ဝဋ်လည်သူ

လုပ်နိုင်၊ မလုပ် တတ်ချေ။ သူ့ကို ခိုင်းရပါမည်လားဟု မိဘတွေကို စိတ်ဆိုးသည်။ သုန်မှုန်စူဆာင့်သည်။ထိုအခါ
““မင်း ဒီလို အပင်ပန်းမခံချင်ရင် ဘာကြောင့် စာကို မကြိုးစားဘဲ မိန်းမယူလာခဲ့လဲ၊ သားနဲ့ မယားနဲ့ ဖြစ်လာရင် သားစာ၊ မယားစာ လုပ်ကိုင် ရှာဖွေရမှာပေါ့။ ဘယ်သူက မင်းကို ထမင်းပွဲရှေ့ရောက် တစ်သက်လုံး ကျွေးထားနိုင်မှာလဲ”
ဟု မိဘတွေက မြည်တွန်ကြသည်။ လယ်အလုပ်ကို တတ်အောင် သင်ရမည်၊ လုပ်ရမည်ဟု အတင်းအကျပ် သင်ကြား၊ ခိုင်းစေကြသောအခါ မောင်လူခင်သည် ကြွက်မနိုင်တော့ ကျီကိုမီးရှို့သည်ဟူသော စကားအတိုင်း သူ့ဘက်က လမ်းလွဲ၍ မိဘတွေကို မလွန်ဆန်ဝံ့သောအခါ မယားဖြစ်သူ ၊ မခင်ညွန့်ကို မဲလေတော့သည်။
“နင့်ကို ယူခဲ့မိလို့ ငါ ဒီလို အလုပ်ကြမ်းတွေကို ပင်ပင်ပန်းပန်း လုပ်နေရတာ”ဟူ၍ လည်းကောင်း…
“ လူပျိုဘဝနဲ့သာ နေရင် သုံးချင်တိုင်း သုံး၊ စားချင်တိုင်း စား ဘာမှ မလုပ်ဘဲ ဘယ်သူကမှ မဆူပူဘူး၊ နင့်ကို ယူခဲ့မိလို့ ဒီလိုဖြစ်ရတာ” ဟူ၍ လည်းကောင်း…
“နင် ဘာအသုံးကျတဲ့ မြို့သူလဲ၊ ဘာမှ အကူအညီ မရဘူး၊ ငါတို့ ရွာသူသာ ဆိုရင် ဒီလိုအလုပ်မျိုးကို ငါကိုယ်တိုင် ဝင်လုပ်စရာ မလိုဘူး၊ ငါ၊
ဘယ်လောက် သက်သာလိုက်မလဲ၊ အခုတော့ လယ်ထဲမှာ ငါက တပင်တပန်း လုပ်ရတယ်၊ နင်ကတော့ အိမ်ထဲမှာ စည်းစိမ်ရှိရှိနဲ့ ထိုင်နေတယ်”” ဟူ၍ လည်းကောင်း မခင်ညွန့်ကို အချိန်ရှိသရွေ့ ရန်လုပ်ပြောဆိုနေသည်။

မခင်ညွန့်ခမျာ မောင်လူခင် ပြောသလို အိမ်ထဲမှာ စည်းစိမ်ရှိရှိဖြင့် ထိုင်မနေရရှာပါ။ လယ်ထဲ မဆင်းရသော်လည်း ချက်ပြုတ်၊ ဖွပ်လျှော်၊ တစ်အိမ်သားလုံးကို ထမင်းပွဲရှေ့ရောက် ကျွေး၊ လယ်ထဲကို ထမင်းလိုက်ပို့၊ အိမ်သန့်ရှင်းခြင်းဖြင့် မအားနိုင်အောင် လုပ်နေရသည်။ ဤအထဲက အချိန် လျှင် ရသလို ပြေးပြီး ရေခပ်လိုက်ရသေးသည်။ နွားတင်းကုပ်ကို သန့်ရှင်း သေးသည်။
မခင်ညွန့်ဘက်က တာဝန်ကျေသည်ကို မောင်လူခင် မိဘတွေက သိကြသောကြောင့် ချွေးမလေးကို ကြင်နာစိတ်ဖြင့် မောင်လူခင် အလုပ်ကြိုးစား
အောင် ဖိခိုင်းနေကြခြင်း ဖြစ်သည်။ သို့သော် မောင်လူခင် မိဘတွေ၏ စေတနာသည် မောင်လူခင်အဖို့ ဝေဒနာလို ဖြစ်နေသည်။
စိတ်မချမ်းမသာဖြင့် လယ်ထဲ ဆင်းလာသော မောင်လူခင်သည် သူတို့ရွာသူ ကောက်စိုက်သမလေး မအေးမေနှင့် အထူးရင်းနှီးသွားသည်။
အေးမေက မွေးကတည်းက လယ်ထဲဆင်းလာခဲ့သူ ဖြစ်သောကြောင့် လယ် အလုပ်ကို အရည်ကျိုသောက်ထားသူ ဖြစ်သည်။ မောင်လူခင်ကို လယ်ထဲမှာ အများကြီး အကူအညီပေးနေသည်။ ထို့ကြောင့် မောင်လူခင်ကလည်း သူ သက်သာအောင် ကူညီလုပ်ကိုင်ပေးနေသော မအေးမေကို အထူးစိတ်ဝင်စား လာသည်။ မအေးမေနှင့်အတူ လယ်ထဲမှာ နေရသည့်အချိန်တွေမှာ ပျော်ရွှင်စိတ် ပေါ်လာသည်။

“ကိုကြီးလူခင် ကန်သင်းပေါ်မှာ ထိုင်နားနေစမ်းပါ၊ ကိုကြီး အခု လုပ်ရမယ့် အလုပ်လောက်ကို အေးမေတို့က အသာလေး လုပ်နိုင်တယ်”
ဟူသော စကားကို ပြောပြောဆိုဆိုဖြင့် မောင်လူခင်ကို ပိုင်စိုးပိုင်နှင်း လက်ဆွဲခေါ်ကာ ကန်သင်းရိုးပေါ်မှာ အထိုင်ခိုင်းခြင်း …. ။
“အမယ်… ကိုကြီးလူခင် တော်တော်မောနေပြီပဲ၊ မောသွားလိုက်တာ ကိုကြီးလူခင်၊ မှန်း ချွေးတွေကို အေးမေ သုတ်ပေးစမ်းမယ်”
ဟု ပြောကာ သူ့ဦးခေါင်းမှာ ပတ်ထားသော တဘက်၌ မောင်လူခင်ကို ရဲရဲကိုင်တွယ်ကာ ချွေးသုတ်ပေးခြင်း …

