မှင်စာဆိုးပေ

တစ်ယောက် အရောက်
အပေါက်နည်းသွားတော့တာပေါ့ဗျာ။

“သိန်းဇော် လာလေ သူငယ်ချင်း ”

ဒီကောင်ကလည်း ခေါ်ရင်း ဝင်လာတာ
လှေကားတောင် ရောက်နေပြီဗျ။ ကျုပ်ထိုင်နေတဲ့
တန်းလျားမှာပဲ ဝင်ထိုင်တာဗျ။ ကျုပ်ကလည်း
နဂါးဆေးပေါ့လိပ်တစ်လိပ်နဲ့ မီးခတ်ကလေး
ကမ်းပေးလိုက်တယ်။ သိန်းဇော်ကလည်း
နဂါးဆေးပေါ့လိပ်ကလေး မီးညှိပြီး ဖွာလိုက်တယ်။

“သိန်းဇော် မင်း ဘာစားခဲ့ပြီလဲ၊ ထမင်းကြမ်း
စားမလား”

“ဟာ ငါ ထမင်းကြမ်း စားပြီးပြီကွ”

“ဟဲ့ ဒါ ဘယ်သူတုံး၊ သိန်းဇော်လား၊
မလာတာတောင် ကြာပြီ”

“ဟုတ်တယ် အရီးရေ၊ ဘိုးဥာဏ်ရော
စောစောစီးစီး ဘယ်သွားတုံး”

“နင့်ဘိုးဥာဏ်က ဘိုးညီလေးတို့အိမ်က
ဘုန်းကြီး အာရုံဆွမ်းကပ်လို့ ဖိတ်ထားတာနဲ့
သွားတယ်ဟေ့၊ တရားနာမီအောင် လာပါလို့
ဘိုးညီလေးက မှာတာနဲ့ အစောကြီး ထသွားတာဟဲ့
သိန်းဇော်ရဲ့ ”

“ကျုပ်လည်း အဘနဲ့ ယာထဲလိုက်ဆင်းနေရတော့
အားတယ်လို့ သိပ်မရှိတော့ပါဘူး အရီးရာ”

“အေးပေါ့ဟယ် ၊ လုပ်ရမှာပေါ့၊ မိဘတွေက
အသက်တွေရလာပြီလေ သိန်းဇော်ရဲ့၊ ကဲ ကဲ
ပြောကြဦး၊ အရီး အနောက်ပိုင်း သွားလိုက်ဦးမယ်၊
မပုတို့ပိုင်းမှာတော့ ဝက်သားသည်ရောက်နေလို့တဲ့
စောစောကပဲ မပုသား ကြွက်နီ လာပြောသွားတယ်”

အမေက အညာတဘက်ကလေးတစ်ထည်ခြုံပြီး
ထွက်သွားတယ်။ ဒီတော့မှ သိန်းဇော်က ပြောတာဗျ။

“ဟေ့ကောင် တာတေ၊ ငါလာတာ အကြောင်းရှိလို့ကွ”

“အေး ငါလည်း ထင်တယ်၊ မင်း ခါတိုင်းလာရင်
ဒီလို စောစောစီးစီး လာတတ်တာမှ မဟုတ်တာ၊
ပြောပါဦးကွ၊ ဘာအကြောင်းတုံး”

“ဒီလိုကွ ၊ ငါတို့ ဘန့်ကွေးကုန်းနဲ့ ထိန်ကုန်းနဲ့
ကြားက လှည်းလမ်းမှာ ညောင်မုတ်ဆိတ်ပင်ကြီး
တစ်ပင် ရှိတတ်လေကွာ”

သိန်းဇော် ပြောတာကို ကျုပ်က ဇဝေဇဝါ ဖြစ်နေတာဗျ။
အဲဒီဘက်တွေလည်း မရောက်တာ ကြာနေပြီလေဗျာ။

“ဟာ တာတေရာ၊ မင်းနဲ့ငါ မှိုကျင်းတွေ့တဲ့နားကလေကွာ”

ဒီတော့မှ ကျုပ်မျက်စိထဲ မြင်သွားတော့တာဗျို့။

“သြော် အေး၊ သိပြီ သိပြီ ၊ ညောင်မုတ်ဆိတ်ပင်ကြီးကို
ငါမှတ်မိပြီ သိန်းဇော်ရ”

“အေး အေး၊ မြို့ဘက်ကိုသွားတဲ့ လှည်းလမ်းနဲ့
ထိန်ကုန်းက ထွက်လာတဲ့ လှည်းလမ်းနဲ့ ဆုံတဲ့
နေရာနားပေါ့ကွာ”

“သိပြီ သိန်းဇော်၊ ငါသိပြီ၊ အဲဒီနေရာမှာ
ဘာဖြစ်လို့တုံးကွ”

“အဲဒီနားမှာလူတွေ တော်တော်ဒုက္ခရောက်နေကြတာကွ”

“ဟေဘာဖြစ်လို့တုံး”

“ထိန်ကုန်းက လူတွေရော၊ ငွေတွင်းကုန်းတို့
မီးလောင်ကုန်းတို့ သာယာကုန်းတို့ ဝက်စုတို့က
လူတွေရော ငါးရက်တစ်စျေး သွားရောင်းတိုင်း
ဝေလီဝေလင်းမှာ သရဲချည်း အခြောက်ခံနေကြရ
တာတဲ့ဟေ့”

“ဟာ ဟုတ်လားကွ သိန်းဇော်၊ အဲဒီသတင်း
ငါမကြားဘူးကွ”

“မင်းတို့ ထနောင်းကုန်းနဲ့က နည်းနည်းလှမ်းနေတာကိုး
တာတေရ၊ ငါတို့ ဘန့်ဘွေးကုန်းနဲ့ ထိန်ကုန်းနဲ့က
နီးတယ်လေကွာ၊ လူတွေကလည်း နှစ်ရွာ တစ်ရွာ
သွားလာနေကြတာဆိုတော့ သတင်းတွေက
နေ့တိုင်း ကြားနေရတာကွ”

“ဘယ်လိုခြောက်တာတဲ့တုံး သိန်းဇော်ရဲ့”

“ဟာ သရဲက လူတွေကို နောက်တာနေမှာကွာ၊
အဲဒီညောင်မုတ်ဆိတ်ပင်ကြီးနားက ဖြတ်လျှောက်တဲ့
စျေးသည်တွေ ဝမ်းလျားမှောက်တွေ လဲလို့လဲ၊
ဆိုင်းထမ်းတံပိုးနဲ့ ထမ်းလာတဲ့ ဘူးသီးတောင်း၊
ခရမ်းသီးတောင်းတွေ မှောက်ကုန်ကြတာတဲ့ကွ”

“ဟာ ဒီသရဲ တော်တော်ဆိုးတာပဲကွာ”

“အေး လူတွေ အဲဒီလို ချော်လဲပြီး ကို့ယို့ကားယား
ဖြစ်ကုန်ရင် ကလေးရယ်သံလေးတစ်သံ ထွက်လာရော
တဲ့ဟေ့၊ရယ်လိုက်တော့မှ ခွက်ထိုးခွက်လန်ကို
ရယ်တာဆိုပဲကွာ”

