ငရဲထိန်း

အရာအားလုံး မှာ မနှစ်မြို့စရာများ အဖြစ်မြင်တွေ့လိုက်ရသည်။လူသစ်သည် ကောင်းပင်ပေါ်သို့ မော့ကြည့်ကာ
“ဆရာကြီး နေရောင်လည်းမရှိဘူး ဘယ်လိုဖြစ်ပြီး ဒီလို နီကျင်ကျင် အရောင်ကြီးတွေပဲ မြင်ရနေတာလဲ ”
“ဒါတွေတော့ မသိဘူး မောင်လူသစ်ရေ လူလေးတို့ သိထားရမှာက ဒီနေရာက လူ့ပြည်မဟုတ်တဲ့အတွက် အထူးသဖြင့် မောင်လူသစ် မင်း မေနန်းကို နားလည်ပေးရမယ်။မင်းတို့ တကယ် ပေါင်းစည်းချင်ရင် နောက်ဘဝမှပဲ ပေါင်းစည်းနိုင်လိမ့်မယ် သူ့ကို အမျှအတန်းဝေပေးပါ ”
လူသစ်သည် သူတွေ့ ကြုံနေရသော အရာများကိုကြည့်ခြင်းအားဖြင့် တဖြည်းဖြည်းသဘောပေါက်နားလည်လာပြီ ဖြစ်၍ ခေါင်းကိုညိတ်ပြီး ဦးဖိုးဝေ၏ စကားကို လက်ခံလေ၏။ထို့‌နောက် သူတို့သည် ရွာလယ်လမ်းအတိုင်း လမ်းလျှောက် လိုက်ကြသည်။ညအချိန်ခါတွင် ဝတ်ကောင်းစားလှနှင့် ဥဒဟို သွားလာလုပ်ရှားနေသော လူများမှာ ယခုအချိန်တွင်တော့ တ‌ယောက်တလေမျှ မရှိတော့ပေ။သူတို့ လမ်းအတိုင်းလျှောက် လှမ်းလာရာ မကြာသောအချိန်တွင် မေနန်း ညကလိုက်ပြသော မြင့်မားကြီးမားသည့် တံခါးကြီးအနားသို့ ရောက်ရှိလာလေသည်။ တံခါးကြီးသည် ပိတ်ထားသည်မို့ ဦးဖိုးဝေတို့သည် တံခါးကြီး နှင့် မလှမ်းမကမ်းတွင်ရပ်လိုက်ကာ
“လူလေးတို့ သတိ၊ဝီရိယ နဲ့ နေကြဟေ့ အဓိက လူလေးသူရိယက မောင်လူသစ်ကို သေချာဂရုစိုက်ပါ သူက သာမာန် လူဆိုတော့ အဘတို့ထက်ပိုပြီး ထိခိုက်လွယ်နိုင်တယ် ”
“ဟုတ်ကဲ့ အဘ ကျနော် ဂရုစိုက်လိုက်ပါ့မယ် ”
“မောင်လူသစ် တခုခုအန္တရာယ်အငွေ့အသက်ရရင် ဦးကြီးတို့နောက်မှာသာ နေပါ ”
“ဟုတ်ကဲ့ ဆရာကြီး ”
ဦးဖိုးဝေသည် ကျန်သူများကို မှာကြားစရာရှိသည်များကို မှာကြားပြီးနောက် တံခါးကြီးရှိရာသို့ တိုးကပ်သွားပြီး လက် နှင့် ပုတ်လိုက်လေသည်။ထိုအခါ တံခါးမကြီး၏ ကနုတ် အကွက်အတွင်းမှ ပြုတင်းပေါက်အရွယ် တံခါးတချပ်ပွင့်သွားပြီး အထဲမှ ကျွဲဦးချိုနှစ်ချောင်း ခေါင်းတွင် ပေါက်နေသော လူတယောက်၏ မျက်နှာပေါ်လာကာ
“ဟေ့ ဘယ်သူကျန်နေတာလဲ နောက်ကျနေတာလား ”
ထိုဂျိုနှစ်ချောင်းနှင့် လူသည် ဦးဖိုးဝေတို့ကို မြင်သောအခါ အံ့ဩသွားပြီး
“မင်းတို့က ဒီဘုံက မဟုတ်ကြဘူး မင်းတို့ ဘယ်ကလဲ ”
“ကျုပ်တို့ လူ့ပြည်ကပါ ”
“သင်တို့နဲ့ မဆိုင်တဲ့ နေရာကို ဘာလို့ရောက်နေတာလဲ ပြန်ပေတော့ လူသားတွေ ”
“ပြန်လို့မရဘူး ကျုပ်တို့ ဒီထဲကို ဝင်မှ ရမယ် ”
“ဒီက ယမမင်းရဲ့ အမှုထမ်း ဝေမာနိကငရဲထိန်းတွေသာ ဝင်လို့ရတဲ့နေရာပဲ သင်တို့လို လူသားတွေနဲ့ မဆိုင်ဘူး ”
