မြွေနိုင်ဆရာ

ဘယ်လိုအကြောင်းပြုပြီး ဘိုးဘိုးနဲ့ ဆက် သွယ်မိတာလဲ ဘွားဘွား” .
သူတို့သားအမိ စကားအရ အဘ သာပေါ်ဤရွာကို ရောက်လာချိန် ကဆိုလျှင် အဘွားကြီးသမီးသည် ဆယ်နှစ်ကျော်အရွယ် ကလေးငယ်မျှသာ ဖြစ်သေး၍ သေချာစွာ မှတ်မိနိုင်မည် မဟုတ်ဟု တွေးပြီး အဘွားအိုကိုသာ မေးလိုက်သည်။
“ဆရာမလေးက ထူးထူးဆန်းဆန်းကလေးတွေ မှတ်ဖို့သားဖို့ ဝါသနာ ပါတယ်ဆိုရင် ဘွားဘွားတို့ ရေပြာအိုင်ရွာနဲ့ ပတ်သက်ပြီး ပြောစရာ လေးတွေ တော်တော်များများ ရှိတယ်ကွဲ၊ မှတ်တမ်းသဘောမျိုးနဲ့ စာကလေးရေးထားပါလား” “
အဘွားကြီးက ပြောသောအခါ မခင်ရွှေစိတ်ထဲမှာ စာရေးဆရာ ဖြစ်ချင်သလိုလို ဆန္ဒမျိုး ပေါ်လာသည်။ ကုသိုလ်ကံဟူသည် မည်သူကမျှ ကြိုတင် မမြင်နိုင်ချေ။ မခင်ရွှေအဖို့ တစ်နေ့သောအခါဝယ် နာမည်ကျော် စာရေးဆရာ မဖြစ်ဟု မည်သူ ပြောနိုင်မည်နည်း။ ထို့ကြောင့် အဘွားအို ပြောသည့်အတိုင်း သဘောတူညီလိုက်သည်။

“ဘွားဘွား ပြောတာ ကောင်းတယ်၊ ကျွန်မ မှတ်တမ်းသဘော အားလုံး ပြန်ရေးထားမယ် ဘွားဘွား၊ ထူးထူးဆန်းဆန်းကလေးတွေကိုသာ ပြောပါ”
“အေး- အခု ကိုရင်သာပေါ် အကြောင်း ပြောပြမယ်၊ မိန်းကလေး မှတ်တမ်းကလေး ရေးစမ်း၊ ရေးပြီးရင် ဘွားဘွားကို ပြန်ဖတ်ပြ”
“ဟုတ်ကဲ့ ဘွားဘွား၊ ပြောပါ”
အဘွားအို ပြောပြသည့် အဘ သာပေါ်အကြောင်းကို မခင်ရွှေက ဤသို့ မှတ်တမ်း ရေးလိုက်သည်။

×—×—×—×—-×—×———

သားငယ်သည် သူ့ရင်ခွင်ရိပ်မှ ထွက်ခွာသွားခဲ့သည်မှာ သုံးလကြာ ခဲ့ပြီ ဖြစ်သော်လည်း ကိုဘိုးအောင်တို့ မိသားစုသည် တစ်နေ့မှ မမေ့နိုင်။ အလွမ်းမပြေနိုင်အောင် ဖြစ်ရသည်။ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ရှာဖွေ စားသောက်ရသည့်အဖြစ်မှ လွတ်မြောက်စေသည့် ကောင်းကျိုးချမ်းသာပေးသည့် သားငယ်ကို များစွာ လွမ်းဆွတ်သည့်အလျောက် မိုးတွေ အုံ့ကာ မှုန်မှုန်မှိုင်း မှိုင်း ဖြစ်နေသော နေ့တစ်နေ့ဝယ် ကိုဘိုးအောင်သည် သားငယ် လဲလျောင်း အိပ်စက်ရာ အုတ်ဂူရှိသည့် တောင်ကုန်းငယ်ဆီသို့ သူတစ်ယောက်တည်း ထွက်လာခဲ့သည်။ မရွှေအိမ်ကိုပင် အသိမပေးဘဲ တိတ်တဆိတ် ထွက်လာခဲ့ ခြင်းကား မရွှေအိမ်သည် မိန်းမသားဖြစ်သည့်အလျောက် သား၏ အုတ်ဂူကို မမြင်ရလျှင် တော်သေးသည်၊ မြင်ရလျှင် ထိန်းမနိုင်၊ သိမ်းမရ ပရိဒေဝ၊
သောကမီး အားကြီးလှသည်ဖြစ်သောကြောင့် ဤတောင်ကုန်းထိပ်ကို မသွား ရအောင် ဖျောင်းဖျခဲ့ရသည်။ ထို့ကြောင့် ကိုဘိုးအောင်က တိတ်တဆိတ် ထွက်လာခဲ့ခြင်း ဖြစ်သည်။

