ထန်းပင်ကွေ့ကသဘက်ကြီး

ဒီတစ်သက်ပဲကွ၊ ဘာအခြောက်အလှန့်မှ မခံရပါဘူးကွာ”

တိုးကြီးက အရက်တစ်ခွက်ကိုကောက်မော့လိုက်ပြီး

“ကျုပ်က မဟုတ်ဘဲပြောမလားဗျ၊ ကိုဘသက်သာ မသိရင်နေမှာ၊ အဲဒီထန်းပင်ကွေ့က အခြောက်အလှန့်ကြမ်းတာ လူတိုင်းသိတယ်”

“ငါကတော့ မယုံပါဘူးကွာ”

“ကျုပ်လည်းအစက မယုံပါဘူးဗျ၊ ဒါပေမယ့် ဟိုရက်ပိုင်းက လက်တွေ့ကြုံတော့မှ ယုံသွားရတာ၊ အခုဆို နေ့ခင်းကြောင်တောင် အဲဒီလမ်းဘက်ကို ဆိုက်ကားငှားရင်တောင် လိုက်မပို့ရဲတော့ဘူးဗျ”

တိုးကြီးစကားကိုကြားသည့်အခါ ကိုဘသက်က တဟားဟားနှင့်လှောင်ပြောင်ရယ်မောလိုက်ရင်း

“မင်းကိုက ကြောက်တတ်တာပါ တိုးကြီးရာ၊ ကဲပြောစမ်း၊ မင်းကိုသဘက်ကြီးက ဘယ်လိုခြောက်လိုက်လို့လဲကွ”

“အဲဒီနေ့ကပေါ့ဗျာ၊ ကောင်းကင်မှာ မိုးတွေကလည်း ခပ်အုံ့အုံ့ရယ်ဗျ”

တိုးကြီးက အရက်ဆိုင်နံရံတစ်နေရာကိုငေးကြည့်ရင်း သူကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ပြန်ပြောင်းပြောပြလေတော့သည်။

(၂)

“ဟဲ့ တိုးကြီး၊ ဆိုက်ကားအားလား”

ပြည်လမ်းမကြီးအတိုင်း ဆိုက်ကားနင်းလာသည့် တိုးကြီးကို ထောက်ကြန့်လမ်းဆုံအနီးတွင် မိန်းမကြီးတစ်ယောက်က တားလိုက်လေသည်။ ထိုမိန်းမကြီးမှာ ထောက်ကြန့်ဈေးထဲတွင် ကုန်ခြောက်များရောင်းချသူဖြစ်ကာ တိုးကြီးနှင့် အတော်အတန်ရင်းနှီးလေသည်။

“ဆိုက်ကားသိမ်းပြီး တစ်ရက်ပျော်ကို သွားတော့မလို့ဗျ၊ အားတာတော့ အားပါတယ်”

“အားရင် ငါ့ကိုကူညီစမ်းပါဟယ်၊ ဟောဒီလက်ဆွဲခြင်းကို ကိုးလုံးကွင်းဘက်ပို့ပေးစမ်းပါဟယ်”

“ခင်ဗျားက မလိုက်ဘူးလား”

“အေး၊ ငါ့ညီမတစ်ယောက်က မနက်ဖြန်ဆွမ်းအပတ်ကျတယ်၊ အဲဒါ သူချက်ပြုတ်ဖို့ ငါထည့်ပေးလိုက်တာဟ၊ ငါ့မှာလည်း အလုပ်တစ်ဖက်နဲ့ဆိုတော့ မလိုက်အားတော့ပါဘူးဟာ၊ နင်ပဲ သွားပို့ပေးပြီး ပြန်လာခဲ့ပေါ့”

“ဟာဗျာ၊ မိုးတောင်ချုပ်တော့မယ်ဗျ”

ထိုအခါ ထိုမိန်းမကြီးက တိုးကြီးအားကြည့်ရင်း

“ဘာလဲ နင်က ကြောက်လို့လား”

ထိုစကားမှာ တိုးကြီး၏ သတ္တိကိုဆွပေးလိုက်သလိုဖြစ်သွားသည်။

“ကြောက်မလားဗျ၊ ကျုပ်နာမည်တိုးကြီးဗျ၊ ဘယ်ကောင့်ကိုမှမကြောက်ဘူး၊ မိုးချုပ်တော့မယ်ဆိုတာ ကျုပ်ဆိုက်ကားသိမ်းတာ နောက်ကျရင် အုံနာက ကျုပ်ကို ရစ်မှာစိုးလို့ဗျ”

“အေးပါဟယ်၊ ငါပိုပိုသာသာပေးပါ့မယ်ဟ၊ ငါ့မှာလည်း နင့်ဘဲခိုင်းစရာရှိလို့ပါ”

မိန်းမကြီးက ပြောပြောဆိုဆိုနှင့် ဆယ်တန်သုံးရွက်ကို ထိုးပေးလိုက်ရာ တိုးကြီးတစ်ယောက် လိုက်သင့်မလိုက်သင့် ဆုံးဖြတ်ရတော့သည်။ သုံးဆယ်ဆိုသည့် ငွေပမာဏမှာလည်း ထိုခေတ်က နည်းသည့်ငွေကြေးမဟုတ်ပေ။

“အင်း၊ ဒီကနေဆို သိပ်ဝေးတာမှမဟုတ်တာ၊ အပြန်ကျရင်လည်း မှော်ဘီဘက်ကနေ ထောက်ကြံ့ကိုလမ်းကြုံလေးဘာလေး တင်လို့ရတာပဲ”

ထိုသို့တွေးလိုက်ပြီးနောက် ဆယ်တန်သုံးရွက်အား လှမ်းယူလိုက်လေသည်။

“ပေးဗျာ၊ ပေးပေး၊ ကိုးလုံးကွင်းနားရောက်ရင် ရပြီမဟုတ်လား”

“အေးရတယ်၊ အဲဒီနားမှာ မြင့်စန်းလို့မေးလိုက်ရင် အားလုံးသိတယ်”

တိုးကြီးမှာ ဆွဲခြင်းကို ဆိုက်ကားဘေးထိုင်ခုံတွင်တင်လိုက်လေသည်။ ထိုအခါ ဆွဲခြင်းအတွင်းမှ အသားညှီနံ့ကိုရလိုက်မိသည်။ ဆွဲခြင်းအားကြည့်လိုက်ရာ ဆွဲခြင်းအောက်ဘက်တွင် အမဲသားတွဲတစ်တွဲ၊ ဝက်သားတွဲတစ်တွဲကို ဖက်နှင့်ပတ်လိပ်ထားသည်ကိုတွေ့လိုက်ရသည်။ ထိုခေတ်က ကြွပ်ကြွပ်အိတ်အသုံးမတွင်ကျယ်သေးသည်မို့ အသားငါးများကိုအတွဲလိုက်သယ်ယူကြကာ အင်ဖက်နှင့်ထုပ်လေ့ရှိသည်။

