ဖွံ့ထွားပြီး ရွာရှိကွမ်းတောင်ကိုင်များနည်းတူ
ချောလှသူဖြစ်သည်။
“အမေ…ခင်ဗျားသမီးကိုပြောထားနော်…”
“ဟဲ့…ဖိုးတောက် မင်းနှမကဘာဖြစ်လို့လဲ…”
“ဘာဖြစ်ရမှာလည်း ရွာလယ်ပိုင်းက
စိုးကျော်ကဒင်းကိုလိုက်ပိုးနေတာလေ…
ဒါကိုဒင်းကလည်း လက်ခံစကားပြောနေတော့
ကျုပ်ကြည့်မရဘူး…
ကြာရင်လူသတ်မိလိမ့်မယ်ဗျာ….တောက်…”
ဖိုးတောက် ညီမဖြစ်သူနွေမကို အလွန်ချစ်၏။
ကာလသားများ၏စနောက်ခြင်းကိုလည်း
လုံးလုံးမှမခံနိုင်သူပင်။
ယခုလည်း ညီမဖြစ်သူကို လိုက်ပိုးနေသော စိုးကျော်ကြောင့်
တရှုးရှုးတရှဲရှဲဖြင့် ဒေါသထွက်နေရှာသည်။
သားဖြစ်သူအကြောင်းသိသော ဒေါ်သန်းမှာလည်း…
“သြော်…ငါ့သားရယ်…မင်းလည်း နှမအတွက်ဆိုရင်
ဒေါသဖြစ်လွယ်လိုက်တာကွယ်…”
“အိုဗျာ…အမေကလည်း…ကျုပ်ကသူ့အစ်ကိုပါဗျာ…
ဒီလောက်တော့ရှိမှာပေါ့”
“အေးလေ…အမေကလည်း
မင်းဒေါသထွက်တာကိုလက်ခံပါတယ်…
ဒါပေမယ်လို့…မင်းနှမက ကလေးလိုပဲ
ဆော့လိုက် ကစားလိုက်နဲ့ပဲအချိန်ကုန်နေတာကို
မင်းလည်းအသိ…အချစ်ရေးသူ့သွားမမေးလေနဲ့
သူ့မှာတနေ့တနေ့သူ့အဖော်တွေနဲ့ဆော့ကစားလို့တောင်ပြီးတာမဟုတ်ဘူးလေ…ဒီတော့ဘယ်သူကသူ့ကိုဘာပဲပြောပြော
သူလက်ခံမှာမဟုတ်ပါဘူးငါ့သားရယ်…….”
ဟု…ဒေါ်သန်းမှပြောလေသောအခါ
ဖိုးတောက်မှာခေါင်းကိုခါရမ်းပြီး…
“ဟင်းးးး….အမေ မသိဘူးနော်…ကျုပ်တော့ ကျုပ်နှမလေးကို
စိတ်ပူတယ်…ဒါကြောင့်ကျုပ်နှမကိုလာထိကြည့်
ထိတဲ့ကောင်အသေပဲဗျာ…….”
“ပြောရခက်ပါ့ငါ့သားရယ်…….”
