ဗိုလ်ကျနေတဲ့ ကလေးဗိုလ်ပေါ့ဗျာ။
မိညှက်က သိုက်ကလာတယ်ဆိုပေမယ့် ဘာသိုက်ကမှန်းလည်းမသိ၊ ဘာမှလည်းမသိရဘူးပေါ့ဗျာ၊ ကျုပ်တို့ဆိုရင်
“ဟဲ့ မိညှက်၊ နင်က နဂါးသိုက်ကလာတာတော့မဖြစ်နိုင်ဘူး၊ ဖြစ်ချင်းဖြစ် တီကောင်သိုက်ကလာတာဖြစ်မှာ”
လို့ပြောပြီး စaနောက်ကြတာပေါ့ဗျာ၊ ကျုပ်တို့လည်း သိပ်မယုံဘူးပေါ့၊ ဒီလိုနဲ့မိညှက်နဲ့ သိုက်နဲ့ပြန်တွေ့ကြပါရောဗျာ။
(၃)
ကျုပ်တို့ရွာနဲ့ အတော်လှမ်းတဲ့နေရာမှာ မှော်တောရွာဆိုတာရှိတယ်ဗျ၊ တောင်ခြေရွာကလေးတစ်ရွာပါဗျာ။ အဲဒီမှော်တောရွာရဲ့အနောက်ဘက်မှာ နတ်မှော်တောင်ဆိုတဲ့ တောင်ကြီးတစ်လုံးရှိတယ်ဗျ၊
အဲဒီနတ်မှော်တောင်မှာ သခင်မတစ်ပါးရှိတယ်၊ တောင်အတက်တစ်နေရာက ကုန်းကမူလေးအပေါ်မှာ နတ်စင်လေးထိုးပြီး ကိုးကွယ်ကြတာပေါ့ဗျာ၊ သုံးနှစ်တစ်ခါဆိုသလို အဲဒီနတ်မှော်သခင်မကို ပူဇော်တဲ့ပွဲ ကျင်းပတယ်ဗျ၊ သခင်မကို ပူဇော်တဲ့ပွဲကျရင် ကျုပ်တို့ရွာနီးချုပ်စပ်က လယ်သမားတွေအကုန်လုံးက သခင်မဆီကိုသွားရတယ်ဗျ၊ သခင်မကို စားတော်တိုက်ရတယ်ပေါ့ဗျာ၊ စားတော်မတိုက်ရင် လယ်အထွက်ညံ့မယ်၊ အဖျက်ဝင်မယ်၊ ပိုးကျမယ်ဆိုပြီး အယူရှိတယ်ဗျ၊ အဲဒါကလည်း ထူးဆန်းတယ်ဗျ။
ပြောရအုံးမယ်၊ ကျုပ်တို့ရွာမှာ ဘာကိုမှမယုံတဲ့သူတွေရှိတယ်ပေါ့ဗျာ၊ အဲဒီလူတွေထဲကမှ စစ်ပြန်အဘိုးကြီးတစ်ယောက်ရှိတာပေါ့၊ သရဲဆိုတာကိုလည်းမယုံသလို၊ သိုက်တို့၊ နတ်တို့ဆိုတာကိုလည်းမယုံဘူးဗျ၊ ပြီးတော့ ဘုရား၊ တရားဆိုတာကိုလည်း မယုံဘူး။ ဘုရားတောင် မရှိခိုးဘူးတဲ့ဗျာ၊ သူ့မိန်းမကတော့ ကျုပ်တို့ရွာသူပါ၊ သူ့ယောက်ျားက မယုံကြည်ပေမယ့် သူ့မိန်းမကတော့ ယုံယုံကြည်ကြည်နဲ့လုပ်တယ်ပေါ့ဗျာ။
အဲဒီလိုနဲ့ မယ်တော်ကိုစားတော်တိုက်ဖို့အချိန်ရောက်ပါရော၊ သူ့မိန်းမက ဗိုက်ကြီးနဲ့ဆိုတော့ မသွားနိုင်ဘူးပေါ့ဗျာ၊ ဒါနဲ့ သူ့ယောက်ျားစစ်ပြန်ကြီးကိုပဲ လှည်းနဲ့လွှတ်လိုက်ရတာပေါ့၊ စားတော်ကတော့ ဘာရယ်လို့မသတ်မှတ်ထားပေမယ့် ထမင်းတစ်ခွက်၊ ကြက်တစ်ခြမ်းကို မကျက်တကျက်ကင်ထားတာရယ်၊ ကျန်တာကတော့ ကိုယ့်ယာထွက် မြေပဲတို့၊ နှမ်းထောင်းတို့ ထည့်ကြတာပေါ့ဗျာ၊ ဒါပေမယ့် စစ်ပြန်ကြီးက မယုံတော့ မှော်တောရွာကိုရောက်တော့ သခင်မဆီကိုစားတော်မဆက်ဘဲ သူပဲစားသောက်ပြီး ပြန်ခဲ့တာပေါ့ဗျာ။
ဒီလိုနဲ့ စပါးတွေစိုက်ပြီး ရင့်တဲ့အချိန်ပေါ့၊ မိုးနှောင်းလောက်ပေါ့ဗျာ၊ တစ်ရက်တော့ ကျုပ်တို့ရွာက ရိုးချောင်းကလေးထဲကို တောင်ကျရေတွေ ကျလာပါရောဗျာ၊ ရိုးချောင်းက အကျယ်ကြီးဗျ၊ နောက်ပြီး တောင်ကျရေဆိုတာကလည်း နှစ်တိုင်းကျနေကျဆိုတော့ ကျုပ်တို့အတွက်မဆန်းဘူးပေါ့၊ အဲ၊ ဆန်းတာကတော့ အဲဒီတစ်ခါ တောင်ကျရေတွေကျတော့ ရိုးချောင်းလေးကပေါက်ပြီး ဘေးနားက စစ်ပြန်ကြီးတို့ လယ်ထဲကို ရေတွေဖြတ်စီးသွားတာပေါ့ဗျာ၊ စပါးပင်တွေအကုန်လုံး ရေနဲ့မြောကုန်တာ စစ်ပြန်ကြီးခင်ဗျာ မရူးရုံတစ်မယ်ပဲပေါ့၊ သူတို့လယ်ပဲဖြစ်တာဗျ၊ ကျန်တဲ့လယ်က ရေမဝင်ဘူးဗျာ၊ ဒါနဲ့ နောက်တော့ စစ်ပြန်ကြီးတို့လည်း ယုံတာ မယုံတာအပထား သခင်မဆီ စားတော်တိုက်ရပါရောဗျာ။
အဲဒီအကြောင်းတွေ ထားလိုက်ပါတော့ဗျာ၊ ပြန်ဆက်ရရင် မှော်တောရွာကလေးက တောင်ခြေမှာရှိပြီး မစည်ကားတဲ့ရွာကလေးဆိုပေမယ့် သုံးနှစ်တစ်ခါ သခင်မစားတော်fတိုက်ပွဲရောက်ရင်တော့ တော်တော်စည်ကားတာဗျ၊ ရွာတိုင်းလိုလိုက လယ်သမားတွေလာကြတာမဟုတ်လား၊ ဒီတော့ မှော်တောရွာအပြင်ဘက်ကွင်းကြီးထဲမှာ ပွဲကြီးခင်းကြတာပေါ့ဗျာ၊ ပွဲဈေးတန်းဈေးသည်တွေလည်းရှိသလို ဇာတ်ပွဲတွေ၊ ကြည့်ချင်ပွဲတွေလည်း အမျိုးစုံဝင်တာပေါ့၊