တိုးကြီးလည်း လေကလေးတချွန်ချွန်နှင့် ဆိုက်ကားကိုဆက်နင်းလာခဲ့သည်။ ကိုးဂိတ်ကိုဖြတ်သန်းပြီးသည့်အခါ ပတ်ဝန်းကျင်က အမှောင်ထုဖုံးလွှမ်းသွားပြီဖြစ်သည်။ ညနေ ခြောက်နာရီခွဲအချိန်ခန့်ဖြစ်မည်ထင်သည်။ လမ်းဘေးဝဲယာတစ်ဖက်တစ်ချက်တွင်လည်း လူနေအိမ်များခပ်ကျဲကျဲသာရှိကာ ရာဘာတောများက စိမ်းစိုအုံ့မှိုင်းနေလေသည်။

ထိုစဉ်က ရန်ကုန်ပြည်လမ်းမှာ ညအချိန်လူသွားလူလာရှင်းသည်။ ကားများမှာ ညနေခြောက်နာရီကျော်လျှင် အသွားအလာသိပ်မရှိတော့ပေ၊ ဟိုင်းဝေးသွားသည့် ဟီးနိုးကားကြီးများ၊ ကုန်တင်ကားများသာ ဖြတ်သန်းသွားလာတတ်သည်။ သို့သော် ကားဆက်မှာအလွန်ကျဲလှပေသည်။ တိုးကြိးဆိုက်ကားနင်းလာရင်း မိုးက တဖြောက်ဖြောက်နှင့် ရွာစပြုလာသည်မို့ ဝါးဖတ်ဖြင့်ပြုလုပ်ထားသည့် ဦးထုပ်ကိုဆောင်းလိုက်ကာ ခပ်မြန်မြန်လေးနင်းလိုက်သည်။ လမ်းမီးတိုင်များမှာ တစ်တိုင်နှင့်တစ်တိုင်အဆက်ကျဲကာ မီးတိုင်အတော်များများမှာလည်း အားအလွန်နည်းသဖြင့် မှိန်ဖျော့ဖျော့သာလင်းနေတော့သည်။

“ဂျိန်း”

မိုးတစ်ချက်ခြိမ်းလိုက်ပြီး လျှပ်တစ်ချက်ပြက်လိုက်သည့်အခါ အရှေ့တွင် ထန်းပင်ကြီးများနှင့် လမ်းကွေ့ကြီးတစ်ခုကိုမြင်လိုက်ရသည်။ ထန်းပင်ကြီးများမြင်လိုက်ရသည့်အခါ တိုးကြီးတစ်ယောက် ဘာရယ်မဟုတ်ဘဲ ကျောချမ်းသွားလေသည်။ စိတ်ထဲတွင်လည်း စနိုးစနောင့်ကြီးဖြစ်လာပြန်၏။

ထန်းပင်ကွေ့နေရာမှာ ကုန်းဆင်းကြီးဖြစ်သဖြင့် အရှိန်ဖြင့်ဆင်းရန်ပြင်ဆင်လိုက်ကာ အားကုန်နင်းမိနေသည်။ ထိုစဉ် လေအေးတစ်ချက်ကဝေ့ခနဲတိုက်သွားပြီးနောက် တိုးကြီးတစ်ယောက်ကျောရိုးများအတွင်းမှ စိမ့်နေအောင်ချမ်းလာမိသည်။ ကုန်းဆင်းကြီးအတိုင်း အရှိန်နှင့် နင်းဖြတ်လာလေရာ ထန်းပင်များကိုဖြတ်ကျော်ပြီး ညောင်ပင်ကြီးတစ်ပင်နားအရောက် နင်းနေသည့်ဆိုက်ကားမှာ တုန့်ခနဲရပ်တန့်သွားလေသည်။

ကုန်းဆင်းကြီးဖြစ်သည်မို့ အားစိုက်မနင်းလျင်ပင် အရှိန်ဖြင့်သွားလာနိုင်သည့် ဆိုက်ကားမှာ ယခုတော့ ဘီးသုံးဘီးလုံး တုန့်ခနဲရပ်သွားပြီး ရှေ့ဆက်တိုးမရဘဲဖြစ်သွားလေသည်။ တိုးကြီးမှာ မတ်တပ်ထရပ်ပြီး အားစိုက်နင်းသော်လည်း ဆိုက်ကားခြေနင်းပြားမှာ နင်းမရတော့သလို ဘီးများမှာလည်း အရှေ့သို့မလိမ့်တော့ပေ၊ ထိုအခိုက် တိုးကြီးနံဘေး ဆိုက်ကားခုံပေါ်တွင်တင်ထားသည့် ဆွဲခြင်းကြီးမှာ တဝုန်းဝုန်းနှင့်လှုပ်ခတ်နေလေသည်။

လျှပ်စီးတစ်ချက် လက်သွားသည့်အချိန်တွင် ထိုဆွဲခြင်းကြီးအား လက်ဖြူဖြူကြီးတစ်ဖက်က နှိုက်နေသည်ကိုမြင်တွေ့လိုက်ရသည်၊ တိုးကြီးမှာ ကြောက်စိတ်ထက်၊ ဒေါသစိတ်ဖြစ်သွားကာ ဆိုက်ကားဘားတန်းတွင် အသင့်ဆောင်ထားသည့် သံပိုက်လုံးအားလက်ဖြင့်စမ်းကာ ဖြုတ်ယူလိုက်သည်။ ဆိုက်ကားနင်းသူမို့ အရေးကြုံလျှင်အသုံးပြုနိုင်ရန်အတွက် နှစ်တောင်ခန့်ရှိသည့် သံပိုက်လုံးတစ်လုံးအား အမြဲဆောင်ထားသူဖြစ်ရာ ယခုလည်း ထိုလက်ကြီးအားတွေ့လိုက်ရသည့်အချိန်တွင် လက်တစ်ဖက်က သံပိုက်လုံးအားအသင့်ဖြုတ်လိုက်မိတော့သည်။

သံပိုက်လုံးဖြင့် ဆွဲခြင်းအားမွှေနှောက်နေသည့် လက်ကြီးကို အားကုန်လွှဲရိုက်ထည့်လိုက်သည်။ သို့သော် ထိုလက်ကြီးကိုရိုက်ရသည်မှာ သတ္တဝါတစ်ဦးကို ရိုက်ရသည်နှင့်မတူဘဲ သစ်ပင်ကြီးတစ်ခု၊ သစ်လုံးကြီးတစ်လုံးကို ရိုက်နှက်လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီးနောက် အားဖြင့်လွှဲရိုက်သည့် တိုးကြီး၏လက်ပင် ရိုက်သည့်အရှိန်ကြောင့် အောင့််သွားရသည်။

