ထူးဆန်းသည့်ရောဂါသည်

သဗျာ၊ ဒါနဲ့ သူနဲ့နီးလိုနီးငြား လာခဲ့တာပေါ့။

ခင်ဝိုင်းက အသက်က ဆယ့်ရှစ်လောက်ဝန်းကျင်ဗျ၊ ကျုပ်တို့နဲ့ဆို ဆွေမျိုးမကင်းပဲတော်တာ၊ အမျိုးဝေးတယ်ပေါ့ဗျာ၊ အသားအရည်ကတော့ ခပ်လတ်လတ်ပဲဗျ၊ မပိန်မ၀လေးပေါ့ဗျာ၊ အရပ်ကတော့ နည်းနည်းပုတယ်ဗျ။ နောက်ပြီးတော့ ကိုယ်လုံးကိုယ်ပေါက်ကလည်း တော်တော်ကြည့်ကောင်းတယ်၊ ကျောလယ်လောက်ရှိတဲ့ဆံပင်ကို ကျစ်ဆံမြီးလေးကျစ်ထားရင် သိပ်ယဉ်တာပါဗျ၊ ကျုပ်ကလည်း သူ့ကိုငေးတာပေါ့ဗျာ၊ သူနဲ့ကျုပ်အကြည့်ချင်းဆုံရင် ကျုပ်ကိုပြုံးပြပြိးတော့ ခေါင်းကြီးငုံ့သွားတာဗျ၊ ကျုပ်ကလည်း အဲဒါကိုကြည့်ပြီး လွှတ်ကြွေတာပေါ့ဗျာ။

ထားပါတော့၊ ဒါနဲ့ပဲ ကလေးတွေကို အဖော်လိုက်ပေးတဲ့ ခင်ဝိုင်းနဲ့နီးအောင် ကျုပ်လည်း အိမ်က မျောက်တစ်သိုက်ကို ရွာထိပ်ကိုမောင်းလာခဲ့တာပေါ့၊ ကလေးတွေက အတိုင်အဖောက်ညီပါတယ်၊ သူတို့အချင်းချင်းတွေ့ရင် ညမိုးချုပ်လို့ချုပ်မှန်းမသိ ဆော့နေတော့တာပဲ၊ ကျုပ်လည်း ခင်ဝိုင်းကို ထိုင်ပြီးငေးနေရရင် နေဝင်ပြီးလို့ မိုးချုပ်သွားတာတောင် မသိဘူးဗျာ။ ဒါပေမယ့် အဲဒီလိုထိုင်ငေးနေတာကလည်း အကျိုးရှိတယ်ဗျ၊ သုံးရက်လောက်ကြတော့ ကျုပ်နဲ့ခင်ဝိုင်းနဲ့ နည်းနည်းရင်းနှီးလာပြီ၊ ကျုပ်နဲ့သူမျက်လုံးချင်းဆုံရင် အရင်လို ခေါင်းကြီးငုံ့မသွားတော့ဘဲ ကျုပ်ကိုပြုံးပြ ရယ်ပြလာပြီဗျ။

“ဟေ့ကလေးတွေ၊ နွားရိုင်းသွင်းချိန်ရောက်နေပြီ မပြန်ကြသေးဘူးလား”

ဦးဘသာကြီး ကြိမ်လုံးကြီးကိုင်ပြီးရောက်လာတော့မှ ကလေးတွေလန့်ပြီးပြေးကြတာဗျ၊ ပြေးရင်းလည်း အော်ဟစ်သွားသေးတယ်။

“စုန်းထီးကြီးလာပြီ၊ စုန်းထီးကြီးလာပြီတဲ့”

ဦးဘသာ နွားအုပ်ကြီးသိမ်းတဲ့အချိန်က ကျုပ်နဲ့ခင်ဝိုင်းနဲ့ နှုတ်ဆက်တဲ့အချိန်ပေါ့ဗျာ၊ သူလည်း ကလေးတွေကို လူစစ်ပြီးတော့ ပြန်တယ်၊ ကျုပ်ကလည်း သူ့ကိုနှုတ်ဆက်ပြီးတော့ ပြန်တာပေါ့ဗျာ။ အဲဒီနေ့က ကျုပ်တို့ပြန်ဖို့နောက်ကျတော့ နွားအုပ်ကြီးက လာနေပြီလေ၊ ကလေးတွေရော ကျုပ်တို့ရော လမ်းဘေးကိုဆင်းပေးလိုက်ရတာပေါ့ဗျာ၊ တော်ကြာ နွားရိုင်းသွင်းချိန်မှာ နွားက စိတ်ရိုင်းဝင်ပြီးခတ်ရင် ကိုယ့်ကိုထိခိုက်မယ်မဟုတ်လား။ ခင်ဝိုင်းအနောက်နားမှာ ကျွန်တော်ကရပ်နေတာဗျ၊ အဲဒီအချိန်မှာ ဦးဘသာရဲ့ နွားသိုးကြီးတစ်ကောင်က ပြေးမလိုလို တိုက်မလိုလိုလုပ်လိုက်တော့ ခင်ဝိုင်းကလန့်ပြီး အနောက်ဆုတ်လိုက်တာဗျာ၊ ဖြစ်ချင်တော့ အနောက်မှာလည်း ငုတ်တစ်ခုရှိနေတော့ ခင်ဝိုင်း ငုတ်နဲ့တိုက်ပြီး ပက်လက်ကြီးလဲတာပေါ့ဗျာ၊ ကျုပ်ဆိုတဲ့ကောင်ကလည်း အမြဲ သတိရှိပြီးသားဆိုတော့ ခင်ဝိုင်းဆီပြေးပြီး အနောက်ကနေပွေ့ခံလိုက်တာပေါ့ဗျာ၊

“အမေ့”

ခင်ဝိုင်းက တစ်ချက်ယောင်လိုက်ပြီးတော့ ကျုပ်ရင်ခွင်ထဲကို တမ်းပြီးကျလာတာဗျ၊ ကျုပ်လည်း ဘယ်ရမလဲဗျာ၊ ခင်ဝိုင်းလက်မောင်းတွေကို တင်းတင်းဆုပ်ကိုင်ပြီး ခင်ဝိုင်းကိုဖက်ထားလိုက်တာပေါ့၊ အချိန်က တကယ်ကိုခဏလေးပါဗျာ၊ ခင်ဝိုင်းလည်း ရှက်ရှက်နဲ့ ကျုပ်ရင်ခွင်ထဲက တိုးပြီးထွက်သွားတယ်၊ ကျုပ်ဖြင့် အဲဒီအချိန်က ခဏလေးဆိုပေမယ့် စိတ်ထဲဖိုးသိုးဖတ်သပ်ကြီး ဖြစ်ပြီးကျန်ခဲ့တာဗျ၊ ခင်ဝိုင်းနဲ့ ကျုပ်နဲ့နီးသွားတဲ့အချိန်မှာ ခင်ဝိုင်းဆီက ရတဲ့ ပေါင်ဒါနံ့လေးက သိပ်မွှေးတာဗျာ။

နွားအုပ်ကြီးလွန်သွားတော့ ခင်ဝိုင်းလည်းပြေးထွက်သွားပါရောဗျာ၊ ဦးဘသာကြီးက နွားအုပ်နဲ့လိုက်မသွားဘဲ ခါးထောက်ပြီးတော့ ကျုပ်ကို ပြီတီတီနဲ့ ကြည့်နေတယ်ဗျ၊

“ဟေ့ကောင်၊ မင်းဘာလုပ်တာလဲဆိုတာ ငါတွေ့လိုက်တယ်နော်”

ကျုပ်လည်းရှက်သွားတာပေါ့ဗျာ။

“ဟာဗျာ၊ မတော်တဆဖြစ်တာပါ ဦးဘသာကြီးရ”

