လက်မကိုင်မိ အယောင်ယောင်အမှားမှားဖြစ်ကုန်ကြရလေသည်။
“အမလေးးးး…အမေ့…အမေရေ…
ကျုပ်ဗိုက်နာလိုက်တာ…အားးး
ကယ်ကြပါဦးဗျာ…”
ဖိုးလုံး ဝမ်းဗိုက်ကိုလက်နှစ်ဖက်ဖြင့်ဖိကာ အော်ဟစ်လူးလိမ့်နေသည်။
“ဆေးဆရာသွားခေါ်ပါလား ကိုထွန်းကြည်…ကြည့်ရတာ အစားမှားတယ်ထင်တယ်”
“အေး…အေး…ဒါဆို ငါဆေးဆရာသွားခေါ်လိုက်မယ်…
မင်းနဲ့အမေနဲ့သားကိုသေချာကြည့်ထားကြဦး…”
“သွား…သွား..မြန်မြန်သွား ကိုထွန်းကြည်”
ဦးထွန်းကြည် သုတ်သုတ်ပြာပြာဖြင့် ထွက်သွားတော့သည်။
ကျန်ရစ်ခဲ့သော ဒေါ်မိတိုးတစ်ယောက် သားဖြစ်သူ၏ခေါင်းအား ပွတ်သပ်ပေးရင်း စိတ်အပူကြီးပူနေရှာသည်။
နံဘေးရှိ မိခင်ဖြစ်သူ ကြီးတော်ကြည်သည်ကား ဘုရားစာများတတွတ်တွတ်ရွတ်ဆိုကာ မြေးဖြစ်သူအတွက်ဆုတောင်းလို့နေ၏။
ဆေးဆရာခမျာမှာလည်းရေးကြီးသုတ်ပြာဖြင့် ဖြင့်လာခေါ်သော ဦးထွန်းကြည်နောက်သို့လိုက်ပါလာပြီး ဖိုးလုံးလေးအား ကြည့်ရှုပေးရှာသည်။
ဆေးတစ်ခွက်ပြင်ကာ ဖိုးလုံး၏ပါးစပ်အတွင်းဝင်အောင်တိုက်ယူပြီးသော်လည်း ဖိုးလုံးခမျာ နာကျင်စွာ အော်ဟစ်နေရှာစဲပင်။
“ဆရာ…ကျုပ်မြေးလေး ဘယ်လိုဖြစ်ရတာလည်းဆရာ”
“ဆရာ…ကျုပ်သားလေးသက်သာမှာပါနော်”
စိုးရိမ်တကြီးဖြင့် မေးရှာသော ဒေါ်မိတိုးတို့သားအမိအား ဆေးဆရာက စိတ်မသက်သာစွာကြည့်ရင်း…
“ကျုပ်လည်း ဒီလိုလူနာကိုအခုမှပဲတွေ့ဖူးတယ်ဗျာ…။
ဘယ်လောက်ပဲနာပါတယ်အော်နေပါစေ ကျုပ်တိုက်တဲ့ဆေးနဲ့ဆို ခဏနဲ့ပျောက်ကင်းသွားတာကြီးပဲဗျို့…။အခုကတစ်ခုခုတော့မှားနေပြီထင်တယ်…”
“ဟင်…”
“အမေ…ကျုပ်တို့ဘယ်လိုလုပ်မလဲ”
“အိုအေ…ဆရာပြောတဲ့တစ်ခုခုဆိုတာ… ရွာသူလုပ်တာထင်တယ်…သွား….သွား… ထမင်းနဲ့ ဟင်း ခြံပြင်ထုတ်ပြီး ချပေးရအောင်သွားပြင်လိုက် မိတိုး”
ထိုအရေးကိစ္စများကိုသိနားလည်သော ကြီးတော်ကြည်သည် သမီးဖြစ်သူအား ပြင်ဆင်ခိုင်းလိုက်၏။
မနက်စာ စားဖို့ရန်ချန်ထားသော ထမင်းနှင့်ဟင်းများကို စကောထဲသို့ထည့်ကာ ဒေါ်မိတိုးမီးဖိုထဲမှအပြေးထွက်လာတော့သည်။
“အမေ…ကျုပ်ပြင်ပြီးပြီ…”
“အေး…ပေး…ပေး…အမေ့ကိုပေး သမီး…”