နှမကိုဆတ်ဆတ်ထိမခံသော ဖိုးတောက်ကြောင့်
ဒေါ်သန်းမှာမည်သည့်စကားမှဆက်မပြောနိုင်တော့ပေ။
ထို့ကြောင့်ဖိုးတောက်မရှိသည့်အချိန်၌
သမီးဖြစ်သူအား…
“သမီး..ညည်းလည်းအဖော်တွေနဲ့ဆော့တာဆော့ပေါ့အေ…
ရွာက ကာလသားတွေနဲ့တော့ မရောထွေးနဲ့နော်…
ညည်းအစ်ကိုအကြောင်းသိတယ်မဟုတ်လား”
“ကျုပ်သိပါတယ်အမေရယ်…
သူတို့ကစကားလာပြောလို့သာ ကျုပ်ပြောတာပါ…
ကျုပ်လုံးလုံးစိတ်မဝင်စားပါဘူးတော်…”
“အေးပါအေ…ညည်းအစ်ကိုအကြောင်းအမေက
ကြိုမြင်နေလို့ပြောထားတာ…သိတယ်မလား
ဖိုးတောက်ရဲ့ဇ…ဟင်း…နှမထိဓားကြည့်ဆောင်ပုဒ်က
နင့်အစ်ကိုလက်စွဲနော် မိနွေမ…အဲ့တာညည်းသိထား”
“ဟုတ်ကဲ့ပါတော်…တကယ်ပဲ အဲ့ကိုကြီးဖိုးတောက်တို့က
စိုးရိမ်စရာမရှိစိုးရိမ်လွန်းတယ်…”
ထိုသို့နှမကိုအလွန်ချစ်သော ဖိုးတောက်တယောက်
တနေ့မှတော့…
“အမေ…ကျုပ်တောတက်မလို့”
“တောတက်မယ် ဘာလုပ်ဖို့လဲငါ့သားရဲ့”
“ကျုပ်သူငယ်ချင်း ငအောင်ရယ် ကျော်မြင့်ရယ်နဲ့
သစ်ခုတ်လိုက်မလို့…”
“ဖြစ်ပါ့မလား…မင်းက လယ်အလုပ်ပဲလုပ်တတ်တာကို”
“ဖြစ်ပါတယ်အမေရာ…သစ်ခုတ်လိုက်တာက ငွေရမှာမို့လို့ပါ..
ငွေလေးရခဲ့ရင် ကျုပ်နှမကို
နားကပ်လေးဝယ်ပေးချင်လို့ပါဗျာ…”
“အေးလေ…အမေကတော့စိတ်မချတာတော့အမှန်ပဲ
မင်းကလည်းနှမအတွက်ဝယ်ပေးချင်နေတော့
သွားပေါ့ငါ့သားရယ်….ဒါနဲ့သွားတာက
ဘယ်နရက်လောက်ကြာမှာလဲ”
“အလွန်ဆုံးကြာတပတ်ပေါ့အမေရာ…”
“အေးပါ…ဂရုတော့စိုက်နော်ငါ့သား”
“ဟုတ်ကဲ့အမေ…ကျုပ်သွားရင် အမေ့သမီးကိုဂရုစိုက်ဦးနော်…
ကျုပ်စိတ်ချမယ်…”
“အေးပါကွယ်…စိတ်ချပါ…။ငါ့သားတာဂရုစိုက်နော်ကြားလား”
“ဟုတ်ကဲ့ပါအမေ…”
ဖိုးတောက်တယောင်အပေါင်းအဖော်များနှင့်
တောသို့တက်ဖို့ရန်ပြင်ဆင်တော့သည်။
ဖိုးတောက်တောသို့တက်သွားသောအခါ
အိမ်၌ ဒေါ်သန်းတို့သားအမိသာကျန်ရစ်ခဲ့တော့သည်။
တောသို့ရောက်သောဖိုးတောက်တို့အဖွဲ့မှာက လိုအပ်သော
သစ်များကိုရှာဖွေခုတ်ထွင်နေကြသည်။
“ဖိုးတောက်ရေ……”
“ဝေ့…ပြောငအောင်……”
“ဒီကိုလာကြည့်ဦးဟ…”
သစ်ခုတ်နေစဥ် ငအောင်မှလှမ်းခေါ်သောအခါ ဖိုးတောက်
ငအောင်ထံသို့သွားလေသည်။
“ဘာလဲဟ…”
“ဒီမှာ…ဒီအပင်ကြီးကိုကြည့်စမ်း…
တို့ခုတ်နေတဲ့အပင်တွေထက်ပိုလည်း လုံးပတ်လည်းကြီးတယ်
အပင်လည်းဖြောင့်တယ်……….”
“အေး…ဟုတ်သားဟ…အစောကမှမတွေ့ကွာ…”
“ဒီအပင်ပဲခုတ်ကြတာပေါ့…
ဟိုကောင်ကျော်မြင့်ကိုလည်းခေါ်လိုက်ဦး”
ထိုသို့ဖြင့် ဖိုးတောက်တို့သုံးယောက်သည်
အပင်ကြီးကိုစတင်ခုတ်ထွင်ကြတော့၏။
တယောက်တလှည့်ခုတ်ထွင်နေကြစဥ်…
“ဝေါ……ဝေါ……ဝေါ……….”
