အစိမ်းသေရှာပုံတော်

အရိပ်က ကျွန်တော်နဲ့ပိုနီးကပ်လာပြီး ကျွန်တော့်ဆီကို နှေးကွေးစွာလျှောက်လာနေတုန်းပါလား…ကျွန်တော်တွေဝေမနေတော့ဘူး…ရွာဘက်ကိုသာ ခြေဦးလှည့်ပြီး တချိုးတည်းပြေးခဲ့တော့တယ်…

ကျွန်တော့်နာမည် သူရိန်… မိဘတွေကနေလို တောက်ပလင်းလက်စေချင်လို့ ဒီနာမည်ကိုပေးခဲ့ပေမယ့် ကျွန်တော့်ဘဝက နေလိုမတောက်ပဘဲ နေလိုပူပြင်းခက်ထန်လွန်းခဲ့တယ်..ကျွန်တော့်မှာအဖေမရှိတော့ပါဘူး…ကျွန်တော် ၁၀ နှစ်သားလောက်မှာ ပိုးထိပြီးဆုံးပါးသွားခဲ့ပါပြီ…ကျွန်တော့်အသက်က အခုဆို ၂၁နှစ်ပြည့်ပြီးပြီ… ကျွန်တော်နေတာက မြို့ပြနဲ့အလှမ်းဝေးတဲ့ ဝါးနက်ရွာဆိုတဲ့ရွာလေးမှာပါ…အိမ်ခြေနည်းတဲ့ရွာကလေးဆိုပေမယ့် အတော်လေးစည်ကားပါတယ်…လျှပ်စစ်မီးမရသေးပေမယ့် ဆိုလာပြားတွေရဲ့အစွမ်းနဲ့ ညဘက်ဆိုအိမ်တိုင်း ဖန်မီးချောင်းရောင်တွေ တောက်ပလို့ပေါ့…အရင်လိုဖယောင်းတိုင်၊မီးအိမ်ခေတ်မဟုတ်တော့ဘူး
လေ…ရွာရဲ့အဓိကစီးပွားရေးကတော့ လယ်၊ယာစိုက်ပျိုးတာနဲ့ မွေးမြူရေးတစ်နိုင်တစ်ပိုင်လုပ်ကြတာပါပဲ…ရွာသားအချင်းချင်းစည်းလုံးကြ
ပြီး သဘာဝရှုခင်းတွေ တောင်တန်းကြီးတွေကြားမှာ လူသိနည်းစွာနဲ့ သာယာချမ်းမြေ့နေပါတယ်…ကြုံတုန်းကြွားရဦးမယ်…ကျွန်တော်တို့
ရွာမှာ အလှဆုံးအပျိုချော ကွမ်းတောင်ကိုင်မြတ်ဖူးငုံ ဆိုတာကျွန်တော့်ချစ်သူပေါ့…ကျွန်တော်သူ့ကို ဖူးလို့ပဲခေါ်တယ်…မြို့ကြီးသူတွေလှတယ်ဆိုတာ ဖူးတစ်ရေးနိုးလို့ ဆံပင်လေးတွေရှုပ်ပွနေတဲ့ရုပ်ကလေးကိုမမှီသေးဘူး…ကြွားတယ်မထင်နဲ့နော်…တကယ်ပြောတာ…မြို့ကြီးသူတွေလှတယ်ဆိုတာ ပြင်လို့ဆင်လို့လှတာ…အထင်မကြီးပါဘူး…ဖူးလိုမပြင်မဆင်ဘဲသဘာဝအတိုင်းလှတဲ့မိန်းကလေးဆိုတာ ရှားပါတယ်…ခန္ဓာကိုယ်အချိုးအစားကခါးသေးလို့ရင်ချီ ဂစ်တာရှိတ်လေးပေါ့ဗျာ..lcd မြို့ကြီးသူတွေမနာလိုစရာပေါ့… အသားအရည်ကလည်း နှင်းပွင့်လေးတွေနဲ့ တည်ဆောက်ထားသလို ဖြူဖွေးနူးညံ့နေတာပဲ…ဇင်ယော်တောင်မျက်ခုံး၂ဖက်နဲ့ ပန်းရောင်နှုတ်ခမ်းဖူးလေးက မြင်လိုက်ရတိုင်းဘယ်တော့မှမရိုးနိုင်တဲ့ အလှတရားတစ်ခုပေါ့…ကျွန်တော်အမြတ်နိုးဆုံးက ဖူးရဲ့ ပေါင်လည်လောက်အထိအောင်ရှည်တဲ့ မဟူရာရောင်တောင်ပနေတဲ့ ဆံပင် ထူထူလေးတွေပါ…ရုပ်တင်ပဲမဟုတ်ဘူးနော်…စိတ်ထားလေးကလည်း အရမ်းကောင်းတာ…ရုပ်ရောစိတ်ရောလှတဲ့ ရှားပါးမိန်းကလေး…အင်း..ဒီလောက်ကြီး
အမွှန်းတင်နေတော့ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တယ်ထင်နေကြပြီမို့လား…

ကျွန်တော်က ၁၀တန်းကို ရိုးရိုးပဲအောင်ခဲ့ပြီး မြန်မာစာအဝေးသင်နဲ့ကျောင်းပြီးခဲ့တယ်…ဖူးကတော့ ဆယ်တန်းကိုထူးထူးချွန်ချွန်အောင်ခဲ့တာပါ..ဂုဏ်ထူး၃ဘာသာနဲ့ အောင်ခဲ့ပေမယ့်အဝေးသင်ပဲ တက်ခဲ့ပါတယ်..ဖူးကတော့ ecoအဝေးသင်ဒုတိယနှစ်တက်နေတုန်းပဲ…ကျွန်တော့်ထက် ၃ နှစ်လောက်ငယ်ပါတယ်….သူကကျွန့်ကို ကိုကိုလို့ခေါ်တယ်…ငယ်ငယ်လေးကတည်းကအတူကစားရင်းကြီးပြင်းလာကြရာကနေ အရွယ်ရောက်
တော့ ကျွန်တော်ဖူးကိုချစ်မိသွားခဲ့တယ်…အင်းလေ ဖူးလိုရွှေစင်ရုပ်ကလေးနဲ့ လက်ပွန်းတတီးနေပြီး မချစ်မိဘဲဘယ်နေနိုင်ပါ့မလဲ…ကျွန်တော်
လည်းလူသားပဲလေ…ကျွန်တော် ဖူးကိုသိပ်ချစ်တယ်ဗျာ….ပြော
မပြတက်လောက်အောင်ကိုချစ်တာ..ဖူးက ကျွန်တော့်ရဲ့ အသက် ကျွန်တော့်ရဲ့ဘဝပါ… အရာအားလုံးထက် ဖူးကအရေးအပါဆုံးပေါ့…

