မြေကြမ်းတောနှင့်မိစ္ဆာသိုက်

မုဆိုးပေါ့ ”

” သူ့ကိုခေါ်ပေးလို့ရနိုင်မလား”

” ခနစောင့်ပါ ကျုပ်လူခေါ်လွှတ်လိုက်ပါမယ်
ဒီပိုက်ဆံပေးတာမို့လို့တော့မဟုတ်ပါဘူး
အရင်တုန်းကလည်း ဆ၀ံတောင်ကိုသွားတဲ့
အဖွဲ့တွေရောက်လာခဲ့ကြတာ
အသွားပဲရှိပြီး အပြန်မရှိတော့ အန္တရာယ်တွေ
အတော်များတယ် ဖြစ်နိုင်ရင် လူကြီးမင်းတို့ကို
မသွားစေချင်ဘူး”

” ရပါတယ် ကျုပ်မှာ ကျွမ်းကျင်လက်နက်ကိုင်တပ်သားတွေပါတယ်လေ ”

” အိန်း……..
ငွေခင်ရေ လူသိန်းမောင်ကို မုဆိုးကြီးတာရာကို
သွားခေါ်ခိုင်းလိုက်ပါအုံး”

” အင်း”

ဒေါ်ငွေခင်မှာ နေရာမှထသွားပြီး ခြံချင်းကပ်လျက်ရှိတဲ့ လူသိန်းမောင်ကိုခေါ်ကာ မုဆိုးတာရာအား အခေါ်လွှတ်လိုက်ရသည်

” ခုနေလည်းအတော်စောင်းနေပြီဆိုတော့
ကျုပ်အိမ်မှာ ညအိပ်ပြီး မနက်ကျမှသွားပေါ့”

” ဟုတ်ကဲ့ပါ ကျုပ်တို့ကို ခုလိုကူညီပေးတဲ့အတွက်
ကျေးဇူးပါ”

” ရပါတယ်ဗျာ”

ဒီလိုနဲ့ သူကြီးတို့တွေစကားကောင်းနေတုန်း
တအောင့်ကြာတော့ မုဆိုးတာရာတစ်ယောက်
ခြံထဲကို၀င်လာခဲ့သည်

” ကျုပ်ကို ခေါ်တယ်ဆိုသူကြီး”

” အေး တာရာ ဒီကလူကြီးမင်းတွေက
မင်းနဲ့ဆွေးနွေးတိုင်ပင်စရာရှိတယ်တဲ့”

တာရာက တစ်ချက်လှည့်ကြည့်လိုက်ပြီး

“ဒီကရောင်းရင်းတွေက ဘာကိစ္စရှိလို့လဲ”

ခပ်ရင့်သီးသီးမေးလိုက်တဲ့စကားကြောင့် သူဌေးရောင်ရှိန်မှာ နည်းနည်းကသိကအောင့်ဖြစ်သွားမိ၏

” ဒီလိုပါ ငါတို့ဆ၀ံတောင်ကိုသွားချင်လို့
လမ်းပြအနေနဲ့ မုဆိုးတာရာကို ခေါ်ချင်လို့
ဒီအတွက်လည်း မုဆိုးအတွက်ရသင့်ရထိုက်တာတွေ ပေးမှာပါ”

” ဘာ ဆ၀ံတောင်”

မုဆိုးကြီးတာရာမှာ မျက်မှောင်ကြုတ်ပြီး
သူဌေးရောင်ရှိန်နဲ့လူတွေကိုကြည့်လိုက်သည်

” ခင်များတို့နောက်နေကြတာလား
ဆ၀ံတောင်က လူတွေအတွက် ငရဲတစ်ခုပဲ”

” ဘာပဲဖြစ်ဖြစ်ငါတို့က သွားမလို့ဒီထိ
ရောက်လာခဲ့တာ ကူညီပါဗျာ
တစ်သိန်းခွဲဆိုဘယ်လိုလဲ
ဒါတောင်စရံပဲရှိသေးတယ်
အဲ့ကနေပြန်ရောက်ရင် နောက်ထပ်သုံးသိန်းပေးမယ်
ဘယ်လိုသဘောရလဲ”

မုဆိုးတာရာက မုတ်ဆိတ်တွေကိုလက်နဲ့ပွတ်သပ်ပြီး စဥ်စားဟန်ပြုလိုက်သည်
ပြီးတော့

” ငါးသိန်းပေး
အဲ့လိုတောင်ခရီးနဲ့ အဲ့လောက်မှ တွက်ချေကိုက်မှာ
ကျုပ်လည်း သွားချင်လို့တော့မဟုတ်ဘူး
ကျုပ်သမီးလေး ဆေးဖို့ငွေလိုနေလို့”

သူဌေးရောင်ရှိန်တို့အုပ်စုက တစ်ယောက်ကိုတစ်ယောက်မျက်ရိပ်တွေပြကာ အမူအရာနဲ့ မေးခွန်းထုတ်လိုက်ကြ၏

” ကဲဗျာ ငါးသိန်းပေးမယ်
အခုစရံနှစ်သိန်းခွဲပေးမယ်”

“ကောင်းပြီ ဒါပေမယ့်
အဲ့တောင်ကနေ ပြန်လာဖို့အတွက်
ကျုပ်အာမ မခံဘူး
ဘာလို့ဆို အဲ့တာလူတွေသွားအပ်တဲ့
နေရာမဟုတ်လို့ဘဲ”

” ရပါတယ်ဗျာ သွားမယ်ဆိုပြီးရောပေါ့”

” အဲ့တာဆိုကျုပ်ကိုခွင့်ပြုပါ ”

မုဆိုးတာရာတစ်ယောက် ငွေနှစ်သိန်းခွဲနဲ့ အိမ်ကိုပြန်လာခဲ့သည် စိတ်ထဲမှာလည်းမတင်မကျပေ

” ငါဒီလိုလုပ်တာမှားသွားပြီလား”

ငွေမျက်နှာတစ်ခုကြောင့်ရယ် အိမ်မှာက တစ်ဦးတည်းသမီးလေးက အရိုးပျော့ရောဂါရှိတော့
ဆေးဖို့အတော်လိုသည်

“ဘာပဲဖြစ်ဖြစ် ဒါဟာအခွင့်အရေးတစ်ခုဖြစ်တယ်
ငါဒီလောက်ပမာဏကို ငါတို့ရွာမှာရော ဒီနယ်တ၀ိုက်မှာပါ ရှာဖို့မလွယ်ဘူး
ဖြစ်ချင်ရာဖြစ်ကွာ ငါ့သမီးအတွက်ပဲ ငါကြိုးစားရမယ်”

တဖြည်းဖြည်းနေရောင် နွမ်းလာသည်နှင့်အတူ
တာရာမှာ ခပ်သုတ်သုတ်လျှောက်လာခဲ့တော့၏

*************

နံနက်ခင်းနေရောင်တွေက ရွာအပေါ်က ၀ါးပင်ကြားထဲက ကျိုးတိုးကျဲတဲ ဖြာကျလျက်
တာရာမှာ စိတ်မကောင်းဖြစ်နေရှာတဲ့ မိန်းမနဲ့ကလေးကိုကြည့်ပြီး ချီတုန်ချတုန် ဖြစ်နေတာပေါ့
သွားမယ့်ခရီးက ကိုယ့်အသက်ကိုတောင် အာမခံလို့မရပေ ထို့ကြောင့် သူတို့ကိုအတတ်နိုင်ဆုံးဖြောင်းဖြပြီး ထွက်လာရတော့သည်

ဒီလိုနဲ့ သူကြီးအိမ်ကိုရောက်တော့ ဦးရောင်ရှိန်တို့က
အဆင်သင့်စောင့်ဆိုင်းနေကြ၏

” ကဲ ငါ့လူတို့ တာရာလည်းရောက်ပြီဆိုတော့
အချိန်မလင့်ခင် သွားကြရအောင်ကွာ”

သူတို့အားလုံး လက်နက် ကျောပိုးအိတ်ကိုယ်စီ
နဲ့ သူကြီးအားနှုတ်ဆက်ပြီး ရွာဆီမှထွက်ခွာလာခဲ့ကြသည်

