နေကြရတာဆိုပဲ၊ အဘိုးကြီးက မေတ္တာသမားလူနုမဟုတ်ဘူးတဲ့ဟေ့၊ တော်တော်ကြမ်းတာဆိုပဲ၊ ပြောမရရင် သရဲ၊ တစ်ဆေ၊ စုန်း၊ ကဝေ မပြောနဲ့ နတ်မိစ်ဆာတွေကိုတောင်သစ်ပင်မှာ ကြိုးတုပ်ပြီးရိုက်တာဆိုပဲ”
“ဟာ ဒီလောက်တောင်ပဲလားကွ သိန်းဇော်ရ၊ နေပါဦး၊ ဒီအကြောင်းတွေကို ဘိုးမင်းဒင်ပြောပြတာလား သူကဒါတွေကိုဘယ်လိုသိတာတုံးကွ”
“ဦးတက်ခါးရဲ့အဖေ ဦးပုရှိတုန်းက ဘိုးမင်းဒင်ကဦးတက်ခါးတို့အိမ်မှာ ဝင်ထွက်သွားလာပြီး စားသောက်နေတာဆိုတော့ ဘိုးပုကြီးမသေခင်က သူ့အဖေအကြောင်းကို ပြောပြတာတဲ့ကွ”
“ဪ တော်တော်စွမ်းတဲ့ အဘိုးကြီးပဲကွ နော်”
“အေး ၊ အခုငါလာတာက ရွာလူကြီးတွေက ဘိုးတက်ခါးတို့ မိသားစု ကိစ္စကို အစွမ်းထက်ထက် ဆရာပင့်ဖို့ တာတေနဲ့တိုင်ပင်ပါဆိုလို့ ငါလာတာကွ တာတေရ”
“အေး ဟုတ်ပြီ သိန်းဇော်၊ ဒါလည်းရပ်ဆွေရပ်မျိုး ကိစ္စပဲကွာ၊ မင်းတို့ငါတို့လုပ်ကြရမှာပေါ့၊ ငါအမြန်ဆုံးအကြောင်းသိအောင် လုပ်လိုက်ပါ့မယ်၊ ထူးတာနဲ့ ဘန့်ဘွေးကုန်းကို ငါလာခဲ့မယ်”
သိန်းဇော်ပြန်သွားတော့ကိုးနာရီထိုးပြီဗျ။ ကျုပ်တို့လည်းအိပ်ရာဝင်ကြတယ်။ တစ်နေ့လုံးလည်းယာထဲမှာလုပ်ခဲ့ကြတော့ အဘရောကျုပ်ရောအိပ်ချင်နေကြပြီပေါ့ဗျာ။ ကျုပ်မဖဲဝါရဲ့ကိုယ်ခွဲရုပ်ကလေးကိုယူပြီး မဖဲဝါကိုအိပ်မက်ပေးပါလို့ ပင့်ဖိတ်လိုက်တယ်။ မဖဲဝါကမိုးလင်းကာနီးမှာ ကျုပ်ကိုအိပ်မက်ပေးတယ်။ ခါတိုင်းလို ဆယ့်နှစ်ရာသီပင်ကြီးအောက်မှာပဲဗျ။
“ဟဲ့တာတေ နင်နောက်ကျသွားပြီ၊ ဒါပေမယ့်ကျန်နေတဲ့လူတော့ မှီမှာပေါ့လေ၊ တက်ခါးရဲ့အဘိုးစံဖြူဆိုတဲ့လူက နတ်မှော်အောင်ထားတဲ့မှော်ဝိဇ်ဇာကြီးဟဲ့၊ ငါတို့တွေအားလုံး သူ့ကိုကြောက်ကြရတာ၊ နတ်မိစ်ဆာကိုဖမ်းပြီး ပုလင်းထဲထည့်တယ်၊ ပြီးတော့မြစ်ထဲကနေပင်လယ်ထဲရောက်စေလို့ အဓိဌာန်လုပ်ပြီးမျှောလိုက်တာ၊ အဲဒီပုလင်းဟာပင်လယ်ထဲနှစ်တစ်ရာလောက်လောက်မျှောနေပြီးတော့မှ ဗမာပြည်ဘက်ကိုပြန်ရောက်လာပြီးပင်လယ်ကမ်းခြေမှာတင်တယ်၊ လူငယ်လေးတစ်ယောက်ကပုလင်းကိုကောက်ယူပြီး အဖုံးဖွင့်ကြည့်တယ်၊ ဒီမှာတင်နတ်မိစ်ဆာလွတ်သွားပြီး အဲဒီလူငယ်ကိုသတိလစ်အောင်လုပ်လိုက်တယ်၊ ပြီးတော့အနှစ်တစ်ရာလုံးလုံးဝိဉာဥ်ငတ်နေတဲ့နတ်မိစ်ဆာဟာ ကောင်လေးရဲ့ဝိဉာဥ်ကိုစုတ်ယူခဲ့တယ်၊ သူကဝိဉာဥ်တစ်ခါစုတ်ရင်ဆယ်နှစ်အသက်ရှည်တယ်၊ အဲဒီဝိဉာဥ်စုတ်တဲ့နတ်မိစ်ဆာကသူ့ကိုပင်လယ်ထဲမျှောခဲ့တဲ့ မှော်ဝိဇ်ဇာစံဖြူကိုရှာတယ်၊ ဒါပေမယ့် စံဖြူမရှိတော့ဘူး၊ သူ့သားငပုတောင်မရှိတော့ဘူး၊ သူ့မြေးတက်ခါးတော့ရှိသေးတယ်ဆိုတာ သိသွားတာနဲ့ချက်ချင်းလိုက်လာပြီးစံဖြူအစားတက်ခါးတို့မိသားစုကို လက်စားချေတော့တာဟေ့၊ နင်နောက်ကျသွားပြီ၊ တက်ခါးနဲ့သူ့သားကို နတ်မိစဆာဝိဉာဥ်စုတ်သွားပြီဟဲ့၊ သူ့ကိုတော်ရုံဆရာတော့နိုင်မှာ မဟုတ်ဘူးတာတေ”
ဒါပဲဗျ။ ဒါပဲပြောပြီး မဖဲဝါ ပျောက်သွားတယ်။
“တာတေ ဟဲ့ တာတေ၊ ထဦးဟဲ့ ဒီမှာ သိန်းဇော်ရောက်လို့”
ကျုပ် ကပျာကယာထလိုက်တယ်။ ပြီးတော့သိန်းဇော်ကိုမေးလိုက်တယ်။
“သိန်းဇော် ဘိုးတက်ခါး သေပြီမို့လား”
“အေး၊ မင်းဘယ်လိုသိနေတာတုံး တာတေ”
“ဘယ်သူပါသွားသေတုံး”
“ကျော်မောင်ပါ သေသွားတာကွ၊ နှစ်ယောက်စလုံးပါးစပ်ကြီးတွေအကျယ်ကြီးဟပြီး သေသွားတာကွ၊ ခေါင်းကြီးတွေက မော့မော့ကြီးတွေ ဖြစ်နေတာ”
“အဲဒါဝိဉာဥ်စုတ်နတ်လက်ချက်ကွ၊ ဘိုးတက်ခါးတို့ဝိဉာဥ်တွေစုတ်သွားတာ”
“ဟေ၊ ဘာပြောတယ် တာတေ၊ ဝိဉာဥ်စုတ်နတ် ဟုတ်လား”
“အေး ဟုတ်တယ်ကွ၊ လူ့ဝိဉာဥ်ကိုပါးစပ်ကနေ စုတ်ယူသွားတာ၊ ဒါနဲ့မင်းဒီအကြောင်း လာပြောတာလား သိန်းဇော်”
