ကံကြမ္မာဆိုးဖြင့်သေခဲ့ရသူ

သူ့ခမျာ လူအိပ်ချိန်မှ

ရွာထဲခိုးဝင်ကာတွေ့ရပေသည်။

ယခုလည်း အလှူလှည့်ရာ၌ မမြလေးပါမည်ဆို၍

စံမောင်ကြည့်ချင်မိသည်။

ဖြစ်ချင်ရာဖြစ်ပါစေကွာ ဆိုသည့်သဘောဖြင့်…

“ဖြစ်ပါတယ်ကွာ…လာသွားကြမယ်…”

ဟု….ပြော၍ တူးလက်စ မသာကျင်းကိုထားခဲ့ပြီး

ရွာထဲသို့ဝင်လာကြသည်။

ငပုကလည်းမိဘမဲ့တစ်ကောင်ကြွက်ပင်။

သူကလည်း စံမောင်နဲ့မခြားနား…ရွာ၏အပယ်ခံဖြစ်၏။

ယခုသူတို့နှစ်ယောက်ရွာထဲကို

ပုန်းလျှိုးကွယ်လျှိုးဝင်လာခဲ့ကြပြီးနောက်

ရွာလမ်းမတစ်နေရာရှိ မန်ကျည်းပင်ကြီးအနောက်၌

ပင်စည်နှင့်ကွယ်ကာထိုင်နေခဲ့ကြသည်။

အလှူလှည့်ကလည်းမလာသေးသည်မို့

ဟိုသည်ကြည့်ကာထိုင်နေရင်း…

“ဟိတ်ကောင်တွေ…မင်းတို့အဲ့သည်မှာ

ဘာခိုးဖို့ချောင်းနေကြတာလဲ”

ဟုသော…အသံကြား၍

စံမောင်ကြည့်လိုက်တော့ တင်စိုး နဲ့ မျိုးဦးတို့ဖြစ်နေသည်။

တင်စိုးနဲ့မျိုးဦးက ရွာ၌ လူချမ်းသာမိဘများက

မွေးဖွားလာကြသည်မို့စကားပြောက

အလွန်မောက်မာကြသည်။

ယခုလည်း စံမောင်တို့အား ရန်စသလိုပြောလိုက်လေတော့

ဒေါသထွက်လွယ်သော ငပုကိုစံမောင် လက်ဆွဲထားရသည်။

“ဘာမှမဟုတ်ပါဘူးကွာ…တို့နှစ်ယောက်

ရွာကအလှူလှည့်တာ ကြည့်မလို့

ဒီအနားကနေစောင့်နေကြတာပါ”

“ဟား…ဟား……ဟား…..မင်းလိုသုဘရာဇာသားက

အလှူလှည့်တာကိုကြည့်မလို့ ဟုတ်လား…

အမယ်လေးကွာ…နားရှိလို့သာကြားရတယ်…

ယုံကိုမယုံဘူးဟေ့”

“ဟုတ်ပါ့တင်စိုးရာ…ငါ့အထင်တော့

ဒီကောင်တွေတစ်ခုခုခိုးဖို့ချောင်းတဲ့ပုံရတယ်ကွ”

မျိုးဦး၏စကားကြောင့် စံမောင် ဒေါသက

ထိန်းမရတော့ပေ။

“ဟ…ငါတို့အလှူလှည့်ကြည့်မလို့ လို့

မင်းတို့ကိုပြောပြီးပြီလေ…

ဘာလဲ သုဘရာဇာသား မျက်နှာမွဲက

အလှူလှည့်ကြည့်မရဘူးလို့ မင်းတို့ပထွေးကပြောထားလို့လား”

“ဘာကွ…မိုက်ရိုင်းလှချည့်လား”

“အေး…ငါမိုက်ရိုင်းချင်မိုက်ရိုင်းမယ်…

မင်းတို့လို လူတစ်ဖက်သားကို

နှိမ်ချင်…ပြောချင်တဲ့ အောက်တန်းစားစိတ်တော့

ငါ့မှာမရှိတာအသေချာပဲ”

“အောင်မာ…သုဘရာဇာသားကများ…”

“သုဘရာဇာသားဖြစ်တော့…ဘာဖြစ်လဲကွာ…”

“ဒါဖြစ်တယ်ကွာ…”

“ခွပ်…”

“အေး…မင်းကငါ့ကိုထိုးတယ်…

ရော့ငါကလည်းပြန်ထိုးတယ်ကွာ…”

“ခွပ်…”

စံမောင်နဲ့မျိုးဦးကသူတပြန်ငါတပြန်ထိုးကြသည်။

ငပုနဲ့တင်စိုးကလည်း နဘမ်းလုံးနေကြ၏။

သူတို့လေးဦး၏ရန်ပွဲသည်ရွာလမ်းမ၌ ဖုန်းများပင်တထောင်းထောင်း ထနေခဲ့သည်။

“ဟ…ရန်ဖြစ်နေကြတာဟေ့…ဆွဲကြပါဦးကွ”

“ဟဲ့…ဆွဲကြပါဦး…”

အလှူလှည့်လာသော ရွာသားများက ရန်ဖြစ်နေကြသော

စံမောင်တို့ကိုဝိုင်းဆွဲကြသည်။

ရန်ပွဲကိုလည်းကြည့်သူကပိုများလာ၏။

နောက်ဆုံးစံမောင်တို့လည်း

သူကြီးအိမ်ကိုရောက်သွားကြတော့သည်။

 

“ကိုစံမောင်…တော်ဒီလိုပဲနေတော်မှာလား”

“ကိုကဒီလိုမနေတော့ ဘယ်လိုနေရမှာလဲ မြလေးရဲ့”

စံမောင် ညဘက်၌ မမြလေး၏အိမ်နောက်ဖေး၌

တိတ်တဆိတ်လာချိန်းတွေ့နေခြင်းပင်။

“သြော်…တော့်ကို ဒီ မသာကျင်းတူးတဲ့အလုပ်ကြီးပဲ

လုပ်နေတော့မှာလားလို့ …ကျုပ်နဲ့အတူနေဖို့ဆိုရင်

ဒီထက်ကောင်းတဲ့အလုပ်အကိုင်ရှိမှအဆင်ပြေမယ်ဆိုတာ

တော်လည်းသိသိကြီးနဲ့တော်…”

“ကိုသိပါတယ်မြလေးရယ်…

အခု အဖေကလည်း သိတဲ့အတိုင်း

အရက်သောက်တာကလွဲပြီးဘာမှမလုပ်တော့ဘူးလေ…

ဒါကြောင့်ကိုယ်ကပဲမသာကျင်းတူးနေရတာပေါ့”

“ဒီလိုကြီးဆက်သွားနေရင်အိမ်ကမိဘတွေသဘောတူဖို့

မဖြစ်နိုင်ဘူးဆိုတာလည်းတော် သိရဲ့သားနဲ့”

“အင်းလေ…ကိုလည်း ငပုနဲ့အတူတူ

ကုန်ရောင်းကုန်ဝယ်စလုပ်ကြည့်မလို့

စဉ်းစားထားပါတယ်မြလေးရယ်…

နောက်ပြီးတစ်ဖက်ရွာက ကိုယ့်ရဲ့အသိကလည်း

ဒီအလုပ်နဲ့ပတ်သတ်ရင်သူကူညီမယ်လို့တော့ပြောပါတယ်”

