မျက်ရည်တစ်စက်မိန်းမ

အမြဲတမ်းတလေ့ရှိကြပါသည်။

မေ့ဆေးဆရာဝန်မလေး ချိုရယ်၊ ကျွန်မ၏ လက်ထောက်ဆရာဝန်မလေး အေးသီတာရယ်က အမြဲ
တွဲလေ့ရှိသည့် အတွဲများဖြစ်သည်။ ထိုညကတော့ အရေးပေါ်ခွဲစိတ်သားဖွားခန်းထဲသို့ရောက်နေသည့် အေးသီတာ၏နေရာမှာ ရှင့်ကိုကျွန်မရွေးလိုက်ရသည်။

ကိုဘုန်းသက်နိုင်ဟူသော လူတစ်ယောက်ကို ကျွန်မ၏မျက်စိရှေ့အောက်မှာ ခဏခဏမြင်တွေ့ နေခဲ့ရသော်လည်း တစ်ခါမှအတူတွဲပြီး အလုပ်မလုပ်ဘူးခဲ့။ နောက်ဆုံးနှစ် အပိုင်း(ခ)ကို သားဖွားမီးယပ်ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သူ၊ ပထမနှစ် အမ်အက်စ်စီကျောင်းသားလေး ဘုန်းသက်နိုင်သည် ခွဲစိတ်ခန်းထဲမှာ ပါးနပ်မြန်ဆန်သည့် လက်ထောက်ခွဲစိတ်ဆရာဝန်တစ်ဦး ဖြစ်နေခဲ့သည်။

ထိုညက ကျွန်မမျက်ရည်ကျခဲ့မိသည့်အဖြစ်ကို ပြန်စဉ်းစားတိုင်း နည်းနည်းတော့ အံ့သြမိ၏။ ကျွန်မ Ovarin Tumour တွေကို ခွဲစိတ်ခဲ့ဖူးလှသည်။

ခွဲစိတ်တိုင်းလည်း ခွဲစိတ်ခန်းထဲမှာအလုပ်လုပ်နေရင်း ဒါ မေမေဖြစ်ခဲ့သောရောဂါဟု တစ်ကြိမ်မဟုတ် တစ်ကြိမ်သတိရမိခဲ့တာပါပဲ။ ဒါပေမယ့် ချက်ချင်းပဲ
တစ်နည်းနည်းနှင့် အတွေးတို့ကိုပြောင်းပစ်နိုင်ခဲ့သည်။ ထိုညကတော့ ဘာဖြစ်မှန်း မသိ။ အဲဒီအချိန်တုန်းကသာ ကျွန်မမေ့မေ့အနားမှာရှိခဲ့လျှင် အခုလို
မေမေအစောကြီးသေခဲ့မှာမဟုတ်ဘူး။

အခုတော့ ကျွန်မနိုင်ငံခြားသို့ ရောက်နေသည့်အချိန်မှာ ဖြစ်သွားခဲ့ရလေခြင်းဟု တွေးမိသည်။ ထိုအခါကျွန်မစိတ်ကို တခြားသို့ ပို့မပစ်နိုင်သေးမီ ကျွန်မ နောင်တဖြင့် မျက်ရည်ကျခဲ့ရလေသည်။
ကျွန်မမျက်ရည်ကျတော့မည်ဆိုတာကို ကျွန်မအမြဲသိလေ့ရှိသည်။
ပထမဆုံးသောမျက်ရည်သည် ညာဘက်မျက်လုံးအိမ်မှ စခဲ့သည်။ ထို့နေ့ကလည်း ကျွန်မမျက်ရည်ကျမိတော့မည်ဟု ထင်မိသဖြင့် မျက်တောင်ကိုအချိန်မီ
ခတ်လိုက်သေးပါရဲ့။ သို့သော် မမီလိုက်ဘူးထင်ပါသည်။ မျက်ရည်တစ်စက်၊ ချွေးတစ်စက်သည် ခွဲစိတ်ခုတင်ပေါ်မှာ အလွန်အန္တရာယ်ကြီးသည်မဟုတ်လား။

ခွဲစိတ်ဒဏ်ရာထဲသို့ ထိုမျက်ရည်စက်၊ ချွေးစက်ကျရောက်ခဲ့လျှင် ရောဂါပိုးတွေပါဝင်သော ရေတစ်စက် ဒဏ်ရာထဲသို့ ညှစ်ချပေးလိုက်သည်နှင့် အတူတူပဲလေ။
ကျွန်မတို့ ခွဲစိတ်နေသောဒဏ်ရာကို ပိုးသတ်ထားသော အသုံးအဆောင်များမှတစ်ပါး တခြားဘာနှင့်မျှမထိဖြစ်အောင် ဂရုစိုက်ကြရပါသည်။

ကျွန်မ၏မျက်ရည်ကို မည်သည့်နည်းနဲ့မျှ ခွဲစိတ်ဒဏ်ရာပေါ် အကျမခံနိုင်ပါ။ ဒါကို ကျွန်မသတိရပါသည်။ ထို့ကြောင့် မျက်လုံးကို ညာဘက်ပခုံးဖြင့်
ပွတ်သုတ်ပစ်လိုက်ဖို့ စဉ်းစားလိုက်သည်။ သို့သော် ကျွန်မမျက်ရည်ကို မြင်ဖြစ်အောင်မြင်လိုက်သောရှင်က ကျွန်မထက်ပို၍ လျင်မြန်စွာပင် ထိုမျက်ရည်ကို
ဂွမ်းစတစ်ခုဖြင့် အသာသုတ်ပေးလာခဲ့သည်။

ရှင်စဉ်းစားကြည့်ပေါ့။ ကျွန်မဘယ်လောက် အံ့သြတုန်လှုပ်သွားမလဲဆိုတာ။ မျက်နှာချင်းဆိုင်မှာရှိနေသော ခွဲစိတ်ဆရာဝန်တစ်ယောက်၏ နှာခေါင်း
စည်း အဝတ်အထက်က မျက်လုံးတစ်စုံမှာ မျက်ရည်တစ်စက် ဖျတ်ခနဲတွဲခိုသွားတာကို ဘာ့ကြောင့်ရှင်မြင်ရမှာလဲ။ တကယ်ဆို ရှင်မျက်လုံးအကြည့်က ခွဲစိတ်သည့် ဆောင်ရွက်မှုပေါ်မှာပဲ တစ်သမတ်တည်း ရှိနေရမှာမဟုတ်လား။
ကျွန်မကို လိုအပ်သည့်ကူညီမှုပေးရင်း တစ်ချိန်တည်းမှာ ကျွန်မ၏မျက်လုံးကို ရှင် သတိထားမိနေခဲ့သည်ဆိုတော့ ကျွန်မအံ့သြမိပါသည်။

ကျွန်မ ရှင့်ကို အံ့သြကြည်နူးစွာကျေးဇူးတင်မိသဖြင့် ‘Thank You’ ဟု ခပ်တိုးတိုး ရေရွတ်မိခဲ့သည်။ ထိုရေရွတ်သံသည် ပါးစပ်ကို ကာထားသော နှာခေါင်းစည်း အဝတ်အောက်မှာမို့ မပွင့်တစ်ပွင့်ဖြစ်သွားမလား ကျွန်မ မသိပါ။

စကားနည်းသော ရှင်က ခေါင်းတစ်ချက် ညိတ်ရုံညိတ်ခဲ့သည်။
ဘာပဲဖြစ်ဖြစ် အဲဒီညက ကျွန်မ၏မျက်ရည်တစ်စက်ကို ရှင်သုတ်ဖယ်ပေးလိုက်သည့်အဖြစ်သည် ခွဲစိတ်ခုတင်မှာ အလုပ်လုပ်နေသူအားလုံးအတွက် ပြောစမှတ်ကျန်ရစ်ခဲ့သည်။
“ကိုဘုန်းသက်နိုင်တို့များ အလိုက်သိလိုက်တာ။ အိုဂျီရဲ့ မျက်ရည်စက်တောင် မြင်ဖြစ်အောင်မြင်ပြီး မျက်ရည်သုတ်ဖြစ်အောင် သုတ်ပေးလိုက်သေးတယ်။ ကိုဘုန်းသက်နိုင်ရဲ့ စာမေးပွဲစစ်ဆေးသူက မမဖြူသာဖြစ်ခဲ့ရင် အမှတ်တွေတော့ အများကြီးရကုန်တော့မှာပဲ”

ရှင်တို့ကို စာမေးပွဲစစ်မေးရသူက ကျွန်မမဟုတ်နိုင်တာကို အားလုံးကသိကြလို့တော်ပါသေးသည်။
ခွဲစိတ်ပြီးတော့ အပြင်ခန်းသို့ ကျွန်မထွက်လာသည့်အခါ ရှင်က ကျွန်မထားခဲ့သောလုပ်ငန်းကို လက်စသတ်ရင်း ကျန်ရစ်ခဲ့သည်။ ဆရာဝန်များ နားနေခန်းတွင် ပြတင်းခန်းဆီးဘေးမှာ ကျွန်မမတ်တပ်ရပ်လျက် ခန်းဆီးစကို သိမ်းဖယ်ကာ အပြင်လောကကို ငေးမောရင်းငြိမ်သက်နေခဲ့မိသည်။

