ဖရောင်းတိုင်နှင့်တူသောယောကျား

အဖိုတော့ ဖယောင်းတိုင် အတိုကလေး တတိုလောက်တောင် တန်ဖိုးမထားဘူးဟဲ့၊ ဒါပေမယ့် မီးမရှိတဲ့ ညမှ ဖယောင်းတိုင် အတိုကလေးကလဲ အသုံးဝင်နေပြန်ရော မဟုတ်လား၊ ညရေးညတာမှာ ဖယောင်းတိုင် အတိုကလေး တတိုတောင် မရှိရင်မဖြစ်သလိုဘဲ ယောက်ျားဆိုတဲ့ သတ္တဝါဟာလဲ တခါတလေ မှောင်ကြီးထဲ စမ်းတဝါးဝါးနဲ့ လျှောက်ရမယ့် အဖြစ်မျိုးမှာ လိုအပ်တယ်” ဟု ပြောလိုက်လေ၏။ ထိုအခါ တင်တင်သည် ဒေါ်ပု၏ စကားကို နားထောင်ရင်း‘တခစ်ခစ်’ ရယ်မောလေတော့၏။ ရယ်မောပြီးနောက်… “ဒေါ်ပုပြောလိုက်တော့မှ ယောက်ျားတွေဟာ ဖယောင်းတိုင် ဖြစ်သွားတော့တယ်” ဟု ပြောလိုက်လေ၏။ “အစစ်ပဲဟဲ့၊ ငါက သရဲကြောက်တတ်တယ်၊ ပြီးတော့ အိမ်သာကိုလဲ ညဘက်မှ တက်လေ့ရှိတယ်၊ အိမ်သာ တက်တဲ့အခါမှာ ငါယူထားတဲ့ ယောက်ျားအားလုံး အိမ်သာအပြင်ဘက်မှာမတ်တပ်ကလေး ရပ်ပြီး စောင့်ခိုင်းတာပဲ၊ ယောက်ျား မရှိတဲ့အခါကျတော့ အိမ်သာထဲက ရေအိုးနှုတ်ခမ်းပေါ်မှာ ဖယောင်းတိုင် အတိုကလေး ထွန်းပြီး တက်ရတာပေါ့၊ အဲဒီတော့ ငါက ယောက်ျားဆိုတာ ညဘက်အိမ်သာတက်ရင် အဖော်လိုက်ခိုင်းဖို့လောက် သဘောထားတာ၊ ဒင်းတို့ မရှိရင်တော့ ဖယောင်းတိုင် အတိုကလေး အားကိုးရတာပဲ” ဟု ဒေါ်ပုကြီးက အားရပါးရ ပြောလေတော့၏။ တင်တင်မှာမူ ဒေါ်ပုကြီးစကားကို သဘောကျသဖြင့် တခစ်ခစ်ရယ်နေလေ၏။ ထိုအခါ ဒေါ်ပုက..“ ဒီမှာတင်တင်၊ ငါမရှိရင် ညည်းလဲ ယောက်ျားယူချင်ယူ၊ မယူရင်တော့ ညရေးညတာမှာ အခက်တွေ့လိမ့်မယ်” ဟု ပြောလိုက်လေ၏။ “ ဟင့်အင်း..တင်တင် ယောက်ျား မယူဘူး၊ ဒါပေမယ့် ဒေါ်ပုကြီးကိုလဲ ယောက်ျားတွေကို ဖယောင်းတိုင်လို သဘောမထားပါဘူး” ဟု တင်တင်က ပြန်ပြောလိုက်လေ၏။ အထက်က ဆိုခဲ့သည့်အတိုင်း ဒေါ်ပုကြီး ရောက်လာပြီးနောက် တင်တင့်အဖို့ အစစအရာရာ အဆင်ပြေသွားခဲပြီ ဖြစ်၏။ နောက်ဆုံးတွင် မည်သည့် စီးပွားရေးမှ မလုပ်ဘဲ မိန်းမသားနှစ်ဦးတည်း တိုက်ကြီးတလုံးအတွင်း၌ နေထိုင်ခြင်းသည် မသင့်တော်ဟု ဒေါ်ပုကဆိုသဖြင့် ထိုတိုက်အိမ်ကြီးကို ရောင်းချကာ ရန်ကုန်မြို့၊ ဗဟန်းဘက်တွင် အတော်အတန်ကျယ်၍ အတော်အတန် သပ်ရပ်သော အိမ်ကလေးတလုံးပါ ပါသည့် မြေကွက်တကွက်ကို ဝယ်ယူလိုက်လေ၏။ ထို့နောက် ရွှေညာသူဟု အမည်ရသော ထမင်းဆိုင် တဆိုင်ဖွင့်လိုက်၏။ ဒေါ်ပုကြီးအား ချက်ရေးပြုတ်ရေး၌ ကူညီရန်အတွက် မိန်းကလေးနှစ်ဦးကိုလည်း ခေါ်ထားလိုက်လေ၏။ ထို့အပြင် ယောက်ျားလေး စားပွဲထိုး သုံးဦးကိုလည်း တလ ၃၀ိ/ – ဖြင့် ငှားရမ်းထားသေး၏။ တင်တင်မှာမူ ကောင်တာစားပွဲ၌ ထိုင်၍ ငွေသိမ်းခြင်းနှင့် သွားကြားထိုးတံပေးခြင်း အလုပ်ကိုသာ လုပ်ရလေ၏။ တင်တင်တို့၏ ‘ရွှေညာသူ’ ထမင်းဆိုင်မှ အဓိက လူကြိုက်များသော ဟင်းမှာ ပဲကြီးနှပ်နှင့် မန်ကျည်းရွက်သုပ် ဖြစ်၏။ တင်တင်တို့၏ ဆိုင်တွင် ထမင်းလခပေး၍ စားရန်အတွက် လူတယောက်လာ၍ ပြောသဖြင့် တင်တင်တို့က လက်ခံလိုက်လေ၏။ ထိုသူ၏ အမည်မှာ‘ကိုအုံးသာ’ ဟူ၍ ဖြစ်၏။ ကိုအုံးသာသည် အစိုးရရုံးကြီး တရုံးမှ ဘီစီခေါ် ဌာနခွဲ စာရေးကြီးဖြစ်၏။ ၎င်းကိုအုံးသာသည် ထမင်းစားသောအခါတိုင်း၌ ဆားပေါ့သည်၊ ဆားလေးသည်၊ အချဉ်ပေါ့သည် အရိုးများသည်ဟု အစဉ်သဖြင့် ချေးများလေ့ရှိ၏။ ထို့ကြောင့် တင်တင်နှင့် မကြာခဏ စကားများရလေတော့၏။ တင်တင်သည် ကိုအုံးသာကြီးနှင့် စကားများတိုင်း ဒေါ်ပုကြီးအား… “ကိုအုံးသာကြီးကို တင်တင်ဖြင့် ကြည့်လို့မရဘူး၊ အဲဒါ ဒေါ်ပု သူ့ကို ယူလိုက်ပါလား၊ ဒါမှ ဒေါ်ပု ညဘက် အိမ်သာတက်ရင် အိမ်သာနားမှာ စောင့်ရတဲ့ဒုက္ခ သူတွေ့သွားမယ်” ဟု ပြောလေ၏။ ထိုအခါ ဒေါ်ပုက ညဘက် အိမ်သာတက်ဖို့တော့ ဒီကောင်မျိုး မယူပါဘူးဟယ်၊ ဖယောင်းတိုင် အတိုလေးတတို ရှိရင်ပြီးတာပဲ” ဟု ပြန်ပြောလေ၏။ ထိုအခါ တင်တင်.. “ဒီလူကြီးလိုဟာ မျိုးဟာ ဒေါ်ပုပြောသလို ဖယောင်းတိုင်တတိုင်လောက်ပဲ သဘောထားဖို့ကောင်းတယ်” ဟု ပြောလိုက်လေ၏။ ထိုအခါ ဒေါ်ပုကြီးသည် တဟဲဟဲရယ်ရင်း..“ တချို့ ကပ်စေးနဲတဲ့ လူတွေက ဖယောင်းတိုင်ကို ကြာကြာသုံးရအောင်ဆိုပြီး ရေစိမ်ထားလေ့ရှိတယ်၊ အဲဒီ ရေစိမ်ထားတဲ့ ကပ်စေးနဲဖယောင်းတိုင်က ထွန်းတဲ့အခါ သိပ်ပြီး အသံမြည်တယ်၊ ဟောဒီ အုံးသာဆိုတဲ့ကောင်လဲ ဗျစ်တောက်ဗျစ်တောက်နဲ့ အသံမြည်တယ်၊ ဖယောင်းတိုင်ကြီး မီးထွန်းရသလိုပဲ” ဟု ပြောလိုက်လေ၏။ တင်တင်တို့၏ ဆိုင်တွင် စာရေးကြီး အုံးသာ လပေးဖြင့် စတင် စားသောက်ပြီး မကြာမီ၌ပင် အခြားလူ တယောက်လည်း လပေးဖြင့် စားသောက်ပြန်၏။ ထိုသူမှာ ‘ကိုညို’ ဆိုသူဖြစ်၏။ ၎င်းကိုညိုသည် ပန်းချီဆရာ တယောက်ဖြစ်၏။ သူသည် ထမင်းလခပေး၍ စားသည်ဆိုသော်လည်း ဆိုင်သို့ မှန်မှန်လာသည် မဟုတ်၊ တခြားတွင် အဆင်သင့်သလို စားချင်စားလိုက်၏။ တခါတရံ တလလုံးတွင် ဆယ်ရက်လောက်သာ လာ၍စားလေ့ရှိ၏။ ထို့ကြောင့် ၎င်းလာ၍ စားသောနေ့များ၌ တင်တင်တို့အနေနှင့် မစားဖြစ်သော ရက်များအတွက် ထောက်ထားကာ ဟင်းအပိုများ ထည့်ပေးလေ့ရှိ၏။ ဤသို့ထည့်ပေးသည်ကို စာရေးကြီး ကိုအုံးသာက မနာလို၊ မရှုစိမ့်ဖြစ်လေ့ရှိ၏။ တင်တင်သည် ကိုညိုနှင့် ပတ်သက်၍ ဒေါ်ပုအား.. “ဒေါ်ပု..