ဖုတ်ကောင်တွေနေတဲ့အိမ်

မကြွယ်ကတော့ လက်နှစ်ဖက်မှာ ဆွဲခြင်းတောင်းတွေ၊ လက်ဆွဲအိတ်တွေ စုံအောင်ဆွဲလို့ဗျ။ ဘကြီးသုန်ကိုမြင်လိုက်တော့ ကျုပ်လည်းပျော်သွားတာပေါ့ဗျာ၊ ဒါနဲ့ သူ့လက်ထဲက စာအုပ်ထုပ်ကြီးကို ပြေးဆွဲလိုက်တယ်လေ။

“ဘကြီးသုန်တို့ပါလား၊ လာပါ ခြံထဲဝင်ခဲ့လေဗျာ၊ ခြံတံခါးဖွင့်ထားရဲ့သားနဲ့”

အဖေက အိမ်ထဲကနေ လှမ်းအော်တယ်ဗျ၊ ဒါနဲ့ဘကြီးသုန်တို့ ခြံထဲကိုဝင်ခဲ့ကြတယ်ပေါ့ဗျာ။

“တယ်၊ ဒီကောင်လေးက စာပေရူးလို့မပြောရဘူး၊ နင့်ဘကြီးဆီက စာအုပ်ပြေးသယ်တာပဲ၊ ငါ့မှာအထုပ်အပိုးတွေနဲ့ ငါ့ကိုကူသယ်ပါအုံးအေ”

မငယ်တို့က အိမ်ရှေ့ကွပ်ပျစ်မှာထိုင်လိုက်ကြတယ်။ ကျုပ်ကတော့ ဘကြီးသုန်ရဲ့စာအုပ်ထုပ်ကြီးကို ဖြေတော့တာပဲပေါ့ဗျာ၊

“ဒါက သော်တာဆွေ၊ ဒါကတော့ ရွှေဥဒေါင်း”

စာအုပ်တွေရတော့ ကျုပ်လည်းပျော်တာပေါ့ဗျာ၊ နောက်တော့ အမေတို့အဖေတို့ရောက်လာပြီး ဘကြီးသုန်ကိုနှုတ်ဆက်ကြတယ်၊ တစ်ခုထူးခြားတာက ဘကြီးသုန်ရဲ့လည်ပင်းက စောင်းနေပြီးတော့ လည်ကုတ်မှာလည်း အရိုးကြီးက ငေါထွက်နေတယ်ဗျာ။

“ဘကြီးကြည့်ရတာ နေလို့သိပ်မကောင်းသလိုပဲ၊ ဘာဖြစ်လို့လဲ”

“အေးကွာ၊ အသက်ကြီးပြီဆိုတော့လည်း အရိုးအကြောတွေဖောက်လာတာပေါ့”

“ဒါဖြင့်ရင် ကျုပ်တို့ရွာက ဆေးဆရာကြီးနဲ့ပြကြည့်ပါလား”

အဖေက ဝင်ပြောတယ်လေ၊ ဘကြီးသုန်က ခေါင်းခါလိုက်ပြီး

“နေပါစေကွာ၊ ဆေးဆရာတွေနဲ့လည်းမကုတော့ပါဘူးကွာ၊ ငါ့ရောဂါ ငါသိပါတယ်၊ ဘာမှမဖြစ်ပါဘူး”

အမေကလည်းမီးဖိုထဲကနေပြေးထွက်လာပြီး

“ဟယ်၊ မငယ်တို့များ ဝလာလိုက်တာ”

“ဟုတ်တယ် အရီးသန်းရေ အခုတလော စားလို့သောက်လို့ကောင်းချက်ပဲတော့”

မငယ်က ဘကြီးသုန်ရဲ့ သမီးအကြီးဆုံးဗျ၊ အသက်လေးဆယ်ကျော် ငါဆယ်နားကပ်နေပေမယ့် အပျိုကြီးလုပ်နေတာပေါ့ဗျာ၊ လူကတော့ ၀၀ဖိုင့်ဖိုင့််နဲ့ ဖင်ကောက်ကောက်ကြီးဗျ၊ သူ့ဖင်လုံးကြီးတွေက တစ်လုံးတစ်လုံးရေအိုးလုံးကြီးတွေ ကျနေတာပဲဗျာ၊ လမ်းလျှောက်ရင် တစ်လုံးကနိမ့်လိုက်၊ တစ်လုံးကမြင့်လိုက်နဲ့၊ ခင်ဗျားတို့မျက်လုံးထဲမြင်အောင်ပြောရရင် ရုပ်ရှင်ထဲက မင်းသမီးကြူကြူသင်းနဲ့တူတယ်ပေါ့ဗျာ။ ဘကြီးသုန်ရဲ့ သမီးအလတ်ကတော့ မရင်တဲ့ဗျာ၊ သူကတော့ ကိုပြုံးချိုလို့ခေါ်တဲ့ လူနဲ့အိမ်ထောင်ကျတယ်၊ ကိုပြုံးချိုက ဘကြီးသုန်ပိုင်တဲ့လယ်တွေကို ဦးစီးလုပ်ကိုင်နေတာပေါ့ဗျာ၊ အငယ်ဆုံးသမီးကတော့ မကြွယ်တဲ့ဗျ၊ ကျုပ်တို့ထက် သုံးလေးနှစ်လောက်တော့ ကြီးတာပေါ့၊ သူကတော့ အပျိုပါပဲ၊ အိမ်မှာ ရက်ကန်းထောင်ထားပြီး ရက်ကန်းတွေလုပ်တယ်ပေါ့ဗျာ။

“ဒါဆို ထုံးစံအတိုင်းဘကြီးက ဘုရားခန်းရှေ့အိပ်၊ မငယ်နဲ့ မကြွယ်က အောက်ထပ်မှာအိပ်ပေါ့”

ဘကြီးသုန်က ခေါင်းခါပြန်တယ်ဗျာ။

“ငါအပေါ်ထပ်မတက်ချင်ဘူးကွာ၊ ငါလည်းအောက်ထပ်မှာပဲနေမယ်၊ ငါ့ခြေထောက်တွေက သိပ်မကောင်းတော့ဘူးကွ”

ဒါနဲ့ ကျုပ်တို့လည်း အောက်ထပ်က ကျုပ်ညီမအခန်းကိုရှင်းပေးပြီးတော့ ဘကြီးသုန်နဲ့ မငယ်တို့ညီအမအတွက် နေရာပြင်ပေးလိုက်ရတာပေါ့ဗျာ၊ ဘကြီးသုန်ကြည့်ရတာ လမ်းလျှောက်ရင် အရင်လိုမသွက်တော့ဘူးဗျ၊ နှေးတုံ့ နှေးတုံ့နဲ့ဖြစ်နေတာပေါ့ဗျာ။ ညနေရောက်တော့ ရေမိုးချိုးခိုင်းတော့ ဘကြီးသုန်က ရေမချိုးချင်ဘူးတဲ့ဗျ၊ အင်းလေ အသက်ကြီးတော့လည်း ရေကိုရှောင်တာအကောင်းဆုံးမဟုတ်လား၊ ဒါနဲ့ ညစာစားတော့လည်း ဘကြီးသုန်က ထမင်းဟင်းသိပ်မစားနိုင်ဘူး၊ ကျုပ်တို့အတူတူစားတာဆိုတော့ ဘကြီးသုန်က ထမင်းသုံးလုပ်လောက်စားပြီး ဗိုက်ဝပြီဆိုပြီးတော့ ထထွက်သွားတယ်ဗျာ။

မငယ်ကတော့ စားချက်ပဲဗျာ၊ စားတာမှ ကြွေရည်သုတ်ဇလုံကြီးထဲကို ထမင်းနှစ်လုံးချက်လောက်ထည့်ပြီးတော့စားတာဗျ၊ ကျုပ်တို့ဆိုတာကလည်း အမျိုးဆိုတော့ အားရပါးရစားပါစေဆိုပြီးတော့ ဟင်းတွေခပ်ခပ်ထည့်ပေးတာပေါ့ဗျာ၊ ထမင်းတစ်လုပ်တစ်လုပ်ကို နည်းတာကြီးမဟုတ်ဘူးဗျာ၊ မငယ်စားတာကြည့်ပြီး ကျုပ်တို့ဆိုအားရနေတာပေါ့၊ အိမ်ရှင်ဆိုတော့လည်း ဧည့်သည်တွေအားရပါးရစားတာမြင်တော့ ပျော်တာပေါ့ဗျာ၊ မကြွယ်ကတော့ ပုံမှန်ပါပဲ၊ တောသူဆိုတော့ ထမင်းတော့စားနိုင်တယ်ဗျ။

“မငယ်၊ ညည်းလဲစားလိုက်တာအေ၊ ဒါကြောင့်မို့လည်း ဒီလိုခန္ဓာကိုယ်ကြီး ဖြစ်နေတာနေမှာ”

အမေက မှတ်ချက်ချတယ်ဗျ။ မငယ်ကတော့ ဘာမှမပြောပါဘူး၊ ထမင်းတွေကိုချည်းပါးစပ်ထဲ ထိုးထိုးသွင်းနေတော့တာ။ ဒီလိုနဲ့ညရောက်တော့ ဘကြီးသုန်နဲ့ကျွန်တော်နဲ့ အိမ်ရှေ့က ကွပ်ပျစ်ကိုထွက်ခဲ့တယ်၊ ဘကြီးသုန်က စာသမားပေသမားဆိုတော့ ကျုပ်နဲ့စာအကြောင်းပေအကြောင်းတွေပြောကြတာပေါ့ဗျာ၊ ဒါပေမယ့် ဒီတစ်ခါတော့ ဘကြီးသုန်က ကျုပ်ပြောသလောက်ကို မဆွေးနွေးနိုင်ဘူးဗျ၊ ငူငူငိုင်ငိုင်နဲ့ဖြစ်နေတာပေါ့ဗျာ။ ကျုပ်လည်းဘကြီးသုန်ကို ထူးဆန်းနေမိတာပေါ့ဗျာ၊ အရင်ကဆို ဘာပြောပြောသူကချည်းဆွေးနွေးနိုင်ပေမယ့် အခုကတော့ ကျုပ်ပြောသမျှ အင်းမလှုပ်အဲမလှုပ်နဲ့ဖြစ်နေတာ။