ရွာကထွက်ပြီး ခနကြာတော့

“အားလုံးကို ပြောစရာရှိတာက
ဆ၀ံတောင်ဆိုတာ တောကြီးတယ်
တောကြီးတဲ့အတိုင်း တောရဲ့မာယာကများတယ်
တောထဲ ဘာပဲတွေ့တွေ့ မသိသလိုပဲနေပြီး ကိုယ့်
လိုရာကိုပဲသွားပါ
ဒါနဲ့ ခများတို့တွေ ဆ၀ံတောင်ကိုသွားမယ့်အကြောင်းအရင်းကို ကျုပ်ခုထိမသိရသေးဘူး
ကျုပ်သိလို့ရမလား”

တာရာအဲ့လိုပြောတော့ ဦးရောင်ရှိန်တို့မှာ သူ့ကို
တစ်ချက်ကြည့်လိုက်သည်

“ငါတို့သွားမှာက ဆ၀ံတောင်ရဲ့
ရတနာတွေကိုသွားရှာမလို့
အရင်တုန်းကတည်းက ဆ၀ံတောင်မှာ
ရတနာသိုက်ရှိတယ်လို့သိထားတယ်
ဒီမှာကြည့်”

ဦးရောင်ရှိန်က သူ့အိတ်ထဲမှ စာရွက်ကြီးတစ်ခုကိုထုတ်ကာပြလိုက်၏
စာရွက်က မြေပုံတစ်ခုပင်

” ဒီနေရာတွေ မင်းသိတယ်မလား”

” သိတော့သိတယ် ဒါပေမယ့်
အဲ့တာက တောအလယ်မှာဆိုတော့
အန္တရာယ်တွင်းတစ်ခုဆိုရင် ကျုပ်တို့ရင်ဆိုင်ဖို့
လိုမှာ”

” အေး
အဲ့တော့ မင်းပဲအဲ့ဒီနေရာကို ဒီထက်ပိုပြီးနီးနီး
သွားမယ့် ဖြတ်လမ်းတွေရှိရင် ပြောအုံး”

” ဖြတ်လမ်းကတော့မရှိဘူး ဒီလိုပဲသွားရမှာ”

” ဟူး……….
ပြီးရောကွာ”

ဦးရောင်ရှိန်မှာ တာရာ့စကားကြောင့် သက်ပြင်းတစ်ချက်ချမိသည်
စကားပြောလိုက် တစ်ယောက်အကြောင်းမေးလိုက်နဲ့ လမ်းတစ်လျှောက် ပျင်းဖို့သိပ်မကောင်းလှ ကိုယ်မသိတဲ့အကြောင်းမေး သူတို့မသိတဲ့အကြောင်းပြောလိုက်နဲ့ ပေါ့

ဒီလိုနဲ့ သူတို့အုပ်စု လာခဲ့ကြရာ ဘာလိုလိုနဲ့ ဆ၀ံတောင်ခြေရင်းနားကိုပင်ရောက်ရှိလာခဲ့ပြီ

” ကဲ အားလုံးပဲ သတိမလွတ်စေနဲ့
ဆ၀ံတောင်ကိုစပြီး၀င်တော့မယ်”

တာရာရဲ့ သတိပေးစကားနဲ့အတူ လူတွေမှာ
တာရာ့နောက်မှ တန်းစီကာ တောထဲစတင်၀င်ခဲ့ကြတော့သည်

တောထဲစ၀င်သည်နှင့် တာရာတစ်ယောက် ခံစားချက်တွေသိပ်မကောင်း သို့ပေမယ့်လည်း နောက်ဆုတ်တော့လို့မှမရတာ

အားလုံးစုစုပေါင်း လူရှစ်ယောက်ခန့်ပါရာ ဦးရောင်ရှိန်တို့အဖွဲ့မှာ သူတို့ခရီးအတွက် စိတ်အားတတ်ကြွနေကြသည့်ပုံပေါက်နေ၏

တောတောင်ရဲ့ ပတ်၀န်းကျင်တစ်ခုလုံးက ငြိမ်သက်နေသည် လေတစ်ချက်မှမတိုက်ခတ်ပဲ
တိတ်ဆိတ်လွန်းတော့ တစ်ယောက်အသက်ရူသံကိုတောင် တစ်ယောက်ကအတိုင်းသားကြားနေရ၏

သူတို့တွေတဖြည်းတဖြည်းခရီးတွင်လာသည်နှင့်အမျှ တောကလည်းနက်လာခဲ့သည် ဒီလိုနဲ့ ဦးရောင်ရှိန်က ခနတဖြုတ်နားဖို့ပြောတော့ အနားမှာရှိတဲ့
ကျောက်ဖျာပေါ်တွင်ထိုင်ကာ ရေသောက်သူသောက် မုန့်စားသူစားနဲ့

“ကျွန်တော် အပေါ့ခနသွားလိုက်မယ်နော်”

အဖွဲ့သားတစ်ယောက်က အပေါ့သွားဖို့ ဦးရောင်ရှိန်ကိုပြောတော့ ဦးရောင်ရှိန်မှာလည်း ခေါင်းညိတ်ကာ
ပတ်၀န်းကျင်ကိုအကဲခတ်ကြည့်နေ၏

ခနကြာတော့

“ကဲ အားလုံးအမောပြေပြီဆိုရင်
ခရီးဆက်ကြမယ်ဟေ့”

ပြောပြောဆိုဆို သူတို့အုပ်စုတွေ ထိုင်ရာမှထကာ
ကျောပိုးအိတ်တွေပြန်လွယ်လိုက်ကြသည်
ထို့နောက်ယင်းနေရာမှ ထွက်ခွာလာခဲ့ကြ၏

” ရှဲ…. ရှဲ …….ရှဲ….”

ထိုစဥ်သူတို့ရှေ့ဆီမှ တစ်စုံတစ်ရာတစ်ခုက လျှင်မြန်စွာဖြတ်ပြေးသွားသည်ကို မြင်တွေ့လိုက်ရသည်
မုဆိုးတာရာမှာ နှစ်လုံးပြုးသေနတ်ကို အသင့်ချိန်ပြီး
တောထဲအား မျက်စိကစားကြည့်လိုက်၏

” အဲ့တာဘာလဲဟ”

” တောနက်လေ အန္တရာယ်ကြီးလေပဲ
မမြင်အပ်မြင်အပ်သတ္တ၀ါတွေက ခြောက်လန့်တာကို ဂရုစိုက်မနေကြနဲ့ လာသွားကြမယ်”

သူတို့ရှေ့ဆက်သွားဖို့ ခြေလှမ်းပြင်လိုက်စဥ်မှာပင်

” ဟီး…. ဟီး….. ဟီး…….”

” ဟ ဘာတုန်းဟ”

တာရာမှာ တစ်ခုခုကိုစဥ်းစားဟန်ပြုကာ

“တစ်ခုခုတော့တစ်ခုခုပဲ
ခများတို့တွေ ဘာတွေအမှားလုပ်ထားကြတာလဲ”

တာရာမေးခွန်းကြောင့် ဦးရောင်ရှိန်တို့အဖွဲ့မှာ ကြောင်စီစီဖြစ်နေကြသည်

ထို့နောက် သူတို့ထဲမှတစ်ယောက်က

” ကျွန်နော် ခုနကနားတုန်းက
အပေါ့သွားခဲ့တယ်”

” ဘာ …
ဘယ်မှာသွားခဲ့တာလဲ”

တာရာမေးတော့ ၀င်းကြိုင်မှာ တစ်နေရာကိုညွှန်ပြသည်

” ရေသဖန်းအောက်မှာ”

” အဲ့တာကြောင့်နေမှာပေါ့ တစ်ခုခုဆို
ခွင့်ပြုပြီးမှ လုပ်ကြရတာ
တောဆိုတာ ခင်များတို့အိမ်နဲ့တူတာမဟုတ်ဘူး
ဒါနဲ့များ ဆ၀ံတောင်ကို မြို့ကနေလာနေသေးတယ်
အံ့သွပါ့”

