အရပ်ပျက်မိသက်

လွတ်လွတ်လပ်လပ် ပေါ့…။ဒါမျိုးဆို မသက်တင်တို့က ပေါ်ပေါ်တင်တင်ပဲ…ရွာထဲက တစ်ယောက်ယောက်ကို အိမ်ပေါ်ခေါ်တင်လို့ အကြိုက်ပျော်ပါးတော့တာပဲ..။သူ့ဆီလာတဲ့သူတွေကလည်း ပိုက်ဆံမပေးရတဲ့အပြင် ပိုက်ဆံတောင်ရသေးတာလေ… ဘာနာစရာရှိသလဲ…။

“မိသက်တို့များ ရဲတင်းလိုက်တာဟယ်..နေ့ခင်းကြောင်တောင်ကြီးကို ကမြင်းရတယ်လို့..”

“အော် ညဘက်လည်း အငြိမ်နေတတ်တဲ့ မိန်းမမှမဟုတ်တာပဲ…ဖဲဝိုင်းပြီးရင် လည်း ရွာထဲက မုဆိုးဖို သန်းလှနဲ့ ပလူးသေးတာ… ”

“ဟဲ့ နင့်ဟာ ဟုတ်လို့လား..”

“အို ဟုတ်တာမှ ဟုတ်ဟုတ်နဲ့ကိုမြည်နေသေးပါတယ်…ပြီးတော့ သူ့မှာ မျှော့ပါတယ်ဆိုပဲ..”

“ဒါကြောင့်မို့ ရွာထဲက အကောင်တွေက တမ်းတမ်းစွဲ ဖြစ်နေကြတာပေါ့..”

“သတိလည်းထားအုံး..အိမ်ကလူတွေပါ ပါနေရင်တော့အခက်ပဲ…”

“အိုတော်… သွားလည်းအိပ်ရသေး ပိုက်ဆံလည်းရသေးတာပဲဟာ နာစရာမရှိပါဘူး..ခစ် ခစ်…”

“အံသြပါ့အေ..ကိုယ့်လင်တောင်ပြန်မျှချင်နေသေးတယ်…”

ဒီလိုပဲပေါ့…ဟုတ်လို့ကျော် ပုပ်လို့ပေါ်..မမသက်ရဲ့ အပုပ်နံ့တွေကတော့ ရွာက မိန်းမတွေရဲ့ သန်းတုပ် အတင်းအဖျင်းစကားဝိုင်းမှာ ကြိုင်လို့ လှိုင်လို့…။
……….
(၃)
မမသက်ရဲ့ အချစ်တကာ့အချစ်တော်လေးတွေထဲမှာ ရွာလယ်က ဦးစိန်ဘွားနဲ့ ဒေါ်ညိုနုတို့ရဲ့သား မောင်သီဟကတော့ လက်စွဲတော်လေးပေါ့..။အသက် ၂၀ကျော် ငယ်ရွယ်နုပျိုမှုတွေနဲ့အတူ ချောမောခန့်ငြားခြင်းက မမသက်ကိုမျက်စိကျစေတယ်..။မသက်တင်တို့ ပတ်ဝန်းကျင် ကို ထီမထင်ပုံများကတော့ သီဟကိုတောင် ကာယကံရှင်မိဘတွေရှေ့မှာ မျက်စပစ်ခေါ်ရဲတာဟာ နည်းတဲ့သတ္တိလား..။သီဟရဲ့ မိဘတွေကလည်း ရိပ်မိကြတာမို့ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ သူတို့သားကို ဆုံးမကြတာပါပဲ..။ဒါပေမယ့်မရပါဘူး..။အချိန်တန်ရင် သီဟက မသက်အိမ်ကိုပဲ ခြေဦးလှည့်ချင်နေတော့တာ..။မသက်ကျွေးတာစား ၊မသက်ပေးတာယူနဲ့ သီဟတစ်ယောက် မသက်ရဲ့ လင်ငယ်လုံးလုံး ဖြစ်ပါလေရောလား..။သီဟက မိဘတွေကိုကြောက်ပေမယ့်လည်း သူ့စိတ်ထဲ မသက်မှ မသက်ဖြစ်နေတာကလည်း အခက်သားပဲ..။

“ညိုနုရေ..ငါတို့သားတော့ ဆေးမိနေပြီထင်ပါရဲ့ကွာ…ဘယ်လိုပြောပြော ဘယ်လိုဆိုဆို ဒီမိန်းမဆီပဲရောက်ရောက်နေတာ တစ်ခုခုတော့ကြံစမ်းပါအုံးကွာ..”

