တောမာယာ

ရဲဘက် မုဆိုးအောင်သန်းနှင့် တင်သောင်းတို့အပြင် ထမင်းချက် ရဲဘက်လှအေးပါ ပါလာသဖြင့် အဆင်ပြေသည်။

ဆီ၊ ဆန်၊ ဆား၊ ငရုတ်၊ ကြက်သွန်ကို ရိက္ခာက ထုတ် ပေးသည်။

ဟင်းချက်စရာ အသီးအနှံနှင့် အကောင်ပလောင်ကို မုဆိုးအောင်သန်းနှင့် တင်သောင်းက နေ့စဉ်ရှာပေးသည်။ တင်သောင်းမှာ သစ်ပင်တက် အလွန်တော်သဖြင့် စခန်းတစ်ခုလုံးက သူ့အား မျောက်ဘွဲ့ထူးပေး ထားသည်။ ထို့ကြောင့် မျောက်တင်သောင်းဟု ခေါ်ကြသည်။ တကယ်ပင် မျောက်တစ်ကောင်အလား စွမ်းဆောင်နိုင်ရည်ရှိသူ ဖြစ်သဖြင့် အလွန်အားကိုးရသည်။

ကျွန်တော်တို့ စခန်းအလုပ်တာဝန်မှာ လမ်းအူကြောင်းရှာ၊ သစ်ပင်ခုတ်၍ တောရှင်းရခြင်းဖြစ်သည်။ လမ်းနယ်မြေ ပေ (၆ဝဝ) အပြောင်ရှင်းခြင်းက မင်းကုန်းစခန်းနှင့် ရေနက်ကြီးစခန်းအထိသာ ရောက်သေးသည်။ ထို့ကြောင့် အလုပ်ပါးသည်။

မေလအတွင်း မိုးကျတော့မည်ဖြစ်သဖြင့် စခန်းကို အမိုးအကာလုံခြုံအောင် ပြုပြင်ရသည်။ စခန်းပတ်လည်တွင် အင်ပင်များနှင့် မျှင်ဝါးများက ပေါသည်။ တတ်ကျွမ်းသူ ရဲဘက်က နည်းပြပေးသည်နှင့် အင်ဖက်များအား ဓနိပျစ်စီသလို သီစီ၍ အကန့်လိုက်မိုးရခြင်းဖြစ်သည်။

စခန်းအနီးပတ်ဝန်းကျင်တွင် မိုးတစ်ပြိုက်နှစ်ပြိုက်ကျသည်နှင့် မြေတွင်းအောင်း မြွေနှင့် ဖား၊ ပွေး၊ ဖွတ်၊ ပုတတ်များပေါ်သလို မှိုနှင့် ဆိတ်ဖူး၊ မာလာဖူးများက အစီအရီ မြေထဲက ထွက်လာကြသည်။

ကြခတ်မျှစ်၊ မျှင်ဝါး၊ ကြသောင်းဝါး၊ ဝါးဘိုးဝါးမျှစ်များက အလွန်ပေါသည်။

ကျွန်တော် အကြိုက်ဆုံးက မြေကားလမ်းဘေး၊ စက်ကြီးထိုးထားရာ မြေအောက်များ၌ တုတ်ခိုင်သန်မာပြီး အညိုရောင် စိန်နဘော်အစို့ကြီးများ ဖြစ်သည်။ အချို့က လက်ဖျံခန့်ရှိသည်။ ပြုတ်တို့လို့လည်း ရသည်။ ငါးပေါက်ကလေးများဖြင့် ချဉ်ရည်ဟင်းချက်စားလျှင် အလွန်ကောင်းသည်။ ကြော်စားလျှင်လည်း ပျစ်ချွဲချွဲနှင့် ခံတွင်းကို မြိန်စေသည်။

မာလာဖူးကတော့ အစိမ်းရောင်နှင့် နီညိုရောင် နှစ်မျိုးရှိသည်။ ပြုတ်၍ တို့ရခြင်းဖြစ်သည်။

ထိုအပင်က ဘဝနှစ်မျိုး။ နွေရာသီ၊ တောတွင်းမီးလောင်ကွက် ဝါးရုံပင်များအောက်၌ ပုတတ်စာအဖြစ် အပွင့်ဖြူဖြူကလေးများ ပွင့်သည်။ တို့စရာနှင့် ဟင်းခါးချက်စားလျှင် အလွန်ကောင်းသည်။ မိုးရာသီကျတော့ ထိုအပင်မှပင် မာလာဖူးအဖြစ် ထွက်လာပြန်သည်။

