ကျေးဇူးဆပ်ပါရစေ

ငါတောင်းဆိုတာလေးသာ မင်းလိုက်နာပေးပါ ကောင်လေးရာ “

    မောင်ဘိုးထင်သည် သူ့အား ညှိုးငယ်စွာ စကားဆိုနေသော ဦးအုန်းအား  ကြင်နာစွာတချက်ကြည့်လိုက်ကာ ခေါင်းကို ညိတ် လိုက်ပြီး

    “အဘ သဘောအတိုင်းပဲ ဖြစ်စေရပါမယ်ဗျာ ကျုပ် အိမ်အသစ်ကို သွားနေပါမယ် “

    “အခန်းထဲမှာ မင်းအတွက် သေတ္တာလေးတလုံးရှိတယ်။ အဲ့အထဲမှာ ငွေတွေရှိတယ်။စားဝတ်နေရေးအတွက် သုံးပါ ကောင်လေး ငါလည်း မင်းနဲ့ ခွဲမနေချင်ပါဘူးကွာ ဒါပေမဲ့ ငါက “

    “အဘ ကျုပ်နားလည်ပါတယ် ကျုပ်က အဘကို ကျေးဇူးမဆပ်ရမှာကို တွေးပူနေတာ  အလည်လာလို့ရော ရလားအဘ “

   “ငါလည်း မသိဘူးကောင်လေး “

   မောင်ဘိုးထင်သည် စိတ်ညစ်နေဟန်ရှိသော ဦးအုန်းကို ကြည့်ကာ မျက်ရည်ဝဲနေမိသည်။သူ၏ စိတ်ထဲ၌လည်း သူနှင့် ဦးအုန်းကို ကွဲကွာစေသော ဝိဇ္ဇာဓိုရ်ဆိုသည့် ပုဂ္ဂိုလ်အား တွေ့အောင်ရှာမည်ဟု စိတ်ထဲမှနေ၍ ဆုံးဖြတ်ချက်ချလိုက်ပါတော့သည် ။

    ◾အခန်း (၂)

    ပေပင်ရွာအဝင်ရှိ ခြံကျယ်ကြီးအား မောင်ဘိုးထင် ပိုင်ဆိုင်ခဲ့ပြီဖြစ်သည်။ဦးအုန်းသည် သူ အလုပ် လုပ်၍ရသမျှနှင့် သစ်စိမ့် ရွာမှ မောင်ဘိုးထင်၏ နေအိမ်ရောင်းချ၍ရသော ငွေများဖြင့် ယခု ခြံကြီးကို ဝယ်ပေးခဲ့ခြင်းဖြစ်သည်။ခြံဝမှ အိမ်ဆီသို့ မီနစ် အနည်းငယ်မျှ လမ်းလျှောက်ရသည့်အတွက် ခြံကြီး၏ အကျယ်အဝန်းမှာ မသေးလှပေ။မရမ်းပင်များ၊သရက်၊အုန်း၊မန်ကျည်းနှင့် အခြားသီးပင်စားပင်များစွာ ပေါက်ရောက်နေသော ဤခြံကြီးသည် အုံ့ဆိုင်းနေလေသည်။ယခု ထိုခြံကြီးထဲတွင် မောင်ဘိုးထင်အပါအဝင် ဖိုးထွေး၊သာရ တို့အပြင် သာအေး၊ပေတူးတို့ပါ ရောက်နေကြသည်။သူတို့သည် ဦးအုန်းအိမ်မှ ဆိုင်းပစ္စည်းများကို ကူသယ်ပေးနေသလို တခြားသော ပစ္စည်းပစ္စယများကိုပါ သယ်ကူနေခြင်းဖြစ်သည်။သာအေးနှင့် ပေတူးသည်  ခြံကြီးထဲရောက်သောအခါ မာလကာပင်ရှိသော နေရာသို့ အရင်သွားပြီး ခူးစားနေလေသည်။မာလကာသီးခူးစားရင်း  အိမ်ရှေ့ကွပ်ပျစ်တွင် ထိုင်နေသော မောင်ဘိုးထင်အား စကား လှမ်းဆိုလေသည်။

    “‌ဘိုးထင် မင်း ခြံပိုင်ရှင်ဖြစ်မှပဲ ဒီအသီးတွေ ခူးစားရတော့တယ်။အရင်ပိုင်ရှင်အဖိုးကြီးက တော်တော် ကပ်စေးနည်းတဲ့ လူကြီးကွာ။ခြံစည်းရိုးကျော်ကျနေတဲ့ ဩဇာသီးလေး ခူးတာတောင် လေးဂွနဲ့ လှမ်းထုတာဟေ့ အခုတော့ ငါ့ကောင်က ပိုင်ရှင်ဆိုတော့ ငါတို့တော့ အေးဆေးပြီ “

    “ဟေ့ကောင်နှစ်ယောက် မင်းတို့က ပျော်နေ ဘိုးထင်က စိတ်ညစ်နေတာ မမြင်ဘူးလား အလိုက်ကမ်းဆိုးကို မသိဘူး “

    ဘိုးထင်ဘေးတွင် ထိုင်နေသော ဖိုးထွေးမှ ငေါက်ငမ်းလိုက်ရာ သကောင့်သားနှစ်ယောက် ငြိမ်သွားပြီး မာလကာသီးတယောက် တလုံးကိုင်ကာ မောင်ဘိုးထင်အနားတွင် ထိုင်နေလေသည်။မောင်ဘိုးထင်သည် သက်ပျင်းရှည် တချက်ကိုချကာ

