တစ်ပိုင်း။နွယ်နီထွန်းကို ကြည့်မရတာကတစ်ပိုင်းဆိုပါတော့။နွယ်နီထွန်းက အစ်ကိုလေးနဲ့အသက်ကွာလှပါတယ်။အစ်ကိုထွေးထက်တောင်ငယ်ချင်သေးတာ။ပြီးတော့ အစ်ကိုထွေး ကိုစိတ်ဝင်စားနေတာလည်း အားလုံးအသိ။အစ်ကိုထွေးက စိတ်မဝင်စားတော့ အစ်ကိုလေးဘက်လှည့်သွားတာ။အစ်ကိုလေးခမျာ တစ်သက်လုံးအလုပ်ပဲကြုံးရုံးလုပ်လာတော့ မိန်းမလည်မိသားစုမှာအငိုက်မိသွားခဲ့တာပါပဲ။ဘယ်သူမှ တားမရဘူး။ဘယ်သူကမှလည်းမတားပါဘူး။ကျွန်မကလွဲရင်ပေါ့။ကျွမကတော့ သဘောမတူတာကိုသိသိသာသာတစ်မျိုး မသိမသာတစ်မျိုးလုပ်ပြနေမိတာ။ပြောရဦးမယ်။နွယ်နီထွန်းနဲ့ကျွန်မတို့ကခြံချင်းကပ်နေတာ။ဒီခြံကိုအမေနဲ့အဖေဆုံးကတည်းကပြောင်းလာတာမို့ သူတို့အကြောင်းအတွင်းသိအစင်းသိတွေ။နွယ်နီထွန်း ကလက်တတ်တတ်နေတာတွေ။ပျင်းတာတွေ။ လိမ်ညာပြောတတ်တာတွေ။ဒါတင်မကသေးဘူး၊နွယ်နီထွန်းမောင်နှစ်ယောက်အတော်ဆိုးတာရော၊သူ့မိဘတွေ လူလည်တွေဖြစ်တာရောအကုန်သိ။ဒါတွေကို အစ်ကိုလေးမသိတာမဟုတ် သိသိနဲ့ဖြစ်နေခဲ့တာ။
*****************
” နင့်တို့အစ်ကိုလေး..သူ့မိန်းမနဲ့ကွဲသွားပြီတဲ့ သိလား “
အစ်မကြီးရဲ့စကားကို ကျွန်မအသာခေါင်းငြိမ့်ပြလိုက်တယ်။
“သိသားပဲ…အစကတည်းကကွဲမယ်ဆိုတာသိပြီးသား…အငယ်တွေပြောတဲ့စကားကိုဘယ်တုန်းကအရေးစိုက်ဖူးလို့လဲ “
” အေး ဟုတ်တယ်…ဒင်း(သင်း )အချိုးနဲ့ ဘယ်မိန်းမနဲ့မြဲမလဲ…မောက်မာလွန်းတဲ့ကောင်….အရင်လကငွေလေးသွားချေးမိပါတယ်…ငါ့ကိုပြောဆိုလွှတ်လိုက်တာ “
အစ်မကြီးက မကျေမချမ်းနဲ့အစ်ကိုလေးကို ပြောဆိုနေတော့လည်း ကျွန်မရင်ထဲမသိမသာစိတ်မကောင်းဖြစ်မိတာကတော့အမှန်ပဲ။အစ်မကြီးဆိုတာက ကျွန်မ . မမွေးခင်ထဲက အိမ်ကထွက်သွားတဲ့သူ။အစ်ကိုလေးကတော့ ကျွန်မတို့နဲ့ နှစ်ပေါင်းများစွာအတူနေလာခဲ့တဲ့သူ မဟုတ်လား။ကျွန်မတို့မောင်နှမတွေ အစ်ကိုလေးအိမ်ထောင်ကျပြီးကတည်းက ကွဲကွာသွားကြပြီး ကျွန်မကလွဲလို့ အသီးသီးအိမ်ထောင်ကျသွားကြသလို အစ်ကိုလေးနဲ့ တစ်ခါတစ်ရံမှအပအဆက်အသွယ်မလုပ်ကြတော့ဘူးလေ။