“ဒါဆိုရင်ကောင်းတာပေါ့…ကိုစံမောင်ရယ်…”

စံမောင်လည်း မမြလေးကိုနှစ်သိမ့်ပေးရင်း

သူ၏ဘဝကိုကြိုးစားချင်နေ၏။

ထိုသို့ဖြင့် ငပုနဲ့အတူကုန်ရောင်းကုန်ဝယ်

စတင်လုပ်ကိုင်ခဲ့ကြသည်။

ပထမ၌အဆင်မပြေကြသော်လည်း

မိတ်ဆွေ၏ကူညီပေးမှုကြောင့်

တဖြေးဖြေးအလုပ်၏သဘောကို

နားလည်လာခဲ့ကြသည်။

ငွေကြေးများလည်းအတန်သင့်အဆင်ပြေလာကြတော့

ရွာထဲ၌ ခေါ်ချင်ပြောချင်သူကများလာ၏။

မမြလေးမိဘများကလည်း စံမောင့်အပေါ်သဘောထားများ

ပြောင်းလဲ၍လာခဲ့ကြသည်။

“ဒီကောင်လေးကလူတော်လေးပါလို့

ငါမပြောဘူးလားမိန်းမရဲ့”

“ဟုတ်ပါ့တော်…”

မိဘများ၏ပြောင်းလဲလာမှုကြောင့် မမြလေးမှာ

အလွန်ပျော်ရွှင်နေရှာသည်။

စံမောင့်ကိုလည်း…

“ကိုစံမောင်…”

“ပြောလေမြလေး”

“အိမ်ကအဖေနဲ့အမေကလေ…တော့်ကို

လူတော်လေးဆိုပြီး ချီးကျူးနေကြတယ်တော့်”

“ထင်တော့ထင်သားပဲ…မနေ့က ရွာလယ်ပိုင်းမှာဆုံတော့

မြလေးအဖေကိုယ့်ကိုကြည့်တဲ့အကြည့်တွေ

အရင်နဲ့မတူပါဘူးလို့”

“ကျုပ်အရမ်းပျော်တာပဲသိလား”

“ဘာလို့လဲမြလေးရဲ့”

“ဘာလို့ကမှာလဲတော်…

တော့်အပေါ်မိဘတွေအမြင်ပြောင်းလဲလာယုံမကဘူး…

အခုဆိုရင် တော်ကလည်း

ကုန်သည်လေးစံမောင်ဖြစ်လာပြီလေ…

ဒီတော့ကျုပ်တို့ပေါင်းဖက်ဖို့အရေးကဘာပူစရာရှိလို့လဲ

ကိုစံမောင်ရယ်…”

“ဒါတွေက မြလေးကြောင့်

ကိုယ်ကြိုးစားခဲ့တာပါမြလေးရယ်”

စံမောင်နဲ့မြလေးတို့ တစ်ဦးနဲ့အတူမေတ္တာများ

ပို၍တိုးပွားလာခဲ့ကြသည်။

ထိုအဖြစ်ကိုကြည့်၍ မနာလိုနေကြသူများကရှိနေပြန်သည်။

ထိုသူတို့ကအခြားသူမဟုတ်…စံမောင်ကိုယခင်ကတည်းက

အမြင်မကြည်ကြသော မျိုးဦးနဲ့တင်စိုးတို့ပင်ဖြစ်သည်။

“တောက်…သုဘရာဇာသားက ငွေလေးနည်းနည်းရှာနိုင်တော့

ရွာထဲမှာအိမ်ဝယ်ပြီး ကြီးကြီးကျယ်ကျယ်တွေလုပ်ပြ

နေလိုက်တာကွာ…”

“ဟုတ်ပါ့ကွာ…ဒီကောင် ချမ်းသာလာတာက

ရိုးကောရိုးရဲ့လားမသိဘူး…

မဟုတ်မှလွှဲရော…တခြားရွာတွေမှာဓားပြတွေ

သောင်းကျန်းနေတယ်လို့သတင်းထွက်နေတာဆိုတော့

ငါကတော့ ဒီကောင်နှစ်ကောင်ကို မသင်္ကါဘူးကွာ”

“အေး…ငါ့အတွေးကလည်း မင်းလိုပဲ…

တို့တွေဒီကောင့်ကိုပိုစောင့်ကြည့်ကြရမှာပေါ့ကွာ…”

စံမောင့်အပေါ် မလိုမုန်းတီးစိတ်များကြောင့်

အငြိုးထားနေကြသည်။

“ဟဲ့…သတင်းကြားပြီးကြပြီလား…”

“ဘာသတင်းလဲအရီးရဲ့”

“ဘာသတင်းကမှာတုန်း…စံမောင်က

မြလေးကိုတောင်းရမ်းလိုက်ပြီဆိုတာလေအေ”

“ဟယ်…ဘယ်တုန်းကလဲ…”

“ဒီမနက်ပဲတဲ့…လူကြီးတွေနဲ့လာတောင်းတယ်ဆိုပဲဟဲ့”

“ဒါဆို မမြလေးမိဘများကကော သဘောတူကြရဲ့လား”

“အမယ်လေးကောင်မရယ်…မြလေး အဖေဆိုပြုံးနေတာ

သွားကြီးကိုဖြီးလို့တဲ့ဟေ့…သူတို့သဘောတူမှာပေါ့အေ…

စံမောင်ကအရင်စံမောင်မှမဟုတ်တော့တာ…

အခုဆိုရင် ငွေရှိ…ရွှေရှိတဲ့သူဌေးလေးဖြစ်နေပြီလေအေ”

“ဒါပေါ့တော်…ရုပ်ကလေးကလည်းရှိ….

ဟော…အခုလိုငွေလေးကလည်းရှိလာတော့

မြလေးမိဘတွေကတော့ သဘောအတွေ့ပဲပေါ့တော်…”

စံမောင်နဲ့မြလေးတို့၏သတင်းကရွာထဲ၌လွှင့်ပျံ့နေခဲ့သည်။

ဝမ်းသာပေးကြသူများရှိသကဲ့သို့…

ဝမ်းမသာနိုင်ကြသူများကလည်းရှိနေခဲ့လေသည်။

 

ရာသီဥတုက အတော်ပူအိုက်လှသည်။

ခြံထဲသရက်ပင်အောက်၌ ခဏထိုင်ပြီးနောက်

ကွပ်ပျစ်ရှိရာသို့ ဘွားမယ်စိန်လျှောက်လာခဲ့သည်။

ထိုအချိန်…

“အမေ…ဒီမှာ မျှစ်သုပ်လေး…”

“အေး…အေး…ရေနွေးကြမ်းလေးနဲ့သောက်ရတာပေါ့အေ”

ဘွားမယ်စိန်ကွပ်ပျစ်ပေါ်ထိုင်လိုက်သည်နှင့်

ဒေါ်ဝင်းကမျှစ်သုပ်ပန်းကန်အား ချပေး၏။

အကြမ်းရေအိုးကိုယူ၍ ရေနွေးခွက်ထဲသို့ငှဲ့ပေးလိုက်ပြီး

ဘွားမယ်စိန်အရှေ့သို့ချပေးလိုက်ပြန်သည်။

ဘွားမယ်စိန်က မျှစ်သုပ်ပန်းကန်ကိုယူ၍

မြည်းနေတော့၏။

မျှစ်သုပ်လေးစား…အကြမ်းရည်လေးသောက်ဖြင့်နေရင်း…

“ညည်းသမီးကောဘယ်သွားလဲ မိဝင်း”

