မုဆိုးမ

လူကြီးရဲ့။ အခုတော့ မုဆိုးမအဖြစ်ချင်းပါ တူပါပေါ့ကလား”

ကျွန်မကို မြင်မြင်ချင်း ဆီး၍ ပရိဒေဝတောက်လောင်သွားကာ ဟစ်ကြေးတမ်းတလိုက်ပြီးနောက် နဖူးနှင့် ကြမ်းနှင့် ထိအောင် ဝပ်လျက် ချုံးပွဲချ ငိုကြွေးနေပေသည်။

တခါက စာရေးဆရာ အသင်းတိုက်တွင် မဟာဆွေသည် အစည်းအဝေးအပြီး ကျွန်မနှင့် မျက်နှာချင်းဆိုင် လာရပ်ကာ…

“ဒီမှာ မမလေး၊ ကျုပ်မိန်းမ ဇာတာနဲ့ မမလေး ဇာတာနဲ့ တပုံတည်း ။ ခုနှစ်ရော၊ လရော၊ နေ့ရော အတူတူပဲ။ နာရီသာ လွဲကြတယ်”

ကျွန်မရှေ့တွင် ဆေးပြင်းလိပ်ညှပ်ထားသော လက်ကို ခါလျက် ပြုံးစိစိနှင့် မျက်စိမှေးမှေး ပြောပုံကို သွား၍ မြင်ယောင်မိလိုက်၏။ “သူက ကျုပ်ထက် ဆယ့်ခြောက်နှစ်လောက် ငယ်တယ်၊ သိပ်ထက်တယ်။ ဒီဇာတာမျိုးဟာ ဒီမှာ မမလေး ဒီလိုပဲ ဟဲ… ဟဲ”

မျက်မှန်တွင်းက မှေး၍နေသော မျက်လုံးအစုံနှင့် စူးရှစွာ ကျွန်မကို စိုက်ကြည့်ကာ သူ့ အသံတွဲ့တွဲ့နှင့် သဲ့သဲ့ရယ်မောသော အသံသည်လည်း ပြန်၍ ကြားမိယောင်ပင်။

သူမသည် ဝပ်ငိုနေရာမှ ထူမတ်လိုက်ကာ “ဆေးရုံမှာတုန်းကလေ သတိလစ်ပြီး တုံးလုံးကြီး ဖြစ်နေပုံဟာ ဦးချစ်မောင်နဲ့ တူလိုက်တာ။ ကျွန်မ မောင်ကို သွားသတိရမိတယ်ရှင် အမယ်လေး ဦးချစ်မောင်လည်း ဆေးရုံမှာ သေရတယ်။ မဟာဆွေလည်း ဆေးရုံမှာ သေပြီ” သူမသည် ဆုတ်နစ်သောနှလုံးနှင့် ဝမ်းပန်းတနည်း အော်ငိုပြန်သည်။ တအိမ်လုံး ဆိတ်နေကြပေသည်။ အိပ်ခန်းဖွဲ့ကာ ထားသော အခန်းပေါက်
ရှိ အစိမ်းပွင့် ခန်းဆီးကလေးများသာ လေအလိုက် ယိမ်းလွင့်ကာ လှုပ်ရှားလျက် ရှိသည်။

မိခင်ကို အလယ်က ထား၍ ဘေးနှစ်ဖက်၌ ဒူးတုတ်ထိုင်ကာ တရှုံ့ ရှုံ့ ငိုနေကြသော သမီးကလေးတွေ။

သူတို့သည် အပျိုဖြန်း အရွယ်ကလေးများ ဖြစ်ကြသည်။ မျက်နှာကလေးတွေ ဆီးရွက်လောက်နှင့် မျက်ရည်ပြည့်နေသော မျက်လုံးကလေး ကလယ် ကလယ်ဖြင့် ကျွန်မတို့ကို ကြည့်ငိုနေသည်။

ထိုအခိုက် ဆရာကြီး မဟာဆွေ၏သမီးများထက် ငယ်သော ကျောင်းမှ ကလေးမလေး သုံးယောက် လှေကားမှ တက်လာကြသည်။ “ဂျမ်းဂျမ်းရေ… ဂျမ်းဂျမ်း ချစ်တဲ့ ဦးလေးကြီး မရှိတော့ဘူးကွယ့်။

ဂျမ်းဂျမ်းရဲ့ မမတွေမှာလေ ဖေဖေ မရှိတော့ဘူး။ အဖေ မရှိတော့ဘူး”

သူမသည် ကြေကွဲစရာ ကောင်းလောက်အောင် မထိန်းနိုင် မသိမ်းနိုင်သောအသံနှင့် သည်းထန်စွာ ငိုကြွေးလျက် ရှိနေသည်။ သူမ၏ သမီးလေး နှစ်ယောက်သည် ဂျမ်းဂျမ်းတို့ရှေ့တွင် မျက်နှာကို ငုံ့ချထားကြာက ရှိုက်နေကြပေ သည်။

ကျွန်မသည် အဖေ မရှိသော ကလေးမလေးများ၏ အဖြစ်ကို ဆင်ခြင် နှလုံးသွင်းနေစဉ် ဝေးလံစွာက လိမ့်လာကြသော လှိုင်းဂယက်တို့သည် ရင်ကို လာ၍ ပုတ်ခတ်ရိုက်နေသလို ရှိသည်။

ဦးချစ်မောင် အလောင်းကို ဇရပ်ထဲ၌ ပြင်ဆင်ပြီးနောက် အိမ်က ကလေးများ ရောက်လာကြသည်။

ခင်လေးမြင့်မှာ ခြောက်နှစ်အရွယ်ရှိလျက် မောင်ချစ်ရင်နှင့် မိုးဟိန်း မှာ ငါးနှစ် လေးနှစ်သာ ရှိသေးသည်။

သူတို့သည် ဇရပ်သို့ ရောက်ရောက်ချင်း အလောင်းခုတင်ဘေးတွင် ကပ်လျက် သူတို့အဖေကို အထူးအဆန်း ကြည့်ကြသည်။ ကျွန်မမှာ အနားက ပရိသတ်ကို ရှိလို့ ရှိမှန်းပင် သတိမရဘဲ ကလေး သုံးယောက်နှင့် ခုတင်ပေါ်က အလောင်းကို စိမ်းစိမ်းကြီး ကြည့်နေမိသည်။

“သွား မကိုင်နဲ့လေ၊ ဖေဖေ အိပ်နေတယ်”ဟု ခင်လေးမြင့်က ပြောကာ မောင်ချစ်ရင်၏ လက်ကို လှမ်းပုတ်လိုက်သည်။ မောင်ချစ်ရင်သည် အလောင်း ခြေနှစ်ချောင်းကို တွဲ၍ ချည်ထားသော ကြိုးကို အဆန်းတကြယ် လုပ်ကား လက်နှင့်ဆွဲ၍ ကြည့်နေသည်။

မိုးဟိန်းမှာ ခေါင်းရင်းဘက်သို့ သွားကပ်လျက် မေးအောက်၌ ခုထားသည့် ခဲကို စမ်းကာ “ဖေဖေ ခဲကြီး…ခဲကြီး”ဟု အလောင်း၏ လက်မောင်း ကို လှုပ်ကိုင် ပြောနေလေသည်။ ကျွန်မလည်း ကလေးသုံးယောက်နှင့် အလောင်းကို မမြင်ရအောင် မျက်စိကို ကြပ်ကြပ်မှိတ်လျက် အံကို ကြိတ်ထားမိသည်အထိ ရင်ထဲ နာကျင်သွားခဲ့သည်။

အဖေ မရှိတော့ဘူး…ဟူသော အတွေးသည် သူမကဲ့သို့ပင် ကျွန်မလည်း ခံစားခဲ့ရဖူးလေသည်။ အဖေ မရှိတော့ဘူး..ဟူသော အတွေးသည် သူမကဲ့သို့ပင် ကျွန်မလည်း ခံစားခဲ့ရဖူးလေသည်။

ကလေးမလေးနှစ်ယောက်ကို စိုက်ကြည့်နေမိသော ကျွန်မ၏ မျက်ရည်သားကို လွှဲဖယ်လိုက်ကာ နောက်ဖေးဘက်ရှိ ကျွန်မနှင့် တည့်နေသော ပြတင်း ပေါက်ကလေးမှ လှမ်းဖောက်၍ မြင်ရသော ဝေးဝေးက မိုးတိမ်ဆီသို့ ရွှေ့ ထားလိုက်သည်။

