ဘုရားရင်အောက်ကအင်းတချပ်

ပါသည်။.ထို့နောက် လယ်သူရင်းငှားတွေနှင့်အတူ လယ်အလုပ်ကိုသာ
ဦးဆောင်ပြီး လုပ်ကိုင်ပါတော့သည်။

တစ်နေ့။
နေ့လည်ဆယ့်နှစ်နာရီထိုးပြီမို့အဖေလည်း လယ်ထဲမှပြန်လာပြီး ကျွန်မတို့နှင့်အတူ နေ့လည်စာစားပါသည်။
ပြီးနောက် တရေးတမောအိပ်စက်ဖို့ပြင်ဆင်နေခိုက်တွင် လယ်သူရင်းငှားတစ်ယောက် အလောတကြီးရောက်လာပါသည်။
“ကိုသိန်းထိုက်.. ကိုသိန်းထိုက်”
“ဟေ ဘာလဲ”
“ဟိုကောင် အောင်မောင်း လွှထိလို့”
ထိုစကားကြောင့်အဖေလည်း အထိတ်တလန့်ဖြစ်သွားပါသည်။
ထို့နောက်
“အခြေအနေ တော်တော်ဆိုးလား ကိုကျော်ဦး”
“ဆိုးတယ်ဗျ။အကြောတွေ
ပြတ်လုနီးပါးပဲ”
“ဒုက်ခပါပဲ”
အဖေလည်းညည်းညူပြီး
“ခဏစောင့်၊ကျုပ်ပိုက်ဆံယူလိုက်ဦးမယ်”
ပြောပြီး အဖေလည်း အိမ်ပေါ်သို့တက်ကာ ပိုက်ဆံယူပါသည်။

ပြီးနောက် ကိုကျော်ဦးနှင့်အတူ လယ်တောသို့လိုက်သွားပါသည်။
နောက်မှသိရသည်ကား ကိုအောင်မောင်းသည် လယ်အစပ်မှခုတ်လှဲထားသည့်သစ်ပင်ကိုနှစ်ယောက်ဆွဲလွှ(ငမန်း)နှင့်
ဖြတ်ရာ လက်ချော်ပြီး ခြေသလုံးကိုထိသွားခြင်းဟူ၍ဖြစ်ပါသည်။
အဖေတို့လည်း ၎င်းကိုဆေးရုံသို့တင်၍ကုသပေးခဲ့ပါသည်။
နောက်ပိုင်း ဒဏ်ရာသက်သာသွားသည်ဆိုပေမင့် ပိုက်ဆံတွေတော့မနည်းကုန်ခဲ့ရပါသည်။

တစ်ရက်တွင်လည်း ကျွန်မ၏မောင်အငယ်ဆုံး နှစ်နှစ်သားအရွယ်ကလေးသည် အကောင်းပကတိမှနေ ရုတ်ချည်းကိုယ်တွေပူလာကာ တက်ပါတော့သည်။
ထိုအခါ အဖေတို့လည်း စိုးရိမ်ကာဘိုကလေးမှ ဆေးရုံသို့ပြေးရပါတော့သည်။
ညနေစောင်းအချိန်လောက်မှ အဖေနှင့်အမေလည်း မောင်လေးကိုပွေ့ကာ ပြန်ရောက်လာကြပါသည်။
သက်သာသွားပြီမို့ အတော်လေးလည်း စိတ်အေးသွားကြပုံပေါ်ပါသည်။
သို့သော် နောက်တစ်နေ့မနက်တွင် မောင်လေးသည် အမေ့ရှေ့တွင်ထိုင်နေရင်မှ တက်ပြန်သည်။

ထိုအခါ အမေလည်း စိုးရိမ်တကြီးဖြင့် အဖေ့ကိုလှမ်းခေါ်ပြန်ပါသည်။
“ယောက်ျားရေ။လာပါဦး။ကလေးတက်နေလို့”
ထိုအခါ အဖေလည်း အိမ်ပေါ်မှ ချက်ချင်းဆင်းပြေးလာပြီး ပိုက်ဆံကိုယူကာ
မောင်လေးကိုပွေ့ချီ၍ သင်္ဘောဖြင့်ဘိုကလေးဆေးရုံသို့ပြေးရပြန်ပါသည်။
စင်စစ်တော့ ကျွန်မတို့မှာ သွားချင်သည့်နေရာကိုသွားဖို့ရာ သင်္ဘောနှင့်သွားရသည်ဆိုသော်လည်း လွယ်ကူလှသည်တော့မဟုတ်လှပါ။
ဖြတ်သွားဖြတ်လာ လုပ်သည့်သင်္ဘောကိုသာ လက်ပြပြီး လှမ်းခေါ်ရခြင်းဖြစ်ပါသည်။

