ကျွန်တော် ဘုရားတမိရတယ်။ မနေ့ကမှ အိမ်ထောင်ပြောင်းလာတာ ဒီနေ့ ဇနီးက ကလေးမီးဖွားရမယ်ဆိုလေတော့ လူက ထူပူနေပြီ။ မဖြစ်သာတော့လည်း မွေးလေပေါ့။
အဲ့ဒီ့နေ့ ညနေ ၆ နာရီမှာတော့ သားသားကို မီးဖွားခဲ့ပါလေရော။
အဲ့ဒီ့မှာ ပြဿနာထပ်တက်ပြန်တာက လူနာစောင့်ကိစ္စ။
အမျိုးသမီးဆောင်မှာ အမျိုးသားမစောင့်ရ စည်းကမ်းရှိတယ်။ အခြားစောင့်ပေးမယ့်သူကတည်း မရှိတော့ သမီးလေးလက်ကို ဆွဲရင်း ကျွန်တော် တိုင်ပတ်ရပြီ။
ဒါနဲ့ နောက်ဆုံးတော့ ကူညီတတ်တဲ့ အစ်မတစ်ယောက်က အဲ့ဒီ့ညကို စောင့်ပေးလာတယ်။
ဒီလိုနဲ့ မွေးပြီးပြီးချင်း တစ်ညတာ အဆင်ပြေခဲ့ရတယ်။
ဒါပေမယ့် နောက်တစ်ညကျတော့ လူနာစောင့်က မရှိတော့ပြန်ဘူး။ ဒီအခါမှာတော့ ဆေးရုံအုပ်က ကျွန်တော်တို့ကို သနားလာတာလားမသိ၊ အမျိုးသားကို စောင့်ပါစေဆိုတော့ ကျွန်တော်တို့သားအဖ ဇနီးသည်နဲ့ သားလေးရဲ့ ကုတင်နံဘေးမှာ စောင့်အိပ်ခွင့်ရကြတယ်။
ပထမညမှာတော ကိစ္စမရှိဘူး။ အဲ…ကိစ္စရှိလာတာက ဒုတိယည။
အဲ့ဒီ့ည သမီးလေးက ကျွန်တော့်ရဲ့ ဘယ်ဘက်မှာ အိပ်နေတယ်။ ရုတ်တရက် အိပ်ရေးပျက်လို့ အိပ်မောကျပြီး မှိတ်စက်ထားတဲ့ ကျွန်တော့်မျက်လုံးထဲမှာ သမီးလေးဆီကို ရှည်မျောမျော အကောင်တစ်ကောင် ပြေးလာနေတာ။
ကျွန်တော် စိတ်က လန့်ခနဲ။ မျက်လုံးတောင် မဖွင့်နိုင်ခင် သမီးလေးကို ညာဘက်ကို ဆွဲပွေ့ချလိုက်တယ်။ ပြီးတော့ လက်က ပြေးလာတဲ့ အကောင်ကို ပုတ်ထုတ်လိုက်မိတာ။
” ကင်း…ကင်း…”
ကျွန်တော်အော်မိတော့ အားလုံးနိုးလာကြတယ်။ အဲ့ဒီ့အချိန် သမီးကို ချီပြီး ကျွန်တော် အိပ်ရာဆီက ပြေးထွက်ပြီးနေပြီ။ ရဲရဲနီနေတဲ့ တစ်ထွာကျော်ကျော် တောင်ပေါ် ကင်းခြေများက ကျွန်တော်တို့သားအဖရဲ့ စောင်ပုံထဲမှာ။
သမီးကို သူ့အမေဆီ ပေးလိုက်ပြီး စောင်ကို ဖြည်ချလိုက်တော့ အထဲက လိမ့်ပြီး ထွက်လာတဲ့ ကင်းခြေများကောင်။
ဘာမှမတွေးနိုင်ခင်မှာ ငါ့သမီးကို ကိုက်မိရင်ဆိုတဲ့အသိက ၀င်လာပြီး ဖနောင့်နဲ့ အကြိမ်ကြိမ် ပေါက်ချနေမိလိုက်တော့တယ်။
ဒါက ပထမတစ်ခု။
နောက်တစ်ခါကျ သမီးလေးနဲ့အတူ ကုတင်ပေါ်မှာ အိပ်နေမိတယ်။
ရုတ်တရက် မျက်စိတွေ မှိတ်ထားတဲ့ ကျွန်တော့်မြင်ကွင်းမှာ သမီးလေးက ဘေးကိုလိမ့်ထွက်ပြီး ကုတင်အောက်ကို ပြုတ်ကျတာ။
ကျွန်တော် ဝုန်းခနဲ အမှတ်မထင် ထဆွဲလိုက်မိတယ်။ တော်သေးတယ်။ သမီးလေး အောက်ကို မကျဘူး။ ကျွန်တော်လက်ထဲမှာ တန်းလန်းလေး။ တကယ်လို့သာ အောက်ကို ကျရင်တော့ အကာအကွယ်မရှိ သံမံတလင်းပေါ်ကို သမီးကျမှာ။ ကုတင်ကလည်း ပေါင်လယ်လောက်ရှိတယ်။ ကျသာကျသွားရင် မတွေးဝံ့စရာဘဲ။
ဒါက ကြုံဖူးတာတွေထဲက မှတ်မှတ်ထင်ထင် နှစ်ခုကို ပြောပြတာ။
ဖြစ်ခဲ့တဲ့ နှစ်ကြိမ်စလုံးမှာ ကျွန်တော် မျက်စိမှိတ်ပြီး အိပ်မောကျနေခဲ့တယ်။ ဒါပေမယ့် သမီးအပေါ် ကျရောက်လာမယ့် အန္တရာယ်ကိုတော့ မျက်စိဖွင့်ထားသူလိုပဲ ကျွန်တော်မြင်နေရတယ်။
ဒါကဘာလဲ…။ ဆဋ္ဌမအာရုံလား… မေတ္တာကွန်ချာလား…။ ကျွန်တော် မသဲကွဲဘူး။
ကျွန်တော့်လိုပဲ လူတိုင်းနီးပါးလည်း ကြုံဖူး ဖြစ်ဖူးကြမယ် ထင်ပါရဲ့။
ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အခုနံဘေးမှာ အိပ်နေတဲ့ သမီးလေးကိုကြည့်ပြီး စိတ်ကူးပေါ် သတိရမိလို့ “ဖခင်တစ်ယောက်ရဲ့ မတ္တာကွန်ချာ” ရယ်လို့ ခေါင်းစဉ်တပ်၊ စာဖွဲ့ပြီး ရေးချလိုက်ပြီ။
ကျွန်တော့်လိုပဲ အဖြစ်ချင်းညီတူ၊ ကြုံဖူးသူတို့ မှတ်ချက်စကားတွေ လာပေးကြမယ်လို့ မျှော်လင့်ပါတယ်။
နောင်ရိုး( ဆေးတပ်)
Leave a Reply