ကျွန်မ အတွေးတို့၏ တစ်ဝက်မှာ ကွယ်လွန်သွားပြီးသော မေမေ့အကြောင်းဖြစ်ပြီး ကျန်တစ်ဝက်မှာ စောစောက ကျွန်မမျက်ရည်ကိုသုတ်ပေးလိုက်သော နှင့် လှုပ်ရှားမှုတို့ ဖြစ်နေခဲ့သည်ဆိုတာတော့ အထူးပြောစရာလိုမည်မထင်ပါ။

ရှင့်ညာဘက်လက်က သွေးကြောဖမ်း ဖာ့ဆက်ကို ကိုင်ထားလျက် ရှင့်ဘယ်ဘက်လက်က ဂွမ်းစလေးကိုကိုင်လျက် ကျွန်မညာဘက်မျက်လုံး အောက်ခြေက မျက်တောင်စွန်းကို အသာထိတို့ပေးလိုက်သည့်တခဏ၊ ရှင့်အတွေးထဲမှာ ဘာတွေဖြစ်ပေါ်နေခဲ့ပါလိမ့်။

ဒီမိန်းမ ခွဲစိတ်ရင်းဘာကြောင့် မျက်ရည်ကျရသလဲဟု တွေးမိလေမလား၊ ဒါမှမဟုတ် အပျိုကြီးတစ်ယောက်ကို မျက်ရည်ကျရလောက်အောင် ဘယ်ကောင်က စွမ်းဆောင်နိုင်ခဲ့ပါသလဲဟု စပ်စုစိတ်တွေ ဝင်နေမိမလား။ ရယ်ချင်သွားမလား၊ ကရုဏာသက်သွားမိ မလား။ ကျွန်မ သိချင်နေခဲ့သည်။ ကျွန်မ မျက်ရည်အပေါ် ထွေရာလေးပါး ရှင်မစဉ်းစားစေချင်ပါ။

ထို့ကြောင့် နားနေခန်းထဲသို့ ရှင်ဝင်ရောက်လာသောအခါ ကျွန်မ ရှင့်ကို ဘာမှ နိဒါန်းမပျိုးဘဲ မေမေ့အကြောင်း ပြောဖြစ်ခဲ့သည်။

“ကျွန်မမေမေက အိုဗေးရီးယန်းကျူမာနဲ့ ကျွန်မဘာမှလုပ်မပေးလိုက် ရဘဲ ဆုံးသွားခဲ့တယ်။ အဲဒီအချိန်က ကျွန်မလန်ဒန်မှာ အက်ဖ်အာရ်စီအိုဂျီဖြေခါနီးဆဲဆဲအချိန်။ ကျွန်မအိမ်က ကျွန်မစာမေးပွဲမပြီးဘဲ ပြန်လာမှာစိုးလို့ အကျိုးအကြောင်းကို ဖုံးဖိထားခဲ့တယ်။ တိုက်ဆိုင်တဲ့အခါတွေမှာ ဒီအကြောင်းကို
သတိရမိတတ်တယ်။ ခါတိုင်းတော့ ကျွန်မ ဒါလောက် မျက်ရည်မလွယ်တတ်ပါဘူး။ ဒီနေ့ညမှ”

ရှင်က ကျွန်မမတ်တတ်ရပ်နေရာ ခန်းစီးဘေးကစားပွဲမှာ ခွဲစိတ်ခန်း မှတ်တမ်းရေးဖို့ ထိုင်နေရင်းက ကျွန်မကို မော့ကြည့်နေခဲ့သည်။ ရှင့်လက်ထဲမှာ ဘောလ်ပင်ကို ကိုင်ထားသည်။ ရှင့်မျက်နှာပေါ်က နှာခေါင်းစည်းက ရှုပ်မနေတော့သောအခါ နှာခေါင်းနှင့်ပါးစပ်ကိုကျွန်မသတိထားကြည့်မိသည်။ နှာခေါင်းချွန်သည်ဟု မဆိုသာ။ ပြေပြစ်ရုံသာဖြစ်သည်။ မျက်လုံးကတော့ ခွဲစိတ်
ဆရာဝန်တစ်ယောက်၏ စူးရှသောမျက်လုံးမျိုးအစစ်ပါပဲ။

“ကျွန်တော် စိတ်မကောင်းပါဘူးမမ။ အဲဒီသတင်းကို ကျွန်တော်ကြားခဲ့ဖူးပါတယ်”

ရှင်က ကျွန်မကို မမဟုခေါ်သည်။ ကျွန်မတို့ ဆရာဝန်တွေအကြားမှာ မမဟူသော အသုံးအနှုန်းသည် မထူးဆန်းပါ။ လက်အောက်ငယ်ရွယ်သူ ဆရာဝန်အမျိုးသား၊ အမျိုးသမီးတွေက ရာထူးကြီးသူ၊ လုပ်သက်ရင့်သူ ဆရာဝန်အမျိုးသမီးတွေကို မမဟုခေါ်တာ ထုံးစံပါပဲ။ ဒါပေမယ့် ရှင်ခေါ်လိုက်သည့် မမမှာတော့ ချစ်ခင်လေးစားမှုနှင့် တွယ်တာမှုတစ်ခုပါနေခဲ့သလိုပဲ။

လေးနက်သိမ်မွေ့ နေခဲ့သည်။ နှင့် မမခေါ်သံတွေကို အဲဒီအချိန်ကစလို့ ကျွန်မ ခံစားခဲ့ရတာထင်ပါရဲ့။
ထိုညက ကျွန်မနှင့်ရှင် နာရီဝက်လောက်စကားတွေထိုင်ပြောဖြစ်ကြသည်။ ပြောဖြစ်သည့် ခေါင်းစဉ်က ကြုံကြိုက်တိုက်ဆိုင်တတ်သော ကံကြမ္မာအကြောင်း၊ ကျွန်မအကြောင်း တစ်စွန်းတစ်စရှင်သိ၊ ရှင့်အကြောင်းတစ်စွန်းတစ်စ ကျွန်မသိခွင့်ရခဲ့သည့် ညပေါ့။

ထိုညက ရှင်က အရင်စော၍ ဆေးရုံမှပြန်ထွက်သွားခဲ့သည်။ သို့သော် ကျွန်မဆေးရုံကအထွက် လမ်း ၃၀ ပေါ်မှာ ကားကွေ့ လိုက်တော့ ရှင့်ကို ပလက်ဖောင်းပေါ်မှာ တစ်ယောက်တည်းလျှောက်သွားနေတာကို မြင်လိုက်ရ
သည်။ ကျွန်မစိတ်ထဲမှာ ရှင့်မှာကား သို့မဟုတ် ဆိုင်ကယ်တော့ ပါလာမည်ဟုပဲ ထင်ခဲ့သည်။ ခုလို ညသန်းခေါင်မှာ အေးအေးလူလူ တစ်ယောက်တည်း
လမ်းလျှောက်ပြီး အိမ်ပြန်သွားနေလိမ့်ဟု မတွေးခဲ့မိ။

နောက်ကနေကြည့်ရင်း ရှင်မှန်း ချက်ချင်းသိလိုက်သည်နှင့် ရှင့်ဘေးမှာကပ်လျက် ကားရပ်ပေးလိုက်
မိသည်။

“ကိုဘုန်းသက်နိုင်”

ရှင် ဖျတ်ခနဲ လှည့်ကြည့်သည်။ ကျွန်မကိုမြင်တော့ ပြုံးလိုက်သည့် မျက်လုံးတွေက အလွန်ချစ်စရာကောင်းလှသည်။

“ရတယ်မမ၊ ကျွန်တော့်အိမ်က နီးနီးလေး၊ ၂၈ လမ်းထဲမှာပဲ။ ကျွန်တော် လမ်းလျှောက်သွားမယ်”

“အို မလျှောက်ရပါဘူး။ ကားပေါ်တက်”

ကျွန်မ မျက်မှောင်ကြုတ်လျက်ပြောမိသည်။ ရှင် တွေခနဲစဉ်းစားလိုက်ပြီးနောက် ကျွန်မဖွင့်ပေးထားသော ကားတံခါးမှ ဝင်ထိုင်လိုက်သည့်အခါ ကျွန်မ
ကျေနပ်သွားတော့သည်။

“ကျွန်တော့်ဆိုင်ကယ်ကို ကျွန်တော့်ညီ ယူသွားလို့မမ၊ နှစ်ရက်ရှိပြီ။ ကျွန်တော် ဆေးရုံကို ခြေကျင်လျှောက်နေတာ”

ရှင်က ဖြေရှင်းချက်ပေးသလိုပြောလာတော့ ကျွန်မ ခေါင်းညိတ်ပြီး အသာပြုံးနေမိသည်။ ထို့နောက် ကျွန်မဖွင့်ထားလက်စသီချင်းကို နည်းနည်း အသံတိုးလိုက်မိသည်။ မှတ်မှတ်ရရသီချင်းမှာ ဘော့ဘ်မာလေး၏ သီချင်းတစ်ပုဒ် ဖြစ်သည်။

“ဒီအဆိုတော်ကိုသိလား ကိုဘုန်းသက်နိုင်”

