လုံးဝမတွေ့ တော့ဘူးဟေ့၊ တစ်ယောက်ယောက်များ ယူသွားသလား မသိဘူးကွ”
“အင်း အဲဒီကိစ္စပဲ ကျုပ်လာပြောတာဗျ”
“ဟေ…ဘယ်ကိစ္စတုံး၊ ကဝေတွေကိစ္စလား”
“ဟုတ်တယ်ဗျ၊ အဲဒီကဝေတွေလိုမျိုး နောက်ထပ် ကဝေတွေ ထပ်ရောက်လာကြလိမ့်ဦးမယ် ကိုကြီးဘကျော်ရဲ့
“ဟေ..ဟုတ်လား၊ မင်းသိတယ် ဟုတ်လား တာတေ “ဟုတ်တယ်ဗျ၊ ကဝေတွေက သူတို့အကြောင်းနဲ့ သူတို့ လာတာ ပါဗျာ၊ ဒါပေမဲ့ သတိတော့ ထားကြမှဖြစ်မယ်”
“ဟာ ဟုတ်တာပေါ့ကွ၊ ဒီတော့ ဘယ်လိုလုပ်ရင် ကောင်းမလဲ” `
`ကိုကြီးဘကျော်တို့ မီးလောင်ကုန်းက လူငယ်တချို့ကိုစုပြီး မီးလောင်ကုန်းသင်္ချိုင်းနဲ့ မနီးမဝေးကနေ စောင့်ကြည့်နေကြရင် ကောင်းမယ် ဗျ။
ပြီးတော့ အကြောင်းထူးရင် ကျုပ်ဆီကို လွှတ်ဗျာ၊ ကျုပ်ဆရာကြီး ဘိုးလူပေ ဆိုတာလည်း ရောက်နေတယ်ဗျ၊ ကိစ္စရှိရင် ကျုပ်နဲ့ ဆရာကြီးနဲ့ ချက်ချင်းလာခဲ့မယ်၊ ဘာမှမကြောက်နဲ့။
““ဟာ ကျေးဇူးတင်လိုက်တာကွာ၊ မနေ့ကဆိုရင် ငါတို့ရွာသားတွေ တော်တော်ကြောက်သွားကြတာကွ၊ တစ်နေကုန် ဒီအကြောင်းပဲ ပြောနေကြ တာ။ ညမိုးချုပ်တာနဲ့ အိမ်တံခါးတွေပိတ်ပြီး ငြိမ်နေကြတာဟေ့၊ ရွာလမ်း ပေါ်မှာ လူသွားလူလာ တစ်ယောက်မှ မရှိတော့တာကွကျုပ်လည်း ကိုဘကျော်ကို ပြောသင့်သလောက် ပြောပြခဲ့ပြီးတော့ ရွာကို ပြန်ခဲ့တယ်။ ကျုပ် . အိမ်ဝိုင်းထဲကို ဝင်လိုက်တော့ ဝိုင်းထဲကမန်ကျည်းပင်အောက်က ကွပ်ပျစ်ပေါ်မှာ အခန့်သားထိုင်ပြီး ကျုပ်ကို စောင့်နေကြတာ ကျောက်ခဲနဲ့ သံမဏိဗျ။
“ဟာ ဟေ့ကောင်တွေ၊ ရောက်နေတာ ကြာပြီလား” ကျုပ်က လှမ်းမေးလိုက်တော့ အသွက်ကောင် ကျောက်ခဲက လှမ်းပြောသဗျ။
“ကြာပေါ့ဗျာ၊ အရေးရယ် အကြောင်းရယ်ဆိုရင် ကိုကြီးတာတေ ကို ရှာနေရတာကိုက အလုပ်တစ်ခုပဲဗျာ”
ဟာ ကျောက်ခဲက ကျုပ်ကို အပြစ်တင်တော့တာဗျို့။ “ဟေ အရေးကိစ္စတွေ ပေါ်နေပြီလားကွ ကျောက်ခဲရ” “ဟာ ပေါ်လိုက်တာမှ အရေးအကြီးကြီးဗျ”
“ကဲ ပြောစမ်းပါဦးကွ ကျောက်ခဲရ”
ကျုပ်က သူတို့နှစ်ယောက် ထိုင်နေတဲ့ သစ်သားကွပ်ပျစ်မှာ ဝင် ထိုင်လိုက်ပြီး မေးလိုက်တာဗျို့။
“ဘန့်ဘွေးကုန်းသင်္ချိုင်းဇရပ်မှာ သျှောင်ထုံးနဲ့ လူသုံးယောက် ရောက်နေတယ်၊ သုံးယောက်စလုံး သျှောင်ထုံးတွေနဲ့ဗျ၊ ကျုပ်တို့ထနောင်း ကုန်းသင်္ချိုင်းဧရပ်ထဲမှာလည်း လူသုံးယောက် ရောက်နေတယ်ဗျ။ အဲဒီလူ တွေကတော့ သျှောင်ထုံးမပါဘူးဗျ”
““ဟေ ..ငါတို့ သင်္ချိုင်းဇရပ်မှာတောင် ရောက်နေတယ် ဟုတ်လား။
“ဟုတ်တယ်ဗျ၊ ကြည့်ရတာတော့ ပညာသည်တွေပဲ ဖြစ်မယ်”
“အေး သပ်သပ်စီနေကြတာဆိုတော့ တစ်ဖွဲ့တည်းတော့ မဖြစ်နိုင်ဘူးကွ”
“ကျုပ်ထင်တာတော့ ဒီနှစ်ဖွဲ့လည်း တိုက်ကြခိုက်ကြဦးမယ်ထင်တယ်ဗျ”
“အင်း ဖြစ်နိုင်တာပေါ့ကွာ”
“ကျုပ်တို့ ဒီည မီးလောင်ကုန်းသင်္ချိုင်းကိုသွားကြရင် ကောင်း မလားလို့ ကိုကြီးတာတေကို လာမေးတာဗျ”
“အခြေအနေကို ကြည့်သေးတာပေါ့ကွာ၊ ထူးခြားရင် မီးလောင် ကုန်းကလည်း ငါ့ဆီကို လာအကြောင်းကြားကြမှာပါ”
“ကိုကြီးတာတေ သွားရင်တော့ ကျုပ်ကိုခေါ်နော်၊ သံမဏိက တော့ ရွာမှာပဲ နေခဲ့ပါ၊ ငါတို့သွားတုန်း ရွာမှာ အကြောင်းတစ်ခုခုပေါ်ရင် တို့ထဲက တစ်ယောက်ရှိမှ အကြောင်းစုံ ပြန်ပြောလို့ ရမှာကွ “အေးပါ၊ ငါ ရွာမှာနေခဲ့ပါ့မယ်”
သံမဏိကလည်း ကျောက်ခဲ ပြောတာကို ကျေကျေနပ်နပ် ပြန် ပြောတယ်ဗျ။
ကျုပ်လည်း ထမင်းစားပြီးတာနဲ့ ဗားမဲ့ဆရာတော်ရဲ့ ကြေးပြားအင်း ထည့်ထားတဲ့ ကတ္တီပါအိတ်ကလေးကို ယူလိုက်တယ်။ အထဲမှာပါတဲ့ ကြေးပေလွှာပေါ်က မန္တန်ကို ပြန်ပြီးရွတ်နေလိုက်တယ်။ တဖြည်းဖြည်းနဲ့ မန္တန်ကို ကျုပ် အလွတ်ရရောဗျ။ စကားလုံးတစ်လုံးတောင် မမှားအောင် ကျုပ်က ကြေးပေလွှာကြည့်လိုက် မှတ်လိုက် အလွတ်ရွတ်လိုက် လုပ်နေ တာဗျ။
မန္တန်ရပြီဆိုတော့မှ အင်းရော ကြေးပေလွှာရော ကတ္တီပါအိတ်အနီ လေးထဲမှာ ပြန်ထည့်ထားလိုက်တယ်။
ညနေငါးနာရီလောက်ရောက်တာနဲ့ မီးလောင်ကုန်းက ကပ္ပလီဆိုတဲ့ ကောင် ရောက်လာတယ်ဗျ။ ကပ္ပလီဆိုတဲ့ကောင်က လေးလေးအောင်ခက် ရဲ့သားလေဗျာ။ အသားမည်းမည်း မျက်လုံးပြူးပြူးနဲ့ဆိုတော့ ကပ္ပလီလို့မီးလောင်ကုန်းသားတွေက ခေါ်ကြတာဗျ။ ဒီကောင်က မျက်လုံးတော့ တော်တော်ပြူးတဲ့ကောင်ဗျို့။
ဒီကောင်က ကျုပ်ဝိုင်းကို မသိဘူးဗျ။ ကျောက်ခဲကိုပဲ သိတာ။ ကျောက်ခဲတို့ဝိုင်းကို သွားပြီးမှ ကျောက်ခဲနဲ့ သူနဲ့ ကျုပ်ဆီကို ရောက်လာတာ။
“ကိုကြီးတာတေ၊ ဒီမှာ မီးလောင်ကုန်းက ကပ္ပလီ လာတယ်ဗျ”
“ဟ ကပ္ပလီပါလားကွ၊ ဘာတွေများ အရေးပေါ်လာလို့တုံး”
“လေးလေးဘကျော် လွှတ်လိုက်လို့ လာတာဗျ၊ ကိုကြီးတာတေ တို့ဝိုင်းကို မသိလို့ ကျောက်ခဲကို သွားခေါ်လိုက်ရတာ”
“ဪ အေး၊ ကိုကြီးဘကျော်က ဘာတွေများ မှာလိုက်လို့တုံးကွ”
““ကျုပ်တို့မီးလောင်ကုန်းသင်္ချိုင်းထဲကို သျှောင်ထုံးကြီးတွေ ထုံး ထားတဲ့ လူသုံးယောက် ရောက်နေလို့တဲ့”
““ဇရပ်ထဲမှာလားကွ”
“ဟုတ်တယ်၊ ဇရပ်ထဲမှာတဲ့ဗျ၊ အဲဒီလူသုံးယောက်က သင်္ချိုင်း ကုန်းထဲကို လက်ညှိုးတွေနဲ့ထိုးပြီး ဘာတွေပြောနေတာလဲ မသိဘူးတဲ့၊ လေးလေးဘကျော်က အဲဒီအတိုင်းပြောလို့ မှာလိုက်တယ်”
“အေး ဟုတ်ပြီ ကပ္ပလီရေ၊ ဒါဆိုရင် ကိုကြီးတာတေ သိပြီ” ကျုပ်က အိမ်ပေါ်တက်ပြီး အမေဝယ်ထားတဲ့ ပေါက်ပေါက်ဆုပ် နှစ်ဆုပ်ယူပြီး ကပ္ပလီကို ကျွေးလိုက်တယ်။ ကပ္ပလီက ပေါက်ပေါက်ဆုပ် တွေစားပြီး ရေတဝသောက်ပြီးတော့မှ မီးလောင်ကုန်းကို ပြန်သွားတယ်။
ကျုပ်လည်း ကျောက်ခဲကို ညရှစ်နာရီ ချိန်းလိုက်တယ်။ ကျောက်ခဲ ဆိုတဲ့ကောင်ကလည်း တိကျပါ့ဗျာ။ ရှစ်နာရီထိုးတာနဲ့ ကျုပ်ဆီကို တန်းရောက်လာတာဗျ။ ကျုပ်တို့နှစ်ယောက် ရွာအနောက်ဘက်ကထွက်၊ တောင် ဘက်ချိုးပြီး မီးလောင်ကုန်းကို လာခဲ့တယ်။ ဝါခေါင်လပြည့်ကာနီးဆိုတော့ ကောင်းကင်မှာ လရှိတယ်ဗျ။ ဒါပေမဲ့ တိမ်တွေလည်းရှိတော့ လရောင်က ဝါးဝါးလေးပဲ လင်းတော့တာပေါ့ဗျာ။
သင်္ချိုင်းကုန်းနား ရောက်ကာနီးတော့ မြောက်ဘက်ကို ချိုးလိုက်ပြီး ဟိုညက ကျုပ်တို့ တက်နေခဲ့တဲ့ မန်ကျည်းပင်ဆီကိုသွားပြီး ဖက်တက်ရ တာပေါ့ဗျာ။ မန်ကျည်းပင်ကလည်း လူတစ်ဖက်လောက်ကို ရှိတာဗျ။ ကျုပ်တို့နှစ်ယောက်လည်း ကိုင်းကြီးကြီးရှာပြီး ထိုင်လိုက်ကြတယ်။ ဒီ မန်ကျည်းပင်ပေါ်ကကြည့်ရင် မီးလောင်ကုန်းသင်္ချိုင်းတစ်ခုလုံးကို အပေါ်စီး ကနေ အကုန်မြင်နေရတာဗျ။
ဟုတ်တယ်ဗျို့။ ကပ္ပလီ လာပြီးပြောသွားတဲ့အတိုင်းပဲဗျ။ သျှောင် ထုံးကြီးတွေနဲ့ လူကြီးသုံးယောက်ဗျ။ အားလုံး အသက်ကြီးကြီးတွေပဲ။ ဟိုညက သေကုန်တဲ့ ငဆင်တို့ ငလုံးတို့ထက် အသက်အများကြီး ကြီး တယ်။ အသက်ခြောက်ဆယ်ကျော် ခုနစ်ဆယ်အရွယ်တွေချည်းပဲဗျ။
ဇရပ်ပေါ်မှာ ဖယောင်းတိုင်တွေ ထွန်းထားလိုက်တာမှ လင်းထိန် နေတာဗျို့။ ငလုံးတို့လို ကန်တော့ပွဲတွေ အရိုးခေါင်းတွေလည်း ဘာမှမပါ ဘူးဗျ။ အားလုံးက တည်တည်ငြိမ်ငြိမ်တွေပဲဗျ။
“ကိုကြီးတာတေ၊ အဲဒါ ကျုပ်ကို ဝက်သိုးလာပြောသွားတဲ့ လူ တွေပဲဗျ၊ ဘန့်ဘွေးကုန်းသင်္ချိုင်းထဲက ဆိုတာလေ” ကျောက်ခဲက လေသံလေးနဲ့ ပြောလိုက်တာဗျ။ “ဝုတ်” “ဝုတ်” “ဝုတ်” “ဝုတ်”