“ကိုကြီးလူခင်အတွက်လေ … ဒီနေ့ အေးမေ စားစရာလုပ်လာ တယ်၊ ရော့.. အမောပြေ စားလိုက်ပါဦး”
ဟု ပြောကာ ခွံ့ပးတော့မည်ဟန်မျိုးဖြင့် ယုယုယယ ကျွေးမွေးခြင်း တို့ကို မောင်လူခင် များစွာ သာယာနေသည်။ မအေးမေကား မောင်လူခင်တို့ လယ်မှာ ကောက်စိုက်ငှားထားသော လုံမပျို ဖြစ်ပြီး ရုပ်ရည်မှာ မခင်ညွန့်လို မဟုတ်၊ အသားညိုသည်၊ ဖွံ့ထွားသော ကိုယ်လုံးကိုယ်ထည်ဖြင့် ဗလကောင်း သည်။ မျက်နှာက ကြည့်ပျော်ရှုပျော်မျှသာ ဖြစ်သည်။ လယ်အလုပ်ကို သွက် လက် ဖျတ်လတ်စွာ လုပ်ကိုင်နေပုံက အားမာန်ပါလှသည်။ မခင်ညွန့်က နှုတ်နည်း၊ စကားနည်း အေးအေးနေတတ်သော်လည်း မအေးမေက မောင်လူခင် ကို မပျင်းရိရအောင် တီတီတာတာ ပြောဆိုတတ်သည်။
ထို့ကြောင့် နေ့စဉ် လယ်ထဲမှာ တွေ့ဆုံနေရသော မအေးမေကို မောင်လူခင်က စွဲလမ်းစိတ် ပေါ်လာသည်ကြောင့် ယခင်က လယ်ထဲ ဆင်းရ မည်ကို သေမင်းပြည် သွားရတော့မည်လောက် တွန့်ဆုတ်နေခဲ့သော မောင်လူခင်၊ တစ်ယောက် ယခုအချိန်မှာ လယ်ထဲကို မသွားဘဲ မနေနိုင်အောင် ဖြစ်နေသည်။
မအေးမေကား မောင်လူခင် မိန်းမ မရမီကပင် စိတ်ထဲက တိတ်တဆိတ် ကျိတ်ပြီး ရည်မှန်းနေခဲ့ဖူးသည်။ အခြေအနေချင်းက ကွာခြားရာမှာ နီးစပ်ရန်ကလည်း မဖြစ်နိုင်သောကြောင့် ဟန်မပျက် နေထိုင်လာခဲ့သည်။ ယခု မောင်လူခင် မိန်းမ ရလာသောကြောင့် လယ်ထဲကို မဆင်းလျှင် မဖြစ်
သော အကြောင်းက ပေါ်လာသောအခါ ငုပ်လျှိုးနေခဲ့သော မအေးမေ၏ ရည်မှန်းချက်ကြီးက မျှော်လင့်ချက်ရောင်ခြည် သန်းလာပြန်သည်။ မျှော်လင့် ချက်ရောင်ခြည် လင်းသည်ထက် လင်းလာအောင် မောင်လူခင် အခြေအနေက လည်း ဖန်တီးလာသည်။
ထိုအခါ ပါးနပ်သော မအေးမေက မောင်လူခင်ကို ချော့မြူကျုံးသွင်း လိုက်သောအခါ စိတ်ဓာတ် ပျော့ညံ့သော မောင်လူခင်တစ်ယောက် မအေးမေထောင်သော ညွတ်ကွင်းထဲကို တည့်တည့်ဝင်မိလျက်သား ဖြစ်သွားတော့သည်။

သူတို့နှစ်ယောက် လယ်ထဲမှာ ကြည်နူးနေကြသည်ကို လုပ်ဖော်ကိုင်ဖက်တွေက သိကြသည်။ သို့သော် အမုန်းမခံရဲကြ၊ မပြောရဲကြ၊ ထမင်း ပြန်ယူသည့် လူငှား အဆင်မပြေသည့်အခါ မခင်ညွန့်သည် လယ်ထဲကို ထမင်း လိုက်ပို့သည်။ ထိုအခါ လယ်ကန်သင်းရိုးပေါ်တွင် ကြည်နူးနေကြသော
မအေးမေနှင့် မောင်လူခင်တို့ကို မျက်လုံးဖြင့် တပ်အပ် မြင်သည်။ သို့သော် မောင်လူခင်က ဦးအောင် အော်ငေါက်မာန်မဲလိုက်သည်။ အပြစ်ရှာပြီး ဆူပူ ဆဲဆိုလိုက်သည်။
မခင်ညွန့် ဘာမှ မပြောရဲတော့။ ထမင်းတောင်း ချပေးထားခဲ့ပြီး ပြန်လာခဲ့ရသည်။ တစ်လမ်းလုံး ကျလာသည့် မျက်ရည်တွေကား လယ်ကွယ် ထဲမှာရှိနေသည့် မိုးရေတွေထက်ပင် များပေလိမ့်မည်။

အစပထမသော် မောင်လူခင် မိဘတွေက သားကို ဆုံးမစကား ပြောကြားပါသေးသည်။ သို့သော် သဘာဝ တောသူတောင်သားတို့ နှစ်သက်သော အရည်အချင်းက မအေးမေမှာ အပြည့်အဝ ရှိနေသည်။ လယ်ယာ လုပ်ငန်းခွင်မှာ လုံးဝ သုံးမရသော မောင်လူခင်ကို လယ်ယာလုပ်ငန်းခွင်မှာ အစအဆုံး မျက်နှာလွှဲရသော မအေးမေလို မိန်းမမျိုး လက်ထဲထားမှ သဘာဝ ကျမည်ကို တွေးမိလာကြသည်။ မခင်ညွန့် ဆိုသူ မြို့သူလေးကား ရုပ်ရည် ချောမောသည်ကလွဲပြီး လယ်ယာထဲမှာ သုံးမရ။ မခင်ညွန့် လုပ်နိုင်သော ဆတ် မီးပူထိုးခြင်း၊ အိုးခွက်ပန်းကန် ပြောင်စင်သန့်ရှင်းအောင် ဆေးကြောခြင်း၊ ကြမ်းပြင်ကို ပြောင်အောင် တိုက်ချွတ်ခြင်း၊ ဟင်းအမျိုးစုံ ချက်တတ်ခြင်း၊ ပျော့ပျောင်းသိမ်မွေ့ ယဉ်ကျေးခြင်းတို့ကား တောသူတောင်သားတွေအဖို့ အရေး တကြီး လိုသော အရည်အချင်းမျိုး မဟုတ်။
ထို့ကြောင့် မောင်လူခင် မိဘတွေသည် သူတို့ နှစ်သက်သော အရည် အချင်း ပြည့်ဝသူ မအေးမေနှင့် သားဖြစ်သူ သစ္စာနှံနေကြသည်ကို ဘာမှ မပြော | ကြတော့ချေ။ ထိုအကြောင်းနှင့် ပတ်သက်ပြီး တိုင်ကြားလိုသော လေသံမျိုး မခင်ညွန့်နှုတ်မှ ထွက်လာလျှင်…
“ညည်းလင်ကို စိတ်မချရင် လယ်အလုပ်ကို အေးမေလို လုပ်စမ်း၊ ညည်းသာ လယ်အလုပ်ကို အေးမေလို မျက်နှာလွှဲထားရရင် ညည်းလင်နားကို အေးမေသာ မဟုတ်ဘူး၊ ဘယ်ကောင်မ ကပ်ရဲမှာလဲ” | ဟူသော စကားမျိုးဖြင့် ပိတ်ပစ်တတ်သောအခါ မခင်ညွန့်သည်
ပြော၍ အကြောင်းမထူးတော့ကြောင်းကို ကောင်းကောင်းကြီး သိလိုက်သည်။