ကျွန်မမေးတော့ ရှင်က တစ်ချက်ရယ်သည်။ မလုံမလဲ
ရယ်သံမျိုးပါ။

“မသိဘူးမမ၊ ဘယ်အဆိုတော်မှလည်း ကျွန်တော်သိမှာမဟုတ်ဘူး။ ကျွန်တော်က သီချင်းတွေဘာတွေ သိပ်ဝါသနာမပါဘူး”
ကောင်းပါလေရဲ့။

“ဒါဖြင့် ဘာဝါသနာပါလဲ”

“စာဖတ်ဖို့တော့ ဝါသနာပါတယ်”

“တော်သေးတာပေါ့”
ကျွန်မပြောတော့ ရှင်ပြုံးနေပါသည်။

“ဘယ်လိုဝတ္ထုမျိုးကို ကြိုက်သလဲ။ ဘယ်စာရေးဆရာကိုကြိုက်သလဲ”

“အဲ” ရှင်၏ မလုံမလဲအပြုံးကို ကျွန်မ ရပြန်သည်။

“ကျွန်တော် ဝတ္ထုမဖတ်ဘူးမမ၊ ကျွန်တော်က ဆောင်းပါးတို့၊ ကျမ်းတို့ပဲ ဖတ်ဖြစ်တာ။

“ဒါဖြင့် ဘာ ဘာသာရပ်ကို စိတ်ဝင်စားလဲ”

“လူမှုရေး”

“ဪ…”

သီချင်းကို စိတ်မဝင်စားသူ၊ ဝတ္ထုကိုစိတ်မဝင်စားသူ၊ သားဖွားမီးယပ်ပညာကို ထူးချွန်သူ၊ လူမှုရေးပညာရပ်ကို အပိုဘာသာအဖြစ်စိတ်ဝင်စားသူ ရှင်သည် ကျွန်မကျခဲ့သည့် မျက်ရည်စက်ကို လူမှုရေးစိတ်ဓာတ်ဖြင့် အလိုက်သိစွာ သုတ်ဖယ်ပေးခဲ့တာဖြစ်မှာပါ။ ယောက်ျားတွေနှင့် ဝေးဝေးနေခဲ့သည့် ကျွန်မအတွက်ကတော့ ကိုယ့်မျက်ရည်ကို ယောက်ျားတစ်ယောက်က
သုတ်ပေးခဲ့သည့်အဖြစ်မှာ တော်တော်ထူးဆန်း၏။

ကျွန်မ မျက်လုံးအောက်ခြေကို အသာထိလိုက်သည့် ပိုးသတ်ပြီးသား ဂွမ်းစကလေး၏ အတွေ့ကို ကျွန်မ
ခဏခဏ ပြန်ပြန်သတိရသွားသည်။ သတိရသွားတိုင်းလည်း ရှင့်မျက် ဝန်းကို ပြန်ပြန်မြင်ယောင်သွားမိသည်။ မြင်ယောင်မိတိုင်းလည်း ကျွန်မနှလုံးက သိမ်မွေ့စွာ လှုပ်ခတ်သွားခဲ့သည်။

ထိုညမှစ၍ ကျွန်မ၏ သံယောဇဉ်တွေ နှင့်အပေါ် ရစ်နှောင်ဖွဲ့ခဲ့ရတာပါပဲ။
အချစ်ကို ဘယ်တုန်းကမှ မယုံကြည်ခဲ့သူ။ အချစ်ကို ဘယ်တုန်းကမှ အရေးမထားခဲ့သူမို့ အချစ်ဆိုတာ ဘာလဲ ကျွန်မ မသိပါ။ အချစ်မှာ သွင်ပြင်မျက်နှာထား ဘယ်နှစ်မျိုးရှိသလဲကျွန်မ မသိပါ။ သို့သော် ဒါကသာ အချစ်ဖြစ်ခဲ့သည်ဆိုလျှင် အချစ်၏ ပထမဆုံးမျက်နှာထားသည် ကြည်နူးခြင်းပဲဖြစ်မည်။

ရှင့်မှာ အိမ်ထောင်ရှိမရှိ ကျွန်မ မသိခဲ့။ ကျွန်မ၏ သိမ်မွေ့သော သံယောဇဉ်သည် ရှင့်ကိုယ်ရေးကိုယ်တာနှင့် ဘာမှမပတ်သက်ခဲ့တာအမှန်ပါ။
ထက်မြက်သော၊ ထူးချွန်သော ဆရာဝန်လေးတစ်ယောက်။ သူသိချင်တာတွေကို ကျွန်မ သင်ပေးနိုင်သည်။ သူ မကျွမ်းကျင်တာတွေကို ကျွမ်းကျင်အောင် ကျွန်မ လေ့ကျင့်ပေးနိုင်သည်။ သူ ့မှာ လိုအပ်နေတာတွေကို ကျွန်မဖြည့်ဆည်းပေးနိုင်သည်။ ဒီအတွေးတွေပဲ ကျွန်မမှာရှိခဲ့သည်။ ထို့ကြောင့် လူနာဆောင်ဘစာသင်ခန်းမှာ၊ ခွဲစိတ်ခုတင်မှာ ရှင်တို့ကို ကျွန်မသင်ပြပေးသည့်အခါ စိတ်ရော
ကိုယ်ပါ အားစိုက်သည့်အထဲက ရှင့်ကိုတော့ ကျွန်မ စေတနာလည်း ပိုခဲ့ပြီး ကျွန်မ လက်ထောက်အဖြစ် အားလည်းကိုးခဲ့မိသည်။ ဒါပေမယ့် ဒေါ်ဖြူဖြူဝင်း
က က ဘုန်းသက်နိုင်ကို အရေးပေးတယ်ဟု အများအမြင်မှာ စကားတင်းဖွဲ့ ရသည်အထိ မဖြစ်ရအောင်တော့ ကျွန်မထိန်းချုပ်ခဲ့သည်ဟု ထင်ပါသည်။

ရှင့်ကြောင့် ကျွန်မ၏နေ့တွေအားလုံး အဓိပ္ပါယ်ရှိနေသည်ဟု ကိုယ့်ကိုယ်ကို သိလိုက်ရသည်မှာ ရှင်လူနာဆောင်ဆရာဝန်နားနေခန်းထဲမှာ ထမင်းဘူးလေး ဖွင့်စားနေခဲ့သော တစ်နေ့လယ်ခင်းဖြစ်သည်။ နောက်ဆုံးနှစ် အပိုင်း(ခ) ကျောင်းသားတွေကို စာမေးပွဲစစ်ဆေးဖို့ကိစ္စပြောချင်သဖြင့် ရှင်တို့တွေ ရှိနိုင်မည့် အခန်းထဲသို့ ကျွန်မဝင်လိုက်သောအချိန်မှာ ရှင်က နေ့လယ်စာ
စားနေခဲ့သည် မဟုတ်လား။

ယောက်ျားလေးတစ်ယောက် ထမင်းစားတာကို ကျွန်မတစ်ခါမှ မမြင်ဘူးတာလည်းမဟုတ်။ စားသောက်ဆိုင်တွေမှာ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်
ဆရာဝန်တွေနှင့် ထမင်းဘူးကလေးထဲမှ ဇွန်းဖြင့် ခပ်ကာစားနေသည့် ရှင့်ကို ကျွန်မမြင်လိုက်ရတော့ ကျွန်မလေ မောင်လေးတစ်ယောက် ထမင်းစားနေတာကို ကြည့်နေမိသည့် အစ်မတစ်ယောက်လိုပဲ သိလား။ သဘောကျစွာ ငေးကြည့်နေမိတော့သည်။ ရှင်က ကျွန်မကိုမြင်တော့ ကမန်းကတန်း ထရပ်
သည်။

“အို . . စားစား၊ ကျွန်မနောက်မှလာမယ်”

“မဟုတ်ဘူးမမ၊ ကျွန်တော်စားလို့ပြီးပါပြီ။ မမ ဘာခိုင်းစရာရှိလဲ။ ကျွန်တော် ဘာလုပ်ပေးရမလဲ”
ကျွန်မ ချက်ချင်းလှည့်မထွက်မိသေးတာက ရှင့်ကို ငေးကြည့်နေခဲ့မိလို့ပါ။ ထမင်းစားမပြီးသေးတာ အထင်အရှားဖြစ်နေပါလျက် စားပြီးပါပြီဟု လိမ်လည် ပေးလိုက်သော ရှင့်အရေးပေးမှုကလေးတစ်ခုအပေါ်မှာ ကျွန်မ ကျေနပ်နေခဲ့မိသည်။
ကြည်နူးကျေနပ်မှု. . . ဒါက ရှင်နှင့်ပတ်သက်၍ ပထမဆုံးကြုံကြိုက်ရသော အရသာ။ တော်တော်နေလို့ထိုင်လို့ကောင်းသော အရသာဖြစ်သည်။

ရှင်သည် ကျွန်မ၏တာဝန်တွေ တော်တော်များများကို ခွဲဝေယူပေးပြီး ကျွန်မအား ဝန်ထုပ်ဝန်ပိုး ပေါ့လျော့စေသူလည်းဖြစ်သည်မို့လေ။
သို့သော် အချစ်မှာက ကြည်နူးကျေနပ်ရသည့်အရသာက အချိန်ကာလ အနည်းငယ်အတွက်သာ နေရာရထားဟန်ရှိသည်။ ကျွန်မ၏ ကျေနပ်ကြည်နူးမှုများနေရာတွင် စူးစူးနစ်နစ်အခံရခက်သောဝေဒနာများက ခဏခဏ ဝင်ရောက်လာခဲ့လေသည်။

