မမျှော်လင့်သောခရီးစဥ်

မင်းမိဘတွေသိသွားရင်တော့ မင်းအတွက်နဲ့ စိုးရိမ်ကြောင့်ကြရလိမ့်မယ်ကွ”

ကျုပ်လည်း ခေါင်းငိုက်စိုက်ချလိုက်တာပေါ့ဗျာ၊ ဦးဘသာကြီးက ကျုပ်ဆီကိုလျှောက်လာပြီးတော့ ကျုပ်ပုခုံးကိုလက်နဲ့ပုတ်ပြီး နှစ်သိမ့်တယ်ဗျ။

“မင်းမိဘတွေက ခွင့်ပြုတယ်ဆိုရင် မင်းကိုငါခေါ်မှာပါ၊ ဒီတော့ မင်းလိုက်ချင်တယ်ဆိုရင် မင်းမိဘတွေဆီက ခွင့်တောင်းပေါ့ကွာ၊ ကဲ အခုတော့ ငါ့နွားတစ်ရှဉ်းကို ဆွဲသွားပေတော့”

ကျုပ်လည်း ဦးဘသာပေးလိုက်တဲ့ နွားတစ်ရှဉ်းကိုဆွဲပြီးတော့ လေးလံတဲ့ခြေလှမ်းတွေနဲ့ အိမ်ကိုပြန်လာတာပေါ့ဗျာ၊ အိမ်ကနေခွင့်တောင်းဖို့ဆိုတာက မဖြစ်နိုင်တဲ့ကိစ္စမဟုတ်လားဗျ၊ ခရီးထွက်ရတာက ရက်ရှည်တာထက် ခရီးထွက်မယ့်သူကလည်း တစ်ရွာလုံးက စုန်းလို့သတ်မှတ်ပြီးတော့ ခပ်ကင်းကင်းနေကြတဲ့ ဦးဘသာကြီးနဲ့မဟုတ်လား၊ ကျုပ်အဖေတောင်မှ ဦးဘသာကြီးကို လုံး၀ယုံကြည်တာမဟုတ်ဘူးဗျ၊ ဒီတော့ သူနဲ့တစ်လကိုးသီတင်းလောက် လိုက်သွားမယ်ဆိုတာသာ ပြောလိုက်လို့ကတော့ ကျုပ်ကိုခွင့်ပြုမှာမဟုတ်လောက်ဘူးဆိုတာ မြေကြီးလက်ခတ်မလွဲပေါ့ဗျာ။

(၂)

ကျုပ်လည်း နွားနှစ်ကောင်ကို တင်းကုပ်ထဲထည့်ပြီးတော့ အိမ်ရှေ့ကိုထွက်ခဲ့တယ်၊ အိမ်ရှေ့က ခုံတန်းမှာ အဖေက ထိုင်ပြီး စာအုပ်တစ်အုပ်ကိုဖတ်နေတယ်၊ အမေကတော့ အဖေနဲ့မလှမ်းကမ်းမှာထိုင်နေပြီးတော့ ဆေးလိပ်ထိုင်ဖွာနေတယ်ဗျ။

ကျုပ်လည်း အဖေ့ကိုကြည့်ပြီး ပြောကြည့်ရင်ကောင်းမလားဆိုပြီးတွေးနေမိသေးတာ၊ ဒါပေမယ့် အဖြေကြိုသိပြီးသားဆိုတော့လည်း လေကုန်ခံပြီးမပြောတော့ဘူးပေါ့ဗျာ။ ကျုပ်လည်း ပျင်းပျင်းနဲ့ အဖေ့အရှေ့မှာချထားတဲ့ မြေပဲဆံလှော်ခွက်ကလေးထဲက မြေပဲဆံလက်တစ်ဆုပ်လောက်ကို ကောက်ယူပြီးတော့ ဝါးလိုက်တယ်ဗျ၊ ဒီအချိန်မှာပဲ အဖေက ကျုပ်ကို မော့ကြည့်တယ်။

“အလတ်ကောင်၊ ဒါနဲ့ မင်းဦးဘသာကြီးနဲ့ ခရီးလိုက်သွားမလို့ဆိုကွ”

ကျုပ်ဖြင့် ခေါင်းနားပန်းတွေပါ ကြီးကုန်တယ်ဗျ၊ အဖေက ဘုရားတရားတွေလုပ်ပြီး အကြားအမြင်ရနေတာများလားလို့ပေါ့၊ ကျုပ်တောင်ဘာမှမပြောရသေးဘူး အဖေက ကြိုပြီးသိနေပြီလေဗျာ၊ အမေကတော့ ဆေးလိပ်ဖွာရင်း ကျုပ်ကိုဒေါနဲ့မောနဲ့ လှမ်းကြည့်တယ်ဗျ။