ထိုအချိန်မှာ မခင်ညွန့်တွင် ကိုယ်ဝန်က တော်တော်ရင့် နေလေပြီ။မွေးဖွားရန် နီးကပ်နေပြီဖြစ်သော ကိုယ်ဝန်ကြောင့် အိမ်လုပ်ကို အရင်
ကလို စေ့ငအောင် မလုပ်နိုင်ရှာတော့ချေ။ မွေးဖွားရန်အတွက်ကို ဘာမှ ကြည့် စီမံပေးခြင်း မရှိသည့်အပြင် ငြိုငြင်သော လေသံတွေပင် ထွက်နေကြသည်။ လင့်တစ်မျက်နှာ တစ်ရွာ ထင်ပြီး အားကိုးတကြီးဖြင့် မောင်လူခင်ကို မီးဖွား ရေးကိစ္စ တိုင်ပင်သောအခါ…
“ရှုပ်လိုက်တာကွာ၊ လယ်ထဲမှာလည်း ဘာမှ သုံးမရ၊ အိမ်အလုပ် လည်း ဘာမှ မလုပ်နိုင်၊ မင်းဟာ အပိုသတ္တဝါသက်သက်ပဲ ခင်ညွန့်ရဲ့”
ဟု မောင်လူခင်က ရင့်ရင့်သီးသီး ပြန်ပြောသည်။
ဟိုစဉ်ကမူ ယခုလို ခင်ညွန့်ဟု မခေါ် ညွန့်ဟု ယုယုယယ ခေါ်သည်ကို တွေးကာ မခင်ညွန့်က ရင်ထဲမှာ နာမိသည်။ သို့သော် သူ့ဘဝကား
မောင်လူခင်ကလွဲပြီး မြော်မြင်စရာ မရှိကြောင်းတွေးကာ စိတ်ကို ကြိုးစား ဖြေပြီး ကောင်းကောင်းမွန်မွန်ပင် ပြန်ပြောသည်။
“ကလေးမျက်နှာ မြင်ပြီးလို့ ကျန်းမာလာတဲ့အခါမှာ လယ်အလုပ် ကို ညွှန် ကြိုးစားပြီး လုပ်ပါ့မယ် မောင်ရယ်၊ ညွန့်ကို စိတ်တိုင်းမကျပေမယ့် မွေးလာမယ့် မောင့် ရင်သွေးအတွက်တော့ ကျန်းကျန်းမာမာနဲ့ လူ့ပြည်ရောက်
အောင် မောင် စီစဉ်ကူညီပေးပါဦး၊ ညွန့်ကတော့ ဒီရပ်ရွာမှာ ဧည့်သည်လို ” ဖြစ်နေတော့ ဘယ်သူ့ကို ဘယ်လို အကူအညီတောင်းရမယ် မသိ ဖြစ်နေလို့ပါ မောင်ရယ်”

မခင်ညွန့်က သနားစဖွယ် တောင်းပန်ရှာသည်။ သို့သော် သူ့စိတ် အာရုံတစ်ခုလုံးကို မအေးမေက စိုးမိုးထားပြီးဖြစ်သော မောင်လူခင်ကား၊ မခင်ညွန့် တောင်းပန်စကားကို နားထဲမှာ ပြည့်စုံအောင် မဝင်ခဲ့ချေ။
မောင်လူခင် မိဘတွေကလည်း ဂရုတစိုက် မရှိကြ။ မခင်ညွန့်သည် သူ့အလိုအတိုင်း စီစဉ်ဝယ်ခြမ်း စုဆောင်း ပြောဆိုရမည်ကလည်း မခင်ညွန့် လက်ထဲမှာ တစ်ပြားမှ မရှိရှာချေ။ သို့နှင့်ပင် အစီအစဉ်လည်း မရှိ၊ ပြည့်ပြည့် စုံစုံ စီမံထားခြင်းလည်း မရှိ၊ အနားမှာ စောင့်မည့်သူလည်း မရှိဘဲနှင့် မခင်ညွန့်တစ်ယောက် ကမ္မဇလေ လှုပ်ရှားလာခဲ့သည်။
ထိုအချိန်က မောင်လူခင် မိဘတွေက ခပ်လှမ်းလှမ်း ရွာတစ်ရွာက အလှူကို သွားနေကြ၍ အိမ်မှာ မရှိ။ မောင်လူခင်က လယ်ထဲမှာ မအေးမေနှင့် နှစ်ပါး ကြည်နေကြသောကြောင့် အိမ်မှာ မရှိ။ တစ်ကောင်ကြွက် တစ်မျက်နှာ ဖြစ်သော မခင်ညွှန့်အနေဖြင့် မိဘဆွေမျိုးရှိသော ရွာခံလူ မအေးမေကို ကိုယ့်လင်
မှန်း သိလျက်နှင့် ဘာမှ မပြောဝံ့သည့်အပြင် သွားရင်းလာရင်း ကြုံကြိုက် တွေ့ဆုံသည့်အခါ မအေးမေက ရန်မူမည့်ဟန်မျိုး ပြတတ်သောကြောင့် ဦးခေါင်းငုံ့ ရှောင်တိမ်းလာခဲ့ရသည်ကို အိမ်နားနီးချင်း ဖြစ်သော ဘေးအိမ်က အသေအချာ သိသည်။ ထို့ကြောင့် မခင်ညွန့်ကို သနားနေသည်။

