လက်စားချေခြင်း

မတန်မရာရောင်းသော ဆိုင်ရှေ့မှ ထွက်လာသည်။

ထို့နောက် ပွဲဈေးတန်းသို့ လျှောက်လာကာ တမတ်ဖိုးရောင်းသော မုန့်ဟင်းခါးဆိုင်မှ တထွာသာသာ ဗြက်ကျယ်သည့် ထိုင်ခုံကလေးများမှာ ငုတ်တုတ် ထိုင်ကြလေသည်။

မော်က ထိုင်လည်းမထိုင်၊ မုန့်လည်းမစားဘဲ မီးရောင်ကို ကျောပေးပြီး ရပ်သည်။ မေမေ ဖေဖေတို့က မော်မော်ကို “စားမလား” တခွန်းသာ မေးပြီးသူတို့ဟာ သူတို့ စားကြသည်။ အနီမှာ ပထမက မစားဘဲနေသော်လည်း မော်မော်ကိုခွတိုက်ကာ တရှူးရှူးတရှဲရှဲ ဝင်စားလေ၏။

အနီ မုန့်စားသဖြင့် သူချီထားသည့် ကလေးကို မော်မော်ချီရ၏။ အင်္ကျီ ကျေမည်လည်းစိုး ချီလည်း မချီချင်သဖြင့် တွန့်ဆုတ်တွန့်ဆုတ်နေမိကာ အနီက သူ့မျက်လုံးသွားရာကို လိုက်ကြည့်ပြီး သရော်သောမျက်နှာဖြင့် “ဟိုလူတွေကမမကိုအပျိုမှန်းသိပါတယ်” ဟုပြောလိုက်လေသည်။

မော်မော်ကို မြင်သဖြင့် တကောက်ကောက် လိုက်လာသော ထိုလူသုံးယောက်ကို အနီကဆိုလိုသည်။ မော်မော်သည် ရှက်လည်းရှက်၊ နာလည်းနာကာ မျက်ရည်များဝေလာပြီး ဘာမျှမပြောဘဲ နှုတ်ခမ်းကိုကိုက်၍ နေလေသည်။

မော်မော်သည် သူ့တအိမ်သားလုံးကို မုန်းတီးသည်။ တခါတရံ မေမေ့ကိုတော့ ချစ်စိတ်ဝင်သည်။ သူ့ကို ဘယ်သူကမှ မချစ်၊ ဂရုမစိုက်ဟု ယုံကြည်သည်။ တနေ့နေ့တော့ ငါနဲ့တွေ့ကြဦးမှာပေါ့လေ ဟုတေးထားသည်မှာ ကြာပြီ။ သူ့အိမ်သားများသည် သူ့အားဂရုမစိုက်သည်ကတော့ မှန်သည်။

မေမေနှင့် ဖေဖေသည် ငွေငွေငွေနောက်သာ လိုက်ကာ တနေ့တနေ့ ကုန်ဈေးတန်းက အထည်ဂိုဒေါင်မှာသာ အချိန်ကုန်သည်။ ထို့ကြောင့် သားသမီးများသည် ကိုယ့်ဟာကိုယ် နေတတ်သလို နေကြရသည်။

မော်မော်သည် သူ့အိမ်သားများကဲ့သို့ မဟုတ်ဘဲ အပေါင်းအသင်း များပေသည်။ ဘယ်သွားသွား တယောက်တည်း သွားရဲသည်။ မိဘများ ချောင်လည်သော်လည်း မော်မော်က အိမ်မှာ မလွတ်မလပ် ကုပ်ပြီး မနေချင်သဖြင့် ရုံးတွင် စာရေးဝင်လုပ်ရာ သူ့စိတ်နှင့် သူ့ကိုယ် နေချင်သလောက် နေနိုင်ပါသည်။

မုန့်ဟင်းခါး စားပြီးသည့် အချိန်မှာ မော်မော်သည် သူတို့ကို ဘယ်လိုခွာထုတ်ရမည်ကို စဉ်းစားပြီးသားဖြစ်၏။ ထို့ကြောင့် “မေမေ…ဟောဟို ဘိုင်စကုတ်ပြတဲ့ဆီ သွားရအောင်” ဟုဆိုလိုက်သည်။

သူသွားချင်သည် ဆိုသောနေရာမှာ ပြပွဲတခုလုံးတွင် အမှောင်ဆုံးဖြစ်၏။ ဘိုင်စကုတ်မှာ ရုံမဆောက်ဘဲ လဟာပြင်မှာအခမဲ့ ပြသဖြင့် မီးရောင်အနည်းဆုံးနေရာကို ရွေးရပေသည်။