    “ကျုပ် စိတ်ထဲမှာ မတင်မကျကြီး တခုဖြစ်နေတယ် “

    “ဘာများလဲ ဘိုးထင် “

    ” အကောင်းသားကြီးကနေ အဘကို ဒီလိုဖြစ်အောင်လုပ်တဲ့ ဝိဇ္ဇာဓိုရ်ဆိုတာ ဘယ်လိုလူမျိုးလဲ သိချင်တယ် “

    “အဲ့တာများ ဘိုးထင် ရယ် ဦးရာကြီးကို မေး”

     ပေတူးသည် သူပြောလက်စ စကားကို ရပ်လိုက်သည်။သူ၏ စိတ်ထဲတွင် ရာကြီးကို မသေသေးဘူးထင်နေပုံရသည်။ ရာကြီး မရှိတော့သည်ကို သတိရသွားပြီးမှ သူ၏ စကားကို ရပ်လိုက်ခြင်းဖြစ်သည်။ပေတူး၏ စကားကြောင့် ကျန်သူများသည်လည်း စိတ်မကောင်းဖြစ်နေကြသည်။မောင်ဘိုးထင် ပြောပြသည့် ဝိဇ္ဇာဓိုရ် ဆိုသည်ကိုလည်း သိချင်နေကြသည်။ထိုစဉ် ခြံထဲသို့ လူတယောက် ဝင်လာလေသည် ။

    “ဟေ့ ဘိုးထင် မင်းဒီခြံဝယ်ထားတယ် သတင်းကြားလို့  ရောက်တုန်းရောက်ခိုက် ငါလာလည်တာဟေ့  ဘကြီးပုတို ပိုင် တုန်းကတော့ ဒီခြံထဲကို မရောက်ဖူးဘူးကွာ လူကန့်လန့်ကြီးမို့ မလာတာ ဒါမဲ့မင်းအဘငွေအတော်ပေးပြီး ဝယ်လိုက်ပုံပဲကွ။ဒီခြံ တန်ကြေးက နည်းတာ မဟုတ်ဘူး “

    စကားတပြောပြော နှင့် ဝင်လာသူမှာ သာရ၏ အကို ကိုပေါက်တူးဆိုသူဖြစ်သည်။ပေါက်တူးအား မြင်သည်နှင့် မောင်ဘိုးထင်သည်

    “လာထိုင် ကိုပေါက်တူး  “

    “အေး မင်းတို့ကောင်တွေကတော့ အခုထိ အမြဲတတွဲတွဲနော်။ ဟိုကောင်ငါ့ညီသာရ မင်းက ဘိုးထင်ထက် အသက်ကြီးတယ် မင်းကရော ဘာပိုင်ပြီလဲ ပြောစမ်းပါဦး “

    “အကိုရာ ဘူ ဘူချင်း လာတစ်လုပ်နေတယ် အခုအချိန်ထိ ယောက္ခမအိမ်ကပ်နေတဲ့ ကောင်ကများကွာ “

    “ဟေ့ကောင် ငါကအကြီး မင်းပြန်မပြောနဲ့ ကပ်နေတာ မဟုတ်ဘူး ယောက္ခမကြီးက ငါတို့မရှိရင် မနေတတ်လို့ပါ လို့ ပြောလို့ အိုးမခွဲတာ မင်းလည်း အဖေက ပြောနေပြီ အိမ်အလုပ်တွေ ဘာမှမလုပ်ဘူးဆို “

    “သူဌေးသားလေဗျာ  မိန်းမ မရ‌ခင်တုန်းလေး လွတ်လွတ်လပ်လပ်နေပါရစေ မိန်းမရရင် အကို့လိုတနေကုန်အလုပ်ပဲကုန်းရုန်း လုပ်နေရတဲ့ ဘဝရောက်မှာ “

    “မင်းတော်တော် စကားတတ်လာတာပဲ ထားတော့ မင်းတို့ အခု ဘာတိုင်ပင်နေကြတာလဲ “

ပေါက်တူးမှ မေးသောအခါ

    “ဝိဇ္ဇာဓိုရ်ဆိုလားကွာ သိချင်လို့တဲ့ ဗျ “

    “ဒါများကွာ “

    “ကိုပေါက်တူး သိတာလား လုပ်စမ်းပါဦးဗျာ “

    “ငါလည်း မသိဘူးလေ”

    “အဲ့တာဆို ဒါများဆိုပြီး သိသလိုလိုနဲ့ “

“မင်းတို့ကလည်း ငါ မသိပေမဲ့ သိနိုင်တဲ့သူကို ငါသိတယ်လို့ ပြောတာကွာ “

    “ဟုတ်လား ဆိုစမ်းပါဦးဗျာ ဘယ်သူ သိနိုင်တာလဲ “

    “ဘယ်သူရှိရမှာလဲ ရေအိုးစင်ရွာက ဦးကဲလေကွာ သူက လည်း ပီယ၀ိဇ္ဇာ မဟုတ်လား အဲ့တော့ သူလည်း သိနိုင်တာပဲ “

    “ဟုတ်တယ်ဗျာ ကိုပေါက်တူးပြောတာမှန်တယ်  ကျုပ်တို့ ဦးကဲ ဆီသွားမေးရမယ် “

    “အေး အေး သွားမေး။ငါဖရုံညွန့်လေး နည်းနည်း ခူးသွားဦးမယ်နော် ဘိုးထင် “

    သာအေး နှင့် ပေတူးသည် ပေါက်တူး၏ စကားကြောင့် သိပ်ပြီး အမြင်မကြည်ပေ။ဘိုးထင်သည် ခူးဖို့ ခွင့်ပြုလိုက်ပြီး ပေါက်တူး ဖရုံညွန့်များခူးနေချိန် သာအေးမှ မကျေမနပ်ဖြင့် မောင်ဘိုးထင်အား စကားဆိုလေသည်။

