တစ္ဆေရန်ငြိုး

တစ္ဆေဖြစ်နေပြီကွ”

“ဘာ…ဘာပြောတယ်၊ ကျုပ်သေသွားပြီ ဟုတ်လား၊
ကျုပ်က ဘာကြောင့် သေရမှာတုံး”

“ဟာ …ဒီတစ္ဆေတော့ တော်တော့်ကို ခက်နေတာပဲ၊
သေတာလည်း ကိုယ်မသိ၊ ကိုယ် ဘာကြောင့် သေမှန်လည်း
ကိုယ်မသိ။ ကိုယ် ဘာကြောင့် သေမှန်းလည်း ကိုယ်မသိ၊
အေးလေ ဒါမျိုးက ဖြစ်တတ်ပါတယ်လေ၊ ကဲ တစ္ဆေ
ပြီးတော့ မင်းကို ငါ ပြောပြမယ်၊ အခုတော့ ငါ့တာဝန်က
မင်းကို နေစရာပေးဖို့ကွ၊ မင်း သရက်ပင်ကြီးကို
မြင်လား၊ အကြီးကြီးပဲလေ၊ အဲဒီသစ်ကိုင်းမှာ
မင်းနဲ့ငါ နှစ်ယောက်တည်းနေရမှာကွ၊ လာ သွားမယ်”

သရဲက ကျုပ်လက်ကို ကိုင်လိုက်တယ်။
ဟာ ကျုပ် သရက်ကိုင်းကြီးမှာ ထိုင်လျက်သား
ဖြစ်နေပြီဗျ၊ ဟုတ်ပြီထင်တယ်၊ ကျုပ် တစ္ဆေ
ဖြစ်နေတာဗျ၊ ကျုပ်အိပ်မက် မက်နေတာလို့
ထင်လို့ ကျုပ်ပတ်ဝန်းကျင်ကို သေသေချာချာ
ကြည့်မိတယ်၊ ပတ်ဝန်းကျင်ကို ကျုပ် သေသေချာချာ
မြင်နေတာပဲဗျာ၊ အိပ်မက် ဘယ်လို ဖြစ်နိုင်မှာတုံး၊
ကျုပ်နဲ့ မနီးမဝေးမှာ ထိုင်နေတဲ့ သရဲကို
ကျုပ် သေသေချာချာကြည့်ပြီး မေးလိုက်တယ်။

“ကိုသရဲ ၊ဒါ တကယ်လေးဗျာ”

“တစ္ဆေ တကယ်လေဗျာ၊ မင်း တကယ်သေသွားခဲ့တာပါ
အခုလည်း တစ္ဆေတကယ်ဖြစ်နေတာပါ”

“ဒါ ဘယ်နေရာတုံးဗျ”

“မင်းတို့ရွာ ၊ ဘန့်ဘွေးကုန်းနဲ့ ခွေးတစ်ဟောင်ဝေးတဲ့
နေရာကွ၊ သရက်ပင်အုပ်ကြီးလေ၊ ဟိုဘက်ကိုသွားရင်
ထန်းတောကြီးရွာလေကွာ”

“ဟာ …ကျုပ်သိပြီ၊ ထန်းတောကြီးနဲ့ ဘန့်ဘွေးကုန်း
ကြားက သရက်ပင်အုပ်ကြီးပဲ၊ ကိုသရဲ ကျုပ်က
ဘယ်လိုဖြစ်လို့ သေခဲ့တာတုံးဗျ။ ပြီးတော့ ကျုပ်က
ဘာကြောင့် တစ္ဆေဖြစ်ရတာတုံး၊ လူ့ဘဝတုန်းက
ကြီးကြီးမားမား မကောင်းမှုတွေ ကျုပ် ဘာမှ
မလုပ်ခဲ့ပါဘူးဗျာ၊ ကျုပ်သေတော့ ကျုပ်မိန်းမ
မြခင်က ကျုပ်အတွက် ကောင်းမှုကုသိုလ်တွေ
ဘာတွေ လုပ်မပေးဘူးလေဗျာ”

“မင်းမေးတာတွေက များတော့ ငါ ဘာကစပြီး
ဖြေရမှန်းတောင် မသိတော့ဘူးကွ တစ္ဆေရဲ့၊
ဒီလိုဟေ့ မင်းသေတာက သူများ လုပ်ကြံလို့
သေရတာ။ မင်းမိန်းမ မြခင်က မင်းအတွက်
ဆွမ်းသွတ်ပေမယ့် မင်းက ခုနှစ်ရက်လုံး
အိပ်ပျော်နေတာကွ”

“ဗျာ ၊ ကျုပ်က အိပ်ပျော်နေတာ ဟုတ်လား၊
ကျုပ်က ဘယ်နေရာမှာ အိပ်နေလို့တုံး”

“မင်းလဲကျပြီး သေတဲ့နေရာမှာပဲ မင်းအိပ်ပျော်နေတာကွ
တစျဆေရ”

“ကိုသရဲ ခင်ဗျားကို ကျုပ် တစ်ခု မေးပါရစေဗျာ”

“ဟ …တစ္ဆေ၊ တစ်ခု မဟုတ်ဘူး မင်း အများကြီး
မေးလို့ရတယ်၊ ဘိုးဘိုးက မင်းကို ငါ့ဆီမှာ
အပ်သွားတာ၊ မင်းနဲ့ ပတ်သက်ရင် ငါက
တာဝန်ယူရမှာကွ”

“ဒီလိုပါဗျာ၊ ခင်ဗျားနဲ့ ကျုပ်နဲ့ဟာ တစ္ဆေ သရဲတွေ
ဖြစ်ပါလျက်နဲ့ ခင်ဗျားက အဝတ်အစား ပြည့်ပြည့်စုံစုံ
မရှိ၊ ရုပ်ရည် ဆိုးဆိုးဝါးဝါးဖြစ်ပြီး ကျုပ်မှာတော့
လူ့ဘဝတုန်းကလိုပဲ အဝတ်အစား ပြည့်ပြည့်စုံစုံနဲ့
ရုပ်ရည်ကလည်း လူတုန်းက ရုပ်ရည်အတိုင်းပဲ၊
ဒါက ဘာသဘောတုံးဗျ ကိုသရဲရဲ့”

“တစ္ဆေ…ငါက အကုသိုလ်ကံတွေကြောင့် သရဲဘဝကို
ရလာတာကွ၊ မင်းက ငါလို အကုသိုလ် မရှိဘူး၊
မင်းပိုင်တဲ့ အိမ်တွေ၊ ယာတွေ၊ ရွှေတွေ၊ ငွေတွေ၊
ပြီးတော့ မင်း အင်မတန်ချစ်တဲ့ မြခင်ရယ်၊
ဒါတွေကို စွဲလန်းတဲ့စိတ်ကြောင့် တစ္ဆေဘဝကို
ရောက်လာတာလေ၊ ဒီတော့ ငါက ရုပ်ဆိုးပန်းဆိုးနဲ့
အဝတ်အစား ပြည့်ပြည့်စုံစုံ မရှိဘဲ ၊မင်းက
လူ့ဘဝတုန်းကလို ရုပ်ရည် အဝတ်အစားတွေ
ရနေတာပေါ့ကွ၊ နောက်တော့ မင်းသိလာမှာပါကွာ၊
ပါးစပ်ပေါက်သေးသေးလေးရှိတဲ့ ပြိတ္တာတွေ၊
ရေဝအောင် မသောက်ရလို့ ရင်တွေ အမြဲပူလောင်နေတဲ့
ပြိတ္တာတွေ၊ ရိုက်ပုတ်ညှင်းဆဲတာကို မကြာခဏ
ခံကြရတဲ့ ပြိတ္တာတွေ၊ သရဲ၊ တစ္ဆေတွေ၊
သဘက်ကြီးတွေအကြောင်းကို မင်းသိလာမှာပါကွာ”

ကျုပ်က စိတ်ထဲမှာတော့ တော်တော်ကို
ဝမ်းနည်းသွားတာပေါ့ဗျာ။ ဒါပေမဲ့ ကျုပ်စိတ်ကို
ကျုပ်ထိန်းပြီး ကိုသရဲကို ကျုပ်မေးလိုက်တယ်၊

“ကိုသရဲ စောစောက ခင်ဗျား ကျုပ်ကို ပြောသွားတယ်၊
ကျုပ်က သူများသေကြောင်းကြံလို့ သေရတာဆို၊
အဲဒါ ဘယ်လိုဖြစ်တာတုံးဗျာ၊ ကျုပ်က လူတိုင်းနဲ့
သင့်မြတ်တဲ့ကောင်ပါဗျာ၊ဘန့်ဘွေးကုန်းက
မိုးညိုဆိုတာ လူတိုင်းခင်တဲ့ ကောင်ပါ၊
ကျုပ်ကို မုန်းတဲ့သူ မရှိပါဘူး ကိုသရဲရယ်။
ဘယ်သူကများ ကျုပ်ကို သေကြောင်းကြံခဲ့တာတုံးဗျာ”