အခု…ဖူးရောဂါတစ်ခုဖြစ်လို့ မြို့ဆေးရုံမှာဆေးသွားစစ်တယ်လေ…ရန်ကုန်က ဖူးရဲ့ဦးလေးအိမ်မှာတည်းကြတယ်ပြောတာပဲ… ဖူးတို့သွားကြတာ ဒီနေ့နဲ့ဆိုရင် ၁ပတ်တင်းတင်းပြည့်ပြီ…ဖူးကို လွမ်းလိုက်တာဗျာ…အလွမ်းဆိုတာဘာလဲဆိုတာကို ကျွန်တော်ဖူးကြောင့် သေသေချာချာ သိခွင့်ရခဲ့ပါပြီ….ကျွန်တော် ဖူးကိုမျှော်နေရင်း ဆုတောင်းပေးနေမိတယ်…ဖူးရဲ့ရောဂါမြန်မြန်သက်သာပါစေလို့…ဖူးဝေဒနာတွေမခံစားရပါစေနဲ့လို့ပေါ့…

“ကိုကို….”ရုတ်တရက် နောက်ဖက်ကခေါ်လိုက်တဲ့အသံလေးကြောင့် ကျွန်တော် အတွေးစတွေပျက်သွားပြီး လှည့်ကြည့်လိုက်မိတယ်…”ဟာ.. ဖူး….”ဟုတ်ပါတယ်…ကျွန်တော့်ရဲ့ ဖူးပါ…ကျွန်တော့်ကို နွမ်းလျစွာပြုံးပြနေပြီး..သူမရဲ့မျက်နှာလေးချောင်ကျသွားပါလား…. ခရီးပန်းခဲ့လို့များလား…ကျွန်တော်ဖူးဆီကို ပြေးသွားမိပြီး သူမရဲ့ ပုခုံးစွန်းလေး၂ဖက်ကို ဆုတ်ကိုင်လိုက်မိတယ်…

“ဖူးရယ်…သတိရလိုက်တာ…ဖူး..နည်းနည်းပိန်သွားတယ်…မျက်နှာလေးလည်းချောင်လို့…ပင်ပန်းလို့လားဟင်…ဖူး..ဆေးသွားစစ်တာဆို…ဘာဖြစ်တာတဲ့လဲဟင်…”သူမငိုမဲ့မဲ့မျက်နှာလေးဖြင့်…”ဖူး…ဖူးရဲ့ ကျောက်ကပ်တွေပျက်စီးနေပြီတဲ့ကိုကို…ဖူးမကြာခင်သေရတော့မှာ…””ဟင်….”မထင်မှတ်ထားတဲ့စကားကိုကြားလိုက်ရတော့ ကျွန်တော်ထိတ်လန့်သွားမိတယ်…ဖူးရဲ့လက်ကလေးကို အထိတ်တလန့်ဆုတ်ကိုင်လိုက်မိတယ်…

“ဟာ…ဖူးမသေရပါဘူး….ကိုယ်ဖူးကိုလုံးဝပေးမသေနိုင်ပါဘူး….ဖူး…ကိုယ့်အတွက်အသက်ရှင်ပေးပါ…ဖူးမရှိရင် ကိုယ်လည်းသေမှာဖူးရဲ့…
ဖူးကို ကိုယ့်ကျောက်ကပ်တစ်လုံးပေးမယ်လေ…နော်…ဖူးဘာမှအားမငယ်နဲ့…”သူမနွမ်းလျစွာပြုံးလိုက်ရင်း….”ဖူးရဲ့အမ ဝမ်းကွဲတစ်ယောက်က ဖူးကိုကျောက်ကပ်လှူပါတယ်….ဒါပေမယ့်….ဆေးဖိုးနဲ့ ခွဲစိတ်ကုန်ကျစရိတ်က သိန်း၄၀ ကျော်နိုင်တယ်တဲ့….ဖူးတို့အခြေအနေကို ကိုကိုလည်းသိ
တာပဲ…အိမ်နဲ့ ယာကွက်လေးရောင်းလိုက်ရင်တောင် သိန်း၄၀ မရနိုင်ပါဘူး…. ဖူးစိတ်ညစ်တယ်ကိုကို….”သူမ သစ်တုံးတစ်ခုပေါ် ကျုံ့ကျုံ့လေး
ထိုင်ချလိုက်ရင်း ရှိုက်ငိုနေတယ်… ကျွန်တော်လည်းဘာလုပ်ရမှန်းမသိ၊ ဘာပြောရမှန်းလည်းမသိတော့ဘူး…ကျွန်တော့်အိမ်နဲ့ ယာကွက်ကို
ရောင်းပစ်လျှင် ရောဂါသယ်ကျွန်တော့်အမေ ဒုက္ခရောက်ရလိမ့်မယ်…
ဖူးကို အဆုံးရှုံးမခံနိုင်ဘူး…ကျွန်တော်ဖူးအတွက် ပထမဆုံးအကြိမ်ငွေကို အငမ်းမရလိုချင်လာမိတယ်….ဖူးရဲ့ ကျောက်ကပ် ခွဲစိတ်မှုအတွက် ကုန်ကျစရိတ်ကို ကျွန်တော် နည်းလမ်းရှာပြီး ရှာကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်…ဘာပဲလုပ်ရလုပ်ရလို့မိုက်မိုက်မဲမဲတွေးလိုက်မိတယ်…ကျွန်တော့်ခေါင်းထဲမှာ ဖူးကိုအဆုံးရှုံးမခံနိုင်တာ တစ်ခုပဲရှိတော့တယ်…ငွေ…ငွေ…
ဘယ်လိုနည်းနဲ့မြန်မြန်ရအောင်ရှာရပါ့မလဲ….