တာရာက စိတ်တိုတိုပြောတော့ သူတို့မှာ မှားမှန်းသိလို့ ဘာမှဆက်မပြောကြပေ

” ကဲလာ သွားမယ်
ဘာကြားကြား စိတ်ထဲထားမနေနဲ့တော့”

ရှစ်ယောက်သား ဘာမှဆက်မပြောကြဘဲ ဆက်လတ်ချီတတ်ခဲ့ကြလေ၏

ညနေစောင်းချိန်လောက်ရောက်တော့ သူတို့တွေအတော်များများခရီးတွင်လာခဲ့ပြီ

“ဟူး မောလိုက်တာကွာ
ငါတို့ ဘယ်မှာစခန်းချကြမလဲ”

” ခနလေး ကျုပ်ကြည့်လိုက်မယ်”

တာရာမှာ အနီးနားတ၀ိုက်ကြည့်တော့ ချောက်ကမ်းပါးတစ်ခုနဲ့ မလှမ်းမ​ေ၀းမှာ ထီးထီးကြီးပေါက်နေတဲ့ ပင်ညောင်ပင်တစ်ပင်ကိုတွေ့၏

” လာ လာ
ဟော ဟိုနားက ညောင်ပင်အောက်မှာ စခန်းချမယ်”

ပြောပြောဆိုဆို ပင်ညောင်ပင်အောက်ကိုရောက်လာခဲ့ကြတော့ ရုတ်တရက် တောတိုးသံတွေထွက်ပေါ်လာတော့သည်

” အားလုံး သတိထား
ဒါ ဒါ တောလိုက်လာတာပဲ
ပြေးမှလွတ်မယ် ပြေးကြတော့”

တာရာက အလန့်တကြားပြောတော့ ဦးရောင်ရှိန်တို့အဖွဲ့မှာလည်း ကမန်းကတန်း ထပြေးကြတော့သည်

“ဝူး….ဝူး…….ဝူး……”

အသံက ပိုမြန်လာသလို နောက်ဆီမှလည်း တကျွီမြည်သံပေးကာ သစ်ပင်တွေသူတို့ဆီဘက်ကို ယိမ်းထိုးနေ၏

” ဟော ဟဲ ဟော ဟဲ ”

” မောနေပြီ ငါမပြေးနိုင်တော့ဘူး ”

” ဟာခများကလည်း တောလိုက်တာ တိရစ္ဆာန်လိုက်တာနဲ့တူတာမဟုတ်ဘူး ပြေးမှလွတ်မှာ”

ဦးရောင်ရှိန်မှာ မောနေသည့်ကြားက ထပြေးရပြန်သည်

သူတို့မည်မျှထိပြေးသည်မသိ နောက်မှအသံတွေ
တိတ်သွားမှ အပြေးရပ်ကာ ခြေကုန်လက်ပမ်းထိုင်ချလိုက်ကြ၏

” ဘာကြီးလဲ ငါတို့လွတ်ပြီလား”

တာရာမှာမောနေသည့်ကြားက

” တောမှာ စည်းဆိုတာရှိတယ် သူ့စည်းကုန်ရင်
တစ်ခြားစည်းကို ကျော်လို့မရဘူး”

“တောက်!!!!”

” မအေဘေးတွေ”

ဦးရောင်ရှိန်မှာ ပါးစပ်မှ​အော်ပြောရင်း သူ့လူတွေကို
ဆောင့်ကန်တော့သည်

“မင်းတို့ကို အလကားပိုက်ဆံပေး ထမင်းကျွေးထားတာမဟုတ်ဘူး
မပြေးနိုင်လို့ဖြစ်နေတာကို လှည့်တောင်မကြည့်ဘူးစွတ်ပြေးတယ်”

” ကဲ ကဲ တော်ကြပါတော့ ခုမှအပြစ်တွေတင်မနေကြနဲ့ ”

“ဝူး… ဝူး….ဝူး…..”

အမောမပြေသေးခင်ပင် သူတို့နောက်ဆီ ၀ါးရုံတောဘက်ဆီမှ ထပ်ပြီးတောတိုးသံတွေကြားရပြန်သည်

” ဟင် တောလိုက်လာပြန်ပြီလား”

“ရူး……

တာရာက မျက်ရိပ်ပြကာ သူတို့ကိုပုန်းခိုင်းရန်ပြောလိုက်၏

” တောလိုက်တာမဟုတ်ဘူး
ဒါ ဒါတွေက ဆင်တွေလာတဲ့အသံပဲ
တောဆင်ရိုင်းတွေလာနေကြတာ ပုန်းဖို့ပြင်ကြတော့”

ဦးရောင်ရှိန်တို့မှ ဘာမှမပြောရဲဘဲ နှုတ်ဆိတ်ကာအနားက ကျောက်တုံးကြီးတွေနောက်မှာအသင့်ပုန်းလိုက်ကြ၏

ခနကြာတော့ တ၀ူး၀ူး မြည်သံပေးကာ တောဆင်ရိုင်းတွေ သူတို့ရှေ့ကို၀ရုန်းသုန်းကာပြေးလာကြသည် တာရာတို့အဖွဲ့မှာ အသက်ကိုပင်ပြင်းပြင်းမရူ၀ံ့ဘဲ ကြောက်ဒူးတွေ တဆတ်ဆတ်တုန်နေကြ၏

တစ်ကောင်စ နှစ်ကောင်စဆို ပြန်ခုခံနိုင်ပေမယ့်
အခုက ဆင်အုပ်ကြီးတစ်ခုပင် ပုန်းရုံမှမတတ်နိုင်တော့ပေ

ဆင်တွေမှာ တရူးရူးဖြစ်နေကြကာ ကျောက်တုံးဆီဖက်ကို နှာမောင်းတွေတ၀ဲ၀ဲလုပ်နေကြ၏
နေရောင်ခပ်နွမ်းနွမ်းဖြစ်တဲ့အချိန်ကြမှ ၀ါးရုံတောထဲကို ပြန်၀င်ပြေးသွားကြတော့သည်

တာရာတို့မှာလည်း ထိုအချိန်ကြမှ ပုန်းရာမှထွက်၀ံ့ကြ၏

” ကျုပ်ပြောသားပဲ ဆ၀ံတောင်ဆိုတာ လူသားတွေအတွက် အန္တရာယ်တွင်းဆိုတာ”

တာရာစကားကြောင့် ဦးရောင်ရှိန်မှာ မျက်နှာတင်းခနဲဖြစ်လျက်

” ဒီမှာ ငါတို့က မင်းကို ပိုက်ဆံပေးပြီး
ခေါ်လာခဲ့တာ ငါတို့တစ်ခုခုဖြစ်မယ်ဆိုတာ
မင်းအပေါ်လဲမူတည်တယ် ”

” ဟ ကျုပ်က လမ်းပြသက်သက်ပဲလေ
ကျုပ်အသက်ကိုတောင် အာမ မခံတာ
ခင်များပြောနေလဲ အပိုပဲ”

” မင်း…..”

ဦးရောင်ရှိန်မှာ လက်သီးကိုတင်းတင်းဆုပ်ကာ
ဒေါသတွေကြောင့် မျက်နှာနီခနဲဖြစ်သွားသည်

” ဆရာကြီး ၀င်းကြိုင်မရှိတော့ဘူး”

“ဘာ!!!!”

