ဘိုးတော်အံကြီး

လေသည်။ မရွှေအိမ်ရှေ့သို့ရောက်သည်နှင့် ထိုလူက အိမ်ပေါ်သို့ပြေးတက်လာသည်။
အိမ်ပေါ်သို့ရောက်သည်နှင့် ထိုလူမှာ အိမ်ကြမ်းပြင်ပေါ်သို့ ပုဆိုးပိုင်းတစ်ခုနှင့်ထုပ်ပိုးထားသည့် အထုပ်တစ်ထုပ်ကိုပစ်ချလိုက်ပြီးနောက် ဒူးထောက်ထိုင်ချလိုက်ပြီး

“ကျုပ်တောင်းပန်ပါတယ်ဗျာ၊ ကျုပ်လည်းမရှိလို့ ကြံမိကြံရာ ကြံမိတာပါဗျ၊ ကျုပ်ကိုခွင့်လွှတ်ကြပါဗျာ”

ထိုလူက လက်အုပ်ချီလျှက် ငိုယိုကာတောင်းပန်နေလေတော့သည်။ ရွာသားများမှာ ယုံရခက်ခက်နှင့် ထိုလူအားကြည့်နေမိသည်။

“နေစမ်းပါအုံး၊ မင်းက ဖိုးတူးမဟုတ်လားကွ၊ ကိုဗေဒါရဲ့လယ်မှာ စာရင်းငှားလာလုပ်တဲ့ တစ်ရွာသားမဟုတ်လား”

“ဟုတ်ပါတယ်ဗျာ၊ ကျုပ် ကြံမိကြံရာ လုပ်မိလုပ်ရာလုပ်မိပါတယ်”

ထိုအခါ ရွာသားများအတွင်းမှ စိတ်ဆတ်သူများက ထိုလူအား ဝိုင်းဝန်းထိုးကြိတ်ရန်ပြင်ဆင်ကြလေသည်။ ထိုတော့မှ ဘိုးတော် အံ့ကြီးက

“ဟိတ်၊၊ အားလုံးရပ်လိုက်ကြစမ်း”

ဘိုးတော်အံ့ကြီးက ဩဇာကြီးမားလှသည့် အသံဩဩကြီးနှင့်အော်လိုက်သည့်အခါမှ အားလုံးငြိမ်ကျသွားတော့သည်။

“မင်းတို့ကလည်းကွာ၊ မင်းတို့ပျောက်သွားတဲ့ပစ္စည်း တစ်ခုမကျန်ပြန်ရနေပြီမဟုတ်လား၊ ဒီလောက်ဆိုတော်ရောပေါ့၊ ကဲ မရွှေ၊ နင့်ပစ္စည်းတွေ နင်ပြန်စစ်ကြည့်စမ်း”

မရွှေက ပုဆိုးအတွင်းမှ ရွှေထုပ်ကိုဖွင့်ဖောက်စစ်ဆေးလိုက်ပြီး

“ပြည့်ပါတယ် ဘိုးတော်ကြီး”

ဘိုးတော်အံ့ကြီးက ဖိုးတူးအားကြည့်ပြီး

“ကဲ မောင်ဖိုးတူး၊ မင်းက ကြံမိကြံရာဆိုပြီး သူများအိမ်ကနေ ခိုးမိပေမယ့် မင်းကိုဖမ်းမိသွားရင် ရုံးရောက်ဂတ်ရောက် ရောက်မယ်၊ မတော်လို့ ရွာသားတွေက တစ်ယောက်တစ်ချက်ဝိုင်းလုပ်ကြရင် မင်းသေရမယ်ကွ၊ မှတ်ထား မောင်ဖိုးတူး၊ သူများပစ္စည်းဥစ္စာကို ခိုးယူတယ်ဆိုတာက ကောင်းတဲ့အရာမဟုတ်ဘူးကွ၊ ဒီတော့ အခုအဖြစ်အပျက်ကို မင်းသင်ခန်းစာယူပြီး နောက်ဆိုရင် သူများပစ္စည်းကို ခိုးယူဖို့ မကြိုးစားပါနဲ့တော့ကွာ၊ ကိုယ့်ဟာကိုယ် ရိုးရိုးသားသား ချွေးနဲ့သံနဲ့ရင်းပြီး ရုန်းကန်စားစမ်းပါ၊ ဟုတ်ပြီလား”

ဖိုးတူးလည်း လက်အုပ်ချီရင်းခေါင်းညိတ်သည်။ ဘိုးတော်အံ့ကြီးက ရွာသားများဘက်သို့လှည့်လိုက်ပြီး

“ကဲ၊ ခင်ဗျားတို့လည်း တော်fကြပါတော့၊ ဒီက မောင်ဖိုးတူးလည်း သံဝေဂရသွားလောက်ပါပြီ”

ထိုတော့မှ ဖိုးတူးက ဘိုးတော်အံ့ကြီးကို ကုန်းကန်တော့ပြီး အိမ်ပေါ်မှဆင်းသွားလေသည်။ မရွှေတစ်ယောက်တော့ လူအခိုးခံရသည့် ပစ္စည်းဥစ္စာများကို ပြန်ရသည်မို့ ပျော်ရွှင်နေမိသည်။ ဖိုးတူးပြန်သွားတော့မှ ဘိုးတော်အံ့ကြီးက ချောင်းတစ်ချက်ဟန့်လိုက်ပြီးနောက်

“ကဲ မရွှေ၊ အံ့ကြီးက ကိုယ့်ကတိကိုယ်တည်တယ်၊ ညည်းလဲ ညည်းကတိကိ ညည်းတည်ပါစေနော်”

“တည်မှာပါ ဘိုးတော်ကြီးရယ်၊ ဒါနဲ့ ဘိုးတော်ကြီးကို ဘယ်လိုကန်တော့ရမလဲ”

“ရေအဆုံးကုန်းတစ်ဝက်ဆိုတဲ့စကား ညည်းကြားဖူးတယ်မဟုတ်လား၊ ညည်းပစ္စည်းက ရေထဲကျတာမဟုတ်ဘဲ ကုန်းပေါ်တင်ပျောက်တာဆိုတော့ ငါ့ကိုတစ်ဝက်ပေးရင် ငါကျေနပ်ပါပြီ”

တစ်ဝက်ဆိုသည့်စကားကို ကြားရသဖြင့် မရွှေတစ်ယောက်အလွန်အံ့အားသင့်သွားလေသည်။ ဘိုးတော်အံ့ကြီးက မရွှေအားလက်ညှိုးထိုးရင်း

“မရွှေ၊ ညည်းပစ္စည်းက ပျောက်နေပြီးသားနော်၊ ငါ့ပညာကြောင့်သာမဟုတ်ရင် ညည်းရဲ့ဒီပစ္စည်းတွေကို ညည်းဒီတစ်သက်ပြန်တွေ့ရမှာမဟုတ်ဘူးဆိုတာ ညည်းသဘောပေါက်”

“ဟုတ်၊ ဟုတ်ကဲ့ပါ ဘိုးတော်ကြီးရယ်၊ တစ်ဝက်ပေးဆိုရင်လည်း ပေးပါ့မယ်ရှင်”

သို့နှင့် ဘိုးတော်အံ့ကြီးနှင့် မရွှေတို့အပေးအယူတည့်သွားလေသည်။ ဘိုးတော်အံ့ကြီး အိမ်ပြန်သည့်အခါ ရွာသားများက လိုက်လံပို့ဆောင်ပေးကြသည်။

(ခ)

“ဒီရွာမှ ငါရှိနေလို့ပေါ့ကွာ၊ ငါသာမရှိရင် မင်းတို့ရွာမလွယ်ဘူးမှတ်”

ထိုစကားမှာ ဘိုးတော်အံ့ကြီး အမြဲပြောသည့်စကားဖြစ်သည်။ ဖျောက်ဆိပ်ကုန်းရွာတွင် ဘိုးတော်အံ့ကြီးဆိုလျှင် မသိသူမရှိသလောက်ပင်ဖြစ်သည်။ ဘိုးတော်အံ့ကြီးအား ဖျောက်ဆိပ်ကုန်းရွာတစ်ရွာလုံးက ချစ်ကြောက်ရိုသေ လေးစားကြရသည်။ ဘိုးတော်အံ့ကြီးကလည်း ဖျောက်ဆိပ်ကုန်းရွာအတွက် မရှိအဖြစ်အရေးပါသူတစ်ဦးဖြစ်သည်။ ရွာသူရွာသားတစ်ဦးဦးကို အပမှီခြင်း၊ သရဲပူး၊ စုန်းပူးခြင်းမှအစ၊ မြွေဆိပ်မန်း၊ ခွေးကိုက်မန်း၊ သွေးလုံး၊ လေလုံး ဆေးကုသာခြင်းပါမကျန် ဘိုးတော်အံ့ကြီးက ကူညီလုပ်ဆောင်ပေးနေရခြင်းဖြစ်သည်။ ဗေဒင်၊ ယကြလည်း ဒက်ထိမှန်အောင် တွက်နိုင်သူမို့ ဖျောက်ဆိပ်ကုန်းရွာရှိ ရွာသူရွာသားများမှာ ဘိုးတော်အံ့ကြီးအား အလွန်လေးစားအားကိုးကြရလေသည်။ ထို့ကြောင့် ရွာသူရွာသားများမှာ ကိုအံ့ကြီးအား လူတစ်ပိုင်း၊ ဘိုးတော်တစ်ပိုင်းဟုလည်းကောင်း၊ မြေလျှောက်ဝိဇ္ဇာ ဘိုးတော်တစ်ပါးဟုလည်းကောင်း သတ်မှတ်ကာ တလေးတစား ပြောဆိုယုံကြည်ကြခြင်းလည်းဖြစ်ပေသည်။

