အင်းသရဲမှုန်ကြီး

အင်းကြိးထဲသို့ ချင်းနင်းဝင်ရောက်နိုင်သည်ဖြစ်ရာ ယခုလည်း သက်စိုးတို့မှာ ချောင်းရိုးအတိုင်း လှော်ခတ်လာကြသည်။

ညနေမှောင်ရီဖြိုးဖျအချိန်မို့ ကောင်းကင်က ဖျော့တော့စွာလင်းနေသည်။ ချောင်းရိုးအတိုင်းစကားတပြောပြောနှင့် လှော်ခတ်လာခဲ့ရာ မကြာမီအချိန်တွင် ညည်းညူသံကြီးတစ်ခုကိုကြားလိုက်ရသည်။ သက်စိုးက ထိုညည်းသံကိုနားစိုက်ထောင်ပြီးနောက် မှုန်ကြီးအားလှမ်းပေးလိုက်သည်။

“ကိုကြီးမှုန်၊ ခင်ဗျားကြားလိုက်သလားဗျ”

“ဟေ၊ ဘာကိုကြားရတာလဲ”

“ညည်းသံကြီးလေဗျာ၊ တဟင်းဟင်းနဲ့ပဲ၊ တော်တော်ကြောက်စရာကောင်းတဲ့အသံကြီးပဲဗျ”

“ဟာကွာ၊ ငါတော့မကြားမိပါဘူး”

သူတို့နှစ်ယောက် ဆက်လက်လှော်ခတ်လာရင်း ချောင်းရိုးနံဘေး ကုက္ကိုပင်ကြီးတစ်ပင်အောက်အရောက်တွင်မူ ချောင်းရိုးကမ်းပေါ်တွင် မိန်းမကြီးတစ်ယောက်ဆောင့်ကြောင့်ထိုင်နေသည်ကိုမြင်လိုက်ရသည်။ ထိုမိန်းမကြီးမှာ လက်နှစ်ဖက်ကိုရင်ဘတ်ပေါ်တွင်ယှက်တင်ထားကာ တဟင်းဟင်းနှင့် ညည်းညူနေလေသည်။ သက်စိုးက လှေကိုရပ်လိုက်ပြီး ထိုမိန်းမကြီးကိုကြည့်ရင်း

“အဒေါ်ကြီး ဘာဖြစ်နေတာလဲဗျ”

“အဒေါ်အရမ်းဖျားနေလို့ပါ ငါ့တူရယ်၊ ဒါနဲ့ ငါ့တူတို့မှာ စားစရာလေးဘာလေးမပါဘူးလား”

ထိုအခါ မှုန်ကြီးက

“အောင်မာ၊ စားစရာပါတော့ရော ခင်ဗျားကိုကျွေးစရာလားဗျ”

“ပါရင်တော့ ကျွေးပါငါ့တူရယ်၊ အဒေါ်ဆာလွန်းလို့ပါ”

“မကျွေးဘူးဗျာ၊ မကျွေးဘူး၊ တောင်းတိုင်းသာရနေရင် သူတောင်းစားတွေသူဌေးဖြစ်နေလောက်ပြီ”

သက်စိုးက သူ့လှေဝမ်းအတွင်းထည့်လာသည့် ခံတောင်းကလေးအတွင်းမှ ထမင်းထုပ်အားလက်လှမ်းလိုက်ရာ မှုန်ကြီးက သက်စိုးအားကြည့်ပြီး

“ဟေ့ကောင်သက်စိုး၊ ထမင်းထုပ်ကိုလက်လှမ်းရအောင် မင်းက သူ့ကိုကျွေးမလို့လားကွ”

“သနားစရာကောင်းပါတယ် ကိုကြီးမှုန်ရာ”

“ဟ၊ ဒီလိုလက်ကြောမတင်းတဲ့သူတွေကို သနားစရာမလိုပါဘူးကွာ၊ ဒီမယ်အဒေါ်ကြီး၊ ခင်ဗျားသွားတော့၊ ခင်ဗျားကိုကျုပ်တို့ဘာမှမကျွေးနိုင်ဘူး”

သက်စိုးက

“မဟုတ်ပါဘူးဗျာ၊ ကိုကြီးမှုန်မကျွေးရင်တောင် ကျုပ်ကျွေးပါ့မယ်ဗျ၊ ရော့ရော့ ကျုပ်ထမင်းထုပ်ကိုယူလိုက်”

သက်စိုးက ထမင်းထုပ်လှမ်းပေးလိုက်သည့်အခါ မှုန်ကြီးက သက်စိုးထမင်းထုပ်ကိုင်ထားသည့်လက်ကို တစ်ဖက်လှေမှနေ၍ ဖမ်းဆွဲလိုက်ပြီး

