သရဲငနွားမောင်

သမား”

ငနွားမောင်၏အခေါ်ကြောင့် ငခိုင်
ဒေါသတို့ထွက်လာလေသည်။

“မပေးတော့ဘာလုပ်ချင်လဲကွာ……..”

‘ဟ…မင်းတို့ရှုံးတာလေ…မပေးလို့ရမလား….”

ငနွားမောင်ပုဆိုးကိုခပ်တိုတိုပြင်ဝတ်ရင်းပြောလိုက်သည်။

“ရတယ်ကွာ…မပေးဘူး…မပေးတော့ဘာဖြစ်လဲ”

“အေး……မပေးတော့……ဒါဖြစ်တယ်ကွာ………..”

“ခွပ်……….”

“ချကွာ….ချကြ….”

ငနွားမောင်သည် ငခိုင်၏မျက်နှာအားလက်သီးဖြင့်ထိုးကာ
နှစ်ဦးသားလုံးထွေးသတ်ပုတ်တော့၏။
ငနွားမောင်၏အဖော်များသည်လည်း
ငခိုင်၏အဖော်များနှင့်သူတပြန်ငါတပြန်လုံးထွေးကြတော့သည်။
ငနွားမောင်နှင့်ငခိုင်လုံးထွေးနေရင်းမှ
ငခိုင်သည် သူ၏ခါးကြားတွင်အသင့်ယူလာသော
ဓားဖြင့် ငနွားမောင်အလှစ်၌ ငနွားမောင်၏ဗိုက်ကိုထိုးချလိုက်လေရာ…..

“အ………”

“ဟာ….ဓားနဲ့ထိုးသွားပြီ…………”

“ပြေးဟေ့…ပြေးကြ…….”

“ငနွားမောင်…ငနွားမောင်……ဟာ…..”

“ဟာ…သူကြီးခေါ်ကြပါဟ…သူကြီးခေါ်ကြ”

ငခိုင်တို့အုပ်စုမှာထွက်ပြေးသွားတော့သည်။
ရန်ဖြစ်ရတာခုံမင်လှသော ငနွားမောင်တစ်ယောက်
ငခိုင်၏ဓားချက်နှင့်ပင် အသက်ထွက်သွားရှာ၏။
ငနွားမောင်ဖခင်ကြီးလည်း ရွာထိပ်ညောင်ပင်အောက်၌သားဖြစ်သူအလောင်းကိုတွေ့လေရာ များစွာယူကျုံးမရဖြစ်ရရှာသည်။
ထို့နောက်တော့ ငခိုင်တို့အဖွဲ့အားရှာဖွေဖမ်းဆီးကာ
မြို့ဂတ်သို့လက်ရအပ်လိုက်ကြသည်။

ရွာထိပ်ညောင်ပင်ကြီးသည် အရိပ်အာဝသကောင်းလှသည်မို့
ရွာရှိကလေးငယ်များဆော့ကစားရာနေရာလည်းဖြစ်၏။
သို့သော် ငနွားမောင်သေဆုံးသည့်အချိန်မှစ၍
ထိုနေရာ၌ မည်သူမှ ဆော့ကစားခြင်းမရှိတော့ပေ။
ကြက်တိုက်သူများသည်လည်း ထိုနေရာသို့ရောက်မလာကြတော့ပေ။
အကြောင်းသည်က ငနွားမောင်တစ်ယောက် သရဲဘဝဖြင့်
ထိုညောင်ပင်ကြီးအောက်တွင်ခြောက်လန့်သည်ဟုဆိုသောကြောင့်ဖြစ်သည်။

“တနေ့က ကြက်ပွဲစမလို့ရှိသေးတယ်ဟေ့…
အပုပ်နံ့ကြီးလှိုင်ခနဲထွက်လာပြီး…ကြက်နှစ်ကောင်စည်းဝိုင်းအပြင်ထွက်ပြေးပါကောလား….လူတွေလည်း ဒါငနွားမောင်လက်ချက်ဆိုတာသိပြီး ညောင်ပင်အောက်မသွားကြတော့ဘူး”

ဟု…သတင်းထွက်နေခဲ့သည်။

တစ်ည၌ အရက်သမားငကြွက်ဆိုသူသည်
ညောင်ပင်ကြီးအောက်၌ မူးမူးရူးရူးဖြင့်ရောက်လာပြီး
အိပ်ပျော်သွားလေသည်။

ထိုသို့အိပ်နေချိန်….

