ဦးဘရန်ဘေး

သာယာအေးချမ်းနေခဲ့ပေမဲ့ ဗွေဆိုးဆိုတာကရှိစမြဲပဲမဟုတ်လား။

ဗွေဆိုးဆိုတာ တခြားမဟုတ် ဏကြီးကျေးတော်ရွာက ဦးဘပဲဖြစ်လေတယ်။ ငယ်နာမည်က မောင်ဘ၊ အသက်အလတ်ပိုင်းမှကိုဘ၊ အခုလေးဆယ်ကျော်ငါးဆယ်ဝန်းကျင်အရောက်ကြ ဦးဘလို့ခေါ်ကြတယ်။ ဦးဘဆိုတာက ဒီရွာရဲ့သူဌေးဦးဘတူကနေ မွေးဖွားခဲ့တဲ့ တစ်ဦးတည်းသောသား။ ငယ်စဉ်အခါတည်းက တစ်ဦးတည်းသောသားဖြစ်လို့ အလိုလိုက် အကြိုက်ဆောင်ခဲ့ရာကနေ လူမိုက်တစ်ယောက်ဖြစ်လာခဲ့တာပါပဲ။ လူမိုက်တို့ရဲ့မိဘထုံးစံတိုင်း သားမိုက်စိတ်ကြောင့် စိတ်ထောင်းကိုကြေ အဖြစ်နဲ့ ဦးဘတူတို့လင်မယား ဆုံးပါးသွားခဲ့ကြတယ်။

ဗီဇဆိုတာဖျောက်ရခက်သလိုပါပဲ မိဘများဆုံးပြီး တစ်နှစ်လောက်အထိ ဦးဘကညိမ်သွားခဲ့တယ်။ အရက်မသောက်ဘူး၊ ရန်မရှာဘူး အလုပ်ကို ဦးစီးဦးဆောင်လုပ်တယ်။ ဒါပေမဲ့ ဦးဘအနေနဲ့ ဒီလိုမျိုးမနေတတ်ဘူး။ အရက်ကိုပြန်သောက်ပြီး သူပျော်သလို ထင်ရာကိုပြန်လုပ်တယ်။ သူ့ကိုကြည့်တာနဲ့ “မင်းကဘာကောင်မလို့ ငါ့ကိုစိုက်ကြည့်နေတာလဲ၊ ငဘတဲ့ကွ” ဆိုပြီး ခွမ်းခနဲမြည်အောင်ထိုးတော့တာပဲ။ အဲဒီလိုဦးဘကလူမိုက်ပြန်ဖြစ်တော့ လူမိုက်နဲ့ငွေ အတူမနေဆိုတဲ့ စကားအတိုင်းပါပဲ သူ့မှာရှိတဲ့စည်းစိမ်မှန်သမျှ ဆုံးရှုံးသွားတယ်။

ဒါပေမဲ့ဦးဘက လူပါး၊ သူ့ရှေ့ရေးအတွက် လယ်ဧက‌ေတွကို ငွေနည်းနည်းနဲ့ ငှားစားတယ်၊ ဘယ်သူ့ကိုမှမရောင်းခဲ့ဘူး။ အသက်သုံးဆယ်ကနေ အခုချိန်ထိ လယ်ဧကတွေငှားစားပြီးနေလာခဲ့တာ အခုအသက်ငါးဆယ်ဝန်းကျင်ထိ အေးဆေးထိုင်စားနေရုံပဲ။ ဦးဘက လူဆယ်‌ယောက်မှာ တစ်ယောက်သာပါတဲ့ ဘယ်သန်။ သူ့ရဲ့ဘယ်လက်သီးက အတော်ကိုအားပြင်းတယ်။ တစ်ခါက ရွာထိပ်ကထန်းရည်ဆိုင်မှာ တစ်ဖက်ရွာကလူမိုက်ငါးယောက် လာသောက်ကြတယ်။ ဦးဘကလည်း သူတို့ဝိုင်းရဲ့မနီးမဝေးမှာ အေးဆေးဇိမ်နဲ့သောက်နေတာပေါ့။ ဒီတုန်းက ဦးဘအသက်လေးဆယ်နားကပ်ပြီ။

“သောက်သာသောက်ကြကွာ ဒီနေ့ငါဒကာခံမယ်။”

“ငါတို့ကဒါမျိုးဆိုလို့ကတော့ သောက်ပြီးသားပဲဟေ့။”

“မင်းကဘာလို့ ငါတို့ကိုတိုက်တာလဲငဝိုင်းရ။”

“ဟားဟားဟား မင်းကဘယ်သိမလဲစံမြရ၊ ငါမအေးခင်နဲ့ ရည်ငံသွားပြီလေကွာ၊ ဒီတော့ ငါပျော်လွန်းလို့မင်းတို့ကိုတိုက်တာကွ။ သောက်သာသောက်။”