ညဘက်ဆိုလျှင်တော့ ဓာတ်မီးဖြင့်အချက်ပြီး ခေါ်ရပါသည်။
ထိုသို့ဖြတ်သွားဖြတ်လာသင်္ဘော
မရှိလျှင် အခြားသင်္ဘောတစ်စီကိုငှားရသည်။
ထိုအခါငွေကုန်ကြေးကျပိုများရသည်။
အဖေ ဆေးရုံသို့သွားခိုက်တွင် လယ်ထဲရှိနေသည့်ကျွဲတစ်ကောင်သည်လည်းပိုးထိပြီး သေပြန်ပါသည်။
ထိုအကြောင်းကို ကလေးဆေးရုံပြပြီးပြန်လာသည့်အဖေသိရတော့ ရင်ထဲဆို့သွားပုံရပါသည်။

ထို့နောက် သက်ပြင်းရှည်ကြီးကိုချလိုက်ပြီး
“ခုတလောဘာကြောင့်ကံတွေဒီလောက်ဆိုးနေတာလဲမသိဘူး မြသီရယ်”
ယင်းသို့ညည်းတော့ အမေက
“ကျွန်မတို့ ခံရမယ့်ဝဋ်ကြွေးရှိလို့ပေါ့ယောကျ်ားရယ်အမြန်ကျေပါစေလို့ပဲဆုတောင်းရမှာပဲ”ဟုဆိုလိုက်ပါသည်။
သို့သော် အမေ့ဆုတောင်းမပြည့်ခဲ့ပါ။

မောင်လေး၏အခြေအနေကလည်း ပို၍ဆိုးလာပြန်ပါသည်။
တစ်ရက်တည်းကို နှစ်ကြိမ်သုံးကြိမ်အထိတက်ပါသည်။
အဖေလည်း လယ်ကွက်အချို့ကိုရောင်းပြီး ဆေးရုံသို့ပို့ရပြန်ပါသည်။
ဒီကြားထဲ မွေးထားသည့်ကျွဲတွေကလည်း ပိုးထိပြီး တစ်ကောင်ပြီး တစ်ကောင်သေပြန်ပါသည်။

ထို့ကြောင့်အဖေရော အမေပါ စိတ်ဓာတ်တေ​ွကျလာကြပါသည်။
တစ်ညနေတွင်လည်း မောင်လေးသည် ရုတ်တရက်ကြီး တက်ပြန်လေရာ ညနေအချိန်ဆိုတော့ ဆေးရုံသို့သွားဖို့မလွယ်ကူတော့သည်မို့ အဖေနှင့်အမေလည်း မောင်လေးကို တတ်သမျှမှတ်သမျှပြုစုပေးကြရပါသည်။
ထို့အတူ ကျွန်မကလည်းအနီးအနားရှိ ပတ်ဝန်ကျင်မှလူတွေကိုအော်ဟစ်အကူအညီတောင်းရပါတော့သည်။

ကျွန်မ၏အကူအညီတောင်းမှုကြောင့် လူတွေလည်း အိမ်ပေါ်သို့ရောက်လာကြပြီး မောင်လေးကို တတ်သမျှ မှတ်သမျှဖြင့်နှိပ်ပေးကြပါသည်။
ထိုအခိုက်တွင် အိမ်ရှေ့ခပ်လှမ်းလှမ်းရှိချောင်းကြီးထဲမှ လှေကလေးပေါ်တွင် အခြေချနေထိုင်သည့်ဘကြီးလည်း လှေပေါ်မှဆင်းကာ အိမ်ပေါ်သို့တက်လာပါသည်။