“ဟေ့ကောင်…ငကြွက်…ထစမ်း…ငကြွက်…ထစမ်းကွာ….”

“ဘယ်…ဘယ်သူလဲ…….”

“ငါပါ…ငနွားမောင်…ထစမ်းပါကွာ……”

“ဘာလုပ်မလို့လဲဗျာ…ကျုပ်အိပ်ချင်လှပြီ…….”

“ငကြွက်…ငကြွက်……..”

ငကြွက်မှာအရက်ခိုးကြောင့် မနိုးထခဲ့။
ပုပ်နံ့များလှိုင်နေအောင်ရပါသော်လည်း ငကြွက်ပေ၍အိပ်နေသည်။
ဝမ်းလျားမောက်၍အိပ်နေသော ငကြွက်တစ်ယောက်…..

“ဖြန်းးးးး………”

“အား……….”

ကျောပြင်သို့ လက်ဝါးချက်တစ်ခုဖြန်းခနဲ ကျလာခဲ့ပြီး
ငကြွက်တစ်ယောက် နာကျင်စွာအော်ဟစ်တော့၏။
နာနာနှင့်ထလာပြီး ရွာထဲသို့သုတ်ချေတင်ရှာသည်။

နောက်တစ်နေ့နံနက်၌…
သရဲငနွားမောင်လက်ချက်ကြောင့် ငကြွက်တစ်ယောက်
ကျောပြင်၌ လက်ဝါးရာကြီးရရှိသွားသည်ကို
တစ်ရွာလုံးသိရှိသွားလေသည်။

တစ်ရက်ညသန်းခေါင်ချိန်၌ လူသုံးဦးသည်ကုန်းရိုးရွာရဲ့
ရွာထိပ်ရှိညောင်ပင်ကြီးဆီသို့တိတ်တဆိတ်
ရောက်လာခဲ့ကြသည်။
သူတို့၏လက်အတွင်း၌ ငှက်ကြီးတောင်ဓားတစ်လက်ဆီပါရှိ၏။
သုံးဦးအနက်တစ်ဦးမှ
အရက်ပုလင်းတစ်လုံးကိုလည်း ခါးကြား၌
ထိုးလာခဲ့လေသည်။
ထိုသူတို့သည် မှောင်ရိပ်ခိုကာရောက်လာခြင်းပင်။
ညောင်ပင်ကြီးအောက်ရောက်သည်နှင့်ဓားများကို
ညောင်ပင်​ခြေရင်း၌ထောင်ထားကြသည်။
ပြီးနောက် အရက်ပုလင်းကိုဖွင့်ကာ…

“သရဲကြီငနွားမောင်…ကျုပ်တို့က ဘေးရွာက…
စိန်တင်…ခင်မောင်…ငဗြော တို့သုံးယောက်ပါ…
ကျုပ်တို့ခင်ဗျားရဲ့ကုန်းရိုးရွာကိုမနက်ဖြန်ညမှာဓားပြတိုက်ပါ့မယ်…လိုတာပဲယူပါမယ်…လူမသတ်ပါဘူး…ဘယ်သူ့ကိုမှလည်းမစော်ကားပါဘူး…ဒီအတွက်သရဲကြီးငနွားမောင်
ကျုပ်တို့အရေးကို ကူညီပေးပါ ကူညီမယ်ဆိုရင်ဟောသည်ဓားတွေမလဲပါစေနဲ့….သင်မကူညီနိုင်ရင်တော့
ဓားတွေလဲကျပါစေ”