ဆိတ်ဖူးကတော့ သန့်သောမြေနေရာ၌ ပေါက်တတ်သည်။ တောင်ပို့မြေကို ကြိုက်သည်။ မှိုလိုပင် အုံနှင့်ကျင်းနှင့် ပေါက်တတ်သည်။ အလွန်မွှေးသော ဥကလေးများ ပါသဖြင့် အစိမ်းတို့စား၍လည်း ရသည်။ ကြက်ရိုးဟင်းကို ဆိတ်ဖူး ထောင်းထည့်၍ ဟင်းခါးအရည်သောက် ချက်စားပါက နှုတ်ကို အလွန် မြိန်စေသည်။ ဝမ်းနာပန်းနာရောဂါ ပျောက်ကင်းစေသည်။

သိကြားမင်းနှင့် အသူရာမင်းတို့ စစ်ဖြစ်လျှင် ပွင့်သော သခွပ်ပွင့်များကလည်း မိုးဦးကျ၊ မိုးခြိမ်းသံနှင့်အတူ တစ်ပင်လုံး ဆွတ်ဆွတ်ဖြူနေအောင် ပွင့်တတ်သည်။ သခွပ်ပင်ရင်း၌ သခွပ်ပွင့်များက မိုးလင်းလျှင် အခြေ၌ ဖွေးဖွေးလှုပ်အောင် ကြွေတတ်သည်။ အတန်ငယ် သက်သော်လည်း မှိုစား ရသလို ဝါး၍ အလွန်ကောင်းသည်။ ပြုတ်စား၊ သုတ်စား၍ အလွန်ကောင်းသည်။ လေကို ကြေစေသည်။ ဝမ်းပျော့ပျော့ သွားသည်။ လိပ်ခေါင်းရောဂါသည်များအတွက် အလွန်သင့်သည်။

ထို့အတူ မိုးဦးကျကာလတွင် အလွန်ပေါသည်က ကြောင်လျှာသီး၊ ကြောင်လျှာပွင့်နှင့် ကြောင်လျှာရွက်နုကို ပြုတ်၍ တို့ရသည်။ ပြုတ်၍ သုတ် စားသည်။ ကြောင်လျှာသီးကိုတော့ ကြော်စား၊ မီးဖုတ်၍ တို့စား၊ အချဉ်စိမ်၍ တို့စားကြသည်။

ကြောင်လျှာပင်က အလွန် ဆေးဘက်အသုံးဝင်သည်။ နားရောဂါအမျိုးမျိုးကို အသီး၊ အရွက်၊ အပွင့်စားခြင်းဖြင့် နားပူ နားကိုက် နားပြည်တည်ခြင်းများ ပျောက်ကင်းချမ်းသာစေသည်။

နောက်တစ်မျိုး မိုးရာသီ၌ပေါ်သည်က ကတက်ဥ။ ဥဆိုသော်လည်း အမွှေးအမှင်များနှင့် ဖြူဖြူအမြစ်ဥကလေးသာ ဖြစ်သည်။ ဟင်းချိုချက်ပြီး ပင်စိမ်းရွက်ခပ်ရသည်။ ချွဲချွဲကလေးဖြင့် ပူပူနွေးနွေးသောက်ရသည်။ နှုတ်ကို မြိန်စေသည်။ သုက်ကို ပွားစေသည်။ နာလန်ထ လူမမာများအတွက် အစား မဝင်သော အစာအိမ်ကို ပြုပြင်ကာကွယ်ပေးသည်။ အချွဲဓာတ်ပါ၍ လိပ်ခေါင်းရောဂါသမားများအတွက် ဆေးဘက်ဝင်သည်။ အစာဟောင်းအိမ်ကို သန့်ရှင်း ပေးသည်ဟု ဆိုသည်။

နောက်တစ်ခု မိုးရာသီ၌ထွက်သည်က ယင်းတိုက်ရွက်နုကလေးများပင်။ အဖန်ဓာတ်များသည်။ နှုတ်ကို မြိန်စေပြီး ခံတွင်းကောင်းစေသည်။ သို့သော် အဖန်ဓာတ်များသဖြင့် ချုပ်တတ်သည်။ လိပ်ခေါင်းရောဂါသမားများနှင့် အမျိုးသမီးများအတွက် မတည့်ပါ။ ယင်းတိုက်သားမှာ မည်းနက် ပြောင်လက်ပြီး မာကျောလွန်းလှသဖြင့် လက်ကိုင်တုတ်အဖြစ် အသုံးပြုကြသည်။

မိုးဦးကျကာလတွင် လူအများ စိတ်ဝင်အစားဆုံး သဘာဝ အစားအစာကတော့ ထီးဖြူဆောင်း၍ မင်းလောင်းပေါ်သော မှိုအမျိုးမျိုးဖြစ်ပါသည်။

ဖက်ဆွတ်မှို၊ တောင်ပို့မှို၊ ဝါးရုံမှို၊ ကြခတ်မှို၊ ကြွက်နားရွက်မှို၊ ဝါးမှို၊ သစ်တုံးမှို အမျိုးမျိုး ရှိကြသည်။