“ကလေးရယ်သံ ဟုတ်လား သိန်းဇော်၊
ဒါဆိုရင် မှင်စာလေးတစ်ကောင် လုပ်နေတာဖြစ်မယ်ကွ”

“အေး မင်းတော့ သိနိုင်တယ်ဆိုပြီး ငါလာခဲ့တာကွ”

“ပြီးတော့ ဘာတွေလုပ်သေးတုံးကွ”

“စျေးရောင်းသွားတဲ့ နွားလှည်းတွေ အဲဒီနား
ရောက်ရင် နွားတွေက ဘာကိုလန့်မှန်းမသိဘူးတဲ့ဟေ့၊
လန့်ပြီးပြေးတာ၊ လှည်းတွေ ဘယ်လိုမှကို
မောင်းလို့မရတော့တာတဲ့။ လှည်းပေါ်မှာ
အပြည့်အမောက်တင်လာတဲ့ ခရမ်းခေါင်သီးတွေ၊ ခရမ်းချဉ်သီးတွေဆိုတာ လှည်းလမ်းမှာ
ကျကုန်ရောတဲ့ဟေ့၊ ဝေလီဝေလင်းထပြီး
စျေးရောင်းထွက်ရတဲ့သူတွေ တော်တော်ကို
စိတ်ညစ်နေကြတာတဲ့ တာတေရ”

“အေးပေါ့ကွာ၊ ဒီလောက်တောင် ဖြစ်နေတော့
စိတ်ညစ်နေကြတော့မှာပေါ့၊ ဒါနဲ့ ရွာသားတွေက
ဘာမှမလုပ်ကြဘူးကွ”

“လုပ်တော့ လုပ်တယ်ကွ၊ ထိန်ကုန်းကျောင်းက
ဘုန်းကြီးတွေပင့်ပြီး ပရိတ်တွေ ဘာတွေ ရွတ်တယ်တဲ့ကွ၊
တစ်လလောက်တော့ ငြိမ်သွားသတဲ့၊ ပြီးတော့
အရင်အတိုင်း ပြန်လုပ်တာပဲတဲ့ကွ၊ ဘုန်းကြီးတွေ
ပရိတ်ရွတ်တာ နှစ်ခါတောင်ရှိပြီဆိုပဲ ခဏပဲ
ငြိမ်တယ်တဲ့ တာတေရ”

“မင်းနဲ့ငါ တစ်ရက်သွားကြတာပေါ့ကွာ၊
အခြေအနေ အကဲခတ်ကြည့်ရမှာပေါ့လေ”

ကျုပ်က သိန်းဇော်ကို ပြောလိုက်တာဗျ။

“ဒါဆိုရင် ဘယ်လိုသွားမတုံး တာတေ”

“အခုရက် ခြောက်တယ် ကြားလား”

“ဟာ ပြီးခဲ့တဲ့ စျေးနေ့ကတင် ထိန်ကုန်းက
ဘထွေး ဖိုးကြည် လှည်းမှောက်မလိုတောင်
ဖြစ်လို့တဲ့ နှမ်းအိတ်တွေတင်ပြီး မြို့သွားပို့တာတဲ့၊
အဲဒီ ညောင်မုတ်ဆိတ်ပင်နားလည်း ရောက်ရော
နွားတွေ လန့်တာပဲကွာ၊ ကြောက်စရာတောင်
ကောင်းတယ်ဆိုပဲ၊ လန့်ပြီး နွားတွေက
ထထခုန်တာတဲ့ဟေ့၊ ပြီးတော့ လှည်းကို
ဆွဲပြေးတာ မှောက်တော့မလို့တဲ့ကွာ၊
ဘထွေးဖိုးကြည် အထိန်းကောင်းလို့တဲ့၊
ဘထွေးလှည်းလည်း အဲဒီလို ဝရုန်းသုန်းကား
ဖြစ်ရော ကလေးရယ်သံလေးတစ်သံ
ထွက်လာပြီး ရယ်လိုက်တာတဲ့ကွာ၊
ဘထွေးလည်း စိတ်ဆိုးဆိုးနဲ့ ကော်တုတ်
ခဲ့တာဆိုပဲကြ”

“နေပါဦးကွ၊ တခြားအချိန်တော့ မခြောက်ဘူးလား
သိန်းဇော်ရဲ့ ”

“ဟာ မခြောက်ဘူးကွ၊ အဲဒီအချိန်တစ်ချိန်ပဲ
ခြောက်တာတဲ့၊ မနက်ဖြန်ဆို မြို့မှာ စျေးနေ့ကွ
စျေးလှည်းတွေ သွားကြမှာ”

“ဟေ ၊ ဒါဆိုရင်တော့ သိန်းဇော်ရေ၊
ဒီည ငါ မင်းတို့ အိမ်မှာ လာအိပ်ပြီး မနက်ကို
စျေးလှည်းတွေ မထွက်ခင် အဲဒီနေရာကို
ရောက်အောင် သွားရမှာပဲ။ မင်းတို့ရွာကနေ
အဲဒီထိန်ကုန်းလှည်းဆုံကို ရောက်အောင်
ဘယ်လောက်လျှောက်ရမတုံး”

“နာရီဝက်ပါပဲကွာ၊ ဒါထက် မပိုပါဘူး”

“အေး ဒါဆိုရင် ဒီညနေ မင်းတို့အိမ်ကို
ငါလာခဲ့မယ်၊ မနက်ဖြန် မြို့မှာ စျေးနေ့ဆိုတော့ ”

သိန်းဇော် ပြန်သွားတော့မှ ကျုပ်က ကျုပ်ရဲ့
ဆေးလွယ်အိတ်ကို မွှေရတော့တာပေါ့ဗျာ။
အဲဒီထဲမှာ ဆရာကြီး ဦးမင်းအောင် ကျုပ်ကို
ပေးခဲ့တဲ့ တစ္ဆေထောင်ချောက်အင်း ရှိတယ်ဗျ။
ဟော တွေ့ပြီ။ သိမ်ဝင်သပိတ်ကွဲမှာ
ချထားတဲ့အင်းဗျ။

(ဆရာကြီး ဦးမင်းအောင် အကြောင်းကို
သိချင်ရင်တော့ ကျုပ်ရေးခဲ့တဲ့ ‘ကဝေဆယ့်နှစ်ကြိုး’
စာအုပ်မှာ ရှာဖတ်ကြည့်ဗျာ)

ကျုပ်က တစ္ဆေထောင်ခြောက်အင်းကို
ယူလိုက်ပြီး ဘုရားစင်ရှေ့မှာ ဆရာကြီးတွေ
လုပ်ကြတဲ့အတိုင်း ဘုရားရှိခိုး မေတ္တာပို့၊
ပြီးတော့ အင်းနှိုးတဲ့မန္တန်ကို ရွတ်ရတာပေါ့ဗျာ။

