လူသားစားကဝေ

ဗျာ။ဆရာကြီးက
တော်တော်ကို ပါးနပ်တာဗျို့။ကျုပ်ကို တစ်ချက်ငဲ့ကြည့်ပြီး…

“ဟာ မောင်တာတေ စိတ်ထဲသိချင်တာရှိ မေးလေကွာ
မေးပါ ဒါမှ ဗဟုသုတ တိုးလာမှာပေါ့”

ဆရာကြီးက ပြောတော့ ကျုပ် အားတက်သွားပြီး…

“ဒီလိုပါ ဆရာကြီး။ ဟိုကပ္ပလီမကြီး ကိစ္စတုန်းက
ကပ္ပလီမကြီးက လက်ထဲမှာ တစ်ခုခုကို ဆုပ်ထားသလိုလုပ်ပြီး
ပါးစပ်က မန္တန်ရွတ်လိုက်တဲ့အခါ လက်ထဲမှာ
ဝင်းဝင်း ဝင်းဝင်း ဖြစ်သွားပြီး ဆရာကြီးကို လှမ်းပစ်လိုက်တယ်။
အဲဒီမှာတင် ကပ္ပလီမကြီးရဲ့ လက်ထဲကနေ
အလင်းလုံးကလေးတစ်ခု ထွက်လာတာကို
ကျုပ်တွေ့လိုက်တယ်။ ကွမ်းသီးလုံးလောက်တော့ ရှိမယ်ဗျ။
အဲဒါ ဆရာကြီး ပစ်လိုက်တဲ့အင်းနဲ့ တည့်တည့်ထိပြီး
လွင့်စင်ထွက်သွားတယ်ဗျ။ကဝေမကြီးတောင်
ဖင်ထိုင်ရက် လဲကျသွားသေးတယ်။
အဲဒီ အလင်းလုံးက ဘယ်က ထွက်လာတာတုံး
ဆရာကြီးရဲ့။ ပြီးတော့ အဲဒါ ဘာခေါ်သလဲဆိုတာ…”

ကျုပ် စကားမဆုံးခင် ဆရာကြီးက လက်ကာပြလိုက်တော့
ကျုပ်လည်း စကားကို အဲဒီမှာတင် ရပ်လိုက်ရတာပေါ့ဗျာ။

“အဲဒါ ကဝေစက်လို့ ခေါ်တယ် မောင်တာတေရဲ့။
ထိလိုက်လို့ကတော့ ပွဲချင်းပြီးသွားမှာပေါ့ကွယ်။
ဆရာကြီး ပစ်လိုက်တဲ့ အင်းက စက်ဖျက်အင်းလို့
ခေါ်တယ်ကွဲ့။ဆရာကြီးက အထက်လမ်း မှော်အတတ်ကို
တော်တော်ကလေး တတ်ထားတဲ့သူဆိုတော့
ဘယ်ကဝေကို ဘယ်အင်းနဲ့ နှိမ်နင်းရမယ်ဆိုတာ
အတတ်သိနေတာပေါ့ကွယ်”

“အော် ဒါက ကဝေစက်ကိုး”

ကျုပ်က တစ်ယောက်တည်းပြောရင်း မှတ်ထားလိုက်မိတယ်ဗျ။

“ဆရာကြီး အခု ဆရာကြီးသွားပြီး နှိမ်နင်းမယ့်
လူသားစားကဝေက ဘာတွေများ လုပ်ပါသလဲ”

လို့ ဆရာနွံဖက မေးတယ်ဗျ။ဒီတော့ ဆရာကြီးက

“အင်း ဒီကောင်ကလည်း တော်တော်တော့ ဆိုးသားကွ။
သူ့စားမယ်လူကို နေ့သားအလိုက် စားကြတယ်။
တနင်္ဂနွေသားသမီးကို စားမှာဆိုရင် ရွာစဉ်လှည့်ပြီး
တနင်္ဂနွေသားသမီးကို တွေ့အောင် ရှာရတာကွ။
တွေ့ပြီဆိုတာနဲ့ လူအလစ်မှာ တို့ဆေးနဲ့ တို့ပစ်ခဲ့တာ။
အဲဒီကဝေရဲ့ သားကောင်ဖြစ်သွားတဲ့သူက
ကဝေရှိတဲ့ တောထဲကို မရောက်,ရောက်အောင်
သွားတော့တာပဲကွ။ သတိမရှိတော့ဘူးပေါ့ကွာ။
အိပ်မွေ့ချထားတဲ့လူလိုကို ဖြစ်နေတော့တာ။
အဲဒီမှာတင် ဒီကောင်က သူစီရင်ထားတဲ့ ယစ်ခုံကို
ခေါ်သွားပြီး သူကိုးကွယ်တဲ့ မိစ္ဆာကောင်ကိုပင့်ဖိတ်ပြီး
ယစ်ကောင်ကို လည်ချောင်းသွေးဖောက်ပြီး သွေးကို
ငွေဖလားနဲ့ ခံတာကွ။ အဲဒီငွေဖလားကလည်း
သေသေချာချာအစီအရင်နဲ့ စီရင်ပြီး လုပ်ထားတဲ့
ဖလားကွ။ ပြီးရင် အဲဒီသွေးနဲ့ မိစ္ဆာကြီးကို ပူဇော်ရတယ်ကွ”

“ဟာ လူသတ်ပြီး ယစ်ပူဇော်တာပေါ့နော် ဆရာကြီး”

“အေးပေါ့ မောင်တာတေရ။ အဲဒါပြီးရင်တော့
သူအဆင်သင့်လုပ်ထားတဲ့ ထင်းမီးဖိုကြီးရှိတယ်ကွ
ဒီကောင်က အဲဒီထင်းပုံကြီးကို ပတ်ပြီး အောက်လမ်းမှော်
မန္တန်တွေကို ရွတ်တော့တာပဲကွ။မန္တန်ဆုံးတာနဲ့
ငွေဖလားထဲက သွေးကို လက်နဲ့ယူပြီး ထင်းပုံကြီးကို
တောက်လိုက်တယ်။ ထင်းပုံကြီးက ဝုန်းခနဲမြည်ပြီး
မီးတောက်ကြီး ထတောက်တာပဲဟေ့။ဒီမှာတင်
ဒီကောင်က အဲဒီမီးတောက်ကြီးထဲကို ခုန်ဝင်သွားရောကွ”

“ဗျာ”

ကျုပ်အံ့သြပြီး အော်လိုက်မိတယ်ဗျ။
ဆရာနွံဖလည်း ကျုပ်လိုပါပဲဗျာ။အံ့သြပြီး
ပါးစပ်ဟောင်းလောင်းကြီး ဖြစ်နေတာဗျို့။

“အေး အဲဒီမီးတောက်မီးလျှံထဲမှာ ဒီကောင် မန္တန်တွေ
ဆက်ရွတ်နေတော့တာပေါ့ကွာ။ အဲဒီမီးတွေ တဖြည်းဖြည်း
ငြိမ်းသွားရောကွ။နောက်ဆုံး ထင်းတွေလည်း ကုန်သွားပြီး
လုံးဝငြိမ်းသွားတဲ့အခါကျတော့မှ ဒီကောင်က ပြာတွေထဲက
ထွက်လာတာ။ သူဝတ်ထားတဲ့ အဝတ်တောင် မီးမစွဲဘူးကွ”

“ဟာ ကဝေတွေကလည်း တော်တော်စွမ်းကြတာပါလား”

ကျုပ်လည်း အံ့သြပြီး ပြောမိတာပေါ့ဗျာ။

“စွမ်းပါပြီလား မောင်တာတေရယ် ဒါကြောင့်
သူတို့ကို နှိမ်နင်းဖို့ ကျုပ်မှာ နိုင်ငံတကာလှည့်ပြီး
ပညာတွေ သင်ခဲ့ရတာပေါ့”

“ဆရာကြီးကို ကျုပ်တော့ အရမ်းလည်း လေးစားပြီး
အရမ်းလည်း အံ့သြမိပါတယ် ဆရာကြီးရာ”

ဆရာကြီးက ကျုပ်စကားကို ကြားတော့ ခေါင်းကလေး
တဆတ်ဆတ်ညိတ်ပြီး ပြောတယ်ဗျ။

“ကျုပ်ကိုယ်နှိုက်ကလည်း ဒီဘက်မှာ တော်တော်ကို
ဝါသနာကြီးတာကွဲ့။ တစ်ချို့ပညာစဉ်တွေကို တက်ရတာ
တော်တော်ကို ဒုက္ခခံရတာကလားကွယ်။ အဲဒါတွေ
ကျုပ်ဖြင့် ဒုက္ခလို့ကို မမြင်ဘဲ ပျော်နေတာ မောင်တာတေရဲ့”

“သြော် ဒါထက် ဆရာကြီး ကျုပ်တစ်ခုမေးပါရစေဗျာ”

“မေးလေ မောင်တာတေ ။ မေးပါကွဲ့”

“ဟို ခုနက ယစ်ပူဇော်ပြီး မီးထဲကို ခုန်ဝင်သွားတဲ့
ကဝေက သူယစ်ပူဇော်ထားတဲ့လူရဲ့ အလောင်းကောင်ကိုရော
ဘာလုပ်တာတုံး ဆရာကြီး”