မရွှေအိမ်မှ တပည့်တပန်းများနှင့် ပြန်လာသည့် ဘိုးတော်အံ့ကြီးတစ်ယောက် ရွာလယ်လမ်းမတစ်နေရာအရောက်တွင် မျက်နှာချင်းဆိုင်မှ လမ်းလျှောက်လာသည့် လူတစ်ဦးနှင့် ပက်ပင်းတိုးမိလေသည်။ မိုးတွင်းကာလဖြစ်သည်မို့ ရွာလယ်လှည်းလမ်းမှာ ဗွက်များပေါက်နေပြီး လူတစ်ဦးစာသာ ခြေလှမ်းနင်းရန်နေရာရှိလေသည်။ တစ်ဖက်မှလျှောက်လာသူကိုကြည့်လိုက်ပြီးနောက် ဘိုးတော်အံ့ကြီးတစ်ယောက် မျက်နှာကိုရှုံ့မဲ့လိုက်လေသည်။

“ဟော၊ အကုသိုလ်ကောင်တစ်ကောင်နဲ့ တွေ့ပြန်ပြီဟေ့”

တစ်ဖက်တွင်လာသူမှာလည်း အံ့ကြီးဆိုသူပင်ဖြစ်သည်။ သို့သော် ထိုအံ့ကြီးမှာ ဘိုးတော်အံ့ကြီးကဲ့သို့ ဘာသာတရားကိုင်းရှိုင်းအားထုတ်နေသည့် ဘိုးတော်တစ်ဦးမဟုတ်ဘဲ အချိန်ပြည့်အရက်သောက်ကာ အမဲလိုက်မူးရူးနေသည့် မုဆိုးအံ့ကြီးဖြစ်လေသည်။ မုဆိုးအံ့ကြီးမှာ အပေါ်ပိုင်းဗလာကျင်းလျှက် အောက်တွင်လည်း ခါးဝတ်ပုဆိုး တိုနန့်နန့်ကလေးကိုသာ ဝတ်ဆင်လာသည်။ မုတ်ဆိတ်ကျင်စွယ်များရှိပြီး ဆံပင်အရှည်များမှာလည်း ညှင်းသိုးသိုးနိုင်လှသည်။ မုဆိုးအံ့ကြီး၏ လက်တစ်ဖက်တွင်တော့ ဘဲငန်းအသေတစ်ကောင်အား ဇောက်ထိုးဆွဲကာ ကိုင်လာလေသည်။

“ဟေ့၊ မုဆိုးအံ့ကြီး၊ ဟောဒီမှာ ဘိုးတော်အံ့ကြီးလာတာ မင်းမမြင်ဘူးလား၊ မင်းလမ်းဖယ်ပေးစမ်းကွာ”

ဘိုးတော်အံ့ကြီး၏ နောက်လိုက်နောက်ပါတပည့်တစ်ယောက်က မုဆိုးအံ့ကြီးအား ပြောဆိုလိုက်လေသည်။ မုဆိုးအံ့ကြီးက မထီမဲ့မြင်ပြုံးလိုက်ပြီး

“ရှောင်ပေးစရာလားကွ၊ ဒီလမ်းကို ငါအရင်လျှောက်လာတာကွ၊ ရှောင်ပေးချင်ရှောင်ပေး မင်းတို့ ဘိုးတော်ကတောင် ငါ့ကိုရှောင်ပေးရမှာကွ”

ဘိုးတော်အံ့ကြီး၏ တပည့်များမှာ အလွန်စိတ်တိုသွားကြကာ မုဆိုးအံ့ကြိးအား ရိုက်နှက်ရန်ပြင်ဆင်ကြသည်။ သို့သော် ဘိုးတော်အံ့ကြိးက လက်ကာပြပြီးတော့

“တပည့်တို့၊ ဒီလိုလူနဲ့ ဘာမှဖက်ဖြစ်နေစရာ အကြောင်းမရှိဘူး”

ဘိုးတော်အံ့ကြီးက မုဆိုးအံ့ကြီးကိုကြည့်လိုက်ကာ

“ကဲ အံ့ကြီး၊ မင်းအရင်လျှောက်ချင်တယ်ဆိုရင်လည်း မင်းအရင်လျှောက်ကွာ၊ မင်းပြီးမှ ငါဖြတ်တာပေါ့”

တပည့်များက ဘိုးတော်အံ့ကြီး၏ စိတ်ဓါတ်ကိုလေးစားသွားကြလေသည်။ မုဆိုးအံ့ကြီးကတော့ ယိုင်နဲ့နေသည့်ခြေလှမ်းများဖြင့် ဘဲငန်းသေကိုကိုင်ကာ လမ်းကိုအေးအေးလူလူလျှောက်လာလေသည်။

“ဘိုးတော်ကြီးက သည်းခံနိုင်လိုက်တာဗျာ၊ ကျုပ်ဖြင့် ဒီကောင့်ခေါင်းကို ကွဲအောင်ရိုက်ချင်တာဗျ”

“သည်းခံကြတပည့်တို့၊ သူတော်ကောင်းတွေဆိုတာ သည်းခံတတ်ရတယ်၊ သည်းခံခြင်းသည် အောင်မြင်ခြင်းလို့ တို့ဘုရားက ဟောထားခဲ့တယ်မဟုတ်လားကွ”

“ဘိုးတော်ကြီးကတော့ စိတ်ထားမွန်မြတ်လှပါပေတယ်ဗျာ၊ အံ့ကြီးဆိုတဲ့ နာမည်ချင်းတူတာတောင်မှ ဟိုအံ့ကြီးက အချိန်ပြည့်အရက်သောက်ပြီး သားကောင်လေးတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြီးမှ ထမင်းစားဝင်တဲ့ အကုသိုလ်ကောင်ပဲ”

“ဟုတ်ပ၊ နာမည်ချင်းတူပေမယ့် ကျုပ်တို့ဘိုးတော်အံ့ကြီးနဲ့ မုဆိုးအံ့ကြီးရဲ့စရိုက်ကတော့ နံ့သာဆီနဲ့အီးလို အဆပေါင်းများစွာ ကွာခြားလွန်းပါတယ်ကွာ”

တပည့်များက ဝိုင်းမြှောက်ပြောဆိုနေကြသည်မို့ မုဆိုးအံ့ကြီးလည်း လမ်းလျှောက်နေရင်း ထွီခနဲတံတွေးတစ်ချက်ထွေးလိုက်လေသည်။ မုဆိုးအံ့ကြီးဖြတ်သန်းသွားပြီး လမ်းရှင်းသွားသည့်အခါမှ ဘိုးတော်အံ့ကြီးတို့လူတစ်သိုက် ထိုလမ်းကိုဖြတ်ကူးကြလေတော့သည်။

ထိုလူများပြောလျှင်လည်း ပြောလောက်စရာပင်ဖြစ်သည်။ ဖျောက်ဆိပ်ကုန်းရွာတွင် အံ့ကြီးအမည်ရ လူနှစ်ဦးရှိသော်လည်း တစ်ဦးမှာ ဘာသာတရားကိုင်းရှိုင်းအားထုတ်နေပြီး အထက်လမ်းပညာရပ်ဖြင့် ကျေးရွာကိုကူညီအကျိုးပြုနေသည့် ဘိုးတော်အံ့ကြီးဖြစ်ကာ အခြားတစ်ဦးမှာတော့ အချိန်ပြည့်သောက်စားမူးယစ်နေကာ တိရစ္ဆာန်ကလေးများကို ညှင်းပန်းသတ်ဖြတ်စားသောက်နေသည့် မုဆိုးအံ့ကြီးပင်ဖြစ်သည်။

အံ့ကြီးနှစ်ဦးရှိသဖြင့် တစ်ဦးကိုဘိုးတော်အံ့ကြီးဟုခေါ်ကြပြီး ကျန်သည့်တစ်ဦးကို မုဆိုးအံ့ကြီးဟု အမည်တပ်ပေးလိုက်ကြသည်။ မုဆိုးအံ့ကြီးမှာ မုဆိုးဘွဲ့ရထားသည့်အတိုင်း တောအုပ်အတွင်းဝင်၍ ချေ၊ စိုင်၊ ဆတ်စသည့် တိရစ္ဆာန်များကို ဖမ်းဆီးပစ်ခတ်လေ့ရှိသကဲ့သို့ ခါ၊ ငုံး၊ ဖွတ်၊ ပဒတ်မကျန် သားကောင်ငယ်များကိုလည်း အလွတ်မပေးဘဲ ညှင်းဆဲသတ်ဖြတ်စားသောက်လေ့ရှိသည်။ ထိုမျှသာမကသေး မုဆိုးအံ့ကြီးမှာ အမြဲမူးယစ်သောက်စားနေတတ်ကာ လက်ရဲဇက်ရဲလည်းရှိလှပေသည်။ ဖျောက်ဆိပ်ကုန်းရွာတွင် ရိုက်ကြနှက်ကြ၊ ရန်ဖြစ်ကြပြီဆိုလျှင် အံ့ကြီးထိပ်ဆုံးကပါနေတတ်သည်။

အံ့ကြီးမှာ အသားမပါလျှင် ထမင်းစားမဝင်ပေ၊ သူ၏အိမ်တွင်လည်း ဆိတ်၊ နွား၊ ဝက်များကို အသားတိုးမွေးမြူထားသကဲ့သို့ ကြက်ခြံကြီးတစ်ခြံလည်းရှိလေသည်။ ပို၍ထူးခြားသည်မှာတော့ မုဆိုးအံ့ကြီးမှာ တောကောင်ကလေးများကို အရှင်ဖမ်းယူရမိသည့်အခါ အိမ်သို့သယ်လာပြီး အိမ်တွင်မွေးမြူထားခြင်းဖြစ်သည်။ ဇီးကွက်၊ ဒီးဒုတ်မှ အစ ရစ်ငှက်၊ လင်းမြွေများကို ခြင်းတောင်းကြီးများဖြင့် မွေးမြူထားပြီး စားသောက်ချင်သည့်အခါမှ ရိုက်သတ်ကာ ကျကျနနချက်စားလေ့ရှိသည်။

