နှင့် သူရဇော်တို့၏တွေ့ဆုံမှုက …
“သူရဇော် ဒီနေ့ငါ့ကောင်မလေးကို ဒဂုံတက္ကသိုလ်မှာသွားကြိုမှာ မင်းလည်းလိုက်ခဲ့ပါလား”
“အေးကွာ ငါလည်းဒီနေ့ပြိုင်ပွဲမရှိဘူး ဆိုင်ကယ်ပတ်စီးရတာပေါ့”
“ဒါဆို၁၁နာရီလောက်သွားကြမယ်”
“အင်း ငါဆိုင်ကပဲစောင့်နေမယ်”
*************
“ဖြေးဖြေးမောင်းနော်သူရဇော် တစ်ခုခုဆိုမလွယ်ဘူး သူများပိုင်နက်”
“မင်းကလည်းကြောက်တတ်လိုက်တာ ဘာမှမဖြစ်ပါဘူးကွာ”
တက္ကသိုလ်ဝင်းထဲသို့ရောက်လာခဲ့ပြီး သူရဇော်တစ်ယောက်ဆိုင်ကယ်ကိုပုံမှန်အတိုင်းမောင်းလာခဲ့သည်။အမှတ်မထင် ကွေ့လာတဲ့ကားကိုရှောင်ရင်း…
”အား…”
မိန်းကလေးတစ်ယောက်လဲကသွားခြင်းကြောင့် လူအများဝိုင်းအုံလာတော့သည်။
“ဟင် တွယ်တာဘာဖြစ်သွားလဲ”
“တွယ်တာဘာဖြစ်သွားသေးလဲ တွယ်တာ”
လဲကျသွားသောမိန်းကလေးနားသို့ လူဝိုင်းလာသည်။တွယ်တာမြတ်နိုးဟူသော နာမည်မှာတစ်ဝန်းလုံးပဲ့တင်ထပ်နေတော့သည်။အဖြစ်အပျက်ကမြန်ဆန်လွန်း၍ သူရဇော်တစ်ယောက်သေချာမသဲကွဲလိုက်။သို့သော် သူရဇော် ထိုမိန်းကလေးကို လုံးဝမတိုက်မိသည်တော့အမှန်ပင်။
“ခဏလေးဖယ်ပေးကြပါဗျာ ဘာဖြစ်သွားလဲမသိဘူး”
“မင်းဘယ်မှမသွားနဲ့ အဲ့မှာပဲနေ”
“မသွားပါဘူး ကျနော်နဲ့လည်းအလွတ်ကြီး သူ့ကိုမတိုက်မိဘူး”
“ဟုတ်ပါတယ်ဗျာ ကျနော့်သူငယ်ချင်း ဒီကအမကို ဆိုင်ကယ်နဲ့မတိုက်မိပါဘူး ”
“တွယ်တာ သတိရလာပြီ တွယ်တာနင်အဆင်ပြေရဲ့လား”
“တွယ်တာ တောင်းပန်ပါတယ်နော် ဒီကမောင်လေးနဲ့ဘာမှမဆိုင်ပါဘူး တွယ်တာလန့်ပြီးလဲကျသွားတာပါ”
“ဟူးတော်ပါသေးရဲ့”
” အားလုံးကျေးဇူးပါနော် တွယ်တာဘာမှမဖြစ်ပါဘူး အားလုံးသွားလို့ရပါပြီ”
“ကျနော်လည်းသွားလို့ရပြီလား”
“မင်းခဏနေဦး”
“ဘာပြုလို့”
“ငါပြောစရာရှိလို့ ကန်တင်းလိုက်ခဲ့”
“အိုကေ…”
ကန်တင်းရောက်တော့ မှာစရာမှာပြီး တွယ်တာမြတ်နိုး သူရဇော်ကိုစတင်စကားချေပတော့သည်။တွယ်တာမြတ်နိုးမှာ ခပ်နုံနုံအအမိန်းကလေးတစ်ယောက်မဟုတ်။သွက်လက်ချက်ချာလှသည်။အေးဆေးတည်ငြိမ်စွာလိုရာစကားကိုပြောနိုင်စွမ်းရှိသူဖြစ်၏။ထိုနေ့မှစ တွယ်တာသည်သူရဇော်၏ နှလုံးသားကိုအန်ိုင်ယူသွားနိုင်ခဲ့သည်။
