နေပူထဲမှအဘွားအို

ပါသည်။ ဗိုက်ကိုလက်နှစ်ဖက်ဖြင့် ထောက်၍ အမောဖြေနေသည်။

“ဟဲ့ကလေးတွေ . . ဒီထဲမှာ . . .သံချောင်းမပါဘူးလား”

သူ့မြေးကိုမေးခြင်းဖြစ်သည်။

“သံချောင်းမပါဘူး …”

သံချောင်းကအော်ဖြေလိုက်၍ အားလုံးရယ်ကြရသည်။

“ဪ .. ဒုက္ခ .. ဒုက္ခ ဒီကောင်လေးကလဲ ဘယ်ရောက် နေမှန်းမသိဘူး . . ”

အဖွားကြီးမျက်စိမှုံနေ၍ ဇရပ်ပေါ်မှ သံချောင်းကို ကောင်းကောင်းမမြင်။

“အဖွားကြီးသံချောင်းရှိတယ်…..သံချောင်းမပါဘူးလို့ ပြောတာ သံချောင်းပဲ ဒီမှာ ..” …

ကိုအေးက သံချောင်းလက်ကိုဆွဲလာပြသည်။

‘“မဟုတ်ဘူး .. သူညာတာ..”

“ဟဲ့ သံချောင်း လာစမ်း ဖွားကြီးငြိမ်းမြင်သွားပါပြီ။ … လာစမ်း ..”

“ဘာလုပ်မလို့လဲ . . . ဒီမှာကစားနေတယ် .. မအားဘူးဗျ”

‘“ပြီးမှပြန်လာကစားပါ ငါ့မြေးရယ် တောမှာအဖွားဘိနပ် မေ့ကျန်နေခဲ့လို့ သွားယူပေးစမ်းပါ .. ”

“မယူချင်ဘူးဗျာ . . . သိပ်ရှုပ်တာပဲ .. ”

သံချောင်းက တူးတူးခါးခါးငြင်းလိုက်သည်။

“ဪ ဒုက္ခ … ဒုက္ခ နေကလဲပူလိုက်တာ သွားရမှာ ကလဲ အဝေးကြီး… ”

အဖွားကြီး ညည်းညူရင်း လုံချည်ကို တင်းတင်းပြင်ဝတ်၍ ပြန်သွားရန်ပြင်နေသည်။

“ဟေ့ကောင် သံချောင်း သွားယူပေးလိုက်ပါကွာ .. ဘွားကြီးငြိမ်း သနားပါတယ် ..”

မောင်ကျော်ကသံချောင်းကို လှမ်းပြောသည်။

“မသွားချင်ပါဘူးကွာ .. ဒီလောက်တောင် နေပူနေတာ သူမေ့တာ သူ့ဘာသာသွားပေါ့ … ”

သံချောင်းပြောပုံမှာ တင်းမာ၍ သနားကြင်နာကင်းလှသည်။ ဖွားကြီးငြိမ်းမှာ အသက်(ရ၀) ကျော်နေပြီ။ မငြိမ်းအေး နိုင်သေး။ နေပူကြီးထဲတစ်ခေါက်ပြန်သွားရအုံးမည်။

အဖွားကြီးကိုလှမ်းကြည့်ပြီး မောင်ကျော်သနားစိတ်ဖြစ်မိ သည်။ အဖွားကြီးသွားနေပုံက တရွေ့ရွေ့။ နေကလည်းခြစ်ခြစ် တောက်အောင်ပူလျှက်။

“ဘယ်လောက်ဝေလဲ ဒီလိုသွားနေပုံနဲ့ဆို တော်တော်နဲ့ ရောက်မှာမဟုတ်’’

“ငါ့စက်ဘီးနဲ့သွားယူပေးရင် . . .”

မောင်ကျော်တွေးပြီးမှ အမေကနေပူထဲဘယ်မှမသွားရန် မှာထားသည်။ သွားလျှင်ရိုက်မည်ဟုလည်း ပြောသွားသည်။

အဖွားကြီးဆီကိုလှမ်းကြည့်လိုက်သည်။ ခြစ်ခြစ်တောက် အောင် ပူနေသောနေပူကြီးထဲမှာ တရွေ့ရွေ့ လျှောက်လှမ်းလျှက်။

““ငါ့စက်ဘီးနဲ့အမြန်နင်းပြီးသာယူပေးရင် ခဏလေးနဲ့ ရောက်လာမှာ”

အဖွားကြီးကို ကူညီချင်စိတ်ဖြစ်မိသည်။

“ကဲ အမေရိုက်ချင်လဲရိုက်ပါစေတော့”

အဖွားကြီးကိုကူညီရန် မောင်ကျော်ဆုံးဖြတ်လိုက်သည်။

‘“ဖွားငြိမ်း ဖွားငြိမ်း’”