မေမေသည် သူတို့ ညီအစ်မ စိတ်ကောက်နေကြမှန်းသိ၍ အလိုလိုက် ချော့မော့ဖို့ စိတ်ရှိကာ “ကိုင်း…လာ၊ဘိုင်စကုတ် ကြည့်ရအောင်ဟေ့” ဟု ကလေးတို့ကို ခေါ်ရင်း အိမ်ပြန်တော့မည် ပြင်သော ဖေဖေ့ကိုလက်မောင်းမှ ကိုင်ဆွဲလာလေသည်။

ဘိုင်စကုတ်ကြည့်၍ တပိုင်းတောင် မကုန်ခင် မော်မော်သည် ရှေ့တိုးရင်းတိုးရင်း ပျောက်ကွယ်သွား၏။ မိဘတို့သည် “မော်မော်-မော်မော်” နှင့်တကြော်ကြော် အော်ပြီး ခေါ်သေးသည်။ မတွေ့ရပေ။ သူတို့သည် ပြပွဲကို တပတ်ပတ်ကာ ရှာသေးသည်။

ဘိုင်စကုတ် ပြနေရာသို့ ပြန်ရောက်သော် ကလေးတို့သည် မောပန်းနေကြပြီး အငယ်ဆုံးကလေးနှစ်ယောက်မှာ မေမေ ဖေဖေတို့ လက်မောင်းပေါ်ဝယ် ကိုယ်စီ အိပ်ပျော်နေကြသည်။ မိဘတို့သည် ကိုယ်လက်နာ နေကြလေပြီ။

“စိန်ဂျွန်း သူနာပြု တပ်သွားတိုင်မလား။ ကလေးပျောက်တယ်ဆိုရင်တော့ အော်လန်ကြီးနဲ့ အော်ပေးတာပဲ” ဟုမေမေက ပြောသည်။ အနီက စိတ်မကောင်းဖြစ်မိသဖြင့် “ရှက်စရာကြီးပါ မေမေရယ်…မမဟာ ကလေးမှ မဟုတ်ဘဲ။ သူ စိတ်ဆိုးနေဦးမယ်” ဟု မော်မော်ဘက်က ပြော၏။

ဖေဖေက တွေဝေနေရာမှ “သူလည်း ကလေးမှမဟုတ်ဘဲလေ။ ပြန်တတ်သားပဲလေ။ တို့ကို ရှာမတွေ့ရင် အိမ်ပြန်မှာပေါ့။ ခါတိုင်းလည်း သူတယောက်တည်း သွားနေကျဟာ၊ ပူစရာမရှိပါဘူး” ဟုဖြေပြော၏။

နောက်ဆုံးတွင် သူတို့ အိမ်ပြန်ကြလေသည်။ ကိုးနာရီတော့ခွဲပြီ။ သို့သော် ပြပွဲမှာ ယခုမှ စည်၍ ကောင်းစရှိသေးသည်။ သူတို့မှာ လူရှင်းသည့် ခုနစ်နာရီလောက်ကတည်းက လာခဲ့ကြပါသည်။

မော်မော်သည် သူ့မိဘများ ခေါ်သံကအတင်းလွတ်အောင်တိုးရင်း သူ့နာမည်ကို လူတွေအလယ်မှာ အော်နေသည့် ရိုင်းစိုင်းမှုကို စိတ်ဆိုးနေသေးသည်။ ထို့နောက် သူခိုးမျက်စိဖြင့် မိဘများကိုရှာရင်းလျှောက်သည်။

မိဘများကို တွေ့လိုသည်ထက် ရှောင်ပြေးရအောင် သူက အရင်တွေ့မှ ဖြစ်ပေမည်။မော်မော်သည် အတင့်ရဲကာ မီးရောင်မှာ ခပ်ကြော့ကြော့လျှောက်လာပြီး မေမေဖေဖေတို့ ခုလောက်ဆိုပြန်ပြီ။

နောက်ဆုံးမှာ ဟောခနဲ ယောင်မိသည်။ စောစောက လူသုံးယောက်နှင့် သွားတိုးလေသည်။

သူတို့ကို သိတယ်လည်း ဆိုနိုင်သည်၊ မသိဘူးလည်း ဆိုနိုင်သည်။ ထိုလူသုံးယောက်မှာ ဘိုင်စကုတ်ကြမ်းပိုး မည်မျှကျသည်ကိုတော့ မသိပေ။ မော်မော်ကြည့်သမျှ ဘယ်ရုံမှာမဆို အမြဲတွေ့သည်။