အပျော်အပါးငတ်တဲ့ ကျုပ်တို့ရွာသားတွေလည်း ဒီလိုပွဲမျိုးရှိမှ အတိုးချပြီးပျော်ရတာဗျ။ သခင်မစားတော်တိုက်ပွဲက သုံးနှစ်တစ်ခါမှကျင်းပတာဆိုတော့ မရောက်မဖြစ်သွားကြရတာပေါ့ဗျာ။
(၄)
မှော်တောမှာ အမေ့ညီမတစ်ယောက်အိမ်ထောင်ကျပြီး နေတယ်ဗျ၊ သခင်မပွဲချိန်ရောက်ပြီဆိုရင် ကျုပ်တို့ဖင်တကြွကြွဖြစ်ပြီပေါ့ဗျာ၊ သခင်မပွဲချိန်က လယ်မလုပ်တဲ့ ပွင့်လင်းရာသီ၊ နွေဦးလိုအချိန်မှာလုပ်တာဗျ။
“နင့်အဖေက ရွာလူကြီးဆိုတော့ ရွာစောင့်ရမယ်၊ ငါလည်း သိပ်နေမကောင်းဘူး၊ နင့်အကိုကြီးကလည်း လိုက်နိုင်မှာမဟုတ်တော့၊ ဒီတစ်ခေါက်စားတော်တိုက်ပွဲကို နင်ပဲဦးစီးပြီး သွားရမယ်အလတ်ကောင်”
အမေက ကျုပ်ကိုတာဝန်ပေးလိုက်ပြီလေဗျာ။
“နင်တို့ဒီကနေ သယ်စရာရှိတာတွေသယ်သွား၊ စားတော်တိုက်ဖို့က နင့်ဒေါ်လေးအကုန်စီစဉ်ပေးလိမ့်မယ်၊ သေသေချာချာယုံယုံကြည်ကြည်နဲ့ ဆုတောင်းလာခဲ့၊ ဟုတ်ပြီလား”
ကျုပ်ပါပြီဆိုတော့ ကျုပ်ညီလည်း လိုက်ချင်ပြီလေ၊ နောက်ပြီးတော့ နို့ညှာမနဲ့ အငယ်မကလည်း လိုက်ချင်ကြတယ်၊ အမေကတော့ ကလေးတွေနဲ့ကျုပ်တစ်ယောက်တည်းနဲ့ကို စိတ်မချဘူး၊ ဒါနဲ့ အရီးလေးကို ထည့်ပေးလိုက်ပါရော၊ အရီးလေးဆိုတာက ကျုပ်တို့နေမကောင်းရင်လာပြီး ပြုစုတဲ့အဒေါ်ကြီးလေ၊ မှတ်မိရဲ့လား၊ ဘို့တစ်ထောင်တိုက်နွားနဲ့အတိုက်ခံရတော့ ဦးဘသာကြီးလုပ်တာလို့ လျှောက်ပြောတဲ့ အရီးပေါ့ဗျာ။
ဒါနဲ့ကျုပ်တို့လည်း ပွဲတော်ရက်မတိုင်မီ နှစ်ရက်အလိုကတည်းက လှည်းတစ်စီးနဲ့ထွက်ခဲ့တာ၊ ကျုပ်ကလှည်းမောင်းတာပေါ့၊ အနောက်မှာတော့ ညီမတွေနဲ့ အရီးလေးလိုက်လာတာပေါ့၊ ရာသီဥတုက နွေဦးဆိုတော့လည်း ကျုပ်တို့လှည်းမှာ ပေါင်းမိုးကြီးတပ်ထားတာပေါ့ဗျာ။
မှော်တောက မြိုင်သာနဲ့ဆန့်ကျင်ဘက်ဗျ၊ ရိုးမကြီးအနားကိုသွားရတာ၊ လမ်းကလည်း လှည်းလမ်းပဲရှိတာ၊ ကျုပ်တို့ရွာကနေ မနက်အစောကြီးထွက်ရင် မှော်တောကို နေမဝင်ခင်လောက်ဆိုရောက်ပါတယ်၊ လမ်းခရီးကလည်း သိပ်ပြီးစိုးရိမ်စရာမရှိပါဘူး၊ ကျုပ်တို့လိုမျိုး လှည်းတွေနဲ့ ကိုယ်စီကိုယ်စီ လာတဲ့သူတွေရှိသလို၊ မှော်တောရွာအထိ လိုင်းကားလည်းဆွဲပေးတယ်ဆိုတော့ သွားရေးလာရေး အဆင်ပြေတာပေါ့ဗျာ။
ညနေရောက်တော့ မှော်တောရွာကိုရောက်တယ်၊ ပွဲခင်းကြီးက စည်နေပြီဗျာ၊ ကျုပ်တို့လည်း လှည်းကို ရွာထဲအထိမောင်းပြီး ကျုပ်ဒေါ်လေးတို့ ခြံဝိုင်းထဲအထိ မောင်းထည့်လိုက်တာပေါ့၊ ဒေါ်လေးက အစကကျုပ်တို့ရွာကပဲဗျ၊ မှော်တောသခင်မပွဲလာရင်း ဒီရွာကလူနဲ့ ငြိစွန်းပြီးတော့ အိမ်ထောင်ကျသွားတာ၊ သူ့ယောက်ျားက ရိုးမထဲကနေ သစ်ထုတ်တယ်ဆိုတော့ အခြေအနေရှိတယ်ပေါ့ဗျာ၊ အဲဒီညတော့ ဘယ်မှမသွားနိုင်တော့ဘူး၊ တစ်နေကုန်လှည်းစီးလာရတာဆိုတော့ ပင်ပန်းနေပြီလေ၊ ဒေါ်လေးကျွေးတဲ့ထမင်းကိုစားပြီးတော့ အေးအေးလူလူနားကြရုံပါပဲ၊ ဒီအချိန်မှာ ထူးဆန်းတာက ညီမမိညှက်ပဲဗျ၊ မိညှက်က ထမင်းလည်းကောင်းကောင်းမစားနိုင်ဘူး၊ ထမင်းစားပြီးတော့လည်း အိမ်ရှေ့ထွက်ပြီး ငူငူငိုင်ငိုင်ကြီးဖြစ်နေတာ။ ကျုပ်တို့လည်း လှည်းစီးလာလို့ ပင်ပန်းတယ်လို့ထင်တာပေါ့ဗျာ၊ မိညှက်က အရင်က ဒီကိုတစ်ခါမှ မလာဖူးဘူးလေ။ နည်းနည်းညည့်နက်တော့ ကျုပ်တို့အိပ်ကြတာပေါ့ဗျာ၊ ကျုပ်နဲ့ကျုပ်ညီက အိမ်ရှေ့ဘုရားခန်းခြေရင်းမှာ အိပ်တယ်၊ မိညှက်နဲ့ နို့ညှာမနဲ့ကတော့ အိမ်နောက်အခန်းထဲ အိပ်ကြတာပေါ့ဗျာ၊