ဟူသော အသံနှင့်အတူ လေပြင်းများတိုက်ခတ်လာတော့သည်။
“ဟာ…လေတွေကြမ်းလှပါလား…….”
“တောက်…အရေးထဲကွာ….”
လေပြင်းများကြောင့်ဖိုးတောက်တို့အတော်ဒုက္ခရောက်သွားသည်။
ခုတ်လက်စသစ်ပင်ကိုထားရစ်ပြီး
ခပ်ဝေးဝေးသို့အပြေးသွားကြရ၏။
ထိုအခါ၌ လေပြင်းများမှာ ရုတ်တရက် ငြိမ်သက်သွားခဲ့၏။
ဖြစ်ပျက်နေသောအခြေအနေများကြောင့် ဖိုးတောက်တို့မှာ
တယောက်မျက်နှာတယောက်ကြည့်၍
အံ့သြနေကြသည်။
“ဟေ့ကောင်တွေ…ဒါသမားရိုးကျမဟုတ်လောက်ဘူးနော်”
ဟု…ဖိုးတောက်မှပြောလေသောအခါ ငအောင်ကလည်း…
“အေးကွ…တို့ ဒီသစ်ပင်ကိုခုတ်မှလေပြင်းတွေကျလာတာ…
အခုလည်းကြည့်အဲ့သစ်ပင်နားကထွက်လာတော့
ဘယ်မှာလည်းလေ…သစ်ရွက်တရွက်တောင်မလှုပ်ရှားဘူး”
ဟု…ထောက်ခံလိုက်လေသည်။
ကျော်မြင့်ကတော့…
“ဒါတောခြောက်တာနေမှာ…အလကားပါကွာ…
တောခြောက်ချင်တိုင်းခြောက်ရအောင်
ဒင်းတို့ကဘာမို့လို့လဲ…ထွီ…..”
“ဟ…ကျော်မြင့်ရ မင်းအဲ့သည်လိုပြောလို့မရဘူးလေကွာ…
ဒီတောဒီတောင်ဆိုတာ ဒါမျိုးတွေရှိတတ်တယ်…
မယုံကြည်ရင်နေကွာ…မစော်ကားနဲ့…
မဟုတ်ရင်ဘေးတွေ့လိမ့်မယ်…”
“ဟား…မင်းကလည်းကွာ…နေတော့…နေတော့…
တောခြောက်လို့မက ကွာ …ဘာပဲဖြစ်ဖြစ်တို့ဒီအပင်ကို
အရခုတ်ပြီးရောင်းမှဖြစ်မယ်…
ဟေ့…ဖိုးတောက်…လာ…ဒီကောင်မခုတ်ရင်တို့ခုတ်မယ်…”
“ဖြစ်ပါ့မလားကျော်မြင့်ရာ…
ကြည့်ရတာ ဒီအပင်မှာ တခုခုရှိပုံပဲ”
ဖိုးတောက်ပြောလေတော့ ကျော်မြင့်မှာ သစ်ပင်၏အနီးသို့
တယောက်ထဲသွားကာ ခုတ်ထွင်တော့၏။
ခုတ်ထွင်နေရင်း…
“ဒီအပင်ကိုခုတ်ကိုခုတ်ရလိမ့်မယ်…
တားရဲတဲ့အကောင်တားကြည့်…ငါ့ပုဆိန်စာမိမယ်…….”
ဟု…နှုတ်မှလည်းအော်ရင်း ပုဆိန်ဖြင့်ခုတ်နေတော့၏။
ဖိုးတောက်လည်း ညီမဖြစ်သူအတွက်ရည်ရွယ်ထားသော နားကပ်လေးအတွက် မနေနိုင်တော့ဘဲ
ကျော်မြင့်နှင့်အတူ ဝင်ခုတ်တော့သည်။
ခုတ်တာအတော်ကြာသော်လည်း အပင်မှာ
လဲကျမလာခဲ့။
ထပ်မံ၍ ခုတ်ထွင်ကြရင်းအချိန်သည်သာကြာလာခဲ့ပြီး
အပင်မှာကတုပ်တုပ်မျှပင်မလှုပ်။
ငအောင်ကတော့ ခပ်ဝေးဝေးမှအခြေအနေကိုစောင့်ကြည့်နေရှာသည်။
ကျော်မြင့်တယောက်မောလည်းမော…စိတ်လည်းတိုလာတာကြောင့်…
“ခွေးမသား…ဘယ်အကောင်ကနှောက်ယှက်နေတာလဲ….