*****************
” အလတ်မ…. အစ်ကိုလေးဆီ နတ်ကန်တော့ဖို့.. ငွေသွားပို့ပေးဦး…”
ကျွန်မ မလုပ်ချင်ဆုံးအလုပ်ကို အစ်ကိုငယ်ကခိုင်းတယ်။ကျွန်မတို့ အဖေရဲ့ရိုးရာနတ်က တစ်နှစ်တစ်ခါကန်တော့ရတယ်။သားယောက်ျားလေးတွေပဲ ကန်တော့ရတာလေ။လူပျိုလူလွတ်က မကန်တော့ပဲနေလို့ရပေမယ့် အိမ်ထောင်သည်တွေက. မဖြစ်မနေကန်တော့ရတယ်။ကိုယ့်ဘာသာမလုပ်တတ်လို့ဖြစ်ဖြစ်။ကန်တော့ဖို့ အခြေအနေမပေးလို့ပဲ ဖြစ်ဖြစ် ကျန်တဲ့ညီအစ်ကိုတွေဆီအလှူငွေထည့်ပြီး ကိုယ်စားကန်တော့ခိုင်းလို့ရတယ်။ ကျွန်မတို့မောင်နှမတွေ မာနတွေကိုယ်စီနဲ့ မခေါ်မပြောနိုင်ကြပေမယ့် နှစ်တိုင်းနတ်ကန်တော့ရက်ဆို နယ်ကအစ်ကိုအကြီးဆုံးက ကိုယ်စားကန်တော့ပေးသလို အစ်ကိုလေးက ညီတွေဆီက အလှူငွေတွေယူပေးပြီး အစ်ကိုကြီးဆီသွားကူညီပေးတယ်။အစ်ကိုလေး၊အစ်ကိုကြီးနဲ့အစ်ကိုလတ်ကတော့ ခေါ်ခေါ်ပြောပြောရှိကြ တယ်။ကျန်တဲ့ မခေါ်မပြောတဲ့သူတွေအတွက် လူလွတ်ဖြစ်နေတဲ့ ကျွန်မက ကြားခံ အပြောခံအဆိုခံပေါင်းကူးတံတားပေါ့။
***************************
” နင့်အစ်ကိုတွေက…ကိုယ်တိုင်သွားကန်တော့မယ် မစဉ်းစားကြဘူးလား….ပြောလိုက်ငါကသူတို့ကျွန်မဟုတ်ဘူးလို့….နောက်နှစ်ကိုယ့်ဘာသာသွားကြလို့…”
ကျွန်မမှာ ဘာမှ ပြန်မပြောရဲဘူး။တော်ကြာနေ ကျွန်မဘက်ကိုမြှားဦးလှည့်လာမှာစိုးတယ်။အစ်ကိုလေးက ကျွန်မရှေ့မှာသာ ဒီလိုပြောတာ သူ့ညီတွေကျဘာမှပြောတာမဟုတ်ဘူး။
” နင်လည်း…အသက်ကမငယ်တော့ဘူး…အလုပ်အကိုင်တည်တည်ကျကျလုပ်…စာအုပ်ဆိုင်လိုလို…စာရေးဆရာမ လိုလိုနဲ့ တစ်သက်လုံးကြီးပွားမှာမဟုတ်ဘူး”
ကျွန်မ မပြောဘူးလား။နောက်ဆုံးကျွန်မဘက်ကို မြှားဦးလှည့်မှာပါဆို။
**********************
အစ်ကိုလတ်တို့လင်းမယားနိုင်ငံခြားမှာ အလုပ်သွားလုပ်နေလို့ အစ်ကိုလတ်ရဲ့ကလေးနှစ်ယောက် အစ်ကိုလေးဆီမှာ လာနေတဲ့သတင်းကြားတော့ ကျွန်မပျော်သွားတာတော့ အမှန်ပဲ။ အစ်ကိုလတ်က အစ်ကိုလေးကလွဲလို့ ကျွန်မတို့ကို ဖုတ်လေတဲ့ငပိရှိတယ်မထင်ပေမယ့် ကျွန်မကတော့ ကိုယ့်တူ၊တူမလေးတွေမို့သံယောစဉ်တွယ်မိတယ်။သူ့မိဘတွေ ငွေကြေးအဆင်ပြေလို့ရယ်လည်းမဟုတ်ဘူး။ဒီတိုင်း ကိုယ့်သွေးကိုယ်သားတွေမို့ ချစ်ခင်မိရုံပဲ။