အိပ်နေရင်း ညသန်းခေါင်လောက်ကြတာ့ ငိုသံကြားရတယ်ဗျာ၊ ကျုပ်လည်း အိပ်မက်မက်တယ်ထင်နေတာ၊ တစ်ဖက်ကိုလှည့်ပြီးအိပ်လိုက်တော့ အိမ်ရှေ့မှာ ဆံပင်အရှည်ကြီးနဲ့ မိန်းမတစ်ယောက်က မတ်တပ်ရပ်နေတာဗျ၊ အိမ်ကိုလည်း စိုက်ကြည့်နေသေးတယ်၊ ဒေါ်လေးတို့အိမ်ရှေ့ခန်းက သံဇကာတွေကာထားတာဆိုတော့ အပြင်ကိုတန်းမြင်နေရတာပေါ့ဗျာ။ ကျုပ်လည်း ခေါင်းနားပန်းကြီးသွားပြီး ငုတ်တုတ်ထထိုင်လိုက်တယ်၊ ကျုပ်အထင်က ဒေါ်လေးအိမ်မှာ နေတဲ့တစ်ယောက်ယောက်များ အိမ်ပေါ်တက်ချင်လို့ ကြည့်နေတာလားပေါ့၊ ဒါနဲ့ကျုပ်လည်း ပုဆိုးပြင်ဝတ်ပြီးတော့ အိမ်တံခါးသွားဖွင့်လိုက်တော့ ဘယ်သူမှမရှိတော့ဘူးဗျာ၊ ပျောက်ချင်းမလှကိုပျောက်သွားတာ၊ ကျုပ်လည်း အဲဒီတော့မှ လန့်ပြီး တံခါးကိုပြန်ပိတ်လိုက်တာပဲ။
ငိုသံကလည်း ကျယ်လာတယ်ဗျ၊ အသံက အိမ်နောက်ဘက်ကနေလာတာ၊ ကျုပ်လည်း အိမ်နောက်ဖေးက မိန်းကလေးတွေအိပ်တဲ့အခန်းကို အသာကလေးလာကြည့်တာပေါ့၊ အိပ်ခန်းက တံခါးမရှိဘဲ လိုက်ကာပဲတပ်ထားတာဗျ၊ လိုက်ကာခန်းဆီးစကို ဖယ်ကြည့်လိုက်တော့ အရီးလေးကလည်း ဟောက်ပြီးအိပ်နေတယ်၊ သူ့ဘေးမှာ နို့ညှာမကလည်း အိပ်မောကျနေတာပဲ၊ ဒါပမေယ့် မိညှက်ကတော့ ပြတင်းပေါက်တံခါးကနေ အပြင်ကိုကြည့်ပြီး ကြိတ်ငိုနေတာဗျ။ နွေရာသီဆိုတော့ ပြတင်းတံခါးတွေက ပိတ်ထားလေ့မရှိဘူးမဟုတ်လား။
“ဟဲ့ မိညှက်၊ ဘာဖြစ်နေတာလဲ”
ကျုပ်မေးလိုက်တော့ မိညှက်က ကျုပ်ဘက်ကိုလှည့်တောင်မကြည့်ဘူး၊ ကျုပ်လည်း နို့ညှာမတို့ကို ကျော်ခွပြီးတော့ မိညှက်လက်ကိုသွားဆွဲတော့မှ မိညှက်က အိပ်မက်ကနေ လန့်ပြီးနိုးလာသလိုလိုဖြစ်သွားတယ်၊ ပြီးတော့ ကျုပ်ကိုဖက်ပြီးငိုတော့တာပဲ။
“အကိုလတ်၊ ညီမလေးကို လာခေါ်နေပြီ၊ ညီမလေးသွားရတော့မယ်”
“ဟဲ့၊ ဘယ်သူက နင့်ကိုခေါ်နေတာတုန်း”
“အမကြီးလို့တော့ပြောတာပဲ၊ ညီမလေးလည်းမသိဘူး”
“ဒါနဲ့ နင်က ဘာလို့ငိုနေတာတုန်း”
“မသိဘူး၊ အကိုလတ်ရ သူ့မျက်နှာကိုတွေ့ရင် ညီမလေးငိုချင်လာလို့ အီး၊ ဟီး”
ကျုပ်လည်းတစ်ခုခုတော့သိလိုက်ပြီဗျ၊ ခုနကတွေ့ခဲ့တဲ့မိန်းမနဲ့များ သက်ဆိုင်နေမလားလို့ပေါ့၊ ဒါနဲ့ ပြတင်းပေါက်တံခါးပိတ်လိုက်ပြီး ညီမလေးကို ပြန်အိပ်ခိုင်းရတာပေါ့ဗျာ၊ မနက်မိုးလင်းလို့ လူကြီးတွေကိုဒီအကြောင်းပြောတော့ ဘယ်သူမှ မယုံကြဘူး၊ သာမန်ကာ လျှံကာပဲ သဘောထားလိုက်ကြတာပေါ့ဗျာ။
(၅)
ညနေတော့ အဝတ်အစားအသစ်တွေဝတ်ပြီး ပွဲခင်းလျှောက်ပြီပေါ့ဗျာ၊ မနက်ဖြန်ပွဲစမှာဆိုတော့ လူကအတော်စည်ကားနေပြီ၊ ဇာတ်ပွဲလည်း ဝင်နေပြီဗျာ၊ ကျုပ်လည်း ညီမတွေကိုစိတ်မချဘူး၊ နို့ညှာမက အပျိုပေါက်ဆိုတော့ စိတ်ကစားချင်တယ်၊ ဒါနဲ့ ညီမနှစ်ယောက်နောက်ကို ကျုပ်လိုက်ခဲ့တာပေါ့၊ ကျုပ်ညီကတော့ သူတစ်ယောက်တည်း ပွဲခင်းလည်တယ်ပေါ့ဗျာ၊
“ဟယ်၊ ရုပ်ကလေးက သနားကမားနဲ့”
“ဟုတ်ပါရဲ့၊ ဘ၀ပေး ကုသိုလ်တွေများ သနားဖို့ကောင်းလိုက်တာနော်”
လူတွေအုံနေပြီးတော့ တီးတိုးပြောဆိုနေတော့ ကျုပ်လဲသိချင်တာပေါ့ဗျာ၊ ဒါနဲ့ အဲဒီလူအုပ်ထဲကို တိုးကြည့်လိုက်တယ်ဗျ၊ မိန်းကလေးတစ်ယောက်က မီးခွက်ကလေးသုံးလေးခုထွန်းပြီး မြေကြီးမှာထိုင်နေတယ်၊ သူ့အနားမှာတော့ ရေအိုးကလေးတွေကို ဗုံတွေလိုမျိုး အဝတ်စနဲ့ကြပ်ထားတာကို တန်းစီပြီးချထားတယ်ဗျ၊ ကောင်မလေးကတော့ အသားဖြူဖြူကလေးပါ၊ ဒါပေမယ့် အနာကြီးရောဂါ နူနာသည်ထင်ပါတယ်၊ လက်ချောင်းကလေးတွေလည်း ပြတ်လို့ဗျ၊ ပိုဆိုးတာက နှာခေါင်းတစ်ဘက်က ပြတ်ကျနေတာ၊ နားရွက်တွေကိုတော့ ဆံပင်နဲ့ဖုံးထားပုံရတယ်။ အဲဒီကောင်မလေးက အိုးတွေကို ဗုံလိုတီးပြီးသီချင်းတစ်ပုဒ်ဆိုတယ်ဗျာ၊ သီချင်းကလေးကလည်း ကောင်းတယ်၊ သူဆိုတဲ့အသံကလည်း မဆိုးဘူးဗျို့၊ ဒါကြောင့်မို့ လူတွေက သူ့ကိုဝိုင်းပြီး သနားနေတာနေမှာဗျ။
