ဖုတ်ဝင်နေသောအလောင်းကောင်

မှာကြားနေခဲ့လေသည်။

ထိုသို့ဖြင့် မောင်မောင်ကြိုင်အပါအဝင်သူကြီးဦးသောင်တို့၏
လူဆယ့်ငါးယောက်အဖွဲ့သည် ဓားများ၊လှံများကိုယ်စီဖြင့်
တောသို့ဝင်ကြတော့၏။
တောသို့ဝင်လာကြပြီးနောက်
ဓားပြများကိုရှာဖွေကြသည်။
သူကြီးဦးသောင်မှာတော့
သေနတ်ကြီးတကားကားဖြင့်လိုက်ပါလာခဲ့၏။

တောတခွင်မွှေနှောက်ကြရင်းညသို့ရောက်လာလေသည်။
တညလုံးတောထဲ၌ အိပ်ဖို့နေရာကောင်းရှာကြရင်း
ထိုနေ့၌ဓားပြများကိုရှာမတွေ့ကြပေ။
နောက်တနေ့ ဇွဲကောင်းကောင်းဖြင့် ထပ်မံရှာဖွေကြသောအခါ
တောတွင်းချောင်းစပ်တနေရာ၌ ဓားပြများနှင့်ထိပ်တိုက်တွေ့ကြတော့သည်။
မောင်မောင်ကြိုင်သည်ရှေ့ဆုံးမှရဲရဲတောက်ဦးဆောင်၍
ဓားပြများနှင့်သတ်ပုတ်ကြရင်း
ဓားပြများလည်းဒဏ်ရာရသူများခဲ့သည်။
ထိုကဲ့သို့သတ်ပုတ်နေကြရင်း ဓားပြဗိုလ်၏ သေနတ်ကြောင့်မောင်မောင်ကြိုင်တယောက်ကျည်ထိကာ
ချောင်းထဲသို့ပြုတ်ကျတော့သည်။

“ဟာ…မောင်မောင်​ကြိုင်…..ချဟေ့…
ဒီကောင်တွေကိုအသေသတ်”

မောင်မောင်ကြိုင်ကျသွားသည်မို့
သူကြီးမှာဓားပြများကိုပိုမဲတော့၏။
ဓားပြများဘက်မှသေဆုံးသူများလာသောအခါ ဓားပြဗိုလ်လည်းထွက်ပြေးသွားတော့သည်။
ထိုအချိန် မောင်မောင်ကြိုင်တယောက်ချောင်းထဲမှပြန်ပေါ်လာပြီး သူကြီးတို့အနီးရောက်လာခဲ့သောအခါ…

“ဟာ…မောင်မောင်​ကြိုင်…မင်းမသေဘူးနော်…”

“ကျုပ်မသေပါဘူးဗျာ…ကဲပါ…ဒီကောင်တွေကိုဖမ်းကြဗျာ…”

သေနတ်ဒဏ်ရာဖြင့်ချောင်းထဲကျသွားသောမောင်မောင်ကြိုင်မှာ မည်သည်မှမဖြစ်ခဲ့သည့်အတိုင်းမို့သူကြီးတို့
အံ့သြနေကြသည်။
သို့သော်လည်း ဓားပြများကိုဖမ်းခေါ်ရဦးမည်မို့ မည်သည်မှဆက်မပြောဖြစ်ကြတော့။

ရွာသို့ပြန်ရောက်လာကြတော့ ဓားပြများကိုရဲရဲတောက်တိုက်ခိုက်ခဲ့သော မောင်မောင်ကြိုင်၏သတင်းမှာတရွာလုံး
ပျံ့နှံ့၍နေလေသည်။

“အမေ………..”

“ဟေ…ငါ့သား ပြောလေ”

မောင်မောင်ကြိုင်မိခင်ကြီးကိုကြည့်၍…

“ကျုပ်ကိုအမဲသားချက်ပေးစမ်းပါဗျာ…
အမဲသားမစားရတာကြာပြီဗျ….”

“အေး..အေး…အမေချက်ပေးပါ့မယ်”

မောင်မောင်ကြိုင်သည် မိခင်ကြီးနှင့်အတူနေထိုင်လေသည်။
ဓားပြများဖမ်းစီးကာပြန်လာချိန်မှစ၍
မောင်မောင်​ကြိုင်အရက်မသောက်တော့လေရာ
မိခင်ကြီးဒေါ်မြင့်မှာသားအတွက် ဝမ်းသာနေရှာသည်။
ထို့ကြောင့်သူစားချင်သမျှကိုလည်းမငြီးငြူပဲ
ကျွေးမွေးလေသည်။
မောင်မောင်ကြိုင်တယောက်
လယ်တော၌အလုပ်လေးသွားလုပ်လိုက်
မိခင်ကြီးချက်သမျှအဝစားလိုက်ဖြင့်နေထိုင်ကြောင်းကို
သူကြီးဦးသောင်သိလေရာ ဝမ်းသာနေရှာသည်။

“ဒီကောင်လေးကလူတော်လေးဟ……..”

ဟုပင်…ချီးမွမ်းရှာ၏။

***************************
တည၌…
အချိန်သည်ကားသန်းခေါင်ကျော်နေလေပြီ။
ထိုအချိန်၌ ဒေါသတကြီးခြေလှမ်းများဖြင့် လျှောက်လှမ်းလာရင်း မောင်မောင်ကြိုင်၏ခြံပြင်၌ ခြေစုံရပ်လိုက်သော
ခြေသံပိုင်ရှင်သည်….