“ငါ့တူကြီးရေ၊ ငါ့ခြေထောက်တွေ ညောင်းနေလို့ နှိပ်ပေးစမ်းပါအုံးကွာ”

ဘကြီးသုန်တို့က ကားလမ်းပေါက်တဲ့ တန်းမြင့်ရွာမှာဆင်းပြီးတော့ ကျုပ်တို့ရွာကိုလမ်းလျှောက်လာရတာဆိုတော့ အသက်ကြီးတော့လည်း ညောင်းပြီပေါ့ဗျာ၊ ဘကြီးသုန်က သူ့ခြေထောက်ကို ကွပ်ပျစ်ပေါ်တင်ပေးတယ်၊ ကျုပ်လည်း ဘကြီးသုန်ရဲ့ ခြေသလုံးနဲ့ ပေါင်တွေကို နှိပ်နယ်ပေးရတာပေါ့ဗျာ၊ နှိပ်ရင်းနဲ့ ဘကြီးသုန်က ဘာပြောတယ်ထင်သလဲဗျ၊ မိန်းကလေးတွေအကြောင်းတွေပြောတော့တာ၊ ယောက်ျားသားနှစ်ယောက်တည်းပြောတာဆိုတော့ မိုက်မိုက်ရိုင်းရိုင်းတွေပါတာပေါ့ဗျာ၊ ကျုပ်လည်းအစက နားထောင်နေသေးတယ်၊ နောက်တော့မှ အသက်ရှစ်ဆယ်ဆိုပေမယ့် ဘုရားတရားအကြောင်းမပြောဘဲ မိန်းမတွေအကြောင်းတွေပြောနေတော့ ကျုပ်လည်း နားထောင်ရခက်နေတာပေါ့ဗျာ၊ ဘကြီးသုန်မှာ အဲဒီစိတ်တွေရှိသေးတယ်ဆိုပြီး အံ့လည်းအံ့သြနေတာပေါ့ဗျာ၊

နှိပ်ပေးရင်း ဆယ့်ငါးမိနစ်လောက်ကြာတော့ ကျုပ်တစ်ကိုယ်လုံးပူလာတယ်ဗျာ။ နဖူးမှာလည်း ချွေးစေးတွေထွက်လာတယ်၊ ပူတာက ရာသီဥတုပူတာလိုမဟုတ်ဘဲ အသားအရေတွေ ကိုယ်တွင်းကနေပူပြီး အိုက်လာတာဗျာ၊ နှိပ်ပေးရင်း နာရီဝက်လောက်ကြာတော့ ကျုပ်ဆက်မနှိပ်နိုင်တော့ဘူး။

“တော်ပြီဘကြီးသုန်ရာ”

ကျုပ်ပြောလိုက်တော့ ဘကြီးသုန်က ခေါင်းညိတ်တယ်၊ ကျုပ်တစ်ကိုယ်လုံးလည်း ချွေးတွေရွှဲနေတာပေါ့ဗျာ၊ ရာသီဥတုက ဆောင်းတွင်းကြီးဗျ၊ ကျုပ်တို့ဘက်က အညာဆိုပေမယ့် ဆောင်းဆိုရင်တော့ အတော်အေးတာမဟုတ်လား၊ အခုတော့ ညကိုးနာရီလောက်ကြီး ကျုပ်တစ်ယောက် ချွေးတွေပြန်နေလိုက်တာဗျာ။ အိမ်ကိုသွားဖို့ ထလိုက်တော့ ကျုပ်ခေါင်းက ရိပ်ခနဲမူးတက်လာတယ်၊ ဒါနဲ့ အိမ်တိုင်တစ်တိုင်ကို အသာကလေးကိုင်ပြီး ခဏနားလိုက်ရသေးတယ်၊ အိမ်အောက်ထပ်ကိုဝင်လိုက်တော့ မငယ်က အိပ်နေတာ တခေါခေါနဲ့ဗျာ၊ အမေကတော့ မအိပ်သေးဘူးဗျ မကြွယ်နဲ့ထိုင်ပြီး စကားတွေပြောနေတယ်။

“တစ်ကိုယ်လုံးပူလိုက်တာအမေရာ၊ ကျုပ်ရေချိုးလိုက်အုံးမယ်”

“ဟဲ့ သေနာကောင်လေး၊ နင်ရောဂါမရှာနဲ့ ဆောင်းတွင်းကြီးကို ညည့်နက်မှရေချိုးတော့ နင်သေသွားမှာပေါ့၊ နင်ကဘာလို့ပူတာတုန်း”

“ကျုပ် ဘကြီးသုန်ကို သွားနှိပ်ပေးလိုက်တာဗျ”

“သြော်၊ အေး၊ အဲဒါအပူကူးတာဖြစ်မယ်၊ သူ့ကိုနှိပ်လိုက်တော့ သူ့ဆီကအပူတွေ နင့်ကိုကူးတာနေမှာ၊ သွားသွား ခြေလက်ဆေးလိုက်”

အမေပြောလို့ ခြေတွေလက်တွေဆေးလိုက်ပေမယ့် ပူတာက ပျောက်မသွားဘူးဗျ၊ ကျုပ်လည်းအိမ်ပေါ်တက်ပြီး ခြင်ထောင်ထဲကိုဝင်အိပ်လိုက်တာပေါ့၊ ညသန်းခေါင်လောက်ရောက်တော့မှ အပူတွေပျောက်သွားတယ်ဗျာ၊ ဒီတော့မှ ချမ်းတက်လာတာနဲ့ ကျုပ်လည်းစောင်ကိုဆွဲခြုံလိုက်တာပဲဗျို့၊ ဒီအချိန်မှာ ကျုပ်တို့အိမ်နောက်ဖေးက ကြက်တန်းကနေ ကြက်တွေထပြီးအော်သံကိုကြားလိုက်ရတယ်၊ ကျုပ်တို့ရွာကအိမ်တွေမှာ ကြက်တွေမွေးထားတတ်တယ်ဗျ၊ မွေးထားတာကတော့ အိမ်စားဖို့ပေါ့ဗျာ၊ ကြက်တွေက ဗမာကြက်တွေဆိုတော့ မိုးချုပ်လာပြီဆိုရင် သစ်ပင်ခပ်နိမ့်နိမ့်၊ ဒါမှမဟုတ် တန်းတစ်ခုပေါ်တက်ပြီးတော့ အိပ်ကြတယ်ဗျ၊ ကျုပ်တို့အိမ်နောက်ဖေးမှာ ထင်းတွေထားတဲ့ အဖီကလေးတစ်ခုရှိတယ်၊ အဲဒီအဖီကလေးထဲမှာ တန်းကလေးတစ်တန်းထိုးထားတော့ အဲဒီပေါ်မှာ ကြက်တွေအိပ်ကြတာပေါ့ဗျာ၊ အိမ်မှာတော့ အဲဒီနေရာကို ကြက်တန်းလို့ခေါ်တယ်။

ကြက်တွေက တဝုန်းဝုန်းနဲ့ ပျံနေတဲ့အသံကိုလည်းကြားရတယ်ဗျ၊ ကျုပ်ကတော့ ခွေးဖြစ်ဖြစ်၊ ကြောင်ဖြစ်ဖြစ် ကြက်တွေဆီရောက်သွားတယ်လို့ပဲထင်တယ်၊ နောက်မကြာပါဘူး ကြက်တွေအော်သံက ငြိမ်သက်သွားတယ်၊ ကျုပ်လည်း အိပ်ချင်လာတာနဲ့ စောင်ခြုံပြီးကွေးလိုက်တော့တာပဲဗျို့။

(၃)

အိပ်ကောင်းကောင်းနဲ့အိပ်လိုက်တာ၊ မနက်အတော်နေမြင့်မှ ကျုပ်နိုးတယ်ဗျာ၊ အဲဒီနေ့က လယ်ထဲမသွားဘူးဆိုတော့ကျုပ်ကိုဘယ်သူမှလည်း မနှိုးကြဘူးလေ၊ အိမ်အောက်ကိုဆင်းလိုက်တော့ အမေက မီးဖိုထဲမှာ နေ့လည်စာချက်နေတယ်၊ ဘကြီးသုန်လည်းမရှိတော့ဘူး၊ မငယ်တို့ညီအမကတော့ ရွာထဲထွက်သွားတယ်ပြောတယ်၊

“အမေ၊ ဘကြီးသုန်ဘယ်သွားလဲဗျ”

“နင့်ဘကြီးသုန် အိမ်နောက်ဖေးက ဝါးရုံရိပ်မှာ သွားထိုင်နေတယ်လေ”

ကျုပ်လည်းထူးဆန်းသွားတာပေါ့ဗျာ၊ ဝါးရုံရိပ်ဆိုတာ ကျုပ်တို့အိမ်သာနဲ့ အိမ်နောက်ဖေး ရေမြောင်းကြီးနဲ့ အနားမှာရှိတာမဟုတ်လားဗျာ၊ အဲဒီနေရာက အရမ်းချေးစော်၊ သေးစော်နံတဲ့နေရာလေ။

“ဒါနဲ့ အလတ်ကောင်၊ နင်ညက ဘာသံတွေကြားသေးလဲ”

ကျုပ်ပြန်စဉ်းစားလိုက်တော့

“ကြက်တွေထအော်တယ်အမေ၊ ညက သန်းခေါင်လောက်ရှိပြီထင်တယ်”