ရတယ်ဟေ့…ရတယ်…..ကဲ…………..”
“ဟာ…ဟေ့ကောင်………”
ဖိုးတောက်အော်ဟစ်တား၏။
အဘယ်ကြောင့်ဆို ကျော်မြင့်မှာ
အပင်အားသေးဖြင့်ပန်းနေသောကြောင့်ပင်။
ငအောင်ကတော့ စိတ်မသက်သာစွာဖြင့် ကျော်မြင့်အစားကြောက်လန့်နေမိသည်။
ထိုအချိန်၌…အပင်ကြီးတစ်ခုလုံးလှုပ်ခါရမ်းလာပြီး…
“တောက်…….”
ဟုသော…မကျေမနပ်တောက်ခေါက်သံကြီးထွက်ပေါ်လာ၏။
“ဖိုးတောက်…ပြေး….ကျော်မြင့်ပြေးဟ…….”
“ဟာ…အပင်ကြီးလဲ လာပြီ…ပြေးဟ”
အပင်မှာတဖက်သို့လဲမကျဘဲ ကျော်မြင့်နှင့်ဖိုးတောက်ရှိရာဘက်သို့လဲကျလာသောအခါ
ဖိုးတောက်မှာအလန့်တကြားဖြင့်ပြေးရသည်။
ကျော်မြင့်သည်က ဖိုးတောက်ကဲ့သို့မပြေး…ထိုနေရာ၌ အိပ်ငွေ့ချခံရသောလူသားကဲ့သို့တောင့်တောင့်ကြီး
ရပ်နေလေရာ လဲကျလာသောသစ်ပင်ကြီးအောက်သို့
ကျော်မြင့်တယောက်ရောက်ရှိသွားတော့သည်။
ထိုအဖြစ်ကိုမြင်လိုက်ရသောငအောင်မှာ
ဖိုးတောက်ကိုသွားထူပေးပြီးနောက်…
အပင်ပိနေသော ကျော်မြင့်ထံသို့ရောက်လာကြသောအခါ…
“ဟာ……….”
“ဟင်…..”
သူတို့နှစ်ယောက်ထံမှအသံများထွက်ပေါ်လာခဲ့သည်။
သူတို့မြင်ရသည်မှာက ကျော်မြင့်တယောက်သစ်ပင်ပိ၍ သေဆုံးနေပြီဖြစ်သည်။
ခန္ဓာကိုယ်တခုလုံးပိပြားကာ မြင်ရမကောင်းလှသော
ကျော်မြင့်၏အလောင်းကြီးအားကြည့်၍
ဖိုးတောက်တို့ နောင်တများစွာရနေကြတော့၏။
“ငါမပြောဘူးလားကွာ…မင်းတို့ကလည်း……”
ငအောင်၏မချိတင်ကဲသံကြီးထွက်ပေါ်လာခဲ့သည်။
ဖိုးတောက်မှာတော့ ကျော်မြင့်အလောင်းကြီးကိုငေးကြည့်၍
စိတ်မကောင်းဖြစ်နေခဲ့ရှာသည်။
ထိုနောက်တော့ ကျော်မြင့်၏အလောင်းကို
သစ်ပင်ကြားမှမရမကဆွဲထုတ်၍…
ထိုအနီးတွင်ပင်မြုပ်နှံပေးခဲ့ကြ၏။
သူတို့နှစ်ယောက်မှာက ထိုအပင်နှင့် ကျော်မြင့်တို့အား
ထားရစ်ကာ ရွာသို့ပြန်လာခဲ့ကြတော့သည်။
ရွာသို့ပြန်ရာလမ်း၌ မိုးပင်ချုပ်လု့လှပြီဖြစ်ပြီး…
နွားလှည်းနှင့်အတူ မီးတုတ်တချောင်းထွန်းလာခဲ့ရသည်။
အသွားတုန်းက ကဲ့သို့ ပျော်ရွှင်စရာမကောင်းဘဲ
နှစ်ဦးသားတိတ်ဆိတ်နေကြလေသည်။
တောနှင့်မလှမ်းမကမ်းနေရာတခုသို့ရောက်လေတော့…
“ဖိုးတောက်ရေ…..ဖိုးတောက်…….”