“ဟေ့…အိမ်ထဲကအကောင်ထွက်ခဲ့…….”

ဟု…ဒေါသတကြီးအော်ဟစ်လေသည်။

“တောက်….ခွေးမသား…အခုထွက်ခဲ့စမ်း……”

ထပ်မံ၍အော်ဟစ်ပြန်သည်။

ထိုအခါ၌ညအိမ်အတွင်းရှိမောင်မောင်ကြိုင်မှာထွက်လာခဲ့ပြီး…
ခြံပြင်၌ရှိနေသူအား ကြည့်နေလေရာ…
ခြံပြင်မှသူသည် ခါးကြီးထောက်ပြီး…

“ခွေးမသား ……ငါ့နေရာမှာနေပြီးဇိမ်ယစ်နေတယ်ပေါ့လေ…
တောက်………”

မောင်မောင်ကြိုင်မှာထိုသူ့စကားကြောင့် မျက်နှာကြီးပြုံးနေလေသည်။
ခြံပြင်ရှိလူမှာတော့ ကြိတ်မနိုင်ခဲမရဖြစ်နေရှာသည်။
ထိုသို့ဖြင့် ခြံပြင်မှလူသည် အားရအောင်ဆဲဆိုပြီး
မိုးလင်းခါနီးအချိန်မှ လာရာအရပ်သို့ပြန်သွားတော့လေသည်။

ထိုအဖြစ်အပျက်အား မောင်မောင်​ကြိုင်၏မိခင်ကြီးမသိသလို…မည်သူမှ မကြားမသိလေခြင်းမှာလည်း
အံ့သြဖွယ်ရာပင်။

ထိုသို့ဖြင့် အချိန်မှာလည်းတဖြေးဖြေးကုန်လွန်လာခဲ့သည်။
တရက်၌ ဒေါ်မြင့်တယောက်ဘုန်းကြီးကျောင်းသို့ဆွမ်းကပ်ပြီးအပြန်လမ်း၌…

“အမေ……….အမေ…………”

ဟူသောခေါ်သံကြောင့်နောက်သို့လှည့်ကြည့်လေရာ…
မည်သည်မှမတွေ့ရ၍စိတ်ထဲ၌ဘဝင်မကျ။
အသံမှာသားဖြစ်သူ မောင်မောင်ကြိုင်၏အသံဆိုတာကို
ဒေါ်မြင့်သိသည်။
သို့သော် သားဖြစ်သူမှာယခုအချိန်ဆို
လယ်တော၌သာရှိလိမ့်မည်ဖြစ်တာ​ကြောင့်
ဒေါ်မြင့်မိမိအကြားမှားခြင်းဟုသာ ယူဆ တော့သည်။

နောက်များ၌လည်းမကြာခဏဆိုသလို…ထိုခေါ်သံအား
ဒေါ်မြင့်ကြားလာသောအခါ၌ စိတ်အတွင်း၌
သံသယဖြစ်လာတော့သည်။
သားဖြစ်သူမောင်မောင်ကြိုင်၏အကြောင်းများကို
တစတစတွေးတောမိရင်း ဒေါ်မြင့်တယောက်
သားဖြစ်သူအပေါ်ပို၍ သံသယဖြစ်လာတော့၏။
အဘယ်ကြောင့်ဆို မောင်မောင်ကြိုင်သည်
ယခင်က အရက်ကိုသာဦးစားပေးပြီး
ထမင်း၊ဟင်းအစားနည်း၏။
ယခုမောင်မောင်ကြိုင်မှာတော့ အရက်ကိုမသောက်။
ထမင်းစားလျှင်လည်း ဆန်တအိုးချက်တမနက်သာခံသည်။
ထို့အပြင်သူမအပေါ်၌ မိခင်ဟူ၍ ချွဲချွဲနွဲ့နွဲ့မရှိ
ဘာသိဘာသာဖြင့်သာနေခဲ့သည်။
ဒေါ်မြင့်မှာလည်းအကြောင်းစုံက်ိုတွေးတောရင်း
အဖြေရှာမရသည့်အဆုံး၌ သူကြီးဦးသောင်ထံသို့
ရောက်လာခဲ့တော့၏။
သူကြီးဦးသောင်ကိုသူမဖြစ်နေသောအကြောင်းအရာများကိုပြောပြပြီးသောအခါ၌…

“အင်း…ကျုပ်ကဒီကောင်လေးပြောင်းလဲလာပြီဆိုပြီး
ဝမ်းသာမိနေတာ မမြင့်ရဲ့…အခု ခင်ဗျား​ပြောပုံအရဆိုရင်တော့
ကျုပ်လည်းမသင်္ကာဘူး…။
ဘာလို့ဆိုလွန်ခဲ့တဲ့သုံးနှစ်လောက်က ကျုပ်တို့နဲ့ခင်ဗျားသား
ဓားပြလိုက်ဖမ်းတာသိတယ်မဟုတ်လား”

သူကြီးဦးသောင်၏စကားကိုဒေါ်မြင့်ခေါင်းညိတ်၍…

“ကျုပ်သိတယ်လေ…….”