“မအေးခင်နဲ့ကြိုက်လို့ တိုက်တာဟုတ်ပါပြီ။ တို့ရွာလည်းထန်းရည်ရှိသားနဲ့ ဒီဘက်ရွာထိ လာသောက်စရာလိုလို့လားဟ။”

“လိုတာပေါ့ကွ။ မအေးခင်က ငါမူးရူးနေတာမကြိုက်ဘူးကွ၊ ငါအရက်နဲ့ထန်းရည်ဖြတ်မှ ကြိုက်မယ်ဆိုလို့ ငါကဖြတ်ပြီပြောထားတာ၊ ရွာမှာငါသောက်တာမြင်ရင် သူ့အဖြေကို ပြန်ရုတ်သိမ်းမှာစိုးလို့ဟေ့။”

“ဒီလိုကို၊ အေးပါ သောက်သောက်ဒါဆိုလည်း ပြဿနာတော့မရှာနဲ့ပေါ့ကွာ။ တစ်ဖက်ရွာမှာဆိုတော့ မကောင်းဘူး။”

ငဝိုင်းက ထန်းရည်ကိုမော့သောက်ပြီး ခွက်ကိုဒုန်းခနဲမြည်အောင် ဆောင့်ချလိုက်တယ်။

“ဟ ပြဿနာရှာတော့ရော ဘယ်ကောင့်စောက်ဂရုစိုက်ရမှာလဲ။ ကျွဲဒိုင်းရွာသားငဝိုင်းကွ၊ အကုန်မသာပေါ်သွားမယ်။”

ငဝိုင်းအသံက အတော်ကျယ်သွားတယ်၊ သူ့စကားက ဒီရွာကိုလည်းစိန်ခေါ်နေသလိုဖြစ်နေတော့ ထန်းရည်သောက်နေသူတွေအကုန် ရှူးရှူးရှဲရှဲဖြစ်ကုန်တယ်။ ဒါပေမဲ့ ဘေးကတားထားကြတယ်၊ ကျွဲဒိုင်းရွာသားငဝိုင်းတို့အဖွဲ့ကလည်း ခေသူ‌ေတွမှမဟုတ်တာ၊ လက်စလက်နကလည်း ရှိကြတာကို။ အဲဒီအချိန် ငဝိုင်းအနောက်ကို လူတစ်ယောက်ရောက်လာတယ်၊ ဆေးပြင်းလိပ်ကြီးပါးစပ်မှာကိုက်ပြီး ငဝိုင်းခေါင်းကို ထန်းရည်အိုးနဲ့ခွမ်းခနဲရိုက်ပြီး အဲဒီအနားမှာထိုင်ချလိုက်တယ်။

ငဝိုင်းဆိုတာက မေ့သွားသလို ဘေးကလူတွေအကုန် အမှတ်တမဲ့ဆိုတော့ လန့်ပြီးကြည့်လိုက်ကြတာ ဦးဘဖြစ်နေတယ်။ ဦးဘကဆေးလိပ်အငွေ့ကို မှုတ်ထုတ်ပြီး တစ်ယောက်ခြင်းလိုက်ကြည့်တယ်။

“ငါ့ရွာလာပြီး လူမိုက်လုပ်တာ ငါ့ကိုစိန်ခေါ်တာနဲ့အတူတူပဲ။ ဘာတဲ့ ကျွဲဒိုင်းရွာသားဟုတ်လား… သွား မင်းတို့တစ်ရွာလုံးခေါ်ခဲ့.. ဏကြီးရွာသားငဘက ကျောပေးပြီးစောင့်နေတယ်လို့။ မင်းတို့ထဲကကောင်တွေ မကျေနပ်ရင် ငါ့နောက်လိုက်ခဲ့။”

‌ဦးဘက ဆေးပြင်းလိပ်ကြီးခဲပြီး အေးဆေးလမ်းလျှောက်သွားတယ်။ စံမြဆိုတဲ့လူက ဦးဘအနောက်ကနေ ပြေးလိုက်ပြီး ခေါင်းကိုထိုးလိုက်တယ်။ ဒါပေမဲ့ဦးဘက ငုံ့ရှောင်တာလား၊ တစ်ခုခုကုန်းကောက်တာလားမသိ အောက်ငုံ့သွားတော့လွဲသွားတယ်။ ဦးဘက သူ့ရှေ့ရောက်လာတဲ့ စံမြကိုကြည့်ပြီး ပြုံးလိုက်တယ်။ လက်နှစ်ဖက်ကို‌ေြမှာက်ပြီး “မင်းလာခဲ့စမ်း”ဆိုတဲ့အမူရာနဲ့ ခေါ်လိုက်တယ်။ စံမြဆိုတဲ့သူက ဘယ်ဝှိုက်လက်သီးနဲ့ထိုးချိန်မှာ ဦးဘက ညာဘက်ကို ငုံ့ရှောင်ပြီး ဘယ်လက်သီးဒဲ့တစ်လုံးထိုးလိုက်တာ စံမြတစ်ယောက် ရှေ့သွားပါကျွတ်ပြီး မေ့သွားတယ်။