“ဒီမှာအလတ်ကောင်၊ နင် ဦးဘသာနဲ့လိုက်သွားမယ်ဆိုရင် ငါတို့အိမ်ကနေအပြီးထွက်သွား၊ ပြီးတော့ ငါ့ကိုလည်း အမေလို့လာမခေါ်နဲ့”

အမေပြောလိုက်တဲ့စကားက ကျုပ်ရင်၀ကို ဆောင့်ကန်လိုက်သလိုပဲဗျာ၊ အမေက ပြောချင်ရာပြောပြီးတော့ ဒူးတစ်ဖက်ထောင်ထိုင်နေပြီး မျက်နှာကိုဟိုဖက်လှည့်ပြီး ဆေးလိပ်ဆက်ဖွာနေတာပေါ့ဗျာ၊ အဖေက ကျုပ်ကိုသေချာကြည့်ပြီးတော့

“ခရီးက တစ်ရက်နှစ်ရက်ဆိုလည်းထားတော့၊ အခုက အနည်းဆုံးတောင် တစ်လလောက်ကြာမှာ၊ ပြီးတော့ သွားမယ့်လူကလည်း စုန်းထီးကြီးဆိုတော့ မင်းကိုငါတော့ လုံး၀စိတ်မချဘူးအလတ်ကောင်၊ မင်းမလိုက်သွားရဘူး”

“ဟုတ် . . ဟုတ်ကဲ့ပါအဖေ၊ ကျုပ် . . ကျုပ်မလိုက်သွားပါဘူး”

ကျုပ်လည်း ခေါင်းညိတ်လိုက်ပြီးတော့ ရင်ထဲဆို့နင့်ပြီးတက်လာတယ်၊

“အေးပါ၊ မင်းအခု အိမ်ကနေခိုးထွက်ပြီး လိုက်သွားဖို့ကြံနေတယ်မဟုတ်လား၊ မင်းမဟုတ်တာတွေ တွေးမနေနဲ့အလတ်ကောင်၊ မင်းထွက်ရဲရင်ထွက်သွားကြည့်လိုက်စမ်း၊ မင်းငါ့အကြောင်းသိတယ်မဟုတ်လား”

ကျုပ်ခေါင်းပဲညိတ်ပြလိုက်တယ်ဗျာ၊ အဖေက လှေကားရင်းမှာ ကလေးချီပြီးထိုင်နေတဲ့ ကျုပ်အကိုကြီးကိုကြည့်ပြီးတော့

“ဟေ့၊ မင်းလည်း မင်းညီကိုသေသေချာချာကြည့်ထား၊ သူအိမ်ကထွက်သွားတယ်ဆိုတာနဲ့ မင်းတို့အကုန်လုံး ကျောကွဲပြီသာမှတ်”

အကိုကြီးက ဘုမသိ၊ ဘမသိနဲ့ ခေါင်းညိတ်ရှာတယ်၊ ကျုပ်လည်း ဒီနေရာမှာ ဆက်မနေချင်တော့တာကြောင့်မို့လို့ ခြံအပြင်ကိုထွက်ဖို့ ခြေဦးလှည့်လိုက်တယ်ဆိုရင်ပဲ အဖေက ကျုပ်ကိုလှမ်းအော်တယ်။

“ဟေ့ကောင်၊ မင်းဘယ်သွားတာလဲ အခုပြန်ဝင်လာစမ်း၊ ဦးဘသာကြီး ခရီးမထွက်သွားသရွေ့ မင်းခြံထဲက ခြံပြင်မထွက်ရဘူးမှတ်”

ကျုပ်လက်လျှော့လိုက်ပြီး ကွပ်ပျစ်မှာထိုင်နေလိုက်တယ်၊ အဖေက အငယ်မတို့ကိုပါ သေသေချာချာမှာထားပြီး ကျုပ်ကိုစောင့်ကြည့်ခိုင်းထားတယ်ဗျ၊ ကျုပ်သွားလေရာအနောက်ကို အငယ်မတို့က လိုက်ချောင်းကြည့်နေတာဆိုတော့ ဘယ်လိုလုပ်ပြီး လွတ်လပ်မှာလဲဗျာ၊ နေအိမ်အကျယ်ချပ်ကျတယ်ဆိုတာ ဒါမျိုးကိုပြောတာဖြစ်မှာ၊ ကျုပ်လည်းစိတ်မကောင်းဖြစ်တာရယ်၊ ဒေါသထွက်တာရယ် ရောထွေးနေတာပေါ့ဗျာ၊ ကျုပ်က နဂိုကတည်းက လိုက်သွားဖို့အစီအစဉ်မရှိပေမယ့် အဖေတို့က ကျုပ်ကိုခိုးပြီးလိုက်သွားမယ်လို့ ထင်နေကြတာမဟုတ်လား။