ခဲရောင် ထနေသော တိမ်တိုက်တို့သည် မိုးသက်လေနှင့် တလိပ်လိပ် ရှေ့နေပေသည်။

[၂]

“ဒီသမီးလေး နှစ်ယောက်နဲ့ ရှေ့လျှောက် ကျွန်မ ဘယ်လိုနေရမယ် မသိဘူး။ ဘယ်လိုလူကြီးမှန်း မသိဘူး ဒေါ်ဒေါ်ရဲ့။ ဦးကျော်ငြိမ်း မိန်းမ ဒေါ်နွဲ့နွဲ့က ခေါင်းပေါင်းပေးတယ်။ ခေါင်းပေါင်းရတော့လေ သူ့မှာရှိတဲ့ ခေါင်းပေါင်းကို ချက်ချင်း သူများ သွားပေးလိုက်တယ်။ အိမ်မှာ ဖျာသုံးချပ်ပဲ ရှိတယ်။ အဲဒါ ဖျာမရှိတဲ့လူကို ဖျာတချပ် ဆွဲပေးလိုက်လို့ နှစ်ချပ်ပဲ ရှိတော့သည်။ အဝတ် အစားလည်း အပိုရှိရင် ရှိသလို ပေးလိုက်တာပဲ။ ရေသောက်တဲ့ ဖန်ခွက်က အစ အပိုနှစ်လုံးရှိရင် တလုံး သူများပေးလိုက်တယ်။ ကျွန်မနဲ့ဆိုတာ ဒီ အတွက် တကျက်ကျက်ပါပဲ။ ဘာပစ္စည်းမှ အိမ်မှာအပိုမထားဝံ့ဘူး။ ဘာပစ္စည်းမှ ဒီမှာ မရှိတာဘဲ ကြည့်ပါတော့။ မနက် ဈေးသွားရင် နေ့တိုင်း ဝက်သားကို ငါးဆယ်သား ဝယ်ချက်ရတယ်။ သူစားတာ နည်းနည်း၊ ဝရန်တာထွက်ပြီး ကျီးတွေကို ဝက်သားခေါ်ကျွေးတယ်၊ ကြမ်းပေါ်မလဲ ကြောင်တွေကို ဝက်သားတုံးတွေ ချကျွေးတယ်။ နေ့တိုင်း ဒီအိမ်မှာ ကျီးတွေက တရုန်းရုန်း ကြောင်တွေက တဝုန်းဝုန်း၊ သူ ဆေးရုံတက်ကတည်းက ကျီးတွေလည်း တကောင်မှမလာကြ တော့ဘူး။ သူ့ကြောင်တွေလည်း တနေ့လုံး ခွေနေ၊ သူ လည်း ဆေးရုံ ခွေမှာ ”

အနားက တတွတ်တွတ် ပြောဆိုနေသော အသံများကို နားထဲ၌ ကြားလျက် မဟာဆွေ၏ သဏ္ဌာန်သည် တိမ်ကြားထဲမှ တရေးရေး ပေါ်နေလေသည်။

မဟာဆွေသည် တိုက်ရှေ့မှ ဖြတ်သွားရင်း ကျွန်မကို မြင်၍ ပြုံးနှုတ် ဆက်ကာ တိုက်ထဲသို့ ဝင်လာခဲ့သေးသည်။

စားပွဲတွင် ကျွန်မနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်ကာ “မမလေး တွေ့လို့ ပြောရဦးမယ်။ မကြာသေးဘူး၊ လူငယ်များကြီးပွားရေး အသင်းက ထမင်း ပွဲမှာ ဆရာဝန်တွေနဲ့ ဆုံမိတယ်။ ဆာမောင်ကြီးရဲ့ သမက်လည်း ပါတယ်။ မမလေးအကြောင်း ပြောနေကြတယ်”

စကားကို ဤတွင် ဖြတ်လိုက်သည်။ စားပွဲပေါ်က မီးခြစ်ကို လှမ်း ကောက်ယူကာ ဆေးလိပ်မီးညှိလျက် မီးခြစ်ဆံမီးကို လှုပ်ကာ ငြိမ်းရင်း “ပြော ရဦးမယ်၊ ဟဲ…ဟဲ…”ဟု ဆိုကာ ဆေးလိပ်ကို ဖွာသောက်လေသည်။

ဆရာပြောမည့်စကားကို စောင့်ဆိုင်နေရစဉ် ကျွန်မမှာ ဆရာ၏ အမူအရာ ကို သေသေချာချာ ကြည့်နေမိသည်။ ပြည့်ဖြိုးနေသော မျက်နှာကြီးမှာ နီမြန်းနေကာ ခံတွင်းမှ ပုလင်းအနံ့လည်း သင်းနေလေသည်။ နောက်ဆုံး တွေ့ ရသော မျက်နှာသည် ယခင့်ယခင်ကထက် မျက်နှာထား ချိုပေသည်။

“ဘာအကြောင်းများလဲ ဆရာ’ဟု ကျွန်မက စကားထောက်လိုက်သည်။ “ဂျာနယ်ကျော်မမလေးရဲ့ ဆေးပညာဆောင်းပါးတွေ ဖတ်ရတာဗျာ ကျုပ်တို့ ဆရာဝန်တွေ ပေါကုန်တာပဲ…တဲ့”

ကျွန်မအား ပြောပြီး သူ့ဟာသူ သဘောကျကာ ခပ်ညက်ညက်ကလေး ရယ်လေ၏။ ကျွန်မလည်း ပြုံးကာ မျက်မှောင်ကုတ်၍ ‘ဆရာဝန်တွေကို ပုတ်ခတ်ချင်တဲ့သဘော မရေးဖူးပါဘူး ဆရာ။ ကျွန်မ အတွေ့ အကြုံ ကျွန်မ အသိကို ရှင်းလင်းဖော်ပြပြီး ရေးပါတယ်။ ကျွန်မ ဆောင်းပါးတွေကို ဆရာကော ဘယ်လိုသဘောရပါသလဲ…”ဟု ပြောလိုက်မိခဲ့သည်။

“ကြိုက်တယ်။ ကျုပ်က ကြိုက်တယ်။ ဒီမှာ မမလေး မြန်မာဆေးကို ကျုပ် ဘယ်တော့မှ အထင်မသေးဘူး။ ကျုပ် သွေးဝမ်းသွားတုန်းက ဘာနဲ့ပျောက်တယ် မှတ်သလဲ၊ ကြောင်ပန်း ရွက်။ ကြောင်ပန်းရွက်ပြုတ်သောက်တာနဲ့ ပျောက်သွားတယ်…ဟဲ…ဟင်း”

ကျွန်မ ပြုံးနေသည်။

“ကျုပ် ဝေဒနာဖြစ်ရင် မြန်မာဆေးဝါးနဲ့ ကုချင်တဲ့ စိတ်အာသာဖြစ်တယ်။ မြန်မာဆေးဟာ စွမ်းရင် ဆေးမီးတိုကလေးကအစ တကယ်စွမ်းတယ် နော်။ ကိုယ်တွေ့ ကိုယ်တွေ့”

စကားကို ခပ်လေးလေး ပြောဆိုပြီး ကုလားထိုင်နောက်သို့ မှီက ခေါင်းထဲ၌ ရိုးတိုးရိပ်တိပ် ဖြစ်သလို မျက်စိအနည်းငယ် စင်းလျက် ငြိမ်နေသည်။

“ကျွန်မလည်း အစက ဒီလောက် ထက်မြက်မှန်း မသိပါဘူး ဆရာ၊ အလကား အောက်မေ့တာပဲ။ နောက်မှ”

သူသည် ဆတ်ခနဲ ခေါင်းကို ရှေ့သို့ ဆန့်ထုတ်လိုက်ကာ စူးစမ်းသော မျက်နှာထားနှင့် “နေပါဦး၊ သည်ပညာလိုက်စားတာ ကြာပြီလား”ဟု ဖြတ်ပေး လိုက်သည်။

“သိပ်မကြာသေးပါဘူ· ဆရာ။ သူ ဆုံးပြီးမှ သည်ပညာနဲ့ နီးစပ်သွားတယ်။ သူ့ကို ဆေးရုံပို့တုန်းက သတိ အရှင်း မရဘူး ဆရာရဲ့ ။ လက်တွေက လှုပ်နေတာပဲ။ ဆရာဝန်တွေ ကြောရိုးဖောက်ကြည့်ကြတယ်”

“ကြောရိုး ဘာလုပ် ဖောက်တာတုန်း”