ကိုညိုကြီးက ချေးတော့မများဘူး၊ စားချင်တဲ့နေ့မှာ လာပြီးစားတယ်၊ ဒါပေမယ့် သူလာတိုင်း အရက်နံ့က ပါလာတာချည်းပဲ၊ ဒေါ်ပု အဲဒီကိုညိုကြီးကို ယူလိုက်ပါလား၊ ဒါမှ ညဘက် အိမ်သာတက်တဲ့အခါ သရဲမကြောက်တော့ဘူးပေါ့” ဟု ပြောလိုက်လေ၏။ ထိုအခါ ဒေါ်ပုက.. “အိမ်သာအဖော်လိုက်ဖို့ သုံးရုံကတော့ ဒီလိုအရက်သမားမျိုး မယူသေးဘူး၊ ဖယောင်းတိုင် တထုပ် ဝယ်ထားမယ်ဟေ့” ဟု ပြောလိုက်လေ၏။ “ကိုညိုကြီးက သဘောကောင်းတာပေါ့ဟယ်၊ သူက ဘာနဲ့တူသလဲဆို ထွန်းထားတဲ့ ဖယောင်းတိုင်နဲ့ မတူဘူး၊ ယတြာချေလို့ သက်စေ့ ထွန်းထားတဲ့ ဖယောင်းတိုင်နဲ့ တူတယ်၊ အဖော်အပေါင်းနဲ့ ထွန်းထားတဲ့ ဖယောင်းတိုင်ဆိုတော့ ကြာကြာမခံဘူး၊ အရည်ပျော်သွားတော့တာပဲ၊ သူတို့အချင်းချင်း အပူတွေဟပ်ပြီး အရည်ပျော်သွားတော့တာပဲ၊ အဲဒီမောင်ညိုတို့လို ယောက်ျားမျိုးက အဖော်အပေါင်းနဲ့ တွေ့ရင် အိမ်ကို သတိမရဘဲ ပျော်သလိုနေမယ့် ယောက်ျားမျိုးပဲ၊ ဒင်းကိုယူတဲ့ မိန်းမကတော့ ပုလင်းခွံရောင်းစားရမယ်၊ တို့ကတော့ ဝေးသေး” ဟု ဒေါ်ပုက မဲ့ကာရွဲ့ကာ ပြောလေ၏။ ထို့နောက်တွင်ကား လခပေးစားသော ဗေဒင်ဆရာ တယောက်ရောက်လာပြန်သည်။ ထိုဗေဒင်ဆရာ၏ နာမည်မှာ‘ကိုပါလစ်’ ဟူ၍ဖြစ်၏။ ၎င်းကိုပါလစ်သည် ထမင်းဆိုင်သို့ ရောက်သည့်အခါ၌ ယနေ့အဖို့ ဘယ်နှစ်ယောက်ကို ဗေဒင်ဟောခဲ့ရသည်၊ ဟောခဲ့ရသော ပုဂ္ဂိုလ်များထဲတွင် မည်မျှအဆင့်အတန်း မြင့်သော သူများပါသည်။ ညဏ်ပူဇော်ခ မည်မျှကန်တော့သွားသည် စသည်ဖြင့် မည်သူ တစုံတယောက်မျှ မမေးပါဘဲလျှက် ပြောလေ့ရှိသည်။ သို့ရာတွင် များသောအားဖြင့် ထမင်းလခကို ကြေအောင်ပေးနိုင်သည်ဟူ၍ မရှိဘဲ အစဉ်သဖြင့် ငါးကျပ်ကျန်၊ တဆယ်ကျန်ဖြစ်နေလေ့ရှိ၏။ ထို့ကြောင့် တင်တင်က ဒေါ်ပုအား… “ဒေါ်ပု.. ဗေဒင်ဆရာ ဦးပါလစ်တို့လို ယောက်ျားမျိုးက ဘယ်လို ဖယောင်းတိုင်မျိုးထဲ ပါသလဲ” ဟု မေးလိုက်ရာ ဒေါ်ပုက.. “သူက ဝါဆို ဖယောင်းတိုင်လို ဟာမျိုးဟဲ့၊ ဝါဆိုဖယောင်းတိုင်လိုဟာကလဲ ကြည့်လိုက်ရင်တော့ ဟိတ်နဲ့ဟန်နဲ့ တကယ့် တကယ်ကြည့်လိုက်တော့ ဘာမှလဲ ဟုတ်တာမဟုတ်ဘူး၊ ဖယောင်းကလဲ ပွစိစိနဲ့ အထဲမှာ လေခိုနေတာတွေကလဲ ပါသေး၊ ထွန်းတော့လဲ ကြာကြာမခံဘူး၊ ဗေဒင်ဆရာပါလစ်တို့လို လူကလဲ အဲဒီလိုပဲ လေသိပ်များတာ” ဟုပြောလေ၏။ ဤသို့နှင့် တင်တင်တို့ဆိုင်သည် ဖြည်းဖြည်း အသားကျ၍လာလေတော့၏။ စားသောက်သူများမှာလည်း ဆိုင်၏ လက်ရာကို သိသောအဖြစ်သို့ ရောက်ရှိနေသည်ဖြစ်ရာ ဖွင့်စကဲ့သို့ ရောင်းရသည့်နေ့ အလွန်ရောင်းရပြီး မရောင်းရသည့်နေ့ ချက်ထားသော ထမင်းများပိုနေသည့်အဖြစ်သို့ မရောက်တော့ပေ၊ ရောင်းရသော ပန်းကန်အရေအတွက် ပုံမှန်ကဲ့သို့ ဖြစ်သွား၏။ တင်တင်လည်း ထိုလုပ်ငန်းအပေါ်၌ အကျိုးအမြတ် သိသိသာသာ တိုးတက်လာသည်ဖြစ်ရာ အလုပ်ပေါ်တွင် ယခင်ကထက် စိတ်ဝင်စား၍ လာလေတော့၏။ ဤသို့ နေလာခဲ့ရာ၊ တနေ့တွင် ဆိုင်သို့ လူတဦး ရောက်ရှိလာလေ၏။ ထိုသူသည် ဆိုင်၏ထောင့်ဆုံး စားပွဲတွင် ရွေးထိုင်ပြီး..