“အင်းပေါ့လေ၊ ဦးဘသာကြီးက မနက်ဖြန်မနက်သွားပြီဆိုတော့ ဒီတစ်ညလောက်တော့ သည်းခံလိုက်ရုံပေါ့”

ကျုပ်လည်း စိတ်ကိုဖြေတွေးပြီးတော့ စာအုပ်တစ်အုပ်ကောက်ကိုင်ပြီး စာဖတ်နေလိုက်တော့တာပါပဲဗျာ။

(၃)

ညနေထမင်းစားသောက်ပြီးတော့ နေအေးသွားတာနဲ့ ကျုပ်လည်းအိမ်ပေါ်တက်ပြီးတော့ ခွေနေလိုက်တယ်ဗျ၊ အိပ်ကလည်းအိပ်ချင်လာတာနဲ့ အိပ်ချလိုက်တော့တာပေါ့ဗျာ၊ ဒီလိုနဲ့ ညသန်းခေါင်ကျော်တော့ ကျုပ်အိပ်နေတဲ့ကြမ်းကို လူတစ်ယောက်က လက်နဲ့လာခေါက်သလို တဒေါက်ဒေါက်နဲ့ကြားရတယ်ဗျ၊ ကျုပ်လည်း လန့်နိုးသွားတာပေါ့ဗျာ။

နောက်တော့ မကြာပါဘူး၊ ထပ်ပြီးလာခေါက်ပြန်တယ်၊ ခေါက်တာက အိမ်အောက်ကနေခေါက်တဲ့ပုံပဲဗျ၊ ကျုပ်အိပ်တဲ့အိမ်အောက်မှာက အဖေတို့ထိုင်တဲ့ ခုံတန်းလျားပဲရှိတာ၊ ကျုပ်လည်း တစ်ညနေလုံးအိပ်ထားလို့ ဆက်မအိပ်ချင်တော့တာနဲ့ ငုတ်တုတ်ထထိုင်လိုက်တယ်ဗျ၊ ပြီးတော့ ကြမ်းပေါက်ကြားကနေ အသာကလေးချောင်းနေတာပေါ့ဗျာ၊ ခြံထဲမှာတော့ လရောင်နဲ့လင်းနေတယ်ဗျ၊ ဒီအချိန်မှာ မည်းမည်းအကောင်ကြီးက အဖေတို့ထိုင်တဲ့ ခုံတန်းက စားပွဲပေါ်ကိုတက်ပြီးတော့ ကျုပ်အိပ်နေတဲ့ကြမ်းပြင်အောက်ကို လက်နဲ့လာခေါက်ပြန်ပါရော၊ ကျုပ်က သရဲလို့ထင်ပြီးကြောက်နေမိပေမယ့် အဲဒီလူဝတ်ထားတဲ့ ဖိနပ်ကိုတွေ့လိုက်တော့ သရဲမဟုတ်ဘဲ လူဖြစ်ရမယ်လို့တွေးလိုက်တာပေါ့ဗျာ။

လူဆိုတော့ ဒီလိုအချိန်ကြီး ဘယ်သူရှိမလဲ၊ သေချာပေါက် သူခိုးပေါ့ဗျာ၊ ကျုပ်လည်း ငုတ်တုတ်ထထိုင်လိုက်ပြီးတော့ အသံအကျယ်ကြီးနဲ့ အော်ထည့်လိုက်တယ်။

“သူခိုးဗျို့ . . . သူခိုး . . .”

ကျုပ်လည်းအော်ရော အဲဒီလူက ခြံကိုဖြတ်ပြေးပြီး ခြံတံခါးကနေထွက်ပြေးတာပဲ၊ ခေါင်းမှာ ပုဆိုးခြုံထားလို့ ဘာကိုမှတော့ သေသေချာချာမမြင်ရဘူးဗျ၊ အဲဒီလူပြေးသွားတာနဲ့ ရွာထဲကလူတွေလည်း နိုးလာပြီးတော့ တုတ်တွေ၊ ဓါးတွေနဲ့ ပြေးလိုက်ကြတယ်။

“သူခိုးဗျို့ . . . သူကြီးရေသူခိုး . . .”