စံမြရဲ့ကျန်တဲ့လူတွေကတော့ ဝင်မချပဲ ရပ်ကြည့်နေခဲ့ကြတယ်။ ဦးဘက “ငါ့နောက်မှမွေး၊ ‌ငါ‌့နောက်မှကြီးလာတဲ့ကောင်တွေက ငဘကိုနိုင်မတဲ့လား၊ ဟားဟားဟားဟား ငဘတဲ့ကွ။” လို့အော်ပြီး ဦးဘက ရွာထဲကိုပြန်သွားခဲ့တယ်။ စံမြတို့အဖွဲ့ရဲ့ကျန်လူများက စံမြနဲ့ငဝိုင်းကိုခေါ်ပြီး သူတို့ရွာကိုပြန်သွားခဲ့ကြတယ်။ ဒါကတော့ ဦးဘရဲ့လက်သီးတစ်ချက်မြည်းကြည့် တစ်သက်‌မမေ့ဘူးဆိုတဲ့အတိုင်းပါပဲ။ စံမြတစ်ယောက် သွားကျွတ်ပြီးမေ့ပါလဲသွားခဲ့တာ။

ဦးဘဟာ ဏကြီးကျေးရွာမှာ သူကြီးပြီးရင်သူပဲလို့ အမြဲကြွေးကျော်တယ်။ ဦးဘကအဲဒါကြောင့် တစ်ခါတလေအာဏာပြတယ်။ ဘယ်လိုပြသလဲဆိုတော့ တစ်ခါက ဦးဘတစ်ယောက် ဗိုက်ဆာတာနဲ့ သူ့ရွာထဲက ထမင်းဆိုင်ကနေ ထမင်းဟင်းမှာပြီး စားလေတယ်။ စားပြီးတာနဲ့ ထသွားတော့ ထမင်းဆိုင်ပိုင်ရှင် ဦးချစ်ကောင်းက ပြေးလိုက်လာတယ်။

“ဟေ့ငဘ ထမင်းဖိုးပေးခဲ့အုံးလေကွာ၊ မင်းမရှင်းရသေးဘူးဟ။”

“ဘာကွ မင်းကငါ့ဆီက တောင်းရဲတယ်။ ဒီရွာမှာငဘ ဘာကောင်လဲမင်းမသိဘူးလား။”

“မင်းလူမိုက်‌မှန်းငါသိပါတယ်။ ဒါပေမဲ့ တို့ကအလှူလုပ်နေတာမဟုတ်ဘူး။ ထမင်းရောင်းစားနေတာ၊ မင်းအသာတကြည်ပေးစမ်းပါကွာ။”

“ဟင်းဟင်း အသာတကြည်မပေးတော့ မင်းကဘာလုပ်ချင်လဲကွာ။”

“ခွပ်!!။”

ဦးဘကပြောလည်းပြော ထိုးလည်းထိုးချလိုက်တယ်။ ဦးချစ်ကောင်းဆိုတာက ဦးဘလက်သီးစာမိပြီးတာနဲ့ မြေပေါ်ကိုလဲကျသွားတယ်။ အဲဒီအခါမှသာ ဦးချစ်ကောင်းမိန်းမဒေါ်မြတင်ကပြေးလာပြီး ဦးဘကို ငိုကြီးချက်မနဲ့တောင်းပန်ရှာတယ်။

“မလုပ်ပါနဲ့ငဘရယ်၊ ငါတောင်းပန်ပါတယ်။ သူကနောက်တာပါဟယ် နော်၊ ခွင့်လွှတ်ပါ။ အဟင့်ဟင့်ဟင့်။”

“အေး နင့်လင်ကိုပြောထားမြတင်၊ ငဘက သူကြီးဦးထင်ကောင်းပြီးရင် ရွာမှာအကြီးဆုံးပဲဆိုတာ၊ နင်ကြားလား!!။”

“အေး.. အေးပါဟယ်… ငါပြောထားပါ့မယ်။”

အဲဒီလိုဦးဘကဆိုးတာ၊ ဒါတင်ပဲလားမဟုတ်သေးဘူး။ တစ်နေ့က ဦးဘတစ်ယောက် ရွာလယ်လမ်းအတိုင်း ထန်းရည်မူးပြီးပြန်လာတယ်။ အမူးသမားထုံးစံပေါ့၊ ဘယ်‌ေြခညာယိမ်း ဒိုးယိမ်းအကနဲ့ သီချင်းကလေးညဉ်းရင်း လျှောက်လာတာ။ မရင်အေးရဲ့ ကုန်စုံဆိုင်ရှေ့ရောက်တော့ ဦးဘက ရပ်သွားတယ်။ ဦးဘက ကုန်စုံဆိုင်ဆီလျှောက်သွားပြီး ဆေးလိပ်တစ်စည်းကိုယူတယ်၊ ဘာမှမပြောပဲ သီချင်းလေးညဉ်းပြီးပြန်ထွက်လာလေရဲ့။ မရင်အေးသမီးက ထလိုက်မယ်လုပ်တော့ မရင်အေးကဆွဲထားခဲ့တယ်။

