စုန်းထီးကြီး ဦးဘသာနှင့် ရှပ်လဂွဲ ငွေတိုး

အခြေအနေကိုကြည့်ရသေးတယ်။ ဦးဘသာကြီးကလည်း ရွာကလူတွေ သူ့ကိုအဖက်မလုပ်တာသိလို့ထင်ပါရဲ့ဗျာ၊ မိုးလင်းမိုးချုပ် တောစပ်ကိုနွားအုပ်တွေမောင်းသွင်းပြီး တောထဲမှာပဲ နေတော့တာ၊ ညနေ နွားရိုင်းသွင်းချိန်ရောက်မှ နွားတွေကိုပြန်မောင်းသွင်းလာတာပေါ့၊ ဒီလိုနဲ့ ဦးဘသာကြီးနဲ့ကျုပ်နဲ့ နှစ်လလောက် ခပ်တန်းတန်းဖြစ်နေတာပေါ့ဗျာ။

ပဲရိုး၊ ပဲခက်တွေကို ကျုပ်တို့က မီးရှို့တယ်ဆိုပေမယ့် ဦးဘသာကြီးကတော့ နည်းနည်းစိမ်းတာလေးတွေကို နွားတွေကိုကျွေးတာပေါ့၊ ခြောက်သွားတဲ့ဟာတွေကိုတော့ မြေဩဇာလုပ်တယ်ဗျ၊ အဖေကလည်း တွန့်တိုတဲ့သူမဟုတ်ပါဘူး၊ နောက်ပြီး ပဲရိုးတွေကို တကူးတကယူတယ်ဆိုတော့ အမှိုက်ရှင်းပေးသလိုဖြစ်နေတော့ ကျေးဇူးတောင်တင်ရအုံးမယ်မဟုတ်လားဗျာ။

ဦးဘသာကြီးက ယာခင်းထဲ ပဲဆွတ်တဲ့နားမှာ ပုံထားတဲ့ ပဲရိုးတွေကို ကောက်ဆွကြီးနဲ့ ထိုးထိုးပြီး သူ့လှည်းပေါ်ကိုတင်နေတယ်၊ ကျုပ်လည်း အခြေအနေကြည့်ပြီး ဦးဘသာကြီးအနားကို ကပ်လာခဲ့တာပေါ့ဗျာ၊ တော်သေးတယ် အငယ်ကောင်က ယာတဲထဲမှာ ထိုင်ပြီးငိုက်နေလို့ဗျ။

“ဦးဘသာကြီး မတွေ့တာတောင် တော်တော်ကြာပြီနော်”

“အေးကွ၊ ဒါနဲ့ မိဝေ ညက ငါ့ဆီကိုလာသွားတယ်ကွ”

မိဝေဆိုတော့ ကျုပ်လည်းစဉ်းစားလိုက်တယ်ဗျ။

“ဘယ်ကမိဝေလဲ”

“ဟာကွာ၊ မင်းကလည်း အောက်လမ်းဘသော်ဖမ်းထားတဲ့ အစိမ်းသေမိဝေပေါ့”

“ဪ၊ သူက ဘာလာလုပ်တာလဲ”

“ဘသော်က သူ့ကိုလွှတ်လိုက်ပြီတဲ့ကွ၊ ဒါကြောင့်မို့လို့ သူအခု ရွာပြင်က ဇရပ်နားက လက်ပံပင်ပေါက်ကလေးမှာ နေတယ်တဲ့၊ ငါ့ကိုလည်း ကျေးဇူးတင်လို့ဆိုပြီး ကုန်းကန်တော့တာကွာ”

“ဒါနဲ့သူက အဲဒီမှာနေမှာလား”

“မဟုတ်ဘူးကွ၊ သူ့မိဘတွေကို အိပ်မက်ပေးထားတယ်လို့ပြောတယ်၊ မကြာခင်တော့ သူ့မိဘတွေက သူ့ကိုအမျှအတန်းဝေပြီးတော့ ကုသိုလ်ကောင်းမှုလုပ်ပေးမယ့်ပုံပဲ”

“ဒါဆို အဲဒီဘသော်ကြီးရော ဘာဖြစ်သွားလဲ၊ နောက်ပြီး သူ့မိန်းမ စုန်းမကလေးရော ဘာဆက်ဖြစ်သွားသလဲဗျ”

“မင်းကွာ၊ အဲဒါငါ့ကိုလာမေးရမှာမဟုတ်ဘူးကွ၊ ဗေဒင်ဆရာတို့ အကြားအမြင်ဆရာတို့ကိုမေးရမှာ၊ သူတို့ဘာဖြစ်သွားသလဲဆိုတာ ငါကသိမလားကွ”

“မဟုတ်ပါဘူးဗျာ၊ ဦးဘသာများ သိချင်သိမလားလို့ မေးကြည့်တာပါ”

ဦးဘသာကြီးနဲ့ကျုပ်နဲ့ စကားပြောပြီးတော့ ဦးဘသာလဲပြန်သွားတယ်၊ ကျုပ်လည်း အိမ်ကိုအေးအေးလူလူပြန်ခဲ့တာပေါ့ ကျုပ်ညီက အရှေ့က သွားတယ်၊ ကျုပ်က အေးအေးလူလူ အနောက်ကနေလိုက်ခဲ့တာပေါ့၊ ရွာပြင်ဇရပ်နားရောက်တော့ ကျုပ်ကြက်သီးတွေထလာတယ်ဗျာ။ အမမိဝေ ရှိနေတယ်လို့ ဦးဘသာကြီးက ပြောသွားတယ်မဟုတ်လား၊ ဇရပ်နံဘေးမှာ လူသုံးရပ်လောက်ရှိမယ့် လက်ပုံပင်ကလေး ပေါက်နေသေးတယ်ဗျာ၊ ကျုပ်လည်း ဖြတ်သွားဖို့ကို နည်းနည်းကြောက်လန့်သွားတာပေါ့။

ကျုပ်ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တော့ အဲဒီလက်ပံပင်ကလေးရဲ့ အောက်ဆုံးသစ်ကိုင်းက လူတစ်ယောက်ခိုစီးနေသလို တဖြန်းဖြန်းနဲ့လှုပ်နေတယ်ဗျာ၊ ကျုပ်လည်း အမမိဝေ ကျုပ်ကိုနှုတ်ဆက်တယ်ဆိုတာ သိလိုက်ပြီလေ။

“အ . . အမ . . မိဝလေား”

သစ်ကိုင်းက တစ်ချက်ပြန်လှုပ်ပြတယ်ဗျ၊ ကျုပ်ကိုခေါင်းညိတ်ပြတဲ့သဘောပေါ့၊ ကျုပ်လည်း ဘေးဘီကိုကြည့်လိုက်တော့ လမ်းမှာကျုပ်တစ်ယောက်တည်းရယ်၊ နေဝင်ရီတရောဖြစ်တာရယ် ဆောင်းမကုန်သေးတာရယ်ကြောင့် ပတ်ဝန်းကျင်က အမှောင်ဖုံးနေပြီဗျာ၊ ဒီအချိန်မှာပင် အဲဒီသစ်ကိုင်းပေါ်ကို မဲမဲအကောင်ကြီးတစ်ကောင်က တက်ထိုင်နေတာပဲ၊ နောက်တော့ သစ်ကိုင်းကနေတွဲလောင်းကြီးလုပ်ပြီး အောက်ကိုဆင်းဖို့လုပ်နေတာဗျာ၊ ကျုပ်လည်း ကြောက်ကြောက်နဲ့ အတင်းအားကုန်ဖြတ်ပြီး ရွာကိုသုတ်ခြေတင်ပြေးလာခဲ့တာပဲဗျို့၊ သူက ကျုပ်ကိုနှုတ်ဆက်တာဆိုပေမယ့် သူ့ရုပ်ပုံဆိုးပန်းဆိုးကြီးကို ကျုပ်မကြည့်ချင်ဘူးဗျာ။

ခြံထဲဝင်လိုက်မှပဲ အပြေးရပ်လိုက်ရတယ်ဗျာ၊ မောတာကတော့ ပြောမနေပါနဲ့ ဒါနဲ့ ခြံထဲက ကွပ်ပျစ်ကလေးမှာ ဝင်ပြီးထိုင်ကာ အမောဖြေနေတုန်း ကျုပ်နောက်ကျောကို ဝါးလုံးပိုင်းကြီးနဲ့ ဖြန်းခနဲအရိုက်ခံရပါရောဗျာ၊ ကျုပ်က အစကတော့ သရဲရိုက်တယ်ထင်ပြီး ကြောက်နေတာ၊ နောက်လှည့်ကြည့်တော့မှ ဝါးလုံးပိုင်းကြီးကိုင်ထားတဲ့ အမေ့ကိုတွေ့လိုက်ရတယ်။