    “ဟေ့ကောင်ဘိုးထင် မင်း ဦးအုန်းအိမ်က သရဲငနက်ကို ဒီကို ပြောင်းပြီး အစောင့်လုပ်ခိုင်းစမ်းကွာ “

    “ဘာလို့တုန်းဟ “

    “ငါပြောသလိုလုပ် မစောင့်ခိုင်းလို့ကတော့ ငါတို့ စားစရာ မာလကာသီးတောင်ရှိမှာ မဟုတ်ဘူး ကိုယ့်ဘက် ကိုယ်ယက်တဲ့ လူတွေက ရှိတယ် “

    ပေါက်တူးသည် သာအေး၏ စကားကို ကြားသော်လည်း မကြားဟန်ပြုကာ ဖရုံညွန့်များကိုသာ ဆက်ခူးနေသည်။ထို့နောက် မာလကာပင်အနားကိုသွားကာ

    “ဘိုးထင် ငါ့ယောက္ခမကြီးက မာလကာသီးကြိုက်လို့ ခူးသွားဦးမယ်နော် အူနီသီးတွေ မဟုတ်လား ကောင်းလိုက်တာ “

    ပေတူး နှင့် သာအေးသည် မောင်ဘိုးထင်ကို ကြည့်ကာ မျက်စောင်းတထိုးထိုး နှင့် ဖြစ်နေသည်။ပေတူး ခူးနေသော မာလကာသီးများကို နှမျောတသ ကြည့်နေရင်း

    “ဟေ့ကောင် ဘိုးထင် မင်း ငနက်တို့ကို ဒီမှာ မစောင့်ခိုင်းရင် မင်းနဲ့ အပေါင်းအသင်း မလုပ်တော့ဘူးကွာ “

    “အေး ဟုတ်တယ် “

    ဖိုးထွေး နှင့် သာရသည် ပေတူးနှင့် သာအေး အဘယ့်ကြောင့်စိတ်အလိုမကျ ဖြစ်နေသည်ကို သိ၍ ပြုံးနေမိသည်။မောင်ဘိုးထင်သည်လည်း ရယ်ချင်စိတ်အားမြိုသိပ်ရင်း အခုထိကလေးစိတ်  မကုန်သေးသော သာအေးနှင့် ပေတူး စိတ်ကျေနပ်စေရန် ငနက်အားခေါ်ပြီး ခြံစောင့်ခိုင်းပါမည်ဟု ကတိပေးလိုက်မှ သကောင့် သားနှစ်ယောက်မှာ ပြုံးလာပါလေသည် ။

    ◾အခန်း (၃)

    မောင်ဘိုးထင်သည်  ဖိုးထွေးတို့နှင့်အတူ ဦးအုန်းအတွက် လိုအပ်သည်များကို ဦးအုန်းပေးထားသော သေတ္တာထဲမှ ငွေများကို အသုံးပြုပြီး ဝယ်ခြမ်းလေသည်။စားစရာ၊သောက်စရာနှင့် အခြောက်အခြမ်းအစုံကို သူတို့ သိနားလည်‌သလောက် ဝယ်ကာ ခြင်းတောင်းနှစ်တောင်းကို ထန်းပိုးနှင့် နှစ်ယောက်ဆီ လျှိုထမ်းကာ ဦးအုန်း အိမ်သို့သွားပို့လေသည်။ဦးအုန်း အိမ်ထဲသို့ ပစ္စည်းများချပြီးချိန် မောင်ဘိုးထင်သည် ကျန်သူများအား စကားဆိုလေသည် ။

    “ကိုဖိုးထွေးတို့ ကျုပ်အိမ်သစ်ကိုပဲ သွားကြဗျာ ကျုပ်ပြီးမှ လိုက်ခဲ့မယ် စားဖို့သောက်ဖို့တွေ စီစဉ်ထားပေါ့ “

    “အေးအေး ကဲ အားလုံးသွားကြမယ်ဟေ့ ဘိုးထင် သွားပြီ “

    “ဘိုးထင် သွားပြီ “

    “ဟုတ်ကဲ့ “

    ကျန်သူများသည် မောင်ဘိုးထင်ကို နှုတ်ဆက်ကာ ဦးအုန်း၏ အိမ်မှ ထွက်သွားလေသည်။မောင်ဘိုးထင်သည် တောင်းများကို အိမ်အောက်ထဲရှိ စားပွဲပေါ်တင်ထားကာ အိမ်ပေါ်သို့ကြည့်လိုက်ပြီး

    “အဘ ဗျို့ အဘ “

    “ဟေ့ ဘယ်သူလဲ “

    “ကျုပ် ဘိုးထင်ပါ “

    “အေး မင်းလာတာ နဲ့ အတော်ပဲ အိမ်ပေါ်က ကောင်မတွေက ငါ့ကိုမကြောက်တော့ဘူး ငနက် သောင်းကျန်းထားလို့သာ ဒီကောင်မတွေ ငြိမ်နေတာ ငါ့ကို ပြန်လှန်နေပြီ ကောင်လေး”

    “အဘ အဲ့ဒီကောင်မတွေကို ကျုပ် ဆုံးမလိုက်မယ် “

    “အေး လုပ်ပေးသွား ငါ အားနည်းနေပြီဆိုတာနဲ့ ပြန်လှန်တာပဲ ငနက် ရှိနေလို့ ငါကံကောင်းတာ “

    “အဘ ကျုပ် အိမ်ပေါ် တက်ခဲ့မယ်နော် “

    “နေဦး ငါ့အနားကို မင်း တအားကပ်လို့မရဘူး ငါ အရင်အိမ်အောက် ဆင်းဦးမယ် “

    မကြာသောအချိန်တွင် အိမ်တံခါးမ ပွင့်သံ နှင့်အတူ ဦးအုန်း ဆင်းလာလေသည်။ယခု ဦးအုန်းသည် စောင်ကို ခေါင်းမြီးခြုံထားပြီး မျက်နှာလေးသာ ဖော်ထားလျက် အိမ်အောက်ထဲရှိ အိမ်တိုင်ခြေတွင် မှီလျက် ငုတ်တုတ်ထိုင်နေလေရာ မောင်ဘိုးထင်မှ