“ဟိတ်ကောင်လေးမင်းကိုပြောနေတာမကြားဘူးလား နောက်ဆိုင်ကယ်မောင်းရင် သတ်မှတ်နှုန်းနဲ့မောင်းသင့်တယ် လူရှုပ်တဲ့နေရာမှာ မင်းကိုမင်းဘာထင်နေလဲ ငါပြောတာကြားလား”
“ကျနော်ကြားဖူးတာ မမတွေကသိပ်ဇီဇာကြောင်တယ်တဲ့ တကယ်ပဲဗျာ”
“မင်းဘာပြောတယ်”
“မသိဘူးလေ မမကိုတော့ကျနော့်နှလုံးသားက
အမှတ်ပြည့်ပေးလိုက်မိပြီ”
“မင်း မင်းပြောလေဆိုးလေပါလား လာယုယသွားမယ်”
“ဒီဝိုင်းလေးရှင်းပေးခဲ့ပါလား ကျနော်ပိုက်ဆံအိတ်မပါလို့”
“ရော့ဒီမှာထားခဲ့ပြီ မင်းမျက်နှာကိုငါမမြင်ချင်ဘူး မင်းသတိတော့ထားပေတော့ကောင်လေး”
“ဟုတ်ကဲ့ ကျနော်သူရဇော် မမတွယ်တာမြတ်နိုးရဲ့စကားတွေကိုမှတ်ထားပါ့မယ်ဗျာ”
တွယ်တာမြတ်နိုး မျက်စောင်းထိုးကာ ဆိုင်ထဲမှထွက်သွားတော့သည်။သူရဇော်ရဲ့နှလုံးသားထဲ တွယ်တာမြတ်နိုးဆိုတဲ့ကောင်မလေးဝင်ရောက်ခဲ့သလို မြတ်နိုး၏နှလုံးသားကိုလည်း အမုန်းမြှားတစ်စင်းဖန်တီးလိုက်နိုင်ခဲ့သည်။တချို့အမုန်းတွေက အချစ်အဖြစ်ဖန်တီးနိုင်ပြန်သည်။
@@@
“သူရဇော် မင်းကလည်းကွာ ဘာလို့ မတွယ်တာမြတ်နိုးနဲ့မှသွားညှိ့တာတုန်း သူ့နောက်မှာကျောင်းသူကျောင်းသားတွေများတယ်”
“နားစမ်းပါကွာ ငါမမကိုချစ်မိသွားပြီ”
“ပြောလေဆိုးလေပါလား မင်းတော့ဝဋ်လည်တော့မယ်ထင်တယ်”
“ဘာကိုလဲဟ”
“မင်းကရန်ကုန်တက္ကသိုလ်ရဲ့အသည်းခွဲဘုရင်လေ ဟိုကဒဂုံတက္ကသိုလ်ရဲ့အသည်းခွဲဘုရင်မ ဒါပေမယ့်ဟိုကတစ်ယောက်မှပြန်မကြိုက်တာ မင်းကနှလုံးသားတွေကိုအစိမ်းသက်သက်ခွဲတတ်တာ”
“မမရဲ့အချစ်ကို ငါရစေရမယ်ကွာ”
သူရဇော်နှင့် တွယ်တာမြတ်နိုး၏အချစ်ဇာတ်လမ်းသည် သိပ်ကိုပုံပြင်ဆန်သည်။သို့သော် ဘယ်သောအခါမှမရိုးသောပုံပြင်တစ်ပုဒ်ပင်။