“မဟုတ်ဘူးကွ ဒါတင်မကဘူး၊ ငါတို့ဘန့်ဘွေးကုန်းဆရာတော်ကျောင်းမှာ ဘိုးတော်ကြီးတစ်ယောက်ရောက်နေတယ်၊ အဲဒါဆရာတော်ကငါ့ကိုခေါ်ပြီးမိန့်တာဟေ့၊ တာတေကိုအမြန်သွားခေါ်ခဲ့ဆိုလို့ငါလာတာ၊ ဘိုးတက်ခါးသေတဲ့သတင်းလည်း ပြောရင်းပေါ့ကွာ”
“ဟေ ဘယ်ကဘိုးတော်တုံးကွ သိန်းဇော်၊ ဘိုးလူပေလား”
“ဟာ ဘိုးလူပေကိုငါသိတာပေါ့ကွာ၊ အခုဘိုးတော်ကြီးကို ငါမမြင်ဖူးဘူးကွ”
ကျုပ်ချက်ချင်းလိုက်ရတော့တာပေါ့ဗျာ။ ဘန့်ဘွေးကုန်းဆရာတော်ကျောင်းကို ကျုပ်နဲ့သိန်းဇော်ရောက်တော့ ဘုရားခန်းမှာထိုင်နေတဲ့ဘိုးတော်ကြီးကကျုပ်ကိုပြုံးပြတယ်။
“ဟာ အဘိုး၊ အဘိုး ကြွလာတယ် ဟုတ်လား”
“အေးကွဲ့ မောင်တာတေရဲ့၊ ကိစ္စကတော်တော့်ကိုအရေးကြီးနေတာလူကလေးရဲ့ ၊အဘိုးမလာလို့မဖြစ်ဘူး၊ ဒါတောင်အဘိုးအရောက် နောက်ကျလို့ တက်ခါးနဲ့သူ့သား တစ်ယောက်ပါသွားရှာပြီ”
အခုကျုပ်ကိုပြောနေတာ အဖေရှင်ဗျ။ ‘ ရွှေဂူရှင်မ ‘မှာ ကျုပ်ကိုသိုက်ထဲပြန်ဝင်ခိုင်းတဲ့ အဘိုးဆရာကြီးလေဗျာ။ အဘိုးဆရာကြီးရောက်လာတာ ကျုပ်ဖြင့်အံ့သြလိုက်တာဗျာ။ (အဖေရှင်အကြောင်းကို ‘ မဖဲဝါမဝင်ရ ‘ မှာလည်း ကျုပ်ရေးထားပါတယ်)
“မောင်တာတေမှာ ဆေးဝါးအစုံအလင်ပါရဲ့လား”
“ပါ,ပါတယ်အဘိုး၊ အဘိုးဘယ်ဆေးကို မေးတာတုံးဗျ”
“မျက်ကွင်းဆေးလေ၊ မင်းကိုမောင်ပွားတပည့် ရှမ်းဆရာပေးထားတာလေ”
“ဟာ ပါတယ် အဘိုး”
“အေး.. အဲဒါထုတ်ပြီး၊ ကွင်းထားလိုက်၊ ဒိဗ်ဗစက်ခုရော၊ ဒိဗ်ဗသောတရော ရအောင်အဘိုးလုပ်ပေးမယ်၊ ရော့ ဟောဒီချည်မန်းကွင်းကို ယူထား၊ အဘိုးကစွပ်လိုက်ဆိုရင် ဘာမှမကြောက်နဲ့၊ ပြေးပြီးတော့သာစွပ်လိုက် ကြားလား မောင်တာတေ၊ ဒီအကောင်မှင်တက်မိနေအောင် အဘိုးလုပ်ထားမှာ”
“ဟုတ်ကဲ့ပါ အဘိုး”
“အဘိုး ပွဲတွေပြင်ပြီးပါပြီဘုရား”
ဘန့်ဘွေးကုန်းသားတွေ အပေါ်ထပ်မှာ ပွဲပြင်နေကြတာဗျ။