အမေနဲ့ အဘကို အကျိုးအကြောင်းပြောပြီး
ညနေစောင်းမှာ ဘန့်ဘွေးကုန်းကို ထွက်လာခဲ့တယ်။
သိန်းဇော်တို့အိမ်မှာ ညအိပ်လိုက်တယ်ဗျ။
မနက်ကျတော့ ကျုပ်နဲ့ သိန်းဇော်နဲ့ သုံးနာရီလောက်
ထပြီး ထိန်ကုန်းဘက်ကို လာခဲ့ကြတယ်

ထိန်ကုန်းအထိတော့ မသွားရပါဘူးဗျာ။
ထိန်ကုန်းက ထွက်လာတဲ့ လှည်းလမ်းကြောင်းနဲ့
ငွေတွင်းကုန်းဘက်ကနေ မြို့ကိုသွားတဲ့
လှည်းလမ်းကြောင်းဆုံတဲ့နေရာကို ရောက်တော့
မြို့ဘက်သွားတဲ့ လှည်းလမ်းဘေးမှာ
ညောင်မုတ်ဆိတ်ပင်ကြီးကို တွေ့တယ်ဗျ။

အဲဒီနေရာမှာ ကျုပ်နဲ့သိန်းဇော်နဲ့ မှိုတစ်ကျင်း
ရဖူးတယ်။ ဒီတုန်းက ထိန်ကုန်းက ကျုပ်တို့
သူငယ်ချင်း အောင်တင့်ရဲ့ညီတွေ ရှင်ပြုက
အပြန် မနက်အစောကြီး မှိုကျင်းတွေ့တာဗျ။
ဒီတုန်းက နှစ်ယောက်သား တင်းတောင်း
တစ်လုံးလောက် ရတယ်။ သိန်းဇော်က
ထိန်ကုန်းကို ကပျာကယာ ပြန်ပြေးပြီး
ခွဲတောင်းအစုတ်နှစ်လုံး တောင်းလာတယ်။
ကျုပ်တို့နှစ်ယောက် တစ်ယောက်ကို
ခွဲတောင်းတစ်လုံးစီ ရကြတာဗျ။ မှိုရတဲ့
မျက်နှာဆိုတာ အမှန်ပါပဲဗျာ။ ကျုပ်တို့
သူငယ်ချင်းနှစ်ယောက် ပျော်လိုက်ကြတာဗျာ။

“တာတေရေ၊ ညောင်မုတ်ဆိတ်ပင်ကြီးတော့
ရောက်ပြီကွ၊ တို့ ဘယ်နေရာမှ နေရမှာတုံး”

“ဟိုရှေ့က မြရာပင်တွေ နောက်က ကွယ်ပြီး
အခြေအနေကြည့်တာပေါ့ကွာ၊ ဒါမှ လှည်းလမ်းကို
မြင်နေရမှာ”

ကျုပ်တို့နှစ်ယောက် ချုံကြီးလို ဖြစ်နေတဲ့
မြရာပင်တွေ ကြားမှာ ဝင်ပြီး ငြိမ်နေလိုက်ကြတာဗျ
လကလည်း သာလိုက်တာ ထိန်နေတာပါပဲဗျာ
လှည်းလမ်းကြီးကို အဖွေးသား မြင်နေရတာ
ဗျို့။ ကျုပ်တို့ရောက်ပြီး တော်တော်လေး
ကြာမှ ထိန်ကုန်းဘက်က လှည်းတစ်စီး
မောင်းလာတဲ့အသံ ကြားရတယ်ဗျ။
ထိန်ကုန်းက လာတဲ့ လှည်းလမ်းက
လျှိုထဲက လာရတာဆိုတော့ လှည်းကို
မမြင်ရဘူးဗျ။ အသံပဲ ကြားရတာ။

“ဟဲ့ နွား၊ ဟာ ညိုကြီး ပေကပ်ကပ်လုပ်ပြီး
တောက်”

နွားငေါက်တဲ့အသံကို ကြားနေရတာဗျ။
ဒီတုန်းမှာပဲ ငွေတွင်းကုန်းဘက်ကလည်း
နွားငေါက်သံသဲ့သဲ့ ကြားရတယ်ဗျ။
ငါးရက်စျေးမှာ သွားရောင်းဖို့ ထွက်လာကြပြီ
ပေါ့ဗျာ။ ကျုပ်က မျက်ကွင်းဆေး ကွင်းလာတော့
ဟိုကြည့် ဒီကြည့် လုပ်နေရတာဗျ။
ခုထိတော့ ဘာမှမတွေ့သေးဘူး။

“ဟာ ဒီနွား တောက်၊ ဘေးကို မဆွဲနဲ့လေ၊
တည့်တည့်သွားပါဟ ၊ ဖြန်း ”

ထိန်ကုန်းက ထွက်လာတဲ့ လှည်းက
တော်တော်နီးလာပြီဗျ ။ ဟော ဟိုမှာ၊ ဟိုမှာ
ညောင်မုတ်ဆိတ်ကြီးပေါ်ကနေ ဆင်းလာတာဗျို့။
ဖြူဖြူလေးဗျ။ ကျုပ်စိတ်ထင်
ကြောင်တစ်ကောင်လို့ ထင်တာ။
လရောင်အောက်မှာ
သေသေချာချာ ကြည့်တော့မှ
ကြောင်မဟုတ်ဘူးဗျ။ ညောင်မုတ်ဆိတ်ပင်အောက်မှာ
မတ်တတ်ရပ်နေတာဗျ။ နားရွက်ကလေး
နှစ်ဖက်က ကြောင်နားရွက်ကလေးတွေလို
ချွန်ချွန်လေးတွေဗျ။

မျက်လုံးက နီနီရဲရဲ ပြူးပြူးလေးတွေဗျို့။
ပါးဖောင်းဖောင်းနဲ့ လူပုံစံဗျ။ လက်တိုတိုလေး
နှစ်ဖက်လည်း ပါတယ်။ လူလက်ပါပဲ။

ဒါပေမဲ့ အောက်ပိုင်းက လူခြေထောက်လို
ခြေထောက်နှစ်ချောင်း မဟုတ်ပါဘူးဗျ။
အမြီးလိုလို တစ်ခုတည်း ၊ အမြီးလိုလို
ခြေထောက်လိုလိုဟာကို မြေကြီးမှာ
ထောက်ပြီး လူရပ်သလို ရပ်နေတာပဲဗျ။
ကျုပ်စိတ်ထင်တော့ မတ်တတ်ရပ်နေတဲ့
အရပ်က နှစ်ပေလောက်ပဲ မြင့်မယ်ထင်တယ်၊
ဖြူဖြူလေးပဲဗျ။ ကျုပ်လည်း မှင်စာကို
ခုမှ သေသေချာချာ တွေ့ဖူးတာဗျ။
အရင်တုန်းက တွေ့ဖူးပေမယ့် ကျုပ်စိတ်ထဲမှာ
ကြောင်လို့ပဲ ထင်တာ။ ကြောင်ပုံစံ
ဖန်ဆင်းထားတာလားတော့ မသိဘူးပေါ့ဗျာ။