ကျွန်တော့်သူငယ်ချင်း အုပ်စိုးနဲ့ ထန်းရည်ဆိုင်အတူထိုက်ကြရင်း အုပ်စိုးကိုကျွန်တော်ငွေအရေးတကြီးလိုကြောင်းပြောပြမိတယ်…အုပ်စိုးက ကျွန်တော့်စကားတွေကို သေချာနားထောင်နေရင်းမှ…”အင်း…မင်းကောင်မလေးက ငွေနဲ့အသက်ဆက်ရမယ်ဆိုပါတော့….””အေး…ဟုတ်တယ်…ငါငွေလိုချင်တယ်ကွာဘာပဲလုပ်ရလုပ်ရကွာ…ငါဖူးကို အဆုံးရှုံးမခံနိုင်ဘူးကွာ….”အုပ်စိုးက ထန်းရည်ခွက်ကို မော့သောက်လိုက်ပြီးမှ…”အင်း….ငွေများများရမယ်အလုပ်ရှိတယ်…မင်းလုပ်မလား…သိန်း၃၀ လောက်ကိုရမှာ လုပ်မလား…”

“ဘာ!….သိန်း…သိန်း ၃၀ရမှာ…ဘာ..ဘာအလုပ်လဲ မြန်မြန်ပြောစမ်းပါကွ…နောက်တာဆိုရင် မင်းကိုငါဆွဲထိုးမှာနော်…”ကျွန်တော် စိတ်လှုပ်ရှားစွာ အုပ်စိုးကိုပြောလိုက်မိတယ်…”ငါမင်းကို မနောက်ဘူးသူရိန် အတည်
ပြောတာ…ရွာပြင်မှာနေတဲ့ အောက်လမ်းဆရာစံမတူကို သိတယ်မဟုတ်လား….””အေး…သိတယ်လေ…””အင်း…အဲ့ဒီ့အောက်လမ်းဆရာဆီကို
မြို့က သူဌေးတစ်ယောက် တနေ့ကရောက်လာတယ်…ဘယ်ကဘယ်လို သတင်းရပြီးရောက်လာတာလဲတော့မသိဘူး…အောက်လမ်းဆရာ စံမတူဆီကို ပီယဆေးလာဝယ်တာလေ….ငွေ ဘယ်လောက်ကုန်ကုန်
သုံးမယ်တဲ့…ဦးစံမတူကလည်း ငွေကြိုက်တဲ့လောဘသမားဆိုတော့ လုပ်ပေးဖို့အဆင်သင့်ပေါ့…အဲ့သူဌေးကို ဦးစံမတူက အာမခံနဲ့လုပ်ပေးမှာ
လေ…သူစီရင်ပေးတဲ့ ပီယအဆောင်က မစွမ်းဘူးဆိုရင် သူဌေးပေးထားတဲ့ငွေတွေ အားလုံးပြန်ပေးမှာတဲ့….သူဌေးဆိုတဲ့လူက ဦးစံမတူကို ပီယဆေးအတွက် သိန်း၁၀၀ ပေးပြီးစီရင်ခိုင်းထားတာ…တယ်ချမ်းသာတဲ့လူပဲကွာ… သူကြိုက်နေတဲ့တရုတ်မလေးက မာနခဲလေးမို့လို့တဲ့ ပီယဆေး
နဲ့ကြိုးစားမှ အဆင်ပြေမှာမို့လို့တဲ့လေ…ဟား..ဟား…ပီယအဆောင်စီရင်တဲ့နေရာမှာ ဦးစံမတူက ဘယ်လောက်စွမ်းတယ်ဆိုတာ မင်းလည်းသိ
သားပဲ…သူ့ပညာကို သူယုံလို့ အာမခံရဲတာပေါ့..”

ကျွန်တော်လည်း စိတ်မရှည်တော့သဖြင့်..”အဲ့ဒါ ငါနဲ့ဘာဆိုင်လို့လဲကွ…””ငါပြောတာဆုံးအောင်နားထောင်ပါဦးကွ…ဒီလို…ဦးစံမတူက ပီယအဆောင်စီရင်ဖို့အတွက် အစိမ်းသေ မိန်းမ၃ ယာက်ရဲ့လုံချည်စနဲ့ သွေးလိုတာတဲ့ဗျာ…””ဟင်…အစိမ်းသေ မိန်းမ၃ယောက်ရဲ့လုံချည်စ နဲ့သွေး…ဟုတ်လား…””အေး…ဟုတ်တယ်…ဦးစံမတူက အစိမ်းသေ မိန်းမ ၃ယောက်ကို ၇ ရက်အတွင်းမှာ တွေ့အောင်ရှာပြီး အစီအရင်လုပ်ရမှာတဲ့…၇ ရက်ကျော်သွားရင်တော့ အစီအရင်ပျက်စီးသွားမှာတဲ့… ဆိုလိုတာက စပြီးစီရင်တဲ့ ရက်ကစပြီး၇ ရက်ထက်ကြာလို့မရဘူး…အစိမ်းသေမိန်းမ၃ ယောက်ကို ၇ ရက်အတွင်းရအောင်ရှာရမှာ…ဦးစံမတူတပည့်သာဂိက ငါ့သူငယ်ချင်းအရင်းကြီးဆိုတော့ငါ့ကိုပြောပြတာ…ငါလည်း ဘိုင်ပြတ်နေတာနဲ့ ဦးစံမတူဆီသွားပြီးအစိမ်းသေကူရှာပေးမယ်…ဝေစုဘယ်လိုပေးမှာလဲလို့မေးတော့ ဦးစံမတူက တစ်လောင်းရှာပေးရင်၇ သိန်းပေးမယ်တဲ့…၃ လောင်းစလုံးတပတ်အတွင်းရှာပေးနိုင်ရင် သိန်း ၃၀ ပေးမှာတဲ့….ငါနဲ့ သာဂိကို ယုံကြည်ရတဲ့လူ၊ နှုတ်လုံတဲ့လူ၊ အဲ့အလုပ် လုပ်ချင်တဲ့သူရှိရင် သူ့ဆီခေါ်လာလို့မှာထားတယ်…မင်းလိုက်မလား…”ကျွန်တော် စဉ်းစားမနေတော့…အုပ်စိုးကို ချက်ချင်းပြောလိုက်တယ်…”လိုက်မယ်ကွာ….”