ကျွန်မ၏ သံယောဇဉ်တို့ကို ရှင် မျက်ကွယ်ပြုနိုင်
ရက်သည့်အခါမျိုးတွေမှာ ကျွန်မနာကျင်ရပါသည်။ ဒါတောင် ကျွန်မက ပေးအပ်ခြင်း၏ အရသာကို သိနားလည်ထားသူ နော်။ ရှင်နှင့်ပတ်သက်လာလျှင်
လက်ခံရယူလိုတာကနည်းနည်း၊ ပေးအပ်လိုတာက များများဖြစ်နေခဲ့တာပါ။

ရှင့်မှာ ဘာလိုအပ်သလဲဟု အမြဲတမ်း အရိပ်တကြည့်ကြည့်နေသူမှာ ကျွန်မဖြစ်သည်။ ယောက်ျားတစ်ယောက်၏ တစ်နေ့တာအစီအစဉ်တွေကို ရှင်နှင့်
ခင်မင်ရင်းနှီးကာမှ သိချင်စိတ်ပေါ်လာခဲ့သည်မှာ အံ့ဩစရာတော့ ကောင်းနေသည်ထင်သည်။
မနက်အိပ်ရာထ မျက်နှာသစ်သည့်အခါ ဘာသွားတိုက်ဆေးကိုသုံးသလဲ။ ဘာဆပ်ပြာကို သုံးသလဲဆိုတာမျိုး။

ကဲ. . . အိုဂျီ ဒေါက်တာဒေါ်ဖြူဖြူဝင်းက
အဲဒါတွေကို စိတ်ဝင်စားသတဲ့။ ရယ်စရာမကောင်းဘူးလားကွယ်။ နေဦး ကျန်သေးသည်။ မနက်အိပ်ရာထပြီးတဲ့အခါ ရှင် ကော်ဖီသောက်သလား၊
လက်ဖက်ရည်သောက်တတ်သလား။ ရှင့်အတွက် ကော်ဖီကို ဘယ်သူက ဖျော်ပေးသလဲ။ ရှင့်ဇနီးလား၊ ရှင့်အစ်မလား သိချင်ပြန်သေးသတဲ့။
အိမ်မှာ မနက်တိုင်း လူနာကြည့်သေးသလား။ ဆေးရုံသို့ မလာမီ ကျန်သမျှ အချိန်တွေကို ရှင်ဘာအတွက် အသုံးချသလဲ။ ရှင့်ကို ထမင်းဘူးထည့်ပေးလိုက် သူသည် ရှင့်အစ်မဖြစ်မလား။ မိခင်ဖြစ်မလား။ ဇနီးဖြစ်
မလား။

အိုး. . . တကယ်ရယ်မောစရာကောင်းသော စိတ်လှုပ်ရှားမှုတွေကို ရှင်နှင့်ကျမှပဲ ကျွန်မခံစားလာရသည်။ နောက်ပိုင်းကျတော့မှ ရှင့်မှာ အိမ်
ထောင်မရှိသေးတာ မိဘတွေက ရေစကြိုမှာမို့ ရှင်တစ်ယောက်တည်း နေရတာ၊ ဒါတွေကို သိလာရသည်။ ထိုအခါကျတော့လည်း ရှင့်ကို အစစ အရာရာ
ဖြည့်ဆည်းပေးအပ်ချင်စိတ်တွေ ဖြစ်ပေါ်ရပြန်ရောပေါ့။ ကျွန်မကို လူနာတွေက လေးစားကျေးဇူးတင်စွာ ပေးထားသော သစ်သီးဝလံများ၊ မျက်နှာသုတ်ပဝါနှင့်
စောင်လိုပစ္စည်းများ၊ မီးဖိုချောင်သုံး လျှပ်စစ်အသုံးအဆောင်များ၊ နက်စ်ကော်ဖီ၊ ချောကလက်၊ နို့မှုန့်စသည့် ဘူးများကို ကျွန်မသုံးစွဲရတိုင်း ရှင့်ကိုသတိရ သည်။

ကျွန်မမှာ သိပ်များလွန်းပါသည်ဟု ရှင့်ကို ဝေမျှချင်စိတ်တွေ ခဏခဏပေါ်ခဲ့၏။ လူနာတွေ၏ စေတနာကို အလေးမထားရာ ကျမှာစိုးသဖြင့် ဘယ်တော့မှ အကောင်အထည်မဖော်ဖြစ်ခဲ့ပါ။
ဒါပေမယ့် ကျွန်မပေးအပ်ချင်တာတွေကို ပေးအပ်နိုင်ဖို့ အခွင့်အရေးကို မကြာမီမှာပင် ရလာခဲ့တော့သည်။ ရှင်ပြင်သစ်နိုင်ငံသို့ နှစ်လသင်တန်းသွားရမည့် အစီအစဉ်ပေါ်လာခဲ့ချိန်မှာ ဖြစ်သည်။

အဲသည်မှာ ရှင်သည် အခြားနိုင်ငံက ဆရာဝန်ကလေးများနှင့်အတူ အဝတ်လျှော်စက်ကို မျှဝေသုံးစွဲရကောင်းသုံးစွဲရလိမ့်မည်။ ထိုအခါ ယောက်ျားအင်္ကျီတွေက ဆင်တူတွေများတတ်သည်မို့ တစ်ယောက်နှင့် တစ်ယောက်အင်္ကျီများ မှားတာတွေ ဘာတွေ ဖြစ်နိုင်သည်။ ထိုအကြောင်းပြချက်ဖြင့်ကျွန်မသည် ရှပ်အင်္ကျီအသစ်တွေ ဒါဇင်ဝက်လောက်ဝယ်ကာ အင်္ကျီ၏လည်
ကုပ်မှာ ရှင့်နာမည် အတိုကောက်စာလုံး အင်္ဂလိပ်အက္ခရာ “ပီ” ကိုချည်ဖြင့် ကျွန်မ ကိုယ်တိုင် စိတ်ရှည်လက်ရှည် ရေးထိုးပေးခဲ့သည်။ ပီ” စာလုံးလှလှ လေး၏ နမူနာကိုတော့ ကျွန်မမှာရှိသော ကျွန်မပိုင်လက်ကိုင်ပဝါမှ စာလုံးကို အတုယူရပါသည်။ ကျွန်မနိုင်ငံခြားသို့ သွားတုန်းက လက်ကိုင်ပဝါလေးတွေမှာ
အင်္ဂလိပ်အက္ခရာ စာလုံးတမျိုးမျိုးဖြင့် အတိုကောက်ရေးထိုးထားသော လက်ကိုင်ပဝါလေးတွေ တွေ့ တော့ သဘောကျစွာဖြင့် ကျွန်မ၏နာမည်အတိုကောက် “ပီ” စာလုံးပါသော လက်ကိုင်ပဝါတစ်ဒါဇင်လောက် ရောင်စုံဝယ်လာခဲ့ဖူးသည်။

ဘုန်းသက်နိုင်ဟူသော ရှင့်ကို ကျွန်မလက်ဆောင် ပေးချင်စိတ် ပေါ်မည်ဟုသာ ကြိုတင်သိခဲ့မည်ဆိုလျှင် ထိုလက်ကိုင်ပဝါတွေကို အကုန်သုံးပစ်ခဲ့မိမှာမဟုတ်။ အခုတော့ ကျွန်မသည် “ပီ” စာလုံးပါသော လက်ကိုင်ပဝါ
များကို တစ်ခုမှ အသစ်အတိုင်းမချန်ခဲ့မိဘဲ အကုန်သုံးမိပြီးဖြစ်နေသည်။ ဒါကြောင့် ပီ” စာလုံးချင်း တူပါလျက် ရှင့်ကို ပေးအပ်ဖို့ လက်ကိုင်ပဝါအသစ်
မရှိ။

သည်တော့ ကျွန်မ၏ လက်ကိုင်ပဝါအဟောင်းမှ တော်တော်လှပသော ပန်းစာလုံးဖြင့် ထိုးထားသည့် ပီ’ စာလုံးကို စာရွက်ပေါ်မှာ ကူးယူကျင့်။
ပြီးမှ လက်ကိုင်ပဝါ အသစ်စက်စက်ကလေးပေါ်မှာ ပြန်ကူးရေး။ ပြီးတော့မှ လက်ကိုင်ပဝါစ၏ အရောင်အတိုင်း အရောင်တူချည်ဖြင့် စိတ်ရှည်လက်ရှည်
ရေးထိုးနိုင်ခဲ့ခြင်းပါ။ ထိုစာလုံးပုံစံအတိုင်းအသေးစား ပီ” စာလုံးလေးများ ကိုတော့ အင်္ကျီလည်ကုပ် ကော်လာအနားတွင် အင်္ကျီထက် ပို အရောင်ရင့်သော
ပန်းထိုးချည်ဖြင့် ရေးထိုးပေးခဲ့ပါသည်။