သီချင်းဆိုပြီးတော့ ကြည့်နေတဲ့သူတွေက အနူမိန်းကလေးကို ပိုက်ဆံတွေလှမ်းပေးကြတယ်၊ အဲဒီမိန်းကလေးကလည်း လင်ပန်းကလေးတစ်ခုနဲ့ ပိုက်ဆံတွေတောင်းတာပေါ့၊ ကျုပ်လည်း သနားသွားတာနဲ့ ငါးမူးစေ့တစ်စေ့ကို သူ့လင်ပန်းထဲကိုထည့်ပေးလိုက်ပါရောဗျာ၊ အဲဒီမိန်းကလေးနဲ့ကျုပ်နဲ့ အကြည့်ချင်းဆုံသွားတယ်ဗျ၊ ဒီအခါ အဲဒီမိန်းကလေးက ကျုပ်ကိုသေသေချာခချာစူးစိုက်ကြည့်ပြီး မျက်စောင်းတွေထိုးတာဗျာ၊ မသိရင် ကျုပ်နဲ့သူနဲ့က ရန်သူတွေကျနေတာပဲ။ ကျုပ်လည်းသူ့ကိုတစ်နေရာရာမှာ မြင်ဖူးတယ်လို့ ထင်နေတယ်ဗျ။ သူကလည်း ကျုပ်မထွက်သွားမချင်း ကျုပ်ကိုပဲစိုက်fကြည့်ပြီး ဒေါသတွေထွက်နေတာ။
“ဟိတ်ကောင်”
ကျုပ်ပုခုံးကို အပုတ်ခံလိုက်ရလို့ ကျုပ်လည်းလန့်ပြီး အနောက်လှည့်ကြည့်လိုက်တယ်ဗျ၊ ဦးဘသာကြီးက ကျုပ်ဘေးနားမှာ ဘယ်အချိန်ကတည်းက ရောက်နေသလဲတော့မသိပါဘူးဗျာ၊
“ဟာ၊ ဦးဘသာကြီးဘယ်တုန်းကရောက်နေတာလဲဗျ”
“ဒီနေ့ပဲကွ၊ လိုင်းကားစီးလာတာ၊ ဒါနဲ့မင်းသူ့ကိုမှတ်မိသလား”
ဦးဘသာကြီးက အနူမိန်းကလေးကို လက်ညှိုးထိုးပြတာမို့လို့ ကျုပ်လည်းနောက်တစ်ခေါက်သေချာအောင်ပြန်ပြီးကြည့်နေမိတာပေါ့ဗျာ။
“တစ်နေရာရာမှာ တွေ့ဖူးခဲ့တယ်လို့ထင်တာပဲဗျ၊ ဒါပေမယ့် ကျုပ်တစ်သက်လုံး အနူတွေနဲ့တော့ မသိကျွမ်းခဲ့ဖူးပါဘူး”
ဦးဘသာကြီးက ကျုပ်ကိုလက်ကုပ်ပြီး ထွက်သွားတာမို့လို့ ကျုပ်လည်း သူ့နောက်ကနေလိုက်လာခဲ့တာပေါ့ဗျာ၊ အဲဒီဝိုင်းနဲ့ခပ်လှမ်းလှမ်းရောက်တော့မှ
“အဲဒါ အောက်လမ်းဘသော်ရဲ့ အမြှောင်မယားလေကွာ”
ကျုပ်လည်း အသေအချာပြန်စဉ်းစားလိုက်တယ်၊ အဲဒီတော့မှ ရုပ်ကိုရေးတေးတေးမှတ်မိလာတယ်။ ဟုတ်တယ်ဗျို့၊ အောက်လမ်းဘသော်ဆီမှာ စာရေးမလုပ်နေတဲ့ ကောင်မလေးဗျာ၊ ကျုပ်တောင်ချောလွန်းလို့ဆိုပြီး ငေးကြည့်ခဲ့ရဖူးတဲ့ကောင်မလေးပေါ့။
“သူက ဘာဖြစ်လို့ အဲဒီလိုဖြစ်သွားတာလဲ”
“ဟေ့ကောင်ရ၊ မင်းကိုသူက စက်လက်နက်နဲ့ပစ်ခဲ့တာ မင်းမှတ်မိသလား”
ကျုပ်လည်း ခေါင်းညိတ်လိုက်တယ်ဗျာ၊ အဲဒီတော့မှ ကျုပ်သေသေချာချာသဘောပေါက်သွားခဲ့တာ၊ ဒီကောင်မလေးက စုန်းမမဟုတ်လား၊ ကျုပ်ကိုစက်လက်နက်နဲ့ပစ်လိုက်တော့ အနူဖြစ်အောင်လို့ပစ်လ်ိုကတာနေမှာဗျ၊ ကျုပ်က ဦးဘသာကြီးရဲ့ တန်ပြင်အစီအရင်ကိုသုံးထားတာကြောင့်မို့လို့ သူ့ကိုယ်သူပြန်ထိသွားတာမဟုတ်လား။
(ထိုအကြောင်းများကို ဦးဘသာနှင့် အောက်လမ်းဘသော်ဇာတ်လမ်းတွင်ဖတ်ရှုပါ)
ကျုပ်လည်း ခေါင်းနားပန်းကြီးသွားတာပေါ့ဗျာ၊ အဲဒီတုန်းက ကျုပ်သာ ဦးဘသာကြီးပေးထားတဲ့ ဆေးလိပ်ကိုမဖွာခဲ့ရင် အခုလောက်ဆို သူပစ်တဲ့စက်လက်နက်ထိပြီးတော့ အနူဖြစ်နေလောက်ပြီဗျ၊ သူ့လိုပဲ လက်ချောင်းတွေပြတ်ကျ၊ နှာခေါင်းတွေပြတ်ကျနဲ့ ဖြစ်နေလောက်ပြီပေါ့ဗျာ။
“မှတ်ထားကွ၊ အဲဒါ သူများမကောင်းကြံလို့ ကိုယ်ပဲခံရတာ၊ သူအခုလိုဖြစ်သွားတော့ရော သူ့ဆရာ၊ သူ့ယောက်ျားဖြစ်တဲ့ အောက်လမ်းကောင်က သူ့ကိုဆက်ခေါ်မထားဘဲ စွန့်ပစ်လိုက်တယ်မဟုတ်လားကွ၊ ငါပြောခဲ့သားပဲ အောက်လမ်းဆရာတွေဆိုတာက တော်ရုံတန်ရုံ ယုတ်မာတဲ့လူတွေမဟုတ်ပါဘူးဆို”
