ရင်ခွဲရုံအောက်ကညတစ်ည

အပြင်ထွက်လမ်းလျှောက်ရင်းပြောဖြစ်တယ်လေ။

ညစဉ်ရက်ဆက် ကျော်၀င်း လမ်းလျှောက်ရင်း ဖုန်းပြောဖြစ်နေတဲ့ နေရာက လူပျိုဆောင်ရဲ့ အပေါ်ဘက်မှာ ရှိနေတဲ့ ကတ္တရာလမ်း။ ကုန်းပေါ်က အဆောင်ငယ်လေးရဲ့ အောက်တည့်တည့်မှာ။

အဲ့ဒီ့မှာ ကျော်၀င်း အမြဲလိုဖုန်းပြောဖြစ်တယ်။ နေရာက တိတ်လည်းတိတ်ဆိတ်၊ ပြီးတော့ လမ်းကလေးကလည်း ဖြူးနေတာကိုး။ လသာတဲ့ ညများမှာဆိုရင်တော့ ထိုနေရာလေးက တကယ့်ကို ကြည်နူးဆွတ်ပျံ့ဖွယ်ရာပါပဲ။

******

ကျော်၀င်း တပ်အသစ်ကို ရောက်တာ နှစ်ပတ်လောက်ကြာခဲ့ပြီ။

ဂျူတီမကျတဲ့ ညတစ်ညမှာတော့…။

လကသာပြီး မီးကပျက်နေတယ်။

ဒါပေမယ့် ကျော်၀င်းကတော့ ထုံးစံအတိုင်းပဲ ဖုန်းပြောမယ်ဆိုပြီး လမ်းပေါ်တက်လာခဲ့တယ်။

အချိန်က ညဆယ်နာရီလောက်ရှိပြီ။

လမ်းပေါ်ရောက်တော့ အိမ်ကို ဖုန်းခေါ်လိုက်တယ်။

” လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ…ဆက်သွယ်မှု…”

” ဟင်…”

ဖုန်းက ခေါ်မရဘဲ လူကြီးမင်းနဲ့ တွေ့နေရတယ်။

ကျော်၀င်း ထပ်ထပ်ခေါ်ကြည့်ပြန်တယ်။

ထုံးစံအတိုင်းပါပဲ။ လူကြီးမင်းဆိုတာချည်းသာ ထပ်တလဲလဲဖြစ်နေတယ်။

” ငါ့…မိန်းမ အိပ်များနေသလားပဲ…”

ကျော်၀င်း နောက်ထပ် ၅ခါလောက် ခေါ်ကြည့်ပြန်တယ်။ ဖုန်းက လုံးဝခေါ်မရခဲ့ဘူး။

အဲ့ဒါနဲ့ပဲ ကျော်၀င်းတစ်ယောက် စိတ်လျော့လို့ လမ်းမပေါမှာပဲထိုင်နေလိုက်တယ်။ ပြီးတော့…အင်တာနက်ဖွင့်ပြီး ဖေ့ဘွတ်ထဲ၀င်လို့ ဟိုကြည့်၊ ဒီကြည့်နဲ့ပေါ့…။

တဖြေးဖြေးနဲ့ ဖေ့ဘွတ်ထဲ စျာန်၀င်သွားတဲ့ ကျော်၀င်း။ လကလည်း သာနေတော့ အချိန်က ည ၁၂ နာရီ ထိုးလုပြီဆိုတာကို သတိမထားမိခဲ့ဘူး။

” ဟီး…ဟီး…ဟီး…”

” ဟင်…”

ကျော်၀င်းထိုင်နေတဲ့ အပေါ်ဘက်မှာရှိနေတဲ့ အဆောင်ငယ်ဆီက ကလေးငယ်တစ်ယောက်ရဲ့ နှစ်နှစ်ကာကာ ရယ်သံ။

ဒီအချိန်ကြီး ဘယ်ကကလေးများရယ်မောနေလဲပေါ့ ကျော်၀င်း စိတ်၀င်စားသွားရတယ်။

ထိုင်နေတော့ အပေါ်ကို မမြင်ရဘူး။ အဲ့ဒါနဲ့ မတ်တပ်ရပ်ပြီး မြင်ရနိုင်တဲ့ လမ်းနံဘေးကနေ အဆောင်ပေါကို မော့ကြည့်လိုက်တယ်။