သူရဇော် မြတ်နိုး၏အချစ်ကိုရဖို့ သုံးနှစ်ဆက်တိုက်ကြိုးစားခဲ့ရသည်။မြတ်နိုးဘက်ကလည်း ဇွဲဆုပြန်ပေးခဲ့ရသည်။ယခုဆို မြတ်နိုးမှာ မြန်မာစာမဟာတန်းဒုတိယနှစ်ဖြစ်သည်။သူရဇော်ကတော့ သမိုင်းနောက်ဆုံးနှစ်သို့ရောက်လာခဲ့၏။သို့သော် နှစ်ယောက်သားမတွေ့ဖြစ်။အဆက်အသွယ်မလုပ်ဖြစ်ချေ။
**************
“ဟင် မောင် ဘယ်လိုဖြစ်တာ”
“မ ကိုလာကြိုတာလေ မလာရဖူးလား”
“မဟုတ်ပါဘူး မောင် မ မကြိုက်တာတွေလုပ်လာပြန်ပြီမဟုတ်လား”
“မသိဘူးမရာ ကျွန်တော် မကိုပြောစရာတွေရှိတယ်လိုက်ခဲ့ပေး”
“အတန်းချိန်ရှိသေးတယ် မောင် မလက်ကိုလွှတ်”
“မသိဘူး မရာ ခုလိုက်ခဲ့”
“မြတ်နိုး ဒါဘာဖြစ်နေတာလဲ”
“ဘာမှမဖြစ်ဘူးကို အတန်းချိန်ရှိသေးတယ် သွားရအောင်”
သူရဇော်တစ်ယောက်သူ့မျက်ဝန်းပင် သူမယုံကြည်ဖြစ်နေခဲ့တော့သည်။မြတ်နိုးဆိုတာ သစ္စာတရားကိုသိပ်မြတ်နိုးတဲ့မိန်းကလေးတစ်ယောက်ဆိုတာလည်း သူရသိသည်။လုံးဝမယုံကြည်နိုင်ပေ။ဖြေရှင်းချက်တောင်းစရာမလိုဘဲ အရာအားလုံးကရှင်းရှင်းလင်းလင်းမြင်နေရ၍ သူစိတ်ထိခိုက်ရုံသာတတ်နိုင်တော့သည်။ဒရမ်မာတွေလည်း ခင်းမနေ။လာရာလမ်းအတိုင်း လှည့်ပြန်လာ၏။ထိုနေ့မှစသူရတစ်ယောက် အသည်းကွဲလူမိုက်တစ်ယောက်အဖြစ်ပြန်လည်ရောက်ရှိသွားရပြန်သည်။အရင်လို ပြန်မိုက် ပြန်ဆိုးပေနေခဲ့သည်။
ခြောက်လခန့်ကြာသော်…
ညနေနေဝင်ချိန်ရောက်တိုင်း သနပ်ခါးပန်းအနံ့က သူရနှာခေါင်းထဲမရှူရှိုက်ပဲ ဝင်ရောက်နေခဲ့သည်။သူရ သနပ်ခါးပန်းဆို သိပ်မုန်း၏။သနပ်ခါးပန်းက သူရအတွက်နာကြည်းစရာ အမှတ်တရ ရှိနေခြင်းကြောင့်ဆိုပိုမှန်မည်။အရင်က သူရသနပ်ခါးပန်းကို သိပ်ကြိုက်တတ်သူ။အကြောင်းမှာ မြတ်နိုးကြိုက်နှစ်သက်သည်က သနပ်ခါးပန်းဖြစ်သောကြောင့်ပင်။အရင်က မြတ်နိုးအတွက် သနပ်ခါးပန်းကို ကိုယ်တိုင်စိုက်ပျိုးထားခဲ့၏။အဖြစ်အပျက်အချို့ကြောင့်ပဲ သူကိုယ်တိုင်စိုက်ပျိုးထားတဲ့ သနပ်ခါးပန်းကိုဖျက်ဆီးခဲ့သည်မှာ ကြာခဲ့ပြီ။ယခု ညနေတိုင်း သနပ်ခါးပန်းရနံ့က သူ့ကိုနှောင့်ယှက်နေသည်။သည် ခံစားချက်ကို သူလုံးဝမခံစားနိုင်တော့ချေ။
“အား…ကွာ ”
“ဘုန်း..ခလွမ်..”