“အင်း…အဲ့သည်မှာ…ကျုပ်ပြောချင်တာက…
ခင်ဗျားသားကံကြီးပုံပေါ့ဗျာ…ကျုပ်တို့ကဓားပြတွေနဲ့သတ်ပုတ်နေချိန် ဓားပြဗိုလ်က
သူ့ကိုသေနတ်နဲ့လှမ်းပစ်လိုက်တာအားလုံးအမြင်ပဲ….
မောင်မောင်ကြိုင်တယောက်သွားပြီဆိုပြီးကျုပ်တို့ထင်နေခဲ့တာ…ဘယ်ဟုတ်မလဲဗျာ…ဒီကောင်ကအသက်ပြင်းသားဗျ…
ကျည်မှန်ပြီးရေထဲကျရာကနေ ပြန်ပေါ်လာခဲ့တာပဲ…
တကယ့်ကောင်ဗျို့………”

သူကြီးဦးသောင်ပြောလေတော့ ဒေါ်မြင့် အတွေးများရတော့သည်။

“သူကြီး…ကျုပ်တော့လေ…အခု ရှိနေတာကျုပ်သားမှဟုတ်ရဲ့လားလို့တော်…”

“သြော်…မမြင့်ရယ်…ခင်ဗျားသားမဟုတ်တော့
ဘယ်သူတုန်းသူက…။
ခင်ဗျားသားမှခင်ဗျားသားပါဗျာ…”

“အဲ့သည်လိုမဟုတ်ဘူးသူကြီးရဲ့…ကျုပ်ပြောချင်တာက
ကျုပ်သားကိုယ်ထဲဖုတ်တို့ဘာတို့ဝင်နေသလားလို့…”

“ခင်ဗျားဗျာ ထင်ရက်ပါပေတယ်….”

“ကျုပ်ကအမေပါ သူကြီးရယ်…ကျုပ်သားလိမ္မာတာကျုပ်သဘောကျတာပေါ့…ဒါပေမယ်လို့…ကျုပ်သားလေးမဟုတ်ဘဲ
ဖြစ်နေမှာကို ကျုပ်ကစိုးရိမ်တာပါတော်…”

“ကဲ…ဒီတော့ ခင်ဗျားဘာလုပ်ချင်တာလဲပြောဗျာ…”

“ကျုပ်ကတော့ အပမီတာ ဘာညာကုသနိုင်တဲ့ဆရာကောင်း
တယောက်တော့ရှာချင်တယ်တော်…
ဆရာကလည်းတော်ဦးမှ…မဟုတ်ရင် ကျုပ်ကမီးစနဲ့တို့သလိုဖြစ်မှာဆိုးရသေးတယ်…”

“အင်း…ဒါဆို ကျုပ်သေချာစုံစမ်းပေးပါ့မယ်…
ကျုပ်စုံစမ်းပြီးရင်ခင်ဗျားကိုပြောမယ်ဗျာ…နော့……”

“ဟုတ်ကဲ့ပါတော်…သူကြီးကိုလည်းကျုပ်ကျေးဇူးတင်ပါတယ်”

“ရပါတယ်ဗျာ…ရပါတယ်…….”

ဒေါ်မြင့်တယောက်သူကြီးဦးသောင်ကိုသားဖြစ်သူအကြောင်းများပြောပြပြီး ပရောဂဆရာရှာခိုင်းတော့သည်။
တနေ့မှာတော့…

” မမြင့်ရေ…မမြင့်…….”

“တော့်…ကျုပ်ရှိတယ်သူကြီးရေ…ဒီမှာတော့်”

ဒေါ်မြင့်…သူကြီးဦးသောင်ကိုမြင်လေတော့သူထိုင်နေသောကွပ်ပျစ်သို့ခေါ်လိုက်သည်။

“ခင်ဗျားသားမောင်မောင်ကြိုင်ဘယ်သွားတုန်း”

“ရွာထဲခဏသွားလေရဲ့တော်”

“အေး…ဒါဆိုအခါသင့်တာပေါ့…ဒီလိုဗျ…အရင်တခါ
ခင်ဗျားရှာခိုင်းတဲ့ပရောဂဆရာလေ…ကျုပ်တွေ့ပြီ…”

“ဟယ်…ဟုတ်လား…ဘယ်ကများလဲ”

“ရွာကတော့ ကျုပ်တို့နယ်ကပဲဗျ…အလှမ်းဝေးတော့ မသိတဲ့ထဲပါတယ်…ရွာနာမည်က သောင်ထွန်းရွာတဲ့…
အဲ့ရွာကဘွားမယ်စိန်ဆိုတာ သိပ်စွမ်းဆိုပဲ…”

“အို…အဲ့သလိုဆို အခုများကျုပ်ပြေးသာပင့်လိုက်ချင်တယ်တော်…”

“နေပါဦးဗျာ…ကျုပ်ခင်ဗျားလိုရင် ဖိုးဥတို့ညီအစ်ကို ကိုသွားခိုင်းလိုက်ပါ့မယ်…ကျုပ်သားတွေဆိုတော့ လူသူမသိအောင်
လွှတ်လို့ရတယ်လေ…….”