သဘာဝမှိုများဖြစ်သည့် အဆိပ်ရှိသောမှိုက ခြေကျင်းပါတတ်သည်။ အရောင်ရှိသော မှိုများကို မစားသင့်၊ မှိုပွင့်ကို ချေကြည့်ပါက အရောင်ပြောင်းသွားလျှင် အဆိပ်ရှိသည်၊ မစားသင့်။

မှိုအမျိုးမျိုးမှာ ဗီတာမင်မျိုးစုံ ပါသည်။ နှုတ်ကို မြိန်စေသည်။ ကန်စွန်းရွက်နှင့် ငရုတ်သီးစိမ်း ထည့်ကြော်လျှင် အလွန်စားကောင်းသည်။

ကြွက်နားရွက်မှိုနှင့် ဝါးမှိုများကတော့ သစ်တုံးအဆွေး၊ ဝါးပင်အဆွေးများ၌ ပေါက်တတ်သည်။ ဟင်းခတ်ပစ္စည်းများဖြစ်ပါသည်။

အင်ဖက်မှိုကတော့ အင်ဥဟုလည်းခေါ်သည်။ အင်ရွက်အဆွေးများအောက်၌ ဥသဖွယ် အလုံးကလေးများ ဖြစ်ကြသည်။ ဝက်သားနှင့် ရောချက်စားရသည်။ အင်ပျဉ်ဟုခေါ်သော ခန္ဓာကိုယ်မှထွက်သည့် ယားနာကို ပျောက်ကင်းစေသည်။ ပျဉ်းတွဲတွဲဖြစ်ပြီး မှိုနံ့ရသော်လည်း မှိုအရသာနှင့် မတူပါ။ တောဝက်သားဖြင့် ချက်လျှင်တော့ အလွန်စားကောင်းသည်။ တောဝက်အခေါက်က မာသလို အင်ဥကလည်း အခေါက်လိုပင်။ ကြွက်နားရွက်မှိုမှာ သစ်တုံးဆွေးများ၌ ပေါက်တတ်သဖြင့် သရက်တုံးမှိုက အန္တရာယ်ကင်းသည်။ မှိုခြောက်ပန်းခြောက်အဖြစ် ဟင်းချို၊ ဟင်းခါးများတွင် အသုံးပြုတတ်ကြသည်။

ရာသီစာများအကြောင်းရေးရင်း တောဆေး၊ တောင်ဆေး၊ မုဆိုးဆေး ဖြစ်သွားချေပြီ။ တောနေလူများအတွက်တော့ အသုံးတည့်ပါလိမ့်မည်။ တကယ်လည်း မိုးဦးကျ၌ပေါ်သော တောစာတောင်စာများ ဖြစ်ကြပါသည်။ တကယ်တမ်းလည်း အရသာရှိပြီး ဆေးဖက်ဝင်သော ရာသီစာများ ဖြစ်ကြပါသည်။

တောကို ချစ်မြတ်နိုးသော ကျွန်တော်တို့ တောပျော်မုဆိုးများအတွက်တော့ အရသာထူးသည့် သဘာဝဟင်းလျာများ ဖြစ်ကြသည်။ စားတတ်လျှင် ဆေး၊ မစားတတ်လျှင် ဘေး ဆိုသည်ကိုတော့ သတိထားရပေမည်။

တောသည် နှစ်သက်ဖွယ်ကောင်း၏။ တောထွက်ပစ္စည်းများက စားစရာကို ပေး၏။ အဖိုးတန်လှပေသည်။

သို့သော် တစ်စုံတစ်ရာ မှားယွင်းမိပါက တောသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှချေသည်။ အသက်ကို ရန်ရှာတတ်ပါသည်။

အစားမတော် တစ်လုတ်ဖြင့် အုပ်စုလိုက် သေဆုံးရ သော သာဓကများစွာ ရှိသည်။

xxx xxx xxx

(၂)

တနင်္ဂနွေနေ့ အလုပ်ပိတ်ရက် တစ်ရက်။ အလုပ်နား၍ စခန်းတွင် ဝန်ထမ်း၊ ရဲဘက် စုံလင်လှသည်။ မနက်စောသေး၍ ဖြစ်သည်။

(၇) နာရီ ထိုးသည်နှင့် လူစုကွဲပြီး တောတွင်းဝင်၍ အရှာအဖွေ ထွက်ကြပေလိမ့်မည်။

ကျွန်တော်တို့လည်း ဟင်းစားပြတ်ချေပြီ။

တစ်ပတ်လုံး မအားလပ်၍ တောမလည်နိုင်။ တပည့်များ ရှာဖွေကျွေးသော တောကြက်၊ တောငှက်လောက်တော့ စားရပါသည်။

