တယော ပညာရှင်တွေ
မှ စုံလို့ဗျ။ ဒါပေမဲ့ ဘင်ဂျိုအေးကိုကတော့
အကျော်ကြားဆုံးပေါ့ဗျာ။
အဲဒီညက ကိုမောင်မောင်ကြီးတို့ဝိုင်း
ထဲမှာပဲ တီးဝိုင်းက ဖျော်ဖြေတာဗျ။ ကို
မောင်မောင်ကြီးတို့ဝိုင်းကလည်း အ
ကျယ်ကြီးဗျ။ ကျုပ်တို့ရွာသားတွေရော
ဘန့်ဘွေးကုန်းသားတွေပါ ဝိုင်းထဲမှာ
ပြည့်သိပ်နေတာဗျို့။ ကျုပ်တို့ ကာလ
သားတွေကတော့ ဇိမ်နဲ့ မကြည့်ကြ
ရပါဘူးဗျ။
မနက်ဖြန် မင်္ဂလာဆောင်မှာ ကျွေးဖို့
မွေးဖို့ ချက်ပြုတ်နေရတာဗျ။ ကိုမောင်
မောင်ကြီးတို့ဝိုင်းနဲ့ တောင်ဘက်ကပ်
ရက်ဝိုင်းက သူတို့ဘထွေး ဦးငွေရရဲ့
ဝိုင်းလေဗျာ။ ဘိုးငွေရကြီး ဝိုင်းထဲမှာ
ချက်ကြ ပြုတ်ကြရတာဗျ။
ဘိုးငွေရဝိုင်းကြီးကလည်း ကျယ်တော့
ချက်ရပြုတ်ရ အဆင်ပြေတာပေါ့ဗျာ။
အကျွေးအမွေးကျတော့ ဝိုင်းနှစ်ဝိုင်း
မှာ မျှကျွေးရမှာဗျ။ ဘိုးငွေရဝိုင်းထဲ
မှာလည်း ကနဖျင်းထိုးထားတယ်။
ကိုမောင်မောင်ကြီးတို့ ဝိုင်းထဲမှာလည်း
ကနဖျင်းထိုးထားတယ်။ မင်္ဂလာဆောင်
သာ ဆိုတယ်၊ အလှူကြီးတစ်ခုလိုပါပဲ
ဗျာ။ ဝက်သားတုံးကြီးတွေများ နှပ်
ထားလိုက်တာ အိလို့ဗျ။
ကျုပ်တို့ထနောင်းကုန်းက ကိုချက်ကြီး
ဆိုတာ အချက်အပြုတ်လွှတ်ကောင်း
တဲ့ ဘိုးတော်ဗျ။ ကျုပ်တို့အနီးအနား
က ရွာတွေမှာ အလှူတို့ မင်္ဂလာဆောင်
တို့ ရှိလို့ကတော့ ကိုချက်ကြီးက နာ
မည်နဲ့လိုက်အောင်ကို ချက်ပြီးသား
ပဲဗျို့။ အဲဒီညက ချက်ရင်းပြုတ်ရင်း
ဆေးလိပ်ကလေးဖွာရင်းနဲ့ တီးဝိုင်း
က အဆိုအတီးတွေကို နားထောင်
ရတာပေါ့ဗျာ။ ညလယ်လောက်
ရောက်မှ ဘင်ဂျိုအေးကိုရဲ့ အလှည့်
ရောက်တာဗျ။
ကောင်းလိုက်တဲ့ ဘင်ဂျိုသံဗျာ။ အတီး
က ကောင်းသလောက် အဆိုကလည်း
ပိုင်ပါပေ့။ ဘင်ဂျိုအေးကိုရဲ့ အသံက
လည်း တကယ်ကောင်းတာကလားဗျာ။
ဒါကြောင့်လည်း နာမည်ကျော်ပေတာ
ပဲ။ ပြည့်လှဖေရဲ့’သက်ဝေ’ကို စတီး
တော့တာဗျို့။ ဝိုင်းထဲမှာ လက်ခုတ်
သံကို ညံသွားရောဗျာ။
“မောင်အသွေးတွေ၊ မောင်အသား
တွေ ဆေးဘက်ဝင်ပါသလား”
ဆိုတဲ့နေရာမှာ တီးပြီးဆိုလိုက်တဲ့ အဆို
က လူတိုင်းရဲ့ ရင်ထဲကို ဖောက်ဝင်သွား
တာဗျို့။ ကျုပ်တောင် ပါးစပ်က လိုက်
ဆိုမိတာ။
“ငါ့ကောင်တာတေက ဘင်ဂျို ကြိုက်
တယ်မှတ်တယ်”
ကိုချက်ကြီးက ပြောတာဗျ။ လေးလေး
ချက်ကြီးလို့သာ ကျုပ်က ခေါ်တာပါ။
တကယ်ကတော့ အသက်လေးဆယ်
လောက် ရှိသေးတာဗျ။
“ဟုတ်တယ် လေးလေးချက်ကြီးရဲ့၊
ကျုပ်က တူရိယာတွေထဲမှာ ဘင်ဂျိုသံ
ကို လွှတ်ကြိုက်တဲ့ကောင်ဗျ”
“အေး ကြိုက်မယ်ဆိုလည်း ကြိုက်
လောက်တာပေါ့ တာတေရာ၊ ဘင်ဂျို
က ထူးခြားတဲ့ တူရိယာကွ တာတေရ။
တခြားတူရိယာတွေက လက်ကွက်ပါ
တယ်၊ ဘင်ဂျိုက လက်ကွက်မပါဘူးကွ”
“ဟာ ဒါဆိုရင် ဒီအသံတွေကို ဘယ်လို
တီးရတုံးဗ်”
“တီးတဲ့လူရဲ့နားနဲ့ ခံစားပြီးတီးရတာကွ၊
ဆိုတဲ့လူ့ရဲ့အသံ အနိမ့်အမြင့်ကိုလိုက်
ပြီး တီးရတာ။ အသံတွေကို ကိုယ်တိုင်
နားထောင်ပြီးမှ မှတ်ထားရတာ၊ လက်
ကွက်မပါဘူးလေကွာ၊ ပြီးတော့ တီးတဲ့
အခါမှာလည်း လက်နဲ့တီးရတာ မဟုတ်
ဘူး၊ လက်ခတ်နဲ့ပဲ တီးရတာ၊ အသံတစ်
သံတီးဖို့ဆိုရင် အပေါ်အောက်သုံးဆယ့်
နှစ်လောက်ခတ်ပြီး တီးရတာကွ၊ တော်
တော်ကို လေ့ကျင်ရတာပါကွာ”
“ဟာ ဒါဆို ဘင်ဂျိုက တော်တော်ကို
ခက်တာပဲ လေးလေးချက်ကြီးရဲ့”
“ဟုတ်တယ်ကွ တာတေရ၊ ပြီးတော့
ဘင်ဂျိုမှာက ကြိုးက လေးချောင်း
တည်းပါတာ၊ အပေါ်နှစ်ချောင်းက
အကျသံတီးရတယ်၊ ဘယ်သံပေါ့
ကွာ၊ အောက်နှစ်ချောင်းက အ
တက်သံကွ၊ ညာသံပေါ့ကွာ”
ကျုပ် ထမင်းချက် ချန်ပီယံ လေးလေး
ချက်ကြီးကို တစ်ချက်လှည့်ကြည့်မိတယ်
ဗျ။ ဒီလူ ဘင်ဂျိုအကြောင်းကို ဒီလောက်
သိနေတာ အံ့သြလို့ဗျို့။ ကိုချက်ကြီးက
ကျုပ်လိုပဲ နဂါးဆေးလိပ်တော်တော်ကြိုက်
တဲ့လူဗျ။ နဂါးဆေးပေါ့လိပ်ကလေးတစ်
လိပ်ကို အသစ်ညှိပြီး မီးညီအောင် ဖွာ
နေတာဗျ။
“လေးလေးချက်ကြီးက ဘင်ဂျိုအကြောင်း
ကို သိလှချည်လားဗျ”
” တာတေကလည်း ဒီရွာသားလုပ်နေ
ပြီးတော့ ငါ ဘယ်သူ့တူဆိုတာ မင်းမသိ
ဘူးလားကြ”
“ဗျာ လေးလေးချက်ကြီးက ဘယ်သူ့
တူမို့တုံး”
“ဟာ ဒီကောင်လေးတော့ ငါက
ဘင်ဂျိုဘစောရဲ့တူကွ”
“ဟင် ဟုတ်လား၊ ဘင်ဂျိုဘစောကို
ကျုပ် သိသားပဲဗျ၊ သူတီးတဲ့ နန်းကြာ
ညိုကြော့ကို ကျုပ်ငယ်ငယ်က နှစ်ခါ
လောက် နားထောင်ဖူးပါတယ်ဗျ”
“အေး အဲဒီနန်းကြာညိုကြော့က