ဒေါ်မိတိုးလက်ထဲမှ စကောအား ကြီးတော်ကြည်လှမ်းယူလိုက်ပြီး တစ်ဦးထဲ ခြံပြင်ဆီသို့ထွက်သွားခဲ့၏။
ခြံပြင်ဘက်ဆီသို့ရောက်လေတော့…
“ကျုပ်မြေး ဖိုးလုံး ဘယ်လိုအမှားမျိုးလုပ်ခဲ့တယ် ကျုပ်မသိပါဘူး…ဘာပဲဖြစ်ဖြစ်ခွင့်လွှတ်ပေးပါလို့ ကျုပ်တောင်းဆိုပါတယ်…ဟောသည်မှာ တောင်းပန်တဲ့အနေနဲ့ထမင်းနဲ့ဟင်းတွေ လာချပေးထားပါတယ်…စားပါ…သောက်ပါ…တော်”
ဘွားတော်ကြည်ခြံပြင်၌စကောအားချထားပြီး နူတ်မှ
ပြောဆိုနေလေသည်။
ထိုသို့ပြောဆိုပြီးနောက်ခဏမျှနေပြီးသည်နှင့် မိမိခြံဝိုင်းအတွင်းသို့သာ ပြန်ဝင်လာခဲ့လေ၏။
ဆေးဆရာဖြစ်သူသည်လည်းပြန်သွားလေပြီ။
ဖိုးလုံးသည်လည်း ထူးဆန်းစွာပင်
ထိုသို့ပြုလုပ်ပြီးခဏကြာသည်နှင့်
အစောပိုင်းကကဲ့သို့အော်သံများ
ထွက်ပေါ်မလာတော့ဘဲနှစ်ခြိုက်စွာပင် အိပ်မောကျလို့နေ၏။
***
နောက်တစ်နေ့နံနက်၌…
“ငါ့သား မင်းသက်သာရဲ့လားကွာ”
ဦးထွန်းကြည်သားဖြစ်သူအားမေးလိုက်သည်။
ဖိုးလုံးသည်က မနက်စာ ထမင်းကြော်အားပလုပ်ပလောင်းစားနေရင်း…
“ကျုပ်သက်သာပါတယ်အဖေရာ..
ကျုပ်ဘာမှမဖြစ်တော့ပါဘူး”
ဘေးရှိ ဒေါ်မိတိုးနှင့်ကြီးတော်ကြည်တို့က ဖိုးလုံးအားကြည့်နေကြလေသည်။
ကြီးတော်ကြည်က…
“ငါ့မြေး မနေ့ကဘယ်သွားပြီး…ဘာတွေစားသေးသလဲ”
အဘွားဖြစ်သူ၏အမေးကြောင့်
“အင်းးး…….ကျုပ်မနေ့က သူငယ်ချင်းတွေနဲ့သွားဆော့တာလေ…သြော်…
ဒေါ်မိကြွယ်…ဒေါ်မိကြွယ်…”
“ဟဲ့…လူကြီးကို အရီးကြွယ်လို့ခေါ်လေ”
ဖိုးလုံးအား ဒေါ်မိတိုးကဝင်ဟောက်လိုက်သည်။
“နေစမ်းပါ မိတိုးရယ်…ငါမေးစမ်းပါရစေ။ငါ့မြေးဆက်ပြောလေအဘွားကို”
“အမေပြောတဲ့အရီးကြွယ်က ကျုပ်တို့သူငယ်ချင်းတွေကို သရက်သီးအမှည့်တွေလာပေးတယ်ဗျ…
ကျုပ်တို့လည်း ဘောလုံးကန်နားရင်းစားလိုက်ကြတာပဲလေ”
“ဟောတော်…ဒါဆိုဒင်းလေးတို့ ဝမ်းပျက်တာပေါ့”
“မဟုတ်ဘူး…မိတိုး.. မဟုတ်ဘူး…။မနက်ကငါရွာထဲကြားမိတာ ညက ကလေးသုံးယောက်
ဗိုက်တွေနာလို့အော်ဟစ်ကြသတဲ့…သူတို့လည်း ညကအမေတို့ကျွေးသလိုကျွေးလိုက်မှ
သက်သာသွားကြတယ်ဆိုပဲအေ့…”
“ရှင်…ဒါဆို မိကြွယ်က အောက်လမ်းသည်လားအမေ”