စနေတနင်္ဂနွေ ကြည့်သူချင်းချင်း ဖြစ်သမို့လားတော့မဆိုနိုင်။ ဆုံမိတတ်သည်မှာကား မော်မော်တို့က နှစ်ကျပ်ခွဲတန်းရှေ့ဆုံးက ကြည့်မြဲမှာ သူတို့ကနှစ်ကျပ်တန်းနောက်ဆုံးမှာ ချည်းရှိလေသည်။

သူတို့ မှတ်မိသည်မှာလည်း အမြဲတမ်း သည်လူသည်လူချည်း သုံးယောက်တည်း တွဲတတ်သောကြောင့်ဖြစ်သည်။လဘိုင်စကုတ်ပြ၍ ရယ်စရာရှိလျှင် သူတို့က ပထမဆုံးနင်းကန်ပြီး ရယ်တတ်၏။

တခြားလူများလည်း သည်တော့မှ နားလည်သူကလည်၊ မလည်သူကမလည်နှင့် ရောယောင်လိုက်ရယ်ကြလေသည်။ မော်မော်တောင် နားမလည်ဘဲ သူတို့ရယ်သဖြင့် ရယ်ရသည့်အခါမျိုး ရှိသေးသည်။

သူတို့ကလည်း စနေ၊ တနင်္ဂနွေတိုင်း ပွဲဆက်ကြည့်သူ မော်မော်ကို မှတ်မိသည်။ ဘိုင်စကုတ် မပြသေးခင်နှင့် အားလပ်ချိန်မှာ သမင်လည်ပြန်ကြည့်တတ်သည်။

သူတို့အကြောင်း သိသမျှမှာ ဒါပဲဖြစ်သည်။ သို့သော်မော်မော်သည် သူတို့အား အင်္ဂလိပ်ဘိုင်စကုတ်ကြည့်သူ၊ နားလည်သူများဖြစ်၍ ခေတ်ပညာတတ်သူများမှန်း သိကာ အထင်ကြီးလေသည်။

မော်မော်သည် ခဏမျှ ခြေလှမ်းတုံ့နေစဉ် သူတို့အထဲမှ တယောက်က လာကာ “ဪ…တယောက်တည်းအဖော်ကွဲ လာသလား” ဟု သိကျွမ်းဖူးသလို မေးသည်။

“ဟုတ်…ဟုတ်ကဲ့”

“ကျွန်တော်တို့ ကူရှာပေးပါ့မယ်။ မိန်းကလေးတယောက်တည်း မကောင်းပါဘူး။ လာပါ၊ မတွေ့မချင်း ကျွန်တော် စောင့်ရှောက်ပါ့မယ်။ မတွေ့လည်း အိမ်လိုက်ပို့ပါ့မယ်”

ဤသို့ နှစ်ယောက်သား လျှောက်ခဲ့သည်။ ကျန်သည့်အဖော်နှစ်ယောက်ကား လစ်ကြလေပြီ။ မော်မော်သည် ပြပွဲကြီး ပျော်စရာကောင်းပုံကို သိလာလေသည်။ နှစ်ယောက်သား ရင်းနှီးလာကာ စကားတွေ ကြွယ်ကြလေ၏။ ထိုလူက သူ့ကိုယ်သူ ကိုမြထွန်းကလေ ဘာညာနှင့် ပြောသဖြင့် နာမည်သိရသည်။

ကိုမြထွန်းသည် မော်မော်က ကွဲသည့်အဖော်များကို ဟိုသည်ဝင်ကြည့်ဖို့ထက် ဂရုမစိုက်သည်ကို တွေ့သဖြင့် ရှာဖို့ဘာမှ မပြောတော့ချေ။ သူတို့နှစ်ယောက်သည် လူညပ်သည့် နေရာများတွင် ရှောင်ရင်းတိမ်းရင်း တယောက်နှင့်တယောက် ပွေ့ဖက်မိလျက်သား ဖြစ်ရချေသည်။

လူရှင်းသည့်အခါ မော်မော်သည် ကိုမြထွန်း၏ ခါးကို သိုင်းထားသည့် မိမိလက်များကို ရုပ်လိုက်သော်လည်း သူ့ပခုံးပေါ်က ကိုမြထွန်း၏ လက်များကားမလျှောပြေချေ။

သူတို့သည် လူတောထဲ မတိုးတော့ဘဲ မှောင်ခိုလာကာ နောက်ဆုံးတွင် ထွက်ပေါက်ဝင်ပေါက်လည်းမဟုတ်ဘဲ တဖက်က မည်းမှောင်သည့် ကွင်းပြင်သို့ ရောက်သည့် နေရာကလေးသို့ ရောက်ကာ မြက်ခင်းပေါ်ထိုင်ကြသည်။ သည်နေရာမှာ လူလည်းမရှိ၊ မီးရောင်လည်း မလင်းသဖြင့် မော်မော်သည် မြေကြီးပေါ်ထိုင်ရမှာ မရှက်တော့ချေ။