“ဟေ့ကောင်၊ မင်းတကယ်ပေးမလို့လားကွ၊ မင်းပေးလိုက်ရင် ဒီညစာကို မင်းဘာသွားစားမလဲကွ”

“ရပါတယ်ဗျာ၊ တစ်ညတစ်မစားရတာ ဘာမှမဖြစ်ပါဘူး”

“မင်းကတော့စံပဲကွာ၊ အေးလေ၊ မင်းလိုသနားတတ်တဲ့ကောင်တွေရှိနေလို့ သူတောင်းစားတွေထမင်းဝနေတာကွ၊ မင်းထမင်းထုပ်ကို မင်းဖာသာကျွေးတာနော်၊ ညရောက်တော့မှ ဗိုက်ဆာလို့ဆိုပြီး ငါ့ထမင်းထုပ်လာမစားနဲ့ ငါမင်းကိုမကျွေးဘူး”

မှုန်ကြီးက ဒေါသထွက်ထွက်နှင့် လှေကိုလှော်ခတ်ထွက်သွားတော့သည်။ သက်စိုးက ကြာဖက်နှင့်ထုတ်ပိုးထားသည့် ထမင်းထုပ်အား အဒေါ်ကြီးကိုပေးလိုက်ပြီး

“ကဲ အဒေါ်ကြီးသိပ်ဆာတယ်ဆိုရင် စားလိုက်ပါဗျာ၊ ကျုပ်အတွက် ကိစ္စမရှိပါဘူး”

အဒေါ်ကြီးက ထမင်းထုပ်ကိုလှမ်းယူပြီးနောက် သစ်ပင်ကြီးအောက်သို့အပြေးဝင်သွားတော့သည်။ သက်စိုးလည်း လှေကိုဆက်လှော်ခတ်လာခဲ့တော့သည်။

(၂)

အင်းကြီးအတွင်းသို့ရောက်သည့်အခါ သမီးယောက်ဖနှစ်ယောက် တစ်ယောက်တစ်နေရာစီခွဲသွားကြလေသည်။ မှုန်ကြီးက အင်းအနောက်ဘက်ကိုသွားမည်ဖြစ်ကာ သက်စိုးမှာတော့ လူသူသွားလေ့မရှိသည့် အင်းအရှေ့ဘက်ဆီသို့ ဦးတည်လှော်ခတ်လာခဲ့လေသည်။

မှုံကြီးတစ်ယောက် အရက်တစ်ကျိုက်မော့လိုက် ပိုက်တန်းချလိုက်ဖြင့် ချလာခဲ့ရာ လှေဝမ်းအတွင်းပိုက်တန်းများကုန်ချိန်တွင် ညသန်းခေါင်အချိန်သို့ချင်းနင်းဝင်ရောက်လာခဲ့ပြီဖြစ်သည်။ အင်းရေပြင်ကျယ်ကြီးအတွင်း လှေငယ်ကလေးကိုရပ်တန့်လိုက်ပြီးနောက် ပါလာသည့်ထမင်းထုပ်ကိုဖြေလိုက်လေသည်။ ကြာဖက်ဖြင့်ထုပ်ယူလာခဲ့သည့် ထမင်းထုပ်မှာအေးစက်နေချေပြီ၊ တံငါဖြစ်သော်လည်း မှုန်ကြီးက ငါးထက် အသားကိုပိုခုံမင်သည်မို့ ယနေ့လည်း အချဉ်တည်ထားသည့် ဝက်သားချဉ်များကိုချက်ပြုတ်ယူဆောင်လာခဲ့သည်။ မှောင်မှောင်မည်းမည်းကြီးထဲ ထမင်းမစားချင်သဖြင့် မှုန်ကြီးက လှေဝမ်းအတွင်းရှိ မီးကပ်ပုံးကလေးထဲတွင် ဖယောင်းတိုင်တစ်တိုင်ကိုထွန်းညှိလိုက်သည်။ မီးကပ်ပုံးဆိုသည်မှာ မုန့်ထည့်သည့်သံဘူးကို တစ်ဖက်အဝဖွင့်ကာ ဖယောင်းတိုင်ထည့်ထွန်းရသည့်အရာဖြစ်သည်။ လှေပေါ်တွင် လေတိုက်ခံနိုင်စေရန်အတွက် ထိုသို့မီးကပ်ပုံးများဖြင့် ဖယောင်းတိုင်ထွန်းလေ့ရှိကြသည်။ မှုန်ကြီးက ထမင်းထုပ်ကိုကျေနပ်စွာကြည့်လျှက်