အပေါ်က အဆောင်ငယ်လေးဆီမှာ ဖယောင်းတိုင်မီးရောင်လင်းနေတာတွေ့ရတယ်။

ပြီးတော့…မီးရောင်အောက်မှာ ထိုင်နေကြတဲ့ လူသုံးယောက်။ ယောက်ျားကြီးနှစ်ယောက်နဲ့ ကလေးငယ် တစ်ယောက်။ ယောက်ျားကြီးတွေက ကလေးငယ်ကို စ’နောက် ကျီစယ်နေတာ။

” ဪ…ဒီမှာ လူတွေနေတာပဲ။ အရင်နေ့တွေက သူတို့ရှိမှန်းတောင် မသိခဲ့ဘူး…”

ကျော်၀င်း ရေရွတ်ပြီး အဲ့ဒီ့နေရာမှာပဲ ထိုင်နေလိုက်တယ်။ ပြီးတော့…ဖုန်းပြန်ကြည့်နေတာပေါ့။

အပေါ်ဘက်က ရယ်သံကတော့ မကြာမကြာထွက်ပေါ်နေတုန်းပဲ။ အချိန်အတော်လေးကြာလေတော့..ယ

” အား…”

အပေါ်ဘက်က လူတစ်ယောက်ရဲ့ စူးစူးရှရှအော်သံထွက်ပေါ်လာတယ်။

ပြီးတော့…ကလေးငယ်ဆီက အော်ငိုသံ။

ကျော်၀င်း ထိတ်လန့်သွားရတယ်။ အဲ့ဒီ့အချိန်မှာပဲ ပတ်၀န်းကျင်က ခွေးအူသံတွေ ဆူဆူညံညံထွက်ပေါ်လာတယ်။

ကျော်၀င်း အပေါ်ကလူတွေ တစ်ခုခုများ ဖြစ်လေသလားရယ်လို့ စိတ်ပူပြီး အပေါ်ကိုမော့ကြည့်မိလိုက်တယ်။

အဆောင်ကလေးက မီးတွေ မှောင်ပိတ်နေတယ်။ ပြီးတော့ ကလေးငယ်ရဲ့ ငိုသံကလည်း ရုတ်ခြည်းတိတ်ခနဲပဲ။

” ဟိုလူတွေ…တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြပြီး ကလေးကိုပါ လုပ်လိုက်ပြီထင်တယ်”

ကျော်၀င်း ထိတ်ထိတ်ပြာပြာရေရွတ်ပြီး အဲ့ဒီ့နေရာကို သွားကြည့်ဖို့ပြင်လိုက်တယ်။

ဒါပေမယ့် တောင်ကုန်းက မြင့်ပြီး ဘယ်ကနေ တက်ရမယ်ကို ကျော်၀င်းမသိဘူး။

ဒါနဲ့…အဆောင်ကလူတွေကို သွားနှိုးပြီး ခေါ်ဖို့ ဆုံးဖြတ်ပြီးအောက်ကို ပြေးဆင်းခဲ့လိုက်တယ်။

” ဆရာကြီး…ဆရာကြီး…”

အိပ်ပျော်နေတဲ့ အခန်းဖော် ဆရာကြီးကို ကျော်၀င်းနှိုးလိုက်တယ်။

ဆရာကြီးက အိပ်ချင်မူးတူးနဲ့ ကျော်၀င်းကို ထကြည့်လာတယ်။

” ဆရာကြီး…ထပါဦးဗျ၊ ဟိုမှာ အပေါ်အဆောင်ကလူတွေ ရန်တွေဖြစ်ပြီး ကလေးကိုပါ ရိုက်ပစ်လိုက်ပြီထင်တယ်…”

ကျော်၀င်းစကားကြောင့် ဆရာကြီး ဆတ်ခနဲ ထထိုင်လာတယ်။ ပြီးတော့…

” ဘယ်အဆောင်ကလဲ…”

” ကျွန်တော်တို့ ကုန်းအပေါ်က အဆောင်လေ…လာပါ…မြန်မြန်လာ”

ကျော်၀င်း ဆရာကြီးကို လက်ဆွဲလို့ အပြင်ထွက်လိုက်တယ်။

” ဟိုမှာ…ဟိုက အဆောင်ကိုပြောနေတာ…”