“ဟာ ခွေးဟောင်သံကြားတယ်၊ လူတွေ လာကြပြန်ပြီထင်တယ်”
“မပြောနဲ့ ပါးစပ်ပိတ်ထား”
ခွေးဟောင်သံ ကြားပေမဲ့ ဇရပ်ထဲက အဘိုးကြီးသုံးယောက်က တစ်ချက်တောင် လှည့်မကြည့်ဘူးဗျို့။ ထိုင်ပြီး သူတို့အလုပ်ပဲ သူတို့လုပ်နေ တာဗျ။
လာနေပြီဗျို့။ ထနောင်းကုန်းဘက်ကနေ လူသုံးယောက်ဗျ။ လရောင်ဝါးဝါးလေးအောက်မှာ လှမ်းမြင်ရတယ်။ ဟော နီးလာပြီ။ သင်္ချိုင်း ထဲကို တန်းဝင်လာကြတာဗျို့။
မီးရောင်နဲ့ မြင်ရတော့မှ ဒီလူတွေက ရိုးရိုးဆံပင်တွေနဲ့ လွယ်အိတ် ကြီးတွေ လွယ်လို့ဗျ။ ဇရပ်ရှေ့က မြေကွက်လပ်မှာ ရပ်လိုက်ကြပြီး ဇရပ် ထဲက လူသုံးယောက်ကို လှမ်းကြည့်နေတယ်။
“ဗျို့ ဆရာကြီးတို့၊ ဘယ်လိုကိစ္စကြောင့် ဒီသင်္ချိုင်းမှာ လာပြီးရွတ် ဖတ်နေကြတာတုံးဗျ၊ ကျုပ်တို့ အလုပ်လုပ်စရာရှိလို့ ခဏလောက် ဖယ်ပေး ကြပါ”
“အလုပ်ရှိရင်လည်း လုပ်ကြပေါ့ကွာ၊ ငါတို့လည်း အလုပ်လုပ်န ကြတာပဲ၊ မင်းမြင်တယ်မို့လား”
“ကျုပ်တို့အလုပ်က ဇရပ်ပေါ်မှာ လုပ်ရမယ့်အလုပ်မို့လို့ ပြော တာဗျ၊ ခင်ဗျားတို့ ရွတ်တာက ဘယ်မှာသွားရွတ်ရွတ် ရပါတယ်၊ သွားကြ ပါဗျာ”
“နေပါဦးကွ၊ မင်းတို့က ဘယ်သူများလဲ”
“ကျုပ်က မာဃ၊ သူက ရာဇ၊ သူက ဒါသတဲ့၊ သုံးယောက်လုံး ကြိုးပိုင်တွေချည်းပဲ”
“ဪ ဪ၊ နို့ ဘယ်နှကြိုးများ ပိုင်တုံးကွဲ့”
“ဆယ်ကြိုးပိုင်တယ်၊ မကြာခင် ဆယ့်နှစ်ကြိုး ပိုင်တော့မှာ”
“ဒါဆိုရင် ဆယ်ကြိုးကဝေကြီးတွေပေါ့လေ”
“ဟုတ်တယ်၊ ကဲ ခင်ဗျားတို့ ဖယ်ပေးပေတော့၊ ကျုပ်တို့အလုပ် က အချိန်နဲ့ လုပ်ရမှာ”
““ဟင် ဘယ်လိုအလုပ်များတုံး၊ ဆယ်ကြိုးစီး ကိုမာဃရယ်”
““မဖဲဝါကို အမိန့်ပြန်ပြီး ခေါ်မလို့၊ ပြီးရင် သူ့ရဲ့ ထုံကူးခဲ့တဲ့ တလားကို အပ်ခိုင်းဖို့ပဲ”
‘ဟား ဟား ဟား ဟား၊ ကိုယ့်လူတော့ မဖဲဝါလက်ချက်နဲ့ သေတော့မှာပဲ၊ မဖဲဝါက သရဲမဆိုပေမဲ့ ပေါ့သေးသေး သရဲမတော့ မထင် လေနဲ့ ကိုမာဃရဲ့။ သူ့နောက်မှာ မြောက်ဘက်ရှင်မတစ်ယောက်လုံး ရှိနေ ၊ မြောက်ဘက်ရှင်မ ပေးထားတဲ့ ပညာတွေ မဖဲဝါမှာ အများကြီးရှိနေ တယ်။ မင်းတို့အဆင့်လောက်နဲ့ သူ့တလားကို ရအောင်ယူနိုင်မယ်မထင်နဲ့။ ကျုပ်က မောင့်ကို စေတနာနဲ့ ပြောတာပါ”
““နေပါဦး ခင်ဗျားတို့ကရော ဘာလာလုပ်ကြတာတုံး” “ကျုပ်တို့က သက်တော်လေးရာကျော်ရှိတဲ့ ဆရာကြီး ဘိုးဥက္ကာရဲ့ လက်ရင်းတပည့်ကြီးတွေပါကွယ်၊ ဒီကိုလာရတာက မဖဲဝါရဲ့ တလားကို သိမ်းဖို့ပဲ၊ သက်တော်ရှည်ဆရာကြီး ဘိုးဥက္ကာကိုယ်တိုင် သိမ်းမှာပါ၊ အခုလာမယ့် လပြည့်ညဆိုရင် ဆရာကြီး ဘိုးဥက္ကာ ကြွလာတော့မှာပါ၊ ကျုပ်တို့က ရှေ့ပြေးလာတာပါ”
ကဝေဆိုပေမဲ့ သျှောင်ထုံးဆရာကြီးတွေက စကားပြောတော်တော် ကို ညင်သာတာဗျ။
“ဟား ဟား ဟား ဟား”
သျှောင်ထုံးကဝေကြီး ပြောတဲ့စကားကို ကြားတော့ ဆယ်ကြိုးစီး မာဃက အော်ဟစ်ပြီး ရယ်တယ်ဗျ။
““ဒီမှာ အဘိုးကြီးတွေ၊ ရီးတီးရားတား စကားတွေ ကျုပ်တို့ကို လာမပြောနဲ့၊ အခု ဖယ်မလား၊ မဖယ်ဘူးလား ဒါပဲပြော” ဇရပ်ပေါ်က သျှောင်ထုံးကဝေကြီးသုံးယောက် ဘာမှပြန်မပြော တော့ဘဲ သူတို့အလုပ်ကို သူတို့ ဆက်လုပ်နေကြတယ်ဗျ။
မြေကွက်လပ်ထဲက မာဃတို့သုံးယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အချက်ပြလိုက်ကြရောဗျ။ ပြီးတာနဲ့ စက်တွေထုတ် ရောဗျို့။ ဟာ ဒီလူတွေ တော်တော်စွမ်းတာပဲဗျ။ မျက်လုံးတွေရော နားတွေ ရော ပါးစပ်ထဲကရော စက်တွေထွက်လာတာဗျို့။ အဲဒီစက်တွေနဲ့ ဇရပ်ပေါ် မှာ လှုပ်တောင် မလှုပ်ဘဲ ထိုင်နေကြတဲ့ အဘိုးကြီးတွေဆီကို လွှတ်တော့ တာပေါ့ဗျာ။ အဘိုးကြီးတွေကတော့ သူတို့အလုပ်ပဲ သူတို့လုပ်နေတာဗျ။
မာဃ၊ ရာဇနဲ့ ဒါသတို့ရဲ့ စက်တွေက လမ်းတစ်ဝက်လောက် ရောက်တော့ ရှေ့ဆက်မတိုးဘဲ ရပ်နေရောဗျို့။ ဆယ်ကြိုးပိုင် ကဝေသုံး ယောက်က သူတို့ရဲ့စက်တွေကို လွှတ်နေတာပေမဲ့ စက်တွေက ရှေ့ကို လုံးဝမတိုးတော့ဘူးဗျ။ ဒီမှာတင် ကဝေသုံးယောက် ဒေါသဖြစ်လာပြီး စက်တွေကို ပြိုင်တူဆောင့်တွန်းလိုက်ကြရောဗျို့။
“ဝုန်း” “ဝုန်း” “ဝုန်း”
သူတို့တွန်းလိုက်တဲ့ စက်တွေက “ဝုန်း”ကနဲ “ဝုန်းကနဲ အသံကြီး တွေမြည်ပြီးတော့ ကဝေသုံးယောက် နောက်ကို တစ်လံလောက် လွင့်ထွက် သွားတာဗျို့။
ခဏကြာတော့ မာဃတို့သုံးယောက် ပြန်ထလာကြပြီး စက်တွေ ထုတ်ကြပြန်တယ်။ ထွက်လာတဲ့စက်တွေကို ပေါင်းလိုက်တာ စက်တန်းကြီး တစ်ခုတည်း ဖြစ်သွားရောဗျို့။ စက်တွေပေါင်းလိုက်ရင် အဆပေါင်း အများကြီးပြင်းလာတာကိုကျုပ်သိတယ်ဗျ။ ဒီကဝေသုံးယောက် ပေါင်းတဲ့စက်ကို ဇရပ်ပေါ်က အဘိုးကြီးသုံးယောက် ခံမှ ခံနိုင်ပါ့မလားလို့ တွေးမိပြီး ကျုပ်စိုးရိမ်သွားတယ်။
ဒါပေမဲ့ ကျုပ်ကသာ စိုးရိမ်နေတာဗျို့။ ဇရပ်ပေါ်က သျှောင်ထုံးနဲ့ ကဝေကြီးတွေက လှုပ်တောင်မလှုပ်ဘူးဗျ။ တင်ပလ္လင်ခွေထိုင်ပြီး သူတို့ အလုပ်ကို သူတို့ ဆက်လုပ်နေကြတာပဲဗျို့။
ကဝေမာဃတို့စက်တွေက ဒီတစ်ခါတော့ ရှေ့ကို တော်တော်လေး တိုးသွားတယ်ဗျ။ ဒါပေမဲ့ ဇရပ်အနားရောက်တော့ ထပ်မတိုးတော့ဘူးဗျ။ ဒီမှာတင် ကဝေသုံးယောက် မျက်နှာပျက်သွားပြီး တစ်ယောက်ကို တစ်ယောက် အချက်ပြလိုက်တယ်ဗျ။ ကဝေသုံးယောက် ရှိသမျှ ပညာစွမ်း တွေ အကုန်ထုတ်လိုက်ကြပုံရတယ်ဗျ။
သူတို့သုံးယောက် ပေါင်းထားတဲ့စက်တွေဟာ အရောင်တွေ တဖျပ် ဖျပ်နဲ့ ထတောက်ပြီး ရှေ့ကို တိုးဝင်သွားတယ်ဗျ။
“ဝုန်း”
ဟာ သျှောင်ထုံးကဝေကြီးသုံးယောက်က သူတို့လက်တွေကို ဖျတ် ကနဲ မြှောက်လိုက်ကြပြီး စက်တွေကို ပြိုင်တူဆောင့်တွန်းသလို လုပ်လိုက် တာ “ဝုန်း”ဆိုတဲ့ အသံအကျယ်ကြီးမြည်ပြီး မာဃတို့သုံးယောက် အနောက် ကို နှစ်လံလောက် လွင့်ထွက်သွားတာဗျို့။
အဘိုးကြီးသုံးယောက်က အထိုင်မပျက် ဆက်ထိုင်ပြီး အလုပ် ဆက်လုပ်နေကြတာဗျ။ သူတို့သုံးယောက် မန္တန်ရွတ်တဲ့အသံတွေက တဖြည်းဖြည်း ကျယ်လာတယ်ဗျို့။ မာတို့သုံးယောက် သတိလစ်သွားကြ တာဗျ။ လှုပ်ကို မလှုပ်ကြတော့ဘူး။ ခဏကြာတော့မှ မာဃ သတိရလာ တယ်။ သူ့လူနှစ်ယောက်ကို လှုပ်နှိုးလိုက်တယ်။ ဟိုလူနှစ်ယောက်လည်း သတိပြန်ရလာပြီး ဒယီးဒယိုင်နဲ့ ထလာကြတယ်ဗျ။
စောစောက မြေကွက်လပ်ကို ပြန်ရောက်တော့ ဇရပ်ပေါ်က သျှောင်ထုံးကဝေကြီးတွေကို သုံးယောက်သား စိုက်ကြည့်နေကြတယ်။ ခဏနေတော့ ကဝေသုံးယောက် မြေကြီးပေါ်ကို ဒူးထောက်ထိုင်လိုက်ပြီး ကန်တော့ကြတော့တာပဲဗျာ။ ဆယ်ကြိုးပိုင် ကဝေသုံးယောက်က ဇရပ်ပေါ် က အဘိုးကြီးသုံးယောက်ကို ကန်တော့ပြီး မီးလောင်ကုန်း သင်္ချိုင်းထဲကနေ ဒယီးဒယိုင်နဲ့ ထွက်သွားကြရောဗျို့။
ကဝေအဘိုးကြီး သုံးယောက်ကတော့ သူတို့အလုပ်ကို သူတို့ ဆက်လုပ်နေကြတုန်းပဲဗျ။ ကျုပ်နဲ့ ကျောက်ခဲလည်း မန်ကျည်းပင်ပေါ်ကနေ အသံမကြားအောင် ပြန်ဆင်းပြီး ထနောင်းကုန်းကို ပြန်ခဲ့ကြရောဗျ။ လမ်း ရောက်တော့မှ ကျောက်ခဲက ပြောတာဗျ။ ဒါတောင် ဒီကောင် ကျောက်ခဲ ကြောက်ပြီးတော့ စကားကို လေသံလေးနဲ့ပဲ ပြောတာဗျို့။ စကားကို ကျယ်ကျယ်တောင် မပြောရဲဘူးဗျာ။
“ကိုကြီးတာတေ၊ ဇရပ်ပေါ်က အဘိုးကြီးတွေက ပညာတော် တော်မြင့်တာပဲနော်၊ ဟိုလူတွေ ကန်တော့သွားရတာဗျာ”
