မှင်စာဆိုးပေ

သူငယ်ချင်း”
ဒီကောင်ကလည်း ခေါ်ရင်း ဝင်လာတာ လှေကားတောင်ရောက်နေပြီဗျ။ ကျုပ်ထိုင်
နေတဲ့တန်းလျားမှာပဲ ဝင်ထိုင်တာဗျ။ ကျုပ်
ကလည်း နဂါးဆေးပေါ့လိပ်တစ်လိပ်နဲ့ မီး
ခတ်ကလေး ကမ်းပေးလိုက်တယ်။ သ်ိန်း
ဇော်ကလည်း နဂါးဆေးပေါ့လိပ်ကလေး
မီးညှိပြီး ဖွာလိုက်တယ်။
“သိန်းဇော် မင်း ဘာစားခဲ့ပြီလဲ၊ ထမင်းကြမ်း
စားမလား”
“ဟာ ငါ ထမင်းကြမ်း စားပြီးပြီကွ”
“ဟဲ့ ဒါ ဘယ်သူတုံး၊ သိန်းဇော်လား၊ မလာ
တာတောင် ကြာပြီ”
“ဟုတ်တယ် အရီးရေ၊ ဘိုးဥာဏ်ရော စော
စောစီးစီး ဘယ်သွားတုံး”
“နင့်ဘိုးဥာဏ်က ဘိုးညီလေးတို့အိမ်က ဘုန်း
ကြီး အာရုံဆွမ်းကပ်လို့ ဖိတ်ထားတာနဲ့ သွား
တယ်ဟေ့၊ တရားနာမီအောင်လာပါလို့ ဘိုး
ညီလေးက မှာတာနဲ့ အစောကြီး ထသွားတာ
ဟဲ့ သိန်းဇော်ရဲ့”
“ကျုပ်လည်း အဘနဲ့ ယာထဲလိုက်ဆင်းနေ
ရတော့ အားတယ်လို့ သိပ်မရှိတော့ပါဘူး
အရီးရာ”
“အေးပေါ့ဟယ်၊ လုပ်ရာမှာပေါ့၊ မိဘတွေက
အသက်တွေရလာပြီလေ သိန်းဇော်ရဲ့၊ ကဲ
ကဲ ပြောကြဦး၊ အရီး အနောက်ပိုင်း သွား
လိုက်မယ်၊ မပုတို့ဝိုင်းမှာတော့ ဝက်သား
သယ်ရောက်နေလို့တဲ့ စောစောကပဲ မပု
သား ကြွက်နီ လာပြောသွားတယ်”
အမေက အညာတဘက်ကလေးတစ်ထည်
ခြုံပြီး ထွက်သွားတယ်။ ဒီတော့မှ သိန်းဇော်
က ပြောတာဗျ။
“ဟေ့ကောင် တာတေ၊ ငါလာတာ အကြောင်း
ရှိလို့ကွ”
“အေး ငါလည်း ထင်တယ်၊ မင်း ခါတိုင်းလာ
ရင် ဒီလို စောစောစီးစီး လာတတ်မှ မဟုတ်
တာ၊ ပြောပါဦးကွ၊ ဘာအကြောင်းတုံး”
“ဒီလိုကွ၊ ငါတို့ ဘန့်ဘွေးကုန်းနဲ့ ထိန်ကုန်းနဲ့
ကြားက လှည်းလမ်းမှာ ညောင်မုတ်ဆိတ်ပင်
ကြီးတစ်ပင် ရှိတယ်လေကွာ”
သိန်းဇော် ပြောတာကို ကျုပ်က ဇဝေဇ
ဝါ ဖြစ်နေတာဗျ၊ အဲဒီဘက်တွေလည်း
မရောက်တာ ကြာနေပြီလေဗျာ။
“ဟာ တာတေရာ၊ မင်းနဲ့ ငါ မှိုကျင်း
တွေ့တဲ့နားကလေကွ”
ဒီတော့မှ ကျုပ်မျက်စိထဲ မြင်သွားတော့
တာဗျို့။
“သြော် …အေး၊ သိပြီ၊ သိပြီ၊ ညောင်မုတ်
ဆိတ်ပင်ကြီးကို ငါမှတ်မိပြီ သိန်းဇော်ရေ”
“အေး အေး၊ မြို့ဘက်ကို သွားတဲ့ လှည်း
လမ်းနဲ့ ထိန်ကုန်းကထွက်လာတဲ့ လှည်း
လမ်းနဲ့ ဆုံတဲ့နေရာနားပေါ့ကွာ”
“သိပြီ သိန်းဇော်၊ ငါ သိပြီ၊ အဲဒီနေရာမှာ
ဘာဖြစ်လို့တုံးကွ ”
“အဲဒီနားမှာ လူတွေ တော်တော်ဒုက္ခရောက်
နေကြတာကွ”
“ဟေ …ဘာဖြစ်လို့တုံး”
“ထိန်ကုန်းက လူတွေရော၊ ငွေတွင်းကုန်းတို့
မီးလောင်ကုန်းတို့ သာယာကုန်းတို့ ဝက်စုတို့
က လူတွေရော ငါးရက်တစ်စျေး သွားရောင်း
တိုင်း ဝေလီဝေလင်းမှာ သရဲချည်း အခြောက်
ခံနေကြရတာတဲ့ဟေ့”
“ဟာ ဟုတ်လားကွ သိန်းဇော်၊ အဲဒီသတင်း
ငါ မကြားဘူးကွ”
“မင်းတို့ ထနောင်းကုန်းနဲ့က နည်းနည်းလှမ်း
နေတာကိုး တာတေရ၊ ငါတို့ ဘန့်ဘွေးကုန်း
နဲ့ ထိန်ကုန်းနဲ့က နီးတယ်လေကွာ၊ လူတွေ
ကလည်း နှစ်ရွာ တစ်ရွာ သွားလာနေကြတာ
ဆိုတော့ သတင်းတွေက နေ့တိုင်း
ကြားနေရတာကွ”
“ဘယ်လိုခြောက်တာတဲ့တုံး သိန်းဇော်ရဲ့”
“ဟာ သရဲက လူတွေကို နောက်တာနေမှာ
ကွ၊အဲဒီညောင်မုတ်ဆိတ်ပင်ကြီးနားက ဖြတ်
လျှောက်တဲ့ စျေးသည်တွေ ဝမ်းလျားမှောက်
တွေ လဲလိုလဲ၊ ဆိုင်းထမ်းတံပိုးနဲ့ ထမ်းလာ
တဲ့ ဘူးသီးတောင်း၊ ခရမ်းသီးတောင်းတွေ
မှောက်ကုန်ကြတာတဲ့ကွ”
“ဟာ …ဒီသရဲ တော်တော်ဆိုးတာပဲကွာ”
“အေး လူတွေ အဲဒီလို ချော်လဲပြီး ကို့ယို့
ကားယား ဖြစ်ကုန်ရင် ကလေးရယ်သံလေး
တစ်သံ ထွက်လာရောတဲ့ဟေ့၊ ရယ်လိုက်