တောင်ကုန်းငယ်ကို မရောက်မီ လယ်ကွက်လေး စုဆုံရာ လယ်ကန် သင်းထိပ်ဝယ် အဓိကရတောင်ပို့ကြီးတစ်ခုက ရှိနေခဲ့သည်မှာ နှစ်ပရိစ္ဆေဒတော်တော်ပင် ကြာညောင်းခဲ့လေပြီ။ တောင်ပို့အတွင်းမှာ မြွေကြီးတစ်ကောင် ရှိသည်။ မြွေကီးကား နှစ်ချို့ မြွေကြီးပင်ဖြစ်သော်လည်း ကိုယ်ခန္ဓာမှာ နှစ် ကြာညောင်း၍ ကြီးလာသည်ဟု မရှိ။ ပထမဆုံး တွေ့ခဲ့ဖူးသည့် အရွယ်ပမာဏ အတိုင်းသာရှိပြီး အရောင်မှာ အစိမ်းပုပ်ရောင် ဖြစ်သည်။ မြွေကြီးကလည်း မည်သူ့ကိုမျှ အန္တရာယ်မပြုခဲ့၊ မည်သူကမှလည်း မြွေကြီးကို အနှောင့်အယှက် မပေးဘဲ ဘေးမဲ့လို သဘောထားနေခဲ့ကြသည် ဖြစ်ရာ ရွာသူရွာသားတွေနှင့် မြွေကြီးသည် နားလည်မှုရှိနေသည်ဟု ဆိုရမည်။ လွန်ခဲ့သည့် နှစ်ရက်ခန့်ကမူ မော်တော်ကား လမ်းဘေးမှာ အရက်ပုန်းဆိုင် ဖွင့်ရောင်းနေသူ ဆိုင်ရှင်အား
ခရီးတစ်ထောက် ကွန်းခိုနားသည့် မော်တော်ကားစီး ခရီးသည်က လင်းမြွေ သားကို အရက်နှင့် မြည်းလိုသည်။ လင်းမြွေတစ်ကောင်ကို အရေဆုတ်ပြီး အခွေမပျက် ကြော်ပေးလျှင် ငွေငါးကျပ်ပေးမည်ဟု ဆိုထားသည်။ ထို့ကြောင့် အရက်ဆိုင်ရှင်သည် ငွေငါးကျပ်ကို မက်ကာ လင်းမြွေကို ရှာသည်။ လင်းမြွေ ကို ရှာမရသည့်အဆုံး ဒသကကိုချိုင်သည့် သဘောဖြင့် တောင်ပို့ထဲက မြွေကြီး ကို ရအောင် ကြံစည်သည်။ မြွေတွင်းဝကို ငရုတ်သီးညှော်ဖြင့် တိုက်သော အခါ မြွေကြီး ထွက်လာသည်။ အရက်ဆိုင်ရှင်က လက်ထဲမှာ အသင့်ကိုင် ထားသည့် ငါးဥခက်ရင်းဖြင့် မြွေကြီးဦးခေါင်းကို သေချာစွာ ချိန်ပြီးထိုးသည်။ သူ့ခက်ရင်းများက မြွေကြီးဦးခေါင်းကို မထိဘဲ မြွေကြီးက သူ့ခြေသလုံးကို အားပါးတရ ပေါက်ပြီး တွင်းထဲ ပြန်ဝင်သွားလေသည်။ အရက်ဆိုင်ရှင်ကား မြွေသားလည်း မရ၊ ငွေငါးကျပ်လည်း မရဘဲ မြွေဆိပ်မွန်ကာ သူ့အရက်ဆိုင် ကို အတူပါလာသူက သယ်ယူသွားပြီး မြွေကုဆေးဆရာကို ပင့်ပြီးကုနေသော် လည်း မြွေဆိပ်က မကျသေး။

ဤအဖြစ်ကား ယနေ့မနက် စောစောပိုင်းက ဖြစ်လိုက်သည်ကို တစ်ရွာလုံး သိလိုက်သည့်နည်းတူ ကိုဘိုးအောင်လည်း သိခဲ့သည်။သို့သော် … ။
“ငွေကလေးငါးကျပ်မက်ပြီး မလုပ်အပ်တာ သွားလုပ်တဲ့လူ ဒီလို အဓိကရမြွေကြီးမျိုး ကိုက်တာတော့ မြွေကိုက်ပျောက် ဆေးကုဆရာလည်း နိုင်မှာ မဟုတ်ဘူး”
ဟူသည့် တူညီသည့် ဆုံးဖြတ်ချက်ကို တစ်ရွာလုံးက ချထားသည်။ ရွာသူရွာသားတွေ ဆုံးဖြတ်ချက်ကပင် မှန်နေလေပြီလား မသိ။ မြွေကိုက်ခံရ
သော လူနာသည် မနက် ၇ နာရီလောက်က အကိုက်ခံရသည်။ ဆေးဆရာကို ချက်ချင်းပင့်ပြီး ကုသခဲ့သည်။ သို့သော် ယခု ကိုဘိုးအောင် တောင်ကုန်းငယ် သို့သွားရန် ထွက်လာသည့် နေမွန်းတည့် အချိန် တိုင်သော်လည်း မြွေဆိပ် မကျသေး၊ သတိမရသေး၊ မြွေဆိပ်မွှန်နေဆဲပင်။ လက်ရှိ ကုနေသော ဆရာက ဟန်ပုံမပေါ်၍ လက်လျှော့ထွက်သွားသဖြင့် နောက်ထပ် ဆေးဆရာ၏ တစ်ယောက်ကို ကြိုးစားရှာဖွေနေဆဲ ဖြစ်သည်။

ကိုဘိုးအောင်က သားငယ် လဲလျောင်း အိပ်စက်သည့် အုတ်ဂူရှိရာ တောင်ကုန်းငယ်ဆီသို့ ထွက်လာရင်း မနက်က တောင်ပို့ တောင်အာက်သို့ နှင့် ငွေငါးကျပ် မက်မောသော အရက်ဆိုင်ရှင်တို့ အဖြစ်ကို သတိရသွားသည်။