ခွဲစိတ်ဓားမှတစ်ပါး အခြား ဘယ်ကိရိယာကိုမှမကိုင်သည့် ကျွန်မ၏လက်သည် ပန်းထိုးချည်နှင့် ပန်းထိုးခွေကို ရှင့်အတွက် ကိုင်ခဲ့ရတာ။ လူနာတွေကို သားဖွားနှင့်မီးယပ်ဆိုင်ရာ ခွဲစိတ်မှုတွေကိုသာ ကျွမ်းကျင်စွာ လုပ်ကိုင်ခဲ့သည့် ကျွန်မ၏လက်ဖြင့် ရှင့်နာမည်ကို စိတ်ရှည်လက်ရှည် ရေးထိုးခဲ့မိတာ။

ဒါတွေက ဂုဏ်ယူစရာကောင်းသည့် အပြုအမူတွေတော့မဟုတ်ခဲ့။ ဒါပေမယ့်
ချစ်ခြင်းမေတ္တာသက်သက်ဖြင့် ကျွန်မလုပ်ပေးခဲ့တာတွေမို့ ပြန်ပြောပြဖို့ ရှက်စရာမလိုဟု ကျွန်မ ယုံကြည်ထားခဲ့မိသည်။
ရှင်သွားခါနီးမှာ ထိုလက်ဆောင်ပစ္စည်းများကို ကျွန်မဆေးခန်းအကူ ကောင်လေးမှတစ်ဆင့် ရှင့်ဆီ ပို့ပေးခဲ့မိသည်။ ကျွန်မ တိုက်ရိုက်ပေးလျှင် ရှင် အားနာအနေခက်သွားမှာကို သိလို့ပါ။ ရှင်က ခရီးအတွက် ရန်ကုန်သို့ သွားခါနီးမှာ ကျွန်မဆီ လာနှုတ်ဆက်ခဲ့သည်။

“ကျွန်တော် မမကို အရမ်းကျေးဇူးတင်ပါတယ်၊ ပြောမပြတတ်အောင်လည်း ဝမ်းသာတယ်။ ဒါပေမယ့် မမရယ် မမရဲ့ လက်ကလေးတွေကို ကျွန်တော် သနားလိုက်တာ”

ကော်ဖီပန်းကန်ကို ကိုင်ထားသော ကျွန်မ၏လက်ချောင်းများကို ရှင်က ငေးကြည့်လျက်ပြောတော့ ကျွန်မမျက်နှာနွေးပူစွာ ပြုံးလိုက်မိပါသည်။
အဲသည်အချိန်ကစ၍ ကျွန်မကြွေတာကို ရှင်သိသွားခဲ့ပြီဟု ဆိုပါစို့။

ကျွန်မတို့နှစ်ယောက်၏ အနေအထားကို သည့်ထက်ပိုပြီးတိုးရန် ကျွန်မ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါ။ ကျွန်မ၏တစ်သက်လုံး တန်ဖိုးထားလာခဲ့သည့်
မိန်းမဂုဏ်သိက္ခာ၊ သားဖွားမီးယပ်အထူးကုဆရာဝန် ဂုဏ်သိက္ခာ၊ ကျွန်မနှင့် ရှင့်အကြားက ခြားနားနေသောအသက်အရွယ် အပိုင်းအခြား၊ အရာရာသည်
ကျွန်မကို ရှင်နှင့် ခပ်လှမ်းလှမ်းမှာသာ နေမိဖို့ တွန်းဖယ်ပေးလျက်ရှိသည် မဟုတ်လား။

နောက်ပြီး တချိန်ချိန်မှာ ရှင် တကယ်ချစ်မြတ်နိုးသူကို ရှင်တွေ့ သွားမှာပဲ။ အဲဒီအချိန်ကျလျှင် ရှင်အိမ်ထောင်ပြုမှာပဲ။ ရှင့်ကြည့်ရတာ ကျွန်မလို
အိမ်ထောင် မပြုတော့ရန်၊ တစ်ကိုယ်တည်းဘဝဖြင့် နေသွားရန် ရွေးချယ်ထားသူ တစ်ယောက်နှင့်မှမတူဘဲ။
သည်တော့လည်း သံယောဇဉ်တွေကို တတ်နိုင်သမျှထိန်းလိုက်၊ မေတ္တာတွေ၊ ကရုဏာတွေ ဖိတ်အံသွားလိုက်၊ ကြည်နူးကျေနပ်မှုလေးတွေ ခံစားလိုက်၊
ရှင့်ဆီက လျစ်လျူရှုသလိုဟန်တွေကို မြင်သည့်အခါ ဝမ်းနည်းအားငယ်လိုက် သည်လိုနှင့်ပဲ ကျွန်မ၏နေ့ရက်တိုင်းသည် ရှင့်ကြောင့် တစ်ရက်ချင်း အဓိပ္ပါယ်
ရှိရှိ ကုန်လွန်ခဲ့ရပါသည်။

လွမ်းမောစွာ ဝေဒနာခံစားရမည့် ကျွန်မ၏ဇာတ်သိမ်းကိုတော့ ကျွန်မ ကြိုတင်မျှော်လင့်ထားခဲ့သည်။ ကျွန်မ ကြားဖူးသော မမတစ်ယောက်၏ ဇာတ်သိမ်းမျိုးပါပဲ။
ကျွန်မ၏ အစ်မရင်းလို ချစ်ခင်ရသော အမျိုးသမီးကြီးတစ်ယောက်က မဆုံဆည်းလိုက်ရလေသော သူမ၏အချစ်အကြောင်းကို ကျွန်မအား ပြောပြဖူး
သည်။

သူမ အိမ်ထောင်ကွဲသွားသည့်ဘဝတွင် သူမ သံယောဇဉ်ရှိသော၊ သူမကိုလည်း သံယောဇဉ်ရှိသော မောင်ငယ်တစ်ယောက်နှင့် ဆုံမိကြသည်တဲ့။
သူမတို့နှစ်ယောက် ဖွင့်မပြောကြသောအချစ်ဖြင့် တစ်ယောက်ကိုတစ်ယောက် တွယ်ငြိကြသည်တဲ့။ နှစ်နှစ်လောက် သံယောဇဉ်တွယ်မိသည့်အခါမှာတော့
မမျှော်လင့်သည့်တစ်နေ့မှာ ထိုမောင်ငယ်မှ သူမထံသို့ စာတစ်စောင်ရေးလိုက်သည်။

သည်တစ်ခါ ခွင့်ရက်ရလို့ သူ့ မြို့သို့ ပြန်လာလျှင် သူမ၏အိမ်သို့ အမျိုးသမီးလေးတစ်ယောက်ကို ခေါ်လာပါရစေတဲ့။ ထိုအမျိုးသမီးကို သူ လက်ထပ်ဖို့သင့်မသင့် သူမက အကဲခတ်အကြံဉာာဏ်ပေးစေလိုပါသည်တဲ့။

ထိုစာကို ဖတ်ရသည့်နေ့က သူမမျက်ရည်တွေကျ ငိုမိသည်ဟုပြောပါသည်။ သူမ စာကို လက်ခံရသောနေ့နှင့် မောင်ငယ်တို့နှစ်ယောက်ကို အိမ်မှာ ဧည့်ခံရသောနေ့မှာ ဆယ်ရက်လောက် ကွာခြားသည်ဟု ဆိုသည်။

“မမအတွက် ကြိုတင်ပြင်ဆင်ချိန်ရအောင် သူအချိန်ပေးခဲ့တာပဲ”ဟု သူမက ပြောသည်။

“ဒီကြားထဲမှာ သူတို့ကို အပြုံးမပျက် ဧည့်ခံကြိုဆိုနိုင်ဖို့ အားတင်းချိန်ရတာပေါ့”တဲ့။

“ဟင်. . . မမဦးရဲ့ လူကလည်း ရက်စက်လိုက်တာနော်”ဟု ကျွန်မက ရေရွတ်မိတော့ သူမက အသာအယာပြုံးလေသည်။

“မရက်စက်ပါဘူး။ ဒါဖြစ်သင့်ဖြစ်ထိုက်တဲ့ ဇာတ်သိမ်းပဲ၊ ဒီဇာတ်သိမ်းလေးက လှခဲ့ပါတယ် ဖြူရယ်” တဲ့။
ဟုတ်သလား။ ဒါ လှသလား။ ကျွန်မနဲ့ မိတ်ဆက်ပေးဖို့ အမျိုးသမီးလေးတစ်ယောက်ကို ကျွန်မရှေ့သို့
ရှင်ခေါ်လာသည့်နေ့မှာ ကျွန်မ သူမလောက် ဣန္ဒြေဆည်နိုင်ပါ့မလား၊ တွေးမိတော့ ရင်ထဲမှာ စူးနစ်စွာ နာကျင်သွားမိသည်။ မျက်ရည်ကလည်း ချက်ချင်း
ပင် ဝဲလာခဲ့တော့၏။ ဒါဟာ ကျွန်မ မလွဲမသွေကြုံတွေ့ ရမယ့် ဇာတ်သိမ်းပဲ။