“သြော် အေး အေး ။ မောင်တာတေ မေးတာ မေးထိုက်တဲ့
မေးခွန်းပဲကွဲ့ ”

“ဟုတ်ကဲ့ သိချင်လို့ပါ ဆရာကြီး”

“ဒီလိုကွဲ့ ကျန်နေတဲ့ အလောင်းကို အသားတွေ လှီးယူပြီး
ကျကျနန ဟင်းချက်ပြီး တဝစားတာကွ။ ပြီးတော့
အလောင်းအပိုင်းအစတွေကို ကျင်းတူးပြီး
ဖျောက်ဖျက်ပစ်တာပေါ့ကွယ်”

“ဟာ ဒါကြောင့် ဒီကောင်တွေကို လူသားစားကဝေလို့
ခေါ်ကြတာပဲနော် ။ ဘာကြောင့် ဒီကျင့်စဉ်ကို
လုပ်ကြတာလဲ ဆရာကြီး”

ကျုပ်ကလည်း မထူးတော့ဘူးဆိုပြီး ဆက်မေးတော့တာပေါ့ဗျာ။
ဆရာကြီးကလည်း လွှတ်စိတ်ရှည်တာဗျို့။ကျုပ်မေးသမျှတွေကို
ပြောပြတာဗျ။

“သူတို့ အသက်ရှည်ပြီး မှော်တန်ခိုးတွေ တိုးတိုးလာအောင်လို့ပေါ့ကွ”

“ဟင် ကဝေတွေက အသက်တော်တော်ရှည်ကြလို့လား
ဆရာကြီး”

“အင်း ရှည်ပါလား မောင်တာတေရယ် ။အင်ဒိုနီးရှား
ကျွန်းကြီးတစ်ခုပေါ်မှာ ကျုပ်တွေ့ခဲ့တဲ့ ကဝေတစ်ကောင်ဆိုရင်
အသက်ရှစ်ရာကျော်နေပြီကွဲ့ ”

“ဟာ အဲဒီလောက်ကို ရှည်တာလားဗျ”

ဆရာကြီးက ခေါင်းညိတ်ပြတယ်ဗျ။ ကျုပ်ဖြင့် ကဝေတွေကို
တော်တော်ကလေး လန့်သွားတာဗျို့။ ပြီးတော့ အဲဒီလို
ကဝေတွေကို နှိမ်နင်းနိုင်တဲ့ ဆရာကြီးကိုလည်း တော်တော်ကို
လေးစားမိတာပေါ့ဗျာ။ဆရာကြီး ဦးမင်းအောင်လို သီလ
သမာဓိ ရှိရုံတင် မကဘဲ အထက်လမ်း မှော်ပညာတွေကို
ကမ်းကုန်အောင် တတ်ထားတဲ့ ပုဂ္ဂိုလ်မျိုးနဲ့ အတူ
သွားရလို့ကတော့ တာတေဆိုတဲ့ကောင်က ဘာကိုမှ
မှုမဲ့ကောင် မဟုတ်ဘူးဗျ။

“သြော် ဆရာကြီး ခုနက ပြောတဲ့ ပဲခူးရိုးမက ကဝေဆိုတာက”

“အေးကွ နွံဖရ။ ငါတပည့်တစ်ယောက် ရှိတယ်ကွ။
ဒီကောင်က ကရင်လူမျိုး ။ နာမည်က စောရေအေးတဲ့ကွ။
ရေအေးက ပဲခူးရိုးမတောင်ပေါ်က လှည်းကျိုးဆိုတဲ့
ရွာကလေးကပေါ့။ အခုတော့ လှည်းကူးမြို့ကလေးမှာ နေတယ်။
ဟိုတစ်နေ့ကပဲ စောရေအေး ကျုပ်ဆီကို လာသွားတယ်။
ရိုးမက ရွာကလေးတွေမှာ လူငယ်ကလေးတွေ ပျောက်,ပျောက်
သွားတာ သုံးယောက် ရှိပြီတဲ့ကွ။ အဲဒီပျောက်သွားတဲ့
လူငယ်တွေက ဗုဒ္ဓဟူးသားတစ်ယောက် ။ ကြာသပတေးသား
တစ်ယောက်နဲ့ သောကြာသမီးတစ်ယောက်တဲ့ကွ”

“ဟာ ဒီကဝေ တော်တော်ဆိုးနေပြီပဲ”

“အေး ဒီကောင်က နယ်လှည့်ပြီး သတ်စားနေပုံပေါ်တယ်ကွ။
တနင်္ဂနွေ ။ တနင်္လာ ။ အင်္ဂါတွေကို တခြားနယ်မှာ
စားလာခဲ့တယ် ထင်တယ်ကွ။ အင်း ဒီတစ်ခါစားရင်တော့
ဒီကောင် စနေသားကို စားမယ့်အလှည်ပဲကွဲ့”

“ဗျာ”

ကျုပ်ဖြင့် တစ်ကိုယ်လုံး တုန်သွားသလားတောင် မသိပါဘူးဗျာ။
ကြက်သီးတွေ တဖျန်းဖျန်းကို ထသွားတာဗျို့။

“ဟုတ်တယ် မောင်တာတေရေ ။ မင်းရဲ့ အကူအညီကိုတော့
ဆရာကြီး ယူရတော့မှာပဲကွယ်။ဒီကဝေကိုတော့ ရအောင်
နှိမ်နင်းမှ ဖြစ်တော့မှာကွဲ့”

“နေပါဦး ဆရာကြီးရဲ့။ ဒါဟာ ကဝေရဲ့ လက်ချက်ဆိုတာ
ကဝေမကော မဖြစ်နိုင်ဘူးလား”

ဆရာနွံဖက မျက်မှောက်ကြီးကြုတ်ပြီး ဆရာကြီးကို
စဉ်းစဉ်းစားစား မေးတယ်ဗျ။

“ဟာ မဖြစ်နိုင်လူး နွံဖရဲ့။ အဲဒီမှော်လမ်းစဉ်က
ပေါရိသာရ လမ်းစဉ်ခေါ်တယ်။ ဒါက ဒီမှာ ခေါ်ကြတာပေါ့ကွယ်
တခြားနိုင်ငံတွေမှာလည်း ဒီမှော်အတတ်က ရှိပါတယ်
ဟိုမှာတော့ ဒါကို ‘ဘီလူးမှော်’အတတ်လို့ ခေါ်ကြတယ်ကွဲ့။
ဒီမှော်ကို ယောင်္ကျားပဲ သင်ရတာ ။မိန်းမ သင်ခွင့်မရှိဘူး”

“သြော် ဒါကြောင့်ကိုး”

“အေး စောရေအေးကို ဆရာကြီး မှာလိုက်ပြီ။
ဆရာကြီးတို့ လာခဲ့မယ်အကြောင်းပေါ့ကွယ်။
စောရေအေးက လှည်းကူးက စောင့်မယ်။
ဆရာကြီးတို့ ရောက်တာနဲ့ လှည်းအဆင်သင့်လုပ်ပြီး
ရိုးမအခြေရောက်အောင် သွားရမယ်။ပြီးတော့မှ
တောင်ပေါ်ကို တက်ကြရမှာပေါ့။စောရေအေးတို့
ရွာမှာပဲ ကျုပ်တို့ တည်းကြမယ်။အဲဒီကမှ လိုသလို
လုပ်ကြရမှာပေါ့ကွယ်။ဘယ်လိုလဲ မောင်တာတေ
လိုက်မယ်မို့လား”

ဆရာကြီးက ကျုပ်ကို ကြည့်ပြီး မေးတယ်ဗျ။
ကျုပ်ကလည်း နည်းနည်းမှကို တုံ့ဆိုင်းမနေပါဘူးဗျာ

“ကျုပ်ကတော့ အဆင်သင့်ပဲ ဆရာကြီးရာ”

လို့ ပြောလိုက်တော့ ဆရာကြီးရော ဆရာနွံဖရော
ပြုံးပြုံးကြီးတွေ လုပ်နေကြတယ်ဗျို့။

XXXXXX

ကျုပ်တို့ ခရီးထွက်တာ ဗုဒ္ဓဟူးနေ့ဗျ။
အိမ်ကထွက်လာတာကတော့ ဝေလီဝေလင်းပေါ့ဗျာ။
လှည်းကူးကိုရောက်တော့ ဆွမ်းခံဝင်ချိန်ပေါ့။
ဆရာကြီးတပည့် စောရေအေးက ချောင်းကလေးတစ်ဘက်
ကမ်းကလာပြီး ကြိုပါတယ်။ ပြီးတော့ လှည်းကူးက
သူ့အိမ်ကို ခေါ်သွားတယ်။ အိမ်က ခြေတံရှည်အိမ်ဗျ။
ထမင်းတွေ ဟင်းတွေ အဆင်သင့် ချက်ထားလို့ပါဗျာ။

စောရေအေးရဲ့ မိန်းမကလည်း ကရင်ဗျ။တော်တော်ကို
သဘောကောင်းကြပါတယ်။ ကျုပ်တို့ဆရာတပည့်တွေ
ဆာဆာနဲ့ စားလိုက်ကြတာဗျာ။ဒါပေမဲ့ လွှတ်တော့
မစားရဲကြဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဒီကနေ သွားရင်
နွားလှည်းစီးရမှာမို့လား။