“ငါလည်းကြားမိသလောက်က အဲ့ကောင်မနဲ့မတည့်တဲ့သူတွေဆို အလူးအလဲခံကြရတယ်ဆိုပဲအေ့…”
“ဟောတော်…ကျုပ်ဖြင့်မသိပါဘူးအမေရယ်”
“ဘာပဲဖြစ်ဖြစ်ဗျာ…ကျုပ်သားထိလို့ကတော့
ဘယ်အောက်လမ်းသည်ဖြစ်ဖြစ် အသေသတ်ပစ်မှာပဲအမေရာ”
ဦးထွန်းကြည် စိတ်ထဲမကျေနပ်စွာပြောလိုက်လေတော့
ဘွားတော်ကြည်က…
“အေး…အမေလည်း
အဲ့လိုတွေထပ်ဖြစ်လာမှာမလိုလားဘူးငါ့သားရဲ့…။တစ်ခုခုတော့လုပ်ရမယ်”
“ကျုပ်တို့က ဘာလုပ်နိုင်မှာလဲအမေရယ်…”
“အိုအေ…ငါကြားဖူးတာရှိပါတယ်…
တို့ရွာနဲ့မနီးမဝေးက သောင်ထွန်းရွာမှာ ဘွားမယ်စိန်ဆိုတဲ့အမျိုးသမီးကြီးရှိတယ်…
ဘွားမယ်စိန်ကအပမှီတာတွေဘာတွေကအစ ကုသပေးတယ်ဆိုပဲအေ့…
အဲ့တာ ငါ့သားထွန်းကြည်အဲ့ အဘွားကိုသွားပင့်ပါလား”
“သောင်ထွန်းရွာ…ကျုပ်သိတယ်အမေ…။ကျုပ်သွားမယ်…မဟုတ်ရင် ရွာမှာအဲ့ကောင်မတော်တော်သောင်းကျန်းနေမှာ…”
“အေး…အေး…သတိလေးနဲ့သွားလာဦးနော်…။ရွာထဲလည်းဘယ်သူ့မှမပြောမိစေနဲ့ဒီအကြောင်းကို”
“ဟုတ်ကဲ့ပါအမေ”
ထိုသို့ဖြင့် ဦးထွန်းကြည်တစ်ယောက် ဘွားမယ်စိန်ကိုခေါ်ဆောင်ဖို့ရန် လှည်းဖြင့်ခရီးထွက်လာခဲ့တော့၏။
**********
“အိမ်ရှင်တို့…အိမ်ရှင်တို့ ”
“ဘယ်သူလဲ…ခြံထဲဝင်ခဲ့”
အိမ်ရှေ့၌ အိမ်ရှင်အားအော်ခေါ်နေသူသည် ခြံထဲသို့ဝင်လာခဲ့၏။
ခြံထဲတမာပင်အောက်ရှိ ကွပ်ပျစ်၌ ထိုင်နေသော အိမ်ရှင်ဖြစ်ဟန်တူသည့်အမျိုးသမီးသည် ခြံထဲသို့
ဝင်လာသူအားကြည့်ကာ…
“ဘာကိစ္စရှိလို့လဲ”
“အဘွားက တစ်ဖက်ရွာကပါကွယ်…ခရီးသွားရင်းရေဆာလာလို့ အဘွားကိုရေလေးနည်းနည်းလောက်တိုက်ပါလား
တူမကြီးရယ်…”
အဘွားအိုကစကားဆိုလေတော့ အိမ်ရှင်အမျိုးသမီးသည်
အဘွားအိုအားတစ်ချက်စိုက်ကြည့်ပြီး…
” ဒီမှာ ခဏစောင့် ကျုပ်သွားခပ်ခဲ့မယ်”
အဘွားအိုသည် ကွပ်ပျစ်၌ ဝင်ထိုင်လိုက်၏။
အမျိုးသမီးပြန်လာလေတော့ သူ၏လက်ထဲ၌ ကြေးခွက်တစ်ခွက်ပါလာခဲ့သည်။
အမျိုးသမီးသည်ထိုကြေးရေခွက်အား
အဘွားအိုအားကမ်း ပေးလိုက်ပြီးနောက် ရေသောက်ဖို့ရန်အတွက်ဟန်ပြင်နေသော အဘွားအိုအား ကျေနပ်သည့်အပြုံးတစ်ခုဖြင့် ကြည့်နေခဲ့ပြန်သည်။
သို့သော်…
“ချလွမ်….”