“အမေ့မြေးက ထုံးစံအတိုင်းပေါ့အမေရယ်…

အဖော်တွေဆီကိုသွားလည်နေလေရဲ့…”

“အေး…မြေးမလေးလည်း တဖြေးဖြေးနဲ့

အရွယ်လေးရလာပြီပဲမိဝင်းရဲ့”

“ဟုတ်ပါ့အမေရယ်…သမီးလေးက ရောက်စ ကနဲ့

အခုဆိုရင် အတော်လေး ကွာခြားသွားပါပြီ…

ကျုပ်ဖြင့် ဒီကလေးလေးကို စောင့်ရှောက်ပေးရတာလေ…

သူ့ပုံစံလေးကိုကြည့်ပြီး

အတော်ဝမ်းသာနေရပါတယ်အမေရယ်”

ဒေါ်ဝင်း၏ မျက်နှာအထက်၌

ပီတိစိတ်များကပေါ်လွင်နေခဲ့သည်။

ဘွားမယ်စိန်ကသမီးဖြစ်သူကိုကြည့်၍

ခေါင်းကိုတဆတ်ဆတ် ညိတ်လိုက်ပြီး…

“အင်းလေ…ဒါအမေတို့နဲ့ဒီကလေးရဲ့ရေစက်ပေါ့သမီးရယ်…

ကောင်းသောရေစက်လေးမို့… အမေလည်း…

သမီးအတွက် ဝမ်းသာပါတယ်အေ”

ဒေါ်ဝင်းကဘွားမယ်စိန်ကိုကြည့်၍ပြုံးသည်။

“အမေ…အမေ…ဟော…

ဘာတွေလုပ်နေကြတာလဲအမေတို့သားအမိက…”

ဟူသောအော်သံနှင့်ဝိုင်းထဲဝင်လာသည်က

ဘွားမယ်စိန်၏သားအလတ်ကောင်ပင်ဖြစ်သည်။

ပုဆိုးကိုခပ်တိုတိုဝတ်ထားသော အလတ်ကောင်သည်

ဘွားမယ်စိန်နှင့်မတူဘဲဖခင်ဖြစ်သူနှင့်တူ၍

အရပ်မှာ ပုကွကွနိုင်လှ၏။

ဝါးခမောက်ကြီးကိုချွတ်၍ ကွပ်ပျစ်၌ဝင်ထိုင်လေတော့…

“အလတ်ကောင်…အိမ်ကို မလာစဖူး အလာထူးနေပါလား…

ပြောစမ်းပါဦး…နင်ဘာများအရေးကြီးစရာရှိနေလို့လဲ”

“ဟာ…မမတို့ကတော့လုပ်ပြီ…ကျုပ်ကအမေ့အိမ်ကို

လာစရာရှိမှလာတဲ့လူလားဗျ”

“အမယ်လေး…နင့်အကြောင်းငါမသိဘူးထင်သလား”

“ဟာဗျာ…”

“ကဲပါမိဝင်းရယ်…မောင်ဖြစ်သူ့ကိုစနောက်မနေပါနဲ့အေ…

ဟိုအလတ်ကောင် ပြော…အမေ့ကိုဘာကိစ္စရှိလို့လဲ”

“အမေကမှကျုပ်အကြောင်းကိုသိတာ…

ဒီလိုအမေရဲ့…ကျုပ် နွားဝယ်ချင်တာအဲ့တာ

ငွေလိုနေလို့ အမေ့ဆီနည်းနည်းလောက်လာတောင်းတာပါ”

“အမယ်…အမယ်…အမေ့သားပြောပုံကိုကြည့်ပါဦး…

ချေးတာမဟုတ်ဘဲ…လာတောင်းတာတဲ့အမေရယ်”

“ဟာဗျာ…မမကလည်း ကျုပ်ကအမေ့ရဲ့သားပါဗျ…

ဒီလောက်လေးတောင်ပြောလို့မရဘူးလား…

နောက်ပြီး ကျုပ်နှမ်းရောင်းပြီးတာနဲ့အဲ့သည်ငွေကို

ပြန်ပေးမှာပါ”

“ပြန်ပေးမှာဆိုရင်လည်းပြီးတာပဲ…”

ဘွားမယ်စိန်ကတော့သားသမီးနှစ်ယောက်ကိုကြည့်၍

ပြုံးနေလေသည်။

“အလတ်ကောင်…နင်လိုတဲ့ငွေကိုနင့်အစ်မဆီကယူသွားလိုက်…

ပြန်ပေးမယ်ဆိုတဲ့အချိန်နဲ့ ကတိကိုတော့တည်ပါစေနော်…”

“စိတ်ချပါအမေရာ…သြော်ဒါနဲ့…အမေ…

ကျုပ်သတင်းတစ်ခုကြားထားသေးတယ်”

“ဟဲ့ဘာသတင်းများတုန်း”

“မမကလည်း ကျုပ်ပြောမှာပေါ့ဗျာ…

ဒီလိုအမေရဲ့…တစ်နေ့က ကျုပ်နွားလိုက်ရှာတာ…

တစ်ဖက်ရွာက နွားသမား ကိုဗလဆိုတဲ့သူနဲ့ဆုံခဲ့တယ်…

အဲ့လူကကျုပ်အမေက ဘွားမယ်စိန်ဆိုတာလည်းသိရောဗျာ…

ကျုပ်ကိုအတင်းသူကြားထားတဲ့အကြောင်းတစ်ခုကိုပြောပြတော့တာပဲ”

အလတ်ကောင်ကပြောနေတုန်းဒေါ်ဝင်းမှ…

“အလတ်ကောင်ရယ်…

နင်ပြောစရာရှိတာကိုပြောပါတော့လား…

ဘာတွေကိုဝေ့နေတာတုန်းဟဲ့”

“ပြောမှာပေါ့မမရာ…အဲ့သည် ကိုဗလဆိုတဲ့လူက

အုတ်တွင်းရွာမှာအခု

သရဲအရမ်းခြောက်နေတယ်ပြောတယ်ဗျ…

ခြောက်တာကလည်းလမ်းလေးခွကြီးတဲ့အမေရာ…

ညရေးညတာများအရေးကြီးကိစ္စရှိရင်

သွားလာလို့ကို မရဘူးဆိုပဲ…

သရဲက သည်းကြီးမည်းကြီးကိုခြောက်တာတဲ့ဗျ”

“ဟယ်…ဒါဆိုရင် အဲ့သည်ရွာကလူတွေ

အတော်ကြောက်နေကြမှာပဲနော်…”

“ဒါပေါ့ဗျ…အဲ့တာနဲ့ကိုဗလကပြောတယ်…

သူအဲ့သည်ရွာဘက်ကိုရောက်ရင်

အဲ့သည်ရွာကလူတွေကို

အမေ့အကြောင်းပြောပြလိုက်မယ်တဲ့…

ဒါမှသူတို့လည်း လာပြီးပင့်ကြလိမ့်မယ်လို့ပြောသေးတယ်ဗျ”

ဘွားမယ်စိန်က သူ၏သားအလတ်ကောင်ပြောသည်များကို

နားထောင်နေခဲ့သည်။

စကားပြောပြီးခဏမျှကြာလေတော့

အလတ်ကောင်လည်းအိမ်ပြန်သွားတော့၏။

“အမေ…ဘာတွေစဉ်းစားနေတာတုန်း”