“ဟဲ့အကောင် နင့်ကိုငါဘာပြောထားလဲ”

“ဘာလဲဗျ၊ အမေက အဆုံးမရှိ အစမရှိနဲ့”

အမေက ဝါးလုံးပိုင်းနဲ့ကျုပ်ကိုလှမ်းရိုက်သေးတာ၊ ကျုပ်လည်း လက်တွေနဲ့ကာရတာပေါ့ဗျာ။

“ဟဲ့ကောင်၊ နင့်ကို အဲဒီဘသာဆိုတဲ့ စုန်းထီးကြီးနဲ့ မပေါင်းနဲ့လို့ ငါပြောထားတယ်မဟုတ်လား၊ နင်ဘာလို့ သူနဲ့စကားသွားသွားပြောနေသလဲ၊ ဟိုက နင့်ကိုချစ်လို့ဆိုပြီး ဘူးသွင်းလိုက်တော့ နင်ဘယ့်နှယ့်လုပ်မလဲ”

“အိုဗျာ၊ အမေကလည်း ဘူးသွင်းခံရတော့ ကျုပ်လည်းစုန်းဖြစ်တာပေါ့ဗျာ”

အမေက ကျုပ်ကိုအသားကုန်ရိုက်ပါရော။

“စုန်းဖြစ်တာကောင်းသလားဟဲ့၊ နေအုံး၊ သူနင့်ကို ဘူးသွင်းတာ မသွင်းတာအသာထား၊ နင့်ဖင်ခေါင်းထဲကိုတော့ ငါဝါးလုံးထိုးသွင်းမယ်ဟေ့”

ကျုပ်လည်း မနေနိုင်တော့ဘူးလေဗျာ၊ အမေက ကျုပ်ကိုအတင်းလိုက်ရိုက်တာနဲ့ ခြံပြင်ကိုပြန်ထွက်ပြေးရတာ၊ သူကိုင်ထားတဲ့ဝါးလုံးက ခြောက်လက်မလုံးပတ်လောက်ရှိတာလေဗျာ၊ ဒါကြီးကို ဖင်ခေါင်းထဲသွင်းမယ်ဆိုတော့ ကျုပ်လည်းကြောက်တာပေါ့ဗျာ၊ ဟား၊ ဟား။

ဒါနဲ့ကျုပ်က လမ်းမမှာလွတ်တဲ့ခွေးကလေးဖြစ်ခဲ့ပါပြီဗျာ၊ စိတ်ကလည်း အမေ့ကိုတော်တော်မကျေမနပ်ဖြစ်နေတယ်၊ နောက်ပြီး ကျုပ်ကိုအတို့အထောင်လုပ်တဲ့လူကိုလည်း မကျေနပ်ဘူးပေါ့။

“ဒါအငယ်ကောင့်လက်ချက်ပဲဖြစ်ရမယ်၊ နေ့လည်က ငါတို့စကားပြောနေတာကို ဒီကောင်အိပ်သလိုလိုနဲ့ နားထောင်နေတာနေမှာ”

တစ်ရွာလုံးက ကျုပ်ဆွေမျိုးတွေချည်းပါပဲဗျာ၊ ကျုပ်အဖို့တော့ ဘယ်အိမ်တက်အိပ်အိပ်၊ ဘယ်အိမ်ကိုတက်ပြီး စားစား ဖြစ်ပါတယ်၊ ဒါပေမယ့် ကျုပ်စိတ်ထဲ ခံပြင်းနေတယ်ဗျာ၊ အမေ့ကိုလည်း ကန့်လန့်တိုက်မယ်လို့ ဆုံးဖြတ်ပြီး အမျိုးအိမ်တွေကို မသွားတော့ဘဲ ဦးဘသာကြီးအိမ်ကိုပဲ လာခဲ့လိုက်တော့တယ်၊ စကားပြောတာကိုတောင် မကြိုက်တဲ့အမေ၊ ကျုပ်ဦးဘသာကြီးနဲ့ အတူတူနေတယ်ဆိုတာ သိလိုက်လို့ကတော့ ဘယ်လိုများဖြစ်သွားမလဲဆိုပြီး စိတ်ထဲဝမ်းသာနေတာဗျာ၊ ငယ်ငယ်တုန်းကတော့ ဒီလိုမျိုး မိဘကိုအရွဲ့တိုက်လိုက်ရမှာစိတ်ထဲ နေသာထိုင်သာရှိတယ်မဟုတ်လား၊ ခင်ဗျားတို့လည်း ငယ်ရာကကြီးလာတဲ့သူတွေဆိုတော့ ကျုပ်လိုမျိုး အရွဲ့တိုက်ဖူးကြမှာပါ။

(၃)

“ဦးဘသာကြီး၊ ကျုပ်ပါဗျ၊ တံခါးဖွင့်ပါအုံးဗျ”

ညကမှောင်နေပြီဆိုတော့ ဦးဘသာကြီးက ရေနံဆီမီးခွက်ကလေးနဲ့ အိမ်ပေါ်ကနေဆင်းလာတယ်ဗျာ၊ ခြံတံခါးကိုဖွင့်လိုက်ပြီးတော့

“ဟေ့၊ ငါ့ကို မင်းအဖေခေါ်ခိုင်းလိုက်ပြန်ပြီလား”

ကျုပ်လည်း သူ့ခြံထဲကိုအတင်းဝင်တာပေါ့ဗျာ။

“မဟုတ်ဘူး၊ အမေက ကျုပ်ကိုနှင်ချလိုက်လို့ ဦးဘသာကြီးနဲ့လာနေတာ”

ကျုပ်ပြောတာကြားလိုက်တော့ ဦးဘသာကြီးတော်တော်ကိုလန့်သွားတာပဲဗျ၊ သူလန့်တဲ့မျက်နှာကို ကျုပ်ဖြင့် ဒီတစ်ခါပထမဦးဆုံးမြင်ဖူးတာပဲ။

“မလုပ်စမ်းပါနဲ့ကွာ၊ တစ်ရွာလုံး မင်းတို့အမျိုးတွေချည်းပါပဲ၊ တခြားမှာသွားအိပ်ပါ၊ ငါ့ဆီမလာပါနဲ့ဟ”

ကျုပ်လည်း ဦးဘသာကြီးတားနေတဲ့ကြားထဲက သူ့အိမ်ရှေ့ကိုဝင်လိုက်ပြီး အိမ်ရှေ့ကြမ်းခင်းမှာ လှဲချလိုက်တော့တာပဲဗျာ။

“ဘာလဲ ဦးဘသာကြီးက ကျုပ်ကိုမကျွေးချင်ဘူးလား”

“ဟေ့ကောင်ရ၊ မင်းတစ်ယောက်ကို ကျွေးရတာ ငါ့အတွက်ဘာမှမဖြစ်ဘူး၊ ဒါပေမယ့် မင်းအတွက်ပြောရတာကွ၊ မင်းမိဘတွေသိရင် ငါ့ကိုအပြစ်ပြောနေပါ့မယ်ကွာ”

“အိုဗျာ၊ ပြောပြောပေါ့၊ ဒါတွေက ကျုပ်စိတ်နဲ့ကျုပ်ကိုယ် လုပ်တာ၊ ဦးဘသာကြီးနဲ့ မဆိုင်ဘူးလို့ ပြောလိုက်မှာပေါ့”

“ဒါပေမယ့်လည်း အရပ်ထဲကလူတွေက မင်းနဲ့ငါနဲ့တစ်အိမ်ထဲနေတာတွေ့ရင် မင်းကိုငါ့ရဲ့တပည့်လားဆိုပြီး သို့လော သို့လော ပြောနေကြမှာပေါ့၊ ငါ့လိုမျိုး မင်းကိုဖယ်ရှောင်နေကြမှာပေါ့ကွ”

“အိုဗျာ၊ ကျုပ်အဲဒါတွေဂရုမစိုက်ဘူး၊ ကျုပ်အခုသွားစရာမရှိဘူး၊ ဒီတော့ ဦးဘသာကြီးနဲ့ ဒီမှာအတူတူနေမယ်၊ ဒါပဲ”