ဒေါ်ညိုနုမှာလည်း အပူသည်နဲ့ ထူးမခြားနားစွာပင် တစ်ဦးတည်းသော သားအတွက် ပူပန်နေရချေ၏..။

“ကျွန်မလည်း ဘယ်လိုလုပ်ရမှန်းမသိတော့ပါဘူး ကိုစိန်ရယ်…သားလေးကိုကြည့်ရတာလည်း လူရုပ်နဲ့ကိုမတူတော့ဘူး..စိတ်ညစ်ပါတယ်.. ပြောရင်းဆိုရင်းနဲ့ ဒီမိန်းမကို ဒေါသထွက်လာပြန်ပြီ ကိုစိန် ရှင်အိမ်မှာ နေနေအုံးတော်…”

“ဟဲ့ ဟဲ့ မိန်းမ မင်း ဘယ်သွားမလို့လဲ.. ”

ဦးစိန်ဘွားမေးတာကို ဒေါ်ညိုနုမဖြေခဲ့ပါ ။ခြေလှမ်းတွေကတော့ သက်သက်တင်အိမ်ဆီကိုပါပဲ..။

“ဟဲ့ သက်သက်တင်..အယုတ်တမာမ ထွက်ခဲ့စမ်း..ညည်းထွက်လာခဲ့စမ်း..ငါ့သားလေးကို လူပျိုရည်ဖျက်တဲ့ကောင်မ…”

“ဟဲ့ ဘယ်သူလဲ..ဘာကိစ္စ အိမ်ရှေ့လာညံနေရတာလဲ…”

အိမ်ထဲကနေ အဝတ်အစားဖိုသီဖတ်သီနဲ့ ဝရံတာရှေ့ထွက်လာတဲ့ သက်သက်တင်

“အော်…ဘယ်သူများလဲလို့..”

“အေးငါပဲ…ငါ့သားနဲ့ မပတ်သက်ဖို့ လာပြောတာဟေ့..ဘယ့်နှယ့်အေ..လင်ကြီးငုတ်တုတ်ရှိနေပါလျက်နဲ့ ဖောက်လွဲဖောက်ပြန်လုပ်နေတာ ညည်းမရှက်ဘူးလား..”

“ကျွန်မငတ်တာ ကျွန်မရှာစားတာ ဘာရှက်ရမှာလဲ..ဒီမှာ မိသက်တို့ကလေ ဘယ်သူ့ကိုမှ ဂရုမစိုက်လို့ ဒီလိုနေနေတာ..”

“အေး..ညည်းဘာသာ ညည်း ဘယ်သူနဲ့ရှုပ်ရှုပ် ငါ့သားနဲ့တော့ လာမပတ်သက်နဲ့… ”

“ဒါဆိုလည်း ကိုယ့်သားကိုယ် နိုင်အောင်ထိန်းပေါ့..”

“အေး ငါတို့ကတော့ ထိန်းတာပဲ…အချိန်တန်ရင် ညည်းဆီရောက်ရောက်လာတာက ငါ့သားကဆေးမိနေသလိုပဲ…ညည်းဘာတွေလုပ်ထားလဲ ငါ့သားကို”

“ဟင်းဟင်း… ဘာမှမလုပ်ထားပါဘူး..ကျွန်မကိုတမ်းတမ်းစွဲ ဖြစ်နေအောင်လို့ ရာသီသွေးလေးနည်းနည်းလောက်ကျွေးထားတာ..”

“ညည်း..ညည်း မိုက်ရိုင်းလှချည်လား..ကောင်မ ဆင်းလာစမ်း..နင့်ကို ငါသတ်မယ်..နင့်ကိုငါသတ်မယ်…အမလေး ငါ့သားနုနုထွတ်ထွတ်ကလေးတော့ ဘုန်းကံနိမ့်ပါပြီ..”