“ဟုတ်တယ် ကျောက်ခဲ၊ ဟိုလူသုံးယောက်ရဲ့ ပညာကလည်း နည်းနည်းနောနောမဟုတ်ဘူးကွ”
“ဟုတ်လား၊ ဒါတောင် အဘိုးကြီးတွေကို နည်းနည်းမှ မတိုးနိုင် ဘူးဗျာ၊ ကျုပ် အံ့သြတာက အဘိုးကြီးသုံးယောက်က ထိုင်နေတာ လှုပ် တောင် မလှုပ်ဘူးဗျို့၊ တစ်ချက်ပဲ လက်လှုပ်ပြီး တွန်းသလို လုပ်လိုက်တာ၊ စက်လွှတ်တဲ့ ကဝေတွ လွင့်ထွက်သွားလိုက်တာဗျာ””
ကျောက်ခဲက ကဝေအဘိုးကြီးသုံးယောက်ကို လွှတ်သဘောကျနေတာဗျို့။
“နေပါဦး ကိုကြီးတာတေရဲ့၊ သူတို့ပြောတဲ့ သက်တော်ရှည်ဘိုးဥက္ကာဆိုတာ အသက်တော်တော်ကြီးနေလို့လားဗျ” “နှစ်ပေါင်း လေးရာကျော်ပြီလို့ ပြောတာပဲကွ” “ဗျာ၊ နှစ်ပေါင်းလေးရာကျော်အတွင်း တစ်ခါမှ မသေဘူးလား
ဗျ”
“မသေဘူး ကျောက်ခဲ၊ သူက ပညာနဲ့ ထုံကူးပြီး အသက်ဆက်သွားတာကွ
“သူ့တပည့်တွေတောင် ဒီလောက်အစွမ်းထက်ရင် အဲဒီဘိုးတော် ကြီးဆိုရင် ဘယ်လောက်များ အစွမ်းထက်မလဲဗျာ။ သူ့ကို ယှဉ်နိုင်သူ မရှိလို့လည်း သူ ဒီလောက်အသက်ရှည်နေတာဖြစ်မှာပေါ့ နော်”
“ဟုတ်တာပေါ့ကွာ၊ သူ့ကို သတ်ပစ်နိုင်တဲ့လူ မရှိလို့ သူ ဒီလောက်အထိ အသက်ရှည်နေတာပေါ့ ကျောက်ခဲရာ” “ဟိုဘိုးတော်ကြီး ပြောသလိုဆိုရင် မဖဲဝါရဲ့ တလားကို အဲဒီ ဘိုးတော်ကြီးကိုယ်တိုင် လာပြီးသိမ်းမှာပေါ့နော်”
“အင်း သိမ်းလို့ရရင်တော့ သိမ်းမှာပေါ့ကွာ”
“ဒီဘိုးတော်ကြီးကို မဖဲဝါက ဘယ်လိုလုပ်ပြီး နိုင်မှာတုံးဗျာ။ သူ့တလားကြီးကို အပ်လိုက်ရမှာပေါ့”
“အင်း ဘာတွေဖြစ်လာဦးမယ်ဆိုတာ မသိသေးပါဘူးကွာ”
“ဒီတလားကြီးကို ကဝေတွေက ဘာလုပ်ဖို့ ဒီလောက် လိုချင်နေ ကြတာတုံးဗျ”
“သူတို့အသက်တွေ ဆက်ဆက်ပြီး အရှည်ကြီးနေချင်ကြလို့ပေါ့ ကွာ၊ ဒါက ဖြတ်လမ်းနည်းပေါ့ ကျောက်ခဲရာ၊ ပညာအစဉ်အတိုင်းတက်ဖို့ ဆိုတာက လွယ်တာမဟုတ်ဘူးလေကွာ””
“ဪ ဒါကြောင့် မဖဲဝါရဲ့ တလားကို ဒီလောက်လိုချင်နေကြတာကိုး၊ နို့ မဖဲဝါကရော ဘာဖြစ်လို့ မပေးတာတုံးဗျ” ”သူ့တလားနဲ့ ထုံကူးသွားတဲ့ ကဝေက သူ့ကို နိုင်မှာလေ၊ သူ့ကို အခိုင်းအစေလို ခိုင်းမှာစေမှာလေ ကျောက်ခဲရာ၊ ဒါကြောင့် မဖဲဝါက ဒီတလားကို အမြဲကာကွယ်နေရတာ”
“ဟာ ဒါကြောင့်ကိုး၊ ကိုကြီးတာတွေကတော့ ဒီအကြောင်းတွေ ကို တော်တော်သိနေတာပဲနော်၊ ဘယ်လိုကြောင့် ဒီလောက် သိနေရတာတုံး။
““မဖဲဝါက ငါ့ကို အိပ်မက်ထဲမှာ ပြောပြဖူးတယ်ကွ၊ ဒါကြောင့် ငါသိနေတာ ကျောက်ခဲရ”
ကျောက်ခဲနဲ့ ကျုပ်နဲ့ အိမ်ပြန်ရောက်တော့ လုလင်ပြန်ကြက်တောင် တွန်နေပြီဗျ။
လပြည့်ညမှာ ကဝေကြီးဥက္ကာ ရောက်မတဲ့။ မိုးလင်းတာနဲ့ ညက ကျုပ်တွေ့ ခဲ့ မြင်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြောဖို့ ဘန့်ဘွေးကုန်းက ဘိုးစံမောင်တို့အိမ်ကို ထွက်လာခဲ့တယ်။ ဝိုင်းဝ ရောက်တော့ ကိုကြီးစံအေးက အသံကျယ်ကြီးနဲ့ ကျုပ်ကို လှမ်းပြော တယ်ဗျ။
“ပထမံတာတေတော့ အလုပ်တွေ လွှတ်များနေပြီပေါ့ကွာ” “ဟာ ကိုကြီးစံအေးရယ် ကျုပ်ကို မိုးကြိုးပစ်ချပါဦးမယ်ဗျာ၊ ပထမံဆိုတာ ဘာတုံးဆိုတာ သိလို့လားဗျ”
လို့ ကျုပ်က မေးလိုက်တော့ ကိုကြီးစံအေးက ပါးစပ်ပြဲပြဲကြီးနဲ့ ရယ်နေတယ်ဗျ။
“မသိဘူးလေကွာ၊ သူများတွေ ပြောသံကြားလို့ ပြောလိုက်တာပဲတာတေရာ”
ကျုပ်လည်း ဘာမှ မပြောတော့ဘဲ ရယ်နေလိုက်ရတော့တာပေါ့ ဗျာ။ အိမ်ကြီးပေါ်ကိုရောက်တော့ ဘိုးစံမောင်နဲ့ ဘိုးလူပေက ဘုရားခန်းမှာ စကားပြောလို့ဗျ။
“လာဟေ့ တာတေ၊ ဘာစားခဲ့ပြီးပြီလဲ၊ မစားရသေးရင် ထမင်း ကြမ်းစားကွ၊ မင်းအရီး ဆတ်သားခြောက် မီးဖုတ်ထားတာ လွှတ်ကောင်း ဗျာ”
“မစားတော့ဘူး ဘိုး၊ ကျုပ် အိမ်မှာ ထမင်းကြမ်းစားခဲ့ပြီးပြီ” ဘိုးလူပေကတော့ ထုံးစံအတိုင်းပေါ့ဗျာ။ ဆီရွှဲအောင် လိမ်းထားတဲ့ သူ့ရဲ့ဆံပင်ကို သျှောင်တစောင်းလေးထုံးပြီး လောဘ ဒေါသ အလွန်နည်း ပါးတဲ့ မျက်လုံးတွေနဲ့ ကျုပ်ကို ပြုံးပြီးကြည့်နေတယ်ဗျ။
ကျုပ်က ဆရာကြီးဘိုးလူပေကို ကန်တော့လိုက်တယ်ဗျ။
“အကြောင်းများ ထူးပြီလား မောင်တာတေ” လို့ ဘိုးလူပေက ကျုပ်ကို မေးတယ်ဗျ။ “အကြောင်းကတော့ ထူးပြီ ဆရာကြီးရေ”
လို့ ပြောပြီး ညက မီးလောင်ကုန်းသင်္ချိုင်းထဲမှာ သျှောင်ထုံးကြီး တွေနဲ့ ကဝေကြီးသုံးယောက်ရယ်၊ မာဃတို့ ဒါသတို့ ကဝေသုံးယောက် ရယ် တိုက်ကြခိုက်ကြတဲ့အကြောင်း၊ မာဃတို့သုံးယောက် ရှုံးပြီး သျှောင် ထုံးကဝေကြီးတွေကို ကန်တော့သွားကြတဲ့အကြောင်းတွေ တစ်ခုမကျန် ပြောပြလိုက်တာပေါ့ဗျာ။
ဥက္ကာ ဘယ်တော့ရောက်မယ်လို့ ကြားတုံးကွဲ့” “အဲဒီသျှောင်ထုံးကဝေကြီး ပြောတာကတော့ အခုလာမယ့် လပြည့်ညမှာ သူတို့ဆရာကြီး ကြွလာပြီး မဖဲဝါရဲ့ ခေါင်းတလားကြီးကို သိမ်းယူမယ်လို့ ပြောတယ် ဆရာကြီး”
“သော် အချိန်တောင် နီးနေပြီပဲ မောင်တာတေရေ၊ ဒီနေ့ လဆန်း ဆယ့်သုံးရက်ဆိုတော့ မနက်ဖြန် ဆယ့်လေး၊ သန်ဘက်ခါ လပြည့်ပေါ့ ကွယ်၊ မောင်တာတေလည်း အဆင်သင့် ပြင်ထားပေတော့၊ လပြည့်ည ရောက်ရင် ဥက္ကာဆီကနေ ကျုပ်တို့သုံးယောက်ရဲ့ သွေးကြွေးတွေ ပြန် တောင်းကြရမှာပေါ့ကွယ်။ အင်း ထင်းခွေမကြုံ၊ ရေခပ်ကြုံ ဆိုသလိုပေါ့ ကွယ်၊ ရှည်လျားတဲ့ သံသရာကြီးမှာ တစ်ဘဝမကြုံ၊ တစ်ဘဝမှာ ကြုံတော့ တာပေါ့ မောင်တာတေရယ်”
ကျုပ်က ဆရာကြီးကို ဗားမဲ့ဆရာတော်ရဲ့ ကြေးပေလွှာပါက အင်းနှိုးဂါထာအကြောင်း ပြောပြတယ်။ ဆရာကြီးက ကျုပ်ကို ရွတ်ပြခိုင်း လို့ ကျုပ်က ရွတ်ပြလိုက်တယ်။ ဆရာကြီးက လက်အုပ်ချီပြီး ဗားမဲ့ဆရာ တော်ကို ရည်မှန်းပြီး ကန်တော့တယ်ဗျ။ ကျုပ်က အင်းနဲ့ တောင်ဝှေး အကြောင်းမေးတော့ ဘယ်အချိန်မှာ သုံးရမှာဆိုတာကို သေသေချာချာ ပြောပြတယ်။
ဆရာကြီးရယ်၊ ဘိုးစံအေးရယ်၊ ကျုပ်ရယ် နှစ်နာရီလောက် စကား ထိုင်ပြောပြီးမှ ထနောင်းကုန်းကို ကျုပ်ပြန်လာခဲ့တယ်။ ကျုပ်လည်း အိမ် ပြန်ရောက်တာနဲ့ ဘုရားရှိခိုး၊ ငါးပါးသီလယူပြီး ပုတီးစစိပ်တော့တာပေါ့ဗျာ။ ညမအိပ်ခင်အထိ ဘုရားရှိခိုး ပုတီးစိပ်နေတုန်းပေါ့ဗျာ။
ညအိပ်ပျော်သွားတာနဲ့ အိပ်မက် မက်တော့တာပဲဗျို့။ အိပ်မက်ထဲမှာ မဖဲဝါနဲ့ တွေ့တယ်။ မဖဲဝါက အင်းဝခေတ်က ဝတ်စားဆင်ယင်ပုံနဲ့ဗျ။ သရက်ထည်ပွင့်ရိုက် ထဘီလေးနဲ့ ဖျင်အင်္ကျီဝါဝါလေး ဝတ်ထားတယ်။ ဆံပင်ကို ဘီးဆံပတ်ထုံးလို့ဗျ။ ကျုပ်ကလည်း အင်းဝခေတ်က ဝတ်ဆင်ပုံ အတိုင်းပဲဗျ။ ဟိုရက်တွေက ကျုပ်အိပ်မက်တွေထဲကလိုပဲဗျ။ သိုရင်းအင်္ကျီနဲ့ တောင်ရှည်ပုဆိုး ဝတ်ထားတယ်။ ခေါင်းမှာ ပုဝါနံ့သာရောင်လေး ပေါင်းလို့ဗျ။
“တာတေရေ၊ ဥက္ကာကတော့ ငါ့ကို အမိန့်ပြန်လိုက်ပြီ၊ လပြည့်ည သန်းခေါင်ချိန်တည့်တည့်မှာ ငါ့ရဲ့ တလားကို ငါကိုယ်တိုင် ခေါင်းမှာရွက် လာပြီး သူ့ကို ဆက်သရမယ်တဲ့၊ ဒီအကြောင်းကို နင့်ဆရာကြီး ဘိုးလူပေကို ပြောလိုက်ပေတော့”
“စိတ်ချပါ မဖဲဝါ၊ ကျုပ် ဆရာကြီးကို ပြောလိုက်ပါ့မယ်၊ ဆရာ ကြီးရော ကျုပ်ရော ဥက္ကာနဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေကြပါပြီ”
“အေး ကောင်းတယ်၊ ငါလည်း ဒီအကောင်ကြီးဆီကနေ ငါ့ရဲ့ သွေးကြွေးကိုတောင်းဖို့ အဆင်သင့်ပဲ တာတေ၊ ဒါဆိုရင် လပြည့်ညမှာ ငါတို့ဆုံကြမယ်””
