ရွာနှင့်ဗဟိုအလယ်ကျရာ၊ ထို့နောက် ရွာနီးရာ၊ ထို့နောက် ရွာကွင်းရွာယာများထဲ အတင့်ရဲစွာ ခိုး၏။
ငကျောက်နှင့် ငရွှေတို့၏ တောလိုက်ဆရာ၊ ဆရာခက ခေါ်ဆုံးမ၏။
“မအေပေး နှစ်ကောင်၊ ခိုးစားမှာဖြင့် အသားလွတ် ခိုးစားကွ၊ ငါရိုးမ နှစ်ယောက် လုပ်တာနဲ့၊ တို့လို မွဲလို့ တောလိုက်စားနေရတဲ့ ရွာမုဆိုးစည်းစောင့်သူတွေ ကြားထဲက အထင်လွဲ အသတ်ခံရဦးမယ်၊ မဟုတ်တာ လုပ်ပြီး မင်းတို့ သုံးလုံးထိုး၊ နှစ်လုံးထိုး၊ ရှီးတဲ့မှ ပေါက်မယ်၊ ပေါက်လည်း ပါနီထဲကရေ ပါနီထဲ ပြန်သွားမယ်၊ ရပ်ကြ၊ ငါရိုးမသားတွေ”
ဘဝဟောင်းက ဘဝတူ ရွာမုဆိုးများ၏ ကြားချောင်၍ အရိုက် အနှက်ခံရ၊ ချောင်းအသတ်ခံရ ဖြစ်နိုင်မှန်း ငကျောက်ရော ငရွှေပါသိ၏၊ အပျောက်အရှ နာလွန်းသောသူက ညဘက် ထွက်လေ့ရှိသူ ရွာမုဆိုးကို အထင်လွဲ သတ်နိုင်၊ ရိုက်နိုင်မှန်းသိသော်လည်း ငကျောက်တို့ နောက်ဆုတ် မရတော့။
ရွာမုဆိုးဟန် မဆောင်ဘဲ ညဘက် တောထွက်ကြည့်စမ်းပါ၊ ခရီးသွားကပဲဖြစ်ဖြစ်၊ တောသွားတောပြန်ကပဲဖြစ်ဖြစ်၊ တောထဲနေ ထန်းတဲ၊ ခြံစောင့်တဲကပဲဖြစ်ဖြစ် သီးနှံ သူခိုးမှန်း တန်းခနဲ သိသည်။ ညဘက် ခိုးယူ ရန် နေ့ဘက်၌ သွားအကဲခတ်ပါ၊ ည၌ပျောက်က မနက်၌ ထိုလူက တန်းခနဲသိ၊ အိမ်လိုက်ရှာ လက်တွေ့မိသည်။ ရွာမုဆိုးဟန်ဆောင်၊ ရွာမုဆိုး အလုပ်ခွင်ဝင်သော သဘောဆောင်က ကြိုက်ရာသွား ရသည်။ ကြိုက်ရာ ကြည့်ရသည်။ ခိုးချိန်၌လည်း ဘယ်အချိန်ခိုးခိုး၊ ရွာမုဆိုး သား ကောင် လိုက်ချိန်က အချိန်ကန့်သတ်ချက် မရှိ။ ယနေ့ည သူတို့ ငှက်ပျော ခိုးခဲ့သည်မှာလည်း ရွာမုဆိုး အကာအကွယ်နှင့် ပါ။
ယခင်သမားရိုးကျ ငှက်ပျောခြံ၊ သရက်ခြံကို တစ်စုတစ်စည်းတည်း စိုက်သည်။ မြစ်ရေတင်ယာမှ လယ်ပေါ်ပေါက်လာချိန်၌ လယ်ကန်သင်း များတွင် သူသူငါငါ သရက် အိမ်စား နှစ်ပင် သုံးပင်၊ ငှက်ပျောအိမ်သုံး လေးငါးဆယ်ပင် စိုက်ရာ ညစောင့်မရှိ၊ ဘကြီးမိုး ငှက်ပျောပင်ကြီးနှင့် လယ်ချင်းကပ် ဘကြီးလူ ငှက်ပျောပင်ကို ငကျောက်တို့ ခိုးကွင်း မျက်စိကျ နေကြသည်မှာ လေးငါးရက် ရှိနေပြီ။
ဘကြီးမိုးလယ်က ဘောင်ခြေစက်ဖြင့် မြေကုပ်ရေချိုင့် အနောက်ဘေးရှိသည်။ ထိုနေရာ၌ ဗျတ်ပြေ့ငှက်ပျောမျိုး ဆယ်ပင်ကျော် ကန်သင်း စိုက်ထားသည်။ စပါးပြီး ကုလားပဲ ကျဲပက်ထားရာ နွားမဝင်ရ၊ နေ့ခင်း၌ ဘကြီးမိုးက စောင့်ပြီး ဗျက်ပြေ့ငှက်ပျောပင်ကြီး တစ်ရုံကို ဆူးထူထူ ကာထားသည်။ ထို ငှက်ပျောရုံမှ ဗျက်ပြေ့ငှက်ပျော လက်ရင်းအဖီးမှာ တစ်ဖီးလုံး မှည့်ကာ ဝင်းဝါနေသည်။ အောက်ဒုတိယ အဖီးပင်လျှင် သုံး လေးလုံး ဝါနေပြီ။ ငှက်ပျော ဇောင်းလုံးခုတ်နေကျ မခုတ်ဘဲ ပင်မှည့် အထိထား၊ ပင်မှည့်မှာ ၁ ဖီးသာမက နောက်အဖီးပါ လိုက်မှည့်နေသော ဗျတ်ပြေ့က တောမုဆိုးယောင် ဆောင်ထားသော ငကျောက်တို့အား ခိုးရန် နှိုးဆော်နေသည်။