“ကဲ ဒါဆိုရင်၊ ကျောင်းအပေါ်ထပ်ကို တက်ကြဟေ့၊ ဒီအကောင်ကို မြန်မြန်မနှိမ်နင်းနိုင်ရင် မင်းတို့တစ်ရွာလုံးတောင်ကုန်သွားနိုင်တယ်၊ ဒီကောင်ကစံဖြူဆွေစဥ်မျိုးဆက်ကို အကုန်လုံးဝိဉာဥ်စုတ်မယ့်ကောင်ကွဲ့”
ဟင် အဘိုးဆရာကြီး ဒီကိစ္စ ကြွလာတာကိုး။ နတ်မိစ်ဆာကိုနှိမ်နင်းဖို့ကြွလာတာဗျ။ ကျုပ်ဖြင့်ဝမ်းသာလိုက်တာဗျာ။ အဘိုးပြောနေတာကိုဆရာတော်ရော၊ ဘန့်ဘွေးကုန်းသားတွေရောနားလည်ပုံမရဘူးဗျ။ ကျုပ်ကတော့မဖဲဝါညကအိပ်မက်ထဲမှာပြောသွားလို့သိနေပြီပေါ့ဗျာ။ ဒီကလူတွေကတော့နတ်မိစ်ဆာဆိုတာလည်း မသိကြဘူးပေါ့။ ဝိဉာဥ်စုတ်တယ်ဆိုတာလည်းမသိ။ စံဖြူဆိုတာလည်း ဘယ်သူမှန်းမသိဘူးပေါ့ဗျာ။ ကျောင်းကြီးအပေါ်ထပ်ကိုရောက်တော့ ဘုရားခန်းမှာပွဲတွေပြင်ထားတာဗျ။ ဖယောင်းတိုင် အမွှေးတိုင်တွေလည်း အပြည့်ထွန်းလို့ဗျ။
“မောင်တာတေရော အခု ကိစ္စကိုသိသလားကွဲ့”
အပေါ်ထပ်ဘုရားခန်းမှာ ထိုင်လိုက်ပြီးတာနဲ့ အဘိုးကမေးတာဗျို့။
“သိပါတယ်အဘိုး ဦးတက်ခါးရဲ့အဘိုး ဦးစံဖြူက နတ်မိစ်ဆာကို ပုလင်းထဲသွင်းပြီးရေမျှောခဲ့ရာက စတာပါအဘိုး”
“ဟာ တယ်ဟုတ်တဲ့ လူပေပဲကွယ်၊ နို့ လူကလေး ဒါတွေကို ဘယ်လိုသိတာတုံးကွဲ့”
“မဖဲဝါ ပြောပြတာပါ အဘိုး”
“ဪ အေး အေး ဟုတ်ပြီ၊ ဟုတ်ပြီ မောင်တာတေကသိချင်တာလေးရှိရင် သူ့ကိုမေးရတာပေါ့ ဟုတ်လား”
“ဟုတ်ပါတယ်အဘိုး”
“အခုအဲ့ဒီနတ်မိစ်ဆာကိုအဘိုးခေါ်ပြီး အမိန့်ချတော့မှာကွဲ့၊ ဒါပေမယ့်ဒီကောင်က နတ်မိစ်ဆာဆိုတော့အင်မတန်ဆိုးတာ၊ အဘိုးတို့ကလည်းသူ့ကိုခြေလွန်လက်လွန် ဖြစ်အောင်မလုပ်ချင်ကြဘူးကွဲ့၊ ဒါပေမယ့်အမိန့်မနာခံရင်တော့လည်း ငရဲရောက်အောင်ပို့ပေးရမှာပေါ့ကွယ်”
ဘန့်ဘွေးကုန်းသားတွေ ကျောင်းထဲမှာ ပြည့်နေကြပြီဗျို့။ တစ်ယောက်စကားတစ်ယောက်နားပေါ့ဗျာ။