“ထမင်းစားမယ်၊ ဝက်သားနဲ့ပေးပါ၊ အဲဒါကို ပိုက်ဆံဘယ်လောက်ကျလဲ” ဟု မေးလိုက်ရာ တင်တင်က… “စားပြီးမှ ပေးလဲရပါတယ်ရှင်” ဟု ပြန်၍ပြောလေ၏။ “ကျုပ်ထမင်း အပိုပန်းကန်တွေ မယူဘူး၊ တခါတည်း တွက်လို့ပြီးပါတယ်၊ ဘယ်လောက် ကျလဲ” ဟု ထိုသူက မေးပြန်လေ၏။ “အဲဒါလဲ စားပြီးမှ ပေးပါ” ဟု တင်တင်ကပြောရာ ထိုသူက… “ဘယ်လာက်ကျသလဲ” ဟု ထပ် မေးလာ၏။ “ငါးကျပ်ကျပါတယ်” ဟု တင်တင်က ပြောလိုက်ရာ ထိုသူသည် ငါးကျပ်တန်တရွက် ထုတ်ကာ စားပွဲထိုးကလေးအား… “ဟေ့သူငယ်၊ ဒီမှာငါးကျပ်၊ ထမင်းဟင်းတွေ လာချပြီးရင် မင့်တို့လဲ အနားမလာကြနဲ့၊ ဘာယူဦးမလဲလို့လဲ လာမမေးနဲ့၊ ဘာမှမယူဘူး” ဟု ပြောလေတော့၏။ တင်တင်သည် ထိုလူအား ထူးဆန်းသကဲ့သို့ ကြည့်နေလေတော့၏။ ထိုအချိန်၌မှာပင် စားပွဲထိုးကလေးသည် ထမင်းဟင်း၊ တို့စရာ၊ ငံပြာရည်များကို သူ၏စားပွဲသို့ လာ၍ချပေးလေ၏။ ထို့နောက် လက်ဆေးဇလုံလေး လာ၍ချပေးပြီးလျှင် ထိုသူ၏ စားပွဲမှ ရှောင်၍သွားကြလေ၏။ ထိုသူသည် လက်ကိုဆေးပြီးနောက် သူ၏ ထမင်းပန်းကန်ပေါ်သို့ ဟင်းပန်းကန်တခုလုံးကို မှောက်ချလိုက်လေ၏။ ပြီးလျှင် တို့စရာများကို တဂျွတ်ဂျွတ်ဝါး၍ ခပ်သုတ်သုတ် ခပ်လွားလွား စားလိုက်ရာ ခဏချင်းပင် ပြီးသွားလေတော့၏။ ထို့နောက် လက်ဆေး၊ လက်သုတ်ကာ သွားကြားထိုးတံကိုမျှ မတောင်းဘဲ ထွက်သွားလေတော့၏။ နောက်တနေ့တွင်လည်း ထိုသူရောက်လာပြီးလျှင် တင်တင်၏စားပွဲပေါ်သို့ ငါးကျပ်တန်တရွက်တင်သွားပြီး ‘ဝက်သားနဲ့’ ဟု ပြောကာ ယမန်နေ့က ထိုင်ခဲ့သောထောင့်စားပွဲသို့ သွား၍ ထိုင်လေ၏။ ထမင်းဟင်းများ ရောက်လာသောခါ၌လည်း ယမန်နေ့ကကဲ့သို့ပင် ထမင်းပန်းကန်ထဲသို့ ဟင်းပန်းကန်တခုလုံး ပုံချကာ စားသောက်၍ ထွက်သွားပြန်လေ၏။ ထိုသူသည် ဤနည်းအတိုင်း တလခန့် စားသောက်လာခဲ့ပြီဖြစ်၏။ လာသည့်အခါတိုင်းလည်း ဝက်သားနှင့်ဟု ပြောကာ စားသောက်ပြီး မည်သူ့ကိုမျှ အပိုစကားပြောခြင်း မရှိခဲ့ပေ။ တင်တင် အပါအဝင် တဆိုင်လုံးသည် ထိုသူအား ကောင်းစွာမှတ်မိနေပြီဖြစ်၏။ ထိုသူလာသည်ကို မြင်လျှင် ဆိုင်သို့ မရောက်ခင်ကပင် ဝက်သားနှင့် တပွဲဟု ကြိုတင်၍ အော်ထားလိုက်လေ၏။ ထမင်းလခပေးစားသော စာရေးကြီး ကိုအုံးသာ၊ ပန်းချီဆရာကိုညို၊ ဗေဒင်ဆရာကိုပါလစ်တို့ပင် ၎င်းအား မှတ်မိနေပြီဖြစ်၏။ တနေ့တွင် ထိုသူသည် ဆိုင်ထဲသို့ဝင်လာပြီး တင်တင်၏ စားပွဲပေါ်သို့ ငါးကျပ်တန်တရွက် တင်လိုက်လျှင် ဗေဒင်ဆရာ
ကိုပါလစ်က.. “ထုံးစံအတိုင်း ဝက်သားနဲပဲလား မိတ်ဆွေ” ဟု မေးလိုက်လေ၏။ ထိုသူသည် ဗေဒင်ဆရာ ကိုပါလစ်အား အံ့သြသော မျက်နှာထားဖြင့် ကြည့်လိုက်၏။ ထို့နောက်…