ဦးဘသာကြီးက သူ့ခေါင်းပြောင်ပြောင်ကြီးကို တဗြင်းဗြင်းနဲ့ကုတ်တယ်ဗျာ၊ အတော်လည်းစိတ်ညစ်နေတဲ့ပုံပဲ၊ ကျုပ်ဖြင့်သူ့မျက်နှာအမူအရာကြည့်ပြီး ကြိတ်ရယ်နေမိတယ်။

“မင်းကတော့ တော်တော်ခက်တဲ့ကောင်ပဲကွာ၊ အေးကွာ နေချင်တယ်ဆိုရင်လည်း နေပေါ့”

ဦးဘသာကြီးက အိမ်ပေါ်ပြေးတက်သွားတော့တယ်၊ ကျုပ်လည်း တစ်နေ့လုံးပင်ပန်းလာတာဆိုတော့ ကြမ်းပေါ်မှာပဲ ဆန့်ဆန့်ကြီးအိပ်နေတာပေါ့ဗျာ။ ခဏကြာတော့ ကျုပ်ကိုယ်ပေါ်ကို အဝတ်အစားတွေပြုတ်ကျလာတာနဲ့ ကျုပ်လည်းလန့်သွားတာပေါ့။

“တစ်နေကုန်အလုပ်လုပ်ပြီး ချွေးသံတရွှဲရွှဲနဲ့ကွာ၊ မင်းအနံ့ကလည်း နံစော်နေတာပဲ၊ သွား အိမ်နောက်ဖေးမှာ ရေသွားချိုးစမ်း၊ ပြီးရင် အဝတ်အစားလဲလိုက်”

ကျုပ်လည်းစိတ်ထဲက ရယ်နေမိတာပေါ့ဗျာ၊ နွားတင်းကုပ်ဘေးနားကနေ ပတ်သွားပြီးတော့ ရေကိုချိုးချလိုက်တယ်၊ ဆောင်းအကုန်ဆိုတော့ အအေးဓါတ်က ရှိသေးတယ်ဗျ၊ ရေချိုးပြီးတော့ ဦးဘသာကြီး ပေးတဲ့ စစ်ရောင်လက်ရှည်အကျီနဲ့ အကွက်ကျဲကျဲပုဆိုးကြီးတစ်ထည်ကိုဝတ်လိုက်တယ်၊ ကျုပ်ပုံက အဘိုးအိုပေါက်စလိုဖြစ်သွားတော့တာပါပဲ။

“လာ၊ အိမ်ပေါ်တက်ခဲ့ ထမင်းစားမယ်”

စားပွဲဝိုင်းကလေးပေါ်မှာ ရေနံဆီမီးခွက်ကလေးထွန်းထားပြီးတော့ ထမင်းပန်းကန်၊ ဟင်းပန်းကန်လေးတွေချထားတယ်၊ ဟင်းကတော့ ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး၊ ကြက်ဥကြော်ရယ်၊ ခရမ်းချဉ်သီးကို ငရုတ်သီးစပ်စပ်နဲ့ချက်ထားတဲ့ ငါးပိချက်ရယ်၊ တို့စရာအရွက်တွေရယ် ဒါပါပဲ၊ ကျုပ်လည်း စားကောင်းကောင်းနဲ့စားနေတုန်း တစ်ခုသတိရသွားတာနဲ့ထမင်းစားနေတာကိုရပ်လိုက်တယ်။

“ဦးဘသာကြီး၊ ဒီဟင်းတွေက ဟိုတစ်ခါတုန်;ကလိုမျိုး သစ်ရွက်ခြောက်တွေကို ပညာနဲ့ဖန်ဆင်းထားတာ မဟုတ်ပါဘူးနော်”

“မင်းကွာ၊ စားမှာသာ စားစမ်းပါကွ၊ မင်းကိုငါကလုပ်မလား”

ဦးဘသာကြီးက ကျန်နေတဲ့ကြက်ဥကြော်တစ်ပိုင်းကို ကျုပ်ပါးကန်ထဲကို လှမ်းထည့်ပေးလိုက်တယ်ဗျ။

“ငါပြောပြမယ်၊ သစ်ရွက်တွေကို ဟင်းအဖြစ်ပြောင်းတာက မင်းရဲ့အာရုံတွေကို လှည့်စားလိုက်တာပဲကွ၊ တကယ်တမ်း မင်းစားရင်လည်း သစ်ရွက်ကြီးကို စားတာဆိုတော့ အာဟာရမရှိဘူးပေါ့ကွာ၊ စားပြီးရင်လည်း အတိုက်အခိုက်တွေ မပါဘူးဆိုရင် မင်းရဲ့ဝမ်းထဲရောက်သွားတဲ့အခါ သစ်ရွက်ခြောက်တွေဖြစ်သွားမှာ၊ ဒီလိုက တစ်ခါတစ်လေ လှည့်စားတာလောက်ပဲကောင်းတယ်၊ အမြဲတမ်းတော့ မစားသင့်ဘူးပေါ့ကွာ”

ကျုပ်တို့စားသောက်ပြီးအပြင်ထွက်နားနေကြတယ်၊ ဦးဘသာကြီးက ညအိပ်ခါနီးဆိုရင် သူမွေးထားတဲ့နွားကနေရတဲ့ နွားနို့ကို တစ်ခွက်သောက်ပြီးမှ အိပ်တယ်၊ ဒီညတော့ ကျုပ်လည်းရှိနေတာဆိုတော့ နှစ်ခွက်ပေါ့။ ကျုပ်လည်; အိပ်ချလိုက်တာ တစ်ချိုးတည်းအိပ်သွားပါရောဗျာ၊ မနက်ရောက်တော့ ကျုပ်လည်းခြံရှေ့ထွက်ပြီး လူရိပ်ပြနေလိုက်တယ်၊ ဘေးအိမ်ကလူတွေ၊ ရွာကလူတွေဆိုရင် ကျုပ်ကိုကြည့်ပြီး တီးတိုးပြောဆိုနေကြတာပေါ့ဗျာ။

မကြာပါဘူး အဖေနဲ့အမေရောက်ချလာတယ်၊ ကျုပ်နဲ့ဦးဘသာကြီးက မနက်စာ စားနေတုန်းပေါ့။

“ဦးဘသာကြီး ကျုပ်သားကို ကျုပ်တို့နဲ့ပြန်ထည့်ပေးလိုက်ပါ”

“အောင်မာ၊ မင်းရဲ့သားကို ငါကခေါ်ထားတာမဟုတ်ဘူးကွ၊ သူ့ဖာသာ ငါ့အိမ်ကိုတက်လာတာ”

“ဟုတ်တယ်အဖေ၊ ကျုပ်ခြေထောက်နဲ့ကျုပ်လာတာ၊ ဦးဘသာကြီးနဲ့ဘာမှမဆိုင်ပါဘူး”

“ဒါဆိုရင်လည်း ပြီးရင်အိမ်ပြန်လိုက်ခဲ့”

အဖေပြောတော့ကျုပ်က အမေ့မျက်နှာကိုကြည့်ရသေးတာ၊ အမေက ကျုပ်ကို မီးဟုန်းဟုန်းတောက်နေတဲ့ အကြည့်တွေနဲ့ကြည့်နေသေးတယ်၊ အဖေက အမေ့ကိုလက်ကိုကုပ်လိုက်တော့မှ အမေက သတိဝင်သွားတယ်။

“လိုက်ခဲ့ပါ ငါ့သားရယ်၊ နောက်ဆို ငါ့သားကိုအမေ မရိုက်တော့ပါဘူး”

အမေက ကတိပေးနေပြီဆိုတော့ ကျုပ်လည်း ခေါင်းညိတ်လိုက်ရတာပေါ့ဗျာ။ မနက်စာတောင် ပြီးအောင်မစားတော့ဘဲ လက်ဆေးပြီးတော့ ဦးဘသာကြီးကိုနှုတ်ဆက်လိုက်တယ်။ အဖေက ဦးဘသာကြီးကိုတစ်ချက်ကြည့်ပြီး

“ဦးဘသာကြီး ကျုပ်သားကို . . .”