****************************
” တီလေး…ပြန်တော့မယ်….တော်ကြာအစ်ကိုလေးစျေးရောင်းကပြန်လာတော့မှာ မလား “
” မပြန်ပါနဲ့…တီလေးရယ်…ဒီညအိပ်သွားပါလား…ကိုယ့်အစ်ကိုပဲဟာ …ဘာပြောပြောမသိချင်ယောင်ဆောင်နေပေါ့…”
ဒီနေ့ အစ်ကိုလေးစျေးရောင်းသွားနေတဲ့အချိန်တူမလေးနဲ့တူလေးဆီကိုလာလည်တာ။ပြန်မယ်လုပ်တော့ ကလေးတွေကမပြန်စေချင်သလို ကျွန်မလည်းမပြန်ချင်တာမို့ အိပ်ဖို့ဆုံးဖြတ်လိုက်တယ်။ဒါက ကျွန်မတို့မောင်နှမတွေ ကွဲကွာသွားပြီးကတည်းက ပထမဆုံးအကြိမ် အစ်ကိုလေးအိမ်မှာ အိပ်ဖို့ ခက်ခက်ခဲခဲဆုံးဖြတ်လိုက်တာပဲ။
ညနေခြောက်နာရီလောက်ကျတော့ အစ်ကိုလေးပြန်ရောက်လာတယ်။ကျွန်မကို မြင်တော့ဘာမှမပြောဘူး။ကျွန်မလည်း အစ်ကိုလေးနဲ့မျက်နှာချင်းသိပ်မဆိုင်ရဲ့လို့ အခန်းထဲဝင်အိပ်နေလိုက်တယ်။ကျွန်မတို့ မောင်နှမတွေ အကြီးအကျယ်ရန်မဖြစ်ဖူးကြပါဘဲ ဘာလို့ဒီလောက်အထိ စိမ်းသွားကြမှန်းတော့ ကျွန်မလည်းသေချာမသိဘူး။
ညခုနှစ်နာရီလောက်ကြတော့အိမ်ရှေ့ခန်းက အစ်ကိုလေးဆီကစကားသံကိုစကြားရတယ်။
” နင်လည်း…ငါ့စကားကိုဘယ်တုန်းကမှ နားမထောင်ဘူး..ဒုက္ခရောက်တော့ငါ့ဆီကိုပဲလာကြသိလား….ငါအိမ်ထောင်ကွဲတာ…နင့်တို့ကြောင့်အများကြီးပါတယ်..အဓိက. ကနင်ကြောင့်ပဲ… ငါကငါစကားနားမထောင်တဲ့သူဆိုရင်အသံလည်းမကြားချင်ဘူး…မြင်လည်းမမြင်ချင်ဘူး…”
ကျွန်မအိပ်နေရာကနေ ဆတ်ခနဲ ထထိုင်လိုက်မိတယ်။ကျွန်မကဘာများနားမထောင်လို့လဲ သူ့မိန်းမယူတော့ မကျေမနပ်နဲ့ပြောမိလို့ သူပဲအိမ်ပေါ်ကနှင်ချခဲ့တာမဟုတ်လား။အိမ်ပေါ်ကနှင်ချခံရတုန်းက ကျွန်မဘယ်လောက်ဒုက္ခများခဲ့ရလဲ။အရက်မူးသမားခဲအိုနဲ့အတူမနေချင်လို့ သေလောက်အောင်ကျွန်မကြိုးစားရှင်သန်ခဲ့ရတာလေ။ဒါတွေကိုမေ့ဖျောက်ပြီး ညီအစ်ကိုမောင်နှမတွေအားလုံးနဲ့ ကျွန်မအဆင်ပြေအောင်ပြန်နေခဲ့တာကို သူမို့ပြောရက်တယ်။