မောင်ကျော် လှမ်းခေါ်လိုက်သည်။

အဖွားကြီးမှာ လမ်းမပေါ်သို့ခြေလှမ်းခြောက်လှမ်းခန့် ရောက်နေပြီ။

“ပော့ဘယ်သူလဲဟဲ့”

“ကျွန်တော်ပါ။ ကျွန်တော်သွားယူပေးမယ်။ ဘယ်နားမှာ ကျန်ခဲ့တာလဲ”

“ဟင် အင်း”

အဖွားကြီး ဇရပ်ဆီသို့ ပြန်လှည့်လာသည်။ ကူညီမည်ဆိုသူကို ဝေသီသောမျက်လုံးများနှင့်လိုက်ရှာနေသည်။

‘“ငါ့ကိုနောက်ပြောင်ပြောတာလား”

ဟူလည်း သံသယံဖြစ် လာသည်။

“ပြောလေ အဖွား ကျွန်တော်သွားယူပေးမယ်”

မောင်ကျော်က ဇရပ်၏အစွန်းနားထိသွား၍ အဖွားကြီးရှေ့ မှာရပ်လိုက်သည်။

“ဪ အေးအေး ဒီကသွားရင် စင်္ကြန်ကုန်းလွန်ပြီးတော့ ဖိုးရွှေတို့တောသိလား”

မောင်ကျော် ခေါင်းညိတ်လိုက်သည်။

“ဖိုးရွှေတို့တောကျော်ပြီးရင် ကျော်သိန်းတို့ ကြံခင်းရှိတယ်။ အဲ့ဒီကြံခင်းကျော်ရင် ရှားပင်ကွင်းဖြတ်ပြီးတာနဲ့ ခတက်ပင် ကုန်းရောက်ပြီ ကုန်းပေါ်မှာ ထနောင်းပင်တစ်ပင်တွေ့လိမ့်မယ် အဲ့ဒီထနောင်းပင်လေးအောက်က မီးဖိုလေးဘေးမှာ ထားခဲ့တာ .. ”

မောင်ကျော်အသေအချာမှတ်ထားသည်။ အဖွားကြီးပြောပုံ . အရဆိုလျှင်တော်တော်ဝေးသည်။

ဤမျှဝေးသောခရီးကို အဖွားကြီးသာတစ်ခေါက်ပြန်သွား ရလျှင် တော်တော်နှင့် ပြန်ကေက်မည်မဟုတ်။

“ရတယ် ဖွားငြိမ်း။ ကျွန်တော် စက်ဘီးနဲ့ သွားယူပေးမယ် ဒီဇရပ်ကပဲ စော့င်နေ”

မောင်ကျော်စက်ဘီး ဒေါက်ကိုဖြုတ်လိုက်သည်။

“ဟဲ့ ဟဲ့ မင်းကဘယ်သူ့သားတုန်း အဖွားကို ပြောပါဦး”

ဖွားငြိမ်းက မောင်ကျော်စက်ဘီးကိုကိုင်ပြီး ဝေသီသော မျက်လုံးများနှင့် မောင်ကျော်ကိုကြည့်နေသည်။

“ဆရာမကြီး ဒေါ်စောရှင်သား”

“ဟေ့ ဆရာမကြီးသားဟုတ်လား’

“ဟေ့ကောင် မောင်ကျော် မင်း မသွားနဲ့။ ဆရာမကြီး နေပူထဲသွားရင်ရိုက်မယ်လို့ အသေအချာလာပြောထားတာ။ သွားရင် ငါတိုင်မှာ။”

ဘိုအေးက ခြိမ်းခြောက်စကားဆိုသည်။

ဘိုအေးကို မောင်ကျော်လှမ်းကြည့်လိုက်သည်။ တိုင်မှာ သေချာသည်။

‘“ဪာ် နေပါစေတော့ကွယ် ငါ့ဘာသာသွားပါတော့မယ်”

ဘိုအေးစကားကြောင့် မောင်ကျော်ကိုဒုက္ခမပေးချင်၍ ဖွားငြိမ်း သူ့ဘာသာထွက်သွားပါသည်။ သွားနေပုံကတရွေ့ရွေ့ တလှုပ်လှုပ်။ နေပူကြီးထဲမှာ အဖွားကိုမောင်ကျော်လှမ်းကြည့်ပြီး မောင်ကျော်ဆုံးဖြတ်လိုက်သည်။ ဘိုအေး တိုင်ချင်တိုင်ပါစေ။ အမေရိုက်လျှင်ခံတော့မည်။

“အဖွား ကျွန်တော်သွားယူပေးမယ် . . ”