“အေးပါကွာ၊ စိတ်ချစမ်းပါ၊ ငါသူ့ကို ဘာမှမလုပ်ဘူး”

နောက်တော့ အဖေအမေတို့နဲ့အတူ ကျုပ်လည်းအိမ်ပြန်လိုက်လာတာပေါ့ဗျာ၊ ကျုပ်အိမ်ပြန်ရောက်တော့ လူတစ်စုက ကျုပ်တို့အိမ်မှာရောက်နေပါရော၊ အကိုကြီးက အဲဒီလူတွေကို လက်ခံပြီးစကားပြောနေတယ်။

“ဘယ်သူတွေလဲခင်ဗျ”

လူက လေးယောက်၊ ငါးယောက်လောက်ရှိမယ်ဗျ၊ အသက်ကြီးကြီး အသားမည်းမည်းနဲ့ ကုလားဒိန်ရုပ်နဲ့တစ်ယောက်က ခေါင်းဆောင်ဖြစ်မယ်။

“ဒီလိုပါ၊ ကျုပ်တို့က ပဲတွေလာဝယ်တာပါ၊ အကိုကြီးတို့ဆီမှာ ရောင်းဖို့ရှိတယ်မဟုတ်လား”

အဖေက ခုံတန်းမှာဝင်ထိုင်တော့ ကျုပ်လည်း လိုက်ထိုင်ရတာပေါ့ဗျာ၊ ကျုပ်ဘေးမှာတော့ အကိုကြီးကထိုင်နေတယ်။ အဖေတို့က ဈေးစကားတွေပြောနေကြတာပေါ့ဗျာ၊ ဒီလူတွေ ကျုပ်တို့ရွာကိုလာဝယ်နေကျ ပဲကုန်သည်တွေမဟုတ်ဘူးဗျ၊ လူသစ်၊ မျက်နှာသစ်တွေ။ သူတို့ပေးတဲ့ဈေးကလည်း မြို့ပေါက်ဈေးပေးတာဆိုတော့ တခြားလာကောက်တဲ့သူတွေထက် ဈေးများနေတာနဲ့ကျုပ်တို့လည်းရောင်းဖို့ခေါင်းညိတ်လိုက်တာပေါ့ဗျာ။

အကိုကြီးက ကျုပ်ကိုလက်ကုပ်ပြီး တိုးတိုးကလေး နားအနားကိုကပ်ပြောတယ်ဗျ။

“ဟေ့အလတ်ကောင်၊ အလယ်မှာထိုင်နေတဲ့လူကို ငါမြင်ဖူးတယ်ကွ”

“ဟာ၊ အကိုကြီးကလည်း သူတို့က တစ်နယ်တစ်ကျေးကလို့ ပြောတယ်မဟုတ်လား”

“မဟုတ်ဘူးကွ၊ ဒီလူ့ကို ငါသေသေချာချာမြင်ဖူးတယ်၊ ဘယ်မှာမြင်ဖူးမှန်းတော့ စဉ်းစားလို့မရဘူး”

အဖေနဲ့ လာဝယ်တဲ့သူတွေက ဈေးစကားပြောပြီးတော့ လာဝယ်တဲ့သူတွေက ပဲဖိုးတွေကို လက်ငင်းရှင်းသွားမယ်လို့ပြောတယ်၊ မနက်ဖြန်မှ လှည်းနဲ့လာတိုက်မယ်ပေါ့ဗျာ၊ အဖေက စရံလောက်ပေးရင် ရပါတယ်လို့ ပြောတာတောင်မှ သူတို့က မိတ်ဖြစ်ဆွေဖြစ်အနေနဲ့ အကြေပေးသွားမယ်ဆိုပြီး ပြောနေတော့တာ၊ ပိုက်ဆံရတယ်ဆိုတော့လည်း ကျုပ်တို့ပျော်တာပေါ့ဗျာ၊ ဒါနဲ့ပဲဖိုးတွေတွက်ချက်ပြီးပါရော အဲဒီအသားမဲမဲနဲ့လူကြီးက သူ့ဘေးနားကလူကိုကြည့်ပြီး

“ငွေတိုးရေ၊ ငွေတွေကိုရေတွက်ပြီး ပေးလိုက်စမ်းကွာ”

ငွေတိုးဆိုတဲ့သူက အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးပဲဗျ၊ ထူးခြားတာက သူ့လက်ချောင်းကြီးတွေက အရှည်ကြီးတွေလိုပဲ၊ မျက်လုံးကလည်း အရက်သောက်ထားလို့လားတော့မသိဘူး နီရဲနေတာပဲဗျာ၊ အသားမဲမဲနဲ့လူကြီးက သားရေလက်ဆွဲအိတ်ကြီးကိုပေးလိုက်တယ်ဆိုရင်ပဲ ငွေတိုးဆိုတဲ့လူက လက်ဆွဲအိတ်ကြီးကိုဖွင့်ပြီးတော့ ငွေထုပ်ကို ထုပ်လိုက်ပြီး ငွေတွေကို တဖြပ်ဖြပ်နဲ့ ရေတွက်ပြနေတော့တာပဲ၊ ပိုက်ဆံထပ်ကို ကိုင်တာများ ကျွမ်းကျင်လိုက်တာတော့ မပြောပါနဲ့၊

“ဦးလေးအရှေ့မှာပဲ ကျုပ်ရေပြမယ်နော်”

အဖေ့ကိုပြောတော့ အဖေလည်းခေါင်းညိတ်တယ်၊ ကျုပ်တို့တစ်အိမ်လုံး ဝိုင်းကြည့်နေတဲ့အရှေ့မှာပဲ ငွေတိုးက ငွေတွေကိုအထပ်လိုက်ရေတွက်ပြတယ်၊ သူပေးဖို့ရှိတဲ့ငွေတွေရပြီဆိုတာနဲ့ မှန်မမှန်သိရအောင် နောက်တစ်ခါထပ်ရေတွက်ပြတယ်၊ ပြီးတော့မှ ပိုက်ဆံတွေကို ပုံပေးလိုက်တယ်။

ပဲအဝယ်လာတဲ့ လူကြီးက

“ကဲ အကိုကြီးတို့ ငွေတွေကို စိတ်ကြိုက်ရေတွက်ကြည့်ပါခင်ဗျာ”

“မရေတွက်တော့ပါဘူးဗျာ။ ခုနက သူရေတွက်ပြတာ ပြည့်ပါတယ်”

ကျုပ်တို့အားလုံးမျက်မြင်ပဲဆိုတော့ လက်ခံလိုက်ကြတာပေါ့ဗျာ၊ အသားမဲမဲနဲ့လူကြီးက ငွေတွေပေးပြီးတဲ့အချိန်ကျတော့။

“အကိုကြီး ဒီစာရွက်မှာလတ်မှတ်ထိုးပေးပါ၊ ငွေတွေအကုန်ချေပြီးဆိုတဲ့အကြောင်းနဲ့ ဒီပဲတွေကို ရောင်းချပြီးတဲ့အကြောင်း”

အဖေကတော့ ထူးဆန်းနေတာပေါ့။

“ခင်ဗျားတို့ကလည်းဗျာ၊ ပဲဝယ်တာပဲ စာတစ်တန် ပေတစ်တန်နဲ့လုပ်နေသေးတယ်”

အသားမဲမဲလူကြီးက ပြုံးလိုက်ပြီး

“ကျုပ်တို့ကလည်း တစ်ဖက်က သူဌေးကိုပြန်ပြဖို့ပါခင်ဗျ၊ ကဲ အားလုံးအဆင်ပြေပြီဆိုတော့ ကျုပ်တို့သွားတော့မယ်၊ မနက်ဖြန်ကျရင် လှည်းတွေနဲ့လာတိုက်မယ်”

“ကောင်းပါပြီဗျာ”

ပဲဝယ်တဲ့လူကြီးတွေထွက်သွားတယ်၊ ကျုပ်တို့လည်း ဈေးကောင်းရလိုက်တာဆိုတော့ ပျော်နေတာပေါ့ဗျာ၊ တစ်ယာခင်းလုံးကထွက်တဲ့ပဲကို ဝယ်သွားတဲ့အပြင် လက်ငင်းလည်း ငွေချေသွားတာဆိုတော့ ပျော်တာပေါ့၊ အမေတို့က ကျုပ်ကိုဆူဖို့တောင် သတိမရတော့ဘဲ ငွေတွေကိုပဲကြည့်နေတယ်။

အဖေကတော့ ငွေအုပ်တွေကိုကိုင်ကြည့်ပြီးတော့ ခွဲခြမ်းစိတ်ဖြာနေတယ်။

“ဟောဒါက ငါတို့အလှူလုပ်ဖို့အတွက် ငွေ”