“ခင်ဗျား ဒီဆိုင်က စားပွဲထိုးလား”

ဟု မေးလိုက်လေ၏။ ထိုအခါ ကိုပါလစ်က..

“မဟုတ်ပါဘူးဗျာ၊ ကျုပ်က ဗေဒင်ဆရာပါ”

ဟု ပြန်၍ပြောလျှင် ထိုသူက..

“ဗေဒင်ဆရာက ဘာဖြစ်လို့ ထမင်းဆိုင်ကိစ္စမှာ ဝင်ပြီး ပြောရတာတုန်း၊ စားပွဲထိုး လုပ်ချင်လို့ လေ့ကျင့်နေတာလား၊ စားပွဲထိုး လုပ်ချင်ရင် ကျုပ်ထိုင်မယ့်စားပွဲကို သွားပြီး အဝတ်နဲ့သုတ်လိုက်၊ ဟိုမှာ ဟင်းစက်တွေကျနေတယ်”

ဟု ပြောလိုက်ရာ ဗေဒင်ဆရာကိုပါလစ်လည်း ရှက်ခြင်း၊ ဒေါသဖြစ်ခြင်းတို့ ကြောင့် မျက်နှာတခုလုံး နီရဲသွားလေတော့၏။

“ကျုပ်က ဘာဖြစ်လို့ စားပွဲထိုးလုပ်ချင်ရမှာလဲ” ဟု ကိုပါလစ်က ဒေါနှင့် မောနှင့် ပြန်ပြောလိုက်လေ၏။