“စကားအများကြီး မပြောချင်ဘူး ကျုပ်တို့ကို ကြည်ကြည် သာသာ ပေးဝင်မလား ဒီတံခါးကြီးကို ဖျက်ပြီး ဝင်ရမလား ”
ဦးချိုနှင့် ယမမင်း အမှုတော်ထမ်းသည် ဦးဖိုးဝေပြောသည် များကို ဂရုမစိုက်ဘဲနေလေသောအခါ ဦးဖိုးဝေသည် မျက်လုံးကိုမှိတ်ပြီး ပြန်ဖွင့်လိုက်ရာ မျက်လုံးမှ ရွှေရောင်အလင်းများထွက်လာသောအခါမှ တံခါးစောင့်သည် အနည်းငယ်ထိတ်လန့်သွားကာ
“သင်က သာမာန်လူ မဟုတ်ဘူးပဲ ”
“သာမာန်လူက ဒီဘုံအထိ လာလို့ရမတဲ့လား ကဲ ”
ဦးဖိုးဝေသည် ထိုမျှသာပြောပြီး တံခါးကြီးအား လက်ဆန့် တန်းလိုက်ရာ တခါးကြီးသည် သိမ့်သိမ့်တုန် လာလေသည်။ထိုအခါမှ တံခါးစောင့်သည် ထိတ်လန့်သွားကာ
“စေတလုံးပိုင်ပဲ ကျုပ်တောင်းပန်ပါတယ် ကျုပ်တံခါး ဖွင့်ပေးပါမယ် စိတ်လျှော့ပါ ”
တံခါးစောင့်သည် ဦးဖိုးဝေကို ကြည့်ကာ တုန်လှုပ်နေသည်။ ထို့ကြောင့် သူ၏တံခါးမကြီးအား ဖွင့်ပေးလိုက်လေတော့သည်။တံခါးမကြီးသည် ကျယ်လောင်သောအသံ နှင့်အတူ တဖြည်း ဖြည်းချင်း ပွင့်လာပါလေတော့သည်။

*အခန်း (၃)

တံခါးမကြီး၏ ဘေးတဖက်တချက်တွင်ရှိသော ဦးချိုပါသည့် အစောင့်များသည် ဦးဖိုးဝေတို့ ဝင်လာသောအခါ မျက်လုံးပြူး မျက်ဆံပြူးဖြင့် ကြည့်နေကြပြီး ဦးဖိုးဝေတို့အား မည်သည့် ဟန့်တားမှုကိုမှ မလုပ်ကြပေ။သို့ပေမဲ့ ဦးဖိုးဝေသည် တံခါးစောင့်များကိုကြည့်ကာ
“ဒီက မိတ်ဆွေ‌တို့ ဘာမှစိတ်မပူပါနဲ့ ကျုပ်တို့က ဘာဒုက္ခမှ လာပေးတာမဟုတ်ပါဘူး ဒီအထဲကို လာမှ ဖြစ်မဲ့ကိစ္စလေးတွေ ရှိနေလို့ပါ ”
“ကျုပ်တို့လည်း ဘာမှမတတ်နိုင်ပါဘူး ကျုပ်တို့က နတ်ပြည်မှာ အနိမ့်ဆုံး စတုမဟာရစ်နတ်ပြည်ရဲ့ နတ်ပြိတ္တာ အနွယ်ဝင်တွေမို့ ဆရာကြီးစကားကို မလွန်ဆန်ဝံ့ပါဘူး”
“ကျုပ်ကလည်း ကျေးဇူးတင်ပါတယ် ဘာပြဿနာမှ မတက်စေရပါဘူးလို့ ကျုပ် ကတိပေးပါတယ်။အခုတော့ ကျုပ်တို့ကို သွားခွင့်ပြုပါဦး ”
ဦးဖိုးဝေသည် လူသစ် နှင့် သူရိယကို ခေါ်ကာ တံခါးစောင့် များကို ထားခဲ့ပြီး နီကျင်ကျင်လမ်းလေးအတိုင်း လျှောက် လှမ်းလိုက်လေ‌သည်။လမ်းတို့သည် အတန်အသင့်ပူနေပြီး သွေးရောင်များပမာ နီကျင်ကျင်အရောင်များ ဖုံးလွှမ်းနေသည်။ သစ်ပင်၊သစ်ရိပ်ဟူ၍ မရှိပဲ ဘေးတွင် ချောက်ကမ်းပါးများသာ ရှိသည့် မြေလမ်းဖြစ်၏။ဦးဖိုးဝေသည် မြေလမ်းဘေးရှိ ချောက်ကမ်းပါးများကို လက်ညိုးထိုးပြကာ
“မောင်လူသစ် နဲ့ သူရိယရေ အဲ့ဒီချောက်ကမ်းပါးထဲကို ကြည့် စမ်းပါဦး ဘာတွေရှိလဲလို့ ”
“ဟုတ်ကဲ့ အဘ ”
လူသစ် နှင့် သူရိယသည် ချောက်ကမ်းပါးအနားကို ကပ်ပြီးအောက်ကို ကြည့်လိုက်သောအခါ ချော်ရေပူများစီးဆင်းနေသော မြစ်တစင်းကို တွေ့လိုက်ရ၍ ပါးစပ်အဟောင်းသားနှင့် ဦးဖိုးဝေအား
