ဂျပန် စစ်သားတွေရဲ့ ဦးထုပ်တို့လို အသုံးအဆောင်ပစ္စည်းတွေ တွေ့ရဖူးတယ်လို့ လည်း ပြောကြတယ်။
လူကြီးတွေလည်း ညဘက်အိပ်ရာသွားတဲ့အခါ (အိမ်သာက အိမ်နဲ့ အတော်လေးလှမ်းတယ်) နောက်ကနေ သစ်ရွက်ခြောက်တွေနင်းပြီး လိုက်လာတဲ့ ခြေသံကြားရတာမျိုးတွေလည်း ရှိလာခဲ့တယ်။ အဲဒီတုန်းက တကယ်သရဲခြောက်ခံရတာလို့ ပြန်မှတ်မိခဲ့တယ်။ သို့သော် နောက်ထပ်တော့ တစ်ခါမှ ထပ်မတွေ့ရတော့ဘူး။
ဘယ်နေရာရောက်ရောက် ထပ်အခြောက် မခံရတော့တာပါ။ ဘာကြောင့်လဲဆိုတော့ တဖြည် ဖြည်း လူလားမြောက်လာတဲ့အခါတွေမှာ ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါးကို နေ့စဉ်မမေ့ဘဲ နေ့နေ့ညည ဘုရားရှိခိုး၊ ပရိတ်ရွတ်၊ ပဋ္ဌာန်းရွတ်၊ မေတ္တာခံယူ၊ မေတ္တာပို့သစတဲ့ ကြည်ညိုသဒ္ဓါစိတ်တွေနေ့စဉ် ယိုဖိတ်ခဲ့တယ်။ ဗုဒ္ဓနုဿတိ ပုတီးတွေ အများကြီးစိတ်ခဲ့တယ်။
ဒီလိုနဲ့ အသက်အရွယ်ကြီးရင့်ပြီး အသက်ငါးဆယ်ခြောက်ဆယ်အရွယ် ရောက်တဲ့အခါ ဝါတော် သိက္ခာတော်ကြီးမားတဲ့ ဆရာတော်ကြီးတစ်ပါးက ကိုယ့်ကို မေးခွန်းထုတ်လာခဲ့ပါတယ်။
“စာရေးဆရာ ဒကာကြီး… ညဘက်သန်းကောင်သန်းလွဲ အိမ်အပြင်ဘက်ကို လျှောက်သွား တာမျိုးရှိလား”လို့ ခပ်ဆန်းဆန်းမေးတာပါ။
ကိုယ်က ချက်ချင်းပဲ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြန်ပြီး လျှောက်တင်လိုက်တယ်။
“မှန်ပါ ညဘက်တွေမှာလည်း အပြင်ထွက်တာပါပဲဘုရား တပည့်တော်ရဲ့ စိတ်ထဲမှာ သရဲတွေ တစ္ဆေတွေ ကြောက်တဲ့စိတ် မရှိလှပါဘူး”
ကိုယ့်စကားကြောင့် ဆရာတော်ဘုရားက အဓိပ္ပာယ်ပါပါ ပြုံးတော်မူလိုက်တယ်။
“ဒကာကြီးက သရဲတစ္ဆေတွေကို မကြောက်ဘူးဆိုပေမယ့် သရဲတစ္ဆေတွေက ပြန်ပြီး ကြောက်မှာစိုးလို့ ပြောတာ”
“ဘယ်လို ဘုရား… သရဲတစ္ဆေက တပည့်တော်ကို ပြန်ကြောက်မယ် ဟုတ်လားဘုရား”
“ဟုတ်တယ် ဒကာကြီးက ဘုရားတရားမြဲတယ်ဆို ပရိတ်ပဋ္ဌာန်းတွေ ရွတ်တယ်ဆို၊ ဂုဏ်တော်ပုတီး အမြဲစိပ်တယ်ဆို”
“မှန်ပါဘုရား နိစ္စပတ် အနေနဲ့ လုပ်တာတွေပါဘုရား”