“အေးဟဲ့၊ ဒီမနက်ကြက်နှစ်ကောင်ပျောက်နေတယ်”

ကျုပ်လည်း မီးဖိုချောင်ထဲက ဆားအိုးထဲက ဆားလက်တစ်ဆုပ်နှိပ်လိုက်ပြီးတော့ သွားကိုပွတ်နေလိုက်တယ်။ ကျုပ်တို့ဆီမှာ အဲဒီတုန်းက သွားတိုက်ဆေးတို့၊ သွားပွတ်တံတို့ မသုံးကြဘူးဗျ၊ မိုးလင်းတာနဲ့ ဆားနဲ့ပဲ တိုက်ကြရတာမဟုတ်လား။

“အမေကလည်းဗျာ၊ အမေ့ကြက်တွေ ထွက်ပြေးသွားတာနေမှာပေါ့”

“မဟုတ်ဘူးဟဲ့၊ ကြက်တွေက ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တယ်ထင်တယ်၊ အမွှေးတွေကို ပြန့်ကျဲနေတာပဲ၊ ခွေးများဆွဲသလားမသိပါဘူး”

ကျုပ်က ရေတစ်ခွက် ခပ်လိုက်ပြီး ပလုပ်ကျင်းကာ ထွေးထုတ်လိုက်တယ်ဗျာ။

“ဟုတ်မယ်အမေ၊ ညက ကြက်တွေအလန့်တကြားဖြစ်နေပုံပဲ၊ ရွာထဲက ခွေးလေခွေးလွင့်တွေ လက်ချက်နေမှာပေါ့ဗျာ”

ရွာထဲကခွေးတွေက ခွေးအငတ်တွေဆိုပေမယ့် အိမ်ထဲခြံထဲ ဝင်ဆွဲလေ့တော့မရှိဘူး၊ ဒါပေမယ့်လည်း ခွေးဆိုတာ ပုံသေပြောလို့မရဘူးမဟုတ်လားဗျာ။ ကျုပ်မျက်နှာသစ်ပြီးတော့ ဘကြီးသုန်အနားကိုသွားလိုက်တယ်၊ အိမ်သာနားဆိုတော့ ချေးနံ့ကလဲ နံသလို အိမ်သာနောက်ဘက် ကွင်းစပ်နားမှာ ကျုပ်တို့တွေ အီးပါနေကျဆိုတော့ ပုံပုံတွေအနံ့ကလည်း လေတိုက်တိုင်း သင်းနေတော့တာပေါ့ဗျာ။ ကျုပ်လည်းနှာခေါင်းပိတ်လိုက်တယ်။

“ဘကြီးသုန်ရယ်၊ ဒီနားက တော်တော်နံတာကို ဘကြီးသုန်မို့လို့ လာထိုင်နေတယ်”

ဘကြီးသုန်က ဝါးပက်လက်ကုလားထိုင်ကလေးပေါ်မှာ အေးအေးဆေးဆေးထိုင်နေတယ်ဗျ၊ နောက်ပြီးတော့ ခြေထောက်ကလေးကို နန့်နေသေးတယ်။

“ဒါနဲ့ဘကြီးသုန်ကိုပြောရအုံးမယ်၊ စာစောင်မှာ ကျုပ်တို့ရွာက ဦးဇင်းအကြောင်းပါလာတယ်ဗျ၊ ဘကြီးသုန်ပျင်းရင် ဖတ်ကြည့်ပေါ့”

“ရပါတယ်ကွ၊ မလုပ်ပါနဲ့”

“လုပ်စမ်းပါ ဘကြီးသုန်ရဲ့၊ ပြီးတော့ ကျုပ်တို့ရွာက အလှူပွဲအကြောင်းလည်း ပါသေးတယ်”

ကျုပ်လည်း မြတ်မင်္ဂလာစာစောင်ကလေးကိုပြေးယူလိုက်တယ်၊ စာစောင်ကလေးကိုယူပြီးတော့ ကျုပ်တို့ရွာဦးကျောင်းဆရာတော်ပုံရယ်၊ ကျုပ်တို့ရွာမှာ ခုနစ်ရက် ခုနစ်လီကျင်းပတဲ့ ရှင်ပြုပွဲအကြောင်းရယ်၊ ဓါတ်ပုံတွေနဲ့ပါတယ်မဟုတ်လား၊ အဲဒီစာစောင်ကလေးကို ဘကြီးသုန်ကိုလှမ်းပေးလိုက်တာပေါ့ဗျာ၊ ဘကြီးသုန်က မယူချင်ယူချင်နဲ့ စာစောင်ကလေးကိုလှမ်းယူတယ်၊ နောက်ပြီးတော့ ဘာလုပ်တယ်ထင်သလဲဗျ၊ စာစောင်ကို ဇောက်ထိုးကြီးကြည့်နေတာဗျာ၊ ကျုပ်ပေးလိုက်တာ စာစောင်နောက်ကျောဖုံးကြီးဗျ၊ စာစောင်နောက်ကျောဖုံးမှာ ဗမာဆေးကြော်ငြာလို စာတွေရေးထားတဲ့ ကြော်ငြာတွေပါတတ်တယ်လေ၊ အဲဒီကြော်ငြာကို ဇောက်ထိုးကြီးဖတ်နေတာ ကျုပ်ဖြင့်အံ့သြသွားတာပေါ့။

“ဘကြီးသုန်ဖတ်နေတာ ပြောင်းပြန်ကြီးလေ”

ဘကြီးသုန်က စာအုပ်ကိုအတည့်ဖြစ်အောင်လုပ်လိုက်ပြီးတော့ စာရွက်တွေကို ဟိုလှန်ဒီလှန်လုပ်နေတယ်လေ။

“အဲဒီမှာ စာမျက်နှာ သုံးဆယ့်နှစ်မှာပဲ ဘကြီးသုန်”

ဘကြီးသုန်က စာအုပ်ကိုဟိုလှန်၊ ဒီလှန်လုပ်နေတာနဲ့ ကျုပ်လည်းစိတ်မရှည်တော့ဘဲ ဆရာတော်အကြောင်းပါတဲ့စာမျက်နှာကို လှန်ပေးလိုက်တာပေါ့ဗျာ။ အဲဒီအချိန်မှာပဲ ကျုပ်အမေက ကျုပ်ကိုလှမ်းခေါ်တယ်ဗျ။

“ဟေးအလတ်ကောင်၊ လယ်ထဲဆင်းပြီးတော့ ထမင်းသွားပို့ပေးစမ်း”

ကျုပ်လည်းအမေပေးတဲ့ ခံတောင်းကလေးကိုထမ်းပြီးထွက်ခဲ့တာပေါ့ဗျာ၊ ကျုပ်တို့ခေတ်တုန်းက စတီးချိုင့်တွေမရှိသေးဘူးလေ၊ ကြွေရည်သုတ်ခွက်တွေ၊ သံပန်းကန်တွေခေတ်ဆိုတော့ ဟင်းတွေကို ကြွေရည်သုတ်ခွက်ကလေးတွေထဲထည့်၊ ပြီးရင် ထမင်းချက်တဲ့ခံတောင်းထဲကိုထည့်ပြီး သံပန်းကန်ပြားတွေနဲ့အတူတူ သွားပို့ရတာမဟုတ်လား။ ကျုပ်လည်း တောင်းကလေးရွက်ပြီးတော့ လယ်ထဲကိုထွက်ခဲ့တာပေါ့ဗျာ။

မငယ်တို့ညီအမက ကျုပ်ညီမတစ်ယောက်နဲ့ တောင်းကြီးရွက်ပြီး ရွာထဲသွားနေတာတွေ့တယ်ဗျ၊ သူယူလာခဲ့တဲ့ ဒေသထွက်ကုန်တွေကို လိုက်ရောင်းနေတာပေါ့ဗျာ၊ ကျုပ်လယ်ထဲရောက်တော့ အငယ်ကောင်တစ်ယောက်တည်းရှိတယ်ဗျ၊ လယ်က ရိတ်ရတော့မယ်ဆိုတော့ သိပ်ပြီးဂရုစိုက်စရာမလိုတော့ဘူးမဟုတ်လားဗျ၊ ကျုပ်လည်း လယ်ထဲထိုင်ရင်း အငယ်ကောင်အတွက် ထမင်းပြင်ပေးနေတုန်း၊ ဘေးနားက ဦးဘသာတို့လယ်စောင့်တဲကနေ ဦးဘသာကြီးက နှုတ်ဆက်တယ်ဗျ။

“ဟေ့၊ ဘာဟင်းချက်တုန်းကွ၊ မွေးနေတာပဲ”

“ကျုပ်အမေရဲ့ ကြက်သားကုလားချက်လက်ရာပေါ့ဗျာ၊ မဆလာနိုင်နိုင်နဲ့ရှယ်ချက်ထားတာ”

“ကောင်းတာပေါ့ကွာ၊ ဒါနဲ့ မင်းတို့အိမ်မှာ ဧည့်သည်ရောက်နေတာလား”

“ဟာ၊ ဦးဘသာကြီးက ဘယ်လိုလုပ်ပြီး သိသလဲဗျ”

“သိတာပေါ့ကွာ၊ မင်းတို့အိမ်က တစ်ခါလာ ငါးခြောက်၊ တစ်ခါလာ ခရမ်းသီးဟင်းနဲ့ စားတာမဟုတ်လား၊ ဟင်းကောင်းပုံထောက်ရင် ဧည့်သည်ရောက်နေပြီဆိုတာ တန်းသိတာပေါ့ကွာ”