ဦးဘသာကြီးက ထွက်ပြေးသွားတဲ့ ခင်ဝိုင်းကိုကြည့်ပြီး

“ကလေးမက ရုပ်ရည်တော့ရှိသားကွ၊ ဒါနဲ့ မင်းက သူ့ကိုကြံနေတာလား”

“ရရင်တော့ပေါ့ဗျာ၊ ဟီး . . ဟီး”

ကျုပ်လည်း သွားကြီးဖြဲနေတာ၊ မျက်လုံးကလည်း မြေကြီးကိုပဲ ငုံ့ကြည့်နေမိတာဗျ။

“တော်စမ်းပါ အလတ်ကောင်ရာ၊ မင်းမိန်းမမယူစမ်းပါနဲ့၊ လူပျိုကြီးပဲ လုပ်စမ်းပါ”

ဦးဘသာပါးစပ်က ဒါမျိုးထွက်လာတော့ ကျုပ်လည်း စိတ်တိုတာပေါ့ဗျာ။

“ဟာဗျာ၊ ကျုပ်က လူပျိုကြီးမလုပ်ပါဘူး၊ မိန်းမယူမှာပါ”

“မင်းနဲ့တော့ မဖြစ်သေးပါဘူးကွာ၊ ငါ့လို လူပျိုကြီးလုပ်”

“တော်စမ်းပါ ဦးဘသာရာ၊ ကျုပ်လူပျိုကြီးလုပ်တော့ ဦးဘသာကြီးလို ဖြစ်နေအုံးမယ်၊ အသက်ကြီးနေပြီ ဆေးပေးမီးယူမရှိ၊ ကျောထောက်နောက်ခံ သားသမီးမရှိနဲ့”

ကျုပ်ပြောတဲ့စကားက ဦးဘသာကြီးကို ထိသွားတယ်ထင်တယ်၊ သူက ကျုပ်ကိုပြုံးဖြီးဖြီးနဲ့ကြည့်ပြီးတော့ ခေါင်းတညိတ်ညိတ်နဲ့ထွက်သွားတော့တာပဲ။

(၃)

နောက်နေ့တော့ ခင်ဝိုင်းနဲ့ကျုပ်နဲ့ ရင်းနှီးသွားပြီ၊ ကလေးတွေဆော့တာကြည့်နေရင်း ကျုပ်ဆီကိုလာခဲ့တယ်ဗျ။

“မနေ့က ကျေးဇူးတင်စကားမပြောလိုက်ရလို့နော်”

ဒီလောက်ဆို ခင်ဗျားတို့ သဘောပေါက်လောက်ရောပေါ့ဗျာ၊ မြန်မာကားအထာတွေ အဲဒီမှာစတာပေါ့ဗျာ၊ ကျုပ်လည်း ပြုံးဖြီးဖြီးနဲ့

“ရပါတယ်ဗျ၊ ကျုပ်ဘာမှအပန်းမကြီးပါဘူး မခင်ဝိုင်း”

ကျုပ်ပြောတော့ ခင်ဝိုင်းက မျက်လုံးပြူးသွားတယ်ဗျ။

“အို၊ ရှင်က ကျွန်မနာမည်ကိုတောင် သိနေပြီလား”

“ကျုပ်က သူကြီးသားပဲ၊ ဒီရွာမှာ ဘယ်သူရောက်တယ်၊ ဘယ်သူဘာဖြစ်နေတယ်ဆိုတာ ကျုပ်အကုန်သိတယ်၊ အိုဗျာ၊ အလွယ်ပြောရရင်တော့ ဒီရွာမှာ ဘာဖြစ်ဖြစ် ကျုပ်မသိဘူးဆိုတာမရှိဘူး”

ခင်ဝိုင်းမျက်နှာက ကျုပ်ကို “တော်လိုက်တာ” လို့ ကြည့်နေသလိုလို၊ အထင်ကြီးသွားသလိုလိုနဲ့ ကြည့်နေတာပေါ့ဗျာ၊ သူနဲ့ကျုပ်နဲ့ အဲဒီနေ့က စကားတွေပြောဖြစ်ကြတယ်၊ ခင်ဝိုင်းက ကျုပ်လောက် စကားသိပ်မပြောဘူးဗျ၊ ကျုပ်ကသာ ရွာကအကြောင်းတွေ၊ ကျုပ်ကြုံတွေ့ခဲ့တဲ့ စွန့်စားခန်းတွေကို ပြောပြတာပေါ့ဗျာ၊ ခင်ဝိုင်းအနားကို တိုးထိုင်ရင် ခင်ဝိုင်းအနားက ပေါင်ဒါနံ့ကလေးက သင်းနေတာပဲဗျာ။

အချိန်က အလိုက်မသိဘူးဗျာ၊ နေကလည်း ဒီနေ့မှ စောစောဝင်နေသလိုပဲ၊ ဦးဘသာကြီး နွားအုပ်ကြီးမောင်းလာပြီဆိုတော့ ကျုပ်တို့တွေလည်း စကားဖြတ်ပြီး နှုတ်ဆက်ကြရတာပေါ့ဗျာ။

“ကျုပ်တို့အိမ်ကို လာလည်ပါအုံးမခင်ထား၊ ကျုပ်အလည်ခေါ်ပါတယ်”

“လာပါ့မယ်၊ မပြန်ခင်တစ်ရက်တော့ ထမင်းလာစားအုံးမယ်”

ခင်ဝိုင်းနဲ့ ကလေးတွေပြန်သွားကြပြီ၊ အိမ်ကမျောက်တစ်သိုက်ကိုလည်း ကျုပ်ကပြန်လွှတ်လိုက်ပြီးတော့ သစ်ပင်အောက်မှာ ဆက်ထိုင်နေတယ်ဗျ၊ ကျုပ်ရင်တွေခုန်လိုက်တာ ပြောမနေပါနဲ့ဗျာ၊ အခုထိသစ်ပင်အောက်နားမှာ ခင်ဝိုင်းဆီက ပေါင်ဒါနံ့လေးကျန်နေခဲ့သလားလို့ ထင်နေရဆဲပဲဗျ၊ ဦးဘသာက ကျုပ်အနားရောက်တော့ ကျုပ်ကိုကြိမ်လုံးနဲ့ လှမ်းခေါက်တယ်။

“အောင်မာ၊ မင်းတို့က တော်တော်ခရီးပေါက်နေကြပြီပေါ့”

“ဟာဗျာ၊ ဒီလောက်လည်း မဟုတ်သေးပါဘူးဗျ”

ဦးဘသာကြီးက ဘာမှတော့မပြောဘူး ပြုံးဖြီးဖြီးလုပ်နေတာပဲ၊ ကျုပ်ကိုလှောင်နေတာပေါ့ဗျာ၊ ကျုပ်လည်းရွာထဲကို ပြေးဝင်လိုက်တယ်၊ ကျုပ်လည်း အဲဒီကနေစပြီးတော့ ထူးဆန်းတဲ့ရောဂါတစ်ခု စွဲကပ်လာခဲ့တာပဲ၊ အဲဒါက ဘာလဲဆိုတော့ ထမင်းစားရင်လည်း ခင်ဝိုင်းမျက်နှာကိုမြင်နေမိတယ်၊ အိပ်မယ်ဆိုရင်လည်း ခင်ဝိုင်းအကြောင်းကို တွေးနေမိတယ်၊ တစ်ခါတစ်ခါ နှာခေါင်းထဲ ခင်ဝိုင်းဆီက ရနံ့ကလေးတွေ သင်းလာသလိုလိုနဲ့ပေါ့ဗျာ။