ဘကြီးမိုးကလည်း သူတို့နယ်မှာ ရွာမုဆိုး အရေခြုံ၍ ရရာကိုစီးပွားဖြစ် ခိုးနေသော ရွာသူခိုး ပေါ်နေပြီဟု သိသည်။ ထို့ကြောင့် သူ့ ငှက်ပျောမှန်သမျှကို ဇောင်း(စောင်း) လုံးခုတ်၊ ဆေးတို့အုပ်ခဲ့သည်။ ယခု ငှက်ပျောသီးကို ခုတ်အုပ်ရန် အလုပ်တွင် ငှက်ပျောခိုင်ပေါ်မှာ ဥရင့်ရင့် ငှက်သိုက် တွေ့ ရသည်။ ဥကသုံးလုံး၊ ငှက်ကပြွတ်ငှက်၊ ငှက်ပျောခိုင်ပေါ် ငှက်သိုက်၊ ငှက်သိုက်အပေါ် ကာကွယ်ပေးထားသော ငှက်ပျောရွက် တစ်ရွက် နှစ်ရွက်၊ သည်တော့ ငှက်ပျော မက်ပြီး ငှက်သိုက်လေးကို ဘကြီး မိုး မဖျက်ရက်၊ နောက်နေ့၌ ငှက်ပျောရုံကို ဆူးခုတ်ကာစဉ် ငှက်ပျောရုံ အတွင်းမှ မြွေဟောက်ကြီးတစ်ကောင်က ခေါင်းထောင်၍ လျှာတစ်လစ် လုပ်ကာ မာန်တသွင်းသွင်း၊ ဘကြီးမိုးက
“ဟကောင် မဟောက် (မြွေဟောက်) နင့်ကိုလည်း ငါက ရန်သူ သဘော မထားဘူး၊ ငါ့ကိုလည်း ရန်သူသဘော နင်မထားနဲ့၊ နင်နေမြဲနေ၊ စားမြဲစား၊ ငါစားမြဲစား ငါသွားမြဲသွားမယ်၊ နင့်ခေါင်းပေါ်က ငှက်ကလေး တွေကိုတော့ နင်မစားနဲ့ ကြားလား”
ဆူးကို မြွေဟောက်ဘက် မကာဘဲ အခြားဘက် လှည့်ကာသည်။ နောက် ရက်လည်း မြွေဟောက်နှင့်တွေ့ ရာ သည်လိုပြော၊ သည်လိုလုပ်ကာ ဆူးပြီးအောင် ကာခဲ့သည်။ ဘကြီးမိုး လာတိုင်း မြွေဟောက်က ခေါင်း ထောင်ကြည့်သည်။ ဘကြီးမိုးက ဒါပဲပြောရာ နောင်နောင်တွင် မြွေဟောက် က ခေါင်းထောင် မကြည့်တော့၊ ငှက်ကလေး သုံးကောင် ပေါက်စက ခဲသားရောင်၊ နောက်ရွှေနုရောင်၊ အမွှေးစုံစုံလာချိန်၌ ငှက်ပျောခိုင်က ထိုသို့ မှည့်မှည့်လာသည်။ ဘကြီးမိုး စိတ်ထင် နောက် ငါးရက်လောက်ဆိုလျှင် ပျံတောင်သင်မည်ဟုယူဆပြီး ငှက်ပျောခိုင်ကို မခုတ်ရက်၊ ထိုစဉ် ငကျောက် တို့က ဝင်ခိုးရန် လုပ်သည်။
“ငရွှေ မီးထိုးတော့၊ အနောက်ဘက်ရှိတဲ့ ရေချိုင့်နဲ့ ၊ ငှက်ပျောရုံနဲ့ဆို မြွေ ရှိနိုင်တယ်”
ငကျောက်က မီးမထိုးရန် ရွာထွက်ကတည်းကခိုင်း၍ မီးမထိုးဝံ့ဘဲနေလာသော ငရွှေက မီးထိုးကာ ငှက်ပျောရုံဆီ ချဉ်းကပ်သည်။ ငှက်ပျောရုံ အလယ်မှ မီးဝင်းဝင်း တောက်နေသော မျက်လုံးအစုံဖြင့် ပါးပျဉ်းထောင်ကာ သူတို့ကို ရန်ပြုရန်ပြေးလာသည့် မြွေဟောက်ကြီး တစ်ကောင်ကို သုံး ယောက်စလုံး မြင်လိုက်ရသည်။