ဦးစံမတူက ကျွန်တော့်ကို သေချာစိုက်ကြည့်ရင်း…”ရွာတောင်ပိုင်းက သူရိန်ပဲ…ဒီအလုပ်လုပ်ရင် မကြောက်တက်ဖို့တော့လိုမယ်နော်…””ဟုတ်ကဲ့…ကျွန်တော် မကြောက်တက်ပါဘူး…””နောက်တစ်ခုက ဥပဒေအပြင်က အလုပ်ဖြစ်လို့ နှုတ်လုံရမယ်…တွေ့ကရာလူကို ဒီအလုပ်အကြောင်းပြောပြလို့မရဘူး…””အဲ့ဒါလည်း စိတ်ချပါ…””အေး…အလုပ်အကြောင်းပြောမယ်…အစိမ်းသေမိန်းမ အလောင်းတွေ့ရင် အလောင်းကထမီစကို ခြောက်လက်မလောက် စတိဖြဲယူလာရမယ်…ပြီးရင် အလောင်းရဲ့ ခန္ဓာကိုယ်ကို တခုခုနဲ့ ထိုးဖောက်ပြီး အဲ့ထမီစကိုသွေးပေအောင်သုတ်ရမယ်…ပြီးရင် အဲ့ဒီထမီစကိုငါ့ဆီယူလာယုံပဲ…လွယ်ပါတယ်…သတိထားရမှာက အစိမ်းသေမိန်းမကအသက် ၁၆ နှစ်အထက်ဖြစ်ဖို့လိုတယ်နော်…တစ်ခုလုပ်ပေးရင် ၇သိန်းပေးမယ်…အေး၇ ရက်အတွင်း၃ ခုရှာပေးနိုင်ရင်တော့ သိန်း၃၀ ပေးမယ်…. ငွေများများလိုချင်ရင်တော့ ၃ခုပြည့်အောင်ရှာပေါ့ကွာ….”ကျွန်တော်လည်း ငွေကလွဲ၍ဘာမှမမြင်သော အချိန်ဖြစ်နေသည်မို့…”လုပ်မယ်ဗျာ….”ဦးစံမတူက မည်းညစ်နေသောသွားများပေါ်အောင် ပြုံးလိုက်ရင်း…”ကောင်းပြီ ဒါဆို မင်းစလုပ်တော့…တခုသတိထားရမှာက ပထမတစ်ယောက်စပြီဆိုတာနဲ့…ရက်စရေပြီနော် နောက်၂ယောက်ကို ၇ရက်အတွင်းထပ်ရမှ မင်းကိုငါ သိန်း၃၀ ပေးနိုင်မှာ…၇ရက်ကျော်မှ ထပ်လာပေးလည်းငါမယူတော့ဘူး…မင်းလည်းငွေမရတော့ဘူး…အစိမ်းသေရဲ့ ဝိညဉ်ခြောက်လှန့်နိုင်တယ်ဒါပေမယ့် မင်းမကြောက်နဲ့ လတ်တလောသေထားတဲ့ ဝိညာဉ်ရဲ့ကမ္မဇိတ္ထိက လူကိုသေအောင်မတိုက်ခိုက်နိုင်ပါဘူး…အေး…အကြောက်လွန်ပြီးဂန့်သွားရင်တော့ မတက်နိုင်ဘူးပေါ့ကွာ… ငါဆိုလိုတာကခြောက်လှန့်ယုံပဲတက်နိုင်ကြတယ်လို့ပြောတာ..
မင်းအစိမ်းသေအလောင်းတွေ့လို့ ထမီစယူလာခဲ့လို့ အဲ့ဒီ့အစိမ်းသေ သရဲကမင်းကိုနှောက်ယှက်ခြောက်လှန့်ရင် ငါ့ကိုပြော ထပ်ပြီး
မခြောက်လှန့်အောင် ငါလုပ်ပေးမယ်…အဲ့ဒါငါ့တာဝန်ထား…ဟုတ်ပြီလား…တစ်ခုတော့ပြောထားမယ်နော် မင်းယူလာတာ အစိမ်းသေရဲ့လုံချည်စ အစစ်ဟုတ်လားမဟုတ်လားဆိုတာ ငါစစ်ဆေးတာနဲ့ သိနိုင်တယ်
ငါ့ကို ဂျင်းထည့်ဖို့တော့ မကြိုးစားနဲ့…မင်း…မကြောက်တက်တာ သေချာပါတယ်နော်…တကယ်လုပ်မှာလား…”ကျွန်တော် အနည်းငယ် တွေဝေမိသောအတွေးကို မောင်းထုတ်ပစ်လိုက်ရင်း…”ကျွန်တော် လုပ်မှာပါ….ဘာပဲဖြစ်ဖြစ်လုပ်မယ်ဗျာ…”

မနေ့ညက ရွာသင်္ချိုင်းမှ ယူလာခဲ့သော အစိမ်းသေ လုံချည်စကိုကြည့်ရင်း ကျွန်တော်ပြုံးလိုက်မိတယ်… နောက်ထပ်၆ ရက်အတွင်း အစိမ်းသေ အလောင်း၂ခုကိုထပ်ရှာရဦးမယ်…ဖူးကို အဆုံးရှုံးမခံနိုင်သော စိတ်က အရာ
အားလုံးထက် ထက်သန်နေမိတယ်…”အမလေး….သမီးရယ်…အဖြစ်ဆိုးလှချည်လား…””ဟင်…”အမျိုးသမီးတစ်ယောက်၏ငိုသံနှင့်အတူစုစုရုံးရုံး ဖြစ်လာသော ရွာသားများရှိရာသို့ကျွန်တော် သွားကြည့်မိတယ်…

“ဟင်….ရွာထဲမှ မိန်းကလေးတစ်ယောက်ဝမ်းဗိုက်မှာ ဒဏ်ရာနဲ့ သေဆုံးနေတာပါလား…ရွာလယ်ပိုင်းမှနှင်းနုဖြစ်ပြီး ၁၇ နှစ်အရွယ်သာရှိပါသေးတယ်…သူမရဲ့ အမေကတော့ ရင်ဘက်စည်တီး အော်ငိုနေတုန်းပါပဲ…”ရွာသားတစ်ယောက်ကို ကျွန်တော်မေးလိုက်မိတယ်..”နှင်းနုက ဘယ်လိုဖြစ်တာလဲဗျ…””မျစ်ချိုးသွားရင်း ချော်လဲတာ…ငရဲငုတ်အပေါ်ကို မှောက်ရက် လဲကျတာလေ…ပွဲချင်းပြီးပါပဲ…စိတ်မကောင်းစရာပဲဗျာ…”