“ဟေ့ကောင်၊ ပြန်ချ၊ မင်းလက်ကို ပြန်ချလိုက်စမ်း”

တိုးကြီးက ပါးစပ်မှဟစ်အော်ကာ ထိုလက်ကြီးအား သုံးလေးချက်ခန့် ဆက်လက်ထုရိုက်နေမိသည်။ ထိုအချိန် ဆိုက်ကားအနောက်ဘက်မှ ဝင်းလက်နေသည့် မျက်လုံးကြီးနှစ်လုံးကိုမြင်တွေ့လိုက်ရကာ ဆိုက်ကားမှာ ဝုန်းခနဲကျွမ်းပစ်ကာ ထောင်သွားလေသည်။ တိုးကြီးလည်း ဆိုက်ကားပေါ်မှ ကျွမ်းပစ်ကာ ပြုတ်ကျတော့၏။ ထိုသဘက်ကြီးမှာ တိုးကြီး၏ ဆိုက်ကားနောက်မြှီးကို ကိုင်မြှောက်ကာ မတင်လိုက်ခြင်းဖြစ်သည်။ တိုးကြီးတစ်ယောက် ကားလမ်းမပေါ် ပြုတ်ကျကာ ပြန်ကုန်းထလိုက်သည့်အခါ သူ့ဆိုက်ကားမှာ ဘီးများမိုးပေါ်ထောင်လျက် ပက်လက်လန်နေပြီဖြစ်သည်။ တိုးကြီးမှာ စဉ်းစားမနေတော့ဘဲ ခြေဦးတည့်ရာ သို့ထွက်ပြေးခဲ့ရာ ထောက်ကြံ့လမ်းဆုံသို့ ပြန်ရောက်မှန်းမသိရောက်သွားလေတော့သည်။

“ဟား၊ ဟား မင်းပြောတာ ဟုတ်ပါ့မလားတိုးကြီးရာ၊ ငါတော့ ယုံရခက်ခက်ပဲကွ”

တိုးကြီးစကားအား နားထောင်ပြီးသည့်အခါ ကိုဘသက်တစ်ယောက် ခွက်ထိုးခွက်လန်ရယ်မောလေတော့သည်။ တိုးကြီးမှာ အနည်းငယ်ဒေါသထွက်သွားပြီး

“မဟုတ်ပဲ ပြောပါ့မလားဗျ၊ ကျုပ်က ခင်ဗျားတို့ကို ဘာဖြစ်လို့လိမ်ပြောရမှာလဲ၊ ကျုပ်ကိုယ်တိုင်တွေ့ခဲ့တော့မှ ကျုပ်လည်းယုံသွားတာ”

ကိုဘသက်က မယုံသော်လည်း ငပွားကတော့ ယုံကြည်သွားသည်။

“ဟုတ်တယ် ကိုဘသက်၊ အဲဒီကွေ့က တကယ်ကြမ်းတာ၊ တိုးကြီးမပြောနဲ့ ထောက်ကြံ့ကဆိုက်ကားသမားတွေရော၊ မှော်ဘီက ဆိုက်ကားသမားတွေရော အဲဒီထန်းပင်ကွေ့က ညောင်ပင်ကြီးအနားကို ညနေမိုးချုပ်ဆိုရင် မဖြတ်ရဲဘူးဗျ၊ အစားအသောက်တွေ၊ အသားစိမ်းငါးစိမ်းတွေ ပါရင် ပိုတောင်ဆိုးတာပေါ့ဗျာ”

ထိုအခိုက် ဆိုင်ရှင်ဦးကြီးမှာ ဘီအီးတစ်လုံးနှင့် ဖန်ခွက်တစ်ခွက်ကို လာချလေသည်။ မကြာခင်မှာပင် အငွေ့တထောင်းထောင်းထနေသည့် ကြက်ဂွေးတောက်ဟင်းရည်ကို လာချပေးသည်။ ဗမာကြက်ခြေထောက်၊ ကြက်ခေါင်းများကို အသေအချာပြုတ်ထားသည့် ကြက်ပြုတ်ရည်အတွင်းသို့ ဂွှေးတောက်ရွက်ကလေးများ ပါးပါးလှီးထားသည်ကို ခပ်လာပေးသည်။ ငုံးဥတစ်လုံးကိုလည်း စွပ်ပြုတ်ရည်အတွင်းသို့ ဖောက်ထည့်ထားကာ ငရုတ်ကောင်းပါးပါးဖြူးထားသဖြင့် မွှေးကြိုင်နေလေတော့သည်။

ကိုဘသက်မှာ စွပ်ပြုတ်ရည်ကို တစ်ဇွန်းခပ်သောက်ပြီးနောက်

“ကောင်းလိုက်တာကွာ၊ ခံတွင်းကိုရှင်းသွားတာပဲ”

“ကိုဘသက်၊ အမြည်းက ဒါပဲလားဗျ”

“ဘယ်ဟုတ်ပါ့မလဲကွာ၊ ဟေ့ မင်းတို့ဆိုင်မှာ အမဲကြွပ်ကြော်ရသေးလား”

“ရတာပေါ့ ကိုဘသက်ရာ”

“အေး၊ အဲဒါလေးတစ်ပွဲလောက်ချစမ်းပါကွာ၊ မင်းတို့ဆိုင်က အမဲကြွပ်ကြော်က ဟောဒီထောက်ကြန့်တစ်ခွင်လုံးက အမဲကြွပ်ကြော်တွေထက် အများကြီးသာတယ်ကွ”

ဆိုင်ရှင်ဦးကြီး ပြန်ထွက်သွားတော့မှ ငပွားက စကားဆက်သည်။

“ကျုပ်လည်း အဲဒီကွေ့အကြောင်းတွေ ကြားဖူးတယ်၊ အဲဒီကွေ့မှာ သိုက်တွေလည်းရှိတယ်ဆိုပဲဗျ၊ သိုက်နန်းရှင်တွေ ဘာတွေ တွေ့ရတတ်တယ်ဆိုပဲ”

နဂိုကတည်းကမှ အယုံအကြည်မရှိသည့် ကိုဘသက်က ငွေပွားအား မျက်မှောင်ကြုတ်ကာ ကြည့်ရင်း

“လာပြန်ပြီကွာ၊ ဘာသိုက်ရှိတာလဲကွ၊ ပုရွက်ဆိတ်သိုက်လား၊ ဟား၊ ဟား”

“အိုဗျာ၊ သိုက်ပါဆိုနေမှ ဘာသိုက်လဲဆိုတာ ကျုပ်သိမလားဗျ၊ တွေ့ဖူးတာကတော့ ကျုပ်ဘကြီးကိုယ်တိုင်တွေ့ဖူးတာဗျ”