ဒီလိုနဲ့ ညခုနစ်နာရီလောက်ပေါ့၊ ကျုပ်လည်း ထမင်းစားပြီးတော့ အိမ်ရှေ့ကွပ်ပျစ်ပေါ်ပက်လက်လှန်ပြီး ကောင်းကင်ကိုငေးကြည့်နေမိတယ်၊ ကြယ်တွေစုံနေတဲ့ ကောင်းကင်ကြီးမှာ ခင်ဝိုင်းရဲ့မျက်နှာကြီးပေါ်လာပြီး ကျုပ်ကိုပြုံးပြနေတာဗျာ၊ ဒီအချိန်မှာပဲ ကျုပ်ဘေးနားမှာ ထိုင်နေတဲ့ ကျုပ်တူမဝမ်းကွဲတစ်ယောက်က ထအော်တော့တာပဲ။

“အား၊ နာတယ်၊ နာတယ် အမေကြီးရေ”

ကလေးမက ဗိုက်ကိုဖိပြီး အော်နေတော့တာ၊ သူ့အမေကလည်းပြေးဆင်းလာပြီး ပွေ့ချီသွားတယ်။ အိမ်ပေါ်ကိုတင်ပြီးတော့ ဗိုက်ကို ပရုတ်ဆီနဲ့ပွတ်ရတာပေါ့။

“လေအောင့်တာလား၊ လေထိုးတာလားပဲ”

ကျုပ်တို့တွေ ဘာဖြစ်မှန်းမသိလို့ အငြင်းပွားနေတုန်း၊ နောက်ထပ် တူတောင်မောင်တစ်ယောက်က ဗိုက်ကိုဖိပြီးတော့ လူးလိမ့်နေအောင် အော်တော့တာပဲ၊ နှစ်ယောက်ဖြစ်တယ်ဆိုတော့ အစားမှားလို့များလားပေါ့။

“နေ့လည်က လက်ဖက်တွေစားထားလို့နေမယ်၊ လက်ဖက်ဆိုတာ လေအောင့်တယ်ဟဲ့”

အမေက ပြောဆိုပြီးတော့ နောက်တစ်ယောက်ကိုလည်း ဗိုက်လှန်ပြီး ပရုတ်ဆီလူးပေးဖို့လုပ်ပြန်ရော၊ ဒီအချိန်မှာပဲ နောက်ထပ်ကလေးတစ်ယောက်က ထအော်ပြန်ပြီ၊ ကလေးသုံးယောက် ကြမ်းပေါ်လှိမ့်နေလို့ မပြီးသေးဘူး၊ ကျန်တဲ့ကလေးတွေလည်း တစ်ပြိုင်တည်း ထအော်ကြတာ၊ အိမ်မှာကလေးက ခုနစ်ယောက်ရှိတာ ခြောက်ယောက်က အော်နေပြီဗျ၊ အသက်ဆယ့်တစ်နှစ်လောက်ရှိတဲ့ ကျုပ်တူမတစ်ယောက်ကတော့ မျက်လုံးကလေး ပေကလပ် ပေကလပ်နဲ့ လိုက်ကြည့်နေတာ။ အိမ်ကလူကြီးတွေလည်း ခေါင်းမီးတောက်ပြီပေါ့ဗျာ။

“မဖြစ်ဘူး၊ ဆေးဆရာကြီးကို သွားပင့်ရမယ်၊ အလတ်ကောင် သွားစမ်း”

ကျုပ်လည်း အိမ်ပေါ်ကနေပြေးဆင်းလာခဲ့တာပေါ့ဗျာ၊ ဆေးဆရာကြီးအိမ်ကိုရောက်တော့ ဆေးဆရာကြီးအိမ်ရှေ့မှာ လူတွေကို အုံခဲနေတာပဲဗျာ၊ ကျုပ်လည်း ဘာဖြစ်တာလဲမသိဘူးဆိုပြီး အတင်းတိုးကြည့်တော့ ကလေးအယောက်နှစ်ဆယ်လောက်က ဗိုက်တွေကိုနှိပ်ပြီး အော်ဟစ်နေကြတာဗျ၊ အိမ်က ကလေးတွေအတိုင်းပဲ လူးလှိမ့်နေကြတာ။

ဆေးဆရာဦးမှတ်ကြီးလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ခေါင်းကုတ်နေတာပေါ့ဗျာ၊ နောက်တော့ သူပြောနေကျ ထုံးစံအတိုင်းပဲ။

“ဒါ သွေးရိုးသားရိုးမဖြစ်နိုင်ဘူး။ ဒါပယောဂ ပဲဟဲ့၊ ကလေးတွေကို တစ်ယောက်ယောက်က မကျေနပ်လို့ လုပ်လိုက်တာ”

ရွာသားတွေရော ဧည့်သည်တွေပါ အတော်လေးအံ့ဩသွားကြတယ်။

“ကျွန်မတို့ကို ဘယ်သူကလုပ်မှာလဲ”

“ငါထင်တာတော့ ဘသာလက်ချက်ပဲ၊ ကလေးတွေက သူ့နွားတွေသွားတဲ့လမ်းမှာ ပိတ်ပြီးကစားနေတာဆိုတော့ မကျေနပ်လို့ တမင်လုပ်တာနေမှာ”

ဆေးဆရာဦးမှတ်ကြီးရဲ့ တစ်ဖက်သတ်စွပ်စွဲချက်တွေကတော့ စပါပြီဗျာ၊ ကျုပ်လည်း ဆက်ပြီးနားမထောင်ချင်တာနဲ့အိမ်ကိုပြန်ပြေးခဲ့တယ်၊ အဖေ့ကို ဆေးဆရာကြီးအိမ်မှာ လူတွေအုံနေတဲ့အကြောင်းပြောတော့ အဖေလည်းထူးဆန်းနေတာပေါ့ဗျာ၊ အဖေက ရွာထဲစနည်းနာကြည့်မယ်ဆိုပြီး ဆင်းသွားတော့ ကျုပ်လည်း ကျုပ်တူတစ်ယောက်ကိုပွေ့ချီပြီး အိမ်ပေါ်ကဆင်းခဲ့တာပေါ့ဗျာ။

“ဟဲ့ အလတ်ကောင် ဘယ်သွားမလို့လဲ”

“ကလေးကို ဆေးကုသွားမလို့ဗျ”

ကျုပ်လည်း ကျုပ်တူကို ပွေ့ချီပြီးတော့ အိမ်ပေါ်ကဆင်းပြီး ဦးဘသာကြီးဆီကိုပြေးလာခဲ့လိုက်တယ်၊ ဦးဘသာအိမ်ကြီးက တိတ်ဆိတ်လို့ဗျ၊ အိမ်ပေါ်မှာတော့ ဆီမီးခွက်အလင်းရောင်ကိုတွေ့ရတယ်။

“ဗျို့ ဦးဘသာကြီး၊ ကျုပ်ပါဗျ၊ တံခါးဖွင့်ပါအုံး”

ဦးဘသာကြီးက ပြေးလာပြီးတံခါးဖွင့်တာနဲ့ ကျုပ်လည်း ခြံထဲပြေးဝင်ပြီးတော့ ကလေးကို ကွပ်ပျစ်ပေါ်မှချထားလိုက်တယ်။

“ဘာဖြစ်တာလဲကွ”

“ဦးဘသာကြီးမြင်တဲ့အတိုင်းပဲဗျာ၊ ဗိုက်ကိုနှိပ်ပြီးအော်နေတာ”

“အဲဒါ ငါ့ဆီခေါ်လာရသလားကွ၊ ဆေးဆရာမှတ်ကြီးဆီ ခေါ်သွားပေါ့ကွ”

“မဟုတ်ဘူးဦးဘသာ၊ ရွာထဲက ကလေးတွေတော်တော်များများ ဒီလိုပဲ ဖြစ်နေကြတာ”

“ဟေ၊ ဟုတ်လား”

