ခြေရာတစ်ထောင်ငနက်မှောင်

ဘွားမယ်လှတို့ယာပေါ့ကွ”

“အဲဒီယာထဲမှာ ခြေရာကြီးတွေ့လို့ဗျ”

“ဘာခြေရာတုံးကွ ကျောက်ခဲရ”

“ဟ ယာထဲမှာ လူခြေရာတွေ့တာ ဆန်းလို့လားကွ
ကျောက်ခဲရ”

“ဟာ …ဆန်းပါပြီလားဗျာ ခြေရာက လူခြေရာ
ဆိုပေမယ့် တစ်တောင်လောက် ရှိတာဗျ။
ဒါလူကြီးလက်နဲ့ တိုင်းတာနော်။ ကျုပ်လက်နဲ့
တိုင်းကြည့်တာတော့ တစ်တောင်ကျော်တယ်ဗျ”

“ဟေ မင်း ရောက်ပြီးသွားပြီလား ကျောက်ခဲရ”

“ဟာ ရောက်ပြီးပြီပေါ့ဗျ။ထနောင်းကုန်းက တာတေ့တပည့်
ကျောက်ခဲပဲဗျာ ရှေ့ဆုံးကပေါ့”

“အင်း ဒီသတင်းကို တို့ရွာသားတွေ သိသွားကြပြီလားကွ”

“သိလို့ပဲ တစ်ရွာလုံး သွားကြည့်ကြပြီးပြီဗျ။
မကြည့်ရသေးတာဆိုလို့ ကိုကြီးတာတေပဲ
ကျန်တော့မှာဗျ”

ကျုပ်နဲ့ကျောက်ခဲနဲ့ ပြောဆိုနေကြတုန်းမှာပဲ
အမေဝိုင်းထဲကို ဝင်လာတယ်။အမေ ဘယ်အချိန်က
ရွာထဲသွားလိုက်မှန်း ကျုပ်တောင် မသိလိုက်ဘူးဗျ။

“တာတေ နေရာတကာ ရှေ့ကရောက်တဲ့ ကိုတာတေရေ
ဒီတစ်ခါတော့ နောက်ဆုံးကပါလားတော်”

“အမေ ဘယ်က ပြန်လာတာတုံးဗျ”

“ဟဲ့ ဘယ်က ပြန်လာရမှာတုံး တစ်ရွာလုံး
အုံးအုံး ကျွတ်ကျွတ် ဖြစ်နေတဲ့ ခြေရာတွေကို
သွားကြည့်တာပေါ့ဟဲ့”

“ခြေရာကြီးတွေ အကြီး,ကြီးဆိုတာ ဟုတ်လား အမေ”

“ဟုတ်ပါတော် တစ်တောင်လောက်ရှိတဲ့
ခြေရာကြီးတွေဟဲ့ တာတေရဲ့”

ကျုပ် ထမင်းဆက်စားလို့တောင် မရတော့ဘူးဗျ။
ခပ်မြန်မြန်ပဲ ထမင်းကြမ်းစားပြီး ကျုပ်နဲ့ ကျောက်ခဲ
ရွာပြင် ထွက်လာခဲ့တယ်။
ရွာမြောက်ဘက်က ဘွားမယ်လှယာထဲ ရောက်တော့

“ကိုကြီးတာတေ အဲဒီမှာ ခြေရာကြီးတွေ”

ကျောက်ခဲက ကျုပ်ကို ပြတာဗျ။ကျုပ် ရောက်တော့
လူရှင်းနေပါပြီ။ တစ်ရွာလုံးကလူတွေ ဒီခြေရာကြီးတွေကို
ထွက်ပြီး ကြည့်ပြီးသွားပြီး ထင်တယ်။

“ဟာ ”

ကျုပ်တောင် ပါးစပ်က လွှတ်ကနဲ အော်လိုက်မိတာဗျ။
နည်းတဲ့ခြေရာကြီး မဟုတ်ပါဘူးဗျာ။ယောင်္ကျားကြီး
တစ်တောင်တော့ အနည်းဆုံး ရှိတယ်ဗျ။ညက
တစ်ညလုံး မိုးကလေး တစိမ့်စိမ့်ရွာနေတော့
သဲတွေက ကျစ်ပြီး သိပ်နေတာလေဗျာ။ဒီတော့
ခြေရာက ကောင်းကောင်းမြင်ရတာပေါ့ဗျ။

ကျုပ် သေသေချာချာ ကြည့်တယ်ဗျ။ခြေချောင်းကလည်း
ငါးချောင်းပဲ။အရှည်တစ်တောင်ကျော်ကျော်ရှိတဲ့
ခြေဖဝါးဆိုတော့ ဗြက်ကလည်း အကြီးကြီးပေါ့ဗျာ။
စုံထောက်တွေရဲ့ ပညာမှာတော့ အလျားဘယ်လောက်
ရှိရင် အရပ်ဘယ်လောက်ရှိတယ်ဆိုတာ
ရှိတာပေါ့ဗျာ။ကျုပ်ကတော့ ဒါတွေ ဘယ်သိမှာတုံး။
ခြေလှမ်းအကျယ်ကလည်း အကျဲကြီးဗျ။

ဒါကို မှန်းဆကြည့်ရင် အရပ်က ဆယ်ပေ။
ဆယ်နှစ်ပေလောက်ရှိမယ်ထင်တယ်။
ဒါပေမယ့် အံ့သြစရာကောင်းတာတစ်ခု ရှိတယ်ဗျ။
ဒီလောက်ကြီးမား ထွားကျိုင်းတဲ့ လူတစ်ယောက်ဆိုရင်
ခြေရာဟာ သဲထဲမှာ အနက်ကြီး ကျွံဝင်နေရမှာဗျ။
အခုတော့ ခြေရာက သဲပေါ်မှာ ထင်ရုံလေး ထင်နေတာ။
တော်တော်ကို အံ့သြစရာပေါ့ဗျာ။

ကျုပ်တွေးမိပြီးသားပါဗျာ။ဒါ လူမဟုတ်ဘူးဗျ။
နာနာဘာဝတစ်ကောင်ရဲ့ ခြေရာပဲဗျ။ကျုပ်နဲ့
ကျောက်ခဲ ခြေရာနောက်ကို လျှောက်ကြည့်တယ်။
ခြေရာက ရွာကို တစ်ပတ် ပတ်သွားတယ်။
တစ်ပတ်တည်းဗျ။တစ်ပတ်ထက်ပိုပြီး မပတ်ဘူး။
ကျုပ် ခြေရာတွေကို သေသေချာချာ ကြည့်တာ။

ဒါပေမယ့် အံ့သြစရာက ရွာကို တစ်ပတ်
ပတ်ပြီးတော့ အဲဒီခြေရာတွေ ဘယ်ကိုသွားတုံးဆိုတာ
ကျုပ်လိုက်ကြည့်တာ ဘယ်ကိုသွားတာမှ
မတွေ့ရဘူးဗျ။ပျောက်သွားတဲ့ပုံပဲ။
အလုပ်ရှုပ်ပြန်ပြီပေါ့ဗျာ။သူကြီးက နေ့လည်မှာ
အစည်းအဝေး ခေါ်တယ်။ရွာက ယောင်္ကျားတွေ
အားလုံး တက်ရတယ်။လူကြီးပိုင်းတော့
မပါဘူးပေါ့ဗျာ။ထုံးစံအတိုင်း ကင်းတွေ တွဲရတာပေါ့။
ဒီညကစပြီး ရွာထဲမှာ ကင်းချရမယ်။
အကြောင်းရှိရင် သံချောင်းခေါက် တစ်ကင်းက
ခေါက်သံကြားရင် ကျန်တဲ့ ကင်းတွေက
အကုန် လိုက်ခေါက်ပေါ့ဗျာ။