ဦရောင်ရှိန်မှာ တတ်လူမင်း စကားကြောင့် အဖွဲ့ကိုကြည့်တော့ ၀င်းကြိုင်ပျောက်နေသည်

“ပုန်းတုန်းက ရှိတယ်မလား”

” ဟုတ်တယ် ဆရာကြီး ကျွန်တော်ထွက်လာတော့
သူက မထပဲထိုင်နေသေးတာ ”

” အဲ့လိုဆို ဘယ်ကိုရောက်သွားတာလဲ”

” မသိဘူး ဆရာကြီး”

” တောက်”

“ထားလိုက်တော့ကွာ စိတ်ရူပ်လာပြီ”

ဦးရောင်ရှိန်မှာ ဘာမှဂရုမစိုက်သလိုနေကာ ဘုန်းခနဲမြည်အောင်ထိုင်ချလိုက်၏

” ဒီညအတွက် ဒီမှာပဲ စခန်းချမယ်”

” ထပ်ပြီးသွားဖို့က မိုးလဲချုပ်နေပြီ
အန္တရာယ်က အချိန်မရွေးရှိလာနိုင်တယ်”

တာရာမှာ နေရာမှထကာ ၀ါးရုံတောဖက်ကို၀င်သွားခဲ့၏
ဦရောင်ရှိန်တစ်ယောက် မြေပုံထုတ်ပြီး ခနတဖြုတ်ကြည့်နေလိိုက်သည်

အမှောင်ရိပ်တွေ ပိုသန်းလာသည်နဲ့အမျှ တောကတဖြည်းဖြည်းတိတ်ဆိတ်လာခဲ့တာပေါ့
လရောင်က သစ်ပင်သစ်ခတ်တွေကြားမှနေပြီး
ကျိုးတိုးကျဲတဲ ထွက်ပေါ်လျက်

ဦရောင်ရှိန်တို့မှာ ပါလာသည့်မုန့်တွေ အသားခြောက်တွေကို ထိုင်စားနေကြသည်

” ဂျွတ် ဂျွတ် ”

အနောက်က တစ်စုံတစ်ရာခြေသံကြားသည့်အတွက် သေနတ်ကိုထုတ်ကာ ပစ်ရန်ချိန်ရွယ်လိုက်၏

” ဟိုး …. ဟိုး ..
ကျုပ်ပါ တောကောင်သွားရှာနေတာ
ဟင် ခများတို့တွေက စားတောင်စားနေကြပြီ
ခနတဖြုတ်တောင် မအောင့်နိုင်ဘူးလား”

” မင်းသွားတာခနတဖြုတ်လား
ကြာနေပြီ ငါတို့ဗိုက်ဆာလွန်းလို့ မခံနိုင်တော့ဘူး”

တာရာမှာ ဘာမှဆက်မပြောဘဲ သစ်ရွက်ခြောက်တွေကောက်ကာ မီးမွှေးရန်ပြင်တော့၏

ဦးရောင်ရှိန်က မြေပုံစာရွက်ထုတ်ပြီး တာရာရှေ့ကို
လာချပေးသည်

” ငါတို့ ဘယ်အထိရောက်နေပြီလဲ”

တာရာမှာ သားကောင်ကိုကင်ပြီးနောက် မြေပုံစာရွက်ကို ကြည့်လိုက်၏
ထို့နောက်စာရွက်ကို လက်ညှိုးထိုးပြကာ

” မကြာခင် ခများတို့သွားမယ့် နေရာကိုရောက်တော့မယ် ပြောရရင် မနက်ဖြန်နေ့လည်လောက်ရောက်မှာ”

” မင်းရော အရင်က အဲ့နေရာရောက်ဖူးလား”

“မရောက်ဖူးဘူး ဒီထိတောင်မှ ခများတို့ကြောင့်
ရောက်ဖူးတာ
ကျုပ်က အမဲလိုက်ရင်လည်း ဆ၀ံတောင်ကိုဘယ်တော့မသွားဘူး အဲ့တာကြောင့်ပေါ့”

” ကဲ ခများတို့တွေလည်း အနားယူကြတော့လေ
မနက်ခရီးဆက်ဖို့ လိုသေးတယ်”

ဦရောင်ရှိန်လည်း ထိုင်ရာမှထကာ ကျောက်တုံးအောက်တွင် နေရာချပြီးလဲနေလိုက်တော့သည်
ပါလာသည့်သူ့အဖွဲ့သားတွေမှာလည်း ကျောက်တုံးကိုယ်စီ၌မှီကာ နားနေကြဆဲ

” အူး ဝူးးးးး ဝူးးးးးး”

တောနက်ထဲဆီက မြေခွေးအူသံတွေက လေတွေကြားထဲမှာ ပေါ်ထွက်နေ၏
တာရာမှာ သားကောင်ကိုကင်ပြီး စားသောက်ရန်ပြင်ဆင်နေသည်

ကိုယ်စီအတွေးတွေထုတ်နေကြတဲ့ ဦးရောင်ရှိန်တို့မှာလည်းခနကြာတော့ အိပ်မောကြသွားတော့၏

” ဦရောင်ရှိန်ကြီး ခများကိုမကျေနပ်ဘူး”

အသံလာရာကိုကြည့်လိုက်တော့ လရောင်အောက်က ငုတ်တုတ်ကြီးထိုင်နေတဲ့ ၀င်းကြိုင်

” ဟင် ၀င်းကြိုင်”

ဦရောင်ရှိန်မှာ သူ့လူတွေကိုပြောရန်ကြည့်လိုက်တော့ တစ်စုံတစ်ယောက်မှမရှိတော့ပေ
မီးဖိုဘေးမှာ သူတစ်ယောတည်း

” ဟင် တာရာ
တက်လူမင်း အောင်ခိုင်ရေ”

အမျိုးမျိုးအော်ခေါ်ပေမယ့် တစ်ယောက်မျှရောက်မလာပေ သူ့ရှေ့ကထိုင်နေတဲ့ ၀င်းကြိုင်မှာ
မတ်တတ်ထရပ်လိုက်ပြီး လက်တွေဆန့်တန်းကာ
ဦးရောင်ရှိန်ဆီကို လာနေသည်

” ၀င်းကြိုင် သရဲ
ငါ့နားမလာနဲ့ သွား
ငါ့နားမလာနဲ့ သွား”

၀င်းကြိုင်မှာ ရှည်လျားလှတဲ့လက်ကြီးတွေနဲ့ တစ်ခါတည်းလည်ပင်းကိုညှစ်တော့သည်

အားးးးးး

တိတ်ဆိတ်တဲ့ တောရဲ့အလယ်မှာ ဦးရောင်ရှိန်ရဲ့
အော်သံကပဲ့တင်ထပ်သွားလေသည်

မြေကြမ်းတဲ့တောနှင့်မိစ္ဆာသိုက် (၂)ဇာတ်သိမ်း

 

အဆက်——->>

 

” ဦရောင်ရှိန်ကြီး ခများကိုမကျေနပ်ဘူး”

 

အသံလာရာကိုကြည့်လိုက်တော့ လရောင်အောက်က ငုတ်တုတ်ကြီးထိုင်နေတဲ့ ၀င်းကြိုင်

 

” ဟင် ၀င်းကြိုင်”

 

ဦရောင်ရှိန်မှာ သူ့လူတွေကိုပြောရန်ကြည့်လိုက်တော့ တစ်စုံတစ်ယောက်မှမရှိတော့ပေ

မီးဖိုဘေးမှာ သူတစ်ယောတည်း

 

” ဟင် တာရာ

တက်လူမင်း အောင်ခိုင်ရေ”

 

အမျိုးမျိုးအော်ခေါ်ပေမယ့် တစ်ယောက်မျှရောက်မလာပေ သူ့ရှေ့ကထိုင်နေတဲ့ ၀င်းကြိုင်မှာ

မတ်တတ်ထရပ်လိုက်ပြီး လက်တွေဆန့်တန်းကာ

ဦးရောင်ရှိန်ဆီကို လာနေသည်

 

” ၀င်းကြိုင် သရဲ

ငါ့နားမလာနဲ့ သွား

ငါ့နားမလာနဲ့ သွား”

 

၀င်းကြိုင်မှာ ရှည်လျားလှတဲ့လက်ကြီးတွေနဲ့ တစ်ခါတည်းလည်ပင်းကိုညှစ်တော့သည်

 

အားးးးးး

 

တိတ်ဆိတ်တဲ့ တောရဲ့အလယ်မှာ ဦးရောင်ရှိန်ရဲ့

အော်သံကပဲ့တင်ထပ်သွားလေသည်

 

” ဆရာကြီး ဆရာကြီး ”

 

” ဟင် ဟင် ”

 

သူ့ကိုလှုပ်နိုးလိုက်တဲ့ ခမ်းစည်သူရဲ့အသံကြောင့်

ဦးရောင်ရှိန်လန့်ကာနိုးကြသည်

 

” ဘာဖြစ်လို့လဲ ဆရာကြီး”

 

” ဟမျ ငါ …ငါ ….