အခန်းထဲရှိသမျှ ပစ္စည်းတွေကို ပေါက်ကွဲပစ်နေတော့သည်။စိတ်တွေစုစည်းမရ။တစ်ခုခုဆို ဒေါသူပုန်ထကာ သူလုပ်ချင်ရာကို လုပ်ပစ်လိုက်တော့သည်။တစ်နေ့တစ်နေ့အခန်းအောင်းနေခဲ့သည်က များ၏။
“မောင် သိပ်ရက်စက်တယ်”
သူ့နားထဲအမြဲ ကြားယောင်နေသောစကား။ထ
“ဟင်အင်း တောင်းပန်ပါတယ်ဗျာ ကျနော်တောင်းပန်ပါတယ်”
အခန်းထောင့်တွင် ထိုင်ကာငိုကြွေးလျက်တစ်ယောက်တည်းအမြဲပြောနေရှာသည်။သူရကို အများစုက ရူးနေပြီဟု ထင်ကြေးပေးနေခဲ့သည်။သူရကိုယ်တိုင်ပင် အဖြေရှာမရ။
“သား ဟိုမှာဘယ်သူလာလဲကြည့်ပါဦး”
ပခုံးကို ပုတ်ပြီးအဖေဖြစ်သူပြောလိုက်တဲ့စကားကြောင့် သူရသမင်လည်ပြန်ကြည့်လိုက်မိသည်။သူရအတွက် မထင်မှတ်သော မြင်ကွင်းတစ်ခုပင်။ထိုင်နေရာမှထကာ…
“မာမီ…”
ဟုဆိုပြီး ပွေ့ဖက်လိုက်သည်။သူ့ဘဝအတွက်ဘယ်တော့မှမဖြစ်နိုင်တဲ့နေ့တစ်နေ့ပြန်လည်ရောက်ရှိလာသည်ဟုဆိုရမည်။
“သား ဒီမှာ သားညီမလေး”
“ညီမလေးတောင်ဒီအရွယ်ရောက်နေပြီပဲ ဝမ်းသာလိုက်တာ သားတို့အရင်လိုမိသားစုပျော်ပျော်ရွှင်ရွှင်နေရတော့မှာပေါ့နော်”
“ဟုတ်တာပေါ့ သားရယ်”
ထိုနေ့မှစ သူရဘဝပုံမှန်လူတစ်ယောက်လို သွားလာလှုပ်ရှားဖြစ်တော့သည်။လူငယ်တစ်ယောက်လိုပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ရယ်မောဖြစ်သည်။
**************
“ကို သူရဇော်နဲ့မတွယ်တာမြတ်နိုးတို့အတွက် ဘယ်လိုလုပ်ပေးရမလဲမစဉ်းစားတတ်တော့ဘူး”
“အော် ကိုရယ် ကံကြမ္မာရဲ့စေစားမှုကို ယုယတို့လွန်ဆန်လို့မှ မရတာ”
“ဒါတော့ဒါပေါ့ ကို စိတ်ပူတယ်သူရဇော်အတွက် မတွယ်တာအတွက်လည်းတကယ်စိတ်မကောင်းပါဘူး”
“ကိုရယ် ကိုသူရဇော်တစ်ယောက်လည်း မေ့လောက်ပါပြီ မမြတ်နိုးရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးတာကောင်းပါတယ်”
“အင်းပါ ယုကျန်းမာရေးဂရုစိုက်နော်”
“ဟုတ်ကဲ့ပါရှင် ယုယပြန်တော့မယ်ကိုကျန်ခဲ့နှင့်တော့နော်”
“ကိုယ် လိုက်ပို့မှာပေါ့”
“ဟုတ်ပါပြီရှင် လိုက်ပို့စေ”
*****************
“…ပါးပြင်မှာသနပ်ခါးလေးနဲ့…”
“ဟင်အင်း မဆိုနဲ့ ဒီသီချင်းသံငါမကြားချင်ဘူး”
“ကိုကို ညီမလေးလေ ကိုကို”