“အမေ……….သြော်…သူကြီးရောက်နေတာလား”

” အေးကွ…မောင်မောင်ကြိုင်…။
မင်းကဘယ်ကပြန်လာတာလဲ…ဟ…အမဲသားတွဲကြီးနဲ့ပါလား”

“ဟုတ်တယ်…ငကျွဲတို့နွားပေါ်လို့ကျုပ်သွားဝယ်ခဲ့တာ…”

“အေး…အေး….ကဲမမြင့်ရေ…ကျုပ်ပြောသလိုပဲဗျာ…
ရွာစည်းရိုးလေးပြင်ဖို့စုပေါင်းငွေလေးလုပ်ကြတာပေါ့……”

မောင်မောင်ကြိုက်မရိပ်မိစေရန်သူကြီးဦးသောင်
စကားလွှဲလိုက်သည်။
မောင်မောင်ကြိုင်ကတော့မည်သို့မှစိတ်မဝင်စားဘဲ
သူ၏အမဲသားတွဲကြီးကိုယူ၍ မီးဖိုထဲသို့ဝင်သွားတော့သည်။
ထိုအခါမှဒေါ်မြင့်မှာတိုးတိုးလေးဖြင့်…

“အဲ့တာပဲသူကြီးရေ…ဘယ်အိမ်ကဟင်းပေါ်ပေါ် သူကဦးဆုံးသွားဝယ်တာ…အခုဆို ကျုပ်ချက်တာမစားဘူး…
သူ့ဘာသာချက်နေတော့တာ…ဟင်းများချက်လိုက်ရင်
အသားမကျက်တာတွေကများနေတာ…ကျုပ်ဖြင့်
မစားရဲလို့မြည်းကိုမကြည့်ဘူး…….”

ဟု…ဒေါ်မြင့်ပြောလေသောအခါ.သူကြီးဦးသောင်မှာ
ထိတ်လန့်သွားတော့သည်။

“ကဲဗျာ…ဒါဆိုကျုပ်သားတွေကိုအမြန်ပဲသွားခိုင်းလိုက်တော့မယ်”

“အဲ့တာအကောင်းဆုံးပဲတော်…ကျုပ်လည်း
ဒီလိုကြီးဆက်ပြီး မကြည့်မမြင်ချင်တော့ဘူး”

“အင်းပါမမြင့်ရာ…ကျုပ်စီစဥ်ပါ့မယ်…
အခုတော့ကျုပ်ပြန်လိုက်ဦးမယ်…
သတိလေးတော့ထားနေဗျို့…”

သူကြီးဦးသောင်တယောက်လေသံတိုးတိုးဖြင့်ဒေါ်မြင့်ကိုသတိပေးလိုက်ပြီး…

“မောင်မောင်ကြိုင်ရေ…ငါပြန်ပြီဟေ့…….”

ဟုအော်လိုက်သောအခါ မီးဖိုအတွင်းမှ…

“ဟုတ်ကဲ့…ဟုတ်ကဲ့…….”

ဟုသောအသံထွက်ပေါ်လာခဲ့တော့သည်။

ဤသို့ဖြင့်သူကြီးဦးသောင်မှာသားဖြစ်သူဖိုးဥတို့ညီအစ်ကိုအား
သောင်ထွန်းရွာသို့လွှတ်လိုက်တော့သည်။

“ဗျို့…နောင်ကြီး…ဒါသောင်ထွန်းရွာလားဗျ…”

“ဟုတ်တယ်လေငါ့ညီ…ဒါသောင်ထွန်းရွာပဲ”

“သြော်…ဟုတ်ကဲ့…ဒါဆိုရင် ကျုပ်တို့ကိုဒီရွာက
ဘွားမယ်စိန်အိမ်ကိုညွှန်ပေးလို့ရမလားနောင်ကြီးရဲ့”

“အာ…ရတာပေါ့ဗျာ…ကျုပ်တို့ဘွားအိမ်က
ဒီလမ်းအတိုင်းတန်းတန်းသာဝင်သွားကြ…
အဲ့လမ်းဆုံးရင်ဘယ်ချိုးလိုက်…စတွေ့တွေ့ချင်းအိမ်က
ဘွားတို့အိမ်ပဲဗျ…”

“ကျေးဇူးပါဗျာ….”

ဖိုးဥတို့ညီအစ်ကိုရွာသားကိုကျေးဇူးတင်စကားပြောပြီး
ထိုနေရာမှထွက်လာခဲ့ကြတော့သည်။
ရွာသားပြောသည့်အတိုင်းရောက်လာကြသောအခါ…

“ဗျို့…အိမ်ရှင်တို့…အိမ်ရှင်တို့……….”

ဟုအော်ခေါ်ကြလေသောအခါ…

“ဟေးးး…..ဘယ်သူတွေတုန်း”

ဟုမေးသံထွက်လာလေသည်။

“ဧည့်သည်တွေပါဗျ…ကျုပ်တို့ဘွားမယ်စိန်ဆီလာတာပါ”

“အေး…အေး…လှည်းချွတ်ပြီးဝင်ခဲ့ကြ……”

ဖိုးဥတို့လည်းနွားများကိုလှည်းမှချွတ်ပြီးနောက်…
ဘွားမယ်စိန်တို့အိမ်ဝိုင်းထဲသို့ဝင်လာကြသည်။
ကွပ်ပျစ်ခင်း၌ထိုင်နေသော ဒေါ်ဝင်းနှင့်အတူ ဘွားမယ်စိန်လည်းရှိနေ၏။

“ကဲ…ထိုင်ကြကွယ်…ဘယ်ကများလာကြတာတုန်း”

“မြိုင်တောကပါဗျ……”