“ဟီ၊ ဟီ၊ ဟီ ၊ ဟီ”

မှင်စာက ရယ်နေတယ်ဗျ။ ဟော သွားပြီ
သွားပြီ၊ လှည်းလမ်းအလယ်အထိ သွားပြီး
သူ့လက်ထဲက ကိုင်ထားတာလေးကို
မြေကြီးပေါ်မှာ ချလိုက်ပြီဗျ။ ကျုပ်သေသေချာချာ
ကြည့်တယ်။ ကြက်တောင် အဖြူလေးဗျ။
(ကြက်တောင်ဆိုတာ ကြက်တစ်ကောင်ရဲ့
တောင်ပံက အမွှေးတစ်ချောင်းကို ပြောတာဗျ)

ဒီကောင် ရွေ့သွားတာကို ကျုပ် သေသေချာချာကြည့်တော့
လမ်းလျှောက်တာ မဟုတ်ဘူးဗျ ။ လေထဲမှာ ရွေ့သွားတာ
ဒီကောင် ရွေ့တာ တော်တော်မြန်တယ်ဗျ။ လှစ်ကနဲ
လှစ်ကနဲ ဖြစ်နေတာ။ ဒီကောင် ညောင်မုတ်ဆိတ်ပင်ကြီး
အောက်မှာ ဝင်ပြီး ရပ်နေတာဗျ ။ သူချထားတဲ့
ကြက်တောင်အဖြူလေးနဲ့ သူရပ်နေတဲ့ ညောင်
မုတ်ဆိတ်ပင်ကြီးနဲ့ ဆိုရင် ဆယ်ပေလောက်
ဝေးမယ်ဗျ။ အောင်မယ် မှင်စာက လက်ကလေးတောင်
ပိုက်ထားလိုက်သေးတယ်ဗျို့။

“ဟဲ့နွား ၊ အို ဘာဖြစ်တာတုံး ညိုကြီး၊
ဘာလို့ ဘေးကို ကပ်ရုန်းနေတာတုံး ဖြန်း”

လာပြီဗျို့။ နွားလှည်းလာပြီ။ ကျုပ် သေသေချာချာ
ကြည့်နေတယ်။ နွားလှည်းကြက်တောင်အဖြူလေး
အပေါ်တည့်တည့် ရောက်သွားတဲ့အချိန်မှာ
နွားတွေ လန့်ကုန်တော့တာဗျို့။

“ရှူး ရှူး ရှူး ဂရူး ဂရူး ရှုး”

ဟာ နွားတွေ ထခုန်တာဗျို့။ လှည်းတပ်ထားတော့
ဘယ်ခုန်နိုင်မလဲဗျ။ လှည်းအိမ်က နောက်စိုက်ကျသွားပြီး
လှည်းပေါ်မှာ တင်ထားတဲ့ ကြက်သွန်အိတ်တွေ
အောက်ကို ပြုတ်ကျတော့တာပေါ့ဗျာ။

“ဟဲ့ ဟဲ့ ၊ ဘာဖြစ်တာတုံး ညိုကြီး၊ ဟဲ့ နွားတွေ
ဘာဖြစ်တာတုံး ဖြန်း ဖြန်း ဖြန်း ”

လှည်းမောင်းတဲ့လူက ကြောက်ကြောက်လန့်လန့်နဲ့
နွားတွေကို ဆက်တိုက်ရိုက်တော့တာဗျို့။ ဒီတော့မှ
နွားတွေလည်း လန့်ပြီး ပြေးကြရောဗျို့။ ကြက်တောင်လေး
အပေါ်က ကျော်သွားတော့မှ အကြောက်ပြေသွားတာဗျို့။

“ဟား ဟား ဟား ဟီး ဟီး ဟီ ဟီ ဟား ဟား ဟား”

ရယ်ပြီဗျို့။ မှင်စာ အော်ရယ်နေပြီ။ လှည်းသမားက
ကျသွားတဲ့ ကြက်သွန်အိတ်တွေကို ကောက်ဖို့
နောက်ကို လျှောက်လာတယ်။မှင်စာရဲ့ကြက်တောင်ကို ခွကျော်မိတာပေါ့ဗျာ။

“ဘုန်း”

ဟာ လဲပြီဗျို့။ ရှေ့ကို ခလုတ်တိုက်ပြီး ဝမ်းလျားမှောက်ကြီး
လဲတာဗျ။

မှင်စာဆိုတာ ရယ်လိုက်တာမှ ခွက်ထိုးခွက်လန်ပဲဗျို့။
လှည်းသမားလည်း ကျသွားတဲ့ ကြက်သွန်အိတ်နှစ်အိတ်ကို
ကောက်ထမ်းပြီး လှည်းပေါ်ပြန်တင်ပြီး တစ်ချိုတည်း
မောင်းပြေးတော့တာဗျို့။

ဒီတော့မှ မှင်စာက လက်ကလေးတစ်ဖက်ဆန့်ပြီး
သူကြက်တောင်ကို ခေါ်ယူလိုက်တာ ကြက်တောင်
ဖြူလေးက လေထဲမှာပျံပြီး မှင်စာဆီကို သွားတာဗျ။
မှင်စာက သူ့ကြက်တောင်လေးကို လှမ်းယူလိုက်ပြီး
မြောက်ဘက်ကို ရိပ်ကနဲ ပြေးထွက်သွားတယ်ဗျို့။

ကျုပ်က ကျုပ်မြင်တာတွေကို သိန်းဇော်ကို
ပြောပြလိုက်တယ်။ သိန်းဇော်က နွားတွေလန့်ပြီး
ထခုန်တာကိုတော့ ကောင်းကောင်းမြင်တာပေါ့ဗျာ။
မှင်စာလုပ်နေတာတွေကိုတော့ သူမမြင်ဘူးဗျ။

“သိန်းဇော် မင်း မှင်စာရယ်တဲ့အသံ ကြားရလား”

“အေး ကြားတယ်ကွ၊ $ မှင်စာ၊ သူများဒုက္ခရောက်တာကို
ကြည့်ပြီး ရယ်လိုက်တာမှ ခွက်ထိုးခွက်လန်ပဲကွ၊
လက်စသတ်တော့ ဒီကောင် ကြက်တောင်
တစ်ချောင်းနဲ့ ဒုက္ခပေးနေတာကိုး။ ဒီကောင်ရဲ့
ကြက်တောင်ကလည်း တော်တော်ကို စွမ်းတာပဲ
တာတေရ”

“အေး ဟုတ်တယ်၊ ဒီကောင့်ကို နောက်တစ်ပတ်
စျေးနေ့မှာ ငါ နှင်ထုတ်ပစ်မယ် သိန်းဇော်၊ ဒီကောင်
လူတွေကို တော်တော်ဒုက္ခပေးတဲ့ကောင်ကွ”