“တစ္ဆေ ၊ မင်းက လွှတ်ရိုးသားတဲ့ကောင်ဆိုတာ
ငါယုံတယ်ကွ၊ ဒါကြောင့်လည်း မင်းကို ငါ ခင်တာကွ၊
ဒါပေမဲ့ တစ္ဆေရေ ကိုယ်ကောင်းရင် ခေါင်းမရွေ့တာတော့
မဟုတ်ဘူးကွ တစ္ဆေရဲ့၊ မင်းကိုယ်မင်းပဲ ကြည့်လေကွာ၊
မင်းနဲ့ သာဝဟာ ငယ်ငယ်ကလေးကတည်းက ကစားဖက်၊
ကြီးတော့လည်း ဘာစားစား အတူတူ၊ ဘယ်သွားသွား
အတူတူမို့လား၊ သာဝက ဆင်းရဲတယ်၊ မင်းက မျိုးရိုးအရ
ချမ်းသာတယ်၊ ဒါပေမဲ့ မင်းက သာဝကို အဆင့်အတန်း
မခွဲဘဲ တတွဲတွဲ နေခဲ့တယ်၊ နေရုံတင် မကဘဲ
မင်းက မင်းစားရသမျှကို သာဝကို တစ်ဝက်ခွဲကျွေးခဲ့တယ်၊
မင်း အင်္ကျီတစ်ထည်ရရင် သာဝကို တစ်ထည်ပေးတယ်၊
ပုဆိုးဆိုလည်း မင်း တစ်ထည်အသစ်ဝယ်တိုင်း
သာဝကို တစ်ထည်ဆင်ခဲ့တာချည်းပဲမို့လား”

“ဟုတ်တာပေါ့ ကိုသရဲရယ်၊ ဒါတွေကို ကိုသရဲ
ဘယ်သိတုံး”

“တစ္ဆေ …ငါက ဒီမှာနေတာ ကြာပြီလေကွာ ၊
ဒီအနီးအနားက ရွာသားတွေအကြောင်း ငါသိတာ
ဘာဆန်းတုံးကွ၊ ဒါပေမဲ့ တစ္ဆေရေ၊ ငါ ဒီအကြောင်းတွေ
မင်းကို ပြောပြရမှာ သိပ်အားနာတယ်ကွာ”

“ဗျာ၊ ဘာဖြစ်လို့တုံး ကိုသရဲရဲ့”

“ဘာဖြစ်လို့တုံးဆိုတော့ မင်းကို သေကြောင်းကြံခဲ့ကြတာ
မင်းသိပ်ချစ်တဲ့ မင်းမိန်းမ မြခင်နဲ့ မင်းသိပ်ခင်တဲ့
မင်းသူငယ်ချင်း သာဝ ဖြစ်နေလို့ကွ”

“ဘာဗျ၊ ခင်ဗျား မဟုတ်တာတွေ မပြောနဲ့ ၊
ကျုပ်မိန်းမ မြခင်က ကျုပ်အပေါ်ကို ဘယ်လောက်ချစ်တယ်
ဆိုတာ ကျုပ်အသိဆုံးပါ ကိုသရဲရယ်၊ ပြီးတော့
ကျုပ်သူငယ်ချင်း သာဝဆိုတာလည်း ကျုပ်ကို
သိပ်ချစ်တဲ့ကောင်ဗျ၊ ဘာမဆို ကျုပ်နဲ့ ဆိုးတိုင်ပင်
ကောင်းတိုင်ပင် နေခဲ့ကြတဲ့ကောင်ဗျ၊ ခင်ဗျား
တစ်ခုခုတော့ လွဲနေပြီထင်တယ် ကိုသရဲရေ”

“တစ္ဆေ ငါ ဘယ်တော့မှ မလွဲဘူးကွ။ ဒီကိစ္စတွေ
အားလုံးကို ငါက ခရေစေ့တွင်းကျကို သိတဲ့ကောင်ကွ၊
ကဲ မင်းကို ငါမေးရဦးမယ်၊ မင်းနဲ့ သာဝ မြခင်ကို
အတူတူပိုးခဲ့ကြတာ ဟုတ်လား တစ္ဆေ”

“ဟုတ်တယ်လေဗျာ ၊ တစ်ယောက်ရရင်
တစ်ယောက်က ကျေနပ်ရမယ်လို့ သဘောတူပြီး
ပိုးခဲ့ကြတာလေဗျာ၊ မြခင်က ကျုပ်ကို ချစ်ခဲ့တာလေ၊
ကျုပ်နဲ့ သမီးရည်းစား ဖြစ်ခဲ့ကြတာလေ ကိုသရဲရဲ့”

“ဟား ဟား ဟား ဟား ဟား အဲဒါ မင်းထင်ခဲ့တာတစ္ဆေရဲ့၊
တကယ်တော့ မြခင်က မင်းထင်ထားသလို မဟုတ်ဘူး
တစ္ဆေ၊ရုပ်ကလေး သနားကမားရှိတဲ့ မိန်းမချော၊
မိန်းမယုတ်ကလေးကွ”

“ဗျာ ၊ ကိုသရဲ ခင်ဗျား ဘာစကားတွေ ပြောနေတာတုံးဗျ”

“ငါ အမှန်တွေကို ပြောပြနေတာကွ တစ္ဆေရဲ့၊
မြခင်က မင်းကို အဖြေပေးပြီး တစ်ပတ်အကြာမှာ
သာဝကို သနားသွားပြီး သာဝကိုပါ အဖြေပေးခဲ့တာ”

“ဗျာ”

“အေး …အခုမှတော့ ဗျာမနေနဲ့ တစ္ဆေရေ၊
အားလုံးက လွန်ကုန်ပြီပဲကွ၊ မင်းကတော့
မြခင်လို မိန်းမချောလေးရဲ့ ရည်းစားဖြစ်ရလို့
ပျော်နေတဲ့အချိန်မှာ မြခင်နှင့် သာဝက
လူမသိအောင် ကြိတ်ပြီး ရည်းစားတွေ
ဖြစ်နေကြတာကွ”

“ဟာ …ဖြစ်မှာ ဖြစ်ရလေဗျာ”

“မင်းအမေဆုံးသွားတဲ့အချိန်မှာ မင်းအဖေက
မင်းကို အိမ်ထောင်ချပေးဖို့ စီစဉ်ခဲ့တယ်မို့လား၊
အဲဒီအချိန်မှာ မင်းက ချစ်လွန်းလို့ လက်ဖျားနဲ့တောင်
မတို့ရက်ခဲ့တဲ့ မင်းရည်းစား မြခင်မှာ သာဝနဲ့ရတဲ့
ကိုယ်ဝန်က ရှိနေပြီကွ တစ္ဆေရ”

‘ဘာဗျ၊ ဒီလောက်အထိတောင် ဖြစ်ခဲ့ကြတာ
ဟုတ်လား ကိုသရဲ”

“သိပ်သေချာတာပေါ့ကွာ၊ ဒါပေမဲ့ သာဝက
မြခင်ကို နားချတယ်ကွ၊ သူ့ကိုယူရင် မြခင်
ဆင်းရဲမယ့်အကြောင်း၊ မင်းကို ယူရင် တစ်သက်လုံး
ချမ်းသာမယ့်အကြောင်းပေါ့ကွာ၊ ဒီမှာတင်
မြခင်က သာဝကို မေးတယ်ကွ။

“ကျုပ် လွယ်ထားရတဲ့ ရှင့်ကလေးကို
ထည့်မတွက်တော့ဘူးလား ကိုသာဝ”

“မြခင်ရယ်၊ မိုးညိုက ငါ့သူငယ်ချင်းပါ၊
ငါ့ကလေးကို ငါ့သူငယ်ချင်းက အဖေလုပ်ပြီး
မွေးတာ ငါက ဘာများမကျေနပ်စရာ ရှိတုံးဟာ၊
ပြီးတော့ နင့်တစ်သက်လုံး ချမ်းချမ်းသာသာ
နေရတာကို ကြည့်ပြီး ငါ ကျေနပ်နေမှာပါ”

လို့ ထပ်ခါ ထပ်ခါ နားချတော့ မြခင်က
သာဝစကားကို လက်ခံပြီး မင်းကို လက်ထပ်ခဲ့တာပဲ
တစ္ဆေ၊ မင်းနဲ့ လက်ထပ်ပြီးတဲ့ နောက်မှာလည်း
သာဝနဲ့ မြခင် ကင်းရှင်းသွားတယ်လို့တော့
မထင်နဲ့ကွ၊ သူတို့နှစ်ယောက် လစ်ရင် လစ်သလို
ပေါင်းသင်းကြတာ တစ္ဆေရဲ့”

“ဖြစ်မှဖြစ်ရလေ ကိုသရဲရယ် ၊ကျုပ်ကတော့
မြခင်ကို ချစ်လိုက်ရတာဗျာ”

“အေး …နောက်တော့ မင်းအဖေကြီး ဆုံးသွားတယ်၊
ဒီမှာတင် မင်းတို့ ဘိုးဘွားစဉ်ဆက်က လက်ဆင့်ကမ်းပေးခဲ့တဲ့
အမွေတွေအားလုံးကို တစ်ယောက်တည်း ရခဲ့တယ်လေကွာ၊
ရွှေချည်း ငါးပိဿာကျော်တယ်မို့လား၊ နောက်ပြီးတော့
ယာတွေလည်း အများကြီး ပိုင်ခဲ့တယ်၊ ဝိုင်းအကျယ်ကြီးထဲက
ကျွန်းအိမ်ကြီး အကြီးကြီးလည်း မင်းတစ်ယောက်တည်း
ရခဲ့တာပဲမို့လား၊ မင်းက ရွှေတွေကို မင်းသိပ်ချစ်တဲ့မိန်းမ
မြခင်ကို ပြခဲ့တယ်လေ၊ အဲဒါ မင်းအမှားပဲ တစ္ဆေရဲ့၊
မိန်းမယုတ်က သူ့ရဲ့လင်ငယ် သာဝကို သွားပြောတယ်၊