ကျွန်တော် နှင်းနုအလောင်းကို လှမ်းကြည့် မိရင်း စိတ်မကောင်းဖြစ်သွားမိတယ်…ငယ်ငယ်ရွယ်ရွယ်နဲ့ အဖြစ်ဆိုးရှာပါလား…ဒါပေမယ့် ကျွန်တော်တစ်စုံတစ်ခုကိုသတိရလိုက်မိတာကြောင့် အနည်းငယ်ပြုံးလိုက်မိ
တယ်…သေတဲ့သူကသေပြီလေ သူ့ရဲ့ခန္ဓာကိုယ်က ကျွန်တော့်အတွက် အသုံးဝင်နေသေးတယ်မဟုတ်လား…

နှင်းနုအသုဘမှာ ကျွန်တော်လည်းရှိနေတယ်…ဖဲဝိုင်းကတော့ လူသိပ်မများပါဘူး ခြောက်ကပ်ကပ်ပါပဲ….ကျွန်တော်အကြံအစည်ရှိတာကြောင့်
နှင်းနုအလောင်းကို အလစ်ချောင်းနေမိတယ်…အိမ်သားတွေ အလစ်၊ ဖဲကစားနေတဲ့လူတွေအလစ်မှာ နှင်းနုအလောင်းမှာဝတ်ထားတဲ့ လုံချည်
အောက်နားစကို ဓားနဲ့ခြောက်လက်မလောက်စတိဖြဲယူလိုက်တယ်…လူတွေသတိမထားမိအောင် လုံချည်အနားစကိုအလောင်းရဲ့ ခြေသ
လုံး အနောက်ဘက်ကနေ ဖြဲယူလိုက်တာပါ…ပြီးတော့ခပ်သွပ်သွပ်ပဲ အလောင်းရဲ့ ခြေသလုံး နံဘေးကို ဓားဦးနဲ့ထိုးဖောက်လိုက်ပြီးသွေးစေးတွေကို လုံချည်စနဲ့သုတ်ယူလိုက်တယ်…ကျွန်တော်လိုချင်တာ ရပြီမို့လို့ နာရေးအိမ်ကနေ ဟန်မပျက်ပြန်လာခဲ့တယ်…

ကျွန်တော် လုံချည်စ၃ခုပြည့်မှ အောက်လမ်းဆရာ ဦးစံမတူကိုအပ်မယ်လို့ စိတ်ကူးထားတယ်…အခုဆိုရင် နှင်းနုရဲ့လုံချည်စနဲ့ ယွန်းကဗျာရဲ့ လုံချည်စ၂ခု ကျွန်တော့်မှာရှိနေပါပြီ…အချိန်ကတော့ ၃ ရက်ကုန်လွန်ခဲ့ပါပြီ…ဖူးကို ဆေးကုပေးနိုင်တော့မှာမို့လို့ ကျွန်တော်အရမ်းပျော်နေမိပါတယ်…နောက်ထပ် အစိမ်းသေအလောင်းတစ်ခုထပ်ရရင် ကျွန်တော့်ဆန္ဒတွေပြည့်ဝပါပြီ…ရှပ်…ရှပ်…ရှပ်…ရှပ်…..”ဟင်…”နောက်ဖက်မှ ခြေသံတွေကြားနေရတာကြောင့် ကျွန်တော်လမ်းလျှောက်တာကိုရပ်လိုက်တယ်…
ဘာသံမှမကြားရတော့ပါလား…နာရေးအိမ်မှ အပြန်လမ်းက မှောင်မိုက်နေပြီး ခပ်လှမ်းလှမ်းကလမ်းမီးမှုံဝါးဝါး အလင်းရောင်လေးသာရှိနေပါတယ်…

ကျွန်တော် လမ်းပြန်လျှေက်တော့ ခြေသံတွေပြန်ကြားရပြန်တယ်…ရှပ်…ရှပ်…ရှပ်…ရှပ်…ကျွန်တော်သွားလျှင် လိုက်သွား ကျွန်တော်ရပ်လျှင် လိုက်ရပ်နေသော ထိုခြေသံရှင်များကို ကျွန်တော်လှည့်ကြည့်လိုက်မိတယ်…မှုံဝါးဝါး လမ်းမီးတိုင်က အလင်းရောင်အောက်မှာ နှင်းနုနဲ့ ယွန်းကဗျာကိုတွေ့လိုက်ရပါတယ်…အလင်းရောင်အားနည်းနေလို့ ပုံသဏ္ဍန်
အရမ်းမသဲကွဲပေမယ့် တစ်ရွာတည်းသားတွေဖြစ်တာကြောင့် ကျွန်တော်သူမတို့ကိုမြင်တာနဲ့မှတ်မိပါတယ်…”ဟာ…ယွန်းတို့ပါလား..ဒီအချိန်ကြီးဘယ်က ဟင်….”ကျွန်တော်သူမတို့၂ယောက်ကို နှုတ်ဆက်ရန်တွေးလိုက်မိပြီးမှ သူမတို့သည်သေဆုံးပြီးသူများဖြစ်သည်ကို သတိရမိသွားပြီး ကြက်သီးတဖြန်းဖြန်းထကာ အလွန်တရာ ထိတ်လန့်သွားမိပါတယ်…

“ဟင်…သ…သရဲ…”ကျွန်တော်အမြန်ဆုံး အိမ်ရှိရာကိုထွက်ပြေးလာခဲ့ပါတယ်…ပြေးနေသည့်တိုင် နောက်ဖက်မှ အဆက်မပြတ်လိုက်လာသော ခြေသံများကြောင့် ကျွန်တော် အမြန်နှုံးကို မလျှော့ရဲ…အထိတ်တလန့်
ပြေးလာခဲ့ရာ အိမ်ရောက်သည်အထိပင်…အိမ်ခြံဝန်းထဲ ရောက်သည်နှင့် ခြံတံခါးကို အမြန်ပိတ်လိုက်ပြီး အိမ်ပေါ်ပြေးတက်လာခဲ့တယ်…ပြတင်းပေါက်ကို အနည်းငယ်ဟပြီးအပြင် လမ်းမပေါ်ကို လှမ်းကြည့်လိုက်မိတယ်…