“သူရွာသားတွေ ပျိုးနုတ်ရင်း၊ ကောက်စိုက်ရင်း ဒီလယ်ကန်သင်း ပေါ် ဒီတောင်ပို့ကြီးနားမှာ ထိုင်ကြ၊ နားကြ၊ ထမင်းစားကြ လုပ်နေတာ ကြာလှ ပေါ့။ ဒီမြွေကြီးက သူ့ကို ဒုက္ခမပေးတဲ့ လူတွေကို သူကလည်း ဒုက္ခမပေး ပါဘူး။ တစ်ဦးကို တစ်ဦး သစ္စာတရား စောင့်သိထိန်းသိမ်းဖို့ တကယ် အရေးကြီးပါလား”
ဟု တီးတိုးရေရွတ်ရင်း တောင်ပို့ကြီးရှိရာကို လှမ်းမျှော်ကြည့်လိုက် မိသော ကိုဘိုးအောင်၏ မျက်လုံးက တောင်ပို့အနားတွင် တည်တည်ငြိမ်ငြိမ် ရပ်နေသော လူတစ်ယောက်ကို တွေ့ရသည်။ ထိုလူ၏လက်ပေါ်တွင်ကား မြွေကြီးတစ်ကောင်။

ကိုဘိုးအောင်ရှိနေရာနှင့် တောင်ပို့သည် ခဲတစ်ပစ် သာသာမျှသာ ကွာသည်ဖြစ်ရာ မြင်ကွင်းက ပြတ်သားထင်ရှားလှသည်။ ထိုလူ၏လက်ပေါ် က မြွေကြီးကား တောင်ပို့ထဲမှာနေသည့် အစိမ်းပုပ်ရောင် မြွေကြီး ဖြစ်သည်။ ကိုဘိုးအောင်က သေချာစေရန် အနားသို့ ကပ်သွား၏။ အနားသို့ ရောက်သည် နှင့်တစ်ပြိုင်နက် ထိုလူက စတင် ပြောလိုက်သည်။
““တစ်ဦးကို တစ်ဦး အန္တရာယ်မပြုဘဲ သစ္စာစောင့်နေသမျှကာလ ပတ်လုံး စိတ်ချမ်းသာမှု ရမှာပေါ့ ဗျာ။ အခုတော့ မြွေကြီး သူ့ဘာသာသူ နေတာကို သတ်ဖို့ အားထုတ်တာကိုး။ နေမဝင်မီမှာ လူနာကို ကျွန်တော့် လက်အပ်ရင်တော့ အသက်ရှင်အောင် ကယ်နိုင်ပါတယ်” ။

ဟု ထိုလူက ပြောပြီး မြွေကြီးကို သူ့တွင်းဝသို့ ညင်သာစွာ ချပေး လိုက်သည်။ မြွေကြီးသည် လှပသော ပါးပျဉ်းကြီးကို ဘယ်ညာယိမ်းကာ ကိုဘိုးအောင်ကို ကြည့်သည်။ ‘ရွှီး’ဟူသော အသံရှည်ကြီး ပြုပြီး ပါးပျဉ်းကို ချကာ တွင်းထဲသို့ ဝင်သွားလေသည်။
ကိုဘိုးအောင်သည် သူ လာရင်းကိစ္စကို ဘေးဖယ်လိုက်သည်။ မြွေ ကိုက်ခံရသည့် လူနာ ချမ်းသာစေလိုသော ဆန္ဒဖြင့်
“နောင်ကြီး ကယ်နိုင်ရင် ကျွန်တော်က လူနာရှင်ကိုယ်စား ပင့်ပါ တယ်ဗျာ၊ အခု ကြွပါ”
ဟု ရိုသေစွာ တောင်းပန်လိုက်၏။ ထိုလူက ဦးခေါင်းကို ခါယမ်းလိုက်သည်။
““ခင်ဗျားက ဘာမှ မဆိုင်တဲ့ ကြားလူပဲဗျာ။ လူနာရှင်ကိုယ်တိုင်က လိုလားမယ်၊ မလိုလားမယ်ဆိုတာ မသိသေးဘဲ ကျွန်တော်က အရမ်းလိုက်
သွားပါပြီတဲ့… ဟိုမှာ လူနာရှင်ပင့်ထားတဲ့ ဆေးဆရာတစ်ယောက် လက်ထဲ မှာ လူနာရောက်နှင့်နေရင် ကျုပ်က အတင်းဝင် လူကုလို့ ဖြစ်မလား။ တစ်ယောက် စည်းကို တစ်ယောက် မကျော်ကောင်းဘူးလေ၊ သစ္စာတရားဆိုတာ ရှိရ မှာပေါ့”
ထိုလူ၏ စကားအဓိပ္ပာယ်ကို ကိုဘိုးအောင် ကောင်းကောင်း နားလည် သည်။ ဤလူကို မြင်သည်နှင့် တစ်ပြိုင်နက်၊ သူ ပြောသည့်စကားတွေကို ကြားရသည်နှင့်တစ်ပြိုင်နက် မြွေဆိပ်ကို နိုင်သူဖြစ်ကြောင်း အကဲခတ်မိသည်။ | ထို့ကြောင့် ထိုလူကို
“နောင်ကြီး၊ ဒီနေရာက ဘယ်မှ မသွားပါနဲ့ဦးနော်၊ လူနာရှင်ဆီကို ကျွန်တော် အမြန်ဆုံးသွားပြီး အကြောင်းကြားပါ့မယ်၊ ခဏစောင့်ပါနော် နောင်ကြီး”
ဟု ရိုရိုသေသေပင် တောင်းပန်ထားခဲ့ပြီး လူနာရှိရာသို့ ဒုန်းစိုင်း ပြေးလာခဲ့သည်။ လူနာရှင်က နောက်ထပ် ရှာဖွေပင့်ထားသော ဆေးဆရာက လည်း စမ်းတဝါးဝါးဖြစ်နေ၍ လူနာရှင်သည် စိတ်ပျက်ဝမ်းနည်းနေဆဲဝယ် ကိုဘိုးအောင် ရောက်သွားပြီး လူနာရှင်ကို အကျိုးအကြောင်း ပြောပြသည်။ လူနာရှင်သည် ဝမ်းမြောက်အားတက်စွာဖြင့် ကုလက်စ ဆေးဆရာကို ထိုက် သင့်သည့် ငွေကြေးကန်တော့ပြီး ပြန်လွှတ်လိုက်သောအခါ ပညာမပြည့်စုံသေး ၍ ယောင်ဝါးဝါးဖြစ်နေသော ဆရာသည် ချော်လဲရောထိုင်ကာ ခပ်သုတ်သုတ် ပြန်ကြွသွားတော့၏။