ယခုလည်း မူးမူးနှင့် ဘဲငန်းကြီးတစ်ကောင်ဆွဲကာ ဝင်လာခဲ့သည်။ အိမ်သို့ရောက်သည်နှင့် အံ့ကြီးက ထရံတွင်ထိုးထားသည့် ဓါးတစ်ချောင်းကိုဖြုတ်ကာ ဘဲငန်းကြီးကို ခုတ်ထစ်နေလေသည်။ ထိုအခါ အံ့ကြီး၏ မိခင်ဖြစ်သူ ဒေါ်ထွေးမှာ အိမ်ပေါ်မှဆင်းလာလေသည်။

“အံ့ကြီး၊ နင်ဟာလေ၊ အမြဲအကုသိုလ်အလုပ်တွေပဲ လုပ်နေပါလား၊ အခုလည်း ဘယ်က ဘဲငန်းကြီးယူချလာပြန်ပြီလဲ”

“အသာနေစမ်းပါအမေရာ၊ ဘဲငန်းအသည်းက ဆိမ့်တယ်ဗျ၊ အစိမ်းစားမှကောင်းတာ”

အံ့ကြီးက ဘဲငန်း၏ ရင်ကိုခွဲလိုက်ပြီးနောက် အသည်းနီနီရဲရဲကြီးကို ဆွဲထုတ်လိုက်လေသည်။ ထို့နောက် တစ်ချက်ပြုံးရယ်လိုက်ပြီး ထိုအသည်းကို ပါးစပ်နှင့်ကိုက်ဖြတ်ကာ ဝါးလိုက်လေသည်။

“ကောင်းလိုက်တာ၊ ဆိမ့်နေတာပဲ”

အံ့ကြီး၏ ပါးစပ်တစ်ဝိုက်တွင် သွေးများဖြင့်ပေကျံနေလေသည်။ ဂင်တိုတို၊ အရပ်ပုပု အသားမည်းမည်းနှင့် အံ့ကြီးကို ကြည့်ရသည်မှာ ဘီလူးသရဲတစ်ကောင်နှင့်ပင်တူနေလေသည်။ ရန်ဖြစ်စဉ်က ရရှိခဲ့သည့် ဓါးခုတ်ဒဏ်ရာကြီးကလည်း မျက်နှာပေါ်တွင် ကန့်လန့်ဖြတ်ကြီးရှိနေသဖြင့် အံ့ကြီး၏ ရုပ်ရည်မှာ အလွန်ကြည့်ရဆိုးနေလေသည်။ ရုပ်ဆိုးသည့်အပြင် စရိုက်ကြမ်းသည်မို့ အံ့ကြီးကို ရွာမှလူများက နှာခေါင်းရှုံ့ကြသည့်အပြင် မည်သည့်မိန်းကလေးမှလည်း စိတ်မဝင်စားသောကြောင့် အခုအံ့ကြီးအသက်လေးဆယ်ကျော်သည်အထိ အိမ်ထောင်ရက်သားမရှိသေးပေ၊ ဘဲငန်း၏ ရင်ကိုဖွင့်ပြီး အသည်းကိုအစိမ်းလိုက်ကိုက်စားနေသည့် သားဖြစ်သူကိုကြည့်ရင်း ဒေါ်ထွေးတစ်ယောက် သက်ပြင်းအကြိမ်ကြိမ်ချမိသည်။

“အံ့ကြီးရယ်၊ နင်ဘယ်တော့မှ အခုလိုအကုသိုလ်အလုပ်တွေကို စွန့်လွတ်မှာလဲဟင်”

“ဟာဗျာ၊၊ ကျုပ်က ဘာမဟုတ်တာလုပ်နေလို့လဲဗျ၊ အရက်ဆိုရင်လည်း ကျုပ်ကြိုက်လို့ ကျုပ်ပိုက်ဆံနဲ့ကျုပ်သောက်တယ်ဗျာ၊ တိရစ္ဆာန်တွေဆိုရင်လည်း ကျုပ်စားချင်လို့ စားတာ ဘာဖြစ်သလဲအမေရ”

“နင့်ကိုငါမွေးမိတာမှားပါတယ် အံ့ကြီးရယ်၊ နင်ဟာလေ ဘယ်တော့မှပြောလို့မရတဲ့အကောင်ပဲ”

“ပြောမရရင် ပြောမနေနဲ့အမေရာ၊ အမေလည်း ပါးစပ်ညောင်းတယ်၊ ကျုပ်လည်း နားညည်းတယ်၊ ဒါနဲ့ အမေ ဆိတ်တွေခြံထဲမှာရောက်နေပါလား၊ ဆိတ်ကျောင်းသား မလာဘူးလားဗျ”

“အေးဟေ့၊ ဆိတ်ကျောင်းသားက နေမကောင်းလို့တဲ့”

“ဟာ၊ ဒီကောင်ကတော့ အလုပ်ကိုဘယ်လိုလုပ်နေလဲမသိဘူး၊ ဒီအတိုင်းဆို ကျုပ်ဆိတ်တွေ ဒီနေ့အစာဘယ်ဝမလဲဗျ၊ အစာမဝတော့ ဆိတ်တွေက ပိန်လှီလာမယ်၊ ပိန်လှီလာတော့ အသားအလေးချိန်ကျပြီး ဈေးကောင်းဘယ်ရတော့မှာလဲ၊ ဒီကောင်နဲ့တော့မဖြစ်သေးပါဘူးကွာ”

ပြောရင်းဆိုရင်း အံ့ကြီးတစ်ယောက် မတ်တပ်ထရပ်လိုက်လေသည်။

“ဟဲ့ အံ့ကြီး၊ ဒါက ဘယ်သွားမလို့လဲ”

“အိုအမေကလည်း၊ ဟိုကောင်ဆိတ်မကျောင်းဘူးဆိုမှတော့ ကျုပ်ဆိတ်ကျောင်းထွက်ရမှာပေါ့ဗျ၊ ရော့ အမေ၊ ဟောဒီငန်းကြီးကို အမေစားချင်သလိုသာ ချက်စားလိုက်တော့၊ ကျုပ်တော့သွားပြီ”

အံ့ကြီးက ဆိတ်ခြံအတွင်းမှ ဆိတ်အုပ်များကိုမောင်းနှင်ကာ ဆိတ်ကျောင်းထွက်သွားလေတော့သည်။ ခြံအပြင်သို့ဆိတ်တစ်အုပ်နှင့်ထွက်သွားသည့် အံ့ကြီး၏ ကျောကုန်းကိုကြည့်ရင်း မိခင်ဖြစ်သူဒေါ်ထွေးတစ်ယောက် သက်ပြင်းချမိလေသည်။

“အံ့ကြီး၊ အံ့ကြီး နင်လည်းတစ်နေ့နေ့အမြင်မှန်ရပြီးတော့ ဒီအကုသိုလ်အလုပ်တွေကို စွန့်လွတ်နိုင်ပါစေလို့ အမေဆုတောင်းပါတယ်သားရယ်”

(ဂ)

အံ့ကြီးတစ်ယောက် ရွာအပြင် တောစပ်ဘက်သို့ ဆိတ်အုပ်ကိုမောင်းလာခဲ့သည်။ ထိုနေရာတွင် သစ်ပင်ချုံပင်များရှိသဖြင့် ဆိတ်အုပ်အတွက်အစာမရှားလှပေ၊ ဆိတ်အုပ်ကို ကွင်းအတွင်းမောင်းသွင်းခဲ့ပြီးနောက် အရိပ်ကောင်းသည့် သစ်ပင်ကြီးတစ်ပင်အောက်သို့ဝင်ကာ သစ်ပင်ကိုမှီလျှက် အိပ်နေလိုက်တော့သည်။

“လိုက်ဟေ့၊ လိုက်ဟ”

နားထဲ အော်သံများကြားသည့်အခါမှ အံ့ကြီးတစ်ယောက် မျက်လုံးဖွင့်ကြည့်မိသည်။ ထိုအခါ ရွာအတွင်းမှ ဆိတ်ကျောင်းသား၊ နွားကျောင်းသားကလေးများမှာ လေးခွများ၊ တုတ်များကိုကိုင်ဆောင်ကာ တစ်စုံတစ်ခုအနောက်သို့ပြေးလိုက်နေကြသည်ကိုမြင်တွေ့ရသည်။ ထိုနွားကျောင်းသားကလေးများအရှေ့တွင် ပြေးလွှားနေသည့်အရာမှာတော့ အညိုရင့်ရောင်အသွေးရှိသည့် တောယုန်တစ်ကောင်ပင်ဖြစ်သည်။ အံ့ကြီးလည်း ကြည့်ကောင်းကောင်းနှင့် ထိုမြင်ကွင်းကိုကြည့်နေမိသည်။ ထိုယုန်ကောင်မှာ ကွင်းကိုဖြတ်သန်းပြေးလွှားလာပြီးနောက် အံ့ကြီးလှဲအိပ်နေသည့် သစ်ပင်ကြီးအနီးသို့ရောက်လာလေသည်။

သစ်မြစ်တစ်ခုအနီးတွင် ပုန်းအောင်းနေလေရာ နွားကျောင်းသားကလေးများမှာ ယုန်ကိုလိုက်ရင်း မျက်ခြေပြတ်သွားကြသည်။

“တောက်၊ စားရခါနီးမှကွာ”

“ဟုတ်ပ၊ ဒီနားလေးတင်ပျောက်သွားတယ်”