    “အဘ တန်းလျားမှာ ထိုင်လေဗျာ ဘာလို့ မြေပြင်ကြီးမှာ ထိုင်နေတာလဲ “

    “မင်း လုပ်စရာရှိတာ မြန်မြန်လုပ်ပြီး ပြန်တော့ကွာ ဘာမှ မေး မနေနဲ့ “

    “အဘ ဘာတွေ ဖြစ်နေတာလဲဗျာ “

    “ဘိုးထင်ကောင်လေး မင်းငါ့ကို သနားတယ်ဆို ထပ်မမေးပါတော့နဲ့ မင်း လုပ်စရာ ရှိတာတွေသာ လုပ်ပြီး ပြန်တော့ “

    အကြောက်အကန်ငြင်းနေသော ဦးအုန်းကြောင့် မောင်ဘိုးထင် နောက်ထပ် ထပ်ပြီး အမေး စကားမဆိုတော့ပဲ အိမ်ပေါ် သို့ တက်သွားလေသည်။ထို့ နောက် အိမ်ပေါ်ရောက်သောအခါ အိမ်ကြမ်းပြင်ကို ခြေထောက်နှင့် တချက်ဆောင့်ကာ

    “ငါတို့ကျွေးမှ စားရတဲ့ကောင်မတွေက အခု ငါ့အဘကို ပြန်ပြီး ဒုက္ခပေးချင်နေတယ် ဆိုပါလား လာစမ်း ငါ့ရှေ့ အခုချက် ခြင်း ဒူးထောက်စမ်း “

    ‌မောင်ဘိုးထင် ခေါ်ပေမဲ့ မည်သို့မျှ ထူးခြားမလာသောအခါ မောင်ဘိုးထင်သည် မန္တာန်တပုဒ်ကို မာန်ပါပါ ရွတ်လိုက်ရာ အိမ်ထုတ် တန်းပေါ်မှ ပါးစပ်ကြက်ခြေခတ် အခပ်ခံထားရသော  သရဲမကြီးတကောင် မောင်ဘိုးထင်အနီး ခုန်ချပြီး မောင်ဘိုးထင်အား မန္တာန်ဆက်မရွတ်ရန် လက်ဟန်ချေဟန် နှင့် တောင်းပန်လေသည်။ထိုအခါ မောင်ဘိုးထင်သည်  ခက်ထန်မာကျောသော လေသံနှင့်

    “နင်က ငါ့အဘအားနည်းပြီဆိုတာနဲ့ ဒုက္ခပေးဖို့အတွက် တန်းကြံစည်တယ်ဟုတ်လား အဲ့ဒီတော့ နင့်ကို ဒီမှာဆက်မထားတော့ ဘူး နင်ကြိုက်တဲ့နေရာ သွားနိုင်တယ် “

    သူ့ စကားဆုံးသောအခါ သရဲမသည် အိမ်အောက် ဆင်းမည်ပြင်လိုက်စဉ်မှာပင်

    “ဟဲ့‌ကောင်မ နင်က ငါ့အဘကို မခန့်လေးစား လုပ်ထားပြီး လွယ်လွယ်လေးနဲ့ ထွက်သွားလို့ရမယ်ထင်နေတာလား ရပ်စမ်း”

    မောင်ဘိုးထင်သည် ပြောပြောဆိုဆို လက်ကိုဆန့်တန်းလိုက်ရာ အခန်းထဲမှ ကြိမ်လုံးတချောင်းသည် သူ၏ လက်ထဲသို့ လေထဲမှ လွင့်မျောကာ ရောက်လာပြီး ထိုကြိမ်လုံးဖြင့် သရဲမအား စိတ်ရှိလက်ရှိ ရိုက်ပါလေတော့သည်။ပါးစပ်ကို အချုပ်ခံထားရသော သရဲမမှာ မည်သည့်အသံမှ မထွက်နိုင်ပဲ လက်ကိုသာ ကာ ပြီး မောင်ဘိုးထင်အား တောင်းပန်နေလေသည်။အတော်ကြာမှ မောင်ဘိုးထင်သည် စိတ်ကို လျော့လိုက်ကာ

    “ကဲ နင် ဘယ်တော့မှ ပြန်မလာနဲ့ တကယ်လို့ ပြန်လာပြီး ဒုက္ခ ဆက်ပေးမယ်ဆို နင့်ကို ပြာချပစ်မယ် ကြားလား “

    သရဲမ ခေါင်းကိုသာ ညိတ်ပြလေသည်။ မောင်ဘိုးထင်သည် လက်ကိုရမ်းလိုက်ပြီး သွားဖို့ ခွင့်ပြုလိုက်သောအခါ သရဲမအိမ်အောက်သို့ ဆင်းပြေးသွားပါတော့သည်။ထို့နောက် မောင်ဘိုးထင်သည် ငနက်ကို ဆင့်ခေါ်လိုက်ကာ

    “ကဲ ငနက်ရေ မင်း ငါရဲ့ ဝိုင်းအသစ်ထဲက အပင်မှာ နေရမယ် ကျန်တဲ့ ကောင်တွေလည်း ခေါ်လိုက်ကြားလား “