ယနေ့ ပြုစုအားပေးမည့်သူ တစ်ယောက်မှ မရှိဘဲ တစ်ကိုယ်တည်း အိမ်မှာကျန်ရစ်သော မခင်ညွန့်၏ မချိမဆံ့ အော်လိုက်သော အသံတစ်ချက် ကို ဒေါ်ရွှေအိမ်က သတိထားလိုက်မိသည်။ ထို့ကြောင့် ချက်ချင်းပင် မခင်ညွန့် ရှိရာ ရောက်လာသည်။ မခင်ညွန့်ဖြစ်ပုံကို မြင်လိုက်ရသောအခါ ဒေါ်ရွှေအိမ် သည် ရင်ထုမနာ ဖြစ်မိသည်။ မျက်နှာဖုံးကြီးက မျက်နှာကို စွပ်လျက် မွေးလာ
သော ကလေးသည် မည်သည့်အချိန်က အပြင်ကို ရောက်နေသည် မသိ။ မျက်နှာဖုံးကို ချွတ်ပေးမည့်သူ မရှိသောကြောင့် မငိုနိုင်ဘဲ မွန်းနေလေသလားမသိ။ အသံလည်း မထွက်၊ လှုပ်ရှားခြင်းလည်း မရှိ။ အညစ်အကြေး သွေးအိုင် ထဲမှာ ကလေးသည် တုံးလုံးလေး ဖြစ်နေသည်။ မခင်ညွန့်ကား သတိလစ်နေသည်။
“ဖြစ်မှ ဖြစ်ရလေခြင်းတော်၊ ခွေးလုပ် လုပ်ကြတယ်ဟဲ့”
ဒေါ်ရွှေအိမ်က နှုတ်မှလည်း ပြော၊ ကလေးငယ်ကိုလည်း မျက်နှာဖုံးကို ဆွဲချွတ်၊ အိမ်နားနီးချင်းတွေကိုလည်း အော်ဟစ်ခေါ်လိုက်သည်။
အသံကုန် ဟစ်အော်ခေါ်လိုက်သော ဒေါ်ရွှေအိမ့်အသံကြောင့် လယ်မဆင်းဘဲ အိမ်စောင့်ကျန်ရစ်ကြသည့် အိမ်နားနီးချင်းတွေ ရောက်လာ သောအခါ မျက်နှာဖုံးချွတ်လိုက်ပြီးပြီ ဖြစ်သော ကလေးငယ်ကို ကောက်ယူ ထွေးပိုက်ကာ ပြုစုသူက ပြုစု၊ သတိလစ်နေသော မခင်ညွန့်ကို ပြုစုသူက ပြုစုဖြင့် တတ်အားသမျှ လုပ်ကိုင်ပေးကြသော်လည်း မျက်နှာဖုံးကို အချိန်မီ နှုတ်ပေးမည့်သူ မရှိခဲ့သော ကလေးငယ် အသက်မရှူနိုင်သောကြောင့် မြန်းပြီး သေဆုံးခဲ့ပြီ ဖြစ်ကြောင်းကို သိလိုက်ကြရသည်။
“ကလေးက အကြောင်းမထူးတော့ဘူး၊ လူကြီးကို ဂရုစိုက် လူခင်ကို လိုက်ခေါ်ကြဦး”
တစ်ယောက် တစ်ခွန်း ပြောရင်း မောင်လူခင်ကို လိုက်ခေါ်ရန်သွားသူက သွားသည်။ ကျန်သူတွေက သတိရအောင် တတ်သလောက် လုပ်ပေးကြသည်။
သို့သော် မည်သည့်အချိန်က မည်ကဲ့သို့ဖြစ်ပြီး မွေးနေမှန်း မသိခဲ့ရသော မခင်ညွန့်ကား သတိမလည်လာတော့ချေ။ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်သော ဘဝ လွတ်မြောက်ကာ အေးငြိမ်းသွားရှာလေပြီ။ ။

ဒေါ်ရွှေအိမ်တို့ လူစုသည် သွေးသားလည်း ဘာမှ မတော်စပ်လင့်ကစား တစ်ကောင်ကြွက်မလေး၏ ဖြစ်ပုံကို ရင်ထုမနာ မျက်ရည်ကျကြရသည်။
မောင်လူခင် ပြန်ရောက်လာသည်။ မျက်နှာပင် မပျက်။ မောင်လူခင်၊ မိဘတွေ ပြန်ရောက်လာကြသည်။ သူတို့ သမီးချင်းမစာ လုပ်ပုံကို ပြန်တွေးကာ ရှက်ဟန်တူသည်။ မျက်နှာမကောင်းကြ။
လင်ကရော၊ ယောက္ခမကရော မည်သူကမျှ မျက်ရည်တစ်စက် မထွက်သော အသုဘအဖြစ်ဖြင့် နောက်တစ်နေ့မှာပင် မခင်ညွန့်တို့သားအမိသည် သုသာန်မြေသို့ ဖြစ်ကတတ်ဆန်း ရောက်သွားခဲ့ကြလေပြီ။

•••••••••••••••••••••

နားထောင်နေရသော မခင်ရွှေသည် ဟိုတစ်နေ့က အဘွားဒေါ်နှင်းဖြူ ပြောပြခဲ့သော မခင်မင်းတို့ သားအမိဖြစ်ပုံကို ပြန်သတိရသောအခါ မခင်မင်း သားအမိနှင့် မခင်ညွန့်သားအမိ ဖြစ်ပုံကို နှိုင်းယှဉ်လိုက်မိသည်။
“နှစ်ယောက်လုံး တစ်မျိုးစီ ရင်နာစရာ၊ ကြေကွဲစရာ ကောင်းပါ တယ် ဘွားဘွားရယ်၊ မခင်မင်းက မိဘ ညီအစ်ကိုမောင်နှမတွေ မျက်စိအောက် မှာ အသက်ပေးချစ်တဲ့ လင်ရဲ့ ယုယကြင်နာစွာ ပြုစုမှုကို ခံယူပြီး ရင်နာစရာ၊ ကြေကွဲစရာ အဖြစ်မျိုး ကြုံသွားရတယ်။ မခင်ညွန့်ကတော့ တစ်ကောင်ကြွက် ၊ တစ်မျက်နှာဘဝမှာ လင်ရဲ့ ရက်စက်စိမ်းကားမှုကို စိတ်ဆင်းရဲကိုယ်ဆင်းရဲ ၊ ခံပြီး ရင်နာစရာ၊ ကြေကွဲစရာအဖြစ်မျိုးကို ကြုံသွားရတယ်။ ကြားရတာ ကျွန်မစိတ်ထဲမှာ ဘယ်လို ခံစားရမှန်းတောင် မသိဘူး”
“အေးကွဲ၊ ဆရာမလေးက မခင်ညွန့် ဖြစ်ပုံကို မမြင်လိုက်ရဘဲတောင် ဒီလို စိတ်မကောင်းဖြစ်သေးတာပဲ၊ အဘွားတို့မှာ မျက်စိအောက်တွင် ဖြစ်သွားတာကို မြင်လိုက်ရတဲ့ လူအဖို့ ဘယ်မှာ မျက်ရည်မကျဘဲ နေနိုင်မှာလဲ”
““မခင်ညွန့် ယောက္ခမတွေနဲ့ သူ့ယောက်ျား ဘယ်လို ဝဋ်လည်သွား တာလဲ ဘွားဘွား၊ ဟို မအေးမေ ဆိုတဲ့ မိန်းမကော…၊ မခင်ညွန့် သေတော့ သူတို့ ယူလိုက်ကြကောလား”