နွားကျောင်းသားလေးများက မကျေမချမ်းနှင့် ရေရွတ်နေကြလေသည်။ အံ့ကြီးကတော့ ယုန်ကလေးကိုမြင်နေရသော်လည်း နွားကျောင်းသားများကိုမပြောဘဲ မသိကျိုးကျွန်ပြုနေလိုက်သည်။ ခဏအကြာတွင် နွားကျောင်းသားကလေးများမှာ လှည့်ပြန်သွားကြလေသည်။ အံ့ကြီးက အလွန်ပျော်ရွှင်စွာဖြင့်ပြုံးလိုက်ရင်း

“အင်း၊ စားရကံကြုံတော့လည်း သားကောင်က ကိုယ့်ရှေ့တည့်တည့်ကိုရောက်လာပါလား”

အံ့ကြီးတစ်ယောက် အနီးအပါးကိုရှာကြည့်လိုက်သည့်အခါ လူကြီးလက်ကောက်ဝတ်ခန့်လုံးပတ်ရှိသည့် သစ်ချောင်းတစ်ချောင်းကိုတွေ့သဖြင့် ကောက်ယူလိုက်လေသည်။ ထို့နောက် ယုန်ကောင်အနီးသို့ လျှင်မြန်စွာပြေးလာခဲ့သည်။ ယုန်ကလေးမှာ တစ်ချိန်လုံးပြေးလာခဲ့ရသဖြင့် မောနေပုံရသည်။ အံ့ကြီးပြေးလာသည်ကို မျက်လုံးအပြူးသားနှင့်ကြည့်နေကာ ထွက်မပြေးပေ၊ အံ့ကြီးကလည်း လက်ထဲမှ တုတ်ကိုလေပေါ်သို့မြှောက်တင်လိုက်ပြီးနောက် ယုန်ကောင်ကိုအားကုန်လွှဲရိုက်ချရန်ပြင်ဆင်လိုက်တော့သည်။ အသည်းငယ်သည့် ယုန်ငယ်မှာ အံ့ကြီးသူ့ကိုတုတ်နှင့်ရွယ်သည်ကို သိလိုက်ရသဖြင့် တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ယင်နေလေသည်။

အံ့ကြီးမှာ ယုန်ကိုရိုက်ခါနီးတွင် ယုန်မျက်လုံးကိုကြည့်လိုက်မိသည်။ ထိုအခါ သူ့စိတ်အတွင်း အတွေးပေါင်းစုံဝင်ရောက်လာလေသည်။ ထို့ကြောင့် တုတ်ဖြင့်မရိုက်တော့ဘဲ တုတ်ကိုလေပေါ်တွင်ရပ်တန့်လိုက်သည်။

“သြော်၊ ယုန်ဖြစ်ပေမယ့်လည်း သေရမှာတော့ကြောက်သားပဲ၊ သနားဖို့ကောင်းလိုက်တာ၊ တစ်ကိုယ်လုံးတုန်ယင်နေပြီးတော့ မျက်လုံးကလည်းအပြူးသားနဲ့ပါလား”

အံ့ကြီးစိတ်အတွင်း တစ်ခါမှမဖြစ်ပေါ်ခဲ့ဖူးသည့် သနားကြင်နာစိတ်ဖြစ်လာလေသည်။ တစ်ချိန်တည်းမှာပင်

“ယုန်ကလေးက သေရမှာကြောက်နေပါလား၊ သူ့နေရာမှာ ငါသာဆိုရင်ဘယ်လိုနေမလဲ”

အံ့ကြီးတွေဝေသွားမိသည်။ အဖြစ်အပျက်များက စက္ကန့်ပိုင်းကလေးမျှသာ ကြာမြင့်လေသည်။

“ကြောက်တယ်၊ ငါသေရင်ဘာဖြစ်မလဲ၊ ငါသေရင် ဘယ်လိုသေမလဲ၊ ငါကြောက်တယ်၊ ငါလည်း သေရမှာကြောက်တယ်”

အံ့ကြီးတစ်ယောက် လက်ထဲမှတုတ်ကိုပစ်ချလိုက်ကာ ရွာထဲသို့ကြောက်လန့်တကြားပြေးဝင်လာခဲ့လေသည်။ အိမ်သို့တန်းတန်းမတ်မတ်ပြန်ပြေးပြီး အိမ်ရောက်သည့်အခါ စောင်ကိုခေါင်းမြီးခြုံကာ တုန်ယင်လျှက် အော်ဟစ်နေမိသည်။ ရွာမှလူများကတော့ အံ့ကြီးတစ်ယောက် ဆိတ်ကျောင်းရင်း သရဲအခြောက်ခံရသည်ဟုထင်မြင်ကြသည်။ ထင်လည်းထင်လောက်စရာပင်၊ အံ့ကြီးမှာ သေရမည်ကိုတွေးကြောက်ရင်း အကြောက်လွန်ကာ သုံးရက်ခန့်ဖျားလေတော့သည်။ ပါးစပ်မှလည်း ကြောက်တယ်၊ ကြောက်တယ်ချည်းသာ အော်နေလေရာ နောက်ဆုံး အံ့ကြီးအမေ ဒေါ်ထွေးတစ်ယောက် ဘိုးတော်အံ့ကြီးကို အကူအညီတောင်းရလေတော့သည်။

ဘိုးတော်အံ့ကြီးအိမ်တွင် အမြဲလိုလို တပည့်တပန်းများ၊ အခြားအရပ်ဒေသမှ လာရောက်ကြသည့် ဧည့်သည်များဖြင့် စည်ကားနေလျှက်ရှိသည်။ ဒေါ်ထွေးက ဒရောသောပါးနှင့်ပြေးလာကာ ဘိုးတော်အံ့ကြီးအရှေ့တွင်ဝင်ထိုင်လိုက်သည်။

“ဆရာကြီး ကျွန်မသားလေးကို ကယ်ပါအုံးရှင်”

ဘိုးတော်အံ့ကြီးက မျက်မှောင်ကြုတ်လိုက်ပြီးနောက်

“ခင်ဗျားသားဆိုတော့ မုဆိုးအံ့ကြီးမဟုတ်လား”

“ဟုတ်ပါတယ်၊ သူဟိုတစ်နေ့က ဆိတ်ကျောင်းထွက်ရင်း ဘာဖြစ်လာတယ်မသိပါဘူး၊ ကြောက်တယ်၊ ကြောက်တယ်လို့အော်ပြီးတော့ စဖျားတော့တာပါပဲ၊ အခုဆို အဖျားကသုံးရက်ရှိပါပြီ၊ ကြောက်တာလည်း ကြောက်နေဆဲပါပဲရှင်”

“ကျုပ်က စိတ်ရင်းအတိုင်းသာဆိုရင် ခင်ဗျားရဲ့သား လူဆိုးလူမိုက် အံ့ကြီးကို ကုသမပေးချင်ဘူး ဒေါ်ထွေး၊ ဒီလိုကုသပေးလိုက်တာကလည်း အံ့ကြီးကို သက်ဆိုးရှည်စေလိမ့်မယ်၊ ကျုပ်ကုသပြီးတဲ့အခါ သူက မကောင်းမှုအကုသိုလ်တွေ ဆက်လုပ်နေမှာပဲမဟုတ်လား”

ဒေါ်ထွေးမျက်နှာမှိုင်ကျသွားလေသည်။

“ဒါပေမယ့်လည်း ကျုပ်တို့အလုပ်က ခုနစ်ရက်သားသမီးတွေကို ကယ်တင်ရတာဆိုတော့ လူမိုက်အံ့ကြီးကိုလည်း သာမန်လူလို့ပဲ သဘောထားပြီး ကျုပ်ကယ်တင်ပေးရမှာပေါ့ဗျာ”

ထိုတော့မှ ဒေါ်ထွေးပျော်သွားမိသည်။ သို့နှင့် ဘိုးတော်အံ့ကြီးနှင့် တပည့်တပန်းတစ်သိုက် မုဆိုးအံ့ကြီး၏ အိမ်သို့ရောက်လာကြလေသည်။ မုဆိုးအံ့ကြီး၏ အခြေအနေကိုတွေ့သည့်အခါ ဘိုးတော်အံ့ကြီးက ခေါင်းခါလိုက်ပြီး

“ကျုပ်အတန်တန်ပြောပါတယ်၊ ဒါသရဲဖမ်းစားခံရတာပဲဗျ”

ရွာသူရွာသားများအကုန်တုန်လှုပ်သွားကြလေသည်။ ဘိုးတော်အံ့ကြီးက ဟန်ပါပါဖြင့်

“ရွာအရှေ့ထိပ်နားက ဖျောက်ဆိပ်ပင်ကြီးမှာ သဘက်ကြီးတစ်ကောင်နေတယ်၊ ရွာအနောက်ဘက် ညောင်ချဉ်ပင်ကြီးမှာတော့ တစ္ဆေမိသားစုနေတယ်၊ ဒါတင်မကသေးဘူး ရွာတောင်ဘက်က ချောင်းထဲမှာကျတော့ မှင်စာကလေးတွေကျက်စားကြတယ်၊ ရွာမြောက်ပိုင်းက ညောင်ညိုပင်ကြီးမှာ နှစ်ချို့သရဲကြီးရှိတယ်၊ ဒီသရဲတစ္ဆေတွေက တို့ရွာကလူတွေကို ဖမ်းစားချင်ကြတဲ့အတွက် အချိန်ပြည့်စောင့်ဆိုင်းနေကြတယ်၊ အခု မုဆိုးအံ့ကြီးက ကုသိုလ်ကောင်းမှု ဘာမှမရှိဘဲ မကောင်းမှုတွေချည်းလုပ်ခဲ့လို့ ကံနိမ့်နေတဲ့အတွက် ဖြစ်တာပဲ”