“ဒါကတော့ မျိုးစေ့ဖိုးတွေ ပေးဖို့ငွေ”

အဖေက ငွေတွေကိုရေတွက်ပြီးစားပွဲပေါ်မှာ အပုံလေးတွေပုံနေတယ်၊ ကျုပ်တို့လည်း မုန့်ဖိုးရမလားဆိုပြီး အဖေ့ဘေးနားမှာ ရစ်သီရစ်သီလုပ်နေတာပေါ့၊ ဒါပေမယ့် အဖေက မျက်နှာပျက်နေတယ်ဗျ။

“ငွေတွေက လျော့နေသလိုပဲကွ”

“မဖြစ်နိုင်ပါဘူးတော်၊ တော့အရှေ့မှာတင် ဟိုက ရေပြသွားတာမဟုတ်လား၊ ကျုပ်တို့အားလုံးလည်း မြင်လိုက်တယ်လေ”

“အေးကွ၊ ဟုတ်တော့ဟုတ်တယ်၊ ဒါပေမယ့် ငွေတွေက လိုနေတယ်ကွ”

အဖေနဲ့အမေက မယုံသင်္ကာနဲ့ ငွေတွေအကုန်စုပြီး ပြန်ရေတွက်ကြည့်တော့ ကျုပ်တို့ရဖို့ရှိတဲ့ငွေရဲ့ လေးပုံတစ်ပုံလောက် လိုနေတယ်ဗျာ။ လေးငါးကြိမ်ပြန်တွက်လိုက်တော့လည်း လိုနေပြန်ပါရော၊ အဖေနဲ့အမေတို့ ခေါင်းစားပြီပေါ့ဗျာ၊ ကံကောင်းသွားတာက ငွေတွေကို မသိမ်းခင် ရေတွက်လိုက်လို့ပဲ၊ သိမ်းပြီးနောက်နေ့လောက်မှ ငွေလျော့တာသိတယ်ဆိုရင်တော့ ကျုပ်တို့ကိုခိုးတယ်ဆိုပြီး စွပ်စွဲနေအုံးမှာ၊ အခုတော့ လူတွေအားလုံးကြည့်နေတဲ့ကြားထဲကမှ ငွေကလိုနေတာဆိုတော့ အဖေတို့ ခေါင်းမီးတောက်ပြီပေါ့။

“သူတို့ပေးကတည်းက မပြည့်တာနေမယ်”

အမေက ဝင်ပြောတယ်ဗျ။ အဖေက ခေါင်းညိတ်လိုက်ပြီး

“ကဲ၊ သူတို့ပေးတဲ့ငွေတွေကို ဒီအတိုင်းပဲ အကုန်စုထား၊ မနက်ဖြန်သူတို့ပြန်လာတော့ သူတို့ကိုအကျိုးအကြောင်းပြောပြရတာပေါ့ကွာ”

အဖေလဲ သက်ပြင်းတစ်ချချနဲ့ပေါ့ဗျာ၊ နောက်တော့ အကိုကြီးက ကျုပ်ကိုလက်ကုပ်ပြီး အိမ်နောက်ဖေးကို ခေါ်သွားတယ်ဗျ။

“ဟေ့အလတ်ကောင် အဲဒီလူကြီးကို ငါမှတ်မိပြီကွ၊ သူ့နာမည်က ရှပ်လဂွဲ ငွေတိုးတဲ့၊ သူလုပ်လို့ငွေမပြည့်တာဖြစ်မယ်”

အကိုကြီးက အရင်တုန်းကတည်းက ဂျင်တွေဘာတွေ ဆော့တာ ဝါသနာပါတယ်ဆိုတော့ တစ်နေရာရာက ဂျင်ဝိုင်းမှာ သူတို့ဆုံခဲ့ကြတာဖြစ်မယ်၊ သူက ငွေကိုင်ရှပ်လဂွဲတွေအကြောင်း ပြောပြလိုက်တော့မှ ကျုပ်လည်းဇာတ်ရည်လယ်သွားတာဗျ။

“ဒါဆို အဖေ့ကိုပြောပြလိုက်ရင်ရော”

“ပြောလို့မဖြစ်ဘူးကွ၊ ငါပြောလိုက်ရင် ငါ့အကြောင်းတွေ အကုန်ပေါ်ကုန်မှာပေါ့၊ သွားပါပြီကွာ၊ ဒီကောင်တွေက လူလိမ်တွေကွ”

(၄)

ဒီလိုနဲ့ နောက်နေ့ရောက်တော့ လှည်းတွေအတန်းလိုက်ကြီးနဲ့ပဲတိုက်ဖို့ ရောက်လာပါရော၊ ဒီလူကြီးကလည်း လက်ဆွဲအိတ်ကြီးတကားကားနဲ့ပေါ့ဗျာ၊ သူတို့ရောက်လာတယ်ဆိုရင်ပဲ အဖေက မနေ့က သူတို့ပေးခဲ့တဲ့ပိုက်ဆံတွေကို ပြန်ချပေးလိုက်တယ်။

“ခင်ဗျားတို့ပေးခဲ့တဲ့ ပိုက်ဆံတွေကို ခင်ဗျားတို့ပြန်ရေကြည့်ကြစမ်းဗျာ”

အဲဒီလူကြီးတွေက ကြောင်အမ်းအမ်းနဲ့ ပိုက်ဆံတွေကောက်ပြီးရေတွက်တယ်ဗျ။ နောက်တော့ ဘာမှမသိသလိုနဲ့ အဖေ့ကိုကြည့်တယ်။

“အဲဒါ ခင်ဗျားတို့ပေးသွားတဲ့ပိုက်ဆံအတိုင်းပဲ၊ ကျုပ်တို့ တစ်ကျပ်တောင်မသုံးထားဘူး၊ အခု ပိုက်ဆံတွေလိုနေတယ်မဟုတ်လား”

အဲဒိလူကြီးနဲ့ လူငါးယောက်လောက်က အဖေ့ကို လူလိမ်ဆိုတဲ့ မျက်နှာပေးနဲ့ ဝိုင်းကြည့်တာဗျာ၊ အသားမဲမဲနဲ့လူကြီးက

“သူကြီးရာ၊ အဲဒီလိုတော့ မလုပ်သင့်ပါဘူး၊ အကိုကြီးက သူကြီးတစ်ယောက်ဖြစ်ပြီး ကျုပ်တို့အပေါ်ကို ဒီလိုမျိုးမလုပ်သင့်ပါဘူး”

အဖေတို့လည်း ဒေါသထွက်ကုန်တာပေါ့။

“ဒီမယ်၊ ဒီငွေတွေက ခင်ဗျားတို့ပေးထားတဲ့အတိုင်းပဲ ကျုပ်တို့မသုံးထားပါဘူးဆိုနေ”

“ဟုတ်ပါပြီ၊ အကိုကြီးက ဒီငွေတွေထဲက တစ်ချို့ကိုယူထားပြီး မပြည့်ဘူးလို့ပြောပါပြီတဲ့၊ ကျုပ်တို့က ဘယ်လိုလုပ်ပြီးသိနိုင်မလဲ”

“မယူပါဘူးဆိုနေဗျာ၊ ကျုပ် ဘုရားနဲ့တိုင်တည်ပြီးကျိန်ဆို ကျိန်ပြမယ်”

“မလိုပါဘူးအကိုကြီးရာ၊ ကျုပ်တို့လည်း ကောင်းရောင်းကောင်းဝယ်လုပ်နေတဲ့လူတွေပါ၊ အကိုကြီး ဒီလိုတော့ ကျုပ်တို့အပေါ်ကို ဖျံမကျသင့်ဘူး၊ နောက်ပြီးတော့ ဒီငွေတွေကို အားလုံးအရှေ့မှာ မနေ့ကပဲရေတွက်ပြခဲ့တယ်မဟုတ်လား၊ သုံးလေးခေါက်ရေတွက်တာတောင်မှ ငွေတွေကအပြည့်ပဲမဟုတ်ဘူးလား”

“ဟုတ်တယ်ဗျ၊ ကျုပ်တို့မျက်စိနဲ့တပ်အပ်မြင်တာ၊ ခင်ဗျားတို့ ကလိမ်ကကျစ်မလုပ်နဲ့”

သူနဲ့အတူတူပါလာတဲ့လူတွေက ဒေါသတွေထွက်ပြနေရောဗျာ။ နောက်တော့ အသားမဲမဲနဲ့လူကြီးက စာရွက်ထုတ်ပြတယ်။