“ဟင်…”မိန်းကလေး အရိပ်၂ခုက ကျွန်တော့်အိမ်ခြံအရှေ့လမ်းမပေါ်ကနေ ကျွန်တော့်အိမ်ကိုလှမ်းကြည့်နေကြပါလား….ကျွန်တော် သူမတို့၂ယောက် ရဲ့လုံချည်စတွေကို ပီယအစီအရင်မှာသုံးဖို့ ဖြတ်ယူခဲ့တာ
ကို မကျေနပ်ကြတာများလား….ကျွန်တော် ရာသီဥတု မပူဘဲဇောချွေးတွေတကိုယ်လုံးရွှဲနင့်နေပါတယ်…ကျွန်တော်ဖူးနဲ့ ဆုံနေကျနေရာလေးမှာတွေ့ဖြစ်ကြပြန်တယ်…ကျွန်တော်မြတ်နိုးတဲ့ ဖူးရဲ့မဟူရာ ဆံနွယ်
ရှည်လေးတွေကို တယုတယကိုင်ရင်း နမ်းရှိုက်လိုက်မိတယ်…
ဖူးကတော့ ကျွန်တော့်ကို ပြုံးပြီးကြည့်နေတယ်…ဖူးပိုပိန်သွားတယ်… အသားအရည်တွေလည်း နည်းနည်းလေးခြောက်သွေ့နေသလိုပဲ..
ဝေဒနာခံစားရလို့ဖြစ်ပါလိမ့်မယ်…ဖူးရဲ့ဝေဒနာဆိုးကြီးကို ကုသဖို့ ကိုယ်ငွေတွေ မကြာခင်ရတော့မှာပါ..ဖူးကိုကိုယ်ရအောင်ကယ်မယ်…
ခဏလေးပဲ သီးခံပါဖူးရယ်…ဖူးက ကျွန်တော့်ကိုပြုံးပြီးကြည့်နေရင်း..”ဘာတွေတွေးနေတာလဲ ကိုကိုရဲ့…”ကျွန်တော်လည်း သူမကိုပြန်ပြုံးပြလိုက်ရင်း…”ဖူးရဲ့ ကျောက်ကပ်ရောဂါကုဖို့ ကိုယ်ငွေရှာဖို့တွေးနေတာပါ…”သူမနွမ်းလျစွာ ပြုံးလိုက်ရင်း…

“ကံစီမံရာပဲပေါ့ ကိုကိုရယ်…ဖူးသေရမှာမကြောက်ပါဘူးလေ…ကိုကိုနဲ့ခွဲရမှာကို ပိုပြီးကြောက်တာပါ….ကိုကို…ဖူးမရှိတော့ရင်လည်းဖူးကိုမေ့ပစ်
ပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင်နေရမယ်နော်…ဖူးတမလွန်ကနေ ကိုကိုမှိုင်တွေနေတာကို မမြင်ပါရစေနဲ့…”သူမရဲ့စကားဆုံးတာနဲ့ ကျွန်တော် သူမ
ကို မြတ်နိုးမွတ်သိပ်စွာ ပွေ့ဖက်လိုက်မိတယ်…ဖူးကလည်း သူမရဲ့လက်ဖဝါးနုနုလေးနဲ့ကျွန်တော့်ကျောပြင်ကို ခပ်ဖွဖွလေးပြန်ဖက်ထားပါတယ်…
ကျွန်တော့်ရင်ထဲမှာ ဖော်ပြလို့မရတဲ့ စကားတွေ အများကြီးနဲ့ပေါ့…”ဖူးကိုဆေးကုဖို့ ကိုယ်ငွေရှာနေတယ်…ကိုယ်…ဖူးကို ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးခံမှာမဟုတ်ပါဘူး….”

ကျွန်တော် အရမ်းစိတ်ညစ်နေမိတယ်…၅ရက်မြောက် ညကိုရောက်လာပြီလေ…ရွာမှာရော ရွာနီးချုပ်စပ်ရွာတွေမှာရောတခြားလက်လှမ်းမှီသမျှရွာတွေမှာရော အစိမ်းသေသေတဲ့ မိန်းမလုံးဝရှိမလာလို့ပါပဲ…အုပ်စိုးကလည်း ကျွန်တော့်ဒုက္ခကိုကိုယ်ချင်းစာလို့ သူလက်လှမ်းမှီသမျှ ရှာပေးရှာပါတယ်…ဒါပေမယ့်သူလည်း ရှာမရဘူးလို့ပြောတယ်….၇ရက်ကျော်သွားမှာ ကြောက်တာကြောင့်ကျွန်တော့်လက်ထဲမှာရှိတဲ့ လုံချည်စ၂ခုကိုပဲ
ဦးစံမတူဆီအပ်ရကောင်းမလားလို့တွေးလိုက်မိတယ်…ဒါလည်းမဖြစ်သေးပါဘူး…သူက တစ်ခုမှ ၇ သိန်းထဲပေးမှာဆိုတော့ ၂ခုမှ ၁၄ သိန်းပဲရ
မှာ… ဒီလောက်နဲ့တော့ ဖူးကိုဆေးကုဖို့ မလုံလောက်သေးဘူး….နောက်ထပ်တစ်ခုရလို့ ၃ခုပေါင်းပေးနိုင်မှသာသိန်း ၃၀ ရမှာမဟုတ်လား…

ညအမှောင်က အရာအားလုံးကို ဝါးမြိုထားပြန်တယ်….ဒွိဟ အတွေးပေါင်းစုံနဲ့ ရွာအဝင်လမ်းမှာ ကျွန်တော်ထိုင်နေမိတယ်…ကျွန်တော့်ခေါင်းထဲ
မှာ ဖူးအတွက်ငွေရချင်စိတ်နဲ့မိန်းမတစ်ယောက်အစိမ်းသေ သေပါစေလို့တောင် အောက်တန်းကျကျ ဆုတောင်းနေမိတယ်….ဖူးအတွက် ကျွန်တော် အရာရာကို အတ္တမျက်လုံးနဲ့သာ ကြည့်နေမိတော့တယ်…မလှမ်းမကမ်းမှာ မိန်းကလေးအရိပ်၂ခုကိုတွေ့နေရပေမယ့် ဦးစံမတူပေးထားတဲ့အဆောင်ကို လည်ပင်းမှာဆွဲထားတာကြောင့် အရိပ်၂ခု ကျွန်တော့်အနားကို မလာရဲကြဘူး…ကျွန်တော်လည်း အတွေးတွေ ရှုတ်ရှပ်ခက်
နေတာကြောင့် သရဲကြောက်တဲ့စိတ်တောင်မရှိတော့ပါဘူး..နောက်ထပ်အစိမ်းသေတစ်လောင်းရဲ့ လုံချည်စကိုသာ သဲသဲမဲမဲလိုချင်နေမိတယ်…

