီကို သွားနေကြပြီဗျ.. ”
” အေး.. နက္ခတ်အချိန်ကျပြီးကိုး..တာတေရဲ့.. သစ်စုန်းပင်က အသက်၀င်လာပြီပေါ့.. သေသေချာချာကြည့်နေနော်.. ”
” ဟာ. .ဆရာကြီးရေ.. သစ်ပင်က အပေါ်ကို ကြွတက်လာနေပြီဗျို့..”
” အေး.. ဟုတ်ပြီ.. ဟုတ်ပြီ.. မဖဲဝါ ဘာလုပ်နေလဲ..”
” ဟာ.. မဖဲဝါက လက်ကြီးနှစ်ဘက်ရှေ့ကို ဆန့်ပြီး ပါးစပ်က ပွစိပွစိနဲ့ပြောနေတာဗျ.. ဘာပြောတာလဲတော့ ကျုပ်မကြားရဘူး.. ”
” အေး.. အေး.. ဟုတ်ပြီ.. ကြည့်ထား.. ”
” ဟာ.. ဆရာကြီးရေ.. သစ်စုန်းပင်က လူလမ်းလျှောက်သလိုလျှောက်နေပြီဗျို့.. ဟာ.. မဖဲဝါရော သရဲစံပွင့်ကြီးတို့ရော အပင်နောက်က လျှောက်လိုက်နေကြပြီဗျို့..”
” ဟာ.. ဟုတ်လား.. ဘယ် ဘယ်ကိုသွားနေလဲကွ..”
” သချိုင်း အနောက်ဘက်ဗျ.. အားလုံးအုံပြီး လိုက်သွားကြတယ်.. ”
” အေး. တာတေရေ.. အပင်ပေါ်က ကောင်တွေကို တစ်ချက်ကြည့်စမ်းကွာ..”
” ဟာ. ဒီကောင်တွေလည်း အဲဒါကို ဝုိင်းကြည့်နေကြတယ်ဗျ.. ”
” အေး.. ဟုတ်ပြီ. မင်း သေသေချာချာနားထောင် တာတေ.. အဲဒီအပင်က စောစောက ဂူအစိမ်းနားကိုရောက်အောင်
ပြန်သွားမှာ.. အဲဒီအချိန်မှာ ငါက မဖဲဝါတို့ဆီကို ဆေးလုံးပစ်သွင်းလိုက်မယ်. မင်းက ဂူအစိမ်းနားကိုသွားပြီး ပုန်းနေ.. သစ်
စုန်းပင်ရော မဖဲဝါတို့ရော အဲဒီနားကပ်လာတာနဲ့ မင်းက မတ်တပ်ထရပ်လိုက်.. ငါက ဆေးလုံးပစ်လိုက်မယ်.. သူတို့အား
လုံး ခဏကြာအောင် ကြက်သေသေသွားကြလိမ့်မယ်.. သူတို့တင်မဟုတ်ဘူး.. ဒီသချိုင်းက အကောင်တွေအားလုံး ကြ
က်သေသွေားမှာ သိပ်ကြာမှာတော့ မဟုတ်ဘူးကွ.. အဲဒီအချိန်မှာ မင်းက သစ်စုန်းပင်ကို ပြေးထမ်းပြီး သချိုင်း အပြင်ကို
အရောက်ပြေးပေတော့… ငါက နောက်ထပ်ဆေးတစ်လုံးပစ်သွင်းပြီး မင်းနောက်က ပြေးလိုက်ခဲ့မယ်..
သချိုင်းအပြင်ရောက်ရင် မင်းဆက်မပြေးနဲ့.. ငါ့ကို စောင့်နေ.. ဖြစ်တယ်မို့လား.. တာတေ.. ”
” ဟာ.. သိပ်ဖြစ်တာပေါ့ ဆရာကြီးရာ… ”
” အခု ဘယ်ရောက်သွားပြီလဲကွ.. ”
” ဒီအပင်က လူလမ်းလျှောက်သလို တစ်လှမ်းချင်း လျှောက်နေတာဗျို့.. နောက်က မဖဲဝါကြီးက ဦးဆောင်ပြီး သစ်ပင်နောက်က ခပ်ခွာခွာပဲလိုက်နေတာ ဆရာကြီးရဲ့.. ”
” အေး.. သရဲစံပွင့်ကြီးရော ပါလားကွ..”
