နွားတစ်ထောင်ငသောင်း

နည်းတယ်ဆိုပြီး ကဲ့ရဲ့ကြတာပေါ့ကွာ”

“သြော်၊ ကျုပ်သဘောပေါက်ပါပြီဆရာကြီး”

“ချိုတူး မင်းကအဆိုကောင်းဆိုတော့ တို့အဖွဲ့မှာ နောက်ထလုပ်စမ်းကွာ”

“ဗျာ၊ နောက်ထဆိုတော့ အနောက်မှာ မတ်တပ်ရပ်နေရတဲ့လူလား”

“ဒါပေါ့ကွ၊ မင်းဆိုင်းတွေကြည့်ဖူးတယ်မဟုတ်လား၊ နောက်ထက ကောင်းသုံးချက်ညီရတယ်တဲ့ကွ၊ အဆိုကောင်းရတယ်၊ အပြောကောင်းရတယ်၊ အသောကောင်းရတယ်ကွ၊ တို့ဆိုင်းမှာ နောက်ထတွေရှိတယ်၊ ဒါပေမယ့် ခုရွာမှာ နောက်ထတစ်ယောက်ပဲကျန်တယ်ဆိုတော့ မင်းနဲ့နှစ်ယောက်ဆိုရင်တော့ အတိုင်အဖောက်ရတာပေါ့ကွာ”

ဒီအချိန်မှာပဲ ခြံဝိုင်းရှေ့မှာ အော်သံကြားတယ်ဗျ။

“ဗျို့ ဆိုင်းဆရာကြီး၊ ဆိုင်းဆရာကြီး ရှိပါသလား”

အသက်ကြီးကြီး လူကြီးသုံးယောက်ဗျ၊ လွယ်အိတ်ကြီးတွေလွယ်၊ ခေါင်းပေါင်းကြီးတွေပေါင်းလို့ဗျ၊ ဒါနဲ့ ဦးလူလှက ပြန်ပြီးအသံပြုတယ်။

“ရှိပါတယ်ဗျ၊ ခြံဝိုင်းထဲဝင်ခဲ့ပါ”

“ခွေးတွေဘာတွေကြည့်ပါအုံးဗျာ၊ ကျုပ်တို့ဖြင့် ကျန်တာမကြောက်ပေမယ့် ခွေးတော့ကြောက်သဗျ”

“အိုဗျာ၊ ဆိုင်းဆရာအိမ်မှာ ခွေးမွေးပါ့မလားဗျ၊ လာသာလာစမ်းပါဗျာ”

ဒီလူကြီးသုံးယောက် ရောက်လာတဲ့နဲ့ ကွပ်ပျစ်မှာထိုင်နေတဲ့ကျုပ်တို့လည်း အနောက်ကိုနည်းနည်းဆုတ်ပြီး နေရာဖယ်ပေးလိုက်တာပေါ့ဗျာ၊ ကွပ်ပျစ်က ကျယ်တော့ အကျယ်ကြီးပါ။

“ထိုင်ပါအုံး ဆရာကြီးတို့ရဲ့ ဘယ်ကဘယ်လို လှည့်လာကြတာလဲ”

“ဆိုင်းဆရာအိမ်လာမှတော့ ဆိုင်းငှားဖို့ပေါ့ဗျာ”

“ဘယ်ရွာတုန်း၊ ဘာအတွက်တုန်းဗျ”

“သိပ်မဝေးပါဘူးဗျာ၊ ကျုပ်တို့က ကွေးကောက်အင်းဘက်က လာခဲ့ကြတာပါ၊ ရွာမှာရှင်ပြုရှိတာနဲ့ ဆိုင်းလိုက်ရှာနေတာ၊ ဒီကောင်က နိဗ္ဗာန်ရွာက ဦးလူလှဆိုင်း ကောင်းတယ်ဆိုတာနဲ့ ကျုပ်တို့လည်းလာခဲ့တာ၊ ဒါနဲ့ ခုနက ခြံဝမှာရေးထားတော့ ဆိုင်းမလိုက်ဘူးဆိုဗျ”

ဦးလူလှက ပြာပြာသလဲနဲ့

“လိုက်ပါတယ်ဗျာ၊ အဲဒီဆိုင်းဘုတ်ကလည်း လွင့်ပစ်ရမှာဗျ၊ ခုထိကို မဖြုုတ်မိသေးဘူး”

ဒီလူကြီးတွေက အိမ်ကိုတစ်ချက်ဝေ့ကြည့်ပြီးတော့

“ခင်ဗျားက ဆိုင်းလိုက်မယ်သာပြောတာ ဆိုင်းသမားတွေလည်း မတွေ့ပါလားဗျ၊ ဟုတ်မှလည်းလုပ်အုံးနော်”

ဒီလူကြီးတွေက မယုံသင်္ကာဖြစ်နေတာနဲ့ ဦးလူလှက ခေါင်းညိတ်ရင်း

“ကောင်းပါ့ဗျာ၊ ဆိုင်းလာငှားပြီးမှတော့ ဆိုင်းလက်သံနားမထောင်ဘဲငှားလို့ဘယ်ဖြစ်မလဲဗျ၊ ကျုပ်လက်သံကို ခင်ဗျားတို့ကြားဖူးတယ်ရှိအောင် နားထောင်ကြည့်သွားကြစမ်းဗျာ”

“ကောင်းတာပေါ့ဗျာ၊ ကျုပ်တို့လည်း နားထောင်စမ်းချင်သပ”

ဦးလူလှက မတ်တပ်ရပ်လိုက်ပြီးတော့ ရွှေမိကိုလှမ်းအော်ရင်း

“သမီးရေ၊ မန်ကျည်းသားကို ပြာကျအောင်ဖုတ်ပြီးတော့ ထမင်းနဲ့သေချာနယ်ထားစမ်းပါကွာ၊ ပတ်စာလုပ်ရအောင်”

ပြီးတော့ ကျုပ်နဲ့ချိုတူးကို အိမ်အောက်ကိုခေါ်သွားတယ်ဗျ၊ အိမ်အောက်မှာ ဆင့်တန်းတွေနဲ့ထပ်ထားတဲ့ တူရိယာပစ္စည်းတွေကိုသွားယူထုတ်တယ်။

“ဟောဒါက ပတ်ဝိုင်းထိမ်းတဲ့ ခြေထောက်၊ အဲဒါတွေအရင်ယူသွား”

ကျုပ်တို့လည်းသယ်ရတာပေါ့ဗျာ၊ အဲဒါပြီးတော့ မှန်စီရွှေချထားတဲ့အပြားကြီးတွေ သယ်ရတယ်ဗျ။

“သေချာသယ်ကွနော်၊ ဒီအပြားကြီးတွေကို ပန်းပြားလို့ခေါ်သကွ၊ ပတ်ဝိုင်းကြီးကို ကာရံတဲ့အပြားကြီးပေါ့ကွာ၊ စုစုပေါင်းရှစ်ပြားရှိတယ်၊ ဒီပန်းပြားတွေက ဈေးကြီးသကွ၊ မန္တလေး မဟာမြတ်မုနိဘုရားကြီးတောင်ဘက် ဇွန်းစုရပ်ကနေ ဝယ်ထားတာကွ”

ဦးလူလှက ခိုင်းလည်းခိုင်း၊ သင်လည်းသင်တယ်၊

“ဒါနဲ့ ဒီအချွန်ကလေးတွေက ဘာတွေလဲဗျ”

“အော်၊ အဲဒါကတော့ ပတ်လုံးတွေချိတ်ဖို့ပေါ့ကွ၊ စရွေးလို့ခေါ်တယ်၊ ပန်းပြားတစ်ပြားမှာ စရွေးသုံးခုစီပါတယ်လေကွာ၊ ပတ်လုံးတွေချိတ်တဲ့အခါ ပန်းပြားနဲ့မထိရအောင် ကာရံထားတဲ့ကြိမ်အထဲမှာပါတယ်မဟုတ်လား အဲဒါကို ပတ်ခေါင်းအုံးခေါ်တယ်၊ တစ်ချို့ကလည်း ပတ်ခံလို့ခေါ်တယ်”

ပန်းပြားတွေထုတ်ပြီးတော့ ဦးလူလှက ပန်းပြားတွေကို သေချာစီပြီး တွဲစပ်စေတယ်ဗျ၊ ဒီလိုတွဲရင်းနဲ့ ချိုတူးက ထအော်တာပဲ။

“ဟာ ဆရာကြီး၊ ဟောဒီပန်းပြားကြီးက အပေါက်ကြီးနဲ့ပါလားဗျာ၊ မဟုတ်မှလွှဲရော တစ်နေရာရာမှာများ အထဲကအစာတွေ ကျကျန်ခဲ့တာများလား”

“ဟာကွာ၊ အဲဒါ မင်းပေါက်လို့ခေါ်သကွ၊ ဆိုင်းဆရာက ပတ်ဝိုင်းထဲကိုဝင်ရမယ့် အပေါက်ပေါ့ကွာ၊ တမင်ဖောက်ထားတာ၊ ဘယ့်နှယ့် ကျကျန်ခဲ့ရမှာလည်း”