ကျုပ်နဲ့ သိန်းဇော် ပြန်လာခဲ့ကြတယ်။ ဘန့်ဘွေးကုန်းမှာ
ကျုပ် မထိုင်တော့ဘဲ ရွာကို တန်းပြန်လာခဲ့တယ်။
အဘနဲ့ အမေက ကျုပ်ကို အကျိုးအကြောင်း မေးလို့
ကျုပ်က ကျုပ်တွေ့ခဲ့တဲ့ မှင်စာအကြောင်းကို
ပြောပြလိုက်ရောဗျ။ အဘနဲ့ အမေလည်း မှင်စာကို
တော်တော်ကို အံ့သြသွားကြတာဗျို့။

ကျုပ်ကတော့ နောက်တစ်ပတ် စျေးနေ့မတိုင်ခင်
မဖဲဝါကို ပြောပြရတော့မှာပေါ့ဗျာ။ စျေးနေ့မတိုင်ခင်
ညရောက်တော့ ကျုပ်က ကြက်တစ်ကောင်ချက်ပြီး
ထနောင်းကုန်းသင်္ချိုင်းထဲမှာ မဖဲဝါကို ထမင်း
ကျွေးတယ်ဗျ။ ကျုပ်နဲ့ အတူတူ ကျောက်ခဲနဲ့
သံမဏိပါ လိုက်ကြတာပေါ့ဗျာ။

မဖဲဝါ ကြွလာတော့ ကျုပ်က လူတွေကို
ဒုက္ခပေးနေတဲ့ ထိန်ကုန်းက မှင်စာအကြောင်းကို
ပြောပြတယ်။

“တာတေ၊ အဲဒါ မှင်စာဆိုးပေဟဲ့၊ ဒီအကောင်က
ဒီအတိုင်းပဲ၊ သူများဒုက္ခရောက်ရင် သိပ်ပျော်တဲ့အကောင်၊
အဲဒီညောင်မုတ်ဆိတ်ပင်မှာ ဒီကောင်နေတာ မဟုတ်ဘူး၊
တခြားမှာ နေတာ၊ အခုလို နယ်လှည့်ပြီး လူတွေကို
ဒုက္ခပေးနေတာ”

“ဒီကောင်ဆီက ကြက်တောင်အဖြူလေးကို
မဖဲဝါ သိမ်းလိုက်ပါလားဗျာ”

“အဲဒါတော့ မဖြစ်ဘူး တာတေ၊ ဒီကောင်က
အဲဒီလို အော်ပြီး ရယ်ရမှ အသက်ရှင်နေလို့ ရတာ။
ကြက်တောင် သိမ်းလိုက်လို့ရှိရင် ဒီကောင် သုံးရက်ထက်
ပိုမခံဘူး၊ ဒီလိုလုပ် ၊ နင် အဲဒီနေရာကနေ ငါ့ကို
လှမ်းခေါ်လိုက်၊ ငါလာခဲ့မယ်၊ ဒီကောင် မပြေးနိုင်အောင်
နင်ဖမ်းထားလိုက်၊ ပြီးတော့ သူ့ကြက်တောင်ကို
နင်ရအောင် ယူထား၊ ငါ သူ့ကို ဒီနယ်ကနေ
နှင်ထုတ်ပေးမယ်”

ကျုပ် ညတွင်းချင်း ဘန့်ဘွေးကုန်းကို သွားတယ်။
ကျောက်ခဲနဲ့ သံမဏိကိုတော့ အိမ်ပြန်ခိုင်းလိုက်ရတာပေါ့ဗျာ
အရင်တစ်ခါလိုပဲ ဘန့်ဘွေးကုန်းက သိန်းဇော်
ထိန်ကုန်းကို ထပြီး လျှောက်ကြရပြန်ရောဗျို့။
ထိန်ကုန်းမရောက်ခင် လှည်းလမ်းဆုံတဲ့
နေရာကို ရောက်တော့ လေးနာရီမထိုးသေးဘူးဗျ။

“ဟဲ့နွား၊ တယ် ဒီနွားဟာလေ ၊ ဟဲ့ တည့်တည့်ဆွဲပါဆို
ဘယ်ကို ကပ်ဆွဲနေတာတုံး၊ ဟာ ဒီကောင် မဲကြီး၊
ဟကောင်၊ တည့်တည့်ဆွဲပါဟ ၊ ဟာ…ဖြန်း”

နွားငေါက်တဲ့အသံတွေ ကြားနေရပြီဗျို့။
ကျုပ်က ကပျာကယာသွားပြီး ဟိုတစ်ပတ်က
မှင်စာရပ်နေတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ
တစ္ဆေထောင်ချောက်အင်းကို မန္တန်နဲ့ နှိုးပြီး
မြှုပ်ထားလိုက်တယ်။ ပြီးတော့ အင်းကို
ဗဟိုပြုပြီး စည်းဝိုင်းတစ်ခု ဆွဲလိုက်တယ်

အားလုံး ပြင်ဆင်ပြီးတော့ ကျုပ်နဲ့ သိန်းဇော်
ဟိုတစ်ပတ်က ပုန်းတဲ့ မြရာချုံကြီးနောက်မှာ
ဝင်ပုန်းနေလိုက်ကြတယ်။

“ဟဲ့ မဲကြီး ၊ ဒီနွားတော့၊ ဟာ ဘာဖြစ်တာတုံး၊
တောက် တည့်တည့်ဆွဲ”

ထိန်ကုန်းကလှည်း မဟုတ်ဘူးဗျ။ ငွေတွင်းကုန်းတို့
မီးလောင်ကုန်းတို့ဘက်က လာတဲ့လှည်းဗျ။
တဖြည်းဖြည်းနီလာပြီ။ ဟော ဆင်းလာပြီဗျို့။
မှင်စာဆိုးပေ ဆင်းလာပြီ။ ညောင်မုတ်ဆိတ်
ပင်ကြီးကနေ ကြောင်ဆင်းသလို ဆင်းလာတာဗျ။

ဟော သွားပြီဗျို့။ လှည်းလမ်းမှာ ကြက်တောင်
အဖြူလေး သွားပြီး ချထားလိုက်ပြီ။ တော်တော်ဆိုးတဲ့
မှင်စာပါဗျာ။ လူတွေ ဒုက္ခရောက်တာကို ကြည့်ပြီး
ရယ်ရတယ်လို့ ။ ဟော သူကတော့ အခန့်သားဗျ။
ညောင်မုတ်ဆိတ်ပင်ကြီးအောက်ကို ပြန်ပြီး
ရပ်နေတာ။ သူ့လက်တိုတိုလေးကိုလည်း
ပိုက်ထားလိုက်သေးတယ်ဗျ။

ဟာ ဟိုတစ်ပတ်က ကြည့်တော့ အရပ်က
နှစ်ပေလောက် ရှိတာဗျ။ ဒီတစ်ခါတော့
တစ်ပေလောက်ပဲ ရှိတယ်။ ကြည့်ရတာ
သူ့အရွယ်ကို သူလိုသလို ဖန်ဆင်းလို့
ရတယ်ထင်တယ်ဗျ။