” ဟာ.. ပါတာပေါ့ဗျာ.. အဲဒီအကောင်ကြီးက မဖဲဝါဘေးမှာ ကုတ်ကုတ်လေးဗျ.. ”
” အေး ဟုတ်မယ်ကွ.. ဒီကောင်ကြီးက မဖဲဝါကို အားကြီးကြောက်တာဆိုပဲ.. အခု ဘယ်ဘက်ကို ရောက်သွားပြီလဲ..”
” ဟောဟိုက ထနောင်းပင်နှစ်ပင်ကို ဆရာကြီးတွေ့တယ် မို့လား..”
” အေး.. တွေ့တယ်လေ.. ”
” အဲဒီအောက်မှာ လျှောက်နေတာဗျို့.. ”
” ဟာ.. အဲဒါ သချိုင်းရဲ့ နယ်နိမိတ်ပဲကွ.. အဲဒါပြီးရင် ဒီဘက်ကို ပြန်ပြီးပတ်လာမယ်ထင်တယ်.. ”
” ဟာ.. ဆရာကြီး.. သစ်စုန်းပင်က လူလိုပဲ ခုန်နေတယ်ဗျို့.. ”
” ဟေ.. ဟုတ်လားကွ.. ”
” ဟုတ်ပါဗျာ. သူ့အကိုင်းတွေကလည်း လူလက်တွေလိုပဲ.. အကွေးအစန့်လုပ်လို့ရတယ်ဗျာ.. ဟာ..ဟော.. ခုန်ပြန်ပြီဗျို့.. တော်တော်တော့ သွေးပျက်စရာကောင်းတဲ့ မြင်ကွင်းပဲဗျာ.. ”
” ဟာ.. မကြောက်စမ်းပါနဲ့ တာတေရာ..”
” မကြောက်ပါဘူးဗျာ.. ကျုပ်က အခုချက်ချင်းတောင် ပြေးထမ်းလိုက်ချင်ပြီဗျ.. ”
” ဟာ.. မရသေးဘူးလေကွာ.. သူ တစ်ပတ်ပြည့်အောင် လျှောက်ပြီးမှ အာနိသင်အပြည့်ရမှာကွ.. ကဲ.. ဆက်ကြည့်အုန်းဟေ့..”
” ဟုတ်တယ်ဗျို့.. ဒီအပင်က သချိုင်းကို လှည့်ပတ်သွားနေတာဗျာ.. ဟိုဘက်က ဂူတွေဘက်ကို တက်သွားပြီဗျို့.. ”
” ဟုတ်ပြီ.. ဟုတ်ပြီ.. မျက်ခြေမပြတ်သာကြည့်နေဟေ့.. ”
ကျုပ်ကြည့်နေတုန်းမှာပဲ သစ်စုန်းပင်က သချိုင်းနေရာအနှံကို ရောက်သွားတယ်ဗျ.. သချိုင်းတစ်ခုလုံးလည်း ရောက်သွားတော့
မှ ရပ်နေတယ်.. မဖဲဝါကြီးတို့ကလည်း နောက်ကထပ်ချပ်မခွာ လိုက်နေတာဗျို့.. ”
” ရပ်နေတယ် ဆရာကြီးရေ.. ”
” ဟာ.. ဟုတ်လား.. ကဲ.. ဒါဆိုရင်တော့ မင်းဂူအစိမ်းဘေးကိုသွားပြီး ပုန်းပေတော့.. အနားရောက်လာတာနဲ့ ကျုပ်မှာထား
သလို မတ်တပ်ထရပ်လိုက်နော်.. ကျုပ် ဆေးလုံးပစ်သွင်းမယ်.. ကျုပ်ကလည်း ဟောဟိုက ဘုန်းကြီးမယ်တော်ကြီးရဲ့ ဂူနားမှာ ကပ်နေမှာ သိလား.. ”
” ဟုတ်ပြီ ဆရာကြီး ဒါဆိုရင် ကျုပ်သွားပြီဗျို့..”