“ခင်ဗျားက ဘာဖြစ်လို့ ဝက်သားနဲ့ စားမလားလို့ မေးရတာလဲ ဒါကစားပွဲထိုး မေးရမယ့်စကားဗျ၊ ဒီမှာကိုယ့်လူ အူကြောင်ကြောင် မလုပ်နဲ့ နာသွားမယ်”

ဟု ဆိုကာ ထိုသူလည်း ၎င်း၏ နေရာသို့ သွားပြီးထမင်းပန်းကန်ထဲသို့ ဟင်းများသွန်းချကာ စားသောက်နေလေတော့၏။ ထိုသူ ထွက်သွားသောအခါ၌ ဗေဒင်ဆရာ ကိုပါလစ်က အနီးအနားမှ သူများအား အရှက်ပြေစိမ့်သောငှာ

“ကျုပ်ကလဲ သတိမထားမိဘူး၊ ဒီအချိန်မျိုးမှာ ခိုက်ရန််ဒေါသဖြစ်တတ်တယ်၊ ကျုပ်လဂ်ပေါ်မှာ အင်္ဂါနင်းပြီ စန်းပေါ်မှာ စေတန်ရောက်နေတယ်”

ဟု ပြောလိုက်ရာ ပန်းချီဆရာ ကိုညိုကြီးက

“ဒီမှာ ဗေဒင်ဆရာကြီး လဂ်ပေါ်ကို အင်္ဂါနင်းလို့လဲ မဟုတ်ဘူး၊ ခေါင်းပေါ်မှာ ရာဟုနင်းလို့လဲ မဟုတ်ဘူး၊ ခင်ဗျားပါးစပ်ကြီး အငြိမ်မနေနိုင်လို့ဖြစ်တာ၊ ဟိုလူ့မှာ ဘာအပြစ်မှ မရှိဘူး၊ သူ့ဘာသာသူကြက်သားနဲ့ပဲစားစား၊ ဝက်သားနဲ့ပဲစားစား၊ ခင်ဗျားအလုပ်မှ မဟုတ်တာ”

ဟု ပြောလိုက်လေ၏။ ထိုအခါ ကိုပါလစ်က..

“ဒီမှာပန်းချီဆရာ ခင်ဗျားမသိဘူး၊ မာ(စ်)ဆိုတဲ့ အင်္ဂါဂြိုလ်ဟာ လဂ်ပေါ်ကို ဒီဂရီကိုက်နင်းလိုက်ရင် သိပ်ပြီးဆိုးတယ်ကိုယ့်လူ၊ ပြီးတော့ကျုပ်က ကံညံ့နေတာ၊ စနေထူလ အဝါအန္တရ၊ ရာဟပြတ္တန္တရ စားနေတဲ့ အချိန်ဗျ” ဟု ပြောပြန်လေ၏။ သို့ရာတွင် ပန်းချီဆရာ ကိုညိုက..

“ရပတ္တန္တတွေ ဂွတ်တန္တရတွေတော့ ကျုပ်မသိဘူး၊ ခင်ဗျားဟာ လျှာရှည်တဲ့ လူတယောက်ဖြစ်တာတော့ သေချာတယ်၊ ဘာတန္တရတွေပဲ ရောက်ရောက် ခင်ဗျားဟာ နရင်းအရိုက်ခံရမှ ပြီးမယ့်လူစားပဲ”

ဟု ပြောလိုက်လေ၏။ ထို့နောက် ၎င်းတို့လည်း ထမင်းစားပြီး အလျှိုလျှို ထွက်သွားကြလေ၏။ ထိုအခါ တင်တင်က ဒေါ်ပုအား..

“ဒေါ်ပုရေ ဟိုဖယောင်းတိုင်က ဘယ်လိုအစားလဲ”

ဟု မေးလိုက်ရာ ဒေါ်ပုက..

“ အဲဒီ ဖယောင်းတိုင်ကတော့ အဆန်းပဲဟဲ့၊ သူကဘာနဲ့ တူသလဲဆိုတော့ ခြောက်တိုင်ထုပ် ကျောက်ဖယောင်းတိုင်နဲ့တူတယ်၊ မာကြွတ်ကြွတ်နဲ့ ဒါပေမယ့် ထွန်းလို့ သိပ်ပြီးကောင်းတယ်၊ မီးတောက်ညီတယ်၊ ဖယောင်းစက် သိပ်ပြီးမကျဘူး၊ ကုန်အောင်လောင်တယ်၊ ဆိုင်တိုင်းမှာ ဝယ်လို့မရဘူး၊ သူကခြောက်တိုင်တည်း သီးသန့်လုပ်ပြီးရောင်းတာ”