ရွာသားများ အလွန်ခြောက်ချားသွားကြလေသည်။

“ဒါဆို အခု မုဆိုးအံ့ကြီးကိုရော ဘယ်သူလုပ်တာလဲ”

“ဘယ်သူရှိရမှာလဲ ညောင်ချဉ်ပင်မှာနေတဲ့ သရဲမက လုပ်လိုက်တာပေါ့ကွာ၊ အခု အဲဒီသရဲမက အံ့ကြီးရဲ့လည်ပင်းကို ခွစီးထားသကွ၊ ပေးစမ်း၊ ငါ့ကိုရေတစ်ခွက်ပေး”

ဒေါ်ထွေးက သောက်ရေအိုးစင်မှ ရေတစ်ခွက်ခပ်ပေးလိုက်သည့်အခါ ဘိုးတော်အံ့ကြီးက သွေးဆေးမှုန့်တစ်ချို့ကို ရေထဲထည့်ဖျော်လိုက်ပြီးနောက် လက်ညှိုးထည့်မွှေရင်း ဘုရားစာများကိုရွတ်ဖတ်ပေးနေလိုက်သည်။ ထို့နောက် ထိုရေကို မုဆိုးအံ့ကြီးအားတိုက်လိုက်ပြီး မုဆိုးအံ့ကြီး၏ နဖူးအား လက်ဝါးဖြင့်ရိုက်ထည့်လိုက်လေသည်။

“ကဲ၊ ဒေါ်ထွေး၊ ကျုပ်မန်းဆေးပေးခဲ့မယ်၊ အံ့ကြီးကို သုံးရက်လောက်ဆက်တိုက်လိုက်ရင် နေကောင်းသွားမှာပါ၊ သရဲမအတွက်ကတော့ မပူပါနဲ့ ကျုပ်အခုပဲထုတ်ပေးလိုက်ပါပြီ”

“ကျေးဇူးတင်ပါတယ် ဘိုးတော်ကြီးရယ်၊ ဆေးဖိုးဝါးခ ဘယ်လိုကန်တော့ရမလဲ”

“ဆိတ်သုံးကောင်ပဲပေးပါ၊ ခင်ဗျားတို့က သားအမိနှစ်ယောက်တည်းမို့ ကျုပ်လျှော့ပေးလိုက်တာပါ၊ တကယ်တော့ ကျုပ်ရဲ့ပညာကြေးက ဒီထက်မက တန်ပါတယ်”

ဒေါ်ထွေးမှာ ဘိုးတော်အံ့ကြီးအား ကုန်းကန်တော့ပြီးနောက် ဘိုးတော်အံ့ကြီးပြန်သွားသည့်အခါ ဆိတ်အုပ်အတွင်းမှ ဆိတ်၀၀ဖီးဖီး သုံးကောင်အား ဘိုးတော်အံ့ကြီးအနောက်သို့ထည့်ပေးလိုက်တော့သည်။

(ဃ)

မုဆိုးအံ့ကြီးကိစ္စ တစ်ခန်းရပ်သွားသော်လည်း တစ်ခန်းမရပ်သေးသည်ကတော့ ရွာပတ်ပတ်လည်ရှိ သရဲများကိစ္စဖြစ်သည်။ ဘိုးတော်အံ့ကြီးပြောသဖြင့် ရွာသူရွာသားများမှာ အလွန်ထိတ်လန့်ကြောက်ရွံ့နေကြကာ ဘိုးတော်အံ့ကြီးပြောသည့် နေရာများသို့ နေ့ခင်းကြောင်တောင်ပင် မသွားဝံ့ကြတော့ပေ၊ လယ်၊ ယာ၊ စိုက်ခင်းများသို့ သွားသည့်အခါ ထိုနေရာများကိုဖြတ်သန်းသွားရသည်မို့ ရက်ပိုင်းအကြာတွင် ရွာသူရွာသားများ အလုပ်ပျက်အကိုင်ပျက်ဖြစ်ကုန်ကြလေသည်။ နောက်ဆုံး ထိုကိစ္စမှာ ဘိုးတော်အံ့ကြီးထံသို့ ပြန်ရောက်လာလေသည်။

“ဘာမှမပူပါနဲ့၊ ဒီရွာကို ကာကွယ်ဖို့အတွက် ကျုပ်မှာတာဝန်ရှိပါတယ်၊ ကျုပ် သုံးရက်သုံးညတိုင်တိုင် ပရိတ်ပဌာန်းတွေ ရွတ်ဖတ်ပြီးတော့ ပရိတ်ကြိုးတွေ စီစဉ်ပေးပါ့မယ်၊ အဲဒီပရိတ်ကြိုးတွေကို လည်ပင်းမှာဆွဲထား၊ လက်မှာပတ်ထားရင် ကျုပ်ပြောခဲ့တဲ့ သရဲကြီးတွေ ခင်ဗျားတို့အနားကို မကပ်နိုင်တော့ပါဘူး”

ိုထိုတော့မှ ရွာသူရွာသားများအားလုံး သက်ပြင်းချနိုင်တော့သည်။ ဘိုးတော်အံ့ကြီးအိမ်တွင် သုံးရက်သုံးညတိုင်တိုင် ပရိတ်ရွတ်ပွဲကျင်းပပြီးဘိုးတော် အံ့ကြီးကိုယ်တိုင်ချည်မန်းကွင်းများကိုစီရင်ကာ ရွာသားများအားရောင်းချလေတော့သည်။ ရွာသားများမှာ အလုအယက်ဝယ်ကြလေရာ ဘိုးတော်အံ့ကြီးအတော်အမြတ်အစွန်းထွက်သွားလေတော့သည်။

မုဆိုးအံ့ကြီးမှာ မန်းဆေးများသောက်ပြီး နေကောင်းသွားသော်လည်း ငူငူငိုင်ငိုင်ကြီးဖြစ်နေသေးသည်။ တစ်မနက်ခင်းတွင်တော့ မိခင်ဖြစ်သူက ရွာဦးကျောင်းဆရာတော်အား ဆွမ်းထွက်လောင်းလေရာ မုဆိုးအံ့ကြိးက ဆရာတော်ကိုမေးမြန်းကြည့်ရန် အကြံရသွားပြီး ဆရာတော်အနောက်သို့ လိုက်သွားလေသည်။ မုဆိုးအံ့ကြီးလိုက်လာသည်ကို သိသဖြင့် ဘုန်းကြီးကျောင်းအတက်တွင် ဆရာတော်ကလှည့်ကြည့်ပြီး

“ဒကာ အံ့ကြီး၊ ဘာလို့ ဦးဇင်းအနောက်ကနေ လိုက်နေရတာလဲ”

“ဟုတ်ကဲ့၊ ဘုန်းကြီးကိုကျုပ် တစ်ခုမေးချင်လို့ပါ၊ ကျုပ်သေမှာအရမ်းကြောက်တယ်ဗျာ၊ ဘယ်လိုကြောက်လို့ ကြောက်မှန်းကိုမသိဘူးဗျ၊ အဲဒီကြောက်စိတ်နဲ့ စားမရ၊ အိပ်မရဖြစ်ပြီး နေမကောင်းတောင်ဖြစ်ပါတယ်ဗျာ၊ အဲဒါ ကျုပ်တစ်ယောက်တည်းများ ကြောက်နေတာလားလို့၊ ဘုန်းကြီးရော သေမှာမကြောက်ဘူးလား”

ဘုရားကျောင်းကန်များနှင့် အဆက်အဆံမရှိသည်မို့ မုဆိုးအံ့ကြီးမှာ ရွာဦးကျောင်းဆရာတော်နှင့် စကားမပြောတတ်ဘဲရှိလေသည်။ ရွာဦးကျောင်းဆရာတော်က တစ်ချက်ပြုံးလိုက်ပြီး

“ဒကာတစ်ယောက်တည်း ကြောက်နေတာမဟုတ်ပါဘူး၊ သတ္တဝါတိုင်းကတော့ သေမှာကြောက်ကြတာပါပဲ”

ထိုအခါမှ အံ့ကြီးမှာ စိတ်သက်သာရာရသွားလေသည်။

“သေမှာ၊ ဘဝကူးမှာကို သူများတွေထက်ပိုကြောက်တဲ့သူဆိုတာ သူသေပြီးတဲ့အခါ မကောင်းတဲ့ဘုံဘဝ၊ အပါယ်ငရဲမှာ ခံရမယ်ဆိုတာ သိလို့ ပိုကြောက်နေမိတာပါ”

“ဘုန်းကြီးပြောတာမှန်တယ်၊ ကျုပ်အရမ်းကြောက်နေမိတယ်”

“ဒါက ဒကာကြီးမှာ ကုသိုလ်ကောင်းမှုဆိုတာ ရှိမှမရှိဘဲကိုး၊ ကုသိုလ်ကောင်းမှုတွေကို ကြိုးစားအားထုတ်နေတဲ့ သူတော်ကောင်းတွေကျတော့ သူတို့သေဆုံးပြီးတဲ့အခါ ပိုမိုကောင်းမွန်တဲ့ဘုံဘဝကို ရောက်မယ်ဆိုတာ သိထားတဲ့အတွက်ကြောင့် အပါယ်ကိုကျမယ့်လူတွေလောက် ဆိုးဆိုးဝါးဝါး မကြောက်လန့်ကြဘူး”

“ဒါ၊ ဒါဆို ကျုပ်အခု ကြောက်နေတဲ့စိတ်ကို ဘယ်လိုဖြေရမလဲ ဘုန်းကြီး”

“ကုသိုလ်ကောင်းမှုများများလုပ်၊ တရားအားထုတ်ပေါ့ ဒကာကြီးရဲ့”