“ဟေ၊ ပြောစမ်းပါအုံးကွာ”

ကိုဘသက်က မြှောက်ပေးလိုက်သည်မို့ ငပွားတစ်ယောက် အရက်ခွက်ကိုမော့သောက်လိုက်ကာ

“အဲဒါကတော့ ဆောင်းတွင်းကြီးပဲဗျ”

(၃)

ထိုစဉ်က ပြည်လမ်းမကြီးမှာ ကားအသုံးပြုသူနည်းပါးလှသည်။ မှော်ဘီနှင့် ထောက်ကြံ့ကြားတွင် ခြံစိုက်၊ ယာစိုက်သူ တောင်သူများရှိကြသည်။ ထိုတောင်သူများမှာ မိမိတို့၏ ယာထွက်ကုန်များအား ထောက်ကြံ့ဈေးသို့ သွားရောက်ရောင်းချကြလေ့ရှိသည်။ မနက်ခင်းဈေးမီရန်အတွက် မနက်စောစောထကာ တောင်းကြီးများကိုရွက်ပြီး ထောက်ကြံ့သို့လမ်းလျှောက်ကာ ဈေးရောင်းထွက်ကြသည်။

ဈေးသည်မိန်းမကြီးတစ်ယောက်နှင့် ဆယ်နှစ်အရွယ်ခန့်ရှိ ကောင်လေးတစ်ယောက်တို့မှာ မှော်ဘီမြို့ဘက်မှနေ၍ ထောက်ကြံ့ှဆီသို့ ပြည်လမ်းမကြီးအတိုင်း ဦးတည်ကာလမ်းလျှောက်လာကြလေသည်။ မနက်ခင်း ဝေလီဝေလင်းအချိန်မို့ နှင်းမကွဲသေးဘဲ ကားလမ်းဝန်းကျင်တစ်ခွင်တွင် မြူထူများကျဆင်းနေလေသည်။

သားအမိနှစ်ယောက် စကားတပြောပြောနှင့် လမ်းလျှောက်လာရင်း ထိုညောင်ပင်ကြီးအနီးသို့ရောက်လာခဲ့လေသည်။ ဘေးပတ်ဝန်းကျင်တွင် ရာဘာတောကြီးများရှိသဖြင့် အုပ်မှိုင်းနေကာ အလင်းရောင်ကောင်းစွာမရသေးပေ၊ ဆယ်နှစ်သားအရွယ်ကောင်လေးထံတွင် လက်နှိပ်ဓါတ်မီးတစ်လက်ပါလာသော်လည်း ဓါတ်ခဲအားကုန်မည်စိုး၍ အချိန်ပြည့်ထွန်းမထားဘဲ တစ်ချက်တစ်ချက်သာ ထွန်းဖွင့်လျက် သားအမိနှစ်ယောက် လမ်းလျှောက်လာကြခြင်းဖြစ်သည်။ လမ်းကွေ့မရောက်မီအချိန်တွင် နွားလှည်းသံများကိုကြားရသည်။ နွားလှည်းသွားလာနေသည့်အသံများ၊ နွားများကို ငေါက်ငမ်းကြိမ်းမောင်းနေသည့်အသံကို ကြားလိုက်ရခြင်းဖြစ်သည်။

“အမေရေ၊ နွားလှည်းသံကြားတယ်ဗျ၊ ဧကန္တထောက်ကြံ့ကိုသွားနေတဲ့ လှည်းဖြစ်မယ်၊ သားတို့လှည်းကြုံလိုက်လို့ရမယ်ထင်တယ်”

ထိုခေတ်က မှော်ဘီမှ ဆန်ကြိတ်သူများ၊ ဈေးဝယ်ထွက်သူများမှာ နွားလှည်းများဖြင့် သွားလာတတ်သည်ဖြစ်ရာ ကောင်လေးမှာ လှည်းကြုံလိုက်ချင်ပုံရလေသည်။ အမေဖြစ်သူက ဈေးတောင်းခေါင်းရွက်ထားရင်း လမ်းမကိုတစ်ချက်ကြည့်လျှက်

“ဟဲ့သား၊ ဒီအသံတွေက မရိုးဘူး၊ နွားလှည်းဆိုရင်လည်း တစ်လှည်းနှစ်လှည်းပေါ့၊ အခုဟာက လှည်းအတန်းလိုက်ကြီးသွားနေတဲ့ပုံပဲ၊ ခလောက်သံတွေ ခြူသံတွေဆိုရင်လည်း ညံနေတာပဲသားရဲ့”

မိခင်ပြောမှ ထိုကောင်လေးမှာ နားစွင့်လျှက်သေချာနားထောင်လိုက်မိသည်။ ဟုတ်သည်။ နွားလှည်းမှာ တစ်စင်းတည်းဖြစ်ပုံမရ၊ ဆယ့်လေးငါးစင်း တစ်ပြိုင်နက်တည်း သွားလာနေသည့်အသံများဖြစ်သည်။ လှည်းသံများကြားထဲတွင် လူများစကားပြောဆိုနေသံကိုလည်း ကြားရလေသည်။ သားအမိနှစ်ယောက် ထိုအသံများကို နားစွင့်ကာ ဆက်လျှောက်သွားကြရင်း လမ်းကွေ့အရောက်တွင် အသံများကပိုမိုဆူညံလာသည်။ သို့သော် ဖြောင့်ဖြူးလှသည့် ကားလမ်းမကြီးတစ်ခွင်တွင် နွားလှည်းမပြောနှင့် လူရိပ်လူခြေပင်မတွေ့ရ၊ သို့သော် အသံများကတော့ အတိုင်းသားကြားနေရသည်။

“ဟဲ့သား၊ လမ်းပေါ်ကိုဓါတ်မီးနဲ့ထိုးကြည့်စမ်း”

မိခင်ပြောသဖြင့် လမ်းမပေါ်ကို ဓါတ်မီးနှင့်ထိုးကြည့်လိုက်ရာ လက်မခန့်အရွယ်ရှိ ဖြူဖြူရွရွအကောင်ကလေးများမှာ အုံလိုက်ကျင်းလိုက် ကားလမ်းမကြီးကိုဖြတ်သန်းကာ သွားလာနေကြသည်။ ထိုအကောင်မျိုးကို သူတို့တစ်သက် တစ်ခါမှမမြင်ဖူးခဲ့ပေ၊ မည်သည့်အကောင်မျိုးဖြစ်သည်ဆိုသည်ကိုလည်း မခန့်မှန်းနိုင်ပေ၊ ထိုအကောင်များမှာ အကောင်ရေ ထောင်နှင့်ချီရှိမည်ထင်ရပြီး ကားလမ်းမကြီးကို လျှင်မြန်စွာဖြတ်ကူးနေလေသည်။ လှည်းသံ၊ နွားသံ၊ စကားပြောသံများမှာလည်း ထိုအကောင်လေးများထံမှ ကြားနေရခြင်းဖြစ်သည်။