ကျုပ်လည်းအငယ်ကောင်ပန်းကန်ထဲကို ဟင်းတစ်တုံးထည့်ပေးပြီးတော့ ပိုတဲ့ဟင်းတစ်တုံးကို ကြွေရည်သုတ်ခွက်ကလေးအတိုင်းကိုင်ပြီး ဦးဘသာကြီးတို့တဲကို ကူးလာခဲ့တာပဲလေ၊ ဦးဘသာကြီးကလည်း ထမင်းစားဖို့ပြင်နေတာဗျ၊ ဟင်းကတော့ ပဲကြားကိုနှပ်ထားတဲ့ဟင်းတစ်ခွက်ပဲပါတယ်၊ ကျုပ်လည်း ဦးဘသာကြီးကို ဟင်းခွက်လှမ်းပေးလိုက်တယ်။

“ဦးဘသာကြီးစားဖို့ဗျာ၊ ကျုပ်ကတော့ အိမ်ရောက်မှပဲစားတော့မယ်”

ဦးဘသာကြီးက ဝမ်းသာသွားတယ်ဗျ၊ သူ့မျက်နှာကြီးကို ဖြီးလို့ဗျို့။

“ကျွေးတဲ့လူရှိတော့လည်း စားရတာပေါ့ကွာ၊ ဒါနဲ့မင်းတို့အိမ်က ကြက်တွေတော့ ဧည့်သည်ရောက်နေပြီဆို မျက်ခုံးလှုပ်နေကြမှာပဲဟေ့”

“မျက်ခုံးတင်မကဘူး ခေါင်းပါလှုပ်တာဗျာ၊ ဒါနဲ့ ညကတောင် အိမ်ကကြက်နှစ်ကောင်ခွေးဆွဲသွားသေးတယ်”

ဦးဘသာကြီးက ကျုပ်ပေးတဲ့ကြက်သားကို တစ်ဖဲ့ဖဲ့လိုက်ပြီးတော့ ထမင်းအပေါ်ပုံလိုက်တယ်ဗျ။

“ဒါနဲ့ မင်းတို့အိမ်မှာ ကြက်ထားတာ နိမ့်လို့လားကွ”

“နိမ့်တော့ မနိမ့်ပါဘူးဗျာ၊ လူကြီးရင်ခေါင်းလောက်ရှိတဲ့ တန်းပေါ်မှာထားတာပါ”

ဦးဘသာကြီးက တစ်ချက်ငြိမ်သွားတယ်ဗျ၊ နောက်တော့ ထမင်းလုပ်ကို ပါးစပ်ထဲထိုးထည့်လိုက်ပြီးတော့ ပလုပ်ပလောင်းနဲ့

“အေးလေ၊ ဒါဆိုရင် ခွေးက ဘယ်လိုဆွဲမလဲကွ”

ကျုပ်လည်း ဇဝေဇဝါဖြစ်သွားတယ်ဗျာ။

“ကျုပ်လည်း မတွေးတတ်တော့ပါဘူးဗျာ”

အဲဒီလိုပဲ ပြန်ဖြေလိုက်တော့တယ်။

(၄)

ဒီလိုနဲ့ သုံးရက်လောက်ကြာသွားတယ်ပေါ့ဗျာ၊ ကျုပ်လည်း ညတိုင်း ဘကြီးသုန်ကို နင်းနှိပ်ပေးနေရတာ၊ ဘကြီးသုန်က ညရောက်ပြီဆိုတာနဲ့ ကျုပ်ကိုအိမ်ရှေ့ကွပ်ပျစ်ပေါ်ခေါ်ပြီး နှိပ်ခိုင်းတော့တာပဲဗျာ၊ ကျုပ်လည်း နှိပ်မပေးချင်ဘူးဗျ၊ ဘာလို့လဲဆိုတော့ သူ့ကိုနှိပ်ပေးလိုက်ရင် သူ့ဆီက အပူကူးပြီး ညတစ်ဝက်လောက် ကောင်းကောင်းအိပ်လို့မရဘူးဗျာ။ မငယ်ကတော့ ထုံးစံအတိုင်း စားမြဲစားနေတာပေါ့ဗျာ၊ ထူးဆန်းတာတစ်ခုထပ်ပြောရရင် ကြက်တွေက တစ်ညခြားတစ်ခါလောက် ပျောက်နေတာပဲ၊ အမေတို့က နောက်ဆုံးတော့ ကြက်တွေကို မီးဖိုခန်းထဲထည့်ပြီး သိမ်းထားတာပေါ့ဗျာ။

နောက်ရက် ကျွန်တော်အိပ်ရာကထလာတော့ လူတစ်ကိုယ်လုံး နုံးနေတာပဲဗျာ၊ ချမ်းလည်းတော်တော်ချမ်းတာနဲ့ စောင်ကြီးခြုံပြီးအိမ်အောက်ဆင်းလာတာပေါ့၊ အငယ်ကောင်နဲ့ အကိုကြီးက လယ်ထဲသွားဖို့ပြင်နေကြပြီလေ။

“အလတ်ကောင်၊ နင်ဘာဖြစ်နေတာလဲ”

“မသိပါဘူးအမေရာ၊ ကျုပ်ကိုယ်တွေလက်တွေ မသယ်ချင်သလိုဖြစ်ပြီးတော့ နုံးနေလို့ဗျ”

“ဒါဆိုရင် လယ်ထဲမဆင်းနဲ့လေ၊ အိမ်မှာပဲနားနေပါလား”

အမေက ပြောတယ်ဗျ၊ အကိုကြီးကလည်း

“အေးကွာ၊ မင်းအားမရှိရင်လည်းနေခဲ့၊ ရာသီဥတုကြောင့် မင်းအဖျားဝင်ချင်တာဖြစ်မယ်ကွ”

ဒါပေမယ့် ကျုပ်လက်မခံပါဘူးဗျာ။

“မရဘူးအကိုကြီး၊ ကျုပ်လယ်ထဲဆင်းမယ်၊ ခွေနေရင် ပိုပြီးနေမကောင်းဖြစ်မယ်၊ လယ်ထဲဆင်းတော့ ချွေးလေးဘာလေးထွက်ပြီး နေကောင်းသွားမလားပဲဗျ”

ကျုပ်စကားကို အမေတို့ကလည်းလက်ခံပါတယ်၊ ကျုပ်တို့တောသားတွေဆိုတာက နေမကောင်းဖြစ်ရင် အိမ်ထဲမှာခွေနေဖို့ အရမ်းဝန်လေးတာမဟုတ်လား၊ အမြဲချွေးတစိုစိုနဲ့ အလုပ်လုပ်နေမှ ကျန်းမာတာလို့ ယုံကြတယ်လေ၊ ကျုပ်မနက်စာစားနေတုန်း အမေက တစ်ခုပြောတယ်ဗျ။

“ဒါနဲ့ ညကထူးဆန်းတယ်၊ မီးဖိုချောင်ထဲမှာ ကြက်တွေထည့်အိပ်တာတောင်မှ ကြက်တစ်ကောင်ပျောက်နေသေးတယ်”

“ဒါဆိုရင်တော့ ခွေးမဖြစ်နိုင်ဘူးအမေ၊ ဒါနဲ့ အဖေ့ကိုပြောပြီးပြီလား”

အမေက ခေါင်းခါတယ်ဗျာ။

“နင့်အဖေလဲ ရွာထဲက မြေလုတဲ့အမှုနဲ့ ရဲစခန်းသွားနေရတယ်၊ စိတ်ညစ်နေရတယ်မဟုတ်လား၊ ဒီလောက်နဲ့တော့ မပြောတော့ပါဘူး”

“ဒါဆိုရင်လည်း စောင့်ဖမ်းပေါ့အမေရာ”

“ဘယ်နေပါ့မလဲကွာ၊ ကြက်တွေပျောက်တယ်ဆိုလို့ ငါတို့စောင့်သေးတယ်၊ ဒါပေမယ့် စောင့်တဲ့ညဆိုပေါ်မလာဘူးကွ၊ မထင်တဲ့ညဆိုရင် ပျောက်တာ၊ မနေ့ကလည်း မီးဖိုထဲထည့်အိပ်တာမဟုတ်လား၊ မီးဖိုဆိုတာက တံခါးအလုံပိတ်ထားရင် ခွေးမပြောနဲ့ ကြောင်တောင်ဝင်လို့မရဘူးဘူးမဟုတ်လား”

အကိုကြီးကထပြောတယ်ဗျ၊ ဒါနဲ့ ကျုပ်လည်းခေါင်းညိတ်လိုက်တယ်၊ မနက်စာအဖြစ် ထမင်းပူပူနဲ့ ဗယာကြော်ကလေး စားပြီးတော့ ကျုပ်တို့ညီအကိုသုံးယောက် လယ်ထဲကိုထွက်လာကြတာပေါ့ဗျာ၊ လယ်ထဲရောက်တော့ ကျုပ်လည်း အလုပ်နည်းနည်းပါးပါးလုပ်သေးတယ်၊ ချွေးထွက်လို့ အဖျားမပျောက်တဲ့အပြင် ချွေးတွေစို့လာပြီး လူက နံးချိလာတယ်ဗျာ၊ နောက်တော့ နေပူပူမှာ ရပ်နေရင်း ခေါင်းတွေချာခနဲ မူးထွက်လာတာဗျာ၊ ပတ်ဝန်းကျင်တစ်ခုလုံး ရိပ်တိတ်ရိတ်တိတ်နဲ့ ချာချာလည်နေတာပေါ့၊ ကျုပ်ခြေထောက်တွေ မခိုင်တော့ဘူးဗျာ၊ မူးလဲချင်လာပြီ၊ ကျုပ်မူးလဲမလိုဖြစ်သွားတဲ့အချိန်မှာပဲ ကျုပ်လက်မောင်းကို လူတစ်ယောက်က လာပြီးထိန်းကိုင်လိုက်တယ်ဗျ၊ လာကိုင်တဲ့သူကိုကြည့်လိုက်တော့ ဦးဘသာကြီးဖြစ်နေတယ်။

“မင်းကြည့်ရတာ နေမကောင်းတဲ့ပုံပဲ၊ လာကွာ လယ်စောင့်တဲထဲမှာနားနေ”