“ဟဲ့ ညဉ်းကဘယ်သွားမှာလဲ အသာထိုင်နေစမ်းပါဟယ်။”

“ဟာအမေ့.. ဟိုမှာပိုက်ဆံမပေးပဲဦးဘကြီးက ဆေးလိပ်ကိုအစည်းလိပ်ယူသွားတာလေ။ အမေဘာမှမပြောဘူးလား။”

“သူသောက်ချင်လို့နေမှာပါအေ ယူပါစေ။”

“ရှင်!!။”

မရင်အေးသမီးခမျ မရင်အေးပါးစပ်ကဒီလိုထွက်တော့ ရှင်တစ်လုံးနဲ့ အံ့ဩခဲ့ရတယ်။ ဘာလို့လဲဆိ‌ုတော့ မရင်အေးဆိုတာက ကတ်ကတ်လန်တဲ့ ဆတ်ဆတ်ကြဲလေ။ ပုခုံးပေါ်ဆံချည်တစ်မျှင်တောင် အကြောမခံပဲ အမြဲတမ်း အယုတ္တ၊ အနတ္တဆဲဆိုတတ်တဲ့ မရင်အေးက ‌ဆေးလိပ်တစ်စည်းကိုပေါ်တင်ယူ၊ ပိုက်ဆံမပေးပဲ မိုက်ကြေးခွဲသွားတဲ့ဦးဘကြ ယူပါစေတဲ့လေ။ မရင်အေးက တကယ်တော့ဦးဘကိုငယ်ကြောက်ပါ။ မရင်အေးငယ်ငယ်က ဦးဘမကောင်းကြောင်းကို အတင်းတုတ်ဖူးတယ်၊ အဲဒီစကားတွေ ဦးဘနားထဲရောက်တော့ ဦးဘကမှတ်ထားတယ်။

ထင်းခွေမကြုံရေခပ်ကြုံသလိုပါပဲ၊ တစ်ဖက်ရွာကိုသွားတဲ့မရင်အေးနဲ့ ဦးဘ ရွာထိပ်မှာတည့်တည့်ဆုံကြလေရဲ့။ အမှန်တော့ဦးဘက တမင်‌သွားစောင့်နေခဲ့တာပါ။ ဦးဘက မရင်အေးကို တားလိုက်ပြီးတော့ “နင်လား ငဘအကြောင်းအတင်းတုတ်တာ ကဲဟယ်!!။”ဆိုပြီးတော့ ပါးရိုက်လိုက်တယ်။ မရင်အေးခမျှ တစ်ခါတည်းကိုမေ့လဲပြီး အံသွားနှစ်ချောင်းပါ နဲ့သွားခဲ့တယ် ။

အဲဒါကြောင့်မရင်အေးက ငဘဟေ့ဆိုတာနဲ့ သူ့ပါးပေါ်ကနေ အံသွားလေးကိုစမ်းကြည့်ပြီး လန့်နေရှာတာ။ ဒီလောက်ဆိုးတဲ့ဦးဘကိုသမာသမတ်ကျလွန်းတဲ့ သူကြီးဦးထင်ကောင်း ဘာကြောင့်အရေးမယူတာလဲလို့ ထင်ပါလိမ့်မယ်။ ရှေးကပြောခဲ့သလိုပဲ ဦးထင်ကောင်းက သူ့ရွာကိုသိပ်ချစ်၊ သိပ်ခင်တာ။ ဦးဘ ဘယ်လိုပဲဆိုးဆိုး မြို့ကပုလိပ်ကိုမတိုင်ပဲ သူကိုယ်တိုင်အပြစ်ပေးဆုံးမတယ်။ ဦးဘကလည်း ဦးထင်ကောင်းလိုသူကြီးကြ နည်းနည်းရှိန်တယ်။ အပြစ်ပေးရင် ဘယ်တော့မှအထွန့်မတက်ဘူး၊”ဟုတ်ကဲ့သူကြီး”ဆိုပြီး ခံလိုက်တာပဲ။

ဒါပေမဲ့ ဦးဘလိမ္မာသလားဆိုမလိမ္မာပါဘူး။ ဒုံရင်းကဒုံရင်းပါပဲ။ တစ်နေ့တော့ ဦးဘတစ်ယောက် ဘုရားပုရဝန်းထဲမှာ အေးတာနဲ့ အိပ်နေတုန်း ဘုရားရှိခိုး မေတ္တာပို့သံကြားလိုက်ရတယ်။ ဒါပေမဲ့ နောက်ဆုံးမေတ္တာပို့တဲ့အခါမှာ “ဥပါဒ်ရန်ဘေး”မဟုတ်ပဲ “ဦးဘရန်ဘေးကင်းစင်ဝေး ငြိမ်း‌ေအးကြပါ‌‌ေစ”လို့ ပီပီသသကြီးကြားလိုက်ရတယ်။ ဦးဘခေါင်းထောင်ကြည့်တော့ အသက်၁၂နှစ်သာရှိသေးမဲ့ ကိုရင်ငယ်လေးက ဘုရားရှိခိုးနေတာတွေ့လိုက်ရတယ်။ စကားမပီတော့ “ဥပါဒ်”ကနေ “ဦးဘ”ဖြစ်သွားတာမှန်း သူသိလိုက်တယ်။