ကျွန်တော့်သဘောက တစ်ပတ်တစ်ခါလောက်တော့ တောဝက်ဖြစ်စေ၊ ဆတ်ဖြစ်စေ၊ စခန်းတစ်ခုလုံးကို ကျွေးချင်သည်။

သို့သော် စခန်းပတ်ဝန်းကျင်တွင် တောကောင်များက ပါးလျားစပြုပြီ။ တောဝက်၊ ချေ၊ ဆတ် က တောနက်အတွင်းမှာသာ နေကြသဖြင့် ယနေ့ နေ့လယ် စာ ထမင်းထုပ်ပါယူ၍ တောတိုးရန် စီစဉ်ထားသည်။

“ကဲဟေ့ …. အားလုံး အဆင်သင့်ပဲလား။ အောင်သန်းနဲ့ တင်သောင်းပါမက လှအေးလည်း လိုက်ခဲ့။ ဓားရှည်တစ်ချောင်းပါ ဆောင်ခဲ့”

“ဟုတ်ကဲ့ပါ … ဆရာ”

ကျွန်တော်တို့ ဆရာတပည့် စခန်းမှထွက်၍ စခန်းအနောက်ဘက် ရိုးမတောထဲသို့ ဦးတည်၍ ထွက်ခဲ့ကြပါသည်။ စခန်းအနီး ပတ်ဝန်းကျင်တွင်တော့ ဘာကောင်မှမတွေ့။

ရေချောင်းကလေးကျော်ပြီး တောစိုထဲ စဝင်တော့ မျောက်အော်သံနှင့် တောကြက်တောငှက်တွန်သံများ ကြားလာရသည်။ မုဆိုးအောင်သန်းက လက်မထောင်ပြသည်။ အခြေအနေကောင်းသည့် သဘော။

ကံကောင်းချင်တော့ တောဝက်အုပ်နှင့် တိုးသည်။ ကျွန်တော်လည်း အသင့်မောင်းထိုးထားသော ဒဿမ-၃၀၃ အမေရိကန်ရိုင်ဖယ်ကြီးဖြင့် ရှေ့ဆုံးမှ အကြီးဆုံးကောင်ကြီးကို ပစ်ထည့်လိုက်သည်။

“ဒိုင်း …”

တစ်ချက်ဆို တစ်ချက်ပါပင်။ ကျည်ဆန် လက်ပပ်ကြားဝင်၍ လဲသည်။ သို့သော် . . . .

လဲသောအကောင်မှာ ခေါင်းဆောင်ဝက်ထီးကြီး မဟုတ်။ အစွယ်က တိုနံ့နံ့ဖြင့် အကောင်ကတော့ ထွားသည်။

ဝက်မများ ကစဉ့်ကလျား ဦးတည်ရာ ပြေးကြစဉ် ဝက်အုပ်အတွင်းမှ ပေါ်လာသည်က အစွယ်ကြီးကော့လန်နေပြီး မျက်လုံးနီရဲ၍ စိတ်အလွန်ဆိုးနေသော ဝက်သိုးကြီး။ အခြားတိရစ္ဆာန် တစ်ကောင်ကောင်နှင့် အသေအလဲတိုက်ခိုက်လာသည့် ပုံစံမျိုး။

ကျွန်တော် ရှောင်ချိန်မရ၍ ထပ်မံထိုးထားသော ကျည်သစ်ဖြင့် တန်းထိုးပစ်လိုက်ရသည်။

“ဒိုင်း …”

ထိသည်။ လဲကျသည်။ သို့သော် သေတွင်းဟုတ်ဟန်မတူ။ ယိုင်၍ လဲသော်လည်း ကုန်း၍ ထလာသည်။ တရှူးရှူး အသံမြည်နေသည်။

ကျည် ထပ်မံထိုးစဉ် ကျည်က ပွနေသဖြင့် ပြောင်းရင်းထဲမဝင်၊ ကျပ်နေသည်။ ထို့ကြောင့် ကျည်ထိုးရင်းတန်းလန်းဖြင့် ရိုင်ဖယ်သေနတ်ကြီးအား စလွယ်သိုင်း အမြန်လွယ်၍ အနီးရှိ မအူပင်ပေါက်ပေါ်သို့ ပြေးတက်ရသည်။

မအူပင်မှာ ထွာဆိုင်ခန့်သာရှိပြီး စိတ်ချရသည်တော့ မဟုတ်။ အကိုင်းအလက်များ၍ တက်ရသည်ကတော့ လွယ်ကူသည်။