‘ကိုသာဝ ဒီစည်းစိမ်တွေကို ကိုမိုးညိုနဲ့ မဟုတ်ဘဲ
ရှင်နဲ့သာ ခံစားရရင် ကျမ တော်တော်ကို ပျော်မိမှာ
ရှင်သိလား၊ ဒီတော့ ရှင်နဲ့ ကျမ ရတဲ့ သမီးလေးရယ်၊
အဖေရင်းဖြစ်တဲ့ ရှင်ရယ် ကျမရယ် အတူတူ
သိပ်နေချင်တာပဲတော် ၊ ရှင်ဖြစ်အောင် ကြံစမ်းပါ’

လို့ တွေ့တိုင်းပြောတော့ မင်းပိုင်တဲ့ ရွှေတွေ၊
ယာတွေ၊ အိမ်တွေကို သာဝ
လောဘတက်လာတော့တာပေါ့ကွာ”

“သြော် …ဒီလိုဖြစ်လာတာလားဗျာ”

“အေး …ဟုတ်တယ် တစ္ဆေ၊ ဒါကြောင့် ငါ့ပြောပြရမှာ
မင်းကို သိပ်ပြီး အားနာတာကွ၊ ဒါပေမဲ့ မင်းက
ငါ့သူငယ်ချင်း ဖြစ်ပြီဆိုတော့ ဒီအကြောင်းတွေကို
ပြောပြဖို့ ငါ့မှာ တာဝန်ရှိသွားပြီပေါ့ တစ္ဆေရာ၊
အေး အဲဒီမှာတင် သာဝက ထန်းတောက
ထန်းတက်သမား ရင်းထောင်ဆိုတဲ့ ကောင်နဲ့ ပေါင်းပြီး
ကြံတော့တာပေါ့ကွာ၊ ရင်းထောင်ကို ထန်းရည်ထဲမှာ
ဟုန်းမြစ်သွေးပြီး ထည့်ခိုင်းတယ်။ မင်းနဲ့ သာဝနဲ့
အဲဒီညနေ ထန်းရည် အတူတူသောက်တော့
ဟုန်းမြစ်ထည့်ထားတဲ့ ပထမအိုးကို မင်းတစ်ယောက်တည်း
ကုန်အောင်သောက်တာလေကွာ၊ သာဝက
လေထိုးနေလို့ ခဏနေမှ သောက်မယ်လို့ပြောပြီး
မင်းကိုပဲ အရင်သောက်ခိုင်းခဲ့တာမို့လား”

“အင်း …ဟုတ်တယ်ဗျ၊ ကိုသရဲရဲ့”

“နောက်ထပ်မှာတဲ့ မြူအိုးကျမှ သူဗိုက်ငြိမ်သွားပြီဆိုပြီး
သောက်တာမို့လား၊ အဲဒီအတွက် ထန်းတောက ရင်းထောင်ဆိုတဲ့
ကောင်က သာဝက ငွေသုံးထောင် ပေးတယ်”

“ဟင် …ဟုတ်လား၊ ဒါကြောင့် ကျုပ် အိမ်မှာ
ငွေသုံးထောင် ပျောက်ခဲ့တာကိုး ”

“သိပ်ဟုတ်တာပေါ့ တစ္ဆေရာ၊ သာဝဆိုတဲ့ ကောင်မှာ
ငွေသုံးထောင် ဘယ်မှာ ရှိမှာတုံးကွ၊ မင်းမိန်းမ မြခင်က
မင်းငွေတွေယူပြီး ပေးလိုက်တာလေ”

“သြော် …ဖြစ်ရလေဗျာ၊ ကျုပ်ငွေတွေနဲ့
ကျုပ်အသတ်ခံခဲ့ရတာပါလား”

“အေး ဟုတ်တယ် တစ္ဆေ၊ ထန်းတောက ပြန်တော့
သာဝက ကျန်တဲ့လူတွေကိုပါ အဖော်ခေါ်ပြီး ပြန်တာလေကွာ၊
အကြောင်းရှိရင် ဒီကောင်တွေကို သက်သေထူဖို့ပေါ့ကွာ၊
လမ်းရောက်တော့ မင်းက မူးတယ်၊ မူးတယ်ဆိုပြီး
လဲကျသွားတယ်၊ အဲဒီနေရာမှာတင် မင်းသေသွားတာပဲကွ
တစ္ဆေရ၊ သာဝတို့အုပ်စုကတော့ မင်းသောက်တာ
များသွားပြီး ဦးနှောက်ပဲ ထိသလိုလို
သတင်းဖြန့်ကြတာပေါ့ကွာ၊မင်းနဲ့ သာဝက
ကလေးဘဝကတည်းက တွဲခဲ့တဲ့ ကောင်တွေဆိုတော့
ဘယ်သူကရော မင်းကို သာဝလုပ်ကြံတယ်လို့
ထင်မှာတုံး တစ္ဆေရဲ့ ”

“တောက် ၊ တော်တော်ကို ယုတ်မာခဲ့ကြတာပဲဗျာ”

“ဟုတ်တယ် တစ္ဆေ၊ တကယ်တော့ မြခင် မကောင်းတာကွ၊
ဒီမိန်းမက မိန်းမယုတ်တစ်ယောက်ပဲ၊ မကြာခင် မင်း
သိရမှာပါကွာ၊ မြခင်နဲ့ သာဝနဲ့ ယူကြပါလိမ့်မယ်၊
မင်းသမီးလို မင်းထင်ခဲ့တဲ့ ကလေးကလည်း
သာဝကလေးပဲလေကွာ”

ကျုပ်ရင်ထဲမှာ မီးဟုန်းဟုန်းတောက်သလို
ခံစားခဲ့ရတာပေါ့ဗျာ။ ကိုသရဲ ပြောခဲ့တဲ့ အတိုင်းပဲဗျ။
နောက်တစ်နှစ်လောက်ကြာတော့ သာဝနဲ့ မြခင်
ယူလိုက်ကြတယ်။ သာဝဖြစ်ချင်တဲ့ လူချမ်းသာ
ဖြစ်ပြီပေါ့ဗျာ၊ မြခင်ကလည်း သာဝနဲ့ တိတ်တိတ်ပုန်း
ဘဝက လွတ်သွားပြီပေါ့ဗျာ။ ကျုပ်ကတော့
သရက်ပင်ပေါ်မှာ တစ္ဆေဘဝနဲ့လေ။

“တောက်”

“ဟ တစ္ဆေ ဘာတွေကို ဒီလောက်ဒေါသဖြစ်နေတာတုံးကွ”

“ကိုသရဲ ကျုပ် ဒီအကောင်နဲ့ ကောင်မကို သတ်ပစ်မယ်ဗျာ”

ကျုပ်စကားကို ကြားတော့ ကိုသရဲက နားရွက်ကားကားနဲ့
သူ့ခေါင်းကြီးကို ညိတ်ပြတယ်၊

“အေး နောက်နှစ်နှစ်လောက်ကြာရင်တော့ မင်းမှာ
အစွမ်းတွေ ရှိလာလိမ့်မယ်၊ ခုတော့ ဘာအစွမ်းမှ
မင်းမှာ မရှိသေးဘူး တစ္ဆေ၊ အဲဒီလို အစွမ်းတွေ
ရှိလာရင်တော့ မင်း သူ့တို့ကို သတ်လို့ရတာပေါ့ကွာ၊
ဒါပေမဲ့ မင်း စဉ်းစားနော်၊ ဒီကြားထဲမှာ မင်းက
သူများ အမျှဝေလို့ သာဓုခေါ်လိုက်နိုင်ရင်
ကျွတ်လွတ်သွားနိုင်တယ် တစ္ဆေ ၊ ဒီတော့
မင်းကို ငါ ပြောချင်တာက မင်းရဲ့ ရန်ငြိုးတွေကို
မထားပါနဲ့တော့ကွာ၊ လူတွေ အမျှဝေတဲ့အခါ
သာဓုတွေခေါ်ပြီး လူ့ဘဝကို ပြန်ကူးသွားပါကွာ၊
ဂလဲ့စားချေမနေပါနဲ့ တစ္ဆေ”

“ကျုပ် ဘယ်တော့မှ သာဓုခေါ်မှာ မဟုတ်ဘူး ကိုသရဲ၊
ဒီကောင်နဲ့ ဒီကောင်မကို ကျုပ် သတ်ကို သတ်မယ်”

“အေး ကောင်းပြီ တစ္ဆေ၊ မင်းကို
ငါ တစ်ခုပြောဦးမယ်၊မင်း အခုလို လူပုံသဏ္ဌာန်အတိုင်း
အဝတ်အစားကောင်းကောင်းနဲ့တစ္ဆေဖြစ်နေတာ
အကုသိုလ်နည်းခဲ့လို့ကွ သိလား၊ မင်းက နောက်ထပ်
အကုသိုလ်တွေ ထပ်ပြီး ကျူးလွန်ရင်တော့ ငါ့လို
ရုပ်ပျက် ဆင်းပျက်ကြီးဖြစ်ပြီး တစ္ဆေဘဝကနေ
ငါ့လို သရဲဘဝကို ကူးသွားလိမ့်မယ် တစ္ဆေရေ”

“ဒီမှာ ကိုသရဲ၊ ဘယ်လိုဘဝပဲရောက်ရောက်ဗျာ
ကျုပ်ခံမယ်၊ ဒီအကောင် လင်မယားကို ကျုပ်
ပြန်သတ်ရရင် ပြီးရောဗျာ ကိုသရဲရာ”