အနှီဘကြီးသည် သားသမီးတွေအိမ်ထောင်ကျပြီးသည့်နောက် အနှီချောင်းကြီးထဲတွင် လှေကလေးချကာဓနိမိုးပြီး လင်မယားနှစ်ယောက်နေထိုင်ကြခြင်းဖြစ်ပါသည်။
ဘကြီးအိမ်ပေါ်သို့ရောက်လာပြီးသည့်နောက် ဘုရားစင်ပေါ်မှ ပရိတ်ရေကိုယူကာ မောင်လေးအားတိုက်လိုက်ပါသည်။

ထိုအခါမှ မောင်လေးသည်လည်း ချက်ချင်းပြန်လည်ကောင်းမွန်လာပါသည်။
ပြီးနောက်ဘကြီးက ကျန်သည့်ပရိတ်ရေများအား ခြံစည်းရိုးပတ်ပတ်လည်တွင် စည်းဝိုင်းဝိုင်းလိုက်ပြီး အဖေ့ဘက်သို့လှည့်ပြီး
“မောင်သိန်းထိုက်။ဒီခြံဝင်းထဲ
ကို မြွေဟောက်နှစ်ကောင်ဝင်သွားတယ်။ငါအခုစည်းဝိုင်းဝိုင်းထားလိုက်ပြီ။သူတို့ထွက်လို့မရတော့ဘူး။အဲဒီမြွေနှစ်ကောင်ကို ရအောင်ရှာပြီး တစ်တောင်ကျော်လောက်ဖြတ်လိုက်”ဟုခိုင်းလေရာ အဖေလည်းလိုက်ရှာလေရာ မြွေဟောက်
တစ်ကောင်ကိုသာတွေ့ပါသည်။

ထို့နောက်ထိုမြွေဟောက်ကို တစ်တောင်လောက်အထိဓားဖြင့်ဖြတ်လိုက်ရာ သွေးတစ်စက်မျှမထွက်သည်ကိုတွေ့ရပါသည်။
ထို့နောက် အနှီမြွေပြတ်အား ပရိတ်ရေလောင်းပြီး မီးရှို့ပြန်ရာ မြွေအရုပ်တစ်ရုပ်ဖြစ်သွားသည်မို့အားလုံးလည်းအံ့အားသင့်သွားကြရပါသည်။
ဘကြီးက
“ငါလှေပေါ်ကဆင်းတော့ မြွေဟောက်နှစ်ကောင်က လှေအောက်ကထွက်လာပြီး ငါ့နောက်လိုက်လာတယ်။

ရေကူးပြီးလိုက်လာတယ်ဆိုပေမယ့် တွန့်လိမ်ကောက်ကွေးကူးပြီး လိုက်လာတာမျိုးမဟုတ်ဘဲ သစ်သားချောင်းတစ်ချောင်းလို တောင့်တောင့်ကြီးလိုက်လာတာတွေ့ရတော့ ငါလည်း ဒါတိုက်မြွေဆိုတာမှန်းသိလိုက်ရတာ”ဟုဆိုပါသည်။
စင်စစ်သော် ဘကြီးသည် ထိုပညာရပ်တို့ကို လေ့လာလိုက်စားသူမဟုတ်ပါ။
ရှေးလူကြီးတွေစကားအရသာသိထားခြင်းဖြစ်ပါသည်။.မည်သို့ပင်ဆိုစေ။အိမ်ကိုတော့ မနာလိုသူ၊အကောက်ကြံသူတော့ ရှိလာပြီဆိုတာ အဖေနှင့်အမေလည်းကောင်းစွာသိလိုက်ကြပါတော့သည်။

တစ်နေ့သော ညနေခင်းတွင် မောင်လေးသည် ကိုယ်တွေပူပြီး ဖျားနေပြန်ရာ အမေက ကျွန်မအား ငန်းနီကျော်တစ်ထုပ်သွားဝယ်ခိုင်းပါသည်။
ကျွန်မလည်းအမေပေးသည့် ပိုက်ဆံကိုယူ၍ ဆေးဆိုင်သို့ထွက်လာခဲ့ပါသည်။.
ဆေးဆိုင်နှင့်ကျွန်မတို့အိမ်က သိပ်မဝေးလှပေမင့်ဓနိတောတွေ၊လမုတောတွေက ကြားခံနေသည်မို့ ကွေ့ပတ်ပြီးသွားရပါသည်။