အကောင်လေးများမှာ တစ်ဖက်ရာဘာတောကြီးအတွင်းမှ ထွက်လာကြကာ၊ ကားလမ်းမတစ်ဖက်ခြမ်း ရာဘာတောကြီးအတွင်းသို့ တိုးဝင်ကာ ပျောက်ကွယ်သွားလေသည်။ စုစုပေါင်း အချိန်ငါးမိနစ်ခန့်ပင် မကြာလိုက်ပေ၊ ထိုတော့မှ မိခင်ဖြစ်သူက သားအားလက်ဆွဲပြီး အပြေးတစ်ပိုင်းဖြင့် သုတ်ခြေတင်လာခဲ့ကြသည်။ ထောက်ကြံ့ရောက်ခါနီးမှ သားအမိနှစ်ယောက် အုတ်ခုံတစ်ခုတွင်ထိုင်ကာ အမောဖြေနေကြရလေသည်။

“အမေရေ၊ သားတို့ခုနက တွေ့ခဲ့တာ ဘာတွေလဲအမေရ”

“အမေကြားဖူးတာကတော့ အဲဒါသိုက်နန်းရှင်တွေပဲသားရဲ့၊ သူတို့က ပိုးကောင်မွှားကောင်ပုံစံလေးတွေဆိုပေမယ့် လှည်းသံ၊ လူသံတွေထွက်နေတာ ထူးဆန်းတယ်မဟုတ်လား၊ အရင်ရှေးလူကြီးတွေပြောခဲ့တာကလည်း ဒီအနီးအနားမှာ သိုက်တွေရှိတယ်လို့ ပြောဖူးတယ်ဆိုတော့ အမေ့အထင်ကတော့ သိုက်နန်းရှင်တွေ၊ သိုက်ရွေ့တာ၊ သိုက်ပြောင်းတာ ဖြစ်ချင်ဖြစ်မှာသားရဲ့”

“အဖြစ်ကတော့ အဲဒါပါပဲဗျာ၊ အဲဒီကလေးက ကျုပ်ဘကြီးပဲဗျ၊ သူကိုယ်တိုင်မြင်ခဲ့တာ”

အယုံအကြည်မရှိသည့် ကိုဘသက်မှာ ရယ်လျှက်

“မင်းပြောတာ ပိုပြီးယုတ္တိမရှိတော့ဘူး ငပွားရေ၊ မင်းဘကြီးက သိုက်သမိုင်းကားတွေ များများကြည့်ထားပုံရတယ်ကွ”

ငပွားစကားကို ကိုဘသက်ကမယုံသော်လည်း တိုးကြီးက ခေါင်းညိတ်လျှက်

“ဖြစ်နိုင်တယ်ကွ၊ သိုက်နန်းရှင်လား၊ ဘာလားတော့မသိဘူး၊ အဲဒီကွေ့နားမှာ မိန်းကလေးတွေက ဆိုက်ကားတွေ၊ ကားတွေ တားစီးတတ်တယ်တဲ့ကွ၊ မင်းဗိုက်ပူကားမောင်းတဲ့ ကိုဝင်းမောင်ကြီးကိုသိတယ်မဟုတ်လားကွ”

“သိတော့သိတယ်၊ တိုက်ကြီးနဲ့ ထောက်ကြံ့နဲ့ကို လိုင်းကားဆွဲမောင်းနေတဲ့သူမဟုတ်လား”

“အေးကွ၊ အရင်က သူလိုင်းကားမမောင်းဘူး၊ သူက ကုန်တင်ဒေါ့ဂျစ်မောင်းတာကွ၊ ရန်ကုန်နဲ့ပြည်နဲ့ကို အစုန်အဆန်ကားမောင်းတယ်ပေါ့ကွာ၊ တစ်ရက်တော့ ထောက်ကြံ့ကိုစပါးလာချပြီးတော့ ပြည်ကိုခါလီကြီးအပြန်မှာ ညကလည်း မှောင်နေပြီဆိုပဲကွ”

ပြောရင်းဆိုရင်း တိုးကြီးမှာ အရက်တစ်ကျိုက်မော့လိုက်ပြီးနောက် ခွီးခနဲမြိုချလိုက်ရင်း

“အဲဒါ အဲဒီလမ်းကွေ့နားရောက်တော့ မိန်းကလေးတစ်ယောက်က ကားကိုတားတယ်ဆိုပဲကွ၊ ညမိုးချုပ်ကြီးကျမှ မိန်းကလေးကလည်း တားတယ်ဆိုတော့ ကိုဝင်းမောင်က ညည့်ငှက်ကလေးတွေထင်ပြီး ကားပေါ်ကောက်တင်သွားတာပေါ့ကွာ၊ သူကလည်း နည်းနည်းပါးပါးရှုပ်တယ်မဟုတ်လားကွ”

“ဟုတ်တာပေါ့ဗျာ၊ ဒါနဲ့ဆက်ပြောပါအုံး”

“မိန်းကလေးက ခေါင်းကိုငုံ့ထားတယ်တဲ့ကွ၊ ကိုဝင်းမောင်က ကားမောင်းရင်း အဲဒီမိန်းကလေးကို ရိသဲ့သဲ့တွေပြောရင်း ပါးစပ်အရသာခံပြီး မောင်းလာတာတဲ့ကွာ၊ မိန်းကလေးက ဘာမှလည်းပြန်မပြောဘဲ ခေါင်းပဲငုံ့နေတာဆိုပဲ၊ ကားမောင်းနေရင်း မှော်ဘီလောက်ရောက်တော့ ဒီမိန်းကလေးရဲ့ပေါင်ကို လက်နဲ့ကိုင်လိုက်တဲ့အခါ သူ့ပေါင်က လူနဲ့မတူဘဲ ရေခဲတုံးကြီးလို အေးစက်နေတာပဲတဲ့ကွာ၊ ကိုဝင်းမောင်လည်း ကြောက်ကြောက်နဲ့ ကားအထဲကမီးလုံးကိုဖွင့်ပြီး သေချာကြည့်လိုက်တော့မှ ဒီမိန်းကလေးရဲ့မျက်နှာမှာ နှာခေါင်းတွေ၊ ပါးစပ်တွေ မပါဘူးတဲ့ကွ”

“ဟာကွာ၊ ကြောက်စရာကောင်းလိုက်တာ၊ နားထောင်ရင်း ကြက်သီးတောင်ထလာပြီ”