သူရဇော်အသိစိတ်လွတ်ကာ ညီမဖြစ်သူအား လည်ပင်းကိုညစ်လျက်သားဖြစ်နေသည်။ညီမဖြစ်သူအသံကြားမှအသိစိတ်ဝင်ကာ လက်ကိုချက်ချင်းလွှတ်ချလိုက်သည်။မျက်ရည်လည်သော မျက်ဝန်းအစုံဖြင့် အားနာခြင်း ဝမ်းနည်းခြင်းများပြည့်နှက်ကာ ညီမဖြစ်သူကိုတောင်းပန်နေတော့သည်။
“ကိုကိုတောင်းပန်ပါတယ်နော် ”
“သားနဲ့သမီးဘာဖြစ်တာလဲ”
“ဒယ်ဒီနဲ့မာမီသမီး ကိုကို့ကိုကြောက်တယ် သမီးကို ကိုကိုသတ်မို့လုပ်တာဒါနဲ့ဆိုနှစ်ခါရှိပြီ”
“ဟင် မဟုတ်တာဘဲသမီးရယ်”
“ဟင်အင်းမဟုတ်ဘူး ကျနော်ဘာမှမလုပ်ဘူး”
ရုတ်တရက် သူရဇော်အခြေအနေပိုဆိုးသွားခဲ့သည်။သူ့နားထဲတွင် သီချင်းညည်းသံဆိုသံကြားတိုင်း သနပ်ခါးပန်း အ နံ့ရတိုင်း ဘေးနားကလူကိုသတ်ချင်စိတ်ပေါ်လာခဲ့သည်။မတတ်သာသည့်အဆုံး သူရဇော်ကို စိတ္တဇဆေးရုံပို့လိုက်ရတော့သည်။သိပ်မကြာဘူး သူရဇော် ကိုယ့်ကိုယ်ကိုသတ်သေပြီးဆုံးပါးသွားခဲ့သည်။
**********
“မာမီနဲ့ဒယ်ဒီ တကယ်ပဲသမီးတို့အိမ်ပြောင်းတော့မှာလား”
“အင်း သမီးအကိုရဲ့အငွေ့အသက်တွေရှိနေတဲ့အိမ်ကြီးက မာမီတို့ကိုပိုပြီးစိတ်ဒဏ်ရာရစေတယ် ပြင်ဦးလွင်က အိမ်ကိုပြောင်းကြတာပေါ့”
“ဒါဆို သမီးကိုကို့ဆီက အမှတ်တရတစ်ခုခုတော့ယူသွားပါရစေ”
“အင်း ယူလေ”
လေပြင်းတစ်ချက်ရိုက်ခတ်လိုက်သည်နှင့်
သူရဇော်အခန်းတံခါးသည်ဖွင့်စရာမလိုဘဲ ပွင့်လာသည်။သူရဇော်ညီမဖြစ်သူ ဆုပြည့်ကျော်လည်း အကိုဖြစ်သူအခန်းကို မျက်စိကစားရင်း ကြည့်နေခိုက် အလိုလိုနေရင်းအံဆွဲတံခါးပွင့်လာသည်မို့အံဆွဲထဲက စာအုပ်ကိုယူပြီးဖတ်လိုက်မိသည်။ထိုစာအုပ်ကတခြားအရာတော့မဟုတ်ချေ။သူရဇော်၏ ဒိုင်ယာရီစာအုပ်ပင်။ဒိုင်ယာရီအစပိုင်းတွင် သူရဇော်အတွက်အရေးပါသော တွယ်တာမြတ်နိုး၏အကြောင်းအရာတွေပြည့်နှက်နေခဲ့သည်။ဖတ်နေရင်းပင် ဆုပြည့်ကျော်မျက်ရည်ဝဲတက်လာခဲ့၏။ဆုပြည့်ကျော် တွယ်တာမြတ်နိုးကိုမမြင်ဖူး။အကိုဖြစ်သူရဲ့စာအုပ်ဖွင့်ဖတ်မှ တွယ်တာ့ ဓာတ်ပုံနဲ့တကွအကြောင်းစုံကို သိရှိလိုက်ရသည်။တွယ်တာကြိုက်သော သီချင်းသည် ဆုပြည့်ကျော်ကြိုက်တဲ့သီချင်းဖြစ်နေသည်ကအစ တိုက်ဆိုင်လွန်းလှသည်။စာအုပ်အဆုံးတွင် လုံးဝမထင်မှတ်ထားသောအရာတစ်ခုကို ဆုပြည့်ကျော်ဖတ်လိုက်မိသည်။
“သူရ မင်းသောက်တာများနေပြီ”
“မသိဘူးကွာ ငါအရင်လိုပြန်မိုက်မယ်ပြန်ဆိုးမယ်”