မိုးကလည်း ရွာပြီးခါစမို့ လမ်းတွင် ရွှံ့တွေဗွက်တွေက ပေါက်ရောက်နေပါသည်။
ကျွန်မကလည်းငယ်ရွယ်သူဖြစ်သည်မို့ ထိုရွှံ့ဗွက်တွေကိုဆော့ကစားရင်း ဆေးဆိုင်တွင်ဆေးဝယ်ကာ ပြန်ထွက်လာပါသည်။
သို့ဖြင့် စျေးဆိုင်တစ်ဆိုင်ရှေ့သို့အရောက်တွင် ဆိုင်ပိုင်ရှင်က
“ဟဲ့ နင်တစ်ယောက်တည်းလား”ဟုမေးလေရာ ကျွန်မက
“ဟုတ် တစ်ယောက်တည်းပဲ”ဟုပြန်ဖြေမိပါသည်။
ထိုအခါ သူက
“ဒါဆို ငါအဖော်ထည့်ပေးလိုက်ရမလား”ဟုမေးလေရာ ကျွန်မက
“ထည့်ပေးလိုက်လေ ကောင်းတာပေါ့”ဟုပြောပြီးဆက်လျှောက်လာခဲ့ပါသည်။
စင်စစ်သော် ကျွန်မသည် ငယ်ရွယ်ပြီး သွက်လက်သူဖြစ်သည့်အလျောက် အများစုကချစ်ခင်စ နောက်တတ်ကြပါသည်။

ကျွန်မကလည်းအနည်းငယ်မျှပင်ငြိမ်မခံ။နှုတ်သွက်လျှာသွက်ဖြင့်ပြန်လည်စနောက်တတ်ပါသည်။
ထိုဦးလေးနှင့်အပြန်အလှန်စ နောက်ပြီး လျှောက်လာခဲ့ရာ ဓနိတောတွေပေါက်ရောက်သည့်နေရာသို့ရောက်လာခဲ့ပါသည်။
ထိုအခိုက်တွင် အနောက်မှ လိုက်ပါလာသည့်ခြေသံကိုကြားလိုက်ရသည်မို့ ကျွန်မလည်း လှဘ့်ကြည့်လိုက်ရာ ရွာအလယ်ပိုင်းမှ ဘကြီးအောင်မြင့်ကိုတွေ့လိုက်ရပါသည်။

သူသည် အဖြူရောင်လက်ရှည်အင်္ကျီနှင့် ကွက်ကျဲပုဆိုးကိုဝတ်ထားပါသည်။
ထို့နောက်ကျွန်မက”ဟာ ဘကြီးအောင်မြင့်ပါလာ”ဟုပြောဖို့ရာ “ဟာ ဘကြီး”ဟုပင်ဆိုလိုက်ရသေးသည်။
ဘကြီးအောင်မြင့်၏အရပ်အမောင်းသည် တဖြည်းဖြည်းရှည်ထွက်လာပြီး ထန်းတစ်ပင်အမြင့်စာခန့်အထိရောက်သွားပါသည်။
ပြီး..သူသည် ကျွန်မအား မျက်လုံးကြီးအပြူးသားဖြင့် ငုံ့ကြည့်ပါသည်။
ထိုအခါ ကျွန်မလည်း “အား”ဟုကြောက်လန့်တကြားအော်ဟစ်ပြီး လဲကျကာသတိလစ်သွားပါတော့သည်။

ထို့နောက်ကျွန်မဘာမှမသိရတော့ပါ။
ကျွန်မသတိပြန်ရလာတော့ အိမ်ပေါ်သို့ပြန်ရောက်နေပါသည်။
ကျွန်မအနားတွင်လည်း အဖေ အမေနှင့်တကွ ရွာထဲမှလူတွေလည်း စုပြုံပြီးရှိနေပါသည်။
ပြီးနောက် သတိပြန်ရလာသည့်ကျွန်မအတွက် ဝမ်းသာသူကဝမ်းသာ၊သက်ပြင်းချနိုင်သူကချ၊စိတ်ချသွားပြီမို့ အိမ်ပြန်သူကပြန်ဖြင့် အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားကြပါသည်။