အဖေလည်းထုံးစံအတိုင်း အိပ်ရာထဲကနေ ငေါက်ခနဲထပြီး ပြေးထွက်သွားတာပေါ့ဗျာ၊ ကျုပ်လည်းထလိုက်ပြီး အဖေ့လက်စွဲတော် ငှက်ကြီးတောင်ဓါးကြီးကို ပြေးဖြုတ်ပြီး အဖေ့နောက်ပြေးလိုက်လာခဲ့တာပေါ့၊ ခြံထဲက ထွက်မည့်ဆဲဆဲမှာပဲ ကျုပ်တို့ခြံရှေ့ ချုံပုတ်ထဲကနေ လူတစ်ယောက်က ကျုပ်လက်ကိုလှမ်းဆွဲတယ်။ ကျုပ်လန့်သွားပြီး အသေအချာကြည့်လိုက်တော့ အကိုကြီးဖြစ်နေတယ်ဗျ။

“ဟင် . . . အကိုကြီး”

“အေးကွ၊ ဒီအချိန်က အခွင့်ကောင်းပဲ၊ ရွာကလူတွေ ရွာအနောက်ပိုင်းကိုလိုက်နေတုန်း မင်းက ရွာကနေထွက်ပြေးတော့”

“ဟာ . . အကိုကြီးကလည်း ကျုပ်ကဘာလို့ထွက်ပြေးရမှာလဲဗျ”

“မင်းကလည်း တုံးပါ့ကွာ၊ မင်းဦးဘသာကြီးနဲ့ ခရီးလိုက်သွားချင်တာမဟုတ်လား၊ အဖေတို့က တားနေလို့ မင်းအကြပ်ရိုက်နေတယ်မဟုတ်လား၊ ဒါကြောင့် ငါတို့က ပေါင်းပြီးစီစဉ်ပေးတာ”

ကျုပ်လည်း အတော်အံ့ဩသွားတာဗျ၊ ကျုပ်အကိုကြီးကိုလည်း ပြောမပြတတ်အောင်ကို ချစ်သွားတယ်။

“ငါတို့ဆိုတော့ ဘယ်သူတွေပါတာတုန်း”

“ဘယ်သူရှိမလဲကွ၊ မင်းကိုနိုးအောင်နှိုးတာ အငယ်ကောင်ကွ၊ သူက သူခိုးယောင်ဆောင်ပြီး လူတွေကိုမျှားပြိးပြေးတာ၊ ဒါမှ အဖေက သူ့အနောက်ကိုလိုက်မယ်မဟုတ်လား၊ အမေကတော့ မင်းသိတဲ့အတိုင်းပဲ သူခိုးသူဝှက်ဆိုရင် ကြောက်လို့ အိမ်ပေါ်မှာပုန်းနေတတ်တဲ့သူမဟုတ်လား၊ ကဲ . . စကားတွေများမနေနဲ့ အချိန်မရှိဘူး၊ မင်းရွာအပြင်ကိုပြေးတော့၊ ငါဦးဘသာကြီးကို ပြေးပြောလိုက်မယ်”

ကျုပ်ဖြင့် အကိုကြီးကိုကျေးဇူးတင်နေတာဗျ၊ အမှန်တော့ ကျုပ်လည်း လိုက်သွားဖို့ စိတ်ကူးကိုမရှိတာ၊ အခုတော့ သူတို့အထင်နဲ့ ကျုပ်ကိုအတင်းပို့နေကြလေပြီလေ၊ ဒီအချိန် အငယ်မနဲ့ နို့ညှာမက လွယ်အိတ်တစ်လုံးနဲ့ လက်ဆွဲအိတ်ကလေးတစ်လုံးကိုင်လာတယ်ဗျ၊ ကျုပ်ကိုအထုပ်အပိုးတွေလှမ်းပေးပြီးတော့ အကိုကြီးက ကျုပ်ကိုတွန်းတယ်။

“ဟေ့ကောင်မြန်မြန်သွား၊ တော်ကြာ သူခိုးကိုမတွေ့ဘူးဆိုပြီး အဖေပြန်လာမှ မင်းကိုမိသွားလို့ အဆော်ခံနေရအုံးမယ်”

ကျုပ်လည်း သုံးလေးလှမ်းလောက်ပြေးပြီးတော့ အကိုကြီးကိုပြန်လှည့်ကြည့်တယ်၊ နောက်တော့ အကိုကြီးနဲ့ အငယ်မတို့ကို လက်ပြပြီးနှုတ်ဆက်လိုက်တယ်။

“အကိုကြီး ကျုပ်သွားမယ်၊ ပြန်လာမှပဲ တွေ့မယ်ဗျာ၊ အငယ်မတို့ကိုလည်း နှုတ်ဆက်ပါတယ်”