ယိုးဒယားလေကွာ၊ ငါ့ဘထွေး ဘင်ဂျို
ဘစောက သီချင်းခန့်တွေ၊ ကြိုးတွေ၊
ပတ်ပျိုးတွေထက် ယိုးဒယားကို ပိုပြီး
ပိုင်တယ်ကွ၊ ယိုးဒယားတီးလို့ကတော့
ဘထွေးကို ဘယ်ဘင်ဂျိုဆရာမှမမှီ
ဘူးကြ”
“သြော် ဟုတ်မယ်ဗျာ၊ လေးလေးချက်
ကြီးကို ဘင်ဂျိုဘစောရဲ့တူဆိုတာသာ
ကျုပ်က မသိတာဗျာ၊ ဘင်ဂျိုဘစောရဲ့
နန်းကြာညိုကြော့ကိုတော့ကျုပ်နားထဲ
မှာ ထွက်ကို မထွက်တော့တာဗျ၊ ဒါ
တောင် တော်တော်ငယ်ငယ်က နား
ထောင်ရတာနော်”
“အေး ဘင်ဂျိုသမားဆိုတာ ထံတြာတေ
ရှင်က စသင်ပြီးတော့ ကြိုးတွေ၊ ဘွဲ့တွေ၊
သီချင်းခန့်တွေ၊ ပတ်ပျိုးတွေ၊ ယိုးဒယား
တွေ အားလုံးပိုင်ပြီဆိုမှ ကာလပေါ်ကို
တီးကြတာကွ၊ အခုတီးနေတဲ့ ဘင်ဂျို
အေးကိုလည်း ဒါတွေပိုင်ပြီလို့ ကာလ
ပေါ် သိပ်ကောင်း နေတာပေါ့ကွာ”
ဟုတ်မယ်ဗျ။ ဘင်ဂျိုအေးကိုက’သက်ဝေ’
ပြီးတော့ ‘ဘရဏီ’၊ ပြီးတော့ ‘ချစ်ရေစင်’။
ကျုပ်တို့ရွာသားတွေဆိုတာ လက်ခုတ်တီး
လိုက်ကြတာ တဖြောင်းဖြောင်းနဲ့ပေါ့ဗျာ။
“နို့ နေပါဦး လေးလေးချက်ကြီးရဲ့၊
လေးလေးရဲ့ဘထွေးဘင်ဂျိုဘစော
ဆိုတာက မျက်စိမမြင်ဘူးဆို”
“ဟုတ်တယ်ကွ၊ ငါ့ဘထွေးက အသက်
နှစ်ဆယ်လောက်ကတည်းက မျက်စိ
ကွယ်သွားတာ”
“နေပါဦး လေးလေးရဲ့၊ ဘင်ဂျိုဘစောက
နောက်ပိုင်းစိတ်နောက်ပြီး ရွာကထွက်သွား
တာ ဘယ်မှာမှ ရှာလို့မရတော့ဘူးဆို”
“အေး ထနောင်းကုန်းသားတွေကတော့
ဒီလိုပဲ ပြောကြတာကွ၊ ငါ့ဘထွေးက စိတ်
မနောက်ပါဘူးကွာ၊ စိတ်ကောင်းပါတယ်၊
ရွာကထွက်သွားတယ်ဆိုတာတော့ ဟုတ်
တယ်ကွ၊ ဘယ်မှလိုက်ရှာလို့ကို မတွေ့
တော့တာ။မင်း စဉ်းစားကြည့်လေ တာ
တေရာ၊ မျက်စိလုံးဝမမြင်တဲ့ လူတစ်
ယောက်ဟာ ဘယ်လိုလုပ်ပြီး ရွာက
ထွက်သွားမှာတုံး”
“ဟာ ဟုတ်သားပဲဗျ၊ လေးလေးချက်
ကြီးရ၊ ဒါဆိုရင် ဘယ်လိုဖြစ်တာတုံးဗျ”
“ငါတို့လည်း ဒီနေ့အထိ ဘယ်လိုမှကို
မတွေးတတ်ကြပါဘူးကွာ၊ တစ်ချို့က
တော့ ညဘက်ကြီး တစ်ယောက်တည်း
ထွက်သွားလို့ ယင်းချောင်းမှာ ရေစီးနဲ့
ပါသွားတာ ဖြစ်မယ်လို့ ပြောလိုပြော
ပေါ့ကွာ။ ဒါကတော့ ကိုယ်ထင်ရာ
မြင်ရာကို မှန်းသမ်းပြောကြတာပေါ့
ကွာ။ ဒါပေမဲ့ သေချာတာကတော့
ငါဘထွေးဘင်ဂျိုဘစော ဒီနေ့အထိ
အိမ်ပြန်မလာတာတော့ သေချာတာ
ပေါ့ကွာ”
“ဘင်ဂျိုဘစော ထွက်သွားတာ
ဘယ်လောက်ရှိပြီတုံးဗျ”
“ဆယ်နှစ်ကျော် ရှိပြီကွ၊ အခုလောက်
ဆိုရင် ငါ့ဘထွေးသာရှိသေးရင် အ
သက်ခြောက်ဆယ်ကျော်ရောပေါ့
တာတေရာ”
“နေပါဦးဗျ၊ ဘင်ဂျိုဘစောကို ဂျပန်
ခေတ်တုန်းက ဂျပန်စစ်တပ်က ဖမ်း
သွားဖူးတယ်ဆို လေးလေးချက်ကြီးရဲ့”
“ဘထွေးက ဒီတုန်းက မျက်စိကွယ်
နေပြီလို့ ငါ့အဘပြောတယ်ကွ၊ ဒီ
တုန်းက ငါက အခါလယ်လောက်ပဲ
ရှိသေးတာတဲ့ တာတေရ၊ ဂျပန်စစ်
တပ်က ငါတို့ထနောင်းကုန်းရွာထဲ
ကို ဖြတ်ပြီး ချီတက်လာတာတဲ့ဟေ့၊
ငါ့ဘထွေးက ဂျပန်တွေ ရွာထဲဝင်
လာတာလည်း မသိဘူးလေကွာ၊
ဘင်ဂျိုကို စိတ်ပါလက်ပါ တီးနေ
တာဆိုပဲကွ။
ဒီမှာတင် ဂျပန်စစ်ဗိုလ်က တို့ဝိုင်းရှေ့မှာ
ရပ်ပြီး ဘထွေးရဲ့ ဘင်ဂျိုသံကို သေသေ
ချာချာ နားထောင်တာတဲ့ဟေ့၊ ဘထွေး
ကတော့ မျက်စိမှ မမြင်တာကွာ၊ ဒါတွေ
ဘယ်သိပါ့မလဲ။ ဘင်ဂျိုလည်းရပ်သွား
ရော ဂျပန်ဗိုလ်က သူ့စစ်သားတွေကို
အမိန့်ပေးလိုက်တာ၊ စစ်သားတွေက
အိမ်ပေါ်တက်ပြီး ဘထွေးကို ဆွဲခေါ်
သွားရောတဲ့ဟေ့။
ဘထွေးကလည်း သူ့ဘင်ဂျိုကြီးကို
ဘေးချပြီး လိုက်ဖို့လုပ်တော့ ဂျပန်
ဗိုလ်က ဂျပန်လို အော်ပြောတယ်
ဆိုပဲကွ။ ဒီမှာတင် ဂျပန်စစ်သားတွေ
က ဘထွေးရဲ့ ဘင်ဂျိုကြီးကိုပါ ယူ
သွားကြရောတဲ့ဟေ့။
အဲဒီဂျပန်တပ်က တို့ရွာအနောက်ဘက်
က ရိုးမပေါ်မှာ တပ်စွဲပြီး အကြာကြီး
နေသွားတာတဲ့ကွ၊ သုံးလလောက်
ကြာတော့ ငါ့ဘထွေးကို လှည်းတစ်
စီးနဲ့ တင်ပြီး ပြန်ပို့လိုက်တယ်။ ဘ
ထွေးကို ဂျပန်ပိုက်ဆံတွေရော၊ စား
စရာ သောက်စရာတွေရော၊ အင်္ကျီ
ချုပ်ဖို့ ပိတ်အုပ်တွေရော ပေးလိုက်
တာ မနည်းဘူးတဲ့ဟေ့”
“ဟာ တော်သေးတာပေါ့ဗျာ၊ နေပါဦးဗျ၊
လေးလေးချက်ကြီးရဲ့ ဘထွေးကို ဂျပန်
က ဘာလုပ်ဖို့ ဖမ်းသွားတာတုံး”
“ဘင်ဂျိုတီးဖို့တဲ့ဟေ့၊ ညညဆိုရင် ဘ
ထွေးက ဘင်ဂျိုတီးပြရတယ်တဲ့ကွ၊
ဖြစ်ချင်တော့ ဂျပန်စစ်ဗိုလ်ကလည်း
ဘင်ဂျိုတီးတတ်တယ်ဆိုပဲ။ ဘထွေး
ပြန်လာတော့ ဂျပန်စကား နည်းနည်း
ပါးပါး တက်လာတယ်။ပြီးတော့ ဂျပန်
သီချင်းတစ်ပုဒ် နှစ်ပုဒ်လည်း ဘင်ဂျို