“အေးလေ၊ ဒါဆိုရင်လည်း ငါ မတားတော့ပါဘူးကွာ၊
မင်းက ငါ့သူငယ်ချင်းပဲ တစ္ဆေရာ၊ မင်းကို ငါ
အားလုံးကူညီမှာပေါ့ကွာ”

“ကျုပ်ကို ကူညီရင် ခင်ဗျားလည်း အကုသိုလ်တွေ
ပိုများသွားမှာနော် ကိုသရဲ”

“ဟား ဟား ဟား ဟား တစ္ဆေရာ ၊ ငါ့အဖို့က
မထုးပါဘူးကွာ၊ ပြီးတော့ ငါက ရောက်ရာဘဝမှာ
ပျော်တတ်တဲ့ အကောင်ကွ၊ ငါ့အတွက်တော့
မင်း ဘာမှ မပူနဲ့ တစ္ဆေ”

“ဒါဆိုရင် ဒီလင်မယားကို ကျုပ် သတ်မယ်ဗျာ၊
ပြီးတော့ ငွေသုံးထောင်ယူပြီး ထန်းရည်ထဲကို
ဟုန်းမြစ်သွေးပြီး ထည့်ပေးခဲ့တဲ့ ထန်းသမား
ရင်းထောင်ကိုလည်း ကျုပ်သတ်မယ်၊
အိုဗျာ၊ ရှုပ်ပါတယ် ကိုသရဲရာ ၊ ဒီအကောင့်နဲ့
ကောင်မရဲ့ သွေးသားတွေကိုပါ ကျုပ်
သတ်ပစ်မယ်ဗျာ”

“ဒီမှာ တစ္ဆေ မင်းသိဖို့က တစ္ဆေ သရဲက လူကို
သတ်တယ်ဆိုတာ ဓါးနဲ့ခုတ်လို့ ရတာမဟုတ်ဘူးကွ၊
လူရဲ့စိတ် ကိုယ်စိတ်နဲ့ တစ်ထပ်တည်းကျအောင်
ထပ်နိုင်ရတယ်၊ ပြီးရင် အဲဒီလူရဲ့ သိစိတ်ကို
ပျောက်သွားအောင် လုပ်လိုက်ပြီး ကိုယ်ပြောချင်တာ
ပြောခိုင်း၊ ကိုယ်လုပ်ချင်တာ လုပ်ခိုင်းလို့
ရတာကွ၊ မင်းရဲ့ စိတ်အစွမ်းတွေ မြန်မြန်တက်လာပြီး
လူရဲ့ သိစိတ်ကို သိပ်နိုင်အောင် ငါသင်ပေးပါမယ်
ဒါမှလည်း မင်း မြန်မြန်လက်စားချေလို့
ရမှာပေါ့ကွာ၊ ခုတော့ သည်းခံလိုက်ပါဦးကွာ
တစျဆေရာ”

အဲဒီနေ့ကစပြီး ကိုသရဲက ကျုပ်ကို တစ္ဆေ သရဲတွေ
သိရမယ့်ကိစ္စတွေကို သင်ပေးတယ်ဗျ၊ ကျုပ်ရဲ့
စ်ိတ်အစွမ်းတွေ မြန်မြန်တက်လာအောင်
လေ့ကျင့်ပေးတယ်၊ ကျုပ်ကလည်း ဟိုအကောင်နဲ့
ကောင်မကို သတ်ချင်စိတ်နဲ့ အပြင်းအထန်
လေ့ကျင့်တာ သိသိသာသာကို
တိုးတက်လာတော့တာပေါ့ဗျာ၊

ဒီကြားထဲမှာ ကျုပ်က ဘန့်ဘွေးကုန်းကို သွားသွားပြီး
ဟိုလင်မယားအခြေအနေကို ကြည့်တယ်၊ တစ်ယောက်နဲ့
တစ်ယောက် ပလူးနေလိုက်ကြတာမှဗျာ၊ ကျုပ်အဘိုး
လက်ထက်ကတည်းက ဆောက်ထားတဲ့
ကျွန်းအိမ်မဲမဲကြီးမှာ သူတို့ လင်မယား သွေးမတော်
သားမစပ်နဲ့ အပိုင်သိမ်းပြီး တက်နေကြလို့ပေါ့ဗျာ။
သာဝကလည်း ကျုပ်အမွေရတဲ့ ရွှေတွေကိုရောင်းပြီး
ကားတစ်စီးတောင် ထောင်လို့ဗျ။

ကျုပ်ပိုင်တဲ့ ယာတွေအားလုံးလည်း သူ့ယာတွေ
ဖြစ်ကုန်တာပေါ့ဗျာ၊ ရွာသားတွေကလည်း ပေးနိုင်
ကျွေးနိုင်တဲ့သူတွေဆိုတော့ မြှောက်ပင့်စားနေကြတာပေါ့လေ။
သူဋ္ဌေး ကိုသာဝတို့၊ မမမြတို့နဲ့ ပင့်မြှောက်ပေးနေတာဗျို့၊
ဟိုလင်မယားလည်း ခြေထောက်နဲ့ မြေကြီးတောင်
မထိတော့ဘူးပေါ့ဗျာ။

ကျုပ်နဲ့ မြခင် ပေါင်းတုန်းကရတဲ့
ကလေးမလေးကို ကျုပ်က ကျုပ်ကလေးပဲ
ထင်ခဲ့တာဗျ၊ ခုတော့ သူတို့မှာ သမီးနှစ်ယောက်တောင်
ဖြစ်နေပြီပေါ့ဗျာ၊ နောက်မွေးတာလည်း သမီးလေးပဲဗျ။
ကျုပ်ရဲ့ စိတ်စွမ်းအားတွေကလည်း တက်လာလိုက်တာ
ကိုသရဲတောင် အံ့သြယူရတယ်ဗျို့။

တကယ်တော့ ကျုပ်က တစ္ဆေဘဝမှာ
ခဏပဲနေရမယ့်ကောင်ပါဗျ၊ လူတွေ အလှူဒါနပြုတိုင်း
အမျှဝေရင်း ကျုပ် အမြဲကြားနေရတာပဲလေ၊
ဒါပေမယ့် ဒီလင်မယားကို သတ်ချင်တဲ့ စိတ်နဲ့
ကျုပ် တစ်ခါမှ သာဓုလိုက်မခေါ်ဘူး။
ဆရာတော်တွေ တရားဟောတဲ့အခါမှာ
ကျုပ် ဘယ်တော့မှ အနားမသွားဘူး။
ဒီဘဝက ကျွတ်သွားရင် ဒီကောင်တွေ
လင်မယားကို မသတ်ရမှာ စိုးလို့ဗျ။

တစ္ဆေ၊ မင်းရဲ့ အစွမ်းတွေကတော့
သိသိသာသာကို တက်လာတာပဲကွ၊
မင်းလုပ်ချင်တဲ့ အလုပ်ကို လုပ်ရင်ရပြီကွ တစ္ဆေ”

“ဟာ …တကယ်ပြောတာလား ၊ ကိုသရဲရဲ့”

“ဟ တကယ်ပြောတာပေါ့ကွာ တစ္ဆေရ၊
မင်းနဲ့ ငါက ဟောဒီသစ်ကိုင်းကြီးမှာ နှစ်ယောက်
အတူနေခဲ့ကြတဲ့ နှစ်တွေ နည်းတော့တာမှ မဟုတ်တာကွာ၊
ငါက မင်းကို မဟုတ်တာကို ပြောမှာတဲ့လား တစ္ဆေရာ”

“ကျုပ်က သေချင်လို့ ပြောလိုက်တာပါဗျာ၊
ကဲ ကိုသရဲ ကျုပ် ဘယ်တော့မှ အလုပ်စလုပ်ရမှာတုံးဗျ”

“အခုပဲ စကြတာပေါ့ကွာ၊ မင်းနဲ့ငါ ရွာထဲကို
ဝင်ကြမယ်၊ မင်းရဲ့ အိမ်ဝိုင်းထဲက သရက်ပင်ကြီးပေါ်မှာ
နေပြီးတော့ အရင်ဆုံး ကလေးတစ်ယောက်ကို
ဖမ်းစားမယ်၊ သရဲဖမ်းစားတဲ့ ကလေးဆိုတာ
တဖြည်းဖြည်းနဲ့ ပိန်ချုံးချည့်နဲ့ လာတာကွ၊
နောက် အားပြတ်ပြီး သေတာပေါ့ကွာ။
မြန်မြန်သေစေချင်ရင်တော့ အား အရမ်းနည်းတဲ့အချိန်မှာ
ငါ့ကို မြင်အောင်ပြလိုက်ရင် အူတွေ အသည်းတွေ
ဗြောင်းဆန်သွားအောင် လန့်ပြီး သေသွားမှာပေါ့ကွာ”

ကျုပ်နဲ့ ကိုသရဲ ကျုပ်အိမ်ဝိုင်းထဲက သရက်ပင်ကြီးပေါ်ကို
ပြောင်းနေကြတယ်၊ ကိုသရဲက အကြီးမလေးကို
ဖမ်းစားနည်း ကျုပ်ကို သင်ပေးတယ်၊

ကလေးမလေးက တစ်နေ့တခြား ပိန်ချုံးလာတော့တာပေါ့ဗျာ၊
နေရင်းထိုင်ရင်းကလိုပဲ မစားချင် မသောက်ချင်
ဖြစ်လာပြီး နောက်ဆုံးတော့ အိပ်ရာထဲမှာကို
လဲတဲ့အထိ ဖြစ်တော့တာပေါ့ဗျာ၊