ကျွန်တော် ကိုင်းခွဆုံပေါ်သို့ ရောက်သည်နှင့် ဝက်သိုးကြီးက မအူပင်အား ပြေးတိုက်သဖြင့် ဒိန်းခနဲမြည်ကာ ယမ်းခါသွားသည်။ မကြာခင် မအူပင်ပေါက် ပြိုလဲပေတော့မည်။

ပြောင်းရင်း၌ ကျည်ပွကြီးက တစ်ဝက်ဝင်ပြီး မောင်းထိုးမရ၊ ဖြုတ်မရ။

ကျွန်တော့်တပည့်များကို ကြည့်တော့ သစ်ပင်အသီးသီးပေါ်တွင် စိုးရိမ်ဟန်ဖြင့် ကြည့်နေကြသည်။

“ဟဲ့ကောင်တွေ . . . မင်းတို့ဘက်ကလည်း အသံပေး။ ဒီမှာ ကျည်ပွကြီးခံနေလို့ မောင်းထိုးမရဘူး”

တပည့်များ ဝူးဝူးဝါးဝါး အော်ဟစ်ကြစဉ် ကျွန်တော် ကျည်ပွကြီးအား အသင့်ဆောင်လာသော တောလိုက်ဓားမြှောင်ဦးချွန်ဖြင့် ကလော်၍ ထုတ်ရာ ကံကောင်းစွာ ထွက်ကျသွားသဖြင့် က.စ.လ ကျည်သစ်ကို ထိုး၍ မောင်းတင်ပြီးကြည့်တော့ ကျွန်တော့်လိုပင် မအူပင်ပေါက်ပေါ်တွင် ပင်စည်အား ဖက်တွယ်ထားသော မောင်လှအေးအား ကြောက်ရွံ့ဟန်ဖြင့် တွေ့လိုက်ရသည်။

“လှအေး … မကြောက်နဲ့၊ ငါကျည်ထိုးလို့ ရပြီ။ ပင်စည်ကို မြဲမြဲဖက်ထား”

ကျွန်တော် ပြောပြောဆိုဆို ဝက်သိုးကြီးအား အမိအရ ချိန်သည်။ ကျွန်တော်တက်နေသော မအူပင်က အကိုင်းအခက်ရှုပ်နေ၍ ချိန်သားမမိသဖြင့် အောက်ကိုင်းအဆင့်သို့ ဆင်းရသည်။ ပစ်ကွင်းကောင်းတော့ ဝက်သိုးကြီးက မောင်လှအေးနေသော မအူပင်ပေါက်အား ပြေး၍တိုက်ချေပြီ။

“ဒုန်း”

“အား”

သစ်ပင်နှင့် တိုက်မိ၍ မောင်လှအေး အပင်ပေါ်မှ ပြုတ်အကျ၊ တောဝက်ကြီးလည်း ခေါင်းစိုက်နေစဉ် ကျွန်တော် တောဝက်ကြီး၏ နောက်လက်ပပ်ကြားအား အမိအရချိန်၍ ပစ်ထည့်လိုက်သည်။

“ဒိုင်း …”

တောဝက်ကြီး တစောင်းလဲသည်။ ကျွန်တော်တို့ သစ်ပင်ပေါ်မှ ဆင်းကြတော့ တောဝက်ကြီးလည်း ဇီဝိန်ချုပ်ပြီး တပည့်မောင်လှအေးလည်း ကြောက်အားလန့်အားဖြင့် အတွေ့အကြုံမရှိသဖြင့် သတိလစ်နေပါတော့သည်။

ကျွန်တော်တို့ မောင်လှအေးအား ဝိုင်းဝန်းပြုစုကြမှ မောင်လှအေး “အင်း … အီး … အား” ဟု အော်ပြီး သတိပြန်ရလာသည်။ သို့သော် မျက်လုံးက ကြောင်တောင်တောင်။

ကျွန်တော်တို့ ဝိုင်းဝန်းပြုစုနေသူများအား စိန်းစိန်းကြည့်သည်။ ကျွန်တော်တို့ လှအေးတစ်ကိုယ်လုံးအား စစ်ဆေးကြည့်ကြသည်။ ကျိုးပဲ့ဒဏ်ရာရခြင်းမရှိ၊ ပွန်းပဲ့သွေးစို့ခြင်းပင် မရှိပါ။

မအူပင်ပေါက်အကိုင်းက (၅)ပေခန့်သာ မြင့်ပြီး ဝက်လူးအိုင်ထဲ ပြုတ်ကျသဖြင့် ဒဏ်ရာရခြင်းပင် မရှိပါ။ သို့သော် …

“အင်း … ဟင်း …. ဟင်း”

ညည်းသံကြား၍ ကျွန်တော်တို့ မောင်လှအေးအား ဝိုင်းအုံကြည့်ကြတော့၏။

“တောက် …”