ဘာဖြစ်နေလို့လဲ”

 

” မသိဘူးလေ ဆရာကြီးပဲ ကိုယ့်လည်ပင်းကိုယ်ညှစ်ပြီး အော်နေတာ”

 

ဦရောင်ရှိန်မှာ ခေတ္တမျှငြိမ်သက်သွားပြီး ဘေးဘီ၀ဲယာကိုတစ်ချက်ကြည့်လိုက်၏

 

” ကဲနေလည်းထွက်ပြီ ကျုပ်တို့သွားကြရအောင်”

 

ရှေ့တွင်ထိုင်နေတဲ့ တာရာက မတ်တတ်ရပ်ကာ

ပြောလိုက်သည့်အတွက် ဦးရောင်ရှိန်တို့မှာ

နေရာမှထကာ ခရီးဆက်ရန်ပြန်ကြတော့၏

 

” ဦးရောင်ရှိန်ကြီး ခများကိုမကျေနပ်ဘူး”

 

ဆိုတဲ့ အသံက နားထဲမှာစွဲနေသည် ဦးရောင်ရှိန်တစ်ယောက် စကားတစ်ခွန်းမျှမပြောဘဲ

ငြိမ်သက်ကာ လိုက်ပါလာတာပေါ့

 

သူတို့အတော်များများခရီးဆက်ပြီးနောက်

အလွန်မက်စောက်တဲ့ ချောက်ကမ်းပါးတစ်ခုဆီကို

ရောက်ရှိလာခဲ့ကြ၏

 

” ကဲ လူကြီးမင်းတို့ လမ်းကုန်သွားပြီထင်တယ်”

 

တာရာပြောတဲ့စကားကြောင့် အောင်ခိုင်က ရှေ့သို့ကြည့်လိုက်သည်

 

” မဖြစ်နိုင်တာကွာ

ဒီလမ်းမရှိရင် နောက်လမ်းရှိအုံးမှာပဲ”

 

“ရှာကြည့်ကြရအောင်”

 

ထိုစဥျ

 

သူတို့ရဲ့ တစ်ဖက်တစ်ချက်ချောက်ကမ်းပါးကနေ

လေတွေတ၀ူး၀ူးတိုက်ခတ်လာပြီး ကောင်းကင်တစ်ခုလုံးအမှောင်ထုတွေ ကြီးစိုးလာသည်

 

” ဟင် ဘာ.. ဘာဖြစ်တာလဲဟ”

 

လေတွေတိုက်တာမြန်လာတာနဲ့အမျှ တောထဲက

မည်သည့်အသံမှန်းမသိ ဆူညံသံတွေ ထွက်ပေါ်လာပြန်၏

နားတွေကွဲထွက်မတတ်အသံတွေကြောင့်

တာရာတို့မှာ နားတွေပိတ်ကာ မခံမရပ်နိုင်အောင်ဖြစ်နေကြသည်

 

” ငါတို့ ဘယ်ကိုဆက်သွားမှာလဲ”

 

“အား အား အား ”

 

ခမ်းစည်သူတစ်ယောက် အော်မည်ပြီး မြေပြင်ပေါ်တွင် ဘုန်းခနဲလဲကြသွားသည် သူရဲ့နားထဲကနေ

သွေးတွေဒလဟောထွက်လာကာ ခနကြာတော့

မချိမဆန့်အော်ပြီး တဖြည်းဖြည်းငြိမ်သက်သွား၏

 

ခမ်းစည်သူ ငြိမ်သက်သွားတော့မှ လေတွေမတိုက်တော့ဘဲ တောထဲကအသံတွေလည်း ချက်ချင်းပင်

တိတ်သွားသည်

 

” ကျုပ်တို့ ဒီမှာဆက်နေလို့မဖြစ်တော့ဘူး”

 

“ဟိုဘက်ကိုရောက်အောင်သွားမယ်”

 

ဦးရောင်ရှိန်ရဲ့ ခက်ထန်မာကြောတဲ့အသံကြောင့်

အားလုံးသူ့ဆီကိုအကြည့်တွေရောက်သွားသည်

ဦးရောင်ရှိန်မှာ ငြိမ်သက်နေရာမှ တာရာကိုအင်္ကျီကော်လံဆွဲကာ

 

” မင်းက ငါငှားလာတာနော်

အလကားခေါ်လာတာမဟုတ်ဘူး

တန်ကြေးနဲ့ညီအောင် လုပ်”

 

ဘုန်းခနဲမြည်အောင် မြေပြင်ပေါ်တွင်ဆောင့်တွန်းကား သေနတ်နဲ့ချိန်ရွယ်လိုက်၏

 

” ကောင်းပြီလေ ဒီတောကို၀င်လာကတည်းက

ခင်များအသက်အတွက် ကျုပ်အာမ မခံဘူးလို့

ပြောပြီးသားနော် ခင်များတို့ဟိုဘက်ရောက်အောင်

ကျုပ်လုပ်ပေးမယ် ခင်များရဲ့ သေနတ်ကိုဖယ်လိုက်”

 

တာရာအဲ့လိုပြောတော့ ဦးရောင်ရှိန်မှာ တရူးရူးတရှဲရှဲ ဖြစ်ပြီး အရှေ့ကိုထွက်သွား၏

 

တာရာမှာ အနားကသစ်ပင်ခြံနွယ်တွေကြည့်ပြီး

ခေါင်းတစ်ချက်ညိတ်ကာ အကြီးဆုံးနွယ်ကြိုးတစ်ခုကို ဓားဖြင့်ခုတ်ဖြတ်လိုက်သည်

နှစ်ပင်ထိ ဖြတ်ပြီး ပထမတစ်ပင်နှင့်ချည်ကာ အရှေ့မှ ကညင်ပင်ပေါ်တတ်ပြီး အကိုင်းပေါ်တွင်ချည်လိုက်၏

 

” ဒီနွယ်ကိုစီးပြီးပဲ သွားရမှာ

နွယ်နဲ့ခုန်နေတုန်း ခန္ဓာကိုယ်ကို မြဲမြဲထား

စိတ်မလှုပ်ရှားစေနဲ့”

 

” မင်းဟာက ခိုင်ရောခိုင်ရဲ့လား”

 

ဦးရောင်ရှိန်ထိုသို့မေးလိုက်တော့ တာရာမှာ

စကားဆက်မပြောဘဲ နွယ်ကြီးဆီကို လျှောက်သွားလိုက်သည်

ထို့နောက် နွယ်ကြိုးကိုလက်ဖြင့်ဆုပ်ကာ ၀ှီးခနဲပင်

ဟိုဘက်ကိုခုန်ကူးသွားပြလိုက်၏

 

ချောက်ကမ်းပါက နက်ရိူင်းသည်နှင့်အမျှ ကျယ်လည်းကျယ်လှသည် အားယူပြီးခုန်လိုက်တော့

ခနအကြာမှာပင် တာရာတစ်ယောက် ဟိုဘက်ကမ်းဆီကိုရောက်သွားတာပေါ့

ပြီးနောက် ဦးရောင်ရှိန်တို့ကို အော်ပြောလိုက်သည်

 

” ဟေ့လူတွေ လာခဲ့လိုက်တော့”

 

ပထမဆုံးအောင်ခိုင် အရင်ခုန်စီးသည် တစ်ယောက်ပြီးတစ်ယောက် ခုန်ပြီးကြတော့ တခဏကြာ အားလုံး ရောက်ရှိပြီးလေပြီ

 

ဦးရောင်ရှိန်မှာ ဟိုဘက်ကမ်းကိုရောက်သည်နှင့်

ဆက်သွားရန်ခြေလှမ်းပြင်လိုက်စဥ် ခေါင်းထဲအတွေးတစ်ခု၀င်လာခဲ့၏

 