ဒေါ်ဝင်းက ဘွားမယ်စိန်ကိုမေးလေတော့…

“ဒီလိုပါပဲအေ…ညည်းမောင်ပြောသွားတာတွေ

နားထောင်ပြီးအတွေးများနေတာပါ…”

“ဒါဆိုရင် ကျုပ်ရွာလယ်ပိုင်းခဏသွားလိုက်ဦးမယ်”

“အေး…သွားလေအေ”

“အမေ ဘာမှာချင်သေးလဲ”

“မှာစရာဆိုလို့…သြော်…အေး…မိညွှန့်ဆီကဖီးကြမ်းငှက်ပျောသီး တစ်ဖီးလောက်ယူခဲ့လိုက်ဦး…

ဧည့်သည်လာလို့ရှိရင် ချကျွေးလို့ရတာပေါ့”

“ဟုတ်…ဟုတ်အမေ…ဒါဆိုကျုပ်ယူခဲ့လိုက်မယ်”

ဟု…ပြော၍ ဒေါ်ဝင်းသည်

ဝါးခမောက်ကြီးကိုဆောင်းကာ

ခြံဝိုင်းထဲမှထွက်သွားတော့သည်။

ဘွားမယ်စိန်တော့ ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို

ဖွာကာရှိုက်လို့ ကွပ်ပျစ်ပေါ်၌ ကျန်ရစ်ခဲ့လေသည်။

*******************************************************

နောက်တစ်နေ့၌…

“ဗျို့အိမ်ရှင်တို့…အိမ်ရှင်တို့ရှိကြလားဗျ”

ဟူသောအော်ခေါ်သံကြောင့် ဒေါ်ဝင်းတစ်ယောက်

မီးဖိုထဲတွင် ထမင်းအိုးမွှေနေရင်းမှ ထ၍ထွက်လာရသောအခါ

လက်အတွင်း၌သစ်သားယောင်းမကြီးလည်းပါလာခဲ့ပေသည်။

“ဘယ်သူတွေလဲ”

ဝိုင်းအပြင်၌ရပ်နေကြသေည လူစိမ်းနှစ်ယောက်ကိုတွေ့၍

ဒေါ်ဝင်းမေးလိုက်လေတော့…

“ဒါကဘွားမယ်စိန်ရဲ့အိမ်လားဗျ”

“ဟုတ်ပါတယ်”

“ဒါဆိုရင်…အစ်မက ဘွားမယ်စိန်ပေါ့လေ”

“မဟုတ်ပါဘူးဟယ်…ဘွားမယ်စိန်ဆိုတာ ငါ့အမေပါ…

ဒါနဲ့…နေစမ်းပါဦး…နင်တို့ကဘယ်သူတွေလဲ…”

“သြော်…ကျုပ်တို့က အုတ်တွင်းရွာကပါဗျ…

အုတ်တွင်းရွာကသူကြီးကဘွားမယ်စိန်ဆီကိုလွှတ်လိုက်လို့

ကျုပ်တို့နှစ်ယောက်မေးမြန်းပြီး ဒီကိုရောက်လာကြတာပါ”

“အေး…ဒါဆိုရင်ဝင်ခဲ့ကြလေ…”

ဒေါ်ဝင်းခြံတံခါးကိုဖွင့်ပေးလိုက်သည်။

“ကွပ်ပျစ်မှာထိုင်ကြပါဦး”

ကွပ်ပျစ်ခင်း၌ အုတ်တွင်းရွာသားနှစ်ယောက်ကို

ထိုင်ခိုင်းလိုက်သည်။

ထိုအချိန် ထင်းစည်းကိုထမ်း၍

ခြံဝိုင်းထဲသို့မောင်တိုးတစ်ယောက်

ဝင်လာခဲ့သည်။

ဖိနပ်ကမပါ…ပုဆိုးကိုစလွယ်သိုင်း၍

ထင်းစည်းကြီးကိုမောင်တိုး ထမ်းလာခဲ့သည်။

သူထမ်းလာသော ထင်းစည်းကို ခြံထဲ၌ ပစ်ချလိုက်ပြီးနောက်

မျက်နှာနှင့်လည်ပင်း၌ ရွဲစိုနေသော

ချွေးများကိုပုဆိုးစဖြင့်သုတ်ဖယ်ရင်း…

“အရီး…ဧည့်သည်တွေရောက်နေတာလား”

ဟု…မေးလေတော့…

“အုတ်တွင်းရွာသားတွေတဲ့လေ…

နင့်အဘွားဆီကိုလာကြတာ”

“သြော်…ကျုပ်ကထင်းလာပို့တာအရီးရဲ့…

ဒါနဲ့ဘွားကဘယ်ကိုသွားတာလဲ

အိမ်မှာလည်းမမြင်ပါလားဗျ”

“အေးဟယ်…ရွာအနောက်ပိုင်းကိုခဏဆိုပြီးသွားတာပဲ…

အခုအရီးလိုက်ခေါ်လိုက်ဦးမယ်…။

နင်လည်းမပြန်ပါနဲ့ဦး…ဧည့်သည်တွေနဲ့ခဏနေခဲ့ပေးဦး”

“ဟုတ်ကဲ့အရီး…”

“အယ်…မေ့နေလိုက်တာ

မီးဖိုထဲကထမင်းအိုးလေးလည်းခဏချပေးထားပါဦး

မောင်တိုးရယ်…ရော့…ဒီမှာယောင်းမ…”

“ဟုတ်ကဲ့…ကျုပ်ကြည့်လိုက်ပါ့မယ်အရီးရဲ့”

ဒေါ်ဝင်းထွက်သွားလေတော့ မောင်တိုးသည်

ကွပ်ပျစ်ပေါ်မှရေနွေးကြမ်းအိုးကိုယူ၍

မီးဖိုထဲသို့ဝင်သွားတော့သည်။

ထမင်းအိုးကိုကြည့်ရင်း ရေနွေးထပ်ဖြည့်၍

ဧည့်သည်တို့ဆီရေနွေးကြမ်းအိုးလေးချပေးလေသည်။

မီးဖိုထဲရှိ ထန်းလျက်နှင့်ငှက်ပျောဖီးကိုလည်း

ပန်းကန်လေးနဲ့သပ်သပ်ရပ်ရပ်ထည့်ပေးပြီး

ဧည့်ခံပေးရှာ၏။

“ဒီက အစ်ကိုတို့အကြမ်းရည်လေးသောက်ရင်း

ခဏစောင့်ကြပါဦး…ကျုပ်ထမင်းအိုးလေး

သွားငှဲ့လိုက်ပါဦးမယ်ဗျာ”

“ရတယ်…ငါ့ညီ…အေးအေးဆေးဆေးလုပ်ပါ…”

“ဟုတ်ကဲ့”

မောင်တိုးလည်းမီးဖိုထဲပြန်ဝင်ကာပွက်ပွက်ဆူနေသော ထမင်းအိုးကိုငှဲ့လေသည်။

ပြီးနောက်မီးအပူပြန်ပေးပြီး

ထမင်းအိုးကိုနေရာချလိုက်တော့၏။

ထမင်းအိုးကိစ္စပြီးလေမှ ဘွားမယ်စိန်နဲ့ဒေါ်ဝင်းတို့လည်း

အိမ်သို့ရောက်လာခဲ့ကြသည်။

“အမေ…အဲ့တာ အုတ်တွင်းက ဧည့်သည်တွေပဲ”