ဦးဘသာကြီး စိတ်ပူသွားတယ်၊ နောက်တော့ ကျုပ်တူလေးကို သေချာစမ်းကြည့်နေတယ်ဗျ။

“ဆေးဆရာကြီးပြောတာကတော့ ပယောဂတဲ့ဗျ၊ အဲဒီပယောဂတောင်မှ ဦးဘသာကြီးလုပ်တာတဲ့”

ဦးဘသာကြီးက မျက်မှောင်ကြုတ်ပြီး

“လုပ်ပြန်ပြီလား၊ ငါလည်း ဘာမှမလုပ်ရပါလားကွ၊ နေအုံး၊ ပယောဂဆိုတာတော့ ဟုတ်တယ်ကွ၊ စုန်းတိုင်ထားတာ”

ကျုပ်လည်း မျက်လုံးပြူးသွားတာပေါ့ဗျာ။

“ဒါဆို ဦးဘသာကြီးအပြင် နောက်ထပ်စုန်းတစ်ယောက်ရှိနေသေးတာလား”

ဦးဘသာကြီးက ခေါင်းညိတ်ပြီးတော့

“အေးကွ၊ ဖြစ်နိုင်တယ်၊ ကလေးတွေကို မကျေနပ်လို့ လုပ်ထားတဲ့ပုံပဲကွ”

“တောက်၊ တော်တော်ကောက်ကျစ်တဲ့သူပဲဗျာ၊ ကလေးတွေက ဘာဆိုင်လို့လဲ မကျေနပ်ရင် လူကြီးကိုလုပ်ပေါ့ဗျာ”

“အေးကွ၊ အခုရွာမှာ လူကလည်းစုံနေတာဆိုတော့ မသိနိုင်ဘူးပေါ့ကွာ၊ ကဲပါ ငါဒီကလေးကို ပြန်ကောင်းအောင်လုပ်ပေးမယ်”

ဦးဘသာက လက်ညိုးတစ်ချောင်းထောင်လိုက်ပြီး ကလေးရဲ့ချက်ကို လက်ဝဲရစ်နောက်ပြန်သုံးပတ် ပတ်လိုက်တယ်ဗျ၊ ပြီးတော့ သူ့လက်သီးကိုဆုပ်လိုက်ပြီး ဗိုက်ပေါ်တင်ထားလိုက်တယ်၊ လက်သီးကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့ သူ့လက်ဝါးထဲမှာ ကျောက်ခဲသေးသေးကလေးတစ်လုံး ပါလာတယ်ဗျ။

“နေအုံးကွ၊ ဘယ်သူလုပ်တာလဲဆိုတာကို ငါစမ်းကြည့်ရမယ်၊ ဒါနဲ့ တစ်ရွာလုံးက ကလေးတွေဖြစ်ကြတာလား”

“မဟုတ်ဘူးဗျ၊ ဆယ်နှစ်ကျော်လောက်အရွယ်တွေပဲဖြစ်ကြတာ”

“ဒါဆို အဲဒီဆယ်နှစ်ကလေးတွေထဲမှာမှ မဖြစ်တဲ့ကလေးမရှိဘူးလား”

ကျုပ်လည်းသေသေချာချာစဉ်းစားရတာပေါ့ဗျာ။

“ရှိတယ်ဗျ၊ ကျုပ်တူမတစ်ယောက်ကျတော့ ဘာမှမဖြစ်ဘူး”

ဦးဘသာကြီးက ခေါင်းတဆတ်ဆတ်ညိတ်ပြီးတော့ အိမ်ပေါ်တက်သွားတယ်၊ ပြီးတော့ ပုလင်းအနက်ရေင်ကလေးတစ်လုံး ယူလာတယ်၊ အဲဒီပုလင်းကို ကျုပ်ရှေ့မှာတင်ပဲ တစ်ခုခုမန်းမှုတ်ပြီးတော့ ကျုပ်ကိုပေးလိုက်တယ်ဗျ။ ကျုပ်လည်း ဘာပုလင်းလဲဆိုတာ သိချင်လို့ အဖုံးဖွင့်ကြည့်လိုက်တော့ ရေနံဆီနံ့က ထောင်းခနဲထွက်လာတာဗျ။

“ကဲ၊ ဘယ်သူလဲဆိုတာ နောက်မှထား၊ အခုတော့ အဲဒီကလေးတွေအားလုံးကို ဟောဒီရေနံဆီနဲ့ ချက်ကို လက်ဝဲရစ်အတိုင်း ရစ်ရမယ်၊ လက်ဝဲရစ်ဆိုတာ နာရီလက်တံလည်တဲ့ ပြောင်းပြန်အတိုင်းရစ်ခိုင်းတာ၊ သုံးပတ်ရစ်ပြီးရစ် ကလေးကောင်းသွားလိမ့်မယ်။

ကျုပ်လည်း ဆေးပုလင်းရတာနဲ့ ကျုပ်တူကိုခေါ်ပြီး အိမ်ကိုပြန်ပြေးတာပဲ၊ ကျုပ်တူက လမ်းတောင်လျှောက်နိုင်နေပြီဗျ၊ ခုနက လူးလိမ့်နေတာ သူမဟုတ်သလိုပဲ။ ဒါနဲ့ ကျုပ်တို့အိမ်ရောက်တော့ ကျုပ်လည်း ရေနံဆီပုလင်းကလေးကိုင်ပြီး အိမ်ပေါ်ကိုပြေးတက်ခဲ့တယ်။

“အမေရေ၊ ဖယ်စမ်းပါ”

ကျုပ်လည်း လက်ညှိုးကို ရေနံဆီပုလင်းထဲ နှစ်ပြီးတော့ ရေနံဆီတွေနဲ့ ကလေးရဲ့ချက်ကို ဦးဘသာခိုင်းတဲ့အတိုင်း လက်ဝဲရစ်သုံးပတ်ရစ်ပေးလိုက်ရော ငိုနေတဲ့တူမက ချက်ချင်းငြိမ်ကျသွားတာဗျာ၊ အံ့ဩစရာကြီး၊ ကျုပ်လုပ်လို့ကောင်းသွားတော့ တစ်ဆွေလုံးတစ်မျိုးလုံးက ကျုပ်ကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်ကြတာပေါ့ဗျာ၊ ကျုပ်လည်း ဘာပြောရမှန်းမသိဘူး။

“ဟို၊ ဟိုလေ ရွာဦးကျောင်းဆရာတော်ဆီကနေ ရေနံဆီမန်းယူလာခဲ့တာ၊ ကဲ အားလုံးဖယ်ကြ ကျန်တဲ့ကလေးတွေကို ကျုပ်လုပ်ပေးမယ်”

ဒါနဲ့အိမ်က ကလေးတွေကို ကျုပ်လုပ်ပေးလိုက်တော့ အားလုံးသက်သာသွားရောဗျာ၊ ဒါနဲ့ အမေ့ကို ရေနံဆီပုလင်းပေးလိုက်ရတယ်၊ ဆေးဆရာကြီးအိမ်က ကလေးတွေကို သွားလုပ်ပေးဖို့ပေါ့ဗျာ၊ ကျုပ်သွားရင် ဦးဘသာကြီးလုပ်ပေးလိုက်တယ်ဆိုပြီး ထင်နေမှာလေ၊ ဒါကြောင့် အမေ့ကိုပေးလိုက်ရတာပေါ့၊ ပြီးတော့ သားအမိနှစ်ယောက် မှန်အိမ်ကလေးကိုင်ပြီးတော့ ဆေးဆရာကြီးအိမ်ကို ကူးလာခဲ့တာပေါ့ဗျာ။

ဆေးဆရာကြီးအိမ်မှာ ပွဲဖြစ်နေပြီဗျ၊ ဆေးဆရာကြီးက ကလေးတွေကိုပယောဂစစ်ဆေးပြီးတော့ ဟိုမေးဒီမေးနဲ့မေးနေပြီဗျ။