ဟူသောခေါ်သံကြောင့် ဖိုးတောက်နှင့်ငအောင်မှာလှည်းနောက်သို့လှမ်းကြည့်ကြလေသည်။
“ဟာ…..ကျော်မြင့်………”
ဟူသော ဖိုးတောက်ထံမှထွက်ပေါ်လာသော အသံနှင့်အတူ…
“ဟင်……”
ဟူသော ငအောင်၏ ထိတ်လန့်သံပါ
တဆက်ထဲထွက်ပေါ်လာခဲ့၏။
“ကျော်မြင့်…မင်း….မင်းမသေဘူးနော်…..”
ဖိုးတောက်မှာနွားလှည်းနှင့် မလှမ်းမကမ်း၌ရပ်နေသော
ကျော်မြင့်ကိုကြည့်၍ပြောနေသည်။
ကျော်မြင့်မှာလည်း သစ်ပင်ပိထားသော ဒဏ်ရာများ
ပျောက်ခြင်းမလှပျောက်ကာ ဖိုးတောက်ကိုကြည့်နေ၏။
“ဟေ့ကောင်ဖိုးတောက်…မင်းဘယ်သူ့ကိုပြောနေတာလဲ”
ငအောင်မှာဖိုးတောက်ကိုမေးလေတော့
ဖိုးတောက်က လက်ညိုးညွှန်ပြီး…
“ဟိုမှာလေကွာ…ကျော်မြင့်လိုက်လာတယ်လေ”
“ဘာ….ကျော်မြင့်…….”
အစောပိုင်းကခေါ်သံကိုငအောင်ကြား၏။
သို့သော် ဖိုးတောက်မြင်သော ကျော်မြင့်အား
ငအောင်တယောက် မမြင်ပေ။
ဖိုးတောက်စကားကြောင့်
ငအောင်မှာ ကြက်သီးများပင်ထလာပြီး…နွားလှည်းအားအသောနှင်တော့၏။
“ဖိုးတောက်…ဖိုးတောက်…ငါမသေဘူး…
ငါ့ကိုခေါ်ပါဦး ဖိုးတောက်……….”
“ဟိုမှာကျော်မြင့်ပြေးလိုက်လာပြီ…
ငအောင်လှည်းကိုရပ်ပေးလိုက်လေကွာ…ဟေ့ကောင်”
ဟု…ဖိုးတောက်အော်ပြောလေသောအခါ…
ငအောင်မှာပို၍ကြောက်လာပြီး…
“ခွေးမသားဖိုးတောက်…မင်းပထွေးက တောထဲမှာသေလို့
တို့မြုပ်တောင်ပေးခဲ့ပြီ…အဲ့တာသရဲဟ…သရဲ…
ငါ့လခွမ်းမပဲ………”
ဟု…ငအောင်မှအော်ဆဲလေတော့မှ
ဖိုးတောက်ငြိမ်သွားတော့သည်။
ပြီးနောက်သူတို့နွားလှည်းနှင့်ခပ်ဝေးဝေးနေရာ၌
ကျန်ရစ်ခဲ့သော ကျော်မြင့်ကိုကြည့်၍
ဖိုးတောက် ဝမ်းနည်းမိပြန်သည်။
သူတို့နှစ်ယောက် ရွာသစ်ရွာသို့ပြန်ရောက်လာကြသောအခါ
အဖြစ်အပျက်အစုံအားရွာသူကြီးဦးမျိုးသစ်နှင့်
ကျော်မြင့်၏မိသားစုကိုပြောပြကြလေသည်။
ကျော်မြင့်မိသားစုမှာလည်းကျော်မြင့်အတွက်ရင်ထုမနာဖြစ်ကြရသကဲ့သို့ ဖိုးတောက်၏အမေနဲ့နှမဖြစ်သူမှာလည်း
ဖိုးတောက်ဘာမှမဖြစ်ခဲ့၍ဝမ်းသာနေကြရရှာသည်။