မလုံမလဲနဲ့ လာတုန်းက ချောက်ကမ်းဘက်ပြန်ကြည့်လိုက်တော့ မတ်တတ်ရပ်ပြီး သူ့အားစိုက်ကြည့်နေတဲ့ ခမ်းစည်သူနဲ့၀င်းကြိုင်တို့နှစ်ယောက်ကိုမြင်လိုက်ရာ အသည်းတွေလှိုက်ခနဲဖြစ်သွားသည်

 

အနောက်ဖက်ကိုဆက်မကြည့်ရဲတော့ဘဲ မသိဟန်ဆောင်ကာ ရှေ့ကိုသွားပဲဆက်သွားလိုက်၏

 

အချိန်အနည်းငယ်ကြာသည်ထိ သွားလာခဲ့ပေမယ့်

ခန္ဓာကိုယ်ကပုံမှန်ထက် တဖြည်းဖြည်းအားအင်ကုန်ခမ်းလာသလို ဖြစ်သည်ကို တာရာအပါအ၀င် ဦးရောင်ရှိန်တို့က သတိထားမိလာခဲ့သည်

 

” မောလိုက်တာကွာ ငါတို့အတော်ကြာကြာလမ်းလျှောက်ခဲ့တာလား”

 

” ခနလေး တာရာမင်းလာကြည့်အုံး”

 

ဦးရောင်ရှိန်ကပြောပြောဆိုဆို အိတ်ထဲမှ မြေပုံကိုထုတ်ပြလိုက်၏

 

” ငါတို့ဘယ်အထိရောက်နေပြီလဲ”

 

” ဟင် အားလုံးသတိမလွတ်စေနဲ့တော့

ကျုပ်တို့ တောရဲ့အလယ်ကိုရောက်နေပြီ”

 

” ဟုတ်လား”

 

” ဒါ ဒါဆိုရင် ရတနရာသိုက်ကြီးက ဒီအနီးနားမှာပဲနေမယ်”

 

ဦးရောင်ရှိန်စကားလည်းဆုံးရော နေ့ခင်းကြောင်တောင် တစ်ခါတည်းနေကြတ်သလိုဖြစ်ကာ တစ်တောလုံးအမှောင်ဖုံးသွားတော့သည်

 

” ဘာ ဘာဖြစ်တာလဲ ဟေ့ကောင်တွေ

ငါပြောတာကြားလား”

 

ဦးရောင်ရှိန်ကြီး အော်ခေါ်ပေမယ့် ကျန်သည့်လူတွေရဲ့အသံထွက်မလာပေ

 

” ဟေ့ကောင်တွေ ငါခေါ်တာကြားလား”

 

ပိတ်ပိတ်ပိန်းအောင် ကျသွားတဲ့ အမှောင်ထုကြားမှာ

အသံဗလံတွေ မကြားရတော့

ခြေဦးတည့်ရာ သွားဖို့ပြင်ရာ သူ့နောက်ဘက်ဆီမှ

လူတစ်ယောက်လမ်းလျှောက်လာတဲ့ ခြေသံကို

နားထဲကြားလိုက်၏

 

” ဟင်….

တာရာလား

အောင်ခိုင်လား တတ်လူမင်းလား

ငွေသော်လား

တစ်ခုခုပြောကြပါဟ”

 

ဦးရောင်ရှိန်ကြီးမှာ သွေးရူးသွေးတန်းဖြစ်ကာ

အော်နေပေမယ့် ​တုံ့ပြန်သံတစ်စုံတစ်ရာမှ

ပေါ်မလာ

 

ခြေသံက တဖြည်းဖြည်းအနားကို ကပ်လာရာ

ဦးရောင်ရှိန်သတိမထားခင်မှာပင် ထိုအရာကြီးက

လည်ပင်းအား ပြင်းထန်တဲ့အရာတစ်ခုနဲ့ အားကုန်ရိုက်ချလိုက်တော့သည်

 

” ဘုန်း!!

 

အင့်””

 

*************

 

မည်မျှထိ သတိမေ့မျော့သည်မသိ နားထဲ တကျွတ်ကျွတ်အသံတွေကြားမှ ဦးရောင်ရှိန်တစ်ယောက် နိုးလာခဲ့၏

 

” ဟင် အမယ်လေး

ကယ်ကြပါအုံး”

 

သူ့တစ်ကိုယ်လုံးအား အ၀တ်အစားအကုန်လုံးချွတ်ကာ နွယ်ကြိုးတွေနှင့်ချည်နှောင်ထားပြီး တဟုန်းဟုန်းတောက်လောင်နေတဲ့ မီးဖိုပေါ်တွင်

ကင်ထားသည်ကို သိလိုက်ရတော့သည်

 

တစ်ကိုယ်လုံး ပူလောင်မှုတွေက မခံမရပ်နိုင်ဖြစ်လာရာ အားကုန်သုံးပြီး နွယ်ကြိုးတွေကိုဖြတ်ချရန်ကြိုးစားကြည့်၏

 

ထိုစဥ်သူ့ဘေးဆီမှ လူတစ်ယောက်မှာလည်း သူ့လိုအကင်ခံထားသည်ကို ရုတ်တရက်မြင်လိုက်ရသည်

 

” တာရာ ”

 

တာရာမှာလည်း အ၀တ်အစားတွေအကုန်ချွတ်ကာ အကင်ခံနေရသည် သို့သော် သတိမရသေးပေ

 

” ဟေ့ တာရာ ထတော့

တာရာ အား အမယ်လေး”

 

ကိုယ်လုံးကို တဖြည်းဖြည်းလှုပ်ပြီး မီးအပူကြောင့်ထွက်လာသည့် ချွေးစေးတွေက လျှော်လာရာ နွယ်ကြိုးပြတ်လုလု အရောက် ဘုန်းခနဲမြည်အောင် ကန်ချလိုက်တော့ မီးစင်ဘေးကိုလွင့်ထွက်သွား၏

 

သတိမေ့မြောနေသည့် တာရာအား ကြိုးဖြည်ပြီး

ထိုနေရာမှ တွဲခေါ်လာခဲ့သည်

 

” ဝီ ဝီ ဝီ ”

 

ပြေးပြီး သိပ်မကြာလိုက်ခင်မှာပင် သူတို့နောက်ဆီမှ

ပျားအုပ်ကြီးတစ်ခုမှာ တဟုန်ထိုးလိုက်ပါလာသည်

 

အနားရောက်တော့ ပျားတွေ၀ိုင်းတုပ်ကြရာ ခနအကြာမှာပင် ဒုတိယအကြိမ်သတိမေ့သွားပြန်၏

အချိန်အတော်ကြာပြီးနောက်……

 

” အား ကျွတ် ကျွတ် ”

 

ယခုတစ်ခေါက် သတိရလာသူမှာ တာရာပင်

တာရာမှာ သူရောက်နေသည့်နေရာကို တစ်ချက်ကြည့်လိုက်ရာ မျက်လုံးတွေပြူးသွားတော့သည်

 

နေရာတစ်ခုလုံး ရွှေတွေအပြည့် ဖြစ်ပြီး ပင့်ကူအိမ်တွေ ရစ်သိုင်းနေသည့် လှောင်အိမ်ကြီးတစ်ခုထဲတွင်

 

” ဟာ ဦးရောင်ရှိန်ကြီး ဘယ်လိုဖြစ်တာလဲ

ငါတို့ဘယ်ရောက်နေတာလဲ”

 

သတိလစ်နေတဲ့ ဦးရောင်ရှိန်ကိုလှုပ်နိုးရာ သတိပြန်ရလာခဲ့၏

 

” တာရာ ဒါဘယ်နေရာ……”

 

ဦးရောင်ရှိန် တစ်ယောက် ပါးစပ်အဟောင်းသားဖြစ်ကာ သူတို့ရောက်နေသည့်နေရာကြည့်ပြီး မျက်နှာ၀င်းခနဲဖြစ်သွား၏

 