မုဆိုးအံ့ကြီးမှာ ခေါင်းကုပ်လျှက်

“ဒါဆို ဘုန်းကြီးကျုပ်ကို ဘယ်လိုတရားအားထုတ်ရမလဲဆိုတာ သင်ပေးနိုင်မလား”

ရွာဦးကျောင်းဆရာတော်က ခေါင်းညိတ်ပြီး

“ကိုင်း၊ ဒကာကြိး ကျောင်းပေါ်တက်လာခဲ့၊ ဒကာကြီးကြောက်နေတဲ့စိတ်က လွတ်မြောက်မယ့်နည်းလမ်းကို ဦးဇင်းပြသပေးမယ်”

သို့နှင့် မုဆိုးအံ့ကြီးတစ်ယောက် ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ဘုန်းကြီးကျောင်းပေါ်သို့ တက်ခဲ့လေတော့သည်။ ရွာဦးကျောင်းဆရာတော်၏ သွန်သင်ဆုံးမပြသမှုကြောင့်ပေလား၊ မုဆိုးအံ့ကြီးတစ်ယောက် ကျွတ်ချိန်တန်၍ပဲလားတော့ မပြောတတ်ပေ၊ မကြာခင်အချိန်အတွင်းမှာ မုဆိုးအံ့ကြီးတစ်ယောက် ဘာသာတရားကိုင်းရှိုင်းသူ တစ်ဦးဖြစ်သွားခဲ့ကာ မကောင်းမှု ဒုစရိုက်အလုပ်များကိုစွန့်လွတ်လိုက်တော့သည်။ အိမ်တွင်မွေးထားသည့် တောကောင်ငယ်ကလေးများကို လွှတ်ပေးလိုက်ပြီး သူ့အသက်သက်ခြင်းအလုပ်ကို ရာသက်ပန်စွန့်လွှတ်လိုက်လေတော့သည်။

အံ့ကြီးတစ်ယောက် အသိတရားရသွားသည်ကိုပင် ရွာသားများက မကျေမနပ်ဖြစ်နေကြလေသည်။ အံ့ကြီးမှာ နံနက်တိုင်း ဘုန်းကြီးကျောင်းသို့သွားကာ ဝေယျာဝစ္စများလုပ်ကိုင်ပေးပြီးနောက် ရွာဦးကျောင်းဆရာတော်ပြသသည့် တရားဓမ္မတို့ကို နာယူမှတ်သားကာ နေ့လည်ထမင်းစားချိန်မတိုင်ခင် အိမ်သို့ပြန်လာလေ့ရှိသည်။ ယနေ့လည်း ထုံးစံအတိုင်း ရွာဦးကျောင်းမှပြန်လာခဲ့ရာ ရွာထိပ်အရက်ဆိုင်သို့ ဖြတ်လာခဲ့မိသည်။

“ဟာ၊ မုဆိုးအံ့ကြီး၊ မင်းကိုမတွေ့ရတာကြာပြီ၊ လာစမ်းပါကွ၊ တစ်ခွက်တစ်ဖလား သောက်စမ်းပါအုံးကွ”

သောက်နေကျ သောက်ဖော်သောက်ဖက် ဆိုးဖော်ဆိုးဖက်အရက်သမားများက အံ့ကြီးအား ဖိတ်ခေါ်သော်လည်း အံ့ကြီးက ခေါင်းသာခါပြလိုက်သည်။

“ငါအရက်မသောက်တော့ဘူူးကွာ”

ထိုအခါ အရက်သမားများက ရယ်မောလျှက်

“ကျုပ်တို့တစ်သက်မှာ အံ့ကြီးကိုအရက်တိုက်လို့ငြင်းတာ ဒီတစ်ခါပဲကြုံဖူးသေးတယ်ဗျာ၊ ဒါနဲ့ ကိုအံ့ကြီး ခင်ဗျားဘုရားတွေဘာတွေ ရှိခိုးလို့ဆိုဗျ၊ ဘာလဲ ခင်ဗျားကို သရဲမက ဂုတ်ခွစီးလိုက်တော့မှ ခင်ဗျားကြောက်တတ်သွားတယ်မဟုတ်လား”

အရက်သမားများက အံ့ကြီးကို စကားနာထိုးကြလေသည်။ အံ့ကြီး၏ အရင်စိတ်နှင့်ဆိုလျှင်တော့ ထိုလူများနှင့်တစ်ပွဲတစ်လမ်း ရန်ဖြစ်မိမည်ဖြစ်သော်လည်း ယခုတော့ တရားထိုင်သည့်အရှိန်ကြောင့် အံ့ကြီးစိတ်များတည်ငြိမ်လာခဲ့ပြီဖြစ်သည်။

“အေး၊ မင်းတို့ပြောတာမှန်တယ်၊ ကြောက်တယ်ကွ၊ ငါကြောက်တယ်၊ သရဲလည်းကြောက်တယ်၊ သေမှာကိုလည်းကြောက်တယ်”

ထိုအခါ အရက်ဆိုင်ပိုင်ရှင်ဖြစ်သူ လူမိုက်ငပွေးက ဆိုင်အတွင်းမှထွက်လာကာ

“ခင်ဗျားဘာစကားပြောတာလဲ ကိုအံ့ကြီး၊ သေမှာကြောက်လို့ အရက်မသောက်ဘူးလို့ပြောချင်တာလား၊ ခင်ဗျားဖာသာ ခင်ဗျား မသောက်ချင်မသောက်နဲ့ပေါ့ဗျာ၊ ကျုပ်အရက်ကိုလာမထိခိုက်နဲ့”

ငပွေးက ဝါးရင်းတုတ်တစ်ချောင်းကိုဆွဲလာခဲ့ပြီး အံ့ကြီးကိုရန်စတော့သည်။ သို့သော် အံ့ကြီးက သည်းခံရန်စိတ်ကူးထားသည်မို့ တစ်ခွန်းမှပြန်မပြောတော့ဘဲ လှည့်ထွက်သွားလိုက်လေသည်။

“ဟာ၊ ဒီလူတော့၊ ကျုပ်ပြောနေတာတောင်မှ ဂရုမစိုက်ဘူးပေါ့၊ ကဲကွာ”

စိတ်ဆတ်သည့် ငပွေးက ဝါးရင်းတုတ်ဖြင့် ကိုအံ့ကြီး၏ ဦးခေါင်းအနောက်ဘက်သို့ လွှဲရိုက်ထည့်လိုက်လေသည်။ ကိုအံ့ကြီးလည်း ရှေ့သို့ဟပ်ထိုးလဲကျသွားပြီးနောက် ချက်ချင်းပြန်မထနိုင်သေးဘဲ မြေပေါ်တွင် ကုန်းကုန်းကြီးဖြစ်နေလေသည်။

“လုပ်စမ်းပါ၊ ခင်ဗျားယောက်ျားမဟုတ်ဘူးလား၊ ခင်ဗျားသတ္တိရှိရင် ကျုပ်ကိုပြန်ရိုက်စမ်းပါဗျ”

ငပွေးကစိန်ခေါ်နေသော်လည်း ကိုအံ့ကြီးက ဘာမှမပြောတော့ဘဲ ခေါင်းသာခါနေမိသည်။

“ဝဋ်၊ ဝဋ်၊ ငါတစ်ချိန်က သားကောင်လေးတွေကို တုတ်နဲ့ခေါင်းကိုရိုက်ရိုက်သတ်ခဲ့တဲ့ဝဋ်တွေ ငါပြန်ခံနေရတာပါလား”

ထိုသို့ရေရွတ်လျှက် ကိုအံ့ကြီးမှာ သွေးစက်လက်နှင့်ပင် ငူငူငေါင်ငေါင်ကြီး ထသွားလေတော့သည်။ ထိုအချိန်မှစ၍ ဖျောက်ဆိပ်ကုန်းရွာအတွင်း မုဆိုးအံ့ကြီးရူးသွားသည်ဆိုသည့် သတင်းမှာ ပြန့်နှံ့သွားလေတော့သည်။ အများစုကတော့ ညောင်ချဉ်ပင်မှ သရဲမဖမ်းစားသဖြင့် ဦးနှောက်ပျက်သွားကြသည်ဟု ထင်မြင်ယူဆကြသည်။ သို့နှင့် မုဆိုးအံ့ကြီးတစ်ယောက် မုဆိုးဆိုသည့် ဘွဲ့ပြုတ်သွားကာ အရူးဆိုသည့် ဘွဲ့တစ်ခုထပ်မံတိုးလာပြန်တော့သည်။ အရူးအံ့ကြီးမှာ အရူးဟုခေါ်လည်း ခေါ်ထိုက်စရာပင်ဖြစ်သည်၊ လူသူနှင့်ဝေးရာတွင် တစ်ဦးတည်းနေလေ့ရှိပြီး တစ်ခါတစ်ရံ သုဿန်၊ သချိုင်းတွင်လည်း တစ်ယောက်တည်း ထိုင်နေသည်ကိုတွေ့ရတတ်သည်။ ရွာဦးကျောင်းသို့ တစ်ရက်မပျက်သွားလာတတ်သေးတယ်၊ အခြားသူများနှင့် စကားမပြောတော့ဘဲ တစ်ခါတစ်ရံ တစ်ယောက်တည်း စကားပြောဆိုနေတတ်သည်။