“ဆ ဆရာကြီး မီးမြစ်ကြီး မီးရေတွေ စီးနေတာ ”
“ဒါက ငရဲငယ်လေးတွေပါ ငရဲကြီးရှစ်ထပ်ထဲမှာ မပါတဲ့ ငရဲငယ်တွေ အခုလို ငရဲငယ်တွေတောင် ဒီလောက်ကြောက်မက်ဖွယ် ကောင်းနေရင် ငရဲကြီးတွေဆို ဘယ်လောက် ကြောက်စရာကောင်းလိမ့်မလဲ စဉ်းစားကြည့် လူလေးတို့ အဲ့ဒီတော့ အပါယ် ငရဲ မကျအောင်သာ ဂရုစိုက်ပြီးနေကြရမယ်ဆိုတာ မမေ့နဲ့ကွဲ့ ”
“ဟုတ်ကဲ့ အဘ ကျနော် နားလည်ပါပြီ ဒါနဲ့ မမေနန်းတို့ကို လည်း မတွေ့ပါလား ”
“တွေ့ ရမှာပေါ့ အခုမှ အစပဲ ရှိသေးတယ် အဘတို့ ဒီလမ်းတိုင်းအတိုင်း လိုက်သွားကြတာပေါ့ ”
“ဟုတ်ကဲ့ အဘ ”
လူသစ် နှင့် သူရိယတို့သည် မီးတောင်မှ ထွက်ကျလာသည့် ချော်ရေများပမာ စီးဆင်နေသော မြစ်၏ အပူချိန်သည် သူတို့၏ မျက်နှာများတွင် ချွေးသီးများထွက်စေသည့်အထိ အပူချိန် ပြင်းလွန်းလှသည်။သို့ပေမဲ့ သူတို့မရပ်သေးပဲ ဆက် သွားနေစဉ် ချော်ရည်မြစ်ဘေးတွင် ကြီးမားသော ခွေးနက်ကြီးများ၏ လည်ပင်းကို ပွတ်သပ်ပေးနေသော ငရဲထိန်းများကိုတွေ့ လိုက်ရသည်။သူတို့သည် ချော်ရည်မြစ်ဘေးတွင် ခွေးနက်ကြီးများ၏ လည်ပင်းကို ပွတ်သပ်ပေးနေရင်း တဖြည်းဖြည်းနှင့် မြစ်ကြောင်းအတိုင်း သွားနေကြသည်။ငရဲထိန်းများသည် အတော်ကို များပြားကြပြီး ရုပ်ရည်တို့သည်လည်း ပုံစံတူများဖြစ်ကြ၍ မိန်းမ၊ယောကျာ်း ခွဲခြားရန် အတော်ခက်သော အနေ အထားဖြစ်သည်။ဦးဖိုးဝေတို့သည် ထိုမြင်ကွင်းကို ကမ်းပါး ပေါ်မှ ကြည့်နေပြီး ခွေးနက်ကြီးများ နှင့် ငရဲထိန်းများနောက် လိုက်၍ ကြည့်နေလေသည်။မကြာသောအချိန်တွင် ခွေးနက်ကြီးများ နှင့် မလှမ်းမကမ်းတွင် အော်ဟစ်ငိုယိုနေသော ငရဲသားများသည် ချော်ရည်မြစ်အတိုင်း မျောပါလာကျကုန်သည်။ ထိုအခါ ငရဲထိန်းတို့သည် သူတို့၏ ခွေးနက်ကြီးများကို ချောရည်မြစ်ပူထဲမှ မျောလာသော သူများအား လက်ညိုးညွန်ပြကာ သွားရောက်ကိုက်ချီစေသည်။ငရဲသားများသည် ချော်ရည်ပူများမှ လွတ်ရန် ကမ်းစပ်နားသို့ ကူးခပ်လာချိန် ငရဲခွေးကြီးများ၏ ကိုက်ဖြတ်ခြင်းကို ခံကြရလေသည်။ထိုသို့ကိုက်ဖြတ်နေသည်ကို အော်ဟစ် အားပေးနေသူများမှာ ငရဲထိန်းများသာ ဖြစ်ကြလေသည်။ဦးဖိုးဝေတို့သည် ထိုမြင်ကွင်းကို ကြည့်ရင်း တယောက် နှင့် တယောက် စကားဆိုနေကြလေသည်
“အဘ ညက ကျနော်တို့အိပ်တဲ့ ရွာက လူတွေက ဘယ်ရောက်ကုန်တာလဲ ”
“အဲ့ ငရဲခွေးကို ထိန်းထားတဲ့ ငရဲထိန်းတွေက သူတို့ပဲပေါ့ ”
“ရုပ်တွေက မတူဘူးနော် အဘ ”
“အဲ့ ငရဲထိန်းတွေထဲမှာ မိန်းမတွေရော ယောကျာ်းတွေရော ပါတယ် အခုအချိန် သူတို့ပုံစံတွေက အတူတူ ဖြစ်နေလို့ အဘတို့ မခွဲနိုင်ဘူး ”