ကျုပ်နဲ့ချိုတူးနဲ့ စီလိုက်တော့ မကြာခင်မှာပဲ ပတ်ဝိုင်းကြီးတစ်ခုဖြစ်သွားပြီပေါ့ဗျာ၊ ဦးလူလှက ပတ်ဝိုင်းတစ်လျှောက်ကို သူ့တံတောင်နဲ့လိုက်တိုင်းရင်း

“ပတ်ဝိုင်းတစ်ခုလုံးက ဆယ်တောင်ထွာရှိတယ်ကွ၊ ပေနဲ့ပြောမယ်ဆိုရင် ဆယ့်ငါးပေဆယ်လက်မခွဲလောက်ရှိမယ်၊ အမြင့်ကတော့ နှစ်တောင်မိုက်လျော့ရှိတယ်၊ ချိုတူး၊ မင်းမှတ်ထားနော်”

ပြီးတော့ အိမ်ပေါ်တက်ပြီး ဗုံကလေးတွေယူလာတယ်ဗျ၊ ဗုံကလေးတွေက လုံးလုံးသေးသေးကလေးတွေဗျ၊

“အဲဒီဗုံတွေ ဒီမှာတပ်မှာမဟုတ်လား ဦးလူလှ”

“အေးပေါ့၊ မသိတဲ့လူက ဗုံလို့ခေါ်မှာပေါ့၊ တကယ်က ပတ်လုံးလို့ခေါ်တယ်၊ ပိတောက်သားနဲ့နှစ်ဖက်ဖွင့်လုပ်ထားပြီးတော့ အထက်အောက်ကို နွားသားရေနဲ့ ကျက်ထားရတာပေါ့ကွာ၊ ပတ်လုံးအစ မဒေါင်းလှ ဆိုတဲ့စကားရှိတယ်၊ အရင်ကတော့ မန္တလေးက မဒေါင်းလှရွာမှာ ပတ်လုံးတွေလုပ်ကြတာပေါ့ကွာ၊ ခုခေတ်တော့ ပျော်ဘွယ်က မန်ကျည်းတန်းရွာမှာ လုပ်ကြတယ်”

ကျုပ်လည်း ပတ်လုံးတွေလှမ်းယူလိုက်ပြီးတော့ ခုနက စရွေးလို့ခေါ်တဲ့အချွန်လေးတွေမှာ လိုက်ချိတ်ဖို့လုပ်နေတာပေါ့ဗျာ၊ ဦးလူလှက ပတ်လုံးတွေချိတ်ဖို့လုပ်နေတဲ့ ကျုပ်နဲ့ချိုတူးကိုကြည့်လိုက်ပြီးတော့

“အောင်မယ်၊ မင်းတို့က ဘယ်နေရာမှာ ဘယ်အလုံးချိတ်ရမလဲဆိုတာ သိကြလို့လားကွ”

“ဗျာ၊ ဘယ်မှာချိတ်ချိတ် အားလုံးက တူတူပဲမဟုတ်ဘူးလား”

“အောင်မယ်လေးကွာ၊ မတူဘူးကွ၊ မတူဘူး၊ ပတ်ဝိုင်းမှာ ပတ်လုံးပေါင်း နှစ်ဆယ့်နှစ်လုံးရှိတယ်ကွ၊ အဲဒီနှစ်ဆယ့်နှစ်လုံးမှာလည်း သူ့နာမည်နဲ့သူရှိတယ်၊ သူ့ဟာနဲ့သူအစဉ်လိုက် ချိတ်ရသကွ”

ဦးလူလှက ပတ်ဝိုင်းအနားကိုတိုးလာပြီးတော့

“ပတ်လုံးစချိတ်ရင် ဟောဒီမင်းပေါက်အနား ဘယ်ဖက်ထိပ်ဆုံး စရွေးတိုင်ကနေ အစဉ်လိုက် ချိတ်သွားရတယ်ကွ၊ ဟိုကောင်ချိုတူး၊ မင်းရဲ့ညာဘက်လက်မှာ ကိုင်ထားတဲ့ ပတ်လုံးက ဒုန်းခဲကြီးပဲ၊ အဲဒါအရင်စချိတ်ကွာ၊ ပြီးရင်တော့ အလတ်ကောင်ရဲ့ဘယ်ဘက်လက်မှာကိုင်ထားတဲ့ ပတ်လုံးကိုချိတ်၊ အဲဒီပတ်လုံးက လက်သဲပတ်လုံးပဲ”

ဦးလူလှပြောတဲ့အတိုင်း ကျုပ်တို့လည်း လိုက်ချိတ်တာပေါ့ဗျာ၊ ပတ်လုံးတွေအားလုံးက တစ်ပုံစံတည်းလို့ထင်ရပေမယ့် ဦးလူလှကတော့ ဘယ်ပတ်လုံးက ဘယ်နေရာ၊ ဘာနာမည်ဆိုတာကို အကုန်သိနေတယ်ဗျာ၊ ကျုပ်ဖြင့် အဲဒီတစ်ချက်တည်းနဲ့တင် ဦးလူလှကို လေးစားသွားတာဗျ။

“ဦးလူလှက ဘယ်ပတ်လုံးက ဘာနာမည်၊ ဘယ်နေရာဆိုတာကို မှတ်မိနေတယ်နော်ဗျ”

“ဒါပေါ့ကွ၊ ဆိုင်းဆရာဆိုတာ တီးရုံတင်မဟုတ်ဘူးကွ၊ ဆိုင်းဝိုင်းကြီးတစ်ခုလုံးရဲ့ အရေးကိုစီမံရတာကိုး၊ ဒီလိုဆင်တာလောက်တော့ အပျော့ပေါ့ကွာ”

“ဒါဆို ပတ်လုံးနာမည်တွေလည်း ပြောပြပါအုံးဗျာ၊ ဗဟုသုတပေါ့”

“ဘယ်ဖက်အစွန်ဆုံးကနေ စရေတွက်ရင်၊ ဒုန်းခဲကြီး၊ လက်သဲ၊ တဆစ်လုံး၊ ဘယ်တျော၊ ဘယ်တေး၊ ဒူးလုံး၊ တေးလက်၊ တျာလက်၊ ပတ်စာတပ်၊ ငါးပေါက်လုံး၊ လေးပေါက်လုံး၊ သုံးပေါက်လုံး၊ နှစ်ပေါက်လုံး၊ သံကုန်ဖျား၊ တျောဖျား၊ ခြောက်ပေါက်ဖျား၊ ငါးပေါက်ဖျား၊ လေးပေါက်ဖျား၊ သုံးပေါက်ဖျား၊ နှစ်ပေါက်ဖျား၊ သံကုန်ညွန့်၊ ကြူသံ ဆူသံ၊ဒုန်းခဲကြီး၊ လက်သဲ၊ တဆစ်လုံး၊ ဘယ်တျော၊ ဘယ်တေး၊ ဒူးလုံး၊ တေးလက်၊ တျာလက်၊ ပတ်စာတပ်၊ ငါးပေါက်လုံး၊ လေးပေါက်လုံး၊ သုံးပေါက်လုံး၊ နှစ်ပေါက်လုံး၊ သံကုန်ဖျား၊ တျောဖျား၊ ခြောက်ပေါက်ဖျား၊ ငါးပေါက်ဖျား၊ လေးပေါက်ဖျား၊ သုံးပေါက်ဖျား၊ နှစ်ပေါက်ဖျား၊ သံကုန်ညွန့်၊ ကြူသံ ဆူသံ၊ စုစုပေါင်း နှစ်ဆယ့်နှစ်လုံးရှိတယ်ကွ”

ဦးလူလှက မီးဖိုဘက်ကိုကြည့်ရင်း

“ဟဲ့ရွှေမိ၊ ပတ်စာရပြီလားဟဲ့”

ရွှေမိက ကြွေရည်သုတ်ဇလုံကြီးတစ်လုံးနဲ့ပြေးလာတယ်ဗျ၊ ဇလုံထဲမှာတော့ ထမင်းတွေကို မန်ကျည်းပြာနဲ့ ညက်နေအောင်နယ်ထားတဲ့ ပတ်စာတွေရှိတာပေါ့ဗျာ၊ ဦးလူလှက လှမ်းယူလိုက်ပြီးတော့ သူ့လက်နဲ့ပတ်စာတွေကို နှဲသဗျ။

“ပတ်စာလုပ်တဲ့အခါ မန်ကျည်းသားကို ပြာချထားတာက အကောင်းဆုံးပဲ၊ မန်ကျည်းပြာက အငန်ဓါတ်ရှိတော့ အသံလွင်တယ်၊ မန်ကျည်းပြာမရရင်တော့ ညောင်သားကိုပြာချပြီး သုံးလို့ရတယ်”

နှဲပြီးတော့ အဲဒီပတ်စာတွေကို လက်နဲ့ကလော်ပြီး ခုနက ပတ်လုံးပေါ်ကိုတင်တယ်ဗျ၊ ပြီးတော့ လက်မအားနဲ့ ကြိတ်ချေပြီးတော့ ဖြန့်တယ်၊