“ဘာမှလည်းပြန်မပြောဘူး၊ ဒါက ကြိမ်းသေပေါက် စုန်းတိုက်တာပဲဗျ၊ ဒီတော့ စုန်းကျေနပ်သွားအောင် အမဲသားသုံးပိသာနဲ့ ထမင်းဦးပေါင်းလုပ်ပြီးတော့ လမ်းလေးခွဆုံမှ ရွာစာချပေးရမယ်”

“ရွာစာချတာတော့ ဟုတ်ပါပြီ၊ ဒီလိုညနက်နက်မှာ အမဲသားဘယ်ကရမလဲ”

“ဟာ၊ ရွာထဲက နွားတစ်ကောင်ဝယ်ပြီး ပေါ်လိုက်ပေါ့ဟ”

ကလေးအမေတွေလဲ ပူပန်နေကြတာပေါ့ဗျာ၊ ဒီအထဲ ခင်ဝိုင်းကိုကျွန်တော်တွေ့လိုက်တယ်ဗျ၊ အမေကတော့ ရေနံဆီပုလင်းကလေးမြှောက်ပြီးတော့ လူအုပ်ကြားထဲတိုးသွားလိုက်တယ်။

“ဖယ်စမ်း၊ ငါရွာဦးကျောင်းဆရာတော်ဆီက ရေနံဆီမန်းရလာခဲ့ပြီ၊ အားလုံးဖယ်ကြ”

ဆေးဆရာကြီးအိမ်မှာ လူးလိမ့်နေတဲ့ကလေးတွေကို အမေကကျုပ်သင်ပေးထားတဲ့အတိုင်း သေသေချာချာလုပ်ပေးလိုက်တာပဲဗျ၊ လူးလိမ့်နေတဲ့ ကလေးတစ်ယောက်က အမေလုပ်ပေးပြီးတာနဲ့ ငေါက်ခနဲ ကောက်ထိုင်တာ၊ မျက်ရည်တွေဘာတွေသုတ်ပြီးတော့

“အမေ၊ ကျုပ်ဘာဖြစ်နေတာလဲ” တဲ့ဗျာ။

သူဖြစ်နေတာတောင် သူသိပုံမရဘူး၊ ဒါနဲ့ အမေက ကလေးအယောက်နှစ်ဆယ်လောက်ကို လုပ်ပေးပြီးတော့ အကုန်လုံးပြီးသွားပြီပေါ့၊ အခုမှ ဆေးဆရာကြီးလည်း သက်ပြင်းချနိုင်သလို ကလေးမိဘတွေလည်း စိတ်သက်သာရာ ရသွားတာပေါ့ဗျာ။ အမေနဲ့ကျုပ်နဲ့ပြန်လာတော့ အမေက ရေနံဆီမန်းပုလင်းကလေးကို သေချာကြည့်ပြီး

“ဟဲ့သား၊ ရေနံဆီတွေက တိုးလာပါလား”

ကျုပ်လည်းပုလင်းကလေးကို သေချာဆွဲယူပြီးကြည့်လိုက်တော့ ပုလင်းအောက်ခြေမှာ ကျောက်ခဲဖြူဖြူသေးသေးကလေးတွေ စီတန်းနေတာပဲဗျာ။ ကျုပ်လည်း အမေ့ကိုပုလင်းပြန်မပေးတော့ဘူး။

“ဆရာတော်က ပြန်လာပေးလို့မှာထားလို့ သွားလိုက်အုံးမယ်ဗျို့”

မှန်မီးအိမ်ကို အမေ့ကိုပေးပြီးတော့ ကျုပ်က ဦးဘသာကြီးအိမ်ကိုပြေးလာခဲ့တာဗျ၊ ဦးဘသာကြီးက အိမ်ရှေ့တင်ထိုင်နေတယ်၊ ကျောက်ခဲကလေးကို လက်ဝါးပေါ်တင်ပြီး မျက်လုံးတွေကိုလည်း မှိတ်ထားတယ်ဗျ။ ကျုပ်လည်း မနှောင့်ယှက်ချင်တာနဲ့ သူ့အနားမှာ အသာရပ်နေလိုက်တယ်၊ ဦးဘသာကြီးက ခဏကြာတော့ မျက်လုံးဖွင့်လာတယ်ဗျ။

“ထူးတော့ထူးနေပြီဟေ့၊ အတတ်ပညာတွေအရဆိုရင်တော့ ကလေးတစ်ယောက်ဆီကနေ လာတာပဲကွ”

“ဗျာ၊ ကလေးတစ်ယောက်တဲ့လား”

“အေးကွ၊ ငါ့ပညာအရလည်း မမှားနိုင်ဘူး၊ ဒီတော့ဒီကလေးက ပညာတတ်တဲ့ကလေးဖြစ်ရမယ်”

“ဟာဗျာ၊ ကလေးက စုန်းပညာကို ဘယ်လိုတတ်မလဲဗျ”

“မဟုတ်ဘူးအလတ်ကောင်ရ၊ စုန်းမှာ မွေးကတည်းက ဝမ်းတွင်းပါတဲ့ ဝမ်းတွင်းပါစုန်းဆိုတာရှိတယ်၊ လူ့ဘ၀အစ ရေကြည်ဖြစ်တည်ပြီးတော့ ခုနှစ်ခုမြောက် သတ္တာဟလို့ခေါ်တဲ့ စက္ခု၊ သေတာ၊ ဃာန၊ ဇိဝှါ၊ ကာမ၊ မနလို့ခေါ်တဲ့ ဝိညာဏခြောက်ပါး ဖြစ်ပေါ်ပြီးတဲ့ သနေသားမှာ ဂန္ဓဗ္ဗ လို့ခေါ်တဲ့ နတ်က ဝင်ပြီးမှီခိုနေတတ်တယ်၊ ဝင်ပြီးတော့ နတ်ဆောင်နတ်နန်းစီရင်ပြီး နေထိုင်တတ်တယ်၊ အဲဒီလိုစုန်းကို ဝမ်းတွင်းပါစုန်းလို့ခေါ်တယ်၊ ဝမ်းတွင်းပါစုန်းတွေက စုန်းအတတ်တွေတောင် သင်စရာမလိုဘဲ စိတ်ထဲက မကောင်းကြံလိုက်တာနဲ့ နတ်ရဲ့တန်ခိုးနဲ့ တစ်ခုခုဖြစ်စေတတ်တယ်ကွ”

ဦးဘသာကြီးပြောမှပဲ ကျုပ်လည်း ဒီအကြောင်းတွေကြားဖူးတော့တယ်။

“ဒီလိုဆိုတော့ ကလေးတစ်ယောက်ယောက်က ဝမ်းတွင်းပါအဖြစ်မွေးဖွားလာပြီး သူ့ကိုယ်သူတောင် စုန်းဖြစ်မှန်းမသိဖြစ်နေတာကွ၊ ပြီးတော့ သူမကျေနပ်တဲ့သူတွေကို တစ်ခုခုလုပ်လိုက်လို့ အခုလိုဖြစ်ရတာ”

“ဒါဖြင့် ဘယ်သူလည်းဆိုတာ ဦးဘသာသိလား”

ဦးဘသာကြီးက ခေါင်းခါတယ်ဗျ။

“သူ့ခြေရာလက်ရာတွေကို ငါကမှန်းဆလို့မရဘူးကွ၊ ဒီတော့ မင်းလုပ်ရမှာက နောက်နေ့ကျရင် ကလေးတွေကိုသေသေချာချာစောင့်ကြည့်ပြီးတော့ ထူးခြားတဲ့ကလေးကိုတွေ့တာနဲ့ ငါ့ဆီကိုခေါ်လာခဲ့ကွာ”