အကိုကြီးနဲ့ ညီမတွေက ကျုပ်ကိုအမှောင်ထဲမှ လက်ပြန်ပြတယ်ဗျ၊ ကျုပ်လည်း လွယ်အိတ်ကိုစလွယ်သိုင်းလွယ်ပြီးတော့ လက်ကလည်း လက်ဆွဲအိတ်ကိုဆွဲပြီး ရွာအပြင်ကိုပြေးထွက်ခဲ့တာပေါ့ဗျာ၊ ရွာထဲမှာကတော့ သူခိုးကိုလိုက်နေကြတုန်း အုတ်အုတ်ကျက်ကျက်ဖြစ်နေကြတာပေါ့ဗျာ။

ကျုပ်ရွာထိပ်ကိုရောက်တော့ သစ်ပင်အောက်မှာ ရင်တထိတ်ထိတ်နဲ့စောင့်နေရတာပေါ့ဗျာ၊ မကြာပါဘူး၊ ဦးဘသာကြီးက လွယ်အိတ်တစ်လုံးနဲ့ပြေးထွက်လာတယ်ဗျ၊ ဦးဘသာရဲ့ အိတ်ကိုတော့ အကိုကြီးက ပုခုံးပေါ်ထမ်းပြီး ပြေးလာတာပဲ။ ကျုပ်တို့အနားရောက်တော့ အကိုကြီးက အိတ်ကို ဦးဘသာကြီးကိုပေးလိုက်တယ်။

“ဦးဘသာတို့ မြန်မြန်သွားကြတော့ဗျာ”

“အေးကွ၊ ဒါနဲ့ မင်းအဖေသိရင် ကောင်းပါ့မလား”

“အိုဗျာ၊မပူပါနဲ့ ကျုပ်တာဝန်ထားလိုက်စမ်းပါ၊ သွားကြတော့ . . .”

ကျုပ်လည်း ပြာပြာသလဲဖြစ်နေတဲ့ အကိုကြီးကိုကြည့်ပြီး မျက်ရည်တွေကျလာတာပေါ့ဗျာ၊ အကိုကြီးက ကျုပ်ခရီးလိုက်ချင်တယ်ဆိုလို့ တမင်ကြံဖန်ပြီး ဖန်တီးပေးတာမဟုတ်လား၊ တစ်နည်းအားဖြင့်ပြောရင် ကျုပ်ကိုချစ်လို့ လုပ်ပေးတာမဟုတ်လားဗျာ။

“အလတ်ကောင်ရာ ယောက်ျားဖြစ်ပြီး ငိုမနေစမ်းပါနဲ့၊ မင်းဒီခရီးကို သိပ်လိုက်ချင်နေတယ်မဟုတ်လား၊ အခု ဦးဘသာကြီးလည်းရောက်ပြီဆိုတော့ လိုက်သွားစမ်းကွာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ လည်ပတ်လာခဲ့၊ ဟုတ်ပြီလား”

အကိုကြီးက သူ့ပုဆိုးခါးပုံစထဲက ပိုက်ဆံကိုဆွဲထုတ်တယ်ဗျ၊ ပိုက်ဆံတွေကို ကျစ်နေအောင်လိပ်ထားတော့ ဘယ်လောက်လဲဆိုတာ မသိပါဘူး၊ မှောင်ကလည်းမှောင်နေတာကိုးဗျ၊

“ရော့၊ ယူသွားကာ လမ်းမှာသုံးဖို့၊ သိပ်တော့မများဘူး၊ ငါလည်း ငါ့ရှိသလောက်ပေးရတာ”

အကိုကြီးပေးတဲ့ ပိုက်ဆံကို ကျုပ်က လွယ်အိတ်ထဲကိုထည့်လိုက်ပြီးတော့ ရွာပြင်ကိုဆက်ပြေးလာကြတာပေါ့ဗျာ၊ ကျုပ်လည်းအတော်မောနေသလို လူကြီးဖြစ်တဲ့ ဦးဘသာကြီးကလည်း သိပ်မောနေရှာပြီဗျ၊ ဒါနဲ့ ရွာပြင်ဇရပ်နားရောက်တော့ ကျုပ်တို့ခဏထိုင်နားကြတယ်။ ဒီအချိန်မှာ ဇရပ်အနောက်ကနေပြီး လူတစ်ယောက်ထွက်လာတာဗျ။

“ဟိတ်၊ အလတ်ကောင်”

ကျုပ်ဖြင့် လရောင်မသဲမကွဲထဲ အဲဒီလူကိုကြည့်ပြီး လန့်သွားတော့တာ၊ ထွက်လာတာကတော့ တခြားသူမဟုတ်ဘူးဗျ၊ ကျုပ်အဖေဖြစ်နေတာ။

“အ . . . အဖေ . . .”