လူနာရှင်ကိုယ်တိုင်က ကိုဘိုးအောင်နှင့်အတူ လိုက်လာပြီး တရို တသေ ပင့်သောအခါ ထိုလူသည် ကြည်ဖြူစွာ လိုက်လာသည်။ မြွေဆိပ်မွန် ကာ သတိမေ့နေသော လူနာကို သေချာစွာကြည့်ပြီး အိတ်ထဲမှာ ပါလာသည့် ဆေးပုလင်းငယ်လေးထဲမှ ဆေးမှုန့်အနည်းငယ်ကို ရေဖျော်ကာ လူနာ၏ပါးစပ် ထဲ လောင်းထည့်သည်။ မြွေကိုက်သည့်နေရာကို ဓားငယ်ဖြင့် လက်တစ်ဆစ် စီမျှ ကြက်ခြေခတ်ခွဲပြီး ဆေးမှုန့်ကို သိပ်ထည့်သည်။
ကွမ်းတစ်ယာညက်သာသာမျှ ကြာသောအခါဝယ် လူနာ၏ ပါးစပ်ထဲမှ အမြှုပ်တွေ အန်သည်။ ဓားခွဲရာ အနာမှ သွေးပုပ်ညိုညိုမည်းမည်းတွေ စီးကျသည်။ အနာမှ ညိုညိုမည်းမည်းတွေ စီးကျခြင်း ရပ်တန့်သွားသော အခါတွင်ကား လူနာသည် သတိပြန်ရလာသည်။

“ကဲ – မသေတော့ဘူး၊ စိတ်ချ”.
ထိုလူသည် စကားတစ်ခွန်းတည်း တိုတိုပြတ်ပြတ် ပြောကာ မည်သူ မှ မတားဆီးနိုင်မီပင် လူနာအိမ်မှ ထွက်ခွာသွားသည်။
ကိုဘိုးအောင်က ကပျာကသီ ပြေးလိုက်လာသည်။ သူ့အိမ်မှာ အခိုက်အတန့် အမောဖြေပါဟု တောင်းပန်ပြီး ခေါ်လာခဲ့ရ၏။ ကိုဘိုးအောင် နှင့် စတင်သိကျွမ်းရသဖြင့် ခင်မင်သော မေတ္တာစိတ် ထားဟန်တူသည့် ထိုလူသည် –
“အေးဗျာ၊ ခင်ဗျားဆီမှာတော့ နေချင်စိတ် အရှိသား၊ ကျုပ်နာမည် က သာပေါ်တဲ့ မှတ်ထား၊ ခင်ဗျားနာမည်ကကော .”

အသိုင်းအဝိုင်း အဖွဲ့အနွဲ့ စကားလုံးကို မသုံးဘဲ ရိုးရိုးရှင်းရှင်း ပြောသော ကိုသာပေါ်နှင့် ကိုဘိုးအောင်တို့ မိသားစုသည် ဆွေမျိုးရင်းချာလို ဖြစ်သွားသည်။ သူ့နာမည် ကိုသာပေါ်၊ သူ့အသက်က ကိုဘိုးအောင်ထက် လေးနှစ်လောက် ကြီးသည်။ မြွေကိုက်လူနာကို နိုင်နိုင်နင်းနင်း ဆေးကုတတ် သည်ဟူသော အချက်သုံးချက်က လွဲပြီး ကိုသာပေါ်အကြောင်းကို ကိုဘိုးအောင် မိသားစု ဘာမျှ မသိရချေ။ ကိုသာပေါ်ကလည်း ဤသုံးခွန်းသော စကားက လွဲပြီး ဘာမျှ မပြော မည်သို့ပင်ဖြစ်စေ တစ်ဦးနှင့်တစ်ဦး ဘဝကုသိုလ် ကြောင့် ဆွေမျိုးရင်းချာလို ခင်မင်ပြီး အတူနေထိုင် စားသောက်လာခဲ့ကြ၏။

ကိုသာပေါ် မြွေကိုက်ခံရသူကို ဆေးကုပုံမှာ ရိုးရိုးစင်းစင်းဟု ဆို နိုင်မည်လား၊ နက်နဲသော ပညာတစ်ရပ်ဖြင့် ကုသည်ဟု ဆိုနိုင်မည်လား မသိပေ။
မြွေကိုက်ခံရသူကို မမြင်ရသေး၊ မတွေ့ရသေးသော်လည်း လာပင့် သော လူနာရှင်ကို …
“ကျုပ် မလိုက်ပါရစေနဲ့၊ ပြန်ပါဗျာ”
ဟု ပြောလွှတ်လျှင် ထိုလူနှာသည် ဆေးဆရာလာပင့်သူ အိမ်ပြန် မရောက်မီမှာပင် သေဆုံးနေပြီ ဖြစ်၏။ မြွေကိုက်ခံရပြီး မိနစ်ပိုင်း၊ နာရီပိုင်း အတွင်းမှာ လာပင့်စေကာမူ ကိုသာပေါ်သည် အနည်းငယ်မျှ, ခပ်တွေတွေ မျက်တောင်စင်းနေပြီးမှ အထက်ပါ အတိုင်း ပြောလွှတ်လျှင် ထိုလူနာသည် မည်သည့်နည်းနှင့်မျှ အသက်မရှင်နိုင်တော့ချေ။