ကျုပ်ဦးဘသာကြီးနဲ့ စကားကောင်းနေတုန်း၊ ကျုပ်ညီမနှစ်ယောက်လည်း ဘယ်ရောက်သွားသလဲမသိတော့ပါဘူးဗျာ၊ ကျုပ်လည်း ညီမနှစ်ယောက်ကိုလိုက်ရှာရတော့မှာပေါ့ဗျာ၊ မရှာလို့လည်းမရဘူးလေ၊ မတော်တရော်တွေနဲ့တွေ့သွားရင် ကျုပ်ညီမလေးတွေ ရေတိမ်နစ်သွားနိုင်တယ်မဟုတ်လားဗျ။
“ကျုပ်သူတို့ကိုလိုက်ရှာရအုံးမယ် ဦးဘသာ၊ မတော်တရော်တွေနဲ့တွေ့သွားရင် မလွယ်ဘူး”
“မင်းကွာ၊ ဒီလောက်လူတွေများနေတဲ့ ပွဲခင်းကြီးထဲမှာ မင်းဘယ်လိုသွားရှာမလဲ”
ဦးဘသာပြောတာလည်း ဟုတ်တယ်ဗျ၊ ရွာတွေရွာတွေက လာလိုက်တဲ့လူတွေဗျာ၊ ပွဲခင်းကြီးကလည်း အရှည်ကြီး၊ လူတွေကလည်း တအားတိုးတာဗျ၊ ကျုပ်ဖြင့်ဘာလုပ်ရမှန်းတောင်မသိဘူးဗျို့။
“ကျုပ်အိမ်ပြန်မယ်ဗျာ၊ သူတို့ကို မှော်တောရွာထိပ်ကနေ စောင့်နေမယ်၊ သူတို့ကရွာထဲမှာတည်းတာဆိုတော့ ရွာထဲကိုတော့ ဝင်မှာပဲ၊ ဒါနဲ့ ဦးဘသာကြီးရော ဘယ်မှာတည်းသလဲဗျ”
“ငါလည်းရွာထဲမှာပဲကွ၊ ငါ့မိတ်ဆွေတစ်ဦးရဲ့ အိမ်မှာတည်းတာပေါ့ကွာ၊ ဒီလိုဆိုရင် မင်းနဲ့ငါနဲ့အကြံတူနေပြီပဲ၊ ငါတို့ပြန်ကြစို့ကွာ”
ကျုပ်နဲ့ဦးဘသာကြီးလည်း ရွာထဲကိုပြန်လာကြတယ်၊ ရွာလယ်လမ်းကလည်း နေ့လည်နေ့ခင်းကြီးလို စည်ကားနေတာဗျာ၊ ကျုပ်တို့လိုရွာမှာတည်းပြီး ပွဲခင်းလျှောက်တဲ့လူတွေက ဥဒဟိုသွားလာနေကြတာ၊ ဒါနဲ့ ကျုပ်နဲ့ဦးဘသာလည်း ရွာထိပ်က ရွာတော်ရှင်နတ်ကွန်းအနားမှာ စောင့်နေကြရင်း လမ်းသွားလမ်းလာတွေကို မျက်ခြေမပြတ်စောင့်ကြည့်နေတာပေါ့ဗျာ၊
“ဒါနဲ့ ဦးဘသာကြီးကိုတစ်ခုပြောရအုံးမယ်၊ ညတုန်းက ကျုပ်တစ်ရေးနိုးတော့ မိန်းမတစ်ယောက်က ကျုပ်တို့တည်းတဲ့ ဒေါ်လေးအိမ်ကိုကြည့်နေတာဗျာ၊ ကျုပ်လည်းထကြည့်လိုက်တော့ ပျောက်သွားတာပဲဗျို့၊ သရဲတွေဘာတွေများလားမသိဘူး၊ နောက်တော့ ကျုပ်ညီမအငယ်ဆုံးကလည်း အိမ်ခေါင်းရင်းပြတင်းပေါက်ကနေ အပြင်ကိုကြည့်ပြီးငိုနေတာဗျာ၊ သွားရတော့မယ်ဆိုပြီးတော့လဲ ပြောသေးတယ်”
ဦးဘသာကြီးက ကျုပ်စကားကိုကြားတော့ မျက်ခုံးပင့်သွားတယ်။
“မင်းဟာက ဟုတ်ရောဟုတ်ရဲ့လားကွာ၊ အခုတစ်လော မင်းညီမ ဘာတွေထူးခြားနေသလဲ”
“ဘာတွေထူးခြားနေသလဲဆိုတော့ ရွာမှာရှိကတည်းက တငူငူတငိုင်ငိုင်နဲ့ဗျ၊ နောက်ပြီး တစ်ယောက်တည်း မျက်ရည်ကလေး စမ်းစမ်းနဲ့ဖြစ်နေတတ်တယ်”
“မင်းညီမက သိုက်ကလာတာများလားမသိပါဘူးကွာ၊ သူ့ကိုသိုက်နှောင့်နေတာဖြစ်ပါလိမ့်မယ်၊ ငါဖြင့် သိပ်ပြီးမသင်္ကာဘူး၊ တကယ်လို့ သိုက်သာဆိုရင်တော့ ငါတို့လက်ဦးအောင်လုပ်ရမယ်ကွ”
ဦးဘသာကြီးက အလန့်တကြားပြောတော့ ကျုပ်လည်း လန့်သွားတာပေါ့ဗျာ။
“ဒါဆိုရင် ကျုပ်တို့ကြားဖူးနေသလို သိုက်နန်းကနေ သူ့ကိုပြန်ခေါ်တော့မှာလား ဦးဘသာကြီး”
“အေးကွ၊ သွားရတော့မယ်ဆိုတာ နီးနေလို့ထုတ်ပြောတာ၊ သူ့မှာအချိန်သိပ်မရှိဘူးကွ”
ကျုပ်လည်းစိတ်ထဲထင့်သွားတာပဲ၊ ဘာပဲပြောပြော ဒီခရီးကို ကျုပ်ကဦးစီးလာတာမဟုတ်လားဗျာ၊ ကျုပ်ညီမသာ သေသွားတယ်ဆိုရင် ကျုပ်ဘယ်လောက်အပြောအဆိုခံရမလဲ၊ နောက်ပြီး ကျုပ်ညီမလေး မိညှက်ကိုကျုပ်ကလည်း သိပ်ချစ်တာဗျ။
“ဒါဆိုရင်လည်း လုပ်စမ်းပါအုံး ဦးဘသာကြီးရယ်၊ ကျုပ်ညီမ တစ်ခုခုဖြစ်ရင် ကျုပ်ရင်ကွဲမှာ”
ဦးဘသာကြီးက ဆတ်ခနဲထလိုက်ပြီး ချောင်းတစ်ချက်ဟန့်လိုက်တယ်ဗျ၊ နောက်ပြီး ကျုပ်တို့အနောက်က ရွာတော်ရှင်နန်းကိုကြည့်နေတယ်၊ လက်နှစ်ဖက်ကိုတော့ နောက်ပစ်ထားတယ်ဗျ၊ ကျုပ်လည်း ဦးဘသာကြီးတစ်ခုခုလုပ်နေပြီဆိုတာ သိတာပေါ့ဗျာ၊ ဦးဘသာက ရွာတော်ရှင်တွေနဲ့ဆက်သွယ်နိုင်တယ်မဟုတ်လား။
“ထူးတော့ထူးပြီဟေ့၊ ရွာတော်ရှင်က မင်းညီမကို ပွဲခင်းအပြင်ဘက် ကိုးတောင်ပြည့်စေတီကလေးအနားမှာ တွေ့လိုက်တယ်တဲ့”
