ဘဝနှင့်သတ္တိ

ဝလင်လင် စားရသည်ချည်း။ တစ်ခါတစ်ရံ ပူစူးမက အိမ်စောင့်၊ အငယ်နှစ်ယောက်က အမေအဝတ်လျှော်ရာ လိုက်သွားလျှင် အိမ်ရှင်များကကျွေးသည့် သရေစာ များကို စားရတတ်သေးသည်။ အလုပ်က ပြန်လာလျှင် ဒေါ်အေးမိမှာ ဘယ်လောက်မောမော သူ့သားသမီးလေးတွေ အားတတ်နိုင်သမျှ ကောင်းရာကောင်းကြောင်း ချက်ပြုတ် ကျွေးမွေးတတ်သည်။ ကလေးများ နေထိုင်မကောင်းက ဂရုတစိုက် ခြေဆုပ်လက်နယ်ပြုစုသည်။ ယုယသည်။ သို့ဖြစ်လျက်

“ဪ… ဒီနေ့တော့ ဒီအသိုက်ထဲက ငှက်ငယ် ကလေးတစ်ကောင် လျော့တော့မှာလား”ဟု ဒေါ်အေးမိက အမျှင်မပြတ် တွေးနေမိစဉ် ပူစူးမက…

“အမေ သမီး ရှင်မီးအင်္ကျီနှစ်ထည် ထည့်လိုက်ပလား”

“တစ်ထည်ပဲ ထည့်လိုက်တယ်သမီး၊ တစ်ထည်က မလျှော်ရသေးလို့။ နောက်လျှော်ဖွပ်ပြီးမှ အမေ ပေးလိုက်မယ် ဟေ့”

“အခုတလော အမေ ကျွန်မတို့အဝတ်တွေ မလျှော်တာ တော်တော်ကြာသွားပြီ။ အာလူးနဲ့ တာတူးအဝတ်တွေလည်း အားလုံးညစ်ကုန်ပြီ”

“အေးဟယ် ငါ့မလည်း သူများအဝတ်တွေ လျှောက်လျှော်ပေးနေရတာနဲ့ ငါ့သားသမီးတွေဟာတောင် မလျှော်နိုင် မဖွပ်နိုင် ဖြစ်နေတယ်။ ကဲကဲ ညည်းကောပြီးပြီလား။ ဟိုက လာရင် အသင့်ဖြစ်အောင် လုပ်လေ”

“ပြီးပါပြီအမေရဲ့။ ဆံပင်စည်းဖို့ဖဲကြိုးသာ ရှာမတွေ့တာ”

“မတွေ့လည်း ဖြစ်သလို ထုံးနှောင်သွားပေါ့အေ။ အလည်အပတ်သွားတာမှ မဟုတ်တာဘဲ”

ပူစူးမက မှန်ကွဲတစ်ခုထောင်၍ သူ့ဆံပင်နီကျင်ကျင်ကို ဝါးဘီးသွားကျိုးကြီးနှင့် ပြီးရင်း…

“အမေ ဦးဦးတို့က သမီးကိုအိမ် ခဏခဏ ပြန်ပို့ပါ့မလားဟင်”

“တစ်ခါတလေတော့ ပို့မှာပေါ့သမီးရယ်။ ခဏခဏတော့ ဘယ်ပြန်ပို့လို့ကောင်းမလဲ။ ဒေါ်မြင့်တင်က ပြောတော့ ညည်းဦးဦးရော၊ ဒေါ်ဒေါ်ပါ သဘောကောင်းပါတယ်တဲ့။ သမီးက သူတို့အိမ်မှာ လုပ်စရာ ကိုင်စရာတွေ ကောင်းကောင်းမွန်မွန် သွက်သွက်လက်လက် လုပ်ကိုင်ပေးပေါ့။ ဒါမှ သူတို့က သမီးကို အရှည်ငှားချင်မှာ မဟုတ်လား။ အမေတို့လည်း ဒီတော့မှ အိမ်လေးဘာလေး ပြင်၊ သမီး မောင်လေး ရှင်ပြုဖို့ ပိုက်ဆံလေး ဘာလေး စုနိုင်မှာပေါ့ နားလည်လား သမီး”

ပူစူးမ ခေါင်းညိတ်သည်။ သည်အိမ်မှာ သူ အကြီးဆုံးမို့ ကိုယ့်အိမ်အခြေအနေကို
ကောင်းကောင်းသိသည်။ အမေ အဝတ်လျှော်ထွက်လျှင် အိမ်နောက်ပိုင်း တာဝန်ကို ယူရသည်။ ညီမငယ် မောင်ငယ်များက သူ့စကား နာခံရသည်။ သူက စားဆိုစား။ သွားဆိုသွား။

ယခုလည်း မောင်ငယ် ညီမငယ် အတွက် သူ အလုပ်လုပ်ရမည်။

အိမ်ရှေ့ကကားသံကြားရပြီ။ ဒေါ်အေးမိက တာတူး အား

“ဟော ဦးကိုကိုတောင်လာပြီ။ မိုးတစွတ်စွတ် ရွာနေတော့ တို့လမ်းထဲ ရွှံ့ချည်းနေမှာဘဲ။ အားနာစရာ။ သွားပြောချေ မမပူစူး အခုပဲ လာမယ်လို့”

တာတူးမကလည်း သူ့အစ်မ အလုပ်ရှင်နှင့် တွေ့ကာ စကားစမြည် ပြောရမည်ကို ဝမ်းသာအားရ ပြေးထွက်ရန် ပြင်ရာ မောင်ငယ် အာလူးက ဖမ်း၍တားပြီး…

“နင်သွားမပြောနဲ့ဟယ် ငါ သွားပြောချင်တယ်”

တာတူးက ရုန်း၍

“လွှတ်စမ်း အာလူး။ ဒါနင့်အလုပ် မဟုတ်ဘူး။ နင်က အငယ်။ ငါက အကြီး”

“ဟင့်အင်း ငါပဲ သွားပြောမယ်”

“ဟယ် ဒါဖြင့် နှစ်ယောက်စလုံး သွားပြောကြ၊ ဟိုမယ် စောင့်နေရတာ”

မအေက ပြော၍ ကလေးနှစ်ယောက် မော်တော်ကားကြီး နှင့် လူကြီးဆီကို ဝမ်းသာအားရ ထွက်သွားကြသည်။ ဒေါ်အေးမိက ပူစူးမအား မှာစရာ ဆုံးမစရာတွေ အများကြီးရှိသော်လည်း ဤနေရာ၌ တစ်လုံးမျှပြော၍မထွက်။ တံတွေးသာ မျိုချရင်း လွယ်အိတ်ထဲသို့ မျက်နှာသုတ်ပဝါစုတ် တစ်ထည်ကို အတင်းထိုးထည့်နေမိရာ ဆွေးနေပြီဖြစ်သော လွယ်အိတ်ကြိုးက ထောင်းခနဲ ပြတ်ထွက်သွားလေ၏။ ပူစူးမက လွယ်အိတ်ကိုယူပြီး…

‘‘ဟောကြည့် အမေကလည်း အဖေ့လွယ်အိတ်ကြိုး ပြတ်သွားပြီ”

” ဒီလိုပဲ ကြိုးကိုပတ်ပြီး ယူသွားပါတော့အေ၊ ဒီပြင် လဲပေးစရာ မရှိတော့ဘူး”

သမီးပခုံးကိုဖက်လျက် ဒေါ်အေးမိသည် ကားနားသို့ မရွံ့မရဲ ကပ်သွားပြီး…

‘‘မိုးရွာထားတော့ ကျွန်မတို့လမ်းဟာ ရွံ့တွေနဲ့မို့ အားနာ စရာရှင်”

မြို့ပိုင်မင်းက သူတို့အား တစ်ချက်မျှသာ ကြည့်လိုက် ပြီး

“အေးဗျာ ဒါကြောင့် ကျွန်တော် အောက်မဆင်းတော့ ဘူးနော်။ ကလေးမကို ကားနောက်က ထိုင်ပစေ”

ဟုပြောကာ ကား နောက်တံခါးကိုလှမ်း၍ တွန်းပေးလိုက်၏။ နောက်ခုံ ပေါ်မှာ မြို့အုပ်မင်း ဈေးကဝယ်လာဟန်တူသော အထုပ်အပိုးများနှင့် ပြည့်နေ၏။ ထို့ကြောင့် မြို့အုပ်မင်းက ဒေါ်အေးမိ အား…