မခင်ရွှေက မပြီးသေးသော ဇာတ်လမ်းကို ဆက်မေးလိုက်သည်။

“အို- ယူလိုက်သမှ မခင်ညွန့် သေပြီဆိုတာနဲ့ တစ်ပြိုင်နက် အေးမေက အိမ်ပေါ်ရောက်လာတယ်လေ။ အသုဘကိစ္စ ဝိုင်းကူသလိုလိုပေါ့။ ဒါမဲ့ အသုဘကိစ္စ ပြီးတော့လည်း မဆင်းတော့ဘဲ တစ်ခါတည်း နေလိုက်တာပေါ့”

“မောင်လူခင် မိဘတွေကလည်း လက်ခံတာပဲလား ဘွားဘွား”

“လက်ခံတာပေါ့အေ လယ်လုပ်ငန်းခွင်မှာ သူတို့သား လူခင် ဘယ် လောက် သောက်သုံးမကျတယ် ဆိုတာ သူတို့ အသိဆုံးကိုး။ အေးမေလို မိန်းမနဲ့ယူမှ လယ်အလုပ်က နေရာကျမယ်ဆိုတာ သိထားတော့ ဘာမှမပြော တော့ဘူး။ အင်း… ပြုသူအသစ်ဖြစ်သူမှာ အဟောင်းတဲ့ကွဲ့၊ သူတို့တစ်တွေ

ဒီဘဝတွင် ဝဋ်လည်သွားတာကို တစ်ရွာလုံး သိလိုက်ကြတယ်။ ဒါပေမဲ့ မောင်လူခင်ကို ဘယ်သူမှ မသနားကြဘူးလေ”

““ပြောပြပါ ဘွားဘွား”

“မောင်လူခင် ဝဋ်လည်တာပဲ၊ အေးမေလည်း ဝဋ်လည်တာပဲ၊ နှစ်ယောက်လုံး တစ်မျိုးစီ ခံစားသွားကြရတယ်လေ။ အေးမေနဲ့ လူခင် ယူပြီး လူခင် မိဘတွေလည်း ဆုံးကုန်ကြတော့ မောင်နှမတစ်တွေ ရသင့်ရထိုက်တဲ့ အမွေ ခွဲယူကြတယ်။ အဲဒီမှာ အေးမေက သူ့သဘောအတိုင်း ခြယ်လှယ်တယ်။

လူခင်ကလည်း စိတ်တိုင်းကျနေတယ်၊ လူမဖက်ဘဲ နတ်ဖက်တဲ့ လင်မယားပဲ”

အဘွားကြီးက ပြောပြီး ပါးစပ်ထဲက ကွမ်းဝါးဖတ်ကို ထွေးမည့်ဟန် ပြင်လိုက်သောအခါ မခင်ရွှေက စကားပြတ်သွားမည်စိုးသောကြောင့် ကဗျာ ကသီ ထွေးခံကို ယူပြီး အလိုက်သင့် ခံပေးလိုက်သည်။ အဘွားကြီးက ကွမ်းဝါးဖတ်ကို ထွေးပြီး စကားဆက်ပြောလိုက်၏။

“အိမ်တွင်းရေးကိုရော၊ လယ်လုပ်ငန်းကိုရော လူခင်က ဘာမှ မြန်မကြည့်တော့ဘူး။ လေး၊ ငါးရက် တစ်ခါလောက် မြို့တက် လည်ပတ် တယ်။ တစ်ခါတလေ တစ်ညအိပ်၊ တစ်ခါတလေ လေး၊ ငါးရက် ကြာတယ်။အေးမေကလည်း လယ်အလုပ်ကို ကုန်းရုန်းလုပ် ငွေစု၊ လူခင်က မြို့တက်ပြီး ပိုက်ဆံကို တွင်တွင်ဖြုန်းတော့တာပေါ့ ။ အေးမေကလည်း သူ့အခြေအနေ ကွာလှမ်းလွန်းတဲ့ လူခင်ကို ကံအားလျော်စွာ ရထားတော့ အကျေနပ်ကြီး ကျေနပ်ပြီး လူခင် ဘာလုပ်လုပ် အလိုလိုက်ထားတယ်။ အဲ… ဒါတောင် သူ့နား နေတယ်လို့ မရှိဘဲ ပိုက်ဆံကို တွင်တွင်ယူပြီး မြို့ ကိုပဲ သွားပြီး

သွားနေတော့ ကြာတော့ အေးမေက သံသယဖြစ်ပြီး လူခင် မြို့သွားနေတဲ့ နောက်က လိုက်ချောင်းတော့မှ မြို့ပေါ်က အရပ်ပျက် မိန်းမလည်တစ်ယောက် နဲ့ ညားနေကြောင်း သိလိုက်ရတော့တယ်။ အေးမေ ဆိုတာ ဆတ်ဆတ်တုန် နေတာပဲ။ သူ ရှာတဲ့ငွေနဲ့ မယားငယ်ယူ ပျော်ပါးနေတော့ အေးမေခမျာ ဘယ်ခံနိုင်မှာတုန်း”

“မခင်ညွန့် လက်ထဲက သူ ခိုးလိုက်စဉ်က မခင်ညွန့်လည်း ဒီလို ခံစားရရှာလိမ့်မယ် ဆိုတာ သူ တွေးမိပါ့ မလား မသိဘူး”

မခင်ရွှေက ပြောလိုက်သည်။

““အေးကွဲ၊ မခင်ညွန့်လေး တော်တော် သနားစရာကောင်းပါတယ် သူ့လင်ကို ခိုးတာ သိရက်နဲ့ လင်ခိုးသူက ရိုက်မောင်းပုတ်မောင်း လုပ်တာ