“ဝူး ဝူး ဝူး ဝူး”

ဟော ခွေးတွေ အူပြီဗျို့။ရွာမြောက်ပိုင်းက
ခွေးတွေစပြီး အူတာဗျ။

‘ဝူး ဝူး ဝူး ဝူး’

ဟော အူကုန်ပြီ အူကုန်ပြီ ရွာအရှေ့ပိုင်း အလယ်ပိုင်း
တောင်ပိုင်း အနောက်ပိုင်း အို တစ်ရွာလုံး အူလိုက်ကြတာ
ဆူညံနေရာဗျ။

“ဟဲ့ …တာတေ ကြားလား ခွေးတွေအူနေတာ”

“ကြားတယ် အမေ ကြားတယ် ကျုပ်နိုးနေတာပါ”

“ဟယ် ဘယ်လိုများ ဖြစ်ပါလိမ့်ဟယ် တစ်ရွာလုံးကို
ဆူညံနေတော့တာပါလား”

“ဝူး ဝူး ဝူး ဝူး”

ကျုပ် အိပ်ရာက ထလိုက်တယ်။ဆေးလွယ်အိတ်ကို
ယူပြီး မျက်ကွင်းဆေး ကွင်းလိုက်တယ်။ကျုပ်
ရွာလယ်လမ်းကို ရောက်တော့ ရွာမြောက်ပိုင်းကို
သွားတဲ့လမ်းမှာ သုတ်သုတ်နဲ့ ဖြတ်လျှောက်သွားတဲ့
ကျောက်ခဲကို ကျုပ် တွေ့လိုက်တယ်ဗျ။

“ဟေ့ ကျောက်ခဲလားကွ”

တုံ့ခနဲရပ်သွားတယ်။ပြီးတော့ ကျုပ် လျှောက်လာတဲ့
ရွာလယ်လမ်းကို ဒီကောင် ရောက်လာတယ်။

“ကိုကြီးတာတေ ရွာမြောက်ပိုင်း သွားကြည့်မလို့လား”

“အေးကွ မြောက်ပိုင်းမှ မဟုတ်ပါဘူးကွာ ဘယ်က
ကြည့်ကြည့်ဖြစ်ပါတယ် ဒါကြီးက ရွာကိုပတ်မှာပဲဟာ”

“ဒါပေမယ့် မြောက်ပိုင်းက မြောက်တံခါးက
သရက်ပင်ကြီးတွေက တက်လို့ ကောင်းတယ်ဗျ”

“ဒါဆိုလည်း သွားလေကွာ”

ဟုတ်တော့ ဟုတ်သားဗျ။ကျောက်ခဲပြောတဲ့အတိုင်းပဲ။
မြောက်တံခါးနားက သရက်ပင်ကြီးနှစ်ပင် အုပ်အုပ်ကြီးဗျ
ကျုပ်တို့နှစ်ယောက် သရက်ပင်ပေါ်တက်ပြီး
သရက်ကိုင်းကြီး တစ်ကိုင်းစီမှာ ထိုင်လိုက်တယ်။
ရွာပြင်ကို တန်းမြင်နေရတာဗျ။ကောင်းကင်းမှာက
လကလေးမှုန်ပြပြ သာနေတယ်။မိုးရိပ်ကလေး
ရှိနေတာကိုး။လက တိမ်ပါးကလေးကိုဖောက်ပြီး
လင်းနေရတာဗျ။

“ဝူး ဝူး ဝူး ဝူး”

ဟော မြောက်ပိုင်းက ခွေးတွေ အူကြပြန်ပြီဗျို့။

“ဘုတ် ဘုတ် ဘုတ် ဘုတ်”

ဟာ ခြေသံကြီးဗျ။ရွာနောက်ဘက်ကနေ
လျှောက်လာတာဗျို့။ခြေသံကတော့ ခပ်မှန်မှန်ပဲဗျ။

“ဘုတ် ဘုတ် ဘုတ်”

တဖြည်းဖြည်းတော့ နီးလာသလိုပဲ။ကျုပ်နဲ့
ကျောက်ခဲလည်း သစ်ရွက်တွေကြားကနေ
မျက်တောင်မခတ် ကြည့်နေတာပေါ့ဗျာ။

“ဝေါ ဖျန်း ဖျန်း ဖျန်း”

ဟာ ကျီးတွေ ပျိုပြီဗျို့။သစ်ပင်တွေက ကျီးကန်းတွေ
လန့်ပြီး ထပျံသွားကြတာဗျ။

“ဘုတ် ဘုတ် ဘုတ် ဘုတ်”

ဟာ တွေ့ပြီဗျို့။ တွေ့ပြီ ဟာ နည်းတဲ့အကောင်ကြီးမှ
မဟုတ်တာဗျာ။ဆယ့်ငါးပေလောက်ကို မြင့်မှာဗျ။
ကိုယ်လုံးကလည်း စပါးအစိတ်ဝင်
ပုတ်လောက်လောက်ရှိတယ်။သြော် ဒါကြောင့်လည်း
ခြေရာကြီးက တစ်တောင်ကျော်လောက်ရှိတာကိုးလို့
ကျုပ် တွေးလိုက်မိတယ်။

ကျောက်ခဲကတော့ ခြေသံကြီးပဲ ကြားနေရတာပေါ့ဗျာ။
မျက်လုံးနီနီကြီးတွေက ခြင်းလုံးအရွယ်လောက်
ရှိမယ်ဗျ။ကျုပ်ဖြင့် ကြက်သီးတွေတောင် ထလို့ပေါ့ဗျာ။
အံ့သြစရာ ပြောရဦးမယ်ဗျို့။ဒီအကောင်ကြီးက
ဘာအကောင်ကြီးမှန်းတော့ မသိဘူးဗျ။
ဒါပေမယ့် တစ်ကိုယ်လုံးကတော့ မီးသွေးခဲလိုကို
နက်မှောင်နေတာပဲဗျို့။ခါးမှာ ပုဆိုးကွက်တုံးကြီး
ဝတ်ထားတာဗျ။ပုဆိုးက ဒူးခေါင်းလောက်ကို
တိုတိုကြီး ဝတ်ထားတာဗျ။အပေါ်ပိုင်းမှာ အင်္ကျီမပါဘူး။

ကိုယ်တုံးလုံးဗျ။အသားက မီးသွေးခဲ မည်းသလိုကို
မည်းတာဗျို့။မျက်လုံးနီနီကြီးတွေက ဘယ်ကိုမှ
မကြည့်ဘဲ ရှေ့တည့်တည့်ကိုပဲ ကြည့်နေတာဗျ။

“ဘုတ် ဘုတ် ဘုတ်”

“ဝူး ဝူး ဝူး အိ အိ အိ”

ခွေးတွေကလည်း အူလိုက်တာမှ ဆူညံနေတာဗျို့။
ကျုပ်နဲ့ကျောက်ခဲလည်း သရက်ပင်ပေါ်က ပြန်ဆင်း
လာပြီး အိမ်ပြန်ခဲ့ကြတယ်။ကျုပ် အိမ်ရောက်ပြီး
ခဏကြာတော့ ခွေးအူတာတွေလည်း ရပ်သွားရောဗျ။
ကင်းသမားတွေလည်း ဘာမှမဖြစ်တော့ သံချောင်းတွေ
ဘာတွေလည်း မခေါက်ရဘူးပေါ့ဗျာ။