လှည်းဆောင့်မခံနိုင်အောင် နည်းနည်းလေးလျော့စား
ကြရတာပေါ့ဗျာ။

စောရေအေးက အရပ်ထောင်ထောင်မောင်းမောင်း
နှုတ်ခမ်းမွေးကားကားကြီးနဲ့ ဆေးတံကြီး သောက်လို့ဗျ။
သူ့မျက်နှာ ကြည့်ရတာနဲ့ကို တော်တော်သတ္တိရှိပြီး
သစ္စာရှိမယ့် ရုပ်မျိုးပါဗျာ။ဆရာကြီးက စောရေအေးကို
တာတော့အကြောင်း ပြောပြတယ်ဗျ။

ကပ္ပလီကဝေမကြီးကို နှိမ်နင်းတုန်းက တာတေလုပ်ရတာတွေကို
ပြောတော့ စောရေအေးက သဘောကျပြီး တာတေ့ကျောကို
ပုတ်ပြီး ပြောတယ်ဗျို့။

“မင်း အားကြီး သတ္တိကောင်းတဲ့ကောင်ပဲကွ တာတေရ။
မင်းနဲ့ တွေ့တာ ဆရာကြီးတော့ အားကိုးအားထား
ဖြစ်တာပေါ့ကွာ”

ကျုပ်ကတော့ ပြုံးရုံပဲ ပြုံးနေလိုက်ပါတယ်။
လှည်းကူးမှာ သိပ်မကြာကြဘူးဗျ။
မိုးမချုပ်ခင် ရိုးမကရွာကို အရောက်သွားရမှာဆိုတော့
ထမင်းစားပြီး တအောင့်တနား နားပြီးတာနဲ့
နွားလှည်းနဲ့ ကျုပ်တို့ ခရီးဆက်ခဲ့ကြတယ်ဗျ။
နာရီပြန်နှစ်ချက်လောက်ရောက်တော့ ရိုးမအခြေက
ရွာကလေးတစ်ရွာကို ရောက်တယ်ဗျို့။

အဲဒီရွာမှာလည်း စောရေအေးရဲ့ အသိအကျွမ်းတွေ
မနည်းဘူးဗျ။ သူတို့တွေ တစ်ယောက်ကိုတစ်ယောက်
ကရင်လို ပြောကြတယ်ဗျ။ ခဏနေတော့ စောရေအေးက
ဆရာကြီးကို လာပြောတယ်။

လူသားစားကဝေအကြောင်း သူစုံစမ်းကြည့်တာ
ဒီရွာကလူတွေက ဘာမှမသိကြဘူးလို့ ပြောတယ်။
အဲဒီရွာကလေးရဲ့ နောက်ဘက်ကို ပတ်သွားပြီး
တောင်တက်လမ်းကြောင်းကလေအတိုင်း ကျုပ်တို့
ရိုးမပေါ်ကို တက်လာခဲ့တယ်။လှည်းလမ်းကြောင်း
အတိုင်း သွားကြတယ်။ တစ်ခါတစ်လေတော့လည်း
စမ်းချောင်းတိမ်တိမ်ကလေးတွေကို ဖြတ်ကူးကြရတယ်ဗျို့။

စကားပြောရင်း နားလိုက် သွားလိုက်နဲ့
စောရေအေးဦးဆောင်ရာ လိုက်ခဲ့ကြတာ
ညနေ မှောင်တရီ အချိန်လောက်ရောက်တော့
စောရေအေးရဲ့ဇာတိ လှည်းကျိုးရွာကို ကျုပ်တို့
ရောက်ခဲ့တယ်ဗျ။ စောရေအေးရဲ့ မိဘတွေက
တော်တော်အသက်ကြီးကြပြီဗျ။ အဘိုးကြီးရော
အဘွားကြီးပါ ရှစ်ဆယ်ကျော်တွေချည်းပဲ။

ဒါပေမဲ့ သွက်သွက်လက်လက် ရှိကြတုန်းပါ။
အဘိုးကြီးရော အဘွားကြီးပါ လွှတ်သဘောကောင်းတာဗျို့။
အိမ်ကြီးကလည်း ကောင်းလိုက်တာဗျာ။ခြေတံရှည်အိမ်ဗျ။
တော်တော်ကို ကျယ်တာ။ ကျုပ်တို့ဆရာတပည့်တွေအတွက်
ခေါင်းရင်းဘက်က အခန်းကျယ်ကြီး တစ်ခုကို
တည်းဖို့ ပေးထားတယ်ဗျ။

ဆရာကြီးကိုလည်း တော်တော်ကို ရိုသေကြတာဗျို့။
တစ်ရွာလုံး ဗုဒ္ဓဘာသာ ကရင်တွေလို့ စောရေအေးက ပြောတယ်ဗျ။
ဒါပေမဲ့ ဆရာကြီးက စောရေအေးကို သတိပေးတယ်ဗျို့။
အထက်လမ်းဆရာတွေမှန်း ဘယ်သူမှ မသိစေဖို့
ကဝေရဲ့ သတင်းကို အမြန်ဆုံး ထောက်လှမ်းဖို့ပေါ့ဗျာ။
စောရေအေးကလည်း အဲဒီတစ်ညအိပ်ပြီး နောက်တစ်နေ့
မိုးလင်းတာနဲ့ အနီးအနားရွာတွေကိုသွားပြီး
သတင်းစုံစမ်းတော့တာပဲဗျို့။

အဲဒီညက ညဆယ်နာရီလောက်ရောက်တော့
လက်နှိပ်ဓါတ်မီးတဝင်းဝင်းနဲ့ ပြန်ရောက်လာတယ်ဗျို့။
သူနဲ့အတူတူ ကရင်အဘိုးကြီး တစ်ယောက်လည်း ပါလာတယ်ဗျ။
အဲဒီညကတော့ ကျုပ်တို့ တော်တော်နဲ့ မအိပ်ကြဘူးဗျို့။
ဆရာကြီးက ပါလာတဲ့ ကရင်အဘိုးကြီးကို သူသိချင်တာတွေ
မေးမြန်းတော့တာပဲဗျို့။အဲဒီကရင်အဘိုးကြီးရဲ့
နာမည်က မန်းအောင်ပွင့်တဲ့ဗျို့။သူက မုဆိုးဆိုပဲ။
ရိုးမတောထဲမှာ ငယ်ငယ်တည်းက အမဲလိုက်တာတဲ့ဗျ။

“ဆရာကြီး ဆရာကြီး သိချင်တဲ့ ကဝေရဲ့သတင်းကို
မန်းအောင်ပွင့်ကို မေးပေတော့ဗျို့။

စောရေအေးက ပြောလိုက်တော့ ဆရာကြီးက
စပြီးမေးတော့တာပဲဗျို့။

“မန်းအောင်ပွင့်က ရိုးမထဲမှာ အမဲလိုက်တာပေါ့”

“ဟုတ်ပါတယ် ဆရာကြီး ။ ကျုပ်က အသက်နှစ်ဆယ်ကတည်းက
မုဆိုးလုပ်လာတာပါ။ အခုဆိုရင် အသက် ငါးဆယ်ပြည့်ပြီပေါ့ဗျာ”

“မန်းအောင်ပွင့် ခုတလော ဒီရိုးမထဲမှာ ထူးထူးခြားခြား
ဘာများတွေ့သလဲဗျ”

“ဟိုးအရင်ကတော့ ထူးထူးခြားခြား မတွေ့ပါဘူးဗျာ။
လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတော့ ကျားခုန်ချောင်းကလေး
အစပ်က ထူးထူးခြားခြား လူတစ်ယောက်ကို တွေ့လိုက်ရတယ်ဗျ။
အရပ်က ခြောက်ပေလောက် ရှိမယ်။ မျက်နှာက
ခပ်ပြားပြားဗျ။မုတ်ဆိတ်မွေး။ နှုတ်ခမ်းမွေးကလည်း
တော်တော်ရှည်တယ်ဗျာ။ ဆံပင်ကလည်း
ဖားလျားကြီးဗျ။ကျောအလယ်လောက်ရောက်တယ်။
ထူးခြားတာက သူ့မျက်လုံးဗျ။မျက်လုံးတွေက နီနီကြီး။
ကျုပ်လည်း ဒီလူကို ဒီတောထဲမှာ တစ်ခါမှ
မတွေ့ဖူးပါဘူးဆိုပြီး ခြုံပုတ်ထဲက ချောင်းကြည့်နေတာဗျို့

အဲဒီလူက ဘာလုပ်တယ်ထင်သလဲ။ ကောင်းကင်ကို
မော့ကြည့်နေတယ်ဗျ။ကျုပ်ကလည်း သူ့ကြည့်သလို
လိုက်ကြည့်တာပေါ့။ အဲဒီမှာ သိန်းငှက်တစ်ကောင်
ဝဲနေတာဗျ။ ခဏနေတော့ ဒီလူက သစ်ပင်တွေမရှိတဲ့
မြေကွက်လပ်ကို ထွက်သွားတယ်။