“ဦးဘသာကြီးက ရွာတော်ရှင်နဲ့တွေ့လို့လား”
“မဟုတ်ဘူးကွ၊ သူ့လက်အောက်ငယ်သားထင်တာပဲ၊ မင်းမှတ်ထား၊ ရွာတော်ရှင်ဆိုတာ ရွာတစ်ရွာမှာ ဘာဖြစ်တယ်ဆိုတာအကို သိထားတဲ့လူတွေပဲ၊ အခုမင်းညီမအကြောင်းကိုလည်း သူတို့ကသိထားပြီးသားကွ၊ လာကွာ၊ ငါတို့သူ့ကို မြန်မြန်လိုက်ရှာရအောင်ဟေ့”
ဦးဘသာကြီးနဲ့ကျုပ်လည်း မတ်တပ်ရပ်လိုက်တာပေါ့ဗျာ၊ ရွာနဲ့ ကိုးတောင်ပြည့်စေတီကလေးနဲ့ အလယ်မှာက ပွဲခင်းကြီးကခံနေတာ၊ ဒီပွဲခင်းကိုသာ တိုးလိုက်လို့ကတော့ တစ်နာရီလောက်ကြာသွားနိုင်တယ်ဗျ၊ ဦးဘသာကြီးက ကျုပ်လက်ကိုဆွဲပြီး ရွာအနောက်ဘက်ကနေပတ်ပြီးပြေးတယ်၊ အဲဒီမှာ သစ်တောကြီးတစ်တောရှိပြီး လျှိုကြီးတစ်ခုလည်းရှိတယ်ဗျာ၊ အဲဒီကနေဖြတ်ပြေးရင်တော့ ပွဲခင်းကိုမဖြတ်ဘဲ ကိုးတောင်ပြည့်စေတီကလေးဆီကို ရောက်နိုင်တာပေါ့ဗျာ၊ ကျုပ်တို့နှစ်ယောက်လည်း ဇောနဲ့ဆိုတော့ ညဘက်ကြီး တောအုပ်ထဲကိုတိုးလာခဲ့တာပေါ့၊ ဦးဘသာကြီးက ကျုပ်ထက်မြန်တယ်ဗျာ၊ သူက ကျုပ်ထက်ပိုပြီးလောနေတယ်။
(၆)
ဆယ့်ငါးမိနစ်လောက်ပဲကြာမယ်ဗျာ၊ ကျုပ်တို့ ကိုးတောင်ပြည့်စေတီလေးရဲ့ အပေါ်ဘက်ကိုရောက်သွားကြတယ်၊ စေတီကလေးက တောင်ခြေမှာတည်ထားတာဗျ၊ ကျုပ်တို့တစ်ကိုယ်လုံးလည်း တောထဲက သစ်ကိုင်းတွေ၊ ဝါးကိုင်းတွေနဲ့ မမြင်မစမ်းတိုးခဲ့တော့ စုတ်ပြတ်ပြီး ဒဏ်ရာတွေရနေတာပေါ့ဗျာ။
ကိုးတောင်ပြည့်စေတီကလေးက တောင်ခြေနားမှာတည်ထားတာဗျ၊ ရွာနဲ့ခပ်လှမ်းလှမ်းပေါ့၊ ပွဲခင်းက အဲဒီကိုးတောင်ပြည့်စေတီကလေးအနားမှာမရှိဘူးဗျာ၊ သစ်ရိပ်ဝါးရိပ်ကလည်း ကောင်းတာဆိုတော့ အေးစိမ့်နေတာပေါ့၊ ဘုရားဖူးကတော့ တစ်ယောက်မှကိုမရှိဘူးဗျ၊ စေတီလေးရဲ့ ခြေရင်းနားမှာ မိညှက်က တစ်လှမ်းချင်းလျှောက်နေတယ်။
“ဟေ့ကောင်၊ မင်းညီမကို မင်းသွားခေါ်စမ်း”
ကျုပ်လည်း အပြေးဆင်းခဲ့တာပေါ့ဗျာ။ မိညှက်ဆီကိုရောက်တော့ မိညှက်ရဲ့လက်ကိုလှမ်းဆွဲလိုက်တာပေါ့ဗျာ၊ မိညှက်လက်က အေးစက်နေတာပဲဗျာ၊
“ဟဲ့၊ မိညှက်၊ နင်ဘာလုပ်တာလဲ”
မိညှက်က ကျုပ်ကိုမမြင်ဖူးသလိုလိုနဲ့ စိုက်ပြီးပြန်ကြည့်တာဗျာ၊ အမှောင်ထဲမှာတောင်မှ မိညှက်ရဲ့မျက်လုံးကြီးတွေက စိမ်းရွှေရွှေကြီးလင်းနေသလိုပဲ၊ ဒီအချိန်မှာ ကျုပ်အရှေ့ကိုမြွေနှစ်ကောင်ကျလာတယ်ဗျ၊ မြွေက မြွေဟောက်ဖြစ်ပုံရတယ်၊ ပါးပျဉ်းကြီးထောင်ပြီး နှာတွေမှုတ်လို့ ကျုပ်ကိုရန်မူနေလိုက်တာဗျာ၊ ဦးဘသာကြီးက ပြေးဆင်းလာပြီး မြွေကြီးအရှေ့မှာရပ်လိုက်တယ်။
“ဟဲ့ သိုက်မြွေတွေ၊ နင်တို့ငါ့ကိုမနှောင့်ယှက်နဲ့”
ဦးဘသာက မြွေနှစ်ကောင်ကို လက်ညှိုးထိုးလိုက်တော့ မြွေနှစ်ကောင်က သူတို့ကိုပြောတယ်ဆိုတာ သိလို့လားမသိဘူး၊ ခေါင်းတွေငုံ့ပြီး ဘေးနားက ချုံပုတ်ထဲကို တိုးဝင်သွားတာဗျာ၊ ဦးဘသာက မိညှက်နဖူးကို လက်ဖနောင့်နဲ့ ရိုက်ထည့်လိုက်တယ်။
“ဟဲ့၊ သူ့ကိုနှောင့်ယှက်နေတဲ့ သိုက်တွေထွက်ဟဲ့”
အဲဒီအခါ မိညှက်က မေ့ပြီး ပျော့ခွေကျသွားတယ်၊ ကျုပ်ဖမ်းတာမြန်လို့ဗျို့၊ မဟုတ်ရင် အောက်ကကျောက်သားနဲ့ ခေါင်းနဲ့ဆောင့်သွားလောက်တယ်၊ မကြာပါဘူး ကျုပ်တို့အနားမှာ တဝီဝီနဲ့အသံတွေကြားရတယ်၊ နောက်ပြီး တောက်ခေါက်သံလိုလို၊ လေချွန်သံလိုလို အသံတွေကြားရပြန်ရော။
နောက်တော့ ကိုးတောင်ပြည့်စေတီလေးအနားမှာ ဖယောင်းတိုင်မီးလိုမျိုး တစ်ချက်တစ်ချက်လင်းသွားတယ်၊ အသံတစ်သံလဲထွက်လာတယ်ဗျ။ အသံကတော့ ယောက်ျားအသံကြီးပဲ။
“ငါ့နှမကို ငါပြန်ခေါ်တာ မင်းတို့လာပြီးမနှောင့်ယှက်နဲ့”