“ကဲ အားလုံး ဝေးဝေးမှာသွားထိုင်ကြ၊ အန်တရာယ်များတယ်”
အဘိုးဆရာကြီးကပြောလိုက်တော့ ဘန့်ဘွေးကုန်းသားတွေ ကျောင်းကြီးရဲ့နံရံမှာ သွားကပ်ပြီးထိုင်နေကြရောဗျာ။
“ကဲ မောင်တာတေ အဘိုးဆရာပေးတဲ့ချည်မန်းကွင်းကို အဆင်သင့်ပြင်ထားပေတော့ကွဲ့”
“ဟုတ်ကဲ့ အဘိုး”
“ဟောဒီဇမ်ဗူတစ်ခွင်မှာ အဖေရှင်အမိန့်ပြန်လိုက်မယ်၊အားလုံးကြားသိစေကြ၊ သမုဒ္ဒရာ ထဲမျှောနေရာကပြန်ရောက်လာတဲ့ ဝိဉာဥ်စုတ်နတ်မိစ်ဆာကောင် ၊သင်ရှိရာအရပ်ကနေ အခုချက်ချင်းငါ့ရှေ့မှောက်ကို ရောက်ရှိစေရမည်၊ အထက်ပုဂ်ဂိုကြီးများအားလုံးရဲ့ အမိန့်တော်”
“ဝုန်း”
ဟာ အမိန့်ဆုံးတာနဲ့ရောက်လာတာဗျို့။ အဘိုးဆရာကြီးရဲ့အမိန့်ပြင်းချက်ဗျာ။ အောင်မယ်လေး၊ နတ်မိစ်ဆာရဲ့ခေါင်းက ဆံပင်ကစုတ်ဖွားကြီးဗျ။ ခေါင်းမှာရှပ်ပန်းထည်အနီကို ဘောင်းစနှစ်ဖက်ချပြီးပေါင်းထားတာ။ မျက်လုံးကြီးကလည်းပြူးထွက်နေတာဗျို့။ လူတွေကိုလိုက်ကြည့်နေတယ်။ ပြီးတော့အဖေရှင်ကိုသေသေချာချာကြည့်နေတယ်။ တင်ပလ်လင်ချိတ်ထိုင်နေတာဗျ။ အရိုအသေလည်းမပြုဘူး။
“ကျုပ် ရာဇဝင်ကြွေးကို ကျုပ်ဆပ်နေတာ၊ ခင်ဗျားတို့ဝင်မရှုပ်ကြပါနဲ့၊ ကျုပ်ကတော့ဘယ်သူ့ကိုမှကြောက်မယ့်သူ မဟုတ်ဘူးနော်”
“မောင်တာတေ စွပ်လိုက်တော့”
ကျုပ်ထိုင်နေရာကလှစ်ကနဲပြေးပြီး လက်ထဲကချည်မန်းကွင်းကို နတ်မိစ်ဆာရဲ့ခေါင်းကနေ စွပ်ချလိုက်တယ်။
“တောက်”
နတ်မိစ်ဆာကြီးကနောက်ကပြေးဝင်ပြီးချည်မန်းကွင်းစွပ်လိုက်တဲ့ကျုပ်ကို ဆတ်ကနဲလှည့်ကြည့်ပြီး တောက်တစ်ချက်ခေါက်လိုက်တယ်။ ကျုပ်ကချည်မန်းကွင်းစွပ်ပြီးတာနဲ့ နောက်ကိုတစ်လံလောက် ပြန်ဆုတ်ပြီးနေပြီလေဗျာ။ ချည်မန်းကွင်းကစွမ်းလိုက်ပါဘိဗျာ။ စောစောကဒေါသူပုန်ထနေတဲ့ နတ်မိစ်ဆာတစ်ခါတည်းကို ငြိမ်ကျသွားရောဗျို့။