    “ဟုတ်ကဲ့ပါ “

    “ငါမင်းကို တခုမေးဦးမယ် ငါ့အဘက ဘာဖြစ်တာလဲ “

    “ကျုပ်လည်း မသိပါဘူး သူရဲ့ စွမ်းအားတွေတော့ မရှိတော့ဘူး “

    “အေး အေး အဲ့တာကြောင့် မင်းတို့ကို မထားတာ ငါပြန်ရင် တခါတည်း လိုက်ခဲ့ကြ ကြားလား “

    မောင်ဘိုးထင်သည် အိမ်ပေါ်တွင် သရဲ ငနက်ကို အမိန့်ပေးပြီး နောက် အိမ်အောက်သို့ ဆင်းလာလေသည်။သူအိမ်အောက်ရောက်သည့်နှင့် စောင်ကို ခေါင်းမြီးခြုံထားသော ဦးအုန်းသည် ထိုင်နေရာမှ ထလိုက်ပြီး အိမ်ပေါ်သို့ ပြေးတက်သွားကာ တံခါးကိုဆောင့်ပိတ်သွားသည်။ထိုသို့သော ဦးအုန်း၏ မူမမှန်သော အပြုအမူကြောင့် မောင်ဘိုးထင် မည်သို့တွေးရမည်မှန်းမသိ နိုင်ဖြစ်ကာ အိမ်ဝိုင်းအပြင်သို့ ခေါင်းငိုက်စိုက် နှင့် ထွက်ခွာ သွားပါလေတော့သည် ။

    ◾အခန်း (၄)
မောင်ဘိုးထင်တယောက် ခြံသစ်အိမ်သစ်ရသော်လည်း မပျော်နိုင်ပေ။ထူးဆန်းစွာပြုမူနေသော အဘဖြစ်သူ၏ ပုံစံကြောင့် စိတ်သောက ရောက်နေရ၏ ။ဖိုးထွေးတို့သည်လည်း မောင်ဘိုးထင် ပြောပြသည်များကို နားထောင်ကာ တယောက်တပေါက် ထင်ကြေးအမျိုးမျိုးပေးကြလေသည် ။

    “ဘိုးထင် ငါထင်တာ ပြောမယ်နော် “

    “ပြော ပေတူး “

    “မင်းအဘ ဖျားနေလို့ စောင်ခြုံထားတာများလား”

    “တန်းလျားပေါ် မထိုင်ပဲ ဘာလို့ မြေကြီးပေါ် ထိုင်တာလဲ “

    “မြေကြီးက အေးလို့နေမှာပေါ့ ကွ”

    “စောင်လည်း ခြုံသေးတယ် အေးလို့ မြေကြီးပေါ် ထိုင်တယ် က မဟုတ်သေးဘူးလေကွာ “

    “ငါလည်း မသိတော့ဘူးကွာ “

    ပေတူးသည် သူထင်သည်များကိုသာ ပြောပြီး ကွပ်ပျစ်ပေါ်ထိုင်ရင်း ငြိမ်နေလေသည်။သာအေးသည် ခေါင်းကို တဆတ် ဆတ်ညိမ့်နေသဖြင့် ဘေးတွင် ရှိသော ဖိုးထွေးမှ

    “ဟဲ့ကောင်သာအေး မင်းရော ဘာတွေးမိလို့ ခေါင်းတွေ ညိတ်နေတာလဲ “

    “ဘာမှ မဟုတ်ပါဘူးဗျာ ဘိုးထင် ခြံထဲက မရမ်းပင်တွေသီးရင် ငရုတ်သီးကို ငပိ‌ရည် နဲ့ သုပ်စားရင် အတော်ကောင်းမှာလို့တွေးနေတာပါ “

    “မင်းမေကြီးတော် သူများတွေ စိတ်ညစ်နေပါတယ် ဒင်းက ငတ်ကြီးကျဖို့ပဲတွေးနေတယ် တကယ့်ကောင် “

    “ကျုပ်လည်း စိတ်မကောင်းပါဘူးဗျာ အဲ့တာကြောင့် ဘိုးထင် နဲ့ဒီမှာ နေပေးမလို့ တွေးပြီးသားပါ “

    “မနေရင်လည်း မင်းတို့ကောင်တွေကို ရိုတ်သတ်ပစ်ဖို့ပဲ ရှိတယ်လေ ဟိုမာလကာပင်လည်း ဒီနေ့မှရောက်တယ် ကုန်ပြီ “

    “ကုန်မှာပေါ့ ကိုပေါက်တူး ခူးသွားတာကိုး “

    “အေး မင်းတို့ ဒီတိုင်းမနေနဲ့ ဟိုကောင်ပေတူး မင်းက ဒီကောင် ဆီ အိပ်လို့ မရဘူး မင်းအိမ်မှာ မင်း အမေတယောက်တည်း “

    “မအိပ်ပါဘူး မိုးချုပ်ရင် ပြန်မှာပါဗျ “

    “သာအေး ငါတို့က အိပ်ရမယ် အိမ်လည်း ရှင်းရမယ် ခြံထဲက အမှိုက်သရိုက်တွေလည်း ရှင်းရဦးမယ် ဒီကောင်ဘိုးထင် အရင် လိုနေလို့တော့ မရတော့ဘူး အလုပ်လုပ်မှ ရ‌တော့မှာ “

   သာရသည် သာအေး နှင့် ပေတူးအား စကားဆိုရင်း မောင်ဘိုးထင်ကို ကြည့်ကာ အလုပ် လုပ်ရမည့်အကြောင်း ပြောလိုက်သည်။ထိုအခါ မောင်ဘိုးထင်သည်

    “ဟုတ်တယ် ကိုသာရ ကျုပ်တို့ အလုပ် လုပ်ရလိမ့်မယ်။ ဒါပေမဲ့ ဝိဇ္ဇာဓိုရ်ကို အရင်ရှာရမယ်။သူ့ကိုတွေ့မှ ကျန်တာတွေ ဆက်လုပ်နိုင်မယ်။မနက်ဖြန် ကျုပ်တို့ ရေအိုးစင်ရွာက ဦးကဲဆီ သွားကြမယ်ဗျာ ဘယ်လိုလဲ “