“ဆရာကြီးနဲ့ ကျုပ်နဲ့ သန်းခေါင်မတိုင်ခင်ကတည်းက ရောက်နေ မှာ၊ ဒါထက် မဖဲဝါက တလားကို ဘယ်နေရာသွားပို့ရမှာတုံး” “မီးလောင်ကုန်းသင်္ချိုင်းရဲ့ အနောက်ဘက်က ယာပြင်ထဲကို ယူ လာရမှာတဲ့ တာတေရဲ့
“ဟုတ်ပြီ မဖဲဝါ၊ ဆရာကြီး ဘိုးလူပေကို ဒီအကြောင်းတွေ အားလုံးပြောပြလိုက်ပါမယ်”
ကျုပ်ဖြင့်ဗျာ အင်းဝခေတ်တုန်းက တောင်ငူမြို့ထဲက စကားပင် ကြီးအောက်မှာ ကျုပ်ရယ်၊ ဆရာကြီး ဘိုးဒိဗ္ဗရယ်၊ အစ်မ မဖဲဝါရယ် ကဝေကြီးဥက္ကာရဲ့ ရက်ရက်စက်စက် သတ်တာကို ခံခဲ့ကြရတာ သတိရ သွားပြီး ကျုပ်တစ်ကိုယ်လုံးမှာရှိတဲ့ သွေးတွေ ပွက်ပွက်ဆူသွားတယ်ဗျာ” ကျုပ်အိပ်မက်က လန့်နိုးတော့ ပုဗ္ဗာရုံကျောင်းက တုံးမောင်းခေါက် သံကြားလိုက်ရတယ်ဗျ။
မနက်မိုးလင်းတာနဲ့ ဘိုးလူပေဆီကိုသွားပြီး ညက မဖဲဝါပေးတဲ့အိပ်မက်အကြောင်းကို ပြောပြလိုက်တယ်။ ဆရာကြီးက ခေါင်းညိတ်တယ်။
“မနက်ဖြန်ညဆို ဆုံကြရတော့မှာပေါ့ မောင်တာတေရယ်” လို့ ပြောပြီး ပုတီးလေး ကောက်ကိုင်လိုက်တာနဲ့ ကျုပ်လည်း ရွာကို ပြန်လာခဲ့ရောဗျ။ ကျုပ်လည်း အိမ်ရောက်တာနဲ့ ပုတီးကောက်ကိုင် ပြီး စိပ်တော့တာပေါ့ဗျာ။
“လူကလေး ပုတီးစိပ်လှချေလားကွဲ့”
လို့ အဘက ကျုပ်ကို မေးရောဗျ။ အမေကလည်း ကျုပ်ကို အကဲခတ်သလို ကြည့်နေတယ်။
“ဘိုးလူပေ ရောက်နေတယ် အဘရဲ့၊ မနက်ဖြန်ညမှာ ကိစ္စတစ်ခု လုပ်စရာရှိလို့ ကျုပ် ဘိုးလူပေနဲ့ လိုက်သွားရမယ်” “ဟဲ့ ဘယ်ကိုလိုက်သွားဦးမှာတုံး တာတေ
အမေက ဝင်ပြောတာဗျ။ အမေလေဗျာ၊ သားသမီးကို စိတ်ပူတာပေါ့။
“ဘယ်မှမလိုက်ရပါဘူး အမေ၊ မီးလောင်ကုန်းမှာပဲ အလုပ်လုပ်မှာပါ”
“အေး ဟိုနေ့က စံအေး လာခေါ်ကတည်းက ထင်တော့ထင်သား ပဲ၊ ဒီတစ်ခါတော့ ဆရာကြီး ပြန်မကြွခင် ထမင်းတစ်နပ်တော့ အမေ ကျွေးချင်တယ် သားရယ်၊ ဆရာကြီးကို ပင့်ပေးစမ်းပါ”
“ဟုတ်သားပဲ လူကလေးရဲ့၊ ဘိုးလူပေကို ပင့်ခဲ့စမ်းပါကွ၊ အဘ တို့လည်း မင်းဆရာကြီးကို ဧည့်ဝတ်ကလေးပြုချင်လို့ပါကွယ်”
“ဟုတ်ကဲ့ အဘ၊ ဆရာကြီး ကိစ္စတွေပြီးသွားရင် ကျုပ်ပင့်ပေးပါ့ မယ်၊ ဆရာကြီး ကြွမယ့်နေ့လည်း ကျုပ်ကြိုပြောမှာပေါ့”
“အေး အေး၊ ဟန်ကျပြီပေါ့ကွယ်”
လို့ အဘက ပြောတယ်။ ကျုပ်လည်း ပုတီးဆက်ပြီးစိပ်နေလိုက်တယ်။
လပြည့်ညရောက်တော့ ကောင်းကင်မှာက မိုးသားခပ်ပါးပါးလေး ရှိနေတယ်ဗျ။ လကသာပေမဲ့ မှုန်ဝါးဝါးပဲ လင်းနိုင်တာပေါ့ဗျာ။ ဒါပေမဲ့ ယာပြင်ကြီးထဲမှာ တော်တော်ဝေးဝေးအထိ မြင်နိုင်တယ်ဗျ။
ဘိုးလူပေနဲ့ ကျုပ်နဲ့ မီးလောင်ကုန်းသင်္ချိုင်းအနောက်က ယာပြင်ထဲ ရောက်တော့ ဘယ်သူ့ကိုမှ မတွေ့သေးဘူးဗျ။ ယာခင်းထဲမှာလည်း ဘာပင် မှ စိုက်မထားဘူး မြေပြောင်ပဲ။ နှစ်ကွက်ကျော်လောက်က ယာခင်းတွေမှာ တော့ ပဲတွေစိုက်ထားတာ တွေ့တယ်ဗျ။
ဆရာကြီးနဲ့ ကျုပ်နဲ့ မန်ကျည်းပင်ကြီးတစ်ပင်နောက်မှာ ကပ်ပြီးရပ် လိုက်ကြတယ်။ ဆရာကြီးက သူ့ဆေးလွယ်အိတ်ကို စလွယ်သိုင်း လွယ် ထားတယ်။ ကျုပ်ကတော့ အင်္ကျီအိတ်ကပ်ထဲမှာ ဗားမဲ့ဆရာတော်ရဲ့ ကဝေ သက်ဖြတ်အင်းကို ထည့်ထားပြီး လက်ထဲက ဗားမဲ့ဆရာတော် စီရင်ထားခဲ့ တဲ့ ဂဠုန်တောင်ဝှေးကို ကိုင်ထားတယ်။
“မောင်တာတေ ဒီညအဖို့မှာတော့ နည်းနည်းမှ ကြောက်လို့မဖြစ် ဘူးနော်၊ မောင်တာတေ အိပ်မက်ထဲမှာ မြင်ခဲ့တယ်မို့လား၊ ဥက္ကာ အင်းဝ ခေတ်တုန်းက ကျုပ်ကို သတ်သွားတာလေ၊ သူ့ရဲ့ မျက်ခုံးနှစ်ခုကြားက အနက်ရောင်စက်တန်း ထွက်လာပြီး သတ်တာလေကွယ်”
“ဟုတ်ကဲ့ ဆရာကြီး၊ ကျုပ်မြင်ရပါတယ်”
“အေး ကဝေစက်နက်လို့ ခေါ်တယ်ကွဲ့၊ ထိပ်တန်းစားကဝေကြီး တွေမှာမှ ထုတ်နိုင်တာ၊ အဲဒါဟာ ဥက္ကာရဲ့ နောက်ဆုံးစက်ပဲ၊ အဲဒီစက် ထုတ်တော့မှ မောင်တာတွေက ဗားမဲ့တောင်ဝှေးနဲ့ ပြေးပြီးရိုက်ချလိုက်ရမှာ။
နည်းနည်းမှ မကြောက်နဲ့ကွဲ့၊ မောင်တာတွေ အလွန်မြန်ဖို့လိုတယ်၊ အဲဒီစက် နက်က ကျုပ်ရင်ဘတ်ကို လာပြီးမထိခင်မှာ မောင်တာတေ ရိုက်ချနိုင်ဖို့လို တယ်။ မောင်တာတွေ နည်းနည်းနောက်ကျသွားရင်တော့ ကဝေစက်နက်က ကျုပ်ရင်ဘတ်ကို ဖောက်ဝင်သွားမှာပဲကွဲ့။
အဲဒီလိုဆိုရင် အင်းဝခေတ်က တောင်ငူမှာ ကျုပ်ရှုံးခဲ့သလိုပဲ ဒီတစ်ခါလည်း ရှုံးဦးမှာပဲ မောင်တာတေရဲ့”
ကျုပ်က အံကို တင်းတင်းကြိတ်လိုက်ပြီးတော့ ဘိုးလူပေကို ပြောလိုက်တယ်။
““ဒီအတွက်တော့ စိတ်ချပါ ဆရာကြီး”
“အေး အေး၊ နောက်ပြီးတော့ ဗားမဲ့အင်းတော်ကြီးက နောက်ဆုံး မှာမှ ပစ်ရမှာကွဲ့၊ ကဝေစက်နက်ကို ရိုက်ချလိုက်ပြီးရင် အင်းကို အဆင်သင့် ထုတ်ထားပေတော့၊ ကျုပ်က ပစ်လို့ဆိုမှ ပစ်ပေတော့”
“ဟုတ်ကဲ့ပါ ဆရာကြီး”
“ဝုတ် ဝုတ် ဝုတ် ဝုတ်”
ဟော မီးလောင်ကုန်းရွာဘက်က ခွေးဟောင်သံ ကြားတယ်ဗျို့။ ဆရာကြီးရော ကျုပ်ရော လကို မော့ကြည့်လိုက်တယ်။ ဪ လတောင် မွန်းတည့်တော့မှာကိုး။
ဟော လာကြပြီဗျို့။ မီးလောင်ကုန်းဘက်က လာတာဗျ။ သင်္ချိုင်း ထဲက လာတာမဟုတ်ဘူး။ ဘယ်က ဘယ်လိုလာတယ်ဆိုတာကိုတော့ ကျုပ်လည်း မသိဘူးဗျ။
လရောင်ဝါးဝါးလေးအောက်မှာ သေသေချာချာကြည့်တော့မှ လူ လေးယောက်ဗျ။ သုတ်သုတ် သုတ်သုတ်နဲ့ လျှောက်လာကြတာ။ သူတို့ ဦးတည်တာကတော့ ကျုပ်တို့ရှိတဲ့ဘက်ကိုပဲဗျ။ ဟော နီးလာပြီဗျို့၊ တဖြည်း ဖြည်းနဲ့ နီးလာပြီဗျ။ ဟော ယာပြင်ကြီးအလယ်မှာ ရပ်သွားကြပြီ။ သူတို့အားလုံးရဲ့ မျက်နှာတွေကို လရောင်နဲ့ မြင်နေရတယ်လေဗျာ။
သိုရင်းအင်္ကျီနဲ့ တောင်ရှည်ပုဆိုး ကွက်တုံးကြီး ဝတ်ထားတဲ့ ထောင်ထောင်မောင်းမောင်း ထွားထွားကြိုင်းကြိုင်းနဲ့ လူကြီးက ကပေကြီး ဥက္ကာပဲဗျ။ သျှောင်ထုံးနဲ့ နှုတ်ခမ်းမွေး ပြားပြားကြီးနဲ့ဗျို့။ ကျုပ်အိပ်မက်ထဲ ကအတိုင်းပါပဲဗျာ။ ဪ သူက ဒီကနေ့ထိအောင် သေမှမသေဘဲကိုး။ ဒီရုပ်အတိုင်း ရှိနေတာပေါ့လေ။ ကျုပ်တို့ကတော့ ဘဝတွေ ဘယ်နှစ်ကြိမ် ပြောင်းခဲ့ပြီလဲဆိုတာ ဘယ်လိုမှ မသိနိုင်ဘူးပေါ့ဗျာ။
ကဝေကြီးဥက္ကာကို တွေ့တော့မှ အိပ်မက်ထဲက ရှင်မင်းငယ်ကို ကျုပ် သတိရလိုက်တာဗျာ။ ရှင်မင်းငယ်က ကဝေကြီးဥက္ကာရဲ့ မြေးမလေ ကျုပ်လွမ်းလိုက်တာ။ သိပ်လှတဲ့ ရှင်မင်းငယ်ပါဗျာ။ ရှင်မင်းငယ်ဟာ လှယဉ်ဘဝနဲ့ ပြန်ရောက်လာပြီး ကျပ်နဲ့ ဆုံဆည်းခဲ့ကြပေမဲ့ ရှင်မင်းငယ်မှန်း ကျုပ် မသိခဲ့ဘူးလေ။ ရှင်မင်းငယ်ကို ချစ်တဲ့ အချစ်မျိုးနဲ့ပဲ လှယဉ်ကို ကျုပ် ချစ်ခဲ့တာပါဗျာ၊ ကျုပ်စိတ်တွေက အနှစ်လေးရာလောက်ကို ပြန် ရောက်သွားပြီး နာကျင်လွမ်းဆွတ်မိတာဗျ ၊
ကျုပ်တွေးနေတုန်းမှာပဲ မီးလောင်ကုန်းသင်္ချိုင်းထဲက အရိပ်တစ်ခု ထွက်လာတယ်။ ဟာ မဖဲဝါဗျို့။ မဖဲဝါ လာပြီ။ ခေါင်းတလားကို ခေါင်း ပေါ်မှာရွက်ပြီး လာနေတာဗျ။ ကဝေကြီးဥက္ကာရဲ့ အမိန့်အတိုင်းကို လုပ်ရ တာပါလား။ ကျုပ်က မျက်ကွင်းဆေး ကွင်းထားလို့ မြင်ရတာဗျ။ ကဝေ ကြီးလေးယောက်က ဒီအတိုင်းကို မြင်ကြပုံဗျို့။
ကဝေကြီးသုံးယောက်က ဝမ်းသာအားရနဲ့ လက်သီးလက်မောင်း တွေတောင် တန်းကြလို့ဗျာ။ ကဝေကြီးဥက္ကာကတော့ တည်တည်ငြိမ်ငြိမ်ပဲ ဗျ။ မဖဲဝါ လာတာကို စောင့်ကြည့်နေတယ်။
မဖဲဝါက တလားကြီးကို ကဝေတွေနဲ့ မလှမ်းမကမ်းမှာ ချထားလိုက်တယ်။
“ဪ ကျုပ်တပည့်မ မဖဲဝါရဲ့ အဖြစ်က ဆိုးလှချေရဲ့ မောင်တာ တေရယ်”
“ဆရာကြီး မဖဲဝါကို မြင်ရတယ်နော်”