“ဒါတင်ဘယ်ကမလဲ၊ ကိုဝင်းမောင်က ကြောက်သွားတော့ ဒီမိန်းကလေးက သူ့ကိုခုန်အုပ်ပြီး သူ့လည်ပင်းကို အတင်းညှစ်တာပဲတဲ့ဟေ့၊ ကိုဝင်းမောင်လည်း အားကုန်ရုန်းပြီးတော့ ကားတံခါးဖွင့်ပြီး ခုန်ချပြေးတာ ဖိနပ်တောင်မပါဘူးတဲ့ကွာ၊ ဒီလူကံကောင်းလို့မသေတာ၊ အဲဒီနောက်ပိုင်းကတည်းက ညဘက်ဆိုအဲဒီနေရာကနေ ကားဖြတ်မမောင်းရဲတော့ဘူးကွ”

“ဟုတ်ပါ့ကွာ၊ ငါသာဆိုရင်လည်း ကြောက်မှာပဲကွ”

ထိုအခါ ကိုဘသက်က စားပွဲခုံကို ဝုန်းခနဲထုထည့်လိုက်သဖြင့် တစ်ဆိုင်လုံးငြိမ်ကျသွားကာ ကိုဘသက်ကိုဝိုင်းကြည့်နေကြလေသည်။

“ဟေ့ကောင်၊ မင်းတို့ကောင်တွေက ငကြောက်တွေပဲကွ၊ တစ္ဆေသရဲကိုများ ကြောက်ရတယ်လို့ကွာ၊ ဒီမှာ ငါကအဲဒီလမ်းကနေ ညတိုင်းဖြတ်နေတဲ့ကောင်ကွ၊ မင်းတို့ပြောတဲ့သရဲဆိုလား သဘက်ဆိုလား အဲဒီကောင်ကို တစ်ခါမှကိုမတွေ့ဖူးဘူးကွာ”

“ဟာ၊ ဒါကတော့ ကိုဘသက်က တမင်ကပ်ပြောတာပဲဗျ”

“ဟုတ်တယ်ကိုဘသက်၊ ကိုဘသက်မယုံဘူးဆိုရင် အမဲသားဆွဲပြီး အဲဒီလမ်းကနေ ဖြတ်ကြည့်လိုက်စမ်းဗျာ”

“ဟား၊ ဟား မင်းတို့က ငါ့ကိုစိန်လာခေါ်နေကြတယ်ပေါ့ဟုတ်လား၊ ငါ့နာမည်ဘသက်ပါကွ၊ ဝါးနက်ချောင်းမှာ ဘသက်ဆိုရင် မသိတဲ့လူမရှိဘူး၊ ဟေ့ ဆိုင်ရှင် . . . ဆိုင်ရှင်”

ဆိုင်ရှင်ဦးကြီးက ကိုဘသက်အနီးသို့ရောက်လာခဲ့သည်။

“မင်းတို့ဆိုင်မှာ အမဲသားအစိမ်းရှိသလားကွ”

“အစိမ်းတော့မရှိဘူး၊ ကြော်ပြီးသားပဲရှိတယ်”

“အေး၊ အဲဒါဆိုရင်လည်း အမဲကြော်ငါးကျပ်ဖိုး ငါ့အတွက်ထုပ်ပေးစမ်းကွာ၊ ဒီလောက်တောင်ဖြစ်တဲ့ကောင်တွေ၊ မင်းတို့ပြောတဲ့အဲဒီလမ်းကနေ ငါအမဲကြော်ထုပ်ကိုင်ပြီး ဖြတ်ပြမယ်ကွ”

“ကိုဘသက်၊ ခင်ဗျား သရဲကိုမယုံဘူးဆိုတိုင်း လျှောက်မလုပ်နဲ့နော်ဗျ”

“နေစမ်းပါကွာ၊ ဟောဒီမှာတွေ့လား ဓါးမြှောင်၊ ဘသက်ကို သရဲဖြစ်ဖြစ်လူဖြစ်ဖြစ် လာစမ်းလို့မရဘူးကွ၊ ငါဓါးနဲ့တွေ့ရင် မင်းတို့သရဲ အူပွင့်ထွက်သွားမယ်ကွ၊ ဘာမှတ်နေလဲ”

ဘသက်မှာ အာပေါင်အာရင်းသန်သန်နှင့်ပြောဆိုနေသည်ကို ဆိုင်ထဲမှလူများက ကြည့်ကာ တစ်ယောက်တစ်ပေါက်ပြောဆိုနေကြလေသည်။ တိုးကြီးမှာ သက်ပြင်းတစ်ချက်ချလျှက်

“တားမရဘူးဆိုရင်လည်း လုပ်ပေါ့ကိုဘသက်ရာ”

“ဟေဟေ့၊ ငါအဲဒီကနေဖြတ်ပြီး ဘာမှမဖြစ်ရင် မင်းတို့ဘာပေးမလဲကွ”

တိုးကြီးနှင့် ငပွားမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြရင်း

“ကဲဗျာ၊ ကိုဘသက်က စိန်ခေါ်နေမှတော့ မထူးပါဘူး၊ ကိုဘသက် အမဲကြော်ဆွဲပြီးဖြတ်သွားလို့ ဘာမှမဖြစ်ဘူးဆိုရင် နောက်နေ့ကျုပ်တို့နှစ်ယောက်က ကိုဘသက်ကို အရက်အဝတိုက်မယ်ဗျာ၊ ဟုတ်ပြီလား”

“ဟား၊ ငါကလည်း ဒါမျိုးမှကြိုက်တာကွ၊ သရဲရေ မင်းကျေးဇူးနဲ့ ငါတော့ မနက်ဖြန်အရက်အဝသောက်ရမှာ မြင်ယောင်သေးတယ်ကွ၊ ဟေး ဟေး”

ဆိုင်ရှင်က အမဲကြော်လေးငါးတုံးကို ဆီစိမ်စက္ကူနှင့်ထုပ်ကာ သင်အူကြိုးဖြင့် ချည်နှောင်၍ အတွဲကလေးလုပ်ပေးလိုက်သည်။ ကိုဘသက်မှာ ကျသင့်ငွေရှင်းပေးပြီးနောက် လက်တစ်ဖက်က ဘီအီးအရက်ပုလင်းတစ်လုံးဆွဲလျှက် အခြားလက်တစ်ဖက်က အမဲကြော်ထုပ်ကိုကိုင်ဆွဲကာ ဆိုင်အတွင်းမှ ထွက်လာခဲ့လေတော့သည်။

(၄)