“အေး…အေး…ကဲမောင်ရင်တို့ ဘွားမယ်စိန်ဆိုတာ

ကျုပ်ပဲ…ပြောပါဦး လာရင်းကိစ္စကို”

ဘွားမယ်စိန်သည်ကွပ်ပျစ်ခင်းအပေါ်သို့ဝင်ထိုင်လိုက်ပြီး

အုတ်တွင်းသားနှစ်ယောက်ကိုမေးလိုက်သည်။

မောင်တိုးလည်းမီးဖိုထဲမှထွက်လာပြီး…

“အရီးကျုပ်ထမင်းအိုးလည်းငှဲ့ပြီးပြီ…

ဧည့်သည်တွေလည်း ဧည့်ခံထားပေးတယ်နော်”

“အေးပါဟယ်…လာ…လာ ဒီမှာထိုင်ပါဦး”

မောင်တိုးနဲ့ဒေါ်ဝင်းက ထန်းလက်ခုံတစ်ခုံဆီမှာ

ဝင်ထိုင်နေကြသည်။

အုတ်တွင်းသားတွေကလည်း ဘွားမယ်စိန်ကို…

“ကျုပ်တို့ရွာမှာ သရဲအတော်ကြမ်းနေလို့ပါဗျာ…

အဲ့သည်ကိစ္စနဲ့ပဲ ကျုပ်တို့ကို ရွာသူကြီးက ဘွားဆီကို

အကူအညီတောင်းဖို့ဆိုပြီးလွှတ်လိုက်တာပါ”

“တစ်နေ့ကပဲ…အုတ်တွင်းရွာအကြောင်းကို

ဘွားကြားမိပါသေးတယ်…

ဒါနဲ့ မောင်ရင်တို့ရွာမှာကြမ်းနေတဲ့သရဲက

အထီးလား…အမလားကွဲ့”

“အမဗျ…အမ…တော်တော်ကြမ်းတမ်းတဲ့သရဲမ ပါဗျာ”

“အဲ့သည်သရဲမက မောင်ရင်တို့ရွာဆီကို

ဘယ်လိုရောက်လာတာလဲ”

“သရဲမက အခြားက မဟုတ်ဘူးဗျ…

ကျုပ်တို့ရွာကပါပဲ”

“ဟေ…ဒါဆိုရင်ဒီသရဲမက ဘာကြောင့်

ဒီလောက်လူတွေကို ဒုက္ခပေးနေရတာလဲ”

“အကြောင်းက ဒီလိုရှိတယ်ဗျ…

လွန်ခဲ့တဲ့သုံးလလောက်ကပဲ…

ကျုပ်တို့ရွာက ရွာသူတစ်ယောက် ရွာပြင်မှာ

အစော်ကားခံရပြီး ဓားဒဏ်ရာတွေနဲ့ဆုံးသွားရှာတာ…။

သူ့ချစ်သူဆိုရင်အခုထိအရူးတပိုင်းပါပဲဗျာ…”

“ဟေ…ဒါဆိုရင်တရားခံကကော မိကြပြီလား”

“မမိပါဘူးဗျာ…ဘယ်သူဘယ်ဝါမှန်းကို

လူတွေမသိလိုက်တာပါ”

“အလိုလေး…တယ်ပြီးရက်စက်လိုက်တဲ့အဖြစ်ပါလား”

“ဟုတ်ပါတယ်ဗျာ…ကျုပ်တို့ဆိုအခုချိန်ထိ

ရင်နာလို့မဆုံးပါဘူး…

တရားခံတွေကိုသာမိရင် အသေသတ်ပစ်ဖို့ထိ

ဆုံးဖြတ်ထားကြတာပါ”

“အင်း…ကလေးမလေးအဖြစ်ကလည်း

တော်တော်လေးဆိုးဝါးတာပဲ”

“အခုလည်းကျုပ်တို့ရွာမှာ အခြောက်ကြမ်းနေတဲ့သရဲဆိုတာ

အခြားသူမဟုတ်ပါဘူး…အဲ့သည်ရွာသူပါပဲ…။

သူဆုံးခဲ့တဲ့ လမ်းလေးဂွက အပင်မှာနေပြီး…

ညဘက်ဆိုရင်အဲ့သည်လမ်းကနေ

သွားလာတဲ့လူမှန်သမျှကိုခြောက်လန့်လွှတ်နေတော့တာပါ…”

အုတ်တွင်းရွာသား၏စကားအဆုံးမှာ

ဘွားမယ်စိန်ခေါင်းတစ်ချက်ညိတ်လိုက်သည်။

“ဒါဆိုရင်မောင်ရင်တို့ရွာသူကြီးက…

ဘွားကိုဒီသရဲကိစ္စရှင်းပေးဖို့ခေါ်ခိုင်းလိုက်တာပေါ့”

“အမှန်ပါပဲဗျာ…”

“အေးလေ…အုတ်တွင်းရွာဆိုတာကလည်းမဝေးပါဘူး…

ဘွားတို့တွေ မနက်ဖြန်လာခဲ့ပါ့မယ်လို့

မောင်ရင်တို့သူကြီးကိုပြောထားလိုက်ပါ…”

“ကျေးဇူးတင်ပါတယ်ဗျာ…

ကျုပ်တို့သူကြီးလည်း ဘွားလာမယ်ဆိုတာသိရင်

ဝမ်းသာနေမှာပါ”

ထိုသို့ဖြင့် အုတ်တွင်းရွာသားတို့ပြန်သွားကြတော့သည်။

ထန်းလက်ခုံ၌ထိုင်နေသောမောင်တိုးကို…

“မောင်တိုးရေ…မောင်ရင်ကြားတယ်နော်…”

“ဟုတ်…ကျုပ်ကြားပါတယ်ဘွားရဲ့…”

“မနက်ဖြန်မနက်အစောလောက်

ဘွားတို့အုတ်တွင်းရွာကိုသွားကြရမယ်…

မောင်အုန်းကိုလည်းကြိုပြောထားလိုက်ပါဦး”

“ကျုပ်…ဒီကပြန်တာနဲ့ဝင်ပြောမှာပါ”

“အေး…အေး…အေး……”

“ရော့…မောင်တိုး…နင်တို့သားအမိစားဖို့

ငါးခြောက်ချက်…”

“ဟာ…အရီးကတော့လုပ်ပြီ…”

“ဘာလဲမယူချင်ဘူးလားဟဲ့…”

“ဟီး…မယူစရာလားဗျ…

ကျုပ်ကအရီးချက်တာဆိုကြိုက်ပြီးသားပဲဟာ”

“အေးပါဟယ်…နင်ကစားကောင်းသောက်ကောင်းအောင်

ပြောတတ်တော့လည်း…ငါချက်သမျှစားနေရတာပေါ့”

ဒေါ်ဝင်းကမောင်တိုးကို

ငါးခြောက်ချက်ပန်းကန်လေးပေးလိုက်သည်။

တူဝရီးနှစ်ယောက်စနောက်နေကြတာကိုမြင်တော့

ဘွားမယ်စိန်ကပြုံးနေလေသည်။

ထိုသို့ဖြင့်ထင်းလာပို့သောမောင်တိုးတစ်ယောက်လည်း

ငါးခြောက်ပန်းကန်လေးကိုင်၍ အိမ်သို့ပြန်သွားတော့သည်။

 