” ဒါ ဒါကြီးက ရွှေတွေပေါ့ ငါတို့ရတနာသိုက်ထဲကိုရောက်နေတာပေါ့”

 

” ရူးးးး

 

တာရာမှာ လက်တို့ကာ ဦးရောင်ရှိန်ကိုသတိလစ်ဟန်ဆောင်ခိုင်းရသည်

 

” ၀င်လာတဲ့ ခြေသံကြားတယ် မြန်မြန်လှဲ”

 

နှစ်ယောက်သား သတိမေ့ဟန်ဆောင်ပြီး ၀င်လာသည့်ခြေသံကိုနားစွင့်နေကြတော့သည်

 

ခနကြာတော့

အခန်းထဲကို ခြေထောက်တွေ အလွန်ရှည်လျားလှတဲ့ သတ္တ၀ါတစ်ကောင်က ၀င်လာခဲ့၏

လှောင်အိမ်နားကိုရောက်တော့ နှာခေါင်းဖြင့် တရူရူလုပ်ကာ အနံ့ခံနေသည်

 

တာရာတို့မှာ အသက်ကိုအောင့်ကာ ထိုသတ္တ၀ါကြီးထွက်သွားမည့်အချိန်ကို သည်းခံပြီးစောင့်ဆိုင်းနေရ၏

 

ယင်းအကောင်ကြီးက လှောင်အိမ်ကိုမကာ အခန်းထဲကထုတ်သွားတော့သည် ကျယ်ပြန့်လှတဲ့ အခန်းကိုရောက်တော့ အထဲတွင် ထူးခြားဆန်းပြားသည့်

သတ္တ၀ါတို့က အသံအမျိုးမျိုးပေးကာ လက်ခုပ်သြဘာပေးနေကြ၏

 

သူတို့ရှေ့တွင် ပိတုန်းရောင်သန်းနေသည့် ဆံနွယ်ရှည်နဲ့မိန်းမတစ်ယောက်မှာအသင့်စောင်ဆိုင်းလျက်

 

” အရှင်မ ခတ္တာအတွက် လက်ဆောင်ကို

ဆက်သပါတယ် လိုရာအသုံးပြုပါ”

 

​ခြေထောက်ရှည်သတ္တ၀ါက ပြောပြောဆိုဆိုနှင့်

လှောင်အိမ်ကိုရှေ့တွင်ချလိုက်တာပေါ့

တာရာတို့မှာတော့ အသည်းတွေမှာ တဒုန်းဒုန်းခုန်နေ၏

 

ထိုမိန်းမမှာ ကျောခိုင်းရာက လှည့်ကြည့်ကာ

လှောင်အိမ်ကိုကြည့်ရင်းအားရပါးရ ရယ်မောလိုက်သည်

 

” ဟား ဟား ဟား

လူတွေက နှစ်တိုင်းငါ့ဆီကိုရောက်လာကြတယ်ပေါ့ ကောင်းတယ်ဟေ့ ငါလူသားစိတ်ကြိုက်စားရတာပေါ့

ဒီလှောင်အိမ်ကို သေချာသိမ်းထား အစောကဖမ်းထားတဲ့လူတွေကိုပဲ အရင်စားမယ် ”

 

ခတ္တာမိန်းမကြီးက ထိုသို့ပြောလိုက်တော့ ခနအကြာ

နောက်ဖက်ဆီမှ တံစို့တွေနှင့် ကင်ထားသည့်

သွေးပျက်ဖွယ် လူကင်တို့ကိုမိစ္ဆာတစ်ကောင်က လာချပေး၏

 

တာရာနဲ့ ဦးရောင်ရှိန်မှာ မျက်လုံးမရဲတရဲဖွင့်ပြီးကြည့်တော့မျက်နှာတွင်သွေးတစ်စက်မှမရှိတော့ပေ ဘာလို့ဆို

ကင်ထားသည့်လူတွေမှာ သူ့အဖွဲ့သားတွေပင်

 

ဦးရောင်ရှိန်တစ်ယောက် မျက်လုံးဆီမှ မျက်ရည်တွေစီးကျလာခဲ့သည် စိတ်ထဲမှာလည်း ​အကြောက်တရားက ဖုံးလွှမ်းနေလျက်

 

ခြေထောက်ရှည်သတ္တ၀ါမှာ လှောင်အိမ်ကိုပြန်

ယူကာ အရင်အခန်းထဲယူဆောင်ပြီး ထားခဲ့၏

သတ္တ၀ါကြီးထွက်သွားသည့်အသံကြားမှ

တာရာတို့နှစ်ယောက်မှာ ကပျာကယာထကာ

 

” ငါတို့ဘယ်လိုလုပ်မလဲ

ဒီမှာတော့ ငါတို့သေဖို့ပဲရှိတော့မှာ”

 

“အဲ့တာကြောင့်ပြောတာပေါ့

ဆ၀ံတောင်ဆိုတာ လူသားတွေအတွက်ငရဲပဲလို့

ခင်များက ကျုပ်စကားမှနားမထောင်တာ”

 

” အေးပါကွာ ခုချိန်က အပြစ်တင်နေရမယ့်

အချိန်မဟုတ်ဘူး

ငါတို့ဒီက လွတ်အောင် ပြေးမှရမယ်”

 

တာရာမှာ အနားတ၀ိုက်ကြည့်လိုက်သည်

 

“ခင်များဘေးက ဟိုရွှေတံကြီးကို လှမ်းယူလိုက်”

 

ဦးရောင်ရှိန်လည်း အနားက တစ်ထွာခန့်ရှည်တဲ့

ရွှေချောင်းတစ်ခုကိုလှမ်းယူလိုက်သည်

 

“ရော့ ”

 

ရွှေချောင်းရတော့ ချည်ထားသည့် ကြိုးအား ကန့်လန့်ရတော့၏ ကြိုးကအလွန်ခိုင်တော့ ချွေးတွေတပြိုက်ပြိုက်ကျလာခဲ့သည်

 

တာရာတစ်လှည့် ဦးရောင်ရှိန်တစ်လှည့် ကန့်ဖျက်ကြရာ အချိန်အတော်ကြာတော့မှ ကြိုးမှာပြတ်သွားတော့သည်

 

” ဒီတိုင်းပြေးလို့လွတ်မှာမဟုတ်ဘူး”

 

နှစ်ယောက်သား တီးတိုးပြောဆိုစဥ်မှာပင်

အခန်းထဲသို့၀င်လာသည့်ခြေသံကိုထပ်မံကြားလိုက်ကြရာ တာရာတို့မှာ လှောင်အိမ်ထဲပြန်ပြီးသတိလစ်ဟန်ဆောင်ကြရပြန်၏

 

ယခုတစ်ခေါက်၀င်လာသည်မှာ ခြေရှည်အကောင်ကြီးမဟုတ်ဘဲ အဘွားကြီးတစ်ယောက်သာဖြစ်သည် အဘွားကြီးမှာ အခန်းထဲ၀င်တော့ ရှည်လျားသည့် နှာခါင်းတွေနဲ့ အနံ့ခံနေတာပေါ့

 

ပြီးနောက် တစ်ကိုယ်လုံးရှိအ၀တ်တွေချွတ်ကာ

ခန္ဓာကိုယ်ကို တဖြန်းဖြန်းခါချလိုက်ရာ ကြမ်းပြင်ပေါ်တွင် လောက်လန်းများ တဖွားဖွားပြန့်ကြဲကုန်တော့သည်

 

ထိုအရာကိုကြည့်နေတဲ့ တာရာတို့နှစ်ယောက်မှာ

နှလုံးတွေပျို့နေကြတော့ အဖွားကြီးဟိုဟိုဒီဒီကြည့်ပြီး ပြန်ထွက်သွားသည့်အခိုက်တွင် နှစ်ယောက်သား ထိုးအန်ကြပါလေရော

 

လောက်လန်းတွေက သူတို့နှစ်ယောက်လှောင်အိမ်ဆီကို တရွေ့ရွေ့တတ်လာကြရာ ဆက်ပြီးသည်းမခံနိုင်တော့ဘဲ ထွက်လိုက်ကြရသည်