    “အေး သွားကြတာပေါ့ ဘိုးထင်ရာ ငါလည်း ဦးအုန်းကို ဒီပုံစံကြီးနဲ့ မမြင်ချင်ပါဘူး “

    မောင်ဘိုးထင်တို့သည် ကွပ်ပျစ်ပေါ်တွင် ထိုင်ကာ ဦးအုန်းကို မည်သို့ပြုလုပ်ပေးရမည် ဆိုသည်ကို တိုင်ပင်နေကြပါလေတော့သည် ။

    ◾အခန်း (၅)

    ဦးအုန်းသည် ရွာထဲမှ လူများကိုလည်း အတွေ့မခံသလို မောင်ဘိုးထင်ကိုပင် အတွေ့မခံပါ။သို့ပေမဲ့ မောင်ဘိုးထင်သည် ချက်ပြုတ်စားသောက်နိုင်ရန်အတွက် လိုအပ်သည်များကို သွားရောက် ပို့ပေးထားသည်။တရွာလုံးလည်း ဦးအုန်း ပြောင်း လဲသွားသည်ကို အံ့ဩနေကြသည်။ယခု မောင်ဘိုးထင်တို့သည် ထိုကိစ္စကို အဖြေရှာရန်  ရေအိုးစင်ရွာသို့ သွားနေပြီဖြစ်သည် ။ လမ်းတလျှောက်တွင် ဦးအုန်းအကြောင်းကို တယောက် တပေါက် ပြောဆိုလာကြသည်။သူတို့ပြောသည့် အကြောင်းမှာ ဦးအုန်း နေကောင်းစဉ်က ပျော်ရွှင်ခဲ့ရသော အကြောင်းများသာဖြစ်၏။မောင်ဘိုးထင်သည် မည်သည့်စကားမှ မပြောပဲ ဖိုးထွေးတို့ တယောက်တလှည့်နေပြောသော သူ၏ ကျေးဇူးရှင်ကြီးဦးအုန်းအကြောင်းကို နားထောင်ကာ ပြုံးနေမိသည်။ဦးအုန်းသာ သူ့အား ပေပင်ရွာသို့ မခေါ်ခဲ့ပါက ယခုအချိန် အတော်ကို ဒုက္ခဆင်းရဲရောက်နေမည်မှာ ဧကန်မလွဲပင်။ဤသို့ဖြင့် မကြာသောအချိန်တွင် ဦးကဲ၏ နေအိမ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ယခု ဦးကဲသည် အရင်လို မဟုတ်တော့ပဲ မောင်ဘိုးထင်တို့အား အမြင်ကြည်နေပြီ ဖြစ်သည်။ ဦးကဲ မောင်ဘိုးထင် တို့ကိုမြင်သောအခါ

    “မိန်းမရေ မင်းအပေါင်းသင်းတွေ လာတယ် ထမင်းလေးဘာလေး ချက်ထားဦး “

    “ဘယ်သူတွေ တုန်းတော့ “

    “ဘယ်သူရှိရမှာလဲ ပေပင်က ဘိုးထင်တို့ ဖိုးထွေးတို့ပေါ့ဟ”

    “ဪ အေး အေး အဲ့တာဆို ကျမ ဝက်သားလေး ပြေးဝယ်လိုက်ဦးမှပါ “

    ‌ဦးကဲ၏ဇနီး ဒေါ်ဝင်းသည် အိမ်ပေါ် မှ ဆင်းလာပြီး အိမ်‌ထဲ ဝင်လာနေသော မောင်ဘိုးထင်တို့ကို လှမ်းကြည့်ကာ ဝမ်းသာအားရ စကားဆိုလေသည် ။

    “ဘိုးထင်တို့ လာကြ လာကြ ညနေမှ ပြန်ရမယ်နော် ငါ ဝက်သား သွားဝယ်လိုက်ဦးမယ် မလာစဖူး ဘာကိစ္စတွေ ထူးလို့ လဲဟဲ့ “

    “ဦးကဲ ဆီလာတာ ကျုပ်တို့ မသိတာလေးတွေ မေးချင်လို့ပါ “

    “အေး သွားသွား နင်တို့ဦးကဲ ဟိုမှာ ထိုင်နေတယ်  ငါသွားလိုက်ဦးမယ် “

    “‌အဒေါ်ဝင်း ကျုပ် လိုက်ခဲ့ဖို့ လိုသေးလား ဝက်သားတွဲဆွဲဖို့လေ “

    “ပေတူးရယ် ဝက်သား နှစ်ပိဿာလောက်ကတော့ ငါ့အတွက် ပမွှားပါ တကောင်လုံးတောင်ရွက်ခဲ့လို့ရတယ်ဆိုတာ နင်တို့သိပါတယ် “

    “သိပါတယ်ဗျာ သိပါတယ် “

    ဒေါ်ဝင်းသည် မောင်ဘိုးထင်တို့ကို ပြုံးပြ နှုတ်ဆက်ကာ အိမ်ဝိုင်းထဲမှ ထွက်သွားလေသည်။ထိုအခါမှ ဦးကဲသည် ဆေးတံ ကို ဖွာရှိုက်လိုက်ရင်း

    “ဟေ့ကောင်တွေ လာကြ ဒီမှာထိုင် ရေနွေးလည်း ရှိတယ်။ အမြည်းကတော့ စားချင်ရင် မီးဖိုချောင်ထဲ ကိုယ်တိုင်သွားလုပ်ကြ”

    “မစားတော့ပါဘူးဦးကဲရာ ကျုပ်တို့ ဦးကဲကို မေးစရာရှိလို့ပါ”