အဲ ပြောရဦးမယ် ဒီလူက ကရင်ပုဆိုးနဲ့ ကရင်သင်တိုင်းနီနီကို
ဝတ်ထားတယ်ဗျ။ဒါပေမဲ့ ဒီလူ ကရင်မဟုတ်မှန်း ကျုပ်
အတတ်သိပါတယ်။ အဲ အဲဒီလူ မြက်ခင်းကလေးမှာ
ခြေစုံရပ်ပြီး ကောင်းကင်မှာ ပျံနေတဲ့ သိန်းငှက်ကြီးကို
လက်ညှိုးနဲ့ ထိုးလိုက်တယ်ဗျို့။ ပြီးတော့ သူ့ဖနောင့်နဲ့
မြေကြီးကို ပေါက်လိုက်တာ ကောင်းကင်မှာ ပျံနေတဲ့
သိန်းငှက်ကြီး ဇောက်ထိုးပြုတ်ကျလာတာဗျို့

ဘုန်းခနဲ မြည်ပြီး မြက်ခင်းပေါ်မှာ ဆန့်ငင် ဆန့်ငင်
ဖြစ်နေရောဗျို့။ ဘာပြောကောင်းမလဲ ဆရာကြီးရာ။

အဲဒီလူက ငှက်ကြီးကို ဆတ်ခနဲ ကောက်ယူပြီး
လည်ပင်းကို ကိုက်တော့တာပဲဗျို့။
အိုး သွေတွေပန်းထွက်လာတော့စုပ်တော့တာပဲဗျာ။

ကျုပ်ဖြင့် ခြုံထဲမှာ လှုပ်ကို မလှုပ်နိုင်အောင် ကြောက်တာဗျို့။
လူဆိုတာ ခက်တော့ ခက်သားဗျ။ကြောက်သာကြောက်တာ
အဲဒီလူထွက်သွားတော့ ကျုပ် နောက်ယောင်ခံပြီး
လိုက်သွားခဲ့တယ်ဗျ။ ဒီလူက ဆင်ခေါင်းတောင်ဘက်ကို
သွားတာဗျို့။ဆင်ခေါင်းတောင် ဆိုတာက
အင်မတန်ကို တောနက်တာ။ လူတွေ သိပ်မလာကြဘူးလေ။
ကျုပ် သေသေချာချာ ကြည့်တော့ ဒီလူက
တောင်ခြေက တောအုပ်ထဲမှာ တဲကလေး
ဆောက်ထားတာဗျို့။

သူ့တဲနားမှာ မီးဖိုကြီးတစ်ခုနဲ့ အိုးတွေ ခွက်တွေ တွေ့တယ်။
တစ်ခု,ခု ချက်ပြုတ်ထားတဲ့ပုံပဲဗျ။ ပြီးတော့ တဲနားက
ကျောက်တုံးကြီးပေါ်မှာ ငွေဖလားကလေးတစ်လုံးနဲ့
ဓါးမြှောင်တစ်လက် ချထားတာ တွေ့တယ်ဗျ။

ဓါးမြှောင်ရဲ့ အရိုးကို ရွှေအစစ်နဲ့ လုပ်ထားတယ်လို့
ကျုပ်တော့ ထင်တာပဲဗျ။ကျုပ်လည်း သိပ်ကြာကြာ
မနေရဲတာနဲ့ အသာကလေး ပြန်ပြေးလာခဲ့ရတယ်
ဆရာကြီးရေ”

“မန်းအောင်ပွင့်ကို ကျုပ် မေးရဦးမယ် ။အဲဒီလူကို
ဘာလူမျိုးလို့ ထင်တုံး”

ဆရာကြီးအမေးကို ကရင်အဘိုးကြီးက စဉ်းစားပြီး
ဖြေတယ်ဗျ။

“ကျုပ်စိတ်ထင်တော့ ဒီလူဟာ ဗမာပဲ ထင်တယ်ဗျ။
ကရင်မဟုတ်တာတော့ သေချာတယ်”

“အင်း ဟုတ်လောက်ပါတယ်။ ဘယ်ခေတ်ကတည်းက
ရှိနေခဲ့တဲ့ ကဝေကြီးလည်းမှ မသိတာ”

မန်းအောင်ပွင့်က ဆရာကြီးပြောတာကို နားထောင်ပြီးတော့
ပြောတယ်ဗျ။

“ဘယ်ခေတ်ဆိုတာတော့ မသိဘူး ဆရာကြီးရေ ။ကျုပ်ဖြင့်
တောထဲကို နှစ်ရက်လောက်တောင် မဝင်ရဲဘူးဗျာ။
အခုလည်း ဆင်ခေါင်းတောင်တို့ ကျားခုန်ချောင်းတို့ဘက်ကို
ခြေဦးတောင် မလှည့်တော့ဘူးဗျို့”

“မန်းအောင်ပွင့် တွေ့ခဲ့တာက ဘယ်တုံးကလဲ”

လို့ ဆရာနွံဖက ဝင်မေးတယ်ဗျ။ဒီတော့ မန်းအောင်ပွင့်က…

“ခုနှစ်ရက် ရှစ်ရက်လောက်ပဲ ရှိဦးမှာဗျ”

လို့ ဖြေတော့ ဆရာကြီးက စောရေအေးကို မေးတယ်ဗျ။

“စောရေအေး သောကြာသမီးကိစ္စ ဖြစ်တာက
ဘယ်လောက်ကြာပြီလဲ”

“တစ်လလောက်တော့ ရှိပြီ ဆရာကြီးရဲ့”

“အင်း သိပ်ဟုတ်တာပေါ့ ။အခုဆိုရင် တန်ဆောင်မုန်းလဆန်းပြီပဲ။
အခုလာမယ့်စနေဟာ တန်ဆောင်မုန်းလရဲ့ ပထမဆုံး
စနေပဲကွဲ့။ဒီစနေမှာ သူစနေသားကို စားမယ်နေ့ပဲ”

“ဗျာ စနေသားကို စားမှာ ဟုတ်လားဗျ”

မန်းအောင်ပွင့် လန့်ဖျပ်ပြီး ပျာပျာသလဲ မေးတယ်ဗျ။

“ဟုတ်တယ်ဗျ။မန်းအောင်ပွင့်ရဲ့ ။ ခင်ဗျား တွေ့ခဲ့တဲ့လူဟာ
လူသားစား ကဝေကြီးပဲ။အသက်လည်း နည်းမှမဟုတ်ဘူးဗျာ။
အနည်းဆုံး နှစ်ရာ သုံးရာတော့ ရှိလောက်တယ်”

“အလို ဘုရားရေ ကျုပ်ဖြင့် ကြောက်လိုက်တာ ဆရာကြီးရာ”

“မကြောက်နဲ့ မန်းအောင်ပွင့် ဒီကဝေကောင်ကို ကျုပ် နှိမ်နင်းမယ်။
ခင်ဗျားလည်း ကျုပ်ကို ကူညီပါ”

“ဟုတ်ကဲ့ ကူညီပါ့မယ် ဆရာကြီး ။ဘယ်လိုများ
ကူညီရမယ် ဆိုတာသာ ပြောပါဗျာ”

“ဒီလိုပါ မန်းအောင်ပွင့် ။အဲဒီလူသားစားကဝေကြီးနေတဲ့
နေရာကို သိတာက ခင်ဗျားတစ်ယောက်ပဲ ရှိတာမို့လား
အဲဒီတော့ ကျုပ်တို့ကို လမ်းပြလုပ်ပြီး ခင်ဗျားက ခေါ်သွားပါ”

“ဗျာ…လမ်းပြ။ ဟာ ဖြစ်ပါမလား ဆရာကြီးရာ”

မန်းအောင်ပွင့်က အထိတ်တလန့် ပြန်မေးလိုက်တယ်ဗျို့။
ကျုပ်ဖြင့် လန့်သွားတဲ့ မန်းအောင်ပွင့်ကြီးကို ကြည့်ပြီး
ရယ်ချင်လိုက်တာဗျာ မပြောပါနဲ့တော့။ မနည်းကို
ထိန်းထားလိုက်ရတယ်။

“စောရေအေးက မနက်ဖြန်မှာ သတင်းကို သေသေချာချာ
ထောက်ပေတော့ ။ ဒီကောင် ဒီနှစ်ရက်အတွင်း
အလုပ်,လုပ်တော့မှာကွ။ဘယ်ရွာကို ရွေးတယ်ဆိုတာ
သိဖို့ လိုတယ်ကွ။သြော် နေဦးကွ။ ဒီတစ်ခါက စနေသားဆိုတော့
အနောက်တောင်ဘက်ကျတဲ့ စနေအရပ်ကရွာက
ဘယ်ရွာရှိတုံးကွဲ့”

စောရေအေးရော မန်းအောင်ပွင့်ပါ တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီး စဉ်းစားကြတယ်ဗျ။

“ဟာ အနောက်တောင်ဘက်ကျတဲ့ ရွာဆိုတော့
ကျုပ် ခုနက ပြောတဲ့ ဆင်ခေါင်းတောင်ဘက်ပေါ့ဗျ။
ကျောက်ထပ်ရွာက အနောက်တောင်ဘက်ကျတဲ့ရွာပေါ့”