ကျုပ်လည်း ခေါင်းညိတ်ပြီးတော့ ရေနံဆီပုလင်းကို ဦးဘသာကြီးကိုပေးခဲ့ပြီး ပြန်လာခဲ့တယ်၊ ကျုပ်အိမ်ပြန်ရောက်တော့ သန်းခေါင်ချိန် နီးနေပြီဗျ။

(၄)

ဒါနဲ့ နောက်တစ်နေ့တော့ ကလေးကြည့်ဖို့တာဝန်ကို ကျုပ်ကျတာပေါ့ဗျာ၊ ကလေးတွေကို အိမ်ပြင်ကိုမလွှတ်တော့ဘူးဗျ၊ အိမ်က ကလေးတွေကိုလည်း ခြံပြင်ကိုမထွက်ခိုင်းတော့ဘူးလေ၊ ညက ကလေးတွေဖြစ်တာကလည်း ဟိုလူလုပ်တာလိုလို၊ ဒီလူလုပ်တာလိုလိုဆိုတော့ ရွာထိပ်ကိုမထွက်ခိုင်းတော့ဘူးပေါ့ဗျာ၊ ကျုပ်မှာ ကလေးတွေကြောင့် ခြံထဲပိတ်မိနေတော့တာ၊ ကလေးတွေမစုမိကြတော့လည်း အခက်သားဗျ၊ ဒါနဲ့ကျုပ်အိမ်က ကလေးတွေကိုကြည့်နေမိတာပေါ့ဗျာ၊ ကျုပ်ရင်ထဲ ဟာတာတာကြီးဗျ၊ အဲဒါကလည်း ခင်ဝိုင်းနဲ့မတွေ့ရလို့ဖြစ်မှာပါ။

ကလေးတွေကတော့ ခြံထဲမှာ ကုန်းလားရေလားဆိုတဲ့ ကစားနည်းကို ဆော့ကစားနေကြတာဗျ၊ ပြေးလွှားနေကြတာပေါ့၊ အဲဒီအချိန်မှ အသက်ဆယ့်တစ်နှစ်လောက်ရှိတဲ့ ကျုပ်တူမအငယ်လေးကလည်း အနောက်ကနေပြေးလိုက်နေတာပေါ့။

“မမ၊ ငါလည်းပါချင်တယ်၊ ငါ့ကိုလည်းခေါ်ဆော့”

“ဟာ၊ နင်က ဆော့တတ်တာမဟုတ်ဘူး၊ နင်ပါရင်ရှုံးလိမ့်မယ်၊ နင်မပါနဲ့”

ကျုပ်တူမငယ်က မျက်နှာကြီးစူပုတ်ပြီးတော့ ဆော့တဲ့လူတွေရဲ့ ဘေးနားမှာကြည့်နေတာဗျ၊ အဲဒီအချိန်မှာ သူ့နံဘေးမှ သူ့အမတစ်ယောက်လာရပ်တော့ မြေပြင်မှာကျနေတဲ့ သူ့အမရဲ့အရိပ်ကို ဖနောင့်နဲ့ဆောင့်ပြီး ပေါက်ထည့်လိုက်ပါရော၊ ကျုပ်လည်း အဲဒါတွေ့တော့ ထူးဆန်းသွားတယ်၊ ညကလည်း အိမ်က ကလေးအကုန်ဖြစ်ပေမယ့် သူကမဖြစ်ဘူးမဟုတ်လား၊ ဒါနဲ့ ကျုပ်လည်း ကျုပ်တူမအငယ်ကို ခေါ်ပြီးမေးတာပေါ့။

“ဟဲ့ ကောင်မလေး၊ နင်ခုနက နင့်အမအရိပ်ကို ဘာလို့ဖနောင့်နဲ့ပေါက်တာလဲ”

“သူက သမီးကိုမှ ခေါ်မဆော့တာဦးလေးရ၊ သူ့ကိုဒေါသထွက်တယ်”

“ဟာ၊ နင်ဒေါသထွက်တိုင်း အဲဒီလိုပဲ ဖနောင့်နဲ့ပေါက်တာလား”

“ဟုတ်တယ်၊ မနေ့ကလည်း ထုပ်ဆီးတိုးတန်းဆော့တော့ သမီးကိုခေါ်မဆော့တာနဲ့ သူတို့တစ်ဖွဲ့လုံးရဲ့အရိပ်တွေကို ဖနောင့်နဲ့လိုက်ပေါက်တာ”

ကျုပ်ထူပူသွားတယ်ဗျာ၊ ဒါဆို ကျုပ်တူမအငယ်က ဦးဘသာကြီးပြောသလို ဝမ်းတွင်းပါစုန်းများလားမသိဘူး။ ကျုပ်လည်း တူမအငယ်ကို မုန့်ကျွေးမယ်ဆိုပြီးတော့ ဦးဘသာကြီးဆီကိုခေါ်သွားတာပေါ့ဗျာ၊ ကံကောင်းချင်တော့ ဦးဘသာကြီးနဲ့ ရွာပြင်ဇရပ်နားမှာ တွေ့တယ်ဗျ။

“သူပဲထင်တယ်ဦးဘသာ၊ သူက မနေ့က သူ့ကိုခေါ်မဆော့တဲ့ ကလေးတွေရဲ့အရိပ်ကို ဖနောင့်နဲ့ပေါက်တယ်တဲ့”

ဦးဘသာကြီးက ကလေးမရဲ့ခေါင်းကို လက်ဝါးနဲ့ထိထားလိုက်တယ်။

“အေးကွ၊ ဒီကလေးဟာ ဝမ်းတွင်းပါလေးကွ၊ နှယ်နှယ်ရရတော့မဟုတ်ဘူး”

“ဒါဖြင့် ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ၊ ကျုပ်တူမကိုတော့ စုန်းမဖြစ်စေချင်ဘူးဗျာ၊ ဦးဘသာကြီး ပညာနှုတ်လို့ရရင် နှုတ်ထားလိုက်စမ်းပါဗျာ”

ဦးဘသာကြီးက ခေါင်းခါတယ်ဗျ။

“ငါကစုန်းမို့လို့ စုန်းအချင်းချင်းပညာမနှုတ်ချင်ဘူးကွ၊ နှုတ်လို့ရပေမယ့် အဲဒီလိုလုပ်ရင် ငါကစည်းဖောက်သလိုဖြစ်သွားလိမ့်မယ်၊ ဒီတော့ မင်းတို့ သူ့အကျင့်ကိုပြင်ပေးကြကွာ၊ တကယ်လို့ ပညာတွေဘာတွေ နှုတ်ချင်တယ်ဆိုရင်တော့ အထက်လမ်းဆရာတစ်ယောက်ရှာပြီး လုပ်ပေးလိုက်ကြဟေ့”

“ဒါဆို ဦးဘသာကြီးက စုန်းတွေငဲ့ရတာပေါ့နော်”

“ဒါပေါ့ကွာ၊ စုန်းတွေဆိုတာကလည်း သူ့အဖွဲ့အစည်းနဲ့သူရှိတယ်ကွ၊ ဒါကြောင့် မို့လို့ တော်ရုံစုန်းတွေဆိုရင် ငါကသူတို့ကို နားချရုံပဲလုပ်လိုက်တာ၊ ငါ့ကို ပညာပြိုင်ပြီး စိန်ခေါ်တဲ့လူမဟုတ်ရင် ငါကဘာမှ သွားလုပ်လို့မရဘူးကွ၊ သွားလုပ်ရင် စည်းဖောက်တယ်ခေါ်တယ်”

“အထက်လမ်းကျတော့ စုန်းတွေရဲ့ဆန့်ကျင်ဘက်တွေလေကွာ၊ ဒါကြောင့် သူတို့လုပ်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့ကွာ၊ ဒီလောက်ဆိုရင် မင်းသဘောပေါက်မှာပါ၊ ကဲ၊ ကလေးမကိုခေါ်သွားတော့”