သာဝနဲ့ မြခင်တို့ လင်မယားကတော့ ဆေးဆရာပေါင်းစုံ
ပင့်ပြီး ကုကြတာဗျ၊ မြို့က ဆရာဝန်နဲ့လည်း တက်ပြတယ်။
ဒါပေမဲ့ ကလေးက သက်သာမလာဘဲ ပိုပိုသာ
ဆိုးလာရောဗျို့။

“ကဲ …တစ္ဆေရေ၊ ဒီကလေးမလေးကို
ငါ့ပုံစံ ပြလိုက်တော့မယ်ဟေ့”

လို့ ပြောပြီး ကလေးမလေးကို အင်မတန်ကြောက်စရာ
ကောင်းတဲ့ သူ့ပုံစံကို ပြလိုက်ရောဗျ။

“အား …အမယ်လေး”

ဆိုပြီး ကလေးမလေး လန့်အော်တဲ့အသံဟာ
အနီးအနားဝိုင်းတွေက လူတွေတောင် လန့်သွားပြီး
ကျုပ်အိမ်ပေါ်ကို ပြေးတက်လာကြတာပေါ့ဗျာ။
ဒါပေမဲ့ ကလေးမလေးက သတိကို
ပြန်လည်မလာတော့ဘူးဗျ။ နာရီဝက်လောက်
ကြာတော့ အသက်မရှိတော့ဘူး၊ ဟာ
ဘာပြောကောင်းမတုံး ဗျာ။ မိန်းမယုတ် မြခင်ဆိုတာ
ငိုလိုက်တာမှ လူးပြန်နေတော့တာပေါ့ဗျာ။

‘ကိုမိုးညိုရဲ့ စည်းစိမ်တွေကို ရှင်နဲ့အတူတူ
ခံစားချင်တယ်၊ ကိုသာဝ’ ရဲ့ မိန်းမယုတ် အခုတော့
ဘဝငရဲကို စပြီးခံရပြီပေါ့ဗျာ၊ ကျုပ်ကတော့
လူးလှိမ့်ပြီး ငိုနေတဲ့ မြခင်နဲ့ မျက်ရည်ပေါက်ပေါက်
ကျနေတဲ့ သာဝကို ကြည့်ပြီး ရင်ထဲမှာ
အကျေနပ်ကြီး ကျေနပ်နေတော့တာပေါ့ဗျာ၊

နောက်သုံးလကြာတော့ ကျုပ်နဲ့ ကိုသရဲနဲ့ ကျုပ်ဝိုင်းထဲက
သရက်ပင်ကြီးကို တစ်ခေါက် ပြန်ရောက်လာကြတယ်။
ဒုတိယကလေးကို ကျုပ် ထပ်ပြီး ဖမ်းစားတယ်။
ဒီကလေးက ငယ်တော့ ဖမ်းစားရတာ
ပိုပြီးလွယ်တာပေါ့ဗျာ။ ပထမကလေးတုန်းကလိုပဲ
တဖြည်းဖြည်းနဲ့ ပိန်ချုံးချည့်နဲ့ လာပြီး
ဘာမှမစားမသောက်တော့ဘဲ အိပ်ရာထဲမှာ
လဲရောပေါ့ဗျာ။ ကိုသရဲက သူ့ရုပ်ကို ပြပြန်ရောဗျို့၊

ဒီကလေးလည်း ငယ်သံပါအောင် အော်ပြီး
သေပြန်ရောဗျို့။

မိန်းမယုတ်နဲ့ ယောင်္ကျားယုတ် လင်မယားလည်း
လူးလှိမ့်ပြီး ငိုကြရပြန်တာပေါ့ဗျာ။

ကျုပ်ကတော့ ပူဆွေးနေတဲ့ အကောင်နဲ့
ကောင်မကို ကြည့်ပြီး ကျေနပ်လိုက်တာမှဗျာ၊
ဒီလိုအချိန်တွေကို ရောက်ဖို့ ကျုပ်မှာ စောင့်ခဲ့ရတာ
ကြာပေါ့ဗျာ၊ ဒီဘဝကနေ ကျွတ်သွားမှ စိုးလို့တောင်
ကုသိုလ်ကောင်းမှုတွေကို တမင်ရှောင်နေခဲ့တဲ့
ကောင်လေဗျာ၊ ကျုပ်ဆိုတဲ့ ကောင်ကလည်း
ဒီလောက်ကို မိုက်လုံးကြီးတဲ့ ကောင်ဗျ၊

ကျုပ်တို့ ကိစ္စပြီးသွားတော့ ကျုပ်နဲ့ ကိုသရဲ
သရက်ပင်အုပ်ကို ပြန်ခဲ့ကြတယ်၊

“တစ္ဆေ ၊ ထန်းသမားရင်းထောင်ကို သတ်ဖို့
အချိန်ကျပြီကွ”

ကိုသရဲ စီစဉ်တဲ့အတိုင်း ကျုပ်တို့နှစ်ယောက်
ထန်းတောနဲ့ မလှမ်းမကမ်းက မန်ကျည်းပင်ကြီးပေါ်ကို
ပြောင်းပြီးနေခဲ့ကြတယ်၊ ရင်းထောင်ဆိုတဲ့ကောင်ရဲ့
ထန်းတဲဘေးက မန်းကျည်းပင်ကြီးပေါ့ဗျာ၊

ကျုပ်က ရင်းထောင်ကို ဖမ်းတယ်။

ရင်းထောင်ရဲ့ သိစိတ်ကို ပျောက်သွားအောင်သိပ်ပြီး
ကျုပ်စိတ်ကို ရင်းထောင် ကိုယ်ထဲ သွင်းခဲ့ရတာပေါ့ဗျာ။
တကယ်တော့ ဝင်စီးတာပေါ့လေ၊ ကျုပ် ရင်းထောင်ရဲ့
သိစိတ်ကို ပိုင်ပိုင်နိုင်နိုင် သိပ်နိုင်ပြီး ကျုပ်စိတ်နဲ့
ပိုင်ပိုင်နိုင်နိုင် ဝင်စီးထားနိုင်တဲ့အချိန်မှာ
ရင်းထောင်ကို အမြန်ဆုံး ထန်းပင်ကို ထိပ်ဖျားရောက်အောင်
တက်ခိုင်းလိုက်တယ်။ ထန်းပင်အမြင့်ကြီးရဲ့
ထိပ်ဖျားကနေ ရင်းထောင်ကို ခုန်ချခိုင်းလိုက်တယ်။

“အား …ဘုန်း ”

‘အား’ဆိုတာက ကျုပ်စိတ်ကို ပြန်အခွာလိုက်မှာ
ရင်းထောင်ရဲ့ သိစိတ်က ပြန်နိုးလာပြီး လန့်အော်လိုက်တာဗျ၊
‘ဘုန်း’ဆိုတာက ရင်းထောင်ရဲ့ ခန္ဓာကိုယ်ကြီး မြေကြီးပေါ်ကို
အသလွတ် ပြုတ်ကျတဲ့ အသံလေဗျာ၊

“ဟာ …ကိုရင်းထောင် ထန်းပင်ပေါ်က ပြုတ်ကျလို့တဲ့ဟေ့”

ထန်းတောထဲမှာ ထန်းရည်သောက်နေတဲ့ ဘန့်ဘွေးကုန်းသားတွေ။
ထနောင်းကုန်းသားတွေ ကျွတ်စီ ကျွတ်စီနဲ့ ပြောပြီး ရင်းထောင်
ပြုတ်ကျတဲ့နေရာကို ဒရောသောပါးနဲ့ ပြေးကြရောဗျို့၊

ရင်းထောင်ကတော့ တစ်ချက်ပဲ တွန့်လိမ့်ပြီး
အသက်ထွက်သွားလေရဲ့ ။

သြော် …ရင်းထောင် ၊ ရင်းထောင် ၊ မြခင်နဲ့ သာဝဆီက
ငွေသုံးထောင်ယူပြီး ငါ့ကို ဆေးမြစ်ခတ်သတ်တုန်းက
မင်း တော်တော်ပျော်ခဲ့လား မသိဘူး၊ ငါကတော့
မင်းကို လက်စားချေလိုက်ရတာ တော်တော်ကို
ပျော်တယ် ရင်းထောင်ရေ၊ ငါ လူ့ဘဝတုန်းက
မင်းထန်းတောမှာ ထန်းရည် အမြဲသောက်ခဲ့တဲ့
ကောင်ပါကွာ၊ ကိုမိုးညိုရေ၊ ကျုပ် ဘာလိုလို့ဗျာလို့
ပြောရင် ငါက မင်းကို ကူညီခဲ့တဲ့ ကောင်ပါကွာ၊
ဒါပေမဲ့ ငွေသုံးထောင် ပေးမယ့်လူပေါ် တော့
မင်းက ငါ့ကို သတ်ပေးခဲ့တယ်၊ တကယ်တော့
မင်းကို မြခင်တို့ သာဝတို့ ပေးတဲ့ငွေတွေကလည်း
ငါ့ငွေတွေပါပဲကွာ၊ မင်းလည်း တော်တော်လုပ်ရက်တဲ့
ကောင်ပဲ ရင်းထောင်၊ ကဲ ခုတော့ မချိမဆံ့
အသက်ထွက်သွားရပြီမို့လား၊ ကျုပ်တွေးရင်
ကျေနပ်နေတာဗျို့။