ဟု…စိန်တင်ဆိုသောလူမိုက်ကပြောလေသည်။
ထိုသို့ပြောအပြီးဓားတစ်လက်မှာမြေပေါ်သို့လဲကျသွား၏။
ကျန်လူမိုက်နှစ်ယောက်မှာတစ်ယောက်မျက်နှာတစ်ယောက်
ကြည့်နေကြသည်။
စိန်တင်သည် အားမရစွာဖြင့်ထပ်မံပြောလေရာဓားသုံးချောင်းလုံးလဲကျသွားပြန်သည်။
ထိုအခါ…

“တောက်….မင်းလက်ခံခံမခံခံကွာ….မနက်ဖြန်မင်းရွာက်ို
ဓားပြဝင်တိုက်ကိုတ်ိုက်မယ်..လာဟေ့ကောင်တွေပြန်ကြမယ်…”

စိန်တင်ဒေါသထွက်ထွက်ဖြင့်ဓားများကိုပြန်ယူကာ
ပြန်သွားတော့လေသည်။

***************************

“ဘွားမယ်စိန်ဆိုတာလားဗျ………..”

“မောင်ရင်ကဘယ်သူတုန်း”

“ကျုပ်နာမည်က ငနွားမောင်ပါ……”

“အေး…ဘာအကြောင်းရှိလို့တုန်း……”

“ကျုပ်က ကုန်းရိုးရွာသားပါ…ပြောရရင်ကျုပ်ကကုန်းရိုးရွာထိပ်ကညောင်ပင်မှာခိုကပ်နေရတဲ့သရဲပေါ့ဗျာ…
အခုကျုပ်တို့ရွာကို မနက်ဖြန်ညမှာဓားပြတိုက်မယ်ဆိုပြီး
ကျုပ်ရှိတဲ့ညောင်ပင်မှာလာခွင့်တောင်းကြတယ်…
ကျုပ်ကလက်မခံတော့ ဒီကောင်တွေမနက်ဖြန်မှာဓားပြလာတိုက်ကိုတိုက်မယ်ဆိုပြီးကျိန်းသွားတယ်ဗျာ……….”

“အလိုလေး……ဒါဆို မောင်ရင်တို့ရွာမှာမနက်ဖြန်ညဓားပြတွေဝင်မှာပေါ့လေ”

“ဟုတ်ပါတယ်…ဒါ့ကြောင့်ကျုပ်လည်းကူညီနိုင်သူရှာရင်း
ကျုပ်ကိုပုဂ္ဂိုလ်တစ်ဦးက သောင်ထွန်းရွာကဘွားမယ်စိန်ဆိုပြီး
ပြောပေးလို့ ဒီကိုအလျင်လာရတာပါ….ကျုပ်တို့ရွာကိုကူညီပေးပါဗျာ……”

“အေးပါကွယ်…အေးပါ…ဘွား…မောင်ရင်တို့ရွာကိုအချိန်မီရောက်အောင်သွားပြီးပြောပေးပါ့မယ်…မောင်ရင်စိတ်ချပါ”

“ဟုတ်ကဲ့ဘွား…ဒါဆိုကျုပ်စိတ်ချပါပြီ….နောက်ပြီး
ကုန်းရိုးကိုရောက်ရင်ကျုပ်အဖေဦးထော်ကို
ပြောပေးစမ်းပါဗျာ…
ကျုပ်အတွက်ဝမ်းနည်မနေဘဲအလှူအတန်းးလေး
လုပ်ပေးပါလို့…
ဒါဆို ကျုပ်လည်း ဒီထက်မြင့်တဲ့ဘဝကိုရောက်မယ်ဆိုတာလေးဘွားပြောပြပေးပါ”

“ဘွားပြောပေးပါ့မယ်ကွယ်………”

ငနွားမောင်သည် ဘွားမယ်စိန်၏အိမ်မက်အတွင်းရောက်လာကာအကူအညီတောင်းလေသည်။
ဘွားမယ်စိန်အိမ်မက်မှနိုးလေတော့ မိုးပင်လင်းချေလေပြီ။

“မိဝင်းရေ…ညည်းတူတွေ မောင်တိုး…မောင်အုန်းကို
အရေးတကြီးခရီးထွက်ရမယ်ဆိုပြီးသွားခေါ်ခဲ့အေ…”

“ဟင်…အမေ အလောတကြီးပါလားတော်”

“သွားပါအေ…အရေးကြီးလို့ပါ……”

“ဟုတ်…ဟုတ်အမေ…ဒါဖြင့် ကျုပ်သွားလိုက်မယ်…..”