ကျွန်မ ကြိုတင်သိပြီးသား ဇာတ်သိမ်းလေ။ ကောင်းပြီ။ ကျွန်မမှာ သူမထက်ပင် ပြင်ဆင်ချိန်တွေ ရက်မက၊ လမက အများကြီးရဦးမှာ။ အခုကစပြီး
တစ်နေ့ချင်း တစ်နေ့ချင်း ပြင်ဆင်သွားမှာပေါ့။ ဒါမှ ရှင်က ကျွန်မ၏ခံနိုင်ရည်ကို အကဲစမ်းလိုစိတ်ဖြင့် သူမ၏မောင်ငယ်လို ဆယ်ရက်အချိန်မပေးဘဲ ဖြုန်းခနဲ
ခေါ်လာပြခဲ့လျှင်တောင် မျက်နှာလေးခပ်ပင့်ပင့်နှင့် ဘာမှမခံစားရသလို ဟန်ဆောင်ပြုံးရယ် ကြိုဆိုနိုင်မှာလေ။ ရှင်က စိတ်ချရတာမဟုတ်။

တစ်ခါတစ်ခါ ကျွန်မအပေါ် အနိုင်ကျင့်ချင်စိတ်ကလေး ရှိရှိနေတတ်သည်မဟုတ်လား။
ကျွန်မ၏ သံယောဇဉ်ကို သိသိကြီးနှင့် အဲသည်လောက် အနိုင်မကျင့်လောက်ပါဘူးဟု မျှော်လင့်ချင်ပေမယ့် ကျွန်မ အဆိုးဆုံးကိုတော့ ကြိုတွက်ဆထားဖို့ လိုပါလိမ့်မယ်။

ဒါက ကျွန်မထင်သည့် အဆိုးဆုံးဇာတ်သိမ်းပေါ့။
တကယ်တမ်းတော့ ကျွန်မ၏ဇာတ်သိမ်းက အဆိုးဆုံးဟု ကျွန်မထင်ထားသည့် အဖြစ်ထက် ဆိုးခဲ့လေသည်။
လွန်ခဲ့သည့်တစ်ပတ်ကတော့ ကျွန်မ၏သူငယ်ချင်းလည်းဟုတ်၊ လုပ်ဖော်ကိုင်ဖက် အိုဂျီဆရာဝန်လည်းဟုတ်သည့် ဒေါက်တာခင်မောင်လေးက ကျွန်မ
ကို စကားပြောစရာရှိသည်ဟု ဆေးရုံရှေ့က ကဖေးဆိုင်ကလေးသို့ ခေါ်သွားခဲ့သည်။

“ဖြူဖြူဝင်း နင့်ကို ငါညီမလေးလိုလည်း ခင်တယ်။ သူငယ်ချင်းလိုလည်းခင်တယ်။ နင့်ကို ကောင်းတာပဲဖြစ်စေချင်တယ်ဆိုတာ နင်ယုံလား” သူက
ကျွန်မကို မပျိုးစဖူးနိဒါန်းပျိုးလျက် ပြောလာသည်။ ကျွန်မ ထိတ်ခနဲ ရင်ခုန်သွားခဲ့သည်။ ကျွန်မ ဘာတွေများ မှားယွင်းသွားခဲ့ပါလိမ့်ဟု တွေးပူလိုက်သော
ကြောင့်ဖြစ်သည်။ အဲသည်အချိန်အထိ ရှင်နှင့်ပတ်သက်လိမ့်မည်ဟု မထင်ထားခဲ့ပါ။

“ကျွန်မသိပါတယ် ကိုခင်မောင်လေးရယ်၊ ပြော ကျွန်မဘာမကောင်းဖြစ်ခဲ့လို့လဲ”

“နင် ဘုန်းသက်နိုင်အပေါ် ဘာတွေကြောင်နေတာလဲ”

ထိုစကားကို ရုတ်တရက် ကျွန်မနားမလည်လိုက်။ ကြောင်သည်ဆိုသည့် စကားကို အဓိပ္ပါယ်မဖော်တတ်သောကြောင့်ဖြစ်သည်။

“ဘာပြောတာလဲ ကိုခင်မောင်လေးရဲ့”

သူက ကျွန်မကို တည့်တည့်မကြည့်ဘဲ နံရံက မီးလုံးလေးကို မျက်စိလွှဲကြည့်လိုက်သည်။

“အဲဒီစကားက ငါတီထွင်တဲ့စကားမဟုတ်ဘူး ဟ၊ ဘုန်းသက်နိုင်တို့ စကားဝိုင်းကနေ ကြားခဲ့ရတဲ့စကားလုံး၊ နင်က သူ့အပေါ် ကြောင်နေတယ်တဲ့”

“ကြောင်တယ်”

ကြောင်တယ်ဆိုသော စကားအဓိပ္ပါယ်ကို ကျွန်မ အတိအကျမသိရသေးသော်လည်း တော်တော်မကောင်းသော အဓိပ္ပါယ်ဟုတော့ သိလိုက်ပြီ။
ကျွန်မရင်ထဲမှာ လေးပင်သွားခဲ့ပါသည်။

“ခွဲစိတ်ခန်းမှာရော၊ အပြင်မှာရော နင်က ဘုန်းသက်နိုင်အတွက်ဆို ဘာမဆို လိုက်လျောတယ်ဆို၊ နင်က ဘုန်းသက်နိုင်ကို ကျ နေတယ်တဲ့”

“အို. . . ”

“သူ့ ကောင်တွေက သူ့ကို ငါ့ရှေ့မှာပဲ မဆင်မခြင် ဝိုင်းနောက်တာတွေ သူပြန်ပြောတဲ့ စကားတွေအရ နင့်အတွက် ငါစိုးရိမ်တယ်။ နင် ဘာပဲလုပ်လုပ်
သတိထားဟာ၊ လူပြောစရာဖြစ်သွားရင်”

ကျွန်မနားထဲကနေ ရင်ထဲထိ ရောက်သွားခဲ့တာကတော့ “သူပြန်ပြောတဲ့ စကားတွေအရ” ဆိုတဲ့ စကားအသုံးပါပဲ။

“ဘုန်းသက်နိုင်က ဘာပြန်ပြောသလဲ”

“သူပြောတာက နင်ကြောင်နေတာကို သူလည်း သတိထားမိတဲ့ပုံမျိုးပဲ၊ နေဦးဟာ ဘာတဲ့ သူပြောတာ။ ဪ. . .မှတ်မိပြီ၊ “တော်စမ်းပါကွာ၊ ငါ့မှာ
အိုတီထဲမှာ စိတ်ကျဉ်းကျပ်ရတာကတစ်မျိုး အပြင်ရောက်တဲ့အခိုက်တော့ လွတ်လွတ်လပ်လပ်လေးနေပါရစေ”တဲ့

ဘုရား• • • ဘုရား။
ကျွန်မ၏နားထဲသို့ ပူပြင်းလောင်မြိုက်စွာ ဝင်ရောက်သွားသော ထိုစကားလုံးများ၏ဒဏ်ကြောင့် ကျွန်မတစ်ကိုယ်လုံး လေးလံညွှတ်ကျသွားခဲ့ပါသည်။
မယုံချင်ပါဘူး။ ဒါပေမယ့် တကယ်ယုံလိုက်ရပါပြီ။ တခြားသူက ပြောလျှင် ကျွန်မ သံသယရှိနေမိဦးမည်။ ကိုခင်မောင်လေးက ကျွန်မအပေါ် ကျောင်းသား ဘဝကတည်းက စေတနာထားခဲ့၊ ညီမလို ရင်းနှီးတဲ့သူဖြစ်သည်။

ရှင် ပြောခဲ့သည်ဆိုသော ထိုစကားတွေကြောင့် ကျွန်မ ရှင့်ကို အပြစ်မတင်ဘူးဆိုတာတော့ ယုံစေချင်ပါသည်။ ရှင့်ဘက်က လိမ်ညာမှုတစ်ခုတောင် မပါဝင်ခဲ့တာပဲ။ ဒါအမှန်တွေလေ။ ကျွန်မက ရှင့်ကို ကြောင်မိတာကိုး။ ဒါက ရှင်တို့ သုံးနှုန်းသည်ဆိုသော စကားအတိုင်းပြောကြည့်လိုက်ခြင်းပါ။ ဒါပေမယ့် ကျွန်မရှင့်အပေါ် ထားခဲ့မိသည့် ပေးဆပ်မှုသက်သက် ချစ်ခြင်းမေတ္တာတွေကို
ကြောင်သည်ဆိုသည့်စကားဖြင့် ပေါ့သွမ်းစေခဲ့ရတဲ့အတွက် ကျွန်မ အလွန် ဝမ်းနည်းမိတာတော့ အမှန်ပါပဲ။

ကျွန်မ အသက် ၃ဝ ကျော်အထိ၊ အတိအကျပြောရလျှင် ၃၉ နှစ်အထိ ကျွန်မသည် ရယူခြင်း၏အရသာကိုသာ သိခဲ့သည်။ ရယူခြင်းအပေါ်မှာသာ
ကျေနပ်ခဲ့သည်။ ရယူခြင်း၏ ပီတိကိုသာ ကျွန်မရှာဖွေခဲ့မိသည်။ အသက် ၃၉ နှစ်ပြီးလို့ ၄၀ ထဲသို့ ရောက်လာသည့်အခါ ကျွန်မ၏ ဘဝအရသာတွေ
ပြောင်းလဲခဲ့ပါသည်။ ပေးဆပ်ခြင်း၏အရသာကို ကျွန်မသိသွားခဲ့ပြီဟုပြောလျှင် ကျွန်မစကားကို နည်းနည်းမျှ ရှင် သံသယမဖြစ်စေချင်ပါ။