ကျုပ်က ဆရာကြီးခိုင်းတဲ့အတိုင်း ဂူတွေကြားမှာ ပုန်းပြီး ဂူအစိမ်းနားကို ရောက်အောင် လာခဲ့တယ်.. ကျုပ်လှည့်ကြည့်လိုက်
တော့ ဆရာကြီးလည်း ကျုပ်လိုပဲ ဂူတွေကွယ်ပြီး လာနေတယ်ဗျ.. အချွန်အတက်တွေနဲ့ လုပ်ထားတဲ့ မယ်တော့်ဂူနားရောက်
သွားပြီဗျို့.. မဖဲဝါကြီးကတော့ သစ်စုန်းပင်ကိုပဲ အာရုံထားနေတာဆိုတော့ ကျုပ်တို့ကို မြင်ပုံမပေါ်ဘူးဗျ. သစ်ပင်ပေါ်က
ကောင်တွေကလည်း ဘာကိုမှ မကြည့်တော့ဘူးဗျို့.. သူတို့ဟာသူတို့ပဲ ငြိမ်နေကြတယ်..
ဟော.. ပြောရင်းဆိုရင်း သစ်စုန်းပင်က ခုန်ပြီး ပြန်လာနေပြီဗျို့.. အောင်မယ်လေးလေး.. မဖဲဝါက အရပ်ကြီးဆယ်ပေ
ဆယ်တစ်ပေလောက်ကို ရှိတာဗျို့.. မျက်နှာကြီးက မဲနက်နေတာဗျ.. မျက်လုံးနီကြီးနှစ်လုံးကလည်း ပြူးထွက်နေတာဗျို့..
ကျုပ်လန့်မအော်မိအောင်ကို မနည်းထိမ်းထားရတာဗှ.. ဟော.. လာကြပြီ.. လာကြပြီ.. ဂူအစိမ်းနားကိုရောက်တော့
မယ်.. ရောက်တော့မယ်.. ဆရာကြီးမှာတဲ့အတိုင်း ကျုပ်မတ်တပ်ထရပ်လိုက်တယ်.. မတ်တပ်ရပ်ရုံတင်မကဘူးဗျို့..
မဖဲဝါကြီးကိုပါ လက်ညိုးထိုးပြလိုက်တယ်.. ပစ်ပြီဗျို့.. ကျုပ်ဆရာကြီး ပစ်လိုက်ပြီ.. ဟာ စွမ်းလိုက်တဲ့ ဆေးဗျာ.. မဖဲဝါရော
သရဲစံပွင့်ကြီးရော နောက်ကို တစ်လံလောက်ရွေ့သွားကြတယ်ဗျ.. ပြီးတော့ ဘာမှ မမြင်သလို ငိုင်နေကြတယ်..
ကျုပ်ပြေးပြီး သစ်စုန်းပင်ကိုပွေ့ပြီး ပခုံးပေါ်ထမ်းလိုက်တယ်.. ပြေးပြီဗျို့.. ပြေးပြီ.. တချိုးတည်းပဲ.. တာတေတဲ့ဟေ့ လို့
ကျုပ်စိတ်ထဲမှာ ကြုံးဝါးရင်း သစ်စုန်းပင်ကို ပခုံးမှာ မိမိရရထမ်းပြီး ကျုပ်ပြေးတယ်..
” ရှောင်ကြ.. ရှားကြဟေ့.. ”
ဆိုတဲ့ ဆရာကြီးရဲ့ ကြုံးဝါးသံကြီးကို ကျုပ်နောက်ဘက်မှာ ကြားလိုက်ရတယ်ဗျ.. ကျုပ်နောက်မှာ ဆရာကြီးပါလာပြီဆိုတာ သိတော့ ကျုပ်အားတက်သွားတာပေါ့ဗျာ..
” ပြေးဟေ့.. တာတော.. မနားနဲ့.. ပြေး.. ”
လို့ ဆရာကြီးက ကျုပ်နောက်က ကပ်ပြီး ပြောလိုက်တယ်.. ရောက်တော့မယ်. ရောက်တော့မယ်.. ဟော..