ကျုပ် အိမ်ရာကနိုးပြီး ထမင်းကြမ်းစားရုံပဲရှိသေးတယ်ဗျ။
ကျောက်ခဲ ရောက်လာတယ်။ဒီကောင်ကလည်း
ကျုပ်လို ကောင်ပါဗျာ။ဒီလိုကိစ္စမျိုးတွေ ကြုံလာရင်
ညတောင် အိပ်လို့ ပျော်တာ မဟုတ်ဘူးဗျ။

“ကိုကြီးတာတေ ညကကိစ္စ ဘယ်လိုတုံးဗျ”

ကျုပ်က ကျောက်ခဲကို ကျုပ်မြင်တာ ကျုပ်ပြောပြလိုက်
တယ်။ဒီတော့မှ ကျောက်ခဲ တော်တော်လန့်သွားတာဗျ။

“ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ ကိုကြီးတာတေ
တော်တော်ကြာ ရွာကို ဒုက္ခပေးနေရင် ခက်မယ်ဗျ”

“ငါလည်း ဒါကိုပဲ စဉ်းစားနေတာကွ ဒါပေမဲ့
ကိစ္စအကြောင်းရင်းကို သေသေချာချာ မသိဘဲ
ငါ မလုပ်ရဲဘူးကွ ကျောက်ခဲရ”

“ဟင် ဒါဆိုရင် ကိုကြီးတာတေ ခါတိုင်းလုပ်သလို
မဖဲဝါကို သွားမေးမလား”

“နေပါဦးကွာ ဒါ ဘာအကြောင်းလဲဆိုတာ သိလာမှာပါ
ခဏစောင့်ကြည့်ကြတာပေါ့ကွာ”

“အင်းလေ ဒါလည်း ဟုတ်တာပါပဲ ဘာမှန်းညာမှန်း
မသိဘဲ ဘာမှလုပ်လို့ မရဘူးလေ”

“ကျောက်ခဲရေ ကျောက်ခဲ”

ကျောက်ခဲက အိမ်ရှေ့ကို လှမ်းကြည့်တယ်။
ဝိုင်းဝမှာ ရပ်ခေါ်နေတာက သံမဏိဗျ။

“ဟေ့ကောင် သံမဏိ လာလေကွာ ငါ ဒီမှာ ရှိတယ်”

သံမဏိက အိမ်ပေါ်ကို တန်းတက်လာတယ်။

“သံမဏိ လာလေကွာ ကျောက်ခဲကိုခေါ်ပြီး
ဘယ်သွားမလို့တုံး”

“ဒီကောင့် အဖေတွေ အမေတွေ ယားနေလို့ဗျ”

“ဟေ…ဘာကွ သံမဏိ ဘယ်လိုဖြစ်တာတုံး”

“ကျောက်ခဲ အဖေတွေ အမေတွေ ယားနေကြတာ
ကိုကြီးတာတေရ ကုတ်လို့လည်း မရဘူး။အသားမှာ
အပိန့်ကြီးတွေထပြီး ယားတာဗျ။ အခုတော့
သနပ်ခါး သွေးလိမ်းနေကြတယ်”

“အင်ပြင်ထတာ နေမှာပေါ့ကွာ”

“အင်ပြင်လား ဘာလားတော့ မသိဘူးဗျ။
ယားတာကတော့ ရွာမြောက်ပိုင်းတစ်ပိုင်းလုံးနဲ့
တောင်ပိုင်းတစ်ပိုင်းလုံးက လူအကုန်ပဲဗျ”

“ဟေ ဘယ်လိုကွ ကျောက်ခဲအဖေနဲ့ အမေတင်
ယားတာ မဟုတ်ဘူးလားကွ သံမဏိရ”

“ဟာ မဟုတ်ဘူး ကိုကြီးတာတေရ။ရွာမြောက်ပိုင်း
တစ်ပိုင်းလုံးနဲ့ တောင်ပိုင်းတစ်ပိုင်းလုံး ယားနေကြတာ
အလို,လိုနေရင်းက ယားတာဗျ”

“ဟာ မဟုတ်သေးပါလား ငါလိုက်မယ် လိုက်မယ်”

ကျုပ်ရောက်တော့ ဟုတ်တယ်ဗျို့။
အိမ်တိုင်း အိမ်တိုင်းမှာ ရှိသမျှ လူအကုန်ယားနေတာဗျ
ကျုပ်ချက်ချင်း ဆရာတော်ဆီကို ပြေးပြီး အကျိုးအကြောင်း
လျှောက်လိုက်တယ်။ဆရာတော်က ကျုပ်ကို
သစ်စုန်းတောင်ဝှေး ပေးလိုက်တယ်။ရေတိုက်ကီထဲမှာ
သစ်စုန်းတောင်ဝှေးနဲ့ မွှေပြီး အဲဒီရေနဲ့ တောက်လိုက်
တာ အယားတွေ ပျောက်ကုန်ရောဗျ။ဒါနဲ့
မြောက်ပိုင်းက အိမ်တွေနဲ့ တောင်ပိုင်းက အိမ်တွေမှာ
ကျုပ်ရယ် ကျောက်ခဲရယ် သံမဏိရယ် သစ်စုန်း
တောင်ဝှေးနဲ့ ရေတွေ လိုက်လုပ်ပေးတယ်။
ဒီတော့မှ အယားတွေ ပျောက်ကုန်တာဗျို့။
တစ်ရွာလုံးက လူတွေ ကျုပ်ဆရာတော်ရဲ့
တောင်ဝှေးကို ချီးမွမ်းလိုက်တာ မပြောပါနဲ့တော့ဗျာ။
ညရောက်တော့ ကျုပ်နဲ့ ကျောက်ခဲ သရက်ပင်ပေါ်
တက်စောင့်နေကြတယ်။ ဒါပေမယ့် ခွေးတွေလည်း
မအူဘူး။မီးသွေးခဲလို မည်းနက်တဲ့ အကောင်းကြီးလည်း
မလာဘူးဗျ။ ကျုပ်ဒို့ အိမ်ပြန်လာခဲ့ကြတယ်။

ကျုပ်မှေးကနဲ အိပ်ပျော်ရုံ ရှိသေးတာဗျ။
“ဝေါ …ဝေါ …ဝေါ…ဝေါ”
ဟာ လေတွေ တိုက်နေပါရောလား ကျုပ်လန့်ပြီး
ထထိုင်လိုက်မိတယ်။

“တာတေ နိုးလား လေတွေ တအားတိုက်နေတယ်ကြားလား”

“နိုးတယ် အမေ ကြားတယ် ကြားတယ်”

တိုက်လိုက်တဲ့လေဗျာ။ဝေါကနဲ ဝေါကနဲကို
ဖြစ်နေတာဗျ။ပြီးတော့ လေကလည်း လေအေးကြီးဗျာ။
မိုးတော့ မပါဘူးဗျို့။လေချည်းပဲတိုက်တာ။
လေငြိမ်တော့မှ ကျုပ် အိပ်ပျော်သွားတယ်။

“ကိုကြီးတာတေ”