အရူးအံ့ကြီးဖြစ်သွားပြီး ခြောက်လခန့်အကြာမှာပင် ဘိုးတော်အံ့ကြီးတစ်ယောက် ကောက်ကာငင်ကာ သေဆုံးသွားလေတော့သည်။ အချို့မှာ ဘိုးတော်အံ့ကြီးနှင့် စုန်းကဝေများ ပညာပြိုုင်၍ ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်းပြောကြသော်လည်း၊ ရွာသားအများစုကတော့ ဘိုးတော်အံ့ကြီး လူ့ဘဝကိုစွန့်ခွာ၍ အသေထွက်ထွက်ကာ ထွက်ရပ်ပေါက်သွားသည်ဟု ယူဆကြသည်။ ဘိုးတော်အံ့ကြီး၏ အလောင်းကို အုတ်ဂူသွင်းပြီးနောက် အုတ်ဂူကိုပင် အပေါက်ကလေးဖောက်ပေးထားလေသည်။ ဘိုးတော်အံ့ကြီးသေဆုံးပြီးသည့်အခါ ရွာသူရွာသားများမှာ ကူကယ်ရာမဲ့ဖြစ်ကာ စိတ်ဓါတ်ကျကြလေသည်။

ဘိုးတော်အံ့ကြီးကို မြေချဂူသွင်းပြီး အပြန်နာရေးတွင်တော့ ရွာသားများပူပန်ကုန်ကြသည်။

“ကျုပ်တို့ရွာတော့ ဒုက္ခပါပဲဗျာ၊ ဘိုးတော်အံ့ကြီးမရှိရင် ကျုပ်တို့ရွာကို ဘယ်သူကယ်တော့မှာလဲဗျ”

“ဟုတ်ပါ့ဗျာ၊ ကျုပ်ကတော့ ဖျောက်ဆိပ်ပင်က သဘက်ကြိးကိုအကြောက်ဆုံးပဲဗျ၊ ဘိုးတော်အံ့ကြီးမရှိတော့ ဒီသရဲသဘက်တွေ ရွာကိုအန္တရာယ်ပြုလာနိုင်တယ်မဟုတ်လား”

ထိုအချိန်တွင် ဘယ်အချိန်ကတည်းက လူကြားထဲရောက်နေမှန်းမသိသည့် အရူးအံ့ကြီးက

“အိုကွာ၊ သူပြောတဲ့သရဲတွေ တကယ်မရှိပါဘူးကွ”

ရွာသားများက အရူးအံ့ကြိးကို ဝိုင်းကြည့်ကြလေသည်။

“အောင်မာ၊ အရူးကများ၊ မင်းက အဲဒီသရဲတွေကိုမြင်ဖူးတာကျလို့”

“မြင်ဖူးတာပေါ့ဗျာ၊ အဲဒီနေရာတွေမှာ ပရလောကသားတွေရှီတယ်ဆိုပေမယ့် သူတို့ဟာသူတို့နေကြတာပါ၊ ဘိုးတော်အံ့ကြီးပြောသလို လူတွေကိုဒုက္ခပေးဖို့ အချိန်ပြည့်ချောင်းမြောင်းနေတာမဟုတ်ပါဘူး”

“အောင်မာ၊ အရူးက အရူးလိုမနေဘူး၊ တို့ဘိုးတော်ကြီးကိုများ စော်စော်ကားကားနဲ့”

နာရေးမှပြန်လာသည့်သူများက အရူးအံ့ကြီးအား ကျောက်ခဲများဖြင့် ပစ်ခတ်ကာ မောင်းထုတ်ကြတော့မှ အရူးအံ့ကြီးတစ်ယောက် သုဿန်အတွင်းသို့ ပြန်ဝင်ပြေးလေတော့သည်။

(င)

“အရှင်ဘုရား၊ တပည့်တော် အခုတလော ထူးခြားတာတစ်ခုဖြစ်နေပါတယ်ဘုရား”

အရူးအံ့ကြီးပြောသဖြင့် ရွာဦးကျောင်းဆရာတော်က ခေါင်းညိတ်လိုက်သည်။

“တပည့်တော် တရားထိုင်ပြီးတဲ့အခါ နာနာဘာဝတွေကို မြင်တွေ့တွေ့နေရပါတယ်ဘုရား”

“ဒါကတော့ ဖြစ်နိုင်ပါတယ်၊ ဒကာအံ့ကြီးလည်း ဝိပဿနာတရားအားထုတ်တာ တော်တော်ခရီးရောက်နေပြီမဟုတ်လား၊ နာနာဘာ၀ ပရလောကသားတွေကိုတွေ့တဲ့အခါ ဘာမှကြောက်ရွံ့စိတ်မဖြစ်ပါနဲ့၊ ကိုယ်လုပ်စရာရှိတာကိုသာ ဆက်လုပ်ပါ”

“တပည့်တော် မကြောက်ပါဘူးဘုရား၊ မကြောက်တဲ့အပြင် နာနာဘာဝတွေရဲ့ ပုံစံအစံကိုမြင်တွေ့ပြီးတော့ သူတို့ကိုတောင် သနားနေမိပါသေးတယ်”

“သနားတယ်ဆိုရင် ဒကာအံ့ကြီးပြုလုပ်ထားတဲ့ ကုသိုလ်ကောင်းမှုတွေကို သူတို့အတွက် အမျှအတန်းပေးဝေလိုက်ပေါ့ ဒကာကြီးရဲ့”

“ဖြစ်ပါ့မလားအရှင်ဘုရား၊ တပည့်တော်က ဘဝတစ်လျှောက်လုံး မကောင်းမှုအကုသိုလ်တွေချည်း လုပ်လာခဲ့တာမဟုတ်လားဘုရား၊ တပည့်တော်မှာ ကုသိုလ်ကောင်းမှု ရှိပါ့မလားဘုရား”

“မဆိုင်ဘူးဒကာကြီး၊ ကုသိုလ်၊ အကုသိုလ်ဆိုတာ မီးနဲ့ရေလိုပဲ၊ မီးများမီးနိုင်၊ ရေများရေနိုင်ပဲ၊ ပြီးတော့ ကိုယ့်မှာရှိတဲ့ ကုသိုလ်ကောင်းမှုတွေကို အမျှပေးဝေလိုက်လို့ ဒကာကြီးမှာ ဘာမှယုတ်လျော့သွားတာ မရှိပါဘူးကွယ်”

“တင်ပါ့ဘုရား”

အရူးအံ့ကြီးတစ်ယောက် ဆရာတော်ကို ဦးညွတ်ကန်တော့ပြီး ကျောင်းပေါ်မှဆင်းလာခဲ့လေသည်။ အိမ်တွင်ထမင်းစားပြီးသည့်အခါ ရွာပြင်သုဿန်ဆီသို့ခြေဦးလှည့်လာခဲ့သည်။ အရူးအံ့ကြီး သုဿန်သို့သွားရသည်မှာလည်း သုဿန်သည်ဆိတ်ငြိမ်သည့်အရပ်ဖြစ်သည်မို့ တရားဘာဝနာအားထုတ်ရာတွင် အကူအညီဖြစ်သောကြောင့်တစ်ကြောင်း၊ မြေပုံများ၊ အုတ်ဂူများကို မြင်တွေ့ရသည့်အတွက် အသုဘကမ္မဌာန်းတရား ပွားများနိုင်ပြီး အသိတရားရနိုင်သောကြောင့်ဖြစ်သည်။ ရွာလယ်လမ်းတစ်လျှောက် လူသံ၊ ခွေးသံ၊ ကျွဲနွားတိရစ္ဆာန်တို့၏ အော်မြည်သံများဖြင့် ဆူညံနေသော်လည်း ရွာပြင်သုဿန်အစပ်သို့ရောက်သည့်အခါ လေတိုက်သံမှလွဲ၍ အလွန်တိတ်ဆိတ်ငြိမ်သက်နေလေသည်။

သုဿန်အတွင်းဝင်လာခဲ့စဉ် အမိုးကလေးမိုးထားသည့် အုတ်ဂူအသစ်တစ်လုံးကို ကြည့်လိုက်မိသည်။ ထိုအုတ်ဂူမှာ ဘိုးတော်အံ့ကြီး၏ အုတ်ဂူပင်ဖြစ်သည်။ အရူးအံ့ကြီးက ဘာရယ်မဟုတ်ဘဲ ထိုအုတ်ဂူကလေးအား ငေးကြည့်နေမိချိန်တွင် သူ့အနောက်ကွယ်မှ ခေါ်သံကြားလိုက်ရသည်။

“အံ့ကြီး၊ အံ့ကြီး”

အရူးအံ့ကြီးလည်း လှည့်ကြည့်လိုက်လေရာ ဘိုးတော်အံ့ကြီးဖြစ်နေသည်ကိုတွေ့ရသည်။ ဘိုးတော်အံ့ကြီးမှာ သူဝတ်ဆင်နေကျအတိုင်း ယောဂီဝတ်စုံကိုဝတ်ဆင်ထားသော်လည်း ဖုန်မှုန့်များတက်နေသကဲ့သို့ မွဲခြောက်ခြောက်ဖြစ်နေလေသည်။

“ဟာ၊ ဘိုးတော်အံ့ကြီးပါလား၊ ခင်ဗျား ထွက်ရပ်ပေါက်ပြီး ဝိဇ္ဇာဖြစ်သွားပြီမဟုတ်လား”

ဘိုးတော်အံ့ကြီးမှာ ညှိုးငယ်သောမျက်နှာဖြင့်

“ဘယ်ကလာ ထွက်ရပ်ပေါက်ရမှာလဲကွ၊ အခုငါ ထွက်ရပ်မပေါက်တဲ့အပြင် ငါမကျွတ်မလွတ်ဘဲဖြစ်နေတယ်ကွ”

“ဗျာ”

အရူးအံ့ကြီးမှာ ထိုစကားကိုမယုံနိုင်သေးပေ။

“ခင်ဗျားက ဘဝတစ်လျှောက်လုံး ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တယ်မဟုတ်လား၊ ပြီးတော့ ဘုရားတရားလည်း လုပ်တယ်၊ အထက်လမ်းပညာတွေကိုလိုက်စားပြီး ဘိုးတော်ဖြစ်ခဲ့တဲ့သူမဟုတ်လား၊ ခင်ဗျားက ဘယ်လိုလုပ်ပြီးတော့ နာနာဘာဝဘ၀ကို ရောက်နေရတာလဲဗျာ”