နဲ့ တီးတတ်လာတယ်တဲ့ကွ၊ ပြီးတော့
ဂျပန်ဗိုလ်က စာတစ်စောင် ရေးပေး
လိုက်တယ်တဲ့၊ ရွာထဲကို ဂျပန်တပ်
တွေ ဝင်လာရင် ဒီစာကို ပြလိုက်လို့
မြာသတဲ့”
“ဟင် ဟုတ်လား၊ ဟာ မဟုတ်တာဗျာ၊
ကျုပ်ကြားဖူးတဲ့ အုန်းပင်တက်လက်
မှတ် ရတဲ့လူထက် ဆိုးနေမှာပေါ့ဗျာ”
“မဟုတ်ဘူးကွ၊ ဂျပန်စစ်တပ်နဲ့ ပါလာ
တဲ့ ဂျပန်စကားပြန်တွေ ပြောတာက
ဘင်ဂျိုဘစောဟာ သူ့မိတ်ဆွေပါ၊
ဘစောတို့ရွာကို ဒုက္ခမပေးကြပါနဲ့
လို့ ရေးထားတာတဲ့ဟေ့”
“ဟင် ဒီစာကို ဂျပန်စစ်သားတွေကို
ပြဖူးသေးလားဗျ လေးလေးချက်ကြီးရဲ့”
“ဟာ ပြဖူးပါပြီလားကွာ၊ ရွာထဲကို ဂျပန်
တပ်တွေ ဝင်လာတိုင်း ဘထွေးက ဒီစာ
ကို ပြတာတဲ့ဟေ့၊ အဲဒီစာကို တွေ့တဲ့
ဂျပန်စစ်ဗိုလ်တိုင်းက စာကို အလေးပြု
သွားတာချည်းပဲတဲ့ဟေ့၊ နောက်မှ ငါတို့
အဘတွေက သိကြတာက ဒီစာကို
ရေးပေးထားတာက သူတို့ရဲ့ ဗိုလ်ချုပ်
ကိုယ်တိုင်ဆိုပဲကွ။ ဒါကြောင့်လည်း
အောက်မှာ ထိုးထားတဲ့ လက်မှတ်နဲ့
တံဆိပ်တုံးကိုမြင်တိုင်း အလေးပြု
ကြတာပေါ့ကွာ”
“ဟာ ကောင်းလိုက်တာဗျာ၊ ဒါဆို
ဘင်ဂျိုဘစောကို ခေါ်သွားတာ
ဂျပန်ဗိုလ်ချုပ်ပေါ့”
“အေး ဟုတ်တယ်၊ ငါ့ဘထွေး ဘင်ဂျို
ဘစောရဲ့ကျေးဇူးကြောင့် ထနောင်းကုန်း
ရွာကလေးဟာ ဂျပန်ချွေးတပ် လုံးဝအ
ဆွဲ မခံရသလို ဂျပန် စော်ကားမော်ကား
လုပ်တာလည်း လုံးဝမခံကြရဘူးတဲ့ကွ”
“အေးဗျာ၊ လေးလေးရဲ့ဘထွေး ဘင်ဂျို
ဘစောကို ကျုပ်ကြားရုံနဲ့ လွမ်းလိုက်တာ
ဗျာ။ ကျုပ်က ဒီအကြောင်းတွေ အခုလို
မသိခင်တုန်းက ရွာထဲမှာ ကြားသလိုပဲ
ဘင်ဂျိုဘစောက စိတ်နောက်သွားတယ်
လို့ ထင်တာဗျ”
“အေး သူတို့ထင်တာလည်း မလွန်ဘူး
ကွ တာတေရ၊ ငါတို့ကိုယ်တိုင်လည်း
ပထမတော့ ဒီအတိုင်းပဲ ထင်ကြတာ၊
သူ ပျောက်သွားတော့မှာပဲ ဘထွေး
မရူးဘူးဆိုတာ သိကြတာကွ”
“ဗျာ …ဘယ်လိုဗျ၊ လေးလေးချက်ကြီးရဲ့”
“ဒီလိုဟေ့၊ ဘထွေး မပျောက်ခင်
ခြောက်လလောက် ကတည်းက
ဘထွေးက ငါတို့ကို ပြောတယ်၊
ညဆိုရင် လူနှစ်ယောက် သုံး
ယောက် ရောက်လာပြီး သူ့ပခုံး
ကို ဖတ်ကနဲ ပုတ်လိုက်တာတဲ့
ကွ၊ အဲဒီလိုလူတွေပြောတဲ့အတိုင်း
နာခံတော့တာပဲတဲ့ကွ”
“ဟင် ဒီလူတွေက ဘာပြောလို့တုံး”
‘သခင်မရဲ့ အမိန့်စာပါတယ်၊ ဘစော
အခုချက်ချင်း လိုက်ခဲ့လို့ ပြောသတဲ့။
ပြီးတော့ ဘင်ဂျိုပါ ယူခဲ့ရမယ်လို့ ပြော
လို့ ဘင်ဂျိုပါထမ်းပြီး အဲဒီလူတွေနဲ့
လိုက်ရတာတဲ့ဟေ့၊ ထူးခြားတာက
ဒီလူတွေလာရင် တစ်ရွာလုံး အိပ်မော
ကျသွားပြီး ခွေးတွေတောင် အိပ်ပျော်
နေကြတာဆိုပဲ”
“ဟင် ဘယ်ကိုလိုက်သွားရတာတဲ့တုံးဗျ”
“ဘထွေး ပြောတာတော့ နန်းတော်ကြီး
တစ်ခုလို့ ပြောတာပဲကွ တာတေရ၊ မုခ်
ဝကြီးတစ်ခုကိုရောက်ရင် သူ့ကိုလာခေါ်
တဲ့လူတစ်ယောက်က’တံခါးဖွင့်စေ’လို့
အမိန့်ပေးသတဲ့။ အဲဒီအချိန်မှာ အတွင်း
က တံခါးမင်းတုံးကို မ,ပြီးဖွင့်တဲ့အသံ
ကြားရသတဲ့။ သူ့ကို ဟိုလူတွေက အဲ
ဒီတံခါးပေါက်ကနေ ခေါ်သွားပြီး ဥ
ယျာဉ်ကြီးတစ်ခုကို ဖြတ်သွားရတယ်
တဲ့ကွ၊ ပြီးရင် တံခါးကြီး တစ်ခုအဝမှာ
ရပ်ပြီး ခေါ်လာတဲ့လူတစ်ယောက်က
‘ဘင်ဂျိုဘစောကို ခေါ်လာပါပြီ’ လို့
အော်လိုက်သတဲ့။
အထဲက တံခါးဖွင့်သံတွေ ခြေသံတွေ
ကြားလိုက်ရပြီး တံခါးကြီးပွင့်သွားရော
တဲ့ဟေ့၊ ပြီးရင် ခေါ်လာတဲ့လူတွေက
‘ဘစော မင်း သူတို့နဲ့ လိုက်သွားတော့
ဘာမှမကြောက်နဲ့ ကြားလား’လို့ပြော
ပြီး လှည့်ထွက်သွားတယ်တဲ့ကွ။အ
ထဲက ထွက်လာတဲ့သူတွေက သူ့ကို
တစ်ယောက်တစ်ဖက်ဆွဲပြီး အတွင်း
ကို ခေါ်သွားသတဲ့။
သူ့ကို အတွင်းက ဆီးခေါ်တာ မိန်းမတွေ
တဲ့ဟေ့၊မွှေးကြိုင်နေတာဆိုပဲ။ အခန်းကြီး
အကျယ်ကြီးကို ဖြတ်လျှောက်ရတာတဲ့ကွ၊
ပြီးတော့မှ သူ့ကို အဝတ်နဲ့ ချုပ်ထားတဲ့၊
ဖုံတစ်ခုပေါ်မှာ ထိုင်ခိုင်းတယ်တဲ့။အခန်း
ကြီးက အေးမြပြီး မွှေးကြိုင်နေတာဆိုပဲ။
ဘထွေးစိတ်တွေဟာ ကြည်လင်ပြီး
ပျော်မြူးသွားတာတဲ့ဟေ့”
‘ဘစောငယ် သင် မကြောက်ရွံ့ပါနဲ့၊
သင့်ရဲ့ ဘင်ဂျိုလက်သံနဲ့ သင့်ရဲ့ ယိုး
ဒယားသီချင်းသံတွေကို သခင်မ ကြား
လိုတဲ့အတွက် အခုလို ခေါ်ရတာပါ၊
ဘစောငယ် သခင်မကို အကောင်း
ဆုံး ဖျော်ဖြေပါ၊ ပြီးရင် အိမ်အရောက်
ပြန်ပို့ပေးမယ်၊ ဆုတော် လာဘ်တော်
များလည်း သခင်မ ချီးမြှင့်မှာပါ’
လို့ အမိန့်ရှိတယ်တဲ့ကွ၊ ဘထွေးလည်း
ဘယ်ရောက်လို့ ရောက်နေမှန်း မသိ
ပေမဲ့ ထီးဟန်နန်းဟန်နဲ့ ပြောဆိုတာ