ကျောက်ခဲ ရောက်လာပြီး နှိုးတော့မှ ကျုပ် နိုးသွားတာဗျို့

“ထူးတယ် ကိုကြီးတာတေရေ ညက လေတွေတိုက်တာ
ကျုပ်ဒို့ တစ်ရွာတည်း တိုက်တာဗျ။ဘန့်ဘွေးကုန်းက
မနက်စောစောလာတဲ့ လူတွေပြောတယ် သူတို့ဆီမှာ
လေမတိုက်ဘူးတဲ့ဗျ”

“လေဆိုတာ ဒီလိုပေါ့ကွာ သူ့လမ်းကြောင်းအတိုင်း
တိုက်တာပေါ့”

“ဒါတင် မဟုတ်ဘူးဗျ။ ကိုကြီးတာတေရ ဒီမနက်
မြောက်ပိုင်းက လူတွေရော တောင်ပိုင်းက လူတွေရော
အားလုံးကိုယ်တွေပူပြီး ဖျားနေကြတယ်ဗျ”

“ဟေ ဟုတ်လား တယ်လည်းထူးဆန်းပါလား
ဟိုနေ့ကကျတော့ ယားလို့ ဒီနေ့ကျတော့ ဖျားလို့
ဖျားတာကလည်း တစ်ယောက်တလေ မဟုတ်ဘူး
လူကုန်ဖျားတာ ဟုတ်လား ကျောက်ခဲ”

“ဟုတ်ပါဗျာ ကလေးလူကြီးတစ်ယောက်မကျန်
ဖျားနေတာဗျ။ကျုပ်အဖေရော အမေရော ဖျားနေကြတယ်”

“ဟေ မင်းကတော့ မဖျားပါလား မင်းလည်း မြောက်ပိုင်းပဲမို့လား”

“ဟုတ်တယ်ဗျာ အဲဒါတော့ နည်းနည်းဆန်းတယ်
ဟိုနေ့ကလူတွေ ယားတုန်းကလည်း ကျုပ်မယားဘူးဗျ
အခု လူတွေအကုန်ဖျားတော့လည်း ကျုပ် မဖျားဘူးဗျ”

“ကဲ ဒါဆိုရင် ဟိုနေ့က ဆရာတော်တောင်ဝှေးနဲ့
မွှေထားတဲ့ရေကို အဝတ်နဲ့ စိမ်ပြီး ရေပတ်တိုက်ခိုင်း
လိုက်ကွာ။ကဲ သွား မင်းဒို့ လူငယ်လေးတွေ
ချက်ချင်းစုပြီး လိုက်လှုံ့ဆော်လိုက်ကွာ နေပါဦး
ကျောက်ခဲရဲ့ ရွာအရှေ့ပိုင်း အနောက်ပိုင်းတွေရော
ဘာမှ မဖြစ်ဘူးလားကွ”

“ဟာ မဖြစ်ဘူးဗျ မြောက်ပိုင်းနဲ့ တောင်ပိုင်းပဲ
ဖြစ်နေတာ”

“အင်း ထူးတော့ တော်တော်ထူးပဲကွာ”

ကျောက်ခဲ ချက်ချင်းထွက်သွားတယ်။မြောက်ပိုင်းနဲ့
တောင်ပိုင်းက လူတွေကို လိုက်ပြီး လှုံ့ဆော်ဖို့ပေါ့ဗျာ။
အဲဒီနေ့ ညနေ့ပိုင်း ကျောက်ခဲ ရောက်လာပြီး
ပြောတယ်ဗျ။ဆရာတော် တောင်ဝှေး မွှေထားတဲ့ရေနဲ့
ရေပက်တိုက်တာ အပူတွေ ကျသွားကြပြီတဲ့ဗျို့။
ညရောက်တော့ ကျုပ် ချက်ချင်းမအိပ်ဘူး။
အခြေအနေကို စောင့်ကြည့်နေတယ်။
ညသန်းခေါင်လောက်ကျတော့ ကျုပ်အိပ်ပျော်နေတာကို
အမေ လာနှိုးတယ်ဗျ။ကျုပ် အိပ်မောကျနေတာကို
အမေတော်,တော် နှိုးယူရတာဗျ

“ဟဲ့ တာတေ တာတေ”

“ဗျာ”

“ထစမ်း ထစမ်းဟဲ့ ရွာထဲမှာ အသံတွေ ဆူညံနေတာပဲ
နည်းနည်းပါးပါး ထွက်ကြည့်စမ်း”

“ဟုတ်တယ် လူကလေး။ အသံတွေကြားတာ ကြာပြီ။
ကြားကာစကတော့ ရန်တွေဘာတွေ ဖြစ်တယ်မှတ်တာ
အခုဟာက လူသံတွေ အများကြီးကို ဖြစ်နေပြီ”

ကျုပ်အဘကပါ ပြောတာဗျ။
ဟာ ဟုတ်တယ်ဗျို့။ ဘာဖြစ်ကြပြန်တယ် မသိဘူး။
ဆူညံနေပါလား ။
ကျုပ်ချက်ချင်း အိပ်ရာကထပြီး ရွာထဲကို ခပ်သုတ်သုတ်
ထွက်ခဲ့တယ်။လက်ထဲက သုံးတောင့်ထိုးဓါတ်မီးနဲ့
ဟိုထိုးသည်ထိုးလုပ်ရင်း လျှောက်လာခဲ့တာ။
လမ်းရောက်တော့မှ သိတာဗျ။ဆူဆူညံညံအသံတွေက
ရွာမြောက်ပိုင်းနဲ့ တောင်ပိုင်းက ထွက်နေတာဗျ။
ကျုပ် မြောက်ပိုင်းကို အရင်သွားတယ်။
အဲဒီမှာက ကျောက်ခဲတို့ ရှိတယ်လေဗျာ။

“ကိုကြီးတာတေ”

ကျုပ်ကိုခေါ်သံကြားလို့ နောက်ကို လှည့်ကြည့်လိုက်တယ်။
လက်ထဲက ဓါတ်မီးနဲ့ လှမ်းထိုးလိုက်တော့ သံမဏိဗျ။
ဒီကောင်ကလည်း ကျုပ်လိုပဲ ရွာလယ်ပိုင်းမှာ
နေတာလေဗျာ။

“ကိုကြီးတာတေ ကျုပ်အဖေ သွားကြည့်ပြီး
ပြန်လာပြောတယ်ဗျ”

“ဟေ ဘာဖြစ်တာတဲ့တုံး သံမဏိရဲ့”

“ငလျင်လှုပ်နေတာတဲ့ဗျ”

“ဘာ… ငလျင်လှုပ်တာ ဟုတ်လား”

“ဟုတ်တယ် ကိုကြီးတာတေရဲ့ ကျုပ်အဘပြောတာတော့
အိမ်ကြီးတွေတောင် ခါနေတာတဲ့ အဲဒါ လူတွေ
ကြောက်ပြီး ဆင်းပြေးလာကြတာတဲ့ဗျ”

သံမဏိနဲ့ ကျုပ်နဲ့ မြောက်ပိုင်းကိုရောက်တော့
ငြိမ်ပြီဗျ။မလှုပ်တော့ဘူး။မြောက်ပိုင်းက လူတွေ
ကတော့ တော်တော်ကို ကြောက်သွားတဲ့ပုံပဲဗျ။
ပြောနေလိုက်ကြတာ ဆူညံပွက်နေပါရောလား။

“ကျွိ ကျွိ ကျွိ ကျွိ”