“အဲ့တာဆို အဲ့ဒီငရဲ ထိန်းတွေထဲမှာ မေနန်းလည်းပါ‌တာပေါ့ နော် ဆရာကြီး ”
လူသစ်သည် ငရဲခွေးနက်ကြီးများအား ထိန်းသော ငရဲထိန်းများကို ကြည့်ရင်း ဦးဖိုးဝေကို မေးလိုက်ခြင်းဖြစ်သည်၊၊
လူသစ်၏ အမေးအား ဦးဖိုးဝေသည် စကားနှင့် မဖြေပဲ ခေါင်းညိတ်ရင်းဖြင့် ဟုတ်မှန်ကြောင်းပြောရာ လူသစ် စိတ်မကောင်းသည့် မျက်နှာဖြင့် ငရဲထိန်းများကို ငေးမောကြည့်နေပါလေတော့သည်။

*အခန်း (၄)

ချော်ရည်မြစ်ဘေးတလျှောက်တွင် ပြေးလွှားနေသော ငရဲသားများအား ခွေးများဖြင့် နောက်မှ လိုက်ကိုက်စေသော ငရဲထိန်းများသည် ဝေမာနိကပြိတ္တာများဖြစ်ပြီး ညကပုံစံများ နှင့် ကွဲပြားပြီး ခံစားချက်မဲ့သောမျက်နှာသေများနှင့်သာ ဖြစ် သည်။သူတို့သည် ‌ ငရဲသားများအား သူတို့၏ ခွေးနက်ကြီးများမှကိုက်ချီသောအခါ အော်ဟစ်ဝမ်းသာနေကြပြီး ချော်ရည်မြစ် ကမ်းစပ်မှနေ၍ ကမ်းပါးယံပေါ်ပြေးတက်နေသော ငရဲသားများအား လက်ညိုးညွှန်ကာ ခွေးများအား ကိုက်ခဲနေစေသည်။ အော်ဟစ်သံ၊ရှုးတိုက်သံ နှင့် ရယ်မောသံများ၊ငိုကျွေးသံများမှာ ငရဲငယ်လေးတွင် ဆူညံပွက်လောရိုက်နေသည်။ထိုအချင်းအရာများကို ကမ်းပါးယံပေါ်တွင် ထိုင်ကြည့်နေသူသုံးဦးမှာ ဦးဖိုးဝေတို့ဖြစ်သည်။နီကျင်ကျင်အရောင်အသွေးသည် ယခု ပို၍ လင်းလာပြီဖြစ်ပြီး ဦးဖိုးဝေသည် ထိုငရဲကျခံနေရသော မြင် ကွင်းကို ကြည့်ပြီး
“ငရဲသားတွေရော ငရဲထိန်းတွေရော သူတို့ နှစ်မျိုးလုံးက ကောင်းမွန်တဲ့ ဘဝမှာ မဟုတ်ကျဘူး လူလေးတို့ ”
“ငရဲထိန်းတွေက ဝေမာနိကပြိတ္တာတွေပေါ့နော် အဘ ”
“ဟုတ်တယ် လူလေး သူတို့က ညဆို လူလေးတို့ မြင်ခဲ့ရသလို နတ်စည်းစိမ်မျိုး ခံစားစံစားနေရပေမဲ့ အခုလိုညတွေဆို ငရဲ ထိန်း အလုပ်ကို လုပ်ကြရတယ်။သူတို့က မစင်ကြယ်တဲ့ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ခဲ့လို့ အခုလို ဘဝရောက်နေကြတာ ”
“မှတ်သားထားပါမယ် ဆရာကြီး ”
“နောက်တခု မောင်လူသစ်ကို ပြောချင်တယ် ”
“ဟုတ်‌ကဲ့ ပြောပါခင်ဗျာ ”
“မောင်လူသစ် မေနန်းကို စွဲလန်းတာကို ရပ်သင့်ပြီ။ပြီးတော့ သူပြောတာတွေကို နားလည်တော့ကွယ် အခု မြင်နေရတဲ့ ညငရဲ ထိန်းတွေထဲက ဘယ်သူက မေနန်းလဲ မောင်လူသစ်သိလား ”
“မသိပါဘူး သူတို့တွေရဲ့ ပုံစံတွေက အတူတူတွေချည်းပဲ ဆရာကြီး ”
“အင်း အဲ့တာ ပြောတာပေါ့ကွယ် မင်းတကယ် မေနန်းကို မေတ္တာရှိတယ်ဆိုရင် မေနန်း ပြောသလို လုပ်ပေးလိုက်ကွယ် ”
“ကျနော် နားလည်ပါပြီ ဆရာကြီး အခု ကျနော်တို့က ဘာဆက်လုပ်ရမှာလဲ ”
“သူတို့တွေ ညရောက်တဲ့အချိန်အထိ စောင့်ရမှာပေါ့ ”