တွေ ကြားတော့ တော်တော်ကို အံ့
သြပြီး သခင်မကို ဖျော်ဖြေရတာတဲ့
ဟေ့။ နန်းကြာညိုကျော့ကစပြီး ယိုး
ဒယား အားလုံးကို အဆိုအတီးတွဲ
ပြီး ဖျော်ဖြေတာတဲ့ဟေ့။
တော်တော်ကြာအောင် ဖျော်ဖြေပြီး
တော့မှ သခင်မက ရွှေဒင်္ဂါးသုံးပြား
ဆုချပြီး အိမ်အရောက် ပြန်ပို့ခိုင်း
သတဲ့။ဘထွေးက ဒီအကြောင်း
ငါ့အဘကို ပြန်ပြောပြပေမယ့်
ငါ့အဘက မယုံဘူးကွ။
‘မင်းဟာက အိပ်မက် မက်တာ
ထင်ပါတယ် ဘစောရယ်၊ သွေး
လေချောက်ချားရင် ဒီလိုအိပ်
မက်မျိုးကို မက်တတ်တယ်ကွ’
လို့ ပြောတာဟေ့”
“နို့ နေပါဦး လေးလေးချက်ကြီးရဲ့၊
လေးလေးတို့ကို ရွှေဒင်္ဂါးတွေရော
မပြဘူးလား”
“ဟာ မပြဘူးကွ၊ သူ့သခင်မက
ဘယ်သူ့ကိုမှ မပြဘူးလို့ မှာလိုက်
လို့တဲ့ဟေ့”
“သြော် ”
“အဲဒီတော့လည်း ဘယ်သူမှ မယုံ
ကြဘူးပေါ့ကွာ၊ နောက်တော့ ဘထွေး
က ဒီအကြောင်းတွေ သိပ်မပြောတော့
ဘူးကွ၊ ဒါပေမဲ့ ငါစိတ်ထင် ဘထွေး
ညဘက်မှာ မကြာမကြာ အဲဒီကို
သွားတယ် ထင်တယ်ကွ”
“ဟင် ဘာဖြစ်လို့တုံးဗျ၊ သူ ထသွား
တာကို လေးလေးမြင်လိုက်လို့လား”
“ဟာ ဒီလိုတော့ မမြင်ဘူးကွ၊ ငါမှမဟုတ်
ဘူး၊ ဘယ်သူမှ မမြင်ဘူး။ငါပြောတာက
ဒီလိုကွ၊ ဘထွေးပျောက်သွားပြီး လုံးဝ
ပြန်မလာတော့မှ သူ့သေတ္တာကို ငါ့အ
ဘက ဖွင့်ကြည့်တာ၊ ဒီမှာတင် ရှေး
ဟောင်း ရွှေဒင်္ဂါးတွေ အပြားသုံးဆယ်
လောက်တွေ့ရတယ်”
“ဟာ ဟုတ်လားဗျ”
“အေး အဲဒါကြောင့် ငါတို့လည်း ဝိုင်း
သစ်ဝယ်ပြီး အိမ်ကြီးအိမ်ကောင်းတွေ
ဘာတွေဆောက်နိုင်တာပေါ့ကွာ”
“သြော် ဒီလိုလား၊ ရွာထဲက လူတွေက
ဘင်ဂျိုဘစော စိတ်နောက်သွားတယ်ဆို
တာကို ဘာကြောင့်ပြောကြတာတုံးဗျ”
“အဲဒါက ဘထွေး ပျောက်မသွားခင်က
သူ အဲဒီနန်းတော်ကြီးမှာ ညဘက်သွား
ပြီး သခင်မကို ဘင်ဂျိုနဲ့ ဖျော်ဖြေရတဲ့
အကြောင်း ရွာထဲကလူတစ်ယောက်စ
နှစ်ယောက်စကို ပြောဖူးတယ် ထင်
ပါတယ်ကွာ၊ အဲဒီလူတွေကလည်း
ငါတို့လိုပေါ့ကွာ၊ မယုံကြဘူးပေါ့၊
ဒီတော့ ရွာထဲမှာ တိုးတိုးတိတ်တိတ်
ပြောကြတာဖြစ်မှာပေါ့ကွာ။ ဘစော
ရူးနေပြီ ဘာညာပေါ့။ ဒါကြောင့် ဘ
ထွေး ရူးနေသလိုလို သတင်းတွေ
ရွာထဲ ပျံ့နေတာပေါ့။ နောက်ဆုံး
ငါ့ဘထွေးလည်း တကယ်ပျောက်
သွားတော့ စိတ်နောက်ပြီး ရွာက
ထွက်သွားတာလို့ပဲ ပြောကြတော့
တာပေါ့။ ဘထွေး မရူးဘူးဆိုတာ
ကိုတော့ ဘထွေးရဲ့ ရွှေဒင်္ဂါးတွေ
ရလိုက်တဲ့ ငါတို့မိသားစုပဲ သိကြ
တာပေါ့ကွာ။
ဒါပေမဲ့ ဒီအကြောင်းကို ငါတို့ကလည်း
လူတွေကို ဘယ်ပြောမှာတုံးကွာ၊ ဒီ
တော့ ဘထွေး စိတ်နောက်ပြီး ထွက်
သွားတဲ့ အတိုင်းပဲ ထားလိုက်ရတာ
ပေါ့ကွာ”
“အင်း ကျုပ်လည်း ဘင်ဂျိုဘစောအ
ကြောင်းကို အခုမှပဲ သိရတော့တယ်
ဗျာ လေးလေးချက်ကြီးရာ၊ တော်
တော်ကို စိတ်ဝင်စားစရာကောင်း
တာပဲဗျာ”
ဘင်ဂျိုအေးကိုက ပရိတ်သတ်ရဲ့
တောင်းဆိုမှုကြောင့် ‘သက်ဝေ’သီ
ချင်းကို တစ်ခါထပ်ပြီး ဆိုတီးပြတယ်
ဗျ။ အဲဒါပြီးတော့ တီးဝိုင်းလည်းသိမ်း
သွားတယ်။ ညနှစ်နာရီလည်း ကျော်
ပြီလေဗျာ။
နောက်နေ့ကျတော့ မင်္ဂလာဘိက်သိက်
သွန်း တီးဝိုင်းကလည်း မင်္ဂလာသီချင်း
တွေ တီးကြမှုတ်ကြ အို စည်လိုက်တဲ့
မင်္ဂလာဆောင်ဗျာ။ ပြီးတော့ အကျွေး
အမွေးကလည်း တော်ရုံတန်ရုံ အလှူ
များ ဒီမင်္ဂလာဆောင်ကို ဘယ်မှီပါ့မလဲ
ဗျာ။ ကျုပ်ဖြင့် ဘယ်မှကို မသွားတော့
ဘဲ အိမ်မှာပဲ နားနေတာ နှစ်ရက်တောင်
ရှိပြီဗျ။ ဒီနေ့လည်း အမေချက်တဲ့ ခြံစည်း
ရိုး ဟင်းရွက်စုံကြော်ကလေးရယ် နှမ်း
ပတ်ချဉ်သုတ်ကလေးရယ်နဲ့ ထမင်း
နှစ်ပန်းကန်လောက်စားပြီး ဝိုင်းထဲက
မန်ကျည်းပင်ကြီးအောက်မှာ သစ်
သားကွပ်ပျစ်ကလေးကို ပုဆိုးဟောင်း
လေးနဲ့ ခါလိုက်တယ်။
နွေဆိုတော့ ကျုပ်တို့အညာမှာ လွှတ်
ဖုန်ထတာဗျ။ ကျုပ်ခေါင်းအုံးနေကျ
ဝါးဘိုးခြမ်းလေးပေါ်မှာ ပုဆိုးဟောင်း
လေးကို ခေါက်ပြီး ခင်းလိုက်တယ်
နဂါးဆေးပေါ့လိပ်ကလေးကို ဓနုဖြူ
ဒေါ်ရီ မီးခတ်ကလေးနဲ့ ခတ်ပြီး မီး
ညှိလိုက်တယ်။
နဂါးဆေးလိပ်ကလေးကို နှစ်ဖွာ သုံးဖွာ
လောက် ဖွာပြီး မျက်စိက မဖွင့်နိုင်တော့
ဘူးဗျို့။ ကျုပ်လည်း ဆေးပေါ့လိပ်က
လေးကို ပြာခံခွက်ကလေးထဲကို ချထား
လိုက်တယ်။ ဝါးဘိုးခြမ်းပေါ်ကို ခေါင်း
ချလိုက်တာနဲ့ကို အိပ်ပျော်သွားတာ
ပါပဲဗျာ။
“တာတေ ဆရာဖိုးကို နင်လိုက်ပြီး
ကူညီလိုက္ပါ”
မဖဲဝါရဲ့ အသံကြီးဗျ၊ ကျုပ်ကြားလိုက်တာ။