“ဗိုက်ကလည်းဆာ၊ ဟင်းကလည်းတယ်ကောင်းပါလား၊ ငါ့ညီမကတော့ သူ့အကိုအကြိုက်ရှယ်ချက်ထားတာပဲဟေ့”

ထမင်းစားမည်ကြံလိုက်စဉ်မှာပင် သက်စိုးအကြောင်းသတိရသွားမိသည်။

“သက်စိုးတို့များ ကိုယ်စားမယ့်ထမင်းကို သူများကိုကျွေးပစ်ရတယ်လို့ကွာ၊ ဒီကောင်ဒီအချိန်လောက်ဆိုရင် ဗိုက်ဆာနေပြီထင်တယ်”

မှုန်ကြီးက အင်းအရှေ့ခြမ်းသို့လှမ်းကြည့်လိုက်သော်လည်း လရောင်မရှိဘဲ ကြယ်ရောင်သာလင်းသည့်ညမို့ ဘာကိုမှ သဲသဲကွဲကွဲမမြင်ရပေ။

“အိုကွာ၊ ဘာမှခွဲကျွေးစရာမလိုပါဘူး၊ ဒီကောင်သက်သက်ဖင်ယားတာ၊ ခံစမ်းကွာ၊ ထမင်းငတ်တဲ့အရသာကို မင်းခံစားကြည့်လိုက်စမ်း သက်စိုးရာ”

ပြောရင်းဆိုရင်း မှုန်ကြီးက ထမင်းစားရန်အတွက် အင်းရေပြင်အတွင်းသို့လက်နှစ်လိုက်ကာ ထမင်းစားရန်အတွက်လက်ဆေးလိုက်လေသည်။ ထိုအချိန်မှာပင် အင်းရေပြင်အောက်မှ တစ်စုံတစ်ရာက သူ့လက်ကိုဆွဲငင်လိုက်သလိုခံစားလိုက်ရပြီးနောက် မှုန်ကြီးလည်း လက်ကိုပြန်ဆွဲယူကြည့်လိုက်သည်။ သို့သော် သူ့လက်က ဆွဲမရပေ၊ တစ်ခုခုနှင့်ငြိနေသည်လားမပြောတတ်တော့၊ မှုန်ကြီးက နောက်လက်တစ်ဖက်အားကိုသုံးကာ ပြန်ဆွဲသော်လည်း ရေထဲမှာအရာက သူ့လက်ကိုတအားဆွဲချလိုက်သဖြင့် အားလွန်သွားကာ လှေပေါ်ထိုင်နေသည့်မှုန်ကြီးတစ်ယောက် အင်းရေပြင်အတွင်းသို့ ပြုတ်ကျသွားလေတော့သည်။

အလွန်ကြီးမားသည့် ငါးကြီးသဏ္ဍာန်ရှိသည့်အရာတစ်ခုက သူ့လက်အားကိုက်ချီသွားခြင်းဖြစ်သည်။ ငါးကြီးက ရေအောက်အတွင်းသို့ဆင်းပြေးရာ မှုန်ကြီးလည်းရေအောက်သို့လိုက်ပါသွားတော့သည်။ မှုန်ကြီးက သတိဝင်၍ ပြန်လည်ရုန်းကန်လိုက်တော့မှ သူ့လက်မှာလွတ်ထွက်သွားပြီး မှုန်ကြီးတစ်ယောက် ကြောက်ကြောက်လန့်လန့်နှင့် ရေမျက်နှာပြင်ပေါ်သို့ ပြန်လည်ကူးခတ်လာခဲ့တော့သည်။

မကြာမီ သူ့လှေကလေးနံဘေးတွင် ဘွားခနဲသွားပေါ်လေသည်။ အသက်ရှုအောင့်ထားရသည်မှာ ကြာရှည်လွန်းလှသဖြင့် အလွန်မောပန်းနေကာ အသက်ကိုမနည်းလုရှုနေရသည်။ ထိုစဉ်လှေနံသို့ပြေးဖက်လိုက်ပြီး လှေပေါ်သို့ကြည့်လိုက်ရာ လှေပေါ်တွင်မည်းမည်းအရာတစ်ခုက ငုတ်တုတ်ထိုင်နေပြီး ထမင်းထုပ်အားလက်နှစ်ဖက်ဖြင့် အားရပါးရ စားသောက်နေသည်ကိုတွေ့လိုက်ရသည်။ မီးကပ်ပုံး၏ အလင်းရောင်ကြောင့် ထိုအကောင်ကြီး၏ မျက်နှာကိုအတိုင်းသားမြင်နေရသည်။ မျက်နှာမှာ လူမျက်နှာပုံစံပင်ဖြစ်သော်လည်း အသားအရေများမှာ ရေညှိရေမှော်ဖတ်များကဲ့သို့ ပြောင်ချောပြီးဝင်းလက်နေလေသည်။

“သွား၊ ငါ့လှေပေါ်ကနေ အခုထွက်သွား”

မှုန်ကြီးမှာ ဒေါသထွက်ထွက်နှင့်အော်ဟစ်လိုက်သည့်အခါ ထိုအကောင်ကြီးမှာ ထမင်းထုပ်ကိုလက်နှင့်ဆွဲယူပြီး ရေထဲခုန်ချသွားတော့သည်။ လှေကလေးမှာလည်း ယိမ်းထိုးလှုပ်ခါသွားသည်။ မှုန်ကြီးက လှေပေါ်သို့ကုပ်ဖက်တက်လိုက်ပြီး လှေဝမ်းအတွင်းအသင့်ဆောင်လာသည့် ဓါးမကိုဆွဲကိုင်လိုက်ကာ ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်သည်။

“ဟေ့ ဘယ်ကောင်လဲကွ၊ ငါ့ကိုလုပ်တာ၊ မင်းတို့ကိုငါက ကြောက်မယ်များထင်သလား၊ နောက်တစ်ခါလာလို့ကတော့ ဟောဒီဓါးစာမိမယ်မှတ်”

သူကြိမ်းဝါးနေစဉ်မှာပင် ပတ်ဝန်းကျင်တစ်ခွင်အမှောင်ထုက ဖုံးအုပ်လာလေသည်။ ထို့နောက် အင်းရေပြင်ကြီးမှာလည်း ဂယက်ရိုက်လာတော့သည်။ လေမှာလည်းအတော်ပြင်းပြင်းထန်ထန်တိုက်ခတ်လေရာ သူ့လှေကလေးမှာ လေဒဏ်၊ လှိုင်းဒဏ်ကြောင့် လူးခါနေတော့သည်။ မှုန်ကြီးလည်း မထိုင်ပင်မထိုင်ဝံ့တော့ဘဲ လှေဝမ်းအတွင်းမှောက်နေလိုက်ရသည်။ မိုးမရွာသော်လည်း လေက တဝှီးဝှီးနှင့်တိုက်နေသည်မှာ မုန်တိုင်းတိုက်သည့်အလားပင်၊ ထို့နောက် လှေကလေးမှာ သူ့အလိုလိုမျောလွင့်ပါနေလေသည်။

“ကယ်ကြပါအုံး၊ ကယ်ကြပါအုံးဗျာ”

မှုန်ကြီးက အော်ဟစ်အကူအညီတောင်းနေမိသည်။ လေတိုက်သံတဝေါဝေါ၊ လှိုင်းခတ်သံတဝုန်းဝုန်းနှင့်မို့ သူ့အော်သံအား မည်သူမှကြားနိုင်လိမ့်မည်မဟုတ်ပေ၊ မှုန်ကြီးလည်း အကူအညီတောင်းရင်း လှေကလေးမှာတဖြည်းဖြည်းမျောပါသွားလေရာ နောက်ဆုံး အလင်းရောင်လေးတစ်ခုကိုမြင်တွေ့လိုက်ရသည်။

“ဟာ၊ ဒီအလင်းရောင်က သက်စိုးလှေက မီးကပ်ပုံးအလင်းရောင်များလား”

မှုန်ကြီးတစ်ယောက်အားတက်သွားမိသည်။ ကံကောင်းထောက်မစွာပင် လှေကလေးမှာ မီးရောင်ရှိရာဆီသို့ ဦးတည်မျောပါနေလေသည်။

“သက်စိုးရေ၊ ငါ့ကိုကယ်ပါအုံးဟ”

သို့သော် တဖြည်းဖြည်းနီးလာသည့်အခါမှ ထိုမီးရောင်မှာ ပိုမိုထိန်လင်းလာလေသည်။ မှုန်ကြီးထင်ထားသကဲ့သို့ ယောက်ဖဖြစ်သူ သက်စိုး၏လှေမဟုတ်ဘဲ အိမ်ကလေးတစ်လုံးဖြစ်နေသည်ကိုတွေ့ရသည်။ အိမ်ကလေးမှာလည်း ကုန်းမြေမရှိဘဲ ရေပေါ်တွင်တည်ဆောာက်ထားသည့် အိမ်ကလေးတစ်လုံးဖြစ်နေသည်။ ထိုအိမ်ကလေး၏ အရှေ့ဘက်တံခါးပေါက်များမှ ထွန်းညှိထားသည့် မီးအလင်းရောင်များကို မြင်တွေ့နေရခြင်းဖြစ်သည်။

“ဟင်၊ အိမ်တစ်လုံးပါလား၊ ဒီအင်းကြီးရဲ့ ရေလယ်ခေါင်မှာ ဘယ်သူကများ အိမ်လာဆောက်ပြီးနေသလဲမသိဘူး”

အိမ်ကလေးတွေ့သဖြင့် မှုန်ကြီးတစ်ယောက် အားတက်သွားမိသည်။ လှေကလေးမှာ အိမ်အနားမရောက်ခင်မှာပင် တဝဲလည်လည်ဖြစ်နေလေရာ မှုန်ကြီးမှာ လှေကလေးကို လက်လွှတ်လိုက်ပြီးနောက် အိမ်ကလေးဆီသို့ ကူးခတ်လာခဲ့တော့သည်။ သိပ်မကြာခင်မှာပင် အိမ်အတက်အဆင်းနေရာကလေးကို လက်ဖြင့်ကိုင်မိတော့သည်။ မှုန်ကြီးက လက်ကိုအားပြုပြီး အိမ်ပေါ်သို့ကုပ်ဖက်တက်လိုက်လေသည်။ ထိုအခါ အိမ်ထဲမှ မိန်းမတစ်ဦးထွက်လာသည်ကိုတွေ့ရသည်။ မိန်းမကြီးက မှုန်ကြီးအရှေ့တွင်ရပ်လိုက်ပြီး မှုန်ကြီးကို ငုံ့ကြည့်သည်။ မှုန်ကြီးကလည်း ထိုမိန်းမကြိးကိုမော့အကြည့်တွင် သူတို့နှစ်ဦး အကြည့်ချင်းဆုံသွားလေသည်။

“ဟင်၊ ခင် . . ခင်ဗျား”

မိန်းမကြီးက မဲ့ပြုံးတစ်ချက်ပြုံးလျှက် ကြည့်နေလေရာ

“ခင်ဗျား၊ ခင်ဗျား ညနေက ထမင်းတောင်းစားတဲ့အဒေါ်ကြီးမဟုတ်လား”

အဒေါ်ကြီးက ခါးထောက်လိုက်ရင်း

“ဟုတ်တယ်၊ ဒါငါ့အိမ်ပဲ”

“နေပါအုံး၊ ခင်ဗျားက ဘယ်လိုလုပ်ပြီးတော့ ဒီရေလည်ခေါင်မှာ နေတာလဲ”

“ဒီအင်းက ငါ့အင်း၊ ငါက ဒီကအပိုင်ဟဲ့၊ နင့်ကိုငါမခေါ်ဘူးနော်၊ နင့််ဖာသာနင်ရောက်လာတာ”

မှုန်ကြီးတစ်ယောက် ဘာကြောင့်မှန်းပင်မသိ၊ ထိုနေရာတွင်ရပ်နေရသည်ကပင် အလွန်ကြောက်ရွံ့ဖို့ကောင်းလာလေသည်။ သို့နှင့်အိမ်ထဲမှထွက်ပြေးမည်ဟုတွေးလိုက်ကာ အနောက်သို့လှည့်ကာပြေးတော့သည်။ မျက်စိတစ်ကမ်းတွင်မြင်တွေ့နေရသည့် အိမ်တံခါးပေါက်မှာ ပြေး၍မရောက်နိုင်အောင်ကိုပင် ဝေးကွာလှသည်ဟုထင်ရသည်။ မှုှုန်ကြီးမှာ အားသွန်ခွန်စိုက်ပြေးနေသော်လည်း အိမ်ပေါက်ဝသို့ ပြန်မရောက်ပေ၊ မိန်းမကြီးက တဟင်းဟင်းနှင့်ရယ်မောရင်း

“ငါ့အိမ်ကိုလာပြီးရင် ပြန်လို့မရတော့ဘူးမှုန်ကြီးရဲ့၊ နင်ပြေးနေလဲအလကားပဲ၊ ဒီမှာပဲ နင်နေတော့”

မိန်းမကြီးက အိမ်ပေါက်ဝသို့ တရွေ့ရွေ့နှင့်သွားပြီးသည့်အခါ အိမ်ပေါက်ဝအရောက် အိမ်ထဲမှ မှုန်ကြီးအားတစ်ချက်လှည့်ကြည့်လိုက်ရင်း

“သွားပြီဟေ့၊ ငါတော့သွားပြီ၊ ငါလည်းနင့်လိုပဲ လွန်ခဲ့တဲ့ဆယ်နှစ်က ထမင်းတောင်းစားတဲ့လူကို မိုက်မိုက်ရိုင်းရိုင်းပြောခဲ့မိလို့ ဒီအိမ်မှာတစ်ယောက်တည်း နေရတာဟဲ့၊ အခုတော့ နင့်ကြောင့် ငါလွတ်ပြီကျွတ်ပြီ၊ ဆယ်နှစ်ပြည့်ရင် နင်လည်းကုန်းပေါ်တစ်ခါပြန်တက်ရလိမ့်မယ်၊ ဆာဆာနဲ့ထမင်းတောင်းစားရလိမ့်မယ်၊ နင့်ကို မချေမငံပြောတဲ့လူနဲ့တွေ့ရင် နင်လည်းငါ့လိုလွှတ်မှာပေါ့ဟာ၊ ကဲ သွားပြီဟေ့”

ထိုမိန်းမကြီးက အိမ်တံခါးပေါက်မှ အနောက်သို့ကျွမ်းပစ်ကာ နောက်ပြန်ကြီးခုန်ဆင်းသွားလေတော့သည်။ မှုန်ကြီးတစ်ယောက် ထိုမိန်းမကြီးမရှိသည့်အခါ အိမ်ကလေးကိုတစ်ချက်ကြည့်လိုက်မိသည်။ အိမ်အတွင်းတွင် မည်သည့်အရာမှမရှိပေ၊ အိမ်တစ်ခုလုံးက ပြောင်သလင်းခါနေသည်။ အိမ်တံခါးဆီသို့ပြေးသွားကာ ခုန်ထွက်သော်လည်း ထွက်မရဘဲဖြစ်နေလေသည်။

ထိုစဉ် အိမ်အတွင်းသို့ လူခြေထောက်များပါဝင်သည့် ငါးကောင်ကြီးများမှာ တံခါးဝမှနေ၍ ဝင်လာခဲ့လေသည်။ ထိုငါးကောင်ကြီးများမှာ မှုန်ကြီးအားကြည့်ပြီးသည့်နောက် ငါးမန်းသွားကဲ့သို့ အစွယ်ချွန်ချွန်ကြီးများပေါ်အောင်ပြုံးရယ်လိုက်ကြကာ မှုန်ကြီးအားဝိုင်းဝန်းကိုက်ဖြတ် စားသောက်ကြလေတော့သည်။ မှုန်ကြီးမှာ အသံနက်ကြီးနှင့် အော်ဟစ်နေလေသည်။

“ယောက်ဖ၊ ယောက်ဖ . . . သက်စိုး၊ သက်စိုး”

(၃)

သက်စိုးတစ်ယောက်ခေါ်သံကြားသဖြင့် လန့်နိုးသွားလေသည်။ ကောင်းကင်သို့တစ်ချက်ကြည့်လိုက်သည့်အခါ အာရုဏ်တက်တော့မည်ဖြစ်သည်။ ပိုက်တန်းများချပြီးနောက် ဗိုက်ဆာဆာနှင့်ရေသောက်ပြီးလှေဝမ်းထဲကျောချလိုက်ရာမှ အိပ်ပျော်သွားခြင်းဖြစ်သည်။ အိပ်ပျော်သွားသည့်အခါတွင်လည်း မှုန်ကြီး၏ဖြစ်ရပ်များကို ရုပ်ရှင်တစ်ကားကြည့်နေရသည့်နှယ် အိပ်မက်မြင်မက်နေလေသည်။

“အိပ်မက်ကလည်းထူးဆန်းလိုက်တာ၊ ဒါကြောင့် လူကြီးတွေက အင်းထဲအိပ်ရင် အိပ်မက်ဆိုးမက်တတ်တယ်လို့ ဆိုကြတာကိုး”

သက်စိုးက ရေရွတ်လိုက်ပြီးနောက် အင်းကြီးအတွင်းချထားသည့် ပိုက်တန်းများကိုလိုက်ဖော်လေတော့သည်။ ပိုက်တန်းတစ်ခုကိုဆွဲလိုက်ရာ အလွန်လေးလံနေသဖြင့် လက်နှစ်အားနှင့် အတော်ဆွဲတင်ရလေသည်။ ပိုက်တန်းပေါ်လာသည့်တစ်လျှောက်တွင် ဖြူဖွေးဝင်းလက်နေသည့် ငါးများကိုတွေ့လိုက်ရသည်။ ငါးများမှာ အကောင်အထည်အတော်ကြီးကာ အတော်လည်းများသည်။

“ဟာ၊ ငါးတွေမနည်းဘူး၊ တစ်သက်နဲ့တစ်ကိုယ် ဒီလောက်မရဖူးပါဘူးကွာ”

သက်စိုးပိုက်တန်းတစ်တန်းဖော်အပြီးမှာပင် ငါးပိဿာခန့်ရလေသည်။ ယခင်က ပိုက်တန်းဖော်လျှင် တစ်တန်းရမှ ငါးဆယ်သား၊ ကံကောင်းလျှင် တစ်ပိဿာခန့်ရတတ်သော်လည်း ယခုတော့ ငါးပိဿပင် ကျော်နေချေပြီ။ သက်စိုးလည်း ပျော်ရွှင်သွားပြီး ကျန်သည့်ပိုက်တန်းများကိုလိုက်ဖော်ကြည့်မိသည်။ ပိုက်တန်းငါးတန်းဖော်ပြီးသည့်အခါ လှေဝမ်းတွင်ငါးများပြည့်လျှံနေပြီး ပုံအောနေလေတော့သည်။ အချိန်အားဖြင့်ဆိုလျှင် ပိဿာသုံးဆယ်ကျော်လောက်မည်ဖြစ်သည်။

ပိုက်တန်းများဖောြ်ပီးတော့မှ ယောက်ဖဖြစ်သူ မှုန်ကြီးကိုသတိရသွားသည်။ သို့နှင့် အင်းကြီးအနောက်ဘက်ကို ဦးတည်လိုက်ကာ လှေကိုလှော်ခတ်လာခဲ့သည်။ လှော်ခတ်လာသည့်လမ်းတစ်လျှောက်တွင် မှုန်ကြီး၏ အရိပ်အယောင်ကိုမတွေ့ရပေ။ သို့နှင့် လှေကိုလှော်ခတ်လာခဲ့ရာ ချောင်းရိုးအနီးသို့ပင်ရောက်လာခဲ့လေသည်။ လမ်းတွင်တွေ့ခဲ့သည့် တံငါများကိုလည်း မှုန်ကြီးအကြောင်းမေးရသည်။

“ဗျို့ ကိုဘအေး၊ ကျုပ်ယောက်ဖ ကိုကြီးမှုန်ကို တွေ့ခဲ့သေးလားဗျ”

“မတွေ့ခဲ့ပါဘူးကွာ၊ ဒါနဲ့မင်းငါးတွေများသားနော်ကွ”

“ဟုတ်ပါ့ဗျာ၊ တစ်သက်နဲ့တစ်ကိုယ် ဒါမျိုးမကြုံဖူးဘူးဗျ”

သို့နှင့်ဆက်လက်လှော်ခတ်လာခဲ့ရာ ရွာသို့ပင်ရောက်လာခဲ့သည်။ အစကတော့ မှုန်ကြီးတစ်ယောက် အရက်သောက်ရင်း အလည်လွန်နေသည်ဟုထင်ခဲ့သော်လည်း ညနေစောင်းသည်အထိ ကိုမှုန်ကြီးမှာပေါ်မလာခဲ့ပေ၊ သို့နှင့် သက်စိုးတစ်ယောက် ကိုမှုန်ကြီးကိုရှာရန်အလို့ငှာ အင်းထဲသို့ထွက်လာခဲ့သည်။ ညနေစောင်းမို့ အလင်းရောင်ကောင်းစွာရနေသေးသည်။ အင်းလယ်တစ်နေရာအရောက်တွင်တော့ လှေကလေးတစ်စီးက မြောပါလာလေသည်။ ထိုလှေကလေးအတွင်းသို့ ကြည့်လိုက်သည့်အခါ ယောက်ဖဖြစ်သူကိုမှုန်ကြီးက လှေဝမ်းထဲတွင်အိပ်စက်နေလေသည်။

“ကိုကြီးမှုန်၊ ဘယ့်နှယ့်ဗျာ ဒီမှာလာအိပ်နေရလားဗျာ”

သက်စိုးတစ်ယောက် လှေချင်းကပ်ပြီး စမ်းသပ်လိုက်သော်လည်း မှုန်ကြီးမှာမလှုပ်မယှက်ဖြင့် ငြိမ်သက်လျှက်ရှိနေတော့သည်။

မှုန်ကြီးအတွက် နာရေးစီစဉ်ပေးကြရတော့သည်။ နာရေးအိမ်ဖြစ်သဖြင့် ရပ်ရွာလူကြီးများကလည်း လာရောက်ကြည့်ရှုကြလေရာ သက်စိုးက သူမြင်မက်ခဲ့သည့် အိပ်မက်ကိုပြန်လည်ပြောပြလိုက်လေသည်။ ရွာခံလူကြီးအတော်များများက ယုံကြလေသည်။