လပြည့်နီးပြီမို့ ထိုနေ့က လရောင်က ဝင်းဝင်းပပသာနေလေသည်။ အချိန်က ခန့်မှန်းခြေ ညရှစ်နာရီခန့်ရှိခဲ့ပြီဖြစ်သည်။ လူနေအိမ်များကိုဖြတ်သန်းလာပြီးသည့်နောက် မြို့အစွန်အဖျားရောက်လာလေသည်။ လမ်းဘေးတစ်ဖက်တစ်ချက်ရှိ လူနေအိမ်များက တဖြည်းဖြည်းကျဲပါးသည်ထက် ကျဲပါးသွားပြီးနောက် သစ်တောကြီးများနှင့် ခြံဝန်းကျယ်ကြီးများသာ ကျန်ရှိနေလေတော့သည်။

ကိုဘသက်မှာ ဓါးမြှောင်တစ်လက်ကိုခါးကြားထိုးကာ သီချင်းတစ်ပုဒ်ကို ဟစ်အော်သီဆိုရင်း ကားလမ်းအတိုင်းလှမ်းလျှောက်လာခဲ့သည်။ လက်ထဲမှအရက်ပုလင်းကိုလည်း မော့ကာ မော့ကာ သောက်ရင်း အရက်တစ်ပိုင်းကျိုးခဲ့ခြေပြီ၊ ဆိုင်တွင်လည်း အရက်တစ်လုံးနီးပါးသောက်ခဲ့သည်မို့ ကိုဘသက်တစ်ယောက် ရေချိန်အတော်ကိုက်နေပြီဖြစ်သည်။

မကြာခင် လရောင်အောက်တွင် ထန်းပင်ကြီးများကို လှမ်းတွေ့လိုက်ရသည်။ လမ်းကွေ့ကြီးမှာ ကုန်းဆင်းဖြစ်သဖြင့် ဖြူးနေအောင်မြင်ရသည်။ ကိုဘသိုက်က အရက်ပုလင်းကိုမော့လိုက်ရင်း

“လာစမ်း၊ ဘယ်မလဲသရဲ၊ မင်းလာစမ်း”

ပါးစပ်မှ အော်ရင်း ကုန်းဆင်းအတိုင်းဆင်းလာခဲ့သည်။ သို့သော် လမ်းတစ်လျှောက် တိုးကြီးနှင့် ငပွားတို့ပြောသည့် သရဲကို အရိပ်အယောင်ပင်မမြင်ရပေ၊ ညောင်ပင်ကြီးအနားရောက်လာသည့်အခါ ညောင်ပင်ကြီးကိုတစ်ချက်မော့ကြည့်လိုက်မိသည်။ အကိုင်းအခက်များဝေေ၀ဆာဆာနှင့်ပေါက်ရောက်နေသည့် ညောင်ပင်ကြီးမှာ ကြီးမားလွန်းလှသည်။

“အလကားပါကွာ၊ ဒီကောင်တွေ မဟုတ်တမ်းတရားတွေကို အရသာခံပြီးပြောနေကြတာ၊ ဘာသရဲမှမရှိပါဘူး”

စိတ်ထဲမှရေရွတ်လိုက်ပြီးနောက် လမ်းဆက်လျှောက်ရန်ပြင်လိုက်သေးသည်။ သို့သော်လည်း စိတ်ထဲတွင် သရဲအားစိန်ခေါ်ချင်လာသဖြင့်

“ဟေ့ကောင်၊ သဘက်ဆိုတဲ့ကောင်၊ ဆင်းလာခဲ့လေကွာ၊ ဟောဒီမှာ မင်းကြိုက်တဲ့ အမဲကြော်လည်းပါတယ်ကွ၊ လာစမ်းပါ၊ လာယူလေကွ၊ ဟား၊ ဟား”

ကိုဘသက်မှာ လက်ထဲမှ အမဲကြော်ထုပ်အား ကိုင်မြှောက်ပြလိုက်သေးသည်။ ထို့နောက် တစ်ဖက်သို့လှည့်ကာ လမ်းလျှောက်လာသည့်အခါတွင် ဘုတ်ခနဲသစ်ပင်ပေါ်မှ ပြုတ်ကျလာသံကိုကြားလိုက်ရသည်။ ပြုတ်ကျသံက လူတစ်ယောက်ကျသည်နှင့်မတူဘဲ အိတ်ကြီးတစ်အိတ်ကျသကဲ့သို့ အသံကြီးဖြစ်နေလေသည်။ ကိုဘသက်လည်း ဘာရယ်မဟုတ် အနောက်သို့လှည့်ကြည့်လိုက်သည့်အခါ ညောင်ပင်အောက်တွင် လေးဖက်ထောက်လျှက် အကောင်ကြီးတစ်ကောင်ကို ကုန်းကုန်းကြီးတွေ့လိုက်ရသည်။

အကောင်ကြီးမှာ အခြားသရဲများကဲ့သို့မဟုတ်ဘဲ တစ်ကိုယ်လုံးဆင်စွယ်ရောင်ဖြူဖွေးနေလေသည်။ မျက်လုံးကြီးများမှာ ဝင်းလက်နေပြန်သည်။ ထိုသဘက်ကြီးကိုတွေ့လိုက်တော့မှ ကိုဘသက်တစ်ယောက် ကျောထဲစိမ့်တက်လာကာ ကြက်သီးများထလာလေသည်။

“မင်းလားကွ သဘက်ဆိုတာ”

ကိုဘသက်က ခါးကြားမှ ဓါးမြှောင်ကိုဆွဲထုတ်လိုက်သည်။ ထိုအခါ သဘက်ကြီးက မတ်တပ်ထလိုက်ရာ အလွန်ရှည်လျားသည့် အရပ်ကြီးရှိပြီး လက်တံခြေတံကြီးများကလည်း ထန်းပင်လုံးကဲ့သို့ ရှည်မြောမြောကြီးဖြစ်သည်။ ကိုဘသက်ဆီသို့ လက်လှမ်းလာပြီးနောက် လက်ထဲမှ အမဲကြော်ထုပ်ကို ဝုန်းခနဲဆွဲလုယူသည်။ ကိုဘသက်ကလည်း လက်ထဲမှ ဓါးမြှောင်ဖြင့် သဘက်ကြီး၏လက်ကို အားကုန်ထိုးစိုက်ချသော်လည်း သဘက်ကြီးအားမထိုးမိဘဲ လေကိုသာထိုးမိသကဲ့သို့ရှိသည်။

တိုက်ခိုက်၍မရသည့်အခါ ကိုဘသက်တစ်ယောက် ကြောက်လန့်စိတ်ဝင်လာမိသည်။ သို့နှင့် လက်ထဲမှအရက်ပုလင်းနှင့် ဓါးကိုပစ်ချလိုက်ကာ ခြေကုန်သုတ်ပြေးတော့သည်။ ထိုစဉ်မှာပင် သဘက်ကြီး၏ လက်ဝါးက သူ၏ ကျောပြင်ပေါ်သို့ကျပြီး ဝုန်းခနဲအသံကြီးမြည်ကာ ကိုဘသက်လည်း အရှေ့သို့ ကျွမ်းပစ်လိမ့်ကျသွားတော့၏။ မြေပေါ်မှ ဖုတ်ဖတ်ခါထပြီးသည့်အခါ မှော်ဘီဘက်သို့ တစ်ချိုးတည်းပြေးလေတော့သည်။