ကြောက်လွန်းလို့ ကျုပ်လက်တွေဆိုရင် တုန်ကိုနေတော့တာဗျ၊ အဖေက အမှောင်ထဲကနေထွက်ပြီး ကျုပ်တို့အနားရောက်လာတယ်။

“မင်းပြေးမယ်ဆိုတာ သိလို့ ငါဒီကနေ ကြိုစောင့်နေတာပဲကွ”

“ဟုတ် . . ဟုတ်၊ ကျုပ်မသွားတော့ပါဘူးအဖေရာ၊ ကျုပ်ပြန်လိုက်ခဲ့မယ်”

ဒီတော့ အဖေက ကျုပ်ကိုလက်ကာပြတယ်ဗျ။

“မင်းသွားမှာသာ သွားစမ်းပါကွာ”

“ဗျာ”

ကျုပ်ဖြင့်မျက်လုံးကို ပြူးသွားတာပဲဗျာ၊ အခုကျုပ်မြင်နေတဲ့အဖေက ကျုပ်အဖေအစစ်မှ ဟုတ်ရဲ့လားလို့ တွေးမိတယ်။

“ဟုတ်တယ်အလတ်ကောင်၊ ယောက်ျားလေးဆိုတာ ခရီးသွားဖူးပြီးတော့ ဗဟုသုတတွေနဲ့ ပြည့်စုံရတယ်ကွ၊ ငါက ရွာအရေးနဲ့ မအားမလပ်လို့မင်းကိုလိုက်မပို့နိုင်ဘူးဆိုတော့ အခု မင်းဦးဘသာကြီးနဲ့ လိုက်သွားတော့ ပိုကောင်းသွားတာပေါ့ကွာ”

“အဖေ . . အဖေပဲ ကျုပ်ကိုစိတ်မချဘူးဆို”

အဖေက ပြုံးတယ်ဗျ။

“အဲဒါက မင်းအမေရှိလို့ပါကွာ၊ အမှန်တော့ ငါမင်းကိုခွင့်ပြုပေးချင်ပါတယ်၊ ဒါပေမယ့် မင်းသိတဲ့အတိုင်း မင်းအမေက ဦးဘသာဆိုရင် ကြောက်နေတာမဟုတ်လား၊ ဒီတော့ သူ့ရှေ့ကျတော့ ဟန်လုပ်ထားရတာပေါ့ကွာ”

“ဒါဆို အဖေအခုရော စိတ်ချသွားပြီလား”

အဖေက ဦးဘသာကြီးကိုတစ်ချက်ကြည့်ပြီးတော့

“ဦးဘသာ၊ ကျုပ်သားကို စိတ်ချမယ်နော်၊ ခင်ဗျားအမြင်မတော်တာတွေ့ရင်လည်း ကိုယ့်တူကိုယ့်သားလို သွန်သင်ဆုံးမပေါ့်ဗျာ”

ဦးဘသာကလည်း သူ့ရဲ့ကွမ်းချိုးတက်နေတဲ့ သွားတွေပေါ်အောင်ပြုံးလိုက်ပြီး

“စိတ်ချပါသူကြီးလေးရာ၊ ဘာမှမပူပါနဲ့”

အဖေက ကျုပ်ကိုကြည့်ပြီးတော့ သူ့အင်္ကျီအိတ်ထဲကနေ ပိုက်ဆံတစ်ထပ်လှမ်းပေးတယ်ဗျ။

“လမ်းမှာ စားချင်တာလေး ဝယ်စားပေါ့ကွာ”

ကျုပ်ဖြင့် ယုံတောင်မယုံနိုင်ဘူးဗျို့။

“ဒါဆို အဖေက အကိုကြီးတို့နဲ့ တစ်ဖွဲ့တည်းလား”

အဖေက ခေါင်းခါတယ်ဗျ။

“ငါက အခုမှသိတာပါ၊ ဒါပေမယ့် ငါတို့အိမ်ကို သူခိုးဝင်တယ်ဆိုကတည်းက တစ်ခုခု ရုတ်ရုတ်သဲသဲဖြစ်အောင်လုပ်တော့မယ်ဆိုတာ ကြိုသိတယ်၊ ဒါကြောင့် ရွာကလူတွေသူခိုးလိုက်ကြကတည်းက ငါက ရွာပြင်ကိုထွက်လာပြီး မင်းတို့ကို ဟောဒီဇရပ်အနားကနေစောင့်နေတာကွ”

ကျုပ်အဖေ့ကို သိပ်ကျေးဇူးတင်တယ်ဗျာ၊ အဖေ့ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ပြီးတော့ လက်အုပ်ချီပြီးအဖေ့ကို ကုန်းကန်တော့လိုက်တာပေါ့။