သို့သော်…ဖိုးတောက်မှာက တောမှပြန်လာခဲ့သည့်အချိန်မှစ၍
ယခင်ကဲ့သို့မနေတော့…။
တယောက်ထဲသာနေ၏။
ထိုသို့နေရင်းအဖျားကြီးဖျားကာ
ဆေးဆရာခေါ်ယူကုသရလေသည်။
ဆေးဆရာက ဖိုးတောက်ကိုကုသပေးပါသော်လည်း
ဖိုးတောက်၏ ရောဂါမှာမသက်သာပဲ ပိုပိုဆိုးလာခဲ့၏။
ဖိုးတောက်ပါးစပ်မှလည်း ကျော်မြင့် ဟူ၍သာအော်အော်နေတတ်သည်။
ထိုအဖြစ်ကြောင့် မိခင်ဖြစ်သူဒေါ်သန်းမှာကြံရာမရသည့်အဆုံး
သူကြီးဦးမျိုးသစ်အား တဖက်ရွာရှိဘွားမယ်စ်ိန်ကိုပင့်ပေးဖို့ရန်
အကူအညီတောင်းရတော့၏။
သူကြီးဦးမျိုးသစ်မှာလည်း အချိန်မဆိုင်းဘဲ
ဘွားမယ်စိန်အား ရွာသို့ပင့်ခေါ်လာခဲ့တော့သည်။
ဘွားမယ်စိန်…ဒေါ်သန်း၏နေအိမ်သို့ရောက်လေတော့
ဘွားမယ်စိန်မှာ ဖိုးတောက်ကိုကြည့်ရှု့လေသည်။
ဖိုးတောက်မှာ ယခင်အိပ်ရာထဲသို့လှဲနေသော်လည်း
ဘွားမယ်စိန်ရောက်လာသောအခါ၌
ထ၍ထိုင်ကာ ခပ်ဝေးဝေးသို့ရွေ့ကာနေလေသည်။
ဖိုးတောက်၏အမူအရာကြောင့် ဒေါ်သန်းတင်မက
ရွာသူကြီးဦးမျိုးသစ်ပါ အံ့သြသွားကြ၏။
ဖိုးတောက်မှာက တကိုယ်လုံးတုန်ရီ၍နေကာ ခေါင်းကြီးငိုက်စိုက်ဖြင့် ထိုင်နေခဲ့သည်။
မောင်တိုးနဲ့မောင်အုန်းမှာလည်းရွာသူကြီးဦးမျိုးသစ်၏အနား၌
မတ်တပ်ရပ်လျှက်ကြည့်နေကြသည်။
ဘွားမယ်စိန်သည် ဖိုးတောက်၏အနီးသို့သွားသောအခါ၌
ဖိုးတောက်သည် အော်ဟစ်၍ရှောင်ပြေးလေသည်။
“မလာနဲ့…မလာနဲ့……….သွားးးး…သွား….မလာနဲ့…”
ဟုအော်ဟစ်လေရာ ဒေါ်သန်းမှာဘွားမယ်စိန်ကိုအားနာပြီး…
“ငါ့သား…ဘွားကငါ့သားကိုလာကြည့်ပေးတာလေ…
ဘွားကိုအားနာစရာကွယ်…”
ဟု…ပြောလေသောအခါ ဘွားမယ်စ်ိန်သည်…
“နေ…နေ…ဘွားကြည့်စီစဥ်မယ်”
ဟုပြောလေတော့ဒေါ်သန်းမည်သည့်စကားမှဆက်မပြောချေတော့။
“ဟဲ့အကောင်…အခုဒီရှေ့ကိုလာခဲ့……”
ဟုဘွားမယ်စိန်သည် အမိန့်သံဖြင့်ပြောလိုက်လေတော့
ရှောင်ဖယ်နေသောဖိုးတောက်မှာချက်ချင်းလာခဲ့လေသည်။
ဖိုးတောက်သည်ဘွားမယ်စိန်ရှေ့၌ အနေကျုံ့ဟန်ဖြင့်ထိုင်နေလေတော့…
“နင်ဘယ်သူလဲ…ပြော…..”