“ပတ်လုံးကောင်းတာနဲ့ပဲ အသံကောင်းတာမဟုတ်ဘူးကွ၊ ပတ်စာကောင်းမှ၊ ပတ်စာတပ်တာကောင်းမှလည်း အသံကောင်းတာ၊ ပတ်စာရဲ့ အမာအပျော့၊ အထူအပါးအပေါ်မူတည်ပြီးတော့ အသံကလည်းပြောင်းသွားတယ်၊ နောက်ပြီး ရာသီဥတုကြောင့်လည်း ပတ်စာက ခြောက်တာတို၊ စိုတာတို့ဖြစ်နေရင် အသံကွာတတ်တယ်ကွ”

ဦးလူလှလုပ်နေတာကို ကျုပ်တို့ထိုင်ကြည့်နေမိတာပေါ့ဗျာ၊ အားလုံးပြီးသွားတော့ ဦးလူလှက လက်ဆေးပြီးတော့ မင်းပေါက်ကနေလက်အုပ်ချီကန်တော့ပြီး ပတ်ဝိုင်းထဲကိုဝင်တယ်ဗျ၊ ပတ်ဝိုင်းအလယ်မှာ ခွေးချေခုံကလေးချပြီးတော့ ထိုင်လိုက်တယ်။ ပြီးတော့ ပတ်လုံးတွေကို တီးတော့တာပဲဗျာ၊ ပထမတော့ တီးလုံးတွေက အသံနိမ့်ရာကနေ မြင့်ရာကိုတီးတယ်၊ ပြီးတော့ အသံမြင့်ရာကနေ နိမ့်ရာကိုတီးတယ်ဗျ။ ပြီးတော့ တေးသီချင်းတစ်ပုဒ်ကို တီးတော့တာပဲဗျာ၊ လက်သံက ကောင်းကောင်းနဲ့ဆိုတော့ ပတ်ဝိုင်းချည်းတီးတာတောင်မှ တော်တော်နားထောင်ကောင်းတယ်ဗျာ၊ ဒီတော့ ဆိုင်းလာငှားတဲ့လူကြီးတွေထဲက လူကြီးတစ်ယောက်က

“ကျုပ်သိပြီ၊ ဒါ စံရာတောင်ကျွန်း သီချင်းပဲဗျ”

ဦးလူလှက ပြုံးရင်း

“ခင်ဗျားက ဆိုင်းတော့နားထောင်တတ်သားဗျ၊ ကဲ ဒီတစ်ခါ တီးကွက်တစ်ခုပြောင်းမယ်ဗျာ”

ဆိုင်းသံကြားလို့ ရွာထဲက ကလေးတွေက အော်ဟစ်ပြီး ပြေးလာကြတာပေါ့ဗျာ၊

(၂)

“ဦးလူလှကြီး ဆိုင်းတီးနေပြီဟေ့”

ကလေးတွေက ခြံထဲဝင်လာပြီး လာဝိုင်းကြည့်ကြတယ်၊ ဘေးအိမ်တွေကလည်း ပြတင်းတံခါးဖွင့်ပြီးတော့ ထွက်ကြည့်ကြတယ်ဗျာ၊ အရိပ်ကောင်းကောင်းမှာ သန်းတုပ်နေကြတဲ့ မိန်းမကြီးတွေ၊ ထမင်းတစ်ခွက်နဲ့ ကလေးကိုထမင်းခွံ့နေကြတဲ့ မိန်းမတွေရော ခြံထဲကိုတဖွဲဖွဲနဲ့ရောက်လာတော့တာပဲဗျာ။ ရွှေမိကလည်း စည်းနဲ့ဝါးကို တီးပေးတယ်။

ဦးလူလှလက်သံကလည်း ခပ်ပြောင်ပြောင်၊ ပတ်လုံးတွေကလည်းကောင်း၊ ပတ်စာတွေကလည်းကောင်းဆိုတော့ ဆိုင်းသံက ရွာထဲကိုပြန့်သွားတာပေါ့ဗျာ၊ ဒီအချိန် ရွာလယ်လမ်းမှာ ရေပုံးကြီးနှစ်ပုံးကို ထမ်းပိုးနဲ့ထမ်းရင်း သွားလာနေတဲ့လူကြီးတစ်ယောက်က ဆိုင်းသံကြားတော့ ချက်ချင်းထမ်းပိုးကိုချပြီး ခြံထဲကိုပြေးဝင်လာပါရောဗျို့။

“ဟော မြကြီး၊ မင်းတောင်ရောက်လာပါရော၊ သမီးရေ၊ မြကြီးအတွက် နှဲပေးလိုက်စမ်းပါဟေ့”

စည်းနဲ့ဝါးတီးနေတဲ့ ရွှေမိက နှဲသွားယူပေးလိုက်တယ်ဗျ၊ မြကြီးဆိုတဲ့လူက ဦးလူလှတီးကွက်နဲ့အညီ နှဲကိုလိုက်မှုတ်တော့တာပဲဗျို့၊ တူရိယာတဖြည်းဖြည်းစုံလာတော့ အသံကလည်း မြိုင်လာသဗျ။ နောက်တော့ ဖုန်အလုံးလုံးနဲ့ လူကြီးတစ်ယောက်ခြံထဲပြေးဝင်လာပါရောဗျာ။

“ဟာ ဆရာကြီးကလည်း ဆိုင်းတီးနေတာ ကျုပ်တောင်မခေါ်ဘူးဗျာ”

“ငါ့လက်သံကြားရင် မင်းလာမယ်မှန်းသိပြီးသားပါကွ၊ ဗလရ၊ ကဲ ပတ်မဝင်ထိန်းစမ်းကွာ”

ဗလဆိုတဲ့လူက အိမ်ပေါ်ကနေ ပတ်မကြီးယူလာပြီးတော့ ဆိုင်းဘေးနားမှာဆင်တယ်ဗျာ၊ ပြီးတာနဲ့ ပတ်မကြီးနဲ့ ခြောက်လုံးပတ်ကို တထီထီနဲ့တီးတော့တာပဲ။ မကြာပါဘူး၊ သျှောင်ထုံးကြီးနဲ့ အဘကြီးတစ်ယောက်က အူယားဖားလျားနဲ့ပြေးလာပါရောဗျာ။

“ငါ့ဖြင့် ထမင်းစားမလို့ရှိသေးသကွာ၊ ပတ်မသံကြားတာနဲ့ ထူးပြီလားဆိုပြီးတော့ ပြေးချလာရတာ”

“ကဲ အလတ်ကောင်နဲ့ ချိုတူးရေ၊ ဘကြီးနောင်အတွက် ကြေးဝိုင်းကလေးဆင်ပေးလိုက်စမ်းဟေ့”

ရွှေမိက ဘယ်လိုဆင်ဆိုပြီးပြတာနဲ့ ကျုပ်တို့လည်းဆိုင်းဝိုင်းဘယ်ဖက်နားမှာ ကြေးဝိုင်းဆင်ပေးလိုက်တာပေါ့ဗျာ၊ ကြေးဝိုင်းဆိုတာကတော့ ကြေးနောင်လို့ခေါ်တဲ့ မောင်းကလေး ဆယ့်ကိုးလုံးချိတ်ထားတဲ့ဝိုင်းပေါ့ဗျာ၊ ဘကြီးနောင်က မောင်းတီးတဲ့လက်ခတ်နဲ့ ခတ်ပြီးတီးပါရောဗျို့၊ လူစုံပြီဆိုတော့ နားထောင်လို့တော့ကောင်းသားဗျ၊

“ဟေ့၊ ချိုတူး၊ ဝါးလက်ခုပ်တီးပြီး မင်းဝင်စမ်းကွာ”

ချိုတူးလည်း ဝါးလက်ခုပ်ဆွဲပြီးတော့ ယောယောင်ဝင်သွားတာပဲဗျာ၊ မနေ့က ညနေက ဦးလူလှက ချိုတူးကို ဝါးလက်ခုပ်ခတ်နည်းပြထားလို့ ချိုုတူးက မတက်တခေါက်တော့ တီးတတ်နေပါပြီ။ လာငှားတဲ့သူတွေလည်း တပြုံးပြုံးနဲ့သဘောကျကြသဗျာ၊ အားလုံးတီးပြီးသွားတော့ ကြည့်နေတဲ့သူတွေအကုန်လုံးက လက်ခုပ်လက်ဝါးတီးပြီးအားပေးကြတယ်။

“ကောင်းပါ့ဗျာ၊ ဒါကြောင့် နိဗ္ဗာန်ရွာက ဦးလူလှဆိုင်းဆိုတာ နာမည်ရှိတာကိုး၊ ကျုုပ်တို့တစ်ခါတည်းနဲ့ ချုပ်ချင်တယ်ဗျာ၊ ဒါပေမယ့် ခက်တာက ကျုပ်တို့က မင်းသမီးလည်းလိုချင်သဗျ”

“မပူပါနဲ့ဗျာ၊ ဟောဒီက ကျုပ်သမီး ရွှေမိက အကအလှနိုင်သဗျ၊ ခင်ဗျားတို့ပွဲ အဆင်ပြေရစေမယ်လို့ မှတ်လိုက်တော့”

“ကောင်းတာပေါ့၊ ကဲ ဒါဆို ကျုပ်တို့စရံသတ်ခဲ့မယ်၊ ပွဲက နီးပြီဆိုတော့ အဆင်ပြေပါ့မလား”