“အဲဗျာ ဟိုအထုပ်တွေ တောင်းပေါ်ဆင့်လိုက်ရင် ဈထိုင်စရာနေရာရပါလိမ့်မယ်။ ဟုတ်ပြီ၊ ဟုတ်ပြီ ကလေးမက အထုပ်တွေ ကိုယ့်ဘက်ပြိုကျမလာအောင် လက်နဲ့ ထိန်းထား ပေရော့ ဟုတ်လား”

ပူစူးမသည် သူ့လွတ်အိတ်ကြိုးပြတ်ကို ခြေနင်းပေါ်၌ ခြေနှစ်ဖက်ဖြင့် ညှပ်ထားလိုက်၏။ ပြီး လက်ကလေး တစ်ဖက်က မြို့အုပ်မင်း ပြောသလို အထုပ်အပိုးများကို ကျားကန်သလို ကိုယ်နှင့် ထိန်းထားလိုက်ရသည်။ ဒေါ်အေးမိက ကားပေါက် မှခေါင်းလျှို၍ သမီးငယ်ထိပ်ကို လက်နှင့်အုပ်ကာ

“ကဲ သွားတော့သမီး။ လိမ်လိမ်မာမာနေနော်။ ဦးဦးတို့ ဒေါ်ဒေါ်တို့ ပြောစကားလည်း နားထောင်ကြားလား။ သမီး ကျန်ခဲ့တဲ့ပစ္စည်းတွေလည်း နောက် ဦးဦး လမ်းကြုံလို့ရှိရင်တော့ ပေးလိုက်မယ်”

သမီးကို နှုတ်ဆက်ရင်း ဒေါ်အေးမိ၏ နှုတ်ခမ်းထောင့် များက တဆတ်ဆတ်တုန်လာ၏။ တကယ်တမ်း ခွဲရတော့မည်ဆိုတော့လည်း မလွယ်ပါလား။ ဪ .. ဒီလိုမှလည်းပဲ လုပ်တတ်ကိုင်တတ်တော့မှာပေါ့။ ဒါလည်း သူတို့နောင်ရေး အတွက် ပညာပေးမှု တစ်ရပ်ပဲဟု စိတ်ဖြေရင်း ဒေါ်အေးမိ သည် ထိန်းမရ၍ ကျလာသော မျက်ရည်များကို လက်မောင်းမှ အင်္ကျီစဖြင့် ပွတ်လိုက်ပြီး…

“သမီး အလုပ်ကို ကောင်းကောင်းလုပ်နော်။ ဒါမှ ဦးဦးတို့က သမီးကို အမေ့ဆီ အလည်ပြန်ပို့မှာပေါ့”

ပူစူးမမှာ အမေငိုသည်ကို တွေ့ရသော် စောစောက ရွှင်လန်းနေသည့် မျက်နှာလေးမှာ တစ်မုဟုတ်ချင်း ညှိုးနွမ်း သွားတော့သည်။ တက်ကြွနေသည့် စိတ်ကလေးများလည်း အားငယ်သွား၍ အမေ့လက်ကို သူ့လက်ကလေးနှစ်ဖက်နှင့် တအားဆုပ်ကိုင်ထားလိုက်သည်။ မြို့အုပ်မင်းက သားအမိ နှစ်ယောက်ဖြစ်ပုံကို ကရုဏာသက်၍ ကြာကြာ မကြည့်လိုတော့သဖြင့် ..

“စိတ်မပူပါနဲ့ ဒေါ်ဒေါ်၊ ခင်ဗျားသမီး ကျုပ်တို့ဆီမှာ ပျော်မှာပဲ။ အဆင်သင့်တိုင်း ခင်ဗျာဆီကို ခဏတစ်ဖြုတ် ပြန်ပို့ပေးမှာပါပဲဗျာ”

မြို့အုပ်မင်း ကားမှာ ပူစူးမတို့ အိမ်ရှေ့တွင် အတန်ကြာ ဘီးချော်နေပြီးမှ ထွက်ခွာနိုင်၏။ ကားထွက်သော် ကားပေါ်မှာ ပူစူးမသည် သူ့အိမ်ကို ဤအကြိမ် ပထမဆုံးအပြင်မှ စေ့စေ့ ကြည့်နေမိသည်။ ဓနိမိုး၊ ဝါးထရံကာ အိမ်ကလေးသည် လေ နေ မိုးဒဏ်တို့ကြောင့် မွဲခြောက်ခြောက်အဆင်းရှိ၍ တစ်ဖက်သို့ အနည်းငယ် ယိုင်စောင်းနေ၏။ အိမ်ရှေ့တွင် သူတို့ကစားစရာ ဖြစ်သည့် ထင်းရှူးသေတ္တာခွံနှင့် ပြုလုပ်ထားသော လှည်းစုတ်ကလေး တုံးလုံးပက်လက် လန်နေသည်။ အိမ်နောက်ဖေး မန်ကျည်းကိုင်းမှ ဒန်းတစ်ခု၊ လေတိုက်တိုင်း ဟိုမှသည်မှ လွှဲယိမ်းလျက်ရှိ၏။ အိမ်ရှေ့ ဝရန်တာကြိုးတန်းပေါ်တွင် အရောင်အဆင်း မပေါ်တော့သည့် အဝတ်အထည်များက ဟီးလေး ခိုနေကြသည်။ တာတူးနှင့် အာလူးတို့ တစ်ယောက် လည်ပင်း တစ်ယောက်ဖက်လျက် ဝင်းပေါက်ဝကနေပြီး ကားပေါ်က ပူစူးမကို အားအကျကြီးကျသည့် မျက်နှာလေးတွေနှင့် မျှော်နေကြ၏။ ပူစူးမ နောက်ဆုံးမြင်ရသည်ကား သူများစွန့်ကြဲထားသော တံတောင်ဆစ်က စုတ်နေသည့် ကုတ်အင်္ကျီပွဖားဖားကြီးကို အဝတ်လျှော်ရဖန်များသဖြင့် ပဲကြီး ရေစိမ်ပွလိုနေသော လက်ကြမ်းကြမ်းကြီး နှစ်ဖက်နှင့် ရင်ဘတ်တွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားသော သူ့မိခင် ဒေါ်အေးမိသည် သမီးကို ကြာကြာလွမ်းနေ၍ မရပါ။ သမီးကို သယ်ဆောင်သွားသည့်ကား သူ့မျက်စိအောက်မှ ပျောက်သွားသည်နှင့် အိမ်နောက်ဖေး ရေတွင်းရှိရာသို့သွား၍ သူအလုပ် မသွားမီ ကလေးများသုံးစွဲဖို့ရန် စဉ့်အိုးနှုတ်ခမ်းပဲ့ထဲသို့ ရေများကမန်းကတန်းပင် ထည့်ရသည်။ ထို့နောက် ပူစူးမရှိတော့သဖြင့် သမီးငယ်တာတူးမအား အိမ်အကြီးအကဲ အရာခန့်လျက် မောင်လေးအာလူးအား ကောင်းမွန်စွာ ထိန်း ကျောင်းရန်မှာပြီး နေ့စဉ်တာဝန်ထမ်းဆောင်ရန် အိမ်မှ ခပ်သုတ်သုတ် ထွက်ခွာသွားရလေ၏။

ကားကလေး တရိပ်ရိပ် ပြေးနေသည်နှင့်အမျှ ပူစူးမ မျက်လုံးလေးများက အရောင်တဖိတ်ဖိတ်
တောက်နေ၏။ သူ့တစ်သက်တာမှာ ဤမျှ ညက်ညောဇိမ်ရှိသည့် ကားမျိုး ဒီတစ်ခါသာ စီးဖူးသေးသည်။ ယမန်နှစ်က ဘကြီးရှိရာ မြို့ငယ်သို့ မိသားစုအလည်သွားစဉ်က စီးရသည့် အဝေးပြေး ဘတ်စ်ကားနှင့်တော့ ကွာပါဘိခြင်းဟု တွေးနေမိသည်။ ဒါတောင် အဲသည်တုန်းက စီးရတာ တော်တော်ကောင်းသည် ဟု ထင်မိခဲ့သေးသည်။ သူသည် လမ်းဘေးဝဲယာကို မပြတ်ကြည့်ရင်း မကြာခဏ သူ့အဝတ်ထည့်သည့် လွယ်အိတ်ကို ခြေထောက်နှင့် စမ်းစမ်းကြည့်မိသည်။