တာမှ ခွက်ထိုးခွက်လန်ကို ရယ်တာဆိုပဲကွ”
“ကလေးရယ်သံ ဟုတ်လား သိန်းဇော်။ ဒါ
ဆိုရင် မှင်စာလေးတစ်ကောင် လုပ်နေဖြစ်
မယ်ကွ”
“အေး၊ မင်းတော့ သိနိုင်တယ်ဆိုပြီး ငါလာ
ခဲ့တာကြ”
“ပြီးတော့ ဘာတွေလုပ်သေးတုံးကွ”
“စျေးရောင်းသွားတဲ့ နွာလှည်းတွေ အဲဒီနား
ရောက်ရင် နွားတွေက ဘယ်လိုလန့်မှန်းမ
သိဘူးတဲ့ဟေ့၊ လန့်ပြီးပြေးတာ၊ လှည်းကို
ဘယ်လိုမှကို မောင်းလို့မရတော့တာတဲ့။
လှည်းပေါ်မှာ အပြည့်အမောက်တင်လာ
တဲ့ခရမ်းခေါင်းသီးတွေ၊ခရမ်းချဉ်သီးတွေ
ဆိုတာလှည်းလမ်းမှာ ကျကျန်ရောတဲ့ဟေ့၊
ဝေလီဝေလင်းထပြီး စျေးရောင်းထွက်ရတဲ့
သူတွေ တော်တော်ကို စိတ်ညစ်နေကြတာ
တဲ့ တာတေရေ”
“အေးပေါ့ကွာ၊ ဒီလောက်တောင် ဖြစ်နေ
တော့ စိတ်ညစ်ကြတော့မှာပေါ့၊ ဒါနဲ့ ရွာ
သားတွေက ဘာမှ မလုပ်ကြဘူးလားကွ”
“လုပ်တော့ လုပ်တယ်ကွ၊ ထိန်ကုန်းကျောင်း
က ဘုန်းကြီးတွေပင့်ပြီး ပရိတ်တွေ ဘာတွေ
ရွတ်တယ်တဲ့ကွ၊ တစ်လလောက်တော့ ငြိမ်
သွားသတဲ့။ ပြီးတော့ အရင်အတိုင်း ပြန်လုပ်
တာပဲတဲ့ကွ၊ ဘုန်းကြီးတွေ ပရိတ်ရွတ်တာ
နှစ်ခါတောင် ရှိပြီဆိုပဲ ခဏပဲ ငြိမ်တယ်တဲ့
တာတေရေ”
“မင်းနဲ့ငါ တစ်ရက်သွားကြတာပေါ့ကွာ၊ အ
ခြေအနေ အကဲခတ်ကြည့်ရမှာပေါ့လေ”
ကျုပ်က သိန်းဇော်ကို ပြောလိုက်တာဗျ။
“ဒါဆိုရင် ဘယ်ကိုသွားမတုံး တာတေ”
“အခုရက် ခြောက်တယ် ကြားလား”
“ဟာ ပြီးခဲ့တဲ့ စျေးနေ့ကတင် ထိန်ကုန်း
က ဘထွေးဖိုးကြည် လှည်းမှောက်မလို
တောင်ဖြစ်လို့တဲ့ နှမ်းအိတ်တွေတင်ပြီး
မြို့သွားပို့တာတဲ့။အဲဒီညောင်မုတ်ဆိတ်
ပင်နားလည်းရောက်ရော နွားတွေလန့်တာ
တဲ့ကွာ၊ကြောက်စရာတောင်ကောင်းတယ်
ဆိုပဲ၊ လန့်ပြီး နွားတွေက ထထခုန်တာတဲ့
ဟေ့၊ပြီးတော့ လှည်းကိုဆွဲပြေးတာ မှောက်
တော့မလို့တဲ့ကွာ၊ဘထွေးဖိုးကြည် အထိန်း
ကောင်းလို့တဲ့၊ ဘထွေးလှည်းလည်း အဲဒီ
လို ဝရုန်းသုန်းကား ဖြစ်ရော ကလေးရယ်
သံလေးတစ်သံ ထွက်လာပြီး ရယ်လိုက်တာ
တဲ့ကွာ၊ ဘထွေးလည်း စိတ်ဆိုးဆိုးနဲ့ ငါနဲ့
ချည်း ကော်ထုတ်ခဲ့တာဆိုပဲကွ”
“နေပါဦးကွ၊ တခြားအချိန်တော့ မခြောက်
ဘူးလား သိန်းဇော်ရဲ့”
“ဟာ မခြောက်ဘူးကွ၊ အဲဒီအချိန်တစ်ချိန်
ပဲ ခြောက်တာတဲ့၊ မနက်ဖြန်ဆို မြို့မှာ စျေး
နေ့ကွ စျေးလှည်းတွေ သွားကြမှာ”
“ဟေ၊ ဒါဆိုရင်တော့ သိန်းဇော်ရေ၊ ဒီည
ငါမင်းတို့ အိမ်မှာ လာအိပ်ပြီး မနက်ကို
စျေးလှည်းတွေ မထွက်ခင် အဲဒီနေရာကို
ရောက်အောင်သွားရမှာပဲ၊ မင်းတို့ရွာကနေ
အဲဒီထိန်ကုန်း လှည်းလမ်းဆုံကို ရောက်
အောင် ဘယ်လောက်လျှောက်ရမတုံး”
“နာရီဝက်ပါပဲကွာ၊ ဒါထက် မပိုပါဘူး”
“အေး ဒါဆိုရင် ဒီညနေ မင်းတို့အိမ်ကို ငါ
လာခဲ့မယ်၊မနက်ဖြန် မြို့မှာ စျေးနေ့ဆိုတာ”
သိန်းဇော် ပြန်သွားတော့မှ ကျုပ်က ကျုပ်ရဲ့
ဆေးလွယ်အိတ်ကို မွှေရတော့တာပေါ့ဗျာ။
အဲဒီထဲမှာ ဆရာကြီး ဦးမင်းအောင် ကျုပ်
ကို ပေးခဲ့တဲ့ တစ္ဆေထောင်ချောက်အင်း ရှိ
တယ်ဗျ။ ဟော တွေ့ပြီ။သိမ်ဝင်သပိတ်ကွဲ
မှာ ချထားတဲ့ အင်းဗျ။
(ဆရာကြီး ဦးမင်းအောင် အကြောင်းကို
သိချင်ရင်တော့ ကျုပ်ရေးခဲ့တဲ့ ‘ကဝေဆယ့်
နှစ်ကြိုး’စာအုပ်မှာ ရှာဖတ်ကြည့်ဗျာ)
ကျုပ်က တစ္ဆေထောင်ချောက်အင်းကို ယူ
လိုက်ပြီး ဘုရားစင်ရှေ့မှာ ဆရာကြီးတွေ
လုပ်ကြတဲ့အတိုင်း ဘုရားရှိခိုးမေတ္တာပို့၊
ပြီးတော့ အင်းနှိုးတဲ့မန္တန်ကို ရွတ်ရတာပေါ့
ဗျာ။ အမေနဲ့ အဘကို အကျိုးအကြောင်း
ပြောပြီး ညနေစောင်းမှာ ဘန့်ဘွေးကုန်းကို