ည ၈ နာရီထိုးပြီဖြစ်လို့ ရွာအဝင်လမ်းကလူသွားလူလာမရှိတော့ပါး…ခြောက်ကပ်တိတ်ဆိတ်နေပါပြီ…ရွာဦးစေတီဘက်ကနေ ရွာဘက်ကို တ
ဖြည်းဖြည်းလျှောက်လာနေသော မိန်းကလေးအရိပ်တစ်ခု….မလှမ်းမကမ်းကလမ်းမီးဝိုးတဝါးအလင်းရောင်ကြောင့် ကိုယ်လုံးလှလှလေးကိုမြင်နေရပါတယ်…ဆံပင်အတိုလေးနဲ့ ဖြစ်ပြီး တဘက်တထည်ကို ဘယ်ဘက်ပုခုံးပေါ်တင်ထားပါတယ်…စေတီဖက်က ပြန်လာပုံပါပဲ…စိတ်ညစ်ညစ်နဲ့ သောက်ထားတဲ့ ချက်အရက်တန်ခိုးကြောင့် စိတ်ထဲမှာပုန်းနေတဲ့အတ္တ
မကောင်းဆိုးဝါးက ထကြွလာပါတော့တယ်…အလောတကြီး အလိုရှိနေတဲ့ အစိမ်းသေ မိန်းမအလောင်းကို ကျွန်တော် မရရတဲ့နည်းနဲ့ဖန်တီးပြီးယူဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်…ကျွန်တော် သူမအနားရောက်မလာခင်ခြုံတစ်ခုနောက်မှာပုန်းနေလိုက်တယ်…သူမ ကျွန်တော့်အနားကနေ ဖြတ်သွားတော့မှ နောက်ဖက်ကနေ ခြေသံမကြားအောင်ကပ်လိုက်သွားပြီး သူမရဲ့ပါးစပ်ကို လက်ဝါးနဲ့အားကုန်ဖိအုပ်လိုက်ပါတယ်…

“အု….အွန်း….ဟွန်း….အွန်း…”သူမကြောက်လန့်တကြား ရုန်းကန်နေပေမယ့် အင်အားချင်းမမျှတာကြောင့် အချည်းအနှီးသာဖြစ်ခဲ့ပါတယ်… ကျွန်တော် အသင့်ပါလာတဲ့ဓားမြောင်နဲ့သူမရဲ့ လည်ပင်းကို အမြန်လှီးဖြတ်လိုက်တော့တယ်…ဇွပ်….”အင့်… အ!…”သူမလည်တိုင်က ကျလာတဲ့သွေးစက်နွေးနွေးတွေ ကျွန်တော့်လက်ဖမိုးကို လာစင်တယ်…သူမ တစ်ကိုယ်လုံးတဆက်ဆက်ခါသွားပြီး ဒူးညွတ်လဲကျသွားပါတော့တယ်…

ကျွန်တော်လည်း သူမရဲ့လုံချည်အောက်နားစကို ဓားနဲ့အမြန်ဖြဲယူလိုက်ပြီး သွေးနဲ့သုတ်လိုက်တယ် ပြီးတော့ သူမရဲ့အင်္ကျီနဲ့ပဲ ကျွန်တော့်လက်ဖမိုးကသွေးတွေကို သုတ်လိုက်တယ်…ကျွန်တော် နှဖူးကဇောချွေးတွေကို သုတ်ပြီး သက်ပြင်းချလိုက်ရင်း…”ငါ့ကို ခွင့်လွတ်ပါ မိန်းကလေး…ငါစိတ်မကောင်းပါဘူး…ငါ့အသက်လောက်ချစ်ရတဲ့ငါ့ချစ်သူကိုကယ်ဖို့အတွက် မင်းကို စတေးလိုက်ရတာပါ….”မိန်းကလေးရဲ့အလောင်းကို နီးစပ်ရာခြုံထဲဆွဲသွင်းလိုက်ပြီးကျွန်တော်မှောင်မဲတိတ်ဆိတ်နေတဲ့ နေရာကနေ ဦးစံမတူအိမ်ကိုအမြန်ဆုံးပြေးသွားမိပါတော့တယ်…

မနက် မိုးလင်းတာနဲ့ ကျွန်တော် ဦးစံမတူဆီကရတဲ့ ငွေထုတ်ကိုပိုက်ပြီး ဖူးရဲ့အိမ်ကိုအမြန်ဆုံးပြေးလာခဲ့မိတယ်….ကျွန်တော်ပျော်လွန်းလို့ တစ်ညလုံးကိုအိပ်လို့မရသေးဘူး….ဖူးကို ကယ်နိုင်ပြီလေ…ဖူးခြံရှေ့ကို ရောက်တာနဲ့ ကျွန်တော်ဖူးကိုလှမ်းခေါ်တယ်…”ဖူးရေ…ဖူး…”ဖူးထွက်မလာပါ…ကျွန်တော်လည်းစိတ်မရှည်တာနဲ့ ခြံထဲဝင်လာခဲ့တယ်…ဖူးတို့အိမ်မှာ
လူမရှိတာလား…တိတ်ဆိတ်နေတယ်…ထိုစဉ်မှာပဲ ဖူးရဲ့မိခင် ခြံထဲကို ကမန်းကတမ်းအမူအရာနဲ့ဝင်လာပါတယ်…ကျွန်တော့်ကိုတွေ့တာတောင်ပြူံးမပြဘူး…သူမ တစ်ခုခုကိုစိုးရိမ်သောက ရောက်နေပုံရပါတယ်…

“ဒေါ်လေး…ဖူးဘယ်သွားလဲဟင်…””သမီးညကတည်းက အိမ်ပြန်မလာတာသားရဲ့….အိမ်ကလူတွေရော အိမ်နားက လူတွေရော ဝိုင်းရှာပေးနေကြတာ…ညက မိုးချုပ်ကာနီးကာမရွာဦးစေတီမှာ ဘုရားဝတ်ပြုချင်လို့ဆိုပြီးထွက်သွားတာပါပဲ….””ဟင်….ရွာဦးစေတီ….””ဟုတ်တယ် သားရေ…အခုတစ်လောသမီးလေး ဘာသာရေးသိပ်လုပ်တယ်…သူ့ကိုယ်
သူလည်း မနေရတော့ဘူးလို့ထင်နေပုံရပါတယ်..ရောဂါနဲ့ မသေခင် နောင်ဘဝပါမယ့်ကုသိုလ်လေးတွေ တက်နိုင်သလောက်လုပ်မယ်လို့ပြော
တယ်….”