မြွေကိုက်ခံထားရသည်မှာ တစ်နေကုန် အချိန်ကြာညောင်းနေလင့် ကစား လူနာရှင်က လာပင့်သောအခါ၌ အနည်းငယ်မျှ ခပ်တွေတွေ မျက်တောင်စင်းနေပြီးမှ ..
“အေး- လိုက်တာပေါ့၊ သွားစို့”
ဟု ဆိုပြီး ပင့်ခေါ်ရာ လိုက်လာလျှင် ထိုလူနာသည် သေချာပေါက် ပျောက်ကင်းချမ်းသာသည်။ ထိုအခါ လူနာရှင်တို့ လောက၌ ပြောစမှတ်တစ်ခု ၊ ဖြစ်လာ၏။
“ဆရာသာပေါ်ကို ပင့်လို့ မရရင် အဲဒီလူနာအတွက် အဆုံးစွန်ကိစ္စ ၊ ဆောင်ရွက်ဖို့သာ စီစဉ်ပေတော့၊ ဆရာသာပေါ် ကြွလာရင်တော့ ဒီလူနာကို မြွေမကလို့ နဂါးကြီးပဲ ပေါက်သတ်လိုက်ဦးတော့ ဘယ်တော့မှ မသေနိုင် တော့ဘူး”

ကိုသာပေါ်သည် မြွေကိုက်လူနာအတွက်သာ သီးသန့် ဆေးကုသည်။ အခြား ရောဂါဝေဒနာများအတွက်ကိုမူ မည်ကဲ့သို့သော သူက မည်မျှပင် တောင်းပန်တိုးလျှို ပင့်ခေါ်စေကာမူ လုံးဝ လက်မခံပေ။
ဆေးကုခအတွက်ကို မည်သည့်အခါမျှ စကားမပြော။ လူနာရှင်က စေတနာအလျောက် လာကန်တော့သော ငွေကြေး၊ အဝတ်အထည်၊ စားသောက် ဖွယ်ရာ ပစ္စည်းအသုံးအဆောင်ကို သူ တည်းခိုနေထိုင် စားသောက်ရာ အိမ်ရှင် ၊ကိုဘိုးအောင်တို့ မိသားစုကို အားလုံး ပုံပေးသည်။
ဆင်းရဲချို့ငဲ့သော လူနာရှင်ဖြစ်နေလျှင် ဆေးကုခ ကန်တော့ငွေ မယူသည်သာမက အခြားသူတွေ ကန်တော့ထားသည့် ပစ္စည်းထဲကပင် ခွဲဝေပြီး ပေးကမ်း ထောက်ပံ့လိုက်သေးသည်။
ကိုဘိုးအောင်တို့မိသားစုမှာ ကိုသာပေါ်ကို သွေးသား အရင်းအချာ လိုပင် ခင်မင်အားကိုးမိကြသည်။ သူ့ဇာတိဇာစ်မြစ် အတ္ထုပ္ပတ္တိကို မေးလျှင်-
““သိရတော့ ခင်ဗျားတို့မှာ ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားကြ မှာလဲ၊ မသိရတော့ ဘယ်လို အကျိုးကျေးဇူး ဆုတ်ယုတ်သွားမှာလဲ၊ အဲဒါ ပြောကြစမ်းပါ၊ ကျုပ် ကျေနပ်အောင် ပြောနိုင်ရင် ကျုပ်ရာဇဝင်ကို ပြောမယ်”ဟူသော အဖြေဖြင့် မေးမြန်းသူကို နှုတ်ပိတ်စေသည်။

“ဆရာကြီးရယ်၊ မြွေပြီးဆေးလေး ထိုးပေးပါ”” | ဟု တောင်းပန်လျှင်
“ကျုပ် ငါးပါးသီလ နေ့တိုင်းမြဲထားတော့ မုသားမပါဘဲ အမှန် အတိုင်း ပြောရမယ်ဆိုရင် ခင်ဗျားတို့ကို မြွေပြီးဆေးထိုးဖို့ နေနေသာသာ ကျုပ်ကိုယ်တိုင်က မြွေပြီးဆေး လုံးဝ မထိုးခဲ့ဖူးပါဘူး၊ မြွေပြီးဆေးလည်း မရှိပါဘူး”ဟု ဖြေရှင်းပြတတ်သည်။
မည်သို့ပင်ဖြစ်စေ ကိုသာပေါ်တစ်ယောက် မြွေဆိပ်ကို နိုင်သည် ကတော့ အမှန်ပင် ဖြစ်သည်။ မြွေကိုက်ခံလူနာ ရှိ၍ လာပင့်လျှင် မည်မျှ ဝေးကွာသော ဒေသ ဖြစ်စေ သက်ရှိသတ္တဝါ ရုန်းရ၊ ဆွဲရသော ယာဉ်ကိုကားကိုသာပေါ် မည်သည့် အခါမျှ မစီး၊ ခြေကျင်သာ လမ်းလျှောက်လိုက်လေ့ ရှိသည်။