ကျွန်မ ဝမ်းနည်းဒေါသစိတ်ကို မျိုသိပ်ပြီး အိတ်ကိုကောက်လွယ်လိုက်တယ်။ပြီးတော့ အိမ်ရှေ့ကိုခပ်တင်းတင်းပဲထွက်ခဲ့လိုက်တယ်။
“ပြန်တော့မယ် “
အစ်ကိုလေးကစူးခနဲတစ်ချက်လှမ်းကြည့်တယ်။
” ဘာလဲ…ငါပြောလို့ပြန်တာလား…”
“မဟုတ်ပါဘူး…မနက်အလုပ်ရှိတာ အခုမှသတိရလို့…”
ပြောပြီးတာနဲ့ လှည့်မကြည့်စတမ်း ကျွန်မထွက်လာခဲ့တယ်။
ညရဲ့လမ်းမီးမှိန်မှိန်တွေအောက်မှာ လမ်းလျှောက်ရင်း ပါးပြင်ပေါ်က မျက်ရည်စတွေကို လက်ခုံးနဲ့ခပ်ကြမ်းကြမ်းသုတ်ဖယ်ပြီး ကျွန်မဆုံးဖြတ်လိုက်တာက အစ်ကိုလေးဆီဘယ်တော့မှ မသွားတော့ဘူးဆိုတဲ့ဆုံးဖြတ်ချက်ပဲ။
*****************
“နင်တို့ အစ်ကိုလေးနေမကောင်းဘူးလို့သတင်းကြားတယ်..သွားလိုက်ကြဦးလေ…နင့်အစ်ကိုကိုလည်းသွားဖို့ပြောတာ…အင်းမလုပ်အဲမလုပ်နဲ”
“ဟုတ်လား…သူ့မှာပိုက်ဆံတွေရှိတာပဲ…ပူစရာမလိုပါဘူး “
အစ်ကိုငယ်ရဲ့မိန်းမက ဘယ်ကကြားလာမှန်းမသိတဲ့သတင်းကိုပြောတော့ ကျွန်မ မချိပြုံး ပြုံးလိုက်မိပြီး ခပ်ပေါ့ပေါ့ပဲပြောလိုက်တယ်။အစ်ကိုကြီး၊အစ်ကိုလတ်နဲ့အစ်ကိုလေးကလွဲ ပြီး ကျွန်မတို့မောင်နှမတွေက တစ်ရပ်ကွက်ထဲနေကြတာ။ကျန်တဲ အစ်ကိုနှစ်ယောက်ကတော့ ထားပါတော့ အစ်ကိုလေးကတော့ ကျွန်မတို့မောင်နှမတွေရှိတဲ့ဆီမနေနိုင်ဘူးဆိုပြီး အခြားမြို့နယ်မှာသွားနေတာလေ။
ဝတ္တရားအရ ကျန်တဲ့မောင်နှမတွေကို အစ်ကိုလေးနေမကောင်းဘူးလို့ ပြောပြလိုက်တယ်။ပြောသာပြောရတာပါ အားလုံးကအင်းမလုပ်အဲမလုပ်တုတ်တုတ်တောင်မလှုပ်ကြဘူး။သူစိမ်းမိန်းမတစ်ယောက်ကြောင့် စတင်ခဲ့တဲ့မီးက ငြိမ်းမသွားနိုင်ကြသေးဘဲ ကျွန်မတို့ရင်ထဲမှာ တငွေ့ငွေ့နဲ့ကျန်နေသေးတာလား၊ အစ်ကိုလေးရဲ့ပြင်းထန်လှတဲ့စည်းကမ်းတွေ၊ အပြောအဆိုမောက်မာခဲ့တာတွေက ကျွန်မတို့ရင်ထဲမှာ အစိုင်အခဲအဖြစ်ကျန်နေခဲ့တာလားတော့ မသိဘူး ။နှစ်တွေဒီလောက်ကြာတာတောင် ကျွန်မတို့မမေ့နိုင်ဖြစ်နေမိကြတုန်းပဲလေ။တကယ်တမ်းတော့ အခုချိန်မှာ မောင်နှမအားလုံးထဲအစ်ကိုလေးကငွေကြေးအဆင်ပြေဆုံးအသန်မာဆုံးဖြစ်နေတော့ အလေးမထားခဲ့မိကြတာလည်းပါတယ်။