နောက်တစ်နေ့နံနက်အစော၌

ဘွားမယ်စိန်နဲ့မောင်တိုး၊မောင်အုန်းတို့သုံးယောက်

လှည်းတစ်စီးဖြင့် အုတ်တွင်းရွာသို့သွားကြသည်။

အုတ်တွင်းရွာရောက်တော့

သူကြီးအိမ်ကိုထပ်မံကာမေးမြန်းကြရပြန်သည်။

“လာကြပါခင်ဗျ…လာကြပါ…

သောင်ထွန်းရွာကဧည့်သည်တွေထင်ပါရဲ့ဗျာ”

ဘွားမယ်စိန်တို့လှည်းလေး သူကြီးအိမ်ရှေ့သို့

ရောက်သည်နှင့်ယောကျ်ားကြီးတစ်ယောက်က

ဝမ်းသာအားရထွက်လာပြီးပြောလေသည်။

ဘွားမယ်စိန်လည်းနွားလှည်းအထက်မှဆင်းလိုက်ပြီး…

“ဟုတ်ပါတယ်…ဘွားတို့ကသောင်ထွန်းရွာကပါကွယ်”

“ဟုတ်ကဲ့…ကျုပ်ကဒီအုတ်တွင်းရွာသူကြီး ဦးမောင်ခိုင်ပါ…

ဒီကဘွားက…ဘွားမယ်စိန်ထင်ပါရဲ့”

“ဟုတ်ပါတယ်ကွယ်…”

“လူကိုအခုမှပဲမြင်ဖူးတယ်ဗျာ…ကြွပါ…

ကျုပ်ကမိုးလင်းကတည်းက

ဘွားတို့လာမယ်ဆိုလို့မျှော်နေတာဗျ…”

သူကြီးဦးမောင်ခိုင်က

သူ၏အိမ်အတွင်းဧည့်ခန်းသို့ခေါ်သွားသည်။

သူကြီးဦးမောင်ခိုင်၏ဇနီးနှင့်သမီးများကလည်း မုန့်များဖွယ်ဖွယ်ရာရာပြင်ဆင်ဧည့်ခန်းကြပြန်သည်။

ဘွားမယ်စိန်တို့လည်းမနက်အစောထွက်ခဲ့ကြသည်မို့

ပြင်ဆင်ကျွေးမွေးသောမုန့်များကိုအရင်ဦးဆုံး

စားကြလေသည်။

စားသောက်ပြီးလေမှ…

“ဘွားဒီကိုလာတယ်ဆိုတာ မောင်ရင်တို့ရွာမှာသရဲအခြောက်ကြမ်းနေတယ်ဆိုတာကြောင့်ပါကွယ်”

“ဟုတ်ကဲ့…ကျုပ်ပင့်သာပင့်ခိုင်းရတယ်ဗျာ…

မလိုက်လာမှာတော့ဆိုးမိပါတယ်”

“အဲ့သည်လိုမရှိပါဘူးကွယ်…ဘွားဘက်ကမအားလပ်တဲ့

ရက်နဲ့ကြုံရင်တောင်အဆင်ပြေမယ့်ရက်ကိုပြောင်းပြီး

မရ ရအောင်လာခဲ့မှာပါ…”

“ဘွားရဲ့စေတနာကို ကျုပ်လေးစားမိပါတယ်ဗျာ…”

ထိုနေ့တစ်နေကုန်သူကြီးဦးမောင်ခိုင်၏နေအိမ်၌သာ

ဘွားမယ်စိန်တို့နေခဲ့ကြသည်။

ညရောက်လေမှ သရဲအခြောက်ကြမ်းသော ရွာအပြင်

လမ်းမဆီကိုသွားကြမည်ဖြစ်သည်။

ညသို့ရောက်လေတော့

ဘွားမယ်စိန်…မောင်တိုးတို့သုံးယောက်နဲ့အတူ

အုတ်တွင်းရွာသူကြီးက ရွာသားသုံးယောက်ကို

အဖော်ထည့်ပေးရှာသည်။

ထိုသုံးယောက်ထဲကနှစ်ယောက်မှာ သောင်ထွန်းရွာကို

လာဖူးသော နှစ်ယောက်ပါရှိ၏။

“ဘွား…ဂရုတော့စိုက်ပါဗျာ”

“စိတ်ချပါ မောင်ရင်…ဘွားတို့သေချာစီစဉ်မှာပါ”

ဟုပြော၍ သူကြီးတို့မိသားစုကိုနှုတ်ဆက်၍

ဘွားမယ်စိန်တို့ရွာပြင်ကိုထွက်လာခဲ့ကြသည်။

ရွာသားနှစ်ဦးကရှေ့ဆီမှမီးတုတ်များကိုင်၍

သွားကြလေတော့အလင်းကြောင့်သွားရတာ

အဆင်ပြေခဲ့ကြသည်။

ရွာအပြင်ဆီသို့ရောက်တော့ မီးတုတ်ကိုင်ထားသော

ရွာသားနှစ်ဦးသည် ခြေလှမ်းကိုရပ်လိုက်ပြီး…

“ဘွား…ရှေ့မှာမြင်နေရတဲ့အပင်ပဲဗျ”

ဟုပြောလေတော့ဘွားမယ်စိန်သည်ပတ်ဝန်းကျင်ကို

သေချာကြည့်၏။

ညနက်၍မှောင်သည်ကတစ်ကြောင်း…

ရွာလေးရွာကူးသန်းသော လမ်းမနှင့်

ဘေးဘက်၌ ခြုံနွယ်များရှုပ်ထွေးနေသော

နေရာများကိုကြည့်၍ဘွားမယ်စိန်

သက်ပြင်းချလိုက်လေသည်။

ပြီးနောက်…

“မောင်ရင်တို့အားလုံးဒီကနေပဲစောင့်ကြပါ”

ဟုပြောလေတော့ အုတ်တွင်းရွာသားတွေက…

“ဖြစ်…ဖြစ်ပါ့မလားဘွားရယ်…

ဒီသရဲမကအတော်အခြောက်ကြမ်းတာဗျ…

ကျုပ်တို့မြင်ဖူးတာတော့…

အပင်ပေါ်ကနေ ပြေးဆင်းလာလိုက်…

အပင်ပေါ်ကိုဆောက်ထိုးကြီးတက်ပြလိုက်နဲ့…

အတော်လေး ကြောက်ဖို့ကောင်းတာ…”

“ဖြစ်ပါတယ်ကွယ်…ဒီနားမှာပဲနေခဲ့ကြပါ”

ဘွားမယ်စိန်ကပြောလေတော့

အုတ်တွင်းရွာသားတွေကစိုးရိမ်နေကြသည်။

ထိုအခါမောင်တိုးက…

“ဒီကအစ်ကိုတို့က ဘွားကိုစိတ်ပူနေကြတာထင်တယ်…

အဲ့သည်အတွက်စိတ်မပူပါနဲ့ဗျာ…ကျုပ်တို့ရဲ့ဘွားက

ဒီထက်ကြမ်းတဲ့သရဲတွေကိုတောင် အနိုင်ယူခဲ့တာပါဗျ”