ဦးဖိုးဝေတို့သည် စကားပြောရင်း ငရဲထိန်းများမှ ငရဲသားများအား နှိပ်စက်နေသည်ကို ကြည့်နေလေသည်။ချော်ရည်မြစ်အတွင်း တချို့သော ငရဲသားများသည် ကြောက်လန့်လွန်း၍ ငရဲခွေးများ နှင့် ငရဲထိန်းများ မရှိဘူးထင်သည့်ဘက်သို့ ကူးသွားလေသည်။ ထိုအခါမျိုးဆိုလျှင် ငရဲထိန်းများသည် ဘေးတွင် ရှိသော ကျောက်ခဲများကို ကောက်ကာ ချော်ရည်ထဲတွင် ကူးခတ်နေသော ငရဲသားများအား ပစ်ပေါက် ခြောက်လှန့်ပြီး ငရဲခွေးနက်ကြီးများအား လိုက်ကိုက်စေ၏။ခွေးကြီးများသည် ပါးစပ်ကြီးကို ဖြဲလိုက်သည့်အခါ သွားရည်တများများကျကာ အစွယ်များဖွေးဖြူနေပြီး ချော်ရည်ပူများကို ပူလောင်ခြင်းမရှိ ကူးခတ်သွားပြီး ငရဲသား၏ လည်ဂုတ်ကို ကိုက်ချီကာ ငရဲထိန်းဆီသို့ ပြန်ကူးလာလေသည်။ထိုအခါ ငရဲထိန်းသည် သူ၏ ခွေးနက်ကြီးအား လည်ပင်းကို သပ်ပေးကာ သူတို့ထက် ကိုယ်ခန္ဓာသေးသော ငရဲသားများအား လက်ညှိုးညွှန်၍ ကိုက်ဖြတ်စားသောက်စေ၏။ ငရဲခွေးကြီးသည် ငရဲထိန်း၏ အမိန့်ရသည်နှင့် ငရဲသားအား အရိုးသာကျန်သည်အထိ ကိုက်ဖြတ်စားသောက် လေသည်။ အကုသိုလ်ကံ မကုန်သေးသော ငရဲသားသည် တခဏအတွင်း အရိုးများပြန်ဆက်သည့်အပြင် အသားများပါပြန်ပြည့်လာပြီး ခွေးများ လွတ်ရာသို့ တဖန် ပြန်ပြေးပြီးနောက် အစကကဲ့သို့ ပြန်လည်ပတ်ရင်း ငရဲကျခံနေရပြန်သည်။ဤသို့ဖြင့် ‌ပွက်လောရိုက်နေသော ငရဲကျခံနေရသည့် မြင်ကွင်းကို ဦးဖိုးဝေ၊သူရိယ နှင့် လူသစ် တို့ကြည့်ကာ သတိသံဝေဂတရားများ ရင်ထဲကိန်းအောင်းလာပြီး မကောင်းမှုပြုရမည်ကို အတော်ကြောက်ရွံ့နေမိပါတော့သည် ။

*အခန်း (၅)

ကမ်းပါးယံဘေးတွင်ထိုင်နေသော ဦးဖိုးဝေတို့သည် ငရဲကျခံနေရသည့် ငရဲသားများနှင့် ဝေမာနိက ပြိတ္တာတို့၏ ငရဲထိန်း အလုပ် လုပ်နေပုံများကို ကြည့်ရင်း ကမ်းပါးယံဘေး၌ပင် အိပ်ပျော်လိုက် ပြန်နိုးလိုက် နှင့် ဆယ်ကြိမ်ခန့်ရှိပြီ ဖြစ်၏။နောက်တဖန် ပြန်နိုးသောအခါ မေနန်း နှင့် အခြားသောမိန်းကလေးသုံးယောက်သည် သူတို့အနားတွင် ရပ်နေသည်ကို တွေ့ ကြရသည်။ ထို့‌နောက် မေနန်းသည်
“ဆရာကြီးတို့ ဒီအနားကနေ လာကြည့်နေတာ ကျမမြင်ပါတယ် ကဲ ကဲ ရွာထဲ ပြန်ဝင်ကျရအောင် အကိုလည်း ကျမရဲ့ ဘဝ အမှန်ကို သိပြီ ဆိုတော့ ကျမပြောတာတွေကို အကို သဘောပေါက်မယ် ထင်ပါတယ် ”