တစ်ကြိမ်သောအခါက ရွာတစ်ရွာမှ လူနာရှင် လာပင့်သည်။ ရွာမှာ အတော်ဝေးသော ဒေသ ဖြစ်သည်။ မနေ့က ညဦးပိုင်း အချိန်မှာ ရေနွေးအိုး တည်ရန် ထင်းပုံထဲမှ ထင်းကို ဆွဲယူသည်တွင် ထင်းပုံထဲမှ မီးကျီးခဲလို လှပစွာ နီရဲနေသော ကျောက်မျက်ရတနာလို တောက်ပြောင်နေသည့် အရာနှစ်ခုကို တွေ့ရသဖြင့် ကိုင်ကြည့်လိုက်မိသည်။ ထိုအရာသည် မြွေတစ်ကောင်၏ မျက်လုံး ဖြစ်ကြောင်းကို မြွေကိုက်ခံလိုက်ရမှ သိရသည်ဟု ဆိုသည်။ မနေ့ ညဦးပိုင်း အချိန်က မြွေကိုက်ခံလိုက်ရသည်။ ယခု ကိုသာပေါ်ထံ လူနာရှင် လာပင့်သော အချိန်မှာ မနက်ကိုးနာရီ အချိန်တိုင်ပေပြီ။ လူနာရှင်၏ မျက်နှာသည် စိုးရိမ် ထိတ်လန့်ခြင်းဖြင့် ဖြူရော်နေသည်။ မှုန်မှိုင်းရီဝေသော မျက်လုံးဖြင့် ကိုသာပေါ် ကို အားကိုးခြင်းကြီးစွာ ကြည့်နေသည်။
ကိုသာပေါ်က ထုံးစံအတိုင်း မျက်တောင်စင်းကာ ခပ်တွေတွေ ခေတ္တ မျှ ငြိမ်နေသည်။ ထို့နောက် မသိမသာ သက်ပြင်းချပြီး…
“အေး၊ လိုက်တာပေါ့ သွားစို့”
ဟူသော စကား နှုတ်မှ ထွက်လာသည်တွင် လူနာရှင်၏ ဖြူရော် သော၊ ညှိုးငယ်သော မျက်နှာသည် ချက်ချင်း သွေးရောင်ဖြန်းကာ လန်းဆန်း ကြည်လင်သွားလေသည်။

လူနာရှိရာ ရောက်၍ ကုသပြီးသောအခါ ကိုသာပေါ်က“ထင်းပုံထဲမှာ မြွေရှိသလား”
ဟု မေးသည်။ မြွေ ရှိနေသေးသည်။ မရှိတော့ပြီကို မည်သူမျှ မပြော နိုင်။ မည်သူမှလည်း ထင်းပုံကို မရှင်းဝံ့ ဖြစ်နေကြောင်း သိရသည်။ အချိန်က ညနေ ငါးနာရီ ထိုးလုနေပေပြီ။

“နေရောင်တော့ ရှိပါသေးတယ်လေ”
ကိုသာပေါ်က ပြောပြီး မှန်ခပ်ကြီးကြီးတစ်ချပ် တောင်းသည်။ မှန်ရသောအခါ ကိုသာပေါ်သည် နေရောင်ရသည့် နေရာမှ မှန်ကိုထောင်ပြီး ထင်းပုံထဲကို မှန်ရောင် ထိုးကြည့်သည်။
““ဟော ဟော… ဟိုမှာ ဟိုမှာ”
ဘေးမှ ဝိုင်းကြည့်နေသူတွေ၏ အသံသည် ဆူညံသွားသည်။ မှန် ရောင်ဟပ်လိုက်သည့် နေရာမှာ ပါးပျဉ်းထောင်နေသော မြွေဦးခေါင်းတည့် တည့်ဖြစ်ရာ မြွေ၏ မျက်လုံးနှစ်လုံးမှ နီရဲတောက်ပသော အရောင်သည် လျှပ်ပန်း လျှပ်နွယ်များလို ဖြာထွက်သွားသည်။ ကိုသာပေါ်က ကြည့်နေသူ အားလုံးကို တစ်ယောက်မကျန် ဖယ်ခိုင်းသည်။
““ဒီမြွေက မြွေရိုးရိုး မဟုတ်ဘူး၊ နဂါး၊ ဥက ပေါက်စ ကလေးငယ် ၊ အရွယ်သာ ရှိသေးတယ်”
ကိုသာပေါ်စကားကြောင့် – “နဂါးတဲ့ဟေ့၊ နဂါးတဲ့၊ ဝေးဝေးပြေး” ဟူသော ဆူဆူညံညံ အသံတွေဖြင့် လူတွေ ဖယ်ကုန်ကြသည်။