“ဦးနှောက်ထဲ သွေးရောက်သလား စမ်းတာ ဆိုလားပဲ၊ မသိပါဘူး ဆရာ။ ဒီလိုနဲ့သတိမေ့ပြီးနောက် မျက်လုံးဖွင့်ပြန်တော့ သေသာသွားရော စကား
တခွန်းမှ မပြောနိုင်ဘူး။ မြန်မာမှာတော့ ဆရာ၊ ရောဂါကျွမ်းနေလို့ သေရမယ့်လူဖြစ်တောင် စကားပြောသွားနိုင်အောင် ညင်ညင်သာသာ အသက် ထွက်တဲ့နည်း ရှိတယ်”

သူသည် ကုလားထိုင်နောက်သို့ ပြန်မမှီဘဲ စိတ်ပါဝင်စားဟန်ဖြင့် စိုက်နားထောင်နေလေသည်။

“ကိုချစ်မောင် အသေဆိုးသဗျာ။ သတိ လစ် လစ်ချင်း သတိရအောင် ဘယ်လိုလုပ်မလဲ”

“ရေနိုင်နိုင် လောင်းရမှာပေါ့ ဆရာ”

ကျွန်မက ခပ်လွယ်လွယ်ပင် ပြောလိုက်သည်။ ပြောပြီး ကျွန်မအဖြေ ကို ဘယ်လို သဘောထားသလဲဟု အကဲခတ် ကြည့်မိသည်။

“ဒါ မြန်မာနည်း။ ကြားဖူးတယ်၊ ကြားဖူးတယ် ရေဟာလည်း ဆေး တပါးပဲ။ ကျုပ်တော့ ရေကို တနေ့ ဆယ့်ခြောက်ခါ ချိုးတာပဲ”

တဖြည်းဖြည်း ထန်ပြင်းလာသော မိုးသက်လေကလေးသည် ဦးနှောက် ထဲတွင် အုပ်ဆိုင်းထားသော “အတိတ်”ကို အချက်ကျ မွှေလှန်ပြပေးနေဘိ သကဲ့သို့ပင်။

[၃]

“နုတော့ မရှိဘူး၊ သူနဲ့ယူတာ သဘောမတူလို့ တဆွေတမျိုးလုံးက ကျွန်မကို ဝိုင်းပယ်ထားကြလို့
တကောင်ကြွက်ပါ။ အခုတော့ သူက ကျွန်မတို့ကို ပစ် သွားပါပြီရှင်”

သူမသည် လောလောဆယ် ချစ်လင်နှင့် ကွေကွင်းရသည့် ဒုက္ခဆင်းရဲကိုသာ အဖန်တလဲလဲ ခံစားလျက် ရှိချေသည်။ သူမ၏ ဘဝကို ပူထူနေခိုက် လုံးလုံး သတိချပ်မိသေးဟန် မတူချေ။

ကျွန်မသည်လည်း ယခင်က လင်သေစတုန်းက သူမကဲ့သို့ပင် သွားပြီ… သွားပြီ…ဟု ဒီစိတ်သာ ထပ်မနား ဖြစ်နေလျက် မုဆိုးမဘဝနှင့် မချဉ်းကပ်မိသေး။

တကယ့် မုဆိုးမဘဝနှင့် ရင်ဆိုင်ရသည့် နေ့ကား ကျွန်မ၏ ခင်ပွန်းသည် သေဆုံး၍ တလပြည့်သော ကဆုန်လဆန်း ၂ ရက်နေ့၌ ဖြစ်လေ၏။

တလပြည့်သောနေ့တွင် နံနက်စောစော သင်္ချိုင်းသို့ သွားလေသည်။ ထိုနေ့က ကျွန်မတယောက်တည်း မဟုတ်ဘဲ ဂူသို့ ဦးစောဦး လည်း ပါလာ လေသည်။

ဂူပေါ်တွင် သူနှစ်သက်သော နှင်းဆီပန်းများကို တင်လျက် ဂူကို ဦးချ လိုက်ကာ ဂူဘေး၌ တိတ်ဆိတ်စွာ ထိုင်နေမိ၏။ ဂူပေါ်သို့ ပန်းလာတင်သည် မှာ သူ့ကို သတိရသောစိတ်၊ သတိရသော အထိမ်းအမှတ် အကျုံးဝင်ကာ နှင်းဆီပန်းလာတင်ခြင်းမှ အကြောင်းပြု၍ ဆိတ်ငြိမ်သော နေရာတွင် သတိရ စရာတို့သည် တခုပြီး တခု တဖွားဖွား ပေါ်လာလေသည်။

သတိရစရာ အကြောင်းများထဲတွင် သူ့မိတ်ဆွေ
တဦးသည် အထင်ရှားဆုံး ဖြစ်သည်။ ဤမိတ်ဆွေ ကို သူသည် စွဲလမ်းလှသည်။

သူ့မိတ်ဆွေနှင့် သူနှင့် ဖက်လဲတကင်း ရင်းနှီးခင်မင်ကြပုံမျိုးကို တခါမှတော့ မတွေ့မမြင်ခဲ့ရ။

တယောက်နှင့်တယောက် တွေ့ကြလျှင် တခါတရံလည်း စကားမပြောကြဘဲ ငြိမ်နေကြကာ တခါတရံလည်း စကားလက်ဆုံကျနေကြကာ လူချင်းခွဲကြသည့်အခါ၊ သူ့မိတ်ဆွေ ထပြန်သွားသည့်အခါ ကျန်ရစ်ခဲ့သော သူ့မျက်နှာသည် အထူးသဖြင့် ကြည်လင်လန်းဆန်းသည်။ မျက်လုံးများတွင် အကြည်ဓာတ်သန်းလျက် ဖိတ်လက်သော အရောင်ထွက်နေကာ စိတ်ချမ်းသာ သည့် အသွင်ကို နူးညံ့ညင်သာစွာ တွေ့မြင်ရသည်။

အရေးအကြောင်းကြုံလျှင် ရင်းနှီးခင်မင်ကြသော လူပေါင်းအမြောက် အမြားထဲမှ သူသည် ဤမိတ်ဆွေကို လှစ်ခနဲ တတတ်သည်။

သူ့မိတ်ဆွေကို ဘယ်လိုမြတ်နိုးမှန်း မသိ။ မိတ်ဆွေရှေ့တွင် ဟက်ဟက် ပက်ပက် မလုပ်၊ မြုံလျက် ကွယ်ရာကြမှ ပါးစပ်ဖျားတွင် တသသရှိတတ်သော သူ့အကြောင်းကို ကျွန်မ ကောင်းကောင်းသိခဲ့သည်။

ကျွန်မမှာ ဂူနားကပ်၍ ငြိမ်ထိုင် စဉ်းစားနေရင်း သူ့အကြောင်းကို သူ့ မိတ်ဆွေအား ပြောချင်သည်နှင့် သူ့မိတ်ဆွေထံသို့ သွားချင်စိတ် ပေါက်လာလေ သည်။ သုသာန်မှ အိမ်သို့ မပြန်ဘဲ သူ့မိတ်ဆွေအိမ်သို့ တန်းသွားလေသည်။ အိမ်ရှေ့တွင် ကားထိုးဆိုက်ကာ ကားပေါ်မှ မဆင်းခင် ဧည့်ခန်းတွင် သူ့မိတ်ဆွေနှင့် ဇနီးကို တွေ့ရသည်။

ခါတိုင်း သူနှင့် ကျွန်မ သည်အိမ်သို့ လာကြလျှင် အိမ်ရှင်ဇနီးမောင်နှံ တို့သည် အိမ်ဝက ဆီး၍ ပျူပျူငှာငှာ ဆီးကြိုသည်ချည်း ဖြစ်သည်။

ကျွန်မတို့ ကားပေါ်မှဆင်း၍ အိမ်ဝသို့ အရောက် သူ့မိတ်ဆွေ၏ ဇနီး သည် ကုလားထိုင်မှ ထ၍ ဗြုန်းခနဲ အခန်းထဲသို့ ၀င်သွားလေသည်။ ကျွန်မကို ကြည့်လည်း ကြည့်၍ ကျွန်မ မြင်ရအောင် မျက်နှာအိုအိုနှင့် မျက်နှာချင်း မဆိုင်ချင်သလိုလို လုပ်သွားပုံမှာ တဒင်္ဂ ဖျတ်ခနဲလောက်နှင့်ပင် သိသာလွန်းလှသည်။