ဟု ပြောလိုက်လေ၏။

ထို့နောက်ကာလတွင်ကား ‘ရွှေညာသူ’ ထမင်းဆိုင်သို့ လူတယောက် ထမင်းလခပေးစားရန် ရောက်ရှိလာပြန်၏။ ထိုသူအား ဒေါ်ပုကြီးက..‘ခရစ္စမတ် ဖယောင်းတိုင်’ ဟု ပေးထားလေ၏။ ရှေးအခါက ခရစ္စမတ်ကာလတွင် သုံးရန်အတွက် အင်္ဂလန်မှ တိုက်ရိုက်တင်သွင်းသော တပေတိတိ ရှည်လျား
သည့် ခရစ္စမတ် ဖယောင်းတိုင်တမျိုး ရှိခဲ့ဖူးသည်ဆို၏။ ဖယောင်းတိုင်၏ အရောင်မှာလည်း မိုးပြာရောင်၊ ပန်းနုရောင်၊ အနီရောင်၊ အဝါရောင်ဟူ၍ ရောင်စုံရှိ၏။ ဖယောင်းတိုင်ဝယ်လျှင် ဖယောင်းတိုင်တင်၍ ထွန်းရန်အတွက် လက်ကိုင်ပါသော ခွက်ကလေးများပင် အပိုရရှိသည်ဆို၏။ ထိုလူသစ်၏ ဗိုလ်ဆန်ခြင်းကို အကြောင်းပြု၍ ဒေါ်ပုကြီးက ခရစ္စမတ်ဖယောင်းတိုင်ဟု အမည်ပေးထားခြင်းဖြစ်၏။ ထိုသူ၏အမည်မှာလည်း မြန်မာအမည်ရိုးရိုး မဟုတ်၊ အင်္ဂလိပ် မြန်မာကပြားအမည် ဖြစ်နေ၏။ ၎င်း၏အမည်မှာ ‘ဆန်နီဘတူ’ ဟူ၍ ဖြစ်၏။ ၎င်းသည် ဦးဘတူ၏ သားဆန်နီဖြစ်ဖွယ်ရာ ရှိ၏။ ၎င်းဆန်နီသည် စကားပြောသောအခါ၌ အင်္ဂလိပ်စကားများ ညှပ်၍ပြောတတ်၏။ အလွန်မှလည်း ယဉ်းကျေးသိမ်မွေ့၏။ များသောအားဖြင့် ၎င်းဝတ်သော အဝတ်အစားမှာ ဘောင်းဘီနှင့် စပို့ရှပ်သာဖြစ်၏။ ရုပ်ရည်မှာလည်း ဗိုလ်ကပြားတဦးနှင့်သာ တူနေတော့၏။ ဆန်နီသည် နိုင်ငံခြား ကုမ္မဏီကြီး
တခုမှ အသေးစား ကိုယ်စားလှယ်ကလေး ဖြစ်၏။ ကုမ္မဏီအလုပ် ဆိုသည်မှာလည်း မည်မည်ရရမရှိလှပေ၊ လခမှာမူ မှန်မှန်ရ၏။ ဆန်နီသည် ရေကူးခြင်း၊ တင်းနစ်ရိုက်ခြင်း၊ ပျော်ပွဲစားထွက်ခြင်းစသော ပျော်ရွင်ဖွယ်ရာကောင်းသော အလုပ်များဖြင့်သာ အချိန်ကုန်လျက် ရှိလေတော့၏။ ဆန်နီ၏ နောက်တွင် ထမင်းလခ ပေးစားသူတယောက်တိုးလာပြန်၏။ ထိုသူမှာမူ ရုံးတရုံးမှ အရာရှိတဦးဟု သိရ၏။ အရာရှိဟုဆိုသော်လည်း လစာအားဖြင့် များလှသည်မဟုတ် သို့သော်လည် ဂိုက်ဆိုက်ကောင်းလှ၏။ ထိုသူ၏ အမည်မှာ ‘ကိုသောင်းရွှေ’ ဟူ၍ဖြစ်၏။ ဤနေရာ၌ တင်တင်၏ဆိုင်တွင် ထမင်းလခ ပေးစားသူများ၏ စာရင်းကိုပြန်လည်၍ တင်ပြရပေမည်၊ ရေစို ဖယောင်းတိုင်နှင့် တူသော စာရေးကြီးကိုအုံးသာ၊ သက်စေ့ထွန်းသော ဖယောင်းတိုင်နှင့်တူသော ပန်းချီဆရာကိုညို၊