“ပြီးတော့ မနေ့ကဘဲ ဒီဈေးနဲ့ပဲတွေကို ဝယ်ခဲ့ပါတယ်ဆိုပြီး အကိုကြီးကိုယ်တိုက်လတ်မှတ်ထိုးခဲ့တာပဲ၊ ကျုပ်တို့က ရဲမတိုင်ချင်လို့နော် ရဲတိုင်ရင် အကိုကြီးတို့ပဲ ပြသနာတက်မှာ”

အဖေဘာမှမပြောနိုင်တော့ဘူးဗျာ၊ ခုံတန်းကလေးပေါ်ကိုငုတ်တုတ်ထိုင်ပြီး ကျသွားတော့တာပဲ၊ ကျုပ်တို့လည်း မကျေနပ်ဘူးပေါ့ဗျာ၊ ဒီလူတွေက အဖေ့ကို ငွေလိုချင်လို့ တမင်ဇာတ်လမ်းဆင်တယ်ဆိုပြီးတော့ သူတို့ကပဲ ဒေါသထွက်နေကြသေးတယ်ဗျာ၊ ကျုပ်တို့တစ်မိသားစုလုံးကိုလည်း သူခိုးတွေလိုလို အကြည့်တွေနဲ့ ကြည့်ကြတာ။

“ကဲဗျာ၊ ခင်ဗျားတို့ဝယ်ထားတဲ့ပဲတွေကို အကုန်လုံးသာ တိုက်ချသွားပါတော့”

အသားမဲမဲနဲ့လူက အဲဒီတော့မှ ပြုံးလိုက်တယ်ဗျ၊ သူ့အပြုံးက အောင်နိုင်သူအပြုံးမျိုး၊ ကျုပ်ဖြင့် သူ့မျက်နှာကြီးကိုကြည့်ပြီး အမြင်ကတ်လို့ တံတွေးနဲ့ချည်း ထွေးချင်တာ၊ အဖေကလည်းသူအလိမ်ခံရတာကို ရွာထဲမပြောဖို့မှာတယ်ဗျ၊ သူကြီးကိုယ်တိုင် အလိမ်ခံရတာကို ရှက်လို့လားတော့မသိပါဘူး၊ ဒီလူတွေက ကျုပ်တို့ဆီက ဝယ်ပြီးမကြာပါဘူးဗျာ၊ တခြားရွာက လူတွေဆီကလဲ ပဲတွေ၊ နှမ်းတွေ ဝယ်ကြသေးတယ်၊ အဖေကလည်း ကျုပ်ကိုသတိသွားပေးခိုင်းတာပေါ့။

ကျုပ်လည်း အဲဒီလူတွေနဲ့ ရောင်းစကားဝယ်စကားပြောမယ့်အိမ်ကို ထွက်လာခဲ့တာပေါ့ဗျာ၊

“ဦးလေး၊ အဲဒီလူတွေက ကလိမ်ကကျစ်တွေ၊ ဒီလူတွေကိုမရောင်းဘဲ ရွာကိုလာကောက်နေကျ ကုန်သည်ကိုပဲရောင်းပါလို့ အဖေကမှာလိုက်တယ်”

ကျုပ်ဦးလေးက ကျုပ်ကိုစိမ်းစိမ်းကြီး ကြည့်တယ်ဗျ။

“အောင်မာ၊ သူတို့က ငါတို့ကြိုက်ဈေးကိုပေးတာကွ၊ ပြီးတော့ မင်းတို့ကျတော့ သူတို့ကိုရောင်းပြီး၊ ငါတို့ကိုကျတော့ မရောင်းပါနဲ့တဲ့လား”

သူတို့က သူတို့ကိုမနာလိုလို့ ပြောတယ်လို့ပဲထင်နေတာ၊ ကျုပ်လည်း တတ်နိုင်သလောက် လိုက်ပြောပေမယ့် ဆယ်အိမ်မှာ တစ်အိမ်လောက်ပဲ ကျုပ်တို့စကားကိုနားဝင်တာဗျာ၊

“အေးပေါ့ကွာ၊ ငါတို့သင်ခန်းစာရခဲ့လို သူတို့လည်း သင်ခန်းစာရမှာပေါ့”

အဖေပြောလို့မဆုံးသေးဘူး၊ ကျန်တဲ့လူတွေလည်း ခံရပါရောလား၊ တစ်အိမ်ဆိုရင် ကျုပ်တို့ဆီကိုလာတိုင်လို့ အဖေကတောင်ဖြေရှင်းပေးလိုက်ရသေးတယ်၊ အဲဒီအိမ်ဆိုရင် ကျုပ်တို့အဖေဘက်က အမျိုးဆိုပေမယ့် အဖေက ဒီကုန်သည်တွေဘက်က ပြောပေးတယ်ဆိုပြီး အဖေ့ကိုမုန်းသွားတာ အခုထိပဲဗျာ၊ အမှန်တော့ သူတို့ဘက်က လိုက်ပြောတာမဟုတ်ဘူး၊ သူတို့က လိမ်စားနေတဲ့သူတွေဆိုတော့ အကုန်အကွက်စေ့ကြိုပြင်ထားတာ၊ မကျေနပ်လို့ ရဲသွားတိုင်ရင်လည်း ကိုယ်တွေပဲ ခံရမှာလေ။

ကျုပ်လည်း မကျေနပ်တာနဲ့ ဦးဘသာကြီးနဲ့တွေ့တော့ အဲဒီအကြောင်းကိုပြောမိပါရော၊ ဦးဘသာကြီးကလည်း မကျေနပ်ဘူးဗျာ၊ ဟိုလူတွေကလည်း တစ်ရွာလုံးကို ပတ်လိမ်တာဗျ၊ ငွေတွေမပြည့်ဘူးလို့ ပြောနေကြတာတောင်မှ အလိမ်ခံရတဲ့လူတွေ သေသေချာချာမစစ်လို့နေမှာပေါ့ဆိုပြီး ပြန်ပြောကြသေးတာ၊ နှစ်ပတ်လောက်ကြာတော့ တစ်ရွာလုံးက ယာသမားတွေအကုန် အလိမ်ခံထိပြီးပြီ၊ တစ်ချို့ကလည်း ကိုယ်အလိမ်ခံရတာကိုမပြောဘဲ တိုးတိုးတိတ်တိတ်နေကြတယ်၊ တစ်ချို့တော့ တိုင်ကြတောကြနဲ့ပေါ့၊ တိုင်လိုက်ရင်လည်း ရှုံးကြတာများပါတယ်။

“ဒီကောင်တွေကို ဒီအတိုင်းပဲလွှတ်ထားတော့မှာလား ဦးဘသာကြီးရာ၊ တစ်နေ့ကဆို မုဆိုးမ အရီးပုတို့ကို လိမ်သွားတာ၊ ငွေက တစ်ဝက်တောင်လိုနေတာတဲ့ဗျာ”

“အေးကွာ၊ ငါလည်းမပါတော့ဘူးလို့ နေမလို့ပဲ၊ အခုတော့ ဒင်းတို့မှတ်သွားအောင် လုပ်မှရတော့မယ်၊ ဒီလိုလုပ်ကွာ ငါလည်း ဒီကောင်တွေကို ပဲရောင်းမယ်လို့ပြောလိုက်မယ်”

ကျုပ်လည်း စိတ်ဝင်စားတာပေါ့ဗျာ၊ ဒီလူတွေကလည်း ဦးဘသာကြီးဆီက ပဲကိုဝယ်မယ်တဲ့၊ ဦးဘသာကြီးက ပဲကို ကျီသုံးလုံးစာရောင်းမှာတဲ့ဗျာ၊ ဦးဘသာကြီး ယာမစိုက်ဘူးဆိုတာ ခင်ဗျားတို့ကျွန်တော်တို့သိပြီးသားပါ၊ သူ့မှာ ပဲဘယ်ကရမလဲဗျ။

(၅)

နောက်နှစ်ရက်ကြာတော့ ဦးဘသာကြီးအိမ်ကို ဒီလူတွေရောက်လာကြတယ်ဗျ၊ ဦးဘသာကြီးအိမ်နောက်ဖေးမှာ ကျီသုံးလုံးရှိတယ်၊ ကျုပ်လည်း ခမောက်ကို ခပ်စိုက်စိုက်စောင်းပြီးတော့ မသိမသာကလေး ကြည့်တာပေါ့ဗျာ၊ ဦးဘသာကြီးက ကျီတွေဖွင့်ပြလိုက်တော့ ပဲတွေက ကျီအပြည့်ဘဲဗျာ။