“ဟာ …လှုပ်ပြန်ပြီဟေ့ လှုပ်လာပြန်ပြီ”

အော်သံတွေညံပြီး ထွက်လာတာဗျို့။ဟုတ်ပါ့ဗျာ။
အိမ်ကြီးတွေ အကုန်လုံး ယိမ်းပြီး လှုပ်နေတာဗျ။
တကျွီကျွီနဲ့ကို ဖြစ်နေတာဗျ။ဒါပေမဲ့ ကျုပ်တို့
မတ်တပ်ရပ်တဲ့ မြေကြီးကတော့ မလှုပ်ဘူးဗျ။
သစ်ပင်တွေလည်း မလှုပ်ဘူး။ရေစည်ထဲက
ရေတွေလည်း မလှုပ်ဘူးဗျ။လက်စသတ်တော့
ဒါ ငလျင်လှုပ်တာမှ မဟုတ်ဘဲ။ အိမ်တွေ လှုပ်တာဗျ။
မြေငလျင်မှ မဟုတ်တာ။အိမ်ငလျင်လို့ပဲ
ပြောရတော့မှာပေါ့ဗျာ။

“ကဲ သံမဏိ လာ မင်းနဲ့ ငါ တောင်ပိုင်းကို
သွားကြည့်ကြဦးစို့”

ကျုပ်နဲ့သံမဏိ တောင်ပိုင်းကို ထွက်လာခဲ့တယ်။
လမ်းရောက်တော့ …

“ဟာ ကိုကြီးတာတေ”

“ဟင် ကျောက်ခဲ မင်းဘယ်က လာတာတုံး”

“ကျုပ် တောင်ပိုင်းကို သွားကြည့်ပြီး ပြန်လာတာဗျ”

“ဟေ ဟုတ်လား ငါတို့က အခုမှသွားမလို့ကွ
လာကွ တစ်ခေါက်ပြန်လိုက်ခဲ့ဦး မင်းတို့ မြောက်ပိုင်း
မှာတော့ ငါကြည့်ခဲ့ပြီးပြီ”

“ကိုကြီးတာတေ ဒါ မြေငလျင်လှုပ်တာလားဗျ
မြေငလျင်ဆိုရင်လည်း တစ်ရွာလုံး လှုပ်ရမှာပေါ့ဗျ။
အခုတော့ မြောက်ပိုင်းနှင့် တောင်ပိုင်းတင် ကွက်လှုပ်နေတာ
ဘာသေဘာတုံးဗ်”

“မြေငလျင် မဟုတ်ဘူးကွ ကျောက်ခဲရ
အိမ်ငလျင် အိမ်ငလျင်”

“ဗျာ အိမ်ငလျင် ဟုတ်လား ကျုပ်ဖြင့် တစ်ခါမှ
မကြားဖူးပါဘူးဗျာ”

“မြေကြီးလှုပ်တာ မြေငလျင် ခေါ်မှာပေါ့ ကျောက်ခဲရ
အခုဟာက မြေကြီး မလှုပ်ဘူးကွ အိမ်တွေချည်း လှုပ်တာ”

“သြော် ဒီလိုလား”

ပြောရင်းဆိုရင်းနဲ့ ကျုပ်ဒို့သုံးယောက် တောင်ပိုင်းကို
ရောက်လာကြရောဗျို့။

“ဟော လှုပ်ပြန်ပြီဟေ့”

လူတွေ ဆူညံ ဆူညံနဲ့ အော်တဲ့အသံတွေ
ညံနေပြန်ရောဗျာ။
ဟုတ်ပါ့ဗျာ အိမ်ကြီးတွေ လှုပ်ရမ်းနေတာဗျို့။

“ကျွိ ကျွိ ကျွိ”

ကျုပ်တို့ ခဏရပ်ကြည့်တယ်။ဒီမှာလည်း ဒီလိုပဲဗျ။
မြေကြီး မလှုပ်ဘူး။အိမ်တွေချည်း လှုပ်နေတာ။
ဒါနဲ့ ကျုပ်တို့ ပြန်လာခဲ့တယ်။
ကျုပ် အိမ်ပြန်ရောက်တော့ အဘနဲ့ အမေက
ကျုပ်ကို စောင့်နေကြတယ်ဗျ။

“တစ်ခုခုတော့မှ တစ်ခုခုပဲ အဘရ။
မြေကြီးလှုပ်တာ မဟုတ်ဘဲ အိမ်တွေချည်း လှုပ်နေတာ”

“အေးလေ လူလေးရာ မြေငလျင်လှုပ်တယ်ဆိုရင်
အဘတို့ တစ်ရွာလုံး လှုပ်ရမှာပေါ့ အခုတော့
တောင်ပိုင်းနဲ့ မြောက်ပိုင်းပဲ လှုပ်တယ်ဆိုတာ
တော်တော်ထူးဆန်းတဲ့ ကိစ္စကွ။ လူတွေတော့
တော်တော်ကို လန့်နေမှာပဲနော်”

“ဟာ လန့်ပါပြီလား အဘရာ ကျွက်ကျွက်ကို
ညံနေကြတာဗျ အဘရ”

“အေး နင် စဉ်းစားကြည့်စမ်း တာတေ ဟိုနေ့က
ယားလိုက်ကြတာ အိမ်ရှိလူကုန်ပဲ နောက်နေ့ကျတော့
ဖျားလိုက်ကြတာ အိမ်ရှိလူကုန်ဆိုပဲ။အခုတစ်ခါ
အိမ်ကြီးတွေ လှုပ်နေပြန်ပြန်ပြီတဲ့။ ငါ့စိတ်ထင်တော့
ဒီမြောက်ပိုင်းသားတွေနဲ့ တောင်ပိုင်းသားတွေ
တစ်ခုခုတော့ ဖြစ်နေပြီထင်တယ်ဟဲ့ တာတေရဲ့”

“ကျုပ်လည်း အဲဒါကိုပဲ တွေးနေတာ အမေရဲ့ ဒါမျိုးတွေ
ကျုပ်လည်း တစ်ခါမှ မကြားဖူးပါဘူးဗျာ
ရွာပြင်မှာလည်း ခြေရာတစ်တောင်ကျော်ရှိတဲ့
သရဲကြီးတစ်ကောင်က ရွာကို နှစ်ညဆက်တိုက်ပတ်ပြီး
လျှောက်သွားတယ်ဗျ”

“ဟေ အဲဒါ သရဲ ဟုတ်လား နင်မြင်လို့လား တာတေ”

“ကျုပ် မျက်ကွင်းဆေးကွင်းပြီး ကြည့်တာဗျ အမေရဲ့
နည်းတဲ့ အကောင်ကြီး မဟုတ်ဘူးဗျ။ ဆယ့်ငါးပေ
လောက် မြင့်တယ် ကိုယ်လုံးကြီးကလည်း
အစိတ်ဝင်ပုတ်လောက်ရှိတယ် မျက်လုံးကြီးတွေကလည်း
နီရဲပြီး ခြင်းလုံးလောက် ရှိတာဗျ”

“အောင်မယ်လေး အောင်မယ်လေး နင်မို့လို့
မမြင် မြင်အောင်လုပ်ပြီး ကြည့်ရတယ်လို့ တာတေရယ်
ငါ့ဖြင့် ပြောသံကြားတာနဲ့တောင် ကြောက်နေပြီ”