ဒေါ်ညိုနု ဘယ်လိုပင် ဒေါသထွက်နေပါစေ..အိမ်ပေါ်က မမသက်ကတော့ နေသာသပ လေညာကပါပဲ..။

“အခုလည်း ကျွန်မအိမ်မှာ အဒေါ့်သားရောက်နေတယ်လေ…ခေါ်သွားအုံးမလား..”

“ဘာ…ဟမ်…သီဟ…ဟဲ့ သီဟ…ထွက်လာစမ်း…”

ပတ်ဝန်းကျင် ကတော့ ဒီရန်ပွဲကို အစကအဆုံးပဲ ရပ်ကြည့်နေခဲ့ကြပါ၏..။ခဏနေတော့ ဦးစိန်ဘွားက အပြေးလာကာ..

“လာပါ ညိုနုရယ်…ဒီဟာမနဲ့ဖက်ဖြစ်ပြီး အရှက်ကွဲမခံပါနဲ့တော့…”

“မရဘူး..ကိုစိန်…အထဲမှာ အထဲမှာ ကျွန်မတို့သားလေးရှိနေတယ်တော့်…သူက ကျွန်မတို့သားကို ယုတ်ညံ့တာတွေ ကျွေးထားတာတဲ့..”

“လာပါ မိန်းမရယ်..ငါတို့သား သူ့ဟာသူပြန်လာပါစေ..နောက်မှ တို့တွေ ဖြေရှင်းကြတာပေါ့..”

“ကောင်မ…နင်တစ်နေ့ဝဋ်လည်လိမ့်မယ်…အမျိုးယုတ်မ…”

ဒီသတင်းဟာ တစ်မုဟုတ်ချင်းဆိုသလိုပဲ ပင်လယ်ပြင်ထွက်နေတဲ့ ကိုစိုးလင်း နားဆီပေါက်သွားခဲ့လေတော့ မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ အိမ်ပြန်လာခဲ့စဉ်မှာပဲ…အိမ်ပေါ်ကို ခြေမချခင်မှာ ကြားနေရတဲ့ အသံတွေ …မဟုတ်ပါစေနဲ့လို့ ဆုတောင်းရုံမှအပ…အပြင်ကပဲ အသံပြုလိုက်တယ်..

“မိန်းမရေ..ငါပြန်လာပြီ…”

ဆိုပြီး ဝင်သွားတော့ အိမ်နားက ရေထမ်းသမား လူပျိုပေါက်လေး မောင်ထိုက်က သူတို့အခန်းထဲမှာ…မသက်တင်ကတော့ အမူအရာကအေးအေးဆေးဆေးပဲ..

“အော်..ယောက်ျားရှင်ပြန်လာပြီလား..ဒီမှာလေ..ကျွန်မခါးနည်းနည်းနာနေလို့ အဲဒါ မောင်ထိုက်ကိုခေါ်နှိပ်ခိုင်းနေတာ…ကဲ ကဲ မောင်ထိုက် မင်းသွားလို့ရပြီ..ရော့ဒီမှာ နှိပ်ခနဲ့ရေဖိုး ပိုက်ဆံ ယူသွားအုံး..”

ဆိုပြီး တစ်ထောင်တန်တွေ ထုတ်ပေးပြီး ပြန်လွှတ်လိုက်တယ်။ကိုစိုးလင်း သိပ်မသင်္ကာချင်တော့ဘူး..ဒါပေမယ့် ကြည့်ရတာလည်း ဘာမှ မသင်္ကာစရာမရှိတာမို့ ပတ်ဝန်းကျင် က သွေးထိုးတာဖြစ်မှာလေဆိုပြီး မျက်စိစုံမှိတ်ပါးစပ်ပိတ်လို့ နေလိုက်လေရဲ့..။

“ကိုစိုးလင်း ဗိုက်ဆာနေပြီလား..ထမင်းစားမယ် လာ..ကျွန်မလည်း ထမင်းမစားရသေးဘူး…”