စေတီကိုဖူးမြော်ကြည့်ပြီး “ငါဘာလုပ်နေတာပါလိမ့်”လို့ စိတ်ထဲကနေ ဦးဘကိုယ့်ကိုယ်ကိုယ် ပထမဆုံး ပြန်မေးမိလိုက်တယ်။ ကိုရင်လေးရှိခိုးနေတာကြည့်ပြီး၊ “ဦးဘရန်ဘေး”ဆိုတဲ့ရွတ်သံကြားတိုင်း ဦးဘဟာ သံဝေဂတွေရလာတယ်။ သူ့ဘဝက အပေအတေကလေကချေဖြစ်နေတာကို သတိထားမိလာတယ်။ “ငါမှားနေခဲ့တာပဲ”ဆိုပြီး ဦးဘဟာ ဘဝမှာပထမဆုံးချိန် နောင်တရသွားခဲ့တယ်။ အဲဒီနောက် သူဘာဆက်လုပ်ရမလဲဆိုတာစဉ်းစားတယ်။ သူကောင်းကောင်းမွန်မွန်နေထိုင်ဖို့ဆုံးဖြတ်ခဲ့တယ်။

ဦးဘကအဲဒီလိုသူ့စိတ်မှာဆုံးဖြတ်ပြီးတော့ ရွာထဲကိုမပြန်ပဲ တစ်ဖက်ကျွဲဒိုင်းရွာကို ရောက်လာခဲ့တယ်။ ဒီရွာမှာက သူ့တစ်ဦးတည်းသောသူငယ်ချင်း ဦးမှုံညိုဆိုတာရှိတယ်။ သူ့ဆီကို ဦးဘကသွားပြီးတော့ “မင်းငါ့ကိုဘယ်လိုမြင်လဲ မှုံကြီး။”လို့မေးခဲ့တယ်။ ဦးမှုံကြီးဆိုတာကလည်း ငဘမူးလာသလားမသိဘူးတွေးမိပေမဲ့ ဦးဘပုံကမူးရင်ဒီလိုမဟုတ်မှန်းသူသိတယ်။

“မင်းတကယ်မေးနေတာလားငဘ။”

“ငါတကယ်မေးတာ။”

“အေး ဒါဆို မင်းကိုလူတွေဘယ်လိုမြင်လဲဆိုတာ ငါပြောပြမယ်။ အလုပ်မရှိ၊ အကိုင်မရှိ၊ တွယ်တာစရာသံယောဇဉ်ဆိုတာမရှိတဲ့တစ်ကောင်ကြွက်၊ အပေအတေ ကလေကချေလူကြီး၊ လူမိုက်၊ လူဆိုးဦးဘရယ်လို့မြင်ကြတယ်။ ငါငယ်ငယ်က‌တည်းက‌ေန အခုထိမင်းကောင်းကြောင်း တစ်ခုမှမကြားဖူးဘူးငဘ။”

ဦးဘက သစ်ပင်ကိုမှီရင်း ‌ဆေးပြင်းလိပ်ကြီးခဲပြီး ငိုင်နေခဲ့တယ်။ နောက်တော့ ဦးဘရဲ့မျက်ဝန်းဆီကနေ မျက်ရည်ပူတွေက စီးစင်းလာတာကို ဦးမှုံကြီးမြင်လိုက်ရတယ်။

“ငဘ ဟေ့ကောင် မင်းငိုနေတယ်။”

“မ…မဟုတ်ပါဘူးကွာ.. မျက်လုံးထဲ… အမှိုက်ဝင်သွားတယ်တူပါတယ်။ ငါပြန်ပြီကွာ။”

“အေးအေး ဂရုစိုက်ပြန်အုံး။”

ဦးမှုံကြီးက ဦးဘကျောပြင်ကိုကြည့်ပြီး “အင်း ငဘတော့ နောင်တမျက်ရည်ကျပြီထင်တယ်။ အမေ၊ အဖေသေတာတောင် မငိုခဲ့တဲ့့ကောင် သူ့မိုက်ပြစ်တွေကို အခုချိန်ပြင်ရင် မီပါအုံးမလားဆိုပြီး ငိုနေသလားငဘရယ်။” ဟု သနားဂရုဏာသက်မိသွားတယ်။ ဦးဘက သူ့ရွာကိုပြန်တဲ့လမ်းကို သွာ‌းနေကြလမ်းကမဟုတ်ပဲ၊ တောဘက်လမ်းကနေ ပတ်ပြန်ခဲ့တယ်။ တောဘက်လမ်းဆိုတာက လူသူအရောက်ပေါက်နည်းတယ်၊ တောရိုင်းတိရိစ္ဈာန်နဲ့၊ ခိုးဆိုးလုနှိုက်တွေရန်ကြောက်လို့ တော်ရုံသူမသွားရဲဘူး။