ညနာရီပြန်နှစ်ချက်လောက်မှ ကျုပ်တို့ အိပ်ရာကို
ပြန်ဝင်ခဲ့ကြတာဗျ။ပြန်မအိပ်ခင် ကျုပ်က မဖဲဝါရဲ့
ကိုယ်ပွါးရုပ်ကလေးကို ကိုင်ပြီး ပြောလိုက်တယ်။

“သင်္ချိုင်းရှင်မ မဖဲဝါ ခင်ဗျာ ကျုပ်တို့ရွာမှာ
ဖြစ်ပျက်နေတာတွေနဲ့ ပတ်သတ်ပြီး ကျုပ်
သိလိုပါတယ်ဗျာ”

မဖဲဝါကိုယ်ခွဲရုပ်ကလေးကို ကျုပ်က ခေါင်းအုံး
အောက်မှာထားပြီး အိပ်လိုက်တယ်။

ပန်းပွင့်ဝါဝါကလေး ပန်ထားတဲ့ ကောင်မလေးကို
ကျုပ်တွေ့တယ်။တရုတ်စကားပင်ကြီး တစ်ပင်အောက်မှာ
ရပ်နေတာဗျ။သူရပ်နေတဲ့ နောက်က တရုတ်စကားပင်က
အပွင့်ဖြူဖြူတွေ ဖွေးနေအောင် ပွင့်တာဗျ။
ကျုပ်သေသေချာချာ သတိထားပြီး ကြည့်လိုက်တော့
ကောင်မလေး ပန်ထားတာလည်း တရုတ်စကားပန်းပဲဗျ
ဒါပေမယ့် အဖြူမဟုတ်ဘူး အဝါဗျ။တရုတ်စကားပန်း
အဝါ။

“ဟဲ့ တာတေ နင် သိချင်တာ ပြောပြမလို့ ငါလာတာ”

“ဟုတ်ကဲ့ ပြောပြပါ သင်္ချိုင်းရှင်မကြီးရယ်”

ကောင်မလေးက ခေါင်းညိတ်တယ်။ပြီးတော့
ပြောတယ်ဗျ။

“တာတေ နင်တို့ရွာတော့ မကြာခင် မီးလောင်ခံရလိမ့်မယ်
ဒါပေမယ့် မီးက ကွက်လောင်မှာပါ မြောက်ပိုင်းနဲ့
တောင်ပိုင်းမှာ အလိုလိုနေရင်းကနေ ဟုန်းကနဲ
ထလောင်မှာ ဘယ်လိုငြှိမ်းလိုမှ မငြိမ်းဘူး
အေး တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ တစ်အိမ်လုံးမှ
မကျန်တော့တဲ့အခါကျတော့ သူ့အလိုလို
ငြိမ်းသွားလိမ့်မယ်”

“ဟင် ဘယ်လိုဖြစ်လို့ ရွာမြောက်ပိုင်းနဲ့တောင်ပိုင်းမှာ
ကွက်ပြီး ဖြစ်နေတာတုံးဗျ”

“တောင်ပိုင်းကအကောင်နဲ့ မြောက်ပိုင်းကအကောင်
မဟုတ်တာ လုပ်ထားလို့ပေါ့ တာတေရဲ့”

“ဟင် ဟုတ်လား ဘယ်သူတွေတုံးဗျာ ဘာများလုပ်
ထားလို့တုံး မဖဲဝါ”

“အေး ဒါကို နင် မသိခင် နင်တို့ရွာကို ညဘက် ပတ်လျှောက်နေတဲ့
အကောင်ကို နင်ချောင်းကြည့်ပြီးပြီမို့လား”

“ဟုတ်ပါတယ်ဗျာ”

“အဲဒါ ငနက်မှောင်ကြီးဟဲ့ ခြေရာတစ်တောင်
ငနက်မှောင်ဆိုတာ သူပေါ့ တာတေရဲ့”

“ဗျာ…ခြေရာတစ်တောင် ငနက်မှောင် ဟုတ်လား
မဖဲဝါ ။ ဟုတ်ပါ့ဗျာ တစ်ကိုယ်လုံး မီးသွေးတုံးလို့
မည်းနက်နေတာဗျ။သူက ဘာလာလုပ်တာတုံး မဖဲဝါ”

“ငနက်မှောင်က ‘ဘုရားပြို’သိုက်က သိုက်စောင့်ကြီးဟဲ့
တာတေရဲ့ ငနက်မှောင် အဲဒီ ‘ဘုရားပြို’သိုက်စောင့်တာ
နှစ်ထောင်နဲ့ချီနေပြီ။သူစောင့်တဲ့သိုက်က ပစ္စည်းတစ်ခုကို
ယူသွားလို့ကတော့ ငနက်မှောင်က တစ်ကိုယ်လုံး
စိစိညက်ညက်ကြေအောင် ရိုက်ပစ်မှာဟေ့ ။အခုဟာက
ပစ္စည်းတစ်ခု မဟုတ်ဘူး ရွှေသပိတ်နဲ့ ထည့်ထားတဲ့
ရတနာတွေ ယူလာတာ အဲဒါ ပြန်ပို့ဖို့ သတိပေးနေတာဟေ့”

“ဗျာ သိုက်ထဲက ပစ္စည်းတွေကို ကျုပ်တို့ ရွာသားတွေ
ယူလာတာ ဟုတ်လား မဖဲဝါ ”

“အေး အဲဒီအချိန်က ငနက်မှောင် မရှိဘူး အောက်ပြည်ကို
ကိစ္စတစ်ခုနဲ့ သွားနေရတာ ပြန်လာမှ ပစ္စည်းတွေ
ယူသွားမှန်းသိတာ”

“ဟာ ဖြစ်မှဖြစ်ရလေဗျာ တော်တော်ကို မိုက်တဲ့လူတွေ
ပဲဗျာ။ဘုရားပစ္စည်း သိုက်ပစ္စည်းကို ယူရသတဲ့လားဗျာ”

“အေး အဲဒီကောင်နှစ်ယောက်ကြောင့် နင်တို့
တစ်ရွာလုံး ဒုက္ခကြုံကြရတော့မယ်”

“ကျုပ် ဘာလုပ်ရမှာတုံး မဖဲဝါ”

“ဟဲ့ ဘာလုပ်ရမှာတုံး ဘုရားပစ္စည်းတွေ ပြန်ပို့ရမှာပေါ့
နင်တို့သွားပို့စရာ မလိုဘူး ငနက်မှောင်ကို
ပြန်ပေးလိုက်ရုံပဲ”

“ဟင် ဘယ်မှာ သွားပေးရမှာတုံး မဖဲဝါ”

“မနက်ဖြန်ည နင်တို့ရွာကို မီးရှို့ဖို့ လာလိမ့်မယ်
ရွာမြောက်ဘက်မှာ သိုက်ထဲက ယူလာတဲ့
ရွှေသပိတ်ကို ခုံမြင့်နဲ့ ပေးပြီး တောင်းပန်။
ကြက်အကောင်လိုက် ငါးကောင်ကြော်။
ထမင်းနှစ်ပြည်ချက်နဲ့ စကောထဲမှာ ပြင်ဆင်ပြီး
ကျွေးရမယ် ငါလာပြီး စားခိုင်းမယ်။နင်ဒို့ကျွေးလို့
စားမှာမဟုတ်ဘူး ငနက်မှောင် ဒေါသတော်တော်
ဖြစ်နေတာ။သူ့ခြေရာကို နင်တို့မြင်အောင်
တမင်ပြနေတာ။ဒါတောင် ငမိုက်သားနှစ်ကောင်က
မသိချင်ယောင်နေတုန်း ။ ရွာသားတွေကိုယ်စား
နင်က တောင်းပန်ပေတော့ တာတေ ။ နင် ဘာမှ
မကြောက်ပါနဲ့ ငါ ရှိနေမှာပါ”