အသံပဲ ကြားရတာဗျ။ မဖဲဝါကို ကျုပ် မြင်
ရတာ မဟုတ်ဘူး။
“တာတေ ဆရာဖိုးကို နင်လိုက်ကူညီလိုက်”
ဟော ကြားပြန်ပြီ။ ကျုပ် ဟိုကြည့်
ဒီကြည့်နဲ့ လိုက်ရှာကြည့်တယ်။ဘယ်
သူ့ကိုမှ မတွေ့ဘူးဗျ။ အသံကတော့
မဖဲဝါရဲ့အသံအစစ်ပဲဆိုတာ ကျုပ်
သိတယ်။
“တာတေရေ ဟေ့ကောင် တာတေ၊
ဟာ ဒီကောင် ဇိမ်ယူနေတာကိုး”
ကျုပ် ဖျတ်ကနဲ့ လန့်နိုးသွားတယ်
ဒီတော့မှ နေ့ခင်းကြောင်တောင် ကျုပ်
အိပ်မက် မက်နေတာကို သိတော့တာ
ဗျ။ ဝိုင်းဝကို လှမ်းကြည့်လိုက်တော့
ဝါးဖတ်ခမောက်ကလေး ဆောင်းပြီး
ရပ်နေတာ ချော်တွင်းကုန်းက ကိုကြီး
သိန်းမောင်ဗျ။ အရပ်ကြီးက ကလန်
ကလားကြီးနဲ့ သွားအဖွားသားနဲ့ ကျုပ်
ကို ရယ်ကျဲကျဲလုပ်ပြီး ကြည့်နေတာ
ဗျ။ ကျုပ်လည်း သစ်သားကွပ်ပျစ်
ပေါ်မှာ လူးလဲထလိုက်ပြီး…
“ကိုကြီးသိန်းမောင် လာလေဗျာ
ခင်ဗျား ကျုပ်အိမ်လာတာကို ဧည့်
သည်လုပ်နေရလားဗျ”
ကိုကြီးသိန်းမောင်က တကယ့်လူရိုး
ကြီးဗျ။ အသက်သုံးဆယ်လောက်ရှိ
ပြီ။ အိမ်ထောင်လည်း မပြုဘူး။မိဘ
တွေ ယာမှာပဲ အလုပ်လုပ်တာ။ညီ
အစ်ကိုနှစ်ယောက် ရှိတာဗျ။ သူ့ညီ
က ကိုသိန်းဆောင်တဲ့။
သူ့ထက် သုံးနှစ်လောက်ငယ်တယ်။
ကိုသိန်းဆောင်လည်း သူ့လိုပဲ လူရိုး
ကြီးပါပဲဗျာ။ အလုပ်တော့ လွှတ်လုပ်
တဲ့ လူတွေဗျို့။ အသောက်အစား
လောင်းကစားကလည်း ကင်းကြ
တယ်ဗျ။ ရပ်ကျိုးရွာကျိုးကလည်း
အလွန်လုပ်တဲ့ ညီအစ်ကိုတွေဗျ။
ချော်တွင်းကုန်းသားတွေထဲမှာ
ကိုကြီးသိန်းမောင်တို့ ညီအစ်ကိုက
တကယ့်ကို လူရိုသေ ရှင်ရိုသေပါ
ပဲဗျာ။ ကျုပ်ခေါ်လိုက်တော့မှ ဝိုင်း
ထဲမှာ ခြေလှမ်းကျဲကြီးတွေနဲ့ လှမ်း
ဝင်လာတာဗျ။
“ကိုကြီးသိန်းမောင် ကုန်းကြောင်း
လာတာလား၊ လှည်းမပါခဲ့ဘူးလား”
“မပါဘူး တာတေရ၊ ငါကုန်းကြောင်းပဲ
လာခဲ့တာ”
“နွားမအားလို့လား”
“အေးကွ၊ သိန်းဆောင်က ဒီနေ့အ
စောကြီးကတည်းက ထပြီး ဆီကြိတ်
နေတော့ နွားတွေ ပင်ပန်းနေတာနဲ့
လှည်းမမောင်းတော့ဘူးကွာ၊ ဒီအ
တိုင်းပဲ လျှောက်ခဲ့တော့တယ်”
ကျုပ်က အိမ်ပေါ်တက်ပြီး ရေနွေး
ဗန်းနဲ့လက်ဖက်အုပ်ကလေး ယူခဲ့တယ်။
ကျုပ်တို့အညာအိမ်တွေကတော့ လက်
ဖက်တို့ မြေပဲကြော်တို့ဆိုတာ ပြတ်တယ်
လို့ မရှိပါဘူးဗျာ။ ကိုကြီးသိန်းမောင်ကို
နဂါးဆေးပေါ့လိပ်အသစ်တစ်လိပ် မီး
ညှိပြီး တည်လိုက်တယ်။ ကိုကြီးသိန်း
မောင်က ဆေးပေါ့လိပ်ကလေး သုံး
လေးဖွာ ဖွားပြီး ချထားလိုက်တယ်။
ပြီးတော့ ကျုပ် ငှဲ့ပေးတဲ့ ရေနွေးကြမ်း
ပူပူကလေးကို ‘ဝူး’ကနဲမှုတ်ပြီး ကြိုက်
ချလိုက်တယ်။ လက်ဖက်တစ်ဇွန်း
လည်းခပ်ပြီး စားတယ်
“ဒီလိုဟေ့ တာတေရ၊ ငါတို့အိမ်မှာ
ဆရာကြီး တစ်ယောက် ရောက်နေ
တယ်ကွ”
“ဟင် ဘယ်ကဆရာကြီးတုံးဗျ
ဆေးဆရာလား”
“ငါတို့အဘငယ်ငယ်က အကာအ
ကွယ်ဆေးတွေ ထိုးပေးတဲ့ ဆရာလို့
ပြောတယ်ကွ၊ ကိစ္စလေးတစ်ခုရှိလို့
ရောက်လာတာ။ ဆရာကြီးက အ
သက် ခုနှစ်ဆယ်လောက်ရှိပြီကွ၊
ဒါပေမဲ့ တော်တော်ကို သန်သန်မာ
မာ၊ ဖျတ်ဖျတ်လတ်လတ် ရှိတယ်
ကွ၊ အခု ငါ့အဘဆီကို ရောက်လာ
တာက ကိစ္စတစ်ခု ရှိလို့တဲ့ဟေ့”
“ဟင် ဘာကိစ္စများတုံး ကိုကြီး
သိန်းမောင်ရဲ့ ”
“သိုက်တူးမလို့တဲ့ကွ”
“ဗျာ …သိုက်တူးဖို့ ဟုတ်လား၊
မဖြစ်နိုင်တာဗျာ”
“ဖြစ်နိုင်တယ်ကွ တာတေရ၊ ဒီဆရာ
ကြီးက သီလ သမာဓိ အတော်ရှိတာ
သူများ အသွေးအသားကို လုံးဝမ
စားဘူးကွ၊ သက်သက်လွတ်နဲ့ ကျင့်
စဉ်ဝင်နေတာ နှစ်ပေါင်းမနည်းတော့
ဘူးဆိုပဲကွ။ အခု သူ သိုက်တူးမယ်
ဆိုတာကလည်း သိုက်ထဲက ပစ္စည်း
ဥစ္စာတွေကို လိုချင်တပ်မက်လို့ မ
ဟုတ်ဘူးကွ”
“ဟင် ဒါဖြင့် ဘာလို့တူးမှာတုံး”
“သိုက်ထဲက ရွှေပုရပိုဒ်ကို ဖတ်ချင်လို့
တဲ့ကွ၊ သူပညာအဆင့်တက်ဖို့အတွက်
အဲဒီသိုက်ထဲက ရွှေပုရပိုဒ်ကို ဖတ်ရမှ
ဖြစ်မှာတဲ့ကွ”
“ဟာ အဲဒီရွှေပုရပိုဒ်ကို ယူလို့ရပါ့
မလားဗျ၊ ကိုကြီးသိန်းမောင်ရဲ့”
“မဟုတ်ဘူးကွ တာတေရ၊ ဆရာကြီး
က အဲဒီရွှေပုရပိုဒ်ကို ယူမှာမဟုတ်ဘူး
ကွ၊ အဲဒီနေရာမှာတင် ဖတ်မှာ၊ ဖတ်ပြီး
တာနဲ့ သိုက်ထဲက ပြန်ထွက်မှာတဲ့ တာ
တေရ၊ သိုက်ထဲက ပစ္စည်းကိုလည်းအပ်
တိုတစ်ချောင်းတောင် မယူဘူးတဲ့ကွ”
“သြော်”
“အေး အဲဒီနေရာမှာ သူ့နောက်က တပည့်တစ်ယောက်လိုချင်လို့တဲ့ကွ၊
အဲဒီတပည့်က သတ္တိကောင်းရမယ်တဲ့၊
ပြီးတော့ လောဘစိတ်ရှိတဲ့လူ မဟုတ်
ရဘူးတဲ့။ ဆရာ့စကားကို နားထောင်တဲ့