အလောင်းအစားပြုလုပ်ထားပြီး ကိုဘသက်တစ်ယောက် သုံးလေးရက်ခန့် ပေါ်မလာသည့်အခါ တိုးကြီးနှင့် ငပွားတို့မှာ အလွန်စိတ်ပူပန်သွားကြပြီး ကိုဘသက်နေထိုင်သည့် ဝါးနက်ချောင်းကျေးရွာကလေးဆီသို့ မေးစမ်းကာ လိုက်လာကြသည်။ ထိုစဉ်က ဝါးနက်ချောင်းရွာကလေးမှာ အတော်အတန်ခေါင်သည်။ တစ်အိမ်နှင့်တစ်အိမ်မှာလည်း အလွန်အလှမ်းဝေးသည်။ အများစုမှာ ခြံဝန်းကျယ်ကြီးများဖြစ်သည်။ ခြံအကျယ်ကြီးတစ်ခုအတွင်းသို့ ဝင်ရောက်ခဲ့သည့်အခါ ခြံအလယ်တွင် မြေစိုက်တဲကလေးတစ်လုံးကိုတွေ့ရသည်။ ရွာခံတစ်ယောက်က ထိုတဲမှာ ကိုဘသက်အိမ်ဖြစ်သည်ဟု ဆိုသဖြင့် တဲဆီသို့ ဦးတည်လာကြသည်။

“ကိုဘသက်၊ ကိုဘသက်ရှိပါသလား”

“ရှိပါတယ်ရှင့်၊ ဝင်ခဲ့ပါ”

မိန်းကလေးတစ်ယောက်အသံကြားလိုက်ရသဖြင့် တိုးကြီးနှင့် ငပွားတို့မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြရင်း တဲအိမ်အတွင်းသို့ဝင်လာခဲ့ကြသည်။ ထိုအချိန် တဲခေါင်းရင်းတစ်နေရာတွင် စောင်ကြီးခေါင်းမြီးခြုံလျက် တုန်တုန်ယင်ယင်ဖြစ်နေသည့် ကိုဘသက်ကိုတွေ့လိုက်ရသည်။ မိန်းကလေးက ကိုဘသက်၏ ညီမဖြစ်မည်ထင်သည်။

“ဟာ၊ ကိုဘသက်၊ ဘယ်လိုဖြစ်တာလဲဗျာ”

ကိုဘသက်မှာ တိုးကြီးနှင့်ငပွားအား ပြူးကြောင်ကြောင်နှင့်စိုက်ကြည့်နေလေသည်။ ဘသက်ညီမက သူတို့အနီးတွင်ထိုင်လိုက်ပြီး

“ဘာဖြစ်တယ်ဆိုတာ ရှင်တို့တကယ်မသိဘူးလား”

တိုးကြီးတို့ ခေါင်းခါလိုက်သည့်အခါ

“ကိုဘသက်ကို ထန်းပင်ကွေ့က သဘက်ကြီးက ရိုက်ထည့်လိုက်တာ အခုလိုဖြစ်သွားတော့တာပါပဲရှင်၊ သူ့ကျောမှာလည်း လက်ဝါးရာကြီးရှိသေးတယ်”

ကိုဘသက်မှာ ကြောင်တောင်တောင်နှင့်ဖြစ်နေလေသည်။ မိန်းကလေးက ကိုဘသက်ခြုံထားသည့် စောင်ကြီးကိုဆွဲဖယ်လိုက်ပြီး ကျောပြင်ကိုလှန်ပြလိုက်သည့်အခါ ညိုပုပ်ပုပ်ဖြစ်နေသည့် လက်ဝါးရာကြီးကိုတွေ့မြင်လိုက်ကြရသည်။

“ဟာ၊ လက်ဝါးရာကြီးက နည်းတာကြီးမဟုတ်ဘူးဗျာ၊ ကျောလုံးအပြည့်ပဲ”

“ဟုတ်ပါတယ်၊ အခုတော့ ရွာထဲက ဗိန္ဓောဆရာကြီးနဲ့ ကုသပေးနေပါတယ်”

“အေးဗျာ၊ ကိုဘသက်ဒီလိုဖြစ်မယ်လို့ ကျုပ်တို့ထင်ကိုမထင်ထားဘူး”

တိုးကြီးနှင့်ငပွားမှာ သူတို့အိတ်ကပ်ထဲမှ ငွေနှစ်ဆယ်ဆီထုတ်လိုက်ကြကာ ဘသက်၏ ညီမအားပေးလိုက်ကြသည်။ ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီး တစ်လခန့်ကြာသည့်အခါမှသာ ကိုဘသက်တစ်ယောက် တစ်ရက်ပျော် အရက်ဆိုင်သို့ ရောက်ချလာလေသည်။ သူတွေ့ကြုံခဲ့သည့် အဖြစ်အပျက်များကို ဆိုင်တွင်အာပေါင်အာရင်းသန်သန်နှင့် ပြောဆိုလေရာ ဆိုင်မှလူများက အံ့သြဘနန်းဖြစ်ကြရသည်။

ညနေငါးနာရီခန့်တွင်ပင် ကိုဘသက်တစ်ယောက် ဆိုင်မှပြန်ရင်ပြင်ဆင်နေသည့်အခါ တိုးကြီးက

“ဗျို့ ကိုဘသက်၊ ပြန်တော့မလို့လားဗျ”

“အေးကွာ၊ ငါးနာရီဆိုတော့ မှော်ဘီကိုထွက်မယ့် နောက်ဆုံးကားမီသေးတယ်ကွ၊ ငါအဲဒီကားနဲ့ပြန်မယ်”

“အေးအေးဆေးဆေးနေပါအုံးဗျ၊ အရင်ကလည်း ညရောက်မှ လမ်းလျှောက်ပြန်တာမဟုတ်လား”

ငပွားပြောလိုက်သည့်အခါ ကိုဘသက်က ပြုံးဖြီးဖြီးနှင့်

“ငါဘယ်သူ့ကိုမှတော့မကြောက်ဘူးကွ၊ ဒါပေမယ့် အဲဒီထန်းပင်ကွေ့က သဘက်ကြီးကိုတော့ ကြောက်တယ်ဟေ့၊ ကြောက်သွားပြီကွ”

ဟုပြောဆိုကာ ဆိုင်အတွင်းမှ သုတ်ခြေတင်လျက် ထွက်ခွာသွားလေတော့သည်။

ပြီးပါပြီ။

အဂ္ဂဇော်