ပူစူးမတို့နေရပ်သည် မြို့နှင့် သုံးမိုင်ခန့်ဝေးသည်ဖြစ်ရာ အတန်ကြာသွားမိလျှင် လယ်ကွင်းစိမ်းစိမ်းစိုစိုတို့ တဖြည်းဖြည်း ပါးလျားသွားပြီး လူနေအိမ်ခြေ စိပ်စိပ်လာ၏။ ကားသည် လမ်းချိုးတစ်ခုကို တွေ့လိုက်ရာ မြို့အုပ်မင်း တင်လာသည့် အထုပ်အပိုးများက ပြိုတော့မလိုဖြစ်သွား၍ ပူစူးမက ကမန်းကတန်း လက်နှင့်တားလိုက်ရင်း ပစ္စည်းများကို ယခုမှ အသေအချာကြည့်လိုက်ရာ ဘီစကွတ်မုန့်ဘူးများ၊ ချိုချဉ်ထုပ် များစသည်တို့ကို တွေ့ရမှ သူ့ဝမ်းဗိုက်ဆာလောင်ရမှန်း သိလာသည်။ ဟိုအိမ်ရောက်ရင် ဘာဟင်းနဲ့များ ထမင်းစားရပါ့မလဲ ဟုလည်း တွေးကြည့်မိ၏။ ဦးဦးတို့မှာ ကလေးနှစ်ယောက် ရှိသည်ဆိုတော့တာတူးတို့ အာလူးတို့နဲ့ ကစားသလိုပဲ ကစားရမှာမို့ အိမ်က မောင်ငယ်၊ ညီမငယ်များကို အလွမ်းပြေမှာပဲဟုလည်း ထင်မိ၏။ ဒေါ်ဒေါ်ကလည်း သဘောကောင်း တယ်ဆိုတော့ အမေ့ကိုယ်စား အလွမ်းဖြေရမှာပဲဟုလည်း စဉ်းစားမိ၏။ ဦးဦးတို့မှာ ပိုက်ဆံတွေ အများကြီး ရှိမှာပဲ။ ဒါကြောင့် ဒီလို ကားသစ်လှလှကြီး ဝယ်စီးနိုင်တာပေါ့။ သူတို့ မြို့မှာ ရုပ်ရှင်တွေ၊ ဘာတွေကြည့်ရင်လည်း ငါလိုက်ရမှာပဲဟု တွေးရင်း ရှေ့ခန်းမှာ ဦးဦးနှင့်အတူ ကားစီးချင်စိတ်ပေါ်လာ ၏။ ဒါမှမိမိမသိရသေးသည့် ကလေးများအကြောင်း၊ အိမ် အကြောင်းမေးကြည့်နိုင်မည်။ ဒီကားမျိုး အကြာကြီး ခဏခဏစီးနေရရင်လည်း သိပ်ကောင်းမှာပဲဟု အောက်မေ့မိ၏။

သို့နှင့် သူက စကားစ လိုက်မိသည်။

“ဦးဦးတို့အိမ်က အဝေးကြီးလားဟင်”

“ဘာလဲကွ၊ ကားစီးရတာ ကြောက်သလား”

“မကြောက်ပါဘူး ဦးဦးရယ်။ ပူစူး ကားအကြာကြီး စီးချင်လို့ မေးတာပါ”

ပူစူးမ ဤသို့ပြောပြီး ဦးကိုကို၏ နောက်ကျောကို ကြည့်မိသည်။ ဦးဦး၏နားရွက်ကားကား၊ လည်ပင်းတုတ်တုတ်တို့က တိုက်ပုံအင်္ကျီအနက်၊ ရှပ်အင်္ကျီ ကော်လံဖြူတို့နှင့် တင့်တယ်လှပေသည်။ ဦးဦးရဲ့ ကျောပြင်ကြီးကလည်း ဟိုးယခင်တုန်းက တို့မောင်နှမတွေ
ကျောပိုးစီးနေကျ အဖေ့ကျောပြင်ကြီးလိုပဲ ကျယ်ပြန့်သည်။ တကယ်ဆိုတော့ ဦးကိုကိုရော၊ ဒေါ်ခင်ခင်ပါ အသက်အစိတ်ကျော် သုံးဆယ်လောက်သာ ရှိကြသေးသည်ဟု ဒေါ်မြင့်တင်က ပြောသည်။ သည်လို ရုပ်ရည်ချောမော၍ သဘောကောင်းသည့် ဦးဦး ဒေါ်ဒေါ်တို့၊ နောက်ပြီး တာတူးတို့၊ အာလူးတို့အရွယ် သူတို့ကလေးတွေနဲ့ နေရမှာမို့ ပျော်စရာတော့ ကောင်းမှာပဲဟု ပူစူး စိတ်ကူးယဉ်မိနေလေသည်။

သူတို့စီးလာသော ကားသည် မင်းလမ်းမကြီးမှ ဖဲ့ထွက်ခဲ့၍ လမ်းနီလေး တစ်ခုအတိုင်း ဆယ်မိနစ်မျှ မောင်းမိသောအခါ ခြံဝင်းကျယ်ကြီး တစ်ခုထဲသို့ ရောက်၍ တိုက်ခံအိမ်မြင့် တစ်လုံးရှေ့သို့ ထိုးရပ်လိုက်လေ၏။

“ရောက်ပြီကွဲ့ ဒီအိမ်ပဲ”

ဦးကိုကိုက ပြောလိုက်၍

“ဟယ် ဦးဦးတို့ အိမ်က အကြီးကြီးပဲ။ ခြံကြီးကလည်း အကျယ်ကြီး။ ပန်းတွေလည်း အများကြီးရှိတယ်”

ပူစူးမက သူနေရမည့် အိမ်ကိုကြည့်၍ ရွှင်မြူးစွာ ပြောနေခိုက်။ ကားသံကြား၍ အသားဖြူဖြူနှင့် ဝဝကစ်ကစ် မိန်းမ တစ်ယောက် အောက်ထပ်တံခါးမကို ဖွင့်ထွက်လာသည်။ ပူစူးမ၏ စိတ်ထဲတွင် “ဟင် ဒေါ်ဒေါ်ကလည်း သိပ်ချောလှတာပဲ”ဟု ချီးမွမ်းပြီး စေ့စေ့ကြည့်ရာမှ မြို့အုပ်ကတော်၏ ရူပကာတွင် သူ့မိခင်ဒေါ်အေးမိကဲ့သို့ သူ့အတွက် နှစ်သက်စဖွယ် အကောင်းဆုံးသော အရာတစ်ခုတော့ လိုနေသည်ဟု အောက်မေ့မိလေ၏။ မြို့အုပ်ကတော်သည် ကားနောက်ပိုင်း၌ မျက်လုံးအဝိုင်းသားနှင့် မိမိအား ငေးကြည့်နေသော ပူစူးမကို မြင်သည်၌…

“သြော် ကလေးမပါ ခေါ်ခဲ့တာကိုး။ ကဲ… ကလေးမ ဆင်းဆင်း။ ကိုကိုရေ သူ ဆင်းဖို့ တံခါးဖွင့်ပေးလိုက်ပါကွယ်”

ပူစူးမက သူ့အိမ်ရှင်မလောင်းကို မျက်တောင်မခတ် ကြည့်ရင်း မရွံ့ မရဲ ဆင်းလိုက်သည်။ ဒါကိုသဘောကျဟန်ဖြင့် ဒေါ်ခင်ခင်က ပြုံးလိုက်ပြီး..