သူ ဖြစ်ရမယ်တဲ့ကွ။ ဆရာကြီးပြောတော့
ငါက မင်းကို တန်းမြင်တာဟေ့။ သိန်း
ဆောင်ကလည်း အဲဒီလိုလူဟာ ဒီနယ်
မှာ တာတေတစ်ယောက်ပဲ ရှိတယ်ကွ
အစ်ကိုကြီးရလို့ ပြောတယ်”
“သြော် ကျုပ်က အဲဒီဆရာကြီးရဲ့
တပည့်လုပ်ပြီး သိုက်ထဲကို ဝင်လိုက်
ရမယ် ဆိုပါတော့ဗျာ”
“အေး ဟုတ်တယ်၊ ဟုတ်တယ် တာတေရ”
တာတေဆိုတဲ့ ကျုပ်ကလည်း ဒီလို
ထူးထူးဆန်းဆန်းကိစ္စတွေဆိုရင် ဘယ်
တုန်းကမှ လက်လွှတ်ရိုးထုံးစံ မရှိဘူး
လေဗျာ။ အဘနဲ့ အမေ့ကို ပြောပြပြီး
ကျုပ် ကိုကြီးသိန်းမောင်နဲ့ တစ်ခါတည်း
လိုက်ခဲ့တယ်။ လမ်းရောက်တော့ ကျုပ်
က ကိုကြီးသိန်းမောင်ကို မေးမိတာဗျ။
“နေပါဦးဗျ ကိုကြီးသိန်းမောင်ရဲ့၊
အဲဒီဆရာကြီးရဲ့ နာမည်က
ဘယ်သူတဲ့တုံး”
“ဆရာဖိုးတဲ့ကြ”
“ဗျာ ဆရာဖိုး ဟုတ်လား ကိုကြီးသိန်းမောင်”
ကျုပ်က တအံ့တသြ မေးလိုက်တော့
ကိုကြီးသိန်းမောင်က အံ့သြပြီး ကျုပ်
ကို ကြည့်တယ်ဗျ
“မင်း သိလို့လား တာတေ”
“ဟာ မသိပါဘူးဗျာ၊ စောစောက အိပ်
နေတုန်း အိပ်မက်ထဲမှာ မဖဲဝါက ကျုပ်
ကို နှစ်ခါတောင် ပြောတာဗျ”
“ဟေ မဖဲဝါ ဟုတ်လား၊ မဖဲဝါက
ဘာပြောလို့တုံး”
“ဆရာဖိုးကို လိုက်ပြီး ကူညီလိုက်ပါတဲ့ဗျာ”
“ဟေ ဟုတ်လား တာတေ၊ ထူးဆန်း
လှချည်လားကွ”
ဆရာဖိုးဆိုတာ ဖြူဖြူသွယ်သွယ်ဗျ။
ဥပဓိရုပ်က တော်တော်ကို ခန့်ညား
တဲ့ ပုဂ္ဂိုလ်ပါဗျာ။ သီလ သမာဓိ အ
ပြည့်ရှိတဲ့ပုံဗျ။ အဲဒီညမှာ ဆရာဖိုးက
ကျုပ်ကို အင်းသုံးချပ်ပေးတယ်။
ပထမအင်းက နဂါးတွေလာရင်
ပစ်ရမယ်တဲ့ဗျ။ ဒုတိယအင်းက
ဂဠုန်တွေလာရင် ပစ်ရမယ်တဲ့ဗျ။
တတိယအင်းကတော့ သက်စောင့်
အင်းဆိုပဲ။ အင်မတန်လိုအပ်မှ
ပစ်ရမှာတဲ့ဗျ။
ချော်တွင်းကုန်း အနောက်ဘက်ကို
ဆရာဖိုးနဲ့ ကျုပ်ထွက်လာခဲ့ကြတယ်
ညဆယ်နာရီတိတိဗျ။ လရောင်ဖျော့
ဖျော့လေးက ယာခင်းတွေထဲကို
အလင်းရောင်ဝါးဝါး ကျနေတယ်။
ယာခင်းကြီးတစ်ခုထဲကို ရောက်
တော့ ဆရာဖိုးက ရပ်လိုက်တယ်။
ယာတောအစပ်မှာ ပေါက်နေတဲ့
ထန်းပင်တွေ၊ ထနောင်းတွေ၊ သ
မုန်းပင်တွေ အနေအထားကို အ
ကဲခတ်ပြီး ကြည့်တယ်။
“ဒီနေရာပဲကွ မောင်တာတေရ၊
ကဲ မင်း နောက်ကို နည်းနည်းဆုတ်
နေ၊ ဆရာ သိုက်ကို အမိန့်ပြန်ပြီး
အင်းပစ်တော့မယ်”
ကျုပ်က နောက်ကို နည်းနည်းဆုတ်
နေလိုက်တယ်။ ဆရာဖိုးက ဂါထာတွေ၊
မန္တန်တွေ ရွတ်ပြီး အမိန့်တော်ပြန်တယ်
အမိန့်ပြန်ပြီးတာနဲ့ လက်ထဲက အင်းနဲ့
ပစ်လိုက်တယ်။
“ဝုန်း”
ဟာ ‘ဝုန်း’ဆိုတဲ့ အသံကြီးနဲ့ ဘွားကနဲ
ပေါ်လာတာ နန်းဆောင်ကြီးဗျ။ ရှေ့
မှာ ဝင်းတံတိုင်းအမြင့်ကြီးနဲ့ ကနုတ်
ပန်းတွေ ဖော်ထားတဲ့ တံခါးကြီးနှစ်
ချပ် ပိတ်လို့။ ဆရာဖိုးက ပါးစပ်က
မန္တန်တွေ ရွတ်ပြီး နောက်ထပ် အင်း
တစ်ချပ်နဲ့ ထပ်ပြီး ပစ်လိုက်တယ်။
“ဝုန်း”
ဟာ တံခါးကြီးနှစ်ချပ် ဝုန်းကနဲ ပွင့်
သွားတာဗျို့။ ဆရာဖိုးက ကျုပ်ကို
ခေါင်းညိတ်ခေါ်ပြီး ရှေ့ကနေ ဝင်ချ
သွားတယ်။ ကျုပ်လည်း နောက်က
လိုက်ရတာပေါ့ဗျာ။ ဟာ စစ်သည်
တွေ ပြေးထွက်လာပြီဗျို့။လှံတွေ၊
ဓါးတွေ၊ တဝင်းဝင်းနဲ့ဗျာ။အသည်း
ယားစရာကောင်းလိုက်တာ။
ဟော ဆရာဖိုးက အင်းနဲ့ပစ်ပြီဗျို့။
“ရွှီး” “ရွှီး” “ရွှီး”
ဒီတစ်ခါပစ်တဲ့အင်းက အသံမြည်ပြီး
ဝင်းကနဲ ဝင်းကနဲနဲ့ ပျံနေတာဗျို့။
အရှေ့၊ အနောက်၊ တောင်၊ မြောက်
အရပ်လေးမျက်နှာကို လှစ်ကနဲ လှစ်
ကနဲ ပြေးနေတာ။ ဟော ဆရာဖိုးက
အင်းကို ပြန်ဖမ်းပြီး ယူလိုက်တယ်။
ဟာ ပြေးထွက်လာတဲ့ စစ်သားနှစ်
ဆယ်လောက် ပြေးလာတဲ့ပုံစံအ
တိုင်း ကျောက်ရုပ်တွေလို ငြိမ်သွား
တယ်ဗျို့။ ကျုပ်ဖြင့် တစ်သက်နဲ့
တစ်ကိုယ် ဒီတစ်ခါပဲ မြင်ဖူးတာပါဗျာ။
ဆရာဖိုးက ရှေ့က ခပ်သွက်သွက်
သွားတယ်။ ကျုပ်က သူ့နောက်က
ခပ်သွက်သွက် လိုက်ရတာပေါ့ဗျာ။
ဆရာဖိုးကလည်း ဆေးလွယ်အိတ်
ကြီးတစ်လုံး စလွယ်သိုင်း လွယ်လို့
ဗျ။ ကျုပ်တို့ဆရာတပည့် ဥယျာဉ်
ကြီးတစ်ခုကို ဖြတ်ပြီး လျှောက်
တယ်။ နန်းဆောင်ကြီးတစ်ခုရှေ့
ကို ရောက်လာတယ်။
ရွှေရောင်တံခါးကြီးတစ်ချပ် ပိတ်လို့ဗျ။
ဆရာဖိုးက လှစ်ကနဲ အင်းတစ်ချပ်
ပစ်သွင်းလိုက်တယ်။
“ဝုန်း”
ဟော တံခါးကြီး ပွင့်သွားပြီ။ ဟာ
ပြေးထွက်လာကြပြီဗျို့။ မိန်းကလေး
တွေချည်းပဲဗျ။ အားလုံး ချောချော
လှလှတွေချည်းပဲ။ဒါပေမဲ့ အားလုံး
ဓါးတွေဝင့်ပြီး ပြေးလာကြတာဗျို့။
ဝတ်ထားတဲ့ အဝတ်အစားတွေက
လည်း အရောင်မျိုးစုံဗျ။ ရှေးခေတ်