ကြောက်ရှာလွန်းလို့ ငုံ့ခံသွားရရှာတယ်။ အေးမေကတော့ မခင်ညွန့်လို ငုံ့မခံဘူး သူ့လင်ကို ခိုးရမလားရယ်လို့ သူ့အမေကို အဖော်ခေါ်ပြီး မယားငယ် အိမ်ပေါ်တက် ရိုက်တယ်လေ”

“သူ့အလှည့်ကျတော့ နာတတ်လိုက်တာနော်” မခင်ရွှေက ရွံရှာသောစိတ်ဖြင့် ပြောသည်။

“နားထောင်ဦး ဆရာမလေးရဲ့၊ မယားငယ်က အလည်အရှုပ်ပဲ ၊ သူ့အပေါင်းအသင်းကလည်း ရှိနေတော့ အိမ်ပေါ်တက် ရိုက်တဲ့ အေးမေ သားအမိကို သူ့အပေါင်းအသင်းတွေနဲ့ ဝိုင်းပြီး နှံလိုက်တာ အေးမေတို့ သားအမိ ဖွတ်ဖွတ်ကြေအောင် ခံလာရတဲ့အပြင် ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲလို့ သားအမိ နှစ်ယောက်လုံး အချပ်ထဲ ရောက်သွားပါရော၊ ရွာကလူကြီးတွေ လိုက်လာပြီး၊ အာမခံရတယ်၊ အမှုဆိုင်တော့လည်း ဟိုမိန်းမက အဆက်အသွယ်ကောင်း

တော့ သူတို့သားအမိ အိမ်ပေါ်တက်ပြီး ကျူးလွန်တာသာ ထင်ရှားပြီး ထောင်ဒဏ် တစ်လ၊ မကျခံနိုင်ရင် ဒဏ်ငွေသုံးရာ ဆိုတော့ ဒဏ်ငွေဆောင်လိုက်ရတယ်”

“အဲဒီအချိန်မှာ လူခင်က ဘယ်သူ့ဘက်က လိုက်လဲ ဘွားဘွား ”

“ဟဲ ဟဲ ဟဲ””

အဘွားကြီးက သွားကျိုးက လေထွက်အောင် အားပါးတရ ရယ်လိုက်၏။

“ဘာကြောင့် ရယ်တာလဲ ဘွားဘွား”

မခင်ရွှေက နားမလည်သောကြောင့် မေးသည်။

“လူခင်က မယားငယ်ဘက်ကပေါ့အေ၊ ရိုက်နှက် သတ်ပုတ်နေကြ တဲ့အချိန်က သူ ရှိသားပဲ၊ မယားငယ်က အရေးသာနေလို့ ထိုင်ကြည့်နေတယ် တဲ့။ သက်သေခံတော့လည်း မယားငယ်ဘက်က ပင်းပြီး ထွက်တယ်၊ ဒါ

ကြောင့် အေးမေတို့ ရှုံးတာ။ စိတ်မကောင်းစရာ တစ်ခုက အဲဒီအချိန်မှာ အေးမေ မှာ ကိုယ်ဝန် သုံးလလောက် ရှိနေပြီ။ သတ်ကြ၊ ပုတ်ကြ၊ အမှုဆိုင်နေကြတဲ့ အချိန်ကတော့ သူ့ကိုယ်ဝန်က ဘာမှ မဖြစ်ဘူးလေ။ အမှုပြီးလို့ အိမ်မှာ အေးဆေး ဆေးဆေး ပြန်နေခါမှ ကိုယ်ဝန်ပျက်ကျသွားတယ်။ သူ့အမေ အနားမှာ ရှိပေမယ့် လူခင်ကတော့ မြို့က မယားငယ်ဆီ ရောက်နေတယ်။ အမှုဖြစ်ပြီးမှ လူခင်က အေးမေကို ကွာမယ်ချည်း ပြောနေလို့ အေးမေက ဘာမှ မပြောရဲဘဲ အသာချိုနေရရှာတာ”

“လိုက်မခေါ်ဘူးလား”

“မခင်ညွန့်လေး ကိစ္စကြောင့် အိမ်နားနီးချင်းတွေကလည်း နည်းနည်း စေတနာ ပျက်ခဲ့ကြတယ်။ သူတို့ကလည်း လူခင်နဲ့ ညားပြီးမှ မာနတက်နေ ကြလို့ အိမ်နားနီးချင်းတွေနဲ့ သိပ်မရောဘူး။ ဒါကြောင့် ဘာသိဘာသာပဲ နေကြတာကိုး။ လယ်ထဲ ဆင်းလို့ အလုပ်ပင်ပန်းခဲ့တဲ့ ဒဏ်ရော၊ မယားငယ် အုပ်စုက ဝိုင်းရိုက်ထားတဲ့ ဒဏ်ရော အကုန်စုကိုင်လိုက်ဟန် တူပါတယ်။ ကလေးပျက်၊ အပုပ်ဆန်ပြီး အေးမေလည်း သေသွားရှာတယ်လေ”

“ဪ- ဝဋ်လည်တာများ ကြောက်စရာကောင်းလိုက်တာနော် ဘွားဘွား”

“အေး၊ ဒါက အေးမေ ဝဋ်လည်ပုံကွဲ့၊ လူခင် ဝဋ်လည်ပုံက ကျန် သေးတယ်”

“ဟုတ်ကဲ့ ပြောပါ ဘွားဘွား”

“အေးမေ ဆုံးသွားပြီးမှ လူခင်လည်း အစကတည်းက တောမှာ မပျော်နိုင်၊ လယ်အလုပ် မလုပ်နိုင်တဲ့ လူပေါ်ကြော့တစ်ယောက်ပဲ၊ တောမှာ သူ ပိုင်သမျှ လယ်မြေ၊ လှည်း၊ နွား၊ အိမ်ကို ရောင်းပြီး မြို့ကို ပြောင်းသွား တယ်။ ပါသမျှ မယားငယ်လက်ထဲ အကုန်အပ်လိုက်ရော၊ မယာငယ်က လည်း သူ့လက်ထဲ ရောက်လာတာ အဆုံးစွန်ပစ္စည်းပဲ၊ နောက်ထပ်ထွက် စရာရှိဘူး ဆိုတာလည်း သိရော လူခင်ကို လင်လို မထားတော့ဘူး

ထမင်ချက်ခိုင်း၊ ထဘီလျှော်ခိုင်း၊ လူခင်ကို ကြောင်တောင်ထားပြီး သူလုပ်နေကျ အကျင့်တိုင်း ယောက်ျား တစ်ယောက်ပြီး တစ်ယောက် တွဲတဲ့အလုပ်ကို ပြောင်ပြောင်ပဲ လုပ်နေတော့တယ်” ။