“သိန်းဇော် ၊ ဒီဆေးလွယ်အိတ်ကို
မင်းလွယ်ထားစမ်း သူငယ်ချင်း”

ကျုပ်က ဆေးလွယ်အိတ်ကို သိန်းဇော် လက်ထဲ
ထည့်လိုက်ပြီးတော့ လှည်းလမ်းပေါ်ကို တစ်ရှိန်ထိုး
ပြေးထွက်လိုက်ပြီဗျို့။ မှင်စာဆိုးပေ ချထားတဲ့
ကြက်တောင်အဖြူလေးရှိတဲ့ဆီကို တန်းပြေးပြီး
ကြက်တောင်လေးကို ကျုပ် ကောက်ယူလိုက်
တယ်ဗျ။ ကြက်တောင်ကို ကောက်ပြီးတာနဲ့
ကျုပ်က လှည်းလမ်းဘေးမှာ တွေ့တဲ့ ဝါးလုံးပိုင်းကို
ကောက်လိုက်ပြီး စောစောက ကျုပ်
အင်းမြှုပ်ထားတဲ့ဘက်ကို တန်းပြေးသွားတာဗျ။

ရုတ်တရက်ဆိုတော့ မှင်စာဆိုးပေ
ဘာလုပ်ရမှန်း မသိဘဲ ကြောင်ပြီး
ကျုပ်ကို ကြည့်နေတာဗျ။ ကျုပ်က
မျက်ကွင်းဆေးကို မျက်လုံးမှာလည်းကွင်း၊
နားတွေလည်း လိမ်းထားတာဗျ။
ပြီးတော့ ဒိဗ္ဗသောတမန္တန်ကိုလည်း
ရွတ်ထားတာဆိုတော့ မှင်စာဆိုးပေကို
မြင်ရုံတင် မဟုတ်ဘူး။ သူပြောသမျှကိုလည်း
ကြားနေရတာဗျ။

“ဟေ့ကောင် မင်း၊ ဘာလုပ်နေတာတုံး၊
ငါ့ကြက်တောင်ကို အခုချက်ချင်း ပြန်ပေးစမ်း”

မှင်စာ သူရဲ့ လက်တိုတို ဖောင်းဖောင်းလေးနဲ့
ကျုပ်ကို လက်ညှိုးထိုးပြီး ပြောတယ်ဗျ။ ကျုပ်ကလည်း
လက်ထဲမှာ ကိုင်ထားတဲ့ ဝါးရင်းတုတ်ကို မြှောက်ပြပြီး

“ဟေ့ကောင် ဆိုးပေ၊ လူတွေကို ဒုက္ခပေးပြီး
ပျော်တဲ့ကောင်၊ မင်းကြက်တောင်ကို ပြန်မပေးဘူး၊
သတ္တိရှိရင် မင်း လာယူ၊ ဟော ဒီမှာ”

ကျုပ်က သူ့ကြက်တောင်ကို မြှောက်ပြပြီး
ပြောလိုက်တာဗျ။

“တောက်”

ဆိုးပေ တောက်ခေါက်တာဗျို့။မှင်စာ ကျုပ်ကို
တော်တော်ဒေါသဖြစ်နေပုံဗျ။

“ဟေ့ကောင် မင်းက ငါ့နာမည်ကိုတောင်
သိနေပါလား၊ မင်း ဘယ်သူတုံး”

မှင်စာက ကျုပ်ကို မေးတာဗျ။

“ငါ့နာမည် တာတေတဲ့၊ မင်းမှတ်ထားပေတော့ မှင်စာ”

“မင်းမှင်စာတွေအကြောင်း ဘယ်လောက်
သိထားလို့ ငါ့ကို စိန်ခေါ်နေတာတုံး တာတေ”

“မင်းတို့ မှင်စာတွေဟာ တကယ်တော့
ကြောင်တွေပါကွာ ၊ ငါက မကြောက်ဘူးကွ
ဆိုးပေရ”

“အေး၊ အဲဒီကြောင်က မင်းကို ခုနှစ်ပတ် ပတ်ရင်
မင်းအသက်သေပြီဆိုတာ မင်း သိလား၊ ငါ မင်းကို
မသတ်မိခင် ငါ့ကြက်တောင်ကို ပြန်ပေး တာတေ”

“ဒီမှာ ဆိုးပေ၊ မင်း ဘယ်လောက်ဆိုးနိုင်မလဲ
ကြည့်ရသေးတာပေါ့ကွာ၊ ဒီကြက်တောင်ကို
မင်းပြန်မရရင် မင်းအသက်ဟာ သုံးရက်ပဲ
ခံမယ်ဆိုတာရော မင်းမပြောတော့ဘူးလား”

“ဘာကွ ၊ မင်း ဒါတွေကို ဘယ်လိုသိနေတာတုံး”

“ငါ့ဖာသာငါ ဘယ်လိုပဲသိသိ မင်းနဲ့ မဆိုင်ဘူး၊
လူတွေကို ဒုက္ခအမြဲပေးတဲ့ မင်းလို မှင်စာအတွက်
အသက်က သုံးရက်ပဲ ကျန်တော့တယ်ဆိုတာကိုသာ
မင်းသိထားပေတော့ ဆိုးပေရေ”

“တယ် ဒီကောင် ၊ ကဲ ကွာ”

ဟာ မှင်စာက ချက်ချင်းကြောင်တစ်ကောင်
ဖြစ်သွားပြီဗျို့။ ကြောင်မဲလေးဗျ။ မျက်လုံးလေးတွေ
ပြူးလို့ ။ ကြောင်က ကျုပ်က ဒေါသ မျက်လုံးတွေနဲ့
စိုက်ကြည့်နေတာဗျ။

“ညောင်း”

ကြောင်တစ်ကောင် မာန်ဖီတဲ့အသံနဲ့ ကျုပ်ဆီကို
တည့်တည့်ကြီး ပြေးလာတာဗျို့။ ကျုပ်ကလည်း
လက်ထဲက ဝါးရင်းတုတ်နဲ့ ဆီးပြီးရိုက်ချလိုက်တာဗျ။

“ဘုတ်”

ဆိုးပေကို မထိဘူးဗျို့။ မြေကြီးကို ဘုတ်ကနဲ
ရိုက်မိတာဗျာ။ လျင်လိုက်တဲ့ မှင်စာ၊ တည့်တည့်
ပြေးလာရောကနေပြီး ဘေးကို ခုန်ရှောင်လိုက်တယ်ဗျ။
ကျုပ်က ဆိုးပေ ခုန်ရှောင်တဲ့ ဘက်ကို ပြေးပြီးရိုက်တယ်။

“ဘုတ်”