ကျုပ်နဲ့ ကိုသရဲ ကိစ္စပြီးတော့ သရက်ပင်အုပ်ကို
ပြန်လာပြီး ကျုပ်တို့ နေနေကျ သစ်ကိုင်းကြီးမှာ
ပြန်နေလိုက်ကြတယ်၊ ခြောက်လလောက်ကြာတော့
ကိုသရဲက ကျုပ်ကို ပြောတယ်၊

“တစ္ဆေရေ၊ မင်းရဲ့ အဓိကရန်သူတွေကို သတ်ဖို့
အချိန်ကျပြီဟေ့”

“ဟာ ဟုတ်လား ကိုသရဲ”

ကျုပ်ဖြင့် ပျော်လိုက်တာဗျာ၊ တွေ့ကြသေးတာပေ့ါ။
သာဝနဲ့ မြခင်ရော ။ ကျုပ် ဒီမိန်းမယုတ်ကို မြန်မြန်မရှင်းလို့
မဖြစ်ဘူးဗျ၊ ကိုသရဲ ပြောတယ်၊ သာဝက ကျုပ်အမွေရတဲ့
ကျုပ်တို့ ဘိုးဘွားလက်ထပ်ကတည်းက မစားရက်
မသောက်ရက်နဲ့ စုခဲ့တဲ့ ရွှေတွေကို ရောင်းချပြီး
မြို့မှာ တိုက်တစ်လုံးဝယ်ပြီး ပွဲရုံဖွင့်ဖို့ စီစဉ်နေတယ်ဆိုပဲ၊

တောသူဋ္ဌေးဘဝကို အားမရလို့ မြို့သူဋ္ဌေးဘွဲ့ခံတော့မှာပေါ့ဗျာ၊
ကျုပ်နဲ့ ကိုသရဲ ကျုပ်ဝိုင်းထဲက သရက်ပင်ကြီးကို
ပြန်ရောက်လာကြတယ်။ ကျုပ်က မြခင်ကို ဖမ်းစားဖို့
ကိုသရဲက ပြောတယ်၊ မိန်းမစိတ်က သိပ်ရတာ
နည်းနည်းလွယ်သတဲ့၊ သာဝကို သူက ဖမ်းစားမယ်တဲ့ဗျို့၊

ယောင်္ကျားစိတ်က သိပ်ရတာ ခက်လို့ ကိုသရဲကိုယ်တိုင်
သာဝကို ဖမ်းစားမှာတဲ့ဗျ။ ကိုသရဲက သရဲသာ
ပြောတယ်။ လူတွေထက် အများကြီး သစ္စာရှိတဲ့
သရဲဗျ။ ကျုပ် လူ့ဘဝတုန်းက ကိုသရဲလို မိတ်ဆွေမျိုး
ရခဲ့ရင် တော်တော်ကောင်းမှာလို့ ကျုပ် မကြာမကြာ
တွေးမိတယ်ဗျာ။ ခုတော့ ကျုပ်က သာဝလို
ကောင်မျိုးကို လူကောင်းထင်ပြီး လွှတ်ယုံခဲ့မိလို့
ကျုပ်အသက် ဆုံးခဲ့ရတာပေါ့ဗျာ၊

ကျုပ်တို့ နှစ်ယောက် မိန်းမယုတ်နဲ့ ယောင်္ကျားယုတ်ကို
စပြီးဖမ်းစားခဲ့ကြတယ်၊ တော်တော်ကို ခဲရာခဲဆစ်
လုပ်ခဲ့ကြရတာဗျ၊ ဒါပေမဲ့ နှစ်လလောက် ဇွဲနဲ့ ဖမ်းစားတော့
မိရောဗျို့။ သူတို့ နှစ်ယောက်ရဲ့ စိတ်တွေကို
သိပ်ထားလိုက်နိုင်ပြီဗျ။

ကျုပ်နဲ့ ကိုသရဲ လုပ်ထားလိုက်တာ ဒီလင်မယား
တစ်ခါ တစ်ခါမှ လူစိတ်ပေါက်ပြီး လင်မယားချင်းတောင်
မမှတ်မိကြဘူးဗျ၊ ရွာထဲက လူတွေကိုလည်း
မမှတ်မိကြဘူး။ သူတို့လင်မယားရဲ့ သတင်းက
ဘန့်ဘွေးကုန်းတို့ ထနောင်းကုန်းတို့အထိ ကျော်လို့ဗျာ၊

သာဝတို့ မြခင်တို့လင်မယား ရူးသွားလို့ဆိုပြီး
ပြောကြဆိုကြတော့တာပေါ့ဗျာ။ ဒါပေမဲ့ ကျုပ်တို့
ဖမ်းစားနေတာ သတ်လို့ရတဲ့အထိတော့ မရောက်သေးဘူးဗျ။
ဒါပေမဲ့ နီးလာပြီဆိုတော့ ကိုသရဲက ပြောတာပဲဗျာ။

ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ ဒီသစ္စာမဲ့တဲ့
လင်မယားကို သတ်ရဖို့ဆိုရင် ဘယ်လောက်ကြာကြာ
စောင့်ရ စောင့်ရ စောင့်မယ့်ကောင်ပါဗျာ။

XXXXX

နွေဦးပေါက်စအချိန် နှင်းကြွင်းနှင်းကျန်တွေ
အကုန်ကျတဲ့ အချိန်ပေါ့ဗျာ၊ တာတေဆိုတဲ့
ကျုပ်က အညာသားဆိုတော့ ဒီလိုအချိန်ဟာ
ကျုပ်တို့ အညာဒေသဟာ အလှဆုံးဆိုတာ
ကျုပ် သိတာပေါ့ဗျာ။ ဒီအချိန်ဆိုရင် ကျုပ်က
စောစောအိပ်ရာထပြီး ရွှေတောင်ဦးဘုရားကို
စောစောသွားပြီး အညာရနံ့ကို ရှုရှိုက်နေကျဗျာ။
အခုလည်း ကျုပ် ရွှေတောင်ဦးဘုရားဘက်ကို
လမ်းလျှောက်ပြီး ပြန်လာတာဗျ။

“ဟဲ့ တာတေ၊ ဒီမှာ စံအေးက နင့်ကို
စောင့်လိုဟဲ့၊ မြန်မြန်လာ”

ဝိုင်းထဲဝင်လိုက်တာနဲ့ အမေက ကျုပ်ကို
ဆီးပြောတာဗျ။

“လာ လာ၊ တာတေ၊ စောစောစီးစီး ထပြီး
ဘယ်သွားတာတုံး၊ ဘယ်ကောင်မလေးနဲ့
ချိန်းတွေ့တာတုံး၊ မှန်မှန်ပြော”

ကိုကြီးစံအေးက ကျုပ်ကို ဆီးစတော့တာဗျ၊

“ကျုပ်မှာ ချိန်းတွေ့ဖို့ ဘယ်သူရှိသေးလို့တုံး
ကိုကြီးစံအေးရာ၊ လှယဉ် မရှိကတည်းက
ကျုပ်မှာ ဘာမှမရှိတော့တာ ကိုကြီးစံအေး
သိပါတယ်ဗျာ”

ကျုပ်က အိမ်ပေါ်တက်လာရင်း ကိုစံအေးကြီးကို
ပြန်ပြောလိုက်တယ်ဗျ။

“ခက်တာပဲ တာတေရာ၊ မင်းကလည်း လှယဉ်
တစ်ယောက်ကိုပဲ မိန်းမထင်နေတာကိုးကွ”

ကျုပ်က ဘာမှပြန်မပြောတော့ဘဲ ရယ်နေလိုက်တယ်။
ကိုစံအေးကို အမေက ဆေးလိပ်တွေ ဘာတွေ တည်ထားလို့
သောက်နေပြီဗျ။

“အမေ အဘရော၊ ဘယ်သွားတုံး”

“နင်အဘလည်း နင်နဲ့ ရှေ့ဆင့်နောက်ဆင့် ထွက်သွားတာပဲဟေ့၊
ရွှေတောင်ဦးဘုရားပွဲအတွက် အကြိုအစည်းအဝေး
လုပ်မှာမို့လို့တဲ့၊ ရွာဦးကျောင်းကို သွားလေရဲ့”

“ကိုကြီးစံအေး ၊ စောစောစီးစီး ကိစ္စရှိလို့လားဗျာ”

“ကိစ္စရှိဆို ကိုသာဝတို့ မမြခင်တို့ စိတ်နောက်သလို
ဖြစ်နေကြလို့ကွ”

” ဟင် ၊ ကားထောင်တဲ့ ကိုသာဝလား”

“အေးလေကွာ။ ကိုသာဝက မြခင်ရဲ့ နောက်အိမ်ထောင်လေကွာ၊
ပထမအိမ်ထောင်က ကိုမိုးညိုလေ၊ ကိုမိုးညို ဆုံးတော့
မမြခင်နဲ့ ကိုိမိုးညို သူငယ်ချင်း ကိုသာဝတို့ ယူလိုက်ကြတယ်၊
မမြခင်က ကိုမိုးညိုနဲ့ ကလေးတစ်ယောက် ရတယ်၊
ကိုသာဝနဲ့ ကလေးတစ်ယောက် ရတယ်၊ အဲဒီကလေးတွေလည်း
ကျန်ခဲ့တဲ့ နှစ်နှစ်လောက်က ရှေ့ဆင့်နောက်ဆင့်
သေသွားကြတာကွ”

“ဟင် ဟုတ်လား၊ နှစ်ယောက်စလုံးလားဗျ”