“မင်းနာမည်က ဘယ်လိုခေါ်တုန်း”

“ပူစူးပါ ဒေါ်ဒေါ်”

“အေးအေး၊ ပူစူး ဒေါ်ဒေါ်တို့အိမ်မှာ ကြာကြာနေနိုင်ပါ့ မလားကွဲ့”

“ဟုတ်ကဲ့ပါ၊ ဒေါ်ဒေါ်”

ဒေါ်ခင်ခင်က ကားနောက်ပိုင်းရှိ အထုပ်အပိုးများကို ဆွဲယူနေသည့် ဦးကိုကိုလက်မောင်းကို တို့၍ အိမ်အောက်ထပ် မှန်ပြတင်းရှိရာသို့ ခေါင်းကို အသာငဲ့ပြရင်း…

“ကိုကို ဟိုမှာ ကြည့်စမ်းပါဦး။ ချောင်းနေကြတယ်”

ဦးကိုကိုရော၊ ပူစူးမပါ ဒေါ်ခင်ခင်ပြရာသို့ လှမ်းကြည့်လိုက်ရာ မှန်ပြတင်းနောက်တွင်
ခေါင်းကလေးနှစ်လုံးနှင့် မျက်စိနက်နက်ကလေးနှစ်စုံကို မြင်ကြရသည်။ မကြာပါ အသံစာစာတစ်ခုက…

“ဟေ ပေပေကြီး ကျန်လာဘီဟေ့၊ ဒို့ပေပေကြီးကွ”

ဟု အော်ရင်း လေးနှစ်အရွယ်
ယောက်ျားလေးတစ်ယောက် ပြေးထွက်လာရာ ဦးကိုကိုက ဆီးကြိုပွေ့ချီလိုက်ပြီး…

“ဘယ်သူလဲကွ။ ဒို့ပေပေဆိုတာ။ ဘယ်ကကောင် လေးလဲဟေ့”

ဟု ကလူကျီစယ်ရင်းကလေးငယ်၏ ပါးဖောင်း ဖောင်းကြီးကို အားရပါးရ နမ်းလိုက်၏။ ကလေးက သူ့အဖေ လက်ထဲမှ လူးလွန့်ကာ အောက်ဆင်းရန် ကြိုးစားရင်း…

“ပေပေ ချိုချဉ်ဝယ်ခဲ့ရဲ့လား။ တားတား မှာလိုက်တာလေ”

ဦးကိုကိုက အပေါက်ဝမှ ယိုင်တိယိုင်တိုင်နှင့် ထွက်လာသော ကလေးငယ်ကို
ကောက်ချီပြန်ရင်း…

“ဝယ်ခဲ့တာပေါ့ကွ၊ သားသားမှာရင် ဖေဖေဘယ်တုန်းက မဝယ်ခဲ့တာရှိလို့လဲ”

ဟုပြောရင်း ကလေးနှစ်ယောက်နှင့် အိမ်အတွင်းသို့ ဝင်သွားရာ ဒေါ်ခင်ခင်က အထုပ်အပိုးအချို့ကို ယူငင်ရင်း နောက်မှ ကပ်ပါသွားလေ၏။ အိမ်ထဲရောက်မှ အပြင်တွင် ကြောင်အမ်းအမ်းနှင့် ကျန်ရစ်သည့် ပူစူးမကို သတိရသဖြင့် တစ်ဖန်ပြန်ထွက်လာပြီ။

“ဪ… ဟဲ့ ကလေးမလာဟဲ့”

သန့်ရှင်းသပ်ရပ်သော မီးဖိုချောင်ထဲရောက်သော် ဦးကိုကိုက သူ့သားနှစ်ယောက်နှင့် ချော့မြူနေစဉ် ဒေါ်ခင်ခင်က ဦးကိုကိုဝယ်လာသော ပစ္စည်းများကို သူ့နေရာနှင့်သူ သိမ်း ဆည်းထားသိုနေ၏။ ပူစူးမမှာ မီးဖိုချောင်အလယ်မှာ တစ်ယောက်တည်း လက်ကလေး နှစ်ဖက်ယှက်၍ ကြောင် တက်တက်ကလေး ရပ်နေ၏။ ဦးကိုကိုက ချိုချဉ်ထုပ်ကို ဖောက်၍ သားနှစ်ယောက်အား ဝေငှပေးနေသည်ကို ကြည့်ကာ ပူစူးမ သွားရည်မျိုချနေသည်ကို မြင်သဖြင့် ဒေါ်ခင်ခင်က သူ့ သား ကြီးအား

“သား ဘိုဘို ပူစူးမကိုလည်း ချိုချဉ်တစ်လုံး ပေးလိုက်ပါကွယ်”

ဘိုဘိုက ချိုချဉ်ကို လှမ်းလက်ကမ်းရင်း

“အင့် ဒီမှာ လာယူ”

ပူစူးမက သွားယူ၍ စားရသည်။ ချိုချဉ်ကို အသာစုပ်ရင်း ပူစူးမသည် ဒေါ်ခင်ခင်၏ ချိုချဉ်လုံးများကို ကြောင်အိမ်ပေါ်မှ ဖန်ဘူးထဲ ထည့်နေသည်ကို ကြည့်ရင်း နောက်ကျတော့ ငါဒီချိုချဉ်ကို ထပ်စားရဦးမှာပဲ ဟု စိတ်ကူးနေသည်။ ထိုမှ ရုတ်တရက် သတိရ၍

“အို ကျွန်မအထုပ်ကလေး ကားပေါ်ကျန်ခဲ့ပြီ”

“ကိုကို သွားယူပေးလိုက်ပါကွယ်”

“ဘာကိုသွားယူရမှာလဲ”

“သူ့ အထုပ်ဆိုလား၊ ဘာလား၊ ကားထဲမှာတဲ့”

“သြော် အေးအေး”

ဦးကိုကိုက ပူစူးမကို တစ်ချက်ပြုံးကြည့်ရင်း ထွက်သွားသည်။ ပူစူးမက ဒေါ်ခင်ခင်အား အရောဝင်လိုသဖြင့် မရွံ့မရဲ လေးပြုံးပြရင်း…

“ပူစူး အဝတ်တွေ ထည့်ခဲ့တဲ့အိတ်ပါ ဒေါ်ဒေါ်ရယ်။ အဖေရှိတုန်းက သုံးခဲ့တဲ့ အိတ်အဟောင်းကြီးမှာ မနက်တုန်းက အမေ့ကြောင့် လွတ်အိတ်ကြိုး ပြတ်သွားရသေးတယ်။ ပူစူးတို့အိမ်မှာ အဝတ်ထည့်စရာ သေတ္တာတို့၊ ဖာတို့ကလည်း အပိုမရှိဘူး ဒေါ်ဒေါ်ရဲ့။ အသစ်လည်း ဝယ်မပေးနိုင်တာနဲ့ အမေက ဒီအိတ်ဟောင်းကြီးထဲပဲ ထည့်ပေးလိုက်တယ်”

ဒေါ်ခင်ခင်က သူ့စကားကို ဝတ်ကျေဝတ်ကုံမျှ အင်း လိုက်ရင်း သူ့အနားကပ်လာသည့် သားငယ်ကို နမ်းသည်။ ဒါကိုပူစူးကကြည့်၍…

“ဒေါ်ဒေါ်တို့ကလေးတွေက နှစ်ယောက်စလုံး ယောက်ျားလေးတွေမှန်း ပူစူး မသိပါဘူး။ တစ်ယောက်က မိန်းကလေးပဲလို့ ထင်နေတာ။ ပူစူးမှာလည်း ညီမတစ်ယောက်၊ မောင်လေး တစ်ယောက်ရှိတယ် ဒေါ်ဒေါ်ရဲ့ ”

ဒေါ်ခင်ခင်က မျက်လုံးပြူးကြည့်၍..