“ပြေတာပေါ့ဗျာ၊ ကျုပ်တို့လည်း ပွဲဆက်ကျဲနေတာနဲ့အတော်ပဲ၊ လဆန်းငါးရက်ဆိုတော့ ရှေ့တစ်ပတ်ထဲပဲဗျ”

သူတို့တွေ စရံတွေချပြီး ကတိတွေပေးကြတယ်ဗျာ၊ နောက်တော့ ဦးလူလှက ကျုုပ်တို့ဘက်လှည့်ပြီးတော့

“ချိုတူးရေ နောက်ထတစ်ယောက်တော့လိုနေပြီဟေ့၊ ရွာမြောက်ပိုင်းမှာ ငသောင်းဆိုတဲ့လူကို သွားရှာကွာ၊ ပြီးရင် ငါ့ဆီကိုသာခေါ်လာခဲ့”

ချိုတူးလည်းခေါင်းညိတ်လိုက်တယ်ဗျ၊ ဦးလူလှဆိုင်းနားကတည်းက ဆိုင်းအဖွဲ့မှာပါတဲ့အဖွဲ့သားတွေအကုန်လုံးက ရွာမှာကြုံရာအလုပ်လုပ်ပြီးတော့ ဆိုင်းပြန်ထွက်မယ့်အချိန်ကို စောင့်နေတာတဲ့ဗျာ၊ တချို့ကတော့ တခြားဆိုင်းအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးလုပ်ကိုင်နေကြတယ်လို့ ပြောတာပါပဲ၊ ချိုတူးက သူတစ်ယောက်တည်းမသွားရဲလို့ ကျုပ်ကိုအဖော်စပ်တယ်။

“ကိုအလတ်ကောင် လိုက်ခဲ့ပါဗျာ”

“ဟာ ချိုုတူးရာ နေ့ခင်းကြောင်တောင်ကြီး၊ မင်းဘာကြောက်စရာလိုသလဲ”

“မဟုတ်ဘူးဗျ၊ ကျုပ်က လူတောတိုးရမှာကိုကြောက်တာ၊ ဟီး၊ ဟီး”

ဒါနဲ့ ချိုတူးနဲ့ကျုပ်လည်း ရွာမြောက်ပိုင်းကိုထွက်ခဲ့တာပေါ့၊ ဦးဘသာကတော့ ဆိုင်းအဖွဲ့ကလူတွေနဲ့ ကွပ်ပျစ်မှာထိုင်စကားပြောရင်း ကျန်နေခဲ့ပါရောဗျာ။

(၃)

ကျုပ်တို့ရွာမြောက်ပိုင်းရောက်အောင် ဆယ့်ငါးမိနစ်လောက်လျှောက်ရသဗျ၊ ရွာမြောက်ပိုင်းရောက်တော့ လမ်းဘေးတွေ့တဲ့သူကို မေးကြည့်တာပေါ့ဗျာ။

“ဟေ့ကလေးမ၊ ဒီမြောက်ပိုင်းမှာ ငသောင်းဆိုတဲ့လူကို သိသလား”

“ငသောင်းနဲ့တွေ့ချင်ရင် ဒီအချိန် ကွင်းထဲလိုက်သွားမှရမယ်”

“ကွင်းထဲ၊ ဘယ်ကွင်းလဲ”

“ရွာပြင်ကိုဆက်ထွက်သွား၊ စိန်မှန်ကွင်းရောက်ရင် ငသောင်းနဲ့တွေ့လိမ့်မယ်”

ကျုပ်တို့လည်း ရွာပြင်ကိုဆက်ထွက်သွားတာပေါ့ဗျာ၊ ရွာပြင်ရောက်တော့ စိန်မှန်ကွင်းလို့ခေါ်တဲ့ ကွင်းကိုမေးစမ်းသွားရတာပေါ့၊ ရွာနဲ့အတော်လှမ်းလှမ်းမှာရှိတဲ့ ကွင်းကြီးတစ်ခုကို ရွာသားတွေလက် လက်ညှိုးထိုးပြတာပဲဗျာ၊ ကွင်းမှာ ရိုးပြတ်တွေဖုံးလို့ဗျ၊ ဆက်သွားရင်း မကြာခင် ဆီးပင်ကလေးတစ်ပင်အောက်ရောက်တော့ နွားတွေနဲ့အတူတူထိုင်နေတဲ့ လူတစ်ယောက်ကိုမြင်တယ်ဗျ။

“ဟေ့လူ၊ ဒီမှာ ငသောင်းဆိုတဲ့လူရှိလား”

အဲဒီလူက ကျုပ်တို့ကိုမော့ကြည့်ရင်း

“ဘယ်က ငသောင်းလဲ”

“ဆိုင်းနောက်ထလုပ်တဲ့ ငသောင်းကိုပြောတာ”

အဲဒီလူက ခေါင်းခါပြရင်း

“အဲဒီငသောင်းကိုတော့ မကြားဖူးဘူး၊ ဒီမှာရှိတဲ့ငသောင်းကတော့ နွားလားတစ်ထောင်တစ်ယောက်တည်းထိန်းတဲ့ ငသောင်းပဲရှိတယ်”

ချိုတူးက မျက်မှောင်ကြုတ်လိုက်ပြီးတော့

“ကိုယ့်လူက လေထွားလှချည်လားဗျာ၊ ခင်ဗျားအနားမှာ နွားက အလွန်ဆုံးရှိမှ နှစ်ဆယ်ပေါ့ဗျ၊ ဒါကိုတောင် နွားလားတစ်ထောင်တစ်ယာက်တည်း ထိန်းသတဲ့၊ ဖွီ”

ဒီလူက မကျေမနပ်နဲ့မတ်တပ်ရပ်ထပြီးတော့ ပုဆိုးကိုခပ်တိုတိုပြင်ဝတ်ရင်း

“အောင်မယ် ခင်ဗျားက မယုံဘူးပေါ့”

“ဒီသုံးဆယ်လောက်ပဲ ရအောင်ထိန်းစမ်းပါအုံးဗျာ”

ဒီလူက လေတစ်ချက်ချွန်လိုက်တယ်ဗျ၊ သူလေချွန်လိုက်တာနဲ့ နေပူပူမို့ဇီးပင်ရိပ်အောက် ထိုင်မှိန်းနေတဲ့ နွားတွေအကုန်လုံး ခေါင်းတွေထောင်လာကုန်တော့တာပါပဲဗျာ၊ ပြီးတော့ နွားတွေက ငေါက်ခနဲကောက်ထပြီးတော့ ခွာတွေယက်နေတာ ဖုန်တွေတထောင်းထောင်းထလို့ဗျ။

“ချိုတူးရေ၊ နွားအကြောင်းတော့ ငါကောင်းကောင်းမသိပေမယ့်၊ ခုလိုနွားတွေခွာယက်နေတာမျိုးကတော့ လူကိုပြေးထိုးချင်လို့ပဲကွ၊ ပြေးဟေ့”

ကျုပ်နဲ့ချိုတူးလည်း လှည့်ပြေးတာပေါ့ဗျာ၊ ကျုပ်ပြောတဲ့အတိုင်းပါပဲ၊ နွားတွေက ကျုပ်တို့အနောက်ကို အပြေးလိုက်လာပါရောဗျာ၊ ငသောင်းဆိုတဲ့လူက ရယ်ကျဲကျဲနဲ့

“ကိုယ့်လူတို့ကို ငသောင်းနွားဘယ်လိုကျောင်းတယ်ဆိုတာ ပြရသေးတာပေါ့၊ လာဟဲ့”

လို့အော်ပြီးတော့ နွားကျောကုန်းပေါ်ကို အသာကလေးခုန်တက်လိုက်တယ်ဗျာ၊ နွားမတစ်ကောင်ရဲ့ကျောပေါ်မှာ ငသောင်းက မတ်တပ်ရပ်ပြီး လိုက်စီးတယ်ဗျ။

“ကဲ ဖေ့သားကြီးတို့ ဘယ်ကိုချိုးဟဲ့”

ကျုပ်တို့လည်းပြေးရင်း ဘယ်ဖက်ကိုချိုးပြေးတာပေါ့ဗျာ၊ နွားအုပ်ကလည်း ကျုပ်တို့ကိုလိုက်တာပေါ့၊

“ချိုတူးရေ ရွာထဲကိုဝင်ပြေးဟ”

ကျုပ်နဲ့ချိုတူးလည်း ရွာဖက်ကိုလှည့်လိုက်တယ်၊ မကြာပါဘူး ရွာတံခါးနားရောက်လာကြတယ်ဗျ၊ ဒီတော့ ငသောင်းက လေတစ်ချက်ချွန်လိုက်တာနဲ့ ရွာတံခါးနားမှာ မြက်စားနေတဲ့ နွားဆယ်ကောင်လောက်က ကျုပ်တို့ဆီကိုပြေးလာပါရောဗျာ။

“ဟေ့ မဖြစ်ဘူး၊ မတိုးနဲ့ချိုတူးရေ၊ ညာဘက်ကို ပတ်ပြေးဟ”