ဒါပေမဲ့ ဦးဘကတော့ လမ်းလျှောက်ပြီး တစ်ယောက်တည်းနေချင်သေးတာနဲ့ အဲဒီလမ်းဘက်က ပတ်ပြန်ခဲ့တာပါပဲ။ အစပထမလမ်းမှာတော့ ထင်းခွေလာသူ နှစ်ယောက်လောက်တွေ့ရသေးတယ်၊ တဖြည်းဖြည်း ‌လူသံသူသံလည်းမကြားရတော့ပဲ၊ တိရိစ္ဈာန်ငယ်တို့ရဲ့အသံနဲ့ လေတိုးသံလေးတွေကိုကြားရတဲ့ထိ တိတ်ဆိတ်သွားတယ်။ ဦးဘကတော့ ဆေးပြင်းလိပ်ကြီးဖွာလိုက်၊ လမ်းကိုမျှော်ကြည့်လိုက်နဲ့လျှောက်နေခဲ့တာပေါ့။

“မင်းဟာက ဖြစ်ပါ့မလား ငစံတိုးရ ‌အဲဒီရွာကစည်းလုံးတယ်နော်။ မိသွားရင် တစ်ခါတည်းဂွိမှာဟ။”

“ဟုတ်တယ်စံတိုး အဲဒီရွာသူကြီးကလည်း နှလုံးပြူးလက်တည့်ချက်က မျက်စိမှိတ်တောင်ပစ်ဆိုပဲဟ။”

“ဟာ မင်းတို့ကလည်း ခိုးပါတယ်ဆိုမှ လူသိအောင်ခိုးမလား၊ ကြံဖန်ကြောက်မနေကြနဲ့။ အဲဒီရွာအကြောင်း ငါစုံစမ်းပြီးသား ‌တစ်ရွာလုံးက ငြိမ်းချမ်း‌တယ်ဆိုပြီး အိမ်ခြံစည်းရိုးတောင်မခတ်ပဲအိပ်တာကွ။ ငါတို့တွေ ဒီရွာကိုဝင်ခိုးရင် သေချာပေါက် ထောပြီပဲ။”

“မင်းကဘယ်အိမ်ခိုးမှာလဲ။”

“ဦးလူနောင်ဆိုတဲ့လူကြီးအိမ်ကိုကွ။ သူတို့က လင်မယားနှစ်ယောက်တည်းနေတာ။ ကျောထောက်နောက်ခံသားသမီးလည်းမရှိဘူး။ တစ်ခါတစ်ခါဆို သူတို့ကခြံစည်းရိုးခတ်ဖို့ကို မေ့ပြီးအိပ်ကြတာကွ။ သူ့ခြံဝင်ပေါက်နဲ့ နွားတင်းကုတ်ကလည်နီးတယ်။ ငါတို့အသာလေးဆွဲလာရုံပဲ။”

“ကဲ ဒါဆိုလည်းချကွာ။ ငါတို့လည်းပိုက်ဆံပြတ်နေတာပဲ၊ စွန့်စားရမှာပေါ့။”

ဦးဘက ချုံထဲကထွက်လာတဲ့မနီးမဝေးက အသံတွေကြောင့် ခဏရပ်ပြီးသေချာနားထောင်နေတယ်။ သူတို့စကားဆုံးမှ ဆက်လျှောက်လာခဲ့တယ်။

“အင်း ဒီကောင်တွေ ငါ့‌ရွာကိုနွားဝင်ခိုးမှာပဲ။ ငါ့ရွာကိုတောင် ဝင်ခိုးဖို့တိုင်ပင်ရဲတယ်ဆိုတော့ နည်းတဲ့သတ္တိမဟုတ်ဘူး။ လာပါစေလေ၊ ညကြမှ ငဘရှိတဲ့ရွာ ဘယ်လောက်လုံခြုံလဲဆိုတာ သိအောင်ကိုဆုံးမရမယ်။”

ဦးဘကတော့ သူ့အကြံစည်နဲ့သူ ရွာကိုပြန်လာခဲ့လိုက်တယ်။ ရွာကိုပြန်ရောက်တဲ့အခါမှာတော့ သူကြီးဦးထင်ကောင်းဆီသွားပြီး တိုင်ပင်ကြတယ်။

“မင်းတကယ်ပြောတာလားငဘ။”