“သူ အင်မတန် စုံမက်တဲ့မယားက သူ့ကို ကြောင်တောင်ထားပြီး တခြားယောက်ျားနဲ့ ကြည်နူးနေတာ မြင်ရတဲ့ လူခင် စိတ်ထဲမှာ ဘယ်လို နေမလဲ မသိဘူးနော် ဘွားဘွား”

မခင်ရွှေက စဉ်းစဉ်းစားစား ပြောသည်။

“အေးကွဲ၊ မခင်ညွန့်နဲ့ အေးမေ စိတ်ထဲမှာ ဖြစ်နေပုံကို အခုမှ သူ စဉ်းစားမိပါတယ် ဆိုတာကို တို့ရွာက လူတစ်ယောက်ကို ပြောပြသတဲ့လေ”

““သူ ဒီလို ဖြစ်နေပုံကို ကိုယ့်သူရွာသားတွေ သိတာ သူ ဘယ်လောက် ရှက်နေမလဲ မသိဘူး”

“ရှက်တာပေါ့ ဆရာမလေးရဲ့၊ အတွေ့မှ မခံဘဲ။ လောကကြီးက အဆန်းသား၊ လူမသိစေချင်လို့ ဖုံးဖိလေ ပေါ်လေကိုး။ မယားငယ်က ကျွန် လိုထားတော့ မယားငယ် ဈေးဝယ်ရာမှာ ကျွန်စုပ်ပစ်တဲ့ သရက်စေ့ရုပ်မျိုးနဲ့ ဈေးခြင်းတောင်း ကိုင်ပြီး နောက်က လိုက်နေတာကို မြို့တက်လာတဲ့ တို့ရွာသား တစ်ယောက်က ကြုံကြိုက်ပြီး တွေ့လိုက်ရတယ်။

ဘယ်လို ဖြစ်နေတာလဲ လူခင်လို့ မေးတော့ သူ ဘာဖြစ်တယ်ဆိုတာ တော့ မပြောဘူး၊ မခင်ညွန့်နဲ့ အေးမေ ဖြစ်နေပုံကို အခုမှ စဉ်းစားမိတယ် ဆိုတာသာ ပြောလိုက်တယ်တဲ့”

“နောက်တော့ ဘာဖြစ်သွားလဲ ဘွားဘွား”

“အေးလေ၊ မယားငယ်က သူ့မျက်စိအောက်မှာ ယောက်ျားထည်လဲ တွဲနေတာကို လူခင်မှာ မကြည့်ချင် မြင်ရက်သား ဖြစ်နေတဲ့ဒဏ်ကို ကြာကြာ မခံနိုင်ရှာတော့ဘူးပေါ့ ၊ ပါသမျှလည်း ပြောင်သလင်းခါပြီ ဖြစ်တော့ အဝတ် တစ်ထည် ကိုယ်တစ်ခုနဲ့ မယားငယ်အိမ်က ဆင်းလာခဲ့ရတယ်။ ရွာပြန်ရောက်

တော့ ညီအစ်ကိုမောင်နှမတွေ အိမ်မှာ တစ်အိမ်က စူဆောင့်လိုက် တစ်အိမ် ကို ဆင်းလာနေလိုက်နဲ့ မကြည်ဖြူတဲ့ ထမင်းကိုစား၊ ဘာအလုပ်မှ မလုပ်ဘဲ သုသာန်သွားပြီး မခင်ညွန့် မြှုပ်ထားတဲ့ နေရာမှာ ထိုင်ငိုလိုက်၊ အေးမေ မြှုပ် ထားတဲ့ နေရာမှာ ထိုင်ငိုလိုက်နဲ့ ကြာတော့ စိတ်ပါမမှန်ဘဲ ဖြစ်ပြီး ရူးသွား ရှာတယ်ကွယ်”

““မအေးမေ ဝဋ်လည်တာက တော်သေး၊ သူ ဝဋ်လည်တာက စိတ် ဆင်းရဲ တာရှည်လိုက်တာနော် ဘွားဘွား”

“မောင်လူခင် ရူးတော့ သုသာန်က မပြန်တော့ဘူး။ မယားနှစ်ယောက် မြေပုံပေါ်တစ်လှည့်စီ လူးလှိမ့်လိုက်၊ အော်ငိုလိုက်၊ မြို့ပေါ်က မယားငယ်ကို ဓားကြိမ်း ကြိမ်းလိုက်၊ သူညီအစ်ကို မောင်နှမတွေကလည်း စေတနာ မရှိ

တော့ပေမယ့် မောင်နှမဆိုတဲ့ သံယောဇဉ်ကြောင့် လိုက်ခေါ်ကြပါသေးတယ်။ သူကိုယ်တိုင်ကိုက လူမှန်းမသိ၊ ထမင်းဟင်းမှန်းမသိ ဖြစ်သွားပြီကွဲ၊ ရက်ကြာ

တော့လည်း သူ့သားချင်းတွေက ရိုးသွားပြီး ဂရုတစိုက် မရှိကြတော့ဘူးပေါ့။ ကြုံကြိုက်တဲ့လူက တစ်ခါတစ်ရံ ကျွေးမွေးပေမယ့် စားချင်မှ စားဖြစ်နေတယ်။ သိပ်တော့ မကြာလိုက်ပါဘူး၊ လေး၊ ငါး၊ ခြောက် လလောက်ပဲ ရှိပါလိမ့်မယ်၊ သုသာန်ထဲမှာပဲ သေသွားတယ်” ။

“ဝဋ်ကျွတ်သွားတာပေါ့ နော် ဘွားဘွား”

“အဲဒီလိုပဲ ဆိုရမှာပေါ့ လေ၊ သေနေတာတောင် ဘယ်သူမှ မသိဘူး၊ နွားကျောင်းသားလေးတစ်ယောက်က မြင်လာခဲ့လို့သာ သိကြရတာ။ အဲဒီ

တော့မှ သူ့သားချင်းတွေလည်း ဘုန်းကြီးတစ်ပါးပင်၊ သရဏဂုံတင်ပြီး မြေမြှုပ် လိုက်ကြရတယ်” |

အဘွားကြီးက စကားအဆုံးသတ်လိုက်ပြီး ထမင်းစားချိန်တန်ပြီ ဖြစ်ကြောင်း ပြောလိုက်သည်။ မခင်ရွှေသည် အဘွားကြီး ထမင်းစားရန် ပြင်ဆင်လုပ်ကိုင်ပေးနေရင်းပင် မောင်လူခင်တို့ အကြောင်းကို တွေးနေမိသည်။