” ဟေ…”

” ဟေ…မနေနဲ့ ဆရာကြီးရ၊ လာမြန်မြန်လာ တော်ကြာ ကျွန်တော်တို့ နောက်ကျလို့ မဖြစ်သင့်တာတွေဖြစ်ကုန်ဦးမယ်…”

ကျော်၀င်းက ဆက်သွားဖို့ ဆရာကြီးလက်ကို ဆွဲလိုက်တယ်။ ဒါပေမယ့် ဆရာကြီးက ကျော်၀င်းလက်ကို ပြန်ဆောင့်ဆွဲပြီး

” ဟေ့ကောင်…နေဦးဟ။ မင်းပြောတာ ဘယ်အဆောင်လဲ…”

” ဟိုက အဆောင်လေဗျာ။ ဒီလောက်လရောင်အောက်မှာ ထင်းနေတာကို။ ကျွန်တော်သွားကြည့်မို့ဟာ ဘယ်က တက်ရမယ်မှန်းမသိလို့ ဆရာကြီးကို လာခေါ်တာ…”

ကျော်၀င်းစကားကြောင့် ဆရာကြီးက အဆောင်ကို သေချာကြည့်ပြီး ကျော်၀င်းလက်ကို တင်းတင်းဆွဲလို့…။

” ဟေ့ကောင်…အဲ့ဒီ့အဆောင်ဆိုရင်တော့ သွားမနေနဲ့တော့…။ လာလာ…မင်းကိုငါပြောပြမယ်”

” ဟာ…ဆရာကြီးကလည်း သွားကြည့်ရအောင်ပါဆို…”

” ဟာ…ဟေ့ကောင်၊ မင်း…သွားလို့မရဘူး၊ အဲ့ဒါ…ရင်ခွဲရုံဟ…။ အဲ့ဒီ့မှာ ဘယ်သူမှမနေဘူး…”

” ဗျာ…”

ကျော်၀င်း အံ့သြသွားရတယ်။ ပြီးတော့…အခုနက အဖြစ်အပျက်ကိုတွေးပြီး တုန်တုန်ရီရီနဲ့ ဇောချွေးတွေတောင်ပျံလာရတယ်။

” ဆရာကြီး တ…တကယ်ပြောတာလား”

” အေးပေါ့ဟ…ငါက မင်းကို ညာစရာလား။ မင်းဘာဖြစ်လာတယ်တော့ ငါမသိဘူး။ ဒါပေမယ့် သေချာတာကတော့ မင်းကြုံခဲ့ရတာက သရဲခြောက်ခံရတယ်ဆိုတာပဲ…။ လာလာ…အထဲပြန်၀င်တော့…”

ဆရာကြီးက ကျော်၀င်းကို ဆွဲခေါ်လာခဲ့တယ်။

အခန်းထဲကို ရောက်ခဲ့ပေမယ့် ကျော်၀င်းစိတ်ထဲ အခုနက အဖြစ်အပျက်ကို ပြန်ပြန်တွေးမိရင်း ဇောချွေးတွေ ပိုပိုပျံလာရတယ်။

သူတို့ အခန်းထဲရောက်ပြီး မကြာခင်မှာပဲ အခုနက အဖြစ်အပျက်တွေ မြင်တွေ့ခဲ့ရတဲ့ ရင်ခွဲရုံနေရာဆီက ဆိုးရွားလှတဲ့ ခွေးအူသံတွေက စီညံပြီးထွက်ပေါ်လာတော့တယ်။

တကယ်ဆို…ကျော်၀င်းသာ တစ်ယောက်ထဲ ဇောကပ်ပြီး အဲ့ဒီ့နေရာကို တက်သွားခဲ့ပါရင် ဘာတွေဖြစ်ကုန်မယ်မသိတော့…။

ပြီးတော့… ကျော်၀င်းသာ အစောကြီးကတည်း အဲ့ဒီ့နေရာကို ရင်ခွဲရုံရယ်လို့ သိခဲ့ပါလျင်ကော…။

ထိုနေရာဆီမှာ ညတိုင်းနီးပါး ဖုန်းသွားဆက်နေဦးပါ့မလား…။

ပြီးပါပြီ။

နောင်ရိုး( ဆေးတပ်)