“မြင်ရတယ် မောင်တာတေ၊ ဒီည မဖဲဝါကို လူတိုင်း မြင်ရလိမ့် မယ်၊ သူ့ရဲ့ သခင်မကြီး မြောက်ဘက်ရှင်မက ကဝေဥက္ကာနဲ့ ရင်ဆိုင်ဖို့ လိုအပ်တာတွေ သူ့ကို လုပ်ပေးလိုက်ပုံရတယ်ကွဲ့”
“ဟား ဟား ဟား ဟား မိဖဲဝါက ဆရာကြီးရဲ့ အမိန့်ကို နာခံ သားပဲ၊ မနာခံလို့လည်း မရဘူးလေ၊ ကဝေအချုပ် ဆရာအုပ် ဆိုတဲ့ ကျုပ်က ကျုပ်အမိန့်ကို မနာခံတဲ့သူတွေကို ဘယ်လိုတွေ နှိပ်စက်ညှဉ်းပန်း တယ်ဆိုတာ မဖဲဝါလည်း ကောင်းကောင်းသိမှာပါ။ အခုလို အချိန်ကို တိတိကျကျ လိုက်နာတာကျုပ်သဘောကျပါတယ်။ မဖဲဝါ ကျုပ်ကို တလားအပ်တဲ့အချိန်ဟာ လမွန်းတည့်တဲ့အချိန်ပါပဲ”
“အေး မဖဲဝါတင် အချိန်တိကျတာ မဟုတ်ဘူးကွ၊ ငါတို့လည်း အချိန်တိကျတာပါပဲ ဥက္ကာရဲ့”
ဘိုးလူပေက ပြောပြောဆိုဆိုနဲ့ မန်ကျည်းပင်ကြီးနောက်က ထွက် သွားတယ်။ ကျုပ်လည်း ဆရာကြီးနောက်က လိုက်ပြီးထွက်လိုက်တယ်။ ကဝေလေးယောက်က ကျုပ်တို့ကို ပြိုင်တူလှည့်ကြည့်တယ်။
““မင်းက ဘယ်သူတုံး၊ ဟိုနောက်က မလောက်လေး မလောက်စားလေးကကော ဘာလဲ”
“ဥက္ကာ ငါ့နာမည်က လူပေတဲ့ကွ၊ မင်းတို့ တောင်ငူကို အင်းဝ သိမ်းတဲ့နေ့က မင်းနဲ့ ပညာပြိုင်ခဲ့တဲ့ ဒိဗ္ဗလေကွာ၊ မင်းမှတ်မိသေးလား”
“ဪ လူပေဆိုတာ ဒိဗ္ဗကိုး၊ မင်းကို ငါ့တပည့် ဘရှံနဲ့ မယ်ဖန်က မွေးခဲ့တာ၊ မင်းကိုယ်ထဲမှာ ငါတို့ ကဝေသွေးတွေ အပြည့်ရှိတယ် ဒိဗ္ဗ၊ မင်းကို အထက်လမ်းကောင်တွေက လုယူသွားပြီး လမ်းပြောင်းပေးခဲ့ တာ၊ မင်းဟာ ငါတို့သွေးပဲ၊ မင်းဘဝတူတွေအပေါ်မှာ သစ္စာမဖောက်သင့် ဘူး”
“ဥက္ကာ အဲဒါတွေ ငါ့ကို လာမပြောနဲ့တော့၊ ငါဟာ နဂိုကတည်း က အထက်လူ၊ ဗားမဲ့ဆရာတော်ရဲ့ တပည့်တစ်ယောက်ကွ၊ ပြီးတော့ လွန်ခဲ့တဲ့ အနှစ်လေးရာက သွေးကြွေးကို မင်းဆီက ငါ ဒီည ပြန်လိုချင် တယ်၊ အဲဒီတုန်းက မင်း ရက်ရက်စက်စက် သတ်ခဲ့တဲ့ ဒိဗ္ဗဆိုတာ ငါဖြစ် သလို အဲဒီတုန်းက ငါနဲ့အတူတူ မင်းသတ်ခဲ့တဲ့ ငါ့တပည့်မ မဖဲဝါဆိုတာ ဒီမဖဲဝါပဲ။ အဲဒီတုန်းက မင်းသတ်ခဲ့တဲ့ ငါ့တပည့် တာတေဆိုတာ ဟောဒီ သူငယ်ပဲကွ ဥက္ကာရဲ့”
“ဪ မင်းတို့က ဒီလိုကိုး၊ လက်စသတ်တော့ သရဲမရော မင်းတို့ရောက ငါ့ဆီက သွေးကြွေးတောင်းဖို့ ဒီညကို အကွက်ကျကျ စီစဉ်ပြီး စောင့်နေကြတာကိုး၊ ဟား ဟား ဟား ဟား၊ မင်းတို့က တောင်ငူ မှာ တစ်ခါသေခဲ့တာကို မကျေနပ်လို့ ဒီဘဝမှာ တစ်ခါထပ်သေချင်ကြသေး တာကိုး၊ အေးလေ ဒီလိုဆိုတော့လည်း တစ်ခါထပ်သေကြဦးပေါ့ကွာ”
“ငါတို့ မင်းဆီက သွေးကြွေးလိုချင်တယ် ဥက္ကာ
“အေးလေ ဒိဗ္ဗ၊ မင်းတို့နိုင်ရင် ယူကြပေါ့ကွာ၊ အခုတော့ ငါ့ တပည့်သုံးယောက်နဲ့ပဲ အရင်ဆုံး ရင်ဆိုင်ကြည့်ပါဦး ဒိဗ္ဗရယ်”
ဥက္ကာကြီးရဲ့ စကားဆုံးတော့ ဟိုတစ်ညက မီးလောင်ကုန်းသင်္ချိုင်း ထဲမှာ ကျုပ်နဲ့ ကျောက်ခဲနဲ့ တွေ့ခဲ့တဲ့ သျှောင်ထုံးကဝေကြီးသုံးယောက်က ရှေ့ကို ထွက်လာကြတယ်ဗျ။
ရှေ့ကို နှစ်လံလောက် ထွက်လာကြတာ။ ပြီးတာနဲ့ ဘိုးလူပေကိုသေသေချာချာ စိုက်ကြည့်လိုက်ပြီးတော့ တစ်ယောက်က ပြောတယ်ဗျ။
“မောင်လူပေ မင်းရဲ့အဖေ ကဝေပျံဘရှံ ဆိုတာ ကျုပ်ရဲ့သူငယ် ချင်းပဲကွဲ့၊ သူငယ်ချင်းမျက်နှာ ထောက်ချင်ပေမဲ့ မောင်က ကျုပ်တို့ကလေ ပညာသည်တွေကို တွေ့ရင်တွေ့သလို သုတ်သင်ပစ်တယ်ဆိုတဲ့ သတင်းက ကျုပ်တို့နားမှာ အမြဲကြားနေရတာဆိုတော့ ဘယ်လိုမှ ခွင့်မလွှတ်နိုင်ဘူး မောင်လူပေရေ၊ ကဲ မင်းပညာတွေ အကုန်ထုတ်ပြီးသာ ခံပေတော့ကွယ်”
ကဝေကြီးသုံးယောက်က တစ်ယောက်နဲ့တစ်ယောက် တစ်လံ အကွာလောက်မှာရပ်ပြီး စက်တွေ စထုတ်တော့တာပဲဗျာ။ သူတို့ထုတ်တဲ့ စက်တွက အနီရောင်စက်တွေဗျ။ စက်သုံးတန်းကို ယှဉ်ပြီး ဘိုးလူပေဆီကို လွှတ်လိုက်ကြတာဗျ။ ဘိုးလူပေက သူ့ရဲ့လက်ဖဝါးနှစ်ဖက်ကိုပွတ်ပြီး လင်း လက်နေတဲ့ အဖြူရောင်စက်ကိုထုတ်ပြီး ကာလိုက်တယ်။ အနီရောင်စက် သုံးခုက ဘိုးလူပေဆီကို ပြုပြီးတိုးလာတာဗျ။ ဒါပေမဲ့ ဘိုးလူပေ ကာထား တဲ့ အဖြူရောင်စက်ကို မကျော်နိုင်ဘူးဗျို့။
ကဝေကြီးသုံးယောက်က သူတို့စက်တွေကို တွန်းလွှတ်ကြတယ် ဗျ။ ဒါပေမဲ့ မဖောက်နိုင်ဘူး။ ခဏနေတော့ ဘိုးလူပေက လက်ဝါးနှစ်ဖက် နဲ့ ဆောင့်တွန်းလိုက်ရောဗျို့။
ဝုန်း´
ဆိုတဲ့ အသံကြီးမြည်ပြီး ကဝေကြီးသုံးယောက် နောက်ကိုတစ်လံ လောက်ရွေ့သွားတယ်။ သူတို့စက်တွေလည်း ချက်ချင်းပျောက်သွားရောဗျ။ “ဟဲ့ကောင်တွေ နင်တို့ သေချင်လို့လား၊ နောက်ဆုံးစက်ကိုထုတ် ပြီး သုံးယောက်ပေါင်းတိုက်ကြ”
လို့ ဥက္ကာကြီးက သူ့တပည့်တွေကို လှမ်းပြောလိုက်တာဗျို့။ သျှောင်ထုံးကဝေကြီးသုံးယောက်လည်း စက်တွေပြန်ထုတ်ကြပြန်ရောဗျို့။
ဟာ ဒီတစ်ခါထွက်လာတဲ့စက်က အစိမ်းရောင်ဗျို့။ ဟော စက်သုံးတန်း ရောပြီး လိမ်သွားတယ်ဗျ။ ဟော လွှတ်ပြီဗျို့၊ ဘိုးလူပေဆီကို အစိမ်းရောင် စက်တန်းကြီးက ထိုးဝင်သွားတာဗျို့။
ဘိုးလူပေက စောစောကလိုပဲဗျ၊ သူ့လက်ဝါးနှစ်ဖက်ကိုပွတ်ပြီး လင်းတောက်နေတဲ့ လိမ္မော်ရောင်စက်ကို ထုတ်လိုက်တယ်ဗျ။ စောစောက လိုပဲ လိမ္မော်ရောင်စက်နဲ့ ကာထားလိုက်တယ်။
တိုးပြီဗျို့၊ တိုးပြီ။ အစိမ်းရောင်စက်က လိမ္မော်ရောင်စက်ကို ထိုးဖောက်ပြီး ဝင်နေတာဗျ။ ဖောက်ဝင်သွားလို့ကတော့ ဘိုးလူပေရဲ့ ရင်ဝ တည့်တည့်ပဲဗျို့။ ဘိုးလူပေက ဒီပွဲကို ရှည်ချင်ပုံမရဘူးဗျ။ သူ့ရဲ့အားတွေ လျော့သွားမှာကို သူမလိုလားဘူး။ ကဝေကြီးဥက္ကာနဲ့က အဓိကတိုက်ပွဲလေဗျာ။
‘ဟား ဟား ဟား ဟား၊ ဒိဗ္ဗရယ်
ငါ့တပည့်တွေကိုတောင် မနိုင်ဘဲနဲ့ မင်း ငါ့ကို ဘယ်လိုယှဉ်မှာတုံးကွာ”
ကဝေကြီးဥက္ကာက လှမ်းအော်ပြီး ပြောလိုက်တာဗျ။ ဒီအချိန်မှာပဲ ဘိုးလူပေရဲ့ ရင်ညွန့်နေရာတည့်တည့်ကနေပြီး အနီရောင်စက်လုံးလေး ထွက် လာတယ်။ စက်လုံးလေးက ရှေ့ကိုတစ်တောင်လောက် ရွေ့လာပြီး သုံးလုံး ခွဲထွက်သွားတယ်ဗျ။
“ရှီ”
ဆိုတဲ့ အသံလေး မြည်သွားပြီး ကဝေကြီးသုံးယောက်ရဲ့ ရင်ဘတ် ထဲကို တိုးဝင်သွားတော့တာဗျို့။
”အား အား အား”
ကဝေသုံးယောက်ရဲ့ မချိမဆံ့ အော်သံကြီးက တိတ်ဆိတ်နေတဲ့ သန်းခေါင်ယံအချိန်မှာ ယာတောကြီးတစ်ခုလုံးကို လွှမ်းသွားတော့တာပေါ့။
ဗျာ။
“ဘုန်း” “ဘုန်း” “ဘုန်း”
သုံးယောက်စလုံး မြေကြီးပေါ်ကို လဲကျသွားကြပြီး လူးလှိမ့်နေ ကြတော့တာဗျို့။
ခဏကြာတော့မှ သုံးယောက်စလုံး ငြိမ်သွားကြရောဗျ။ ““ဒိဗ္ဗ မင်း ငါ့တပည့်တွေကို ရက်ရက်စက်စက် သတ်ပစ်လိုက်ပြီ ဟုတ်လား၊ ကဲ လာခဲ့စမ်း ဒိဗ္ဗ၊ မင်းကို ငါ ဒုတိယတစ်ကြိမ် ထပ်သတ်စမ်း မယ်”
ပြောပြောဆိုဆိုနဲ့ ကဝေကြီးဥက္ကာက စက်တွေထုတ်တော့တာပေါ့ဗျာ။
““ဟာ”
ကျုပ်တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မမြင်ဖူးတဲ့ မြင်ကွင်းပါပဲဗျာ။ ဘိုးလူပေက ကိုယ်တွေခွဲထုတ်လိုက်တာဗျို့။ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်၊ လေးယောက်၊ ငါးယောက်၊ ခြောက်ယောက်၊ ခုနစ်ယောက်၊ ရှစ်ယောက်၊ ကိုးယောက် ဟာ ကိုးကိုယ်တောင်ဗျို့။
ကဝေကြီးဥက္ကာတောင် မျက်လုံးတွေ ပြူးသွားတယ်ဗျာ။