ကျုပ်လည်း ဘာပြောရမှန်းမသိဘူးဗျာ၊ ဦးဘသာကြီးကတော့ တစ်ခုခုကိုမြင်နေရသလိုပဲ လိုက်ကြည့်နေတယ်။
“မင်းတို့ခေါ်ချင်တိုင်းခေါ်လို့ရမလားကွ”
“ရတယ်ကွ၊ ငါ့နှမလေး လူ့ပြည်သွားချင်တယ်ဆိုပြီး အတင်းပူဆာလို့ငါလွှတ်လိုက်တာ၊ အခုတော့ ငါတို့အရမ်းလွမ်းနေပြီ၊ ငါထပ်ပြီးမခံစားနိုင်တော့ဘူး၊ ငါ့နှမကို ငါရအောင်ပြန်ခေါ်မယ်”
ကျုပ်လည်းဘာလုပ်ရမှန်းမသိတော့ဘူးလေ၊ ဒါနဲ့ ဦးဘသာကြီးကိုပဲ အကူအညီတောင်းရတာပေါ့။
“ဦးဘသာကြီး လုပ်ပါအုံး၊ တစ်ခုခုလုပ်ပါအုံး”
ဦးဘသာကြီးက ခေါင်းခါတယ်ဗျ။
“မဖြစ်ဘူးကွ၊ ငါကသိုက်နန်းရှင်တွေနဲ့ သွားပတ်သက်လို့မဖြစ်ဘူး”
“ဒါဆိုကျုပ်ညီမကို ဒီအတိုင်းအသေခံလိုက်ရမှာလားဗျ၊ သူတို့က ကျုပ်ညီမအသက်ကိုယူတော့မှာလေ”
ဦးဘသာကြီးက ဘာမှမလုပ်ဘဲ တစ်နေရာကိုတွေတွေကြီးကြည့်နေတယ်ဗျာ၊ မကြာပါဘူး ဘုရားရင်ပြင်အစပ်နားမှာ သိုက်နန်းရှင်တွေပေါ်လာတယ်ဗျ၊ အားလုံးပေါင်း ခြောက်ယောက်လောက်ရှိမယ်၊ ယောက်ျားကြီးကတစ်ယောက်၊ ကျန်တဲ့ငါးယောက်လုံးက မိန်းကလေးတွေဗျ၊ မိန်းကလေးတွေထဲမှာ ကျုပ်အရင်ညကတွေ့ခဲ့တဲ့ ဆံပင်ရှည်ရှည်နဲ့မိန်းမလည်းပါတယ်၊ သူတို့ပုံစံတွေက လူတွေလိုပါပဲဗျာ၊ ကျုပ်တို့ကြည့်ဖူးတဲ့ သိုက်ကားတွေထဲကလို ပြောင်ပြောင်လက်လက်တွေ၊ နတ်ဝတ်နတ်စားတွေ ဝတ်ထားတာမဟုတ်ဘူးဗျ။ သူတို့က တဖြည်းဖြည်းကျုပ်အနားကိုတိုးလာကြတယ်၊ နောက်တော့ ချုံပုတ်တွေထဲကနေလည်း တရှဲရှဲနဲ့အသံစုံတွေကြားနေရတာပေါ့ဗျာ။
သိပ်မကြာပါဘူး အသံတစ်သံထွက်လာတယ်ဗျ။
“ဘသာ၊ နင်ဘာဖြစ်ပြန်ပြီလဲ”
အသံရှင်ကိုမမြင်ရပေမယ့် မိန်းကလေးအသံပဲဗျ၊ ဒါပေမယ့် အသံကခပ်ဩဩကြီးပါ။ ဦးဘသာကြီးက မြေပြင်ပေါ်မှာ ပုဆစ်တုပ်ပြီးထိုင်လိုက်တယ်။
“ဒီမိန်းကလေးကို သူ့မောင်နှမကတွေက သိုက်နန်းကိုပြန်ခေါ်နေလို့ သခင်မဆုံးဖြတ်ပေးပါ”
“ဒါကတော့ ငါနဲ့လည်းမဆိုင်ဘူး၊ သူ့သိုက်နန်းက အကိုအမတွေနဲ့ ညှိကြမှရမယ်၊ ဒါပေမယ့် သိုက်နန်းရှင်တွေကို ငါတစ်ခုတော့တောင်းဆိုလိုက်မယ်၊ ပွဲတော်ရက်အတွင်းမှာ မကောင်းတဲ့အနိဌာရုံတွေမဖြစ်စေချင်ဘူး”
မယ်တော်ပြောလိုက်တော့မှ သိုက်နန်းရှင်တွေက ရပ်တန့်သွားတယ်ဗျာ၊ သိုက်နန်းရှင်ထဲက ယောက်ျားကြီးကတော့ အရှေ့ကိုတိုးလာတယ်။
“ငါ့နှမကို ငါတို့အချိန်ခုနစ်လပေးမယ်”
ကျုပ်လည်း မျက်လုံးပြူးသွားတာပေါ့၊ ဦးဘသာကြီးက ကျုပ်အနားကိုကပ်လာတယ်။
“မင်းအချိန်တိုးတောင်းစမ်းကွာ”
“ဖြစ်ပါ့မလား ကျုပ်က အဖေမှမဟုတ်တာ”
“မဟုတ်ဘူးကွ၊ တို့ရှေးအယူအဆအရဆိုရင် မိန်းကလေးတွေကို အဖေကပိုင်တယ်၊ အဖေမရှိရင် အကိုတွေကပိုင်တယ်ကွ၊ ဒီတော့ အခုမင်းက သူ့ရဲ့အုပ်ထိန်းသူပဲ၊ မင်းသူနဲ့ညှိကြည့်ပေါ့”
“ကျုပ်၊ ကျုပ်ဘယ်လောက်တောင်းရမလဲ”
“သူ့အသက် ကုသိုလ်ကံရှိသလောက် ရှင်ခွင့်ပေးပါလို့တောင်းစမ်းကွာ”
“သူ့အသက်ကုသိုလ်ကံရှိသလောက် အသက်ရှင်ခွင့်ပေးပါဗျာ”
ကျုပ်ဖြင့်ပြောသာပြောနေရတယ်၊ ပါးစပ်ကလျှာခလုပ်တိုက်နေတာဗျို့။
“မရဘူး၊ သုံးနှစ်ပဲထပ်ရမယ်”
ကျုပ်က ဦးဘသာကြီးကိုကြည့်လိုက်တယ် ဦးဘသာကြီးက လက်ရှစ်ချောင်းထောင်ပြပြီးတော့
“ရှစ်ဆယ်တောင်းကွာ”
“အသက်ရှစ်ဆယ် နေခွင့်ပေးပါ”
“များတယ်၊ ဆယ်နှစ်ပဲထပ်ပေးမယ်”
ကျုပ်နဲ့ သိုက်နန်းရှင်နဲ့ အသက်ကိုဈေးဆစ်နေကြရင်း
“ငါ့နှမကို အိမ်ထောင်ရက်သားမချထားပေးဘူးဆိုရင်တော့ အသက်အနှစ်သုံးဆယ်ထပ်ပေးမယ်၊ ဒါငါတိုကပေးနိုင်တဲ့အသက်အကုန်ပဲ၊ ထပ်ပြီးမတောင်းနဲ့၊ ထပ်တောင်းရင်ငါတို့အခုပဲ အသက်နှုတ်ယူလိုက်မယ်”