ဟု ကျယ်လောင်စွာ တောက်ခေါက်သည်။

ကျွန်တော်က စိုးရိမ်စွာဖြင့် …

“မောင်လှအေး … ဘာဖြစ်လို့လဲ” ဟု မေးရာ

“ငါ လှအေး မဟုတ်ဘူး” ဟု ဆတ်ဆတ်ဖြေသည်။

မျက်ထောင့်ကြီးကလည်း နီရဲနေသည်။

ကျွန်တော်လည်း စိတ်တိုဒေါသထွက်ကာ …

“ဒါဖြင့် ဘာကောင်လဲ”

“ငါ . . . ဟိုး ကညင်ပင်ကြီးက ရုက္ခစိုး။ လှအေးဆိုတဲ့ကောင်က ငါ့ကို မတောင်းပန်ဘဲ ငါ့အပင်ခြေရင်းမှာ မတ်တတ် အပေါ့စွန့်တယ်။ အဲဒါ ငါ မကျေနပ်ဘူး။ လုံးဝ မကျေနပ်ဘူး”

ကျွန်တော်က သရဲပူးသည် ကပ်သည်ကို အယုံကြည်ရှိသူ မဟုတ်။ သို့သော် ဘာလုပ်ရမှန်းမသိ၊ နားမလည်၊ မဖြေရှင်းတတ်ပါ။

တောအတွေ့အကြုံများသော မုဆိုးအောင်သန်းက ချက်ချင်း သဘောပေါက်ပြီး လက်အုပ်ကလေးချီ၍ ရိုသေစွာဖြင့် . . .

“ခွင့်လွှတ်ပါ အရှင်ကြီးခင်ဗျား။ ကျွန်တော်မျိုးက ကိုလှအေး ကိုယ်စား တောင်းပန်ပါတယ်။ သူက အတွေ့အကြုံမရှိလို့ပါ”

“အေး… အဲဒါဆို မင်းတို့ မုဆိုးထုံးစံအတိုင်း ငါ့ကို ကျေနပ်အောင် တောင်းပန်၊ စိတ်ဆိုးအောင်မလုပ်နဲ့၊ ခုချက်ချင်း တောင်းပန်”

“ဟုတ်ကဲ့ … နားလည်ပါပြီ။ ကညင်ပင်ကြီးခြေရင်းမှာ ရိုရိုသေသေ ပူဇော်ပြီး တောထုံးစံနဲ့ တောင်းပန်ပါ့မယ်”

“အေး . . . ကျေနပ်လိုက်မယ်။ မင်းကောင်ကို ပြောထား။ နောက်တစ်ကြိမ်ဆို မလွယ်ဘူး။ အသေပဲ”

ဟုအော်ပြီး ရုက္ခစိုးကြီး ထွက်သွားသည်။

မောင်လှအေးကတော့ ကျွန်တော်တို့အား အံ့သြစွာ ကြောင်တောင်ကြည့်နေသည်။ မျက်ထောင့်ကြီးက မနီတော့။

ကျွန်တော်က ရေဘူးလှမ်းပေးတော့ အငမ်းမရ တဂွတ်ဂွတ် မော့သောက်သည်။

“ဆရာ . . . ကျွန်တော် ဘာဖြစ်တာလဲ”

ကြောင်တောင်တောင်နှင့် မေးတော့ …

ကျွန်တော်က ရှင်းပြရသည်။

နားလည်ကြသော တောမုဆိုးများ ဖြစ်ကြသည့် အောင်သန်းနှင့် တင်သောင်းက ချက်ချင်းပင် မောင်လှအေး ကိုင်ဆောင်လာသည့် ဓားရှည်ကြီးဖြင့် တောဝက်များ၏ နားရွက်ဖျား၊ ခွာဖျား၊ အမြီးဖျားများကိုဖြတ်၍ အင်ဖက်ကြီးဖြင့်ထုပ်ကာ ကညင်ပင်ကြီး၏ ပင်စည်အခြေ၌ ကပ်လှူပူဇော်ကြသည်။

“အရှင်ရုက္ခစိုး . . . အမိုက်အမဲများ အမှားအယွင်းရှိပါက ဗွေမယူပါနှင့်။ ကိုလှအေးမှာ တောအတွေ့အကြုံ မရှိသဖြင့် ကျူးလွန်မိသော အပြစ်အား ခွင့်လွှတ်တော်မူပါ။ ရုက္ခစိုးနတ်မင်းကြီး ကျန်းမာချမ်းသာပါစေ”

မုဆိုးအောင်သန်း တိုင်ပေးသမျှ ကိုလှအေးမှာ ကျုံ့ကျုံ့ကလေးထိုင်၍ လိုက်ဆိုနေသည်။ အတော်လည်း ကြောက်လန့်သွားပုံရသည်။