**ဒိဗ္ဗ မင်းက တော်တော်ကို တိုးတက်နေပါလားကွ၊ ကဲ တွေ့ ကြသေးတာပေါ့ကွာ”
ကဝေကြီးဥက္ကာက စက်တွေထုတ်လိုက်တယ်ဗျ။ ဘိုးလူပေ ကိုးယောက်ကလည်း စက်တွေ တစ်ပြိုင်တည်း ထုတ် တယ်ဗျို့။ ဘိုးလူပေရဲ့ စက်ကိုးခုက အနီရောင်တွေဗျ။ ကဝေကြီးဥက္ကာ ထုတ်တဲ့စက်က အစိမ်းရောင်ဗျ။ ဘိုးလူပေကိုးယောက်ရဲ့ စက်တန်းကိုးခုက ကဝေကြီးဆီကို ပြုပြီးသွားတာဗျို့။ ကဝေကြီးရဲ့စက်က ကိုးခုခွဲပြီး ဘိုးလူပေကိုးယောက်ဆီကို သွားရောဗျ။ ကဝေကြီးရဲ့စက်က ကိုးခုခွဲထားတာ တောင် အားပြင်းတုန်းပဲဗျာ။ ဒါကြောင့်လည်း ဘိုးလူပေက ကိုးကိုယ်ခွဲပြီး ခံထားတာဗျ။
အနီရောင်စက်နဲ့ အစိမ်းရောင်စက်က ရောသွားပြီး တွန်းနေတာဗျို့။
ခဏနေတော့…
“ဝုန်း”
ဟာ သွားပြီဗျို့။ ကဝေကြီးရဲ့စက်က ဖောက်ဝင်သွားပြီဗျာ။ ဘိုးလူ ပေတစ်ယောက် ပျောက်ကိုသွားတာဗျ။
“ဝုန်း”
ဟာ သွားပြန်ပြီဗျာ။ နောက်တစ်ယောက် ပျောက်သွားပြန်ပြီ။ “ဝုန်း” တစ်ယောက် ပျောက်သွားပြန်ပြီဗျို့။
“ဝုန်း”
တစ်ယောက် ပျောက်သွားပြန်ပြီ။ တစ်ယောက်ပြီး တစ်ယောက် ပျောက်သွားလိုက်တာ တစ်ယောက်ပဲ ကျန်တော့တယ်ဗျ။ သေချာပြီပေါ့ဗျာ။ ဒါ ဘိုးလူပေအစစ်ဗျ။ ဟာ ကဝေကြီးက ကျန်နေတဲ့ ဘိုးလူပေဆီကို သူ့စက်တွေ ပြန်ပေါင်းပြီး လွှတ်ပြီဗျို့။ ဘိုးလူပေကလည်း အနီရောင်စက်နဲ့ ကာထားတယ်ဗျ။ စက်နှစ်ခု ထိပ်တိုက်တွေ့ပြီပေါ့ဗျာ။
“ဝုန်း
ဟာ ကဝေကြီးရဲ့စက်က ဘိုးလူပေရဲ့စက်ကို ဖျက်ပြီး ထိုးဝင်သွား တာဗျ။ ဟာ ဘိုးလူပေ ပျောက်သွားပြီဗျို့။ ဟင် ဒါဆိုရင် ဘိုးလူပေအစစ် က ဘယ်မှာတုံးဗျ။ ကျုပ်စိတ်ထင်တာက ကိုယ်ခွဲကိုးယောက်ထဲမှာ တစ်ယောက်ကတော့ ဘိုးလူပေအစစ်လို့ ထင်ထားတာလေဗျာ။
“ဟား ဟား ဟား ဒိဗ္ဗ မင်းပညာက ထင်သလောက် မဟုတ်ပါ လားကွာ၊ ငါ့စက်ကို မခံနိုင်လို့ ပျောက်တောင်ထွက်သွားရတယ်လို့ကွာ၊
‘ဟား ဟား ဟား ဟား’
“ ဟေ့ကောင် ဥက္ကာ၊ ငါက ဒီမှာကွ၊ မင်းရဲ့နောက်မှာ”
ကျုပ် အံ့သြပြီး လှမ်းကြည့်လိုက်မိတယ်။ ဟုတ်ပဗျာ။ ဘိုးလူပေ ဘန့်ဘွေးပင်ကြီးရှေ့မှာ ရပ်လို့ဗျ။ ကဝေကြီး ဥက္ကာလည်း နောက်ကို လှည့်ကြည့်တယ်ဗျ။
“ဪ မင်းက မသေသေးဘူးပေါ့ ဟုတ်လား၊ အေးလေ၊ မသေသေးတော့လည်း မင်းကို မသေမချင်း သတ်ရတော့မှာပေါ့ ဒိဗ္ဗရယ်” ကဝေကြီးက တော်တော်ကို ဒေါသဖြစ်နေပုံပဲဗျ။ သူဝတ်ထားတဲ့ တောင်ရှည်ပုဆိုးကို ချက်ချင်းခါးတောင်းကြိုက်လိုက်တယ်။ ပြီးတာနဲ့ ဘီလူးကြီးတစ်ကောင် ကသလို ခုန်ပေါက်လိုက်တယ်ဗျ။
ဘိုးလူပေက ချက်ချင်းပဲ သူ့နောက်က ဘန့်ဘွေးပင်ကြီးထဲကို နောက်ပြန်ထိုးဝင်သွားတယ်ဗျို့။
“ဟာ”
ကျုပ်ဖြင့် အံ့သြလွန်းလို့
“ဟာ”ခနဲတောင် အော်လိုက်မိတယ်ဗျ။ ကျုပ်ဆရာကြီး ဘိုးလူပေ ဒီလောက်အစွမ်းထက်မှန်း ကျုပ်လည်း အခုမှ သိရတာဗျို့။
“ဪ ဒီလိုလားကွ ဒိဗ္ဗရ”
ကဝေကြီးက သူ့စက်တွေကို ထုတ်တယ်။ ဒီတစ်ခါတော့ လက် ဝါးနှစ်ဖက်ကိုပွတ်ပြီး ထုတ်တာဗျ။ ထွက်တဲ့စက်က ခရမ်းပြာရောင်ဗျ။ ကျုပ်ဖြင့် ဒီလိုစက်မျိုး တစ်ခါမှကို မတွေ့ဖူးပါဘူးဗျာ။
ခရမ်းပြာစက်တွေက လက်ဝါးနှစ်ခုကြားမှာ အလုံးလေးလည်နေတာဗျ။ စက်အလုံးလေးက တဖြည်းဖြည်းနဲ့ တင်းနစ်ဘောလုံးလောက် ဖြစ်လာတယ်။
ဒီမှာတင်ကဝေကြီးဥက္ကာက သူ့စက်ကို လက်ဝါးနှစ်ဖက်ယှက်ပြီး ဆောင့်တွန်းလိုက်တယ်။ ခရမ်းပြာစက်အလုံးလေးက လေးခွနဲ့ ပစ်လိုက်တဲ့ လောက်စာလုံးလို အရှိန်နဲ့ ပြေးထွက်သွားတာဗျ။
“ဝုန်း” ဆိုတာက စက်အလုံးလေးက ဘန့်ဘွေးပင်ကြီးကိုထိပြီး မြည်သွားတဲ့အသံဗျ။ “ဟာ’ ဆိုတာက အံ့သြလွန်းလို့ ကျုပ်ပါးစပ်က ထွက်သွားတဲ့ အသံဗျို့။
“ဂျွတ်” “ဂျွတ်”
ဘန့်ဘွေးပင်ကြီး နှစ်ပိုင်းပြတ်ထွက်သွားတာဗျို့။ ကျုပ်ဆရာကြီး တော့ သွားပါပြီဗျာ။ ဆရာကြီးက မကြောက်ရဘူးလို့ မှားထားတဲ့ကြားကပ် ကျုပ်မှာ ကြက်သီးတွေ ဖျန်းခနဲ ဖျန်းခနဲထပြီး ကြောက်သွားလိုက်တာဗျာ။ “ဟား ဟား ဟား ဟား၊ သွားရှာပါပေါ့လား ဒိဗ္ဗရယ်၊ မင်းက မိုက်လုံးသိပ်ကြီးတာကိုး၊ အနှစ်လေးရာက သွေးကြွေးတောင်းဖို့ လာသတဲ့။
ဟား ဟား ဟား ဟား၊ ကျလည်းကျတဲ့ လူပဲကွာ”
ဘန့်ဘွေးပင်ကြီးက အမြစ်ကနေပြီး ကျွတ်လဲသွားတာဗျ။ နှစ်ပိုင်း လည်း ကျိုးသွားတယ်။ တစ်ပင်လုံးလည်း မိုးကြိုးပစ်သလို မဲသွားတာဗျို့။
“အဲဒါ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ ဥက္ကာတစ်ယောက်တည်း ထုတ် တတ်တဲ့ ကဝေမိုးကြိုးစက်လို့ ခေါ်တယ်ကွ ဒိဗ္ဗရဲ့”
တောင်ရှည်ပုဆိုးကြီးကို ခါးတောင်းကြိုက်ထားတဲ့ ကဝေကြီးက အားရပါးရကို ကြုံးဝါးပြောဆိုနေတာဗျို့။
“ဟေ့ ဥက္ကာ၊ မင်းရဲ့ မိုးကြိုးစက်ကိုတော့ ငါကြိုက်သွားပြီကွ၊ ဘာဖြစ်လို့တုံးဆိုတော့ သစ်ပင်တွေကို မီးသွေးဖုတ်ရောင်းလို့ ရတာပေါ့ကွာ၊
ဟား ဟား ဟား
ကျုပ်ဆရာကြီး မသေဘူးဗျ။ ကျုပ်ဖြင့် ဝမ်းသာလိုက်တာ ဗျာ။ တလားကြီးနားမှာ မတ်တတ်ကြီးရပ်ပြီး ကြည့်နေရှာတဲ့ အစ်မ မဖဲဝါလည်း ကျုပ်လိုပဲ ဝမ်းသာသွားတဲ့ပုံပဲဗျ။ ဆရာကြီး ဘိုးလူပေက ဘန့်ဘွေးပင်နဲ့ သုံးလံ လေးလံလောက်မှာ မတ်တတ်ရပ်နေတာဗျ။ သူ့ဆေး လွယ်အိတ်ကလေးကို စလွယ်သိုင်းလျက်ပဲဗျ။
“ဟေ မင်း မသေသေးဘူးလား၊ မင်းက တော်တော်ကို အသက် ပြင်းတဲ့ကောင်ပဲ ဒိဗ္ဗရဲ့ ”
“ဥက္ကာ ဒီတစ်ခါ သေရမှာက ငါမဟုတ်ဘူးလေ၊ မင်းသေရမှာ ဥက္ကာရဲ့၊ အနှစ်လေးရာကျော်အောင် နေပြီးမှ တော်ရောပေါ့ကွာ။ မင်းအဖို့ရာ မှာ အသက်တစ်နှစ် ပိုရှည်လေ အကုသိုလ် တစ်နှစ်စာလောက် တက်လာ လေပေါ့ကွာ”
“ဟား ဟား ဟား၊ ဒိဗ္ဗရေ ဥက္ကာဆိုတဲ့ ငါက ကမ္ဘာချီအောင် နေမယ့်ကောင်ကွ၊ အဲဒါကို မင်းမြဲမြဲမှတ်ထား၊ မင်းမပြောနဲ့ မင်းလို အကောင် ဆယ်ကောင်ပေါင်းပြီးသတ်တာတောင် ငါမသေဘူးကွ၊
‘ဟား ဟား ဟား ဟား”
ကဝေကြီးဥက္ကာက ပြောပြောဆိုဆိုနဲ့ပဲ ဘီလူးကြီးတစ်ကောင်လိုခုန်ပေါက်နေလိုက်သေးသဗျ။ ပြီးတော့မှ… “ဘုန်း”
မြေကြီးကို ဖနောင့်နဲ့ ပေါက်ချလိုက်ရောဗျို့။
ဟာ…..။.
ကဝေကြီး ဖနောင့်နဲ့ ပေါက်လိုက်တာနဲ့ မြေကြီးတွေဟာ လှုပ်လာ ပြီး အတန်းကြီးတစ်ခု ဘိုးလူပေဆီကို ရွေ့သွားတာဗျို့။ မြေကြီးထဲမှာ နဂါးကြီးတစ်ကောင် ရွေ့သွားသလိုမျိုး မြေကြီးတွေပွပြီး ဆရာကြီးဆီကို တန်းတန်းကြီး သွားနေတာဗျို့။
ဘိုးလူပေကတော့ ဘာမှပြန်မလုပ်ဘဲ လက်ကြီးပိုက်ပြီး ကြည့်နေတော့တာပဲဗျာ။
ရွေ့သွားတဲ့ မြွေလိုအတန်းကြီးက ဘိုးလူပေရဲ့ အောက်တည့်တည့်ရောက်တာနဲ့ . . .
“ဝုန်း”
ဆိုတဲ့ အသံကြီးတစ်သံ မြည်သွားတယ်။
“ဟာ
မြေကြီးမှာ တွင်းကြီးတစ်တွင်း ပေါ်လာပြီး ဘိုးလူပေကို ချက်ချင်း ဆွဲချသွားရောဗျို့။
သွားပြီဗျာ၊ သွားပြီ။ ဒီတစ်ခါတော့ ကျုပ်ဆရာကြီး ဘိုးလူပေ တကယ်ကို သွားပြီဗျို့။ ကျုပ်မျက်လုံးထဲမှာ မျက်ရည်တွေ ချက်ချင်းဝဲလာ တယ်။ မဖဲဝါကို ကျုပ်လှမ်းကြည့်တော့ မဖဲဝါကလည်း မျက်လုံးနီနီကြီး တွေနဲ့ ကျုပ်ကို လှမ်းကြည့်နေတယ်ဗျ။
“သွားပေတော့ ဒိဗ္ဗရေ၊ သွားပေတော့ဟေ့၊ ဘရှီရေ မင်းသားကို ငါ မလုပ်ချင်ပေမဲ့ လုပ်လိုက်ရပြီကွာ၊ ငါ့ကို ခွင့်လွှတ်ပါ တပည့်ကြီးရယ်” ကျုပ်ရင်ထဲမှာ တော်တော်ကို နာကျင်ပြီး ခံစားနေရတယ်ဗျာ။ ကဝေကြီးဥက္ကာကို ကျုပ်အိတ်ထဲက ဗားမဲ့အင်းနဲ့ ဝင်ပစ်လိုက်ရင် ကောင်း မလားလို့ ကျုပ်တွေးနေတုန်းမှာပဲ..