မယားရဲ့ အချိုအပြုမှာ ကိုစိုးလင်းတစ်ယောက် မျောပါနေလို့ပေါ့…ဒါပေမယ့်ပေါ့လေ..ဆင်သေကိုဆိတ်သားရေနဲ့ ဖုံးလို့ ဘယ်လုံလိမ့်မတုံး…ကိုစိုးလင်း မယုံဘူးဆိုတာ သိနေလို့ လူတစ်ယောက် ဖုန်းနဲ့ရိုက်ယူထားတဲ့ ဗီဒီယိုပြလိုက်လေတော့ ကိုစိုးလင်းရဲ့ သင်္ကာမကင်းသံသယစိတ်က အရှိန်အဟုန်နဲ့ တက်လာနေတော့တာပါပဲ…။ဒါပေမယ့် လူရိုးလူအေးကြီးမို့ ဒေါသကိုရှေ့မထားဘဲ ဗီဒီယို သက်သေနဲ့တကွ မယားဖြစ်သူကိုပြလေတော့ကာ…။

“အဟင့်..အဟင့်…ကိုစိုးလင်းရယ်…ဟုတ်ပါတယ်.. ကျွန်မဖောက်ပြားမိပါတယ်…ရှင်ပဲစဉ်းစားကြည့်လေ.ကျွန်မက အရွယ်ကောင်းတဲ့မိန်းမတစ်ယောက် ဒီလိုသွေးသားဆန္ဒကို ဘယ်လိုများထိန်းချုပ်နိုင်မှာလဲ..ရှင်ကလည်း တစ်လနေလို့ တစ်ရက်တောင်မှ ကျွန်မနဲ့ အတူရှိနိုင်တာမဟုတ်ဘူးလေတော်..အဟင့်..ဒါကြောင့်…”

ထိုတော့လည်း ကိုစိုးလင်းခမျာ ဟုတ်ပေသားပဲဟု သဘောပိုက်ကာ ဒီကိစ္စ ကိုချောင်ထိုးထားလိုက်လေတော့ သူတို့ပြဿနာကို နားစွင့်နေတဲ့ ပတ်ဝန်းကျင်က ကိုစိုးလင်းကို ထမ်းပိုးကောင်းတဲ့ နွားကြီးလို့ သမုတ်ကြတော့တာပဲ…။ဒီလို မယားဆိုး မယားညစ်ကို သည်းခံ လုပ်ကျွေးနေတဲ့ ကိုစိုးလင်းကြီးကို ပတ်ဝန်းကျင် က သြချယူရလောက်ပါရဲ့…။
ဒါပေမယ့်..အဲဒီတစ်နေ့ပေါ့လေ…ကံကြွေးတွေပြန်ဆပ်ရတဲ့ နေ့လို့ပြောရမလား…။မသက်တင်တစ်ယောက် လေဖြတ်သွားတယ်ဆိုတဲ့ သတင်းဟာ တစ်ရွာလုံးကိုပြန့်လို့…။တကယ်ပါပဲ.. တစ်ကိုယ်လုံး ဘယ်အကြောအခြင်ကမှ လှုပ်မရတော့ဘူး..။ပါးစပ်တစ်ခြမ်းကလည်းရွဲ့လို့ ။စကားတွေက ဗလုံးဗထွေး နဲ့ ။ဒါလည်း ကိုစိုးလင်းကမငြိုငြင်ရှာပါဘူး..ရသမျှလေးနဲ့ ကုရှာတာပါပဲ။အရင်က ရှာထားတဲ့ပိုက်ဆံတွေကလည်း မသက်တင်ဖြုန်းခဲ့လို့ ခုလို နာရေးဖျားရေးရှိနေချိန်မှာ ဘယ်အပေါက်ကမှ ရှာမရတော့ ။ကိုစိုးလင်းရဲ့ ဘဝဲပိုက်ကလည်း လူလိမ်မိတော့ ရှိသမျှ အကုန်ဆုံးရှုံး စီးပွားရေးက ကျဆင်းလာနဲ့.. တစ်ချိန်က မမသက် မမသက်ဆိုပြီး ဖြစ်နေကြသူတွေတောင် လူနာလာကြည့်ဖော်မရ။စီးပွားက ကျလာတော့ အဝေးမှာ ကျောင်းထားထားတဲ့ ကလေးနှစ်ယောက် ကိုပြန်ခေါ်လိုက်ရပြန်တယ်။မသက်တင်တစ်ယောက် ညညဆို ဗလုံးဗထွေး နဲ့ ထထအော်နေလို့ ကိုစိုးလင်း လည်း ကောင်းကောင်းမအိပ်ရ..။တရားခွေတွေ ဖွင့်ထားပေးပေမယ့်လည်း.အော်နေတာတွေက ရပ်မသွား..။လေဖြတ်ရုံတင်မဟုတ် တစ်ကိုယ်လုံး အရည်တစ်စိုစိုနဲ့ နူနာစွဲသလို ဖြစ်လာတယ်…။အနံ့ကလည်း နံဟောင်နေလို့ ဘယ်သူမှ အနားမကပ်နိုင်ဘူး..။
အဲဒီတစ်ညကတော့ လေဖြတ်နေတဲ့ မသက်တင်ဟာ ငေါက်ကနဲ ထထိုင်တော့ သတင်းမေးလာကြည့်တဲ့သူတွေက အံ့သြနေကြတယ်။ပြီးတော့ အိမ်အပြင်ဘက်ကိုလက်ညှိုးထိုးလို့ပါးစပ်ကလည်း..