ကျုပ်တို့လည်း ရွာထဲကိုမဝင်ရဲတော့ဘူးဗျာ၊ နွားတွေက အဲဒီဘက်ကနေ ပြေးလာတာမဟုတ်လား၊ နွားကချိုနဲ့၊ ကျုပ်တို့က ချိုမပါဘူး၊ ပြိုင်တိုးရင်ကျုုပ်တို့နာမှာပေါ့ဗျာ၊ ဒါနဲ့ ညာဘက်ကို ပန်းတက်ပြီးပြေးရတယ်၊ အဲဒီညာဘက်ကွင်းထဲက နွားတွေကလည်း ကျုပ်တို့နှစ်ယောက်ကိုမြင်တာနဲ့ ပြေးလိုက်တာပဲဗျာ၊ နောက်ဆုံး နွားတွေက ကျုပ်တို့ကိုလိုက်ရင်းနဲ့ အကောင်တစ်ရာလောက်ကိုဖြစ်သွားတယ်ဗျ၊ လမ်းမှာ ရှိသမျှနွားတွေကလည်း ကျုပ်တို့ကိုလိုက်တာပဲ၊ ကျုပ်လည်း ပြေးရင်းအနောက်လှည့်ကြည့်တော့ ငသောင်းက နွားကျောကုန်းတစ်ခုပေါ်ကနေ နောက်တစ်ကောင်ရဲ့ကျောကုန်းပေါ်ကို လွှားခနဲခုန်တက်ပြီး အေးအေးလူလူသွားလာနေတာပါပဲဗျာ။

ပြေးရင်းလွှားရင်းနဲ့ အရှေ့ကွင်းထဲမှာ လူနှစ်ရပ်အမြင့်လောက်ရှိတဲ့ သစ်ပင်ကလေးတစ်ခုတွေ့သဗျ၊ ဒါနဲ့ကျုပ်လည်း အဲဒီသစ်ပင်ဆီကိုပြေးတာပေါ့ဗျာ၊ နွားဘယ်လောက်မာမာသစ်ပင်ကိုတော့ မဝှေ့ဘူးမဟုတ်လား၊ ချိုတူးကတော့ သူ့ဖာသာသူ ဘယ်ဆက်ပြေးပြေးပေါ့ဗျာ၊ အသက်ဘေးဆိုတော့ ကိုယ်လွတ်အောင်ပဲ ကြံရတာပဲမဟုတ်လား။

ကျုပ်လည်းပြေးရင်း သစ်ပင်နားရောက်တော့ သစ်ပင်ပေါ်ကိုတစ်ခါတည်းပြေးခုန်တက်လိုက်တယ်၊ ကျုပ်နဲ့ချိုတူးက အကြံတူသဗျ၊ ဒီကောင်လည်း သစ်ပင်ကလေးအပေါ်ကို လှမ်းခုန်တက်လိုက်တာ၊ လက်မောင်းလုံးလောက်တောင် မတုတ်တဲ့သစ်ပင်ကလေးအပေါ်ကို ကျုပ်တို့နှစ်ယောက်ပြိုင် ခုန်တက်တာဆိုတော့ သစ်ပင်ကလေးဆိုရင် ညွှတ်ကိုကျသွားတာဗျာ၊ ကျုပ်တို့လည်း နွားတစ်ရပ်လွှတ်တဲ့အထိ သစ်ပင်ပေါ်ကိုကုပ်ဖက်တက်ရတော့တယ်၊ သစ်ပင်ကသေးသေး လူကြီးကနှစ်ယောက်ဆိုတော့ သစ်ပင်က လေတိုက်တိုင်း ဘယ်ယိမ်း၊ ညာယိမ်းနဲ့ ညွတ်နေပါရောလားဗျာ။

နွားအုပ်က သစ်ပင်နားရောက်တော့ တန့်သွားတယ်ဗျ၊ ငသောင်းကတော့ နွားတွေကျောပေါ်မှာ ဘေးတစ်စောင်းလက်ထောက်အိပ်ရင်း လိုက်လာတာဗျ၊ နွားတွေက သစ်ပင်အဝန်းအဝိုင်းနားကို တိုးမလာဘဲ သစ်ပင်ကိုချည်း လှည့်ပတ်ပြေးနေတော့တာပဲ၊ ငသောင်းဆိုတဲ့လူကတော့ နွားလားတစ်ကောင်ပေါ်ကနေပြီး ပုံစံမျိုးစုံနဲ့ တက်စီးပြနေတာဗျာ၊ ကျုုပ်ဖြင့် တစ်သက်နဲ့တစ်ကိုယ် နွားကိုဒီလိုအမျိုးမျိုးစီးနိုင်တဲ့လူ ဒီတစ်ခါပဲ မြင်ဖူးသေးတယ်။

ကျုပ်နဲ့ချိုတူးလည်း နွားတွေကို သစ်ပင်ပေါ်ကနေ အမျိုးမျိုးပြောင်ပြကြတာပေါ့ဗျာ၊ နွားတွေက ဒေါသတော့တော်တော်ထွက်တယ်ဗျ၊ ဒါပေမယ့် သစ်ပင်ကိုတော့ မတိုးဝံ့ကြဘူး၊ သစ်ပင်ကိုဝိုင်းပတ်ပြီးတော့ ခဏကြာတော့ နွားတွေမောသွားတယ်ထင်ပါရဲ့ အကုန်လုံးရပ်ပြီး လာရာလမ်းကို တညီတညွတ်တည်းစုပြီး ပြန်ပါရောလားဗျာ၊ ငသောင်းဆိုတဲ့လူကတော့ နွားလားတစ်ကောင်နဲ့ ကျန်ခဲ့သဗျ။

“ဟိုလူနှစ်ယောက်၊ ကျုပ်ဘယ်လိုနွားကျောင်းသလဲဆိုတာ ယုံပြီမဟုတ်လား”

ငသောင်းက ခပ်ကြွားကြွားပြောတယ်ဗျ။

“အေး၊ ယုံပြီဟေ့၊ နွားလားတစ်ထောင် တစ်ကောင်တည်းကျောင်းတယ်ဆိုတာ ငါတို့လက်တွေ့ပါပဲ”

“ဒါဆိုရင်လည်း အပင်ပေါ်ကနေဆင်းလာကြတော့လေဗျာ”

ငသောင်းကို ကျုပ်က ယုံချင်ပေမယ့် ချိုတူးကလုံးဝမယုံဘူး။

“ကိုအလတ်ကောင် မဆင်းနဲ့နော်၊ တော်ကြာ ကျုပ်တို့ဆင်းတော့မှ သူ့နွားနဲ့လိုက်ဝှေ့ခိုင်းနေရင် ထပ်ပြေးနေရအုံးမယ်”

“မင်းကလည်း ဟုတ်ပါ့မလား”

“သတိဆိုတာ ပိုတယ်မရှိဘူးကိုအလတ်ကောင်ရေ၊ ခုနက နွားတွေကလည်း ခပ်လှမ်းလှမ်းကိုရောက်သေးတာမဟုတ်ဘူး”

ကျုပ်လည်း ချိုတူးပြောတာဟုတ်တာနဲ့ သစ်ပင်ပေါ်က မဆင်းဘူးပေါ့ဗျာ၊ ခဏကြာတော့ ငသောင်းက ထပ်အော်သဗျ။

“ဆင်းလာခဲ့ပါတော့ဗျာ၊ အဲဒီအပင်မှာ ကြာကြာမနေကောင်းဘူးဗျ”

“အောင်မာ၊ မဆင်းဘူးဟေ့၊ မင်းက ငါတို့ကို နွားနဲ့လိုက်ဝှေ့ခိုင်းနေရင် ဘယ့်နှယ့်လုပ်မလဲ”

“မဝှေ့ခိုင်းတော့ပါဘူးဗျာ၊ ခင်ဗျားတို့ မယုံဘူးဆိုလို့ ကျုပ်က ပြတာပါဗျ”

“ဟား၊ ဟား တကယ်မလုပ်ဘူးဆိုရင် ခင်ဗျားစီးထားတဲ့ နွားလားကြီးကို ပြန်လွှတ်လိုက်လေဗျာ၊ ဟုတ်တယ်မဟုတ်လား ချိုတူး”

ကျုပ်ချိုတူးဘက်ကိုလှည့်ကြည့်လိုက်တော့ ချိုတူးတစ်ယောက်မရှိတော့ဘူးဗျ၊ ဒါနဲ့ သစ်ပင်အောက်များဆင်းသွားသလားဆိုပြီးကြည့်လိုက်တော့ သစ်ပင်အောက်မှာလည်းမရှိဘူး၊ ဒါနဲ့ အပေါ်ကိုမော့ကြည့်လိုက်တော့ ချိုတူးက သစ်ပင်ပေါ်မှာ ဇောက်ထိုးကြီး တွဲလောင်းဖြစ်နေတယ်ဗျ။

“ဟေ့ ချိုတူး၊ ဇောက်ထိုးကြီးဘယ်လိုဖြစ်တာလဲ”

ချိုတူးမျက်နှာက တော်တော်ထိတ်လန့်နေတဲ့မျက်နှာနဲ့

“ကိုအလတ်ကောင်၊ ကျုပ်ကဇောက်ထိုးနေမလားဗျ၊ အပေါ်မှာ၊ အပေါ်မှာ”