ကျုပ်လည်း ကျုပ်တူမကိုခေါ်ပြီးပြန်ခဲ့တာပေါ့ဗျာ၊ အဲဒီအကြောင်းတွေကို သူတို့မိဘတွေကို ပြောလို့မဖြစ်သေးပေမယ့် ကျုပ်တူမကိုတော့ နောက်ကိုအရိပ်မြင်ရင် ဖနောင့်နဲ့မပေါက်ဖို့၊ နောက်ပြီးတော့ စိတ်ဒေါသထွက်တိုင်း မဆဲဆိုဖို့မှာလိုက်တာပေါ့၊ လုပ်ရင် မုန့်မဝယ်ကျွေးဘူးလို့ပြောပြီး မုန့်ဝယ်ကျွေးလိုက်တာပေါ့ဗျာ။

အဲဒီနေ့က ကျုပ်ရင်ထဲ ဟာတာတာကြီးဗျ၊ ဘာလို့လဲဆိုတာ ခင်ဗျားတို့သိမှာပါ၊ ကျုပ်ရင်ထဲမှာ ထူးဆန်းတဲ့ရောဂါတစ်ခုဖြစ်နေပြီလေဗျာ၊ အဲဒါကတော့ အလွမ်းပေါ့၊ ခင်ဝိုင်းနဲ့တစ်ရက်မတွေ့လိုက်ရတော့ ကျုပ်လည်း နေမပျော်ဘူးဗျာ၊ နေလို့လဲ မထိပါဘူး။

နောက်တစ်နေ့မနက်တော့ ကျုပ်မနက်စာစားပြီးရုံရှိသေးတယ်၊ ခြံရှေ့ကနေ အသံကြားရတယ်ဗျ။

“ဗျို့အိမ်ရှင်တို့၊ အကြီးသန်း”

ခေါ်သံကြားတာနဲ့ ကျုပ်လည်းမျက်လုံးပြူးသွားတယ်၊ ခြံ၀ကိုကြည့်လိုက်တော့ ခင်ဝိုင်းရောက်ပြီး အိမ်ကိုခေါ်နေတာဗျ၊ အမေက ထွက်ကြည့်ပြီးတော့ ခြံတံခါးသွားဖွင့်ပေးလိုက်တယ်။

“ဟဲ့ နင်က မပုတူမ ခင်ဝိုင်းမဟုတ်လား”

“ဟုတ်တာပေါ့ အကြီးသန်းရဲ့”

“လာလေကွယ်၊ အိမ်ထဲဝင်ခဲ့”

ကျုပ်ဖြင့် မျက်နှာအမြန်ပြေးသစ်ပြီးတော့ ကျုပ်ဝတ်ထားတဲ့ စွပ်ကျယ်အစုတ်ကြီးကို အမြန်ချွတ်ရတယ်၊ ပြီးတော့ ရှပ်အကျီအသစ်နဲ့ ပုဆိုးအသစ်ပြေးလဲတာပေါ့ဗျာ၊ နောက်တော့ ဘုတ်သိုက်ကြီးဖြစ်နေတဲ့ ကျုပ်ဆံပင်တွေကို စုစည်းပြီးတော့ အုန်းဆီရွဲရွဲလောင်းချပြီး သေသေချာချာဖြီးလိမ်းလိုက်တာပေါ့၊ ပြီးတော့မှ အိမ်ပေါ်ကနေပြီး စတိုင်နဲ့ဆင်းလာတာပေါ့၊ ခင်ဝိုင်းက သူ့တူမကလေးကို ခေါ်လာတယ်ဗျ၊ သူ့တူမက အသက်လေးနှစ်လောက်ရှိပြီ၊ သိပ်ဆော့၊ သိပ်ကဲတဲ့ကောင်မလေးပါဗျာ၊ ကျုပ်ဖြင့်ကြည့်မရပါဘူး။ အမေက ကျုပ်ကိုကြည့်ပြီး

“ဟဲ့ အလတ်ကောင်၊ အဝတ်အစားသစ်တွေနဲ့ နင်ကဘယ်သွားမလို့တုန်း”

ကျုပ်လည်း မျက်နှာကြီးဖြီးပြီးတော့

“မဟုတ်ပါဘူးအမေကလဲ၊ အိမ်ကိုဧည့်သည်ရောက်နေတယ်မဟုတ်လား”

“အဲဒါသူစိမ်းမဟုတ်ဘူးဟဲ့၊ ငါတို့အမျိုးပဲ၊ နင်တို့နဲ့ဆိုရင်တော့ မောင်နှမလေးဝမ်းကွဲလောက်တော်တယ်”

“အမေကလည်း ကျုပ်က ဒီရွာမှာ အပ်ကျတာကအဆုံးသိနေတဲ့ကောင်ပါဗျ၊ ခင်ဝိုင်းကို ကျုပ်သိပါတယ်”

ကျုပ်လည်း ပြောပြီးတော့ ခင်ဝိုင်းအရှေ့က ခုံတန်းမှာ ဟန်ပါပါနဲ့ထိုင်လိုက်တယ်ဗျ။ ခင်ဝိုင်းက ကျုပ်ကိုကြည့်ပြီး ပြုံးနေတယ်၊ အမေကလည်း ထူးဆန်းနေတာပေါ့။

“ဟဲ့ အလတ်ကောင် ခင်ဝိုင်းကို ငါတို့ခေါ်သလိုလိုက်မခေါ်နဲ့၊ အရှေ့မှာ မထည့်ပြီးခေါ်ဟဲ့၊ နင့်ထက်အသက်အများကြီးကြီးတယ်”

ကျုပ်မှာဖြင့် အံ့ဩသွားတာဗျာ။

“ဟုတ်၊ ဟုတ်လားအမေ”

ကျုပ်အမေ့ကိုမေးလိုက်တော့ ခင်ဝိုင်းက ကျုပ်ကိုပြုံးပြီးကြည့်တယ်၊ အမေက

“ခင်ဝိုင်းက အသက်နှစ်ဆယ်ကျော်ရောပေါ့၊ သုံးဆယ်နားကပ်ပြီလား”

“နှစ်ဆယ့်ငါးနှစ်ပါ အကြီးရဲ့”

ခင်ဝိုင်းက အရပ်ခပ်ပုပုဆိုတော့ အရွယ်တင်တာနေမှာဗျ၊ ကျုပ်မျက်လုံးထဲတော့ ဆယ့်ရှစ်၊ အလွန်ဆုံးရှိမှ နှစ်ဆယ်လို့ပဲ ထင်ထားတာမဟုတ်လား၊ ဒါပေမယ့်ဗျာ၊ နှစ်ဆယ့်ငါးဆိုတော့ ကျုပ်ထက် လေးနှစ်လားပဲကြီးတာလေ၊ ဒါဆိုတော့လည်း မမပေါ့ဗျာ၊ မဟုတ်ဘူးလား။

“ဒါနဲ့ ခင်ဝိုင်း၊ နင့်သမီးလေး တော်တော်ထွားနေပြီနော်၊ ဘယ်နှနှစ်ရပြီလဲ”

“ဗျာ . . .”