ဖိုးဥဖြေလိုက်သည်။
ညီအစ်ကိုနှစ်ယောက်ကွပ်ပျစ်၌ဝင်ထိုင်လေသော်
ဒေါ်ဝင်းမှာမီးဖိုသို့ဆင်းသွားတော့၏။

“ဘွားမယ်စိန်ဆိုတာ…ဘွားပဲကွဲ့…ဘာကိစ္စများရှိကြတာလဲ”

ဟု..ဘွားမယ်စိန်မေးလေတော့…

“ကျုပ်တို့အဖေက မြိုင်တောရွာကသူကြီးဦးသောင်ပါ…
အခုကိစ္စကလည်းအဖေလွှတ်လိုက်လို့
ကျုပ်တို့ဘွားကိုလာပင့်ရတာပါ”

“ဆိုစမ်းပါဦးကွဲ့…ဘာအကြောင်းများကြောင့်လဲ”

ဒေါ်ဝင်းမှာအကြမ်းအိုးနှင့်ပဲကြော်သုပ်များချပေးသည်။

“ကျုပ်တို့ရွာက ရွာသားမောင်မောင်ကြိုင်ဖုတ်ဝင်နေတယ်ဆိုလားဗျာ…အဲ့တာအဖေကဘွားဆီသွားပင့်ကြ…
ဒီကိစ္စအရေးကြီးတယ်…ဘယ်သူမှမပြောလေနဲ့ဆိုလို့
ကျုပ်တို့ညီအစ်ကိုရောက်လာကြတာ”

“အေးကွယ်…ဒီလိုဆိုအရေးကြီးတာပေါ့……”

ဘွားမယ်စိန်ဖိုးဥတို့ကိုပြောအပြီး…
ဒေါ်ဝင်းအား…

“မိဝင်း…မောင်တိုးနဲ့မောင်အုန်းကိုခေါ်ပေးစမ်းဦးအေ့”

“ဟုတ်ကဲ့အမေ…ကျုပ်သွားခေါ်လိုက်မယ်”

“အေး…အေး…ဒီ​ကမောင်ရင်တို့လည်းနားကြဦး…
အသုပ်လေးစားအကြမ်းရေလေးသောက်ပေါ့”

ဒေါ်ဝင်းထွက်သွားလေတော့ဖိုးဥတို့ညီအစ်ကိုပဲကြော်သုပ်များစားလိုက်…အကြမ်းရေလေးသောက်လိုက်ဖြင့်အနားယူနေကြသည်။

ခဏကြာတော့မောင်တိုးနဲ့မောင်အုန်းတို့ဒေါ်ဝင်းနှင့်အတူလိုက်ပါလာကြသည်။

“ဘွားကျုပ်တို့ရောက်ပြီ……..”

“အေးကွယ်…ဒီမယ်ဧည့်သည်တွေရောက်နေလို့
ဘွားကမောင်ရင်တို့ကိုခေါ်ရတာ…”

“ဘယ်သူတွေများလဲ….ဒီကငါ့ညီတို့ကဘယ်ရွာကလည်းကွ”

ဟု…မောင်တိုးမှာ ဖိုးဥတို့ညီအစ်ကိုအားမေးလေသောအခါ
ဖိုးဥမှ…

“မြိုင်တောရွာကပါဗျ…….”

ဟုဖြေ၏။

“သူတို့ရွာကိုဘွားတို့သွားရလိမ့်မယ်ကွဲ့…အဲ့တာမောင်ရင်တို့ကို
ဘွားကခေါ်ပြောတာ…အဝတ်အစားလေးဘာလေးပြင်ကြ
နေအေးတာနဲ့သွားကြတာပေါ့”

“ဟုတ်ကဲ့ဘွား…ဒါမျိုးတော့
ကျုပ်တို့ကလိုက်ပြီးသားပဲဗျာ….”

မောင်တိုးနဲ့မောင်အုန်းပြန်ကြတော့ဖိုးဥတို့ညီအစ်ကို ကိုပါ
ခေါ်သွားကြ၏။
ရေမိုးချိုးအနားယူကြဖို့ခေါ်သွားကြခြင်းပင်။
ထိုသို့ဖြင့်နေအေးသောညနေခင်း၌ ဘွားမယ်စိန်တို့
မြိုင်တောရွာသို့ထွက်ခွာလာကြသည်။
မြိုင်တောရွာသို့ရောက်လေတော့ သူကြီးဦးသောင်သည်
ဘွားမယ်စိန်တို့ကိုကြိုဆိုဧည့်ခံလေသည်။
ဘွားမယ်စိန်မှာလည်းသူ့အားခေါ်ရခြင်း
အကြောင်းစုံကိုမေးလေတော့…သူကြီးဦးသောင်မှအဖြစ်အပျက်အစုံကိုပြောပြရှာသည်။

ဒေါ်မြင့်ကိုလည်းမောင်မောင်ကြိုင်မသိအောင်
သူကြီးဦးသောင်ကသူ၏နေအိမ်သို့လာစေသည်။
ဒေါ်မြင့်ရောက်လာလေတော့ ဘွားမယ်စိန်ကိုမြင်ပြီး
ဝမ်းသာဝမ်းနည်းစိတ်ဖြင့်ငိုယိုကာ…

“ဘွားရယ်…ကျုပ်သားလေး…
ကျုပ်သားလေးကိုကယ်ပေးပါတော်”