ဘွားမယ်စိန်မေးသောအခါ ဖိုးတောက်သည် တုန်ရီစွာဖြင့်…
“ကျုပ်…ကျုပ်…ကျော်မြင့်ပါ……”
“ဟင်…”
“ဟာ…”
ဒေါ်သန်းနှင့်တကွအားလုံးမှာအံ့သြ သင့်ကုန်ကြသည်။
“ကျော်မြင့်ဆိုတာဘယ်သူတုန်းဟဲ့”
ဘွားမယ်စိန်မှမေးတော့သူကြီးဦးမျိုးသစ်မှ…
“ဘွား…ကျော်မြင့်ဆိုတာ တလောကဖိုးတောက်တို့နဲ့အတူ
တောတက်ရင်းသစ်ပင်ပိသေသွားတဲ့တယောက်ပဲ”
ဟု…ပြောလိုက်လေသည်။
“ဒါဆိုရင်မောင်ရင်ကဘာလို့ဖိုးတောက်ကိုဒုက္ခပေးနေရတာလဲ”
ဟု…ဘွားမယ်စိန်သည်
ဖိုးတောက်ကိုယ်အတွင်းရောက်ရှိနေသော
ကျော်မြင့်ကိုမေးလေတော့…
“ကျုပ်ကြောက်လို့…ကျုပ်ကြောက်လို့……..”
ဟု…တုန်တုန်ရီရီဖြေ၏။
“ဘာကိုကြောက်တာလဲ….”
ဘွားမယ်စိန်မေးတော့ကျော်မြင့်မှာတော်တော်နဲ့မဖြေ…
“ပြောပါမောင်ရင်…ဘွားကူညီနိုင်တာရှိရင်
ကူညီပေးပါ့မယ်ကွယ်…”
ဟု…ထပ်မံပြောလေမှ…
“ကျုပ်တို့…ကျုပ်တို့လှဲခဲ့တဲ့သစ်ပင်က
တစ္ဆေ…တစ္ဆေကြီးက ကျုပ်ကိုနှိပ်စက်တယ်…
ကျုပ်…ကျုပ်သူ့ကိုကြောက်တယ်……..”
“အလို…ဘယ်လိုဖြစ်ရတာလဲ…”
“ကျုပ်ကသူ့အပင်ခုတ်လှဲခဲ့လို့…သူ…သူနေစရာမရှိတော့လို့…
ကျုပ်ကို ကျုပ်ကိုနှိပ့်စက်နေတာ…
ကျုပ်…ကျုပ်သူ့ကိုကြောက်တယ်………”
ကျော်မြင့်ပြောလေသောအကြောင်းများကိုဘွားမယ်စ်ိန်နားလည်သွားသောအခါခေါင်းကိုတတွင်တွင်ညိတ်၍…
“အင်း…အဲ့သလိုဆိုရင်…ဘွားဘက်ကူညီရမှာပေါ့…
မောင်ရင်သူ့ဆီကိုပြန်သွားပြီး…သူ့အတွက်အစားထိုးသစ်ပင်တစ်ပင်ပြန်စိုက်ပေးမယ့်အကြောင်း…
မောင်ရင့်ကိုယ်စားတောင်းပန်ပေးမယ်ဆိုတဲ့အကြောင်းကို
ပြောပြလိုက်ပါ…ဒါဆိုရင်ဖြင်သူမောင်ရင့်ကို သူ
နှိပ်စက်တော့မှာမဟုတ်ဘူး…”
ဘွားမယ်စိန်ပြောလေတော့
ကျော်မြင့်မှာဘွားမယ်စိန်ကိုမော့ကြည့်၏။
အတော်ကြာမှာ ဘွားမယ်စိန်ကိုယုံကြည်ဟန်ဖြင့်
ခေါင်းကိုတဆတ်ဆတ်ညိတ်ကာ….
“ဟုတ်…ဟုတ်ကဲ့…ဒါဆိုကျုပ်…ကျုပ်ပြန်တော့မယ်…”
ဟု…ပြောပြီး လဲကျသွားတော့သည်။
“ဟဲ့…ထူကြပါဦး..သားဖိုးတောက်….”