ပြပွဲထဲမှာ အလင်းရောင်နှင့် လူတွေ၊ သည်မှာတော့ အမှောင်။ မော်မော်နှင့် ကိုမြထွန်း။ ပြပွဲမှာ အသံဗလံနှင့် လေညစ်၊ သည်မှာတော့ တိတ်ဆိတ်ခြင်းနှင့် သန့်ရှင်း လန်းဆတ်သည့် လေ။ သည်ဆန့်ကျင်ဘက်နှစ်ခုဟာ ခုလို နီးကပ်စွာ တဆက်စပ်တည်း တမြေရာကွက်တည်းမှာ ရှိလိမ့်မယ်လို့ ဘယ်သူတွေးမိပါမလဲ။

မော်မော်သည် ကြောက်သလိုလို ပျော်သလိုလို စွန့်စားခန်းတွေ ရင်ဆိုင် တိုးနေရသလို ဖြစ်မိသည်။ မော်မော်သည် အသက်ငယ်သော်လည်း သည်နေရာ၏ အဓိပ္ပာယ်ကို ရိပ်မိနားလည်ပေသည်။

သူတို့ နေရာလေးမှာ လေတင်ကဖြစ်၍ တခါတရံလေပြန်ဝှေ့လာမှ ဓာတ်စက်သီချင်း၊ လူသံ၊ သူသံတို့ကို ကြားရသည်။

ကိုမြထွန်းသည် စီးကရက်တလိပ်ကို ညှိ၍သောက်ရာ သူ့မျက်လုံးများကို လက်ခနဲမြင်ရသည်။ မော်မော်သည် သူ့မျက်လုံးထဲက တခုခု ဘာမှန်းမသိသော တခုခုကို ကြည့်ရင်း ချမ်းတုန်မိသလို ဖြစ်လာလေ၏။

“ကလေးရယ်…” ဟုကိုမြထွန်းက ပျော့ပြောင်းချော့မော့စွာ ခေါ်သည်။ သူသည် တမော်တည်းမော်ရာက ကလေးကလေးနှင့် ဖြစ်လာသည်ကို မော်မော်သတိထားခဲ့မိသည်။ မော်မော်ကလည်း ကိုမြထွန်းကိုဖြင့် အနှစ်နှစ်အလလက ချစ်ကြိုက်လာသူလို ခင်မင်ရင်းနှီးမိလေသည်။

ကိုမြထွန်းက မြက်ခင်းပေါ် ကျောချ၍ လှဲလိုက်ကာမော်မော့်ကို ပွေ့လိုက်လေသည်။

မော်မော် အိမ်ပြန်ရောက်သော် ၁၁နာရီခွဲ ပြီးပေပြီ။

မေမေက မအိပ်ဘဲ စောင့်နေသည်။ ဖေဖေကမူ တရေးရ၍ ဆေးပြင်းလိပ် ထသောက်သည်။

အိမ်တွင်းသို့ ရောက်သည်နှင့် အပျော်စိတ်ပျောက်ကာ ဝမ်းသာပြောင်လှောင်ချင်စိတ် ပေါက်လာလေသည်။ “ယခုမှ မေမေတို့ ဖေဖေတို့ကိုနိုင်ပြီ။ ငါမှန်းသိပလား…ကိုင်း…မှတ်” ဟုစိတ်တွင်းမှ အခြောက်တိုက် ကြိမ်းလိုက်သည်။ သို့သော် သူပြုခဲ့သည့် အမှုသည် သူ့မိဘများထက် သူ့ကိုပို၍ မှတ်စေမည်လား ဘာလားတော့ မသေချာချေ။

သူ့ဖေဖေက ဆူမလို့လားမသိ၊ စကားပြောရန် ပါးစပ်ဟလိုက်သည်နှင့် တပြိုင်နက် “သိပ်တော်တဲ့ မေမေနဲ့ဖေဖေ၊ သမီးကလေးတယောက်တည်း ပစ်ထားပြီးအိမ်ပြန်အိပ်ကြတယ်” ဦးအောင် ပြောလိုက်ကာ သူ့အခန်းတွင်းသို့ ဝင်၍ပြေးလေသည်။

သူ့မေမေက သမီးလေးသည် ငိုယိုရန် ပြေးဝင်သွားသည်ဟု ထင်လေသည်။

မော်မော်ကတော့ မှန်ထဲက ပန်းလျစွာပြက်ရယ်ပြု၍ ပြုံးနေသော မော်မော်ကို တချက်ကြည့်ကာအဝတ်အစားမလဲဘဲ စားပွဲတွင်ထိုင်၍ တွေးနေလေသည်။