ထွက်လာခဲ့တယ်။ သိန်းဇော်တို့အိမ်မှာ ည
အိပ်လိုက်တယ်ဗျ။ မနက်ကျတော့ ကျုပ်
နဲ့ သိန်းဇော်နဲ့ သုံးနာရီလောက်ထပြီး ထိန်
ကုန်းဘက်ကို လာခဲ့ကြတယ်။
ထိန်ကုန်းအထိတော့ မသွားရဲပါဘူးဗျာ။
ထိန်ကုန်းက ထွက်လာတဲ့ လှည်းလမ်း
ကြောင်းနဲ့ ငွေတွင်းကုန်းဘက်ကနေ မြို့
ကို သွားတဲ့ လှည်းလမ်းကြောင်းဆုံတဲ့
နေရာကို ရောက်တော့ မြို့ဘက်သွားတဲ့
လှည်းလမ်းဘေးမှာ ညောင်မုတ်ဆိတ်ပင်
ကြီးကို တွေ့တယ်ဗျ။အဲဒီနေရာမှာ ကျုပ်
နဲ့ သိန်းဇော်နဲ့ ကျုပ်နဲ့ မှိုတစ်ကျင်း ရဖူး
တယ်။ ဒီတုန်းက ထိန်ကုန်းက ကျုပ်တို့
သူငယ်ချင်း အောင်တင့်ရဲ့ညီတွေ ရှင်ပြု
က အပြန် မနက်အစောကြီး မှိုကျင်းတွေ့
တာဗျ။ ဒီတုန်းက နှစ်ယောက်သား တင်း
တောင်းတစ်လုံးလောက် ရတယ်။
သိန်းဇော်က ထိန်ကုန်းကို ကပျာကာ ပြန်
ပြေးပြီး ခွဲတောင်းအစုတ်နှစ်လုံး တောင်း
လာတယ်။
ကျုပ်တို့နှစ်ယောက် တစ်ယောက်ကို ခွဲ
တောင်းတစ်လုံးစီ ရကြတာဗျ။မှိုရတဲ့မျက်
နှာဆိုတာ အမှန်ပါပဲဗျာ။ ကျုပ်တို့ သူငယ်
ချင်းနှစ်ယောက် ပျော်လိုက်ကြတာဗျာ။
“တာတေရေ၊ ညောင်မုတ်ဆိတ်ပင်ကြီး
တော့ ရောက်ပြီကွ၊ တို့ ဘယ်နေရာမှ
နေရမှာတုံး”
“ဟိုရှေ့က မြရာပင်တွေနောက်က ကွယ်
ပြီး အခြေအနေကြည့်တာပေါ့ကွာ၊ ဒါမှ
လှည်းလမ်းကို မြင်နေရမှာ”
ကျုပ်တို့နှစ်ယောက် ချုံကြီးလို ဖြစ်နေတဲ့
မြရာပင်တွေ ကြားမှာဝင်ပြီး ငြိမ်နေလိုက်
ကြတာဗျ။လကလည်း သာလိုက်တာ ထိန်
နေတာပါပဲဗျာ။ လှည်းလမ်းကြီးကို အဖွေး
သား မြင်နေရတာဗျို့။ ကျုပ်တို့ရောက်ပြီး
တော်တော်လေးကြာမှ ထိန်ကုန်းဘက်က
လှည်းတစ်စီးမောင်းလာတဲ့အသံ ကြားရ
တယ်ဗျ။ ထိန်ကုန်းက လာတဲ့ လှည်းလမ်း
က လျှိုထဲက လာရတာဆိုတော့ လှည်းကို
မမြင်ရဘူးဗျ။ အသံပဲ ကြားရတာ။
“ဟဲ့နွား၊ ဟာ ညိုကြီး ပေကပ်ကပ်လုပ်ပြီ၊
တောက်”
နွားငေါက်တဲ့အသံကို ကြားနေရတာဗျ။
ဒီတုန်းမှာပဲ ငွေတွင်းကုန်းဘက်ကလည်း
နွားငေါက်သံသဲ့သဲ့ ကြားရတယ်ဗျ။ငါးရက်
စျေးမှာ သွားရောင်းဖို့ ထွက်လာကြပြီပေါ့
ဗျာ။ ကျုပ်က မျက်ကွင်းဆေး ကွင်းလာ
တော့ ဟိုကြည့် ဒီကြည့် လုပ်နေရတာဗျ။
ခုထိတော့ ဘာမှမတွေ့သေးဘူး။
“ဟာ ဒီနွား တောက်၊ ဘေးကို မဆွဲနဲ့လေ၊
တည့်တည့်သွားပါဟ၊ ဖြန်း”
ထိန်ကုန်းက ထွက်လာတဲ့ လှည်းက
တော်တော်နီးလာပြီဗျ။ ဟော ဟိုမှာ ဟို
မှာ ညောင်မုတ်ဆိတ်ကြီးပေါ်ကနေ ဆင်း
လာတာဗျို့။ဖြူဖြူလေးဗျ။ ကျုပ်စိတ်ထင်
ကြောင်တစ်ကောင်လို့ထင်တာ။ လရောင်
အောက်မှာသေသေချာချာ ကြည့်တော့မှ
ကြောင်မဟုတ်ဘူးဗျ။ညောင်မုတ်ဆိတ်ပင်
အောက်မှာ မတ်တတ်ရပ်နေတာဗျ။နားရွက်
ကလေးနှစ်ဖက်က ကြောင်နားရွက်ကလေး
တွေလို ချွန်ချွန်ကလေးတွေဗျ။ မျက်လုံးက
နီနီရဲရဲပြူးပြူးလေးတွေဗျို့။
ပါးဖောင်းဖောင်းနဲ့ လူပုံစံဗျ။ လက်တိုတို
လေးနှစ်ဖက်လည်း ပါတယ်။ လူလက်ပါပဲ။
ဒါပေမဲ့ အောက်ပိုင်းက လူခြေထောက်လို
ခြေထောက်နှစ်ချောင်း မဟုတ်ဘူးဗျ။ အ
မြီးလိုလို တစ်ခုတည်း၊အဲဒီအမြီးလိုလို ခြေ
ထောက်လိုလိုဟာကို မြေကြီးမှာ ထောက်
ပြီး လူရပ်သလို ရပ်နေတာပဲဗျ။ ကျုပ်စိတ်
ထင်တော့ မတ်တတ်ရပ်နေတဲ့ အရပ်က
နှစ်ပေလောက်ပဲ မြင့်မယ်ထင်တယ်၊ ဖြူဖြူ
လေးပဲဗျ။ ကျုပ်လည်း မှင်စာကို ခုမှ သေ
သေချာချာ တွေ့ဖူးတာဗျ။ အရင်တုန်းက
တွေ့ဖူးပေမယ့် ကျုပ်စိတ်ထဲမှာ ကြောင်
လိုပဲ ထင်တာ။ ကြောင်ပုံစံ ဖန်ဆင်းထား