ဟု…ပြောရှာသည်။

“ညည်းသားရဲ့ခေါ်သံလိုလိုတွေကြားရတယ်ဆိုတာ
ဟုတ်သလားအေ့”

ဟု…ဘွားမယ်စိန်မှမေးလေသောအခါ…

“ဟုတ်ပါတယ်ဘွားရယ်…ကျုပ်သားအသံကို
ကျုပ်မကြာခဏကြားနေရတယ်…”

“အင်း…ဒီလိုဆိုရင်ဖြင့် ညည်းသားကိုတော့
ဘွားကယ်ပေးလို့မရဘူး…အခုဖြစ်နေတဲ့ပြသာဒ်နာကိုပဲဘွားဘက်ကဖြေရှင်းပေးလို့ရလိမ့်မယ်…ကဲပါလေ…
လက်တွေ့ကျကျဘွားစီစဥ်ပေးပါ့မယ်……”

ဘုရားခန်း၌…
ဘွားမယ်စိန်သည် သူကြီးဦးသောင်တို့လင်မယား၊ဖိုးဥတို့ညီအစ်ကိုနှင့်ဒေါ်မြင့်တို့ကိုခပ်ဝေးဝေး၌ထိုင်စေ၏။
မောင်တိုးနဲ့မောင်အုန်းမှာကဘွားမယ်စိန်၏အနားတွင်
ထိုင်ကြသည်။

“မောင်တိုး..မောင်ရင့်လက်က ဘွားပေးထားတဲ့အဆောင်လေးချွတ်လိုက်ဦး…အဲ့တာလေးမောင်အုန်းကယူပြီး…
နည်းနည်းနောက်ကိုဆုတ်ထိုင်”

“ဟုတ်ကဲ့ဘွား….”

မောင်တိုနဲ့မောင်အုန်းမှာဘွားမယ်စိန်စကားအတိုင်းနာခံကြသည်။

“မောင်တိုး…ဘွားသားက လိပ်ပြာလှတယ်…ဒါကြောင့်
ဘွားကိုကူညီပေး…အခုဘွားမောင်မောင်ကြိုင်ဝိညာဥ်ကိုခေါ်မယ်…မောင်ရင်က မျက်လုံးကိုမှိတ်ပြီး
ဝင်သက်ထွက်သက်လေးမှတ်နေ…….”

ဟုပြောလိုက်သောအခါ မောင်တိုးမှာ ခေါင်းကိုညိတ်ကာလက်ခံလိုက်သည်။
မောင်တိုးမျက်စိမှိတ်ငြိမ်သက်ချိန်၌…

“အမိဒေါ်မြင့်ရဲ့သား….မောင်မောင်ကြိုင်…
မြိုင်တောရွာသားမောင်မောင်ကြိုင်…ဘွားခေါ်နေတယ်…
ကြားရာအရပ်ကနေလာပါ…ဆိုင်ရာပိုင်ရာများကလည်း
နှောယှက်တားဆီးခြင်းမလုပ်ပါနဲ့…မောင်မောင်ကြိုင်…
ကြားရာအရပ်ကလာခဲ့ပါ……..”

ဟု…ခေါ်လေသောအခါ…မောင်တိုးခန္ဓာကိုယ်သည်
ဆတ်ခနဲတချက်တွန့်သွားပြီးနောက်မှိတ်ထားသောမျက်လုံးများပွင့်လာခဲ့၏။

“ရောက်ပြီလား…မောင်မောင်ကြိုင်”

ဟု…မေးတော့ခေါင်းညိတ်ပြသည်။

“ဟိုဟာ…ဘယ်သူလဲတချက်ကြည့်လိုက်…”

ဟု…ဒေါ်မြင့်ကိုလက်ညှိးညွှန်ကာပြောလိုက်လေတော့
မောင်တိုးသည် ဒေါမြင့်ကိုကြည့်လိုက်၏။
ကြည့်နေရင်းမှ…

“အမေ……..အမေ…….အီးးးးးးးးးဟီးးးးးးးးးးးး
ဟီးးးးးးးးးးးအမေ………..”

ဟု…အော်ဟစ်ငိုယိုတော့သည်။
ဒေါ်မြင့်မှာလည်း ဘာလုပ်ရမည်မသိ၍မျက်နှာမသာမယာဖြင့်ကြည့်နေရသည်။

“မငိုနဲ့…တိတ်…ဘွားတို့မသိတာတွေမောင်ရင်
သိထားတယ်မလား…အခုအဲ့သည်ကိစ္စကိုအရင်ပြောပြပေး”

ဘွားမယ်စိန်ပြောသောအခါမောင်တိုးမှာမျက်ရည်များကိုသုတ်၍…

“သူကြီး…ကျုပ်တို့ဓားပြတွေလိုက်ဖမ်းတဲ့နေ့ကို
မှတ်မိတယ်မလား”

ဟု…သူကြီးဦးသောင်ကိုမေးတော့…

“အေး…သိတယ်လေကွာ…”

ဟု..သူကြီးဦးသောင်ပြန်ဖြေသည်။

“အဲ့နေ့က ကျုပ်ကိုသေနတ်နဲ့ပစ်ခံရတာကော
တွေ့လိုက်တယ်မလား”

ဟု..မေးပြန်သောအခါ သူကြီးဦးသောင်မှာ…

“အေး…တွေ့လိုက်တယ်လေ”