“ဝုန်း”
ဟာ မီးတောက်ကြီးဗျာ၊ မြေကြီးထဲကနေ ပွင့်ထွက်လာတာဗျ။
ဟာ ဆရာကြီး ဆရာကြီး ဆရာကြီး ဘိုးလူပေ။ မီးတောက်ကြီးထဲမှာ ဆရာကြီး ပါလာတာဗျို့။ ဟော ထွက်လာပြီ။ မီးတောက်ထဲကကို အေး အေးဆေးဆေး ထွက်လာတာဗျာ။ ဟော ကဝေကြီး နောက်ဆုတ် နောက် ဆုတ်နဲ့ ပြေးပြီဗျို့။ ခြေလှမ်းနှစ်ဆယ်လောက်ကို ပြေးသွားတာဗျ။ ခဏနေ တော့မှ ဘိုးလူပေက လက်နဲ့ရမ်းလိုက်တာ မီးတောက်ကြီး ငြိမ်းသွားရောဗျို့။
“ဟား ဟား ဟား ဟား၊
ဥက္ကာရဲ့ မင်းကွာ ဒီလောက်တောင် ပြေးရသလားကွ၊ မင်း ဒီမီးတောက်ရဲ့ အပူရှိန်ကို မခံနိုင်ဘူးလား၊ အေး မင်းမှတ်ထား ဥက္ကာ၊ မင်း အဝီစိရောက်ရင် အဝီစိငရဲက အပူရှိန်က ဒီမီးတောက်ကြီးရဲ့ အပူရှိန်ထက် အဆတစ်ထောင်မက ပိုပြီးပူလိမ့်မယ်” ကဝေကြီးဥက္ကာ မျက်နှာတော်တော်ပျက်သွားတယ်ဗျ။ ပြီးတော့ ရှက်လည်း ရှက်သွားပုံပဲဗျို့။ ဘိုးလူပေကို ကဝေကြီးက စူးစူးဝါးဝါးကို ကြည့်နေတာဗျ။
ခဏနေတော့ သူ့ခြေထောက်နှစ်ချောင်းကို ပူးပြီးရပ်လိုက်တယ်။ ပါးစပ်က မန္တန်တွေရွတ်ရင်း ခေါင်းက မိုးပေါ်ကို မော့ထားတယ်ဗျ။
““ဟာ”
ကဝေကြီးက ငှက်တစ်ကောင် ဖြစ်သွားပြီဗျို့။ ငှက်ကြီးက နည်း တဲ့ငှက်ကြီး မဟုတ်ဘူးဗျ။ လူတစ်ရပ်လောက်မြင့်တဲ့ ငှက်ကြီးဗျ။ နှုတ်သီး ကြီးကလည်း အရှည်ကြီးနဲ့ ချွန်ထက်နေတာဗျ။ မျက်လုံးတွေကလည်း နီရဲပြီး အရောင်ကို တောက်နေတာဗျို့။ ခြေထောက်နှစ်ချောင်းကလည်း လူကြီးတစ်ယောက်ရဲ့ လက်ကောက်ဝတ်လောက် ရှိတယ်။ ခြေသည်းကြီး တွေမှ ငါးလက်မလောက်ကို ရှည်မယ်ဗျာ။
ဟော ကြီးလာပြီဗျို့။ ပိုကြီးလာတာဗျ။ ကဝေကြီးက မန္တန်တွေမြင့်သွားပြီဗျို့။ ဟော
ဆက်ရွက်နေပုံပဲဗျ။ ဟော လူနှစ်ရပ်လောက်တောင် ပျံပြီ၊ ပျံပြီ။ လေထဲကို ထိုးတက်ပြီး ပျံသွားပြီဗျာ။ ဝဲနေပြီဗျို့။ လေထဲမှာ ဝဲနေပြီ။ ဟော ဘိုးလူပေကို ခြေသည်းအရှည်ကြီးတွေနဲ့ လိုက်သုတ်တော့ တာပဲဗျာ။ ဘိုးလူပေလည်း ယာပြင်ထဲမှာပတ်ပြီး ပြေးနေရတော့တာပေါ့
ဗျာ။
ငှက်ကြီးက လိုက်သုတ်၊ ဘိုးလူပေက ရှောင်ပေးနဲ့ တော်တော်ကို ကြာသွားတာဗျ။ ငှက်ကြီးက ဝဲရင်း ဝဲရင်းနဲ့ အမြင့်ကို တက်သွားတယ်။ ဘိုးလူပေကလည်း သူ့ရဲ့ဆေးလွယ်အိတ်ထဲကနေ လေးသေးသေးလေးနဲ့ မြားသေးသေးလေးကို ထုတ်လိုက်တယ်။ ဒီလိုလေးသေးသေးလေးကို အရင်တုန်းကတည်းက ကျုပ်မြင်ဖူးတယ်ဗျ။ ဆရာကြီး ဒေါက်တာမင်း အောင်နဲ့ လိုက်တုန်းကလေဗျာ။ လင်းတပုံပြောင်းသွားတဲ့ ကဝေမကြီးကို ဒေါက်တာမင်းအောင် ပစ်တာလေ။
(ကဝေဆယ့်နှစ်ကြိုးစာအုပ်ထဲမှာ ပြန် ဖတ်ကြည့်ဗျာ)
ဟော လာပြီဗျို့။ ငှက်ကြီးက ဘိုးလူပေကို ပွဲသိမ်းတိုက်ဖို့ တစ်ရှိန် ထိုးကို ဆင်းလာပြီဗျို့။ ဆရာကြီး ဘိုးလူပေက လေးနဲ့မြားကို အဆင်သင့် ပြင်ပြီး စောင့်နေပြီဗျ။ နီးလာပြီ။ နီးလာပြီ။ ရောက်ပြီ။ လေးတစ်ပစ်တော့ ရောက်လာပြီဗျို့။ ပစ်ပြီ၊ ပစ်ပြီဗျို့။ ဘိုးလူပေ လေးနဲ့ပစ်လိုက်ပြီ။ လက်ခနဲ ဖြစ်သွားပြီး မြားကလေး ထွက်သွားတာဗျ။ ထိပြီဗျာ၊ ထိပြီ။ ငှက်ကြီးရဲ့ ရင်အုံတည့်တည့်ကို ထိသွားတာဗျို့။ ဟာ ထိုးကျသွားပြီဗျို့။ ထိုးကျသွားပြီ။
“ဘုန်း”
မြေကြီးပေါ်ကို ငှက်ကြီး ပြုတ်ကျသွားတာဗျ။
“ဖျန်း” “ဖျန်း ဖျန်း
ငှက်ကြီးက သဲထဲမှာလူးပြီး အတောင်ပံတွေ ခတ်နေတယ်ဗျ။ ဟာ ကဝေကြီး ပြန်ဖြစ်သွားပြီဗျို့။ ငှက်ကြီးပုံစံ ပျောက်သွားပြီး မြေကြီး ပေါ်ကနေ ထလာတာ ကဝေကြီးဥက္ကာဗျာ။
ဘိုးလူပေကို စိုက်ကြည့်နေတယ်ဗျ။ ဘိုးလူပေကလည်း သူ့လေး ကလေးကို လွယ်အိတ်ထဲ ပြန်ထည့်လိုက်ပြီး ကဝေကြီးကို ကြည့်နေတယ်ဗျ။
“ဒိဗ္ဗရေ ငါ ဘာကောင်လဲဆိုတာ ဒီညတော့ မင်းကောင်းကောင်း သိရတော့မှာပေါ့ကွာ”
လို့ ကဝေကြီးကပြောရင်း သူ့လက်တစ်ဖက်နှင့် လေထဲမှာ စက် ဝိုင်းဝိုင်းသလို ဝိုင်းလိုက်တယ်ဗျ။ “ဝုန်း”
ဟာ မီးကွင်းအဝိုင်းကြီးပျို့။ အရွယ်က စကောတစ်ချပ်လောက်ရှိမယ်။
““ဒိဗ္ဗ ဒါ ကဝေမီးကွင်းလို့ ခေါ်တယ်၊ မင်းငြိမ်းနိုင်ရင် ငြိမ်းပေါ့ ကွာ၊ ရော ဟေ့၊ လာပြီ ဒိဗ္ဗရေ”
ကဝေကြီးက လက်နဲ့တွန်းသလို လုပ်လိုက်တာ မီးကွင်းကြီးက လေထဲမှာ ပျံထွက်လာပြီး ဘိုးလူပေရဲ့ ခေါင်းအပေါ် သုံးလံလောက်မှာ ဝဲနေရောဗျ။ ကျုပ်စိတ်ထင် ပြောရရင်တော့ ကဝေမီးကွင်းကြီးကဘိုးလူပေ ကို တည့်တည့်စွတ်ချဖို့ ချိန်နေပုံရတယ်ဗျ။
ဘိုးလူပေကလည်း သူ့လက်ဝါးနှစ်ဖက်ကိုပွတ်ပြီး စက်တစ်ခု ထုတ် ဖို့ လုပ်နေတယ်ဗျ။ ဟော လာပြီဗျို့၊ လာပြီ၊ လာပြီ။ မီးကွင်းကြီးက ဘိုးလူပေရဲ့ ခေါင်းပေါ်တည့်တည့်ကိုစွပ်ဖို့ ဆင်းလာတာပေါ့ဗျာ။ မီးကွင်း ကြီး နီးလာတော့ ဘိုးလူပေက သူ့လက်ဝါးထဲက စက်နဲ့ပစ်လိုက်တာ။
“ဝုန်း”
ဟာ ရေလုံးကြီးဗျာ၊ ရေလုံးကြီး ထိုးတက်သွားပြီး မီးကွင်းကြီး ငြိမ်းသွားရောဗျို့။
“ဟား ဟား ဟား ဟား အဲဒါ ပထမံရေစင်စက်လို့ ခေါ်တယ် ဥက္ကာ၊ မင်းမြင်ဖူးသွားတာပေါ့လေ”
**ဒိဗ္ဗ မင်းက ဒီဘဝရောက်မှ ပညာတွေ တော်တော်ကိုထက်လာ တာပဲကိုး၊ ဒါပေမဲ့ မင်း ငါ့ကိုတော့ မနိုင်နိုင်ပါဘူး ဒိဗ္ဗရာ၊
”ဟား ဟား ဟား ဟား”
ကဝေကြီးက တဟားဟားနဲ့ ရယ်တုန်းဗျ။
လုပ်ပြန်ပြီဗျို့။ ပါးစပ်ရှေ့မှာ လက်ကာပြီး မန္တန်တွေ ရွတ်နေပြန်ပြီဗျို့။ ကဝေကြီးဥက္ကာရဲ့ ပညာတွေကလည်း မကုန်နိုင်အောင် ပါပဲဗျာ။
ဟော ပါးစပ်ရှေ့မှာ ကာထားတဲ့လက်ကို ဆုပ်လိုက်ပြီး မြေကြီး ပေါ်ကို ပစ်ပေါက်သလို လုပ်လိုက်ပြီဗျို့။
““အုန်း” ““အုန်း”
ဟာ ဘာကောင်ကြီးတွေတုံး၊ လေထဲကနေ အုန်းကနဲမြည်ပြီး ပေါ်လာတာ နှစ်ကောင်တောင်ဗျ။ လူသုံးကိုယ်စာလောက် ရှိမယ်ဗျ။ အရပ်ကလည်း ဆယ့်ငါးပေလောက် မြင့်တယ်ဗျို့။ မျက်လုံးကြီးတွေက ဟင်းသောက်ပန်းကန်အရွယ်လောက်ရှိပြီး နီရဲပြူးထက်နေတာဗျ။ လက်ထဲ မှာလည်း တင်းပုတ်တစ်ချောင်းစီ ကိုင်လို့ဗျို့။
ကျုပ်ချက်ချင်းတွေးမိသွားတယ်။ ဒီကောင်ကြီး နှစ်ကောင်က ဇော်ဂနီကြီးတွေ ဖြစ်မယ်ဗျ။ ဟော ဘိုးလူပေကို လိုက်ကြပြီဗျို့။ ဘိုးလူပေ ကလည်း လှည့်ပတ်ပြေးနေတာဗျ။
“ဒုန်း” “ဒုန်း”
ဟာ လက်ထဲက တင်းပုတ်ကြီးတွေနဲ့ ထုပြီဗျို့။
““ဒုန်း” ““ဒုန်း”
ဟာ ထုပြန်ပြီဗျာ။ ဘိုးလူပေကလည်း လှစ်ခနဲ လှစ်ခနဲနေအောင် ရှောင်ပေးနေတာဗျ။
ဇော်ဂနီကြီးတွေကလိုက်၊ ဘိုးလူပေကပြေးနဲ့ တော်တော်ကို ကြာ သွားတာဗျ။ ဒီတော့မှ ဘိုးလူပေက လွယ်အိတ်ထဲက အင်းတွေထုတ်ပြီး ပစ်တော့တာဗျို့။ “ဝုန်း
ဟာ သွားပြီဗျို့။ ဇော်ဂနီတစ်ကောင်တော့ “ဝုန်းခနဲမြည်ပြီး ပျောက်သွားပြီဗျ။ ဟော ဘိုးလူပေ ပစ်ဦးမယ်ဗျို့။ ပစ်ပြီ၊ ပစ်ပြီး ပစ်လိုက်ပြီ
“ဝုန်း”
ဟော နောက်တစ်ကောင်လည်း ပျောက်သွားပြန်ပြီဗျာ။ “ဟား ဟား ဟား ဟား ဥက္ကာရေ၊ မင်းဇော်ဂနီကြီးနှစ်ကောင် တော့ ငါ့အင်းဒဏ် မခံနိုင်လို့ ပြန်ပြေးကြပြီဟေ့၊ ကဲ မင်းမှာ ဘာကောင် တွေ ကျန်သေးတုံး၊ ကျန်သေးရင် ခေါ်လိုက်လေကွာ”
“ဒိဗ္ဗ မင်း လေကျယ်မနေနဲ့၊ မင်းက တောက်လျှောက်ထွက်ပြေး နေတဲ့ ကောင်လေကွာ၊ မင်းက ငါ့ကို ရင်ဆိုင်ရဲတာမှ မဟုတ်တာ၊
ဟား ဟား ဟား ဟား
“ဥက္ကာ ငါက အကြောင်းမဲ့လုပ်နေတာ မဟုတ်ဘူးကွ၊ မင်းရဲ့ စက်တွေ အားနည်းလာအောင် လုပ်နေတာကွ၊ ကဲ မင်းက သိပ်ကိုရင်ဆိုင် ချင်နေရင်လည်း ရင်ဆိုင်လိုက်ကြတာပေါ့ကွာ”