“သြော် ဟုတ်ကဲ့လား။ ကဲ အဲဒါ အသာထားပြီး မင့်ဦးဦး ဆီက ညည်းအိတ်ကို သွားယူ။ မင်းနေဖို့ အခန်းကို ဦးဦးက လိုက်ပြလိမ့်မယ်။ အဲဒီမှာ မင်းအဝတ်တွေကို နေထားတကျ သိမ်းဆည်းပြီး မီးဖိုချောင်ပြန်ခဲ့ ဟုတ်လား။ မင်းကို ဒို့က အဖော်ရအောင် ခေါ်လာတာဆိုတော့ မင်းက ဒေါ်ဒေါ့်ကို ကူညီ လုပ်ကိုင်ပေးရလိမ့်မယ်”

ဒေါ်ခင်ခင်က ဧည့်သည်သဖွယ် စကားကြွယ်နေသော ပူစူးမအား ဤအိမ်တွင် သူ့အတွက် သတ်မှတ်ထားသည့် အဆင့်အတန်းကို လိမ္မာစွာ သတိပေးညွန်ကြားလိုက်သည်။ ပူစူးမသည် ကိုယ်ကလေး အသာကျုံ့ပြီး ဦးကိုကိုနောက် လိုက်သွား၏။ ပြောင်လက်နေသော လှေကားမှတစ်ဆင့် တက်သွားပြီး ဖယောင်းတိုက်ထားသဖြင့် ချောနေသော ကြမ်းပြင်ကို မဝံ့မရဲခြေကလေး ခပ်ကြွကြွနင်းရင်း အိမ်နောက် ဖက်အစွန်ရှိ အခန်းငယ်တစ်ခုသို့ ရောက်သော် ဦးကိုကိုက…

‘‘ဒီအခန်းပဲကွ၊ မင်းနေရမှာ”

ပူစူးမသည် အထုပ်ကလေးကို ပိုက်ကာ အခန်းလယ်တွင် မတ်တတ်ရပ်၍
တောင်မြောက်လေးပါးကို ကြည့်နေလိုက်သည်။ အခန်းနံရံနှင့်ကပ်လျက် ခြင်ထောင်တိုင် မပါသည့် ခုတင်ဟောင်းလေးတစ်ခုပေါ်တွင် သင်ဖြူးတစ်ချပ်၊ ခေါင်းအုံးတစ်လုံး၊ ဘာဘူစောင်တစ်ထည် တွေ့ရသည်။ ခေါင်အုံးမှာ အစွပ်ဖြူဖြူနှင့်မို့ သူတို့အိမ်က အိပ်ရာထက် သာပါပေသည်။ ခုတင်ခေါင်းရင်းမှာ သစ်သားဗီရိုငယ်တစ်လုံး ရှိသည်။ ဗီရိုပေါ်၌ သစ်သားပေါင်ဖြင့် ကြည့်မှန်လေးတစ်ချပ်၊ ဝါးဘီးတစ်ချောင်း၊ ဗီရိုရှေ့မှာ ခွေးခြေတစ်ခု။

ပူစူးမက ဗီရိုတံခါးဆွဲဖွင့်၍အတွင်းရှိ တစ်ခုတည်းသော အဆင့်ပေါ်သို့ သူ၏ အထုပ်ကို တင်လိုက်ကာ တံခါး ပြန်ပိတ်လိုက်၏။ သူ့မှာ ကြီးကြီးကျယ်ကျယ် ဘာမျှ လုပ်နေစရာ မပါခဲ့ပါ။
အောက်ထပ်မှ အိမ်ရှင်လင်မယားတို့ စကားစမြည် ပြော၍ ရယ်မောနေသံကြားရ၏။ ဒါကြောင့် သူလည်း မီးဖိုချောင်သို့ ပြန်ဆင်းခဲ့လေ၏။

ဦးကိုကို ရုံးသို့မသွားမီ မနက်စာ စားရန် မီးဖိုချောင်ထဲ ဝင်လာ၏။ ဖယောင်းပုဆိုး ခင်းထားသည့် ထမင်းစား စားပွဲဝိုင်းကြီး ပတ်လည်တွင် ကုလားထိုင် လေးလုံး၊ ကလေး နှစ်ယောက်တွက် စပယ်ရှယ် လုပ်ထားသည့် ခြေတံရှည် ရှည်နှင့် ကုလားထိုင်နှစ်ခုလည်းရှိသည်။ မိုးတစိမ့် စိမ့်ရွာနေ၍ မီးဖိုချောင်ထဲ၌ အနည်းငယ် အေးနေသည်။ မီးဖိုက ရေနံဆီ မီးဖိုဆိုတော့ ပူစူးမအိမ်က မီးဖိုလို လူနွေးရန် အပူရှိန်မရနိုင်ပေ။

ဒေါ်ခင်ခင်က ဝင်လာသော လင်တော်မောင်ကို နှာခေါင်းလေး မသိမသာ ရှုံ့ပြလိုက်၏။ ပူစူးမက အနှံ့အပြားသို့ လျှောက် သွားနေသည့် နှစ်ခါလည်ကျော် ကလေးငယ်ကို လိုက်ထိန်း နေရသဖြင့် ဒါကို မမြင်လိုက်မိပေ။ ထို့ကြောင့်…
“ဒေါ်ဒေါ့သားလေးက စကား တော်တော် ပြောနေပြီနော်။ ပူစူးမောင်လေး အာလူးဆိုရင် ဒီအရွယ်က အမေ တစ်ခွန်းတည်းပဲ တတ်သေးတယ်”

ဒေါ်ခင်ခင်က ပူစူးမဘက်သို့ ဆတ်ခနဲ လှည့်ကြည့်လိုက်ပြီး အသံတင်းတင်းနှင့်…

“မင်းဦးဦးက ရုံးမသွားမီ ထမင်းစားရမယ် ပူစူး၊ မြန်မြန်လုပ်မှ။ လက်ဆေးရေတို့၊ လက်သုတ်ပဝါတို့ စားပွဲပေါ်မှာတင်ပြီးပလား၊ အချိန်အလဟဿမဖြုန်းနဲ့”

ပူစူးမသည် ဒေါ်ခင်ခင်၏ အသံကြောင့် ဖျတ်ခနဲ လန့်သွားပြီး အသံတုန်တုန်လေးဖြင့်

“လက်သုတ်ပဝါ ဘယ်ထားမှန်းမသိလို့ပါ ဒေါ်ဒေါ်”

“ကြောင်အိမ်အံဆွဲထဲမှာလေ၊ မနက်က ပြထားတယ် မဟုတ်လား၊ ဒေါ်ဒေါ် လုပ်တာကိုင်တာတွေကြည့်ပြီး အတုယူ မှတ်သားထားရမယ်။ နောက်ဒါမှ လုပ်တတ်မှာပေါ့။ ခုပြော ခုမေ့မလုပ်နဲ့ ကြားလား”

ဒေါ်ခင်ခင်က ဤသို့ မြည်တွန်ရင်း ဒီလိုဘာမတတ်၊ ညာမတတ် မအူမလည်လေးမျိုးမှ ရှာကြံခေါ်လာတတ်ပလေ ဟု အပြစ်တင်ပုံမျိုးနှင့် ကြည့်လိုက်ရာ ဦးကိုကိုမှာ မယားမျက် လုံးဒဏ်မှ လွှဲဖယ်စိမ့်သောငှာ၊ ကြမ်းပေါ်မှာ ပုံ့ပုံ့ကြီး ထိုင်ကာ တစ်စုံတစ်ခုကို တမြုံ့မြုံ ဝါးနေသော သားငယ်ပါးကလေးကို အသာလိမ်ဆွဲလျက်…

“ဟော ဒီတားတားလေးက ဘာတွေ ရှားနေတာလဲကွဲ့”

ဒေါ်ခင်ခင်သည် ထမင်းအုပ်ကို ကိုင်၍ ဦးကိုကို အနားမှ ဖြတ်သွားရင်း တတွတ်တွတ်နှင့်

“တစ်မနက်လုံး ဒီအတိုင်းပဲ စကားပဲ များနေတာပဲ၊ ဘာအလုပ်မှ မယ်မယ်ရရ မလုပ်တတ်ဘူး၊ ကူဖော်လောင်ဖက်များရမလားလို့၊ ခုတော့ သူလေကန်တာ နားထောင်ရတဲ့ အလုပ်က ပိုလာတာပဲ ရှိတယ်”

ဦးကိုကိုက မကြားချင်ဟန်ဆောင်ကာ ထမင်းစားပွဲမှာ သွားထိုင်နေလိုက်၏။ ပူစူးမမှာ ဒေါ်ခင်ခင် တွတ်ထိုးသံ သဲကွဲစွာ မကြားရသော်လည်း သူ့တို့လင်မယား မျက်နှာထားများကို မြင်ရရုံနှင့် အနေကြပ်ရှာ၏။ ဒီမှာနေရတာ အိမ်မှာနှင့်မတူ တစ်မူကွဲပြားမှန်းတော့ အလိုလို သိရှိခံစားလာမိ၏။ ဒီကို မလာမီလေးက အမေပြောလိုက်သော “ခုဟာ အိမ်လည် သွားတာ မဟုတ်ဘူး သမီး” ဆိုတာကိုလည်း ယခုသဘောပေါက် လာမိလေပြီ။ မိခင်ကိုသတိရမိသည်နှင့် သူ့ကိုယ်ထဲမှာ နာကျင်သော ဝေဒနာတစ်ခုပေါ်လာသည်။ ထို့ကြောင့် သူ့ပါး နှစ်ဖက်ကို ကိုင်၍ “ဟောတော့ ပူစူးမ သွားကိုက်ချင်ပြန်ပြီ ထင်တယ်” ဟု ထင်မိထင်ရာ ပြောလိုက်မိသော်လည်း သူ့စကား ဘယ်သူမှ ကြားဟန်မတူ။ ဒေါ်ခင်ခင်က မီးဖိုပေါ်က ဟင်းအိုး မွေနေရာမှ…