“ကျုပ်ကအဲ့ကတည်းကသေနေပြီ…ကျုပ်သေတော့…
အဲ့တောထဲက ကောင်က ကျုပ်ကိုယ်ထဲဝင်ပြီး
ခင်ဗျားတို့နဲ့ရွာပြန်လိုက်သွားတာ…ကျုပ်မှာ…တောထဲက ကောင်တွေနှိပ့်စက်သမျှခံရ…ကျုပ်အိမ်ကိုပြန်မရနဲ့…
အတော်ဒုက္ခရောက်နေရတာ…
ကျုပ်အဲ့မှာနေတာကြာတော့ အထက်ကပုဂ္ဂိုလ်ကြီးတွေကို
ခွင့်တောင်းပြီး ရွာကိုပြန်ပြန်လာတာ…
ဒါပေမယ့်ကျုပ်ကိုယ်ထဲဝင်နေတဲ့
ကောင်ကိုကျုပ်မနိုင်ဘူး…
အမေ့ကိုတွေ့လို့အော်ခေါ်လည်းအမေက ကျုပ်ကိုမတွေ့ဘူး…
ကျုပ်မှာကူကယ်ရာမဲ့ဖြစ်နေရတာ….အီးးးးဟီးးးးးဟီးးးးးး”

ဟု…ပြောကာငိုလေသည်။
ဒေါ်မြင့်မှာလည်းသားဖြစ်သူ၏အဖြစ်ဆိုးကိုသိလေတော့….

“အမေ…မသိလို့ပါငါ့သားရယ်……..”

ဟုပြောရင်း…ငိုကြွေးတော့၏။

“အင်း…ဘွားဒီကိစ္စကိုရှင်းပေးပါ့မယ်….
မောင်ရင်လည်း သူ့ဆီကိုမသွားမိစေနဲ့ဦး
သူရိပ်မိသွားရင်မကောင်းဘူးကွဲ့…”

“ဟုတ်ကဲ့…ဒီကောင့်ကိုရှင်းပြီးရင်တော့…
ကျုပ်ကိုအမျှအတန်းလေးပေးပါဗျာ…
ကျုပ်ဒီလိုဘဝကြီးထဲမနေချင်တော့ဘူး….”

“မောင်ရင့်အမေစီစဥ်ပေးပါလိမ့်မယ်ကွယ်…စိတ်ချပါ”

ဘွားမယ်စိန်ပြောလေတော့မောင်တိုးကိုယ်ထဲပူးကပ်နေသောမောင်မောင်ကြိုင်မှာခေါင်းညိတ်သည်။

ထိုအချိန်၌…

“အမေ…ကျုပ်အမေရှိလား…သူကြီး……..”

ဟုသော အောက်ထပ်မှအော်သံကိုကြားလိုက်ကြရသည်။

“ဟာ…ဟိုကောင်လိုက်လာတယ်ဟ”

“ဘယ်လိုလုပ်ကြမလဲ…ခက်ကုန်တော့မယ်…”

သူကြီးတို့စိတ်ပူသွားကြလေသည်။
ထိုအချိန် မောင်တိုးကိုယ်ထဲဝင်ပူးနေသော မောင်မောင်ကြိုင်မှာ…

“ဒီကောင်နဲ့ကျုပ်ဒီနေ့တွေ့ပြီ……..”

ဟု…ဒေါ်သတကြီးဆိုကာ အိမ်အပေါ်ထပ်မှပြေးဆင်းသွားတော့သည်။

“ဟာ….ဘွားလုပ်ပါဦး”

“ဟာ…ဒုက္ခပဲ ”

မောင်အုန်းနှင့်သူကြီးဦးသောင်တို့ထိတ်လန့်သွားကြသည်။
မောင်တိုးမှာတော့ အောက်ထပ်သို့ရောက်တော့.မောင်မောင်ကြိုက်ကိုကြည့်ကာဒေါသတကြီးကြည့်သည်။
မောင်မောင်ကြိုင်ကလည်း…

“သြော်.. အဘွားကြီး…သူ့သားကိုတောင်ရှာတွေ့နေပြီပေါ့…
ဟင်းးး…ဟင်းးး….
ဒင်းကိုတခါထဲသတ်လိုက်ရမှာ…တောက်…..”

ဟု…မကျေမနပ်ပြောလေသည်။

မောင်တိုးကလည်းဒေါသတကြီးဖြင့်မောင်မောင်ကြိုင်ထံပြေးဝင်ကာ လုံးသတ်တော့၏။
သူတပြန်…ငါတပြန်လုံးထွေးသတ်ပုတ်နေကြချိန်
ဘွားမယ်စိန်တို့မှာ အိမ်အောက်ထပ်သို့ရောက်လာကြလေပြီ။

ဘွားမယ်စ်ိန်သည် အဖြစ်အပျက်ကိုကြည့်နေရင်း
သူ၏တောင်ဝှေးကိုဆောင့်ချလိုက်ပြီး…

“ဒုန်း………..”

“ဟဲ့…အကောင်တွေ…နင်တို့ရပ်မလား…
နင်တို့အသက်ထပ်သေချင်ကြသလား…ပြောစမ်း…….”