ကျွန်မ တစ်ယောက်ယောက်ကို တစ်ခုခုပေးအပ်လိုက်လို့ သူပြည့်စုံ ကျေနပ်သွားတာကို မြင်ရသည့်အချိန်၊ အဲဒါက ကျွန်မရလိုက်သည့် ဘဝအရသာပါပဲ။ ကျွန်မ အသက် ၄၀ အထိ ကျွန်မလိုချင်တာတွေ တော်တော်
များခဲ့ပြီး ထိုအရာတွေနှင့်လည်း တော်တော်ပြည့်စုံခဲ့ရပြီးပါပြီ။ ယခုအခါ ဘဝထံမှ ကျွန်မ နောက်ထပ် ဘာတစ်ခုမှ ယူစရာမလိုတော့ဟုထင်သည်။ ကျွန်မမှာ
ရာထူး၊ အာဏာ၊ အခွင့်၊ စည်းစိမ်အားလုံး ပြည့်စုံခဲ့ပြီးပြီ။

ကျန်ရှိသော သက်တမ်းမှာ ပေးအပ်ခြင်း၊ ဖြည့်ဆည်းခြင်းဖြင့်သာ ဘဝအဓိပ္ပါယ်ကို ရှာဖွေတော့မည်။ အဲဒီလိုပဲ ကျွန်မဆုံးဖြတ်ထားခဲ့သည်။ ရှင်နှင့် တွေ့ပြီးသည့်အချိန်မှာ ထိုဆုံးဖြတ်ချက်က ပို၍ခိုင်မာသွားခဲ့သည်။
ယခုတော့ ပေးဆပ်ခြင်းတိုင်းသည် ပီတီကို မရစေပါလားဟု ကျွန်မပြန်လည်တွေးတောမိသွားပြီ။ ကျွန်မ၏ ပေးဆပ်ခြင်းတွေကို ဒီထက်ပို၍ ယေဘုယျဆန်စေရတော့မည်ဟု ကျွန်မ နားလည်လိုက်ပါသည်။
အဲဒီနေ့က ကျွန်မ ဘယ်လိုမှ အားတင်းမရသောကြောင့် ဆေးရုံသို့ မပြန်တော့ဘဲ အိမ်ကိုသာ တိုက်ရိုက်ပြန်သွားခဲ့မိသည်။
မမဦးပြောခဲ့သည့် သူမ၏ဇာတ်သိမ်းအကြောင်းကို သတိရအားကျရင်း၊ ကိုယ့်ဇာတ်သိမ်းကိုယ် စူးစူးအောင့်အောင့် နာကျင်ချင်းဖြစ်သည်။

“ဇာတ်သိမ်းလေးက လှခဲ့ပါတယ် ဖြူရယ်”တဲ့။ ဟုတ်ပါပြီ။ သူမ၏ဇာတ်သိမ်းက တကယ်လှခဲ့တာပါ။ တစ်ယောက်ကိုတစ်ယောက် သံယောဇဉ်မပြတ်၊ တစ်ယောက်ကိုတစ်ယောက် လေးစားမှုမပြတ်၊ မဆုံစည်းနိုင်မှန်းသိသောကြောင့် တခြားလမ်းချိုးတစ်ခုသို့ ချိုးကွေ့ လိုက်သူကလည်း အကြင်နာနှင့် ကျန်ရစ်ခဲ့သူကလည်း မေတ္တာနှင့်။

ဪ. . . ကျွန်မ ရန်ကုန်သို့ ရောက်လျှင် မမဦးဆီ ရောက်အောင်သွားရမည်။

“မမဦးရဲ့ ဇာတ်သိမ်းဟာ တကယ်ကိုလှတာပါ”ဟု ပြောဖြစ်အောင် ပြောရပါဦးမည်။
လောလောဆယ်တော့ ကျွန်မ၏ပူပြင်းလောင်မြိုက်သော အရှက်တွေကို အေးချမ်းစေနိုင်မလားမျှော်လင့်ချက်ဖြင့် ကလောသို့ ခရီးထွက်လာခဲ့ရပါသည်။

ကလောမြို့ ကတော့ အေးပါရဲ့။ ညတစ်ညတွင် ကော်ဖီဆိုင်လေးမှာထိုင်ရင်း ကျွန်မ ကျရသည့် မျက်ရည်ကတော့ ပူလောင်ခဲ့ပါသည်။

ကလောဟိုတယ်အနီးက တိတ်ဆိတ်သောကော်ဖီဆိုင်ကလေးမှာ ထိုညက လူတွေစည်ကားနေခဲ့သည်။ အများအားဖြင့် နိုင်ငံခြားသားတွေဖြစ်သည်။ ဆိုင်ထဲသို့ အဦးဆုံးရောက်သည့် ကျွန်မက အကောင်းဆုံးထောင့်နေရာကို ယူထားခဲ့သည်။ သည်စားပွဲမှာ ကျွန်မ ထိုင်နေကျဖြစ်သည်။ ထုံးစံအတိုင်း ကြက်သားဘာဂါနှင့်ကော်ဖီကို မပြယ်သေးသော အရှက်နှင့်အတူ မျှောချဖို့ အချိန်ဆွဲစားသောက်နေခဲ့သည်။ နေ့တစ်နေ့၏ အချိန်တိုင်း၊ နာရီတိုင်းမှာ ဝမ်းနည်းအားငယ်စိတ်တွေ ဝင်နေခဲ့မိလို့ဖြင့် ရှင် ကျွန်မကို သနားကရုဏာသက်စရာမလိုပါ။ ဒါကို စိတ်ကူးယဉ်မှုအတွက် ကျွန်မရခဲ့သည့် ထိုက်တန် သည့် ပြစ်ဒဏ်ဟု ကျွန်မ ယူဆထားခဲ့ပြီးသားပါ။

ထိုညက ကျွန်မအနီးသို့ လူငယ်လေးတစ်ယောက် ခွင့်တောင်းပြီး လာထိုင်သည်။

“အစ်မ ကျွန်တော် ဒီမှာထိုင်လို့ရမလား”

ကျွန်မ ဘယ်လိုလုပ်ပြီး ငြင်းလို့ရမလဲ။ ဆိုင်တစ်ဆိုင်လုံးမှာ နေရာမှ မလွတ်တော့တာ။ လူတစ်ယောက်တည်းရှိသည့် စားပွဲဟူ၍ ကျွန်မစားပွဲပဲ
ရှိတော့တာလေ။

“ထိုင်လေ”

ထိုလူငယ်ကို ဖြူသလား၊ ညိုသလား ကျွန်မ မသိ။ ရှင့်ကို ကျွန်မ၏ လက်ထောက်ခွဲစိတ်ဆရာဝန်အဖြစ် ရွေးတုန်းက ရှင် ဖြူမှန်း၊ ညိုမှန်းမသိခဲ့သလိုပါပဲ။

ကျွန်မ၏အာရုံမှာ ရှင်ပြောခဲ့သည်ဆိုသော စကားတစ်ခွန်းကိုသာ တစိမ့်စိမ့် ရှက်ရွံ့နာကျင်လျက်ရှိပါသည်။
အဲဒီနောက်မှာ ဆိုင်ကလေးမှာ တိုက်ဆိုက်မှုတစ်ခု ဖြစ်သွားခဲ့သည်။
သီချင်းတစ်ပုဒ်ဖြစ်သည်။

ဂီတနှင့် တူရိယာများကို တန်ဖိုးထားသည့်ဆိုင်ကလေးဖြစ်မှန်း နံရံမှာ ချိတ်ဆွဲထားသည့် ပစ္စည်းတွေကို ကြည့်ရုံနှင့်သိနိုင်တာမို့ သည်ဆိုင်က သီချင်း
ဖွင့်တာ အံ့သြစရာမဟုတ်။ သို့သော် ဆိုင်ရှင်က ရွေးချယ်လိုက်သည့် သီချင်းကတော့ အံ့ဩစရာပါ။ ဘော့ဘ်မာလေး၏ သီချင်း။ ရှင်နှင့် ပထမဆုံး
စတင်ခင်မင်မိသည့်ညက ကျွန်မကားထဲမှာ ဖွင့်ထားမိခဲ့သော သီချင်း။

သီချင်းကြောင့် ကျွန်မ တုန်လှုပ်သွားခဲ့ရသည်။

သီချင်းတစ်ပုဒ်ကြောင့် ကျွန်မမျက်ရည်ကျမိလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်မိခဲ့ပါ။ ခွဲစိတ်ခုတင်မှာ လူနာကို ခွဲစိတ်ရင်း မျက်ရည်ကျမိလိမ့်မည်ဟု
ကိုယ့်ကိုယ်ကို မထင်ခဲ့သလိုပါပဲ။
ဒါပေမယ့် ကျွန်မ မျက်ရည်ကျခဲ့သတဲ့။
မျက်ရည်ကျမိနေပါလားဆိုတာကိုလည်း တစ်ယောက်ယောက်က မျက်ရည်သုတ်ဖို့ လက်ကိုင်ပဝါလေးထုတ်ပေးတော့မှ သတိထားမိခဲ့တာပါ။