အဖွားကြီးကိုလှမ်းအော်ပြောပြီး မောင်ကျော် စက်ဘီးကို ခပ်မြန်မြန်နင်းထွက်ခဲ့သည်။

ရှားစောင်းပင်များ စောင်ကြမ်းပင်များ ပေါက်ရောက်ရာ စင်္ကြံကုန်းကို ခပ်ဝေးဝေးတွင်လှမ်းမြင်ရပါသည်။ စင်္ကြံကုန်း၏ အလယ်တွင် မန်ကျည်းပင်ကြီးတစ်ပင်ထီးထီးရှိနေ၏။

ထိုမန်ကျည်းပင်ကြီးဆီသို့ တူရှူပြု၍ လှည်းလမ်းကြောင်း အတိုင်းစက်ဘီးကို အမြန်နင်းသည်။ ခေါင်းတွင် ဦးထုပ်မပါ၍ နေက တော်တော်မူသည်။ သို့သော် စက်ဘီးအမြန်နင်း၍လေတိုးနေသော ကြောင့် အပူသက်သာသည်။

“အဖွားကြီးသာဆိုရင် ဖြည်းဖြည်းသွားနေတာ ဘယ် လောက်ပူမလဲ”

စာနာသောအတွေးစိတ်ဝင်၍ အပူသက်သာသွားသလိုထင် မိ၏။

မြင်ရသော စင်္ကြံကုန်းကိုပင် စက်ဘီးဖြင့်တော်တော်ကြာ အောင်သွားရသည်။

စင်္ကြံကုန်းပေါ်ရောက်တော့ ဒေါ်ရင်းကောင်များ၏ အော် မြည်သံများဖြင့် ဆူညံနေသည်။ နေပူချိန်မို့ လူတစ်ယောက်မျှမ တွေ့ရ။

စင်္ကြံကုန်းကျော်ပြီးတော့ လှည်းလမ်းကြောင်းက မထင်မရှား ဖြစ်လာသည်။ တောသွားလမ်းကြောင်းသာဖြစ်သည်။ သို့သော် စက်ဘီးနင်း၍ ရပါသည်။

ကိုဘိုးရွှေတောရောက်ပြီ။ ရိတ်ပြီးသားနှမ်းငုတ်တိုများကြားမှ လှည်းလမ်းကြောင်းအတိုင်း စက်ဘီးကိုဆက်နင်းသည်။ ဟုတ်ပြီ။ ရှေ့မှာ ကြံခင်းကိုလှမ်းမြင်ရပြီ။ ဖွားငြိမ်းပြောသော ကိုကျော်သိန်းကြံခင်းဖြစ်သည်။ ကြံခင်းကိုရောက်တော့ စက်ဘီးဆက်စီး၍မရ။

မောင်ကျော်ဘီးပေါ်မှဆင်းပြီး စက်ဘီးကိုရပ်ထားခဲ့သည်။ ကြံခင်းကိုပတ်သွားရမည်။ နေပူသက်သာအောင်ပြေးသွားလိုက်သည်။

ကြံခင်းကိုလွန်၍ ရှားပင်ကွင်းကိုရောက်ပြီ။ ရှားပင်ကွင်း ကျော်ပြီး နောက်ရှေ့မှ ခတက်ပင်ကုန်းဆီးသို့လှမ်းကြည့်လိုက်သည်။

“ဟာ အဲ့ဒါမှ ပြဿနာပဲ”

အဖွားကြီးက ထနောင်းပင်အောက်မှာဟုပြောသည်။ ခတက်ပင်ကုန်းပေါ်မှာ ထနောင်းပင်ကတစ်ပင်တည်းမဟုတ်။ ကုန်းစောင်းမှာလှမ်းမြင်ရသည်က ပင်သုံးပင် ကုန်းပေါ်ကအတွင်း ဘက်ပိုင်းမှာလည်း လှမ်းမြင်နေရသည်ကအများကြီး၊ ဘယ်အပင်မှန်း မသိ။

‘‘ထနောင်းပင်အောက်က မီးဖိုဘေးမှာ ..”

မောင်ကျော်စိတ်ထဲမှာ ပြန်ပြောနေမိသည်။

“မီးဖိုလေးရှိတဲ့ ထနောင်းပင်ကိုရှာမယ်”

အနီးဆုံးထနောင်းပင်ဆီသို့ပြေးသည်။ နီးလာပြီ။ မီးဖိုမရှိ၍ ထနောင်းပင်အထိ မသွားတော့ပဲ အခြားတစ်ပင်ဆီသို့ပြေးသည်။ ထနောင်းပင်အောက်ရောက်သည်အထိ မီးဖိုမတွေ့။ နောက်တစ်ပင်ရှိရာသို့ပြေးရပြန်သည်။ မီးဖိုရှိသည်။ ဖိနပ်မတွေ့။