ကျုပ်အကိုကြီးနဲ့ အငယ်ကောင်လည်းပြေးလာတာပေါ့ဗျာ၊ ကျုပ်လည်း အလုပ်ဆက်မလုပ်တော့ဘဲ လယ်စောင့်တဲထဲမှာပဲ နားနေလိုက်တယ်၊ လူက အရမ်းမောနေပြီး ချွေးတွေကလဲ စီးထွက်လို့ဗျ။ ဦးဘသာကြီးက ကျုပ်ကိုသေသေချာချာကြည့်တယ်။

“ဘာဖြစ်တာလဲကွ၊ ချွေးတွေလဲပြန်လို့၊ မျက်တွင်းတွေလဲ ဟောက်ပက်နဲ့၊ မင်းနှုတ်ခမ်းတွေလဲ ဖြူလို့ပါလား”

“ဘာဖြစ်မှန်းတော့မသိပါဘူးဦးဘသာကြီးရယ်”

“ဒါနဲ့ မင်းကိုငါပြောစရာတစ်ခုရှိတယ်ကွ”

ကျုပ်လည်းဦးဘသာကြီးကို စိုက်ကြည့်နေမိတာပေါ့၊ အကိုကြီးနဲ့ အငယ်ကောင်လည်း ထိုင်နေပြီးတော့ ရေနွေးသောက်နေကြတယ်၊ ဦးဘသာကြီးက သူတို့ကိုတစ်ချက်ကြည့်လိုက်တယ်၊ အကိုကြီးကတော့ ဦးဘသာကြီးနဲ့ သိပ်မရောပေမယ့် အငယ်ကောင်ကလည်း ဦးဘသာကြီးနဲ့ ခင်တယ်မဟုတ်လားဗျာ။

“ဒီလိုကွ မနေ့က ငါလယ်ထဲကအပြန်ညနေစောင်းမှာ ရွာတော်ရှင်နဲ့တွေ့တယ်ကွ”

ဦးဘသာကြီး ရွာတော်ရှင်နဲ့တွေ့တာကို ကျုပ်တို့မထူးဆန်းတော့ဘူးလေ။

“နေပါအုံး ဦးဘသာကြီးရဲ့၊ ရွာတော်ရှင်နဲ့ခဏခဏတွေ့နေရတာဆိုတော့ သူ့ပုံစံက ဘယ်လိုမျိုးလဲ”

“အသက်ကြီးကြီး အဘိုးကြီးတစ်ယောက်ပါပဲကွာ၊ အဲဒါက အရေးမကြီးပါဘူး၊ သူပြောသွားတာက တို့ရွာက မသန့်ဘူးတဲ့ကွ”

“မသန့်ဘူးဆိုတာ ဘာကိုပြောတာလဲ၊ အမှိုက်တွေများနေတာကို ပြောတာလား”

“ဘယ်ကလာကွာ၊ မသန့်ဘူးဆိုတာ ရွာထဲမှာ မကောင်းတဲ့အကောင်တစ်ကောင်ကောင် ရောက်နေတယ်လို့ပြောချင်တာကွ”

ကျုပ်လည်း ပြုံးလိုက်တယ်။

“ကြံကြ့ဖန်ဖန်၊ ဘယ်ကမကောင်းတဲ့အကောင်က ရောက်လာမှာလဲ ဦးဘသာကြီးရဲ့”

ဦးဘသာကြီးက ခေါင်းညိတ်တယ်ဗျ။

“ငါကတော့ မင်းတို့အိမ်လို့ပဲထင်တယ်၊ မင်းတို့အိမ်ကို ဧည့်သည်တွေရောက်နေတယ်မဟုတ်လား”

ကျုပ်စိတ်ထဲ ထောင်းခနဲဖြစ်သွားတယ်ဗျ၊ ဦးဘသာကြီးနဲ့ ဘယ်လောက်ပဲခင်ခင်၊ ကျုပ်တို့နဲ့ ငယ်ငယ်ကတည်းက အတူတူခင်မင်လာတဲ့ ဘကြီးသုန်တို့ကို စွပ်စွဲတာဆိုတော့ စိတ်တော့ဆိုးတာပေါ့ဗျာ၊ အမျိုးလဲ အမျိုးကိုးဗျ။

“မဖြစ်နိုင်တာဗျာ၊ ဘကြီးသုန်တို့က လူကောင်းတွေပါ၊ သူတို့က ဘာမကောင်းတာတွေလုပ်ခဲ့လို့လဲ၊ ဦးဘသာကြီး အထင်နဲ့မစွပ်စွဲပါနဲ့ဗျာ”

“မစွပ်စွဲဘူးဟေ့ကောင်၊ မကောင်းဘူးဆိုတာ မင်းဘကြီးစိတ်ဓါတ်မကောင်းတာကို ဆိုလိုချင်တာမဟုတ်ဘူးကွ၊ သူ့ဆီမှာ ဖုတ်တွေ၊ အစိမ်းသရဲတွေများ ကပ်ပါလာသလားပဲ”

“မဖြစ်နိုင်တာဗျာ၊ ဘကြီးသုန်က လူအကောင်းကြီးပါဗျ၊ နောက်ပြီးတော့ ကျုပ်ကြားဖူးတာက ဖုတ်ကောင်တွေဆိုတာ အစားအသောက်ကြူးတယ်မဟုတ်လား၊ လူတွေအိပ်နေတဲ့အချိန်မှာ အစားခိုးစားတယ်လေ၊ ဘကြီးသုန်က သူ့ဟာသူတောင်မှ ထမင်းသုံးလုပ်ထက်ပိုစားတဲ့သူမဟုတ်ဘူး”

ဦးဘသာကြီးက ခေါင်းကိုသွက်သွက်ခါလိုက်တယ်ဗျ။

“မဟုတ်ဘူးကွ၊ ငါ့သံသယတွေက မင်းကိုတွေ့တော့မှ ပိုခိုင်မာလာတာ၊ ငါပြောမယ် မင်းမှန်အောင်ဖြေစမ်း၊ မင်းရဲ့ဘကြီးသုန်က မင်းကို နင်းတာနှိပ်တာလုပ်ခိုင်းသေးလား”

ကျုပ်စဉ်းစားပြီးခေါင်းညိတ်လိုက်တယ်ဗျ၊ ကျုပ်ညီအငယ်ကောင်က ဝင်ပြောတယ်။

“နှိပ်ခိုင်းတယ်ဗျ၊ ကျုပ်ကိုလည်း ညနေစောင်းဆိုရင် သူ့လက်တွေကို နှိပ်ပေးရတယ်”

အငယ်ကောင်ပြောတာကြားပြီး ကျုပ်မျက်လုံးပြူးသွားတယ်ဗျာ။

“ကျုပ်၊ ကျုပ်ကိုလည်း ညဘက်ဆို ကွပ်ပျစ်မှာထိုင်ပြီး သူ့ခြေထောက်တွေကို နှိပ်ခိုင်းသေးတယ်ဗျာ၊ သူ့ကိုနာရီဝက်လောက်နှိပ်ပေးပြီးရင် လူကပူလာပြီးတော့ ချွေးဒီးဒီးကျလာတာပဲဗျို့”

အကိုကြီးကလည်း သူ့ကိုအားရင်အားသလို ဇက်ကြောဆွဲခိုင်းကြောင်းပြောတယ်၊ ကျုပ်တို့သုံးယောက်က မဆုံဖြစ်တော့ ဒီအကြောင်းတွေကို မပြောဖြစ်ဘူးလေ၊ အခုသုံးယောက်စုံတော့မှ ပြောဖြစ်တာမဟုတ်လား။ ဦးဘသာကြီးက ခေါင်းကိုဖြည်းဖြည်းလေးညိတ်လိုက်ပြီးတော့

“ငါထင်တာမှန်ဖို့များနေပြီ၊ မင်းတို့ဘကြီးကို ဖုတ်ကောင်ဝင်ကပ်နေပြီကွ”

ကျုပ်တို့ညီအကိုသုံးယောက် မျက်လုံးတွေပြူးသွားတယ်ဗျာ။

“ဦးဘသာကြီးပြောတာ တကယ်သေချာလား”

“အေးပေါ့ကွ၊ ဖုတ်မှာ ထမင်းစားတဲ့ဖုတ်ရှိသလို၊ သွေးစုပ်တဲ့ဖုတ်လည်းရှိတယ်၊ သွေးစုပ်ဖုတ်က သူ့ကိုယ်နဲ့ထိတဲ့သူတွေရဲ့သွေးကို စုပ်ယူနိုင်တယ်ကွ၊ အဆင့်မြင့်တဲ့ဖုတ်ပေါ့ကွာ၊ နောက်ပြီး ရွှေထီးဆောင်းဖုတ်တို့ ဖုတ်ဘုရင်တို့ရှိသေးတယ်၊ မင်းတို့ဘကြီးကိုဝင်နေတဲ့ဖုတ်က ငါ့အထင် သွေးစုပ်ဖုတ်ပဲကွ၊ သူက မင်းတို့ကိုနှိပ်ခိုင်းပြီး မင်းတို့ဆီက သွေးတွေစုပ်နေတာပေါ့ကွာ၊ မင်းက သူ့ကိုအကြာကြီးနှိပ်ပေးတော့ မင်းသွေးတွေအများကြီးအစုပ်ခံရပြီး အခုလိုသွေးအားနည်းနေတာပေါ့”

ကျုပ်တို့ညီအကိုသုံးယောက်မှာယုံတောင်မယုံနိုင်ပါဘူးဗျာ။

“မင်းတို့မယုံရင် လောင်းမယ်ကွာ၊ သူဖုတ်ကောင်မဟုတ်ရင် မင်းတို့တစ်ယောက်ကို တစ်ရာစီငါပေးမယ်၊ သူက ဖုတ်ကောင်ဆိုရင်တော့ မင်းတို့ငါ့ကို တစ်ရာပေးကွာ၊ လောင်းမလား”