အေး နှစ်ယောက်စလုံးကွ၊ တစ်ယောက်နဲ့ တစ်ယောက်
သုံးလေးလပဲခြားတယ်၊ နှစ်ယောက်လုံး ဆုံးသွားရှာတာ”

“ဟင် ဟုတ်လား ။ ဘာရောဂါတွေနဲ့ ဆုံးတာတုံးဗျ”

“ဘာရောဂါရယ်လို့ကို မယ်မယ်ရရ မရှိဘူးကွာ၊
တပိန်ပိန် တလိန်လိန်ဖြစ်ပြီး သေကုန်ကြတာပဲကွ၊
အခုလည်း မမြခင်နဲ့ ကိုသာဝတို့လည်း
အကောင်းကြီးကနေပြီး
စိတ်နောက်သလို ဖြစ်နေကြတယ်ကွ”

“ဟင် ဟုတ်လား၊ အခြေအနေက
တော်တော်ဆိုးနေလို့လားဗျ”

“ဟာ တာတေကလည်း တစ်ခါ တစ်ခါကျရင်
လင်မယားချင်းတောင် မမှတ်မိကြဘူးကွ၊
ခင်ဗျား ဘယ်သူတုံး၊ ရှင် ဘယ်သူတုံးတွေ
ဖြစ်ကုန်ကြတာကွ၊ တစ်ခါ တစ်ခါတော့လည်း
သတိပြန်လည်လာတတ်တယ်၊ ကိုသာဝဘက်က
အမျိုးတွေရော မမြခင်ဘက်က အမျိုးတွေပါ
သွားပြီး စောင့်နေကြရတယ်”

“ဟင်၊ ဘယ်လိုဖြစ်ကြတာတုံးကွာ”

“ရွာကလူတွေက အစတုန်းကတော့ သိပ်ပြီး
သတိမထားမိဘူးပေါ့ကွာ။ ခုတော့ ကလေးတွေလည်း
ဆုံးကုန်၊ လူကြီးလည်း ရူးကုန်ဆိုတော့ ဒီကိစ္စ မရိုးဘူးလို့
ထင်ကုန်ကြတာပေါ့ကွာ၊ ဒီတော့ ဆရာတွေ ဘာတွေ
ရှာဖို့ တာတေနဲ့ တိုင်ပင်ကြည့်စမ်းပါ စံအေးရာဆိုလို့
မင်းဆီကို ငါလာခဲ့တာကွ တာတေရ”

“သြော် …ဒီလိုလား၊ ကဲ ဒါဆိုရင်လည်း ကျုပ်
ညကျတော့ မဖဲဝါကို မေးပေးမယ်ဗျာ။
မနက်ဖြန်ကျတော့ ကျုပ်ဘန့်ဘွေးကုန်းလာပြီး
အကျိုးအကြောင်းပြောမယ်”

“အေး အေး ဟုတ်ပြီ၊ ငါ ရွာက ဘိုးတော်ကြီးတွေကို
မင်းပြောတာ ပြန်ပြောလိုက်မယ်”

ကိုစံအေးက ထွေရာလေးပါးတွေပြောရင်း
တော်ကြာမှာ ထပြန်သွားတာဗျို့။

ညရောက်ရောက်တော့ မဖဲဝါရဲ့ ကိုယ်ခွဲရုပ်ကလေးကို
ကိုင်ပြီး ကျုပ်က မဖဲဝါကို အိပ်မက်တောင်းတယ်၊
အိပ်မက်ထဲမှာ ကျုပ်နဲ့ မဖဲဝါ တွေ့တာ၊ ခါတိုင်းလို
ဆယ့်နှစ်ရာသီ အဝါပင်ကြီးအောက်မှာပဲဗျ၊
လေတွေ တဝေါဝေါ တိုက်နေတဲ့ကြားက မဖဲဝါက
ကျုပ်ကို မေးတာဗျ၊

“တာတေ နင့်မှာ ဘာကိစ္စရှိလို့တုံး”

“မဖဲဝါ၊ ဘန့်ဘွေးကုန်းက ကားထောင်တဲ့ ကိုသာဝတို့
မမြခင်တို့အကြောင်းကို မေးချင်လို့ပါဗျာ”

ကျုပ်က ဒါပဲပြောရသေးတယ်၊ မဖဲဝါက
ကျုပ်ကို ပြောပြတာဗျ၊

“တာတေ ၊ မြခင်ဆိုတဲ့ကောင်မက မိန်းမယုတ်မ၊
သာဝဆိုတဲ့ကောင်ကလည်း ယောင်္ကျားယုတ်ဟဲ့။
မိုးညိုက လူကောင်းသူကောင်း၊ မြခင်က မိုးညိုကို
မယူခင်ကတည်းက သာဝနဲ့ တိတ်တိတ်ပုန်း ရနေတာ၊
ကလေးရှိတော့မှ မိုးညိုနဲ့ ယူလိုက်တာ၊
အဲဒီကလေးက သာဝကလေး၊ မိုးညိုက
ဒါတွေကို ဘာမှမသိဘူး။ မွေးလာတဲ့ ကလေးကို
သူ့ကလေးပဲ ထင်နေတာ၊ ခုတော့ ဒီကလေးလည်း
မရှိတော့ပါဘူး၊ မိုးညိုနှင့် ယူပြီးတော့လည်း
သာဝနဲ့ လင်ငယ်နေတာပဲ၊ မိုးညိုအဖေဆုံးတော့
ရွှေအများကြီးကို မိုးညိုတစ်ယောက်တည်း
အမွေရလိုက်တာလေ၊ ဒါကိုတွေ့တော့ မြခင်က
ဒီစည်းစမ်တွေကို မိုးညိုနဲ့ မခံစားချင်ဘူး၊
သာဝနဲ့ ခံစားချင်တယ်၊ သာဝကို မကြာမကြာ
နားပူနားဆာလုပ်တော့ သာဝကလည်း
လောဘတက်လာပြီး နောက်ဆုံးထန်းတက်တဲ့
ရင်းထောင်ဆိုတဲ့ အကောင်ကို ငွေပေးပြီး
မိုးညိုကို သေကြောင်းကြံတယ်ဟဲ့”

“ဟာ ရက်စက်လိုက်ကြတာဗျာ”

“အေး…ထန်းရည်ထဲမှာ ဟုန်းမြစ်ထည့်လိုက်တာ၊
မိုးညို သေရော၊ ဒီတော့မှ အယုတ်မ မြခင်က
လင်ငယ်ကို လက်ထပ်ပြီး သူဋ္ဌေးတွေ သူဋ္ဌေးတွေ
ဖြစ်ကုန်ကြတာပေါ့ဟယ် အခုတော့ ဟိုကောင်လက်ချက်နဲ့
ရင်းထောင်လည်း သေသွားပါပြီ”

“ဗျာ …ထန်းတက်တဲ့ ကိုရင်းထောက်က ထန်းပင်ပေါ်က
ကျသေတာမို့လား မဖဲဝါရဲ့ ”

“ဘယ်က ဟုတ်ရမှာတုံး တာတေ၊ ဟိုကောင်ပဲ
သတ်လိုက်တာဟဲ”

“ဗျာ…ဘယ်ကောင် သတ်တာတုံး မဖဲဝါ”

“ဟာ မိုးညိုလေ၊ မိုးညိုက တစ္ဆေဖြစ်နေတာဟဲ့၊
အကုန်လုံးကို လိုက်ပြီး လက်စားချေနေတာ။
အကုန်လုံးကို သတ်ပစ်မှာ၊ ပထမဆုံး ကလေးနှစ်ယောက်ကို
သတ်ပစ်မယ်။ ပြီးတော့ ထန်းတက်သမားရင်းထောင်
အခုတော့ အဓိကလက်သည် နှစ်ယောက်လေ”

“ဟင် …ဘယ်သူတွေတုံးဗျ”

“ဟဲ့ တာတေ၊ နင် အ,လှချည်လား၊ မြခင်နဲ့ သာဝလေ။
အခုပဲ ရူးအောင် လုပ်ထားပြီလေ၊ အဲဒါ တစ္ဆေမိုးညိုလက်ချက်ဟဲ့၊
သိပ်မကြာပါဘူး၊ မိန်းမယုတ်လင်မယား သေတော့မှာပါ”

“ဗျာ၊ ဒါဆိုရင် ဘယ်လိုတားရမှာတုံး မဖဲဝါ၊
ကျုပ်ကို ပြောပါဗျာ”

“တာတေ ၊ မတရားခံခဲ့ရတဲ့ မိုးညိုက သူ့ရန်ကြွေးကို
သူဆပ်နေတာဟဲ့ ၊ နင်က ဘာဆိုင်လို့တုံး”

“ဟာ ၊ဒီလိုလည်း မဟုတ်ဘူးလေ မဖဲဝါရယ်၊
မမြခင်တို့ ကိုသာဝတို့လည်း သူတို့အပြစ်ကို သူတို့
နောက်ဘဝတွေမှာ ခံကြရမှာပေါ့ဗျာ၊ အခုတော့
ကယ်သင့်တာပေါ့ဗျာ”