ရောက်ပြီဗျို့.. သချိုင်း အပြင်ကို ကျုပ်တို့ရောက်ပြီဗျ..
” ဆက်ပြေး.. တာတေ.. ဆက်ပြေး.. ဟိုရှေ့က ယာခင်းထဲအထိပြေးကွ… ဟားဟား.. ကျုပ် သစ်စုန်းပင်ကို မြင်ရပြီဟေ့.. ”
ကျုပ်ပြေးတယ်.. မနားဘူး.. ပြေးတယ်.. အဲ.. ပြောရဦးမယ်ဗျို့.. ကျုပ်ပခုံးပေါ်မှာပါလာတဲ့ သစ်စုန်းပင်က
လူတစ်ယောက်ရုန်းသလိုရုန်းနေတာဗျ.. ကျုပ်က သေသေချာချာဖိဆုပ်ထားရတာ.. သချိုင်းနဲ့ ဝေးလာမှ ဒီကောင် ငြိမ်လာတယ်..
” ဘယ်နှယ်လဲ တာတေ.. မင်းပခုံးပေါ်ကကောင် လှုပ်သေးလား…”
” ဟာ.. ငြိမ်သွားပြီဗျို့.. ဆရာကြီးရေ.. ”
” အေး.. ဒါဆိုရင် ရပြီကွ.. တာတေ.. ရပ်လိုက်တော့.. ”
ကျုပ်တို့ ဆရာတပည့်နှစ်ယောက် ရပ်လိုက်ကြတယ်.. နှစ်ယောက်လုံး ဟောဟဲလိုက်အောင် မောနေကြတာဗျို့..
” တာတေ.. နောက်ကို တစ်ချက်ပြန်ကြည့်စမ်း.. ဘာမြင်သလဲ..”
ကျုပ်နောက်ကို လှည့်ကြည့်လိုက်တယ်.. မြင်တာပေါ့ဗျာ..
” ဟာ.. ဆရာကြီး.. မဖဲဝါကြီး သချိုင်းအ၀မှာ မတ်တပ်ကြီး ရပ်နေတယ်ဗျ.. ”
” ဟေ.. ဟုတ်လား.. ငါတို့နောက်ကို လိုက်လာတာလား.. ”
” မလိုက်ဘူးဗျ.. ရပ်နေတာ.. ကျုပ်တို့ကိုကြည့်တော့ ကြည့်နေတယ်ဗျ.. ”
” ဒါဆို အောင်ပြီပေါ့ကွာ.. ကဲ တာတေ.. ခပ်သုတ်သုတ်သွားကြစို့.. ”
” ဟုတ်ကဲ့ ဆရာကြီး.. ”
ကျုပ် သစ်စုန်းပင်ကို ထမ်းရင်း ဆရာကြီးနဲ့ ကျုပ်နဲ့ ခရီးဆက်ကြတယ်.. နောက်တော့ မကြာမကြာ လှည့်ကြည့်ရတာပေါ့ဗျာ..
မဖဲဝါ လိုက်မလာပါဘူး.. လမ်းမှာတော့ဗျာ.. အကောင်မျိုးစုံ ကျုပ်မြင်ရတာပေါ့.. တစ်ချို့ဆိုရင် ခေါင်က တင်းတောင်းလောက်
ကို ရှိတာဗျ.. ဒါပေမယ့် ကျုပ်တို့ကို ဘာအန္တရယ်မှ မပေးကြပါဘူး.. ထနောင်းကုန်းကို
ကျုပ်တို့ဆရာတပည့်နှစ်ယောက်ပြန်ရောက်တော့ အရုဏ်တောင် တက်ကာနီးနေပြီဗျ။
တကယ်တော့ ဒီညကိစ္စကို ပုဗ္ဗာရုံဆရာတော်ရယ်.. ဆရာကြီးရယ်.. ကျုပ်ရယ်ပဲ သိခဲ့ကြတာလေ..
အဲ.. အခုတော့ ခင်ဗျားလည်း သိသွားပြီပေါ့ဗျာ။
ပြီးပါပြီခဗျာ
စာချစ်သူများအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ
Leave a Reply