ဟုပြောမှ ခေါင်းညိတ်လက်ခံကြတော့၏။

ဘွားမယ်စိန်လည်း ရွာသားတွေနဲ့မောင်တိုးတို့ကိုထားခဲ့ပြီး

သူ၏တောင်ဝှေးကြီးကိုထောက်၍

လမ်းလေးခွ၌ သရဲအခြောက်ကြမ်းသည်ဆိုသော

သစ်ပင်ဆီကိုလျှောက်လာခဲ့သည်။

သစ်ပင်ဆီသို့မရောက်ခင် ဘွားမယ်စိန်နားအတွင်း၌

ရှိုက်ငင်တကြီးငိုကြွေးနေသော ငိုသံတစ်ခုကို

ကြားလိုက်ရသည်။

ငိုသံရှည်ကြီးသည် သစ်ပင်အနီးမှထွက်ပေါ်လာခြင်းဖြစ်၏။

ထိုငိုသံကိုကြားပါသော်လည်း ဘွားမယ်စိန်သည်

ရပ်တန့်ခြင်းမရှိဘဲအပင်ဆီသို့ဆက်လျှောက်လာခဲ့၏။

သစ်ပင်၏အောက်သို့ရောက်တော့ အမှောင်ရိပ်ကျနေ၍

ပတ်ဝန်းကျင်ကိုသဲသဲကွဲကွဲမမြင်ရပါသော်လည်း

ဘွားမယ်စိန်၏မျက်ဝန်းအတွင်း၌ အဖြူရောင်သဏ္ဌာန်တစ်ခုကို သေချာစွာမြင်နေရသည်။

“ဘယ်သူလဲ”

ဘွားမယ်စိန်၏နှုတ်မှထွက်လာသောအမေးစကားသည်

တိတ်ဆိတ်မှုကိုဖြိုခွင်းသွားခဲ့သည်။

ငိုသံသည်လည်းပျောက်ကွယ်သွားသလို…

အဖြူရောင်ပုံပန်းသဏ္ဌာန်သည် တဖြေးဖြေးပီပြင်လာခဲ့၏။

ထိုပုံပန်းသဏ္ဌာန်မှာ ဆံပင်ရှည်ကြီးနဲ့အမျိုးသမီးတစ်ယောက်

ဖြစ်ပြီး ထိုအမျိုးသမီး၏မျက်နှာသည်

ပုံပျက်ပန်းပျက်ဖြစ်နေယုံမကသေး

အမျိုးသမီး၏ရင်ဘက်၌ သွေးများကရွဲရွဲစိုကာ

စိမ့်ထွက်နေခဲ့သည်။

ဘွားမယ်စိန်သည် အမျိုးသမီးကိုစေ့စေ့ကြည့်ရင်း…

“နင်ဘယ်သူလဲ”

ဟု…ထပ်မံမေးလေတော့…

“ကျွန်မ မမြလေးပါ…”

“မမြလေး…အေး…နင်ဘာကြောင့်လူတွေကို

ခြောက်လန့်နေရတာလဲ…”

“ကျွန်မဒီနေ့ကိုစောင့်နေတာပါ”

“ဘယ်လို…ဒီနေ့ကိုစောင့်နေတာဟုတ်လား”

“ဟုတ်ပါတယ်…ကျွန်မဒီနေ့ကိုစောင့်နေတာပါ”

“ညည်းက…လူတွေကိုခြောက်လန့်ပြီးတော့…

ဒီနေ့ကိုစောင့်နေခဲ့တယ်ဆိုတာက ဘာအကြောင်းရှိလို့လဲအေ့…

ပြောစမ်းပါဦး…”

“ကျုပ်…ဘွားမယ်စိန်ကိုအကူအညီတောင်းချင်လို့ပါ”

“အလိုလေး…ငါ့ကို”

မမြလေးဆိုသောသရဲမ၏စကားကြောင့်

ဘွားမယ်စိန်အံ့သြ သွားသည်။

“ကျုပ်ပြောပြမယ့်အကြောင်းလေးကိုအရင်နားထောင်ပေးပါ…

ဒါဆိုရင် ဘွားရှင်းရှင်းလင်းလင်းသိလာမှာပါ”

“အေးလေ…ဒါဆိုရင်ပြောပါ…”

ဘွားမယ်စိန်ကခွင့်ပြုလိုက်၍

သရဲမသည် ဆွေးဆွေးမြေ့မြေ့ပုံစံလေးဖြင့်…

“ကျုပ်အသက်ရှိစဉ်ကပေါ့………….”

 

“မြလေး…ဟေ့…မြလေး…”

အိမ်၌ မိဘများမရှိသည့်အချိန် မမြလေးတစ်ယောက်ထဲ

ခြံထဲ၌စိုက်ပျိုးထားသော ချဉ်ပေါင်ရွက်များကိုခူးယူနေခဲ့သည်။

ထိုအချိန် ဝိုင်းအပြင်မှခေါ်သံကြောင့်

မမြလေးကြည့်လိုက်တော့

တစ်ရွာထဲနေသော မျိုးဦးဖြစ်နေပေသည်။

“ကိုမျိုးဦး…ဘာလဲတော့်”

ဟုပြောရင်း မမြလေးဝိုင်းအပြင်ကိုထွက်ကာမေးလေတော့…

“စံမောင်ကညကျရင်

ရွာပြင်ကိုလာခဲ့ပါလို့ပြောခိုင်းလိုက်လို့ပါ ဟ”

“ဟင်…ကိုစံမောင်က ကုန်ဝယ်သွားတာလေ…

ပြန်မရောက်လောက်သေးပါဘူးတော်…”

မမြလေး…မျိုးဦးကိုမယုံသလိုပြောလေတော့…

“ဟာ…နင်ကလည်းငါကသူပြောခိုင်းလို့ပြောတာပါ…

အခုဟာကလည်း တစ်ဖက်ရွာကဇာတ်ပွဲကို

အတူတူသွားကြည့်ဖို့ခေါ်တာတဲ့ဟ”

“ဟင်…သူက ကျုပ်ကို မိဘတွေဆီမှာလည်း

လာတောင်းထားတာပဲလေ…

နောက်လဆိုရင်ကျုပ်တို့ကလက်ထပ်ရတော့မှာပဲဟာကို…

ဒီလိုခိုးကြောင်ခိုးဝှက်တွေ့ဖို့လိုလို့လားတော့်”

“နင်အတော်လျာရှည်တာပဲ မြလေးရာ…

နေတော့ နင်မလာနိုင်ဘူးဆိုတာငါစံမောင်ကို

သွားပြောလိုက်ဦးမယ်”

မျိုးဦးကစိတ်မရှည်သလိုပြောလေတော့

မြလေးတစ်ယောက်…

“သြော်…ခဏနေပါဦး ကိုမျိုးဦးရယ်…

အင်းလေ…သူကအရင်တုန်းကလိုမျိုးမိဘတွေ

အလစ်မှာသွားကြ…လာကြတာကိုသတိရလို့

ထင်ပါတယ်တော်…

ကျုပ်ညကျလာခဲ့ပါ့မယ်လို့ပြောပေးပါနော်…”

“အေး…ဒါဆိုလည်းပြီးတာပဲ…ငါသွားပြီနော်…”

မျိုးဦးတစ်ယောက် ပြန်သွားတော့သည်။

မမြလေးကလည်း ညကျရင်မိဘတွေအလစ်၌

စံမောင်နှင့်တွေ့ဖို့ရန်ပြင်ဆင်နေတော့သည်။

 