ကျုပ်ဆက်ကြည့်တော့မှ ချိုတူးရဲ့ခြေသလုံးနှစ်ဖက်ကို ဆွဲကိုင်ထားတဲ့အကောင်ကြီးကိုတွေ့လိုက်ရရောဗျို့။ အကောင်ကြီးက မျောက်ဝံကြီးနဲ့တောင် တူသဗျာ၊ တစ်ကိုယ်လုံးလည်း အကျိအချွဲတွေကပ်လို့၊ ဒီတော့မှ ကျုပ်လည်း သစ်ပင်ပေါ်က ခုန်ဆင်းဖို့လုပ်တော့ ကျုပ်လည်ကုတ်ကို လက်ကြီးတစ်ဖက်က ဆွဲထည့်လိုက်ပါရောဗျာ၊ ကျုပ်လည်း သစ်ပင်အဖျားလောက်ကို ပါသွားတာပေါ့၊ ငသောင်းက အဲဒီအကောင်ကြီးကို လေးခွနဲ့ပစ်တယ်ဗျ။

“ကယ်ကြပါအုံး၊ ကယ်ကြပါအုံး”

“ခင်ဗျားတို့ကို ကျုပ်ပြောသားပဲ သစ်ပင်ပေါ်က ပြန်ဆင်းလာကြပါဆို”

ချိုတူးက ဇောက်ထိုးကြီးနဲ့အော်တယ်၊ ကျုပ်ကလည်း ဂုတ်ကိုအဆွဲခံထားရတာဆိုတော့ တန်းလန်းကြီးပေါ့ဗျာ၊ ကျုပ်က အရေးကြုံရင် ဘယ်သူ့ခေါ်ရမလဲဆိုတာ သိပြီးသားပါ၊ ဒါနဲ့ စိတ်ထဲက ဦးဘသာမျက်နှာကိုမြင်ယောင်လိုက်ပြီးတော့ ဦးဘသာကို တမ်းတလိုက်တယ်။

“ဦးဘသာ လုပ်ပါအုံးဗျာ”

သစ်ပင်ကြီးက တချက်ဖြန်းခနဲုတုန်သွားပြီးတော့ ဒီကောင်ကြီးက ကျုပ်ကိုသူ့မျက်နှာအရှေ့ကိုဆွဲလိုက်ပါရောဗျာ၊ သူ့မျက်နှာက လူဝံမျက်နှာကြီးလိုပဲ အတွန့်အတွန့်တွေနဲ့ ကြောက်စရာကြီးဗျာ၊ အစွယ်ကြီးတွေငေါထွက်နေတဲ့ သူ့ပါးစပ်ကိုဟလိုက်တာ ပါးစပ်ပေါက်ကြီးက စကောတစ်ချပ်စာလောက်ကို ကျယ်သွားတာဗျာ၊ ပါးစပ်ထဲမှာတော့ သွားတွေ၊ အစွယ်တွေက အပြည့်ပဲ။ ကျုပ်ကို ဂုတ်ကနေကိုင်ပြီးတော့ သူ့ပါးစပ်ကြီးထဲ ခြေထောက်ကနေစထည့်တာဗျာ၊ စကောလောက်အပေါက်ဆိုတော့ ကျုပ်တို့တစ်ကိုယ်လုံး ဝင်ဆန့်မယ်တောင်ထင်တယ်ဗျာ၊ ကျုပ်ခြေထောက်တွေ သူ့သွားတွေနဲ့ထိတော့ ခြေထောက်မှာ အကျိအချွဲတွေကပ်လာသေးသဗျာ။

သစ်ပင်ကြီးက တစ်ချက်သိမ့်ခနဲတုန်သွားပြီးတော့ သစ်ရွက်တွေကြွေသွားပါရောဗျာ၊ ဒီတော့အကောင်ကြီးက သစ်ပင်အောက်ကိုငုံ့ကြည့်တယ်ဗျ။ သစ်ပင်အောက်မှာတော့ ဦးဘသာက ပေါက်ဆိန်တစ်လက်ကိုင်ပြီး သစ်ပင်ကို ပေါက်နေပါရော။

(၄)

အကောင်ကြီးက စိတ်ဆိုးမာန်ဆိုးနဲ့ သစ်ပင်ခြေရင်းကို ခုန်ဆင်းလိုက်ပါရောဗျာ၊ လက်ထဲကိုင်ထားတဲ့ ကျုပ်ကိုလည်း လေပေါ်မြှောက်တင်လိုက်တာဗျ၊ ဝါးနှစ်ပြန်စာလောက် လေပေါ်မြောက်တက်သွားတာဗျာ၊ ရင်ကိုအေးသွားတာပဲ၊ ဒီလောက်အမြင့်ကနေ အောက်ကိုပြန်ကျရင်တော့ သေရင်သေ၊ မသေရင်ကျိုးပြီလို့ ကျုပ်စိတ်ထဲကတွေးပြီး မျက်စိမှိတ်ထားလိုက်တာပဲ၊ လေပေါ်တက်ပြီး မကြာပါဘူး ချက်ချင်းပြန်ပြုတ်ကျတာပဲဗျာ၊ ဒါပေမယ့် ကျုပ်မြေကြီးနဲ့ကိုယ်နဲ့မထိဘူးဗျ၊ မာမာကျောကျော၊ ပွပွအိအိ အထိအတွေ့ရလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ငသောင်းရဲ့နွားကြီးပေါ်ကိုကျတာဗျ။ နွားက ကျုပ်ကိုပြေးခံတယ်ထင်ပါတယ်၊ ကျုပ်လည်း ဒီတော့မှ မြေပေါ်ကိုဆင်းလိုက်ရတယ်၊ ချိုတူးတစ်ယောက်ကတော့ သစ်ပင်ထိပ်ဖျားမှာပဲ ပေါ့။

“ဟေ့ကောင်၊ မင်းဘာကောင်လည်း၊ ဒီအပင်က ဘာအပင်လို့မင်းထင်နေတာလဲ”

ဦးဘသာက မထုံတတ်တေးရုပ်နဲ့ဗျ။

“ထင်းစိုက်ပါမယ်ဆိုမှ ဘာအပင်လည်းလို့ သိစရာလိုနေမှာလား၊ ကျုပ်ထင်းလိုတယ်၊ ဒီအပင်ကို ချိုင်မှဖြစ်မယ်”

“အောင်မယ်၊ ရာရာစစ၊ လူပါးဝလို့ ဒါငါ့အပင်ဟဲ့၊ ငါနေတဲ့အပင်၊ မင်းငါဘယ်သူလဲဆိုတာသိသလား”

ဦးဘသာက ခေါင်းခါပြတယ်။ အကောင်ကြီးက သူ့ကိုယ်သူလက်ညှိုးထိုးပြပြီးတော့

“ငါ့နာမည်စိန်မှန်တဲ့ဟေ့၊ ကွင်းပိုင်ကြီးက ဟောဒီအပင်နေရာကို အပိုင်စားပေးထားတာ၊ ငါ့အပင်အရိပ်အောက် ရောက်လာတဲ့ သတ္တဝါမှန်သမျှ ငါ့မှာဖမ်းဆီးစားပိုင်ခွင့်ရှိတယ်ဆိုတာ မင်းသိသလား”

ဦးဘသာက လက်နှစ်ဖက်ကို ဘေးကိုဆန့်တန်းလိုက်ပြီး

“အေးကွာ၊ ငါ့ကိုစားမယ်ဆိုရင်လည်း စားစမ်း”

“ဟား၊ ဟား ငါ့တစ်သက်နဲ့တစ်ကိုယ် ဒီလိုသတ္တိရှိတဲ့လူကို အခုမှပဲ မြင်ဖူးတာပဲဟေ့”

ငသောင်းက အတော်စိုးထိတ်နေတယ်ဗျ၊

“မဖြစ်ဘူးနော်၊ ဒီအဘကြီးတော့ သေတော့မှာပဲ”

“ဘာဖြစ်လို့လဲ၊ ဒီသရဲကြီးက တကယ်ပဲလူစားသလား”

“စားတာပေါ့ဗျာ၊ အဲဒီစိန်မှန်ဆိုတဲ့လူက လူတုန်းကတည်းက ခပ်ကြမ်းကြမ်းဗျ၊ သေပြီးတော့လည်း သရဲဖြစ်သွားတော့ ပိုကြမ်းနေတာ၊ ဟောဒီကွင်းထဲက အဲဒီသစ်ပင်ကလေးမှာနေထိုင်လို့ ဒီကွင်းကိုတောင် စိန်မှန်ကွင်းလို့ လူတွေခေါ်ကြတာ၊ အဲဒီသစ်ပင်အောက်ကို လူမပြောနဲ့၊ နွားတွေ၊ ဆိတ်တွေတောင်မသွားဝံ့ဘူး၊ ယုတ်စွအဆုံး ငှက်တောင်မှ အဲဒီအပင်မှာ မနားရဲ့ဘူးတဲ့ဗျ၊ သူ့အပင်ဆီရောက်တဲ့အရာ မှန်သမျှကို စားပစ်တယ်ဆိုပဲ”