****************************
မြောက်ဥက္ကလာပ မေဓါဝီဆေးရုံးရဲ့အရေးပေါ်ရှေ့မှာ ကားရပ်လိုက်တယ်ဆိုရင်ပဲ လက်ထဲက ငါးထောင်တန်ကို ကားဆရာကို လှမ်းပေးလိုက်ပြီး ကားပေါ်ကနေ ခပ်မြန်မြန်ပဲဆင်းလိုက်တယ်။ မစည်းကားသင့်တဲ့နေရာမှာ စည်ကားနေတယ်ပဲပြောရလေမလား။ဆေးရုံပရဝဏ်တစ်ခုလုံး ကားများ၊လူများနဲ့ပြည့်နှက်ရှုပ်ထွေးနေတယ်။
ဘယ်နေရာမဆို သွားလာဖို့နှောင့်မနှေးတဲ့ ကျွန်မ။ဆေးရုံကိုတော့ မသွားချင် မလာချင်တာအမှန်ပင်။
“တီလေးရယ်… ကြာလိုက်တာ…ဒီမှာ သမီးတို့ဘာလုပ်ရမှန်းမသိဖြစ်နေတာ”
ခြေစုံရပ်နေတဲ့ ကျွန်မရှေ့ကို အသက်ဆယ့်ရှစ်နှစ်အရွယ်တူမလေးနဲ့ဆယ်နှစ်အရွယ်တူလေးကပြေးလာကြိုပြီးအမောတကောပြောလာတယ်။
” ကားပိတ်နေလို့ပါ..သမီးရယ်…နင်တို့ဘဘ ကဘာဖြစ်တာလဲ “
“သေချာမသိပါဘူး တီလေးရယ်…အသားတွေယားပြီး မော မောနေတာကြာပြီ…တီလေးဆီကိုဖုန်းကနေစာပို့ထားတယ်လေ “
ဟုတ်ပေသား။ယောင်းမပြောပြီး မကြာဘူး။တူမလေးကဖုန်းကနေ စာပို့ခဲ့ပေမယ့် မာနစိတ်ကြောင့်ကျွန်မလျစ်လျူရှုခဲ့တာ။
အစ်ကိုလေးဆီကစိတ်ဆိုးပြီးပြန်ခဲ့ပြီးတဲ့နောက် လွန်ခဲ့တဲ့သုံးလက အစ်ကိုကြီးတို့ဆီနတ်သွားကန်တော့တာကို အစ်ကိုထွေးနဲ့အတူလိုက်သွားရင် အစ်ကိုလေးနဲ့ဆုံခဲ့ပေမယ့် မသိယောင်ပြုခဲ့တယ် ။ကျွန်မတို့ပြန်လာတော့ အစ်ကိုလေးလှမ်းကြည့်နေတာကိုတွေ့ရပေမယ့်ပြုံးတောင်မပြုံးပြခဲ့မိတာတော့ သေချာတယ်။အဲ့ဒီတုန်းက အသက်ငါးဆယ်ကျော်စပြုနေပေမယ့် လေးဆယ်လောက်လို့ထင်ရအောင် သွက်လက်ဖျတ်လတ်နေဆဲလူက ဒီလိုဖြစ်လာမယ်လည်း မထင်ခဲ့ဘူးလေ။
“ဦးတင်စိုး … လူနာရှင်ရှိလား… အထဲဝင်လာပါ “
သူနာပြုမလေးအသံကြောင့် ကျွန်မတို့ တူအရီးနှစ်ယောက် ဆရာဝန်ခန်းထဲကိုဝင်ခဲ့လိုက်တယ်။ဝင်ဝင်ခြင်းမြင်လိုက်ရတာက ဝှီးချဲပေါ်မှာထိုင်နေပြီးအောက်ဆီဂျင်ပိုက်လေးလက်မှာကိုင်လို့ အသက်ပြင်းပြင်းရှူနေတဲ့အစ်ကိုလေး။ကျွန်မရင်တွေ “ဒိန်းခနဲ “ဆောင့်ခုန်သွားတယ်။လွန်ခဲ့တဲ့သုံးလကနဲ့ခြားနားလှစွာ ခေါင်းတစ်ခုလုံးဆံပင်ဖြူတွေဖွေးဖွေးလှုပ်လို့။ခန္ဓာကိုယ်ရဲ့အရေးပြားကညိုညိုညစ်ညစ်။