မျောက်လောင်းစိန်ကောင်မလေးကို အမေကလက်ညှိုးထိုးပြီးတော့ မေးလိုက်တာဗျ၊။ ကျုပ်ဖြင့် အကျယ်ကြီးရေရွတ်လိုက်မိတာ၊ အမေတို့နှစ်ယောက်က ကျုပ်ကိုထူးဆန်းသလိုနဲ့ကြည့်တယ်ဗျ၊ နောက်တော့ မခင်ဝိုင်းက ခေါင်းညိတ်ပြီး

“လေးနှစ်ကျော်ပြီ ကြီးမေ၊ ရှေ့နှစ်ဆို ကျောင်းထားရတော့မယ်”

ဒီကောင်မလေးက မခင်ဝိုင်းရဲ့သမီးဆိုတာ ကျုပ်ဖြင့်မယုံနိုင်သေးဘူး။ ဒါဆို၊ ဒါဆို မခင်ဝိုင်းက အပျိုမဟုတ်ဘူးပေါ့၊ ကလေးတစ်ယောက်အမေပေါ့။

“နင့်ယောက်ျားရော အဆင်ပြေရဲ့လား”

“သူကတော့ ရခိုင်ဘက်ကိုတာဝန်ကျလို့ သွားနေရတယ်၊ အဲဒီနေရာက ခေါင်တော့ ခင်ဝိုင်းတို့လည်း မလိုက်သွားဖြစ်သေးဘူး”

“အေးပေါ့လေ၊ နင်တို့ရွာမှာ အဆင်ပြေတယ်မဟုတ်လား၊ ငါ့အိမ်လည်း လာလည်ပါအုံးအေ၊ တကတည်း အမျိုးတွေဖြစ်ပြီး စိမ်းကားလိုက်ထာ”

“လာလည်ပါ့မယ် ကြီးမေရဲ့၊ အခုတောင် ကြီးမေသားက အလည်ခေါ်ထားလို့ လာခဲ့တာ၊ ကြီးမေတို့က ကြိုက်မှန်းမကြိုက်မှန်း မသိလို့”

“ကြိုက်ပါတယ်၊ ကိုယ့်ဆွေမျိုးတွေပဲဟာ၊ ဟဲ့သား၊ မင်းက ခင်ဝိုင်းကို အိမ်လည်ခေါ်ထားတာတောင် ငါ့ကိုမပြောဘူးဟယ်၊ ငါကြိုသိရင် ဟင်းကောင်းချက်ထားတာပေါ့၊ ဒါနဲ့ခင်ဝိုင်း နေ့လည်စာစားပြီးမှပြန်နော်”

မခင်ဝိုင်းက ကျုပ်ကိုကြည့်ပြီး ပြုံးတယ်ဗျ၊ သူ့အပြုံးတွေကိုကြည့်ပြီး ကျုပ်ရင်မခုန်တော့ဘူး၊ နောက်တော့ လေတစ်ချက်အဝေ့မှာ မခင်ဝိုင်းဆီကနေ ပေါင်ဒါနံ့ကလေးထွက်လာတယ်၊ ကျုပ်သေသေချာချာ ရှူလိုက်တော့မှ ကလေးပေါင်ဒါ ဝိုင်အိုလက်ပေါင်ဒါအနံ့ကြီးဗျ၊ သူ့သမီးကို လိမ်းပေးပြီး ပိုတာသူလိမ်းတာဖြစ်မှာပေါ့ဗျာ၊ ကျုပ်လည်း မတ်တပ်ထရပ်လိုက်ပြီးတော့ ခြံထဲကနေပြေးထွက်လာခဲ့တယ်ဗျာ။ အမေကတော့ ကျုပ်ကိုလှမ်းကြည့်ပြီး အော်တယ်။

“ဟေ့ကောင်လေး၊ ဘယ်သွားမလို့လဲ၊ ဟောတော် ဗြုန်းစားကြီး ထပြေးတာပါလား”

“ဘယ်လိုမှ သဘောမထားနဲ့ခင်ဝိုင်းရေ၊ အဲဒီကောင်လေးက သိပ်ပြီးကျပ်မပြည့်ချင်ဘူး၊ အမြဲတမ်းဒီလိုပဲ”

အမေတို့ ဘာတွေပြောနေသလဲဆိုတာကို ကျုပ်မကြားတော့ပါဘူး၊ ကျုပ်ခြေလှမ်းတွေက ခြံနဲ့ဝေးတဲ့နေရာ၊ ရွာပြင်ကို အပြေးလှမ်းနေမိပြီ မဟုတ်လားဗျာ။

“ဝတ်ကောင်းစားလှတွေ ဝတ်ထားပေမယ့် မှိုင်နေတာကတော့ လင်းတမှိုင်ကြီးlကွ၊ မင်းကောင်မလေးနဲ့ မင်းနဲ့အဆင်မပြောဘူးထင်တယ်”

ကျုပ်ရွာပြင်သစ်ပင်ရိပ်မှာထိုင်နေရင်း ဦးဘသာကြီးက အနားကိုရောက်လာတာဗျ၊ ကျုပ်လည်း သက်ပြင်းရှည်ကြီးချလိုက်မိတယ်။

“ကောင်မလေးမဟုတ်ပါဘူးဗျာ၊ ဖြစ်လို့လဲမရဘူး၊ သူက ကလေးတစ်ယောက်အမေ၊ အိမ်ထောင်သည်ကြီးဗျ၊ ရွာပြင်ကိုလာလာထိုင်တာကလည်း သူ့သမီးဆော့တာကို လာစောင့်ကြည့်ပေးနေတာတဲ့ဗျာ”

ကျုပ်ပြောတော့ ဦးဘသာကြီးက ရယ်မောတယ်ဗျ၊ သူတော်တော် သဘောကျနေပုံရတယ်။ ကျုပ်ဖြင့် ဦးဘသာကြီးကို မုန်းလိုက်တာဗျာ။

“ဟား၊ ဟား ငါပြောခဲ့သားပဲ၊ မင်းကို လူပျိုကြီးပဲလုပ်ပါလို့”

“ဘာဗျ၊ ဒါ . . ဒါဆို ဦးဘသာကြီးက သူကလေးအမေမှန်း ကြိုသိနေတယ်ပေါ့”

“မင်းကွာ၊ တော်တော်တုံးတဲ့ကောင်ပဲ၊ ကာလသားဖြစ်ပြီးတော့ မိန်းမတစ်ယောက်ကို အပျိုလား၊ အအိုလားတောင် မခွဲခြားတတ်တဲ့ကောင်”

သူပြောသမျှ ခံဖို့ပဲရှိတော့တာပေါ့ဗျာ၊ ကျုပ်အိမ်ကိုမပြန်ချင်တာ၊ မခင်ဝိုင်းကို မျက်နှာပူလို့ဗျ၊ တစ်ရွာလုံးမှာ အပ်ကျတာကအစသိတဲ့လူက မခင်ဝိုင်းကလေးအမေမှန်း မသိတာကိုသာ သိရင် ကျုပ်ကိုလှောင်ပြီးရယ်နေမှာဗျ။ ဒီလိုနဲ့ပဲ ကလေးတွေရဲ့ ထူးဆန်းတဲ့ရောဂါပျောက်သွားသလို ကျုပ်ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ ထူးဆန်းတဲ့ရောဂါတစ်ခုကလည်း ပျောက်ကွယ်သွားတော့တာပါပဲဗျာ။

ကျုပ်တူမကလေးကိုတော့ အထက်လမ်းဆရာနဲ့ပြပြီးတော့ ပညာစက်တွေ ထုတ်ပေးလိုက်တယ်လို့ ပြောတာပါပဲဗျာ၊ ကဲဗျာ၊ ဒီနေ့တော့ တော်ပါပြီ၊ ဒါနဲ့ အခုကျုပ်လည်း ထူးဆန်းတဲ့ရောဂါ ရနေတယ်ဗျ။ ဆရာရေးတဲ့ ဒီအကြောင်းတွေကို ကျုပ်မိန်းမသာဖတ်မိသွားလို့ကတော့ ကျုပ်ဘာဖြစ်မလဲဆိုတာ မတွေးတတ်ဘူးဗျို့။ ဘာလို့လဲဆိုတော့ ကျုပ်ယူထားတဲ့ မိန်းမက မခင်ဝိုင်းရဲ့ ညီမအရင်းဖြစ်နေလို့ဗျ။

ပြီးပါပြီ။
အဂ္ဂဇော်