“အဖေ၊ သားနှုတ်ဆက်ပါတယ်၊ သားပြန်လာခဲ့ပါ့မယ်”

“အေးပါကွာ၊ သွားမှာဖြင့်သွားစမ်းပါ၊ မင်းကိုငါလွှတ်ပေးလိုက်တာကို မင်းအမေသိရင်တော့ ငါ့ကိုပြောတော့မှာပဲ”

ကျုပ်လည်း မတ်တပ်ထလိုက်ပြီးတော့ ဦးဘသာနဲ့အတူတူ ထွက်လာခဲ့တာပေါ့ဗျာ၊ အဖေက ကျုပ်တို့ထွက်သွားတာကို မျက်စိတစ်ဆုံးကြည့်နေတာဗျ၊ အခုမှ ကျုပ်အမြင်မှန်ရတယ်ဗျို့၊ အဖေက ကျုပ်ကိုလည်း သိပ်ချစ်တာပဲဗျ၊ အဖေက သူချစ်ကြောင်းမပြဘဲ အမြဲတမ်းဆူပုတ်နေတယ်၊ အော်ငေါက်နေတယ်ဆိုပေမယ့် အခုလိုကျတော့ ကျုပ်ကိုသူချစ်သားပဲ၊ သူ့သားဖြစ်ချင်တာ သူ့သားလုပ်ချင်တာကို ရအောင်တော့ လုပ်ပေးတာပဲမဟုတ်လားဗျာ။

(၄)

ရွာပြင်ဇရပ်တွေကို ကျော်ပြီးရင်တော့ ရွာသုဿန်ကို ကျော်ရပြီ၊ သုဿန်အနားမှာ သစ်ပင်တွေက အုပ်အုပ်ဆိုင်းဆိုင်းပေါက်နေတယ်ဗျ၊ သုဿန်နားကို ကျုပ်တို့ရောက်တဲ့အချိန်မှာ သုဿန်အဝင်၀နားမှာ မီးလုံးကြီးတစ်လုံးက လင်းပြီးတော့ မြင့်တက်လာတယ်ဗျ။

ကျုပ်လည်း ဦးဘသာကြီးကိုတစ်ချက်ကြည့်လိုက်တော့ ဦးဘသာက သူလည်းတွေ့တယ်ဆိုပြီး ခေါင်းညိတ်ပြတယ်၊ မီးလုံးကြီးက ကျုပ်တို့ကြားဖူးတဲ့ စုန်းမီးတောက်များလား၊ စုန်းမတွေတောက်စားတာများလားပေါ့ဗျာ၊ ကျုပ်တို့တဖြည်းဖြည်းနဲ့နီးလာတော့မှ မှန်အိမ်မီးမှန်းသိလိုက်ရတယ်ဗျ၊ နောက်တော့ လူနှစ်ယောက်ရပ်နေတာကိုလည်းမြင်လိုက်ရတယ်။

နီးလာတော့မှ မီးရောင်ကကျုပ်တို့အနားကိုပြေးလာတာဗျ။

“သား . . . အလတ်ကောင်”

အသံကြားလိုက်ကတည်းက ကျုပ်အမေအသံမှန်း ကျုပ်သိလိုက်တာဗျ၊ ဒါပေမယ့် အမေက ဒီသုဿန်နားမှာ ဘာလာလုပ်နေတာလဲပေါ့။

“သား . . . သားသွားတော့မယ်ပေါ့”

အမေနဲ့အတူ ကျုပ်ဘကြီးကိုလည်းတွေ့လိုက်ရတယ်။

“သားမှားပါတယ်အမေ . . သားမလိုက်သွားတော့ဘူး”

လူမိနေပြီဆိုတော့လည်း မတတ်နိုင်တော့ဘူးပေါ့ဗျာ၊ ကျုပ်က အမေချစ်သားဗျ၊ အမေငိုနေတာ၊ အမေစိတ်ဆင်းရဲတာကို မမြင်ချင်ဘူးဆိုတော့ နောက်ဆုံးတော့ ကျုပ်ပဲလက်လျှော့လိုက်ရတာပေါ့ဗျာ။

အမေက ကျုပ်လက်တွေကိုဆုပ်ကိုင်လိုက်တယ်။

“မဟုတ်တာပဲသားရယ်၊ သားလိုက်သွားပါ၊ သားသွားချင်နေတယ်ဆိုရင် သွားပါ”

“အမေရာ၊ ကျုပ်ကိုသားအဖြစ်က စွန့်လွှတ်လိုက်ပြီလား၊ အမေပြောတော့ သားလိုက်သွားရင် အိမ်ကိုဘယ်တော့မှပြန်မလာနဲ့၊ အမေ့ကိုလည်း အမေလို့မခေါ်နဲ့ဆို”