အင်္ကျီလက်အောက်ကပေါ်ထွက်နေတဲ့လက်လေးများက အရိုးငေါငေါထွက်လို့။အစ်ကိုလေးကိုကြည့်ပြီး ကျွန်မလည်ချောင်းဝမှာဆို့နင့်လာတယ်။စိတ်ထဲမှာ ဝမ်းနည်းသလိုလို။ငိုချင်သလိုလိုကြီးဖြစ်လာတယ်။အစ်ကိုလေးက ကျွန်မကိုမြင်တော့အသိရခက်တဲ့မျက်လုံးတွေနဲ့ ကြည့်နေတယ်။ကျွန်မကတော့ မယုံကြည်နိုင်ခြင်း။စိတ်မကောင်းခြင်းများစွာနဲ့ခြေစုံရပ်နေမိတယ်။
******************
“ညီမက… လူနာနဲ့ဘာတော်လဲ “
“လူနာရဲ့ညီမပါရှင်…”
ဆရာဝန်မရဲ့အမေးကိုဖြေရင်းကျွန်မရင်တွေတထိတ်ထိတ်ခုန်နေမိတယ်။
“ဆရာမပြောမယ်နော်..စိတ်အေးအေးထားပြီးနားထောင်…အိမ်မှာအကြီးတွေရှိရင်ဖုန်းဆက်ခေါ်ထား…လူနာကသွေးပေါင်အရမ်းကျနေတယ်…အဆုတ်လည်းမကောင်းတော့ဘူး……”
နောက်ထပ် ထပ်ပြောတဲ့ဆရာဝန်မရဲ့ စကားတွေက ကျွန်မနားထဲမှာဝိုးတိုးဝါးတာနဲ့ပီပီပြင်ပြင်မကြားတော့ဘူး။
အရက်၊ဆေးလိပ်၊ကွမ်းဘာမှမသုံးတဲ့သူကအဆုတ်မကောင်းတော့ဘူးတဲ့လား။ကျွန်မ လူရှင်းတဲ့တစ်နေရာကိုသွားပြီအစ်ကိုအစ်မတွေဆီကိုဖုန်းဆက်လိုက်တယ်။
“ဆေးရုံကိုအမြန်လိုက်လာပေးကြပါ…တောင်းပန်ပါတယ်…မာနတွေမထားကြပါနဲ့တော့…”
ဖုန်းကိုချပြီး ကျွန်မရှိုက်ကြီးတငင်ငိုချလိုက်မိတယ်။လွန်ခဲ့တဲ့တစ်လကသာ အစ်ကိုလေးဆီသွားမိခဲ့ရင် အခြေအနေကဒီလောက်ထိဆိုးမယ်မထင်။အခုတော့ ငွေကြေးကိုခြိုးခြံချွေတာလွန်းတဲ့ အစ်ကိုလေး။လက်ထဲငွေရှိပါရဲ့ ဒီအခြေအနေထိဖြစ်ရတာကို ကျွန်မဖြေလို့မဆုံးဖြစ်မိတယ်။တကယ်လို့များ မပြောကောင်းမဆိုးကောင်း အစ်ကိုလေး လေတွေဘာတွေဖြတ်တာဖြစ်ဖြစ်၊အိပ်ရာထဲကပြန်မထနိုင်တော့ရင်တော့ အစ်ကိုလေးဆီမှာ သွားနေပြီးပြုစုပေးဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ မိဘတွေဆုံးသွားချိန်ကစလို့ အစ်ကိုလေးက ကျွန်မတို့မောင်နှမတွေကို လေးငါးခြောက်နှစ်ရှာဖွေကျွေးခဲ့တဲ့ ဒုတိယဖခင်ပဲမဟုတ်လား။
*************************
“မော…မောတယ်…ဆ…ဆရာဝန်ခေါ်… ပေး..ပါ…..”