ရှင် ယုံချင်မှယုံပါ။ ရှင့်ကြောင့် ကျနေရသော ဝမ်းနည်းရှက်ရွံ့ခြင်း မျက်ရည်တွေထဲကတောင် အခုလို လက်ကိုင်ပဝါလေးထုတ်ပေးလိုက်သူဟာ
ရှင်ပဲ ဖြစ်လိုက်ပါတော့လို့ ကျွန်မ တမ်းတနေမိခဲ့ပါသေးသည်။
လူငယ်လေးကမ်းပေးသော လက်ကိုင်ပဝါလေးက အဖြူဆွတ်ဆွတ်။

“အစ်မ ညာဘက်မျက်လုံးမှာ မျက်ရည်တစ်စက်၊ ရော့. . .ရော့ ဒါနဲ့ သုတ်လိုက်”

ကျွန်မ ရုတ်တရက် အံ့လည်းအံ့သြ၊ ရှက်လည်းရှက်သွားခဲ့သည်။
ထိုလူငယ်လေး၏ မျက်လုံးတွေက လှောင်ပြောင်သရော်ဟန်မရှိ။ အေးဆေးသိမ်မွေ့သည်။ ကျွန်မမျက်ရည်ကို သုတ်ပေးလိုက်သည့် ရှင့်မျက်လုံးတွေလိုပါပဲ။

“ကျေးဇူး”

ကျွန်မမှာ လက်ကိုင်ပဝါ ပါလာသော်လည်း အိတ်ထဲကနေ ပစ္စည်းပေါင်းစုံကြားမှာ တော်တော်ရှာနေရဦးမည်မို့ သူ့ လက်ကိုင်ပဝါလေးကို ကပျာကယာ ဆွဲယူပြီး သုတ်လိုက်ရသည်။ သုတ်ရင်းနှင့်မှ နောက်ထပ်မျက်ရည်တွေ
ကျလုဆဲဆဲ ဝေ့လည်လာတာကိုသတိထားမိ၏။ ထို ့ကြောင့် သူ ့လက်ကိုင်ပဝါကိုပဲ ထပ်သုံးလိုက်ရသည်။ ပြီးတော့ သူ့ကိုပြုံးပြကာ အားနာနာနှင့် လက်ကိုင်ပဝါ ပြန်ပေးလိုက်သည်။ သူ့ပဝါသူ အသာပြန်ယူကာ ဖြန့်လျက် ခေါက်နေတာကို ကြည့်ရင်း သူ့ရှေ့မှာချထားသော သူ ဖတ်လက်စစာအုပ်ကို
ကျွန်မမြင်မိသည်။ ‘Allan Bloom’ ၏ ‘Closing American Mind’တဲ့။

ထို့အပြင် ကျွန်မ မျက်စိက သူ့ ပဝါ၏ ထူးခြားမှုတစ်ခုကိုပါ မြင်လိုက်ရပါသည်။
ပန်းထိုးထားသော စာလုံးတစ်ခု။ အင်္ဂလိပ်စာလုံးပဲဖြစ်သည်။ ကျွန်မဘက်ကနေ ဇောက်ထိုးမြင်ရသလောက်တော့ ‘အယ်လ်’ဆိုသည့် စာလုံးဖြစ် ဟန်
တူပါသည်။ ထိုစာလုံးကို အဖြူရောင်ချည်ဖြင့် ထိုးထားခြင်းဖြစ်သည်။

သေသပ်သော၊ စိတ်ရှည်သော၊ လှပသောလက်ရာလေးတစ်ခု။
ထိုလက်ကိုင်ပဝါလေးကို ကြည့်ရင်း ကျွန်မနှလုံးသားဆီမှာ စူးစူးနစ်နစ် နာကျင်သွား၏။ တစ်ယောက်ယောက်ကတော့ လူငယ်လေးကို ချစ်မြတ်နိုးစိတ်ဖြင့် တစ်စုံတစ်ခု ပေးအပ်ခဲ့ပြီးလေပြီ။ ကျွန်မသည် မိမိနှင့်မဆိုင်သော ဘဝနှစ်ခုအကြားတွင် မစွက်ဖက်သင့်ဘူးဟုသိပါရဲ့။ သို့သော် မနေနိုင်ပါ။

“ပဝါလေးက လှလိုက်တာ။ ကျွန်မကြောင့် ညစ်ပေသွားပြီ”

“ကိစ္စမရှိပါဘူးဗျ။ ပြန်လျှော်လို့ရပါတယ်။”

“အဲဒီစာလုံးက နာမည်တစ်ခုပေါ့နော်”

သူက ပြုံးနေသည့် မျက်လုံးတို့ဖြင့် ကျွန်မကိုကြည့်ပြီး ခေါင်းညိတ် သည်။

“ဘယ်သူက ထိုးပေးထားတာလဲ”

သူ တစ်ချက်တွေခနဲဖြစ်သွား၏။ ပြောပြရကောင်းမလား၊ ငြင်းလိုက်ရကောင်းမလား စဉ်းစားနေတာလား။ သို့မဟုတ် ဘယ်လိုဖြေရမလဲ စဉ်းစားနေတာလားမသိပါ။ သည်မိန်းမ စပ်စုရန်ကောဟု ထင်ချင်လည်း ထင်ပါလိမ့်မည်။

သူ မပြောတော့ဘူးဟု ကျွန်မထင်လာသည့်အချိန်တွင် သူပြောလိုက်သည်။

ရိုးရိုးစင်းစင်းပါပဲ။

“ကျွန်တော်အစ်မလိုခင်တဲ့ အမျိုးသမီးတစ်ယောက် ထိုးပေးထားတာ”

“ဪ ..”

ကျွန်မ၏စပ်စုမှုကသည်မျှနှင့်မရပ်ပါ။

“ အဲဒီအမျိုးသမီးက ဘာအလုပ်လုပ်တာလည်းဟင်
သည်တစ်ခါတော့ လူငယ်လေးက လက်ခနဲတောက်ပသော အပြုံးဖြင့် ချက်ချင်းဖြေပါသည်။

“ကွန်ပျူတာဒီဇိုင်းပညာရှင်ပါ”

“အို”

ကျွန်မ မထင်ထားသောအဖြေတစ်ခုဖြစ်သည်။ ကျွန်မ ရင်ထဲမှာလည်း လှိုက်ဟာသွားသည်။
“ကွန်ပျူတာကျွမ်းကျင်တဲ့ သူ့ လက်ချောင်းလေးတွေနဲ့ စိတ်ရှည်လက်ရှည် ထိုးထားတဲ့ နာမည်လေးပေါ့နော်”
ကျွန်မ ခပ်တိုးတိုး ရေရွတ်မိသည်။ လူငယ်လေးအနည်းငယ် အံ့သြသွားဟန်တူပါသည်။ ကျွန်မကို စူးစူးစိုက်စိုက်ကြည့်လာသည်။ ကျွန်မ သူ့ကို
ပြုံးပြလိုက်မိ၏။

“သူ့ ပရော်ဖက်ရှင်နယ်လ်နဲ့ ဘာမှမဆိုင်တဲ့ ပန်းထိုးစာလုံးဖော်တဲ့ အလုပ်ကို သူ ့လက်ချောင်းလေးတွေနဲ့လုပ်ခဲ့တာ၊ အဲဒါ မေတ္တာနဲ့ပါ။ အဲဒီမေတ္တာကို ဘယ်တော့မှ မရယ်မောမိအောင်တော့ သတိထားပါနော်။ သူ့ ကိုယ်စား ကျွန်မက တောင်းပန်တာပါ”

ကြောင် အ သွားသော လူငယ်လေး ဘာမှမပြောနိုင်မီ ကျွန်မထိုင်ရာမှ ထရပ်လိုက်မိသည်။
သည့်ထက်ပိုပြီး ကျွန်မ ဘာမှပြောပြစရာမလိုဘူးဟု ကျွန်မထင်ပါသည်။

ပေးခြင်းသက်သက်၏ အရသာကို နှစ်သက်လှပါသည်ဟု ကြေညာခဲ့သည့် မိန်းမတစ်ယောက်အကြောင်း ပုံပြင်တစ်ပုဒ်ကို ကျွန်မ ဘယ်သူ့ကိုမှ မပြောနိုင်။ ဒိုင်ယာရီထဲမှာတောင် မရေးနိုင်။ ဒိုင်ယာရီကို ကျွန်မမှ မီးရှို့ ဖျက်ဆီးမပစ်ရက်ဘဲ။

ရက်စက်လိုက်တာဟု စွပ်စွဲခွင့်မရှိသည့် ရက်စက်မှုတစ်ခုအကြောင်းကို လည်း ကျွန်မ ဘယ်တော့မှ ပြန်ပြောပြနိုင်မှာမဟုတ်။
နာကျင်လှသော ဒဏ်ရာတစ်ခုကိုလည်း နာလိုက်တာဟု ဘယ်တော့မှ ဖွင့်ဟ ညည်းညူရဲမှာမဟုတ်ပါ။
ကျွန်မ ဆိုင်ထဲမှထွက်လာပြီး စားပွဲဆီသို့ တစ်ချက်ပြန်လှည့်ကြည့်တော့ လူငယ်လေး သူ့ လက်ထဲက ပဝါဖြူလေးကို တွေဝေစွာ ငုံ့စိုက်ကြည့်နေသည်ကို မြင်ခဲ့ရပါသည်။

ဂျူး
၁၉၊ မတ်လ၊ ၂ဝဝ၃။