“ဟဲ့ ပူစူး ဟင်းပန်းကန် ယူခဲ့စမ်း”

ပူစူးက ဟင်းပန်းကန်ဆိုတာ ဘယ်လိုပန်းကန်မျိုးယူရမှန်း မသိ၍ ပန်းကန်စင်ရှေ့တွင်
ယောင်နနဖြစ်နေရာ ဒေါ်ခင်ခင် က စိတ်မရှည်တော့ဘဲ အသံကိုမြှင့်၍

“ဟို ဟိုမှာလေ။ ဟင်းပန်းကန်တွေ စီထားတာ။ အဲဒါ တစ်ခုယူခဲ့ပါဆို။ ငါ့နှယ်နော် ဒုက္ခပါဘဲ”

ပူစူးမက ပန်းကန်ကို သွားပေးပြီး ဒေါ်ခင်ခင် ဟင်းခပ်ရာတွင် ဝင်ရှုပ်နေသော ကလေးငယ်အား အသာကောက်ချီလိုက်ရာ ကလေးငယ်က ဝါးခနဲ ကောက်လိုက်သည်၌ ဒေါ်ခင်ခင်က မျက်လုံးမျက်ဆန်ပြူးနှင့် လှည့်ကြည့်ရာ ပူစူးမက ကလေးကို ကမန်းကတန်းပြန်ချရင်း…

“ဟို ဟို ဒေါ်ဒေါ် ဟင်းခပ်နေတာ မောင်လေးရှုပ်မှာစိုးလို့ ပူစူး ကောက်ချီလိုက်တာပါ”

“ညည်းကို သူက စိမ်းနေသေးတော့ လန့်ငိုတာပေါ့အေ့။ ကဲကဲ တိတ်ပါသားရယ်။ ပူစူးက မချီတော့ပါဘူးတဲ့ တိတ်ပါ”

ဦးကိုကိုက မနေသာတော့ဘဲ စားပွဲမှထလာပြီး ကလေး ကိုယူ၍…

“ကဲလာလာ။ သားလေးကို ဖေဖေ ကုလားထိုင်ပေါ် တင်ပေးမယ်”

ကလေးငယ်က သူ့အဖေလက်ပေါ်မှနေ၍ ပူစူးကို မလိုလားသည့်မျက်နှာနှင့်ကြည့်၍ ပါသွား၏။ ပူစူးမှာ ယောင်တိ ယောင်နနှင့် တွေတွေကလေး ရပ်နေ၏။ အိမ်မှာဆိုလျှင် တာတူး၊ အာလူးတို့ သူ့ကို ဒီလိုတစ်ခါမှ မကြည့်ဘူး။ မငိုစဘူး။ သူကဗိုလ်မဟုတ်လား။ အားလုံးကို သူ စီမံနေကျ။

ဒေါ်ခင်ခင်သည် ဇလုံတစ်ခုတွင် ထမင်းရော၊ ဟင်းပါ ပုံ၍ ပူစူးအားပေးကာ မီးဖိုဘေးရှိ ဖင်ထိုင်ခုံလေးတစ်ခုပေါ်မှာ ထိုင်စားစေသည်။

ထမင်းရော ဟင်းပါ မိမိတို့အိမ်က လက်ရာမျိုးနှင့်မတူ။ အရသာရှိ၍ စားကောင်းလှပါသည်။ သို့သော် ပူစူး မဝပါ။ သူတို့အိမ်သားတွေ လှမ်းကြည့်တော့လည်း တစ်ယောက် တစ်ပန်းကန်ပဲ။
နောက်ထပ် မည်သူမျှ ထမင်းထပ်ထည့်တာ မတွေ့၍ သူလည်း ထပ်မတောင်းဝံ့တော့သဖြင့် မဝတဝနှင့် အသာထကာ သူ့ဇလုံလေးကို ဆေးကြောရင်း အိမ်မှာနေစဉ်က ငါးပိရည်၊ တို့စရာ၊ ပဲပြုတ်ကြော်မှုပင် ဖြစ်လင့်ကစား ထမင်း၊ ဟင်း အားရပါးရစားခဲ့ရသည်များကို မြင်ယောင်နေရှာ၏။

“ဟဲ့ ပူစူး ပန်းကန်တွေ စုဆေးလိုက်တော့”

ထမင်းစားပြီးသောအခါ ဒေါ်ခင်ခင်က ပူစူးအား ဆေးကြောရန် ပန်းကန်တွေ တစ်ပုံတစ်ခေါင်းကြီး ပေးအပ်ခဲ့ပြီး သူတို့ သားအမိသားအဖလေးယောက် ဧည့်ခန်းသို့ ထွက် သွားကြ၏။ အားလုံးဆေးကြောပြီး၍ ပူစူးဧည့်ခန်းသို့ ထွက်လာခဲ့သောအခါ ကလေးငယ်က ပုခက်ထဲမှာ အိပ်ပျော်နေ၏။ ဒေါ်ခင်ခင်က စက်ချုပ်နေ၏။ သားကြီးဘိုဘိုကမူ သူ့အမေ အနားတွင်
တောင်ဆွဲမြောက်ဆွဲနှင့် ရှုပ်နေ၏။ ပူစူးသည် အခန်းဝနားမှာ မတ်တတ်ရပ်လျက် သူ့သွားကို လျှာနှင့်တို့ရင်း…

“ပူစူး သွားကိုက်ပြန်တယ်ထင်တယ် ဒေါ်ဒေါ်ရယ်။ အိမ်မှာ တစ်ခါတုန်းက သွားကိုက်တာလေ။ ပူစူးရော အမေပါ တစ်ညလုံး မအိပ်ရဘူး။ တော်ပါသေးရဲ့။ အမေက လေးညှင်း ပွင့်ထောင်းပြီး သိပ်ပေးတော့ သက်သာသွားတယ်လေ”

ဒေါ်ခင်ခင်က အပ်ချည်စကို ပါးစပ်နှင့်ကိုက်ဖြတ်ရင်း မသိမသာ အင်းလိုက်နေ၏။ စင်စစ် သူ့စိတ်မှာတော့ ပူစူးမ သွားကိုက်တာထက် ပုခက်ထဲက ကလေးငယ်ကိုယ် ယင်နား မှာကို ပို၍အာရုံပြုနေ၏။

“ဒေါ်ဒေါ် ဦးဦး မနက်ဖြန် အပြင်သွားဦးမှာလား”
“မနက်ဖြန် သွားစရာရှိမယ် မထင်ပါဘူး။ ဘာဖြစ်လို့လဲ”

“ဪ… ပူစူးတို့ဘက်ကြုံရင် ပူစူးဖဲကြိုးလေးနဲ့ ရှင်မီး အင်္ကျီလေး မှာလိုက်ချင်လို့ပါ”

“အေး နောက်ကြုံတော့ ယူခိုင်းလိုက်မယ်”

ဒေါ်ခင်ခင်က ဤမျှသာပြောပြီး စက်ချုပ်မြဲ ချုပ်နေ၏။ ပူစူးသည် မတ်တတ်ရပ်နေရာမှ ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီး တဖြည်းဖြည်း မဲ့လာ၏။ သူ့ကို ဒီမှာ ဂရုစိုက်မည့်သူလည်း မရှိပါလား။ သူသွားကိုက်တာ ဟုတ်ချင်မှ ဟုတ်မည်။ ဖျားပဲ ဖျားချင်နေသလား။ ဖျားရင်တော့ ပြုစုမယ့် အမေလည်း မရှိဘူးဟု တွေးရင်း အိမ်ကထွက်လာတုန်းက ခြံဝတွင် အင်္ကျီ နှစ်ဖက်ကို ကျစ်ကျစ်ဆုပ်၍ မျက်စိတစ်ဆုံးမျှော်ကြည့်လျက် ကျန်ရစ်ခဲ့သည့် မိခင်ကြီးမျက်နှာကို တရေးရေး မြင်ယောင် လာတော့၏။