သွေးသွင်းထားတဲ့ကြားကနေ အစ်ကိုလေးရဲ့အသံတိုးတိုးဖျော့ဖျော့လေးထွက်လာတယ်။တူမလေးကိုဆရာဝန်အမြန်ပြေးခေါ်ခိုင်းလိုက်တဲ့အချိန်မှာ အစ်ကိုလေးက အသက်ကိုမောပန်တကြီးရှူနေရရှာတယ်။ကျွန်မ ငိုချင်စိတ်ကိုချုပ်ထိန်းပြီး အောက်ကိုငိုက်စိုက်ကျသွားတဲ့ အစ်ကိုလေးရဲ့ ခေါင်းကိုပွေ့ဖတ်ထူမထားလိုက်တယ်။နှာခေါင်းထဲကနေ သွေးစတွေထွက်လာတယ်။အစ်ကိုလေး ခံစားနေရတာကိုကြည့်ရတာ ကျွန်မရင်ထဲနာကျင်လွန်းလို့ ကိုယ်စားဖြစ်ချင်စိတ်တွေပေါ်လာမိတယ်။
” ဖယ်..ဖယ်…ညီမဖယ်လိုက်…လူနာသတိလစ်သွားပြီး…နှလုံးရှော့ရိုက်မှဖြစ်မယ်…”
ဆရာဝန်တွေသူနာပြုတွေ ကြိုးကြိုးစားစားနဲ့ အစ်ကိုလေးအသက်ကိုကယ်နေချိန်မှာ ကျွန်မ မကြည့်ရက်နိုင်တော့လို့ အခန်းပြင်ကိုထွက်ပြီး ငိုနေမိတယ်။မျက်လုံးထဲမှာတော့ လွန်ခဲ့သုံးလက အစ်ကိုကြီးအိမ်မှာတွေ့ခဲ့တဲ့ အစ်ကိုလေးရဲ့မျက်နှာကိုပဲ မြင်ယောင်နေမိတယ်။ကျွန်မတို့မောင်နှမတွေကို ငေးကြည့်နေခဲ့တဲ့ အစ်ကိုလေးကိုမြင်ယောင်ပြီး ကျွန်မ ယူကြုံးမရဖြစ်နေမိတယ်။ဘာမဟုတ်တဲ့ မာနတွေကို ရှေ့တန်းတင်ခဲ့မိတဲ့ကျွန်မ။ကိုယ်က အငယ်ပဲ အရင်ခေါ်လိုက်လို့ ရရဲ့သားနဲ့ အချိန်တွေအများကြီးရှိသေးတယ်လို့ ထင်ခဲ့မိတယ်။
” အလတ်မ…ဘာလို့ငိုနေတာလဲ….အစ်ကိုလေးရော…အစ်ကိုလေးဘယ်မှာလဲ…”
ကျန်တဲ့ညီအစ်ကိုမောင်နှမတွေ ရောက်လာပါပြီ။ကျွန်မ နှုတ်က မဖြေနိုင်ဘဲ အခန်းထဲကိုလက်ညှိုးထိုးပြလိုက်တယ်။
အစ်မကြီးနဲ့အစ်ကိုတွေ အခန်းထဲဝင်သွားတဲ့အချိန်မှာပဲ ဆရာဝန်ဆီက စကားသံထွက်လာတယ်။
“ညခြောက်နာရီငါးဆယ့်ငါးမှာ…လူနာဦးတင်စိုးဆုံးသွားပါပြီ…”
ကျွန်မခေါင်းထဲ မိုက်ခနဲဖြစ်သွားပြီး သံမံတလင်းပေါ်ထိုင်ရက်လဲကျသွားတယ်။
အစ်မကြီး၊အစ်ကိုနှစ်ယောက်နဲ့ညီမလေးကတော့ အသက်မဲ့သူတွေလို မလှုပ်မရှားရပ်နေကြပြီး အသက်မဲ့သွားတဲ့ အစ်ကိုလေးရဲ့ ခန္ဓာကိုယ်ကို မမှိတ်မသုန်စိုက်ကြည့်နေကြတယ်။
*********************************************
#ဧကြည်ဖြူ
Leave a Reply