“ပစ်၊ ပစ် ငကျောက်”
“ပစ်၊ ပစ် ငငွေ”
ငငွေက လူသစ်မို့ ကြောက်ကြောက်ရွံ့ရွံ့၊ ရုတ်တရက် မပစ်ဘဲ ငေးကြည့်နေသည်။ ငကျောက်က တောဝါရင့် သမ္ဘာရင့်ဖြစ်ရာ မြွေဟောက် ကြီး၏ ပါးပျဉ်းခွက်ဆီ တည့်တည့် ချိန်ရွယ်ကာ ဘတ်ခွဖြင့်ပစ်ရာ ဖောင်း ခနဲ မှန်ပြီး မြွေဟောက်ကြီး ခေါင်းနောက်ပြန် လည်သွားသည်။ ထပ်မံ ခေါင်းတည်ပြီး ကိုက်ရန် ပြေးအလာ၌ ငကျောက်ကရော၊ ငငွေကပါ ဘတ်ခွဖြင့် ဆီးပစ်ရာ ဖောင်းခနဲ၊ ဖောင်းခနဲ နှစ်ချက် ထိမှန်ကာ ပစ်လဲ သည်။ ပစ်လဲကျသော်လည်း မြွေဟောက်ကြီးက မလျှော့၊ ပါးပျဉ်း ပြန် ထောင်ရာမှ ကိုက်ရန်ပြေးလာပြန်သည်။ ပစ်၊ ပစ်၊ ပစ်ဟု ပြိုင်တူအော်ပြီး ပြိုင်တူပစ်ရာ မြွေဟောက်ကြီး ပက်လက်လန်လဲကျသည်။ လဲကျရာမှ တစ်ဖန် ပါးပျဉ်းပြန်ထောင်ကာ ကိုက်ရန် အားယူ ပြေးလာပြန်သည်။ ပစ်၊ ပစ်၊ ပစ်ဟု အချက်ပေးပြီး ဆက်တိုက်စဉ်တိုက် ပစ်ကြပြန်ရာ မြွေဟောက် ကြီး ပြန်လဲကျပြန်သည်။
“အထ မခံနဲ့ ငကျောက်နဲ့ ငငွေ၊ ဆက်တိုက်ပစ်… ပစ်… ပစ်”
မီးထိုးသမား ငရွှေက အော်သည်။ ပြန်လည် ခေါင်းထူ၍ ကိုက်ရန် ထပ်မံ မာန်သွင်းနေသော မြွေဟောက်ကြီးကို ဆက်တိုက်စဉ်တိုက် ပစ်၊ ခေါင်းညက်ကြေနေမှ ခေါင်းကိုဖြတ်၊ ချက်စားရန် လျှော်တွဲ၊ သုံးဦးသား ငှက်ပျောခိုင် ခုတ်စဉ် ငှက်ပျောခိုင်ထက်မှ အတောင် မရင့်တရင့် ပြွတ်လေး သုံးကောင်က မီးရောင်အောက် ဝဲကျလာသည်။ ပြွတ်မကြီးမှာ ငှက်ပျောခိုင်စခုတ်ကတည်းက ပျံပြေးရာ မပျံနိုင်သေးသော ပြွတ်ကလေး သုံးကောင်မှာ မြေကြီးပေါ်၌ မျက်စိသူငယ် နားသူငယ် ယောင်ချာယောင်ချာ။
“ဟာ မြွေသားအပြင် ငှက်သားပါ အရက်မြည်းရတာပေါ့၊ နီးရာ အကောင်ကို နီးရာလူက သတ်”
ငှက်ကလေး သုံးကောင်ကို တစ်ယောက် တစ်ကောင်သတ်၊ ဘကြီး မိုး ငှက်ပျောခိုင်၊ ဘကြီးလူ ငှက်ပျောခိုင် ခိုးခုတ်၊ မြွေကြီး လျှော်တွဲယူကာ ငကျောက်တို့ သူတို့ သောက်နေကြ တောအရက်ချက်သော အရက်ပုန်းအိမ် လာခဲ့သည်။ ဘာပဲ ခိုးရခိုးရ၊ လက်ခံ ဖျောက်ဖျက်ပေးနေကျ ဖိုပိုင်ရှင်မို့ ငကျောက်တို့ အားကိုးရသည်။ တောထဲ အစောင့်တဲများမှ မေ့ကျန်ရစ်သည့် သို့မဟုတ် နေ့စဉ်လာ နေကျမို့ ထားခဲ့သည့် သံတူရွင်း (သံတဝင်း)၊ ရိုးရိုး တူရွင်း (ရိုးရိုးတဝင်း)၊ ဂေါ်၊ ပေါက်ပြား၊ တံဇဉ် ရလည်း ခိုးသာခိုးခဲ့၊ သူ့ ဈေးနှင့်သူ ထွက်အောင် တစ်ရွာ ရောင်းပေးသည်။ ယုတ်စွအဆုံး ထန်းတော များမှ ရင်းထောင်၊ ရင်းပင်၊ ရင်းဆွဲ ခိုးလာလည်း ဈေးဖြတ်၊ ဖြုတ်ဖျက် ဖျောက်ပေးသည်။ သို့ရာတွင် ဈေး အဆမတန် နှိမ်သည်။ သူတစ်ဝက် ကိုယ်တစ်ဝက်ဈေးအထိ နှိမ့်ချသည်။ ကိုကျောက်တို့မှာ ဘာအရင်းအနှီး ပါတာမှတ်လို့၊ အလကား ရတာပဲဟု ပြောလေ့ရှိ၏။