“ဟုတ်ပြီဗျို့။ဟုတ်ပြီ။ အဲဒီရွာကို ဒီကောင် ရွေးထားတာဗျာ။
ဒါကြောင့် ဆင်ခေါင်းတောင်ဘက်မှာ တဲတွေ ဘာတွေ ထိုးပြီး
အဆင်သင့် ပြင်နေတာပေါ့ ။ဟုတ်ပြီဗျို့။ကဲ မနက်ဖြန်
ကျုပ်တို့ ကျောက်ထပ်ရွာကို သွားမယ် ။ မနက်ဖြန်ဆိုရင်
သောကြာမို့လား။စနေဆိုရင် ဒီကောင် အလုပ်,လုပ်တော့မှာဗျ”

ကျုပ်တို့တွေ အဲဒီည အိပ်ရာဝင်တော့ အရုဏ်တက်ကာ
နီးပြီဗျို့။ဆရာကြီးကတော့ မအိပ်တော့ဘဲ ဘုရားခန်းမှာ
ဘုရားရှိခိုးပြီး ပုတီးစိပ်နေတာကို တွေ့ရတယ်ဗျ။
ကျုပ်တော့ အိပ်ပျော်သွားလိုက်တာ နောက်တစ်နေ့
မနက်ရောက်လို့ ဆရာနွံဖက နှိုးမှပဲ နိုးတော့တာဗျို့။

စောရအေးတို့ အိမ်ကကျွေးတဲ့ ကောက်ညှင်းပေါင်းနဲ့
ဆတ်သားခြောက်မီးဖုတ်ကလေးကို အားရပါးရစားပြီးတာနဲ့
ရိုးမခရီးကို ထွက်ခဲ့ကြတယ်။
ကျောက်ထပ်ကိုရောက်တော့ ညနေ နေစောင်းနေပြီ။

ကျောက်ထပ်မှာတော့ စောရေအေးက ရင်းနှီးတဲ့
မိတ်ဆွေ မရှိဘူးဗျ။ မန်းအောင်ပွင့်ရဲ့ မိတ်ဆွေ
တစ်ယောက်အိမ်မှာ တည်းကြရတာပေါ့။
မန်းအောင်ပွင့်ပဲ ရွာထဲထွက်ပြီး
သတင်းထောက်လှမ်းရတာပေါ့ဗျာ။
နှစ်နာရီလောက်ကြာတော့မှ မန်းအောင်ပွင့်
သုတ်သုတ် သုတ်သုတ်နဲ့ ပြန်လာတယ်ဗျို့။
ဆရာကြီးက မန်းအောင်ပွင့် ပြန်လာတဲ့ပုံစံကို
ကြည့်ပြီး …

“ဟာ မန်းအောင်ပွင့်တော့ အကြောင်းထူးလာပြီထင်တယ်”

လို့ ဆီးကြိုပြောလိုက်တယ်ဗျ။ မန်းအောင်ပွင့်က
ဆရာကြီးရှေ့မှာ ဝင်ထိုင်လိုက်ပြီး …

“ဆရာကြီးရေ…ကျုပ်ပြောတဲ့ ကရင်သင်တိုင်းနဲ့
လူကြီး ရွာထဲက ထွက်သွားတာ တွေ့ခဲ့တယ်ဗျ
ရွာထဲကို ဘာတွေဝင်လုပ်နေတာလဲ မသိဘူးဗျို့”

“အေး သူရွာပြင်ထွက်သွားတဲ့ လမ်းကြောင်းကို
မှတ်မိသလား”

“ဟာ မှတ်မိတာပေါ့ ဆရာကြီးရဲ့”

“အဲဒီလမ်းကြောင်းက ဘယ်ဘက်ကို ဦးတည်တုံးဗျ”

“အဲဒီလမ်းကြောင်းက နေဦး ဆရာကြီးရဲ့။
ဟာ သိပြီဗျို့။အဲဒီလမ်းကြောင်းက ဆင်ခေါင်းတောင်ဘက်ကို
ဦးတည်တာဗျို့”

“အေး ဒါဆို နေရာကျပြီကွဲ့။မနက်စောစောထပြီး
လုပ်ငန်းစပေတော့ မောင်တာတေရေ”

ဆရာကြီးက ကျုပ်ဘက်ကို လှည့်ပြီး ပြောတယ်ဗျ။

“ဟုတ်ကဲ့ ကျုပ် အဆင်သင့်ပါပဲ ဆရာကြီး”

လို့ ကျုပ်က ပြန်ပြောတော့ ဆရာကြီးက ခေါင်းညိတ်ပြီး

“မနက်ဖြန် မနက်ပိုင်း တစ်ခု,ခုလေး စားပြီးတာနဲ့
မောင်တာတေက ထင်းခွေမယ့်ပုံစံနဲ့ ဓါးမတိုကလေး
ခါးထိုးပြီး တောထဲကို ဝင်ပေတော့။ မနေ့က ကဝေ
ဝင်သွားတဲ့လမ်းကို မန်းအောင်ပွင့်ကလိုက်ပြလိမ့်မယ်
ဘာမှမကြောက်နဲ့။ မန်းအောင်ပွင့်နဲ့ စောရေအေးက
လက်နက်ကိုယ်စီနဲ့ မလှမ်းကမ်းက ပါလာမှာ သိလား။
မောင်တာတေ တစ်နေရာမှာ ကဝေနဲ့ တွေ့ရမှာပဲ။
မင်းကို နာမည်ဘယ်လိုခေါ်လဲ။ ဘာနေ့သားလဲ မေးရင်
တာတေလို့ ပြောပေါ့။ စနေသားလို့ပြော။ ဘယ်ရွာမှာ နေလဲလို့
မေးရင် ကျောက်ထပ်မှာနေတယ်ပေါ့ ။ သူက တို့ဆေးတို့မှာပဲ။
မင်းကို မနက်စောစော မသွားခင်မှာ ဆရာကြီး
အင်းတစ်ချပ် တိုက်ထားမယ် ။ တို့ဆေး မမိနိုင်တဲ့
အင်းပါပဲ။’သံချပ်ကာအင်း’လို့ခေါ်တယ်။
မောင်တာတေရဲ့ တစ်ကိုယ်လုံးကို သံချပ်ကာအင်္ကျီ
ဝတ်လိုက်သလို ဖြစ်တာပေါ့ကွာ”

“ဟုတ်ကဲ့ပါ ဆရာကြီး”

“အေး ဆရာကြီးပြောမယ် ကဝေတို့ဆေးက မောင်တာတေကို
ဘာမှမဖြစ်ပေမယ့် ဖြစ်ချင်ဟန်ဆောင်ရမယ်။ ကဝေက
အမိန့်တွေပေးရင် အိပ်ပျော်နေတဲ့လူလို သူခိုင်းတာတွေ
အကုန်လိုက်လုပ်ပေတော့ ။ နည်းနည်းမှတော့
ဟန်မပျက်စေနဲ့နော်”

“စိတ်ချပါ ဆရာကြီး”

“အေး မင်းကို ဘယ်ခေါ်သွားတယ်ဆိုတာကို စောရေအေးတို့က
သေသေချာချာ ကြည့်ပြီးမှ တစ်ယောက်ပြန်လာပြီး ကျုပ်နဲ့
နွံဖကို ခေါ်လိမ့်မယ်။ ဒီအစီအရင်ကို နေဝင်ပြီးမှ စီရင်လို့ရတာကွ။
တစ်နေ့လုံး မင်းကို ဒီကောင် ဘာမှမလုပ်ဘူး သိလား”

“ဟုတ်ကဲ့ ဆရာကြီး”

“အေး ကျုပ်နဲ့ နွံဖ ရောက်ရင် မင်းကို ကျုပ်တို့ရောက်ကြောင်း
တစ်နည်းနည်းနဲ့ ဆက်သွယ်မယ်။ သတိတော့ မလစ်စေနဲ့နော်
မောင်တာတေ”

“စိတ်ချပါ ဆရာကြီး”

“မင်းကို ယစ်ပူဇော်ကာနီးပြီဆိုတော့မှ ရုတ်တရက်ထပြီး
ကျုပ်တို့ဘက်ကို ပြေးပေတော့ သိလား။ ကျန်တာကတော့
ကျုပ်အလုပ်ပေါ့ကွယ်”

“ဟုတ်ကဲ့ပါ ဆရာကြီး ကျုပ်ကို စိတ်မပူပါနဲ့ ”

“အင်း မင်းလို သတ္တိကောင်းတဲ့ လူမျိုးတော့ ကျုပ်တစ်သက်
မတွေ့ဖူးပါဘူး မောင်တာတေ”

လို့ ဆရာကြီးက ပြောပြီး အဲဒီညစောစောပဲ ဘုရားရှိခိုးကြတယ်
ဆရာကြီးရယ် ဆရာနွံဖရယ် စောရအေးရယ် ဘုရားဝတ်တက်ပြီး
ပုတီးစိပ်ကြတယ်။ မန်းအောင်ပွင့်နဲ့ ကျုပ်ကတော့ အိပ်ရာဝင်ပြီး
အိပ်ကြတော့တာပေါ့ဗျာ။

XxXXX

ဒီမနက်တော့ စောစောနိုးတယ်ဗျို့။ကျုပ်နိုးတော့ တောဓလေ့အတိုင်း
ထမင်းကြမ်းစား ရေနွေးကြမ်းသောက်ကြတာပေါ့ဗျာ။
အားလုံးစားသောက်ပြီးတော့မှ ဆရာကြီးက…

“ကိုင်း လာ မောင်တာတေ ။ ဘုရားရှိခိုးပေတော့”