နောက်မှ ကျွန်မ အိမ်သို့ပြန်ရောက်ရသည့်အဖြစ်ကိုသိလိုက်ရပါသည်။
ယင်းမှာ ကျွန်မ၏ကြောက်လန့်တကြားအော်သံကြောင့်စျေးဆိုင်ပိုင်မိသားစုလည်းရောက်လာပြီး ကျွန်မကိုပွေ့ချီကာ အိမ်သို့သယ်လာ၍ ရေမန်းတိုက်ခြင်း၊ဘုရားစာရွတ်ခြင်း စသည်တို့ကိုပြုလုပ်ပေးကြသည်ဟု ဆိုပါသည်။
မည်သို့ပင်ဆိုစေ ကျွန်မတော့ ကြောက်လန့်သိတ်တို့ကြောင့် ခုနှစ်ရက်တိတိဖျားပါတော့သည်။

အိမ်ကမောင်လေးကလည်း တစ်ရက်ကို သုံးကြိမ်လောက်အထိ အကောင်းပကတိမှ တက်ခြင်း၊ဖျားခြင်းတို့ နေ့စဥ်ဖြစ်နေပါသည်။
သည်တော့ ဆေးကုသစရိတ်က ထောင်းလာသလို၊စီးပွားရေးလည်းပျက်လာပါသည်။
အဖေနှင့်အမေလည်းခစိတ်ဓာတ်တွေကျလာပါသည်။
တစ်နေ့သောညနေခင်းတွင်တော့တစ်ဖက်ရွာမှ အောက်လမ်းဆရာသည် ကျွဲပျောက်သဖြင့် လိုက်ရှာရင်းကျွန်မတို့ရွာသို့ရောက်လာပါသည်။
(အောက်လမ်းဆရာဟုဆိုရသော်လည်း ကျွန်မတို့တော့ ကောင်းစွာမသိရပါ။ငယ်စဥ်ကအနှီပုဂ္ဂိုလ်ကြီးသည် ကိုးသင်္ချိုင်းအောင်ထားသည့်အောက်လမ်းဆရာဖြစ်ကြောင်း၊ပညာစွမ်းအလွန်ထက်ကြောင်း၊ထို့ကြောင့်ခပ်ဝေးဝေးမှနေရမည်ဖြစ်ကြောင်းကို ရွာမှလူတွေပြောကြသည်မို့ ကျွန်မလည်း ထိုဆရာကြီးကို အရောတဝင်မနေဝံ့ဘဲ ခပ်ကင်းကင်းသာနေပါသည်။)

ထိုဆရာကြီးသည် အိမ်ရှေ့မှဖြတ်လျှောက်ခိုက်တွင် အိမ်ကိုတစ်ချက်လှည့်ကြည့်ပြီး စျေးဆိုင်ပေါ်တွင်ရှိနေသည့် အမေ့အားပြောပါသည်။
သူသည်အမေနှင့်တော့ အတော်ရင်းနှီးပါသည်။
သူက
“ဟဲ့ မိသိန်းကြည် နင်တို့အိမ်မရှင်းဘူး။ငါတွေ့နေရတယ်”
ယင်းသို့ပြောတော့ အမေက
“ဟုတ်လားဆရာ။ဒါဆိုကူညီပါဦး။ကျွန်မတို့လည်း စီးပွားရေးတွေကျ၊လူတွေလည်းဖျားနာဖြစ်နေတာ”
“အေး မနက်ဖြန် ငါလာခဲ့မယ်”ဟုဆိုကာ ကျွဲတွေကိုဆက်ရှာဖို့ရာထွက်သွားပါသည်။

နောက်တစ်နေ့တွင်တော့ အနှီဆရာကြီးသည် ကျွန်မတို့အိမ်၌ပွဲတွေထိုးပါသည်။
အနားတွင်လည်း အိမ်နီးချင်းအမျိုးသမီးကြီးတစ်ယောက်ကိုခေါ်ထားပါသည်။.
ပြီးနောက် သူ၏အမိန့်ဖြင့်ခေါ်လေရာ ဝိဥာဥ်တစ်ခုသည် အနှီအမျိုးသမီးကြီး၏ကိုယ်တွင်ဝင်ပူးပြီး ဝန်ချတောင်းပန်ပါသည်။.
ဆရာကြီးက
“ဘာကြောင့် ဒီလိုလုပ်ရတာလဲ”.
“ကျွန်တော်မကျေနပ်လို့ပါ။ကျွန်တော်အဆင်မပြေဖြစ်နေချိန်မှာ သူက နှိမ်လို့ပါ”
ယင်းသို့ပြောတော့ အမေက
“ဟဲ့ ငါ့တစ်သက်တာမှာ ဘယ်သူ့ကိုမှမနှိမ်ဖူးပါဘူး”
“ကျွန်တော်အရက်လာဝယ်တော့ အစ်မက မရောင်းချင်တာနဲ့ပဲ ညနေမှရောက်မယ်လို့ပြောတယ်လေ။ကျွန်တော်က အစစအရာရာချို့တဲ့နေချိန်မှာ ဒီလိုပြောတော့ ကျွန်တော်လည်း အနှိမ်ခံရတယ်လို့ထင်တာပေါ့”
အမေစိတ်မကောင်းစွာဖြင့်သက်ပြင်းချလိုက်ပါသည်။