သူ့မိတ်ဆွေသည် ခါတိုင်းလိုပင် ပျာပျာသလဲ အိမ်ပေါက်ဝသို့ လာကြို လေသည်။

ကျွန်မမှာ ဘယ်လိုဖြစ်မှန်းပင် မသိ။ အံ့အားသင့်သွားကာ ကုလားထိုင်၌ ကယောင်ချောက်ချား ဝင်ထိုင်ချလိုက်သည်။ ခြေဖျားလက်ဖျားများမှာ အလိုလို အေးစက်လာလျက် ချက်ချင်း ရင်ထဲက နေမကောင်းဖြစ်လာလေသည်။ စကားကို ဟန်မပျက် ပြောဆိုနေရကား သေသူကိုလည်း လုံးလုံး သတိမရတော့ပေ။ ကျွန်မရှေ့၌ရှိသော သူ့မိတ်ဆွေကိုလည်း သုသာန်တုန်းကလို သိပ်တွေ့ချင်စိတ်၊ မြင်ချင်စိတ်ဖြင့် ဟက်ဟက်ပက်ပက်မျိုးလည်း မရှိတော့ပေ။

“ဘာဖြစ်လို့များပါလိမ့်၊ နှုတ်တောင် မဆက်ဘူး၊ ထဝင်သွားတယ်” အကြောင်းမသိတိုင်း ရင်ထဲတွင် လှုပ်ရှားလျက် သူ့ဇနီးဝင်သွားသော အခန့် ပေါက်ကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်နေသည်။ ထွက်လာပြီး နှုတ်ဆက်ရန် စိတ်ထဲက တမျှော်တည်းမျှော်လျက်။

ကျွန်မခင်ပွန်း မမာနေခိုက် သူ့မိတ်ဆွေ၏ ဇနီးမှာ မျက်နှာမြင်နေ၍ တယောက်နှင့်တယောက် မတွေ့ကြရဘဲ ရှိခဲ့သည်။ ကျွန်မခင်ပွန်း ဆုံး၍ တလပြည့်သည့် သည်နေ့၊ သည်အိမ်လာခဲ့မှသာ ဇနီး၏ မျက်နှာကို မြင်ရ ခြင်း ဖြစ်သည်။ မြင်မြင်ချင်း အခန်းထဲသို့ ဝင်သွားပုံကို နားမလည်နိုင်ဘဲ ထွက်လာနိုးနိုး၊ သတင်းမေးနိုး မျှော်ကိုးယောင်မိဖြစ်နေခြင်း ဖြစ်လေသည်။ သူ၏မိတ်ဆွေမှာ ခါတိုင်းလိုပင် ခင်မင် ဖော်ရွေလျက် စကားပြောဆိုနေပေသည်။ သူ့မျက်နှာ၌ ဣန္ဒြေမပျက် ရှိသော်လည်း ကျွန်မပေါ်၌ အားနာခြင်း ဖုံးဖိထားသည့် အသွင်မှာ တချက်တချက် ပေါ်ထင်လာလေသည်။ ဤအိမ်အဝင် ၎င်း၏ ဇနီးနှင့် မတွေ့လိုက်ရဘူးဆိုလျှင် ကျွန်မက စတင်၍ မေးရပေလိမ့်မည်။ ယခုသော် ကျွန်မကို မြင်မှ သိသိသာသာကြီး ထသွားခြင်း ထင်ရှားလှသောကြောင့် ကျွန်မက ဧည့်သည်ဝတ်ကျေအောင် မေးဖို့ရန်ပင် အခြေအနေအရ ခက်နေသည်။

ကျွန်မတို့မှာ အခန်းထဲသို့ ဝင်သွားခြင်းကိစ္စကို မသိချင်ယောင်ဆောင် မှ ဖြစ်ကြမည့် အခြေအနေသို့ ဆိုက်ရောက်နေကြသည်။

သူ့မိတ်ဆွေနှင့် ကိုစောဦးတို့ စကားပြောနေကြစဉ် အခန်းပေါက်သို့ သာ မျက်စိရစ်ဝဲလျက် တမျိုးတမည်ကြီး ဖြစ်သထက် ဖြစ်လာကာ အမြန်ဆုံး ထပြန်ချင်လာလေသည်။

သူတို့စကားပြတ်အောင် စောင့်၍ ကျွန်မလည်း ထိုင်ရာမှ ထလိုက် ကာ နှုတ်ဆက်လျက် အိမ်ဝသို့ ထွက်လာခဲ့သည်။ အိမ်သို့အပြန် ကိုစောဦးကို အလုပ်တိုက်တွင် ဝင်ချထားခဲ့ကာ အိမ်လည်း မပြန်ချင်၍ ကံဘဲ့ ဒေါ်ဒေါ့် အိမ်သို့ တန်းသွားလေသည်။

ဧည့်ခန်းထဲက ကုလားထိုင်ပေါ်တွင် ခြေပစ်လက်ပစ် ကိုယ်ကို ခပ်လျောလျော ထိုင်ချလျက် လက်နှစ်ဖက်ကို ရင်ပေါ်၌ ပတ္တာချိတ်ထားကာ ခေါင်းကို နောက်မီတွင် မော့လန်တင်၍ မျက်စိမှိတ်ထားလေသည်။

“လှိုင်…ဘာဖြစ်လာသလဲ။ လှိုင် နေမကောင်းဘူးလား”ဟု အခန်းထဲ က ထွက်လာသော ဒေါ်ဒေါ်က ပျာပျာသလဲမေး၍ ကျွန်မ ခေါင်းသာရမ်းလိုက် လေသည်။

[၄]

ကျွန်မခင်ပွန်းရှိစဉ်က ကျွန်မကို ခင်မင်သော သူ့မိတ်ဆွေ၏ ဇနီးမျက်နှာအိုအို ကို မျက်စိထဲက ဖျောက်မရနိုင်ကာ မစဉ်းစားတတ်သဖြင့် စိတ်မချမ်းမသာ ဖြစ်နေတော့သည်။

“ဒေါ်ဒေါ် ကျွန်မရင်ထဲမှာ ဘယ်လိုများ ခံစားရမှန်း မသိပါဘူး။ ကျွန်မ သူတို့အိမ်ရောက်သွားတော့လေ”

“ဖြစ်သမျှအကြောင်းကို ဒေါ်ဒေါ့်အား ဖွင့်ပြောပြလိုက်မှ ရင်ထဲတွင် အတန်ငယ် ပေါ့သွားသည်။ ဒေါ်ဒေါ်သည် ရင်ကို လက်နှင့် ဖိကာ မျက်ခုံးကို အထက်သို့ ပင့်၍ “အောင်မယ်လေး၊ ဖြစ်မှ ဖြစ်ရလေ”ဟု ဆိုလေသည်။

ချက်ချင်းပင် မျက်ရည်များ စီးကျလာလျက် ကုလားထိုင်ပေါ်သို့ ခြေ ကို မတင်လိုက်ကာ ကြုံ့ကြုံ့ကလေး ခွေပြင်မှီထိုင်ပြီးနောက် ကျွန်မအား
တခွန်းမှ ဆက်မပြောတော့ဘဲ နှုတ်ခမ်းကို စေ့၍ မျက်ရည်တွေ ဖြိုင်ဖြိုင်ကျနေ လေသည်။

ဒေါ်ဒေါ် စိတ်မချမ်းမသာ ဖြစ်နေပုံကို မြင်ရ၍ စိတ်ပြောင်းသွားကာ ဒေါ်ဒေါ့်ကို တစိမ့်စိမ့် ကြည့်မိသည်။ ဒေါ်ဒေါ်မှာ မျက်ရည်တွေ တတွေတွေစီး လျက် တငင်ငင် ရှိုက်နေသည်။

ကျွန်မနှင့် ဒေါ်ဒေါ်မှာ သွေးသား တစက်မှ မတော်စပ်ဘဲနှင့် ခုလောက် ဝမ်းနည်းပန်းနည်း ဖြစ်နေပုံကို တွေ့ရ၍ ချစ်ခင်စိတ် ပိုတိုးသွားကာ မျက်ရည်များပင် လည်၍ လာသည်။

“ ဒေါ်ဒေါ် မခံနိုင်ဘူး…ဒေါ်ဒေါ် ပြောဦးမယ်”

သူ့မိတ်ဆွေမှာ ဒေါ်ဒေါ်နှင့်လည်း ရင်းနှီးခင်မင်သူဖြစ်၍ ပြောမည်ဆိုသည်ကို စိတ်ထဲက သဘောမကျပေ။