“ခင်ဗျားနှုတ်ရဲရင် နှုတ်ကြည့်လိုက်စမ်းပါ”
ကျုပ်ကလည်း ဘယ်ခံတော့မလဲဗျာ၊ ဒေါသထွက်ထွက်နဲ့ သိုက်နန်းရှင်ကိုတောင် မကြောက်ဘဲ အော်လိုက်မိတာပေါ့၊ သိုက်နန်းရှင်က မျက်လုံးကတစ်ချက်ဝင်းခနဲလက်သွားတယ်ဗျ၊ နောက်တော့ ချုံကွယ်ထဲကနေ မြွေကြီးနှစ်ကောင်ခုန်ပျံပြီးထွက်လာပါရောဗျာ၊ သိုက်မြွေကြီးတွေထင်ပါတယ်ဗျာ၊ မျက်လုံးကြီးတွေက ဝင်းလက်နေရော၊ သိုက်မြွေက မြေပေါ်ရောက်တော့ ကျုပ်ဆီကိုနှစ်ကောင်စလုံးခုန်ဝင်လာပြန်ရော၊ ဦးဘသာကြီးကလည်း ဘာလက်မြန်သလဲမမေးနဲ့ဗျာ၊ သိုက်မြွေနှစ်ကောင်ကို လက်နှစ်ဖက်နဲ့ဆတ်ခနဲဖမ်းထားတာ၊ သိုက်မြွေက ဦးဘသာကြီးရဲ့လက်ကို လိမ်ပတ်နေတာပဲဗျာ။ နောက်မှာ ဦးဘသာကြီးပြောပြတာကတော့ အဲဒီမြွေတွေက သိုက်မြွေပျံတွေတဲ့ဗျ၊ ကိုက်မိလိုက်တာနဲ့ ဆေးမမီဘူး၊ တန်းပြီးသေတာပဲတဲ့ဗျာ၊ ဦးဘသာက မြွေတွေက ညှစ်လိုက်တော့ မြွေတွေက တွန့်လိမ်နေတာပဲဗျာ။
“ဟေ့ သိုက်နန်းရှင်၊ မင်းရဲ့သိုက်မြွေကို ငါသတ်လိုက်ရမလား”
“တော်စမ်း ဘသာ”
သခင်မအသံက ထွက်လာတယ်ဗျ။
“ကဲ သိုက်နန်းရှင်တွေကလည်း လျော့ပေးလိုကဲ်ကြပါ၊ မင်းတို့ကလည်း ကောင်းမှုကုသိုလ်တွေလုပ်ပေးပြိးတော့ သိုက်နန်းရှင်တွေကို အမျှအတန်းဝေပေးလိုက်ပေါ့”
သခင်မက ကြားဖြတ်ပြီးဝင်ပြောပေးပါတယ်။
“မရဘူး၊ ကျုပ်တို့လိုချင်တာ အမျှအတန်းမဟုတ်ဘူး၊ ကျုပ်တို့က ကျုပ်တို့နှမကိုပဲ လိုချင်တာ”
“ဒါဆိုရင်လည်း မင်းတို့သိုက်နန်းကို ငါပြောင်းပြန်လှန်ပေးမယ်ဟေ့”
ဦးဘသာကြီးက ကြိမ်းဝါးလိုက်တယ်ဗျ၊
“တော်တော့လို့ပြောနေတယ်ဘသာ၊ ကဲ မှော်သိုက်နန်းက သိုက်နန်းရှင်တွေလည်း စိတ်ကိုလျော့ကျ၊ အခုနင်တို့ပေးနိုင်သလောက် ပေးလိုက်ကြ”
သခင်မအသံက ဟိန်းပြီးထွက်လာတယ်ဗျာ၊ ကျုပ်နဲ့ဦးဘသာလည်း မိညှက်ကိုပွေ့ပြီး ပြန်ခဲ့တာပေါ့၊ သိုက်နန်းရှင်တွေကတော့ ကျုပ်တို့ကိုမျက်စောင်းတခဲခဲနဲ့ထိုးရင်း ဝေးကျန်ခဲ့တော့တာပေါ့ဗျာ။
ဆက်ရရင်တော့၊ ကျုပ်က သခင်မကို တော်တော်ယုံကြည်သွားတယ်ဗျ၊ သခင်မက ကျုပ်တို့နယ်တစ်ဝိုက်ရဲ့ စုန်းချုပ်၊ ကဝေချုပ်၊ သိုက်ချုပ်တဲ့ဗျာ၊ ဒါကြောင့်သူက အကုန်လုံးကိုသိနေတာနေမှာ၊ ကျုပ်တို့ရွာကိုပြန်လာတော့ အဖေတို့ကို အကျိုးအကြောင်းပြောပြပြီး မြိုင်သာမှာ ဆရာတစ်ယောက်နဲ့ သိုက်စစ်ကြည့်ကြတယ်၊ စစ်ကြည့်တော့ ဘာတွေ့သလဲဆိုရင် အဲဒီသိုက်နန်းက မှော်သိုက်နန်းလို့ခေါ်သတဲ့ဗျ၊ သိုက်နန်းစောင့်တဲ့လူတွေက အဲဒီအောက်က ရတနာတွေထွက်မယ့် မှော်တစ်ခုကို စောင့်နေတာတဲ့ဗျ၊ အချိန်တန်လို့ ထိုက်သူတွေ့ရင် သူတို့က ပျောက်ကွယ်သွားမှာတဲ့လေ၊ အဖေတို့က အဲဒီဆရာနဲ့သိုက်ဆက်ဖြတ်လိုက်တယ်ဆိုလား လုပ်လိုက်ကြတယ်ဗျာ။
ဒါပေမယ့် ထူးဆန်းတာက ကျုပ်ညီမ မိညှက်က ကျောင်းဆရာမဖြစ်သွားတယ်ဗျ၊ တာဝန်ကျတဲ့နေရာကလည်း မှော်တောရွာက မူလတန်းကျောင်းကို တာဝန်ကျတယ်တဲ့ဗျာ၊ သိုက်ဆက်တွေ သူတို့နဲ့နီးတဲ့နေရာကို ခေါ်ထားတာနေမှာပေါ့ဗျာ။ မိညှက်လည်း တစ်သက်လုံးချစ်သူရည်းစား ရမသွားပါဘူးဗျာ။
ပိုပြီးထူးဆန်းတာကတော့ ကျုပ်ညီမမိညှက်က အပျိုကြီးအဖြစ်နဲ့ မှော်တောရွာမှာတာဝန်ထမ်းဆောင်နေရင်း အသက်လေးဆယ့် နှစ်နှစ်အရောက်မှာ ဦးနှောက်သွေးကြောပိတ်ပြီး သေဆုံးသွားတာပါပဲ၊ ကျုပ်နဲ့တောင်းခဲ့တဲ့ အချိန်အနှစ်သုံးဆယ် ပြည့်သွားတယ်ထင်ပါရဲ့ဗျာ။
ကျုပ်ညီမအကြောင်းတွေ ပြန်ပြောရတာတော့ စိတ်မကောင်းဘူးစာရေးဆရာရေ၊ ဒီနေ့တော့ ဒီလောက်နဲ့ပဲ နားပါပြီဗျာ။
ပြီးပါပြီ။
အဂ္ဂဇော်
Leave a Reply