“ကောင်းပါပြီ မဖဲဝါ ကျေးဇူးတင်ပါတယ်ဗျာ
မနက်ဖြန်ည ကိစ္စပြီးရင် ထနောင်းကုန်းသင်္ချ ိုင်းမှာ
မဖဲဝါကို စားပွဲဆက်ပါ့မယ်”

“လွဲချော်သွားရင်တော့ မနက်ဖြန်ညမှာ နင်တို့ရွာ
မီးလောင်လိမ့်မယ် တာတေ”

“မလွဲချော်ပါဘူးဗျာ စိတ်ချပါ မဖဲဝါ စိတ်ချပါ စိတ်ချပါ”

“ဟဲ့ တာတေ ဘယ်သူ့ကိုများ စိတ်ချပါ စိတ်ချပါနဲ့
ပြောနေတာတုံး”

ဟင် မိုးတောင်လင်းတော့မှာပါလား။အမေနဲ့ အဘတောင်
အိပ်ရာထနေကြပြီဗျ။

“အဘ ဒီနေ့တော့ ကျုပ် ယာထဲမလိုက်တော့ဘူးဗျာ။
မဖဲဝါ ကျုပ်ကို လာပြောတယ်။မနက်ဖြန် ရွာမီးလောင်
လိမ့်မယ်တဲ့ ဘုရားပြိုသိုက်က ရွှေသပိတ်နဲ့ ထည့်ထားတဲ့
ပစ္စည်းတွေကို တောင်ပိုင်းက လူတစ်ယောက်နဲ့
မြောက်ပိုင်းက လူတစ်ယောက်ပေါင်းပြီး ယူလာကြတာတဲ့ဗျ”

“သြော် ဒါကြောင့် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာချည်း
ဖြစ်နေတာကို ။ နို့ ဘယ်သူတွေတုံးကွ လူကလေးရ
သွားပြီ ပြောတန်ပြောရမှာပေါ့ကွာ”

အဘက မေးတာဗျ။

“အဲဒါကို မဖဲဝါက ပြောမသွားဘူးဗျ။
ဒီတော့ သူကြီးကိုပဲ ဖော်ခိုင်းရတော့မှာပေါ့ဗျာ”

“သြော် အေး အေး ရွာမီးလောင်မယ့်ကိစ္စ မင်း
မလုပ်လို့ ဘယ်ဖြစ်မှာတုံး ကဲ မင်း လုပ်စရာရှိတာသာလုပ်
ယာထဲကို အဘတစ်ယောက်တည်း ဆင်းမယ်”

မိုးလင်းလင်းချင်း ကျုပ် သူကြီးကို ပြောပြတယ်
သူကြီးက ကျုပ်ပြောရင် ယုံပြီးသားဗျာ။သူကြီးက
ရာအိမ်ခေါင်း ဆယ်ခေါင်းတွေ ချက်ချင်းခေါ်ပြီး
မြောက်ပိုင်းက လူတွေနဲ့ တောင်ပိုင်းကလူတွေကို
စစ်တော့တာပေါ့ဗျာ။တောသားပဲဗျာ ဘယ်မှာ
သိပ်စစ်စရာ မလိုဘူး။

နေ့ခင်းလောက်ရောက်တော့ ပေါ်တော့တာပဲဗျို့။
ဘယ်သူတွေလည်း မှတ်တယ်။မြောက်ပိုင်းက
ကိုစက်အောင်နဲ့တောင်ပိုင်းက သူ့သူငယ်ချင်း
ကိုကျော်နိုင်ဗျ။ဒီလူနှစ်ယောက်က မကြာမကြာ
တောတက်ပြီး သစ်ခုတ် ဝါးခုတ် လုပ်တဲ့လူတွေလေဗျာ။
ဘုရားပြိုဆိုတာ တောထဲမှာ ရှိတာဗျ။
ဘုရားအကြီးကြီးဗျ။အခုတော့ အုတ်ပုံကြီးလို
ဖြစ်နေပြီပေါ့ဗျာ။သူတို့နှစ်ယောက်က တောတက်ရင်း
ဖွတ်တွေလိုက်တာတဲ့ဗျို့။အဲဒီဘုရားပြိုထဲ ဝင်သွားလိုက်
အုတ်တွေဖယ်ပြီး ရှာရာကနေပြီး ရွှေသပိတ်နဲ့
ထည့်ထားတဲ့ ရတနာတွေ တွေ့ပြီး ယူလာကြတာတဲ့ဗျာ
သူကြီးနဲ့ ရာအိမ်ခေါင်းတွေက ရွှေသပိတ်နဲ့
ရတနာတွေကို ချက်ချင်းသိမ်းယူပြီး သူတို့နှစ်ယောက်ကို
တိတ်တုံးခတ်ထားလိုက်တယ်ဗျို့။

“ရွာသာတစ်ခုခု ဖြစ်လို့ကတော့ မင်းဒို့နှစ်ယောက်
မလွယ်ဘူးလို့သာ မှတ်ပေတော့”

လို့ သူကြီးက ကြိမ်းဝါးထားသတဲ့ဗျာ။

ဒီတောထဲမှာ ဒီဘုရားကြီးကို ဘယ်ဘုရင်
တည်သွားတယ်ဆိုတာ ဘယ်သူမှာ အတိအကျ
မသိကြဘူးဗျာ။ကျုပ်ဒို့ လူလာဖြစ်တဲ့
အချိန်မှာ ဘုရားပြိုကြီးပဲ တွေ့ဖူးတော့တာပါဗျာ။

သူကြီးက ခြေရာတစ်တောင် ငနက်မှောင်အတွက်
ကြက်အူစုံ အသည်းစုံ အမောက် ခြေထောက်အစုံ
ငါးကောင်ကျော် ထမင်းနှစ်ပြည်ချက် မဖဲဝါအတွက်က
ကြက်တစ်ကောင်ချက်နဲ့ ဆန်တစ်ခွက်ချက်
အားလုံးတာဝန်ယူ စီစဉ်ပေးတယ်။

မိုးချုပ်တာနဲ့ မဖဲဝါအတွက် ထမင်းတောင်း အဆင့်သင့်
ခြေရာတစ်တောင် ငနက်မှောင်အတွက်က
စကောကြီးကြီး တစ်ချပ်မှာ အဆင့်သင့် ပြင်ပြီးသားဗျ။
ရွာမြောက်ဘက်က ငနက်မှောင်လာတဲ့လမ်းမှာ
စားပွဲခုံကြီးချပြီး စကောနဲ့ ထမင်းပွဲ ပြင်ရတယ်။
စကောဘေးမှာ ဖယောင်တိုင်လေး စိုက်ထားရတယ်။
ရွှေသပိတ်ကိုတော့ စားပွဲပြင်တဲ့ စားပွဲဘေးမှာ
သီးသန့် စားပွဲတစ်လုံးနဲ့ တင်ပေးထားရတယ်။