မေနန်းသည် ဦးဖိုးဝေကို စကားဆိုရင်းမှ လူသစ်ကိုပါ တဆက်တည်း ပြောလိုက်ခြင်းဖြစ်သည်။ထိုနောက် ရှေ့မှ တခြားသော အမျိုးသမီးများနှင့် အတူဦးဆောင်ပြီး ငရဲငယ်မှ သူတို့၏ ဘုံဆီသို့ ပြန်ရသည့် တံခါးကြီးဆီသို့ သွားနေလေ၏ ၊ သူတို့နည်းတူ တခြားသောသူများသည်လည်း ထိုတံခါးမကြီးဆီသို့သွားရောက်နေရာ အတော်ကို စည်ကားနေလေသည်။ တံခါးမကြီးသည် ယခုအခါတွင် ပိတ်မထားတော့ပဲ နှစ်ဖက်လုံးဖွင့် ထားလေသည်။တံခါးမကြီး အနားရောက်သောအခါ တခြားတဖက်မှ အလင်းတိုင်များ၏ အေးမြသော အလင်းရောင်တို့အား ခံစားနေရသည်။ဝေမာနိကပြိတ္တာတို့သည်လည်း သူတို့၏ ဘုံဗိမာန်များဆီသို့ ပြန်လာရသောကြောင့် ပျော်ရွှင်မြူးထူးနေတော့ကြသည်။ထိုနေရာသို့ ရောက်ရှိသွားချိန် နေ့ခင်းပိုင်းနှင့်မတူ အရာအားလုံးမှာ လှပပြီးတင့်တယ်နေပြန်လေသည်။ငရဲထိန်းအဖြစ် ပုံစံတူဖြစ်နေသော ဝေမာနိကပြိတ္တာတို့သည် ယခုအချိန်တွင် သူတို့မဟုတ်သည့်အလား ကွဲပြားစွာ ရှိနေကြသည်။မေနန်းသည် အလင်းတိုင်တခု၏ ဘေးတွင်ရှိသော ကျောက်စိမ်းထိုင်ခုံများတွင် ဦးဖိုးဝေတို့အား ထိုင်စေလိုက်ပြီး သူမသည်လည်း တခြားသော သူမ၏အပေါင်းအပါများကို ပြန်လွှတ်လိုက်ကာ ဦးဖိုးဝေ နှင့် လူသစ်၏ ဘေးတွင်ထိုင်လိုက်လေသည်။ထို့နောက် မေနန်းသည် လူသစ်၏ မျက်နှာကိုကြည့်ကာ
“အကို နေ့လယ် ကျမငရဲထိန်းလုပ်နေတဲ့ အချိန်က အကို့ကို ကျမမြင်ရတယ် ဒါပေမဲ့ ကျမရဲ့ ယခု ပုံစံနဲ့တော့ မဟုတ်ဘူး သနားကြင်နာစိတ်ကင်းမဲ့နေတဲ့ ငရဲထိန်းအသွင်နဲ့ပါ ”
“အကို နားလည်ပါပြီ ညီမရဲ့ ဘဝကိုလည်း အကိုစာနာနိုင်ပါတယ် အကိုတို့ နောက်ဘဝမှာ လူ့ဘဝရပြီး ပေါင်းစည်းနိုင် အောင် သစ္စာဆိုကြမယ်နော်။အကို လူ့ဘဝပြန်ရောက်ရင် မေနန်းအတွက် ကောင်းမှုကုသိုလ်လုပ်ပေးပြီး အမျှအတန်း ပေးဝေပါ့မယ် ”
“တကယ် ပြောတာလားအကို ”
“တကယ်ပေါ့ ညီမရယ် ”
မေနန်းသည် သူမ မထင်ထားသည့် စကားကို လူသစ်မှ ပြောလာသောကြောင့် အတိုင်းမသိဝမ်းသာ နေဟန်ရှိ၏။သူမ၏ မျက်ဝန်းမှ မျက်ရည်လေးများပင် ဝဲလာရာ လူသစ်မှ သူမ၏ လက်ကို ဆုပ်ကိုင်ပြီး
“ဒီဘဝကြီးက လွတ်ရင် နောက်ဘဝအကိုတို့ အတူတူရှိနိုင်အောင် ကြိုးစားကြမယ်။အကို အလှုပေးတဲ့အခါ သစ္စာဆို ဆုတောင်းပြီး လှုမှာပါ မေနန်းလည်း အကိုပေးတဲ့ ကုသိုလ်ကို ရပါစေ‌လို့ ဆုတောင်းပေးပါတယ် ”
လူသစ် နှင့် မေနန်းသည် ဦးဖိုးဝေ နှင့် သူရိယ ရှိသည်ကိုပင် မေ့နေဟန်ရှိသည်။ဦးဖိုးဝေသည် ချောင်းတချက် ဟန့်လိုက်ပြီး
“ကဲ ကဲ ကျုပ်တို့ ဒီညပြန်မယ် မိန်းကလေး ”
“ပြန်တော့မလို့လားဆရာကြီး ”
“ကျုပ်တို့ ဒီကို လာတာ လူ့ဘဝကရက်တွေနဲ့ဆို အတော်ကို ကြာနေပြီ ”
“အင်း အဲ့တာတော့ ဟုတ်ပါတယ် ”
“‌မိန်းကလေး နဲ့ မောင်လူသစ်တို့ စကားအေးဆေးပြောကြဦး ကျုပ်နဲ့ သူရိယ ရွာထဲ လိုက်ကြည့်လိုက်ဦးမယ် ခဏနေရင် ကျုပ်တို့ ပြန်လာခဲ့မယ် ”