 

“ဖြစ်ချင်ရာဖြစ်ကွာပြေးမှရတော့မယ်”

 

” ဆက်မပြေးရင် မနက်ဖြန်တောင်ကူးမှာမဟုတ်ဘူး

ငါတို့သေမှာ”

 

တာရာတို့မှာ ပြောပြောဆိုဆို အနားမှ ရွှေအနည်းငယ်ကောက်ယူပြီးသည်နှင့် အခြေအနေကြည့်ကာ မိစ္ဆာကောင်တွေ အထွက်အ၀င်မရှိသည့်အချိန်ရောက်တော့ခြေကုန်သုတ်ကာပြေးကြတော့သည်

 

သို့ပေမယ့် သူတို့နှစ်ယောက်မှာ ပြေးရန်ဦးတည်ချက်မရှိ ဘယ်ဆီကိုပြေးရမှန်းမသိကြချေ

မျက်နှာတွေမှာလည်း စိုးရိမ်တဲ့အရိပ်အယောင်တွေက ပြည့်နက်နေလျက်

 

” ငါတို့ ဒီလိုသွားရင် သူတို့မိသွားလိမ့်မယ်”

 

” မင်းဟိုဘက်ကိုပြေး ငါဒီဘက်ပြေးမယ်”

 

” ဖြစ်ပါ့မလားဗျာ ”

 

” ဒီလိုမှ မလုပ်ရင် လွတ်နိုင်မှာမဟုတ်ဘူး”

 

သူတို့နှစ်ယောက် စကားပြောနေစဥ်မှာပင်

အနောက်ဖက်ဆီမှ

 

“လူတွေမရှိတော့ဘူး ထွက်ပြေးသွားကြပြီ

လိုက်ကြ……..”

 

ဆိုတဲ့ ကျယ်လောင်လှသည့်အသံကြီးထွက်လာရာ

တာရာတို့မှာ မတိုင်ပင်ပဲ ကိုယ့်ခြေဦးတည့်ရာကို

ကိုယ်စီပြေးကြတော့သည်

 

အားးးးး

” တာရာ ငါ့ကိုကယ်ပါအုံး…..”

 

တာရာမှာ အသံကြားလို့လှည့်ကြည့်တော့ ကြီးမားတဲ့လက်ကြီးတစ်ခုက ဦးရောင်ရှိန်အား ဗိုက်ကနေဖောက်ထွင်းပြီး ဆွဲခေါ်သွားသည်ပင်

 

တာရာတစ်ယောက် မျက်လုံးတွေပြုးသွားပြီး

​ခြေလှမ်းကိုပိုမြန်အောင် ပြေးတော့၏

သူ့အနောက်ဆီမှလည်း ပုံစံမျိုးစုံနဲ့ မိစ္ဆာတွေက

တ၀ူး၀ူးအသံပေးကာ လိုက်ပါလာကြသည်

 

တာရာမှာ လွတ်မြောက်ရာကိုသာ အားစိုက်ပြီးပြေးနေတာပေါ့ ခြေလှမ်းတွေက အားအင်မရှိတော့ သိပ်ပြီးခရီးမတွင်

 

တဖြည်းဖြည်းပြေးလာရာ အချိန်အတော်ကြာပြီးနောက် ချုံနွယ်တွေထူထပ်နေသည့် နေရာတစ်ခုသို့ရောက်လာခဲ့သည်

 

သူ့နောက်ဖက်ကြည့်လိုက်တော လက်မလျှော့ဘဲ

လိုက်ပါလာသည့် မိစ္ဆာကောင်တွေမှာ မှီတော့မည့်ဆဲဆဲဖြစ်လာ၏

 

တာရာလည်း ချုံနွယ်တွေကထူထပ်ပြီး အဆိပ်ရှိသည့်အပင်ပြည့်နက်နေတော့ သူ့အတွက်လွတ်လမ်းမရှိတော့သည်ကို သဘောပေါက်လိုက်သည်

 

” ငါယောကျာ်း ငါ့ရဲ့အားကို

သေခါမှလျှော့မယ်”

 

ဆိုပြီးကြုံး၀ါးကာ အဆိပ်ပင်တွေ ဆူးပင်တွေကြားကို ၀င်ပြေးတော့ တ၀ူး၀ူးအော်နေကြသည့်မိစ္ဆာကောင်တွေမှာ ခြေလှမ်းတွေရပ်လိုက်ကြပြီး

ငုတ်တုတ်ထိုင်ချကာ အော်ငိုကြတော့သည်

 

တာရာတစ်ယောက် တစ်ကိုယ်လုံးတွင် အဖုအပိန့်တွေချက်ချင်းထကာ ပြေးရင်းနဲ့ပင် ခေါင်းတွေမူးနောက်လာခဲ့သည် ခန္ဓာကိုယ်အနှံ့အပြားတွင်

သွေးတွေအလိမ်းလိမ်းပေကျံပြီး အမြင်အာရုံမှာလည်း ​ေ၀၀ါးလာခဲ့တာပေါ့

 

အချိန်တော်ကြာပြေးနေပြီးနောက် အဆိပ်တောက

အထွက် ကြီးမားတဲ့ချောက်ကြီးက ကြိုဆိုနေ၏

 

တာရာမှာ ဖြစ်ချင်ရာဖြစ်ဟုတွေးပြီး စိတ်တွေကို

ဒုန်းဒုန်းချကာ အလွန်နက်ရိူင်းလှတဲ့ချောက်ထဲကို

တစ်ခါတည်းခုန်ချလိုက်တော့သည်

 

” အဖေမှားပါတယ် သမီးလေး

အဖေအိမ်မပြန်နိုင်တော့ဘူး”

 

စီးကျလာတဲ့မျက်ရည်စက်တွေက ပါးပြင်ပေါ်ကနေလိမ့်ဆင်းလျက်ပါ

 

!ဂျိန်းခနဲ

 

ဆိုသည့် အသံထွက်ပေါ်လာအပြီး အမြင်တွေကတဖြည်းဖြည်း အမှောင်အတိကျသွားခဲ့သည်

 

*************

 

ရေစီးသံတွေက မနက်ခင်းအလင်းရောင်တွေကြား၌

ထွက်ပေါ်နေဆဲ လယ်သမားတွေကိုယ်စီ နွားတစ်ရှဥ်းနှင့် တောင်ယာအလုပ်ကိုလုပ်ကိုင်ရန် ရောက်လာကြ၏

 

ဦးဖေမြန်းတစ်ယောက် တသွင်သွင်စီးဆင်းနေတဲ့

စမ်းချောင်းလေးနားကို နွားရေတိုက်ရန် လာခဲ့သည်

 

” ဟင် …..”

 

စမ်းချောင်းအစပ်တွင် ဒဏ်ရာဗလပွတွေနှင့် လဲနေတဲ့လူတစ်ယောက်

 

ဦဖေမြန်းမှာ ကြောင်အမ်းအမ်းဖြစ်နေပြီး ခြေမကိုင်မိလက်မကိုင်မိဖြစ်နေသည်

 

ခနကြာတော့ အနားမှ သစ်သားချောင်းတစ်ခုကိုကောက်ကာ လဲနေသည့်သူအား လှန်ကြည့်လိုက်တော့

 

” ဟမ်….

တာရာ!

 

လှည်းသံတွေက တစ်ချွင်ချွင်မြည်သံပေးကာ

ရွာထဲသို့၀င်လာခဲ့သည် လှည်းတဒုတ်ဒုတ်ခုန်နေသည့်ကြောင့် တာရာမှာ သတိရတစ်ချက်မရတစ်ချက်ကြားမှ အားယူပြီးမျက်လုံးကိုဖွင့်ကြည့်လိုက်တော့

ရွာအ၀င်ဆီတွင် ဆိုင်းဘုတ်လေးတစ်ခုကိုမြင်လိုက်ရသည်

 

” မြေနီကုန်းရွာမှ လှိုက်လှဲစွာကြိုဆိုပါ၏”

 

ပြီးပါပြီ