လို့ ခိုင်းတယ်။ ကျုပ်လည်း ဆရာကြီးခိုင်းတဲ့အတိုင်း
ဘုရားကို ရှိခိုးတယ်။ ဆရာကြီးက အင်းတစ်ချပ်ကို
ပြာချပြီး ရေဖျော်တိုက်တယ်ဗျ။ပါးစပ်ကလည်း
မန္တန်တွေ ရွတ်ဖတ်နေတယ်။

“ကဲ မောင်တာတေ သံချပ်ကာအင်းကို သေသေချာချာ
နှိုးထားလိုက်ပြီကွဲ့။ ဘာမှ မကြောက်နဲ့။ ဒါပေမဲ့
ဟန်တော့ ကောင်းဖို့ လိုတယ်နော်”

“ဟုတ်ကဲ့ ဆရာကြီး”

“ကဲ သွားပေတော့ မန်းအောင်ပွင့်နဲ့ စောရေအေးက
မောင်တာတေကို အထူးဂရုစိုက်ကြနော် ။တစက်ကလေးမှ
မျက်ခြည်မပြတ်စေနဲ့ ”

“ဟုတ်ကဲ့ပါ ဆရာကြီး”

လို့ စောရအေးက ပြောတယ်။ပြီးတော့ စောရေအေးက
ဓါးရှည်တစ်ချောင်း မန်းအောင်ပွင့်က ဒူးလေးနဲ့
မြားကျည်တောက်ကိုလွယ်တယ်။

ကျုပ်ကတော့ ပုဆိုးတိုတိုဝတ်။ ပုဆိုးတစ်ထည်
ခေါင်းပေါင်းပြီး ဓါးမတိုတစ်ချောင်း ခါးထိုးကြိုးခွေ
တစ်ခွေလွယ်ပြီး ထွက်ခဲ့ကြတယ်။ ရွာအပြင်ရောက်တော့…

“ကဲ မောင်တာတေ ကဝေကောင်ကြီး မနေ့က
ဝင်သွားတာ ဒီလမ်းပဲကွ။ ကဲ မင်းသွားပေတော့။
မင်းနောက်မလှမ်းမကမ်းမှာ ငါတို့ ပုန်းပြီးလိုက်လာမယ်”

“ကောင်းပြီဗျို့”

လို့ ကျုပ်ကပြောပြီး တောထဲကို ဝင်ခဲ့တယ်။
ကြက်သီးတွေကတော့ တဖျန်းဖျန်းထလို့ဗျ။
တောထဲကို တော်တော်ကလေး ဝင်လာလိုက်မိတော့
တောကလည်း နက်သထက် နက်လာပြီဗျို့။
လူသွားလမ်းလေးကတော့ ဖြောင့်နေတာဗျ။

“ဟေ့ သူငယ် နေပါဦးကွ”

ကျုပ်ဆိုတာ ဆံပင်တောင် ထောင်သွားသလား
ထင်မိတယ်ဗျို့။ ကျုပ်ရဲ့ ညဘက်က ဒညင်းပင်ကြီး
နောက်ကနေ ထွက်လာတဲ့ လူကြီးကို ကျုပ် လှမ်းမြင်ရတယ်။
ကျုပ်နဲ့တော့ ခြေလှမ်းဆယ်လှမ်းလောက်တော့ ဝေးပါတယ်။

“မင်း ဘယ်ရွာကတုံးကွ”

မန်းအောင်ပွင့်ပြောတဲ့ ပုံစံအတိုင်းပါပဲဗျာ။
အရပ်က ၆ ပေလောက် ရှိမယ်။ မျက်နှာက ခပ်ပြားပြားဗျ။
မုတ်ဆိတ်မွေး ။ နှုတ်ခမ်းမွေးတွေက တော်တော်ကို
ရှည်တာဗျ။မုတ်ဆိတ်တွေက တစ်ထွာလောက် တွဲကျနေတယ်။

မုတ်ဆိတ်မွေးနဲ့နှုတ်ခမ်းက ဆက်နေတော့
ပါးစပ်ပေါက်တောင် သိပ်မတွေ့ရဘူးဗျ။
မျက်လုံးတွေက နီတီတီနဲ့ဗျို့။နှာတံက
ကောက်ကောက်ကြီးဗျ။

နဖူးကလည်း မောက်မောက်ကြီး ။ ခေါင်းကဆံပင်ကြီးက
ဖားလျားကြီးဗျ။ကျောအလယ်လောက် ရောက်တယ်ဗျို့

“ကျုပ်က ကျောက်ထပ်ကဗျ”

“သြော် ဘာလာလုပ်တုံး ။ ထင်းခွေပဲလား”

“ဟုတ်တယ်ဗျ ကျုပ် ထင်းလာခွေတာ”

“သြော် သြော် မင်းနာမည်က ဘာတဲ့တုံး”

“ကျုပ်နာမည်က တာတေဗျ”

“အလို တာတေတဲ့လား”

ပြောရင်းနဲ့ ကဝေကြီးက ကျုပ်နားကို ကပ်လာတယ်ဗျ။

“တာတေဆိုတော့ စနေသားများလား”

“ဟုတ်တာပေါ့ဗျာ ကျုပ်က စနေသားစစ်စစ်ဗျ။
နေတက်ရေတက် မွေးတာလို့ ကျုပ်အမေက ပြောသဗျ”

“သိပ်ကောင်းတာပေါ့ကွာ”

“ဘုန်း”

ပြောပြောဆိုဆို ကဝေကြီး ကျုပ်ကျောကုန်းကို
သူ့လက်ဝါးကြီးနဲ့ ဘုန်းခနဲ မြည်အောင် ရိုက်ချလိုက်တယ်
ကျုပ်ဆိုတာ ရှေ့ကို ဒူးထောက်ပြီး ကျသွားတာပေါ့ဗျာ။
ကျုပ် သိပါတယ်ဗျ။ဒါဟာ ဆရာကြီးပြောတဲ့ တို့ဆေးဆိုတာပဲ။

ကျုပ်ကို တို့ဆေးသုတ်ထားတဲ့ လက်ဝါးနဲ့ ရိုက်လိုက်တာဗျ။
ဆရာကြီး တိုက်ထားတဲ့ အင်းနဲ့အစွမ်းကြောင့်
ကျုပ် ဘာမှမဖြစ်ဘူးဗျို့။ဒါပေမဲ့ ကျုပ်က ငိုင်တိုင်တိုင်
ပုံစံကြီး လုပ်လိုက်ရတာပေါ့ဗျာ။

“ဟဲ့ တာတေ ထစမ်း ။ ငါ့အမိန့်”

ဟော ကဝေက ကျုပ်ကို အမိန့်စပေးပြီဗျို့။
ကျုပ်ကလည်း အိပ်မွေ့ချခံထားရတဲ့လူလို
ဒယီးဒယိုင်နဲ့ ထလိုက်ရတာပေါ့ဗျာ။

“ငါ့ကိုကြည့်စမ်း တာတေ ။ စနေသား တာတေ။
အခုအချိန်ကစပြီး မင်းကို ငါပိုင်ပြီ။ငါ ခိုင်းတာလုပ်ရမယ်။
ဘယ်နှယ့်တုံး လုပ်မယ်မို့လား”

ကျုပ်က မျက်လုံးကြီးစင်းပြီး ခေါင်းကို ခပ်ဖြည်းဖြည်း
ညိတ်ပြလိုက်တယ်။

“ကောင်းပြီ တာတေ။ ငါ့နောက်က လိုက်ခဲ့တော့။
အခု လိုက်ခဲ့တော့”

ပြောပြောဆိုဆို ကဝေက ကရင်သင်တိုင်းနီနီကြီးနဲ့
ရှေ့က ထွက်သွားတယ်။ ကျုပ်က ဒယီးဒယိုင်လုပ်ပြီး
နောက်က လိုက်ရတာပေါ့ဗျာ။

ကဝေက တောင်ကုန်းကိုတက်ရင် ကျုပ်ကလည်း
လိုက်တက်ရတာပေါ့ဗျာ။ကဝေက လျှိုထဲကို ဆင်းရင်
ကျုပ်ကလည်း လိုက်ပြီး ဆင်းရတာပေါ့။တော်တော်ကို
ဝေးတာဗျို့။နာရီပြန်နှစ်ချက်လောက်ရှိပြီထင်တယ်ဗျ။
ဒီတော့မှ ကဝေရဲ့ တဲကို ရောက်တာ။

မန်းအောင်ပွင့်ကြီး ပြောတဲ့အတိုင်းပါပဲဗျာ။
မီးဖိုရော အိုးတွေ ခွက်တွေရော ရင်စို့လောက်မြင့်တဲ့
ကျောက်တုံးကြီးပေါ်မှာ အဆင်သင့် တင်ထားတဲ့
ငွေဖလားနဲ့ ရွှေလက်ကိုင်ရိုး တပ်ထားတဲ့ ဓါးကိုလည်း
တွေ့ရတယ်ဗျို့။

“တာတေ ဒီမှာထိုင် ။ လာ လာ လာခဲ့”