အမေက ခေါင်းကိုတွင်တွင်ခါပြီးတော့

“မဟုတ်ပါဘူးသားရယ်၊ အဲဒါက မင်းအဖေရှေ့မို့လို့ ပြောရတာကွဲ့၊ သား ဒီညထွက်ပြေးမယ်ဆိုတာ အမေသိလို့ သားဘကြီးနဲ့ ဒီနားကစောင့်မယ်ဆိုပြီး စောင့်နေခဲ့တာပဲ”

အမေက ကျုပ်လက်ကိုလွှတ်လိုက်ပြီးတော့

“ဦးဘသာကြီး ကျုပ်သားကို ဂရုစိုက်ပါတော်”

“အေးပါဟ မသန်းရ၊ နင်လည်း ငါ့အကြောင်းသိရဲ့သားနဲ့”

ကျုပ်လည်း ဘာကြောင့်မှန်းမသိဘူး မျက်ရည်တွေကျလာမိတယ်ဗျ၊ နောက်တော့ ဦးဘသာကြီးက ကျုပ်လက်ကိုဆွဲတယ်။

“အလတ်ကောင်၊ မကြာခင် မိုးလင်းတော့မယ်၊ ငါတို့ တန်းမြင့်ရွာကိုသွားမှရမယ်၊ အဲဒီကနေ အစောဆုံးကားနဲ့ မြိုင်သာကိုသွားမှ တော်ကာကျမယ်ဟေ့”

ကျုပ်လည်း အမေ့ကိုနှုတ်ဆက်ပြီးတော့ ဦးဘသာအနောက်ကို လိုက်ခဲ့တော့တာပေါ့ဗျာ၊ တော်တော်လှမ်းလှမ်းရောက်လို့ ကျုပ်လှည့်ကြည့်လိုက်တော့ အမေက ကျုပ်ကိုလက်ပြနေလေရဲ့။

ဒီလိုနဲ့ ဦးဘသာကြီးနဲ့လမ်းလျှောက်လာရင်း တန်းမြင့်ရွာကိုရောက်တော့ မနက်ငါးနာရီထိုးပြီးနေပြီဗျ၊ မနက်ငါးနာရီခွဲကျတော့ မြိုင်သာမြို့ကိုသွားတဲ့ကားက ထုံးစံအတိုင်း လူအပြည့်၊ ကုန်အပြည့်နဲ့ မောင်းချလာပါရောဗျာ၊ ကျုပ်တို့လည်း ထုံးစံအတိုင်း ကားခေါင်မိုးပေါ်ကို တက်စီးရတာပေါ့။

ကားစီးရင်းနဲ့ ကျုပ်ဝမ်းနည်းနေမိတယ်ဗျ၊ ကျုပ်ဆိုတဲ့ကောင်က မွေးကတည်းက ရွာကနေ ဘယ်မှဝေးဝေးလံလံမသွားဖူးဘူး၊ နောက်ပြီး မိသားစုတွေနဲ့လည်း မခွဲဖူးဘူးမဟုတ်လား၊ အခုတော့ တစ်လလောက်ခွဲသွားရမယ်ဆိုတော့ စိတ်ထဲလည်း ဟာတာတာကြီးနဲ့ ပြောမပြတတ်အောင် တစ်မျိုးကြီးခံစားရတယ်ဗျာ။

“ဘာမှ ဝမ်းနည်းမနေနဲ့အလတ်ကောင်၊ ခရီးထွက်တာပဲ ပျော်ပျော်ရွှင်ရွှင်ထွက်မှပေါ့၊ မင်းဒီလိုငိုနေလို့ဘယ်ဖြစ်မလဲ”

ကျုပ်လည်း မျက်ရည်တွေသုတ်ပစ်လိုက်တယ်၊ ကားခေါင်မိုးပေါ်က လိုက်စီးလာတာမို့ လေအေးတွေက တဝူးဝူးတိုက်ပြီးတော့ တစ်မျိုးလေးနေလို့ကောင်းတယ်ဗျ၊ ကားလမ်းဘေး ကွင်းပြင်တွေကိုဖြတ်လာရင်း မိုးကောင်းကင်က နေရောင်ခြည်တွေ တဖြည်းဖြည်းထွက်လာခဲ့ပြီဗျ၊ ဒီလိုနဲ့ ကျုပ်ဘ၀မှာ အမှတ်ရစရာအကောင်းဆုံးခရီးတစ်ခုကို စတင်ဖြစ်ခဲ့တာပေါ့ဗျာ။

ပြီးပါပြီ။
အဂ္ဂဇော်