ထိုစဉ် ပုဆစ်တုပ် ကျုံ့ကျုံ့လေးထိုင်ကာ ငိုမဲ့မဲ့လေး ဖြစ်နေသော ပူစူးကို ဒေါ်ခင်ခင် စက်ချုပ်ရာမှ လှမ်းကြည့်ရင်း သနားစိတ်ပေါ်လာ၍ ကလေးမ အာရုံပြောင်းသွားစေရန် ဗီရိုထဲမှ ကစားစရာဘူးတစ်ခုကို ညွှန်ပြရင်း

“ဟဲ့ ပူစူး အဲဒီအိမ်ဆောက်တဲ့ တုံးကလေးတွေ ယူသွားပြီး ဟိုဘက်ခန်းထဲမှာ မောင်လေးဘိုဘိုကို ခေါ်ကစားလိုက်ပါကွယ်။ ဒေါ်ဒေါ် ဒီကလေးအင်္ကျီလေး လက်စသတ်လိုက်ချင် လို့”

ဆိုပြီး ဘိုဘိုအားလည်း

“သားကြီးကလည်း ပူစူးမနဲ့ ကစားမယ် မဟုတ်လား။ လိမ္မာပါတယ်ကွယ်။ သွား လိုက် သွား။ သားသားကို အိမ်လှလှလေးတစ်ခု ဆောက်ပေးမယ် တဲ့။ ဟုတ်တယ် မဟုတ်လား ပူစူး”

ပူစူး ထိုင်ရာမှထ၍ ဘိုဘိုလက်ကိုဆွဲကာ အခန်းထဲမှ ထွက်သွားသည်။ တစ်ဖက်ခန်းရောက်တော့ ပူစူးက ဘူးထဲမှ သစ်တုံးရောင်စုံကလေးများကို ထုတ်ကာ အိမ်ဆောက်ရန် ကြိုးစားသည်။ သူသည် ဒီလိုသစ်သားတုံးလေးတွေကို တစ်ခါမျှ မကိုင်တွယ်ဖူးသော်လည်း ရှေ့ဆောင်လမ်းပြ လုပ်ချင်သော အစ်မကြီး စိတ်ဓာတ်ဝင်လာသဖြင့် လက်ဝဝ ကစ်ကစ်ကလေးများဖြင့် မကြာခဏ နှောင့်ယှက်ဖျက်ဆီးနေသော ဘိုဘိုကို ထိန်းကျောင်းရင်း အိမ်တစ်ဆောင် လှလှ ဆောက်လုပ်ရန် ကြိုးစားလေတော့သည်။

“မလုပ်နဲ့ မောင်လေးရဲ့၊ ဒီမှာ ကြည့်။ မောင်လေးကို ပူစူးအိမ်လှလှလေး ဆောက်ပေးမယ်နော်။ မကိုင်နဲ့။ အသာ ထိုင်ကြည့်နေ”

သို့သော် ဘိုဘိုက တားမရပေ။ သူလည်း သူ့အိမ်မှာ ဗိုလ်ပေပဲ။ ပူစူး ကြိုးစားဆောက်လုပ်လေသမျှ အကောင် အထည်ပေါ်မည်မကြံသေး၊ သူကလက်ဖြင့် တွန်းထိုးဖျက်ဆီး ပစ်လိုက်သည်ချည်း။ ကြာတော့ ပူစူး စိတ်မရှည်နိုင်တော့။ တာတူးနှင့် အာလူးသာဆို သူစပ်စပ်ကလေး ရိုက်ပစ်လိုက် မည်။ ခုတော့ ဘိုဘိုကို ချိုင်းနှစ်ဖက် အသာမ၍ ခပ်လှမ်းလှမ်း အသာသွားချပြီး..

“မောင်လေးကလည်း အသာနေပါဆို။ လိုက် လိုက် ဖျက်နေတော့ အိမ်ဆောက်လို့ ဘယ်ရမလဲ။ ကဲ ဒီမှာ ထိုင် ကြည့်နေ။ ပူစူး အိမ်ကောင်းကောင်း ဆောက်ပြမယ်နော်”

သည်အိမ်မှာ သူ လုပ်ချင်တာ အစဉ်လုပ်နေရသော ဘိုဘိုက သူ့ကို ဘေးဖယ်ခံရသောအခါ ပထမအံ့အားသင့် သလို ကြည့်နေပြီးနောက် အားရပါးရ ငိုပါလေတော့သည်။ ဒေါ်ခင်ခင်သည် သူ့သားကြီး ငိုသံကြောင့် အမြန်ပြေးလာရာ ပူစူးမက ဒေါ်ခင်ခင်ကို သူ့ဘက်ကများ အားကိုးရမည်လားဟု လှမ်းမျှော်ကြည့်သေးသော်လည်း ၄င်း၏ မျက်နှာထားကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်ရန် ပြင်ဆင်ရလေ၏။

“ဘိုဘိုက အိမ်ဆောက်ပေးတာ ဖျက် ဖျက်ပစ်တယ် ဒေါ်ဒေါ်ရဲ့”

တဝါးဝါးအသံကုန် ဟစ်နေသည့် ဘိုဘိုကို ဒေါ်ခင်ခင် က ကပျာကသီကောက်ချီပြီး

“ညည်းကလည်း ကလေးမှ မငိုအောင် မထိန်းတတ်တာဘဲ”

“ပူစူး သူ့ကို နာအောင် ဘာမှမလုပ်ပါဘူး ဒေါ်ဒေါ်ရဲ့”

ဒေါ်ခင်ခင်က ဘိုဘို့ခေါင်းကို ပွတ်သပ်ချော့မော့ရင်း ပူစူးမကို မျက်မှောင်ကြုတ်ကြည့်ပြီး

“သူ့ကစားစရာပဲဟာ သူကြိုက်သလို ကစားပစေပေါ့။ ညည်းက သူ့ကစားစရာနဲ့ ဆော့နေတာ သူ ဘယ်ကြည့်ချင်မှာ တုန်းအေ့။ သူ့ဟာသူနေ အကောင်းသား။ ညည်းထိန်းခိုင်းကာ မှ ငိုရပြီ”

“မေမေ သားသား သူနဲ့ မကစားချင်ဘူး”

“ဒါဖြင့် လာလာ မေမေနဲ့ပဲနေ”

ဒေါ်ခင်ခင်က သူ့သားမျက်ရည်များကို တယုတယ သုတ်ပေးနေ၏။ ပူစူးက ထပ်ပြီး လျှောက်လဲချက် တင်၏။

“သူ့ကို ပူစူး ဘာမှမလုပ်ပါဘူး ဒေါ်ဒေါ်ရယ်။ တကယ်ပါ”

“ကဲ ကဲ ရှိပစေတော့။ ကစားစရာတွေ ဘူးထဲပြန်ထည့် ပြီး ဗီရိုထဲပြန်ပို့။ နောက်ပြီး စက်အောက်မှာ ကျနေတဲ့ အဝတ် အစအနတွေ တစ်ခုမကျန်အောင်ကောက်ပြီး တံမြက်စည်းလှဲ၊ မီးဖိုချောင်ထဲက ပန်းကန်တွေဆေးပြီး တံမြက်မလှဲခဲ့သေးဘူး မှုတ်လား။ နောက်ကို အစဉ်လှဲရမယ်နော် မှတ်ထား။ သားသား ကလည်း တိတ်ပါတော့။ တော်ကြာ ဖေဖေရုံးသွားတော့ မေမေတို့ပါ လိုက်သွားပြီး ကားစီးရအောင်လေ။ ကဲ တိတ်ပါ သားရယ် တိတ်ပါ”

ပူစူးက ဝမ်းနည်းစွာ ခေါင်းငုံ့၍ အဝတ်စများကို ကောက်နေသည်။ ဘိုဘိုကို သူ ဘာမျှမလုပ်ရပါဘဲနှင့် ဘိုဘိုက ဘာကြောင့် ငိုရပါသနည်း။ အိမ်မှာတုန်းက မောင်နှမတွေ ကစားကြပြီဆိုလျှင် အကြီးဆုံးဖြစ်သည့် မိမိက ဦးဆောင်ရ သည်ချည်း။ မိမိက မထိနဲ့ဆို မထိရ မကိုင်နဲ့ဆို မကိုင်ရ။