ယခုလည်း တစ်ဖီး ရှစ်ရာရောင်းသော ဗျတ်ပြေ့
၇ ဖီးကို တစ်ဖီး လေးရာ၊ တစ်ဖီးခြောက်ရာ ရောင်းရသော ငှက်ပျောဖီးကြမ်းကို တစ်ဖီး သုံးရာ ဈေးဖြတ်သည်။ ထိုမျှမက မိန့်ခွန်းတော်ခြွေ၊ သြဝါဒပေးလာ၏။
“ကျုပ်က အရက်ပုန်းချက်ရတာ ကိုကျောက်တို့အသိ၊ ဘကြီးမိုးက ရဲပိုင်တယ်၊ မြို့နယ်ပိုင်တယ်၊ ဘကြီးလူ သားက ဥက္ကဋ္ဌ၊ ပြဿနာ ပေါ်နိုင် တယ်၊ ကိုကျောက်တို့ အလုပ် လုပ်ခဲ့တာက အရှေ့တော၊ အနောက်တော မှာ ဘာကောင်ရရ နေ့ ည လိုက်သင့်တယ်၊ ပြဿနာဖြစ်ဦး ကျုပ်တို့ အနောက်တော လိုက်ပါတယ်၊ ဘာကောင် ရပါတယ်နဲ့ ပေငြင်းနိုင်တာပေါ့၊ သောက်စားပြီး တစ်ပတ် ပြန်ထွက်မှ ကောင်းမယ်၊ မြွေသားနဲ့ ငှက်သား ကျုပ် အရက်မြည်းကြော်ပေးမယ်၊ သဘောကျလား”
“ငလယ်၊ မင်းဟာ အရက်ပုန်းချက်၊ ကာလသားပေါင်းစုံ၊ အရက် သမား ပေါင်းစုံ တိုလာ၊ လျှိုလာသမျှ ဖျောက်ဖျက်ပေး၊ စောရဗလ အခါပေး လုပ်၊ အဲလို လုပ်လောက်အောင်ကိုပဲ ဉာဏ်လွှာမှလွှာ၊ ငါလည်း စကတည်းက ယမ်းပုံမီးကျဖြစ်တော့မယ့် လူလည်လူနပ် လူကျင်ပစ္စည်းရှိ ဘကြီးမိုးနဲ့ ဘကြီးတင် တို့နှစ်အုပ်ကို အနောက်တော ခြေရာချပြရုံမက တောကောင် မရရအောင် လိုက်ပြမှ ဖြစ်လာရင် ငြင်းရမယ် စိတ်ကူးပြီး၊ ထပ်သောက်၊ ပြန်ထွက် တောလိုက်မှာပါကွာ၊ လူညံ့ လူအ လူနုပ်ထဲက မဟုတ်ပါဘူး၊ … အရက် အရင်ထုတ်၊ အမြည်းကြော်၊ ငှက်ပျောဖိုးတော့ မနက်မှ အယူ လွှတ်မယ်၊ ၇၄၄ ပေးတဲ့ဆရာက အခုအပတ် ၂၁၆ အော ဂဏန်း တဲ့၊ တို့သုံးယောက်စပ်တူ ၂၁၆ မနက်ဖြန် နေ့လယ်မှာ မြို့တက် ထိုးမှာ”
ငကျောက်တို့ သုံးဦး အဖွဲ့သည် ငှက်ပျောခိုင် မခိုးခင်ကလည်း အရက်သောက်ပြီး၊ ယခု မြွေသားကြော်၊ ငှက်သားကြော်နှင့် ထပ်မံသောက် သောအခါ မူးလိုက်သည်မှာ မလဲရုံတမည်၊ အသောက်ဝါရင့် သမ္ဘာရင့်များ ဖြစ်ကြ၍သာ ပစ်မလဲသည်။ မူးမူးရူးရူးဖြင့် သူတို့ အနောက်တောဘက် ထွက်လာချိန်၌ ည ကိုးနာရီ ဝန်းကျင် ရောက်နေပြီ။ ရွာအနောက်ဘက် ကဇာခင်တန်းရိုးအတိုင်း အနောက်ဆင်း၊ ထနောင်းတော၊ တမာတော၊ ကုက္ကိုတောများထဲ၌ အိပ်သော ငှက်တို့ကို မီးထိုးပစ်ရန် ငါးခဲထိုးတုတ်မီး တစ်ယောက်တစ်လက် သုံးလက်၊ ဘတ်ခွ လွယ်အိတ်သုံးအိတ် ဘတ်ခွ သုံးစင်း၊ ငငွေ လွယ်လာသော တောလိုက် ဓားတစ်လက်ဖြင့် တောပစ် ထွက်လာစဉ် ကဇာခင်တန်း အဝင်ဝ၌ ရှေ့မှ ပါးပျဉ်းထောင် စောင့်နေသော ယခု မြွေဟောက်ကြီးနှင့် ဆုံတွေ့ လာသည်။ မြွေဟောက်ကြီးနှင့် ငကျောက် တို့ သုံးယောက် အကွာအဝေးမှာ ဝါးတစ်ပြန်ကျော်ကျော် နှစ်ပြန်ပျော့ပျော့။