လို့ ကဝေက ကျုပ်ကို ခေါ်တယ်ဗျ။
ကျုပ်ကလည်း ဘာမှ မသိသလို သူခိုင်းတဲ့အတိုင်း
လုပ်ရတာပေါ့ဗျာ။ သူက ကျုပ်ကို သစ်ပင်တစ်ပင်အောက်မှာ
ထိုင်ခိုင်းတယ်ဗျ။ ကျုပ်လည်း မောနေတော့ ငြိမ်ပြီး
ထိုင်နေတာပေါ့ဗျာ။ မျက်စိတွေကတော့ တစ်ချက်မှ
အလစ်မပေးဘဲ မသိမသာ ကြည့်နေရတာပေါ့ဗျာ။

ကဝေက သူ့ရဲ့တဲထဲကို ဝင်သွားတယ်ဗျ။
တော်တော်ကြာမှ ပြန်ထွက်လာပြီး အိုးတွေကို
စမ်းချောင်းဘက်ကို ယူသွားပြီး ဆေးတယ်ဗျို့။

ပြီးတော့ မီးဖိုကြီးကို မီးမွှေးတယ်။
စမ်းချောင်းကရေကိုသယ်ပြီး အိုးထဲ ထည့်တယ်ဗျ။
မီးဖိုပေါ်မှာ ရေနွေးအိုးကြီး တည်ထားတာပေါ့ဗျာ။
ကျုပ်ဖြင့် အသည်းယားလိုက်တာ။ ကျုပ်ကို
ပြုတ်မယ့်ရေနွေးအိုးကြီးမို့လား။

ရေနွေးအိုးလည်း တည်ပြီးရော ကဝေကြီးက
တဲရဲ့အနောက်ဘက်က ထင်းချောင်းတွေ သယ်လာတယ်ဗျ။
ထင်းတွေ သွား,သွား သယ်နေတုန်းမှာပဲ နေလည်း
တော်တော်စောင်းလာပြီပေါ့ဗျာ။

ကဝေကြီး နောက်တစ်ခါ ထင်းချောင်းတွေ သွားသယ်ချိန်မှာ
ကျုပ် ဘေးဘီကို ကြည့်လိုက်တယ်။ မလှမ်းမကမ်းက
မြားဆိပ်ပင်ကြီး နောက်ကနေ ဆရာနွံဖက လှစ်ခနဲ
ထွက်ပြပြီး ပြန်ဝင်သွားတယ်ဗျ။ ဟာ ဆရာကြီးတို့
ရောက်နေပြီပဲ။ ကျုပ်ဖြင့် အားတက်သွားလိုက်တာဗျာ။
မပြောပါနဲ့တော့။ ကဝေကြီးက ထင်းချောင်းတွေ
တော်တော်များများ သယ်ပြီး သွားတော့ ထင်းတွေကို
စနစ်တကျစီပြီး မီးဖိုကြီး လုပ်တာဗျ။

နေဝင်သွားပြီဗျို့။

ကဝေကြီးလည်း ပြင်ဆင်တာတွေအားလုံး ပြီးသွားပုံပဲဗျ။
ငွေဖလားတင်ထားတဲ့ ကျောက်တုံးကြီးနားမှာ ထိုင်ပြီး
နားနေတယ်။ သူ့ခေါင်းကြီးကတော့ ကောင်းကင်ကို
မော့ပြီး ကြည့်နေတယ်ဗျ။

တော်တော်ကလေးကြာတော့ တောကြီးတစ်ခုလုံး
မှောင်လာပြီဗျို့။ ကဝေကြီးလည်း ထိုင်နေရာကနေ
ဝုန်းခနဲ ထပြီး ရပ်တယ်ဗျ။ ဘေးပတ်လည်မှာ
တော်တော်မှောင်လာပြီဗျို့။ ရေနွေးအိုး ကျိုထားတဲ့
မီးဖိုက အလင်းရောင်ကြောင့် လင်းနေတာပေါ့ဗျာ။

“တာတေ စနေသား တာတေ ထလော့။ အခု ထလော့”

ကျုပ်က အိပ်ချင်မူးတူးပုံစံနဲ့ ထရပ်လိုက်တယ်ဗျ။
ဒီတော့မှ ကဝေကြီးက ကျုပ်ခါးမှာ ထိုးထားတဲ့
ဓါးမတိုကို တွေ့သွားပြီး …

“တာတေ ငါ့ကို ဓါးပေးစမ်း ဓါးပေးစမ်း”

လို့ လက်ဝါးကြီးဖြန့်ပြီး တောင်းတယ်။
ကျုပ်ကလည်း ခါးကြားက ဓါးကိုထုတ်ပြီး ပေးလိုက်တယ်။

“တာတေ လာလော့ လာလော့”

ဆိုပြီး ကျုပ်လက်မောင်းကို ဆုပ်ညှစ်ပြီး ဆွဲခေါ်တယ်။
ငွေဖလားတင်ထားတဲ့ ကျောက်တုံးကြီးကို မှီပြီးရပ်ခိုင်းတယ်။
ပြီးတော့ ကျုပ်ခေါင်းကို ဖိပြီး လှန်ချလိုက်တယ်။
ကျုပ်ခေါင်းက မော့ပြီး ကျုပ်လည်ပင်းက လန်နေတာပေါ့ဗျာ။
ငွေဖလားပေါ်မှာ တင်ထားတဲ့ ဓါးနဲ့များ လှီးလိုက်လို့ကတော့
ပန်းထွက်လာလိုက်မယ်သွေးတွေဗျာ။

မြင်လို့တောင် ကောင်းမယ်မထင်ပါဘူး။
ကဝေကြီးက ငွေဖလားကို လက်တစ်ဖက်ကကိုင်ပြီး
လက်တစ်ဖက်က ရွှေနဲ့ လုပ်ထားတဲ့ ဓါးမြှောက်ရဲ့အရိုးကို
ခပ်ကျစ်ကျစ် ဆုပ်ထားတယ်ဗျ။

ကျုပ် မသိမသာကြည့်လိုက်တော့
ဓါးသွားဟာ မြည့်နေအောင် သွေးထားတာဗျို့။
ဒီဓါးနဲ့ လှီးလို့ကတော့ အားတောင် သိပ်စိုက်စရာ
လိုမယ်မထင်ဘူးဗျို့။တိကနဲ နေမှာပဲ။

ကဝေကြီးက ကျုပ်လည်ပင်းတည့်တည့်မှာ
ဓါးကိုမြှောက်ထားပြီးမန္တန်တွေကို အသံကျယ်ကျယ်နဲ့
ရွတ်တော့တာပဲဗျို့။

ကျုပ်ကိုတောင် မကြည့်တော့ဘူးဗျ။ ကောင်းကင်ကိုပဲ
မော့ကြည့်နေတာ။ ကျုပ်လည်း ဒီအခွင်အရေးကို
ဘယ်မှာ လက်လွတ်ခံလိမ့်မတုံးဗျာ။

ကျောက်တုံးကြီးပေါ်မှာ မှီပြီး ပက်လက်လန်နေရာကနေ
ကဝေကြီးရဲ့ ရင်ညွှန့်တည့်တည့်ကို ခေါင်းနဲ့ ဆတ်ခနဲ
တိုက်ပစ်လိုက်တယ်။

“ဘုန်း အင့် ”

ဘုန်းကနဲ အသံကြီးနဲ့အတူတူ အင့်ကနဲ မြည်အောင်
ကဝေကြီးရဲ့ ညည်းတွားသံကို ကြားလိုက်ရတယ်။
ကျုပ်လည်း စောစောက ဆရာနွံဖကို လှစ်ခနဲ တွေ့လိုက်ရတဲ့
မြားဆိပ်ပင်ကြီးဘက်ကို ဒုန်းစိုင်းပြီး ပြေးတော့တာပေါ့ဗျာ။
ကျုပ်ပြေးလာတာကိုတွေ့တော့ ဆရာကြီးနဲ့ ဆရာနွံဖတို့က
လွယ်အိတ်ကြီးတွေ ကိုယ်စီလွယ်ရင်း ပြေးထွက်လာကြတယ်။

“သစ်ပင်နောက်မှာ သွားနေ မောင်တာတေ”

ဆရာနွံဖက ကျုပ်ကို လှမ်းပြောရင်း ကဝေကြီးဆီကို
သွားနေကြတယ်။

“ဟား ဟား ဟား လက်စသတ်တော့ ဒီလိုကိုး။
လာစမ်းပါ ။ လာခဲ့ကြစမ်းပါ ။ ဒီကနေ့ ငါ့အစီအရင်ကို
မအောင်မြင်အောင် နှောင့်ယှက်တဲ့ကောင်တွေ
ငါဘာလဲဆိုတာ သိရမှာပေါ့”

ကဝေကြီးက ရှေ့ကို တိုးလာတယ်ဗျ။
မျက်လုံးနီနီကြီးတွေက အရောင်တွေကို ထွက်နေတာဗျို့

ကျုပ်မြားဆိပ်ပင်ကြီးနောက်ကို ရောက်တော့ စောရေအေးနဲ့
မန်းအောင်ပွင့်ကို တွေ့ရတယ်။ သူတို့နှစ်ယောက်လည်း
ကဝေကြီးကို ကြောက်ကြောက်လန့်လန့်နဲ့ ကြည့်နေကြတာဗျ။