“နဂါး ဆိုတာ ပင်လယ်သမုဒ္ဒရာထဲမှာသာ နေတယ်လို့ ကြားဖူးပါ တယ် ဆရာကြီး၊ အခု ဘယ်လိုကြောင့် ကုန်းပေါ်က ထင်းပုံထဲ ရောက်နေလဲ”
ဟူသော အသံတစ်သံက ခပ်ဝေးဝေးမှ ပေါ်လာသည်။ ကိုသာပေါ်က ပြန်ပြော၏။
“နဂါးဆိုတာ ရေနေ နဂါးနဲ့ ကုန်းနေ နဂါးလို့ နှစ်မျိုး ရှိပါတယ်၊ အခု တွေ့နေရတာက ကုန်းနေ နဂါးပါ။ ကုန်းနေနဂါး ဆိုတာ လူသူတွေ | အနား နီးနီးကပ်ကပ် နေလေ့ မရှိပါဘူး။ အခုလို အဖြစ်မျိုးဟာ အင်မတန် ကြုံကြိုက်ခဲ ဖြစ်ခဲပါတယ်။ သူ့မျက်လုံးဟာ အမှောင်ထဲမှာ မီးကျီးခဲလို၊ တ္တမြားလို သိပ်လှတဲ့ နီနီရဲရဲ အရောင်တောက်နေတယ် ဆိုကတည်းက ကုန်းနေ နဂါးပဲလို့ ကျွန်တော် သိလိုက်ပါပြီ၊ ကဲ- ဝေးဝေးရှောင်နေကြနော်”
ကိုသာပေါ်က ပြောပြီး မှန်ထိုးထားသည့် အလင်းရောင်ထဲမှာ ပါးပျဉ်း ထနေသော မြွေကို စေ့စေ့စိုက်စိုက် ကြည့်ပြီး နှုတ်မှ တီးတိုးရေရွတ် ပြောဆိုနေ သည်။ ခေတ္တမျှ အကြာဝယ် မြွေသည် ပါးပျဉ်းချကာ ထင်းပုံထဲမှ ကိုသာပေါ် ရှိရာ ထွက်လာသည်။ မြွေကား ကြီးကြီးမားမား မဟုတ် ယောက်ျားကြီး
တစ်ယောက်၏ လက်မ ပမာဏမျှ အလုံးရှိပြီး အလျားမှာ တစ်ပေခွဲမျှသာ ရှိပေလိမ့်မည်။ သို့သော် မှန်အလင်းရောင်ထဲမှာ တွေ့နေရသော ပါးပျဉ်းအဝိုင်း ပမာဏကား ယောက်ျားထွာဆိုင်ပင် မကချေ။ မျက်လုံး နှစ်လုံးကား အကောင် အထည်နှင့် မလိုက်အောင် ကြီးမားသည်။ မျက်လုံး တစ်လုံးသည် ထိုခေတ်သုံး ငွေမတ်စေ့အဝိုင်းတမျှ ကြီးမားသည်ကို ထင်းပုံအပြင် ရောက်လာမှ သေသေ ချာချာ တွေ့ကြရသည်။
“လှလိုက်တဲ့ မျက်လုံးဟာ တွင်းထွက်ပတ္တမြားအစစ် အတိုင်းပဲ” , ဟူသော တီးတိုးသံတွေ အုတ်အုတ်ကျက်ကျက် ထွက်လာသည်။
မြွေအရောင်ကား ပြာသလိုလို၊ ညိုသလိုလိုဖြင့် ငါးကြင်းကွက်လို ၊ အကြေးခွံတွေ ဖုံးနေသည်။

ကိုသာပေါ်က မြွေကို ကောက်ယူပြီး ပခုံးပေါ် တင်လိုက်သည်။ ထို့နောက် မည်သူ့ကိုမျှ နှုတ်မဆက်၊ လှည့်မကြည့်တော့ဘဲ ခြေလှမ်းသွက်သွက်ဖြင့် ထွက်သွားသည်။ ကိုသာပေါ်နောက်ကို မည်သူမျှ မလိုက်ရဲကြချေ။ ကိုသာပေါ်၏ ပခုံးပေါ်မှာ အကောင်အထည်နှင့် မလိုက်အောင် ကြီးမားသော ပါးပျဉ်းကြီး ဖြန့်ထားသည့် နဂါး ဆိုသော သတ္တဝါ၏ မျက်လုံးအရောင်သည် လျှပ်စစ်ပြက်သလို နီနီရဲရဲ အရောင်က ဖြာထွက်သွားသည်ကိုသာ ရွာသူ ရွာသားတွေ ငေးမောမျှော်ကြည့်ရင်း ကျန်ရစ်ခဲ့ကြတော့သည်။

* * * * * * * * *
မခင်ရွှေက သူရေးတတ်သလို ရေးထားသည့် အဘသာပေါ် မှတ် တမ်းကို ဖတ်ပြ၍ ဆုံးသောအခါ စကားဆက်ပြောလိုက်သည်။

“ဘွားဘွားက ဒါလောက်ပဲပြောလို့ ကျွန်မက ဒါလောက်ပဲ ရေးရ တာ။ အဘ သာပေါ် ဘာဖြစ်သွားလဲ ဘွားဘွား”
အဘွားကြီးက ဖြေ၏။
“မသိဘူး ဆရာမလေးရဲ့၊ အဲဒီရွာက နဂါးပေါက်တာ ခံရတဲ့ လူနာ ကို ကုပြီး နဂါးကို ပခုံးပေါ်တင် ထွက်သွားတာပဲလို့ ပြောသံ ကြားလိုက်ရ တယ်။ အဘွားတို့ဆီ ပြန်မရောက်တော့ဘဲ တစ်ခါတည်း ပျောက်သွားတာပဲ ၊