“သင့်ကိုအထက်ပုဂ်ဂိုကြီးတွေက ဟိမဝန်တာမှာသွားပြီးဒဏ်ထမ်းရမယ်လို့ အမိန့်ရှိလိုက်တယ်၊ သင်ဒီအမိန့်ကိုနာခံသလား၊ ဝိဉာဥ်စုတ်တဲ့လူသတ်သမားနတ်မိစ်ဆာကောင်”
“ဟေ့ကောင်တွေ မင်းတို့အထက်တွေ အောက်တွေငါ့လာမပြောနဲ့၊ ငါကဘယ်သူ့အမိန့်ကိုမှနာခံတဲ့ကောင်မဟုတ်ဘူး၊ မင်းတို့နိုင်ရင်ငါ့ကိုကြိုက်သလိုလုပ်လိုက်၊ အမိန့်နာခံမလားလို့လာမမေးနဲ့”
ကျုပ်တော့အံ့သြတာပဲဗျာ။ အဖေရှင်လိုပုဂ်ဂိုကြီးကိုတောင် ပမာမခန့်ပြောရဲတဲ့ နတ်မိစ်ဆာကြီးဗျာ။ အဖေရှင်ကအချိန်ဆိုင်းမနေဘူးဗျ။ ထိုင်ရာကဆတ်ကနဲထပြီး သူ့လက်ဝါးနဲ့နတ်မိစ်ဆာရဲ့ခေါင်းကို ရိုက်ချလိုက်တယ်။
“ဝုန်း”
“အား”
နတ်မိစ်ဆာရဲ့ ငယ်သံပါအောင်အော်တဲ့အသံကြီးကို ကြားလိုက်ရတယ်ဗျို့။ ကျုပ်ကမျက်ကွင်းဆေးကွင်းထားတဲ့အပြင်အဘိုးဆရာကြီးက ဒိဗ်ဗသောတလို့ခေါ်တဲ့ အကြားအာရုံပါကျုပ်ကို ဖွင့်ပေးထားတာဗျ။
“မောင်တာတေ အဘိုးအိတ်ထဲက အစိမ်းရောင်ပုလင်းသွားယူ”
ကျုပ်ကအဘိုးဆရာကြီးချထားတဲ့ လွယ်အိတ်ထဲကအစိမ်းရောင်ပုလင်းကိုပြေးယူလိုက်တယ်။
“အဖုံးဖွင့်လိုက်”
ကျုပ်ကအဖုံးဖွင့်လိုက်တယ်။ ဒီအချိန်မှာအဘိုးဆရာကြီးရိုက်လိုက်တဲ့နတ်မိစ်ဆာဟာ တဖြည်းဖြည်းသေးသေးသွားလိုက်တာ နောက်ဆုံးလက်မအရွယ်လောက်ကလေးပဲရှိတော့တာဗျ။ အဘိုးကနတ်မိစ်ဆာကိုဂုတ်ကဆွဲပြီး ပုလင်းအစိမ်းထဲကိုထည့်လိုက်တယ်။ ပြီးတာနဲ့အဖုံးကိုပြန်ပိတ်လိုက်တယ်။ ကျုပ်စွပ်ထားတဲ့ချည်မန်းကွင်းကကြမ်းပြင်မှာအခွေလိုက်ကလေးဗျ။
“မောင်တာတေ ချည်မန်းကွင်းသိမ်းလိုက်၊ အဘိုးအိတ်ထဲမှာသွားထည့်ထားချေကွဲ့”
ကျုပ်ကချည်မန်းကွင်းသိမ်းပေးလိုက်တယ်။
“မောင်တာတေ၊ ရော့ ဟောဒီပုလင်းကို ကိုင်ခဲ့ ၊ဘာမှမကြောက်နဲ့၊ ဒီအကောင်လူတွေကို ဒုက္ခ မပေးနိုင်တော့ပါဘူးကွဲ့ ၊လာ အဘိုးနောက်က လိုက်ခဲ့”