“ဟာဗျာ၊ ခင်ဗျား ဒါကိုစောစောစီးစီးမပြောဘူး”

“ပြောမလို့ပါဘဲ၊ သစ်ပင်အနားမှာ မပြောဝံ့တာနဲ့ ခင်ဗျားတို့ကိုမြန်မြန်ပြန်ဆင်းလာခိုင်းတာ”

သရဲကြီးစိန်မှန်က ဦးဘသာလက်ကို သူ့လက်ကြီးနဲ့ကိုင်ပြီး လိမ်ချိုးချလိုက်ပါရောဗျာ၊ ဂျွတ်၊ ဖြောင်း ဆိုတဲ့အသံကြီးနဲ့အတူ သစ်ကိုင်းကျိုးသံလိုအသံကြီးထွက်ပေါ်လာပြီးတော့ သရဲကြီးက အသံကုန်ဟစ်အော်တယ်ဗျ၊ ကျုပ်တို့လှမ်းကြည့်လိုက်တော့ သရဲကြီးရဲ့ လက်တစ်ဖက်က တွဲလောင်းကြီးကျလို့ဗျ၊ ဦးဘသာက သရဲကိုကြည့်ပြီး

“ငါဘာမှမလုပ်ရသေးဘူးနော်၊ မင်းပဲ ငါ့လက်ကိုအရင်ချိုးတာ”

သရဲကြီးက မကျေနပ်ဘဲ ဦးဘသာရဲ့ခြေထောက်ကို သူ့ခြေထောက်နဲ့ဖြတ်ကန်ထည့်လိုက်တယ်ဗျာ၊ ဝုန်းခနဲအသံကြီးနဲ့ သရဲကြီးက မြေပေါ်လဲကျသွားတာပဲ၊ ပြီးတော့ သူ့ခြေထောက်ကိုသူပြန်ပွတ်တယ်။ တော်တော်နာသွားပုံရတယ်။

“ခင်ဗျားဘာလုပ်ထားတာလဲအဘိုးကြီး”

“ဟေ့အေး၊ ငါဘာမှမလုပ်ရသေးပါဘူးကွာ၊ မင်းပဲငါ့ကိုလုပ်နေတာမဟုတ်လား”

ဦးဘသာ ပြန်ပြောတော့ သရဲကြီးစိန်မှန်က ပါးစပ်ကြိးကိုပြဲနေအောင်ဖြဲပြီးတော့ ဦးဘသာခေါင်းကို ကိုက်ချလိုက်ပါရောဗျာ၊ ဒါပေမယ့် ပါးစပ်မပိတ်ရခင်မှာပဲ သရဲကြီးက သူ့ခေါင်းကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်ပြီးတော့ ညည်းညူနေတော့တာပါပဲဗျာ။

“ဘယ်လိုလဲကွ စိန်မှန်ရ၊ မင်းငါ့ကို စားမရဘူးလား”

“ကျုပ်ခင်ဗျားကို မစားတော့ဘူးအဘိုးကြီး၊ ခင်ဗျားကိုလွှတ်ပေးလိုက်ပြီ၊ ခင်ဗျားကျုပ်နေရာကနေ အခုချက်ချင်းထွက်သွား”

ဦးဘသာက ပေါက်ဆိန်ကိုလှမ်းကောက်ပြီးတော့

“မင်းငါ့ကိုမစားဘူးဆိုလည်း မင်းသဘောပေါ့ကွာ၊ ငါကတော့ ဒီသစ်ပင်ကြီးကို ခုတ်ရမယ်ဟေ့”

“ခင်ဗျားကို မစားဘူးလို့ပြောပြီးပြီဘဲ သွားပါတော့ဗျာ”

“ဟ၊ မင်းငါ့ကိုမစားတာ မင်းအပိုင်း၊ ငါကတော့ အိမ်မှာချက်ပြုတ်စားဖို့ ထင်းလိုတယ်၊ ဒီတော့ ဒီသစ်ပင်ကို ငါခုတ်ရမယ်”

ဦးဘသာက ပင်စည်ကိုပေါက်ဆိန်နဲ့တအားလွှဲခုတ်မယ်လုပ်တော့မှ သရဲကြီးစိန်မှန်က တောင်းပန်ရှာတယ်။

“မလုပ်ပါနဲ့ဗျာ၊ ကျုပ်နေတဲ့အပင်ကိုတော့ မဖျက်ဆီးပါနဲ့ဗျာ၊ ကွင်းထဲလည်း ဒီတစ်ပင်ပဲရှိတော့တာ၊ ဒီအပင်မရှိရင် ကျုပ်နေစရာမရှိတော့ဘူးဗျ”

ဦးဘသာက ပေါက်ဆိန်ထမ်းရင်း

“အေး၊ ဒါဆို ငါပြောမယ် စိန်မှန်၊ သစ်ပင်ဆိုတာက လူသားတွေနဲ့ သဟာဇာတဖြစ်တည်လာတာကွ၊ နေပူကြီးထဲကလာပြီးတော့ သစ်ရိပ်ဝါးရိပ်ခိုတဲ့လူတွေ အေးမြပါစေလို့ စိတ်ထားရင် ကုသိုလ်တောင်ရသေးသကွ၊ ဒါကြောင့် ရှေးလူကြီးသူမတွေက လမ်းနံဘေးတွေ၊ လွင်ထီးခေါင်တွေမှာ သစ်ပင်တွေရအောင်စိုက်ခဲ့ကြတာပေါ့ကွာ၊ ဒါကို မင်းက မင်းအရိပ်ကိုလာတဲ့လူမှန်သမျှ ဖမ်းစားတယ်တဲ့လား”

သရဲကြီးစိန်မှန်တစ်ချက်ငြိမ်သွားတယ်၊ ဦးဘသာက သရဲကြီးကိုလက်ညှိုးထိုးပြီးတော့

“ဒီမယ်စိန်မှန် မင်းအရိပ်ကိုဝင်တဲ့သူတွေကို မင်းဖမ်းစားပိုင်ခွင့်ရှိတယ်၊ ကွင်းပိုင်ကလည်း ခွင့်ပြုထားတယ်ဆိုတော့ ငါမတားဘူး၊ ဒါပေမယ့် မင်းအရိပ်ကို ငါဝင်ခဲ့ပြီ၊ ဒီတော့ မင်းငါ့ကိုအရင်စားရမယ်၊ စားမလား”

သရဲကြီးက ခေါင်းတခါခါနဲ့

“မစားဝံ့ပါ၊ မစားဝံ့ပါဆရာကြီး”

“ဒီတော့ ဒီနေ့ကစပြီး မင်းအရိပ်မှာဝင်တဲ့တခြားလူတွေကို ဖမ်းစားချင်ရင် ငါ့ကိုအရင်စားရမယ်၊ ငါ့ကိုစားပြီးမှ တခြားသူကိုစားရမယ်၊ မင်းငါ့ကိုမစားရသေးမချင်း တခြားသူတွေကို စားခွင့်မရှိဘူး၊ ဟုတ်ပြီလား”

သရဲစိန်မှန်က ကြောက်ကြောက်နဲ့ခေါင်းညိတ်တယ်။ ဦးဘသာက ပေါက်ဆိန်ကိုလက်ဝါးပေါ်တက်ပြီး တခြားလက်တစ်ဖက်နဲ့အုပ်လိုက်တယ်ဗျ၊ ဒီအချိန်မှာ ပေါက်ဆိန်က တဖြည်းဖြည်းသေးသွားတာပဲဗျာ၊ ဦးဘသာလက်ထဲ တစ်လက်မလောက်ရှိတဲ့ ပေါက်ဆိန်ကလေးဖြစ်သွားရောဗျို့၊ ဦးဘသာက ပေါက်ဆိန်ကိုလက်ညှိုးထိုးပြရင်း

“မင်း င့ါကိုမစားရသေးဘဲနဲ့ တခြားလူကို ရန်ပြုမယ်ကြံရင်၊ ဟောဒီ မှော်ပေါက်ဆိန်က ဒီအပင်ကို သူ့အလိုလိုခုတ်ပိုင်းသွားလိမ့်မယ်၊ မင်းမယုံရင် စမ်းကြည့်လိုက် စိန်မှန်”

ဦးဘသာကပြောပြီးတော့ သူ့လက်ဝါးကို သစ်ပင်ပင်စည်နဲ့ရိုက်ထည့်လိုက်တာ သစ်ပင်ကြီးလှုပ်သွားပြီးတော့ လက်ထဲကပေါက်ဆိန်ကလေးပျောက်သွားပြီး သစ်ပင်ပင်စည်ထဲကို ဝင်သွားတယ်ဗျ၊ ဇောက်ထိုးကြီးဖြစ်နေတဲ့ ချိုတူးလည်း သစ်ပင်ပေါ်ကနေ ဒလိမ့်ခေါက်ကွေး ပြုတ်ကျလာတော့တာပါပဲ၊ သစ်ပင်က သိပ်မမြင့်လို့သာ တော်သေးတာပေါ့ဗျာ၊ ကျုပ်လည်း ချိုတူးကိုပြေးဆွဲရတယ်၊ ငသောင်းက သစ်ပင်အရိပ်အောက် မဝင်ဝံ့သေးဘူးဗျ၊ ချိုတူးကိုဆွဲထူပြီးကြည့်လိုက်တော့ ဦးဘသာ မရှိတော့ဘူး။ သရဲကြီးစိန်မှန်လည်း သစ်ပင်ပေါ်ကိုတဖြောဖြောနဲ့ ပြန်တက်ပြီးတော့ ပျောက်သွားတာပဲဗျ။