ဦးဖိုးဝေသည် သူရိယအားခေါ်ပြီး တခြားသောအရာများကို လိုက်လံကြည့်ရှုနေသည်။ကျောက်စိမ်းထိုင်ခုံတွင် မေနန်း နှင့် လူသစ်သည် တယောက်ကို တယောက် ငေးကြည့်ကာကျန်နေခဲ့ပါလေသည် ။

*အခန်း (၆)

ဦးဖိုးဝေ နှင့်သူရိယသည် ဝေမာနိကဘုံရှိ ညချမ်းအချိန်အခါကို လိုက်လံကြည့်ရှုနေလေသည်။လရောင်မဟုတ်ပဲ အလင်းတိုင်များ၏ အေးမြသောအလင်းရောင်သည် ကြည့်၍ ကောင်း သလို နေ၍လည်း ကောင်းလေသည် ။ဥဒဟိုသွားလာနေကြသော သူများ၏ အပြုံးများသည် အပူအပင်မရှိ ပကတိအေးချမ်းလျက်ရှိသည်။ထို့ကြောင့် ဦးဖိုးဝေသည် သူရိယအား
“လူလေး နေ့ဘက်က သူတို့ပုံစံ နဲ့ အခု သူတို့ပုံစံက ဆိုင်သေးလား ”
“ဘယ်လိုမှမဆိုင်ဘူး အဘရေ ”
ငရဲထိန်းများအဖြစ် ငရဲခွေးနက်ကြီးများအား ထိန်းနေတုန်းက သူတို့ ရဲ့ ရုပ်တွေက အတော်ကို အကြင်နာတရားကင်းမဲ့တဲ့ ရုပ်တွေ”
“အဲ့တာပဲလေ မစင်ကြယ်တဲ့ကောင်းမှုတွေကို ပြုမိတော့ အခုလို ဘုံဘဝမှာ ရောက်ရတာပေါ့ အဲ့တာကြောင့် အလှုတွေမှာ စေတနာ သုံးတန်ဆိုပြီး ဆရာတော်တွေ ဟောနေကြတာပေါ့ ”
“ပုဗ္ဗ မုံစ ပရ စေတနာပေါ့ နော် အဘ ”
“အမှန်ပေါ့ လူလေးရေ ကဲ တို့တွေလည်း ပြန်ဖို့သင့်ပြီ။မောင်လူသစ်ကို သွားခေါ်ကြစို့ ”
ဦးဖိုးဝေသည် သူရိယ နှင့် စကားပြောကာ ဘေးချင်ယှဉ် လျက် မေနန်းနှင့် လူသစ်တို့ ထိုင်နေသော ကျောက်စိမ်း ထိုင်ခုံ များဆီသို့ပြန်သွားနေကြသည်။သူတို့နှင့် ခပ်လှမ်းလှမ်းတွင် မေနန်း နှင့် လူသစ်ကို လှမ်းမြင်လိုက်ရသည်။ယခု အချိန်တွင် သူတို့ နှစ်ယောက်၏ ပုံစံသည် ‌ကြေကွဲ ဝမ်းနည်းနေသည့်ဟန် မရှိပဲ ရယ်ရယ် မောမော နှင့် စကားဆိုနေကြ၍ ဦးဖိုးဝေ မသိမသာ သက်ပျင်း ချလိုက်မိသည်။ထို့နောက် ဦးဖိုးဝေ နှင့် သူရိယ တို့ နှစ်ယောက် အနားရောက်ချိန်တွင်တော့ လူသစ်သည်
“ဆရာကြီး ပြန်စို့ ကျနော်က ဆရာကြီးတို့ကို စောင့်နေတာ အိမ်မြန်မြန် ပြန်ပြီး အလှုအတန်း မြန်မြန်လုပ်ချင်နေပြီ”
“လုပ်ရမှာပေါ့ကွာ”
“ကျနော် နဲ့ မေနန်း နဲ့ နောက်ဘဝ လူဖြစ်ရင်အတူတူ ဇနီး မောင်နှံအဖြစ် ဆုံဖို့ သစ္စာပြုပြီးပြီ ဆရာကြီး ”
“ကောင်းတယ် မောင်လူသစ်ရေ အခုဘဝမှာ ရှိနေချိန်လေးတော့ မင်းရဲ့ အဖေ ဦးစံပေါ စိတ်ချမ်းသာအောင် ထားပါဦး မိဘကို စိတ်ချမ်းသာအောင် ထားတဲ့ကုသိုလ်က မင်းတို့တွေ အတွက်အထောက်အပံ့ ဖြစ်မှာပါ ”
“စိတ်ချပါ ဆရာကြီး ကျနော်လည်း အဲ့လိုပဲတွေးထားပါတယ် ”
“သာဓု သာဓု သာဓု ”
ဦးဖိုးဝေသည် လူသစ်၏ စကားကို သာဓုခေါ်ပြီးနောက် မေနန်းကို ကြည့်ကာ
“မိန်းခလေး ကျုပ်တို့ကို အစစ အရာရာကူညီလို့ ကျေးဇူးတင်ပါတယ် ဒီဘဝကနေ အမြန်ဆုံးကျွတ်လွတ်ပါစေလို့လည်း ဆု တောင်းပေးနေပါတယ် ”