“ကျုပ်တကယ်ပြောတာသူကြီး.. ကျုပ်နားနဲ့သေချာကြားခဲ့ရတာ။ သူကြီးတို့ လူစုပြီး ဘေးအိမ်ကချက်နီအိမ်ထဲကစောင့်နေ.. ကျုပ်က ဦးလူနောင်တို့အိမ်မှာ သွားစောင့်နေမယ်။ ဖုန်းဘမ်းအသံကြားတာနဲ့ ပြေးလာခဲ့ပေါ့ဗျာ.. ဟားဟားဟား။”

“မင်းဒီလိုလုပ်မရဘူ‌းလေ ငဘ။ ဟိုနွားခိုးတွေမှာ လက်နက်ပါမပါသိတာမဟုတ်ဘူး။ မင်းအတွက်အန္တရာယ်ရှိတယ်ကွ။”

“ကျုပ်ကိုဒီတစ်ခါတော့ လုပ်ချင်တာလုပ်ခွင့်ပေးစမ်းပါသူကြီးရယ်။ ကျုပ်တစ်သက်ဆိုးပေခဲ့သမျှ… ဒါလေးနဲ့စပြီးကောင်းတာလုပ်ချင်တယ်။”

“မင်း.. မင်းတကယ်ပြောနေတာလားငဘ။ နှစ်ပေါင်းငါးဆယ်နီးပါး ပေတေခဲ့တဲ့ကောင်က လိမ္မာတော့မှာလား။”

“ကျုပ်လိမ္မာချင်ပါပြီသူကြီးရယ်။ နောင်တလည်းရမိတယ်။ ကျုပ်ကိုလုပ်ခွင့်ပေးစမ်းပါ။”

“ငါ့နားငါတောင်မယုံဘူးကွာ။ မင်းကလုပ်ချင်သပဆိုလည်း လုပ်ပေါ့ကွာ။ ဒီကောင်တွေလာတာနဲ့ မင်းချက်ချင်းတော့အော်ရမယ်နော်ငဘ။”

“ကောင်းပါပြီဗျာ။”

ဦးဘကဒီလိုပြောပြီး ြခံထဲကထွက်သွားတယ်။ သူကြီးဦးထင်ကောင်းက ဦးဘကိုလှမ်းကြည့်ပြီး” ငဘကြီးတောင်လိမ္မာတော့မှာပါ့လား… အင်းလေ သူလည်းအသက်ကြီးတော့ အသိတရားဝင်လာတာနေမှာပေါ့။ ငါ့့ရွာကတော့ ပိုအေးချမ်းပြီကွာ။”ဟု ဝမ်းသာလို့နေတယ်။ ဦးဘက သူကြီးအိမ်ကထွက်လာပြီး ဦးလူနောင်အိမ်ကို ရောက်သွားခဲ့တယ်။ ဦးလူနောင်တို့ လင်မယားကတော့ ငယ်ထိပ်မြွေကိုက်ပြီဟေ့တွေးပြီး ဦးဘကအိမ်မှာ အိပ်မယ်ဆိုတာကိုလက်ခံခဲ့ကြတယ်။

ညကြနွားခိုးတွေလာမှာကိုတော့ ဦးဘအပြင် သူကြီးနဲ့ကာလသားဆယ်ယောက်ခန့်ပဲသိရှိကြတယ်။ တခြားသူတွေကို အသိမပေးတာကတော့ တဆင့်စကားတဆင့်နားနဲ့ ဒီနွားခိုးတွေရိပ်မိသွားကြမှာစိုးလို့ပဲ။ ဒီလိုနဲ့ ညနေမှောင်ပြီဆိုတာနဲ့ သူကြီးတို့လူတစ်စုကလည်း ဦးလူနောင်အိမ်ထဲဝင်ပြီ စောင့်နေခဲ့ကြတယ်။ ဦးဘကတော့ ြခံစည်းရိုးတံခါးကိုဖွင့်ပြီး သူကနွားတင်းကုတ်ဘေးက မှောင်ရိပ်ကျရာနေရာကနေ စောင့်နေခဲ့တယ်။ သူ့ဘေးမှာလည်း အရှည်သုံးပေရှိတဲ့တုတ်ကို ချထားတယ်။

တဖြည်းဖြည်းနဲ့ အမှောင်ထုကလည်းကြီးစိုးလာပြီ။ လူသံသူသံမကြားရတော့ပဲ တစ်ရွာလုံးလည်းတိတ်ဆိတ်လို့ အကုန်အိပ်နေကြတယ်။ သန်းခေါင်ကြက်တွန်ပြီး ခဏအကြာမှာတော့ ဦးဘတစ်ယောက် ခြံဝမှာ လူရိပ်လေးခုကိုမြင်လိုက်ရတယ်ဆိုရင်ပဲ တုတ်ကိုချက်ချင်းကောက်ကိုင်ထားလိုက်တယ်။ နွားခိုးတွေက မှောင်ရိပ်ခိုပြီး ဖြည်းြဖည်းခြင်းနွားတင်းကုတ်နားကပ်လာတယ်။ ပြီးတော့ သူတို့အချင်းချင်း အချက်ပြပြီး နွားတွေကို ဝင်ဆွဲကြတဲ့အခါမှာတော့ ဦးဘက “ကျား”ခနဲအော်ပြီး အနီးမှာရှိတဲ့လူကို ကောက်ရိုက်ချလိုက်တယ်။

“ဒုတ်!!”