ကျုပ်တို့သစ်ပင်ရိပ်က ထွက်လာတော့ ငသောင်းက အနားရောက်လာတယ်၊ ချိုတူးက ငသောင်းကိုလက်ညှိုုးထိုးပြီး

“အဲဒါခင်ဗျားကြောင့်၊ ခင်ဗျားသာ နွားတွေနဲ့မလိုက်ရင် ကျုပ်တို့ဒီလိုဖြစ်မှာမဟုတ်ဘူး”

ငသောင်းက ရယ်ကျဲကျဲနဲ့ ခေါင်းကုပ်ရင်း

“ဒါနဲ့ မင်းတို့က ဘာလို့ ဆိုင်းနောက်ထ ငသောင်းကို လိုက်ရှာနေကြတာလဲ”

“ဘာလို့ရှာရမလဲဗျ၊ ဦးလူလှဆိုင်း ပြန်စနေပြီ၊ မနက်ကပဲ ဆိုင်းငှားတဲ့လူတွေလာတော့ နောက်ထတစ်ယောက်လိုနေတယ်ဆိုတာနဲ့ ငသောင်းကိုလိုက်ရှာခေါ်တာပဲ၊ ဘယ်မလဲ အဲဒီဆိုင်းနောက်ထ ငသောင်း”

ငသောင်းက ပျော်သွားပြီးတော့

“ဟာ၊ ခင်ဗျားတို့ဗျာ၊ အဲဒါများ စောစောကမပြောဘူး၊ ဆိုင်းနောက်ထငသောင်းဆိုတာ နွားလားတစ်ထောင်တစ်ယောက်တည်းကျောင်းတဲ့ ဟောဒီက နွားကျောင်းသား ငသောင်းပေါ့ဗျ”

ကျုပ်နဲ့ချိုတူး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိတယ်။

“ဘယ်လိုဗျ”

“ဟုတ်တယ်၊ ဦးလူလှဆိုင်းနားသွားတော့ ကျုပ်လည်း အလုပ်မရှိတာနဲ့ ဒီရွာမှာပဲ သူများနွားကို အငှားလိုက်ကျောင်းနေရတာပဲ၊ ခင်ဗျားတို့သာ စောစောပြောရင် ကျုပ်နွားနဲ့မတိုက်ပါဘူးဗျာ”

ဒါနဲ့ ငသောင်းကိုခေါ်ပြီး ကျုပ်တို့ရွာထဲကို ပြန်ဝင်ခဲ့တာပေါ့ဗျာ၊

“ဒါနဲ့ ခင်ဗျားက ဘယ်လိုလုပ်ပြီး နွားလားတစ်ထောင်ကို တစ်ယောက်တည်းကျောင်းနိုင်ရတာလဲ၊ နည်းကောင်းလေး ဘာလေးရှိရင် ကျုပ်ကိုမျှပါအုံးဗျာ”

ကျုပ်မေးတော့ ငသောင်းကပြုံးရင်း လွယ်အိတ်ကိုနှိုက်တယ်ဗျ၊ ပြီးတော့ လွယ်အိတ်ထဲကနေ ခြောက်လက်မလောက်ရှိတဲ့ အရိုးတစ်ခုကိုထုတ်ပြတယ်၊ အရိုးကတော့ ခပ်ကြီးကြီးပါဗျာ၊ အပေါက်တွေလည်းပါသေးတယ်။

“ဒီအရိုးက ဘာစွမ်းလို့လဲဗျ”

“စွမ်းတာပေါ့၊ ဒီအရိုးက ကြန်စုံနွားရဲ့ ရှေ့ထွက်ရိုးကွ၊ ရှေ့ထွက်ရိုးဆိုတာက ကြန်စုံနွားကိုလမ်းလျှောက်ခိုင်းရင် အရင်ဆုံးခြေလှမ်းစလျှောက်တဲ့ ခြေထောက်က အရိုးကိုခေါ်တာ၊ အဲဒီအရိုးကို ပုလွေပုံစံလုပ်ပြီး နွားကျောင်းသားမှော်သွင်းထားရင် နွားတွေကို နိုင်တယ်ကွ၊ မင်းတို့ မျက်မြင်ပဲမဟုတ်လား”

“ဟုတ်ပါ့ဗျာ၊ ဒါနဲ့ခင်ဗျား ဒီအရိုးကိုဘယ်ကရတာလဲဗျ”

“ကျုပ်နွားကျောင်းရင်း ရသေ့ကြီးတစ်ပါးနဲ့တွေ့ပြီး ရသေ့ကြီးက ချီးမြှင့်ခဲ့တာပဲဗျာ၊ ပြောရရင်တော့ ရှည်ပါတယ်၊ ဒီအရိုးပုလွေကြောင့် နွားကိုနိုင်နေတာဗျ”

ကျုပ်တို့တွေလည်း ရွာထဲကိုပြေးဝင်လာတာပေါ့ဗျာ၊ မကြာခင်ဦးလူလှဆီကိုရောက်လာကြတာပေါ့၊

“ဟာ၊ ငသောင်းရေ၊ မင်းကိုခေါ်ခိုင်းတာကြာပေါ့၊ မင်းက အခုမှပေါ်လာတော့တယ်၊ လာကွာ ထိုင်ထိုင်”

ငသောင်းက ကွပ်ပျစ်ပေါ်ကိုတစ်ချက်ဝေ့ကြည့်ပြီး

“ဟာ၊ ဘကြီးနောင်၊ ကိုဗလ၊ ကိုမြကြီးတို့လည်း ရောက်နေကြပြီကိုး၊ ကျုပ်ကိုတောင်မပြောဘူးဗျာ”

“တို့လည်း ဆိုင်းသံကြားမှ ပြေးလာခဲ့တာပဲ”

ငသောင်းက ကွပ်ပျစ်ပေါ်ကိုဆက်ကြည့်ရင်း ရေနွေးသောက်နေတဲ့ ဦးဘသာကိုမြင်တော့ သရဲသဘက်ကိုတွေ့သလိုမျိုး ကြောက်လန့်သွားတယ်ဗျ။ ပြီးတော့ ဦးဘသာကို လက်ညှိုးထိုးပြီး

“ဒီ၊ ဒီအဘကြီးက ခုနကတုန်းက စိန်မှန်ကွင်းမှာ ရှိနေတာမဟုတ်လား၊ ဘယ်လိုလုပ်ပြီး ကျုပ်တို့ထက်စောရောက်နေပါလိမ့်”

ဦးလူလှက မျက်မှောင်ကြုတ်ပြီး

“ငသောင်း မင်းဘာတွေပြောနေတာလဲ၊ ကိုဘသာက တစ်ချိန်လုံး ဒီမှာပဲထိုင်ပြီး စကားပြောနေတာပါကွ၊ ဘယ့်နှယ့် စိန်မှန်ကွင်းရောက်ရမှာတုန်း”

“မ၊ မဟုတ်ပါဘူးဗျာ၊ ခုနကပဲ ပေါက်ဆိန်ကြီးထမ်းပြီးတော့ ရောက်လာတာပါ”

ဦးဘသာက ရယ်ကျဲကျဲနဲ့ ငသောင်းကိုကြည့်ရင်း

“မဟုတ်ပါဘူးကွာ၊ မင်းလူမှားတာဖြစ်မှာပါကွ”

ငသောင်းက တစ်ချက်တွေဝေသွားပြီး

“လူမှား၊ အဲ၊ အဲ၊ လူမှား၊ ဟုတ်၊ ဟုတ်မယ်”

ငသောင်းတွေတွေဝေေ၀ဖြစ်သွားကတည်းက ကျုပ်ကတော့ ဦးဘသာကြီး ပညာနဲ့လုပ်လိုက်ပြီလို့ အတပ်သိလိုက်တာပါပဲဗျာ၊ ငသောင်းက အဲဒီအကြောင်းကိုပြန်မပြောတော့ဘဲ တခြားဆိုင်းသမားတွေနဲ့ စကားတွေပြောဆိုနေတော့တာပဲ၊ ကျုပ်နဲ့ချိုတူးလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အားရပါးရ ရယ်လိုက်ကြတော့တယ်၊

ရယ်တာက ကူးစက်တယ်ဆိုတဲ့စကား သိပ်မှန်သဗျ၊ ကျုပ်တို့နှစ်ယောက်ရယ်တော့ ဦးလူလှတို့လည်း ကျုပ်တို့ကိုကြည့်ပြီးတော့ တဝါးဝါးနဲ့ ထပြီးရယ်ကြပါရောဗျာ၊ ကျုပ်တို့ဘာဖြစ်လို့ ရယ်တယ်ဆိုတာကို သူတို့သိမှ သိပါလေစ။

ပြီးပါပြီ။

အဂ္ဂဇော်