ကျုပ်တို့က ယောက်ျားလေးတွေဆိုတော့ ဒီလိုမျိုးအလောင်းအစားကိုတော့ ဘယ်ရှောင်ပါ့မလဲဗျာ၊ ဒါနဲ့လက်ခံလိုက်တာပေါ့၊ ဦးဘသာကြီးက ကျုပ်တို့ဆီက ကွမ်းရွက်သုံးရွက်တောင်းတယ်၊ အကိုကြီးက ကွမ်းစားတတ်တဲ့သူဆိုတော့ ကွမ်းအစ်ကလေးဆောင်ထားတယ်လေ၊ ဒါနဲ့ သူ့ကွမ်းအစ်ကနေ ကွမ်းရွက်သုံးရွက် ထုတ်ပေးလိုက်တာပေါ့ဗျာ၊ ဦးဘသာကြီးက သူ့လက်ဖဝါးပေါ်ကွမ်းသုံးရွက်ကို မှောက်ခုံတင်ပြီးတော့ တစ်ခုခုကိုမန်းမှုတ်လိုက်ပြီး နောက်ထပ်လက်တစ်ဖက်နဲ့ ဖြန်းခနဲရိုက်လိုက်တယ်ဗျာ။

“ရော့၊ ကွမ်းသုံးရွက်ယူ၊ မင်းတို့အိမ်က သူဖြတ်သွားတတ်တဲ့ နေရာမှာ ဒီကွမ်းရွက်ကိုချထားလိုက်စမ်း၊ ဖုတ်ကောင်မှန်ရင် သူအဲဒီကွမ်းရွက်ကို မကျော်ရဲဘူးကွ”

“ဒါဆို ကျန်တဲ့နှစ်ရွက်ကရော”

“ကျန်တဲ့နှစ်ရွက်ကိုလည်းသိမ်းထားကွာ၊ သူ့အသားနဲ့ အဲဒီကွမ်းရွက်နဲ့ကို မသိမသာလေးထိကြည့်စမ်း၊ လူအစစ်ဆိုရင် ဘာမှမဖြစ်ပေမယ့် ဖုတ်ကောင်ဆိုရင်တော့ သူနေနိုင်မှာမဟုတ်ဘူးကွ”

ကျုပ်တို့ညီအကိုသုံးယောက်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မျက်ခုံးပင့်လိုက်ကြတာပေါ့ဗျာ၊  အဲဒီနေ့က ကျုပ်တို့ညီအကိုသုံးယောက် လယ်ထဲကနေ စောစောပြန်ခဲ့ကြတယ်ဗျ၊ အရမ်းသိချင်နေပြီမဟုတ်လား၊ အိမ်ရောက်တော့ ဦးဘသာကြီးပေးလိုက်တဲ့ ကွမ်းရွက်တစ်ရွက်ကို မငယ်တို့နေတဲ့အခန်းအဝမှာ ချထားလိုက်တယ်ဗျာ၊ သူတို့အခန်းထဲကိုဝင်ရင် အဲဒီနေရာကိုကျော်ရမယ်မဟုတ်လား။ မငယ်က အခန်းထဲမှာ မှောက်ခုံကြီးအိပ်နေတာဗျာ။ ခြံထဲကိုကြည့်လိုက်တော့ မကြွယ်က အိမ်ရှေ့ရေသုံးတဲ့နေရာမှာ အဝတ်တွေလျှော်နေတယ်ဗျ၊ ဒါနဲ့ကျုပ်လည်း ကွမ်းရွက်ကလေးကို လက်ဝါးထဲအသာထည့်ပြီးတော့ လာခဲ့တယ်၊ အကိုကြီးနဲ့ အငယ်ကောင်လည်း မလှမ်းမကမ်းကနေ မယောင်မလည်လုပ်ပြီး အကဲခတ်နေကြတယ်ဗျ။

ကျုပ်အနောက်ကနေ တိတ်တိတ်ကလေးလမ်းလျှောက်လာတာကို မကြွယ်က မြင်သွားတယ်ဗျ၊ နောက်ပြန်အဝတ်လျှော်နေတာကိုတောင်မြင်သွားသေးတယ်ဗျာ၊ ဒါနဲ့ ကျွန်တော်လည်း အကြံထုတ်ရတာပေါ့ဗျာ၊

“မကြွယ် ဘာလုပ်နေတာလဲ”

“နင့်ဘကြီးအဝတ်အစားတွေ လျှော်နေတာဟဲ့”

ကျုပ်လည်းအကြံရသွားပြီးတော့ ကွမ်းရွက်ထည့်ထားတဲ့လက်နဲ့ မကြွယ်ရဲ့ဇက်ပိုးကို ဆတ်ခနဲ့ရိုက်ချထည့်လိုက်တာဗျို့၊ မကြွယ်က တစ်ချက်တွန့်ခနဲဖြစ်သွားတယ်။

“ဟဲ့၊ ဘာလုပ်တာလဲ”

“ဟိုလေ၊ ခြင်၊ ခြင်ကြီးဗျ၊ နည်းတဲ့အကောင်ကြီးမဟုတ်ဘူး”

ကျုပ်လည်း လက်ကိုမခွာသေးဘဲ ဖိထားလိုက်တယ်၊ မကြွယ်က ဘာမှမဖြစ်ဘူးဗျာ။

“ဟဲ့ နင့်ခြင်မိရင်လည်း လက်ကိုဖယ်လေ”

ကျုပ်လည်း လက်ကိုဖယ်ပြီး ကွမ်းရွက်ကလေးကို မသိမသာဖွက်လိုက်တယ်၊ နောက်တော့ အကိုကြီးတို့အနားကိုထွက်လာလိုက်တယ်၊

“ခြင်ရိုက်တော့ တစ်ချက်တွန့်သွားတယ်ဗျ၊ ကျန်တာတော့ ဘာမှမဖြစ်ဘူး”

“အေးကွာ၊ ဒါဆိုရင် ဘကြီးသုန်ကို သွားစမ်းကြည့်စမ်း”

အကိုကြီးနဲ့အငယ်ကောင်က အိမ်နောက်ဖေးအထိလိုက်လာတယ်၊ ဘကြီးသုန်ကတော့ ထုံးစံအတိုင်း အိမ်နောက်ဖေး အိမ်သာနားမှာပေါ့ဗျာ၊ အကိုကြီးက ထင်းချောင်းတွေယူသလိုလုပ်ပြီး အငယ်ကောင်ကတော့ တံမြက်စည်းလှဲနေတယ်၊ ဘကြီးသုန်ကတော့ ကျုပ်ပေးထားတဲ့စာအုပ်ကို ဘေးနားချပြီး အိပ်နေတာပဲဗျို့။

“ဗျို့ဘကြီးသုန်၊ ကျုပ်နှိပ်ပေးရအုံးမလား”

ဘကြီးသုန်က နိုးသွားပြီး ခေါင်းညိတ်တယ်ဗျ၊ ကျုပ်လဲ ခုနကလို ကွမ်းရွက်ကိုလက်ထဲထည့်ပြီးတော့ ဘကြီးသုန်ပေါင်ကို ထိကိုင်လိုက်တယ်ဆိုရင်ပဲ ဘကြီးသုန်က ထပြီးခုန်တော့တယ်။ ရှဲခနဲအသံကြီးမြည်သွားတာ အကျယ်ကြီးပဲဗျာ၊ အကိုကြီးရော၊ အငယ်ကောင်ပါ အကုန်တွေ့လိုက်ရလို့ အံ့သြနေတာပေါ့။ ဘကြီးသုန်က ကျုပ်ကိုမျက်စောင်းထိုးပြီးတော့

“ဟေ့ကောင်၊ မင်းငါ့ကိုဘာလုပ်တာလဲ”

“ဘာ၊ ဘာမှ မလုပ်ပါဘူးဘကြီးသုန်”

ဘကြီးသုန်က ကျုပ်ကိုစားမလိုဝါးမလိုကြည့်နေတာဗျာ၊ ကြောက်စရာကြီး၊ ကျုပ်လည်း ဘကြီးသုန်ဆီကနေပြေးထွက်လာပြီး မီးဖိုချောင်ထဲကိုဝင်ခဲ့တယ်၊ မီးဖိုထဲရောက်တော့မှ ညီအကိုသုံးယောက် တိုင်ပင်ကြရတယ်။

“အလတ်ကောင် မင်းက ဦးဘသာကြီးကိုသွားခေါ်ကွာ၊ အငယ်ကောင်က ရွာထဲက အမေ့ကိုသွားခေါ်၊ ငါကတော့ ဘကြီးသုန်ကို ဒီမှာစောင့်ကြည့်နေမယ်”

အဲဒီနေ့က အဖေမရှိဘူးဗျ၊ ရွာမှာဖြစ်တဲ့အမှုမှာ အဖေက ရွာလူကြီးဆိုတော့ သက်သေအနေနဲ့ မြိုင်သာက တရားရုံးကိုလိုက်သွားရတာမဟုတ်လား၊ မြိုင်သာနဲ့က မိုင်နှစ်ဆယ်လောက်ဝေးတာရယ်၊ တရားရုံးချိန်းဆိုရင် တစ်ရက်လောက်ကြိုသွားရတာရယ်ဆိုတော့ အဖေရွာမှာရှိမနေဘူးပေါ့ဗျာ၊ ကျုပ်လည်း အကိုကြီးစကားကိုနားထောင်ပြီး အိမ်ကနေထွက်ဖို့အလုပ်မှာ မငယ်က သူတို့အခန်းကနေထွက်လာတယ်ဗျ။

“အား၊ အောင်မယ်လေး”