တာလားတော့ မသိဘူးပေါ့ဗျာ။
“ဟီ၊ ဟီ၊ ဟီ၊ ဟီ”
မှင်စာက ရယ်နေတာဗျ။ ဟော သွားပြီ။
သွားပြီ၊ လှည်းလမ်းအလယ်အထိသွားပြီး
သူ့လက်ထဲက ကိုင်ထားတာလေးကို မြေ
ကြီးပေါ်မှာ ချလိုက်ပြီဗျ။ ကျုပ် သေသေ
ချာချာ ကြည့်တယ်။ ကြက်တောင် အဖြူ
လေးဗျ။(ကြက်တောင်ဆိုတာ ကြက်တစ်
ကောင်ရဲ့ တောင်ပံက အမွှေးတစ်ချောင်း
ကို ပြောတာဗျ)ဒီကောင် ရွေ့သွားတာကို
ကျုပ် သေသေချာချာ ကြည့်တော့ လမ်း
လျှောက်တာ မဟုတ်ဘူးဗျ။
လေထဲမှာ ရွေ့သွားတာ ဒီကောင် ရွေ့တာ
တော်တော်မြန်တယ်ဗျ။ လှစ်ကနဲ လှစ်ကနဲ
ဖြစ်နေတာ။ ဒီကောင်ညောင်မုတ်ဆိတ်ပင်
ကြီးအောက်မှာ ဝင်ပြီး ရပ်နေတာဗျ။သူရပ်
တဲ့ ညောင်မုတ်ဆိတ်ပင်ကြီးနဲ့ဆိုရင် ဆယ်
ပေလောက် ဝေးမယ်ဗျ။ အောင်မာ မှင်စာ
က လက်ကလေးတောင် ပိုက်ထားလိုက်
သေးတယ်ဗျို့။
“ဟဲ့နွား၊ အို ဘာဖြစ်တာတုံး ညိုကြီး၊ ဘာ
လို့ ဘေးကို ကပ်ရုန်းနေတာတုံး ဖြန်း”
လာပြီဗျို့။ နွားလှည်းလာပြီ။ ကျုပ် သေ
သေချာချာ ကြည့်နေတယ်။ နွားလှည်း
ကြက်တောင် အဖြူလေး အပေါ်တည့်
တည့် ရောက်သွားတဲ့အချိန်မှာ နွားတွေ
လန့်ကုန်တော့တာဗျို့။
“ရှူး၊ ရှူး၊ ရှူး၊ ဂရူး၊ ဂရူး၊ ရှူး”
ဟာ နွားတွေ ထခုန်တာဗျို့။ လှည်းတပ်
ထားတော့ ဘယ်ခုန်နိုင်မလဲဗျာ။လှည်းအိမ်
က နောက်စိုက်ကျသွားပြီး လှည်းပေါ်မှာ
တင်ထားတဲ့ ကြက်သွန်အိတ်တွေ အောက်
ကို ပြုတ်ကျတော့တာပေါ့ဗျာ။
“ဟဲ့ ဟဲ့၊ ဘာဖြစ်တာတုံး ညိုကြီး၊ ဟဲ့နွား
တွေ ဘာဖြစ်တာတုံး ဖြန်း၊ ဖြန်း၊ ဖြန်း”
လှည်းမောင်းတဲ့လူက ကြောက်ကြောက်လန့်
လန့်နဲ့ နွားတွေကို ဆက်တိုက်ရိုက်တော့တာ
ဗျို့။ဒီတော့မှ နွားတွေလည်း လန့်ပြီးပြေးကြ
ရောဗျို့။ကြက်တောင်လေး အပေါ်က ကျော်
သွားတော့မှ အကြောက်ပြေသွားတာဗျို့။
“ဟား၊ ဟား၊ ဟား၊ ဟီး၊ ဟီး၊ ဟား၊ ဟား”
ရယ်ပြီဗျို့။မှင်စာ အော်ရယ်နေပြီ။လှည်းသ
မားက ကျသွားတဲ့ ကြက်သွန်အိတ်တွေကို
ကောက်ဖို့ နောက်ကိုလျှောက်လာတယ်။မှင်
စာရဲ့ ကြက်တောင်ကို ခွကျော်မိတာပေါ့ဗျာ
“ဘုန်း”
ဟာ လဲပြီဗျို့။ ရှေ့ကို ခလုတ်တိုက်ပြီး ဝမ်း
လျားမှောက်ကြီး လဲတာဗျ။
“ဟား ဟား ဟား ဟီး ဟီး ဟီး”
မှင်စာဆိုတာ ရယ်လိုက်တာမှ ခွက်ထိုးခွက်
လန်ပဲဗျို့။ လှည်းသမားလည်း ကျသွားတဲ့
ကြက်သွန်အိတ်နှစ်အိတ်ကို ကောက်ထမ်း
ပြီး လှည်းပေါ်ပြန်တင်ပြီး တစ်ချိုးတည်း
မောင်းပြေးတော့တာဗျို့။
ဒီတော့မှ မှင်စာကလက်ကလေးတစ်ဖက်
ဆန့်ပြီး သူကြက်တောင်ကို ခေါ်ယူလိုက်
တာ ကြက်တောင်ဖြူလေးက လေထဲမှာ
ပျံပြီး မှင်စာဆီကို သွားတာဗျ။
မှင်စာက သူ့ကြက်တောင်လေးကို လှမ်း
ယူပြီး မြောက်ဘက်ကို ရိပ်ကနဲ ပြေးထွက်
သွားတယ်ဗျို့။ ကျုပ်က ကျုပ်မြင်တာတွေ
ကို သိန်းဇော်ကို ပြောပြလိုက်တယ်။ သိန်း
ဇော်က နွားတွေလန့်ပြီး ထခုန်တာကိုတာ
ကောင်းကောင်းမြင်တာပေါ့ဗျာ။ မှင်စာလုပ်
နေတာတွေကိုတော့ သူမမြင်ဘူးဗျ။
“သိန်းဇော် မင်း မှင်စာရယ်တဲ့အသံ ကြား
ရလား”
“အေး ကြားတယ်ကွ၊ သူများဒုက္ခရောက်
တာကိုကြည့်ပြီး ရယ်လိုက်တာမှ ခွက်ထိုး
ခွက်လန်ပဲကွ၊လက်စသတ်တော့ ဒီကောင်
ရဲ့ ကြက်တောင်ကလည်း တော်တော်ကို
စွမ်းတာပဲ တာတေရ”
“အေး ဟုတ်တယ်၊ ဒီကောင့်ကို နောက်
တစ်ပတ်စျေးနေ့မှာ ငါ နှင်ထုတ်ပစ်မယ်
သိန်းဇော်၊ ဒီကောင် လူတွေကို တော်
တော် ဒုက္ခပေးတဲ့ကောင်ကွ”
ကျုပ်နဲ့ သိန်းဇော် ပြန်လာခဲ့ကြတယ်။ဘန့်
ဘွေးကုန်းမှာ ကျုပ်မထိုင်တော့ဘဲ ရွာကို