မြေကြီးပဲ ထိတာဗျ။ ဆိုးပေက ပြေးလာလိုက်
ကျုပ်က ရိုက်လိုက်နဲ့ မောလာပြီဗျို့။ ဒီတော့မှ
ကျုပ်တွေးမိတာဗျ။ ဒီကောင် ကျုပ်မောပြီး
ခြေကုန်လက်ပမ်းကျအောင် လုပ်နေတာ
ဖြစ်မယ်လို့ ။ ကျုပ်လည်ပင်းမှာ ကတ္တီပါအိတ်ရှုံ့လေးနဲ့
ထည့်ပြီး ဆွဲထားတဲ့ သစ်စုန်းဆေးတော် ရှိတယ်ဗျ။

ဒီကောင် ကျုပ်ကို ခုန်ကိုက်လို့ မရလောက်ဘူး။
ဒီတစ်ခါတော့ ကျုပ်က လက်ထဲက ဝါးရင်းတုတ်ကို
မြေကြီးမှာ ထောက်ပြီး ရပ်နေလိုက်တယ်။
ကျုပ်စိတ်ထင်တော့ မှင်စာ ကျုပ်ကို ကိုက်မိသွားရင်
သတိတွေ ဘာတွေ မေ့သွားနိုင်တယ်ဗျ။
ဒီတော့မှ ဒီကောင် ကျုပ်လက်ထဲမှာ
ကိုင်ထားတဲ့ ကြက်တောင်ကို ပြန်ယူမှာပေါ့ဗျာ။

ဒီကောင် ကျုပ်ကို သေသေချာချာ ကြည့်နေတယ်ဗျ။
ဟော လာပြီ။ ပြေးလာပြီ။ ကျုပ်ကို ခုန်အုပ်တာဗျို့။

“ဖုန်း”

ဒါပေမဲ့ ကျုပ်နဲ့ တစ်တောင်လောက် မရောက်ခင်မှာပဲ
ဒီကောင် နောက်ကို လွင့်ထွက်သွားပြီး မြေကြီးပေါ်ကို
ကျတာဗျ။ ကြောင်ကျ မကျဘဲ ခွေးကျ ကျတာဗျို့။
ဖုန်းကနဲ နေတာဗျ။ ဆိုးပေ ဒေါသဖြစ်လာပြီး
ကျုပ်ဆီကို ပြေးပြီး ခုန်အုပ်ပြန်ရောဗျို့။

‘ဖုန်း’

စောစောကအတိုင်းပဲဗျာ။ တစ်ယောက်ယောက်က
တွန်းပစ်လိုက်သလိုကို လွင့်ထွက်သွားပြီ မြေကြီးပေါ်ကို
ခြေပစ်လက်ပစ် ပြုတ်ကျပြန်ရောဗျို့။ ဆိုးပေ
ငြိမ်သွားပြီဗျ။ ကျုပ်ကို ခုန်မအုပ်တော့ဘဲ
စိုက်ကြည့်နေတယ်။

“ညောင်…ဝေါး…၊ ဂီး”

မှင်စာကောင်က ကြောင်လို မာန်ဖီပြီး ကျုပ်ကို
စိုက်ကြည့်နေတယ်ဗျ။ ဟော နောက်ဂျွမ်းပစ်တယ်ဗျို့။
အောင်မာ၊ ကြောင်က သူ့ကိုယ်သူ ကျားများ
ထင်နေသလား မသိပါဘူးဗျာ။ ဟော နောက်ကို
ပြေးသွားပြီဗျို့။ ဟော မှင်စာ ပြေးပြီဗျ။

ဟာ ပြေးတာ မဟုတ်ဘူးဗျ။ ကျုပ်ကို ပတ်နေတာ၊
ပတ်နေတာ။ လက်စသတ်တော့ ကျုပ်ကို အသေ
သတ်ဖို့ လုပ်နေတာဗျို့။ ဒီကောင် ကျုပ်ကို
သတ်ဖို့ ဆုံးဖြတ်လိုက်ပြီထင်တယ်

သူ ကျုပ်ကို ခုနှစ်ပတ် ပတ်မိရင် ကျုပ် သေမှာလေဗျာ။
ကျုပ်က ကျုပ် အင်းမြှုပ်ထားတဲ့ စည်းဝိုင်းနားကို
မသိမသာ ရွှေ့ပေးလိုက်တယ်ဗျ။

ပတ်ပြီဗျို့။ မှင်စာဆိုးပေ ကျုပ်ကို ပတ်နေပြီဗျို့။
တစ်ပတ် ။ ပထမဆုံးပတ်တဲ့ အဝိုင်းက ကြီးတယ်ဗျ။
နှစ်ပတ်။ ဟော အဝိုင်းနည်းနည်းသေးလာတယ်။
ကျုပ်က ဘုရားကို အာရုံပြုတယ်။ ကျုပ်ရဲ့
ဆရာကြီးတွေကိုအာရုံပြုတယ်။ သုံးပတ်။
ကျုပ်က ဗုဒ္ဓရဲ့ အောင်ခြင်းရှစ်ပါးဂါထာကို ရွတ်တယ်။

လေးပတ်။ အဝိုင်းက တဖြည်းဖြည်း ကျဉ်းလာပြီ။
ဒီတစ်ပတ်ဆိုရင်တော့ ဒီကောင် ကျုပ် အင်းမြှုပ်ထားတဲ့
တစ္ဆေထောင်ခြောက်စည်းဝိုင်းထဲကို ဝင်လောက်ပြီဗျ။

ဟော ဝင်ပြီဗျို့။ ဝင်ပြီ။ မှင်စာဆိုးပေ ကျုပ်ရဲ့
တစ္ဆေထောင်ချောက်စည်းဝိုင်းထဲကို ဝင်သွားပြီဗျို့။
ဒီကောင် ရှေ့ဆက်ပြေးလို့ မရတော့ဘူးဗျ။
မှင်စာက စည်းဝိုင်းကို ဖောက်ထွက်ဖို့ ကြိုးစား
ကြည့်တယ်ဗျ။ ဒါပေမဲ့ မဖောက်နိုင်ဘူး။

ဒီကောင် စည်းဝိုင်းထဲမှာပဲ ပတ်လျှောက်နေတယ်။
ဟော ကြောင်ပုံစံပျောက်ပြီး မှင်စာပုံစံ ပြန်ဖြစ်လာပြီဗျို့။
ကျုပ်က ကျုပ်လုပ်ရမှာကို သတိရသွားတယ်ဗျ။

“သင်္ချိုင်းရှင်မ မဖဲဝါဗျာ၊ ကျုပ်ရဲ့ တစ္ဆေထောင်ချောက်ထဲမှ
မှင်စာဆိုးပေ မိနေပါပြီ၊ မဖဲဝါမှာတဲ့အတိုင်း သူ့ရဲ့
ကြက်တောင်ကိုလည်း ကျုပ်သိမ်းထားလိုက်ပါပြီ၊
သင်္ချိုင်းရှင်မကြီး ကြွခဲ့ပါခင်ဗျာ၊ ကျုပ်တာတေက
မဖဲဝါကို ပင့်ဖိတ်ပါတယ်”

ကျုပ် မဖဲဝါကို ပင့်လိုက်တယ်ဗျ။

“ဝူး …၊ ဝူး…၊ ဝူး၊ အီ၊ အီ၊ အီ ”