ရုတ်တရက်ဆိုသလိုပင်…
ရေသောက်ဖို့ဟန်ပြင်နေသော
အဘွားအိုသည်ထိုရေခွက်အား
မြေပြင်ပေါ်သို့ပစ်ချလိုက်၏။
ထိုအခါ…
“ဒါဘာလုပ်တာလဲ…လူပါးဝလှပါလား”
ဟု အမျိုးသမီးကဒေါသတကြီး အော်ဟစ်လိုက်သည်။
“ဟင်း…ဟင်း…ဟင်း…ဟင်း….ဟင်း…
မိကြွယ်…မိကြွယ် ညည်းငါ့ကိုဘာထင်နေသတုန်း….။
ညည်းတိုက်တာရေမှမဟုတ်ဖဲအေ…လူသေးတွေအေ့…
လူသေးတွေ…ညည်းကတော်တော်ယုတ်ညံ့တဲ့ကောင်မပဲ”
“အို…ရှင်….ရှင်က…ဘယ်သူလဲ”
အမျိုးသမီးသည်ထိတ်လန့်သွားပြီး နောက်သို့ပင်ခြေလှမ်းဆုတ်ခွာလိုက်၏။
“ငါဘယ်သူလဲဟုတ်လား…ငါ့နာမည်က ဘွားမယ်စိန်…မယ်စိန်နဲ့ဟဲ့… အောက်လမ်းသည်မရဲ့”
“တော့်ဘာသာမယ်စိန်မကလို့ ဘယ်လိုဟာပဲဖြစ်ဖြစ်…ကျုပ်ဆီလာတာ
သေချင်လို့လာတာလားအဘွားကြီး”
“ငါကတော့မသေဘူး မိကြွယ် ညည်းကသာ သေချင်လို့ဒီအောက်လမ်းပညာနဲ့
ရွာကလူတွေကိုဒုက္ခပေးနေတာပဲလေ”
“ဟားး…ဟားး…ဟားး…ဟားး..ဟားး…သြော် အိမ်ထိလာပြီးအသေခံချင်သူကရှိသေးတာကိုး……”
မိကြွယ်ဟုခေါ်သောအောက်လမ်းသည်မသည် ဘွားမယ်စိန်အား ဒေါသတကြီးစိုက်ကြည့်နေ၏။
ထိုသို့စိုက်ကြည့်ရင်း ခြေလှမ်းအားတဖြေးဖြေးနောက်သို့ဆုတ်ခွာသွားသွားခဲ့
သည်။
ခြေလှမ်းဆုတ်ခွာပြီးသည်နှင့် သူ၏ခေါင်းအားကောင်းကင်ဆီသို့မော့လိုက်ပြန်၏။
ထိုသို့ခေါင်းမော့နေရင်း သူ၏ပါးစပ်အား
အပေါ်သို့ခပ်ကျယ်ကျယ်ပင်ဟလို့ထားလေသည်။
ခဏအကြာမှာတော့ဖြင့် ထိုပါးစပ်အတွင်းမှပင်
အရောင်တလက်လက်အရာများထွက်ပေါ်လာခဲ့၏။
ထိုအရာကို အောက်လမ်းသည်တို့၏စက်ကြိုးဟုခေါ်လေသည်။
ဘွားမယ်စိန်သည်ကကွပ်ပျစ်၌အနေအထားမပျက်ထိုင်ရင်း အောက်လမ်းသည်မ မိကြွယ်အားစိုက်ကြည့်နေခဲ့သည်။
သို့သော်အောက်လမ်းသည်မမိကြွယ်သည်
ချက်ချင်းဆိုသလို ဘွားမယ်စိန်ထံသို့ သူ၏စက်များအားပစ်သွင်းတော့၏။