တော ဆိုသည်မှာ အတွေ့အကြုံမရှိပါက လွန်စွာ ဖမ်းစားတတ်သည်။ တော၏ မာယာမှာ အလွန်ကြောက်စရာ ကောင်းလှသည်။ မှားယွင်းပစ်ခတ်မိသော မုဆိုးပုံပြင်များလည်း များစွာရှိပါသည်။

ကျွန်တော်တို့ ယူနီဖောင်းဝတ်များ အနေဖြင့်တော့ အစိုးရဝန်ထမ်း ဖြစ်၍လား မသိ၊ အမှားအယွင်း မရှိခဲ့ဖူးပါ။ သို့သော် တောခြောက် တောမှောက်ခြင်းတော့ ခံရဖူးသည်။ ဤသည်ကလည်း အမဲလိုက်မုဆိုးများ ရံဖန်ရံခါ ခံစားရလေ့ရှိသဖြင့် အထူးအဆန်းကိစ္စတော့ မဟုတ်တော့ပါ။

တောဝက်ကြီးက (၂) ကောင်၊ လူ (၄) ယောက်။ တောကောင်များအား ဝက်တုပ်တုပ်၍ ဝါးလုံးလျှိုထမ်းတော့ ကျွန်တော်လည်း မထမ်း၍ မရတော့။ ကျွန်တော်နှင့် မုဆိုးအောင်သန်းက တစ်တွဲ၊ မျောက်တင်သောင်းနှင့် လှအေးကတစ်တွဲ အသီးသီးထမ်းခဲ့ကြသည်။

ကျွန်တော်နှင့် မုဆိုးအောင်သန်း ထမ်းသည်က ဝက်သိုးကြီးအချိန် (၆ဝ) ကျော်။ တင်သောင်းနှင့် လှအေး ထမ်းသည်က အချိန် (၅ဝ) ခန့် ဝက်မဖြစ်သည်။

သို့သော် လှအေးမှာ အတွေ့အကြုံမရှိသဖြင့် မကြာခဏ အနားပေးရသည်။

တောစိုကထွက်၍ မအူပင်တောထဲ နားနေကြစဉ် နေ့လယ်စာ ထမင်းစားရန် သတိရလာကြသဖြင့် ထမင်းစားရန် ထမင်းထုပ်များ ဖွင့်ကြသည်။

ထိုစဉ် တောမှာ တဝေါဝေါမြည်၍ အဝေးဆီမှ သစ်ပင်ကြီးများ လဲပြိုသံ၊ တဝုန်းဝုန်းမြည်သံ၊ သစ်ကိုင်းကျိုးသံများကို ကြားရသည်။

သို့သော် ကျွန်တော်တို့ နားခိုနေသော မအူပင်က တုတ်တုတ်မျှမလှုပ်။

လေမတိုက် … မိုးလည်းမရွာပါ။

မုဆိုးအောင်သန်းက ကျွန်တော့်အား ခေါင်းညိတ်ပြပြီး …

“တောခြောက် သတိပေးတာပါဆရာ။ ကျွန်တော်တို့ သတိမေ့သွားတယ်”

သူက ပြောပြောဆိုဆို အပိုယူလာသော ထမင်းထုပ်တစ်ထုပ်ထဲသို့ ဟင်းများ စုပုံထည့်ပြီး နားခိုရာ မအူပင်ကြီး အမြစ်ဆုံပေါ်သို့ တင်၍ ပသပူဇော်သည်။

“သုံးဆောင်တော်မူပါ . . . အရှင်ရုက္ခစိုးနတ်မင်းကြီး။ တပည့်တော်တို့အား အပြစ်မှ ခွင့်လွှတ်ပြီး ဝဝလင်လင် မြိန်ရှက်စွာ သုံးဆောင်တော်မူပါ။ ဘေးရန်ကင်းပြီး ချမ်းသာအောင်လည်း စောင့်ရှောက်တော်မူပါခင်ဗျား”

တော်လဲသံများ ချက်ချင်း ရပ်သွားသည်။ လေသည် ငြိမ်သက်သွားသည်။ တောမှာ ပကတိ ငြိမ်သက်သွားသည်။

တော၏မာယာမှာ ဆန်းကြယ်လေစွ။ ကျွန်တော်တို့ နေ့လယ်စာ ထမင်းစားသောက်ကြပြီး တောနက်ကြီး အထဲမှ တရွေ့ရွေ့ ထွက်ခွာခဲ့ကြသည်။

ရေချောင်းကလေး အကူး၌ ချေမောင်နှံ ရေသောက်ဆင်းနေကြသည်။

ကျွန်တော်တို့အုပ်စုကို မြင်သော်လည်း လန့်မပြေး။ ရေအဝသောက် ပြီးမှ တောထဲ တရွေ့ရွေ့ ဝင်သွားကြသည်။