“ပြောမနေပါနဲ့တော့ ဒေါ်ဒေါ်၊ ကျွန်မဖြစ်တာကို အံ့သြလွန်းလို့ ပြောတာပါ။ ကျွန်မဖြစ်ပုံက စိတ်ဆိုးတာလည်း မဟုတ်ဘူး၊ ဝမ်းနည်းတာလည်း မဟုတ်ဘူး။ တကိုယ်လုံး ထုံသွားတာပဲ။ အဲဒါ ဘာဖြစ်လို့လဲ ဒေါ်ဒေါ်ရယ်” ဒေါ်ဒေါ်သည် မပြောချင်သကဲ့သို့ တိုး၍သာ ရှိုက်နေပြီးမှ “လှိုင့်ကို ဒေါ်ဒေါ် သနားလိုက်တာ”ဟု ပြောလိုက်သည်။

“ဘာဖြစ်လို့လဲ ဒေါ်ဒေါ်´ဟု ကျွန်မက ကောက်မေးလိုက်သည်။ ဒေါ်ဒေါ်သည် အဖြေမပေးဘဲ မျက်ရည်များ ထွန်းအိုင်ကာ ရှိုက်နေတော့သည်။

“မုဆိုးမဘဝဟာ ဒီလိုပဲ”

ကျွန်မတို့အနားတွင် လာထိုင်နေသော ဒေါ်ဒေါ်၏ အစ်မကြီးကြီးညွန့် က ဝင်ပြော၍ ကျွန်မမှာ နားမလည်နိုင်အောင် ဖြစ်သွားသည်။

“မုဆိုးမဖြစ်တာနဲ့ ဘာဆိုင်သလဲ ကြီးကြီးရယ်” ကြီးကြီးညွန့်သည် ငြိမ်နေပြန်သည်။ ကျွန်မလည်း ဒေါ်ဒေါ့်ကြည့်လိုက်။ ကြီးကြီးညွန့် ကြည့်လိုက်နှင့် စိတ်ထဲတွင် မရှင်းမလင်း မချင့်မရဲနှင့် ဖြစ်နေသည်။

“တူမက မုဆိုးမဖြစ်တာ မနေ့တနေ့က ရှိသေးတော့ မုဆိုးမအကြောင်း ဂဃနဏ သိဦးမယ် မဟုတ်ဘူး။ ကြီးကြီးက ငယ်ငယ် တူမအရွယ်က မုဆိုးမ ဖြစ်လာတော့ မုဆိုးမအကြောင်းကို ကောင်းကောင်းသိခဲ့တယ်။

“အသက်ကြီးမှ မုဆိုးမဖြစ်ရတာက တော်သေးတယ်၊ အသက်ငယ်ငယ်ငယ်ရွယ်နဲ့ မုဆိုးမ ဖြစ်ရတာ အဆိုးဝါးဆုံးပဲ”

“အသက်ငယ်တော့ ဘယ်လိုဖြစ်မှာမို့လဲ ကြီးကြီးရယ်” ကျွန်မမှာ အလန့်တကြားပင် ကျယ်ကျယ်ကြီး မေးမိသည်။ ကျွန်မကို ပြူးနေသော ကြီးကြီးညွန့်၏ မျက်လုံးတွင် ကြည့်ရင်းကြည့်ရင်း မျက်ရည်များ ဆင်းလာသလို မျက်ရည်ရောင် တောက်လာလေသည်။

“တူမရယ်၊ သိမ်ငယ်တာပေါ့”

“သိမ်ငယ်တယ်…ဘယ်လို သိမ်ငယ်တာလဲ…ဟင်….ကြီးကြီး”

“လင်သေလို့ ပူဆွေးဒုက္ခရောက်တာ မဟုတ်သေးဘူး။ လင်မရှိဖြစ်နေ တာလည်း ဒုက္ခရောက်ဦးမှာပဲ။ လင်ထပ်မယူမချင်း ဒါမှမဟုတ်ရင်လည်း ´ အရွယ်မကုန်မချင်း မုဆိုးမ လုပ်နေရတာလောက် ဆိုးဝါးတာ မရှိပါဘူး၊ အနေကျပ် အထိုင်ကျပ် လူတကာ ရိုးမယ့်၊ လက်ညှိုးထိုးမယ့်ဘ၀။ လူမလေး ခွေးမခန့် ဘဝမို့ သိမ်ငယ်တာပေါ့”

ကျွန်မမှာ တော်တော်ကြီး နားကြားပြင်းကတ်သွားသည်။ လူမလေး ခွေးမခန့်ဆိုသော စကားကို မသတီစရာ တခုခုနှင့် တို့ထိလိုက်ရသလို ထိ တွေ့ ခံစားလိုက်ရသည်။

ဤက အစပျိုး၍ ကျွန်မသည် မုဆိုးမကြီးတဦး၏ ရှေ့မှောက်တွင် မုဆိုးမတရားကို စိတ်နှလုံး နောက်ကျိစရာ ကောင်းလောင်အောင် ထိုင်ကြား နာရလေတော့၏။

“ကြီးကြီးရဲ့ သူငယ်ချင်းတယောက်ဟာလည်း မုဆိုးမပဲ။ သိပ်သဘော ကောင်းရှာတယ်။ သူ့လင်သေသွားတော့ သူ့လင်ရှိကတည်းက ခင်မင်နေတဲ့ ယောက်ျားမိတ်ဆွေတယောက် သူ့အိမ် ဝင်လို့၊ ထွက်လို့ နေတယ်။ ဒီလူ ဝင်ထွက်ပုံက နေ့စဉ်နှင့်အမျှဆိုတော့ အရပ်က မြင်လာတယ်။ ဒီလူ စိတ်ထဲ မှာ ရိုးချင်လည်း ရိုးမယ်။ မရိုးချင်လည်း မရိုး ရှိမယ်။ ကြီးကြီးသူငယ်ချင်းက တော့ ရိုးရိုးခင်မင်တာပဲ။ သူ့ဆီ ဝင်ထွက် သွားလာနေတာကို အရပ်က ပြောကြတာ သူလည်း သိတယ်။ ဒါပေမဲ့ ဒီလူ လာနေတာကို မလာဖို့ရာ လည်း သူ မပြောဘူး။ အရပ်က တောင်ထင် မြောက်ထင် မထင်အောင် သူ လာရင် အတွေ့မခံဘဲ ရှောင်လည်း မနေဘူး။ ဒီလိုပဲ နေတာပဲ။ ဒီလိုနဲ့ အရင် က သမုတ်ရုံတင် မဟုတ်ဘူး၊ အကျည်းတန်လောက်အောင် ပြောလာကြတော့ သူခမျာ ကြာတော့ မျက်နှာပူလာပြီး နောက်ဆုံး မယူချင်ဘဲနဲ့ ရှက်ပြီး ယူ လိုက်ရရှာတယ်”

ဤအဖြစ်ကို ကြားနာရသမျှ သုံးသပ်ဝေဖန်၍ နားထောင်နေကာ စိတ်ထဲရှိတာ ပြန်ပြောလိုက်မိ၏။

“လွတ်လပ်တဲ့ မိန်းမတဦးဆီကို ယောက်ျား
တယောက် ဝင်ထွက် သွားလာနေတာ၊ အရပ်က ပြောမယ်ဆိုတာ၊ ပြောမယ်ဆိုလည်း ပြောစရာပဲ။ ဒီလိုသမုတ်ကြလို့ ရှက်ရတယ် ဆိုတာလည်း ရှက်စရာပဲ။ ကိုယ်မဟုတ်ရင် ပြီးရောလို့ မိန်းမအနေနဲ့ သဘောထားလို့ မဖြစ်ဘူး။ ရှက်ရမှာပဲ။ မလာပါနဲ့
လို့ ပြောလို့ မထွက်လို့ မပိတ်ပင်ဘဲ နေတဲ့အတွက် သူ့အရှက်သူခံဖို့ပဲ။ ဒါပေမဲ့ မယူချင်ဘဲနဲ့ ယူလိုက်ရတယ် ဆိုတာတော့ ကျွန်မ’အထင် မမှန်ဘူး ထင်တယ်”

“ဘယ့်နှယ် မမှန်ရမှာလဲ၊ ကြီးကြီး အသိ။ ရှက်လို့ ယူရတာ အမှန်” မယူချင်ဘဲနှင့် ယူရသည့် အဖြစ်မျိုးကို သူများဖြစ်တာလည်း မယုံနိုင်၊ ကိုယ်လည်း သည်အဖြစ်မျိုး မဖြစ်နိုင်၍…

“မယူချင်ဘဲနဲ့တော့ ဘယ်လိုပြောနေနေ၊ ပြောလို့ ရှက်ရင်သာ ရှက်ရမယ်။ ကိုယ်မယူချင်တာ ဘာဖြစ်လို့ ယူရမှာလဲ မဟုတ်တာ”