ဒေါ်သန်းမှာသားဖြစ်သူအား ပြာပြာသလဲပွေ့ထူပေး၏။
ဘွားမယ်စိန်မှာ…
“ကောင်လေးကိုဒီရေမန်းလေးတိုက်ပြီး…
အနားပေးလိုက်ဦး…သူအတော်ပင်ပန်းထားရှာမှာ….”
မောင်တိုးတို့မှာ ဖိုးတောက်ကိုအိပ်ရာထဲသို့
ပြန်နေရာချပေးကြ၏။
ဘွားမယ်စိန်မှာက သူကြီးဦးမျိုးသစ်တို့နှင့်…
“ကဲ…အစောက ဘွားပြောတာတွေအားလုံးကြားကြမှာပေါ့…
အဲ့သည်တော့ ဒီကောင်လေးတွေခုတ်ခဲ့တဲ့သစ်ပင်နေရာမှာ
မောင်ရင်တို့ကသစ်ပင်လေးတစ်ခုအစားထိုး
သွားစိုက်ပေးရမယ်…
ပြီးရင်တော့ကျော်မြင့်တို့လူငယ်တွေအစား
တောင်းပန်ပြီး…အဲ့သည်အပင်မှာနေထိုင်ပါဆိုပြီး
တစ္ဆေကြီးကိုနေရာပေးကြရလိမ့်မယ်…
ဒါမှဖိုးတောက်လည်းဘေးကင်းလိမ့်မယ်ကွဲ့…..”
ဘွားမယ်စိန်ပြောသမျှကို သူကြီးဦးမျိုးသစ်မှတ်သားထားရသည်။
ဘွားမယ်စိန်တို့ပြန်သွားပြီးနောက်တရက်၌
သူကြီးဦးမျိုးသစ်မှာ ငအောင်နှင့်ရွာသားတချို့ကိုခေါ်ယူပြီး
တောတွင်းသို့ဝင်ကြလေသည်။
ငအောင်ကိုလမ်းပြအဖြစ် သစ်ပင်ခုတ်ခဲ့သောနေရာသို့
လိုက်ပြစေသည်။
ထိုနေရာသို့ရောက်တော့ အသင့်ယူလာကြသော
သစ်ပင်တပင်အားမြေ၌သေချာစွာစိုက်ပျိုးပေးပြီး…
အစားအေသာက်တချို့ကိုတည်ခင်း၍ တောင်းပန်ကြသည်။
တစ္ဆေကြီးအားလည်း သစ်ပင်အစားပေးကြောင်း၊
ကျော်မြင့်တို့အားခွင့်လွှတ်ပေးစေလိုကြောင်းများ
ပြောဆိုပြီးနောက် ထိုနေရာမှအားလုံးပြန်လာခဲ့ကြသည်။
ထိုသို့ကိစ္စများပြီးနောက် တပတ်မျှကြာလေတော့
ဘွားမယ်စိန်၏နေအိမ်ထံသို့ သူကြီးဦးမျိုးသစ်နှင့်အတူ
ဖိုးတောက်နှင့်ငအောင်တို့ရောက်လာခဲ့ကြသည်။
ဖိုးတောက်မှာလည်း ယခင်ကဲ့သို့ကျန်းမာ၍လာခဲ့ပြီး…
ဘွားမယ်စိန်အား လာရောက်ကန်တော့ကြခြင်းဖြစ်၏။
“ဘွားရဲ့ကျေးဇူးကြောင့် ကျုပ်အသက်ရှင်ရတာပါ…
ဘွားကို ကန်တော့ပါတယ်ဗျာ…”
ဟု…ပြောပြီးကန်တော့ကြသောအခါ…
“သာဓု…သာဓု…သာဓု…
သံသရာဘေးဒုက္ခများမှကင်းဝေးကြပါစေကွယ်….”
ဟု…ဘွားမယ်စိန်မှလည်းဆုပေးလေသည်။
ကျော်မြင့်တယောက်ကတော့
တစ္ဆေကြီး၏ဘေးရန်မှကင်းဝေးပြီး
ဘယ်ဆီသို့ရောက်ရှိမှန်းမသိတော့ပေ။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)
Leave a Reply