အရောင်တွေ တလက်လက်တောက်နေတဲ့ မျက်လုံးကြီးတွေနဲ့
ဆရာကြီးကို စိုက်ကြည့်နေတယ်။ ဆရာကြီးက ရှေ့ကို
တစ်လှမ်းတိုးလိုက်ပြီး ဆရာနွံဖကို ကာထားတယ်
ဆရာနွံဖကတော့ လက်ထဲမှာ တစ်ခု,ခုကို
အသင့်ဆုပ်ထားသလိုပဲဗျ။

အဲဒီတုန်းမှာပဲ ကဝေမကြီးက သူလက်တွေကို
အပေါ်မြှောက်ပြီး ဝှေ့လိုက်တယ်ဗျာ။

“ဟာ ”

ကျုပ်ဖြင့် လန့်တောင်အော်မိတယ်ဗျို့။
ဝင်းဝင်း ဝင်းဝင်းနဲ့ အရောင်တွေ ဖြာထွက်ပြီး
ဆရာကြီးတို့ဆီကို ပြေးလာတာဗျို့။

ဆရာကြီးက သူ့လက်ဝါးနှစ်ဖက်နဲ့ ကာလိုက်တယ်။
လျှပ်စီးလက်သလို လက်နေတဲ့ အလင်းတန်းတွေ
တုန့်ခနဲ ရပ်သွားတယ်ဗျ။ ဆရာကြီးက လက်ဝါးနှစ်ဖက်နဲ့
ဆတ်ခနဲ ရှေ့ကို တွန်းသလို လုပ်လိုက်တော့
အလင်းတန်းတွေဟာ’ဝုန်း’ဆိုတဲ့ အသံကြီး
မြည်ပြီး မီးခိုးလုံးကြီးဖြစ်ပြီး ပျောက်သွားတယ်ဗျ။

ဟာ ကဝေကြီးက လက်သီးကြီးဆုပ်ပြီး ပါးစပ်နားမှာ
တေ့ထားတယ်ဗျ။မန္တန်ရွတ်တာ ထင်တယ်ဗျို့။
ဟော ပစ်တော့မယ်ဗျို့။

“နွံဖ အင်း ပေးစမ်း”

ဆရာကြီးက လက်ဖြန့်လိုက်တော့ ဆရာနွံဖက ဆရာကြီး
လက်ထဲကို အင်းတစ်ချပ် ထည့်ပေးလိုက်တယ်ဗျ။

ဟော ပစ်ပြီဗျို့ ။ ကဝေကြီးက ပစ်လိုက်ပြီ။
လက်ဖက်ရည် ပန်းကန်လောက်ရှိတဲ့ အလင်းလုံးကြီး
ပြေးထွက်လာပြီဗျို့။

ဟာ ကျုပ်တို့ ဆရာကြီး ပစ်ပြီ။ အင်းနဲ့ ပစ်ပြီဗျို့။

“ဝုန်း”

ဆရာကြီးရဲ့ အင်းနဲ့ အလင်းလုံးကြီးနဲ့ တည့်တည့်ထိပြီး
အသံကြီးမြည်သွားတာဗျို့။မီးခိုးတွေကတော့ ဝုန်းခနဲကို
တက်သွားတာဗျ။ ဟာ ကဝေကြီး ဖင်ထိုင်ရက်
လဲသွားပြီဗျို့။ ဟာ ဆရာကြီးက သူ့လွတ်အိတ်ထဲက
ဖြူဖြူတစ်ခုကို ဆွဲထုတ်လိုက်ပြီဗျို့။

ဟာ ပိုက်ကွန်လိုဟာပဲဗျ။ကဝေကြီးက လဲနေရာက
ပြန်ထဖို့ ကြိုးစားနေတာဗျ။ ဆရာကြီးက ပိုက်ကွန်ကို
သေသေချာချာကိုင်ပြီး တံငါတွေ ကွန်ပစ်သလို
ပစ်လိုက်ပြီဗျို့။ဟာ ဟုတ်တယ်ဗျ။

ပိုက်ကွန်ကြီးဗျ။လေထဲမှာဝဲပြီး ထွက်သွားတာဗျို့။
ဟော အုပ်သွားပြီ။ အုပ်သွားပြီ။ ကဝေကြီးကို
အုပ်သွားပြီဗျို့။ဟော ဟော ကဝေကြီး မြေပြင်ပေါ်မှာ
လူးလွန့်နေပြီဗျို့။

ဆရာကြီးက ပါးစပ်က မန္တန်တွေ အဆက်မပြတ်
ရွတ်နေတာဗျ။ကဝေကြီးကလည်း ပိုက်ကွန်အောက်မှာ
လှိမ့်နေတာဗျို့။

“အောင်မယ်လေးဗျ ။ ပူလှချည်ရဲ့ဗျ။လွှတ်ပေးပါဗျ”

လို့ အသံနက်ကြီးနဲ့ အော်လိုက်တာ။
တောကြီးတစ်တောလုံးကို ဟိန်းသွားတာဗျ။
မန်းအောင်ပွင့်ကြီးဆိုတာ ကြောက်ပြီး
တဆတ်ဆတ်ကို တုန်နေတာဗျို့။

“နွံဖ ကဝေသက်ဖြတ်အင်းတော်ကြီး ပေးစမ်း”

ဆရာကြီးက လက်ဝါးဖြန့်ပြီး ပြောလိုက်တယ်
ဆရာနွံဖကလည်း အင်းတစ်ချပ်ယူပြီး
ဆရာကြီးလက်ထဲကို ထည့်ပေးလိုက်တယ်

ဆရာကြီးက အင်းကို ပါးစပ်နားကပ်ပြီး
မန္တန်ရွတ်တယ်။ပြီးတော့ လှိမ့်နေတဲ့ ကဝေကြီးကို
အင်းနဲ့ပစ်လိုက်တယ်။

“ဝုန်း အား”

မီးခိုးတွေ မှောင်သွားတယ်။မီးခိုးလုံးကြီးကြားက
တအားကြုံးအော်လိုက်တဲ့ ကဝေကြီးရဲ့ အသံဟာ
တောကြီးတစ်ခုလုံး ဟိန်းသွားတာပဲဗျာ။မီးခိုးတွေ
ပျယ်သွားတော့ ကဝေကြီး ငြိမ်နေပြီဗျ။
လှုပ်ကို မလှုပ်တော့ဘူး။

ဆရာကြီးက အခြေအနေကို ခဏစောင့်ကြည့်ပြီးမှ
သူ့ရဲ့ပိုက်ကွန်ကို ပြန်ပြီးဆွဲယူလိုက်တယ်။

“မှတ်ထားကွ နွံဖရဲ့။ဒါကို ကဝေကွန်ယက်လို့ခေါ်တယ်
ဒီကွန်ယက်အောက်ရောက်လို့ကတော့ ဘယ်ကဝေမှ
မခံနိုင်ပါဘူးကွာ”

ဆရာကြီးက သူ့ရဲ့ကဝေကွန်ယက်ကို လွယ်အိတ်ကြီးထဲ
ပြန်ထည့်လိုက်တယ်။

“ဝုန်း”

ဟာ ကဝေကြီးရဲ့ အလောင်းကောင်ကြီးက အလိုလို
မီးထတောက်တာဗျို့။

အိုး တော်တော်ကို ပူတာပဲဗျာ။ဆရာကြီးနဲ့ ဆရာနွံဖတောင်
နောက်ကို ပြန်ဆုတ်လာကြရတယ်ဗျို့။

ဘယ်လိုဖြစ်လို့ ဒီလောက်ပူတာပါလိမ့်လို့
ကျုပ် တွေးနေတုန်းမှာပဲ…

“အဲဒါ ငရဲမီးတောက်လို့ ခေါ်တယ်ကွ။အကုသိုလ်
အလွန်ကြီးတဲ့ ကဝေကြီးတွေ သေတဲ့အခါ
ထပြီးတောက်တတ်တယ်ကွ။ဒါကြောင့်
တအားပူနေတာပေါ့”

ငရဲမီးတောက်ကြီး ငြိမ်သွားတော့ ကဝေကြီး
ပျောက်ပြီဗျို့။ပြာတောင်မကျန်ခဲ့ဘူးဗျ။

“ကဲ အဲဒီတဲကို မီးရှို့လိုက်ကွာ”

လို့ ဆရာကြီးက ပြောတော့ စောရေအေးနဲ့ မန်းအောင်ပွင့်က
ထွက်လာပြီး ရေနွေးကျိုထားတဲ့ မီးဖိုထဲက ထင်းစတွေဆွဲပြီး
တဲပေါ်ပစ်လိုက်တယ်။ခဏနေတော့ ကဝေကြီးရဲ့
တဲကလေး မီးလောင်တာပေါ့ဗျာ။

အိုးတွေ ခွက်တွေရော ငွေဖလားရော ဓါးပါမီးထဲကို
ပစ်ထည့်လိုက်ကြတယ်။
လူသားစားကဝေကြီးတော့ ဇာတ်သိမ်းသွားပြီပေါ့ဗျာ။
တာတေတို့လည်း ညတွင်းချင်းပဲ ကျောက်ထပ်ကနေ
လှည်းကျိုးကို ပြန်လာခဲ့ကြတယ်။
နောက်တစ်နေ့မှာပဲ ရန်ကုန်ကို ပြန်ခဲ့ကြတာပေါ့ဗျာ။

ပြီးပါပြီ။

စာဖတ်ပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွားပါအုံးဗျာ