ဝိုင်းပြီး “မိန်းကလေးဆိုရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ တစ်ယောက်တစ်မျိုး ပြောတတ်ပုံ၊ တစ်ယောက်တစ်ခွန်း ပြောကြဆိုကြပုံ။
အညစ်အကြေး ဆေးကြောသုတ်သင်ရန် ရေချိုးပေးတာနှင့် အနှီးထွေးတာနှင့် တစ်ချက်တည်း “လက်ဆန့်မှ၊ ခြေဆန့်မှ၊ ခေါင်းဝိုင်းမှ၊ နှာခေါင်း
ပေါ်မှ၊ နဖူး မမောက်မှ၊ နားရွက်ကားမှ” ဟူ၍ ရေချိုးနည်း၊ အနှီးထွေးနည်း၊ ပြင်နည်းတွေ အထူးတလည် ကိစ္စများလာပုံ။ .
မွေးခါစ နီတာရဲကလေးမှ ကျောင်းသို့ အပ်နှံသည့် ကလေးမ အရွယ်ကလေးရောက်သည်အထိ မိန်းမဘဝ၏အစကို သတိချပ်စရာ၊ မှတ်သားစရာ၊ နှလုံးသွင်းမိ ဆင်ခြင်မိအောင် အတွေးအခေါ်တွေနှင့် ထည့်၍ ကြိုးစား ဖော်ပြ ရေးထား၏။
ကျောင်းသူကလေးက အပျိုပေါက်ကလေး ဖြစ်လာသည့်အခါ ဤစာအုပ်ကို ဆက်မရေးဘဲ ပစ်ထားလိုက်၏။
ခေတ်မှာ တစ်ခေတ်နှင့်တစ်ခေတ် မတူဘဲ တိုးတက်ဆန်းသစ် ပြောင်းလဲတတ်သည့်သဘော ရှိပေ၏။ အခြေအနေအလိုက်၊ ခေတ်အလိုက် ပြောင်းလဲတတ် ဆန်းသစ်သည့်ရာဇဝင်နောက်သို့ လိုက်ရေးရမည် ဖြစ်၏။
ခေတ်ပြောင်းသည့်နောက်သို့ လိုက်ရမည့် မိန်းကလေးတို့၏ စိတ်နေ၊ အမူအရာ၊ အလှအပ၊ အတုအပ၊ ကျန်းမာရေး၊ ပညာရေး၊ ပေါင်းသင်းဆက်ဆံရေးများကို ခေတ်နှင့် သင့်လျော်သော တိုးတက်ပြောင်းလဲဆန်းသစ်ရမည့် သဘောများဖြင့် စိစစ်၍ ဆက်လက်ရေးပြန်လေ၏။
ဤအတိုင်း ဆက်ရေးလိုက်၊ ပစ်ထားလိုက်နှင့် တစ်နှစ်က တစ်နှစ် သုံးလေးနှစ် ရှိနေပြီ။ ဝတ္ထုက ရေးရင်း ရေးရင်း ကျယ်ဝန်းလာ၍ အဆုံးမသတ်နိုင်ဘဲ ဖြစ်နေလေ၏။
ဝတ္ထုထဲတွင် ထည့်လိုသည့်အခန်းများကို ကိုယ်တွေ့ မတွေ့ကြုံဖူးသည့်အချက်မျိုး ဖြစ်ချေက သေချာမှန်ကန်စေရန် မျက်မြင်ဒိဋ္ဌ တိတိကျကျ သိနိုင်အောင် စပ်ဆိုင်သည့်ဘက်သို့ ခြေဦးလှည့်၍ ကိုယ်တိုင် ကိုယ်ရောက် အခေါက်ခေါက် အခါခါ တီးခေါက် အောက်အစ် မေးမြန်း ဆွေးနွေးလေ့လာပြီးမှ စိတ်တိုင်းကျ ရေးနိုင်တော့ပေ၏။
မိန်းမဘဝနှင့် ယောက်ျားစိတ် ပေါက်နေသည့် ယောက်ျားရှာက ယူထားသော မိန်းမတစ်ယောက်အကြောင်း ထည့်စရာရှိ၍ မိန်းမ၏ မိန်းမအဖြစ် အရောက်ခံနိုင် အခေါ်ခံနိုင်သည့်စိတ်ဓာတ်၊ မိန်းမချင်း ညားကာ မိန်းမအနေ နေတတ်နိုင်သည့် သည်မိန်းမမျိုး ဘာကြောင့် သည်လောက်တောင်ချို့တဲ့ ယွင်းပျက် တိမ်းစောင်းရသည့်အချက်များကို ဖော်ပြချင်၏။ ဇာစ်မြစ် ရာဇဝင် လိုက်ကာ စာအုပ်ထဲတွင် အကြောင်းစုံ ဖော်ပြရေးသားနိုင်ရန် ရက် လ အတန်ဆိုင်းနေရ၏။
မိန်းမ၏ မိန်းမဖြစ်နေသူနှင့် သွား၍ တွေ့တွေ့ချင်း သူ့တစ်ကိုယ်လုံး သိမ်းကြုံ၍ ကြည့်မိ၏။ သူ့အသက်မှာ သုံးဆယ်ကျော်ကျော်ခန့်ရှိပြီ။ သူနှင့် ပေါင်းဖက်နေသော မိန်းမ(ယောက်ျားရှာ) ကား သူ့ကို မယားမှတ်မှတ် သားမှတ်မှတ် ပေါင်းသင်းလုပ်ကျွေး၍ ရွှေတွဲလဲနှင့် နေရပေ၏။ သူ့ရုပ်ရည်မှာ သူလိုငါလိုရုပ်မျိုးနဲ့မှ မတူသည့် ရုပ်မျိုး။
မျက်စိသည် မျက်စိနှင့် မတူဘဲ မျက်စိကိုက တန်ခိုးမရှိ။ အရောင်မရှိ၊ အားမရှိ။
ပါးစပ်ပင်လည်း ပါးစပ်တစ်မျိုး၊ အာစေးထည့်ထားသလို အမြဲမြုံထား၊ ပိတ်ထားသည့် ပါးစပ်မျိုး။
အမူအရာ အသံဟန်ပန်တွေမှာ ထူးထူးခြားခြား မသာမယာနှင့် လေးလံ ရွဲ့ ထိုင်းပြီး ကျက်သရေမရှိသော အသေကောင်တစ်မျိုး ဖြစ်နေ၏။
မိန်းမထဲတွင် နောက်ပိတ်ဆုံးက ထားဖို့ရန်ပင် နေရာမတွေ့မိသည့် ဒီမိန်းမနှင့် နီးနီးကပ်ကပ် မျက်မှန်းတန်းအောင် မိတ်ဆွေဖွဲ့ကြည့်ရာ သူက ဖယ်တယ်တယ်နှင့် အကပ်မခံ၊ အပေါင်းမခံ ဖြစ်နေ၍ သူမ၏ ကာမပိုင်ခေါ်ရမလား မပြောတတ်သော ယောက်ျားရှာမနှင့် တစ်ဖက်လှည့်၍ သူ့ဘဝကို များများသိအောင် စူးစမ်းပြီးမှ ရေးသားရ၏။
ကျွန်မ ရေးပြချင်သည့် အချက်အလက် စုံစုံလင်လင်နှင့်” မိန်းမ”ကား ခရီးအတော်ပေါက်ခဲ့ပြီ။ ခရီးတော်တော်ရောက်လာ၍ ဇာတ်လမ်းမှာ အဆုံးသတ်နှင့် မဝေးတော့။ သို့သော် နောက်ဆုံး ဇာတ်သိမ်းခန်းတွင် မိန်းမတွေ ဇွဲကြီးသည့်၊ သည်းခံသည့်၊ သူမတူအောင် မေတ္တာစိတ်ဓာတ် ကြီးမားသည့် အချက်အလက်ကို စာဖတ်သူတို့အား လေးလေးနက်နက် ဖော်ပြချင်သည့်ဆန္ဒကြောင့် ဆုံးဖို့ရန် ဆိုင်းထားပြီး စိတ်ဓာတ်ရင့်သန်သည့် မိန်းမများ၏ အကြောင်းရင်း ဇာစ်မြစ်ကို နှိုက်ချွတ် ရှာဖွေကာ ကျေနပ်လောက်သည့် အချက်များရမှ အဆုံးသတ်မည်ဟု ပစ်ထားခဲ့သည်။
(၂)
ရှမဝမှအပြန် အလုပ်တိုက်သို့ ရောက်လျှင် “ဒါဂျီလင်”မှ စာတစ်စောင်ရသည်။
သားနှစ်ယောက် ကျောင်းပြန်ပို့ရန်ကိစ္စအတွက် ပို့မည် မပို့မည် မြန်မြန်ဆုံးဖြတ်၍ စာပြန်ရန် ကျောင်းက သတိပေးသောစာ ဖြစ်၏။ ဆုံးဖြတ်ရမည့်အချိန်မှာ ကပ်နေ၏။ ယခုနှစ် ဒါဂျီလင်သို့ ပြန်ပို့လျှင် သူတို့နှစ်ယောက်အတွက် တစ်နှစ်စာ လေးငါးခြောက်ထောင် ကုန်ဦးမည်၊ ပိုက်ဆံအကုန်အကျများမည်ဖြစ်၍ သူတို့အား ရန်ကုန်ကျောင်း၌ နေကြရန်ပြောသည့်အခါ “ရန်ကုန်ကျောင်းမှာ မနေချင်ဘူး မေမေ၊ ဒါဂျီလင်ကျောင်းမှာပဲ နေမယ်။ ကျောင်းသားတွေအားလုံး ပြန်ကြတယ် မေမေရယ်။ ကျွန်တော်တို့ကော မပြန်ရဘူးလား။ ပြန်မယ်မေမေ။ ပြန်ပါရစေ” ဟု သနားစရာ ပြောကြ၏။ တောင်းတောင်းပန်ပန် ပြောကြ၏။
သူတို့ကိုလည်း ကျွန်မက မသွားကြရန် အတန်တန် ပြန်တောင်းပန်သည်။ မောင်ချစ်ရှိန်မှာ မိုးဟိန်းနှင့်မတူဘဲ ကျောင်းမပြန်ဖို့ ပြောသည့်ည အိပ်ရာထဲတွင် တော်တော်နှင့် မအိပ်ဘဲ တရှုံ့ရှုံ့ ငိုကြွေးနေ၏။ အငိုတိတ်အောင် ချော့မော့၍ပြောသော်လည်း မတိတ်၊ အငိုတိတ်အောင် ချော့မော့၍ သိပ်သော်လည်း မအိပ်၊ ချော့နေသည့် ကြားထဲက “ကျောင်းပြန်ချင်တယ် မေမေ’ဟု တရှိုက်ရှိုက် ငိုရင်းမှ ဒါပဲ ပြောသည်။
ချော့ရသည်က အပိုပင်၊ ချော့ခါမှ မတိတ်တော့ဘဲ ညည့်နက်သည့်အထိ ငိုကြွေးနေ၍ အတော်ပဲ စိတ်ညစ်မိပေ၏။ မရပ်မနား ရှိုက်ရှိုက်ပြီး ငိုနေသံကြောင့် “ဘယ်နည်းနဲ့ ပြန်ပို့ရမလဲ”ဟု အကြံအဖန် ထုတ်ကြည့်နေမိ၏။
သူတို့ ပြန်ပို့လိုက်လျှင် ငွေကုန်လိမ့်ဦးမည်။ ငွေမြန်မြန် ဘယ်ကရမည်နည်းဟု တွေးရတာကြောင့် စိတ်မောသွား၏။ ညည့်နက်သည်ထက် ညည့်နက်၍ “ကဲ…ကဲ… အိပ်… အိပ်။ မေမေ ကြိုးစားပြီး မင်းတို့ကို ကျောင်းပြန်ပို့မယ်”ဟု ပြောလိုက်မှပင် ရှိုက်သံ ရပ်စဲကာ အငိုတိတ်ပြီး အိပ်ပေတော့သည်။
သူတို့ကား ကျောင်းပြန်ရမယ်ဟု တစ်ထစ်ချ မှတ်ထားကြသည်။
ကျောင်းက စာမှာလည်း နေရာပေးဖို့အတွက် ပြန် မပြန် အမြန်စာပြန်ဖို့ ရှိနေသည်။ ကျောင်းပြန်ပို့နိုင်အောင် နောက်ဆုံး အကြံရသည်မှာ “မိန်းမ”ကို အမြန်ရိုက်ပြီး” ဤစာအုပ်က ရမည့်ငွေနှင့် ကျောင်းပို့မယ်”ဟု ပိုင်းဖြတ်လိုက်ကာ သူတို့နှစ်ယောက် ပြန်လာမည်ဟု ကျောင်းသို့ ပြန်စာရေးလိုက်၏။
(၃)
အလျင်စလို ပြီးချင်သည့်စိတ်နှင့် တစ်ခါမှ မရေးဖူးခဲ့သော ဝတ္ထုကို ယနေ့ည အပြီးရေးရန် အိမ်ပြန်ရောက်ကတည်းက မှန်ခုံ၌ မထဘဲ ထိုင်၍ ရေးနေ၏။
“မေမေ ထမင်း မစားသေးဘူးလား”ဟု မိုးဟိန်းက လာမေး၏။
“စားကြ စားကြ၊ မေမေ့ မစောင့်နဲ့၊ မေမေ ဝတ္ထုရေးနေလို့ မစားသေးဘူး”ဟု ပြန်ပြောလိုက်ပါလျက် ပြန်ဆင်းမသွားဘဲ လှေကားထိပ်တွင် ရပ်စောင့်နေ၏။
“သွားလေ… စားချေကြကွယ်”ဟု နောက်တစ်ကြိမ် လှည့်ပြောမှ“မေမေ ရေးတာ ဘာလဲ”ဟု မေး၏။
“ဝတ်ထု ဝတ်ထု”
“အဲဒီဝတ္ထု မိုးဟိန်း သိပါတယ်”
“ထမင်းစားမှာ သွားစားစမ်းပါ မိုးဟိန်းရာ… သွား… သွား”
သူနှင့် စကားမပြောနိုင်အောင် စကားကြော မရှည်နိုင်အောင် နှင်လွတ်လိုက်ရသည်။
စိတ်ကူးရသည့် အချက်တွေ မလွတ်အောင် စိတ်ပါလက်သွက်ရေးနေ၍ ဥဩသံ ကြားရမှပင် ရထားဝင်လာမှန်း သိပေ၏။ ဘောက်ထော်နောက်ဆုံးရထားမှာ ည ၈ နာရီ ဖြစ်၍ သူတို့အိပ်ရန် အချိန်ကျသဖြင့် စာရေးနေရာကပင် အပေါ် တက်ခဲ့ကြရန် အော်ခေါ်လိုက်သည်။
ညီအစ်ကိုနှစ်ယောက်သည် အောက်ထပ်တွင် ဒေါင်းတောက်အောင် ဆော့နေရာမှ အပေါ်ထပ်သို့ ပြိုင်တူ ပြေးတက်လာကြ၏။
“မင်းတို့ အဝတ်လဲကြ၊ အိပ်တော့”ဟု ကျွန်မက စာရေးရင်း လှမ်းပြောလိုက်၏။ သူတို့နှစ်ယောက်လည်း ညအိပ်အဝတ်များ လဲကာ ခုတင်ပေါ်သို့ တက်ကြသည်။
မောင်ချစ်ရှိန်က “မေမေ မအိပ်သေးဘူးလား”ဟု မေးလျှင် မိုးဟိန်းက“မေမေ ဝတ္ထုရေးနေတယ်၊ စကား သွားမပြောနဲ့”ဟု သူ့ခုတင်က လှမ်းပြောလိုက်သည်။
“မေမေရေးတာ ဝတ္ထုလား”ဟု မောင်ချစ်ရှိန်က ထပ်မေးပြန်လျှင်…
“ဟုတ်တယ်၊ မေမေက ဝတ္ထုရေးနေတယ်။ မေမေရေးတဲ့ ဝတ္ထုကို မိုးဟိန်းသိတယ်”ဟု မိုးဟိန်းက လှမ်းအော်ပြောနေသည်။
“ဘာဝတ္ထုလဲ၊ မင်း သိရင် ပြောစမ်းကွာ”
“ဆဒ္ဒန်ဆင်မင်း ဝတ္ထု”
“မဟုတ်ဘူးကွ”
“ဟုတ်တယ်… ဟုတ်တယ်”
“မဟုတ်ဘူး၊ မဟုတ်ဘူး မဟုတ်လား မေမေ”
ကျွန်မအား စာရေး၍ မဖြစ်နိုင်အောင် တစ်ခုတင်နှင့် တစ်ခုတင် လှမ်း၍ တစ်ယောက်တစ်ခွန်း ဆူဆူညံညံ ငြင်းခုံနေကြသည်။
ကျွန်မလည်း စာရေးရာမှ ထကာ မောင်ချစ်ရှိန်ခုတင်ပေါ်တွင် သွားထိုင်လိုက်၏။
“မင်းက ဘာကြောင့် မေးသလဲ၊ မိုးဟိန်းကကော ဘာကြောင့် ဆဒ္ဒန်ဆင်မင်းလို့ ပြောသလဲ။ တစ်ယောက်စီ ပြောကြစမ်း”
မောင်ချစ်ရှိန်က ရုတ်တရက် မပြောဘဲ ခေါင်းအုံးနှင့် မျက်နှာကို ဝှက်ကာ ပြုံးနေသည်။
မိုးဟိန်းမူကား လှဲနေရာက ငေါက်ခနဲ ထိုင်လိုက်ပြီး “မိုးဟိန်းကို ကြီးကြီးခင်က ဆဒ္ဒန်ဆင်မင်းအကြောင်း ပြောပြတယ်။ အဲဒါ “ဝတ္ထု”တဲ့။ မေမေလည်း ဆဒ္ဒန်ဆင်မင်းရေးတာပဲ မဟုတ်လား”ဟု စဉ်းစဉ်းစားစား မျက်နှာထားနှင့် မေး၍ ကျွန်မမှာ ရယ်နေရ၏။
“မောင်ချစ်ရှိန်ကကော ပြောစမ်း”ဟု အတင်းမေးမှ “ကွိ ဝတ္ထုကို ဖေဖေကြိုက်တယ်လို့ မေမေ ပြောတယ် မဟုတ်လား။ အခု မေမေရေးတာ ဆဒ္ဒန်ဆင်မင်း မဟုတ်ဘူး …ကွိ ရေးတာပဲ မဟုတ်လား”
သူတို့နှစ်ယောက်အား “ဝတ္ထု” စကားလုံး၏ အဓိပ္ပာယ်ကို နားလည်အောင် ရှင်းပြရပေမည်။
သူ့အဖေ ရေးခဲ့သည့် ဝတ္ထုစာအုပ်များ၊ ကျွန်မရေးသည့် ဝတ္ထုစာအုပ်များနှင့် အခြားအင်္ဂလိပ်ဝတ္ထုစာအုပ်များကို ဗီရိုထဲမှ ထုတ်၍ ဝတ္ထု အဓိပ္ပာယ်ကို နားလည်သွားအောင် ရှင်းပြပြောပြသည်။
“ဝတ္ထုဆိုတာ ဒါကိုပြောတာ၊ စာရေးဆရာက ဝတ္ထုကို ပုံပြောသလို ရေးတာ၊ ရေးပြီးရင် စာစီရတယ်။ စီတာကို စက်ကရိုက်တော့ စာအုပ်ဖြစ်လာတယ်” ဟု နားမဝေးအောင် ရှင်းပြလိုက်သည်။
“ဝတ္ထုစာအုပ်ရောင်းတော့ ပိုက်ဆံရတာပေါ့”ဟု ပြောလိုက်လျှင် “အခုကော မေမေ ပိုက်ဆံတွေ ရမယ်လား”။ “ပိုက်ဆံရရင် စတူဒီဘေကာ ဝယ်မှာလား”နှင့် ဝိုင်းမေးနေကြ၏။
“မင်းတို့ ကျောင်းပြန်ချင်တယ်ဆိုလို့ မေမေ ဝတ္ထု ထိုင်ရေးရတာ။ ကျောင်းပြန်ရင် ပိုက်ဆံတွေ အများကြီး ပေးရမယ်။ ဒါကြောင့် မေမေက ဝတ္ထုရေးပြီး စာအုပ်ရိုက်ရောင်းရမယ်။ ဟောဒီလို စာအုပ်ဖြစ်လာရင် လူတွေက ဝယ်ဖတ်ကြတော့ ပိုက်ဆံတွေ ရမယ်။ အဲဒီပိုက်ဆံတွေကို ဒါဂျီလင်ကို ပို့ပေးရမယ်။ မင်းတို့ ကြိုးစားပြီး ပညာတတ်အောင် စာသင်ကြ၊ အင်္ဂလိပ်စာတင် မဟုတ်ဘူး။ နောက် မင်းတို့ မြန်မာစာလည်း သင်ရမယ်။ မင်းတို့ ကြီးလို့ စာတတ်တော့ ဝတ္ထုတွေ ရေးပြီး ပိုက်ဆံအများကြီး ရှာနိုင်မယ်၊ အခု ဖေဖေ မရှိတော့ မင်းတို့ကို မေမေတစ်ယောက်တည်း ပိုက်ဆံရှာပြီး ကျောင်းထားရတယ်”
“မိုးဟိန်းလည်း မေမေ့ကို ပိုက်ဆံရှာပေးမှာပေါ့”
“အေး… မင်းတို့ ကြီးလို့ ပညာတတ်ရင် မေမေ့ကို တစ်ခါပြန်ရှာပေးနိုင်တာပေါ့။ အခု မင်းတို့က ငယ်သေးတော့ ပညာမတတ်သေးတော့ မေမေ့ကို တစ်ပြားမှ ပြန်ရှာမပေးနိုင်သေးဘူး ဟုတ်လား”
“မေမေ့ကို မိုးဟိန်း ရှာပေးနိုင်ပါတယ်”
“ဘယ်တော့လဲကွယ့်”
မိုးဟိန်းမှာ အဖြေမပေးဘဲ တွေ၍ သွားသည်။ ကျွန်မက ရယ်မောကာ နှစ်ယောက်စလုံးအား အိပ်ဖို့ ပြောပြီးနောက် ခြင်ထောင်ချပေးလိုက်သည်။
(၄)
ညက နှစ်နာရီထိုးသည့်တိုင် မဆုံးရသေးသော “မိန်းမ”စာရွက်ထပ်ကြီးကို ဗီရိုပေါ်သို့ တင်ထားခဲ့ပြီး အလုပ်တိုက်သို့ စောစော ထွက်လာသည်။ အလုပ်တိုက်တွင် ဝတ္ထု အဆုံးသတ်ရေးမည် စိတ်ကူးသော်လည်း စာရေးဆရာအသင်းကိစ္စများ လုပ်နေရ၍ မအားသဖြင့် ညနေ ပြန်မှ ရေးမည်မှန်းထား၏။
“မိန်းမ” ဝတ္ထုရိုက်လျှင် ကုန်ကျမည့် စရိတ်ကို ပင်လုံ ဒေါ်နုရင်က ကူညီပါရစေ မှာထားဖူးသဖြင့် ဒီဝတ္ထု ရေးပြီးလျှင် သူနှင့် တွေ့၍ အမြန်ဆုံးရိုက်ရန် ဆုံးဖြတ်လိုက်၏။ မိုးဟိန်းတို့ ကျောင်းပြန်လျှင် ကုန်ကျမည့် စရိတ်များကို စာရင်းတွက်ကြည့်သည်။ လိုအပ်သည့် ပစ္စည်းများ ဝယ်ရန်ပါ စာရင်းလုပ်ရသည်။ သူတို့ အလိုဆန္ဒအတိုင်း ကျောင်းပြန်ပို့ရန် သေချာ၍ သွားပေပြီ။
ညနေစောင်း လေတဟူးဟူးတိုက်နေသော ကားထဲတွင် ကားနောက်သို့ ခေါင်းမှီထားပြီး ဝတ္ထုဆုံးရန် အချက်တွေကို စဉ်းစားပြီး အိမ်သို့ ပြန်လာခဲ့သည်။
မီးရောင်တွေထဲသို့ ကားဝင်သွားလျှင် လင်းသွားသည်သာ သတိထားမိလိုက်၏။ မှောင်မှောင်ထဲ ရောက်သွား၍ မှောင်သွားပြန်လျှင်လည်း မှောင်နေသည်သာ သတိရမိ၏။ လင်းလိုက် မှောင်လိုက် ဖြစ်ပုံမှတစ်ပါး သည့်အပြင် ပတ်ဝန်းကျင်ကို လုံးလုံး သတိမပြုမိဘဲ ကိုယ့်စိတ်ကူးနှင့်ကိုယ် တစ်လမ်းလုံးဆုံးရန် အချက်သာ တွေးလာခဲ့၏။
အိမ်ပေါက်ဝသို့ ကားဆိုက်လျှင် အိမ်မှာ တိတ်ဆိတ်၍ နေ၏။ အိမ်တွင် ထမင်းချက်သည့် ကိုတင်က အိမ်တံခါးဖွင့်ပေး၏။ “ကလေးတွေကော…’ဟု မေးကြည့်ရာ အိမ်ပေါ်မှာ ဆိုလိုက်၍ အပေါ်ထပ်သို့ တက်ခဲ့၏။
ကျွန်မ တက်လာသံကြားလျှင် သူတို့နှစ်ယောက် အခန်းထဲမှ ပြေးထွက်လာကြ၏။
ရွှင်နေသည့် မျက်နှာနှင့် “မေမေ မိုးဟိန်းတို့ ပိုက်ဆံရှာထားတယ်။မေမေ့ကို ပိုက်ဆံပေးချင်လို့ ပိုက်ဆံရှာထားတယ်”ဟု ပြောရင်း ခုန်ပေါက်ကာ အားရပါးရ ပြေးလွှားဆီးကြိုကြကာ ကျွန်မအား ငွေ ၆ ကျပ် ၄ ပဲ (ခြောက်ကျပ် လေးပဲ တိတိ) ပေးကြ၏။
“ဘယ်ကရတဲ့ ပိုက်ဆံလဲ ပြောစမ်း၊ ကောက်ရသလား၊ ဘယ်ကရလဲ”
“နေ့လယ်က သတင်းစာတွေ ကုလားကြီးတစ်ယောက်ကို ရောင်းလိုက်တယ်။ မေမေကို မိုးဟိန်းတို့ ပိုက်ဆံရှာပေးတယ်နော်”
“မင်းတို့ သတင်းစာတွေ ရောင်းပစ်လိုက်တယ်လား၊ မင်းတို့ကို ဘယ်သူက ရောင်းခိုင်းသလဲ။ မင်းတို့ ဘယ်မှာများ သတင်းစားရောင်းတာ မြင်ဖူးကြသလဲ၊ ပြောစမ်း ပြောစမ်း”
သတင်းစာများကို ကျွန်မ ဘယ်တော့မှ ရောင်းပစ်လေ့ မရှိ၍ ထူးထူးဆန်းဆန်း ရောင်းလား၊ ပြုလား လုပ်တတ်ပုံကို နည်းနည်းမှ သဘောမကျဘဲ သူတို့အား မျက်နှာထားတင်းတင်းနှင့် ခပ်မာမာ မေးလိုက်၏။
ကျွန်မ စိတ်ဆိုးသွားမှန်းသိလျှင် မောင်ချစ်ရှိန်မှာ မျက်နှာပျက်ကာ ခေါင်းမဖော်တော့ပေ။ မိုးဟိန်းကား ရဲရဲတင်းတင်းဖြင့်ပင် “အိမ်ရှေ့အိမ်က ကုလားကလေး အမေကြီးလေ သတင်းစာတွေ ရောင်းတာ ပိုက်ဆံရတယ်၊ တို့လည်း ကုလားလာတာမြင်လို့ သတင်းစာတွေ ပြပြီး ဝယ်မလား မေးတော့ သူက ဝယ်ပြီး ပိုက်ဆံပေးသွားတယ်။ အောက်က ပုလင်းတွေလည်း ပေးလိုက်တယ်။ ပြီးတော့ မီးဖိုထဲက…”
ကျွန်မလည်း ဆုံးအောင် နားမထောင်နိုင်ဘဲ သူတို့ကို တွန်းဖယ်၍ အခန်းထဲသို့ ပြေးဝင်ရာ မျက်စိထဲတွင် မိုက်သွားလေတော့၏။
သတင်းစာတွေ ထပ်တင်ထားသော စာအုပ်ဗီရိုလေးပေါ်တွင် မနက်က တင်ထားခဲ့သည့် “မိန်းမ” ဝတ္ထု စက္ကူပုံအထပ်ကြီးကို မတွေ့ရတော့ပေ။
“ဒီပေါ်က စက္ကူထပ်ကြီးပါ မင်းတို့ ပေးလိုက်သလား”ဟု မေးသည့်အခါ နှစ်ယောက်စလုံး ခေါင်းညိတ်ပြကြသည်။
သူတို့နှစ်ယောက် ပိုက်ဆံအရှာကောင်းသောကြောင့် ဝတ္ထုကြီးမရှိတော့သဖြင့် နောက်ဆုံးတွင် ကြံရာမရ “မိန်းမ” ဝတ္ထုတောင်းသည့် ရှုမဝအား “မိန်းမ”ဝတ္ထုအစား ပိတ်ထားသည့် ပုံနှိပ်တိုက်ကြီးတစ်တိုက်လုံး ထိုးရောင်းရပြီး ရသည့်ငွေနှင့် သူတို့အား ကျောင်းသို့ ပြန်ပို့လိုက်ရလေတော့သတည်း။
—————————
ဂျာနယ်ကျော်မမလေး
ရှုမဝမဂ္ဂဇင်း၊ အတွဲ (၄)၊ အမှတ်(၄၈)၊ မေ၊ ၁၉၅၁။
Leave a Reply