ကျွန်မမှာ ကိုယ့်စိတ်နှင့် မတွေ့တိုင်း ကိုယ့်ဘာသာကိုယ် ခေါင်းခါကာ အဆုံးအဖြတ် ပေးနေမိလေသည်။

“အလို….ယူလည်း မယူဘူး၊ ပိတ်လည်း မပိတ်ပင်ဘူးဆိုရင် သူများ မျက်စိထဲမှာ ကြာတော့ ဒီမိန်းမဟာ အပေါစား ဖြစ်သွားမှာပေါ့။ မိန်းမဆိုတာ အရှက်နဲ့ လူလုပ်တာ၊ အသက်နဲ့ လူလုပ်တာ မဟုတ်ဘူး။ ရှက်လွန်းလို့ မျက်စိမှိတ်ပြီး ဇွတ်ယူရတာ”

ကျွန်မလည်း “ဪ….ဖြစ်မှ ဖြစ်ရလေ”ဟု စိတ်ထဲက ညည်းဆိုကာ နှလုံးမသာ ဖြစ်မိသည်။

နောက်တုန်းက မုဆိုးမတရားကို မိန်းမပိုင်းတွင် ကြားဖူးနားဝရှိခဲ့၏။ ထိုစဉ်က ကိုယ်နှင့်မဆိုင်သလို သာမန်ကာလျှံကာ နားထောင်လိုက်သည်။ ယခုပင် ပြောသူကလည်း စိတ်ရှိလက်ရှိ အမြင်မပြတ် ပြောလျက်၊ နားထောင် သူကလည်း စိတ်ပါလက်ပါ ဖြစ်နေမှန်းကို အထူး သတိထားမိသည်။

“ငယ်ငယ်ရွယ်ရွယ်မှာ မုဆိုးမဖြစ်ရင် မိဘနှစ်ပါးရှိရင် တော်ပါရဲ့။ -လင်အရိပ်က မိဘအရိပ်ကို ပြန်ခိုလှုံပြီး လင်ရှိတုန်းကလို အိမ်ထဲမှာပဲ နေရ တယ်ဆိုရင်တော့ မိဘအရှိန်အဝါနဲ့ လူများ မစော်ကားနိုင်ဘူး။ အားကိုးရာမဲ့ တယောက်တည်း ကိုယ်ရှာမှ ကိုယ်စားရမယ့် ယောက်ျားများလို အိမ်ပြင်ထွက်ရတဲ့ ဘဝမျိုး ရောက်ရင်တော့ နေရာတကာမှာ မတင့်တယ်လို့ ရင်လေးစရာပဲ။ လင်မရှိတဲ့ မိန်းမရယ်လို့ ယောက်ျားက ရိုသေမယ်မထင်နဲ့။ ယောက်ျား ပေးပြီးသား ဆိုပြီးတော့ အရိုအသေတန်တယ်။ စော်ကားချင်တယ်။ မလေးမခန့် ပြောချင် လုပ်ချင်တယ်။ ဒါကြောင့် လူမလေး ခွေးမခန့် ပုံနှိုင်းတာ” မုဆိုးမဘဝ အရိုအသေတန်တယ်၊ သိမ်ငယ်တယ်ဆိုသော စကားကို ကြီးကြီးညွန့် ထပ်ရှင်း ပြောလိုက်မှပင် တဖြည်းဖြည်“ သိမြင်ကာ အဓိပ္ပာယ် ရှင်း လာလေသည်။

ရှိုက်ငိုသော ဒေါ်ဒေါ်သည် မျက်ရည်ကို သုတ်လျက် “ယောက်ျားတွေ နဲ့ ကင်းကင်းနေနိုင်မှ တော်ကာကျမယ့် ဘဝပါ လှိုင်ရယ်”ဟု ဆိုကာ လေးလံ စွာ ကုလားထိုင်မှ ထသွားကာ ခုတင်ပေါ်တွင် သွားလှဲလေသည်။

ကျွန်မလည်း နှုတ်ဆိတ်လျက် မုဆိုးမများနှင့် ကိုယ်နှင့် နှိုင်းကာ စဉ်းစားချင်တိုင်း စဉ်းစားနေမိသည်။

“လင်သေပြီး ဖီးကာလိမ်းကာ ဝတ်ကာစားကာ နေပြန်ရင်လည်း နောက်လင် လိုချင်တယ်လို့ ကဲ့ရဲ့ခံရဦးမယ်”

ကျွန်မမှာ စိုက်စဉ်းစားလျက် ရှိရာမှ ကြီးကြီးညွန့်မျက်နှာကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။ ကြီးကြီးညွန့်သည် ခပ်မဲ့မဲ့ ပြန်၍ ပြုံးပြနေ သည်။

ကြီးကြီးညွန့်မှာ အသက်ခြောက်ဆယ်ကျော်၍ နေပေပြီ။ အသက်ခြောက် ဆယ်နေသော ကြီးကြီးညွန့်ကို ဘယ်အချိန်ကြည့်ကြည့် အမြဲတမ်း ဖီးလိမ့် ဝတ်စားထားတာသာ တွေ့ရမည်။ အချို့အပျိုလေး အရွယ်လေးများပင် လှချင် လျက်နှင့် ကိုယ့်ကိုယ်ကို ကြီးကြီးညွန့်လို ဖီးလိမ့်ပြုပြင်နေတတ်ကြမည် မဟုတ်ပေ။

ခေါင်းကို သွားစရာ လာစရာရှိ၍ ဖီးထားသလို ကြော့နေအောင် ဖီး သင်ထားသည်။ ဥပုသ်စောင့်သည့် နေ့၌သာ မျက်နှာပြောင်နေလျက် မိုးလင်း ၍ မျက်နှာသစ်ပြီးတာနှင့် သနပ်ခါးကို ပါးပေါ် အရင်တင်လိုက်သည်။ ဖုန်ညီ နေအောင် မှုန်မှုန်လိမ်းခြယ်ကာ မျက်ခုံးမွေးကို တင်ထားသလို ဆွဲထားသည်။ ဆံစကို သွားပွတ်တံနှင့် သပ်တင်၍ မဟာနဖူး ဖော်ထားသည်။ ဖီးလိမ်းနေသည့် အခါ စိတ်ရှည်လက်ရှည်နှင့် သေသေသပ်သပ်ရှိလှ၍ မိန်းမချင်း နည်းယူ အတု ခိုးစရာပင် ကောင်းအောင် မိန်းမ ပီသသည်။ သေချာသည်။ အင်္ကျီကို ခဝါချ ခေါက်ရိုး
မကြေအောင် ဝတ်ကာ လုံချည်ဆိုလျှင် သူ့မျက်စိထဲ နှစ်သက်သလို အရောင်မရွေးဘဲ အဆင်ပြေပြေ ယဉ်ယဉ်ကလေး ဝတ်ထားသည်။ ဖီးဖီးလိမ်းလိမ်း နေတတ်ထိုင်တတ်သည့် အကျင့်မှာ သေမှပင် ရပ်မည့် လက္ခဏာ ရှိသည်။

ကြီးကြီးညွန့်သည် ကျွန်မအရွယ် အသက်နှစ်ဆယ့်ရှစ်နှစ်တွင် မုဆိုးမ ဖြစ်ခဲ့သည်ဆို၍ အသက် ၂၈ နှစ်အရွယ်မှ ယခု အသက် ခြောက်ဆယ်ကျော် မရောက်ခင် ဘယ်နှစ်နှစ်ထိအောင် ဖီးကာလိမ်းကာ နေခဲ့၍ နောက်လင်လို ချင်တယ်လို့ အကဲ့ရဲ့ ခံခဲ့ရမလဲဟု နှစ်ပိုင်းကို ချင့်၍ မှန်း၍ တွေးဆကြည့် လိုက်မိသည်။

“ဒီလိုသာ ဖီးလို့ လိမ်းလို့ လင်လိုချင်တယ် အကဲ့ရဲ့ခံရမယ်ဆိုရင် အကြပ်သားပဲ”ဟု အောက်မေ့မိကာ နားမသက်သာ၊ စိတ်မသက်သာ ဖြစ်လာသည်။

“လင်မရှိလို့ ကိုယ်သာ မျက်နှာငယ်တယ်၊ သိမ်ငယ်တယ် မထင်နဲ့၊ သားသမီး ကျန်ရစ်ရင်လည်း အဲဒီသားသမီးပါ လိုက်ပြီး ခိုက်တာ။ ဇနကမင်း ကြည့်ပါလား၊ ကလေးချင်း ရန်ဖြစ်ရင် မုဆိုးမသားလို့ အဆိုခံရတယ်၊ အနှိမ် ခံရတယ်၊ သားသမီးပါ ခိုက်တာ”