တန်းပြန်လာခဲ့တယ်။ အဘနဲ့ အမေက
ကျုပ်ကို အကျိုးအကြောင်း မေးလို့ ကျုပ်
က ကျုပ်တွေ့ခဲ့တဲ့ မှင်စာအကြောင်းကို
ပြောပြလိုက်ရောဗျ။ အဘနဲ့ အမေလည်း
မှင်စာကို တော်တော်ကို အံ့သြသွားကြ
တာဗျို့။
ကျုပ်ကတော့ နောက်တစ်ပတ် စျေးနေ့
မတိုင်ခင် မဖဲဝါကို ပြောပြရတော့မှာပေါ့
ဗျာ။ စျေးနေ့မတိုင်ခင် ညရောက်တော့
ကျုပ်က ကြက်တစ်ကောင်ချက်ပြီး ထ
နောင်းကုန်းသင်္ချိုင်းထဲမှာ မဖဲဝါကို ထမင်း
ကျွေးတယ်ဗျ။ ကျုပ်နဲ့အတူတူ ကျောက်
ခဲနဲ့ သံမဏိပါ လိုက်ကြတာပေါ့ဗျာ။ မဖဲဝါ
ကြွလာတော့ ကျုပ်က လူတွေကို ဒုက္ခပေး
နေတဲ့ ထိန်ကုန်းက မှင်စာအကြောင်းကို
ပြောပြတယ်။
“တာတေ၊ အဲဒါ မှင်စာဆိုးပေဟဲ့၊ ဒီအ
ကောင်က ဒီအတိုင်းပဲ၊ သူများ ဒုက္ခ
ရောက်ရင် သိပ်ပျော်တဲ့အကောင်၊ အဲဒီ
ညောင်မုတ်ဆိပ်ပင်မှာ ဒီကောင် နေတာ
မဟုတ်ဘူး၊ တခြားမှာနေတာ၊ အခုလို
နယ်လှည့်ပြီး လူတွေကို ဒုက္ခပေးနေတာ”
“ဒီကောင်ဆီက ကြက်တောင်အဖြူလေး
ကို မဖဲဝါ သိမ်းလိုက်ပါလားဗျာ”
“အဲဒါတော့ မဖြစ်ဘူး တာတေ၊ ဒီကောင်
က အဲဒီလို အော်ပြီး ရယ်ရမှာ အသက်ရှင်
နေလို့ရတာ၊ ကြက်တောင်သိမ်းလိုက်လို့ရ
ရင် ဒီကောင် သုံးရက်ထက် ပို့မခံဘူး၊ ဒီလို
လုပ်၊ နင် အဲဒီနေရာကနေ ငါ့ကို လှမ်းခေါ်
လိုက်၊ ငါလာခဲ့မယ်၊ ဒီကောင် မပြေးနိုင်
အောင် နင်ဖမ်းလိုက်၊ ပြီးတော့ သူ့ကြက်
တောင်ကို နင်ရအောင် ယူထား၊ ငါ သူ့ကို
ဒီနယ်ကနေ နှင်ထုတ်ပေးမယ်”
ကျုပ် ညတွင်းချင်း ဘန့်ဘွေးကုန်းကို
သွားတယ်။ကျောက်ခဲနဲ့ သံမဏိကိုတော့
အိမ်ပြန်ခိုင်းလိုက်ရတော့တာပေါ့ဗျာ။အ
ရင်တစ်ခါလိုပဲ ဘန့်ဘွေးကုန်းက သိန်း
ဇော်တို့အိမ်မှာ ညအိပ်ပြီး မနက်သုံးနာ
ရီလောက် ကျုပ်နဲ့ သိန်းဇော် ထိန်ကုန်း
ကို ထပြီး လျှောက်ကြရပြန်ရောဗျို့။
ထိန်ကုန်းမရောက်ခင် လှည်းလမ်းဆုံ
တဲ့နေရာကိုရောက်တော့ လေးနာရီ
မထိုးသေးဘူးဗျ။
“ဟဲ့နွား၊ တယ် ဒီနွားဟာလေ၊ ဟဲ့ တည့်
တည့်ဆွဲပါဆို၊ ဘယ်ကို ကပ်ဆွဲနေတာ
တုံး၊ ဟာ ဒီကောင် မဲကြီး၊ ဟကောင်၊
တည့်တည့်ဆွဲပါဟ၊ ဟာ…ဖြန်း”
နွားငေါက်တဲ့အသံတွေ ကြားနေရပြီဗျ။
ကျုပ်က ကပျာကယာသွားပြီး ဟိုတစ်
ပတ်က မှင်စာရပ်နေတဲ့နေရာနဲ့ မလှမ်း
မကမ်းမှာ တစ္ဆေထောင်ချောက်အင်းကို
မန္တန် နှိုးပြီး မြှုပ်ထားလိုက်တယ်။
ပြီးတော့ အင်းကို ဗဟိုပြုပြီး စည်းဝိုင်း
တစ်ခု ဆွဲလိုက်တယ်။အားလုံး ပြင်ဆင်
ပြီးတော့ ကျုပ်နဲ့ သိန်းဇော် ဟိုတစ်ပတ်
ကပုန်းတဲ့ မြရာချုံကြီးနောက်မှာ ဝင်ပုန်း
နေလိုက်ကြတယ်
“ဟဲ့ မဲကြီး၊ ဒီနွားတော့၊ ဟာ ဘာဖြစ်တာ
တုံး၊ တောက် တည့်တည့်ဆွဲ”
ထိန်ကုန်းကလှည်း မဟုတ်ဘူးဗျ။ ငွေတွင်း
ကုန်းတို့ မီးလောင်ကုန်းတို့ဘက်က လာတဲ့
လှည်းဗျ။ တဖြည်းဖြည်းနီးလာပြီ။ ဟော
ဆင်းလာပြီဗျို့။ မှင်စာဆိုးပေ ဆင်းလာပြီ။
ဟော သွားပြီဗျို့။ လှည်းလမ်းမှာ ကြက်
တောင်အဖြူလေး သွားပြီးချထားလိုက်ပြီ။
တော်တော်ဆိုးတဲ့ မှင်စာပါဗျာ။
လူတွေ ဒုက္ခရောက်တာကို ကြည့်ပြီး ရယ်
ရတယ်လို့။ ဟော သူကတော့ အခန့်သား
ဗျ။ ညောင်မုတ်ဆိတ်ပင်ကြီးအောက်ကို
ပြန်ပြီး ရပ်နေတယ်။ သူ့လက်တိုတိုလေး
ကိုလည်း ပိုက်ထား လိုက်သေးတယ်ဗျ။
ဟာ ဟိုတစ်ပတ်က ကြည့်တော့ အရပ်
ကနှစ်ပေလောက် ရှိတာဗျ။ဒီတစ်ခါတော့
တစ်ပေလောက်ပဲ ရှိတယ်။ ကြည့်ရတာ
သူ့အရွယ်ကို သူလိုသလို ဖန်ဆင်းလို့ ရ
တယ်ထင်တယ်ဗျ။