     “အရင်ထိုင်လိုက်ကြဦး မင်းတို့ ကြည့်ရတာလည်း မျက်နှာ သိပ်မကောင်းသလိုပဲ  ဆိုစမ်းပါဦး ဘာတွေ ဖြစ်လာကြတာလဲ”

မောင်ဘိုးထင်တို့သည် ဦးကဲ၏ တန်းလျားပေါ် ထိုင်လိုက်ပြီး သာရမှ သက်ပျင်းတချက်ချကာ ။

“အခုတလော ဘယ်လိုတွေ ဖြစ်နေမှန်းကို မသိတော့ပါဘူးဗျာ ဟိုတလောကလည်း  ကျနော်တို့ ပယောဂ နဲ့ လေးမကြီး နဲ့ ဦးရာကြီး ဆုံးတယ် “

    “ငါလည်း ကြားပါတယ် မင်းတို့ ကိုယ့်ကိုကိုယ် အပြစ် တအား မတင်ပါနဲ့  ဖြစ်ချိန်တန်လို့ ဖြစ်တယ် ပဲ မှတ်ရမှာပဲ။တကယ်ဆို သူတို့တွေက သေချိန်တန် လို့ထင်ပါရဲ့ ငါတို့နယ်မှာ ကလေးက အစ သိတဲ့ အရုပ်ချောင်းအကြောင်းကို သူတို့ မသိတာ ငါ အံ့ဩတယ် “

    “ကျုပ်တို့လည်း တကယ်ကို ဒီလိုဖြစ်မယ်မှန်း မထင်ပါဘူး ဗျာ “

    “ကဲ ပြီးခဲ့တာတွေက ထားပါ အခုက ဘာဖြစ်တာလဲ “

    “ကျုပ်အဘပေါ့ဗျာ  လက်မှာ အဖုတွေပေါက်ပြီး ဘယ်သူကို မှ အတွေ့မခံဘူးဗျာ ကျုပ်ကိုတောင် အတွေ့မခံဘူး သူပြောတာ တော့ ကျိန်စာမိတယ် လို့ ပြောတာပဲ  ဝိဇ္ဇာဓိုရ်ဆိုတာ ဘာမှန်းမသိပါဘူးဗျာ အဲ့တာ အဲ့ဒီဝိဇ္ဇာဓိုရ် ဆိုတာ ဘာပြောတာလဲ လာမေးတာ ကျုပ် သူ့ကို တွေ့မှ ဖြစ်မှာ “

    “မင်းအဘ ဘာတွေ မဟုတ်တာလုပ်ပြန်ပြီလဲကွာ အထက် လမ်းဆရာကြီးတွေနဲ့ ပတ်သတ်ရင် စကားတည်ရတယ်ကွ ငါ့ အထင် မင်းအဘကတိတခုခုဖျက်ခဲ့တယ် ထင်တယ်။အဲ့တာ တွေက နူတဲ့အထိ ဖြစ်နိုင်တယ်ကွ “

    “ကျုပ်အဘကို ပစ်မထားနိုင်ဘူးဗျာ သူနဲ့တွေ့ တဲ့ ဝိဇ္ဇာဓိုရ်ဆိုတဲ့ သူကို တွေ့ ချင်တယ် ကျုပ်ကို တွေ့ နိုင်မယ့် နည်းလမ်း ပြောပြပေးပါ “

    “လွယ်တော့ မလွယ်ဘူး မင်းတို့ ငါတို့ နဲ့ အဆင့်ချင်းက မိုးနဲ့ မြေလို ကွာတယ် ကောင်လေးရ “

    “ဝိဇ္ဇာဓိုရ်ဆိုတာ ဘာတွေလဲ ဦးကဲ “

    “ငါသိသလောက် ဆိုရင်တော့ လောကီ အတတ်ကို တဖက် ကမ်းခပ် ကျွမ်းကျင်တတ်မြောက်တယ် လို့ပြောရမှာပဲ  “

    “သူတို့က လူကောင်းတွေလား “

    “ဝိဇ္ဇာဓိုရ်တိုင်းတော့ လူကောင်းမဟုတ်ပါဘူး “

    “သေချာတယ် ဝိဇ္ဇာဓိုရ်တယောက်က ကျုပ် အဘကို ဒုက္ခ ပေးလိုက်ပြီ ကျုပ်အဲ့လူကို ရအောင်ရှာမယ် “

    “လွယ်တော့ မလွယ်ဘူးကောင်လေး  ဒါပေမဲ့ ငါလည်း သေချာ ဘာမှ မပြောနိုင်ဘူး “

    “ကျုပ်နားလည်ပါတယ် ကျုပ်အဘက မကောင်းတာတွေကို အတတ်နိုင်ဆုံး ရှောင်နေပြီး အခု သူ့ကို  ဒုက္ခပေးတဲ့သူက ဘယ်လိုမှ လူကောင်းသူကောင်းမဖြစ်နိုင်ဘူး “

    မောင်ဘိုးထင်သည် ဦးအုန်းအား အပြည့်အဝ ယုံကြည်ထားသူဖြစ်ရာ ဦးအုန်းကို ဒုက္ခရောက်စေသူကို တွေ့အောင် ရှာမည် ဟု ဆုံးဖြတ်ထားသူ ဖြစ်သည်။ဦးကဲသည် မောင်ဘိုးထင်၏ စိတ်ကို သိထားသူဖြစ်ရာ