ကျွန်မသည် တထိုင်တည်း မုဆိုးမအဖြစ်ကို တမြေ့မြေ့ ခံစားရလျက် အနာဂတ်သွားရမည့် ခရီးကြီးသည် စိတ်ထဲတွင် အိုက်သွားအောင်ပင်
ဖြောင့်ဖြောင့်ဖြူးဖြူး မရှိ၍ စိတ်မကောင်းစွာဖြင့် မုဆိုးမ သက်ပြင်းချခြင်း ချရလေပြီ။

ကျွန်မ မျက်နှာမသာဖြစ်နေသလိုပင် ငယ်ရွယ်သော မုဆိုးမကလေး၏ ရှေ့ရေးကို ပြေးမြင်သည့်အနေနှင့် ကိုယ်ချင်းစာနာကာ မျက်နှာမသာပြောဆို လေသည်။

“ကုန်ကုန်ပြောမယ် တူမရယ်။ ဓားတုံးရင်တောင် မုဆိုးမအိမ်က ဓား ကျနေတာပဲလို့ စကားသုံးနှုန်းတာသာ ကြည့်တော့၊ မုဆိုးမဆိုရင် ပက်ပက် အာစက် ပစ်ရအောင် ချိုးနှိမ် ပြောချင်ကြတာ”

ဒါလောက် သေးသိမ်ရသလားဟု မုဆိုးမဘဝကို တစိမ့်စိမ့် နာကြည်းလာခြင်းအား ခံနိုင်ခြင်းရှိအောင် နှုတ်ခမ်းကို ကိုက်ထားလျက် မသိချင် မကြားချင်လုလုဖြင့် စိတ်ပင်ပန်းလာတော့သည်။

ကြီးကြီးညွန့်၏ အတွေ့အကြုံများခဲ့သော ရင့်ကျက်နေသည့် မျက်နှာ သည် တဖြည်းဖြည်း လျော့ပြေကာ ပြုံးချင်တိုင်း ပြုံးထားလျက်…

“ပွဲထဲက လူပြက်ပြောတာ သတိရတော့တယ်။ ငါတော့ ဟေ့ မုဆိုးမ အိမ်က ဆီပုလင်းဖြစ်ရမှာ အကြောက်ဆုံးပဲကွယ့် ဆိုတော့ တယောက်က ဘာဖြစ်လို့လဲကွလို့ ပြန်မေးတယ်။ သူ့အဖြေက မူးလွန်းလို့ကွာတဲ့။ မုဆိုးမ အိမ်ကပုလင်းဖြစ်တာနဲ့ ဘာဖြစ်လို့ မူးရမှာလဲကွလို့ ပြန်မေးတော့ ဟာကွာ ဟင်း = ထဲ ဆီခတ်မယ်ကြံရင် ပုလင်းဝကို လက်နဲ့ပိတ်ပြီး ချာချာပတ်ချာ လှည့်ကြည့်ပြီး ဝေ့နေတာ မူးရော့ပေါ့ကွတဲ့။ ကြည့်စမ်း တူမ၊ လင်စုံ မယားဖက် က ပုလင်းဝ လက်ပိတ်ပြီး ဝေ့ခတ်တာ ရှိချင်လည်း ရှိမှာပဲ။ ဒါပေမဲ့
မုဆိုးမမှ ချိုးချိုးဖဲ့ဖဲ့ ပြောကောင်းတာကိုး” မုဆိုးမဘဝ တင်စား၍ သရော်သောအဖြစ်ကို ယခင်ကသာ ကြားရလျှင် ကိုယ်နှင့် မဆိုင်သလို ရယ်မိကောင်း ရယ်မိပေမည်။ ကိုယ့်ကိုယ်ကို မုဆိုးမ ဖြစ်မှ မရယ်မပြုံးနိုင်ဘဲ သရော်ချက်သည် နားထဲတွင် ကန့်လန့်ကြီး ဖြစ်သွားလေသည်။

ကြီးကြီးညွန့်သည် မုဆိုးမဘဝကို သည်မျှလောက်သာ အရိပ်အမြွက် လျှောက်ပြောပြကာ နေရာမှ ထသွားလေသည်။ အရိပ်ပြသွားသော ဘဝကို အကောင်ထင်အောင် တယောက်တည်း ထိုင်၍ တွေးတောနေလေသည်။

ယောကျ်ားဆုံးစ မုဆိုးမ ဘဝကို သာမန်လောက်သာ တွေးမိသည်။ ယနေ့ တလပြည့်မှပင် အပျို၊ အအို၊ တခုလပ်၊ မုဆိုးမ စသည့် မိန်းမဘဝ တွင် ဘယ်အစိတ်အပိုင်းထဲ ရောက်နေမှန်း ထိထိရောက်ရောက် သုံးသပ်မိသည်။ စိတ်ထဲတွင် ကိုယ့်ကိုယ်ကို မုဆိုးမဟု ခေါ်ကြည့်သည်။ စိတ်ထဲ၌

“မုဆိုးမ”ဆိုရမှာကို မနှစ်သက်ချင်။ ကိုယ့်ကိုယ်ကို မုဆိုးမအဖြစ်နှင့် ကြီးကြီးညွန့် ပြောသော မုဆိုးမဘဝနှင့် ရောဘက်အပ်စပ်ပြီး ကြည့်လိုက်မိသည်။ “မုဆိုးမ”ဟု မှတ်ပုံတင်၍ ဆန်းစစ် ကြည့်လိုက်သည့်အခါ ….

လင်မရှိ၍ တင့်တယ်အောင် အိမ်ထဲတွင် မိဘအရိပ်ကို ဝင်ခိုလှုံစရာလည်း မိဘမရှိ။ ကလေးသုံးယောက်နှင့် ညီအစ်ကို မောင်နှမများ၏ အရိပ်က သွားခိုလှုံကာ တင့်တယ်အောင် နေစရာလည်း မဖြစ်နိုင်ပေ။ သူများ အကဲ့ရဲ့ မခံရအောင် ဖီးကာလိမ်းကာ မနေဘဲ နေသွားဖို့ရာ သည်အချက်လည်း ကိုယ် နှင့် မဖြစ်။ ယောက်ျားများနှင့် ကင်းကင်းနေရအောင်လည်း လက်ရှိဆက်လုပ် နေသော လုပ်ငန်းတွင် ယောက်ျားပရိသတ် လူပေါင်းငါးဆယ်လောက်ရှိကာ မိန်းမဆို၍ ကိုယ်တယောက်တည်း ဖြစ်လေ၏။ ယောက်ျားမရှိ၍ အနေ ငဲ့၊ အစားချို့ငဲ့၊ အဝတ်ချို့ငဲ့ မဖြစ်အောင် ကြောက်ကြောက်နှင့် အသုံးအစွဲ အနေအထိုင် အစစ ခြစ်ခြုပ်ပြီး နေရမည့် ကုပ်ကုပ်စ ဘမျိုးသို့လည်း မရောက် လို။

ကျွန်မသည် ကိုယ့်ဘဝကိုယ် ဆန်းစစ်လျက် ကြီးကြီးညွန့်ပြောသော မုဆိုးမဘဝမျိုးမှ လွတ်အောင် ရုန်းထွက်ကြည့်မိလေသည်။

လူမလေး ခွေးမခန့် သိမ်ငယ်သော မုဆိုးမဟု ဆိုကြသော ဘဝမျိုး ရောက်နေရသော မုဆိုးမတယောက် ဖြစ်လင့်ကစား…

“မုဆိုးမဟု မထေမဲ့မြင် မလေးမခန့် မရှိကြပါစေနဲ့၊ စော်ကားမော်ကာ လည်း မခံရပါစေနဲ့ လူတကာ့မျက်စိမှာ မုဆိုးမအဖြစ် ထူးခြား မမြင်ကြဘဲ ဘဝလမ်းကြောင်းမှာ အတူသွားဖော်သွားဖက် ပြုတ်သွားလို့ တယောက်တည် ဆက်သွားနေရတဲ့ မိန်းမတဦး၊ သူ့ဘာသာသူ နေရတဲ့ မိန်းမတဦး၊ လူက လူတယောက်လို မြင်ကြပါစေ။ သဘောထားကြပါစေ။ အဖော်ရှိရှိ၊ မရှိရှိ ဒီမြေပေါ်မှာ မသေခင် နေသွားသမျှ ကာလပတ်လုံး အမျိုးသမီးများနဲ့လည်း ခင်မင်ပါရစေ။ အမျိုးသားများနဲ့လည်း ခင်မင်ပါရစေ”