“ဟူး…မင်းဒီပုံစံအတိုင်းဆို မတွယ်တာနစ်နာခံခဲ့ရတာတွေကအလကားဖြစ်ပြီပေါ့”
“တော်ပါကွာ ငါ့ရှေ့မှာအဲ့မိန်းမနဲ့ပတ်သက်ပြီးဘာမှမပြောနဲ့”
“မပြောလို့မရဘူး ငါမလျှို့ဝှက်ထားနိုင်ဘူး မင်းဟိုနေ့က မတွယ်တာနဲ့တွေ့ခဲ့တဲ့ကောင်လေးက ငါ့အကိုဝမ်းကွဲပဲ”
“ဘာပြောတယ် ဇေယျ မင်းက”
“ငါ့စကားမဆုံးသေးဘူး မင်းစိတ်ခိုင်ခိုင်ထား မင်းမမခုဆေးရုံမှာ သွေးကင်ဆာနောက်ဆုံးအဆင့်အဲ့တာတွေမင်းသိလား”
“ဟင် ဘာပြောတယ်”
“ဟုတ်တယ် မင်းကဘယ်သိမလဲ သူကတော့မင်းကိုသိပ်ချစ်လိုက်ရတာ သူသေတာကိုမင်းမမြင်လျက်လို့သူ့ကိုယ်သူ မိန်းမကြမ်းအဖြစ်ဖန်တီးခဲ့တာကွ”
“တော်ပါတော့ကွာ ခု မ ဘယ်ဆေးရုံမှာလဲ ငါ့ကိုပြောပါ”
သူငယ်ချင်းဖြစ်သူရဲ့စကားဆုံးသည်နှင့် သူရဇော်တစ်ယောက် ချက်ချင်းအပြေးအလွှားသွားတော့သည်။သူ့မျက်လုံးပင်သူမယုံနိုင်။သွေးပုလင်းတွေတစ်ပုလင်းပြီးတစ်ပုလင်း လဲနေရတဲ့တွယ်တာ့ကိုသူမြင်ပြီး လုံးဝစိတ်မထိန်းနိုင်။လူနာဝတ်စုံမှာ သွေးအလိမ်းလိမ်းပေကျံနေသည်။သွေးတွေထပ်ကာထပ်ကာအန်နေသည့် တွယ်တာ့အဖြစ်ကိုသူမမြင်လျက်ပေ။အပြင်ကနေပဲ ခိုးကြည့်နေခဲ့သည်။
လူရှင်းသည့်အချိန်ကိုစောင့်ကာ နောက်ဆုံးစကားများပြောရန် စကားလုံးတွေရှာဖွေနေတော့သည်။
လူရှင်းသည်နှင့် အခန်းထဲကိုသူရဇော်တိတ်တဆိတ်ဝင်သွားခဲ့သည်။သူ့ကိုစကားလုံးဝမပြောနိုင်သည့်အခြေအနေမို့ တစ်ယောက်နဲ့တစ်ယောက် မျက်ဝန်းနှင့်သာ စကားပြောနေခဲ့သည်။နောက်ဆုံးမခံစားနိုင်သည့်အဆုံး သူရဇော်နှုတ်ကနေ…
”မ ကျွန်တော် မကိုသိပ်ချစ်တယ် ကျွန်တော့်ကိုခွင့်လွှတ်ပါနော်”
သူရဇော်တစ်ယောက် သူ့လက်နဲ့ကိုယ်တိုင်ပဲ မြတ်နိုးရဲ့နောက်ဆုံးထွက်သက်ကို အဆုံးစီရင်ပေးခဲ့သည်။ဘယ်သူမှမသိပေမယ့် သူ့စိတ်ကသူ့ကိုအမြဲထိတ်လန့်ခြောက်ခြားနေခဲ့သည်။စိတ်ရဲ့စေစားမှုအဆုံးမှာ သူကိုယ်တိုင် သူ့ကိုယ်သူအဆုံးစီရင်စေခဲ့ရခြင်းပင်။စာအုပ်ကိုဖတ်ပြီး ဘယ်လိုစကားလုံးမှရှာမရသည့် ဆုပြည့်ကျော်ကတော့ မျက်ရည်တွေနဲ့အတူ နောင်ဘဝမှာ အကိုဖြစ်သူ သူရဇော်နဲ့ မြတ်နိုးတို့ပေါင်းစုံပါစေလို့ပဲ ဆုတောင်းလုိက်မိသည်။
ပြီးပါပြီ
ရွှင်လန်းချမ်းမြေ့ပါစေ
စုသစ္စာ(ဓနုဖြူ)
Leave a Reply