သြော် ဒီမှာတော့ သူ့ ဩဇာဘာမျှ မရှိပါကလား။

ပူစူးသည် တံမြက်စည်းလှဲရင်း ဆို့တက်လာသော သူ့ မျက်ရည်များကို မျက်တောင်ခတ်၍ ထိန်းသိမ်းရသည်။

ထိုအခိုက် အိမ်ပေါ်မှ ဦးကိုကိုဆင်းလာသည့် ခြေသံကို ကြားရ၍ သူသည် ထိတ်ခနဲ ဝမ်းသာသွားသေး၏။ အကြောင်းမှာ ခုန ဒေါ်ဒေါ်က ဦးဦးရုံးသွားရင် လိုက်သွားပြီး ကားစီးကြမည်ဟု ဘိုဘိုကိုပြောသည် မဟုတ်လား။ ဒါဖြင့် သူလည်း လိုက်ရမှာပေါ့။ ကားစီးရဦးတော့မှာပဲ။ ဦးကိုကိုက

“ဟဲ့ ပူစူး နင့်အဒေါ်ကော”

“ဧည့်ခန်းမှာ ရှိပါတယ် ဦးဦး”

ပူစူးက တံမြက်စည်းကို အခန်းထောင့်ရှိ သံချောင်းတွင် ချိတ်ဆွဲခဲ့ပြီး ဧည့်ခန်းသို့လာခဲ့ရာ အတွင်းမှ စကားပြောသံ များကိုကြားရ၏။

“ကိုကို ခင်တို့ပါ လိုက်ခဲ့မယ်။ နယ်ပိုင်ဝန်ထောက် ကတော် ဒေါ်ခင်သိန်းတို့ဆီလေ”

ထို့နောက် သူတို့ချင်း လေသံနှိမ့်၍ ပြောကြရာ ပူစူးမှာ မကြားတစ်ချက် ကြားတစ်ချက်။

“ကောင်မလေး တစ်ယောက်တည်း ထားခဲ့လို့ ဖြစ်ပါ့မလား”

ဦးကိုကို့အသံ။

“ခေါ်တော့ ခေါ်ချင်ပါရဲ့။ နောက်တော့ အကျင့်ပါနေမှာ စိုးရတယ်။ ခင်တို့ အပြင်ထွက်တိုင်း လိုက်ချင်ရင် ခက်နေမယ်။ ခုတောင် ဘာမှ မယ်မယ်ရရ လုပ်တတ်ကိုင်တတ်တာ မဟုတ်ဘူး။ မျက်စိဒေါက်ထောက်ပြီး ကြည့်ပြောနေရတာ။ တော်တော်ကို သင်ယူရဦးမယ့် ကောင်မလေး”

ထိုခဏအတွင်း ဦးကိုကို ဧည့်ခန်းမှထွက်လာပြီး ကားကို ကားရုံထဲမှ ထုတ်ကာ အိမ်ရှေ့သို့မောင်းလာသည်။ အိမ်အပေါ်ထပ်မှ သားဘိုဘိုနှင့် ဒေါ်ခင်ခင်တို့ လှုပ်ရှားသံ။ စကားပြော သံများ ကြားရ၏။ မကြာမီ ဒေါ်ခင်ခင်နှင့် ဘိုဘို အဝတ်အစား လဲလှယ်ပြီး လက်ဆွဲကာ ဆင်းလာ၏။ ဘိုဘိုက ဆွယ်တာ နီနီရဲရဲလေးဝတ်၍ သိုးမွေးခေါင်းစွပ်ကလေး စွပ်ထားသော ကြောင့် ပို၍ ချစ်စရာကောင်းနေ၏။ အိမ်ရှေ့မှ ကားဟွန်းသံ တတီတီနှင့် ဦးကိုကိုက လှမ်းခေါ်ရာ ဒေါ်ခင်ခင်က…

“အဖေကြီးရေ ဒီမှာ သားလေးလာခေါ်လှည့်ဦး။ ခင့် တစ်ယောက်တည်း ဘယ်နိုင်မလဲ”

ဟုလှမ်းပြောပြီး ဘိုဘို အဝတ်ကို ပြုပြင်ပေးနေရာက ပူစူးကို မကြည့်ဘဲ

“တို့အပြင်သွားဦးမယ်။ မီးဖိုချောင် တံမြက်စည်း လှဲပြီး ပလား”

ပူစူးက ခေါင်းညိတ်၏။

”ဒါဖြင့် ဧည့်ခန်းထဲက စားပွဲ၊ ကုလားထိုင်တွေ ကြက်မွေးနဲ့သုတ်။ အဲဒါပြီးရင် မီးဖိုထဲသွား၊ ပြုတ်ထားတဲ့ အာလူးတွေ အခွံသင်။ ငါပြန်လာမှ ကြက်သား နဲ့ ရောမယ်။ ၃ နာရီထိုးရင် ထမင်းအိုးတည်တော့။ ဆန် နို့ဆီဘူး သုံးလုံးကြားလား။ ရေစင်စင်ဆေး။ စပါးလုံးပါရင် ရွေးပစ်။ မနက်က တို့စားတဲ့အနေချ။ ထမင်းအိုး တည်ထားတုန်း အလကားမနေနဲ့ အဝတ်ရေဆွတ်ပြီး ထမင်းစားပွဲနဲ့ ကုလားထိုင်တွေ လျှောက်ပွတ်”

ကားဟွန်းသံ မြည်ပြန်ပြီ…

“လာပြီ ကိုကိုရေ ဒီမှာ ပူစူးကို မှာစရာ ရှိတာတွေ မှာနေရသေးတယ်။ ကဲ ပူစူးရေ သွားမယ်ဟေ့။ ဒေါ်ဒေါ် မှာတာတွေ အားလုံးလုပ်ထားလိုက်။ ကြားလား”

ပူစူးသည် ဧည့်ခန်းပြတင်းမှ သူတို့သားအမိတစ်တွေ သွားကြသည်ကို မျှော်ကြည့်နေ၏။ ကားရှေ့တွင် ဘိုဘိုက ဦးကိုကိုနှင့်စီး၍ ဒေါ်ဒေါ်နှင့် သားငယ် နောက်ကထိုင်သည်။ သူတို့အားလုံး ကားပေါ်တွင် ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် ပါသွားကြသည်။

ပူစူးစိတ်ထဲဝယ် ငါ့အမေနဲ့ ညီမလေး၊ မောင်လေးတွေက အဝေးကြီး။ ဒီမှာ ငါကတစ်ယောက် တည်းရယ်ဟု တွေးရင်း ကုလားထိုင် ခြေတံရှည်ကို ဖုန်သုတ်ရန် ထိုင်လိုက်စဉ် ရုတ်တရက်သူ့မှာ မဖော်ပြနိုင်သော ဝေဒနာခံစားရ၍ တစ်ကိုယ်လုံး သိမ့်သိမ့်တုန်အောင် အသံမထွက်ဘဲ ငိုမိသည်။ မျက်ရည် လည်း မထွက်ပါ။ အဘယ့်ကြောင့်ဆိုသော် ဒီမှာ သူ့ကို မျက်ရည်သုတ်ပေးမည့်သူ မရှိ။ ထိုစဉ် သူ့ကို နှစ်သိမ့်အားပေးသည့် စကားတစ်ခွန်းကြားယောင်လာ၏။

“သမီး အလုပ်ကို ကြိုးစားပြီး ကောင်းကောင်းလုပ်နော်။ ဒါမှ သူတို့ သမီးကို
ကြာရှည်ငှားချင်မယ်။ ဒီတော့အမေနဲ့ သမီးညီမလေး မောင်လေးတို့ ချောင်လည်မှာ သမီးရယ်”

ရုတ်တရက် ပူစူးတွင် စိတ်သစ်အားသစ်များဖြစ်ကာ အဝတ်ရေဆွတ်ပြီး စားပွဲ၊ ကုလားထိုင်တို့ကို ပိုင်ပိုင်နိုင်နိုင်ကြီး တိုက်ချွတ်နေလေတော့၏။

သော်တာဆွေ

ဆရာသော်တာဆွေ၊ ဘဝနှင့်သတ္တိ ပီဒီအက်ဖ်။