ကြီးကြီးညွန့် ပြောသော မုဆိုးမဘဝမှ ရုန်းထွက်ကာ စိတ်ထဲ၌ ယောင်ယမ်း ပန်ကြားနေမိသည်။

အချိန် အကြာရှည်ကြီး ကုလားထိုင်ပေါ်တွင် ထိုင်ကာ တွေးနေသော အတွေးများမှာ တခုက တခု ပန်းဖောက်သွားလေပြီး နောက်ဆုံး သတိထားခဲ့သည်မှာ ခေါင်းထဲက အုံလာခြင်း ဖြစ်သည်။

[၅]

ကျွန်မရှေ့တွင် မဟာဆွေ့ဇနီးသည် ငိုကြွေးနေခြင်းကို သက်သာရာ ရစေတော့ ဟု ဘယ်လို ဖျောင်းဖျ နှစ်သိမ့်ရမှန်း အစရှာမရ၍ သူမကို မကြည့်ရက်ဘဲ သင်ဖြူးဖျာကို လက်နှင့် ပွတ်လျက် ငုံ့နေရသည်။

သူမမှာ အသည်းဆိုင်ကြား၌ မီးဖိုထားသလို ကျွမ်းလုခမန်းလောင်မြိုက် နေပေသည်။ ပရိဒေဝ မီးတောင်မှာ ငြိမ်းအေးသည်မရှိ၊ လူးလိမ့် ငိုကြွေး၍ ရှိပေသတည်း။

ကျွန်မမှာ သူကဲ့သို့ပင် ကွေကွင်းခဲ့ရသော ဒုက္ခနှင့် ကြုံခဲ့ရသော်လည်း
သူမထက် သက်သာ၊ ခံသာခြင်း ရခဲ့ရသည်။ ကျွန်မ ခံသာရာ ရခဲ့နည်းတူ

သူမ၏ အပူကို ခံသာ၊ သက်သာရာ ရစေသချင်မိသည်။ သည်အပူမျိုးမှာ သူများ တရားချ၍ မရ၊ ကိုယ့်တရားကိုယ်ရမှသာလျှင် ခံသာရာ ရပေ၏။

ကျွန်မခင်ပွန်း အသက်မထွက်ခင် အသက်ထွက်တော့မည့် အရိပ် လက္ခဏာများကို တခုစီ မျက်ဝါးထင်ထင် ရှုမြင်ခဲ့ရသဖြင့် ကျွန်မအဖို့တွင်ပူလောင်ခြင်းကို ရပ်တည်ရာ ရစေခဲ့သည်။

“သေခါနီးနေပြီ…သေတော့မယ် ငါလည်း တနေ့ ဒီလိုပဲ သေရမှာပါ

သူ မသေခင် စိုက်ကြည့်လျက် ဤသို့ ထပ်တလဲလဲသွား နှလုံးသွင်း မိရင်း အသက်ထွက်တာနှင့် တချက်တည်း ကျွန်မ တမျိုး ဖြစ်သွားသည်။ အသိဉာဏ် သံဝေဂဖြင့် ထိတ်လန့်သွားခြင်းမှာ ရုပ်ကို တမျိုး ပြောင်းလဲ နေသည်။

ထိုစဉ်က ဒေါက်တာလှရွှေမှာ ကျွန်မကို ဆရာဝန်မျက်စိနှင့် ကြည့်လျက် “ငိုင်မနေနဲ့လေ၊ ငိုလိုက်ပါ။ ဒီလို မြုံနေတာ ထိခိုက်လိမ့်မယ်။ ငိုလေ …ငိုပါ’ဟု အတင်း ငိုခိုင်းနေသည်။ ကျွန်မ မငို၍ ကျွန်မကို သူတို့ အိပ်ခန်းထဲ အတင်းခေါ်သွားပြီး အိပ်ရာပေါ်၌ လှဲခိုင်းသည်။

ဒေါက်တာလှရွှေ၏ ဇနီး မခင်ရီမှာ ကျွန်မကို မပူလောင်အောင် အားပေးရမည့်အစား စိုးရိမ်ခြင်းဖြင့် ငိုခိုင်းနေရသည်။ ကျွန်မ လှဲနေသော ခုတင် ဘေးတွင် ကပ်၍ လင်မယားနှစ်ယောက်စလုံး ဒူးထောက်လျက် ကျွန်မကို ယုယုယယ ကိုင်ထားကြကာ ငိုဖို့ရာ တဖွဖွ ပြောနေကြစဉ် ကျွန်မမှာ လင် မယားနှစ်ယောက်ကို စင်းစင်းကြည့်လျက် ငိုင်နေလေသည်။ သေကြေမှာပါ ကလား ဟူသော အသိတရား ယှဉ်တွဲလွှမ်းမိုး အုပ်စိုးနေသည့်အခိုက် မငိုနိုင် အောင် ဖြစ်ဖူးခဲ့သည်။

မဟာဆွေ၏ ဇနီးမှာ စိတ်ထဲက မချိတိုင်း ပါးစပ်က တတွတ်တွတ် တမ်းတ ပူဆွေးလျက်ရှိရာ ကျွန်မမှာ နှုတ်က သက်သာရာရအောင် မဖျောင်းဖျ သော်လည်း စိတ်ထဲ၌ကား အတိုင်းမသိ သနားမိသည်။

မဟာဆွေ ကွယ်လွန်သွားပြီးနောက် သူမ၏ နေရေး၊ ထိုင်ရေးတွေ ဖြောင်းဖြောင့်ဖြူးဖြူးမှ ရှိပါ့မလားဟုလည်း ပူပင်မိသည်။

မုဆိုးမဘဝသည် မည်ကဲ့သို့ပင် စွမ်းအားတင် ဦးဆောင်နိုင်စေကာမူ လင်ရှိသော မိန်းမများလောက် ကြက်သရေ မရှိပေ။ ကြာမရှိသော ကန်၊ အလံမရှိသော ရထား၊ လင်မရှိသော မိန်းမ မတင့် တယ်ကြောင်း ဆိုရိုးစကား ရှိသည့်အတိုင်းပင်။

ဒေါက်တာလှရွှေ ကွယ်လွန်သွား၍ ရက်လည်ဆွမ်းကျွေးသည့် နေ့တုန်း က ကျွန်မလည်း မခင်ရီနားတွင် ထိုင်နေကာ ကြွရောက်လာကြသော ပရိသတ်ကို ငေးနေမိသည်။

သိကျွမ်းခင်မင်သော ပရိသတ်ထဲတွင် စုံတွဲလာကြသော မိန်းမများ၏ ရွှန်းနေသော ကြက်သရေကို တွေ့မြင်မိသည်။ ကန်ထဲတွင် ကြာများကို တွေ့ရသလို သူတို့ကို မြင်ရတာ မျက်စိထဲ၌ အေးချမ်းနေစဉ် တကိုယ်တည်း ကုပ်ကုပ် ကုပ်ကုပ်နှင့် တက်လာသော (ကိုဘဟိန်းဇနီး) မခင်ကြီးကို သွားမြင် လိုက်ရာ မျက်စိထဲ၌ ပျော့သွားသော အာရုံနှင့် သိသိသာသာ ထိတွေ့ခံစားခဲ့ရသည်။

“စိတ်ကို တင်းပါ ဖြစ်သမျှ အကြောင်းပဲ၊ စိတ်တင်းနိုင်ဖို့ အရေးကြီး ပါတယ်” မဟာဆွေ၏ ဇနီး အငိုစဲသွားမှ ကျွန်မလည်း သူ့ကို စိတ်တင်းရန် သတိပေးရလေသည်။

မုဆိုးမဖြစ်ပြီဟု အားနွဲ့ မောပန်း နွမ်းလျသွားချေပါက ရှေ့လာမည့် လောကဓံ၏ ပုတ်ခတ်ချက်တွေကို ကြံ့ကြံ့မခံနိုင်မှာ စိုးရပေသည်။ အမှန်စင်စစ် ကိုယ့်ကိုယ်ကို အားကိုးရမည့် ဘဝသည် အားအရှိဆုံးပင် မဟုတ်ပါလော။

(ရှုမဝမဂ္ဂဇင်း၊ အတွဲ(၇)၊ အမှတ် (၇၆)၊ စက်တင်ဘာ၊ ၁၉၅၃]