“ငငွေ၊ မင်းက မီးထိုးထား၊ ငရွှေနဲ့ငါက ပစ်မယ်… ငရွှေ.. တစ်၊ နှစ်၊ သုံး”
ဝှီး ဖျန်း ဖောင်းခနဲ ဘတ်ခွနှစ်လက်က အသံပေးပြီး လောက်စာ နှစ်လုံးက မြွေဟောက်ကြီး ပါးပျဉ်းဝင်မှန်ရာ မြွေဟောက်ကြီး နောက်ပြန် ပစ်လဲကျသွားသည်။
မူးသာမူးနေသော်လည်း တောဝါရင့် သမ္ဘာရင့်များဖြစ်ရာ သတိ မလစ်၊ လဲကျနေရာသို့ ဝါနုသတ္တဝါများလို ပြေးမတက်၊ မြွေဟောက်ကြီး တန်ပြန် လှုပ်ရှားမှုကိုသာဝဲ အကဲခတ်နေသည်။
ခွေခေါက်တွန့်လိမ်နေသော မြွေဟောက်ကြီးသည် ငကျောက်တို့ ရှိရာ မီးရောင်ဆီသို့ ခေါင်းတစ်ချက် ထောင်ကြည့်ပြီး ကြောက်လန့် တကြားဖြင့် နီးရာချုံထဲ သေပြေးရှင်ပြေး ပြေးဝင် ပုန်းအောင်းသည်။
“ဂန်းမသားမြွေ၊ ခြောက်တုန်းကခြောက်ပြီး ကြောက်တော့လည်း ကြောက် ပြေးပြီ”
“မင်းလိုငါလို တောဝါရင့် သမ္ဘာရင့် လာပတ်ရင် သူ့မြွေဇာတ်သိမ်း သွားမှာပေါ့၊ ကဲ ရှေ့ဆက်တက်မယ်၊ ဒီညမှာ ချိုး၊ ဆက်ရက်၊ လင်းမြီးဆွဲ၊ ငှက်ခါး မရအရ ပစ်မယ်”
ရှေ့ဆက်၍ ကဇာခင်တန်း လျှိုမြှောင်လမ်းအတိုင်း သုံးယောက် သား မီးလင်းဝင်းထိန်နေအောင် ထိုးရင်း ရှေ့ဆက် တိုးတိုးလာခဲ့သည်။ ထွက်ပြေး သွားသော မြွေဟောက်ကြီးကြောင့် သတိ ပိုထားလာကြပြီး ဝဲယာ ရှေ့နောက် ကျီးကန်းတောင်းမှောက် ကြည့်သွားလာနေကြသည်။
ဂီးခနဲ၊ ဂစ်ခနဲ ငှက်ဆိုးထိုးသံက တောယံကို ဖုံးလွှမ်းသွားသည်။ ကဇာခင်တန်း လျှိုမြှောင်ခါးလယ်ခန့် အရောက်တွင် ရုန်းရန်းရွှန်းရွှန်း အသံများ၊ ရှောရှောဖျောဖျောအသံများကို ရုတ်တရက် ကြားလိုက်ရသည်။
တောသမားသတိ၊ တောဝါရင့် သမ္ဘာရင့် အသိအရ ဘက်သံ၊မိတ်ဖက်သံ ကွဲပြားစေရန် ရပ်တန့် နားထောင်ပြီး အကဲခတ်ရာ အသံမှာ သူတို့မျက်နှာချင်းဆိုင် တည့်တည့်၌ ရပ်သွား၍ သုံးဦးစလုံး ဓာတ်မီး သုံးလက်ဖြင့် ပြိုင်တူ ထိုးကြည့်လိုက်သည်။ မီးရောင်အောက်တွင် ထင်ထင် ရှားရှား မြင်တွေ့နေရသည်က ကြီးမားသော မြွေဟောက်ကြီး တစ်ကောင်၊ သူတို့ သွားလမ်းတည့်တည့် ပိတ်ရက်၊ သူတို့ဘက် မျက်နှာမူကာ ထမင်း စား ပန်းကန်မျှ ကြီးမားသော ပါးပျဉ်းကြီးထောင်၊ လျှာ ထုတ်ချည် သွင်း ချည်ဖြင့် သူတို့ သုံးဦးအလာ စောင့်နေ၏။
“ဦးလေးကျောက်၊ ဦးလေးရွှေ… မြင်လား မြင်လား”