သို့သော် အောက်လမ်းသည်မ မိကြွယ်၏စက်များသည်
ဘွားမယ်စိန်၏ရှေ့သို့အရောက်မှာပင်
ရပ်တန့်လို့သွားခဲ့သည်။
ဘွားမယ်စိန်သည်က မိကြွယ်အားစိုက်ကြည့်ရင်း…
“ညည်းပညာလောက်နဲ့လာမယှဥ်နဲ့မိကြွယ်…
သွားစမ်း…
ညည်းစက်ညည်းပြန်ခံစမ်းအေ”
ဘွားမယ်စိန်သူ၏လက်စွဲတော်တောင်ဝှေးအားတစ်ချက်
ရမ်းခါလိုက်ပြီး မိကြွယ်ထံသို့ညွှန်လိုက်လေရာ…
“ဘုန်းး…”
“အင့်…”
“အားးးး…”
ရပ်တန့်နေသော စက်တန်းကြီးသည် မိကြွယ်ဆီသို့တန်းမတ်စွာပြေးဝင်သွာခဲ့ပြီး ရှောင်ချိန်ကာချိန်ပင် မိကြွယ်မရလိုက်။
မြေပေါ်သို့အသံနက်ကြီးတစ်ခုဖြင့်
အော်ဟစ်ကာလဲကျသွားတော့သည်။
ဘွားမယ်စိန်သည် ကွပ်ပျစ်ထက်မှဆင်းလာပြီး
လဲကျနေသော မိကြွယ်ဆီသို့လာခဲ့၏။
အထိအတော်နာနေရှာသော မိကြွယ်တစ်ယောက် သူ၏ရင်ဘက်အားလက်ဖြင့်မိကာ အသက်ကိုပြင်းပြင်းရှုရှိုက်နေရရှာသည်။
“မိကြွယ် …ဒီဒဏ်လောက်နဲ့ညည်းမသေပါဘူးအေ…။
ညည်းရဲ့လုပ်ရပ်တွေ မရပ်မှသာ ညည်းသေမှာမိကြွယ်…။
ဘွားကလာသတိပေးတာပါ…ညည်းငရဲမလားချင်ရင် ညည်းရဲ့လုပ်ရပ်တွေရပ်တန့်ပြီး ဘဝကိုကောင်းကောင်းမွန်မွန်ရှေ့ဆက်ပါ…
ကဲပါလေ…ဘွားသွားဦးမယ်…
နောက်တစ်ခေါက်ထပ်ဆုံရင်တော့ ညည်းကိုဘွားမသနားတော့ဘူးနော်…
ဒါသတိပေးတာပဲအေ”
ဟု…ဘွားမယ်စိန်နောက်ဆုံးစကားပြောလိုက်ပြီး မိကြွယ်အားထားရစ်ကာ ခြံဝိုင်းထဲမှထွက်သွားတော့လေသည်။
ထိုနေ့မှစ၍ ထိုရွာလေးဆီသို့ဘွားမယ်စိန်
နောက်ထပ် ထပ်မံရောက်မလာရတော့ပေ။
အကြောင်းသည်က အောက်လမ်းသည်မ မိကြွယ် သည် မည်သူ့ကိုမှဒုက္ခမပေးတော့သောကြောင့်ဖြစ်၏။
မိကြွယ် အဘယ့်ကြောင့်ထိုသို့ဖြစ်သွားရသည်ကိုတော့ဖြင့်
ဖိုးလုံးတို့မိသားစုမှလွှဲ၍မည်သူမှမသိကြပေ။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)
Leave a Reply