သမီးဖြစ်သူဒေါ်ဝင်းကိုခိုင်းစေလိုက်ပြီးသည်နှင့် ယူဆောင်စရာများကိုထည့်ယူထားတော့သည်။
ပြီးနောက်ရေနွေးကြမ်းသောက် မနက်စာလေးအဆာပြေစားရင်း…

“​မြေးလေး…ကောက်ညှင်းထုပ်တွေရှိတယ်မလား…
ဘွားကိုကောက်ညှင်းထုပ်ရယ်ငှက်ပျောသီးလေးရယ် ထုပ်ပေးပါဦး..လမ်းကြရင်ညည်းအစ်ကိုတွေအဆာပြေစားရအောင်လို့”

“ဟုတ်ကဲ့ဘွား…မြေးပြင်ပေးထားမယ်”

နန်းကြိုင်လေးလည်းမီးဖိုထဲဝင်ကာ အဘွားဖြစ်သူပြောသည့်အတိုင်းပြင်ဆင်ပေးလေသည်။
တအောင့်ကြာလေတော့ မောင်တိုးတို့လှည်းဖြင့်ဒေါ်ဝင်းပြန်လိုက်လာခဲ့သည်။

“ဘာစားထားကွလဲ”

ဘွားမယ်စိန်သည်မောင်တိုးတို့အားမေးလေသည်။

“ကျုပ်ကမနက်အစောထမင်းကြော်စားထားတယ်ဘွား”

“ကျုပ်လည်း အမေကြော်ထားတဲ့မုန့်ဆီကြော်လေးနဲ့အကြမ်းရေသောက်ပြီးပါပြီဘွားရဲ့”

“အေးကွယ်…ဒါဖြင့်လည်းသွားကြရအောင်…
ဘွားလည်းအရေးတကြီးမို့ပါ……”

“ဟုတ်ကဲ့ဘွား…သွားကြတာပေါ့ဗျာ….”

ဘွားမယ်စိန်တို့လှည်းလေးသည် ကုန်းရိုးရွာသို့ ခပ်မြန်မြန်လေးမောင်းလာခဲ့၏။
ငနွားမောင်ပြောလေသောကုန်းရိုးရွာမှာဘွားမယ်စိန်တို့နယ်၌မှားစရာမရှိ၍ ထိုရွာသို့သာဦးတည်လာခဲ့ကြသည်။

မောင်တိုးနဲ့မောင်အုန်းကိုလည်းလမ်းခရီး၌ သွားရသည့်အကြောင်းအားရှင်းပြလိုက်လေရာ
မောင်တိုး…မောင်အုန်းတို့မှာလည်းကုန်းရိုးရွာအတွက်စိတ်ပူနေကြတော့သည်။

ကုန်းရိုးရွာသို့တမနက်လုံးမောင်နှင်လာခဲ့ကြပြီး
နေ့ခင်းအချိန်၌ရောက်ရှိသွားလေသည်။
ရွာသို့ရောက်​တော့သူကြီးအိမ်အားမေးမြန်းကာ
သွားခဲ့ကြသည်။
ကုန်းရိုးရွာသူကြီးသည်ဧည့်သည်ဖြစ်သောဘွားမယ်စိန်တို့အား
သူ၏အိမ်၌ဧည့်ခံလေသည်။
ဘွားမယ်စိန်သည်လည်း သူသိထားသောငနွားမောင်ပြောပြ
သည့်အကြောင်းအရာများကိုပြောပြလေရာ…