မငယ်ကလန့်ပြီးတော့ ယောက်ျားသံကြီးနဲ့အော်လိုက်တာဗျာ၊ ကျုပ်တို့မှာလန့်သွားတာပဲ၊ ကျုပ်တို့လည်း တစ်ခုခုထူးပြီဆိုပြီး မီးဖိုထဲကနေ ပုန်းပြီးကြည့်နေမိတယ်၊ မငယ်က ကြံရာမရဖြစ်နေပုံရတယ်ဗျ၊ ခဏကြာတော့ နောက်ထပ်ခြေထောက်တစ်ချောင်းကိုချကြည့်တယ်၊ အခန်းအပြင်ထွက်လို့မရဘဲ ဖြစ်နေတယ်ဗျာ။

“ဟဲ့ အငယ်မ၊ လာစမ်း၊ ဒီကိုလာစမ်း”

ကျုပ်ညီမကလည်း မငယ်ခေါ်တဲ့ဆီကိုသွားလိုက်တယ်ဗျ၊ မငယ်က ကွမ်းရွက်ကလေးကို လက်ညှိုးထိုးပြပြီးတော့

“ဟဲ့ အငယ်မ အဲဒီကွမ်းရွက်ကလေးကို ကောက်ပြီးဖယ်လိုက်စမ်းအေ”

ဒါနဲ့ ကျုပ်တို့သုံးယောက်လည်း မီးဖိုထဲကနေထွက်လိုက်တာပေါ့ဗျာ၊ မငယ်က သူခိုးလူမိသလိုဖြစ်သွားပြီး အိမ်ခန်းထဲပြန်ဝင်သွားတယ်ဗျ၊ ကျုပ်လည်း အချိန်ဆွဲမနေတော့ဘဲ ဦးဘသာကြီးဆီကို တစ်ချိုးတည်းပြေးခဲ့တော့တာ၊ အငယ်ကောင်ကတော့ အမေ့ဆီကိုသွားတာပေါ့၊ အမေက ရွာထဲက ကုန်စုံဆိုင်မှာ ဈေးသွားဝယ်နေတယ်တဲ့ဗျာ။

(၅)

“ဦးဘသာကြီး၊ ဟုတ်တယ်ဗျို့၊ ဟုတ်တယ်ဗျို့”

လယ်ထဲကို ကျုပ်ဘယ်လိုရောက်သွားမှန်းမသိဘူးဗျာ၊ ကျုပ်ခြေထောက်တွေ မြေကြီးနဲ့တောင်ထိရဲ့လားမသိပါဘူးဗျာ၊ ဦးဘသာကြီးဆီရောက်တော့ ကျုပ်အမောဆို့နေတယ်။

“ဟုတ်၊ ဟုတ်တယ်၊ ဦးဘသာကြီး၊ ဖုတ်၊ ဖုတ်ကောင်”

ဦးဘသာကြီးက ငေါက်ခနဲထလိုက်တယ်။

“မင်းတို့ဘကြီးမဟုတ်လား”

“ဘကြီးတင်ဘယ်ကမလဲဗျ၊ သူ့သမီးကြီး မငယ်ကပါ ကျုပ်တို့ချထားတဲ့ ကွမ်းရွက်ကို မကျော်ရဲဘူးဗျ”

ဦးဘသာကြီးက အံ့သြနေတယ်။

“အံ့ပါရဲ့ကွာ၊ ဒါကြောင့်ရွာမသန့်ဘူးလို့ပြောတာနေမှာ၊ မင်းတို့အချိန်မီသိတာ ကံကောင်းလို့ပဲကွ၊ နို့မဟုတ်လို့ ဒီဖုတ်ကောင်တွေသာ အိမ်မှာဆက်နေမယ်ဆိုရင် မင်းတို့ဒုက္ခရောက်နိုင်တယ်”

ဦးဘသာကြီးက ရွာထဲကိုပြေးတော့တာပဲဗျို့၊ ကျုပ်လည်း သူ့အနောက်ကနေ တစ်ခါပြေးလိုက်ရပြန်ရော။ မကြာပါဘူး ကျုပ်တို့ခြံထဲကိုရောက်လာကြတယ်၊ ဖုတ်ကောင်တွေက ဟန်ဆောင်ကောင်းတယ်ဗျ၊ ဘာမှမသိသလိုဘဲ၊ ဘကြီးသုန်က အိမ်နောက်ဖေးမှာအိပ်နေတယ်၊ မငယ်ကတော့ အိမ်ခန်းထဲမှာ ပြန်အောင်းနေတာပေါ့ဗျာ၊ ဦးဘသာကြီးက အိမ်ခန်းထဲကို ဝင်လိုက်တော့ ကျုပ်နဲ့အကိုကြီးလည်း အခန်းထဲကိုလိုက်ဝင်တာပေါ့ဗျာ၊ အငယ်ကောင်နဲ့အမေက ရောက်ပုံမပေါ်သေးဘူးဗျ။ အဲဒီမှာ မငယ်က ထပြီးအော်တာပဲ။

“လုပ်ကြပါအုံးရှင်၊ ကျွန်မကို မတော်မတရားကြံနေပါတယ်ရှင့်”

ဦးဘသာကြီးက စိတ်ဆိုးနေတယ်ဗျာ၊ အမြဲရယ်ပြုံးပြုံးနေတဲ့ဦးဘသာကြီးက အခုတော့ မျက်မှောင်ကြီးကြုတ်ထားတာဗျ။

“ဟဲ့ ဖုတ်ကောင်၊ ကူလီကူမာမလုပ်နဲ့ လာစမ်း”

ဦးဘသာက မငယ်ရဲ့ ခေါင်းကိုသူ့လက်ချောင်းတွေနဲ့ အုပ်ပြီးကိုင်လိုက်တယ်ဆိုရင်ပဲ မငယ်က တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လာတယ်ဗျာ၊ နောက်တော့ ယောက်ျားသံ၊ ဝမ်းခေါင်းသံကြီးနဲ့အော်ပြီးတော့

“ပြေးတော့အကိုကြီး၊ ပြေးတော့”

အဲဒီလိုအော်ပြီးတာနဲ့ တစ်ချက်နှစ်ချက် ခပ်ကြမ်းကြမ်းတုန်သွားပြီးတော့ အရှေ့ကိုမှောက်လျက်ကြီးလဲကျသွားတာပဲဗျ။ ကျုပ်ညီမအငယ်မက မျက်လုံးကြီးပြူးပြီးတော့ ကြည့်နေတယ်ဗျာ။

“မင်းတို့ဘကြီးရော”

“အိမ်နောက်ဖေးမှာ ထိုင်နေတယ်”

ကျုပ်တို့အခန်းထဲက ထွက်မလို့လုပ်နေတုန်း အိမ်ဘေးကနေ ပြေးတဲ့အသံကိုကြားလိုက်ရတယ်ဗျ၊ ကျုပ်တို့အမြန်ထွက်ကြည့်လိုက်တော့ ခြံတံခါးကနေထွက်ပြေးသွားတဲ့ ဘကြီးသုန်ကိုမြင်လိုက်ရတယ်၊ ဘကြီးသုန်က ပြေးတာမြန်လိုက်တာဗျာ၊ လှစ်ခနဲပဲ၊ အသက်ရှစ်ဆယ်ကျော်ပုံမှန်လူဆိုရင် ဒီလောက်ပြေးနိုင်မလားဗျ၊ ဖုတ်ကောင်ကြီးက ပြေးတာမြန်လိုက်တာဗျာ၊ မျက်စိထဲမြင်အောင်ပြောရရင် အပြေးသမားတွေပြေးသလိုမျိုး လွှားခနဲလွှားခနဲပြေးတာဗျ၊ ပြေးရင်းနဲ့ ခြံဝမှာ သူစီးထားတဲ့ ရာဘာဖိနပ်ကြီး ကျွတ်ကျခဲ့တယ်။

အမေနဲ့ အငယ်ကောင်က အိမ်ပြန်လာရင်း လမ်းမှာဘကြီးသုန်ပြေးသွားတာ တွေ့လိုက်ရတယ်တဲ့၊ တကယ်ပါဗျာ၊ ပြေးတာမြန်လိုက်တာ ကျုပ်တို့ခြံဝထွက်ကြည့်တော့ ရွာလယ်လမ်းမှာ ရောက်နေပြီ။ ဦးဘသာကြီးက ခြံဝမှာ ကျွတ်ကျခဲ့တဲ့ ဖိနပ်ကို လက်ညှိုးထိုးပြတယ်။

“ငါ့ကို အဲဒီဖိနပ်နှစ်ဖက်ကောက်ပေးကွာ”

ကျုပ်လည်း ဘကြီးသုန်စီးနေကျ ရာဘာဖိနပ်ကြီးနှစ်ဖက်ကိုကောက်ပေးလိုက်တာပေါ့၊ ဦးဘသာကြီးက တစ်ခုခုကိုရွတ်ပြီးတော့ အဲဒီဖိနပ်နှစ်ဖက်ကို ကလေးတွေ လင်းကွင်းတီးသလိုမျိုး တခွပ်ခွပ်နဲ့တီးပါရောဗျာ၊ ကျုပ်တို့လည်းအံ့သြပြီးကြည့်နေမိတာပေါ့၊ မကြာပါဘူး ဘကြီးသုန်က အူယားဖားလျားနဲ့ ပြန်ပေးလာခဲ့တယ်ဗျာ၊ ဦးဘသာကြီးကို မျက်ထောင့်နီကြီးနဲ့ကြည့်ပြီးတော့ ခြံထဲကိုတစ်လှမ်းခြင်းဝင်လာတယ်ဗျ။

“အဲဒီမှာထိုင်စမ်း၊ ငြိမ်ငြိမ်ထိုင်နော်”