ဟော နက်ကျော်ကြီး အသံကြားရပြီဗျ။
မဖဲဝါ လာနေပြီဗျို့။

“ဝူး ၊ ဝူး ၊ ဝူး ၊ အီ ၊ အီ၊ အီ”

ဟော…နက်ကျော်ကြီး အသံကြားရပြီဗျ၊
မဖဲဝါ လာနေပြီဗျို့။

“ဝူး ၊ ဝူး ၊ ဝူး ၊ ဝူး ၊ အီ ၊ အီ၊ အီ”

နက်ကျော်ကြီး အသံက နီးနီးလာပြီ။
ဟော သစ်ပင်ကြီးတွေအောက်က ဖြူဖြူအရိပ်ကြီး
ရွေ့လျာပြီဗျို့။ ခဏနေတော့ မဖဲဝါ ရောက်လာတယ်။
ညဦးက ထနောင်းကုန်း သင်္ချိုင်းထဲမှာ တွေ့ခဲ့တဲ့
ပုံစံအတိုင်းပဲဗျ။ အပေါ်အနက် အောက်အနက်
ဝတ်ထားတာ။

“ဟဲ့ကောင် ဆိုးပေ၊ နင် တော်တော်ဆိုးတာပဲ၊
လူတွေကို နင် ဒုက္ခလိုက်ပေးနေပါလား၊ ငါ ဘိုးဘိုးတွေကို
လျှောက်လိုက်ရမလား”

ဆိုးပေက လက်ကလေးကာပြီး ခေါင်းခါပြတယ်ဗျ။
ဘိုးဘိုးတွေကိုတော့ ဒီကောင် တော်တော်ကြောက်တဲ့ပုံဗျို့။

“တာတေ ၊ သူ့ကြက်တောင် ငါ့ဆီကို ပစ်ပေးလိုက်”

ကျုပ်က ဆိုးပေရဲ့ ကြက်တောင်ဖြူဖြူလေးကို
မဖဲဝါဆီ လှမ်းပစ်ပေးလိုက်တယ်။ ကြက်တောင်
လေးက လေထဲမှာ ပျံသွားပြီး မဖဲဝါရဲ့
လက်ဝါးထဲကို ရောက်သွားတယ်။

“ဒီကြက်တောင်ကို ငါဖျက်ဆီးပစ်လိုက်ရမလား
ဆိုးပေ”

မဖဲဝါက အသံမာမာနဲ့ မေးတာဗျ။ ဆိုးပေက
သူ့ရဲ့ လက်တိုတိုလေးတွေနဲ့ ကာပြတယ်။
ခေါင်းကလည်း ခါပြတယ်။

“ဒါဆိုရင် နင် ဒီနယ်ကို နောက် ဘယ်တော့မှ
မလာပါဘူးလို့ ကတိပေးမလား”

ဆိုးပေက ခေါင်းညိတ်ပြရင်းနဲ့ ကတိပေးပါတယ်လို့
ပြောလိုက်တယ်ဗျ။

“တာတေ၊ နင့်စည်းဝိုင်းကို ဖျက်ပေးလိုက်ပါ”

ကျုပ်က စည်းဝိုင်းအလယ်မှာ မြှုပ်ထားတဲ့
အင်းချပ်ကို ဖော်ပြီး ယူလိုက်တယ်။ ဒါဆိုရင်
စည်းပျက်သွားပြီပေါ့ဗျာ၊ မှင်စာဆိုးပေ
စည်းပြင်ကို ထွက်လို့ ရသွားပြီဗျ။

“နင်ကတိကို မတည်ရင် ငါကိုယ်တိုင် နင့်ကို
ဖမ်းပြီး ဘိုးဘိုးတွေလက်ကို အပ်မယ်၊ ရော့
နင့်ကြက်တောင် ပြီးရင် သွားတော့၊ ဒီနယ်ကို
နင် ဘယ်တော့မှ မလာနဲ့ ”

မဖဲဝါက မှင်စာဆိုးပေရဲ့ ကြက်တောင်လေးကို
ပစ်ပေးလိုက်တယ်။ ကြက်တောင်လေးက
လေထဲကနေ ပျံပြီး ဆိုးပေဆီကို ရောက်လာတယ်။
ဆိုးပေက သူ့လက်တိုတိုဖောင်းဖောင်းလေးတွေနဲ့
ကြက်တောင်ဖြူလေးကို ဖမ်းယူလိုက်တယ်။
မဖဲဝါလည်း ချက်ချင်းလှည့်ထွက်သွားတယ်။
နက်ကျော်ကြီးလည်း သူ့သခင်မ နောက်ကို
လိုက်သွားတော့တာပေါ့ဗျာ။

“ဝူး ၊ ဝူး ၊ ဝူး ၊ ဝူး ၊ အီ ၊ အီ ၊ အီ”

နက်ကျော်ကြီး အူသံက တဖြည်းဖြည်း
ဝေးသွားရောဗျ။ မှင်စာဆိုးပေက လှည့်ထွက်သွားပေမယ့်
ညောင်မုတ်ဆိတ်ပင်ကြီးနားရောက်တော့
ရပ်နေပြီး နောက်ကို လှည့်ကြည့်တယ်ဗျ။
ဒီကောင် ကျုပ်ကို လုံးဝမကျေနပ်တဲ့ပုံပဲဗျို့။

ကျုပ်က ပြေးထွက်သွားပြီး လက်ထဲက
အင်းနဲ့ ပေါက်မယ့်ပုံစံ လုပ်လိုက်တော့မှ
မှင်စာ လှစ်ကနဲ ပြေးတော့တာဗျို့။
စျေးလှည်းတွေကတော့ အနှောင့်အယှက်
မရှိဘဲ လှည်းလမ်းအတိုင်း မောင်းကြတော့တာပေါ့ဗျာ။
တချို့က သီချင်းတွေတောင် အော်ဆိုသွားကြသေးသဗျ။

“ဟဲ့ နွား၊ သြော် …ဒီနွားကုပ်ဟာ ပေကပ်ကပ်နဲ့၊
ဟဲ့ နွား တည့်တည့်ဆွဲပါဟ၊ ဒီနွား ”

စျေးလှည်းတွေ တစ်စီးပြီး တစ်စီး သွားကြလို့ဗျ။
အန္တရာယ်ကင်းသွားပြီလေဗျာ။ မှင်စာဆိုးပေလည်း
ဒီနယ်ကို ဘယ်တော့မှ လာဝံ့မှာ မဟုတ်တော့ပါဘူး။
ကျုပ်နဲ့ သိန်းဇော် ဘန့်ဘွေးကုန်းကို ပြန်ရောက်တော့
အာရုံတောင် တက်ပြီ။

ကျုပ် အိမ်ပြန်ရောက်တော့ အဘနဲ့ အမေတောင်
နိုးနေကြပြီဗျို့။ ကျုပ်ကို မျှော်နေကြတာလေဗျာ။….

ပြီးပါပြီ။