“အဲဒါပဲကွ၊ မှုန်ကြီးတို့က အင်းပိုင်တွေကိုသွားပြီးတော့ နှောင့််ယှက်တာကိုး၊ ဒီလိုအဖြစ်မျိုးဆိုတာ တို့ရေလုပ်သားတွေ တွေ့ကြုံနေကျအဖြစ်ပဲကွ”

“အေးလေကွာ၊ ဒီကောင်က ယုံမှမယုံတာကွ၊ တစ်ခါကလည်း ငါးကောင်းကောင်းမရလို့ဆိုပြီး အင်းပိုင်တွေကို ဆဲရေးတိုင်းထွာနေပါရောလား”

“ဒါနဲ့ လွန်ခဲ့တဲ့ဆယ်နှစ်က သေသွားတယ်ဆိုတာ ဘယ်သူလဲဗျာ”

“အင်းလေ၊ မင်းက အဲဒီတုန်းက ခင်မှုန်နဲ့မှ မညားသေးတာကိုးကွ၊ မင်းပြောပုံအရဆို မင်းတွေ့ခဲ့တဲ့မိန်းမကြီးက ဒေါ်ဂွက်ထော်ကြီးဖြစ်မယ်ကွ၊ ဒေါ်ဂွက်ထော်ဆိုတာ နှုတ်ကြမ်းအာကြမ်းနဲ့ မိန်းမကြီးပေါ့ကွာ၊ သူက အင်းထဲတော့မဆင်းပေမယ့် အင်းထိပ်ချောင်းရိုးနားကနေစောင့်ပြီး တံငါတွေဆီက ပါလာတဲ့ငါးတွေကို ဝယ်တယ်ကွ၊ ပြီးတော့ တခြားရွာတွေကိုလှည့်ပတ်ရောင်းတဲ့ မိန်းမကြီးပေါ့ကွာ ပါးစပ်ဆိုးလိုက်တာလည်းပြောမနေပါနဲ့”

“ဒါဆိုရင် သူရော အဲဒီအင်းထဲမှာ သေခဲ့တာပဲလား”

ရွာခံအဘကြီးက ခေါင်းညိတ်ပြီး

“ဒါပေါ့ကွ၊ မနက်ခင်းစောစော ချောင်းရိုးနံဘေးနားက ဒိုက်ပုံတွေကြား ခေါင်းကြီးစိုက်ပြီးသေသွားတာကွ၊ မင်းပြောတဲ့အတိုင်းဆိုရင် သူက သေပြီးတော့ အင်းထဲမှာ အစောင့်သရဲဖြစ်နေတဲ့ပုံပဲကွ၊ အခု သူကျွတ်ချိန်တန်တော့ လူရှာရင်း အကုသိုလ်များတဲ့ မှုန်ကြီးနဲ့တွေ့သွားတာဖြစ်မယ်ကွ”

သက်စိုးတစ်ယောက်အလွန်ထိတ်လန့်သွားမိသည်။ ထိုအချိန်မှစ၍ သက်စိုးမှာ တံငါအလုပ်ကို မလုပ်မကိုင်ရဲဖြစ်လာသည်။ တံငါလုပ်ကိုင်သည့်လူများလည်း မကြာမကြာ မှုန်ကြီးသရဲနှင့် တွေ့ကြရသည်ဟုဆိုသည်။ အထူးသဖြင့်် လှေဝမ်းအတွင်း အရက်ပုလင်းသယ်ဆောင်သွားကြသူများအား ရေထဲမှနေ၍ အရက်လိုက်တောင်းသောက်သည်ကို ကြုံကြရလေသည်။ ခင်မှုန်မှာလည်း အကိုဖြစ်သူသေဆုံးသွားသည့်စိတ်ကြောင့် ရွာတွင်မနေချင်တော့ပေ၊ သို့နှင့် သက်စိုးလည်း ရွာတွင်ရှိသည့် အိမ်နှင့် လှေကို ရသည့်ဈေးနှင့်ရောင်းကာ လင်မယားနှစ်ယောက် ရေကြည်ရာမြက်နုရာရှာဖွေရန်အတွက် ရန်ကုန်မြို့သို့ဆင်းခဲ့ကြတော့သည်။

ရန်ကုန်မြို့တွင်အခြေကျပြီးသောအခါ သက်စိုးတို့မှာ ရွာသို့မပြန်ဖြစ်တော့ပေ၊ သက်စိုးယောက်ဖ မှုန်ကြီးတစ်ယောက်မှာတော့ နောင်ဆယ်နှစ်ကြာသည့်အခါ ကျွတ်လွတ်သွားမည်လားဆိုသည်ကတော့ မည်သူမှတပ်အပ်မပြောနိုင်ကြပေ။

ပြီးပါပြီ။