“အဲ့သည်ညက ရွာအပြင်ကို

ကျုပ်တစ်ယောက်ထဲထွက်လာမိတာ…

အဲ့လိုနဲ့…အီး………………”

သရဲမသည် ပြောနေရင်းမှဝမ်းနည်းလာပုံရပြီး

ရှိုက်ငင်တကြီးငိုကြွေးပြန်သည်။

ဘွားမယ်စိန်ကလည်းစိတ်မကောင်းဖြစ်နေရှာပြီး

အသာငြိမ်နေခဲ့၏။

“အဲ့..အဲ့လိုနဲ့…ကျုပ်သွားတော့ ကိုစံမောင်ကမရှိဘူးတော့်…

အီး……….ဟို…ဟိုမသာတွေကျုပ်ကိုညာတယ်…

ရွာပြင်မှာကျုပ်ကိုဆွဲကြရမ်းကြပြီး…

ကျုပ်ကို…ကျုပ်ကိုစော်ကားကြတယ်…

အီး…….ဟီး…..…ပြီးတော့ ပြီးတော့ ကျုပ်ကို

စံမောင်နဲ့ယူချင်တဲ့မိန်းမယုတ်လို့ပြောပြီး

ဓားနဲ့အဆက်မပြတ်ထိုးသတ်ကြတယ်ဘွားရယ်…

အီး…….ဟီး…….ဟီး……ဟီး……..”

“အင်း…ညည်းလေးအဖြစ်ကိုကြားရတော့

ဘွားတကယ်စိတ်မကောင်းဖြစ်ရပါတယ်အေ”

“ကျုပ်ဘယ်မှလည်းသွားလို့မရဘူး…

ဒီအနားမှာပဲကျုပ်ဝိညာဉ်ကဝဲနေတာ…

ကျုပ်ကိုသတ်တဲ့အကောင်တွေကို

ကျုပ်ပြန်သတ်ချင်တယ်…

ဒါပေမယ့်ကျုပ်မစွမ်းသာခဲ့ဘူး…

ဒီနေရာကနေထွက်သွားလို့မရ…

ဘယ်သူ့ကိုမှလည်းကျုပ်အဖြစ်ကိုပြောလို့မရတဲ့အဆုံး…

ကျုပ်ထက်ဝါရင့်တဲ့သရဲတစ်ကောင်က

သောင်ထွန်းရွာကဘွားမယ်စိန်ကို ဒီအရောက်လာအောင်

လုပ်ဆိုလို့…သွားလာသမျှလူတွေကို

ခြောက်လန့်နေရတာပါတော်…”

သရဲမ၏စကားဆုံးတော့ဘွားမယ်စိန်နားလည်သွားတော့သည်။

“ညည်းအခုလိုဘဝရောက်အောင်လုပ်တဲ့ငမိုက်သားတွေက

ဘယ်သူတွေလဲ…သူတို့ကိုမှတ်မိလား”

“ကျုပ်သိတာပေါ့…ဒင်းတို့ကို ကျုပ်သိပ်သိတာပေါ့တော်…”

“ဒါဆိုရင်…သူတို့ကဘယ်သူတွေလဲ…”

“သူတို့က…သူတို့က…အယုတ်တမာကောင်တွေ..

မျိုးဦးနဲ့တင်စိုးဆိုတဲ့ အယုတ်တမာကောင်တွေ…

အီး……….ဟီး……..”

“မျိုးဦးနဲ့တင်စိုး…ဟုတ်ပြီ…

ကလေးမ ညည်းစိတ်သာချလိုက်တော့…

ဒင်းတို့ကို အများသိအောင်ဖမ်းပြီး အပြစ်ခံယူစေရမယ်အေ…

ခံယူစေရမယ်…”

“ကျုပ်ကသတ်ချင်တာ…ကျုပ်နဲ့ကျုပ်ချစ်တဲ့သူရဲ့ဘဝကို

ပျက်စီးစေခဲ့တဲ့ဒင်းတို့ကိုသတ်ပစ်ချင်တာ…”

“စိတ်ကိုလျော့ပါအေ…ညည်းအခုရောက်နေတဲ့ဘဝက

အတော်လေးနိမ့်ကျပါတယ်…ဒီဘဝကိုရောက်နေတာတောင်

လူသတ်ဖို့ထိလုပ်လိုက်ရင်…

ညည်းဘဝကပိုပြီး ဆိုးလာဖို့ပဲရှိတော့တယ်..

ဒီအကောင်တွေကိုဘွား အပြစ်ပေးခိုင်းလိုက်ပါ့မယ်အေ…

ညည်းသာဒီဘဝကလွှတ်မြှောက်ဖို့စဉ်းစားထားပေးပါ”

ဘွားမယ်စိန်သည် ပြောလိုသည်များပြောအပြီးနေရာမှ

ကျောပေး၍ထွက်လာခဲ့တော့သည်။

နောက်ကျောဆီမှ ငိုသံကိုကြားရပါသော်လည်း

လှည့်၍ပင်မကြည့်တော့…။

မောင်တိုးတို့လူစုရှိရာဆီကိုရောက်လာခဲ့သည်။

“ကဲ…သွားကြတာပေါ့”

ဟုပြော၍ရှေ့မှထွက်သွားသောဘွားမယ်စိန်ကြောင့်

မောင်တိုးတို့မှာသိချင်တာကိုပင်အောင့်အီး၍

လိုက်လာခဲ့ကြရသည်။

သူကြီးအိမ်ဆီသို့ရောက်လေတော့ ဘွားမယ်စိန်သည်အကြောင်းစုံကိုပြောပြလိုက်လေတော့

သူကြီးတို့မှာမမြလေးကိုသနားသလို…ခံပြင်းစိတ်များကြောင့်

ညတွင်းချင်းပင် မျိုးဦးနဲ့တင်စိုးတို့ကိုဝိုင်းဖမ်းကြတော့၏။

တစ်ရွာလုံးလည်းမမြလေးသတင်းကိုသိသွားလေတော့

တရားခံနှစ်ကောင်ကို ဝိုင်းရိုက်ကြလေရာ

သူကြီးတို့ပင်ထိန်းလို့မရဖြစ်ပြီး…

ခြေလွန်လက်လွန်ဖြစ်ကုန်ကာ

မျိုးဦးနဲ့တင်စိုးတို့လည်း ရွာသူ၊ရွာသားတို့လက်ချက်ဖြင့်

နေရာ၌ ပွဲချင်းပြီးကုန်ကြတော့သည်။

မမြလေး၏ဆန္ဒလည်းပြည့်ဝသွားသည်မို့

ဘွားမယ်စိန်တို့လည်း

နောက်နေ့မနက်၌ရွာကိုပြန်သွားကြသည်။

ဘွားမယ်စိန်မသိလိုက်သည်က

မမြလေး၏ချစ်သူ စံမောင်တစ်ယောက်ပိုင်ဆိုင်သမျှကို

မမြလေးနာမည်ဖြင့်လှူဒါန်းလိုက်ပြီး

သာသနဘောင်သို့အပြီးတိုင်ဝင်ရောက်သွားလေခြင်းပင်။

မမြလေး၏ခြောက်လန့်ခံရမှုလည်းမရှိတော့သလို…

အုတ်တွင်းရွာ၏ရင်နာစရာအဖြစ်အပျက်လေးသည်လည်း

ပြီးဆုံးသွားခဲ့ပါသည်။

ပြီးပါပြီ။

ယဉ်မင်း (ကန့်ဘလူ)