ဘိုးလူပေက ပြောရင်းနဲ့ ရှေ့ကို တိုးလာတယ်။ ကဝေကြီးဥက္ကာက လည်း ရှေ့ကိုတိုးလာတယ်။ တွေ့ကြပြီပေါ့ဗျာ။ အလင်းနဲ့အမှောင်၊ အထက် နဲ့အောက် ပညာသည်ကြီးနှစ်ယောက်ရဲ့ ရင်ဆိုင်တိုက်ပွဲကြီးဗျ။ တစ်ယောက်နဲ့တစ်ယောက် လက်တစ်ကမ်းအကွာမှာ နှစ်ယောက် စလုံး ရပ်လိုက်ကြတယ်။ မျက်နှာချင်းဆိုင် ရပ်လိုက်ပြီးတာနဲ့ စက်တွေ စထုတ်ကြတော့တာပေါ့ဗျာ။
ဟော လှုပ်ပြီဗျို့။ မဖဲဝါ ငြိမ်နေရာကနေပြီး လှုပ်လာပြီဗျို့။ တိုက်ပွဲနဲ့ အနီးဆုံးနေရာအထိ မဖဲဝါ ရွှေ့လိုက်တယ်။ ကျုပ်လည်း မဖဲဝါ လိုပဲပေါ့ဗျာ။ တိုက်ပွဲနဲ့ အနီးဆုံးနေရာအထိ ရွှေ့လိုက်တယ်။ ကျုပ်အင်္ကျီ အိတ်ကပ်ထဲက အင်းချပ်ကိုလည်း ကျုပ်စမ်းကြည့်လိုက်တယ်။
လက်ထဲမှာ ကိုင်ထားတဲ့ ဗားမဲ့ဆရာတော်ရဲ့ ဂဠုန်တောင်ဝှေးကိုလည်း ဆကြည့်လိုက် တယ်။ စိတ်ထဲမှာလည်း ကျုပ်အိပ်မက်ထဲမှာ တွေ့ခဲ့ရတဲ့ ကျုပ်ရဲ့ဆရာတော် ဖြစ်ခဲ့ဖူးတဲ့ ဗားမဲ့ဆရာတော်ကို အာရုံပြုပြီး ကန်တော့လိုက်တယ်။ ပြီးတော့ ကျုပ်သစ္စာဆိုတယ်။
“ကျွန်ုပ်တာတေသည် ဖြူစင်သောစိတ်ထားဖြင့် အထက်လမ်း ဆရာကြီးများကို လိုက်ပါ ကူညီခဲ့သူ ဖြစ်ပါတယ်။ ဒီသစ္စာ မှန်ကန်ပါက အောက်လမ်းပညာသည် ကဝေကြီးဥက္ကာကို နိုင်တဲ့သူ ဖြစ်ပါစေ”
ကဝေကြီးက စက်အစိမ်းရောင်ရော အနီရောင်ရော ခရမ်းပြာ ရောင်ရော အစုံထုတ်ပြီး စက်တစ်ခုတည်းဖြစ်အောင် ပေါင်းလိုက်တယ်ဗျ။ ဘိုးလူပေကတော့ အဖြူရောင်တောက်နေတဲ့ စက်ကိုထုတ်ပြီး တွန်းနေကြပြီဗျို့။ ကဝေကြီးကလည်း သူ့ပညာအကုန်ထုတ်ပြီး သူ့စက်တွေ ကို လွှတ်နေတာကို ကျုပ်သိတယ်ဗျ။ ဘိုးလူပေကလည်း ပညာကုန်ထုတ် ပြီး ကာထားတာပေါ့ဗျာ။
ကျုပ်ကတော့ ကဝေကြီးနဲ့ နီးသထက်နီးအောင် နေရာရွှေ့ထားရ တာပေါ့လေ။ ကဝေကြီးကတော့ သူ့စက်တွေကလွဲရင် ဒီအချိန်မှာ ဘာကိုမှ မမြင်တော့ဘူးပေါ့ဗျာ။ ပညာက ညီနေတော့ ဘိုးလူပေရဲ့ အဖြူရောင် ကာစက်ကို ကဝေကြီးရဲ့ စက်တွေက မဖောက်နိုင်ဘူးပေါ့ဗျာ။ တဖြည်း ဖြည်း အချိန်ကြာလာတာနဲ့အမျှ ကဝေကြီးရဲ့စက်တွေ အားနည်းနည်းပျော့ လာပြီဗျ။
အရောင်လေး နည်းနည်းမှိန်လာတယ်။ ဘိုးလူပေရဲ့စက်တွေက တော့ နည်းနည်းမှကို မမှိန်ဘူး။ အဖြူရောင်မှ လင်းပြီးတောက်နေတာဗျ။ ဒါကို ကဝေကြီးဥက္ကာလည်း သိသွားပုံပဲဗျ။ စောစောက သူ့အားတွေ အများကြီးသုံးပြီးသွားပြီလေဗျာ။ ဘိုးလူပေရဲ့ ပရိယာယ်မှာ ကဝေကြီး ခံသွားရတာပေါ့ဗျာ။ ဟော ထွက်လာပြီဗျို့။
ထွက်လာပြီ။ ကျုပ်စောင့်နေတဲ့ စက်နက်တန်းဗျို့။ ဥက္ကာကြီးရဲ့ နောက်ဆုံးလက်နက်ပေါ့ဗျာ။ ကဝေစက်နက် တဲ့ဗျာ။ ကဝေတစ်သောင်းမှာ တစ်ယောက် မထုတ်နိုင်တဲ့ စက်တဲ့ဗျို့။ ဟော ထွက်လာပြီ၊ ရှေ့ကို ထွက်လာပြီ။ ဘိုးလူပေအနားကို ရောက်ဖို့ နှစ်ပေလောက်ပဲ လိုတော့တာဗျ။
ပြေးပြီ၊ ကျုပ်ပြေးပြီဗျို့။ ကဲကွာ၊ ကဲကွာ၊ ကဲကွာ ရိုက်ပြီဗျာ။ ဗားမဲ့ဆရာတော်ရဲ့ တောင်ဝှေးနဲ့ သုံးချက်တိတိ ကျုပ်လွှဲရိုက်ချလိုက်တယ်။
“အုန်း
အသံကြီးဗျာ မြည်သွားလိုက်တာ မြေကြီးတောင် တုန်သွားတယ် ဗျို့။ ဟာ မီးခိုးလုံးကြီးဗျာ၊ ကဝေကြီးဥက္ကာကို မမြင်ရတော့ဘူးဗျ။ ကျုပ်က အိတ်ကပ်ထဲက အင်းချပ်ကို အဆင်သင့်ထုတ်ပြီး ကိုင်ထားလိုက်တယ်။ တောင်ဝှေးကို ဘယ်လက်မှာ ပြောင်းပြီးကိုင်ရတာပေါ့ဗျာ။ ပါးစပ်ကလည်း အင်းနှိုးမန္တန်ကို မပြတ်ရွတ်နေရတာဗျ။
မီးခိုးတွေ တဖြည်းဖြည်း ပျယ်သွားတော့မှ တွေ့ရတာဗျို့။ ကဝေကြီးဥက္ကာ မြေကြီးပေါ်မှာ ဒူးထောက်လျက်ကြီး ထိုင်လို့ဗျ။ ခေါင်းကြီးက လည်း ငိုက်စိုက်ကြီးချလို့ဗျာ။ ခေါင်းမှာ ပေါင်ထားတဲ့ ပုဝါလည်း မြေကြီး ပေါ်မှာ ပြုတ်ကျလို့ဗျ။ သျှောင်ထုံးကြီးတောင် ပြေကျနေတယ်ဗျာ။ ကျုပ်ကြည့်နေတုန်းမှာပဲ လွှားခနဲခုန်ဝင်လာတာက အစ်မ မဖဲဝါဗျ။
“ဘုန်း” “ဘုန်း “ဘုန်း” ““ဘုန်း”
ရိုက်ပြီဗျို့။ မဖဲဝါက သူ့ရဲ့ သံမဏိလက်ဝါးကြီးနဲ့ ဆက်တိုက်ကိုရိုက်တော့တာဗျာ။
“ဝေါ့”
ဟာ အန်ပြီဗျို့၊ ကဝေကြီး သွေးတွေထိုးအန်ချလိုက်ပြီ။ ကျုပ်အစ်မ မဖဲဝါကတော့ နှစ်ပေါင်းလေးရာက သူ့ရဲ့သွေးကြွေးကို တောင်းလိုက်ပြီပေါ့ဗျာ။
““မောင်တာတေ၊ အင်းပစ်တော့”
ကျုပ်က အင်းနှိုးဂါထာ အဆင်သင့် ရွတ်ထားပြီးသားဆိုတော့ ရှေ့ကို တစ်လှမ်းပြေးတက်လိုက်ပြီး ကဝေကြီးရဲ့ တည့်တည့်ကို ဗားမဲ့ ဆရာတော်ရဲ့ ကဝေသက်ဖြတ်အင်း ပစ်သွင်းလိုက်တယ်။
“အုန်း
“အုန်း”ဆိုတဲ့ အသံကြီး မြည်သွားပြီး အခိုးဖြူဖြူတွေ အလုံးလိုက် ထွက်သွားတာဗျို့။ ဘာကိုမှ ကျုပ်မမြင်ရတော့ဘူးဗျ။
ခဏနေတော့မှ အခိုးအလျှံတွေ တဖြည်းဖြည်းပျယ်သွားတယ်။ ကျုပ်က ကပျာကယာ ကြည့်လိုက်မိတယ်။ သက်တော်လေးရာကျော် ရှိပြီဆိုတဲ့ ကဝေတို့ရဲ့ထွဋ်ခေါင် ကဝေအချုပ် ဆရာအုပ်ကြီးတော့ ဆန့်ဆန့် ကြီး ဇီဝိန်ချုပ်နေပါရောလားဗျာ။ ကျုပ်က ကဝေကြီးနဲ့ တစ်လံလောက်မှာ ကျနေတဲ့ ဗားမဲ့ဆရာတော်ရဲ့ ကဝေသက်ဖြတ်အင်းကို ပြေးကောက်လိုက်တယ်။ ဒီအင်းက ကမ္ဘာတည်သရွေ့ တည်နေမယ့်အင်းဆိုတာကို ကျုပ် သိတယ်လေဗျာ။
“မောင်တာတေ ဝေးဝေးဆုတ်တော့”
ကျုပ်ကို ဘိုးလူပေက လှမ်းအော်ပြောတာဗျ။ ကျုပ်လည်း သတိ ဝင်သွားပြီး နောက်ကိုလှည့်ပြီး ပြေးရတာပေါ့ဗျာ။ ခပ်လှမ်းလှမ်းရောက်မှ ရပ်ပြီးလှည့်ကြည့်လိုက်တယ်။
မဖဲဝါကလည်း သူ့ခေါင်းတလားကို လှစ်ခနဲ ရွှေ့သွားတယ်။
“ဝုန်း”
ဟာ ထတောက်ပြီဗျို့။ ငရဲမီးတောက်ကြီး ထတောက်ပြီ။ နည်းတဲ့ မီးတောက်ကြီးလားဗျာ။ လူနှစ်ရပ်လောက်ကို ရှိတာဗျ။ သွားပြီဗျို့။ ကဝေ ကြီးဥက္ကာကို ငရဲမီးတောက်ကြီးက ဆွဲချသွားပြီဗျို့။ မီးတောက်ကြီးနဲ့အတူ တူ ကဝေကြီးရဲ့ ခန္ဓာကိုယ်ကြီး မြေကြီးထဲကို ပါသွားရောဗျာ။
အစ်မ မဖဲဝါက သူ့ရဲ့ ခေါင်းတလားဘေးမှာထိုင်ပြီး ဆရာကြီး ဘိုးလူပေကို ကန်တာ့တယ်ဗျ။
“ကျုပ်တပည့်မ ဒီဘဝဆိုးကြီးကနေ အမြန်ဆုံး ကျွတ်ပါ လွတ်ပါစေဗျာ’
မဖဲဝါက ဆရာကြီးကို ခေါင်းညိတ်ပြတယ်။ ပြီးတာနဲ့ သူ့ခေါင်း တလားကြီးကို ခေါင်းပေါ်မှာရွက်ပြီး ထွက်သွားတယ်ဗျ။ ခြေလှမ်းသုံးလေး လှမ်း လှမ်းပြီးတာနဲ့ မဖဲဝါ ဖြုတ်ကနဲ ပျောက်သွားတာပေါ့ဗျာ။
ကျုပ်က ဘိုးလူပေကို ဘန့်ဘွေးကုန်းက ဘိုးစံမောင်အိမ်အထိ လိုက်ပို့တယ်။ ကိုကြီးစံအေးရော ဘိုးစံမောင်ရော မအိပ်ကြဘဲ ကျုပ်တို့ကို စောင့်နေကြတာဗျို့။ ကျုပ်က ဗားမဲ့တောင်ဝှေးနဲ့ အင်းကို ဘိုးလူပေဆီကို အပြီးအပ်လိုက်တယ်။ကတ္တီပါအိတ်အနီကလေးနဲ့ အင်းနှိုးဂါထာပါတဲ့ ကြေးပေလွှာက ညနေကတည်းက ဘိုးလူပေကို အပ်ခဲ့ပြီးသားလေဗျာ။ ဒီပစ္စည်းတွေက ကိစ္စပြီးတာနဲ့ ဘိုးလူပေကို အပ်လိုက်ရမှာဗျ။
ခဏနေတော့ ဘန့်ဘွေးကုန်း ဘုန်းကြီးကျောင်းတွေက တုံးမောင်း ခေါက်သံတွေ ကြားရတော့တာပဲဗျ။
“အတော်ပဲ တာတေရေ၊ အရီးရဲ့ ကောက်ညှင်းပေါင်းလည်း ကျက်ပြီဟေ့”
အရီးကျွေးတဲ့ ကောက်ညှင်းပေါင်းနဲ့ နှမ်းထောင်းကို ဗိုက်ဆာဆာနဲ့ အားရပါးရ စားလိုက်တော့တာပေါ့ဗျာ။ အဘနဲ့ အမေမှာတဲ့အတိုင်း ဘိုးလူပေကို ထမင်းစားဖိတ်ပြီး ကန်တော့လိုက်တယ်။ ပြီးတာနဲ့ ကျုပ် အိမ်ပြန်လာခဲ့တယ်။
ကျုပ်အိမ်ရောက်တော့ အဘနဲ့ အမေကလည်း ကျုပ်ကို စောင့်နေ ကြပြီပေါ့ဗျာ။ ကျုပ်လည်း ဒီတော့မှ အဘနဲ့ အမေကို အင်းဝက စခဲ့တဲ့ ဇာတ်လမ်းကို ပြောပြရတာပေါ့ဗျာ။
ခဏနေတော့ မိုးစင်စင်လင်းတော့တာပါပဲ။
ပြီးပါပြီခင်ဗျာ
ကျန်းမာချမ်းသာကြပါစေခင်ဗျာ။
မူရင်း – ဆရာတာတေ
Leave a Reply