“ငါကတကယ်မရှိလို့မရှိဘူးလို့ပြောလိုက်တာပါ။အဆင်မပြေတဲ့လူကိုနှိမ်လိုတဲ့စိတ်ငါ့မှာမရှိပါဘူး”ဟုဆိုလိုက်ပါသည်။
အမေနှင့် ဝင်ပူးခံရသူတို့ အချီအချပြောဆိုနေတော့မှ အနှီပြုစားသူသည် တစ်ချိန်က အရက်အကြွေးလာဝယ်သည့် ကိုသန်းရွှေမှန်းကျွန်မသိလိုက်ရပါသည်။
(အမေက အရက်က ညနေမှရမည်ဟုပြောဆိုလိုက်သည့်နောက် ကိုသန်းရွှေလည်း မခံချင်စိတ်ကြောင့်
ခေါင်းရင်းရှိလမ်းမပေါ်သို့ထွက်သွားရင်း အိမ်ထဲသို့ဝင်ကာ အနှီအင်းချပ်ကိုဘုရားစင်အောက်တွင်မြှုပ်ခဲ့သည်။

ရည်ရွယ်ချက်မှာ ကျွန်မတို့မိသားစု စီးပွားပျက်၊လူသေဖြစ်အောင်လုပ်သည်ဟု ဝန်ခံပါသည်။)
ထို့နောက် ဆရာကြီးက
“မင်းလုပ်ထားတာတွေပြန်ယူသွား။နောက်တစ်ခါဒါမျိုးထပ်လုပ်ရင် တန်ပြန်တဲ့ဒဏ်ကိုမင်းခံရမယ်”ဟုပြောလိုက်ရာ ကိုသန်းရွှေလည်း သူ၏အပြစ်အတွက် ဝန်ချတောင်းပန်ပါသည်။
ပြီးနောက်နှီအင်းချပ်အား သူကိုယ်တိုင် ပြန်လာပြီးဖော်ယူသွားပါမည်ဟုဆိုကာ သူ၏ပညာရပ်တွေကို ဆရာကြီးအား လှူလိုက်ပါသည်။
ယင်းသို့လှူပြီးသည့်နောက် ကိုသန်းရွှေသည် အမျိုးသမီးကြီး၏ခန္ဓာကိုယ်ထဲမှပြန်ထွက်သွားပါသည်။

ဆယ်မိနစ်ခန့်အကြာ၌တွင်တော့ သူကိုယ်တိုင် အိမ်ပေါ်သို့ရောက်လာပြီး ဆရာကြီးနှင့်တကွ အဖေနှင့်အမေကို ဝပ်ချတောင်းပန်ပြီး အိမ်ခေါင်းရင်း ဘုရားစင်အောက်တည့်တည့်ရှိမြေကြီးထဲတွင်မြှုပ်ထားသည့်အင်းချပ်ကို ပြန်လည်ဖော်ယူပြီး ထွက်သွားပါတော့သည်။
ယင်းနောက်ပိုင်းတွင်တော့ ကျွန်မ၏မောင်လေးလည်း ကျန်းမာရေးအခြေအနေ ပုံမှန်အတိုင်းပြန်ဖြစ်သွားသလို၊မိသားစုလည်း မည်သည့်တိုက်ခိုက်မှုမှမကြုံရတော့ပါ။
အားလုံးအေးချမ်းပါစေ…။
ဆရာဆွေ(တောင်တွင်း)