ဝါဆိုဖယောင်းတိုင်ကဲ့သို့ လေခို၍ပွယောင်းယောင်း ဖြစ်နေသော ဗေဒင်ဆရာကိုပါလစ်၊ ကျောက်ဖယောင်းတိုင်နှင့် တူသော ဘုဆတ်ဆတ် လူသား၊ ခရစ္စမတ်ဖယောင်းတိုင်နှင့်တူသော ဆန်နီဘတူ၊ ယခုနောက်ဆုံး ရောက်ရှိလာသော အရာရှိသောင်းရွှေတို့ဖြစ်၏။ ၎င်း ကိုသောင်းရွှေကိုမူ ဒေါ်ပုကြီးက နေပူမိ၍ တွန့်လိမ်နေသော ဖယောင်းတိုင်ဟု တင်စားခေါ်ဝေါ်လေ၏။ ၎င်းဖယောင်းတိုင်နှင့် တူသော ယောကျာ်း ခြောက်ဦးအနက် ကျောက်ဖယောင်းတိုင်နှင့် တူသည့်သူမှလွဲ၍ ကျန်ငါးဦးစလုံးသည် ရွှေညာသူ တင်တင်အား တစေ့တစောင်း သို့မဟုတ် သိသိသာသာ ပိုးပန်းကြလေ၏။ သို့ရာတွင် တင်တင်သည် ကပ်စေးနည်းသော ကိုအုံးသာကြီးအား မျက်နှာသာမပေး၊ အရက်သောက်လေ့ရှိသော ပန်းချီဆရာကိုညိုကိုလည်း အရောမဝင်၊ ဗေဒင်ဆရာ ကိုပါလစ်ကိုမူ စိတ်ကူးထဲမျှမထည့် ကျောက်ဖယောင်းတိုင်နှင့် တူသော လူသားမှာမူ တင်တင်နှင့် အဆက်စပ်မရှိ၊ ထိုသူကလည်း တင်တင်ကို ရှိသည်ဟူ၍မျှပင် မထင်၊ ထို့ကြောင့် တင်တင်၏ မေတ္တာပန်းကို သူနိုင်ငါနိုင် အပြိုင်ရမည့် သူဟူ၍ ဆန်နီနှင့် ကိုသောင်းရွှေသာ ရှိပေ၏။ ကိုသောင်းရွှေမှာမူ ထမင်းဆိုင်သို့ လာတိုင်း တင်တင်၏ရှေ့တွင် အလုပ်မည်မျှများကြောင်း။ တပည့်များမှာလည်း မိမိက မည်မျှပင် သင်ပြပေးသည်ဖြစ်စေ မတတ်ကျွမ်း၍ မိမိသာလျှင် ပင်ပန်းရကြောင်း၊ ရုံးဆင်း၍ အိမ်ပြန်ခဲ့ပါလျှင်လည်း မိမိမှာ တကိုယ်ရေ တကာယဖြစ်၍ မိမိဘဝမှာ ခန်းခြောက်လျက်ရှိကြောင်း ပစ်ခတ် ပြောဆိုလေတော့၏။ ဆန်နီမှာမူ ထိုသို့ကားမဟုတ် မိမိယနေ့ မည်သည့်နေရာသို့ ပျော်ပွဲစားထွက်ကြောင်း၊ မည်မျှပျော်ကြောင်း၊ ပျော်ပွဲစားမှအပြန် ပဲခူးသို့ အရောက်တွင် ရွှေသာလျောင်း ဘုရားသို့ ဝင်ရောက်ဖူးမြော်ကြရာ၊ ပျော်ပွဲစားထွက်သူများသည် နှီးသားဖြင့်ပြုလုပ်ထားသော ဘူးခွက်များကို အလုအယက် ဝယ်ကြကြောင်း၊ ထို့ကြောင့် တင်တင်အတွက် ၎င်းကလည်း သတိရကာ တို့ပတ်ပဝါထည့်ရန် ဘူးဝိုင်းကလေးနှင့် လက်ဝတ်ရတနာများ ထည့်ရန် လေးထောင်ဘူးကလေး ဝယ်လာခဲ့ကြောင်း ပြောဆိုကာ တင်တင်အား လက်ဆောင်ပေးလေ၏။ ခရစ္စမတ်နေ့ဆိုကာ ခရစ္စမတ်လက်ဆောင်ပေး၏။ မွေးနေ့ဟူ၍ မွေးနေ့လက်ဆောင်ပေး၏။ ၎င်းသည် မည်သည့်အခါမျှ စိတ်ညစ်သည်ကို မတွေ့ရ၊ အမြဲပျော်နေသူဖြစ်ပြီး ဆိုင်သို့လာလျှင်လည်း လေလေးတချွန်ချွန်နှင့် လာလေ့ရှိ၏။ တင်တင်ကလည်း ဆန်နီအား မျက်စိကျ၍နေပြီးဖြစ်၏။ နောက်ဆုံးတွင် ဆန်နီနှင့် တင်တင်တို့သည် ချစ်သူဖြစ်၍ သွားကြလေတော့၏။

မင်းသိင်္ခ