က အဝတ် ပုံစံတွေပေါ့ဗျာ။
“ရွှီ” “ရွှီ”
ဟော လွှတ်လျင်တဲ့ ဆရာဖိုးဗျ။
အင်းပစ်လိုက်ပြီဗျို့။ ဟာ ဒါ စော
စောက အင်းပဲဗျို့။ အရပ်လေးမျက်
နှာကို ဝင်းကနဲ ဝင်းကနဲနဲ့ လှစ်ကနဲ
လှစ်ကနဲ ပြေးနေတာဗျ။ အားလုံး
ငြိမ်သွားပြီ။ ပြေးလာတဲ့ပုံအတိုင်း
ကျောက်ရုပ်တွေပဲ ဖြစ်သွားတာဗျ။
ဆရာဖိုး အဲဒီမိန်းခလေးတွေကို ကျော်
ပြီး သုတ်သုတ်သုတ်နဲ့ ဝင်သွားတယ်။
သူသွားတဲ့နေရာကို ကျုပ်လှမ်းကြည့်
လိုက်တော့ ရွှေကလပ်နဲ့ တင်ထား
တဲ့ ရွှေပုရပိုဒ်ကြီးတစ်ဆူဗျ။ လက်စ
သတ်တော့ ဆရာဖိုး လာရှာတာ ဒီ
ပုရပိုဒ်ကြီးကိုး။
ဆရာဖိုးက အပြေးအလွှားသွားပြီး
ပုရပိုဒ်ကြီးဘေးမှာ ရိုရိုသေသေ
ကြုံ့ကြုံ့လေးထိုင်ပြီး ဖတ်တော့
တာပဲဗျို့။ ကျုပ်အလှည့် ရောက်
ပြီလေ။ ဆရာဖိုး ပေးထားတဲ့ အင်း
တွေကို အစဉ်အတိုင်း ထပ်ပြီး ကျုပ်
ကိုင်ထားတယ်။ ဘေးဘီကိုလည်း
ကျုပ် လှည့်ပတ်ကြည့်နေတယ်။
ကျုပ် ပေါ့ဆလို့ မဖြစ်ဘူးဗျ။ ဆရာ
ဖိုးရဲ့ အသက်က ကျုပ်လက်ထဲ
မှာ ရှိနေပြီလေဗျာ။ ပြောရရင်
တော့ ကျုပ်အသက်လည်း ပါ
တာပေါ့ဗျာ။
“ရွှီ ၊ ရွှီ၊ ရွှီ”
ဟာ နောက်ဘက်ကနေ မြွေကြီးတွေ
ထွက်လာပြီ။ အောင်မလေး ပါးပျဉ်းကြီး
တွေခွက်လ်ို့ဗျာ၊ ကြောက်စရာကြီးတွေ
ဗျ၊ ဘယ်နှကောင်မှန်းတောင် မသိတော့
ပါဘူးဗျာ။ ရွှေပုရပိုဒ်ကြီးကို သဲကြီးမဲကြီး
ဖတ်နေတဲ့ ဆရာဖိုးကတော့ ဘာကိုမှ
သိပုံမပေါ်ဘူးဗျ။ ကျုပ်သာ ချွေးသီး
ချွေးပေါက်တွေ ကျနေတာဗျို့။
ကျုပ်ရှေ့ကို တစ်လှမ်းတိုးလိုက်တယ်။
ဆရာဖိုးက နဂါးလာရင် ပစ်ဖို့ဆိုပြီး
အင်းပေးထားတာဗျ။ အခုတော့
နဂါး မလာဘဲ မြွေတွေလာတာ။
ဘာပဲဖြစ်ဖြစ် မြွေလည်း နဂါးပဲပေါ့
ဗျာ။ ကဲကွာ ကျုပ်ပစ်ပြီဗျို့။ အင်းနဲ့
လှမ်းပစ်လိုက်ပြီ။
“ဝုန်း”
ဟာ မီးခိုးလုံးကြီးထပြီး မြွေတွေ
ပျောက်သွားပြီဗျို့။ ကျုပ်လည်း
တော်တော်ကို အားတက်သွား
တာဗျာ။ ဆရာဖိုးကတော့ ဖတ်
တယ်ဗျို့။ ခေါင်းကို စိုက်နေတာပဲ
ဗျာ။ ရွှေပုရပိုဒ်ထဲက စာတွေကို
အလွတ်ကျက်နေတာ ထင်တယ်
ဗျ။ ဒီအဘိုးကြီး ကြည့်ရတာ
ဥာဏ်ကောင်းမယ့်ပုံပဲ။
“ဝီ၊ ဝီ၊ ဝီ၊ ဝီ”
ဟာ ဘာသံတွေတုံးဗျ။ အမယ်လေး
လင်းနို့ကြီးတွေဗျို့။ ကျုပ်တို့နဲ့ မလှမ်း
မကမ်းမှာ ပျံနေတာဗျ။
အလိုမျက်နှာတွေက လူမျက်နှာကြီးတွေဗျို့။
အကောင်က ကြောင်ကြီးကြီးတစ်ကောင်
လောက်ရှိမယ်။အတောင်ပံကတော့လင်းနို့
တောင်ပံကြီးတွေဗျ။ ဆရာဖိုးပြောတော့
ဂဠုန်လာမယ် ပြောပေမယ့် အခုလာ
တာက လူမျက်နှာနဲ့ လင်းနို့ကြီးတွေဗျ။
အကောင်သုံးဆယ်လောက်ရှိမယ်။
ကျုပ် ရှေ့ကို နှစ်လှမ်းတိုးလိုက်တယ်။
ကဲကွာ ဂဠုန်ဖြစ်ဖြစ်၊ လင်းနို့ဖြစ်ဖြစ်
ငှက်ပဲဗျာ။ ကျုပ်ပစ်ပြီဗျို့။ ဒုတိယဂဠုန်
အင်းနဲ့ ပစ်လိုက်ပြီ။
“ဝုန်း၊ ဝုန်း”
ဟာ မီးခိုးတွေ အလုံးလိုက်ထွက်ပြီး
ပျောက်သွားပြီဗျို့။ ကျုပ်ဖြင့် စိတ်ထဲမှာ
ပျော်လိုက်တာ မပြောပါနဲ့တော့ဗျာ။
ဆရာဖိုးက သူ့ရဲ့ ရွှေပုရပိုဒ်ကြီးကို
စူးစိုက်ပြီး ဖတ်နေတုန်းပဲဗျို့။ ကျုပ်လည်း
နောက်ဆုံးအင်းကို ကျစ်ကျစ်ပါအောင်
ဆုပ်ပြီး ကြည့်နေရတာပေါ့ဗျာ။ ဒါပေမဲ့
ဘာမှမလာတော့ဘူးဗျ။ ငြိမ်သွားပြီ။
ဟော ပြီးပြီ။ ဆရာဖိုး ဖတ်လို့ပြီးသွား
ပြီ။ ခပ်သုတ်သုတ်ထပြီး ကျုပ်ဆီကို
လျှောက်လာတယ်။
“မောင်တာတေ မင်းကတော့ အာဂ
ကောင်ပဲကွာ၊ ကျုပ်ကိစ္စ အောင်သွား
ပါပြီ။ သိုက်ထဲက ပြန်ထွက်ဖို့ပဲ ရှိပါ
တော့တယ် ”
“ဒေါင် ဒေါင် ဒေါင် ဒေါင် ”
“ဟ ဒါ ဘာသံတုံးကွ၊ မောင်တာတေရဲ့”
“ဒါ ဘင်ဂျိုတီးတဲ့အသံဗျ၊ ဆိုနေတဲ့
သီချင်းက နန်းကြာညိုကြော့ ယိုးဒယားဗျ”
“အေး တော်တော်ကိုကောင်းတဲ့
အဆိုအတီးပါလားကွဲ့၊ သတိထားဟေ့
မောင်တာတေ၊ သိုက်နန်းရှင်ရဲ့ မာ
ယာတွေ ဖြစ်နေဦးမယ်ကွ”
“ဟာ မ မဟုတ်ဘူး ဆရာကြီး၊ ဒါ ဒါ
ကျုပ်တို့ရွာက ဦးဘစောကြီး အသံဗျ၊
ဘင်ဂျို ဘင်ဂျိုဘစောဗျ”
“ဟေ ကြံကြီးစည်ရာ မောင်တာတေရာ။
မင်းတို့ရွာက ဘင်ဂျိုဆရာက ဒီသိုက်ထဲမှာ
ရှိပါ့မလားကွ။ ဒါ သိုက်နန်းရှင်ရဲ့ မာယာပဲ
ဟေ့၊ သတိထား မောင်တာတေ”
“ဟာ မ မဟုတ်ဘူး ဆရာကြီး၊ ဘင်ဂျို
ဘစော ပျောက်သွားတာ ဆယ်နှစ်ကျော်
ပြီဗျ။ ကျုပ် သွားကြည့်ချင်တယ် ဆရာကြီး၊
ဟိုဘက်အဆောင်က ထွက်လာတဲ့အသံဗျ”
“ကဲ ဒါဆိုလည်း ဆရာကြီးပါ လိုက်မှာ
ပေါ့ကွာ၊ ခပ်သုတ်သုတ်တော့ သွားဟေ့။