“ဒါဖြင့်…ကျုပ်တို့ရွာဒီည ဓားပြတွေဝင်မှာပေါ့…”

သူကြီးသည်အထိတ်တလန့်ဖြစ်သွားပုံရပေသည်။

“ဓားပြဝင်မှာကြိုသိတာ ငနွားမောင်ရဲ့ကျေးဇူးဗျ…
ဒါကိုသူကြီးတို့က ကြိုတင်ပြင်ဆင်ထားရမှာပေါ့”

မောင်အုန်းကပြောလိုက်သည်။

“ကျုပ်တို့ရွာကာလသားတွေကလူကြောက်တွေဗျ…
ဓားပြသာဝင်မယ်ဆိုတာပြောရင်
ဒင်းတို့ကိုရှာလို့တောင်တွေ့မယ်မထင်ဘူး….”

“ဒါမို့…ဒီရွာကိုဓားပြတွေဝင်ချင်တာကိုးဗျ…မပူနဲ့ဗျာ…
ကျုပ်တို့နှစ်ယောက်လုံးဒီည ရွာထိပ်မှာစောင့်ပေးမယ်…”

မောင်တိုးနှင့်မောင်အုန်းသည် ကုန်းရိုးရွာအတွက်ကူညီပေးကြမည်ဟုပြောလေရာ
သူကြီးမှာကျေးဇူးတင်မဆုံးဖြစ်ရှာသည်။
ထိုသို့ဖြင့် ရွာကာလသားများထဲမှသတ္တိကောင်းသောလူတချို့ကို တိတ်တဆိတ်ခေါ်ယူပြီး မောင်တိုးတို့နှင့် ရွာထိပ်၌ ပုန်းခိုစောင့်ဆိုင်းစေသည်။
ညရောက်လေသော် တစ်ရွာလုံးလည်းတိတ်ဆိတ်နေခဲ့၏။
ဘွားမယ်စိန်သည်လည်း သူကြီးအိမ်၌နေကာ မောင်တိုးတို့အုပ်စုဘေးရန်ကင်းစေရန်ဆုတောင်းပေးနေရှာသည်။

မောင်တိုးတို့သည်ဓားများကိုယ်စီကိုင်ဆောင်ကာ ရွာထိပ်ညောင်ပင်ကြီးနှင့်မလှမ်းမကမ်း၌ပုန်းကွယ်နေကြသည်။
ရွာပြင်၏အခြေအနေကိုလေ့လာရင်းစကားသံမထွက်အောင်နေကြရ၏။
ထိုသို့စောင့်ဆိုင်းနေရင်း ရွာ​ပြင်မှခြေသံများကို
ကြားရလေသည်။
ညပိုင်းတိတ်ဆိတ်ချိန်ဖြစ်တာမို့ ခြေသံများကိုနားစွင့်နေသောမောင်တိုးတို့ကြားရခြင်းဖြစ်သည်။
ခြေသံများသည်သူတို့နှင့်နီးလာလေတော့ လူများကိုသေချာမြင်ကြရလေသည်။
ညကလည်းလလေးကသာလေတော့ထိုလူတို့ကိုမြင်ကြရခြင်းပင်။
ထိုလူတို့သည်သုံးဦးသာဖြစ်၏။
လက်၌ဓားကိုယ်စီနှငိ့မျက်နှာကိုလည်းပုဆိုးများဖြင့်အုပ်စည်းထားကြသေးသည်။
ရွာထဲရှိ
တစ်အိမ်အိမ်ကိုဝင်ဖို့ပြင်ဆင်လာကြခြင်းဖြစ်ပေမည်။

“ရပ်လိုက်စမ်း………..”