မောင်ကြင်ဖေနှင့် မခင်မင်းတို့က တစ်ယောက်နှင့် တစ်ယောက် အသက်တမျှ ချစ်ကြပါလျက်နှင့် မိဘဆွေမျိုးတွေ အကြောင်းပြု၊ ငွေရေး၊ ကြေးရေးကို အကြောင်းပြုပြီး ချစ်လျက်နှင့် သေကွဲ ကွဲခဲ့ကြသည်။ မခင်မင်း သည် မီးဖွားပြီး သွေးနုနုဖြင့် သေဆုံးခဲ့ရသည်။

မခင်ညွန့်နှင့် မအေးမေတို့လည်း ဝမ်းမှာလွယ်ရသော ရင်သွေးကြောင့် သွေးနုနုဖြင့် သေဆုံးခဲ့ရသည်။ သို့သော် မခင်ညွန့်နှင့် မခင်မင်း သေဆုံးသည့်အချိန်မှာ လင်ယောက်ျား၏ ယုယကြင်နာမှုကို ခံစားကြ မောင်ကြင်ဖေနှင့် မောင်လူခင်တို့၏ ဇနီးအပေါ်မှာ ထားရှိခဲ့သည့် စေတနာကား အဖြူနှင့် အမည်းလို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သည်။

မယားတွေ သေကုန်မှ အရူးကြီး ဖြစ်သွားသော မောင်လူခင်ကား အကျိုးမရှိသော အလုပ်ကို လုပ်နေသူ ဖြစ်၍ သနားစရာအကြောင်း မရှိဟု မခင်ရွှေက တွေးပြီး အဘွားကြီးကို ထမင်းစားရာမှာ လိုအပ်သော ပြုစုမှုကို ပြုလုပ်ပေးနေလိုက်သည်။

ထိုအခိုက် လူတစ်ယောက် ရေးကြီးသုတ်ပျားဖြင့် အိမ်ရှေ့က ဖြတ်သွား သည်ကို လှမ်းမြင်လိုက်သော အဘွားကြီးက…

““ဟဲ့ ဟို… ဟိုလူဟာ ဘုန်းတော်ကြီးကျောင်းက ကပ္ပိယကြီး ဟုတ်လား၊ ဘာကိစ္စပါလိမ့်၊ သုတ်သုတ်ပျာပျာ ရှိလိုက်တာ”

ဟု ပြောသောအခါ အဘွားကြီးသမီးက –

“ကျောက်ချဉ်နက် လာရှာတဲ့ မြို့ကလူတစ်ယောက် ရွာထဲ ရောက် နေတယ်လေ အမေရဲ့၊ ကျောက်ချဉ်နက်ရှိတဲ့ နေရာကို ညွှန်နိုင်ရင် လိုက်နိုင်ရင် ထိုက်သင့်သလို အခကြေးငွေ ပေးမယ်ဆိုလို့ ကပ္ပိယကြီး သွားရှာတာ ထင်တယ်”

ဟု ဖြေသောအခါ မခင်ရွှေက – ““ဒီရွာနားမှာ ကျောက်ချဉ်နက် ရှိလို့လား အမ” ဟု မေးလိုက်သည်။ အဘွားကြီးသမီးက“’

“ဒီကျောက်ချဉ်နက် အကြောင်းကလည်း သူ့ရာဇဝင်လေးနဲ့သူပဲ ၊ ဆရာမလေးရဲ့”

ဟု ပြောသည်။ ထိုအခါ အဘွားကြီးက ဝင်ပြီး ရှင်းပြ၏။

“ဒီကျောက်ချဉ်နက်အကြောင်း သိချင်ရင် ဘုန်းတော်ကြီးကမှ အသေအချာ ပြောနိုင်တာ။ ဘာကြောင့်လဲဆိုတော့ ဘုန်းတော်ကြီးကိုယ်တိုင် ၊ တွေ့ကြုံခဲ့ရတာကိုး။ ဒီကပ္ပိယကြီးက ဘုန်းတော်ကြီး မိန့်ကြားတော်မူတာကို နားစွန်နားဖျား တစ်ဆင့်ကြားပါ”

“ဘုန်းတော်ကြီးကို မေးလျှောက်လို့ ဘုန်းတော်ကြီးက ပြောပါ မလား ဘွားဘွား”

မခင်ရွှေက မေးသည်။

““အေး၊ တို့ ဘုန်းတော်ကြီးကျောင်းသွားပြီး သီလစောင့်တဲ့အခါ သီလပေးတဲ့ ဘုန်းတော်ကြီးကိုသာ ဆရာမလေး ကြုံဖူး တွေ့ဖူးတာကိုး။

ကျောင်းကြီးပေါ်မှာ သက်တော် ၉၀ ကျော်နေပြီဖြစ်တဲ့ ဆရာတော်အိုကြီး တစ်ပါး ရှိနေသေးတာ ဆရာမလေး မသိသေးဘူး။ သက်တော် ၉၀ ကျော် ပေမယ့် သတိတော် သိပ်ကောင်းတယ်။ သူငယ် မပြန်ဘူး၊ မှတ်ဉာဏ်လည်း ပြည့်စုံတာပဲ။ အဲဒီ ဆရာတော်ကြီးက ကျောက်ချဉ်နက်အကြောင်း ကိုယ်တွေ့ကြုံလာတာ””

“တော်တော် ထူးထူးဆန်းဆန်း ဖြစ်လို့လား ဘွားဘွား”

““အေး၊ တော်တော်လေးတော့ ထူးခြားတယ်၊ ကျောက်ချဉ်အနက် | ဆိုတာ တကယ်တော့ တော်တော်လေး အစွမ်းရှိသား”

“ကျွန်မ သိချင်လိုက်တာ ဘွားဘွား” မခင်ရွှေက တောင့်တောင့်တတ ပြောသောအခါ…

“သိချင်ရင် ဒီတစ်ပတ် လာမယ့်ဥပုသ်နေ့မှာ ကျောင်းကို ဆရာမ လေး လိုက်ခဲ့မယ် မဟုတ်လား၊ အဲဒီတော့ ဆရာတော်ကြီးကို သွားဖူးပြီး ဆရာမလေး သိချင်တာကို မေးလျှောက်ပေတော့၊ စိတ်ရှည်လက်ရှည် မိန့် ကြားတော်မူတတ်ပါတယ် ”

ဟူသော အဘွားကြီးစကားကြောင့် မခင်ရွှေသည် ဝမ်းမြောက်ဝမ်း သာဖြင့် ဥပုသ်နေ့ကို မြန်မြန်ရောက်ပါစေတော့ဟုပင် စိတ်ထဲက ကလေး သဖွယ် ဆုတောင်းလိုက်မိသည်။

××××××××××ו••••••••••••×××××××××
မဝင်းမြင့်( ရေပြာအိုင် )

မူရင်း ရသလွင်ပြင်