“ဝမ်းသာစရာပြောရဦးမယ်သားရေ မိုးကုတ်မှာအလုပ်သွားလုပ်နေတဲ့ သမီးဦးလေးဖိုးကျိုင်းလေ…ဒီမနက်ပဲရွာကိုရောက်လာတယ်… သမီးဖူးလေးရဲ့ ကျောက်ကပ်ရောဂါကို ကုဖို့ကုန်ကျစရိတ်အားလုံး သူတာဝန်ယူမယ်တဲ့…ဖိုးကျိုင်းက တော်တော်ချမ်းသာနေပြီလေ သူ့တူမလေးကို ဒီရောဂါနဲ့ အသေမခံနိုင်ဘူးတဲ့..ဒေါ်လေးဝမ်းသာလိုက်တာကွယ်…ခက်တာက သမီးလေးက ညကတည်းကပြန်မလာဘူး…တဖက်ရွာကသူ့သူငယ်ချင်းမင်္ဂလာဆောင်များသွားလားမပြောတက်ဘူး..ဒါပေမယ့် ဒီကလေးအဲ့လို မပြောဘဲမသွားတက်ပါဘူး….”

ကျွန်တော် ဒေါ်လေးစကားကြောင့်အရမ်းဝမ်းသာသွားမိတယ်…ဖူးကိုအသက်ဆက်ပေးမယ့်သူပေါ်လာပြီဆိုတော့ ကျွန်တော်ရှာထားတဲ့ငွေတွေကိုတော့ ကျွန်တော်နဲ့ဖူး လက်ထပ်ပြီးမှ အိမ်ယာအသစ်ထူထောင်တဲ့နေရာမှာသုံးဖို့ တွေးလိုက်မိတယ်…တဆက်တည်းမှာဘဲ ဒီလိုမှန်းသိရင်..
ငွေအလောတကြီးမလိုတော့တဲ့အတွက် ညကမိန်းကလေးကို မသတ်ခဲ့ပါဘူးလို့ ကျွန်တော်တွေးမိလိုက်ပါတယ်….

ဒေါ်လေးကဆက်ပြောတယ်”သမီးလေးကသူ့ကိုယ်သူ သေလူလို့သတ်
မှတ်နေပုံရတယ်…အရင်ကထက်ဘာသာရေးပိုလုပ်နေတယ်…သူအမြတ်တနိုးထားတဲ့ ဆံပင်ကိုတောင်မနေ့က ညနေကဖြတ်ပြီး ရောင်းပစ်လိုက်ပြီလေ…အဲ့ဒီ့ဆံပင်ရောင်းလို့ရတဲ့ငွေကို ရွာဦးစေတီပြုပြင်တဲ့ အသုံးစရိတ်မှာ လှူမှာတဲ့လေ…””ဗျာ!!…”ကျွန်တော့်ရင်ကို ၁၀ပေါင်တူနဲ့ထုလိုက်
သလို နင့်ကနဲကို ခံစားလိုက်ရတယ်…ဘုရားရေ…ဒါဆိုဖူးက ဆံပင်အတိုနဲ့ပေါ့…ည…ညက…ဘုရား ဘုရား…ဖူး…ဖူး..မဟုတ်ပါစေနဲ့….

ကျွန်တော် ရွာပြင်ဘက်ကိုအမြန်ဆုံးပြေးလာခဲ့မိတယ် အလောသုံးဆယ်မို့လို့ ခြေလှမ်းတွေ အလဲလဲအပြိုပြိုပါပဲ…..ရွာပြင်လမ်းကလေးက အခုချိန်အထိလူအသွားအလာ နည်းနေဆဲပါ…ကျွန်တော် ညက ခြုံထဲမှာဖွတ်ခဲ့တဲ့မိန်းကလေးအလောင်းကို အမြန်ဆွဲထုတ်ပြီးကြည့်လိုက်မိတယ်….” ဟာ!!!.. ….”” ဖူး!!!……”ကျွန်တော့်ရင်ကို အစူးရှဆုံးဓားနဲ့ထိုးစိုက်သလိုခံစားလိုက်ရတယ်….တစ်ကိုယ်လုံး သွေးတွေနင့်လို့ပါလားဖူးရယ်…အပ်ဖျားလေးနဲ့တောင်မတို့မထိရက်တဲ့ ကျွန်တော်အမြတ်နိုးဆုံးပန်းလေး..အခုတော့ကျွန်တော့်ရဲ့မိုက်မဲမှုကြောင့် ရက်စက်စွာကြွေလွင့်ခဲ့ရပြီ…

“ဖူး….အ!!…ငါ့ရဲ့ဖူး.. …. ..အ!!……ဖူးရယ်… .. .. “ကျွန်တော့် ဘယ်ဘက်ရင်အုံမှ ပြင်းထန်စွာလှုပ်ရှားအောင့်သက်လာတဲ့ဝေဒနာကြောင့်ကျွန်တော်အသက်ရှုရခက်နေပါပြီ….ဖူးရဲ့ သက်မဲ့ခန္ဓာကိုယ်လေးကို ကျစ်ကျစ်ပါအောင် ဖက်ထားရင်း ကျွန်တော့်ရဲ့မျက်လုံးအမြင်တွေ ပြာရာကနေမည်းလာတယ်…အရာအားလုံး အမှောင်ပိတ်ဖုံးလို့ ထာဝရရပ်တန့်တော့မယ့်ကျွန်တော့်နှလုံးသားကိုကျွန်တော်ကျေးဇူးတင်လိုက်မိပါတယ်….
ကျွန်တော့်ကို နာကျင်မှုတွေနဲ့ အသက်ရှင်ခွင့် မပေးခဲ့တဲ့အတွက်ပေါ့….