“မြင်တယ် ငငွေ၊ မကြောက်နဲ့၊ မင်းကမီးထိုး၊ ငါနဲ့ငရွှေက ပစ်မယ်၊ နီးအောင် ရှေ့တိုးမယ်၊ စောစောက အဝေး ပစ်ချက်ဆိုတော့ မနာဘူး၊ ခု တိုး ပစ်မယ်”
ပြောပြောဆိုဆို ရှေ့တက်၍ ပစ်ကွင်းကောင်းသောအခါ ငကျောက် နှင့် ငရွှေက ပြိုင်တူပင်လျှင် ဘတ်ခွဖြင့် တည့်တည့်ချိန်ရွယ်ပစ်ရာ ဝှီး ဖျန်း-ဖောင်း ဖောင်းခနဲ ထိမှန်ကာ မြွေကြီး နောက်ပက်လက်လန် လဲကျ သွားသည်။ လဲကျသွားသော မြွေဟောက်ကြီးသည် ခေါင်းပစ်ကျသွားရာ နောက်ဘက်သို့ လူးလွန့် တွန့်ခွေကာ လျှောလျှော လျှောလျှောဖြင့် ထွက် ပြေးသွားသည်။ လူငယ်နောက်လိုက် ငငွေက သွေးလန့်စ ပြုလာသည်။ ငကျောက်နှင့် ငရွှေက အမူးပြယ်စ ပြုလာပြီ။
“ဦးလေးတို့ ပြန်ကြမှထင်တယ်၊ တောချောက် တောလှန့် တောဝင် ပြီ ထင်တယ်၊ ရိုးရိုးသားသားမှ ဟုတ်ရဲ့လား မသိဘူး”
“အာ… ဒီကလေး ရမ်းပြောနေ၊ တစ်မိထဲပေါက်ထားတဲ့ မြွေဟောက် အရွယ်တူ ဖြစ်ချင်လည်းဖြစ်မယ်၊ စောစောက မြွေဟောက် ရှေ့ ရောက် နေတာလည်း ဖြစ်ချင်ဖြစ်မယ်၊ တောသမားဖြစ်ပြီး မြွေကြောက်နေရင် မင်း ထဘီ ဝတ်ပေးရမှာပဲ၊ ငရွှေ… မင်းဘယ်လို ထင်လဲ”
“ငငွေ ပြောသလို ပြန်ရင်တော့ တို့တောသမား သိက္ခာကျမှာပေါ့၊အလိုလိုမှ ရွာမုဆိုးပျက်၊ ရွာသူခိုး ပြောနေကြတဲ့အထဲ၊ ပြန်ဘယ်ဖြစ်မလဲ ငကျောက် ငါထင်တာတော့ တောဝင်မြွေများ ဖြစ်မလားပဲ”
“အင်း… တောချောက်ချောက်၊ တောလှန့်လှန့်၊ တောဝင်ဝင် ကနေ့ညကတော့ နောက်ဆုတ် မရဘူး။ မင်းတို့ငါတို့ တောချောက်၊ တော လှန့်၊ တောဝင်တာ ဒီထက်မက ကြမ်းကြမ်းတမ်းတမ်း၊ ထူးထူးဆန်းဆန်း တွေ့ဖူးတာ တပုံတပင်ပဲ၊ သူများ အတွေ့အကြုံ ကြားဖူးတာလည်း အများ အပြားပဲ၊ ခုလိုတော့ မကြားဖူး မကြုံဖူးဘူး၊ စဉ်းစားရကျပ်တာမှ အရက်မူး ပြေတဲ့ အထိပဲ”
“ငါလည်း အဲဒါပြောမလို့၊ မြွေဟောက်ကြီးဟာ သူ့အသိုက်သူ့အမြုံ သူဥ ရှိလို့ ထွက်လိုက်တာ၊ ပိတ်ဆို့ရပ်တာဆိုရင်လည်းထား၊ ခုဟာက ပထမ အကောင်တုန်းကလည်း ခုလိုပဲ၊ ခုအကောင်ကလည်း ပထမ အကောင်လိုပဲ၊ ဆယ့်လေးငါးမိနစ် အခြားလောက်မှာ ခုလိုလာတွေ့တာ တော့ စဉ်းစားစရာပဲ၊ ၂ ကောင် ၁ ခါစီ ခွဲတွေ့လား၊ တောဝင်မြွေလား ဆိုတာ အဖြေ ရှာရမယ်”
၂ ကောင် ၁ ခါစီ တွေ့ က ဓမ္မတာ၊ ရွာမုဆိုးတို့ သုံးစွဲသော သေပြီး အကောင်ကို တောထဲမှ မကောင်းဆိုးဝါးက ပူးကပ်၍ အသက်ရှိ သဏ္ဌာန် ဆောင်ကာ လှုပ်ရှားသော ဖြစ်ရပ်ဆန်းအား တောဝင်သည်ဟု ခေါ်သည့် အခြေအနေမျိုး ရောက်မရောက်သူတို့ ချိန်ချိန်ဆဆ။