“ကြိုက်ပြီဦးလေး၊ ကျုပ်တို့လည်း တင်းလေးငါးဆယ် ဝယ်ချင်တာမဟုတ်ဘူးဗျ၊ အခုလို ကျီပြတ်ပဲ ဝယ်ချင်တာ၊ ဦးလေးအကုန်ရောင်းနိုင်မလား”

ဦးဘသာကြီးက ပြုံးနေတယ်ဗျ။

“အောင်မယ်လေးမောင်ရင်တို့မှာသာ ဒီကျီတွေကို ဝယ်နိုင်မယ့်ငွေ ရှိရင်၊ ဒီကျီသုံးလုံးကို အကုန်ရောင်းပေးလိုက်မယ်”

တစ်ဖက်က လောဘသားတွေက အကြိုက်တွေ့သွားပြီပေါ့ဗျာ၊ ပိုက်ဆံဆိုတာက များလေလေ လှည့်လို့ကောင်းလေလေမဟုတ်လား၊ ဒါနဲ့ဒီလူတွေက မြို့ပေါ်ပြန်သွားတယ်ဗျ၊ နောက်တစ်ရက်တော့ လှည်းကိုအစီးငါးဆယ်လောက် ခေါ်ချလာတာ၊ ငွေကလည်းများတယ်ဆိုတော့ တစ်ခါတည်း ပဲတွေတိုက်ပြီးတော့ တစ်ခါတည်းငွေချေမယ်ပေါ့ဗျာ။

ငွေက ပမာဏများတော့ ဦးဘသာအိမ်ရှေ့က ကြမ်းခင်းမှာ အပုံလိုက်ချထားတာပေါ့ဗျာ၊ ငွေတိုးကတော့ ငွေတွေကို ထုံးစံအတိုင်း တစ်ရွှတ်ရွှတ်နဲ့ရေတွက်နေတယ်။

“ဦးလေး ပိုက်ဆံတွေကိုရေကြည့်ပါအုံး”

အသားမဲမဲနဲ့လူကြီးကပြောတယ်ဗျ။

“အိုကွာ၊ ငါကအသက်လည်းကြီးနေပါပြီ၊ မျက်စေ့လည်း မှုန်နေပါပြီကွ၊ မောင်ရင်တို့သာ ရေတွက်ပြီးကျသင့်ငွေကို ပေးသွားကြပေါ့၊ ဟုတ်သလား”

ဒါတောင်မှ ငွေတိုးက သုံးခါလောက်ပြန်ရေတွက်ပြနေသေးတာ၊ သူတို့ပေးတာ ပြည့်တယ်ဆိုတဲ့အကြောင်းသိအောင်ပေါ့ဗျာ၊ နောက်တော့ ဦးဘသာကြီးကို ငွေပုံကြီးအပ်လိုက်တာနဲ့ ဦးဘသာကြီးက ငွေတွေကိုပုဆိုးနဲ့ထုပ်လိုက်ပါရော။

“ဦးလေး ကျွန်တော်တို့ တစ်ခါတည်း တိုက်သွားမယ်နော်”

“အေးပါကွာ၊ မောင်ရင်တို့ သဘောရှိသာ တင်ကြပေတော့”

လူလိမ်တွေလည်း ပဲတွေကိုတိုက်တာပေါ့ဗျာ။ ဒီလူတွေ တော်တော်လည်း ကျေနပ်နေပုံရတယ်ဗျ၊ အသားမဲမဲနဲ့လူကြီးဆိုရင် သွားကြီးကိုဖြီးနေတာပဲပေါ့။ သူတို့ကိုကြည့်ပြီး ကျုပ်လည်းပျော်တယ်၊ ဒီလူတွေ တစ်ခုခုတော့ ခံရတော့မယ်ဆိုတာ တွေးပြီးပျော်နေတာပေါ့ဗျာ။

ဒီလိုနဲ့ လှည်းအစီးငါးဆယ်နဲ့ ပဲတွေတိုက်ပြီးရွာကနေအတန်းလိုက်ကြီးထွက်သွားပါရောလား၊ ရွာသားတွေဆိုလည်း ထူးဆန်းလို့ထွက်ကြည့်ကြတာပေါ့၊ လှည်းတွေထွက်ပြီး တော်တော်ကြာမှ ဦးဘသာကြီးက ပုဆိုးကိုဖြေလိုက်တယ်၊ အထဲက ပိုက်ဆံထုပ်ကို ကျုပ်ကိုရေတွက်ခိုင်းတာပေါ့ဗျာ၊ ကျုပ်လည်း ရေတွက်လိုက်တော့မှ ပိုက်ဆံတွေက တကယ်တမ်းရသင့်တာထက် တစ်ဝက်လောက်လိုနေတာဗျ၊

“ကဲ ဟေ့ကောင်လေး၊ မင်းအဖေကိုသွားခေါ်၊ နောက်ပြီး ရွာဦးကျောင်းက ဆရာတော်ကိုလည်း ပင့်ခဲ့ကွာ”

“ဦးဘသာကြီးက ဘာလုပ်မလို့လဲ”

“ဒီငွေတွေကို ဒီကောင်တွေပြန်မလာခင် လှူမလို့ကွ”

ကျုပ်လည်း သိလိုက်ပြီလေဗျာ။ ဒါနဲ့ အဖေ့ကိုအကျိုးအကြောင်းပြောပြရတာပေါ့၊ ဦးဘသာကြီးက ပဲတွေရောင်းရတဲ့ငွေတွေကို ဆရာတော်ကိုလှူမယ်ဆိုပြီးတော့၊ အဖေက အစက ကျုပ်လျှောက်ပြောတယ်ထင်နေတာဗျ၊ နောက်တော့ ဦးဘသာကြီးက ပိုက်ဆံထုပ်ကြီးနဲ့ ကျုပ်တို့အိမ်ကိုရောက်လာတော့မှ တကယ်ယုံသွားတာ၊ ဒါနဲ့ပဲ ရွာဦးကျောင်းက ဆရာတော်ကိုပြေးပင့်၊ အရပ်ထဲက လူကြီးတွေကိုပြေးခေါ်ရတာပေါ့၊ ကျုပ်တို့အိမ်မှာ လူတွေစုံသွားတာပေါ့ဗျာ၊ ဦးဘသာကြီးက ငွေထုပ်ကြီးကို စားပွဲပေါ်ပုံထားလိုက်တယ်။

“ဒကာကြီးဘသာ တကယ်ပြောတာလား၊ ဒီငွေတွေအကုန်လုံးကို ဦးဇင်းကိုလှူမှာလား”

“လှူပါတယ်၊ အားလုံးကို လှူပါတယ်”

ဦးဘသာကြိးက ကျောင်းကန်နဲ့ဝေးတယ်ဆိုတော့ ဘုန်းကြီးနဲ့စကားမပြောတတ်ဘူးဗျာ၊ လူလိုပဲပြောတာဗျ၊ ဒါနဲ့ ဆရာတော်က ဦးဘသာကြီးကိုဆုတွေပေးနေတုန်း အသားမဲမဲနဲ့လူဦးဆောင်တဲ့ လူလိမ်တစ်သိုက် သုတ်သီးသုတ်ပြာနဲ့ ပြေးလာကြပါရော။

“မောင်ရင်တို့လည်း အလှူမှာ ဝင်ပါချင်တယ်ထင်တယ်၊ ဒါပေမယ့် မရတော့ဘူး ဒီအလှူက ဦးလေးတစ်ယောက်တည်းရဲ့အလှူကွဲ့”

လူလိမ်တွေက စားပွဲပေါ်က ပိုက်ဆံထုပ်ကိုရော၊ ရွာလူကြီးတွေကိုရော ကြည့်တယ်။ နောက်တော့ သူ့လူတစ်ယောက်ထမ်းလာတဲ့ တင်းတောင်းကိုချခိုင်းတော့ တင်းတောင်းထဲမှာ စပါးခွံတွေချည်းဖြစ်နေပါရော။ အသားမဲမဲနဲ့လူက ဦးဘသာကြီးကို လက်ညှိုးထိုးပြီးတော့

“ဟေ့လူ၊ ခင်ဗျားရောင်းလိုက်တဲ့ပဲတွေက ကျုပ်တို့သယ်သွားပြီး လမ်းရောက်တော့ စပါးခွံတွေချည်း ဖြစ်နေပါလား”