    “ကဲ ကောင်လေး မင်းက ကိုယ့်ရဲ့ ကျေးဇူးရှင်ဟု ကျေးဇူးဆပ် ဖို့လုပ်တာ ကောင်းတဲ့အရာပါ ငါလည်း သဘောပေါက်ပါတယ်ငအုန်းက အရင်ကသာ ဆိုးမိုက်ပေမဲ့ မင်း ရောက်လာတဲ့နောက် ပိုင်း ဒီကောင့်ရဲ့ မကောင်းသတင်းမကြားရ‌တော့ဘူး အဲ့တော့ မင်းအကူအညီလိုတာရှိရင် ငါ့ကိုပြော အခုတော့ မင်းတို့ ကောင်းကောင်း အနားယူကြ ကြားလား “

    “ဟုတ်ကဲ့ ဦးကဲ “

    “အေး မင်းတို့အဒေါ် နဲ့ ကူပြီး ချက်ပြုတ်၊စားကြသောက်ကြ ငါဘဝကလည်း အခု မှ အေးအေးဆေးဆေးနေရတော့တယ် တကယ်တော့ မင်းတို့ ကျေးဇူးကြောင့်ပါ။မဝင်းက အိမ်ထောင် ဆက်များတယ်ဆိုတာ သူ့အရင် ယောကျာ်းတွေက မကောင်းတာပါ။ငါက အစတုန်းက မင်းတို့ကို စိတ်ဆိုးနေမိတာ အခုတော့ ငါ့ဘဝက စိုပြေနေပြီ။မဝင်းက မိန်းမသားတန်မဲ့ အလုပ် အတော်ကြိုးစားတာပါ ငါ့ကောင်ရေ ငါ့အပေါ်လည်း အတော်ကို ကောင်းရှာပါတယ်။ မကောင်းတဲ့ ပညာတွေနဲ့လည်း လုပ်စား စရာမလိုတော့ဘူး  မင်းတို့ကို ကျေးဇူးတင်တယ်ကွာ “

    ပီယဝိဇ္ဇာငကဲ တဖြစ်လဲ ဦးကဲသည် တည်ကြည်သောမျက်နှာ ထားဖြင့် မောင်ဘိုးထင်တို့အား စကားဆိုနေလေရာ အရင်က ကိစ္စများကို ပြန်ပြောင်းစဉ်းစား ပြုံးမိကြသေးသည်။လေးခုလပ်ဒေါ်ဝင်း နှင့် ဦးကဲအား သူ၏ ပီယဆေးကို အသုံးပြုပြီး ပေးစားခဲ့၍ အစက တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဦးကဲမှာ ယခုတော့ မောင်ဘိုးထင်တို့ကို ကျေးဇူးတင်နေ၏။သာရ၏ စိတ်ထဲ တွင်တော့ ‌မကြာခင်က ဆုံးသွားသော ဦးရာကြီးသာ မကြီး နှင့် ညားလျှင် သူတို့အားကျေးဇူးတင်နေမှာဟု မဆီမဆိုင် တွေးပြီး စိတ်မကောင်းဖြစ် နေမိသေးသည်။ဤသို့ဖြင့် မောင်ဘိုးထင် တို့သည် အိမ်ရှေ့တန်းလျားတွင် ထိုင်ပြီး ဒေါ်ဝင်းပြန်အလာကို စောင့်နေကြပါသည်။

    ◾အခန်း

    ဒေါ်ဝင်းသည် ဝက်သား နှစ်တွဲကို ဆွဲကာ ပြန်လာလေသည်။ အိမ်ပြန်ရောက်သည်နှင့် အနားမယူနိုင်ဘဲ သူချစ်ခင်သော မောင်ဘိုးထင်တို့ ထမင်း အချိန်မှီ စားသောက်နိုင်ရန် စီမံနေပြန်သည်။ယခု တခါတော့ မောင်ဘိုးထင်တို့ အငြိမ်မနေ  ထင်းခွဲသူခွဲ ရေခပ်သူခပ် နှင့် ဒေါ် ဝင်းအားကူညီနေကြသည်။ ပေတူး နှင့် သာအေးသည် ‌ဒေါ်ဝင်း၏ နံဘေးတွင် ငရုတ်သီးထောင်းရင်း ‌စကားများပြောကာ ပွဲကျနေကြသည်။ထိုအချင်း အရာများကို မြင်ပြီး တပြုံးပြုံးနှင့် ဆေးတံခဲနေသူမှာ ဦးကဲ ပင် ဖြစ်၏။သူသည် လက်ရှိ ဘဝကို ကျေနပ်နေသည်။ သားသမီး မရတော့သော ဦးကဲသည် မောင်ဘိုးထင်တို့ကို တူသား ကဲ့သို့ ခင်မင်နေမိသည်။ထိုကလေးများသည် ပေါက်ကရလုပ်သည်မှာ မှန်သော်လည်း သို့ပေမဲ့ လူတယောက် ဒုက္ခ ရောက်ပါစေ ဆိုသည့် စိတ်ဓာတ်မျိုး မတွေ့ရ။အမြဲတမ်း တက်ကြွနေသော ကလေးများ သူဆီရောက်ကာစက မှိုင်တွေနေသည်ကို မြင်တွေ့ရသောအခါ စိတ်မကောင်း ဖြစ်မိသည်။ယခု ‌သူ၏ ဇနီးသည် နှင့်အတူ ပျော်ရွှင်စွာ ချက်ပြုတ်နေပြန်တော့လည်း ကြည်နူးရပြန်သည်။သူ့အိမ်သို့ မကြာမကြာ လာစေချင်နေမိသည်မှာတည်တည်တံ့တံ့ နေတတ်သော ဦးကဲ၏ ရင်ထဲမှ စေတနာအမှန်ပင် ဖြစ်ပါလေသည် ။

    ◾အောက်လမ်းဘိုးထင် နှင့် ကျေးဇူးဆပ်ပါရစေ သည်က ဤမျှသာ။

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏

📝မောင်တင်ဆန်း