“အေးကွာ၊ ကဇာခင်တန်းရိုး အဝင်ဝ တစ်ခု၊ ခုတစ်ခါ ထပ်တွေ့ တယ်၊ နောက်တစ်ခါ မတွေ့ဘူး မပြောနိုင်ဘူး၊ တောဝင်မြွေဖြစ်ဖြစ်၊ ရိုးရိုးမြွေဖြစ်ဖြစ် တွေ့လာရင် ငါက ဆက်တိုက်စဉ်တိုက်ပစ်၊ မင်းက ငငွေ ဆီက တောလိုက်ဓားယူ၊ ဇက်ဝင်ဖြတ်၊ ဘယ့်နှယ်လဲ”
“ချကွာ၊ မင်းရောငါရော တောဝါရင့် သမ္ဘာရင့်တွေပဲ၊ သူများ အသတ် သတ်နေသေးတာပဲ၊ သူသေကိုယ်သေပေါ့၊ နှစ်လုံး မပေါက်သုံးလုံး မပေါက် အတူတူ၊ မထူးပါဘူး၊ လျင်တော့လျင်ထားနော်၊ မြွေ ဟောက် ကြောက်နေလို့ကတော့ ရာဇဝင် ရိုင်းရော့မယ်”
မြွေဟောက်ကြီး နှစ်ကြိမ်တွေ့၍ မာန်ပြန်သွင်း၊ မာန်ပြန်ဝင် လာသော ငကျောက်၊ ငရွှေနှင့် ငငွေတို့သည် သစ်ရွက်လှုပ်သည်ကိုပင်လျှင် သတိဖြင့် ကြည့်ကာ သွားလာနေကြသည်။ မီးလည်း အဆက်မပြတ် ထိုးထားသည်။ ကဇာခင်တန်း လျှိုမြှောင် အဆုံးသတ်ခါနီး၌ ထူးထူး ခြားခြား အသံများ ကြားရသည်။ ဟီး ဟီး ဟီး ရွှီး ရွှီး ရွှီး ဖြီး ဖြီး ဖြီး ဟီး ရွှီးရွှီးဟီးဟီးဟု ထူးထူးခြားခြား အသံများ ကြားရသောအခါ သုံးယောက်စလုံး ရပ်လိုက်ကြသည်။ လူရယ်သံလိုလို၊ မြွေမြည်သံလိုလို အသံပြင်းပြင်း ကြားရာ ရှေ့ဝဲယာ မြေပြင် နှံ့စပ်အောင် ငါးခဲထိုး တုတ်မီး (ဒုတ်မီး) သုံးလက်ပြိုင်ထိုး ရှာသည်။ အသံက ရပ်မသွားဘဲ ပို၍ ပို၍ ကျယ်ကျယ်လောင်လောင်၊ မြေပြင်ပေါ်မှာ မတွေ့၍ မီးသုံးလက်ဖြန့်ကာ ကဇာခင်ရိုးတန်း ဝဲ၊ ယာရှိ ချုံပုတ် ချုံနွယ်များထဲ မီးထိုးရှာသည်။
ကြီးမားသော ကဇောင်းပင်ကြီး အထက်၌ လူ့တစ်ရပ် မရှိတရှိ မြင့်မားအောင် သူ့ခန္ဓာကိုယ်ကို ဆန့်တင်လျက် ပါးပျဉ်းကြီး ထောင်ကာ တဟီးဟီး တဖြီးဖြီး တရွှီးရွှီး အဆက်မပြတ် မြည်တွန်နေသော မြွေ ဟောက်ကြီး တစ်ကောင် နီနီရဲရဲ မျက်လုံးတစ်စုံက မီးပွင့်ခမန်းလုလု ရှိကာ အဆိပ်ခိုး အဆိပ်ငွေ့များကို တဖွားဖွား မှုတ်ထုတ်နေ၏။
“တို့ဘာဆက်လုပ်မလဲ ငကျောက်၊ တောဝင်မြွေလား မြွေရိုးရိုးလား၊ မင်း ဆုံးဖြတ်ရပလား”
“ဘာမြွေဖြစ်ဖြစ် ပြောပြီးသားပဲကွာ၊ ပစ်မယ် ခတ်မယ်၊ သတ်မယ် ဖြတ်မယ်ပေါ့၊ ငငွေက မီးထိုးထား၊ မင်းနဲ့ငါက ပစ်မယ်၊ ခတ်မယ်၊ အောက်ကျလာလည်း ပစ်မယ်၊ ခတ်မယ်၊ ပြီးရင်မင်းက ငငွေဆီက ဓားယူ ဇက်ဖြတ်”
သူတို့လူကြီး နှစ်ယောက်က လုံးဝ မကြောက်၊ အမှုလည်း မထား၊
နောက်လိုက် ငငွေက လူငယ်မို့ ခပ်ကြောက်ကြောက်၊ ငငွေက တောဝင်မြွေ ဟူသည် သေပြီးသော မြွေကို တောမကောင်းဆိုးဝါးကောင်က ဝင်ပူးနေ ခြင်း ဖြစ်၍ မရှောင်က ဘေးဖြစ်တတ်သည်ဟု ကြားဖူးထားသော ရွာမုဆိုး နောက်လိုက် လက်သင်မို့ ဖြစ်နိုင်လျှင် ရှောင်ကွင်းသွားလိုသည်။ သို့ရာတွင် လူကြီး နှစ်ယောက်က ဘာမှထည့်မတွက်။