“လာခေါ်နေပြီ..ငါ့ကို လာခေါ်နေကြပြီ..လာပါ့မယ်…လာပါ့မယ်…သားတို့..သမီးတို့.. ကိုစိုးလင်း ရေ..ကျွန်မပြောစရာရှိတယ်…ကျွန်မလေ..ကျွန်မ အရပ်ပျက်တစ်ယောက်လို ဖောက်ပြားခဲ့မိပါတယ်..သားတို့ သမီးတို့ အမေ့ကို အတုယူ..အမေ့လိုမဖြစ်စေနဲ့..အမေ..အမေ့မိုက်ပြစ်တွေဆပ်ဖို့ သွားရတော့မယ်..ခွေးတွေ လာဆွဲနေပြီ..အမလေး..ဟဲ့ ခွေး..ဟဲ့ခွေ.း”

ဟုဆိုကာ ထပြေးနေတော့ ကိုစိုးလင်းနဲ့ လူတချို့က ဝိုင်းဆွဲရသေးတယ်..

“မိသက် သတိထားလေ..မိသက် သတိထား..”

“အမလေး..ဟဲ့ခွေး..မလာနဲ့ မဆွဲကြပါနဲ့…လိုက်ခဲ့ပါ့မယ်…ဓားတွေနဲ့ ခုတ်နေကြတယ်..ဆူးတွေနဲ့ ထိုးနေကြတယ်…ကြောက်ပါပြီ..ကျွန်မ လာပါတော့မယ်…လာပါပြီ…”

ဟုဆိုကာ ခေါက်ကနဲ လဲကျသွားလေတော့ ကိုစိုးလင်းက မသက်ရင်ဘတ်ကိုလက်နဲ့စမ်းကြည့်ပြီး ခေါင်းခါပြလိုက်တော့ အားလုံးစိတ်တော့မကောင်းကြ..။အသက်ရှိစဉ်က.ဘယ်လိုပဲ အမြင်ကပ်ခဲ့ပါစေ မျက်စိရှေ့မှာ ကံကြွေးဆပ်တာကို ဒိဌ ပြသွားခဲ့ပြီ မဟုတ်လား..။ကလေးတွေကတော့ အမေသေပြီဆိုတော့ ဝမ်းနည်းပက်လက် ငိုကြတော့တာပေါ့လေ..။လူတွေကတော့ ပြောကြတယ်…

“ကိုစိုးလင်းတော့ ဝဋ် ကျွတ်ပြီပေါ့လေ..”

တဲ့….။ဘယ်လိုပဲ ဖြစ်ဖြစ် လင်ရှိရက်နဲ့ အရပ်ပျက်ခဲ့တဲ့ မသက်ရဲ့ အဆုံးသတ် က မလှပခဲ့ပါလား…။

ကာမသေုမိစ်ဆာစာရဝဒေမဏိသိက်ခာပဒံ သမာဓိယာမိ
ဤဇာတ်ကြောင်းကိုပြောပြခဲ့၍ဇာတ်လမ်းရေးသားခွင့်ပေးသော ကာယကံရှင် ဦးစိုးလင်းအားကျေးဇူးတင်ပါသည်။

ဖြစ်ရပ်မှန်အား ဇာတ်လမ်းရေးဖွဲ့ပါသည်။

နွေးနွေးအေးချမ်း