“ဆရာကြီး ရဲ့ သီလသမာဓိကြောင့် ဒီအထိရောက်အောင် လာနိုင်တာကို ကျမတို့အနွယ်ဝင်တွေ အံ့ဩနေတာ ”
“အကျင့်တရားတွေပေါ့ မိန်းကလေး ကဲ ကဲ ကျုပ်တို့ကို ခွင့်ပြုပါဦး ”
ဦးဖိုးဝေသည် မေနန်းအား နှုတ်ဆက်ကာ လူသစ် နှင့် သူရိယ ကိုခေါ်ပြီး လာစဉ်က လမ်းအတိုင်းပြန်လေသည်။အတော်ကြာ လမ်းလျောက်ပြီးသောအခါ
အလင်းတိုင်များ မရှိတော့ပဲ မြူ များဆိုင်းနေသော လမ်းကို တွေ့ ရ၍ ဦးဖိုးဝေတို့သည် ထိုလမ်းလေးအတိုင်း သွားလိုက်ရာ အချိန်အတော်ကြာသွားပြီးချိန် တွင်တော့ ရွာဦးဘုရားတောင်ဘက် ရှိ တရုတ်စကားပင်များအနားသို့ပြန်လည်ရောက်ရှိလာလေသည်။ထို့နောက် ဦးဖိုးဝေတို့ သည် ဘုရားကုန်းပေါ်တက်ပြီး ဘုရားအား ရှိခိုးဦးချကာ လူသစ်၏ ဖခင် ဦးစံပေါအိမ်သို့ သွားလိုက်သည်။ယခု သူတို့လမ်း လျှောက်နေသည့်အချိန်က ညသန်ခေါင်ယံ အချိန် ဖြစ်ပါလေတော့သည် ။
◾အခန်း (၇)
ဦးစံပေါသည် သန်းခေါင်ယံအချိန် ပြန်ရောက်လာသော ဦးဖိုးဝေတို့အား တန်းလျားတွင်ထိုင်စေပြီး အံ့ဩသော မျက်နှာဖြင့်
“ဆရာကြီးတို့ထွက်သွားတာ ရက်နှစ်ဆယ်လောက် ရှိနေပြီ ကျုပ်ဖြင့် စိတ်ပူလိုက်ရတာ ဗျာ ”
“ဗျာအဖေ ရက်ပေါင်းနှစ်ဆယ် ဟုတ်လား ကျနော်တို့ ဟိုမှာ နေတာ တရက်ပဲ ရှိတယ် ”
“ဟေ ဟုတ် လား ”
“ဟုတ်တယ် အဖေ ကျနော့်ကို အဖေ တခု ကူညီရလိမ့်မယ် ”
“သားအဖချင်းပဲကွာ ပြောပါဦး ဘာကူညီရမှာလဲ ”
“ကျနော် အလှုလုပ်ချင်တယ် အဖေ ”
“ဟေ ”
ဦးစံပေါသည် သွပ်လက်ပြီး ကြည်လင်နေသော မျက်နှာ နှင့် သူ၏ သားကို ကြည့်ကာ စိတ်ချမ်းသာနေသည်။ ထို့နောက် အကြမ်းရေကို သောက်နေသော ဦးဖိုးဝေအား
“ဆရာကြီးတို့ သွားနေတုန်းကျုပ်အိမ်ကို လူနှစ်ယောက် ရောက်လာတယ် ဆရာကြီးကို လာရှာတာတဲ့ ”
“ဟုတ်လား ဘယ်သူတွေ များလဲ ”
“ကြာကန်ရွာက ညွန့်ဝင်း နဲ့တင်အောင် လို့ပြောတယ် ”
“ကြာကန် ရွာက ညွန့်ဝင်း နဲ့ တင်အောင် ဟုတ်လား သူတို့ ဘာကိစ္စလာတာလဲ ဒီလောက် အဝေးကြီးကို ”
“ကျုပ်လည်း မသိဘူး ဆရာကြီး အားရင် ကြာကန်ကို လာဖို့ပြောပေးပါတဲ့ ”
“ကဲ ကဲ အဲ့တာဆို ကျုပ်တို့ ခဏ နားလိုက်ဦးမယ်ဗျာ မနက် ဖြန်ကြာကန် ကို ခရီးဆက်လိုက်ဦးမယ် ဦးစံပေါကို မှာချင်တာက မောင်လူသစ် ပြောတဲ့အတိုင်း အလှုလုပ်ပေးလိုက်ဦးဗျာ ”
“စိတ်ချပါဆရာကြီး ကျုပ်သေချာ လုပ်ပေးလိုက်ပါမယ် ”
ထို့နောက် ဦးဖိုးဝေ နှင့် သူရိယသည် မနက်စောစော ကြာကန်သို့ ခရီးဆက်ရဦးမည်မို့ ဦးစံပေါ၏အိမ်ပေါ်သို့တက်ကာ အနားယူလိုက်ကြပါတောသည် ။

ပြီးပါပြီ။

မောင်တင်ဆန်း