“ချမှာဖြင့် ချကွာ ငကျောက်၊ ရှေ့ဆက်ငှက်ပစ်ရဦးမှာနဲ့ ဘာနဲ့”
“တွယ်ရုံပဲ ငရွှေရာ”
မြွေဟောက်ကြီး ပါးပျဉ်းတည့်တည့်ကို မီးထိုးပြရသူက ငငွေ။
ကြက်ပေါင်ဘတ်ခွ နှစ်လက်ထဲ လောက်စာလုံး ထည့်၍ ပါးပျဉ်း ခွက် တည့်တည့် ချိန်ရွယ် ပစ်ခတ်သူက ငကျောက်နှင့် ငရွှေ၊ ပထမချက် ပစ်စဉ်ကတည်းက ဖောင်းခနဲ ဖောင်းခနဲ ထိမှန်သည်။ မြွေကြီး၏ ပါးပျဉ်း ခွက်ကြီး ပိုမြင့်မြင့်လာသည်။ ဒုတိယအချီ ပြိုင်ပစ်ရာလည်း ဖောင်းခနဲ၊ ဖောင်းခနဲ မှန်ပြန်သည်။ မှန်သော်လည်း မြွေကြီးက မာန်မလျှော့၊ တတိယ၊ စတုတ္ထအကြိမ်ထိ ပစ်လည်း ကဇောင်းပင်ကြီးအောက် ကျမလာ၊ (၆) ကြိမ် ဆက်တိုက်စဉ်တိုက် ပြိုင်မှန်မှ ကဇောင်းပင်တောင်ဘက် ခေါင်းလည် ကျသော်လည်း အောက်ပြုတ်မကျ၊ ကဇောင်းပင်ပေါ် ကန့်လန့်ဖြစ်နေရာ ရှေ့နောက် အင်အားချိန်ခွင်လျှာ ညီသလို တင်နေသည်။ လူးလွန့်ရုန်းကန်မှ အောက်ကို ခေါင်းစိုက်ကျပြီး ကိုယ်လုံးနှင့်အမြီးက ခေါင်းပေါ်ပုံနေသည်။ အငြိုးမကျေနိုင်သော ငကျောက်နှင့် ငရွှေက ငငွေကို မီးထိုးခိုင်း၊ ငကျောက် က ဘတ်ခွဖြင့် ဆက်ပစ်၊ ငရွှေက ငငွေဓား ယူပြီး မြွေကြီးကို ဇက်ဖြတ်ရန် အနီးကပ်လိုက်သည်။
အနီးကပ်ပစ်ချက်ဖြစ်သော ယခုဘတ်ခွချက်ရော၊ ကျလာမှပစ်သော ဘတ်ခွချက်များရော မြွေကြီးကိုယ်လုံးသာ ထိမှန်နေကြောင်း ငကျောက်နှင့် ငရွှေ သတိမပြုမိ၊ နောက်ဆုံးချက်က ကိုယ်လုံး တွန်းပေးသလိုလည်းဖြစ်၊ ယခင် အချက်များက နေရာရွှေ့ပေးသလိုလည်းဖြစ်ကာ ပိအား ဖိအားပေါ့ပါးသွားသော တောကြီး မြွေဟောက်ကြီးသည် အားကုန်ရုန်း၊ အားကုန် ဆန့်ကာ ရှေ့လွန်လာသည့် ငကျောက် ခြေထောက်အား ဇွတ်ကိုက်သည်။ အားခနဲ အော်ပြီး ငကျောက် နောက်ပြန် ပက်လက်လန်အလဲ၌ ခြေထောက် က တောကြီး မြွေဟောက်ကို ငရွှေဘက် ကန်ပို့သလိုဖြစ်ပြီး ငရွှေကို ရုတ်တရက် ဆက်ကိုက်သည်။
သူ့ကိုက်လာသော တောကြီးမြွေဟောက်ကြီးကို ငရွှေက သွေးရူး သွေးတန်းဖြင့် မိရာ၊ မီရာများကို ဓားဖြင့်ပိုင်း၊ ခုတ်၊ ဖြတ်ပစ်ရာ တောကြီး မြွေဟောက်ကြီး အပိုင်းပိုင်း အပြတ်ပြတ် ကျသွားသည်။ ငရွှေလည်း ပက်လက်လန်လဲကျသွားသည်။
မီးကို ထိုးရင်း ထိုးရင်း အရူးများလို အော်ဟစ်ကာ ငငွေသည် ရွာဘက်သို့ အားကုန်အင်ကုန် ထွက်ပြေးသွားသည်။
– ပြီး –
စာရေးသူ – တွင်းကြီးဝမ်းမောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
မုဆိုး တံငါ စာပေများ ပေ့ခ်ျမှကူးယူဖော်ပြသည်
Leave a Reply