“နင် ငါ့ကိုယ်ခွဲရုပ်ကိုပြပြီး မိုးညိုကို ငါ့အမိန့်နဲ့ ရွာပြင်
ထွက်ခိုင်းလိုက်ပေါ့၊ ဒါပေမဲ့ တစ္ဆေမိုးညိုတစ်ယောက်တည်း
မဟုတ်ဘူး တာတေ၊ သရဲတစ်ကောင်ပါ ပါနေတယ်၊
သူ့တို့လည်း ငါ့အမိန့်နဲ့ နှင်ထုတ်လို့ရတယ်၊
အခု ဒီကောင်နှစ်ကောင် မြခင်တို့ သာဝတို့နေတဲ့
ဝိုင်းထဲက သရက်ပင်အကြီးဆုံးကြီးပေါ်မှာ ရှိတယ်။
နင်မြန်မြန်သွားပြီး နှင်ထုတ်နိုင်ရင်တော့ မီလိမ့်မယ်၊
မြန်မြန်မသွားနိုင်ရင်တော့ မီမှာမဟုတ်တော့ဘူး တာတေ”

ကျုပ် လန့်နိုးသွားတယ်။ ကျုပ် အိပ်ရာက ချက်ချင်း
ထပြီး တံခါးဖွင့်တယ်။

“ဟဲ့ တာတေ၊ ဒါ ဘယ်တုံး၊ အချိန်မရှိကြီး
ဘာသွားလုပ်ဦးမှာတုံး”

အမေ နိုးသွားတာဗျ။

“အဟမှး ၊ အဟမှး”

အဘလည်း နိုးသွားပြီဗျို့။

“ကျုပ် ဘန့်ဘွေးကုန်းကို သွားမလို့ဗျ”

“ဟဲ့ ဘန့်ဘွေးကုန်းသွားရအောင် ညသန်းခေါင်ကြီးမှာ
မဟုတ်တာ တာတေရယ်၊ မနက်မှ သွားဟဲ့”

“ကျုပ် နောက်ကျလို့ မဖြစ်ဘူးဗျ၊ ကျုပ် နောက်ကျရင်
ကားထောင်တဲ့ ကိုသာဝတို့လင်မယား သေလိမ့်မယ်”

ကျုပ်က အမေနဲ့ အဘကို ပြောပြီး တံခါးဖွင့်လိုက်တယ်၊

“တာတေရေ၊ တာတေ”

“ဟဲ့ အချိန်မရှိကြီး ဘယ်သူရောက်လာပြန်တာတုံး”

အမေက အသံကိုနားထောင်ပြီး ပြောတာဗျ၊
အသံက ဝိုင်းဝကနေ ကျုပ်ကို ခေါ်နေတာဗျ။
ဒီအသံကို ကျုပ် ချက်ချင်း သိသွားတယ်။

“ကိုကြီးစံအေးလား”

“အေး ဟုတ်တယ် တာတေ၊ ငါပါ”

“တံခါးဖွင့်ပြီး ဝင်ခဲ့လေ”

ကိုစံအေးက ဝိုင်းတံခါးကို ဖွင့်ပြီး ဝင်လာတယ်။
အိမ်ပေါ်ရောက်တာနဲ့ ကိုကြီးစံအေးက
တန်းပြောတော့တာဗျ။

“တာတေ မင်း ဘယ်သွားမလို့တုံး”

“ခင်ဗျားတို့ ဘန့်ဘွေးကုန်းကို လာမလို့ပဲဗျ။
မဖဲဝါက ကျုပ် မြန်မြန်သွားမှ မမြခင်တို့ကို
ကယ်လို့ရမယ်ဆိုလို့ ကျုပ် အခု လာဖို့လုပ်နေတာဗျ။
ကိုကြီးစံအေးရဲ့”

“ဟေ …ဟုတ်လား၊ မဖဲဝါက မင်းကို ဒီအတိုင်း
ပြောတာလားကွ”

“ဟုတ်တယ် ကိုကြီးစံအေး ၊ ကဲ ခပ်သုတ်သုတ်
သွားကြစို့ဗျာ”

ကျုပ်က ချက်ချင်းမတ်တတ်ထရပ်လိုက်တယ်။

“မသွားနဲ့တော့ တာတေ၊ မင်း မမီတော့ဘူးကွ”

“ဗျာ၊ ဘာဖြစ်လို့တုံး ကိုကြီးစံအေးရ”

“မမြခင်ရော ကိုသာဝရော ခုနကလေးတင် သေကုန်ကြပြီ”

“ဟဲ့ ဟုတ်လား စံအေးရဲ့ ၊ ဘယ်လိုတွေ ဖြစ်ကြတာတုံး
စံအေးရယ်”

“အရီးရေ၊ လင်မယားနှစ်ယောက် လူစိတ်ပျောက်ပြီး
တစ်ယောက်နဲ့ တစ်ယောက် နှီးဖျာတဲ့ ဓါးချွန်တွေနဲ့
ထိုးကြတာတဲ့ဗျာ၊ မျက်လုံးကြီးတွေပြူးပြီး သူတစ်ချက်
ကိုယ်တစ်ချက် ထိုးကြတာတဲ့ဗျာ၊ တစ်ယောက်
တစ်ယောက်မှာ ဓါးချက် ဆယ်ချက်ကျော်
ထိတာဆိုပဲ”

“ဟာ လူတွေက ဝိုင်မဆွဲကြဘူးလားဟဲ့”

“သူတို့အမျိုးတွေ ရှိပါတယ်။ ဝိုင်းဆွဲတဲ့လူတွေကိုပါ
ထိုးလို့ ဘယ်သူမှ အနားကို မကပ်ရဲကြတော့ဘူးတဲ့
အရီးရေ၊ တစ်ယောက်နဲ့ တစ်ယောက် မသေမချင်းကို
ထိုးကြတာတဲ့ဗျာ၊ တစ်အိမ်လုံးလည်း သွေးတွေကို
ရဲနေတာပဲတဲ့”

“ဟဲ့ ဒါဆိုရင် အခု သေကုန်ရောလား စံအေးရဲ့”

“မသေမချင်း ထိုးပါတယ်ဆိုမှတော့ သေပြီပေါ့ဟဲ့
ငွေစိန်ရဲ့”

ကျုပ် အဘက ဝင်ပြောတာဗျို့၊

” အောင်မယ်လေး ဖြစ်ရဖြစ်လေဟယ်၊ ကြားရတာနဲ့တောင်
ငါမှာ ရင်တွေတုန်လိုက်တာဟယ် ”

“ဘယ်လိုများ ဖြစ်ကြတာပါလိမ့် စံအေးရယ်၊
ဘယ်လိုများ ကြားတုန်းကွ”

” အဘက ကိုစံအေးကြီးကို မေးတာဗျ၊

“လူတွေကတော့ အင်းနဲ့ အတိုက်အခံရသလိုလို
စုန်းပြုစားခံရသလိုလို ၊ တစ်ချို့ကလည်း သိယောင်ကား
တတ်ယောင်ကား လုပ်ပြီး အာဠာဝကအင်းနှင့်
စီရင်တာတို့ ပုဏ္ဏားအင်းနှင့် တိုက်တာတို့တွေ
ပြောနေကြတာပဲ ဘိုးဥာဏ်ရယ်၊ ကိုသာဝတို့
ဝိုင်းထဲမှာလည်း သူကြီးရော ၊ ဆယ်အိမ်ခေါင်းတွေရော၊
လူတွေရော ပြည့်ကျပ်နေကြတာနဲ့ ကျုပ်တောင်
ဝိုင်းထဲမဝင်တော့ဘဲ တာတေ့ဆီကို တန်းပြီး
ထွက်လာတာဗျ”

“အခု ဘယ်နှနာရီရှိပြီတုံး တာတေ”

အမေက ကျုပ်ကို မေးတာဗျ။ ကျုပ်က
ဘုရားခန်းထဲက စားပွဲတင် နာရီလေးကို
လှမ်းကြည့်လိုက်တယ်။

“သုံးနာရီထိုးတော့မယ် အမေရဲ့ ”

“ဒါဆိုရင် ညနှစ်ချက်တီးလောက်က ဖြစ်တာပေါ့”

“ဟုတ်တယ် အရီး၊ ညနှစ်နာရီ မထိုးတထိုးမှာ
အော်ကြဟစ်ကြတဲ့ အသံတွေ စပြီးကြားရတာ၊
ရွာထဲကလူတွေ ရောက်သွားတော့ သွေးအိုင်ထဲမှာ
လင်မယားနှစ်ယောက်လုံး သေနေကြပါပြီ အရီးရာ”

မိုးလင်းကာနီးမှ ကိုစံအေး ပြန်သွားတယ်။
ကျုပ်တို့လည်း ပြန်ပြီး မအိပ်ကြတော့ပါဘူးဗျာ။
ဒီလင်မယား သေတာ တစ္ဆေ ဖြစ်နေတဲ့ လင်ကြီး
ကိုမိုးညိုရဲ့ လက်ချက်ဆိုတာတော့ ဘယ်သူမှ
မသိကြဘူးပေါ့ဗျာ။

တစ္ဆေ ကိုမိုးညိုနဲ့ တခြားသရဲတစ်ကောင်ကိုလည်း
မဖဲဝါရဲ့ ကိုယ်ခွဲအရုပ်ပြပြီး ရွာထဲကနေ နှင်ထုတ်ဖို့
မလိုတော့ဘူးလေ။ သူတို့ကိစ္စ ပြီးသွားရင်
ကိုမိုးညိုတစ္ဆေရော သူ့အဖော် သရဲတစ်ကောင်
ဆိုတာရော ဘန့်ဘွေးကုန်းကနေ
ပြန်ထွက်သွားကြမှာပဲပေါ့ဗျာ။

‘လူသတ်ကုန်းက မဖဲဝါ ‘စာအုပ်မှ ကောက်နှုတ်တင်ပြသည်။

ပြီးပါပြီခဗ်ာ

စာဖတျပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