“ဟင်- သေမှန်းမသိ၊ ရှင်မှန်း မသိ” မခင်ရွှေက စိတ်မကောင်းစွာ ပြောသည်။

“အေး- ဘယ်လိုမှ သတင်း အစအန မရတော့ဘူး။ ကိုရင်သာပေါ် ရောက်လာတာလည်း မမျှော်လင့်ဘဲ ရုတ်တရက် ပျောက်သွားတာလည်း မမျှော်လင့်ဘဲ ရုတ်တရက်၊ အဲ- တစ်ခုတော့ ရှိတယ်၊ ကိုဘိုးအောင်ကတော့ တစ်ခါ အိပ်မက် မက်လိုက်တယ်ကွဲ့”
“ဪ- ဘယ်လိုမက်လဲ ဘွားဘွား”
“တို့ရွာ အရှေ့မြောက်ထောင့်က ကုန်းမို့မို့နဲ့ စေတီအိုကို တွေ့တယ် မဟုတ်လား လုံမလေး”
“ကုန်းမို့မို့ကိုတော့ တွေ့သား၊ စေတီအိုရယ်လို့တော့ သတိမထား မိဘူး၊ ဘာပင်ကြီးမှန်း မသိတဲ့ သစ်ပင်ကြီးတစ်ပင်တော့ ကုန်းထိပ်မှာတွေ့တယ်””
မခင်ရွှေက ဖြေသည်။
“အဲဒါ ကရမက်ပင်ကြီး ဆရာမရဲ့၊ ကရမက် ပွင့်ချိန်ကျပြီလား” ဆိုရင် ကုန်းပတ်ဝန်းကျင် မွှေးလိုက်တာ ကြိုင်နေတာပ်၊ နှစ်ချို့ ကရမက်ပင် ကြီးပေါ့။ အပင်ရင်းမှာ ပြိုပျက်လို့ မြေပြင်နဲ့ ညီလုမတတ် ဖြစ်နေတဲ့ ရှေး စေတီငုတ်တို တစ်ခု ရှိတယ်””
“ဟုတ်ကဲ့ ပြောပါ ဘွားဘွား၊ ဘယ်လို အိပ်မက်လဲ”
“အိပ်မက်ထဲမှာ ကိုရင် သာပေါ်ဟာ လူတစ်ပိုင်း၊ မြွေတစ်ပိုင်းတဲ့ ကွဲ့၊ ကိုယ်အောက်ပိုင်းက မြွေ၊ ခါးအထက်ပိုင်းက လူတဲ့။ ဘာမှ ပြောခြင်း ဆိုခြင်းတော့ မရှိဘူး။ ကိုဘိုးအောင်ကို ကြည်ကြည်လင်လင် ပြုံးရယ်ပြပြီး အဲဒီ စေတီငုတ်တိုရှိရာ ကုန်းပေါ် တက်သွားတယ်လို့ အိပ်မက်ခဲ့တယ်။ ဒီ တစ်ခါပါပဲ၊ နောက် တစ်ခါမှ မမက်တော့ပါဘူး”
| မခင်ရွှေက ထူးဆန်းသော မြွေနိုင်ဆရာ အဘသာပေါ်အကြောင်း ကို ငြိမ်သက်စွာ စဉ်းစားနေစဉ်မှာ အဘွားကြီးသမီးက ပြောသည်။
“ဆရာမလေးက ထူးထူးဆန်းဆန်း ဝါသနာပါတော့ နားထောင် စရာတွေ အများကြီး ရှိသေးတယ်၊ အဲဒီ ဘုရားငုတ်တိုကလည်း မှတ်လောက် သားလောက် အဖြစ်ကလေးနဲ့ပဲ ဆရာမလေးရဲ့”
မခင်ရွှေ မျက်လုံး ကျယ်သွားပြန်သည်။

“ဟုတ်လား အမေ၊ ဘယ်လို မှတ်လောက်သားလောက်လဲ ပြော ပြပါဦး၊ ကျွန်မ မှတ်တမ်းရေးဦးမယ်”
အဘွားကြီး သမီးက ရယ်လိုက်သည်။
“ဆရာမလေး တော်တော် ဝါသနာပါတာကိုး၊ ကဲ- အမေ့ကို နှိပ်ရင်း မေးပေတော့။ ညနေစာအတွက် ထမင်း ဟင်းကို ငါပဲစီမံလိုက်ပါတော့မယ်”
အဘွားကြီးသမီးက ရယ်မောပြောဆိုပြီး ထသွားသည်တွင် မခင်ရွှေ က အဘွားအို ခြေဖဝါးကို ညင်သာစွာ ဆုပ်ကိုင်ပြီး
“ပြောပြပါနော် ဘွားဘွား”ဟု ပန်ကြားလိုက်၏။
“ဝါသနာပါလို့ နားထောင်ချင်လည်း ပြောရတာပေါ့ကွယ်၊ ဒီ တောင်ကုန်းမို့မို့နဲ့ ဘုရားငုတ်တိုက သနားစရာအကြောင်းကလေးတော့ ဘွားဘွား | ကိုယ်တွေ့ပဲလေ၊ ကဲ- မှတ်တမ်းရေးဖို့ စာရွက်လေး၊ ခဲတံလေး ပြင်ဦးမြေးရဲ့”
အဘွားအို စကားကြောင့် မခင်ရွှေက စက္ကူနှင့် ဖောင်တိန်ကို ပေါ့ပါး သွက်လက်သော ခြေလှမ်းများဖြင့် သွားယူခိုက်မှာ အဘွားအိုက –
“ဆရာမလေးရေ… မှတ်တမ်းတွေကို အမှတ် (၁) ရေပြာအိုင်မှ သူတော်စင်၊ အမှတ် (၂) ရေပြာအိုင်မှ မြွေနိုင်သူလို့ ခေါင်းစီးတပ်ခိုင်းတာ ကောင်းပါတယ်နော်”ဟု လှမ်းပြောသည်။ ။
“ကောင်းပါတယ် ဘွားဘွား၊ အခု ပြောမှာကိုကော ဘယ်လို ခေါင်းစီးတပ်ရမလဲ”
မခင်ရွှေက ပြန်မေးသည်။ အဘွားအိုက မဆိုင်းမတွ ဖြေ၏။
“ရေပြာအိုင်မှ စေတီအိုလို့ ခေါင်းစီးတပ်ပေါ့””
“ဟုတ်ကဲ့ ဘွားဘွား၊ ကဲ- ကျွန်မ ရေးဖို့ အသင့်ဖြစ်ပြီ၊ ပြောပါဘွားဘွား”
မခင်ရွှေက စက္ကူနှင့် ဖောင်တိန်ကို အသင့်ပြင်ကာ အဘွားအို ပြော သည့် ကုန်းမို့မို့ထက်မှ စေတီအိုနှင့် ပတ်သက်သည့်အကြောင်းကို စိတ်အား ထက်သန်စွာ နားစွင့်ထားလိုက်လေသည်။

<<>><<>><<>><<>><<>><<>><<>>
၁၉၇၄ ခုနှစ်၊ ဇူလိုင်လ၊ သွေးသောက်မဂ္ဂဇင်း