အချိန်ကြာလို့ မဖြစ်ဘူးကွ”
ပတ္တမြားရောင်တောက်နေတဲ့ နန်းဆောင်
ကြီးရဲ့ ကြက်သွေးရောင်လိုက်ကာကြီးတွေ
ကို မ,ပြီး ကျုပ်အထဲကို ကြည့်လိုက်တယ်။
ဟာ နန်းဆောင်တစ်ခုလုံး မွှေးပြီး လင်းနေ
တာဗျ။ အို ရွှေသလွန်ပေါ် ထိုင်နေတဲ့မိန်း
မက လှလိုက်တာဗျာ။ သူ့ဘေးမှာ မတ်
တတ်ရပ်နေတဲ့ မိန်းကလေး လေးယောက်
က ရွှေယပ်တောင်တွေ ကိုင်လို့ဗျ။
အားလုံးကတော့ ကျောက်ရုပ်တွေလို
ငြိမ်နေတာပေါ့ဗျာ။ ဆရာဖိုးရဲ့ အင်းအ
စွမ်းက ထက်ပါဘိဗျာ။
“သတိထား မောင်တာတေ၊ ဒီသိုက်ကို
ရွှေကြာယံသိုက်လို့ ခေါ်တယ်၊ သလွန်ပေါ်
ကဟာ ရွှေကြာယံသခင်မကွဲ့၊ ဘေးကဟာ
က သူရဲ့ ရံရွှေတော်တွေကွ”
ဟာ ဟုတ်ပါ့ဗျာ၊ ရွှေကြာယံသခင်မရဲ့
ရွှေက ကတ္တီပါဖုန်ပေါ်မှာထိုင်ပြီး ဘင်ဂျို
ကို အဆက်မပြတ်တီးနေတာ ကျုပ်တို့
ရွာက ဦးဘစောကြီးမှ ဦးဘစောကြီး
အစစ်ဗျ။ သူက မျက်စိမမြင်တော့ ရွှေ
ကြာယံ သခင်မ အင်းနဲ့ အချုပ်ခံထား
ရတာကို မမြင်ဘူးပေါ့ဗျာ။ သူဖျော်ဖြေ
နေကျအချိန်မှာ လာပြီး ဖျော်ဖြေနေ
တာ ထင်တယ်ဗျ။
ကျုပ် ဘင်ဂျိုဘစောနားကို ပြေးကပ်
လိုက်ပြီး သူ့ပခုံးကို လှုပ်လိုက်တယ်။
“ဦးဘစော၊ ဦးဘစော၊ ခင်ဗျား ထနောင်း
ကုန်းက ဦးဘစောမို့လား၊ ဘင်ဂျိုဘစော
ဆိုတာလေ”
ဒီတော့မှ ဘင်ဂျိုဘစောက သူဆိုနေတဲ့
နန်းကြာညိုကြော့ကို ရပ်လိုက်ပြီး ပျာ
ပျာသလဲနဲ့ …
“အေး ဟုတ်တယ်၊ မင်းက ဘယ်သူတုံး”
“ကျုပ်က ထနောင်းကုန်းသား တာတေဗျ”
“မောင်တာတေ ဘစောက မြန်မြန်ခေါ်
ထုတ်သွား၊ ဝင်တဲ့အပေါက်ကို ရောက်
အောင် ပြေးတော့ ”
ကျုပ်လည်း ဘာမှတွေးမနေတော့ဘဲ
မျက်မမြင် ဘင်ဂျိုဘစောကြီးရဲ့ ဘင်ဂျို
ကို ပခုံးထမ်းပြီး ဦးဘစောကြီးကို လက်
တစ်ဖက်ကဆွဲပြီး ပြေးရတော့တာပေါ့ဗျာ။
လက်ထဲမှာလည်း ဆရာဖိုး ပေးထားတဲ့
သက်စောင့်အင်းက အဆင်သင့်ဗျ။
ဒါပေမဲ့ တံခါးပေါက်ကို ရောက်တဲ့အထိ
ဘာမှ အန္တရာယ် မတွေ့ခဲ့ပါဘူးဗျာ။
ကျုပ်တို့နောက်က ဆရာဖိုး ထွက်
လာတယ်။
“ကဲဟေ့ မောင်တာတေ နောက်ဆုတ်
ကျုပ် သိုက်ပြန်ဖျောက်တော့မယ်”
ပြောပြောဆိုဆိုနဲ့ ဆရာဖိုးက အင်းနှစ်
ချပ်ကို ဆက်တိုက်ပစ်သွင်းလိုက်တယ်။
“ဝုန်း” “ဝုန်း”
ဟော သိုက်နန်းကြီး ဗြုန်းကနဲ
ပျောက်သွားပြီဗျို့။
“ပထမအင်းက သူတို့ကို အနှောင်အဖွဲ့က
လွှတ်ပေးလိုက်တာ။ နောက်အင်းက သိုက်
နန်းကြီးကို ပြန်ဖျောက်လိုက်တာကွ၊ ကဲ
ခပ်သုတ်သုတ် သွားကြတော့ဟေ့၊ ဆရာ
ကြီးက နောက်က အခြေအနေကိုကြည့်
ရင်း လိုက်ခဲ့မယ်”
ချော်တွင်းကုန်းရောက်တော့ လင်းကြက်
တောင် တွန်ပြီဗျ။ ဆရာကြီးက ဦးဘ
စောကို နောက်တစ်ခါ သိုက်က လာမ
ခေါ်နိုင်အောင် အင်းတစ်ချပ် ပြာချပြီး
တိုက်တယ်။ မနက်ပိုင်းမှာပဲ ကိုကြီး
သိန်းမောင်က ကျုပ်နဲ့ ဘင်ဂျိုဘစော
ကို သူ့လှည်းနဲ့ လိုက်ပို့တယ်။
ကျုပ် မပြန်ခင် ဆရာဖိုးက ကျုပ်ကို
ကျေးဇူးတင်လွန်းလို့ဆိုပြီး အင်းတွေ
ပေးလိုက်တယ်ဗျ။ ဆရာဖိုးရဲ့ အင်းတွေ
စွမ်းတာတော့ ကျုပ်လက်တွေ့ပါပဲဗျာ။
ထနောင်းကုန်းကိုရောက်တော့ ကျုပ်က
လှည်းကို ကိုချက်ကြီးတို့ဝိုင်းအထိ တန်း
မောင်းခိုင်းလိုက်တယ်။
“လေးလေးချက်ကြီး၊ မြန်မြန်လာဗျို့”
“ဟေ့ တာတေလား၊ ဘာဖြစ်လို့တုံးကွ”
“ဒီမှာ ခင်ဗျားဘထွေး၊ ဘင်ဂျိုဘစောကို
ကျုပ် ပြန်ခေါ်လာပြီဗျ”
“ဟေ ဟုတ်လား၊ ဘယ်မှာတုံး”
ဝိုင်းထဲက ကိုချက်ကြီးတို့မိသားစုတွေ
ပြေးထွက်လာကြတာဗျို့။
“ဟာ ဘထွေး”
“ဟာ အစ်ကိုလေးပါလား”
ပြောရင်းနဲ့ ဘင်ဂျိုဘစောကြီးကိုဖက်ပြီး
ငိုကြပါလေရောဗျာ။ ဘင်ဂျိုဘစောက
လည်း မျက်ရည်တွေ ကျလို့ဗျ။
ဒီသတင်းက ချက်ချင်းအိမ်နီးချင်းတွေ
ဆီကို ပျံ့သွားပြီး ရွာထဲကလူတွေပါ
ရောက်ချလာကြတာပေါ့ဗျာ။ သူတို့တွေ
ဝိုင်းထဲဝင်သွားတဲ့ အချိန်မှာပဲ ကျုပ်နဲ့
ကိုသိန်းမောင်က လှည်းနဲ့ ပြန်ထွက်
လာခဲ့ရတာဗျို့။
ကျုပ်တို့ ရွာသားတွေဆိုတာ အံ့သြလွန်းလို့
အဲဒီနေ့က ထမင်းစားဖို့တောင် မေ့နေကြ
တယ်ဆိုပဲ။ အဲဒီညက စပြီး ကျုပ်တို့ရွာထဲ
မှာ ဘင်ဂျိုဘစောရဲ့ နန်းကြာညိုကြော့
ဘင်ဂျိုသံလေးက အမြဲလွှမ်းနေတော့တာပေါ့ဗျာ။
စာဖတ်ပရိတ်သတ်များအားလုးပဲ စိတ်ရွှင်လန်းပါစေခဗျာ
စက်ကြိုးဆွဲ မဖဲဝါ စာအုပ်မှ ကောက်နုတ်တင်ပြထားသည်။
ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွားပါအုံးခဗျာ။
Leave a Reply