“သိန်းဇော်၊ ဒီဆေးလွယ်အိတ်ကို မင်း
လွယ်ထားစမ်း သူငယ်ချင်း”
ကျုပ်က ဆေးလွယ်အိတ်ကို သိန်းဇော်
လက်ထဲ ထည့်လိုက်ပြီးတော့ လှည်းလမ်း
ပေါ်ကို တစ်ရှိန်ထိုးပြေးထွက်လိုက်ပြီဗျို့။
မှင်စာဆိုးပေ ချထားတဲ့ ကြက်တောင်အ
ဖြူလေးရှိတဲ့ဆီကို တန်းပြေးပြီး ကြက်
တောင်လေးကို ကျုပ်ကောက်ယူလိုက်
တယ်ဗျ။ ကြက်တောင်ကို ကောက်ပြီး
တာနဲ့ ကျုပ်က လှည်းလမ်းဘေးမှာတွေ့
တဲ့ ဝါးလုံးပိုင်းကို ကောက်လိုက်ပြီး စော
စောက ကျုပ် အင်းမြှုပ်ထားတဲ့ဘက်ကို
တန်းပြေးသွားတာဗျ။
ရုတ်တရက်ဆိုတော့ မှင်စာဆိုးပေ ဘာလုပ်
ရမှန်း မသိဘဲကြောင်ပြီး ကျုပ်ကို ကြည့်နေ
တာဗျ။ကျုပ်က မျက်ကွင်းဆေးကို မျက်လုံး
မှာလည်းကွင်း၊နားတွေလည်း လိမ်းထားတာ
ဗျ။ ပြီးတော့ ဒိဗ္ဗသောတမန္တန်ကိုလည်း ရွတ်
ထားတာဆိုတော့ မှင်စာဆိုးပေကို မြင်ရုံတင်
မဟုတ်ဘူး။ သူပြောသမျှကိုလည်း ကြားနေ
ရတာဗ်
“ဟေ့ကောင် မင်း၊ ဘာလုပ်တာတုံး၊ ငါ့
ကြက်တောင်ကို အခုချက်ချင်း ပြန်ပေးစမ်း”
မှင်စာက သူ့ရဲ့လက်တိုတို ဖောင်းဖောင်း
လေးနဲ့ ကျုပ်ကို လက်ညှိုးထိုးပြီး ပြောတယ်
ဗျ။ ကျုပ်ကလည်း လက်ထဲမှာ ကိုင်ထားတဲ့
ဝါးရင်းတုတ်ကို မြှောက်ပြပြီး…
“ဟေ့ကောင် ဆိုးပေ၊ လူတွေကို ဒုက္ခပေး
ပြီး ပျော်တဲ့ကောင်၊ မင်းကြက်တောင်ကို
ပြန်မပေးဘူး၊ သတ္တိရှိရင် မင်း လာယူ
ဟောဒီမှာ”
ကျုပ်က သူ့ကြက်တောင်ကို မြှောက်ပြပြီး
ပြောလိုက်တယ်
“တောက်”
ဆိုးပေ တောက်ခေါက်တာဗျို့။ မှင်စာ
ကျုပ်ကို တော်တော်ဒေါသဖြစ်နေပုံဗျ
“ဟေ့ကောင် မင်းက ငါ့နာမည်ကိုတောင်
သိနေပါလား၊ မင်း ဘယ်သူတုံး”
မှင်စာက ကျုပ်ကို မေးတာဗျ
“ငါ့နာမည် တာတေတဲ့၊ မင်းမှတ်ထားပေ
တော့ မှင်စာ”
“မင်းမှင်စာတွေအကြောင်း ဘယ်လောက်
သိထားလို့ ငါ့ကို စိန်ခေါ်နေတာတုံး တာတေ”
“မင်းတို့ မှင်စာတွေဟာ တကယ်တော့
ကြောင်တွေပါကွာ၊ ငါက ကြောင် မ
ကြောက်ဘူးကွ ဆိုးပေရ”
“အေး၊ အဲဒီကြောင်က မင်းကို ခုနှစ်ပတ်
ပတ်ရင် မင်းအသက်သေပြီဆိုတာ မင်း
သိလား၊ ငါ မင်းကို မသတ်မိခင် ငါ့ကြက်
တောင်ကို ပြန်ပေး တာတေ”
“ဒီမှာဆိုးပေ၊ မင်း ဘယ်လောက်ဆိုးနိုင်
မလဲ ကြည့်ရသေးတာပေါ့ကွာ၊ ဒီကြက်
တောင်ကို မင်းပြန်မရရင် မင်းအသက်
ဟာ သုံးရက်ပဲ ခံမယ်ဆိုတာရော မင်း
မပြောတော့ဘူးလား”
“ဘာကွ၊ မင်း ဒါတွေကို ဘယ်လိုသိနေ
တာတုံး”
“ငါ့ဖာသာငါ ဘယ်လိုပဲသိသိ မင်းနဲ့
မဆိုင်ဘူး၊ လူတွေကို ဒုက္ခအမြဲပေးတဲ့
မင်းလိုမှင်စာအတွက် အသက်က သုံး
ရက်ပဲ ကျန်တော့တယ်ဆိုတာကိုသာ
မင်းသိထားပေတော့ ဆိုးပေရေ”
“တယ် ဒီကောင်၊ ကဲ ကွာ”
ဟာ မှင်စာက ချက်ချင်း ကြောင်တစ်
ကောင် ဖြစ်သွားပြီဗျို့။ကြောင်မဲလေးဗျ။
မျက်လုံးတွေပြူးလို့။ကြောင်က ကျုပ်က
ဒေါသ မျက်လုံးတွေနဲ့ စိုက်ကြည့်
နေတာဗျ။
“ညောင်း”
ကြောင်တစ်ကောင် မာန်ဖီနေတဲ့အသံနဲ့
ကျုပ်ဆီကို တည့်တည့်ကြီး ပြေးလာတာ
ဗျို့။ ကျုပ်ကလည်း လက်ထဲက ဝါးရင်း
တုတ်နဲ့ ဆီးပြီးရိုက်ချလိုက်တာဗျ။
“ဘုတ်”
ဆိုးပေကို မထိဘူးဗျို့။ မြေကြီးကို ဘုတ်
ကနဲ ရိုက်မိတာဗျာ။ ကျုပ်လည်း ဝါးရင်း
တုတ်နဲ့ ပြေးရိုက်လိုက်တယ်။ ရှောင်ပြန်
ပြီဗျို့။
“ဘုတ်”
မြေကြီးပဲ ထိတာဗျ။ ဆိုးပေက ပြေးလာ
လိုက် ကျုပ်က ရိုက်လိုက်နဲ့ ကျုပ်မော
လာပြီဗျို့။ ဒီတော့မှ ကျုပ်တွေးမိတာဗျ။
ဒီကောင် ကျုပ်မောပြီး ခြေကုန်လက်ပမ်း
ကျအောင် လုပ်နေတာ ဖြစ်မယ်လို့။