ဘိုးတော်အံ့ကြီးက သက်ပြင်းချရင်း

“တကယ်တော့ ငါကုသိုလ်တွေလုပ်တယ်၊ အလှူအတန်းတွေလုပ်တယ်၊ ဘုရားတရားလုပ်တယ်ဆိုတာ လူအထင်ကြီးခံရအောင်လုပ်တာပဲကွ”

“ဗျာ”

“ဟုတ်တယ် အံ့ကြီး၊ ငါ့ကိုဘိုးတော်လို့ သမုတ်ကြတာလဲ ဒီရွာသားတွေကပဲ သမုတ်ကြတာပါ၊ ငါဘုရားတရားတွေ ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့ပေမယ့် ဘာလို့ဒီလို နာနာဘာဝဖြစ်နေရတာလဲဆိုတာ မင်းသိသလား”

အရူးအံ့ကြီးခေါင်းခါလိုက်မိသည်။

“မောဟဖုံးခဲ့လို့ပဲကွ၊ ငါက ငါတတ်ထားတဲ့ပညာနဲ့ ရွာကလူတွေကို ကယ်တင်ရင်း ငါ့ကိုယ်ငါအထင်ကြီးခဲ့မိတယ်၊ အထင်ကြီးခဲ့တဲ့နောက်မှာ ငါပြောရင် ဘာမဆိုဖြစ်ပါတယ်ဆိုပြီး ရွာသားတွေကို အမျိုးမျိုးခြောက်လှန့်ပြီးတော့ စီးပွားရှာခဲ့မိတယ်၊ လောဘကြီးခဲ့မိတယ်၊ ရွာသားတွေကို လိမ်ညာပြီးတော့ ငါပညာတွေတတ်တဲ့ပုံစံမျိုးနဲ့ လိမ်ညာခဲ့မိတယ်၊ ဒါတွေကြောင့် ငါသေတဲ့အခါ မောဟတရားတွေနဲ့ သေဆုံးခဲ့လို့ အခုလို နာနာဘာ၀ ပြိတ္တာဘ၀ ရောက်ခဲ့ရတာပဲ အံ့ကြီးရာ”

အရူးအံ့ကြီးတစ်ယောက် ဘိုးတော်အံ့ကြီးပြောသည့်စကားများကို နားထောင်ပြီး အလွန်အံ့အားသင့်နေမိသည်။

“အဲဒါ မင်းက ငါ့ကိုမြင်နိုင်တယ်ဆိုတော့ ငါအကူအညီတစ်ခုတောင်းချင်ပါတယ် အံ့ကြီးရာ”

“ပြော၊ ပြောပါ ဘိုးတော်အံ့ကြီး”

“အိမ်ကလူတွေကို ငါ့အတွက်အလှူအတန်းလုပ်ပေးဖို့နဲ့ ရွာဦးကျောင်းမှာ ငါ့အတွက် ကုဋီအခန်းတွဲဆောက်ပြီး အလှူအတန်းပြု အမျှဝေပေးပါ့လို့ ပြောပေးစမ်းပါကွာ”

“ကျုပ်ပြောပေးပါ့မယ်”

ဘိုးတော်အံ့ကြီးမှာ ပြုံးရွှင်သောမျက်နှာထားနှင့် တဖြည်းဖြည်းချင်းပျောက်ကွယ်သွားလေသည်။ အရူးအံ့ကြီးမှာ ဘိုးတော်အံ့ကြီး၏ နေအိမ်သို့ပြေးလာမိသည်။ သို့သော် လမ်းတွင်တစ်ခုစဉ်းစားမိသည်။

“ငါ့ကို ရွာကလူတွေက အရူးူဆိုပြီးသတ်မှတ်ထားကြတော့ ငါပြောတာကိုလည်း ဘယ်သူမှယုံမှာမဟုတ်ဘူး၊ ဒီတော့ ငါရွာဦးကျောင်းဆရာတော်ကို သွားပြောမှရမယ်”

အရူးအံ့ကြီးလည်း ရွာဦးကျောင်းဘက်သို့ထွက်လာခဲ့လေသည်။ ရွာဦးကျောင်းဆရာတော်ပင် အရူးအံ့ကြိးပြောသည့်စကားကို မယုံကြည်နိုင်အောင်ဖြစ်နေမိသည်။ သို့နှင့် ဘိုးတော်အံ့ကြီး၏ မိသားစုများကိုခေါ်ဆောင်ကာ အကျိုးအကြောင်းပြောပြရသည်။ ဘိုးတော်အံ့ကြီး၏ မိသားစုမှာလည်း ထိုအဖြစ်ကို မယုံပေ၊ သို့သော် ရွာဦးကျောင်းဆရာတော်ပြောသဖြင့်သာလက်ခံလိုက်ရသည်။ ဆရာတော်ပြောသည့်အတိုင်းပင် အလှူအတန်းပြုလုပ်ပေးလိုက်တော့သည်။

ကုဋီများကိုရေစက်ချသည့်အထိမ်းအမှတ်အဖြစ် ရွာဦးကျောင်းတွင် အလှူပေးလေသည်။ အရူးအံ့ကြီးလည်း ထိုအလှူတွင် ဝိုင်းဝန်းကူညီပါဝင်ရသည်။ အလှူကြီးပြီးဆုံးပြီးနောက် စားပွဲဝိုင်းများကို ဘုန်းကြီးကျောင်းအောက်ဘက်သို့ စီထည့်နေချိန်တွင် အရူးအံ့ကြီးအနီးသို့ လူတစ်ဦးရောက်လာလေသည်။

“ဟာ၊ ဘိုးတော်အံ့ကြီးပါလား”

ဘိုးတော်အံ့ကြီးမှာ အလွန်ပြောင်လက်နေသည့် အဝတ်အစားများကိုဝတ်ဆင်ထားသည်။ မျက်နှာမှာလည်း နှစ်နှစ်ကာကာပြုံးလျှက်ရှိသည်။

“ငါသွားရတော့မယ် အံ့ကြီး၊ အဲဒါကြောင့် ငါမင်းကိုလာနှုတ်ဆက်တာ”

“အေး၊ အေးပါကွာ”

“အမှန်အတိုင်းဝန်ခံရရင် ငါမင်းကိုတစ်ချိန်က အရမ်းအထင်သေးခဲ့မိတယ်၊ မင်းကိုအကုသိုလ်ကောင်လို့ခေါ်ပြီးတော့ မင်းကိုမှိုချိုးမျှစ်ချိုးပြောခဲ့ဖူးတယ် အံ့ကြီး၊ မင်းငါ့ကို ခွင့်လွှတ်ပါလို့ပဲ ငါတောင်းဆိုချင်ပါတယ်”

“ခွင့်လွတ်ပါတယ် ဘိုးတော်အံ့ကြီးရာ၊ အရင်တုန်းက ငါကမင်းပြောသလို အကုသိုလ်ကောင်ကိုးကွ”

“မင်းက တစ်ချိန်က အကုသိုလ်တွေလုပ်ခဲ့ပေမယ့် မင်းရဲ့ရှေးဘဝက အထုံပါရမီကြောင့် မင်းလမ်းမှန်ပေါ်ကိုပြန်ရောက်ခဲ့ပါပြီ၊ မင်းက သိပ်မကြာခင် ဒီထက်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်မှာပါ အံ့ကြီးရာ”

ထိုသို့ပြောပြီးနောက် ဘိုးတော်အံ့ကြီးမှာ နေရောင်ကဲ့သို့ ဝင်းလက်တောက်ပပြီးနောက် ရုတ်ခြည်းပျောက်ကွယ်သွားလေတော့သည်။

ဘိုးတော်အံ့ကြီးပြောခဲ့သည့်အတိုင်းပင် မကြာခင်အချိန် ဖျောက်ဆိပ်ကုန်းရွာတွင် ဘိုးတော်တစ်ဦးထပ်မံပေါ်ပေါက်ခဲ့ပြန်သည်။ ထိုဘိုးတော်မှာတော့ အရူးအံ့ကြီးပင်ဖြစ်သည်။ အရူးအံ့ကြီးမှာ ဖျောက်ဆိပ်ကုန်းရွာတွင်သာမကဘဲ အနီးအပါးမြို့ရွာများအထိပါ နာမည်ကြီးလေသည်။ ခုနစ်ရက်သားသမီးအပေါင်းကို အမျိုးစုံကယ်တင်ကုသပေးခဲ့သည်။ ကုသပေးသည့်အခါတွင်လည်း အခကြေးငွေမယူဘဲ စေတနာရှိသဖြင့် လှူဒါန်းလိုသူများအတွက် အလှူငွေဖလားတစ်လုံးနှင့် အလှူခံပေးခဲ့သည်။ သို့နှင့် ဆယ်နှစ်ခန့်အကြာတွင်တော့ အရူးအံ့ကြီးမှာ ပျောက်ချင်းမလှပျောက်သွားတော့သည်။ ထိုဆယ်နှစ်အတွင်း ရရှိခဲ့သည့်အလှူငွေများဖြင့်လည်း ဘုရားကျောင်းကန်၊ သိမ်၊ ဇရပ်၊ ရေတွင်း၊ ရေကန် အများအပြားကို လှူဒါန်းခဲ့လေရာ ဖျောက်ဆိပ်ကုန်းရွာဝန်းကျင်တွင် ယနေ့အထိ အရူးအံ့ကြီးလှူဒါန်းခဲ့သည့် ကောင်းမှုအတော်များများကို တွေ့မြင်နိုင်ပါသေးသည်။

ပြီးပါပြီ

စာရေးသူ အဂ္ဂဇော်အားလေးစားလျက်