ဟု…အော်လိုက်သောအခါ မောင်တိုးနဲ့မောင်မောင်​ကြိုင်မှာချက်ချင်းရပ်တန့်သွားကြသည်။

“ဟိုအကောင်နင်က သူ့ကိုယ်ထဲလည်းအယောင်ဆောင်ဝင်နေသေးတယ်…မညှာမတာရန်ဆောင်နေတာ…
နင့်ကိုငါဒဏ်ပေးလိုက်ရမလား……….”

ဘွားမယ်စိန်စကားကြောင့် မောင်မောင်​ကြိုင်မှာ
ဘွားမယ်စိန်ကိုကြည့်၏။
မည်သည်ကြောင့်မသိကြည့်နေရင်းပင် ဒူးထောက်ထိုင်ချ၍…

“ကျုပ်…ကျုပ်ကိုခွင့်လွှတ်ပါဗျာ…
ကျုပ်…ကျုပ်သူ့ကိုယ်ထဲနေတဲ့တလျောက်လည်း
ဘယ်သူ့အပေါ်မှမကောင်းတာမလုပ်ပါဘူးဗျာ…
ကျုပ်ကိုခွငွ့်လွှတ်ပေးပါ”

ဟု…ပြောလေသည်။

“အေး…နင်အခုဝင်ထားတဲ့ကိုယ်ကဘယ်အခြေအနေရှိပြီလဲ”

“အရိုး…အရိုးပဲရှိပါတော့တယ်………..”

ဟု…ဖြေလေသည်။

ထိုအခါ ဘွားမယ်စိန်သည်ငိုရှိုက်နေသော ဒေါ်မြင့်ကိုကြည့်၍…

“ကဲ…ဒီလိုဖြင့်…မောင်မောင်​ကြိုင်အလောင်းအတွက်အခေါင်းပြင်ဆင်ကြပေတော့…
နင့်နာမည်ဘယ်သူ…..”

“ကျုပ်ကို သရဲငပြူးလို့ခေါ်ကြပါတယ်…”

“အင်း…သရဲငပြူး…မောင်ရင်က အလောင်းကိုအခေါင်းထဲသေချာထည့်ပေးပြီးမှ ဒီခန္ဒာကိုယ်ကထွက်သွားပေတော့…
အကြောင်းအရင်းတွေက ဖြစ်ပျက်ပြီးပြီ…
ဘယ်သူ့ဘယ်သူမှလည်းအပြစ်ဆိုမရဘူး…
ဒီတော့မောင်ရင်တို့နှစ်ယောက်လည်း
တယောက်နဲ့တယောက်မတိုက်ခိုက်ကြနဲ့တော့
ကြားကြသလားဟဲ့…….”

ဟု…ပြောသောအခါ သရဲငပြူးနဲ့​မောင်မောင်ကြိုင်မှာ
သဘောတူကြလေသည်။

ထိုသို့ဖြင့် မောင်မောင်​ကြိုင်မှာ
မောင်တိုး၏ခန္ဓာကိုယ်အတွင်းမှထွက်သွားပြီး…
သရဲငပြူးမှာလည်း မောင်မောင်ကြိုင်၏ခန္ဓာကိုယ်အား
အခေါင်းအတွင်းနေရာချဖို့အချိန်စောင့်ရသည်။
ထိုအခါ သူကြီးဦးသောင်တို့လူစုမှာအလုပ်ရှုပ်သွားကြရသည်။
ရွာထဲ၌လည်းမောင်မောင်ကြိုင်၏အသုဘအကြောင်းသိရှိသွားပြီး လူများစုဝေးနေကြတော့၏။
သရဲငပြူးမှာလည်းမောင်မောင်ကြိုင်၏ခန္ဓာကိုယ်ကြီးအား
အခေါင်းအတွင်း၌ ဝင်လှဲစေပြီးနောက်
ထွက်ခွာသွားလေသောအခါ….

“ဟာ……”

“ဟင်…”

“အို…..”

ဟူသောအသံများထွက်ပေါ်လာတော့သည်။
အကြောင်းမှာမောင်မောင်ကြိုင်၏အလောင်းမှာနှစ်ကာလကြာမြင့်ပြီဖြစ်၍အရိုးသားကျန်ရှိနေခြင်းပင်။
ဒေါ်မြင့်မှာလည်းသားအသုဘအတွက်ပြင်ဆင်ပေးရှာ၏။
အလောင်းအားထိုနေ့ညတွင်းချင်းပင် သင်္ချိုင်းသို့ပို့ကာ
သဂြိုလ်ပစ်ကြရသည်။
နောက်ရက်၌ ဘုန်းကြီးများပင့်ဖိတ်ကာ
မောင်မောင်ကြိုင်အတွက်
ကုသိုလ်ပြုအမျှဝေကြသည်။
အမျှဝေသောအခါ၌လည်း
သရဲငပြူးကိုပါအမျှအတန်းပေးဝေကြလေသည်။
ဘွားမယ်စိန်တို့မှာတော့
ထိုနေ့မနက်ပင်ရွာသို့ပြန်လာကြတော့၏။
သရဲငပြူးနှင့်မောင်မောင်ကြိုင်၏အကြောင်းမှာတော့
မြိုင်တောရွာ၌တင်မက သောင်ထွန်းရွာ၌ပါပျံ့နှံ့၍နေတော့သည်။
မြိုင်တောရွာ၌လည်း သရဲငပြူးနှင့်မောင်မောင်ကြိုင်တို့
ပျောက်ကွယ်သွားကြတော့၏။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)