ဦးဘသာကြီးကတော်တော်အံ့ဩသွားတဲ့ပုံနဲ့

“အလိုလေး၊ မောင်ရင်ကတော့ မဟုတ်တာတွေပြောရော့မယ်၊ ငါ့ဆီက မောင်ရင်ဝယ်သွားတာ ပဲတွေလေကွာ၊ ဘယ်လိုလုပ်စပါးခွံတွေဖြစ်ရမှာတုန်း”

ဦးဘသာကြီးက တအံ့တဩနဲ့ပြောနေတော့တာ၊ လူလိမ်တွေကလည်း အဖေ့ကိုကြည့်ပြီးတော့

“သူကြီးဆုံးဖြတ်ပေးပါ၊ ကျုပ်တို့သယ်သွားတာတွေက စပါးခွံတွေဖြစ်နေပါတယ်၊ ဒီမှာကြည့်ပါ၊ ဒါသက်သေပါပဲ”

အဖေကလည်း သူ့အကွက်ထဲရောက်လာပြီမဟုတ်လားဗျာ။

“နေစမ်းပါအုံး ခင်ဗျားတို့သူ့ဆီကနေ ပဲတွေဝယ်သွားပြီးတော့ လှည်းအစီးငါးဆယ်လောက်နဲ့ တိုက်ချသွားတာ တစ်ရွာလုံးမြင်တယ်လေ”

“အိုဗျာ၊ ကျုပ်တို့လှည်းတွေထဲမှာ အခု စပါးခွံတွေချည်းရှိနေတော့တယ်၊ ဒါ ဒီလူကြီးတမင်သက်သက် ညစ်ပတ်တာ၊ စပါးခွံတွေ ကျုပ်တို့မယူဘူး၊ ကျုပ်တို့ပိုက်ဆံကိုပြန်ပေးပါ”

“မရှိတော့ဘူးဟေ့၊ မင်းတို့ပိုက်ဆံကို ဆရာတော်ဆီကိုလှူလိုက်ပြီကွ”

ဦးဘသာကြီးက အတည်ပေါက်နဲ့ထပြောတယ်၊ လူလိမ်တွေ ဒေါသထွက်ပြိး မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ဗျာ၊ ချွေးတွေကလည်း စီးကျနေပြီး ပူလောင်နေကြတာပေါ့။ အဖေက မတ်တပ်ရပ်လိုက်ပြီး

“ကျုပ်ဘာမှ မပြောချင်တော့ဘူး၊ ခင်ဗျားတို့မကျေနပ်ရင် ကြိုက်တဲ့နေရာသွားတိုင်ကြပါ၊ ကျုပ်တို့ကတော့ သက်သေလိုက်ပေးမယ်၊ ခင်ဗျားတို့ ကျီထဲကနေ တိုက်သွားတာ ပဲတွေပဲ၊ လှည်းတွေနဲ့သယ်သွားတာလဲ ပဲတွေပဲ ဆိုတာ တစ်ရွာလုံးမြင်ပြီးသား”

“ခင်ဗျားတို့ပေါင်းပြီး မညစ်ပတ်နဲ့ဗျာ၊ ဒီမှာ တောင်းကိုကြည့် စပါးခွံတွေချည်းပဲမဟုတ်လား”

ကျုပ်တို့တွေအကုန်လုံး ဒီလူတွေကို လူလိမ်လူညာတွေဆိုတဲ့ မျက်လုံးမျိုးနဲ့ဝိုင်းကြည့်လိုက်တာပေါ့ဗျာ။ အဖေက

“ခင်ဗျားတို့က ပဲတွေကိုတစ်နေရာမှာပုံပြီးတော့ စပါးခွံတွေယူတယ်ဆိုရင် ဘယ်လိုလုပ်မလဲ၊ ခင်ဗျားတို့ဗျာ၊ ကျုပ်တို့လို မရှိဆင်းရဲသား တောသူတောင်သားတွေကို ဒီလိုလိမ်စားဖို့ မကောင်းပါဘူး”

အသားမဲမဲနဲ့လူကြီးက အဖေ့ကိုတော်တော်မကျေနပ်တဲ့အကြည့်နဲ့ကြည့်သွားတာဗျ၊

“ဟေ့သူကြီး ခင်ဗျားထမင်းဝအောင်စားထား၊ ခင်ဗျားတို့ကို ကျုပ်အပေါ်အထိရောက်အောင်တိုင်မယ်၊ ကျုပ်လက်တံဘယ်လောက်ရှည်တယ်ဆိုတာ ခင်ဗျားတို့သိစေရမယ်”

“တိုင်စမ်းပါကွာ၊ အပေါ်အထိမကလို့ ဟိုးနတ်ပြည်တက်ပြီးတိုင်ချင်လည်းရပါတယ်ကွ”

ဦးဘသာကြီးထပြောလိုက်တော့ အိမ်မှာရှိတဲ့လူတွေက ဝါးလုံးကွဲရယ်မောလိုက်ကြတယ်ဗျာ၊ ဒီလူတွေလည်း တောက်တစ်ခေါက်ခေါက်နဲ့ ရွာကနေပြန်ထွက်သွားကြပါရော၊ ရွာကလူတွေကလည်း ဒီလူတွေဆီမှာ ခံခဲ့ရတော့ ဦးဘသာကြီးလုပ်တာမှန်းသိပေမယ့် ကောင်းတယ်ဆိုပြီး ဝိုင်းပျော်နေကြတာပေါ့ဗျာ၊ နောက်မှသိရတာက ဦးဘသာကြီးက စပါးခွံတွေကို ဝယ်ပြီးတော့ ကျီထဲထည့်ထားတယ်ဆိုတာပဲ၊ သူ့ပညာနဲ့ တစ်ခုခုလုပ်လိုက်လို့ ဟိုလူတွေက ပဲတွေလို့ထင်ကုန်တာပေါ့ဗျာ၊ ဦးဘသာဆိုတာ သစ်ရွက်ခြောက်ကိုတောင် ဟင်းဖြစ်အောင်ပြောင်းနိုင်တဲ့လူဆိုတော့ ဒီလောက်က အသာကလေးပေါ့ဗျာ။

အဲဒီလူတွေလည်း နောက်ထပ်ရွာကိုမလာတော့ပါဘူး၊ တိုင်မယ်တန်းမယ်ဆိုပြီး ပြောသွားပေမယ့် ဘာမှလည်းထပ်မဖြစ်တော့ပါဘူးဗျာ၊ လူလိမ်တွေဆိုတော့ ဘယ်တိုင်ရဲပါ့မလဲဗျာ၊ ဦးဘသာကြီးလုပ်သွားတဲ့အကွက်က လှတယ်ဗျာ၊ ဒီကောင်တွေရဲ့လုပ်နည်းအတိုင်း ပြန်ပြီးလုပ်သွားတာ။

ကျုပ်တို့ကတော့ ပျော်တာပေါ့ဗျာ၊ ဘာလို့လဲဆိုတော့ ဦးဘသာကြီးငွေတွေနဲ့ ရွာမှာပဌာန်းပွဲကျင်းပပြီး အလှူကြီးလည်းလုပ်တယ်ဆိုတော့ ကျုပ်တို့စားရသောက်ရလို့ ပျော်တာပေါ့ဗျာ၊ အဲဒီနောက်ပိုင်းတော့ ရွာကလူတွေက ဦးဘသာကြီးအပေါ်ကို နည်းနည်းတော့ပြောင်းလဲသွားကြတယ်၊ အရင်အတိုင်း ခေါ်ပြောနှုတ်ဆက်ကြတယ်ပေါ့ဗျာ၊ ကျုပ်အခုပြန်တွေးတော့ အဲဒီငွေကိုင် ငွေတိုးဆိုတဲ့လူကို သိပ်ကျေးဇူးတင်တယ်ဗျာ၊ သူသာ မလာခဲ့ရင် ဦးဘသာကြီးနာမည်ပျက်နေတာကို ဘယ်လိုရှင်းမလဲဗျာ၊ မဟုတ်ဘူးလား။

ဒီနေ့တော့ တော်လောက်ပြီဆရာရေ၊ နောက်နေ့ကျတော့မှ အောက်လမ်းဘသော်တို့ဘာဆက်ဖြစ်သွားတယ်ဆိုတာ ဆက်ပြောပြအုံးမယ်ဗျာ။

ပြီးပါပြီ။