ပို၍ဝေးသော ထနောင်းပင်ဆီသို့ပြေးသည်။ ကုန်းတက်ကို ပြေးရ၍ နည်းနည်းတော့မောသည်။ သို့သော် နေပူဒဏ်ကိုကြာကြာ
မခံရအောင် ဆက်ပြေးသည်။ မတွေ့သေး။ တစ်ပင်ပြီးတစ်ပင် ပြေးပြေးလွှားလွှား ရှာနေရသည်။

“ဟော တွေ့ပြီ။ မောင်ကျော် ဝမ်းသာစိတ်နှင့် ပျော်သွားသည်။

မီးဖိုလည်းရှိသည် မီးဖိုဘေးမှာ ကြက်ပေါင်ဖိနပ်ကလေး တစ်ရံ။ ဘိနပ်ကလေးမှာ ဖွားငြိမ်းစီးထား၍ အမြီးပင်တိုနေပြီ။ မောင်ကျော် ဝမ်းသာအားရ ဘိနပ်ကလေးကို ကောက်ယူလိုက်သည်။ သူ့ဘိနပ်ပြန်ရလျှင် ဖွားငြိမ်းဝမ်းသာစိတ်ဖြစ်လိမ့်မည်ဟု တွေးရင်း မောင်ကျော်အမြန်ဆုံးပြေးထွက်လာခဲ့သည်။

အပြန်ခရီးကပို၍မြန်၏။

သို့သော် ဇရပ်ရောက်တော့ ဖွားငြိမ်းကိုမတွေ့ရ။ ကစားသူ လည်းတစ်ယောက်မျှမရှိ။

ဖွားငြိမ်းအိမ်အထိရောက်အောင် စက်ဘီးကိုဆက်နင်း သွားပြီး ဖိနပ်ကလေးပေးလိုက်သည်။

“အမယ်လေး မောင်မင်းကြီးသား ဘုရားဖြစ်မယ့်လူ။ ရွှေကျောင်းဆောက်။ ကျုပ်မြေးတောင် ဒီလိုလုပ်မပေးပါဘူးတော်။ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘေးခပ်သိမ်း ရန်ခပ်သိမ်း ကင်းငြိမ်းပါ…”

မောင်ကျော်ပြန်ထွက်လာခဲ့သည်အထိ အဖွားကြီးမှာ ဆုများ ပေး၍မပြီးသေး။

မောင်ကျော် အိမ်ပြန်ရောက်တော့ အမေအိပ်ရာနိုးနေပြီ။ မောင်ကျော်ကိုစောင့်ကြိုလျက်။

မောင်ကျော်အမှန်အတိုင်းပြောပြီး ရိုက်လျှင်ခံမည်ဟု အမေ့ရှေ့မှာရပ်လိုက်သည်။

“ငါ့သား တောသွားပြီးဖွားငြိမ်း ဖိနပ်ယူပေးတယ်ဆို’

‘“ဘိုအေးတိုင်တာလား အမေ”

မောင်ကျော်က ပြန်မေး၍ အမေပြုံးလိုက်သည်။

‘‘ဘိုအေးကလဲလာတိုင်တယ်။ ဖွားငြိမ်းကလဲ အိမ်ဝင်ပြော သွားတယ်။ ဆုတွေပေးပြီးချီးမွမ်းသွားလိုက်တာ … တစ်လမ်းလုံး လူတိုင်းကြားတယ် . . . ””

အမေ့မျက်နှာ တင်းတင်းမာမာမဟုတ်ရုံသာမက လေသံ ကလည်း မကျေမနပ်မဟုတ်သည်ကို မောင်ကျော် သတိထားမိသည်။

“ငါ့သားကို အမေမရိုက်ပါဘူး။ ငါ့သားက စိတ်ကောင်း ရှိတာပဲ။ အသက်ကြီးတဲ့အဖွားကြီးကို ကူညီတော့ ကုသိုလ်ရတာပေါ့။ နေပူထဲက ပြန်လာတာ – ရေအေးမသောက်နဲ့ငါ့သား။ ရော့ ဒီမှာ ရေနွေးပူပူတစ်ခွက်သောက်လိုက်’’

အမေရိုက်လျှင်ခံမည်ဟုမျှော်လင့်ထားသော်လည်း အမေ ဆူရုံမျှပင်မပြု ချီးမွမ်းစကားဆို၍ ကိုယ်ပြုသောကောင်းမှူအတွက်
မောင်ကျော်ကျေနပ်မိသည်။ အမေပေးသော ရေနွေးပူပူကိုသောက်လိုက်သည်။ ရင်ထဲမှာ အေးမြလျက်။

လယ်တွင်းသားစောချစ်