အဲဒီစားပွဲမှာတော့ အောက်က ပန်းတွေခင်းပြီးမှ
အပေါ်က သပိတ်တင်ထားတာ။အဲဒီစားပွဲမှာလည်း
ဖယောင်တိုင်တွေ ထွန်းထားတယ်ဗျ။
အားလုံးအဆင့်သင့်ဖြစ်တော့ မဖဲဝါ ကိုယ်ခွဲအရုပ်ကလေးကို
ကိုင်ပြီး ကျုပ်က မဖဲဝါကို အကြောင်းကြားလိုက်တယ်။

“သင်္ချိုင်းရှင်မ မဖဲဝါ ကျုပ် အားလုံး အဆင်သင့်
လုပ်ထားပါပြီဗျာ သင်္ချိုင်းရှင်မကြီးကို ကျုပ်
အကြောင်းကြားတာပါဗျာ”

“ဝူး ဝူး ဝူး ဝူး ဝူး”

ဟာ ရွာထဲက ခွေးအူသံတွေ ထွက်လာတာဗျို့။

“ဝူး ဝူး ဝူး ဝူး အီ အီ အီ အီ”

ဟာ ဒါက မဖဲဝါရဲ့ ခွေးကြီးအသံဗျ
လာကြပြီထင်တယ်။ကျုပ်က မျက်ကွင်းဆေးပြီးထားတော့
မြင်ရမှာပေါ့ဗျာ

“ဘုတ် ဘုတ် ဘုတ် ဘုတ်”

ဟာ လာပြီဗျို လာပြီ ခြေရာတစ်တောင် ငနက်မှောင်ကြီး
လာနေပြီဗျို့။

ဟော ဟော ကျုပ်လှမ်းမြင်နေရပြီဗျို့။
လရောင်ဖျိုးဖျလေးအောက်မှာ မဲနက်နေတဲ့
ငနက်မှောင်ကြီးက လျှောက်လာနေတာဗျ။
သူ့ဘေးနားမှာ ဆံပင်ဖားလျားကြီးနဲ့မဖဲဝါကြီး
ပါလာတယ်ဗျို့။မဖဲဝါရယ် ဘေးမှာတော့ နွားပေါက်
တစ်ကောင်လောက်ရှိတဲ့ ခွေးနက်ကြီးက လျှာနီနီကြီးကို
တွဲလောင်းချပြီး ပါလာတယ်ဗျ။မီးတွေထွန်းထားတဲ့
စားပွဲခုံတွေနားရောက်တော့ မဖဲဝါရော
ငနက်မှောင်ကြီးပါ ရပ်လိုက်တယ်။ငနက်မှောင်က
ရွှေသပိတ်ကြီးဆီကို တန်းသွားတယ်ဗျ။
သပိတ်ကို အဖုံးဖွင့်ကြည့်လိုက်တယ်။
ခဏကြာမှ ခေါင်းကြီးကို တဆတ်ဆတ်ညိတ်တယ်။
ရွှေသပိတ်ကို အဖုံးကြီး ပြန်ဖုံးလိုက်တယ်။
မဖဲဝါကို လှည့်ကြည့်ပြီး ခေါင်းညိတ်ပြတယ်။
မဖဲဝါက စားပွဲပြင်ထားတာကို လက်ညှိုးထိုးပြပြီ
စားပြတယ်။

ငနက်မှောင်ကြီးက ထမင်းတွေ ကြက်ကြော်တွေကို
ငုံ့ကြည့်ပြီး ကြက်ကြော်ရော ထမင်းရော အားရပါးရ
စားတော့တာပဲဗျာ။စကောကို သူ့လက်ဝါးကြီးပေါ်
မှာတင်ပြီး အားရပါးရကို စားတော့တာဗျို့။
မဖဲဝါက ကျုပ်ကို လှည့်ကြည့်တယ်။ကျုပ်လည်း
ကြက်သီးတွေ တဖျမ်းဖျမ်း ထနေတော့တာပေါ့ဗျာ။

“ခြေရာတစ်တောင် ငနက်မှောင်ဗျာ…”

ငနက်မှောင်ကြီးက ခြင်းလုံးလောက်ရှိတဲ့
မျက်လုံးနီနီကြီးတွေနဲ့ ကျုပ်ကို စိုက်ကြည့်တယ်။

“ကျုပ်တို့ ရွာသားနှစ်ယောက်ရဲ့ မိုက်မဲမှုအတွက်
ကျုပ် တောင်းပန်ပါတယ်ဗျာ။မသိသားဆိုးဝါးတဲ့
ရွာသားနှစ်ယောက်ကိုလည်း ကျုပ်တို့ ရွာသူကြီး
ကိုယ်တိုင် ဆုံးမနေပါပြီဗျာ။နောင်ကို ဒီလို
မဖြစ်စေရပါဘူး ငနက်မှောင် ။ ဒီတစ်ကြိမ်တော့ဖြင့်
ကျုပ်တို့ရွာသားတွေကို ခွင့်လွှတ်ပါလို့ ကျုပ်က
တစ်ရွာလုံး ကိုယ်စား တောင်းပန်ပါတယ်ဗျာ”

ဟာ ခြေရာတစ်တောင် ငနက်မှောင်ကြီးက
သူ့ခေါင်းကြီးကို ညိတ်ပြတယ်ဗျို့။အောင်မယ်လေး
တော်သေးတာပေါ့ဗျာ။ကြက်ငါးကောင်ရော။
ထမင်းနှစ်ပြည်ချက်ပါ တက်တက်ပြောင်တော့မှ
ငနက်မှောင်ကြီးက ရွှေသပိတ်ကြီးကို ဆတ်ကနဲ
ပွေ့ယူပြီး လာလမ်းအတိုင်း လှည့်ထွက်သွားတယ်
မဖဲဝါလည်း ခွေးနက်ကြီးကိုခေါ်ပြီး လှည့်ထွက်သွား
ရောဗျို့။

ကျုပ်လည်း ရွာထဲကို ကပျာကယာ ဝင်လာပြီး
သူကြီးအိမ်မှာ အဆင်သင့် ပြင်ထားတဲ့ မဖဲဝါအတွက်
ထမင်းတောင်းကို ယူလိုက်တယ်။

ဒါပေမယ့် ထမင်းတောင်းကို ကျုပ် မသယ်ရပါဘူးဗျာ။
ကျောက်ခဲနဲ့ သံမဏိက တစ်လှည့်စီ ထမ်းကြတာပါ။
သင်္ချိုင်းထဲကို ရောက်တော့ ပြင်နေကျ ဂူကြီးပေါ်မှာ
မဖဲဝါအတွက် ငှက်ပျောဖက်ခင်းပြီး ထမင်းပွဲ ပြင်လိုက်တယ်။

“သင်္ချိုင်းရှင်မကြီး မဖဲဝါခင်ဗျာ အခုလို ကူညီတဲ့အတွက်
ကျေးဇူးတင်လွန်းလို့ ကျုပ်တို့ ထနောင်းကုန်းရွာသားတွေက
ကျွေးမွေးတာကို ပျော်ပျော်ကြီး သုံးဆောင်ပါဗျာ”

ရိပ်ကနဲ ရောက်လာပြီး မဖဲဝါက အားရပါးရ စားတယ်။
ကျုပ်က မဖဲဝါကို တစ်ရွာလုံးက ကျေးဇူးတင်ကြောင်းပြောပြီး
ကျုပ်ဒို့သုံးယောက် ရွာကို ပြန်လာခဲ့တယ်။

မူရင်းရေးသူ ဆရာတာတေ

ဲပြီးပါပြီ

စာဖတ်သူများစိတ်ရွှင်လန်းပါစေ…