“အားးး!!။”

ဦးဘရိုက်လိုက်တဲ့လူအော်သံကြားတာနဲ့ သူကြီးတို့ကလည်းချက်ချင်းပြေးထွက်လာတယ်။ ကျန်တဲ့နွားခိုးသုံးယောက်က ဦးဘကိုကြည့်ပြီး မင်သက်နေရာမှ သတိပြန်ဝင်လာပြီး သူတို့လက်ထဲက ဓားတွေနဲ့ ဝင်ခုတ်ကြတယ်။ ဦးဘကတော့ အသက်ကြီးနေတာတောင်မှ ငယ်ရွယ်သူလို ြဖတ်လတ်စွာနဲ့ ရှောင်တိမ်းပြီး တစ်ယောက်ကို ရိုက်ချလိုက်တယ်။ ကျန်နှစ်ယောက်က ဦးဘကိုဝင်ခုတ်မယ့်အချိန် သူကြီးတို့ရောက်လာကြတယ်။

“ဟေ့ အားလုံးရပ်စမ်း။ တစ်ယောက်မှမလှုပ်နဲ့နော် ငါ့လက်ထဲက နှလုံးပြူးက မပစ်ရတာကြာလို့သွေးဆာနေတာ အကုန်မျိုးကန်းသွားမယ်။”

အဲဒီနောက်မှာတော့ နွားခိုးလေးယောက်လုံးကို သူကြီးကကြိုးတုတ်ပြီး ထိပ်တုံးခပ်ခဲ့တယ်။ ဆူဆူညံညံအသံများကြောင့် ရွာကလူတွေနိုးလာတဲ့အခါမှာလည်း နွားသူခိုးများမိတာဖြစ်‌ေြကာင်းရှင်းပြပြီး ဦးဘအစွမ်းအစကြောင့် မိတာလို့လည်း ချီးမွမ်းထောပနာပြုလေတယ်။ ဦးဘဟာ ဆက်လက်မဆိုး၊ မမိုက်တော့ဘူးလည်း ပြောလိုက်တော့ တစ်ရွာလုံးကအံ့ဩမင်သက်သွားတာပေါ့။ တချို့ကပျော်ကြသလို၊ တချို့ကတော့ မဖြစ်နိုင်ပါဘူးလို့ပြောကြတယ်။ ထိုအခါ ဦးဘက…

“ကျုပ်တကယ်မဆိုးတော့ပါဘူးဗျာ.. ကျန်ရှိတဲ့သက်တမ်းမှာ ကောင်းတာပဲလုပ်တော့မှာပါ။ အရင်က ရွာသူ၊ ရွာသားတွေအပေါ် နိုင့်ထက်စီးနင်းပြုမိခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ကျုပ်တကယ်လိမ္မာတော့မှာမလို့ နောက်တစ်ခါ ဘုရားရှိခိုးမေတ္တာပို့ကြရင် ဥပါဒ်ရန်ဘေးလို့ပီပီသသဆိုပေးကြပါ။ ဦးဘရဲ့ရန်ဘေးကနေ ကင်းဝေးသွားပြီပဲဗျာ နော်…။ ”

ဦးဘစကားကြောင့် တစ်ရွာလုံးပြုံးစိစိဖြစ်သွားကြတယ်။ အဲဒီလိုနဲ့ မနက်ကြတော့ နွားခိုးတွေကို ပုလိပ်လက်ထဲအပ်ခဲ့တယ်။ ဦးဘဟာလည်း နောက်နေ့၊ နောက်နေ့တွေကစလို့ မဆိုးပေတော့ပဲ၊ သူ့ဘဝရဲ့နောက်ဆုံးနေဝင်ချိန်အထိ ဘုန်းကြီးကျောင်းမှာကပ္ပိယလုပ်ရင်း ကွယ်လွန်သွားခဲ့ပါတယ်။ နှစ်တွေကြာညောင်းတဲ့အခါမှာ တော်လှန်ရေးစစ်ပွဲတွေကြောင့် ဏကြီးကျေးတော်ရွာ၊ ကျွဲဒိုင်းကျေးရွာနဲ့ အခြားရွာစုတွေ စစ်ဘေးသင့်ပြီး ရွာ‌ေတွပျက်သွားခဲ့လေသတည်း။

~~~~~
ပြီးပါပြီ။

ဖတ်ရှူ့ပေးသောစာဖတ်သူများကို အထူးကျေးဇူးတင်ပါသည်။ စာမူနှင့်ပတ်သက်၍ ဝေဖန်ချက်များကို မှတ်ချက်ပြုနိုင်ပါသည်။

စာပေချစ်သူများကို လေးစားလျှက်
မိုးထွန်း(မကွေး)