“အဲဒါကြောင့် ပြောတာ။ တကယ်ဆို သရဲ တစ္ဆေဆိုတာ လူလောက် ဘုန်းမမြင့်ကြဘူး။ သူတို့ခဗျာ ဘုံဘဝ မတည်မြဲလို့ နာနာဘာဝအဖြစ် လှည့်လည် နေရရှာတာ။ လူက သရဲထက် ဘုန်းကံ အများကြီး ပိုကြီးမြင့်တယ်။ ဘုန်းမြင့်လို့လည်း သူတို့သွားလာ လှုပ်ရှားနေကြတာကို လူတိုင်းမမြင်ကြရတာ။ သရဲတစ္ဆေကို မြင်တယ်ဆိုတာ ဘုန်းကံနိမ့်မှ မြင်ရတာ”
“မှန်ပါ့ဘုရား”
“ဒါကြောင့် ဗုဒ္ဓါနုဿတိ မြဲတဲ့၊ သရဏဂုံကို ထုံမွှန်းနေတဲ့ ဒကာကြီးအနေနဲ့ ပရလောကသား တွေထက်(သရဲတွေထက်) ဘုန်းကံပိုပြီးမြင့်တယ်။ ဒါကြောင့် ဘုန်းကံနိမ့်တဲ့ နာနာဘာဝ ဝိနာဘာဝတွေဟာ ဒကာကြီးတို့ရဲ့ အနားကို မကပ်ရဲကြဘူး။ သူတို့ နားကို သရဏဂုံထုံသူတွေ ရောက်လာရင်လည်း သူတို့ခဗျာ မနေသာဘဲ ကြောက်ရွံ့ပြီး ပြေးလွှားသွား ကြရတယ်”
“ဪ… ဒီလိုလား ဘုန်းဘုန်း”
“ဟုတ်တယ် …အကာလ ညအခါဆိုတာဟာ တစ္ဆေသရဲတွေ အစာရေစာရှာဖွေ စားသောက် ကြရတဲ့အခါပဲ ဒကာကြီး။ သူတို့ဟာ အမှိုက်ပုံတွေမှာ စွန့်ပစ်ထားကြတဲ့ ထမင်းခဲတွေ၊ စားစရာတွေ၊ ဟင်း အကျန်တွေကို ရှာဖွေနေတုန်း သီလလုံခြုံပြီး သရဏ ဂုံပွားထားတဲ့ လူတစ်ဦးဦး ရောက်လာရင် မနေသာဘဲ ထွက်ပြေးကြရတယ်။ အဲဒီလူအဝေးကို ရောက်သွားမှ အစာဆီပြန်လာ ပြန်ရှာစားကြရတယ်”
“သူတို့ဒုက္ခ ရောက်တာပေါ့ ဘုရား”
“ဟုတ်တယ် ဒကာကြီးရဲ့ …ဒါကြောင့် ညဘက်သန်းခေါင်မှာ အပြင်မထွက်ဖို့ ပြောရတာ ဒကာကြီးအတွက် စိုးရိမ်လို့ ပြောတာ မဟုတ်ဘူး။ သူတို့ခမျာများအတွက် ပြေးရလွှားရနဲ့ ဒုက္ခရောက် ကြရရှာမှာစိုးလို့ ပြောရတာ။ သူတစ်ပါး အစာရှာနေ တဲ့အချိန်မှာ အနှောင့်အယှက်ပေးသလို ဖြစ်မှာစိုးလို့ ဒကာကြီးရေ …”
“တပည့်တော် သဘောပေါက်ပါပြီဘုရား။ နောင်ကို ဆင်ခြင်ပါ့မယ် ဘုရား”
ဆရာတော်ကြီးမိန့်ကြားလို့ လင်းရောင်တင် ဗဟုသုတ တိုးခဲ့ရပါတယ်။ စာဖတ်ပရိသတ်များ လည်း သီလလုံ၊ ဗုဒ္ဓါနုဿတိပွားသူများ သတိထား ကြဖို့ လိုမယ်ထင်ပါတယ်။ ကိုယ့်ကြောင့်သူများဒုက္ခ မရောက်ရအောင်လို့ပေါ့ဗျာ။ လောကကြီးမှာ သရဲကို လူတွေက မမြင်ရဘဲ ကြောက်နေကြတာပါ။ တကယ် တော့ သရဲက ပြန်ပြီးကြောက်ရတဲ့ လူတွေရှိနေကြပါတယ်။ စာဖတ်သူရော ဘယ်လိုလူစားမျိုးလဲ။
သရဲကိုကြောက်တဲ့လူလား၊ သရဲက ပြန်ပြီး ကြောက်ရတဲ့လူလား။
ဇေယျတု သဗ္ဗမင်္ဂလံ
လင်းရောင်တင်
Leave a Reply