ကျွန်တော်လည်း ပစ်ခတ်ချင်သည့်စိတ် မရှိ။ ပခုံးတွင် လွယ်ထားသည့် သေနတ်လွယ်ကြိုးကိုပင် မဖြုတ် မိ။

တောမုဆိုးက တောသတ္တဝါကို မေတ္တာထား၍ စိုက်ငေးနေမိသည်။ မပစ်ခတ်ရက်။

တပည့်များကလည်း ကျွန်တော့်အကြောင်းကို သိသည်။

ကျွန်တော်က အမဲလိုက်မုဆိုးဖြစ်သော်လည်း မောင်နှံစုံတွဲကို မပစ်။ ဇီးရှိသော သတ္တဝါကို မပစ်ပါ။ ကျွန်တော်၏ မုဆိုးစည်းကမ်းပင် ဖြစ်ပါသည်။

ထို့ကြောင့်လားတော့ မသိ၊ တောတွင်းဒေသအနှံ အမဲလိုက်ခဲ့သော်လည်း အသက်အန္တရာယ်ဖြင့် ဆိုးဆိုးဝါးဝါး မကြုံခဲ့ရဖူးသေးပါ။

စခန်းရောက်တော့ မွန်းလွဲ (၂) နာရီခန့်။ တပည့်များက တောဝက်များအား ဖျက်ကြသည်။

ဝက်သိုးကြီးအား ရဲဘက်များစားရန် ရဲဘက်ဖိုကြီး သို့ သွင်းသည်။ ဝက်မအား ကျွန်တော်တို့နှင့် ဝန်ထမ်းများစားရန် ချက်ပြုတ်စီစဉ်သည်။

ထိုစဉ် နောက်တန်းတပ်ကြပ်ကြီး ဦးအိုက်ရီရောက်ရှိလာပြီး

“ဆရာထောင်မှူး . . . ဝက်သည်းခြေကို သိမ်းထားပါ။ ဆေးဖက် အလွန်ဝင်တယ်”

“ဘယ်လိုဆေးဖက်ဝင်တာလဲ ဆရာကြီး”

“ခေါင်းကိုက်ဝေဒနာသည်တွေအတွက် အလွန်ကောင်းတဲ့ နတ်ဆေးပဲ။ နှစ်နဲ့ လနဲ့ ချီပြီး ခေါင်းကိုက်နေတာတောင် ယူပစ်သလို ပျောက်တယ်”

“ဆေးအသုံးကရော … ဆရာကြီး”

“ကနစိုးသီး သိသလား၊ အတွဲလိုက် တစ်ပင်လုံး သီးတာလေ။ အဲဒီအပင်က ကနစိုးရွက်ကို လက်တစ်ဆုပ်စာခူးပြီး အခြောက်လှမ်း၊ ဝက်သည်းခြေကိုလည်း အခြောက်လှမ်းပြီး နှစ်ခုရော၊ အဝတ်အိတ်ကလေးထဲ ထည့်ပြီး အိပ်နေကျ ခေါင်းအုံးထဲသွင်းပြီး တစ်ညအိပ်ရုံနဲ့ ခေါင်းကိုက်ရောဂါ အသေအချာ ပျောက်တယ်။

ကျွန်တော်လည်း ဝက်သိုးကြီးဆီက ရလို့ သည်းခြေတစ်စုံ ယူထားတယ်။ ဆရာထောင်မှူးလည်း ဆောင်ထားပါ။ ကိုယ်မဖြစ်ရင်လည်း တခြားသူကို ကူညီတော့ ကုသိုလ်ရတာပေါ့”

“ဟုတ်ကဲ့ပါ ဆရာကြီး၊ ကျေးဇူးတင်ပါတယ်။ တော်တော် ဆန်းကြယ်ပြီး ဂမ္ဘီရဆန်တဲ့ ဆေးနည်းပဲဗျို့”

တောကောင်များသည် ဆေးဖက် အသုံးဝင်ကြသည်။

မျောက်သွေးနှင့် မျောက်ဦးနှောက်က ယောက်ျားအားဆေး၊ တောင်ဆိတ်အရိုး၊ ခွာနှင့် ဦးချိုက အရိုးကျိုးနှင့် အကြောလိမ်းဆေး၊ စပါးကြီးသည်းခြေက လေဖြတ်ရောဂါသည်များအတွက် အထူးဆေး၊ ဝက်ဝံသည်းခြေကလည်း လေရောဂါသည်အတွက် အလွန်ကောင်းသည်။ ဖြူကောင်အစာအိမ်က ပန်းနာပျောက်ဆေး။

တောကောင်တိုင်း ဆေးဖက်အသုံးဝင်ပါသတည်း။

– ပြီး –

စာရေးသူ – ထောင်မှူးကြီးသိန်းဝင်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