ကျုပ်လည်းပင်းမှာ ကတ္တီပါအိတ်ရှုံ့လေး
နဲ့ထည့်ပြီး ဆွဲထားတဲ့ သစ်စုန်းဆေးတော်
ရှိတယ်ဗျ။ ဒီကောင် ကျုပ်ကို ခုန်ကိုက်လို့
မရလောက်ဘူး။ ဒီတစ်ခါတော့ ကျုပ်က
လက်ထဲက ဝါးရင်းတုတ်ကို မြေကြီးမှာ
ထောက်ပြီး ရပ်နေလိုက်တယ်။ ကျုပ်စိတ်
ထင်တော့ မှင်စာ ကျုပ်ကို ကိုက်မိသွားရင်
သတိတွေ ဘာတွေ မေ့သွားနိုင်တယ်ဗျ။
ဒီတော့မှ ဒီကောင် ကျုပ်လက်ထဲမှာ ကိုင်
ထားတဲ့ ကြက်တောင်ကို ပြန်ယူမှာပေါ့ဗျာ။
ဒီကောင် ကျုပ်ကို သေသေချာချာ ကြည့်
နေတယ်ဗျ။ ဟော လာပြီဗျို့။ ပြေးလာပြီ။
ကျုပ်ကို ခုန်အုပ်တာဗျို့။
“ဖုန်း”
ဒါပေမဲ့ ကျုပ်နဲ့ တစ်တောင်လောက် မ
ရောက်ခင်မှာပဲ ဒီကောင် နောက်ကို လွင့်
ထွက်သွားပြီး မြေကြီးပေါ်ကို ကျတာဗျ။
ကြောင်ကျ မကျ မကျဘဲ ခွေးကျ ကျတာ
ဗျို့။ ဖုန်းကနဲ နေတာဗျ။ ဆိုးပေ ဒေါသပို
ဖြစ်လာပြီး ကျုပ်ဆီကို ပြေးပြီးခုန်အုပ်ပြန်
ရောဗျို့။
“ဖုန်း”
စောစောက အတိုင်းပဲဗျာ။ တစ်ယောက်
ယောက်က တွန်းပစ်လိုက်သလိုကို လွင့်
ထွက်သွားပြီး မြေကြီးပေါ်ကို ခြေပစ်လက်
ပစ် ပြုတ်ကျပြန်ရောဗျို့။ ဆိုးပေ ငြိမ်သွား
ပြီဗျ။ ကျုပ်ကို ခုန်မအုပ်တော့ဘဲ စိုက်
ကြည့်နေတယ်
“ညောင်…ဝေါး၊ ဂီး”
မှင်စာကောင်က ကြောင်လို မာန်ဖီပြီး ကျုပ်
ကို စိုက်ကြည့်နေတယ်ဗျ။ဟော နောက်ဂျွမ်း
ပစ်တယ်ဗျို့။ အောင်မာ၊ ကြောင်က သူ့ကိုယ်
သူ ကျားများထင်နေသလား မသိပါဘူးဗျာ။
ဟော နောက်ကို ပြေးသွားပြီဗျို့။ ဟော မှင်
စာ ပြေးပြီဗျ။ ဟာ ပြေးတာ မဟုတ်ဘူးဗျ။
ကျုပ်ကို ပတ်နေတာ၊ ပတ်နေတာ။
လက်စသတ်တော့ ကျုပ်ကို အသေသတ်ဖို့
လုပ်နေတာဗျို့။ဒီကောင် ကျုပ်ကိုသတ်ဖို့
ဆုံးဖြတ်လိုက်ပြီထင်တယ်။ သူ ကျုပ်ကို ခု
နှစ်ပတ် ပတ်မိရင် ကျုပ်သေမှာလေဗျာ။
ကျုပ်က ကျုပ်အင်းမြှုပ်ထားတဲ့ စည်းဝိုင်း
နားကို မသိမသာ ရွှေ့ပေးလိုက်တယ်ဗျ။
ပတ်ပြီဗျို့။ မှင်စာဆိုးပေ ကျုပ်ကို ပတ်နေ
ပြီဗျို့။ တစ်ပတ် ပထမဆုံးပတ်တဲ့ အဝိုင်း
က ကြီးတယ်ဗျ။ နှစ်ပတ်။ ဟော အဝိုင်း
နည်းနည်းသေးလာတယ်။ ကျုပ်က ဘု
ရားကို အာရုံပြုတယ်။
ကျုပ်ရဲ့ ဆရာကြီးတွေကို အာရုံပြုတယ်။
သုံးပတ်။ ကျုပ်က ဗုဒ္ဓရဲ့ အောင်ခြင်းရှစ်
ပါးဂါထာကို ရွတ်တယ်။ လေးပတ်။အဝိုင်း
က တဖြည်းဖြည်း ကျဉ်းလာပြီ။ ဒီတစ်ပတ်
ဆိုရင်တော့ ဒီကောင် ကျုပ် အင်းမြှုပ်ထား
တဲ့ တစ္ဆေထောင်ချောက်စည်းဝိုင်းထဲကိုဝင်
လောက်ပြီဗျ။ ဟော ဝင်ပြီဗျို့။ ဝင်ပြီ။မှင်စာ
ဆိုးပေ ကျုပ်ရဲ့ တစ္ဆေထောင်ချောက်စည်း
ဝိုင်းထဲကို ဝင်သွားပြီဗျို့။
ဒီကောင် ရှေ့ဆက်လို့ မရတော့ဘူးဗျ။မှင်
စာက စည်းဝိုင်းကို ဖောက်ထွက်ဖို့ကြိုးစား
ကြည့်တယ်ဗျ။ ဒါပေမဲ့ မဖောက်နိုင်ဘူး။
ဒီကောင် စည်းဝိုင်းထဲမှာပဲ ပတ်လျှောက်
နေတယ်။ဟော ကြောင်ပုံစံပျောက်ပြီး မှင်
စာပုံစံ ပြန်ဖြစ်လာပြီဗျို့။ ကျုပ်က ကျုပ်
လုပ်ရမှာကို သတိရသွားတယ်ဗျ။
“သင်္ချိုင်းရှင်မ မဖဲဝါဗျာ၊ ကျုပ်ရဲ့တစ္ဆေ
ထောင်ချောက်ထဲမှာ မှင်စာဆိုးပေ မိနေ
ပါပြီ၊ မဖဲဝါ မှာတဲ့အတိုင်း သူ့ရဲ့ကြက်
တောင်ကိုလည်း ကျုပ်သိမ်းထားလိုက်
ပါပြီ၊ သင်္ချိုင်းရှင်မကြီး ကြွခဲ့ပါခင်ဗျာ၊
ကျုပ်တာတေက မဖဲဝါကို ပင့်ဖိတ်ပါ
တယ်”
ကျုပ်က မဖဲဝါကို ပင့်လိုက်တယ်ဗျ။
“ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”
ဟော နက်ကျော်ကြီး အသံကြားရပြီဗျ။
မဖဲဝါ လာနေပြီဗျို့။
“ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”
ဟော…နက်ကျော်ကြီး အသံကြားရပြီဗျ။
မဖဲဝါ လာနေပြီဗျို့။
“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”
နက်ကျော်ကြီး အသံက နီးနီးလာပြီ။
ဟော သစ်ပင်ကြီးတွေအောက်က ဖြူ
ဖြူအရိပ်ကြီး ရွေ့လာပြီဗျို့။ ခဏနေ
တော့ မဖဲဝါ ရောက်လာတယ်။ ညဦး
က ထနောင်းကုန်း သင်္ချိုင်းကုန်းထဲမှာ
တွေ့ခဲ့တဲ့ ပုံစံအတိုင်းပဲဗျ။ အပေါ်အ
နက် အောက်အနက် ဝတ်ထားတာ။
“ဟဲ့ကောင် ဆိုးပေ၊ နင် တော်တော်ဆိုး
တာပဲ၊ လူတွေကို နင်ဒုက္ခလိုက်ပေးနေ
ပါလား၊ ငါ ဘိုးဘိုးတွေကို လျှောက်လိုက်
ရမလား”
ဆိုးပေက လက်ကလေးကာပြီး ခေါင်းခါ
ပြတယ်ဗျ။ ဘိုးဘိုးတွေကိုတော့ ဒီိကောင်
တော်တော်ကြောက်တဲ့ပုံဗျို့။
“တာတေ၊ သူ့ကြက်တောင် ငါ့ဆီကို
ပစ်ပေးလိုက်”
ကျုပ်က ဆိုးပေရဲ့ ကြက်တောင်ဖြူဖြူ
လေးကို မဖဲဝါဆီ လှမ်းပစ်ပေးလိုက်
တယ်။ ကြက်တောင်လေးက လေထဲမှာ
ပျံသွားပြီး မဖဲဝါရဲ့ လက်ဝါးကို ရောက်
သွားတယ်
“ဒီကြက်တောင်ကို ငါ ဖျက်ဆီးပစ်လိုက်
ရမလား ဆိုးပေ”
မဖဲဝါက အသံမာမာနဲ့ မေးတာဗျ။
ဆိုးပေက သူ့ရဲ့လက်တိုတိုလေးတွေနဲ့
ကာပြတယ်။ ခေါင်းကလည်း ခါပြတယ်။
“ဒါဆိုရင် နင် ဒီနယ်ကို နောက် ဘယ်
တော့မှ မလာပါဘူးလို့ ကတိပေးမလား”
ဆိုးပေက ခေါင်းညိတ်ပြရင်းနဲ့ ကတိ
ပေးပါတယ်လို့ ပြောလိုက်တယ်ဗျ။
“တာတေ၊ နင့်စည်းဝိုင်းကို ဖျက်ပေး
လိုက္ပါ”
ကျုပ်က စည်းဝိုင်းအလယ်မှာ မြှုပ်ထားတဲ့
အင်းချပ်ကို ဖော်ပြီး ယူလိုက်တယ်။ ဒါဆို
ရင် စည်းပျက်သွားပြီပေါ့ဗျာ။မှင်စာဆိုးပေ
စည်းပြင်ကို ထွက်လို့ ရသွားပြီဗျ။
“နင့်ကတိကို မတည်ရင် ငါကိုယ်တိုင် နင့်
ကို ဖမ်းပြီး ဘိုးဘိုးတွေလက်ကို အပ်မယ်၊
ရော့ နင့်ကြက်တောင် ပြီးရင် သွားတော့၊
ဒီနယ်ကို နင် ဘယ်တော့မှ မလာနဲ့ ”
မဖဲဝါက မှင်စာဆိုးပေရဲ့ ကြက်တောင်
လေးကို ပစ်ပေးလိုက်တယ်။ကြက်တောင်
လေးက လေထဲကနေ ပျံပြီး ဆိုးပေဆီကို
ရောက်သွားတယ်။ ဆိုးပေက သူ့လက်တို
တိုဖောင်းဖောင်းလေးတွေနဲ့ ကြက်တောင်
ဖြူလေးကို ဖမ်းယူလိုက်တယ်။ မဖဲဝါလည်း
ချက်ချင်းလှည့်ထွက်သွားတယ်။နက်ကျော်
ကြီးလည်း သူ့သခင်မနောက်ကို လိုက်သွား
တော့တာပေါ့ဗျာ။
“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”
နက်ကျော်ကြီး အူသံက တဖြည်းဖြည်းဝေး
သွားရောဗျ။ မှင်စာဆိုးပေက လှည့်ထွက်
သွားပေမယ့် ညောင်မုတ်ဆိတ်ပင်ကြီးနား
ရောက်တော့ ရပ်နေပြီး နောက်ကို လှည့်
ကြည့်တယ်ဗျ။ ဒီကောင် ကျုပ်ကို လုံးဝ
မကျေနပ်တဲ့ပုံပဲဗျို့။
ကျုပ်က ပြေးထွက်သွားပြီး လက်ထဲက
အင်းနဲ့ ပေါက်မယ့်ပုံစံ လုပ်လိုက်တော့
မှ မှင်စာ လှစ်ကနဲ ပြေးတော့တာဗျို့။
စျေးလှည်းတွေကတော့ အနှောင့်အယှက်
မရှိဘဲ လှည်းလမ်းအတိုင်း မောင်းကြတော့
တာပေါ့ဗျာ။ တချို့က သီချင်းတွေတောင်
အော်ဆိုသွားကြသေးသဗျ။
“ဟဲ့နွား၊ သြော် …ဒီနွားကုပ်ဟာ ပေကပ်
ကပ်နဲ့၊ ဟဲ့ နွား တည့်တည့်ဆွဲပါဟ ဒီနွား”
စျေးလှည်းတွေ တစ်စီးပြီး တစ်စီး သွားကြ
လို့ဗျ။ အန္တရာယ်ကင်းသွားပြီလေဗျာ။ မှင်
စာဆိုးပေလည်း ဒီနယ်ကို ဘယ်တော့မှ
လာဝံ့မှာ မဟုတ်တော့ပါဘူး။
ကျုပ်နဲ့ သိန်းဇော် ဘန့်ဘွေးကုန်းကို ပြန်
ရောက်တော့ အာရုံတောင် တက်ပြီ။ကျုပ်
အိမ်ပြန်ရောက်တော့ အဘနဲ့ အမေတောင်နိုးနေကြပြီဗျို့။
ကျုပ်ကို မျှော်နေကြတာလေဗျာ။

ပြီးပါပြီ