ကျုပ်တို့ရွာပြင်ရောက်တော့အဘိုးကမြေကြီးပေါ်မှာစည်းဝိုင်းတစ်ခုဝိုင်းလိုက်တယ်။
“မောင်တာတေ အဘိုးက ပစ်ဆိုရင် အဲဒီပုလင်းကိုပစ်ထည့်လိုက်ကြားလား”
ဘန့်ဘွေးကုန်းတစ်ရွာလုံးကျုပ်တို့နောက် ခပ်လှမ်းလှမ်းကနေကြည့်နေကြတာဗျို့။ လူကိုမနည်းဘူး။ အဘိုးဆရာကြီးကမန်တန်တွေ ရွတ်တယ်။
“ဝုန်း”
ဟာ မီးတောက်ကြီးဗျာ၊ မြေကြီးထဲကထွက်လာတာဗျို့။ ပူလိုက်တာမှဗျာ၊ ဘယ်လိုပူမှန်းကိုမသိတာဗျ။
“မောင်တာတေ ငရဲတံခါးပွင့်သွားပြီ၊ အဲဒီမီးတောက်ထဲကို မင်းလက်ထဲကပုလင်း ပစ်ထည့်လိုက်”
ကျုပ်ကရှေ့နည်းနည်းတိုးပြီးမီးတောက်ထဲကို ပုလင်းအစိမ်းကြီး ပစ်ထည့်လိုက်တယ်။
“ဝုန်း၊ ဝီ၊ ဝီ၊ ဝီ”
ဟာ မီးတောက်ကပုလင်းကိုလှမ်းဖမ်းလိုက်သလိုပဲဗျ။ ပုလင်းကိုပိုက်ပြီးမြေကြီးထဲကိုပြန်ဝင်သွားတာဗျို့။ မီးတောက်ကြီးမြေကြီးထဲဆင်းသွားတဲ့အသံက ‘ဝီ၊ ဝီ၊ ဝီ၊ ဝီ’ ဆိုပြီးမြည်သွားတာဗျ။ ကျုပ်စိတ်ထင်တော့အနက်ကြီးကိုဆင်းသွားတယ်လို့ထင်တာပဲဗျ။
“ကဲ မောင်တာတေ၊ ဘုရားမသိ၊ တရားမသိ၊ မြင့်မြတ်သူကိုလည်းမသိတဲ့ နတ်မိစ်ဆာကောင်တော့ မဟာအဝီစိငရဲကိုပို့လိုက်ရပြီကွဲ့၊ ကဲ ရွာထဲဝင်ကြစို့”
ကျုပ်တို့ရွာထဲပြန်ရောက်တော့ ဦးတက်ခါးရဲ့သားအကြီးကိုကျော်ခေါင်နဲ့ ဦးတက်ခါးသမီးခင်သိန်းနွယ်တို့နှစ်ယောက်စလုံး အကောင်းပကတိဖြစ်နေကြပြီဗျ။ ဆရာတော့်ကျောင်းကိုလိုက်လာကြပြီးအဘိုးဆရာကြီးကိုကန်တော့ကြတယ်။ ကျုပ်ဖြင့်ဝမ်းသာလိုက်တာဗျာ။ ဦးတက်ခါးနဲ့ကျော်မောင်ကို မမီလိုက်တာတော့ ကျုပ်တော်တော်ကို စိတ်မကောင်းဖြစ်မိတယ်ဗျာ။
အဲဒီညမှာပဲ အဘိုးဆရာကြီးပြန်ကြွသွားတယ်။ ကျုပ်လည်း ထနောင်းကုန်းကို ပြန်လာခဲ့တော့တာပေါ့ဗျာ။
ပြီးပါပြီ
Leave a Reply