“ရပ်စမ်း…တို့ရွာကိုထိကြည့်အသေပဲဟေ့…ဖမ်းကြ…ဖမ်းကြ”

“ဟာ…မဟန်ဘူးဟေ့…ပြေး…ပြေး……”

မောင်တိုးတို့သည်ကဓားပြများကိုလိုက်လံဖမ်းဆီးကြသည်။
ဓားပြများမှာလည်းပြေးမိပြေးရာပြေးကြလေသည်။
ပြေးရင်းဖြင့်ရွာထိပ်ညောင်ပင်ရှိရာသို့ရောက်လာကြချိန်…

“ဘုန်း…….”

“ဘုန်း…..”

“ဘုန်း…. ”

“အင့်…”

“အ…”

ရွာထိပ်ညောင်ပင်အောက်သို့ရောက်ရောက်ခြင်း
ကျောများအားဗြောတီးခံကြလိုက်ရလေသည်။
ဝမ်းလျားမှောက်လျှက်လဲကျနေသော ဓားပြသုံးဦးကို
မောင်တိုးတို့အဖွဲ့ဖမ်းမိသွားကြတော့သည်။

“ငနွားမောင်ဖမ်းမိတာဟေ့…ဒင်းတို့ကိုငနွားမောင်ကဗြောတီးပစ်လိုက်တာ…ခွေးကောင်တွေညောင်ပင်အောက် အမှောက်သားဖမ်းမိတော့တာပဲ”

ဓားပြဖမ်းလိုက်လာသောရွာသားတစ်ယောက်မှ
အားလုံးကိုပြောပြလေရာ ရွာသူ၊ရွာသားတို့
အံ့သြသင့်ကုန်ကြလေသည်။

ငနွားမောင်ဖမ်းဆီးပေးသော ဓားပြသုံးဦးကိုလည်းမြို့ဂတ်သို့ပို့ဆောင်လိုက်ကြသည်။

“ဒင်းတို့ကျောကိုလှန်ကြည့်တော့လက်ဝါးရာကြီးရဲလို့”

“တို့ငနွားမောင်ကတော့ရွာကိုချစ်သားပါလား”

“အေးပါဆို…….”

ငနွားမောင်အကြောင်းများကပြောမပြီးကြပေ။
ဘွားမယ်စိန်တို့လည်းဓားပြများဖမ်းမိကြပြီမို့ ငနွားမောင်၏ဖခင်ကြီး ဦးထော်ကိုခေါ်ယူပြီးငနွားမောင်မှာသည်များကိုပြောလေသည်။

“ကျုပ်…ကျုပ်သားကိုဆုံးရှုံးရလို့ဝမ်းနည်းနေမိတာ
သူ့အတွက်ကုသိုလ်လုပ်ပေးဖို့တောင်ကျုပ်မေ့လျော့နေတယ်ဗျာ…”

“သူ့အတွက်ရည်စူးပြီးကောင်းမှုကုသိုလ်လုပ်ပေးပါကွယ်…
ဒါမှသူလည်း လက်ရှိဘဝကနေကောင်းမွန်ရာကိုရောက်နိုင်မှာ….”

“ဟုတ်ကဲ့ပါဘွား…ကျေးဇူးတင်ပါတယ်…။ကျုပ်သားအတွက်အလှူကြီးလှူပေးပါ့မယ်ဗျာ……..”

ဘွားမယ်စိန်တို့အားရွာမှလူများကကျေးဇူးတင်မဆုံးကြပေ။
ဘွားမယ်စိန်တို့စားဖို့ဟင်းများလည်းတစ်အိမ်တချိုင့်ပို့လေရာ
သူကြီးအိမ်၌ဟင်းများ၊ထမင်းများပုံနေပေသည်။
ထိုမျှမကသေး ရွာအပြန်လက်ဆောင်ဟူ၍…
အသီးအနှံများ…ပဲများ…ဆီများအား
လက်ဆောင်ပေးကြပြန်သည်။
ငွေကြေးကန်တော့ပါသော်လည်းဘွားမယ်စိန်ကလက်မခံ…

“ငနွားမောင်အတွက်သာအမျှအတန်းပေးဝေ
ကောင်းမှုပြုပေးကြပါကွယ်…….”

ဟုသာ…မှာကြားခဲ့တော့လေသည်။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)