ဦးဘသာကြီးက ကွပ်ပျစ်ကိုလက်ညှိုးထိုးပြလိုက်တော့ ဘကြီးသုန်က ကွပ်ပျစ်မှာဝင်ထိုင်တယ်ဗျာ၊ အမေကလည်း အံ့သြနေတာပေါ့။ ဒီအချိန်မှာ အိမ်ထဲကနေ မကြွယ်ပြေးထွက်လာတယ်။

“မလုပ်ပါနဲ့ အဖေ့ကိုမလုပ်ပါနဲ့”

ကျုပ်နဲ့ အကိုကြီးလည်း မကြွယ်လက်မောင်းကို တစ်ယောက်တစ်ဖက်ဝိုင်းဆွဲထားလိုက်ကြတယ်၊ ဦးဘသာကြီးက ဘကြီးသုန်ကိုလက်ညှိုးထိုးပြီးတော့

“နင့်အဖေက လူမဟုတ်တော့ဘူးဟဲ့၊ ဖုတ်ကောင်ကြီးတစ်ကောင်ဖြစ်နေပြီ”

အမေလည်း တော်တော်အံ့သြနေတာပေါ့၊ မကြွယ်က ငိုရင်းနဲ့ခေါင်းညိတ်တယ်ဗျ။

“ကျုပ်သိပါတယ်၊ ကျုပ်သိပါတယ်တော်၊ ဒါပေမယ့် သူက ကျုပ်တို့အဖေမဟုတ်လားတော့၊ ဖုတ်ကောင်ကြီးဝင်နေပေမယ့်လည်း ကျုပ်တို့အဖေရဲ့ ကိုယ်ခန္ဓာမဟုတ်လား”

“ဖုတ်မှန်ရင် ထုတ်ရတယ်ဟ၊ လူတွေနဲ့ အတူတူမနေကောင်းဘူး”

မငယ်က လက်အုပ်ချီပြီး

“မလုပ်ပါနဲ့ရှင်၊ အဖေ့ကိုမလုပ်ပါနဲ့၊ သူ့ဖာသာသူ ဖုတ်ဖြစ်ရင်ဖြစ်နေပါစေ၊ ကျွန်မအဖေကိုတော့ မလုပ်ပါနဲ့ရှင်”

ဦးဘသာရော အမေရော မကြွယ်ကိုတော်တော်နားချယူရတယ်ဗျာ၊ မကြွယ်ကတော့ ခေါင်းမာနေတာနဲ့ နောက်ဆုံးကျုပ်တို့မကြွယ်ကို ချုပ်ထားပြီး အတင်းဖုတ်ထုတ်ရတော့တယ်။

“ဟဲ့ဖုတ်ကောင်၊ မင်းက အထီးလားအမလား”

“ငါယောက်ျားဟဲ့၊ ငါ့နာမည် အာမွတ်”

ဘကြီးသုန်အသံက ပြောင်းသွားတယ်ဗျာ။

“မင်း ဘာလို့ သူ့ကိုဒုက္ခပေးတာလဲ”

“ကျုပ်ဘာမှမလုပ်ဘူး၊ ဒီအဘိုးကြီးက သူ့ဖာသာသူသေတာ၊ ကျုပ်တို့ညီအကိုနေတဲ့ အပင်အနားမှာ ကားမှောက်ပြီး ဇက်ကျိုးသေသွားတာ၊ ဒါနဲ့ ကျုပ်လည်း သူ့ကိုယ်ထဲကို ဝင်ပူးနေလိုက်တာ”

“ဒါဆိုရင် ဟိုဟာ မင်းရဲ့ညီလား”

ဦးဘသာက အိမ်ကိုလက်ညှိုးလှမ်းထိုးပြတယ်၊ သူက မငယ်ကိုပြောချင်တာလေ။ ဘကြီးသုန်က ခေါင်းညိတ်တယ်။

“ဟုတ်တယ်၊ ကျုပ်ညီက ကျုပ်နောက်ကိုလိုက်နေတာ၊ တစ်ရက်တော့ အဲ့ကောင်မက အိမ်သာကအဆင်း ကျုပ်ကဆောင့်တွန်းလိုက်လို့ လန့်သွားပြီး လဲကျသွားတဲ့အချိန်မှာ ကျုပ်ညီက ဝင်နေလိုက်တာပါပဲ”

“တောက်၊ တော်တော်မိုက်ရိုင်းတဲ့ကောင်တွေကွာ၊ ပြောစမ်း မင်းတို့က ဘယ်မှာနေတာလဲ”

“ကျုပ်တို့ညီအကိုက သူတို့နေတဲ့ရွာအနားက သစ်ပင်ကြီးမှာနေတယ်၊ ကျုပ်တို့က ဟိုးတစ်ချိန် အင်္ဂလိပ်ခေတ်က လယ်ကူလီတွေ၊ ဓါးပြတွေက ကျုပ်တို့ကို အဲဒီသစ်ပင်အောက်မှာ သတ်ခဲ့တာကနေ ကျုပ်တို့ညီအကို အခုအချိန်အထိ အဲဒီအပင်မှာ နေခဲ့ရတာပဲ”

“ကောင်းပြီ၊ မင်းတို့ကို ငါမနှိပ်စက်ချင်ဘူး။ ဒီတော့ မင်းဖာသာမင်းထွက်သွားတော့၊ နောက်ဘယ်တော့မှ ဒီကိုပြန်မလာနဲ့”

“မထွက်ဘူး၊ ဒါင့ါကိုယ်၊ ငါဒီမှာပဲနေမယ်”

ဦးဘသာကအံ့ကြိတ်လိုက်ပြီးတော့

“ဒီလောက်တောင်ဖြစ်တဲ့ကောင် ကဲကွာ”

ဘကြီးသုန်ရဲ့ နဖူးကို လက်ညှိုးနဲ့ထိုးလိုက်တယ်ဆိုရင်ပဲ ဘကြီးသုန်က တီကောင်ဆားထိသလိုမျိုး လူးလွန့်နေတာပဲဗျာ၊ ဒါပေမယ့် ကိုယ်လုံးကြီးကသာ လူးလွန့်နေတာဗျ၊ ခေါင်းကတော့ ဦးဘသာလက်ထောက်ထားတဲ့အတိုင်းပဲ၊ နောက်တော့ အသံအကျယ်ကြီးနဲ့အော်ပြီးတော့ ဘကြီးသုန်လဲကျသွားတယ်။ ဖုတ်ကောင်ကြီးထွက်သွားပြီပေါ့ဗျာ။

မကြွယ်ကိုမေးတော့မှ မကြွယ်က အကုန်ဖြေတယ်၊ သူလည်းမူမမှန်တာကိုသိတယ်တဲ့၊ ဖုတ်မဝင်ခင်တုန်းက ဘကြီးသုန်မြို့တက်ရင်း အဲဒီသစ်ပင်အောက်အရောက်မှာ ကားပေါ်ကပြုတ်ကျပြီး ခဏသေသွားတယ်ပြောတယ်၊ ငါးမိနစ်လောက်ကြာမှ ပြန်ထလာတာတဲ့ဗျာ၊ ဒါကြောင့်နေမှာ ဘကြီးသုန်ဇက်က အရိုးကြီးငေါထွက်နေတယ်ဆိုတာ၊ တစ်ကယ်တော့ ဇက်ကျိုးထားတာဗျ၊ မငယ်ကိုဖုတ်ဝင်နေတာ မကြွယ်က မသိရှာဘူး၊ မငယ်ကတော့ ကံဆိုးပါတယ်ဗျာ၊ ဖုတ်ကောင်က ခြောက်လှန့်လိုက်တဲ့အချိန်မှာ လန့်ပြီး နှလုံးရပ်သေသွားတာဖြစ်မယ်ဗျ။ ဘကြီးသုန်မူမမှန်တာကို သူတို့အမလတ် မရီနဲ့ ကိုပြုံးချိုက ရိပ်မိသွားပြီးတော့ အထက်လမ်းဆရာနဲ့ ဖုတ်ထုတ်မယ်အလုပ်မှာ မကြွယ်က သူ့အဖေနဲ့သူ့အမကိုခေါ်ပြီးတော့ ကျုပ်တို့ဆီကို ရှောင်လာခဲ့တာပဲတဲ့ဗျာ။

မကြွယ် အဖေကိုချစ်ပုံများတော့ လက်လန်ပါတယ်ဗျာ၊ အဖေက ဖုတ်ကောင်မှန်းသိတာတောင်မှ သူကဆက်ပြီး လုပ်ကျွေးပြုစုချင်နေတာမဟုတ်လား။ နောက်နေ့ကျတော့ အဖေရွာကိုပြန်လာတယ်၊ ကျုပ်တို့လည်း အဲဒီနေ့မှာပဲ ဘကြီးသုန်နဲ့ မငယ်ရဲ့အလောင်းကို ရွာအပြင်မှာ မီးရှို့လိုက်တယ်ဗျာ၊ ကျုပ်တို့ဓလေ့အရ အစိမ်းသေဆိုရင် မီးရှို့ရတယ်မဟုတ်လား။ နောက်ရက်တော့ ကိုပြုံးချိုတို့ ရောက်လာကြတယ်၊ မကြွယ်ကိုပြန်ခေါ်သွားပြီးတော့ ဘကြီးသုန်နဲ့ မငယ်အတွက်လည်း အလှူအတန်းလုပ်ပေးသွားကြပါတယ်။

ဒါကတော့ ကျုပ်တို့အိမ်ကို ရောက်လာခဲ့တဲ့ ဖုတ်နှစ်ကောင်ကို ဦးဘသာကြီး ထုတ်ပေးခဲ့တဲ့အကြောင်းပေါ့ဗျာ၊ ဒီနေ့တော့ တော်လောက်ပြီစာရေးဆရာရေ၊ နောက်နေ့မှ ဦးဘသာကြီးအကြောင်း ဆက်ပြောအုံးမယ်ဗျာ။

ပြီးပါပြီ။
#အဂ္ဂဇော်